← Chapters

အခန်း (၉၀၄-၉၀၆)

Vol. 61 Ch. 904-906

အခန်း (၉၀၄-၉၀၆)

Vol. 61 Ch. 904-906

အခန်း (၉၀၄) ခင်ဗျား သီချင်းကြူးရင် ကျုပ်ပေါ်လာမယ်

ကောင်းကင်၏ ထက်ဝက်နီးပါးကို လွှမ်းခြုံထားသော ဧရာမမိကျောင်းကြီးသည် နတ်အဆင့် ကျွမ်းကျင်သူဖြစ်သော်လည်း အင်အားအကြီးမားဆုံးပုဂ္ဂိုလ် မဟုတ်ပေ။ နတ်အဆင့် ကျွမ်းကျင်သူသည် အချင်းချင်း ပြင်းထန်စွာ တိုက်မိသွားကြသည်။ ဤဖြစ်စဉ်သည် နျူကလီးယားဗုံး ပေါက်ကွဲသွားသကဲ့သို့ နေရာတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ တန်စီယုသည် ဧရာမမိကျောင်းကြီးထက် များစွာ အရွယ်အစား သေးငယ်လှသည်။ သို့သော် ဤတိုက်ခတ်မှုရှိ သူမ၏ ခွန်အားသည် အနည်းငယ်မျှ နိမ့်ကျခြင်း မရှိခဲ့ရာ၊ ဟင်းလင်းပြင်တစ်ခုလုံး ပေါက်ကွဲလုနီးပါး ထင်မှတ်ရစေသည်။

ထိုအချိန်တွင် အခြားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၍ တန်စီယုဆီသို့ တိုးဝင်လာသည်။ ထိုပုံရိပ်၏လှံရှည်သည် လေထုကို ထိုးဖောက်ဝင်ရောက်ကာ ဧရာမ မိကျောင်းကြီးနှင့် ပြင်းထန်သော တိုက်ပွဲကြားရှိ တန်စီယုဆီ ရောက်ရှိလာသည်။

လှံရှည်၏ စွမ်းအင်သည် ပြင်းထန်လွန်းလှသည်။ လှံရှည် ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ဝိညာဉ်စွမ်းအင် အတက်အကျများ ဖြစ်ပေါ်လာပေလိမ့်မည်။ အမှောင်ထုအတွင်း တောက်လောင်နေသော လှံရှည်၏ မီးလျှံကို မည်သူမဆို မြင်တွေ့နိုင်သည်။ ၎င်းကို မည်သူမျှ ခုခံနိုင်မည် မဟုတ်ပေ။

တန်စီယုကို လှံရှည်ဖြင့် ထိုးစိုက်ခါနီးတွင် လေထဲသို့ လူတစ်ဦး ဝဲပျံလာလာ လှံရှည် အရှေ့တွင် ပေါ်ပေါက်လာသည်။ ထိုလူသည် သူ၏လက်များကို ဖြန့်ထုတ်ပြီးနောက် သူ၏ အရှေ့တွင် ကြီးမားသော အတားအဆီးတစ်ခုကို ဖန်တီးထားလိုက်သည်။ လှံရှည်သည် အတားအဆီးကို ထိုးစိုက်လိုက်သော်လည်း အရှေ့သို့ ဆက်တိုးနိုင်ခြင်း မရှိတော့ပေ။ ထိုအချိန်တွင် ပုံရိပ်နှစ်ခုသည် ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြသလာသည်။

လူအများသည် အတားအဆီးကို ဖန်တီးခဲ့သူကို သတိထားမိသွားသည်။ သူသည် မကြာသေးမီက ထင်ရှားကျော်ကြားနေသော ချူးမိသားစု၏ အငယ်တန်းခေါင်းဆောင် ချူးဟောက်ယွဲ့ဖြစ်သည်။ သူသည် နတ်အဆင့်ကျွမ်းကျင်သူဖြစ်လာပြီးနောက် မိသားစု၏ခေါင်းဆောင်ဖြစ်လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ချူးယွင်ဖန်းသည် မိသားစု အရိုက်အရာအပေါ် စိတ်ပါဝင်စားမှု နည်းပါးသောကြောင့် ချူးဟောက်ယွဲ့တွင် ပြိုင်ဘက်မရှိခဲ့ပေ။ ထိုအချိန်က ချူးဟောက်ယွဲ့၏ ပြိုင်ဖက်များအားလုံးသည် ယခု သူနှင့်ယှဉ်လျှင် အားနည်းနေကြပြီဖြစ်သည်။ မကြာသေးမီက ကျော်ကြားနေသူတစ်ဦးအနေဖြင့် အထူးစစ်ဆင်ရေးဌာန၏ အဖွဲ့ဝင်များသည်လည်း သူ့ကို ကောင်းစွာသိထားကြသည်။

နောက်တစ်ဦးသည် အရပ်ရှည်၍ သန်မာထွားကျိုင်းကာ ဆံပင်များ ဖြူနေသော်လည်း နီမြန်းသော မျက်နှာအသွင်အပြင်ရှိသော အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် အလွန် နီရဲသော အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားသောကြောင့် မီးလုံးတစ်လုံးကဲ့သို့ ထင်မှတ်ရစေသည်။ သူ၏လှံရှည်သည် မီးလုံးကဲ့သို့ ဝင်းလဲ့တောက်ပနေသည်။

"ခင်ဗျားကို ဒီမှာတွေ့ရဖို့ ကျုပ် မမျှော်လင့်ထားဘူး" ချူးဟောက်ယွဲ့က ပြောလိုက်သည်။

ဆံပင်ဖြူနှင့် နီမြန်းသော အသွင်အပြင်ရှိသည့် အမျိုးသားထံ လူတိုင်း၏ အာရုံများ ပြန်ရောက်လာသောအခါ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

“အဲ့ဒါ လှံမီးလျှံ မော့ပေသိုး မဟုတ်လား”

အော်ဟစ်လိုက်သူသည် ထိုလူကို မှတ်မိသွားလေသည်။

ထိုသို့ကြားပြီးနောက် အထူးစစ်ဆင်ရေးဌာနရှိ အဖွဲ့ဝင်များ၏ အမူအရာများ ပြောင်းသွားကြသည်။ မည်သို့ဆိုသော် လူအများအပြားက မော့ပေသိုးအကြောင်း ကောလာဟလများစွာကြားခဲ့ရသောကြောင့်ဖြစ်သည်။ လူအများအပြားသည် သူနှင့်ပတ်သက်၍ ကောလာဟလများစွာကို နားဆင်၍ ကြီးပြင်းလာခြင်းဖြစ်သည်။

နှစ်ပေါင်းတစ်ရာကျော် ကျော်ကြားခဲ့သော ဤအင်အားကြီးပုဂ္ဂိုလ်သည် အချိန်အများစုကို အာကာသအပြင်ဘက်တွင်သာ ကုန်ဆုံးခဲ့၍ များသောအားဖြင့် ပြည်ထောင်စု၏ နယ်မြေအတွင်းသို့ မဝင်ရောက်ခဲ့ပေ။ ယခုကဲ့သို့ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

ချူးဟောက်ယွဲ့သည် မော့ပေသိုးကို ကြည့်၍ ကြိမ်းဝါးလိုက်သည်။

"မော့ပေသိုး၊ ပြည်ထောင်စုရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ အထူးစစ်ဆင်ရေးဌာနကို တိုက်ခိုက်တာက ဘယ်လိုရာဇ၀တ်မှုမြောက်လဲဆိုတာ ခင်ဗျား သိလား"

"ကျုပ်ကို ဒီလို လေသံမျိုးနဲ့ ပြောနေစရာ မလိုပါဘူး။ ကျုပ် ဒီကို ရောက်လာပြီဆိုမှတော့ ကျုပ်မှာ ကြောက်စရာ မရှိလို့ပေါ့။ ပြည်ထောင်စုရဲ့ သမ္မတကြီးရှိနေရင်တော့ ကြောက်ရဦးမှာဆိုပေမယ့် သူက ဒီမှာမှ မရှိတော့တာ"

မော့ပေသိုးသည် ချူးဟောက်ယွဲ့ကို ကြည့်၍ လှောင်ရယ်လိုက်သည်။

“ကျုပ်က မင်းတို့မိသားစုက ဘိုးဘေးကြီးရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပဲ။ မင်းအတွက် နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ခဲ့မှာ မဟုတ်ဘူး။ ဒီတော့ မင်းအသက်ကို ဒီနေရာမှာ မစွန့်ပစ်ရင် ကောင်းလိမ့်မယ်"

"လူတစ်ယောက်က ဒီနေ့မှာ ချူးယွင်ဖန်းရဲ့ အသက်ကို နှုတ်ယူဖို့ ကျုပ်ကို တောင်းဆိုထားတယ်။ ကျုပ်ကို ဆက်တားနေမယ်ဆိုရင် မင်းကို သတ်ပစ်မိရင် ကျုပ်ကို အပြစ်မတင်နဲ့"

မော့ပေသိုး၏ မျက်နှာအမူအရာ အေးစက်လာသည်။

"မော့ပေသိုး၊ ခင်ဗျားက ကျုပ် မျိုးဆက်ကို သတ်ချင်ရအောင် ကျုပ်က ခင်ဗျားကို ခွင့်ပြုထားလို့လား"

ဤအခိုက်အတန့်တွင် အထူးစစ်ဆင်ရေးဌာနအတွင်းမှ နောက်ထပ် ထိတ်လန့်ဖွယ်ရာ အရောင်အဝါတစ်ခု ထွက်ပေါ်လာသည်။ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အသက်ကြီးကြီး အမျိုးသားတစ်ယောက်သည် ဖြည်းညှင်းစွာ ကိုယ်ထင်ပြလာသည်။ ထိုအမျိုးသားသည် အသက်အနည်းငယ် ကြီးရင့်နေပုံရသော်လည်း သူ၏ခြေလှမ်းများ သိသိသာသာ တည်ငြိမ်နေသည့်အပြင် သူ၏ခန္ဓာကိုယ်သည် အလွန် သန်မာ၍ စွမ်းအင်များလည်း ကြောက်မက်ဖွယ်ကောင်းနေသည်။

"ချူးမိသားစု ဘိုးဘေးကြီး ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"

ချူးဘိုးဘေးကြီး ပေါ်ထွက်လာမှုသည် အထူးစစ်ဆင်ရေးဌာနများကို ထိတ်လန့်သွားစေသည်။ အချိန်တိုအတွင်းမှာပင် အခြားသော နတ်အဆင့် ကျွမ်းကျင်သူ သုံးဦး ပေါ်ထွက်လာခဲ့ရာ၊ တစ်ဦးသည် ကမ္ဘာတစ်ဝှမ်းတွင် ကာလကြာရှည် ကျော်ကြားခဲ့သော ချူးမိသားစု ဘိုးဘေးကြီးကဲ့သို့ ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်သည်။

ရုတ်တရက် တိုက်ခိုက်မှုသည် ၎င်းတို့ကို သတိမမူမိစေသော်လည်း ၎င်းတို့၏ ခေါင်းဆောင်သည်လည်း သတိမူခဲ့ခြင်း မဟုတ်ကြောင်း လူအများအပြားက သဘောပေါက်သွားကြသည်။ ချူးမိသားစု ဘိုးဘေးကြီး၊ ချူးဟောက်ယွဲ့နှင့် တန်မိသားစု၏ ခေါင်းဆောင် တန်စီယုတို့သည် ဤမျှ လျင်မြန်စွာ ရောက်ရှိလာကြခြင်း မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေသည် ၎င်းတို့အားလုံးက ဤနေရာတွင် ကနဦးကတည်းက ရှိနေကြခြင်းသာ ဖြစ်သည်။

ချူးယွင်ဖန်းသည် ဤတိုက်ပွဲကို မျှော်မှန်းထားခဲ့သည်မှာ သိသာထင်ရှားသည်။ သူသည် အရှုံးမပေးရုံသာမကဘဲ ၎င်းကိုတို့ ကိုင်တွယ်ဖြေရှင်းရန်အတွက် အလားတူ ထိပ်တန်း ခံတပ်ကို စီစဉ်ပေးခဲ့သည်။ ၎င်းတို့၏ ခေါင်းဆောင်သည် ကနဦးကတည်းက ပြင်ဆင်ထားပြီသားဟု ထင်မြင်ကာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက ပို၍ သက်တောင့်သက်သာရှိလာကြသည်။ ခေါင်းဆောင်သည် ဤလျှပ်တစ်ပြက် တိုက်ခိုက်မှုကို ကြိုတင်ပြင်ဆင်ထားပုံပေါ်သည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများစွာက ခုခံနေကြသောအခါ ၎င်းတို့အားလုံး စိတ်သက်သာရာရသွားကြသည်။

သတင်းတစ်ပုဒ် ပျံ့နှံ့သွားခဲ့ရာ၊ ၎င်းတို့၏ခေါင်းဆောင်သည် နတ်အဆင့်သို့ ဖြတ်ကျော်ရန် သီးသန့်ကျင့်ကြံနေသောကြောင့် ထိုသတင်းသည် ကျွမ်းကျင်သူများစွာကို ဆွဲဆောင်စေခဲ့ခြင်းဖြစ်သည်။ ဤလူများသည် ထိုဖြစ်စဉ်ကို ရပ်တန့်ရန် ဤနေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

သို့သော်လည်း ၎င်းတို့အားလုံးသည် ယခုအချိန်တွင် မည်သို့မျှ မကူညီနိုင်ခဲ့ပေ။ ၎င်းတို့သည် နျူကလီးယားဗုံးကို အသုံးမပြုပါက၊ နတ်အဆင့် ကျွမ်းကျင်သူများကြားက တိုက်ပွဲတွင် ၎င်းတို့ကဲ့သို့ သေမျိုးများက ဝင်ရောက်စွက်ဖက်ရန် ခက်ခဲမည်ဖြစ်သည်။

"ခင်ဗျားကလား။ ကျုပ်တို့အားလုံးကို ခင်ဗျားတစ်ယောက်တည်း တားနိုင်မှာလား"

မော့ပေသိုးသည် ချူးမိသားစု ဘိုးဘေးကြီးကို ကြည့်၍ ဆက်ပြောလိုက်သည်။

"ခင်ဗျားတို့ မျိုးဆက်ထဲက ဒီကောင်လေးက စည်းမျဉ်း စည်းကမ်းတွေကို မသိပုံပဲ။ စည်းမျဉ်းစည်းကမ်းတွေ မသိရင်တော့ သေရလိမ့်မယ်"

ချူးဘိုးဘေးကြီးသည် မော့ပေသိုးကို လှည့်ကြည့်၍ ပြောလိုက်သည်။

"ဒါက ကျုပ်တို့မိသားစုရဲ့ကိစ္စပါ၊ ခင်ဗျား စွက်ဖက်ရမယ့် နေရာမဟုတ်ဘူး

“ မနက်ဖြန်ဆို ခင်ဗျားက ပြည်ထောင်စုရဲ့ အလိုရှိနေတဲ့ ရာဇ၀တ်သားဖြစ်လာတော့မယ်။ ပုန်းဖို့အတွက် ခင်ဗျား နည်းလမ်းရှာထားရလိမ့်မယ်"

"ဟားဟား။ ဒီအခြေအနေရောက်နေတာတောင် ခင်ဗျားက အရမ်းခေါင်းမာနေတုန်းပါလား။ ကျုပ်တို့အားလုံး သူ့ကိုသေစေချင်တယ်ဆိုရင် ခင်ဗျား သူ့ကို မကယ်နိုင်ပါဘူး"

ရုတ်တရက်ဆိုသလိုပင် အဝေးမှ နောက်ထပ် ပုံရိပ်တစ်ခု ထပ်မံ ပျံသန်းလာပြန်သည်။ ဤပုံရိပ်၏ အသွင်အပြင်သည် အထူးစစ်ဆင်ရေးအဖွဲ့ဝင်များကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ၎င်းသည် အဝါရောင် ၀တ်စုံ ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အဘိုးအိုဖြစ်သည်။ သို့သော် ထိုပုဂ္ဂိုလ်သည် ကမ္ဘာကြီးကို အုပ်စိုးနေသော ဘုရင်တစ်ပါးနှင့် ဆင်တူသည်။

"ဟွမ်မိသားစု ဘိုးဘေးကြီးပဲ။ ဘုရားရေ၊ မြင့်မြတ်တဲ့ မိသားစုကြီး ရှစ်ခုထဲက သုံးခုက နတ်အဆင့် ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်တာပဲ"

ထိုပုဂ္ဂိုလ်က မည်သူဖြစ်သည်ကို တွေ့သောအခါ လူအများစု မထိန်းချုပ်နိုင်ဘဲ အော်ဟစ်မိသွားသည်။

အခန်း (၉၀၅) အဓိကဇာတ်ကောင်ရောက်လာပြီးနောက် မဟာစစ်ပွဲကြီး စတင်ခြင်း

အထူးစစ်ဆင်ရေးဌာနရှိ ကျွမ်းကျင်သူများစွာသည် စိုးရိမ်စိတ်များ ခံစားနေရသည်။ လက်ရှိတွင် ကျွမ်းကျင်သူနှစ်ဦးကို နောက်နှစ်ဦးက ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်သော်လည်း ဟွမ်မိသားစုခေါင်းဆောင်နှင့် မော့ပေသိုးတို့၏ ပေါင်းစပ်မှုသည် ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့တို ့ ပေါင်းစပ်မှုထက် ပိုမို အားကောင်းနေသည်။

ကျွမ်းကျင်သူလေးဦးအနက် ချူးဟောက်ယွဲ့သည် အတွေ့အကြုံ အနည်းဆုံးဖြစ်သောကြောင့် ဆိုလိုရင်းမှာ သူသည် အညံ့ဆုံးဖြစ်သည်။ နောက်ဆုံးတွင် အကန့်အသတ်ရှိသူများသည် ချူးယွင်ဖန်းနှင့် မတူကြရာ၊ ချူးဟောက်ယွဲ့သည် သာမန်လူတစ်ဦးမျှသာဖြစ်သည်။

"ဟွမ်မိသားစု ဘိုးဘေးကြီးလည်း ဒီကို ရောက်နေတာပဲ"

အထူးစစ်ဆင်ရေးဌာနချုပ်အတွင်းရှိ ဟော့ရို့နန်သည် ဟွမ်မိသားစု ဘိုးဘေးကြီးကို စိုက်ကြည့်နေသည်။ အခြေအနေများ မဟန်ကြောင်း သူမ သိနေသည်။ ဤသို့သော အဆင့်ရှိ ကျွမ်းကျင်သူများနှင့် ပတ်သက်လာပါက စစ်တပ်လျှင်ပင် ခြေချုပ်မိသွားနိုင်သည်။ ဟော့ရို့နန်က ခါးသီးစွာ ပြုံးလိုက်သည်။

"မင်းတို့ရဲ့ ခေါင်းဆောင်က တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတယ်။ ကျုပ်တို့ ပြည်ထောင်စုဆီက ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် မင်းတို့ရဲ့ ခေါင်းဆောင်ကို ကျုပ်တို့ ဖယ်ရှားပစ်ရမှာ"

"ဒီကောင်လေးက တကယ်လည်း စိတ်အနှောက်အယှက်ဖြစ်ဖို့ ကောင်းပါတယ်။ ဟာဟားဟား၊ ဒါပေမယ့် သူက ပြည်ထောင်စုရဲ့ မျှော်လင့်ချက်ပဲ" အဝေးတစ်နေရာမှ ရယ်မောသံများက ပဲ့တင်ထပ်ကာ ထိုအသံများ၏ အနောက်တွင် အသက်ကြီးကြီး အမျိုးသားတစ်ဦး ပျံသန်းလာသည်။

"ဒါ နတ်နဂါးအကြီးအကဲ၊ ဟုတ်တယ် သူပဲ" အထူးစစ်ဆင်ရေးဌာနမှ တစ်စုံတစ်ယောက်သည် ထိုပုဂ္ဂိုလ်ကို သတိထားမိသွားသည်။

"သူက ဒီနေရာက နတ်အဆင့် ကျွမ်းကျင်သူ အရေအတွက်ကို အားဖြည့်ပေးဖို့ စီစဉ်နေတာပဲ" တစ်ယောက်ယောက်က အံ့ဩစွာ အော်ဟစ်သည်။ လူများစွာသည် ၎င်းတို့၏ဘဝတစ်လျှောက်လုံး နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးကိုပင် မမြင်နိုင်ကြပေ။

ဤနေရာရှိ နတ်အဆင့်ကျွမ်းကျင်သူ အရေအတွက် တိုးမြင့်နေသည့်အပြင် ဆယ်ဦးကျော် ရှိသည်ဟု ထင်မှတ်ရစေသည်။ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး တွေ့မြင်ခဲ့သော နတ်အဆင့် ကျွမ်းကျင်သူ အရေအတွက်သည် ယနေ့ ပေါ်ထွက်လာသည့် အရေအတွက်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

"ခင်ဗျားကိုး..." မော့ပေသိုးနှင့် ဟွမ်မိသားစုခေါင်းဆောင်တို့၏ မျက်နှာပေါ်တွင် ယုံကြည်မှုကင်းမဲ့နေသော အကြည့်များရှိနေသည်။

၎င်းတို့သည် ချူးယွင်ဖန်းကို ဖြေရှင်းရာတွင် ချူးမိသားစု ဘိုးဘေးကြီးနှင့် အခြားသူများ လာရောက်ကူညီခြင်းမှ တားဆီးနိုင်ရန်အတွက် ယနေ့တွင် ကျယ်ပြောလှသော တပ်ဖွဲ့တစ်ခုကို ပြင်ဆင်ထားခဲ့သည်။ သို့သော် နတ်နဂါး အကြီးအကဲ၏ အသွင်အပြင်သည် ၎င်းတို့မျှော်လင့်ထားသော စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေခဲ့သည်။ နတ်နဂါး အကြီးအကဲသည် ချူးယွင်ဖန်းကို သူ၏မွေးနေ့ပွဲ၌ တစ်ကြိမ်သာ တွေ့ဆုံခဲ့သော်လည်း ယခုအခါ ချူးယွင်ဖန်းကို ကူညီရန် ဆန္ဒရှိနေသည်။

"နတ်နဂါး အကြီးအကဲ၊ ခင်ဗျား ဒီကိစ္စမှာ ဘာလို့ ပါဝင်ရမှာလဲ၊ ဒီကိစ္စက ခင်ဗျားအတွက် ရွှံ့ရေအိုင်တစ်ခုလိုပဲ၊ ဒီကိစ္စမှာ ခင်ဗျား ဝင်မပါသင့်ဘူး" ဟွမ်မိသားစု ဘိုးဘေးကြီးသည် နတ်နဂါး အကြီးအကဲကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

အများစုသည် နှစ်ဦးနှစ်ဖက်ကို မိတ်ဟောင်းဆွေဟောင်းများအဖြစ် စဉ်းစားကြပေလိမ့်မည်။ ၎င်းတို့သည် လွန်ခဲ့သည့် နှစ်တစ်ရာကျော်အတွင်း ယခုအချိန်အထိ အချင်းချင်း ပူးပေါင်း၍ တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။

"ကျုပ်လည်း မပတ်သက်ချင်ပါဘူး" နတ်နဂါးအကြီးအကဲသည် တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

"ကျုပ်စံအိမ်က ပြည်ထောင်စုရဲ့ နယ်မြေထဲမှာ မရှိဘူးဆိုပေမယ့် ကျုပ်မှာ အခြေခံမူတွေ ရှိပါသေးတယ်။ ညီအစ်ကိုတွေ အချင်းချင်း ရန်ဖြစ် တိုက်ခိုက်နိုင်ပေမယ့် အပြင်လူတွေနဲ့ ပေါင်းစည်းတာကိုတော့ ကျုပ် လက်မခံနိုင်ဘူး။ အထူးသဖြင့် ကျုပ့်လူတွေကို တိုက်ခိုက်ခဲ့တဲ့ မွန်းစတားဂိုဏ်းကိုပဲ"

နတ်နဂါးအကြီးအကဲသည် ရှင်းလင်းစွာ ပြောကြားလိုက်ခြင်းဖြစ်သည်။ သူသည် ပြည်ထောင်စုကို မမှီခိုဘဲ ကြားနေ အနေအထားတွင် ရှိနေသော်လည်း ပြည်ထောင်စုသည် သူ၏ ထောက်ခံမှုကို ရရှိနေဆဲဖြစ်သည်။ သူ၏ ကြားနေမူဝါဒက ပြည်ထောင်စု တည်ရှိနေသရွေ့ အကျုံးဝင်ပေလိမ့်မည်။ အကယ်၍ ဤလူများသည် ပြည်ထောင်စုကို သုတ်သင်ရန် ကြိုးစားခဲ့လျှင် အဆုံးမဲ့ နတ်ဆိုးတောင်တန်း၊ အဏ္ဏဝါမျိုးနွယ် သို့မဟုတ် နတ်ကုန်းမြေတို့ ဖြစ်ပါစေ၊ မည်သူမျှ နတ်နဂါးအကြီးအကဲကို ကြားနေမှုဝါဒအဖြစ် ပြုမူစေနိုင်မည် မဟုတ်ပေ။

ကျုပ်တို့လူမျိုး မဟုတ်လျှင် မတူညီသော နှလုံးသားများရှိကြသည်ဟူသော ဆိုရိုးစကားပင် ရှိလေ၏။ အရေးကြီးဆုံးအချက်မှာ သူသည် ချူးယွင်ဖန်းအပေါ် အလွန် အထင်ကြီးထားသူဖြစ်သည်။ ချူးယွင်ဖန်းသာ ဤနေ့ကို ကျော်ဖြတ်နိုင်ခဲ့လျှင် သူ့ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ၏ အရှိန်အဟုန်ကို စတင်နေပြီဖြစ်သောကြောင့် သူ့ကို မည်သူမျှ တားဆီး၍ မရနိုင်ပေ။

အုတ်ဂူထက်တွင် ပန်းများ ဆက်သခြင်းထက် နှင်းကျနေစဉ် မီးသွေးများ ပေးပို့ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ဤသို့သော သဘောတရားမျိုးကို လူတိုင်း နားလည်ကြလေသည်။ နတ်နဂါးအကြီးအကဲကို ချူးယွင်ဖန်း ပေးအပ်ခဲ့သော အသက်ရှည်ဆေးသည် မရှိမဖြစ်လိုအပ်သောကြောင့် သူ၏ကျေးဇူးကို ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းက သူ့ကို ဖိတ်ကြားခဲ့သောအခါ နတ်နဂါးအကြီးအကဲက မဆိုင်းမတွ သဘောတူခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ ချူးယွင်ဖန်းကို ဘယ်သူမှ မကယ်နိုင်ဘူး"

ထိုအချိန်တွင် အဝေးမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အလင်းတန်းတစ်ခုကို စီးနင်းလာသည့် သန်မာထွားကျိုင်းသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ အရောင်အဝါသည် အလွန် ပြင်းထန်လှရာ လတ်တလော ပေါ်ပေါက်လာသော နတ်နဂါးအကြီးအကဲအောက် လျော့နည်းခြင်းမရှိပေ။ အောင်ပွဲချိန်ခွင်လျှာသည် အခြားတစ်ဖက်၏ အသာစီးရရှိမှုဆီသို့ တိမ်းစောင်းသွားခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်နှင့် သွေးများ ဆူပွက်လာ၍ တုနှိုင်းမဲ့သော ဧရာမ ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူသည် ရေနက်ပိုင်း ဝေလငါး မျိုးနွယ်စုမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ လက်ရှိ အဏ္ဏဝါမျိုးနွယ်စုများအနက် လူသားများနှင့် ထိတွေ့မှုအများဆုံး မျိုးနွယ်စုနှစ်စုသည် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်နှင့် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်တို့ ဖြစ်ကြသည်။ မျိုးနွယ်စုကြီးနှစ်ခုတွင် နတ်အဆင့် ကျွမ်းကျင်သူများ ရှိနေသောကြောင့် အထူးစစ်ဆင်ရေးဌာနအတွက် အခြေအနေသည် ပိုမိုဆိုးရွားလာမည်မှာ သေချာသည်။

"အတင့်ရဲလို့။ အဏ္ဏဝါမျိုးနွယ်ဝင်တစ်ယောက် ဒီမှာ ပေါ်လာရဲရတယ်လို့၊ ခင်ဗျား သေချင်နေပြီလား"

ရုတ်တရက်ဆိုသလို အထူးစစ်ဆင်ရေးဌာန၏ အနက်ရှိုင်းသော နေရာမှ ကျယ်လောင်သော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ စစ်ယူနီဖောင်း ၀တ်ဆင်ထားသော အကြီးအကဲတစ်ဦး လျှောက်လှမ်းလာလေသည်။ ထိုပုဂ္ဂိုလ်၏ ဆံပင်များသည် ဖြူဆွတ်နေသော်လည်း သူ၏ တက်ကြွမှုသည် ပြင်းထန်နေဆဲဖြစ်သည်။

"ဒါ စစ်ဗိုလ်ချုပ်ကြီးကျူးပဲ"

အထူးစစ်ဆင်ရေးဌာန၏ ကျွမ်းကျင်သူများစွာသည် ထိုအကြီးအကဲကို ချက်ချင်း သတိထားမိသွားလေသည်။ သူသည် စစ်တပ်အတွင်း ကာလအတန်ကြာ နာမည်ကျော်ကြားခဲ့သော ဂန္တဝင်စစ်ဗိုလ်ချုပ်ကြီး ကျူးပုဖျင်ဖြစ်သည်။ ကျူးပုဖျင်သည် ခြေတစ်လှမ်း လှမ်းချီ၍ ထိုနေရာသို့ ဝင်ရောက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်ရှိ အရောင်အဝါများ ဆက်လက် ပျံ့နှံ့နေခဲ့ရာ၊ သူသည် ဤရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူနှင့် တန်းတူညီမျှနေသည်။

တိုက်ပွဲတွင် ဆယ်ဦးထက်မနည်းသော နတ်အဆင့် ကျွမ်းကျင်သူများ ပါဝင်ပတ်သက်နိုင်သောကြောင့် အထူးစစ်ဆင်ရေးဌာနရှိ ကျွမ်းကျင်သူ အများအပြားက လုံးလုံးလျားလျား အံ့ဩသွားကြသည်။ အထူးတပ်ဖွဲ့များက မည်မျှပင် ကောင်းမွန်စွာ ပြင်ဆင်ထားပါစေ ၎င်းတို့အားလုံးသည် ဖျက်ဆီးခံရပေလိမ့်မည်။

အပြင်းအထန် တိုက်ခိုက်နေသော ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူနှင့် တန်စီယုတို့အပြင် အခြားလူများ ထုတ်လွှတ်လိုက်သော အရောင်အဝါများသည် အရာအားလုံးကို ဖိနှိပ်ချုပ်ချယ်ကာ ကောင်းကင်နှင့် မြေကြီးကို ချေမှုန်းနိုင်သကဲ့သို့ ထင်မှတ်ရစေသည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

"ကျူးပုဖျင်၊ ခင်ဗျားက ကျုပ်ကို တားရဲတယ်ပေါ့လေ

အဝေးမှ နောက်ထပ်အော်သံတစ်ခု ပဲ့တင်ထပ်လာ၍ ထိုအနောက်မှ လူတစ်ဦး ပျံသန်းလာလေ၏။ ထိုပုဂ္ဂိုလ်၏ အစွမ်းထက်သော အရောင်အဝါသည် နတ်အဆင့် ကျွမ်းကျင်သူအားလုံးကို နှိမ်နှင်းနိုင်ခဲ့ပုံပေါ်သည်။ သူ ထုတ်လွှတ်လိုက်သော စွမ်းအင်များသည် ညအမှောင်၌ပင် ခံစားနိုင်သည်အထိ အစွမ်းထက်လှသည်။ ထိုအရောင်အဝါသည် ကောင်းကင်ရှိ နေမင်းနှင့်ပင် ဆင်တူလှသည်။

"ခင်ဗျားတို့အားလုံး ဒီမျိုးမစစ်ကို အဆင့် မဖြတ်ကျော်နိုင်ခင် သတ်ပစ်မှဖြစ်မယ်။ ဒီပြဿနာရှာနေတဲ့ အတုအယောင်တွေကို ကျုပ် တာဝန်ထား"

ဤပုဂ္ဂိုလ်သည် ရောက်ရှိလာသည်နှင့် နတ်အဆင့် ကျွမ်းကျင်သူအားလုံးကို အမိန့်ပေးလိုက်သော်လည်း မည်သူ့ကိုမျှ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု မခံစားမိကြပေ။ အထူးစစ်ဆင်ရေးဌာန၏ အဖွဲ့ဝင်များသည် ဤပုဂ္ဂိုလ်ကို တွေ့သောအခါ ပင့်သက်ရှိုက်လိုက်ကြသည်။ အဓိကဇာတ်ဆောင်သည် အဆုံးတွင် ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းတို့အားလုံး နားလည်သွားကြသည်။ ဤပုဂ္ဂိုလ်သည် ၎င်းတို့ခေါင်းဆောင်နှင့် သွေးကြွေးရှိထားသော ကျန်းမိသားစု ဘိုးဘေးကြီးမှလွဲ၍ အခြားလူမဟုတ်ပေ။

ကျန်းမိသားစု ဘိုးဘေးကြီးသည် ကောလဟာလများထက် များစွာပို၍ သန်မာလှသည်။ သူသည် ကမ္ဘာကြီး၏ ဘုရင်တစ်ပါးကဲ့သို့ ရောက်လာသည့်အခိုက်တွင် လူတိုင်းကို ဖိနှိပ်နိုင်ခဲ့ပုံရသည်။ နောက်ဆုံးတွင် မဟာတိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီဖြစ်သည်။ ကျန်းမိသားစု ဘိုးဘေးကြီးသည် သူ၏ဓားကို မြောက်တင်လိုက်သည်နှင့် လေထုသည်လည်း ပြင်းထန်လာလေ၏။

အခန်း (၉၀၆) ဘက်ပေါင်းဆုံမှ အခွင့်မသာမှု၊ ချူးယွင်ဖန်းက ဘယ်တော့မှ သီးသန့်ကျင့်ကြံမှုက ထွက်လာမှာလဲ

"စတုတ္ထမြောက် နတ်အဆင့်"

ကျူးပုဖျင်က သူ၏နှုတ်ခမ်းများကို ဖွင့်ဟ၍ ဤစကားသုံးလုံးကို စွန့်ထုတ်လိုက်သည်။ အခြားလူများ၏ အမူအရာများသည်လည်း အလွန် ဆိုးရွားနေကြသည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်မှသာလျှင် စတုတ္ထမြောက် နတ်အဆင့်၏ ဆိုလိုရင်းကို နားလည်ကြပေလိမ့်မည်။ ထိုသို့အင်အားကြီးမားသော ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရာတွင် ရှုံးနိမ့်မှုသည် အလွန် ကြီးမားလှပေသည်။ ဤအဆင့်ရှိ ကျွမ်းကျင်သူများသည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်အထိ အစွမ်းထက်ကြ၏။ စတုတ္ထအဆင့်အထက်တွင်ရှိသောသူများသည် ၎င်းတို့ထက်နိမ့်ကျသော ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင် ပြိုင်ဘက်ကင်းသူများဟု ဆိုနိုင်သည်။

ကျန်းမိသားစု ဘိုးဘေးကြီးသည် ဤအဆင့်သို့ လှမ်းခါစသာဖြစ်သော်လည်း သူ သယ်ဆောင်လာသော ဖိနှိပ်မှုနှင့် အရေးသာမှုတို့သည် သိသာထင်ရှားဆဲဖြစ်သည်။ သူသည် လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထား၍ သူ၏အမူအရာသည် ယုံကြည်မှု အပြည့်ရှိပေသည်။ ချူးယွင်ဖန်း၏ အဆင့်ဖြတ်ကျော်မှုကို နှောင့်ယှက်ကာ ရူးသွပ်သွားအောင် ပြုလုပ်နိုင်လျှင် ကောင်းပေလိမ့်မည်ဖြစ်သော်လည်း သူ အဆင့်ဖြတ်ကျော်နိုင်သည်ဖြစ်စေ၊ မဖြတ်ကျော်နိုင်သည်ဖြစ်စေ အရေးမပါလှပေ။ ချူးယွင်ဖန်းကို သူ၏ ပြင်းထန်သော ခွန်အားဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်နေသည်။ ခွန်အားသည် ယုံကြည်မှု၏ အာမခံချက်ဖြစ်သည်။

"ခင်ဗျားက ကျုပ် လမ်းကို ဝင်ရှုပ်မလို့လား။ ဒါဆို ခင်ဗျားတို့အကုန်လုံးကို သတ်ပစ်မယ်" ကျန်းမိသားစု ဘိုးဘေးကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကျုပ်မှာ ရွေးချယ်စရာ မရှိဘူးလေ။ ကျုပ်အရိုးတွေက ဆွေးမြည့်နေပြီဆိုပေမယ့် စစ်ကတော့ တိုက်ရဦးမှာပေါ့" ကျူးပုဖျင်သည် ကျန်းမိသားစု ဘိုးဘေးကြီးကို လျစ်လျူရှုစွာ စိုက်ကြည့်လိုက်သည်။

ကျင့်ကြံမှုအခြေခံအရ၊ သူနှင့် ကျန်းမိသားစု ဘိုးဘေးကြီးကြားတွင် သိသိသာသာ ကွာဟချက်ရှိနေသည်။ သို့သော် သူသည် ကျန်းမိသားစု ဘိုးဘေးကြီးကို အနိုင်ယူရန် မကြံစည်ထားဘဲ သူ့ကို နှောင့်နှေးထားရန်သာ ပြုလုပ်မည်ဖြစ်သည်။

"ကောင်းကင်မှာ တိုက်ကြတာပေါ့။ ကျုပ်တို့ ဒီမှာ တိုက်ခိုက်ရင် အကျိုးဆက်ကို ခင်ဗျား ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး" ကျူးပုဖျင်က ကျန်းမိသားစု ဘိုးဘေးကြီးကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ခင်ဗျား တစ်ယောက်တည်းနဲ့လား။ ဒီလောက်နဲ့ မလုံလောက်ဘူး" ကျန်းမိသားစု ဘိုးဘေးကြီးက အေးစက်စွာ ပြောလိုက်သည်။

"ဒါဆို ကျုပ်ကိုပါ ထည့်တွက်လိုက်" နတ်နဂါးအကြီးအကဲက အရှေ့သို့ တိုးလာသည်။

"ကျုပ်လည်း ပါတယ်" ချူးမိသားစု ဘိုးဘေးကြီးက ပြောလိုက်သည်။

ကျန်းမိသားစု ဘိုးဘေးကြီး၏ လက်ရှိ အခြေအနေ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိနေသောကြောင့် တတိယမြောက် နတ်အဆင့် သုံးဦးက အရှေ့တိုး၍ တားဆီးရန် ကြိုးစားလိုက်ကြသည်။ ၎င်းတို့ သုံးဦး အတူတူ တိုက်ခိုက်မှသာ သူနှင့် သရေကျနိုင်ပေလိမ့်မည်။

"ခင်ဗျား ဒီမှာနေခဲ့။ မဟုတ်ရင် ခံတပ်ကို ထိန်းထားမယ့်သူရှိမှာ မဟုတ်ဘူး" ကျူးပုဖျင်က ချူးမိသားစု ဘိုးဘေးကြီးကို ပြောလိုက်သည်။

ပြီးနောက် သူသည် ကောင်းကင်သို့ ပျံသန်းသွားခဲ့ရာ၊ နတ်နဂါးအကြီးအကဲက အနောက်မှ လိုက်ပါသွားလေသည်။ ကျန်းမိသားစု ဘိုးဘေးကြီးသည် စကားတစ်ခွန်းမျှ မပြောဘဲ ၎င်းတို့အနောက်သို့ လိုက်သွားခဲ့သည်။ ဤနေရာ၌ တိုက်ပွဲ၏ အကျိုးဆက်သည် ပြင်းထန်လွန်းလှသည်။ ခွန်းလွန်မြို့ ပျက်ဆီးသွားလျှင် ကျန်းမိသားစုလျှင်ပင် အကျိုးဆက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ပြည်ထောင်စုသည် အလွန်အင်အားကြီးမားသောကြောင့် ၎င်းကို ဖျက်ဆီးမိလိုက်လျှင် ကျန်းမိသားစုပင် ပြဿနာတက်သွားနိုင်သည်။

ဘုံး ဘုံး ဘုံး

ခဏအကြာတွင် ကြောက်မက်ဖွယ် နတ်စွမ်းရည်အမျိုးမျိုးတို့၏ အလင်းရောင်များ ကောင်းကင်ယံတစ်လျှောက် ပျံ့နှံ့သွားလေသည်။ ဝေးကွာသော ကောင်းကင်၌ ထိပ်တန်း နတ်အဆင့် သုံးဦးတို့ တိုက်ခိုက်နေကြသည်။ စစ်ဗိုလ်ချုပ်ကြီး ကျူးပုဖျင် သို့မဟုတ် နတ်နဂါးအကြီးအကဲဖြစ်ပါစေ၊ ၎င်းတို့နှစ်ဦးစလုံးသည် ထင်ရှားသော ထိပ်တန်း ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကြံ့ခိုင်မှုအရ ပြည်ထောင်စုအတွင်း အလွန် သန်မာသော ဖြစ်တည်မှုများဖြစ်ကြသည်။ သို့သော်လည်း အထူးစစ်ဆင်ရေးဌာန၏ ကင်မရာများမှတစ်ဆင့် ကျန်းမိသားစု ဘိုးဘေးကြီးသည် ၎င်းတို့နှစ်ဦးလုံးကို အလွယ်တကူ ဖိနှိပ်နေကြောင်းတွေ့လိုက်ရသဖြင့် လူအများက အံ့အားသင့်သွားကြသည်။

ကျန်းမိသားစု ဘိုးဘေးကြီးသည် သူ၏ အစွမ်းထက်သော ဘဝအဆုံးသတ်သူ သိုင်းပညာကို အနည်းငယ်မျှ အသုံးပြု၍ ဤပုဂ္ဂိုလ်များကို ဖိနှိပ်နေသည်။ တစ်ဖက်တွင် ၎င်းတို့အားလုံး တိုက်ခိုက်နေကြသည်ကို မြင်ပြီးနောက် မော့ပေသိုးနှင့် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူတို့သည်လည်း စတင်လှုပ်ရှား၍ ချူးမိသားစု ဘိုးဘေးကြီးနှင့် ရင်ဆိုင်ကြလေသည်။ နှစ်ဘက်အကြား တုန်လှုပ်ချောက်ချားဖွယ် ပဋိပက္ခတစ်ခု ဖြစ်ပွားတော့လေသည်။

တိုက်ပွဲဖြစ်စဉ်သည် ကောင်းကင်ယံသို့ ရောက်ရှိသွားကြသည်။ ၎င်းတို့သည် ကျိုးကြောင်းဆီလျော်မှုအချို့ကို ထိန်းသိမ်းထားဆဲဖြစ်ရာ၊ အထူးစစ်ဆင်ရေးဌာနသည် ခွန်းလွန်မြို့နှင့် သိပ်မဝေးသောကြောင့် ဌာနချုပ်ထဲတွင် တိုက်ခိုက်ခြင်း မပြုလုပ်ကြပေ။ ဤအဆင့်ရှိ ကျွမ်းကျင်သူများသည် မြို့တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်ကြသည်။

အခြားတစ်ဖက်တွင် ဟွမ်မိသားစု ဘိုးဘေးကြီးက ချူးဟောက်ယွဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ချူးဟောက်ယွဲ့၊ မင်း ဘေးဖယ်ဖို့ သိပ်နောက်မကျသေးဘူး။ မဟုတ်ရင် ကျုပ်ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့"

ယခုအခါ ချူးမိသားစုသည် တိုးတက်လုနီးပါးဖြစ်နေသောကြောင့် ချူးဟောက်ယွဲ့သည်လည်း မြင့်တက်လာပြီဖြစ်သည်။ ဟွမ်မိသားစု ဘိုးဘေးကြီးသည် ဟွမ်မိသားစု၏ အနာဂတ်အတွက် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုတူညီသောအနာဂတ်အတွက် သူသည် ချူးမိသားစုကို လုံးလုံးလျားလျား စော်ကားလိုစိတ်မရှိပေ။ ယခုအခါ ချူးမိသားစုတွင် နတ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးရှိနေကြသဖြင့် ၎င်းတို့၏ အနာဂတ်သည် အကန့်အသတ်မဲ့လှသည်။

"ကျုပ် ဒီမှာရှိနေသရွေ့ ခင်ဗျား ဒီနေရာကို ကျော်ဖြတ်နိင်မယ် မထင်နဲ့" ချူးဟောက်ယွဲ့က ဘာသိဘာသာ ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ ကျုပ်ကို အပြစ်မတင်နဲ့ပေါ့" ဟွမ်မိသားစု ဘိုးဘေးကြီးသည် ဟိန်းဟောက်၍ ချူးဟောက်ယွဲ့ကို စတင်တိုက်ခိုက်လာသည်။

ထိုအချိန်၌ စစ်မြေပြင်သည် အထူးစစ်ဆင်ရေးဌာနအထက်တွင် အပိုင်းလေးပိုင်း ခွဲခြမ်းထား၍ စစ်မြေပြင်လေးခုအနက် သုံးခုတွင် ချူးမိသားစုက အားနည်းချက်ရှိနေသည်။ တန်စီယုသာလျှင် ဧရာမ မိကျောင်းကြီးနှင့် တိုက်ခိုက်ရာတွင် အသာစီးရခဲ့သည်။ တန်စီယုသည် ခွန်အားအရ ပထမမြောက် နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဧရာမ မိကျောင်းကြီးကို အနောက်သို့ ဆုတ်ခွာရန် တွန်းအားပေးနိုင်ခဲ့သည်။

ဧရာမမိကျောင်းကြီးသည် ပထမမြောက် နတ်အဆင့်သို့လည်း ဝင်ရောက်ခဲ့၍ သာမန်လူသားကျွမ်းကျင်သူထက် များစွာသန်မာသော်လည်း အံ့ဖွယ်ကောင်းကင်ဝိညာဉ်ခန္ဓာကိုယ်မျိုး ကျင့်ကြံခဲ့သည့် တန်စီယုနှင့် ကံမကောင်းစွာဖြင့် ကြုံတွေ့ခဲ့ရသည်။ ကျွမ်းကျင်မှု သို့မဟုတ် ကာယကြံ့ခိုင်မှုအရသော်လည်းကောင်း တန်စီယုသည် သူ့ထက် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။

ရုတ်တရက်ဆိုသလိုပင် ဤတိုက်ပွဲများ၏ရလဒ်ဖြင့် အရာအားလုံးကို ဆုံးဖြတ်လိမ့်မည်ဟု လူတိုင်းက တွေးနေမိချိန်တွင် အထူးစစ်ဆင်ရေးဌာနဆီသို့ သွေးနီရောင်အသွင်အပြင်တစ်ခု ပြေးဝင်လာခဲ့သည်။ အဆောက်အဦး၏ ပတ်ပတ်လည် အတားအဆီးသည် ကျိုးကြေးနေခဲ့သောကြောင့် သွေးနီရောင်ပုံရိပ်ကို မည်သူမျှ မတားဆီးနိုင်ခဲ့ပေ။

သို့သော် ထိုပုံရိပ်သည် အဆောက်အဦးထဲသို့ ဝင်ခါနီးတွင် ကောင်းကင်မှ ဧရာမ မိုးကြိုးသွားတစ်ခု ဆင်းသက်လာ၍ သွေးနီရောင်ပုံရိပ်ကို ထိမှန်သွားခဲ့သည်။

နောက်ဆုံး ၎င်းက မည်သူဖြစ်သည်ကို လူတိုင်း သိရှိသွားကြသည်။ သွေးနီရောင် ပုံရိပ်သည် ကြောက်မက်ဖွယ် နတ်ဆိုးအရောင်အဝါများ ပေးစွမ်းနိုင်သော သွေးနီရောင် စွမ်းအင်များဖြင့် ရစ်ပတ်ခံထားရသည်။

ဤလူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးနီရောင် စွမ်းအင်များဖြင့် စီးဆင်းနေ၍ သူ၏နောက်ကျောတွင် သွေးနီရောင် အတောင်ပံတစ်စုံ ရှိနေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် လင်းနို့တစ်ကောင်နှင့် ဆင်တူသည်။

"မွန်းစတားဂိုဏ်းရဲ့ မျိုးစပ်တစ်ကောင်ပဲ" လူအများအပြားက အော်ဟစ်လိုက်ကြသည်။

ဤမွန်းစတားမျိုးစပ်သည် မွန်းစတားဂိုဏ်း၏ နှစ်ပေါင်းများစွာသော စမ်းသပ်မှု ရလဒ်ဖြစ်ကြောင်း ၎င်းတို့အားလုံး သတိပြုမိသွားသည်။

မျိုးစပ်မွန်းစတားသည် မွေးဖွားခြင်းနယ်မြေသို့ ရောက်ရှိရန်ပင် မလွယ်ကူသော်လည်း ယခုအခါ ဤမွန်းစတားသည် ၎င်းအဆင့်ကို ကျော်လွန်၍ နတ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် နတ်အဆင့်ကို ဝင်ရောက်ရုံမျှသာ ဖြစ်သော်လည်း ဤဖြစ်စဉ်သည် မျိုးစပ်မွန်းစတား တစ်ကောင်အတွက် အံ့ဩဖွယ်ရာ ဖြစ်စဉ်ဖြစ်သည်။ ဤဖြစ်ရပ်၏ နောက်ကွယ်တွင် မည်မျှသော လူပေါင်းများစွာ၏ အသက်များရှိနေမည်ကို မည်သူမျှ မပြောနိုင်ပေ။

“မွန်းစတားဂိုဏ်းရဲ့ မျိုးစပ်တွေက တကယ်ပဲ ဒီအဆင့်ကိုတောင် ရောက်နေပြီလား"

ဟော့ရို့နန်သည် အထူးစစ်ဆင်ရေးဌာန အတွင်းမှ ထိုပုံရိပ်ကို စိုက်ကြည့်နေသည်။ မွန်းစတားဂိုဏ်းသည် မွန်းစတားများကို မျိုးစပ်သည့်နယ်ပယ်တွင် ပြည်ထောင်စုထက်သာလွန်ကြောင်း မည်သူမျှ သံသယမရှိကြပေ။ ဤသို့သော အောင်မြင်မှုမျိုးအတွက် မည်သို့မျှ ဆိုးရွားလှသော လျှို့ဝှက်နည်းပညာကို အသုံးပြုထားကြသည်ကို သူမ မသိနိုင်ပေ။

တစ်ချိန်တည်းမှာပင် အထူးစစ်ဆင်ရေးဌာနအတွင်းမှ အပြာရောင်ပုံရိပ်တစ်ခု ပြေးထွက်လာ၍ သွေးနီရောင်ပုံရိပ်ကို တိုက်ခိုက်လိုက်လေသည်။

အထူးစစ်ဆင်ရေးဌာနအထက် ကောင်းကင်ယံတွင် တိုက်ပွဲငါးခု ဖြစ်ပွားနေသည်။ မရေတွက်နိုင်သော ကျွမ်းကျင်သူများသည် ရလဒ်ကို ဆုံးဖြတ်ပေးမည့်လူများက ၎င်းတို့မဟုတ်ဘဲ ထိုထိပ်တန်း ကျွမ်းကျင်သူများဖြစ်သည်ကို သိထားကြသောကြောင့် ကောင်းကင်ယံကို မျှော်ကြည့်နေကြသည်။ ထို့အပြင် လူအများအပြားတွင် ထပ်တူညီသော အတွေးများ ရှိနေခဲ့သည်။

'ဘယ်တော့မှ သီးသန့်ကျင့်ကြံရာကနေ ထွက်လာမှာလဲ၊ ခေါင်းဆောင်ချူး'

All Chapters