← Chapters

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀-၉၁၂)

Vol. 61 Ch. 910-912

အခန်း (၉၁၀) တတိယမြောက် နတ်အဆင့်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

သဘာဝလွန်ဖြစ်ရပ်ဆန်းများ ပြီးဆုံး၍ အဆင့်ဖြတ်ကျော်မှု ပြီးမြောက်သွားခဲ့သည်။ ဤသည်မှာ လူတိုင်း သိထားသော နတ်အဆင့်များ၏ သဘာဝဖြစ်စဉ်ဖြစ်သည်။ ယခုအခါ သဘာဝဖြစ်စဉ်သည် အပြည့်အ၀ ဖြစ်ပေါ်သွားကာ ယင်းအောက်တွင် ဘုရင်တစ်ပါးကဲ့သို့သော အသွင်အပြင်တစ်ခုသည် စစ်မြေပြင်သို့ တဖြည်းဖြည်း ချဉ်းကပ်နေလေသည်။

ထိုလူ၏ခြေလှမ်းများသည် နှေးကွေးသော်လည်း လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် လူတိုင်း၏နှလုံးသားကို တုန်လှုပ်သွားစေပုံရသည်။ သူသည် ဤအချိန်တွင် အာရုံစူးစိုက်မှုများ၏ ဗဟိုချက်တွင် ရှိနေ၍ သူသည် ကမ္ဘာပေါ်ရှိ သူရဲကောင်းများ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပုံပေါ်သည်။

သူသည် အမှန်တကယ် မတိုက်ခိုက်ရသေးသော်လည်း လူတိုင်းကို ထိတ်လန့်သွားစေဆဲဖြစ်သည်။ သူသည် မကြာသေးမီက ဟွမ်မိသားစု ဘိုးဘေးကြီးကို ပေါ့တန်သော လက်သီးချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိစေသည်အထိ ထိုးကြိတ်ခဲ့သည်။ ဤသည်မှာ သူ့အတွက် ကလေးတစ်ဦး၏ ဆော့ကစားသော အပြုအမူကဲ့သို့ဖြစ်နေသည်။ သူသည် လူသား-နတ်ဆိုးစစ်မြေပြင်ကို လွှမ်းမိုးကာ မရေတွက်နိုင်သော လူများကို အမုန်းပွားစေခဲ့သည့် အမြီးခြောက်ချောင်း ငရဲမီးတောက် မြေခွေးကိုလည်း အလွယ်တကူ ရိုက်နှက်ခဲ့သည်။

"နောက်တစ်ခါ ထွက်ပြေးဖို့ ကြိုးစားရင် ခင်ဗျား သေလိမ့်မယ်"

ဤရိုးရှင်းသော စကားစုသည် မြေခွေးကို အလွန် ထိတ်လန့်သွားစေသည်။ ၎င်းသည် ဆန့်ကျင်ဝံ့ခြင်းမရှိဘဲ တုန်တုန်ယင်ယင်ဖြင့် အခြားတစ်ဖက်သို့ တွားသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် အလွန် စိတ်မသက်မသာဖြစ်လွန်းလှသည်။ နေရာအနှံ့သို့ သွေးများ စီးဆင်းနေ၍ ဒဏ်ရာများက နက်နဲလွန်းသောကြောင့် အရိုးများကိုပင် မြင်တွေ ့နိုင်စေသည်။

တတိယမြောက် နတ်အဆင့်ကျွမ်းကျင်သူလျှင်ပင် အစွမ်းကုန် ထုတ်သုံးရမည်ဖြစ်သော အလွန် ကိုင်တွယ်ရ ခက်ခဲသည့် မွန်းစတားသည် ထိုကဲ့သို့ ရိုက်နှက်ခံခဲ့ရသည်။

၎င်းသည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။ သူ၏မျက်လုံးများသည် ရေခဲတမျှ အေးစက်နေ၍ ခန္ဓာကိုယ်ပေါ်ရှိ အရောင်အဝါများက တိုးမြင့်နေဆဲဖြစ်သည်။ ဤသည်မှာ နတ်အဆင့်သို့ ဖြတ်ကျော်သွားသောကြောင့် ဖြစ်သည်ကို လူတိုင်း သိကြသည်။ သူ၏ခန္ဓာကိုယ်ရှိ ချီစွမ်းအင်သည် နတ်အဆင့် စွမ်းအင်များအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲခြင်း မရှိသေးပေ။

သူသည် အဆက်မပြတ် ပြောင်းလဲပြီးနောက် ပိုမို သန်မာလာခဲ့သည်။ သူသည် ကုန်ဆုံးသွားသည့် အချိန်တိုင်း အရှိန်အဟုန်ပြင်းစွာ အားကောင်းလာကြောင်း လူအများကပင် ခံစားရနိုင်သည်။ အရာအားလုံးကိုပင် ချေမှုန်းနိုင်သည် စွမ်းအင်များ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

ချူးယွင်ဖန်းသည် သေလုမြောပါးဖြစ်နေသော အမြီးခြောက်ချောင်း ငရဲမီးတောက် မြေခွေးကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ မြေခွေးသည် ဤသင်ခန်းစာအပြီးတွင် ရှောင်ပြေးဝံ့တော့မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် မြေခွေးကို ချက်ချင်း မသတ်ဖြတ်ရသည့် အကြောင်းရင်း အမှန်တကယ် ရှိနေသည်။

“ဘယ်လောက်တောင်ကောင်းလိုက်တဲ့ တပ်ဖွဲ့ကြီးလဲ" ချူးယွင်ဖန်းသည် ကောင်းကင်ရှိ မြောက်မြားလှသော အင်အားကြီး ပုဂ္ဂိုလ်များစွာကို ကြည့်လိုက်သည်။

"ကျုပ်ကို သတ်ဖို့အတွက်နဲ့ ခင်ဗျားတို့တွေ တော်တော်လေး အားထုတ်ခဲ့ရတာပဲ။ သာမန်လူတစ်ယောက်ဆိုရင် ဒီလူအုပ်နဲ့ သေချာပေါက် သေသွားလောက်တယ်"

ချူးယွင်ဖန်းသည် ကောင်းကင်သို့ တစ်လှမ်းခြင်း တက်လှမ်းသွားသည်။ သူသည် ဤအချိန်တွင် ပျံသန်းရန်အတွက် သူ၏ မိုးကြိုးအတောင်ပံများကို အားကိုးနေရန် မလိုတော့ပေ။ ပျံသန်းခြင်းသည် နတ်အဆင့် ကျွမ်းကျင်သူများ၏ ဗီဇစွမ်းအင်တစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသည် နတ်အဆင့်သို့ အမှန်တကယ်ဝင်ရောက်ခဲ့၍ စစ်မှန်သော နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့သည်။

တားမြစ်ဇုန်အသစ်တစ်ခုသို့ ဖြတ်ကျော်ဝင်ရောက်လာသောအခါ သူ၏အသက်ဓာတ်များ ဆူပွက်လာသည်ဟု ခံစားရနိုင်သည်။ ကမ္ဘာကြီးကို ပြန်ကြည့်လိုက်သောအခါ နားလည်မှုအသစ်တစ်ခု ရရှိသွားကြောင်း သူ သိရှိလိုက်ရသည်။ ချူးယွင်ဖန်းက ဟွမ်မိသားစု ဘိုးဘေးကြီးကို လှည့်ကြည့်၍ ပြောလိုက်သည်။

"ခင်ဗျား ကိုယ့်ကိုယ်ကို သတ်သေရင် ကျုပ် ဟွမ်မိသားစုကို အသက်ရှင်ခွင့်ပေးမယ်"

သူ၏အမူအရာသည် အလွန်တည်ငြိမ်နေသော်လည်း သူ၏စကားများတွင် ပြန်လည် မေးခွန်းထုတ်နိုင်စွမ်းမရှိသော အဓိပ္ပါယ်များ ပါရှိနေသည်။ သူသည် ယခုအချိန်တွင် ကမ္ဘာကို အုပ်စိုးသော ဘုရင်တစ်ပါးဖြစ်သည်။

ချူးယွင်ဖန်းသည် ဟွမ်မိသားစု တစ်ခုလုံးကို သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ၎င်းတို့၏အာဏာကို လျော့ချချင်သော်လည်း ၎င်းတို့ မိသားစုအတွင်းရှိ လူထောင်ပေါင်းများစွာကို သတ်ပစ်လိုသည်ဟု မဆိုလိုပေ။ ဟွမ်မိသားစုအတွင်း ဆက်နွယ်မှုအမျိုးမျိုးရှိကြသည့် မရေတွက်နိုင်သော လူများမှလွဲ၍ စုစုပေါင်းလူသန်းပေါင်းများစွာခန့် ရှိနေသည်။ သူသည် သတ်ဖြတ်မှုကျူးလွန်ရန် ရူးသွပ်နေသူမဟုတ်ပေ။

၎င်းတို့သည် မြို့စွန်နယ်မြေများတွင် နေထိုင်နေသည့် ဦးနှောက်ဆေးကြောခံရထားသော မွန်းစတားဂိုဏ်းအဖွဲ့ဝင်များနှင့် မတူညီပေ။ ဟွမ်၏သားစဉ်မြေးဆက် အများအပြားသည် ပြည်ထောင်စု၏ လက်ရွေးစင်များဖြစ်ကြသည်။ ဤသည်မှာ သူ၏ လက်ရှိ အင်အားနှင့်လည်း အလွန် ဆက်စပ်နေသည်။ ဟွမ်မိသားစုသည် သူ၏လက်ရှိအင်အားအရ သူကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။

“စဉ်းတောင် မစဉ်းစားလိုက်နဲ့”

ဟွမ်မိသားစု ဘိုးဘေးကြီးသည် အလွန် ဒေါသထွက်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သူသည် မည်သည့်အချိန်တွင် ဤမျှသော အရှက်တကွဲ အကျိုးနည်း ဖြစ်ရခြင်းနှင့် ကြုံတွေ့ခဲ့ရသနည်း။ သမ္မတလျှင်ပင် မိမိကို သတ်သေရန် အမိန့်မပေးဝံ့ပေ။ ချူးယွင်ဖန်းက သူ့အပေါ် လေးစားမှုမရှိသည့်အပြင် ဤသည်မှာ သူ၏မျက်နှာကို တိုက်ရိုက် ရိုက်နှက်လိုက်ခြင်းဖြစ်ပေသည်။

ထိုအခိုက်တွင် ဟွမ်မိသားစု ဘိုးဘေးကြီးက ဒေါသတကြီး ပေါက်ကွဲသွားလေသည်။ သူ ကိုင်ဆောင်ထားသော ဓားရှည်သည် မရေတွက်နိုင်သော ဓားအလင်းရောင်များနှင့်အတူ ပေါက်ကွဲထွက်လာကာ ချက်ခြင်းပင် သူမတူ ထူးခြားသော မိုးကောင်းကင် အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ရောင်စုံအလင်းတန်းများအားလုံးသည် ကောင်းကင်ယံကို ပျံ့လွင့်သွား၍ ထိုအချိန်တွင် သူ၏ အရောင်အဝါသည် အလွန်အစွမ်းထက်သော အဆင့်သို့ တိုးမြင့်လာခဲ့သည်။

'ငါ သူနဲ့ အရမ်းနီးကပ်နေတာ။ ဒါက ငါ့အခွင့်အရေးပဲ' ဟွမ်မိသားစု ဘိုးဘေးကြီး၏ မျက်လုံးများတွင် ရူးသွပ်သော အကြည့်မျိုး ပေါ်ပေါက်လာသည်။

ချူးယွင်ဖန်းသည် ယခုအခါ သူနှင့် နီးကပ်စွာ ရပ်နေသောကြောင့် လက်မအနည်းငယ်မျှဖြင့် ၎င်းတို့ကြားရှိ ကွာဟချက်ကို ပိတ်ဆို့နိုင်ပေလိမ့်မည်။

"မင်းက တော်တော်လေး သတိလက်လွတ်နိုင်တာပဲ"

ဓားသွားအလင်းသည် သူ မျှော်လင့်ထားသည့်အတိုင်း ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွားလေသည်။ တတိယမြောက် နတ်အဆင့်လျှင်ပင် သတိမမူမိပါက သေဆုံးခြင်း သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းမျိုး ဖြစ်သွားပေလိမ့်မည်။ ဓားသွားသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်နှင့် ထိမိသွားပြီးနောက် ပေါက်ကွဲထွက်လာသော အလင်းရောင်သည် ကောင်းကင်တွင် နေကဲ့သို့ တောက်ပကာ ညအမှောင်ကို လင်းလက်သွားစေသည်။

"ပြီးပြီ" မော့ပေသိုးက ဟိန်းဟောက်လိုက်သည်။

ကျန်းမိသားစု ဘိုးဘေးကြီးနှင့် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူ အပါအဝင် လူတိုင်း၏ မျက်နှာများတွင် ပျော်ရွှင်မှု အရိပ်အမြွက်များ ရှိနေကြသည်။ ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန် မစွမ်းဆောင်နိုင်သောကြောင့် သေဆုံးသွားမည်မှာ သေချာသည်။ ဤတစ်ကြိမ်တွင် ၎င်းတို့အားလုံး အမှန်တကယ် အနိုင်ရရှိပေလိမ့်မည်။

"မဖြစ်ဘူး"

အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များ အားလုံးသည် အေးစက်သော လေထုကို ရှိုက်သွင်းမိသွားကြသည်။ ချူးယွင်ဖန်းသည် သတိလက်လွတ်ဖြစ်နေသောကြောင့် တိုက်ခိုက်ခံလိုက်ရသည်။ သို့သော် ဓားအလင်းရောင်များ မှိန်ဖျော့လာသောအခါ လူတိုင်းမြင်ရသည့် မြင်ကွင်းသည် ၎င်းတို့မျှော်လင့်ထားသည်နှင့် လုံးလုံးလျားလျား မတူညီပေ။ ဓားရှည်သည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့သော်လည်း ၎င်း၏အရေပြားကိုပင် မဖြတ်တောက်နိုင်ပေ။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ကျောက်စိမ်းရောင် အလင်းတန်းများဖြင့် ထွန်းလင်းနေ၍ ဓားသွားအလင်းရောင်သည် ထိုအလင်းရောင်ကို မထိုးဖောက်နိုင်ပေ။ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်းသည် တတိယမြောက် နတ်အဆင့် ကျွမ်းကျင်သူထံမှ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခံခဲ့ရသော်လည်း လုံးလုံးလျားလျား ဒဏ်ရာမရရှိခဲ့ပေ။ သူသည် မည်သည့် ထိုးစစ်လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ပေ။ ချူးယွင်ဖန်းသည် မည်သည့် ချပ်ဝတ်တန်ဆာကိုမျှ မ၀တ်ဆင်ထားသည့်အပြင် မည်သည့် ခံစစ်ဖွဲ့စည်းပုံများ အတားအဆီးများကိုလည်း အသုံးပြုခြင်း မရှိခဲ့ပေ။ သူသည် ဤမယုံကြည်နိုင်ဖွယ် စွမ်းဆောင်နိုင်မှုကို သူ၏ ခန္ဓာကိုယ်ဖြင့် ပြုလုပ်နိုင်ခဲ့သည်။

ဤသည်မှာ မည်မျှသော ကြောက်မက်ဖွယ် ဖြစ်ရပ်မျိုးဖြစ်သနည်း။ တစ်ဖက်တွင်မူ ချူးယွင်ဖန်း၏ မျက်နှာသည် ငြိမ်သက်နေသည်။ သူသည် နတ်အဆင့်သို့ ရောက်သောအခါ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို အရိုးအဆင့်အထိ ကျင့်ကြံခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်သည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားကာ ၎င်း၏ စွမ်းအားသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ပြောင်းလဲမှုမျိုးဖြင့် ကြုံတွေ့ခဲ့ပြီဖြစ်သည်။

ထို့အပြင် သူသည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို မိုးကြိုးကိုယ်ခန္ဓာနှင့် ပေါင်းစပ်ပြီးနောက် ၎င်းသည် မကြုံစဖူးအဆင့်သို့ ပြောင်းလဲသွားခဲ့သည်။ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ဖန်တီးခဲ့သည့် ဆေးဧကရာဇ်ပင် မမျှော်လင့်ထားခဲ့သည့် အဆင့်မျိုး ဖြစ်နိုင်သည်။ ဆေးဧကရာဇ်ပင် မပြုလုပ်နိုင်သောအရာကို ချူးယွင်ဖန်းက ပြုလုပ်နိုင်ခဲ့သည်။

"မဖြစ်နိုင်ဘူး"

ဟွမ်မိသားစု ဘိုးဘေးကြီးသည် အကြီးမားဆုံးသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသူဖြစ်သောကြောင့် အထိခိုက်ဆုံးသူဖြစ်သည်။ သူသည် ချူးယွင်ဖန်းကို တစ်ချက်တည်း ထိုးသတ်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ချူးယွင်ဖန်းကို လုံးလုံးလျားလျား မသတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူသိမည်နည်း။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ခုပင် မဖြစ်ပေါ်ခဲ့ပေ။

ရုတ်တရက်ဆိုသလိုပင် သူ၏ခြေဖဝါးအောက်မှ ဦးခေါင်းထိပ်အထိ အေးစက်မှုများ မြင့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့် ချူးယွင်ဖန်းကြားရှိ ကွာဟမှုသည် မည်မျှအထိ ကွာဟလာသည်ကို သူ နောက်ဆုံး သဘောပေါက်သွားသည်။ သူသည် ထွက်ပြေးချင်သော်လည်း ချူးယွင်ဖန်းက ထိုသို့ပြုလုပ်ရန် အခွင့်အရေးမပေးခဲ့ပေ။

ချူးယွင်ဖန်းသည် သူ၏လက်သီးကို ကျစ်ကျစ်ဆုပ်၍ ဝှေ့ယမ်းလိုက်သည်။ ဤလက်သီးသည် အနှိုင်းမဲ့ကြီးမားသော အသူရကာယ် အဖြစ် ပြောင်းလဲသွားကာ ၎င်းသည်လည်း လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ၎င်းသည် ဟွမ်မိသားစု ဘိုးဘေးကြီး၏ ခံစစ်အတားအဆီးအားလုံးကို ဖြိုချဖျက်ဆီးပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ဘန်း

ဟွမ်မိသားစု ဘိုးဘေးကြီးသည် ထိပ်တိုက် ရိုက်နှက်ခံလိုက်ရသည်။ ဤသည်မှာ သာမန် ထိုးချက်တစ်ခုသာဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် လူတိုင်း၏ မျက်လုံးအရှေ့တွင် တဖြည်းဖြည်း အက်ကွဲစပြုလာ၍ သွေးမြူမှုန်များအဖြစ်သို့ ပြောင်းလဲကာ ချက်ခြင်း သေဆုံးသွားလေသည်။ တစ်ချက်ထိုးနှက်ရုံဖြင့် လုံလောက်သွားပြီဖြစ်သည်။

အခန်း (၉၁၁) လျှပ်စစ်သံလိုက် လက်နက်၏ စွမ်းအင်။ နတ်အဆင့်များကို သတ်ဖြတ်ခြင်း

ချူးယွင်ဖန်းသည် တတိယမြောက် နတ်ကျွမ်းကျင်သူကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်လိုက်သည်။ ထိုကဲ့သို့သော အရာမျိုးသည် တုန်လှုပ်ချောက်ချားဖွယ်ရာ တိုက်ပွဲတစ်ခုအပြီးမှသာ ဖြစ်ပျက်သင့်သည့် ဖြစ်စဉ်မျိုးဖြစ်သော်လည်း ယခုအချိန်တွင် ရလဒ်သည် လက်သီးတစ်ချက်တည်းနှင့် ရရှိသွားခဲ့သည်။ ၎င်းသည် မည်မျှ အံ့ဩဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။

ဟွမ်မိသားစု ဘိုးဘေးကြီးသည် ချူးယွင်ဖန်း ပေါ်မလာမီက ကျွမ်းကျင်သူများစွာကို လက်တစ်ဖက်တည်းဖြင့် ရိုက်နှက်ခဲ့သည်။ ယခုမူ ချူးယွင်ဖန်းသည် ပေါ်ပေါက်လာသည်နှင့် တတိယမြောက် နတ်အဆင့်ရှိ ဟွမ်မိသားစု ဘိုးဘေးကြီးကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်သည်။ ဟွမ်မိသားစု ဘိုးဘေးကြီးသည် ဒဏ်ရာအပြင်းအထန်ရ၍ သူ့ကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သူသည် ချူးယွင်ဖန်းဖြစ်သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

"ဘုရားရေ..."

အလွန် တိတ်ဆိတ်သွားပြီးနောက် ပင့်သက်ရှိူက်သံများစွာကို ကြားလိုက်ရသည်။ ချူးယွင်ဖန်းသည် အဆင့်ဖြတ်ကျော်ပြီးနောက် အလွန် အားကောင်းသန်မာလာခဲ့သည်။ ဤဖြစ်စဉ်သည် မယုံနိုင်ဖွယ် ဖြစ်ရပ်ဆန်းဖြစ်သည်။

"ဒီကို အကုန်လုံး ရောက်ပြီဆိုမှတော့ စလိုက်ကြရအောင်" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။

အရာအားလုံးသည် ကနဦးမှ နိဂုံးအထိ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ ဤသည်မှာ သူ့အပေါ် ရန်လိုသူများကို တစ်ပြိုင်နက်တည်း ဖမ်းဆီးရန် ပြုလုပ်ထားသော ထောင်ချောက်တစ်ခုဖြစ်သည်။ အရာအားလုံးသည် သူ၏ အစီအစဥ်အတိုင်းဖြစ်နေသည့်အပြင် သူသည်လည်း နတ်အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်အဆင့် စွမ်းအင်များ လျင်မြန်စွာ တိုးမြင့်လာခြင်းကို ခံစားရနိုင်သည်။ နတ်စွမ်းအင်များသည် နတ်အဆင့် ကျွမ်းကျင်သူများ၏ မယုံကြည်နိုင်ဖွယ် စွမ်းရည်အားလုံး၏ အရင်းအမြစ်ဖြစ်သည်။

၎င်းအဆင့်သို့ တက်လှမ်းပြီးမှသာ စိတ်စွမ်းအင်နှင့် ချီစွမ်းအင်များ ပေါင်းစပ်ပြီးနောက် ဤစွမ်းအင်များ ဖြစ်ပေါ်လာကြောင်း သူ သဘောပေါက်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် မိုးကြိုးတောင်ပံသားရဲကို တိုက်ခိုက်နေသညိ့ သွေးနီရောင်မျိုးစပ် မွန်းစတားသည် အမိန့်တစ်ခုရရှိထားသကဲ့သို့ ပြေးဝင်လာလေသည်။ မရေတွက်နိုင်သော သွေးနီရောင် စွမ်းအင်များသည် မျိုးစပ်မွန်းစတား၏ ခန္ဓာကိုယ်မှ ကွဲထွက်လာ၍ သွေးနီရောင် သလင်းကျောက်များအဖြစ် ပြောင်းလဲကာ ချူးယွင်ဖန်းဆီ အပြေးနှင်လာခဲ့သည်။

ဤသွေးနီရောင် ရောင်ခြည်များတွင် ကြောက်မက်ဖွယ် စွမ်းအင်များ ပါ၀င်နေကြောင်း လူများစွာက ခံစားရနိုင်သည်။ ၎င်းပေါက်ကွဲသွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

"သတိထား"

အထူးစစ်ဆင်ရေးဌာနအတွင်းရှိ လူအများအပြားက မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်ကြသည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် လက်မမျှ မလှုပ်ရှားခဲ့ပေ။ သူ၏ခြေဖဝါးအောက်ရှိ မရေတွက်နိုင်သော မိုးကြိုးသွားများ၏ စွမ်းအင်သည် သူကို ဗဟိုချက်အဖြစ်ထားရှိကာ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု စတင်ဖွဲ့စည်းလိုက်လေသည်။ ထိုဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုမြန်ဆန်စွာ ရွေ့လျားလာ၍ မကြာမီတွင် သူ့ကို ဝိုင်းရံထားလိုက်သည်။

ဘုံး

ဘုံး

ဘုံး

သွေးနီရောင် သလင်းကျောက်များသည် ချူးယွင်ဖန်းတစ်ဝိုက်ရှိ လျှပ်စီးကြောင်းများနှင့် ထိတွေ့မိသောအခါ ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် လေထုထဲတွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲခဲ့ကြသော်လည်း ချူးယွင်ဖန်းကို ထိခိုက်မှုတစ်စုံတစ်ရာ မပြုလုပ်နိုင်ခဲ့ပေ။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ လျှပ်စီးစွမ်းအင်သည် သူ့ပတ်ဝန်းကျင်တွင် ကြီးမားသော သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာစေကာ ၎င်းကို မည်သူ သို့မဟုတ် မည်သည့်အရာကမျှ ထိုးဖောက်နိုင်ခြင်းမရှိပေ။

မျိုးစပ်မွန်းစတားသည် သွေးနီရောင်သလင်းကျောက်များ ပေါက်ကွဲလာသည်နှင့်တစ်ပြိုင်နက် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ချူးယွင်ဖန်းဆီသို့ ခုန်အုပ်လိုက်သည်။ လူတိုင်းသည် ဤအခိုက်အတန့်တွင် မျိုးစပ်မွန်းစတား၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာသည့် ကြောက်မက်ဖွယ် စွမ်းအင်ကို ခံစားလိုက်ရသည်။ ၎င်းစွမ်းအင်များသည် ပေါက်ကွဲလုနီးဖြစ်နေလေသည်။ ထိုကြောက်မက်ဖွယ်စွမ်းအင်သည် လူတိုင်း၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေသည်။

"သေစမ်း၊ ဒီအရူးကောင်"

အယုံအကြည်မှု အရှိဆုံးဖြစ်သည့် ကျန်းမိသားစု ဘိုးဘေးကြီး၏အမူအရာလျှင်ပင် ပြောင်းလဲသွားသည်။ ထိုအခိုက်အတန့်တွင် သူသည်လည်း အလွန် အန္တရာယ်ရှိသော ခံစားမှုကို သတိပြုမိလိုက်သည်။ ၎င်းသည် နျူကလီးယားဗုံးဟု သူ ချက်ချင်း တွက်ချက်လိုက်သည်။ ဤသည်မှာ တစ်ခုတည်းသော ယုတ္တိရှိသော ရှင်းပြချက်ဖြစ်သည်။ မျိုးစပ်မွန်းစတား၏ ခန္ဓာကိုယ်အတွင်းတွင် နျူကလီးယားဗုံးတစ်လုံး လျှို့ဝှက်ထားခြင်းဖြစ်သည်။

မျိုးစပ်မွန်းစတားသည် ချူးယွင်ဖန်းကို ချိန်ရွယ်နေခြင်းဖြစ်၍ မျိုးစပ်မွန်းစတားသည် လက်တွေ့တွင် အသေခံတပ်သားတစ်ဦးဖြစ်သည်။ သူ၏ ရည်ရွယ်ချက်သည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရန်ဖြစ်သည်။ မျိုးစပ်မွန်းစတားသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များနှင့် အတော်အတန် အလှမ်းဝေးနေ၍ စစ်ပွဲသည် ကောင်းကင်ယံတွင် ဖြစ်ပွားနေသည်။ သို့သော်လည်း ကျန်းမိသားစု ဘိုးဘေးကြီးလျှင်ပင် လွန်ကဲသော အန္တရာယ်ဖြစ်မှုကို ခံစားသိရှိနိုင်သည်။

၎င်းသည် သာမန်အခြေအနေများတွင် အသုံးပြုသည့် အသေးစား နျူကလီးယားဗုံးမဟုတ်ဘဲ မြို့များကို သုတ်သင်ရာတွင် အသုံးပြုသည့် အကြီးစားနျူကလီးယားဗုံးဖြစ်ကြောင်း ကျန်းမိသားစု ဘိုးဘေးကြီးက တွက်ချက်လိုက်သည်။ ထိုကဲ့သို့သော ဗုံးတစ်ခုသည် မြို့တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်သည်။ သူနှင့် မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်တို့သည် ချူးယွင်ဖန်းကို သတ်ဖြတ်ချင်ခဲ့သော်လည်း ၎င်းတို့တွင် လုံးလုံးလျားလျား ကွဲပြားသော စိတ်ကူးများရှိကြောင်းကို ထိုအချိန်မှသာ သတိရသွားသည်။

မွန်းစတားဂိုဏ်းခေါင်းဆောင်က လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ဖျက်ဆီးကာ ကမ္ဘာကြီးတစ်ခုလုံးကို မွန်းစတားများထံ အုပ်စိုးခွင့်ပေးချင်ခဲ့သည်။ ခွန်းလွန်မြို့ကို ဖျက်စီးခြင်းသည် မွန်းစတားဂိုဏ်းခေါင်းဆောင်က ကြုံတုန်းကြုံခိုက် ပြုလုပ်ခဲ့သည့် အရာတစ်ခုသာ ဖြစ်သည်။ ဤတိုက်ပွဲအပြီး၌ ဖြစ်ပေါ်မည့် ပြည်ထောင်စု၏ ဒေါသမဆိုနှင့် ၎င်းတို့လျှင်ပင် ဤနေရာတွင် ထိခိုက် သေဆုံးသွားနိုင်သည်။

"ခင်ဗျားက သေကြောင်းကြံစည်နေတာပဲ"

အလွန်ဝေးကွာသော ကျန်းမိသားစု ဘိုးဘေးကြီးလျှင်ပင် ၎င်းကို သတိပြုမိလျှင် ချူးယွင်ဖန်းက သတိမထားမိရန် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူသည် အကြွေစေ့တစ်စေ့ကို မည်သူမျှ မသိသော နေရာမှ ထုတ်ယူပြီးနောက် ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။ သူ၏လက်ဖဝါးကို ဖွင့်လိုက်သောအခါ သူ၏လက်မောင်းကို မရေတွက်နိုင်သော လျှပ်စစ်စီးကြောင်းများ ရစ်ပတ်သွားလေသည်။ ရုတ်တရက်ဆိုသလိုပင် သူ၏လက်ဖဝါးကို ဖွင့်လိုက်သည်နှင့် မရေတွက်နိုင်သော လျှပ်စစ်စီးကြောင်းများ ထွက်လာ၍ အကြွေစေ့ဆီသို့ လွင့်ပျံသွားခဲ့သည်။

ဘုံး

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် အလွန်ကြီးမားသော လျှပ်စစ်သံလိုက်အမြောက်များအဖြစ်သို့ ဖွဲ့စည်းသွားခဲ့သည်။ တိုက်ခိုက်မှုသည် သုံးပေခန့် ကျယ်ပြန့်သော ဒီရေများကို ဖြစ်ပေါ်သွားစေ၍ မျိုးစပ်မွန်းစတားကို ချက်ချင်း ရိုက်ခတ်သွားလေသည်။

မျိုးစပ်မွန်းစတားသည် ပျံလွှတ်သွားစဉ် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာ၍ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံး အငွေ့ပျံသွားသောကြောင့် သူ့ခန္ဓာကိုယ်အတွင်းရှိ ပေါက်ကွဲလုနီးပါး နူကလီးယားဗုံးသည်လည်း ချက်ချင်း အငွေ့ပျံသွားလေ၏။ သူသည် မျိုးစပ်မွန်းစတားဖြစ်ကာ လူမဆန်သော ပြုပြင်မွမ်းမံမှု အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသော်လည်း ယခုအခိုက်အတန့်တွင် အမှန်တကယ် သေဆုံးသွား၍ ကောင်းကင်မှ ပြုတ်ကျသွားခဲ့သည်။

ဤသည်မှာ ချူးယွင်ဖန်းသည် လျှပ်စစ်သံလိုက် လက်နက်များ၏ နိယာမကို အတုယူ၍ တီထွင်ထားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ၎င်း၏ တန်ခိုးသည် အလွန်ကြီးမားလွန်းရာ၊ နတ်အဆင့် ကျွမ်းကျင်သူကိုပင် ဖျက်ဆီးပစ်နိုင်သည်။ သူသည် မိုးကြိုးကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့်သာ ထိုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်း လုံးလုံးလျားလျား အံဩသွားကြသည်။

"အဲဒါ လျှပ်စစ်သံလိုက်အမြောက်လား"

"လူတစ်ယောက်က လျှပ်စစ်သံလိုက်အမြောက်မျိုးနဲ့ တိုက်ခိုက်နိုင်တယ်ဆိုတာ ဖြစ်နိုင်လို့လား"

"နတ်အဆင့်က တကယ့်ကို သာမန်အသိစိတ်ဖြင့် တွက်ချက်လို့ မရပါလား"

"ခေါင်းဆောင်ချူးက အရမ်းသန်မာတာပဲ"

အထူးစစ်ဆင်ရေးဌာနရှိ ကျွမ်းကျင်သူများသည် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်နှင့်ပတ်သက်၍ အားပေးနေကြသည်။ နတ်အဆင့် ကျွမ်းကျင်သူများသာလျှင် မည်သို့သော အရာမျိုးဖြစ်ပျက်သွားသည်ကို သိထားကြသည်။ ချူးယွင်ဖန်းသည် မြို့တစ်မြို့လုံးကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏ အံ့ဩဖွယ် တိုက်ခိုက်ရေးစွမ်းအင်ကြောင့် တုန်လှုပ်သွားကြသည်။ ၎င်းတို့သာဆိုလျှင် မျိုးစပ်မွန်းစတား လွင့်ထွက်သွားရုံမျှသာ ပြုလုပ်နိုင်ကြသော်လည်း နျူကလီးယားဗုံးပေါက်ကွဲမှုကို မရပ်တန့်နိုင်ကြပေ။

သို့သော် ချူးယွင်ဖန်းသည် သူ၏ပြိုင်ဘက်ကို လုံးလုံးလျားလျား ချေမှုန်းနိုင်ခဲ့သည်။

ချူးယွင်ဖန်းသည် မျိုးစပ်မွန်းစတားကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် သက်ပြင်းချခြင်း မပြုလုပ်ခဲ့ဘဲ သူ၏အမူအရာသည် အလွန် အေးစက်နေသည်။

ဤမျိုးစပ်မွန်းစတားကို မွန်းစတားဂိုဏ်းခေါင်းဆောင်က စေလွှတ်ခဲ့ခြင်းဖြစ်သည်။ မွန်းစတားဂိုဏ်းခေါင်းဆောင် သူ့ကိုသတ်ဖြတ်ရန်အတွက် ခွန်းလွန်မြို့တစ်ခုလုံးကို ဖျက်ဆီးရန် မတုံ့ဆိုင်းခဲ့ပေ။ မြို့ရိုးအတွင်း နေထိုင်သူ အရေအတွက်ကို တွက်ချက်ကြည့်ပါက အနည်းဆုံးလျှင် လူပေါင်းဆယ်သန်းမျှ ဆိုးရွားဖွယ် သေဆုံးရပေလိမ့်မည်။ ဤအပြုအမူသည် ချူးယွင်ဖန်း၏ အဓိကစည်းမျဉ်းကို ထိမိသွားခဲ့သည်။

ချူးယွင်ဖန်းသည် ကျန်းမိသားစု ဘိုးဘေးကြီးကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။

"ခင်ဗျားတို့အားလုံး ဒီနေရာကို ထွက်သွားဖို့ စိတ်မကူးနဲ့"

အခန်း (၉၁၂) ရက်စက်ဖွယ် သေဆုံးမှု၊ နတ်အဆင့် ကျွမ်းကျင်သူ၏ ထိုးကြိတ်မှု

ဤဝါကျမှ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို လူတိုင်း ခံစားရနိုင်သည်။ ချူးယွင်ဖန်း၏ နတ်ကျွမ်းကျင်သူနှစ်ဦးကို ဆက်တိုက်သတ်ပစ်ခဲ့သော အပြုအမူသည် ၎င်းတို့ကို အနည်းငယ် နောင်တရစေသည်။ ချူးယွင်ဖန်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ ၎င်းတို့ထဲရှိ တစ်ယောက်ယောက်သာဆိုလျှင် ဤကဲ့သို့ ရှင်းလင်းသော စွမ်းဆောင်နိုင်မှုကို မရရှိနိုင်သည့်အပြင် မီးခိုးငွေ့ အရိပ်အမြွက်များကိုပင် ချန်ရစ်နိုင်မည်မဟုတ်ပေ။ ထိုအပြုအမူများသည် ချူးယွင်ဖန်းအတွက် အလွန် လွယ်ကူနေပုံရသည်။

ချူးယွင်ဖန်းသည် ပြောပြီးသည်နှင့် ချူးဟောက်ယွဲ့အနားသို့ ရောက်ရှိလာကာ ချူးဟောက်ယွဲ့၏ နောက်ကျောပေါ်သို့ သူ၏လက်ကို တင်လိုက်သည်။ နတ်ဘုရားကျင့်စဉ်၏ နတ်အဆင့် စွမ်းအင်များ ချူးဟောက်ယွဲ့၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။ ချူးဟောက်ယွဲ့သည် သူ၏ဒဏ်ရာများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူသည် ခဏအကြာတွင် လုံးလုံးလျားလျား ပျောက်ကင်းလုနီးပါးဖြစ်ခဲ့သည်။

ချူးဟောက်ယွဲ့သည် အလွန် တုန်လှုပ်သွားသည်။ ချူးယွင်ဖန်းသည် ဤမျှ အံ့ဩဖွယ် အကျိုးသက်ရောက်သော ကုသမှုမျိုး ရရှိစေရန် မည်သို့သော နည်းစနစ်မျိုး ကျင့်ကြံခဲ့သည်ကို သူ မသိပေ။ သို့သော် ချူးယွင်ဖန်းသည် စကားစမြည်ပြောရန် မရည်ရွယ်ထားကြောင်း သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် ရပ်တန့်နေသည့်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် မိုးကြိုးသွားများကဲ့သို့ အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်း သိုင်းပညာသည် သူ့ကို အလွန် လျင်မြန်သွားစေခြင်းဖြစ်သည်။ သူသည် တခဏချင်းမှာပင် တန်စီယုနှင့် ရေနက်ပိုင်း မီကျောင်းမျိုးနွယ်စု ကျွမ်းကျင်၏ တိုက်ပွဲနေရာသို့ ရောက်ရှိလာခဲ့သည်။ တန်စီယုနှင့် အပြင်းအထန် တိုက်ခိုက်နေသော ရေနက်မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ချူးယွင်ဖန်းက ၎င်းတို့တိုက်ပွဲအတွင်း ပေါ်ပေါက်လာကြောင်း တွေ့လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦး သားရဲတစ်ကောင်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ သူ၏ဆံပင်များကို အဆုံးထိ ထောင်မတ်သွားစေ၏။

ထိုခံစားချက်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်သွားစေသည်။ တန်စီယုတစ်ဦးတည်းကို ဖြေရှင်းရခြင်းက အလွန် ခက်ခဲနေပြီဖြစ်ရာ၊ ယခုအခါ မရေတွက်နိုင်သော လူများစွာကို သတ်ဖြတ်ခဲ့သော ချူးယွင်ဖန်းလျှင်ပင် တိုက်ပွဲသို့ ဝင်ရောက်လာသည်။ ချူးယွင်ဖန်းသည် သာမန်လူမဟုတ်ဘဲ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ထိုအဆင့်အောက်ရှိ လူတိုင်းသည် ပုရွက်ဆိတ်များသာဖြစ်ကြသည်။

"ချီးပဲ"

ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ဟိန်းဟောက်ပြီးနောက် တန်စီယုကို အနောက်သို့ ပြန်လည်ဆုတ်အောင် ပြုလုပ်လိုက်သည်။ သူသည် တုန်လှုပ်သွားပြီးနောက် လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။

"သူ့ကို ထွက်မပြေးစေနဲ့" တန်စီယုက အော်ဟစ်လိုက်သည်။

"သူ ဘယ်မှ သွားလို့ မရပါဘူး" ချူးယွင်ဖန်းက ပေါ့ပါးစွာ ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူ၏အသွင်အပြင် လှုပ်ခတ်သွား၍ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူနောက်သို့ လိုက်ပါသွားခဲ့ရာ၊ နောက်ဆက်တွဲ ပုံရိပ်အချို့ ကျန်ရစ်ခဲ့လေသည်။ ဤသည်မှာ ပုံရိပ်ကိုးသွယ်ကိုယ်ပွါးရွေ့ရှားမှု နည်းစနစ်ဖြစ်သည်။ ကမ္ဘာကြီးသည် တခဏချင်းမှာပင် ချူးယွင်ဖန်း၏ ပုံရိပ်ယောင်များဖြင့် ပြည့်နှက်နေသကဲ့သို့ ထင်မှတ်ရစေသည်။ သူ၏အရှိန်အဟုန်သည် သိပ်မြန်ဆန်ပုံမပေါ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူကို လိုက်မှီသွားခဲ့သည်။

သူသည် အလင်းတန်းတစ်ခုနှင့် အရိပ်တစ်ခုကဲ့သို့ ကောင်းကင်ကြီးကို ဖြတ်သန်းသွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ့ကို လိုက်မှီသွားကြောင်း မြင်သောအခါ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူက အံ့ဩသွားလေသည်။ သို့သော် ဤအချိန်တွင် သူ၏ အသွေးအသားထဲတွင် ပုန်းဝှက်ထားသော ကြမ်းတမ်းရက်စက်သော ဗီဇများ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။

၎င်းသည် ဆိုးရွားသော အခြေအနေသို့ အပြင်းအထန် တွန်းပို့ခံရပြီးနောက် ပေါက်ကွဲသွားလေသည်။

ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီးနောက် ၎င်း၏တုပ်ခိုင်သော အမြီးကြီးကို ဝှေ့ယမ်းလိုက်သည်။ မွန်းစတားများ၏ ကျင့်ကြံမှုအများစုသည် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသောကြောင့် ထိုအမြီးသည် တောင်ကြီး၏ တစ်ဝက်မျှကိုပင် လွင့်ထွက်သွားစေနိုင်သည်။ ဤတိုက်ခိုက်မှု၏ စွမ်းအင်သည် အလွန် အံ့ဩဖွယ်ကောင်းလှသည်။

တုပ်ခိုင်သော အမြီးကြီးသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း ချူးယွင်ဖန်းကို မထိခိုက်နိုင်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်သည် ဧရာမ အမြီးကြီးကို ပိတ်ဆို့ထားသည့် ကျောက်စိမ်း အလင်းရောင်များဖြင့် တောက်ပနေသည်။ ပြီးနောက် မိကျောင်းသည် ချူးယွင်ဖန်းက သူ၏၏အမြီးကို ဖမ်းဆုပ်လိုက်ကြောင်း မြင်တွေ့လိုက်သည်။ ချူးယွင်ဖန်း၏လက်သည် ဧရာမ အမြီးကြီးနှင့် နှိုင်းယှဉ်လျှင် သေးငယ်လှသော်လည်း ၎င်းကို ခိုင်မြဲစွာ ဆုပ်ကိုင်နိုင်ဆဲဖြစ်သည်။

မိကျောင်းသည် ချက်ခြင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ကို ဆွဲငင်လာသည့် ဧရာမ စွမ်းအင်များကို ခံစားလိုက်ရသည်။ သူသာ် မည်မျှပင် ရုန်းကန်နေပါစေ အသုံးမဝင်ခဲ့ပေ။ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံရာမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်များသည် နောက်ဆုံးတွင် လုံးလုံးလျားလျား လွတ်မြောက်လာသည်။

ဘန်း

ပြီးနောက် မိကျောင်းကို ဖမ်းမိသွားကာ ထိုးချခံလိုက်ရကြောင်း လူတိုင်း မြင်တွေ့လိုက်ရကြသည်။ ၎င်း၏ကြီးမားသော ကိုယ်ထည်သည် ဟင်းလင်းပြင်နေရာသို့ ပြုတ်ကျသွားခဲ့သည်။ မြေပြင်တစ်ခုလုံးသည် တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်အထိ ထိုးနှက်ခံလိုက်ရသည်။ ၎င်း၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ဖြင့်ပင် လဲကျမှုကြောင့် မူးဝေသွားခဲ့ရသည်။

သို့သော် မည်သူမှ မတုံ့ပြန်နိုင်မီတွင် ချူးယွင်ဖန်းသည် သူ့ထက်ကြီးမားသော အမြီးကြီးကို တိုက်ရိုက်ဆွဲယူကာ မိကျောင်းကို မြေပြင်သို့ ပြင်းပြင်းထန်ထန် ထပ်မံ ရိုက်ချလိုက်ကြောင်း ၎င်းတို့အားလုံး မြင်တွေ့လိုက်ရသည်။

ဘန်း

သူသည် မိကျောင်း၏ဦးခေါင်းကို မြေကြီးပေါ်သို့ ထပ်မံထိုးချလိုက်သောအခါ ထိုကြောက်မက်ဖွယ် တွန်းအားသည် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေ၍ ပေဒါဇင်များစွာ မြင့်မားသော တုန်လှုပ်ချောက်ချားဖွယ် မြေမှုန့်လှိုင်းကြီးများ ပျံ့နှံ့သွားစေသည်။ ၎င်းတို့ကို ကြည့်နေကြသူများ၏ မျက်တောင်များ တွန့်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ဘန်း

ဘန်း

ဘန်း

ချူးယွင်ဖန်းသည် သူ၏လက်ကို အပြင်းအထန် ဝှေ့ယမ်းလိုက်သည်နှင့် မိကျောင်းသည် မြေပြင်နှင့် အဆက်မပြတ် ရိုက်ခတ်သွားကာ မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။ အထူးစစ်ဆင်ရေးဌာနရှိ ကျွမ်းကျင်သူများစွာသည် မြေပြင်၏ လှုပ်ယမ်းမှုကို ခံစားနိုင်သောကြောင့် ၎င်းက မည်မျှထိတ်လန့်ဖွယ်ကောင်းသည်ကို တွေးကြည့်နိုင်ကြသည်။

အထူးစစ်ဆင်ရေးဌာန အဆောက်အဦး၏ မြေကို ထူးခြားသော ဘိလပ်မြေမျိုးဖြင့် ပြုလုပ်ထားသောကြောင့် အတိုင်းအတာစကေး ခုနစ်၊ ရှစ်ခန့်ရှိသော ငလျင်လျှင်ပင် လှုပ်ရှားအောင် မပြုလုပ်နိုင်ပေ။

ချူးယွင်ဖန်းသည် မိကျောင်းကို မြေပြင်ပေါ်သို့ အကြိမ်ရာကျော်ခန့် ရိုက်နှက်ပြီးသောအခါ ၎င်းမိကျောင်းသည် လူသား မဟုတ် မိကျောင်းမဟုတ်သော အခြေအနေသို့ ရောက်ရှိသွားကြောင်း လူတိုင်း မြင်တွေ့လိုက်ရကြသည်။ ၎င်း၏ အနှိုင်းမဲ့ကြီးမားသော ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။ ၎င်း၏အရိုးများအားလုံး ကျိုးကြေသွားကာ ၎င်း၏အတွင်းအင်္ဂါများသည် ငါးပိသိပ် ငါးချဉ်သိပ်ဖြစ်သည်အထိ ရိုက်နှက်ခံခဲ့ရသည်။၎င်း၏ ခန္ဓာကိုယ်တွင် အမာကျောဆုံး အစိတ်အပိုင်းဖြစ်သည့် ဦးခေါင်းခွံသည်လည်း ကွဲအက်သွားကာ ခန္ဓာကိုယ် အစိတ်အပိုင်းများ အစိတ်စိတ် အမွှာမွှာ ကျိုးကြေသွားခဲ့ရသည်။ ပြီးနောက် ချူးယွင်ဖန်းသည် မိကျောင်း၏အလောင်းကို ရေကန်ထဲသို့ ပေါ့လျော့စွာ ပစ်ချလိုက်သည်။

ဘုံး

မြေပြင်သည် ထပ်မံ တုန်လှုပ်သွားခဲ့၍ မိကျောင်းသည်လည်း မလှုပ်ရှားတော့ဘဲ အသက်ရှုရပ်တန့်သွားလေ၏။ အထူးစစ်ဆင်ရေးဌာနအတွင်းရှိ လူအများအပြားသည် ဤမြင်ကွင်းကို မြင်သောအခါ ပင့်သက်ရှိုက်မိသွား၍ နေရာအနှံ့တွင် တံတွေး မျိုချသံများ ကြားရနိုင်လေသည်။ ၎င်းတို့၏ခေါင်းဆောင်သည် အလွန် ရက်စက်လှသည်။

ပင်လယ်မွန်းစတားများကို ခုခံနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်များကို ၎င်းတို့ မမြင်ဖူးခြင်း မဟုတ်သော်လည်း တစ်ဖက်သားကို သေဆုံးသည်အထိ ရက်စက်ကြမ်းကြုတ်စွာ ထိုးကြိတ်သည့် တိုက်ခိုက်နည်းမျိုးကို တစ်ခါမျှ မကြားခဲ့ဖူးပေ။

"ဘာလဲဟ... ခေါင်းဆောင်ချူးက တကယ်ပဲ ဘယ်လောက်တောင် သန်မာတာလဲ"

"ဒါက တကယ်ပဲ နတ်အဆင့် ကျွမ်းကျင်သူတွေကြားက တိုက်ပွဲလား"

"ကြောက်စရာကောင်းလိုက်တာ။ ခေါင်းဆောင်က ငါတို့ဘက်မှာရှိနေတာ ကံကောင်းတယ် "

လူများစွာသည် တံတွေး မျိုချပြီးနောက် နောက်ဆုံးတွင် အာရုံပြန်ကပ်လာကြသည်။ တိုက်ပွဲအလယ်တွင် ရှိနေဆဲဖြစ်သော နတ်အဆင့် ကျွမ်းကျင်သူများအတွက်မူ ဤခံစားချက်သည် အမှန်တကယ် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်သည်။ မော့ပေသိုး၊ ကျူးပုဖျင်နှင့် အခြားသူများသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူကို ခွန်အားဖြင့် အနိုင်ယူနိုင်မည်ဟု ယုံကြည်ကြသည်။

မှန်ကန်စွာပြောရမည်ဆိုလျှင် သူ့ကို သတ်ဖြတ်ရန် မဖြစ်နိုင်ခြင်း မဟုတ်သော်လည်း ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူကို ရိုးရှင်း၍ ထူးဆန်းသော စွမ်းအင်ဖြင့် သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။

၎င်းတို့၏ အံ့ဖွယ်အပြုအမူများဖြင့် လူသိများသည့် နတ်အဆင့် ကျွမ်းကျင်သူများကြားတွင်ပင် ဤသို့သော မှတ်တမ်းမျိုးသည် စိတ်ကူးယဉ်နိုင်ဖွယ် မရှိပေ။ ၎င်းသည် ပြီးမြောက်အောင်မြင်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်စဉ်မျိုးဖြစ်သည်။

လူတိုင်းသည် ပြင်းထန်သော တိုက်ပွဲများကြားတွင် ရှိနေသောကြောင့် သက်သောင့်သက်သာဖြစ်စွာ မနေဝံ့ကြသော်လည်း ၎င်းတို့၏ နှလုံးသားများသည် လှိုင်းလေထန်သော ပင်လယ်ပြင်ကဲ့သို့ ခံစားလိုက်ရသည်။

နတ်အဆင့် ကျွမ်းကျင်သူများသည် စစ်မြေပြင်ကို နယ်မြေငါးပိုင်းအဖြစ် ပိုင်းခြားထားသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ထဲမှ သုံးခုကို အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ထိုးဖောက်သွားခဲ့သည်။ ယခုအခါ ကျူးပုဖျင်၊ နတ်နဂါးအကြီးအကဲနှင့် ကျန်းမိသားစု ဘိုးဘေးကြီးတို့ တိုက်ပွဲအပြင် မော့ပေသိုးနှင့် လျှို့ဝှက်ဆန်းကြယ်သော ရေနက်ပိုင်း ဝေလငါးကျွမ်းကျင်သူတို့ကို ချူးမိသားစု ဘိုးဘေးကြီး တိုက်ခိုက်နေသည့်နေရာသာ ကျန်ရစ်တော့သည်။ ချူးယွင်ဖန်းသည် ခေတ္တမျှသာ ရပ်တန့်ပြီးနောက် သူ၏အသွင်အပြင် လှုပ်ခတ်သွားကာ စစ်မြေပြင်တစ်ခုဆီသို့ ပြေးဝင်သွားလေ၏။

All Chapters