← Chapters

အခန်း (၉၂၅-၉၂၇)

Vol. 62 Ch. 925-927

အခန်း (၉၂၅-၉၂၇)

Vol. 62 Ch. 925-927

အခန်း (၉၂၅) ကျင့်ကြံခြင်းအတွက် အထွတ်အမြတ် ကုန်းမြေဖြစ်သော မိုးကြိုးမုန်တိုင်းပင်လယ်

မိုးကြိုးမုန်တိုင်းပင်လယ်၏ အပြင်ဘက်ရှိ အဆုံးမဲ့ ပင်လယ်၏ ဒေသတစ်ခုဖြစ်သည့် ဤတားမြစ်နယ်မြေကို အင်အားကြီး အဏ္ဏဝါ မွန်းစတားများလျှင်ပင် ချဉ်းကပ်ရန် မဝံ့ရဲကြပေ။ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးများပေါ်၌ ပုံရိပ်အချို့ လျှောက်လှမ်းနေကြသည်။ လှိုင်းလုံးများ မည်မျှ မြင့်မားနေပါစေ ဤပုံရိပ်များကို ထိမိသွားသည်နှင့် အဖြူရောင် ရေမှုန်များအဖြစ် ပြန့်ကျဲကာ ပင်လယ်ထဲသို့ ပြန်ကျသွားပေလိမ့်မည်။

ဤသည်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ အမျိုးသားသည် အရပ်ရှည်၍ အနက်ရောင် ဝတ်ရုံကို ၀တ်ဆင်ထားကာ အတော်လေး ခက်ထန်ပုံရသည်။ အမျိုးသမီးကမူ အဖြူရောင်ဝတ်စုံရှည်ကို ၀တ်ဆင်ထား၍ နတ်သမီးတမျှလှပကာ ဝိညာဉ်ရေးပညာရှင်တစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။ ၎င်းတို့နောက်တွင် လိုက်ပါလာသော သတ္တဝါသည် အတောင်ပံတစ်စုံပါရှိသည့် ရက်စက်ကြမ်းကြုတ်သော အပြာရောင် သားရဲတစ်ကောင်ဖြစ်သည်။

အဆိုပါ ပုံရိပ်သုံးခုသည် ချူးယွင်ဖန်း၊ တန်စီယုနှင့် မိုးကြိုးတောင်ပံသားရဲမှလွဲ၍ အခြား မဟုတ်ကြပေ။ ချူးယွင်ဖန်းသည် လအနည်းငယ်ကြာပြီးနောက် မိုးကြိုးမုန်တိုင်းပင်လယ်သို့ တစ်ဖန်ရောက်ရှိလာခဲ့သည်။ ဤနေရာသည် သူနှင့် မိုးကြိုးတောင်ပံသားရဲအတွက် အထွတ်အမြတ် ကုန်းမြေဖြစ်ခဲ့သည်။ သူသည် နတ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ကျင့်ကြံမှုတွင် အဆုံးသတ်ဟူ၍ မရှိသောကြောင့် ရောင့်ရဲတင်းတိမ်လိမ့်မည် မဟုတ်ပေ။

သူသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကြောင့် ကျင့်ကြံမှုနည်းလမ်းများ မချို့တဲ့ခဲ့သည့်အပြင် ကျင့်ကြံခြင်း၏ အမျိုးမျိုးသော သော့ချက်များနှင့် ပတ်သက်၍ အလွန် ရှင်းလင်းစွာ သိထားခဲ့သည်။ သူ၏ အားနည်းချက်သည် လုံလောက်သော စွမ်းအင်များ မစုဆောင်းနိုင်သောကြောင့်ဖြစ်သည်။ သူသည် ငယ်လွန်းနေဆဲဖြစ်သည်၊ ထို့အပြင် တန်စီယုနှင့် မိုးကြိုးတောင်ပံသားရဲတို့တွင်လည်း အလားတူ ပြဿနာမျိုးရှိနေသည်။

နတ်အဆင့်သို့ ရောက်ရှိလာသူများကို ပြည်ထောင်စု၏ ဘုရင်များဟု ခေါ်ဆိုနိုင်သည်။ သို့သော် ချူးယွင်ဖန်း၏ ထင်မြင်ယူဆချက်အရ ၎င်းစွမ်းအင်သည် မလုံလောက်သေးပေ။ သူ၏အမြင်အာရုံများသည် သူ၏တိုးတက်မှုနှင့်အတူ မြို့တစ်ခုနှင့် တစ်နေရာတည်းတွင်သာ အကန့်အသတ်နေခြင်း မရှိတော့ပေ။ ပြည်ထောင်စုသည် အန္တရာယ်အတွင်းသို့ ကျရောက်နေသည်။ ချူးယွင်ဖန်းသည် ပိုမို သန်မာလေ ကျရောက်လာမည့် အမျိုးမျိုးသော အန္တရာယ်များကို ရင်ဆိုင်နိုင်လေဖြစ်သည်။

မိုးကြိုးမုန်တိုင်းပင်လယ်သည် ကျင့်ကြံမှုအတွက် အထွတ်အမြတ် ကုန်းမြေဖြစ်သည်မှာ သေချာသည်။ ဤနေရာတွင် လေ့ကျင့်ရေးသည် မရေတွက်နိုင်သော မိုးကြိုးသွားများ ပါ၀င်မည်ဖြစ်သောကြောင့် ကြိုးစားအားထုတ်မှု တစ်ဝက်ဖြင့် ရလဒ် နှစ်ဆကို ပေးစွမ်းစေနိုင်သည်။ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်သည် မိုးကြိုးကိုယ်ခန္ဓာနှင့် ပေါင်းစပ်ပြီးနောက် ယခုအခါ မိုးကြိုးစွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိလာခဲ့သည်။

“ဒါက မိုးကြိုးမုန်တိုင်းပင်လယ်လား” တန်စီယုသည် သူမ၏ နူးညံ့သိမ်မွေ့သော မျက်ခုံးများကို မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် မသိစိတ်က အလိုအလျောက် စိတ်မသက်မသာမှုကို ခံစားလိုက်ရသည်။

လျှို့ဝှက်ဆန်းကြယ်သော အံ့ဖွယ်ကောင်းကင်ဝိညာဉ်ခန္ဓာကိုယ်သည် သာမန်သိုင်းပညာတစ်ခုမဟုတ်ဘဲ ထူးခြားသော သိုင်းပညာဖြစ်သော်လည်း အဆုံးမဲ့ လျှပ်စီးကြောင်းများစုဝေးရာ ဤနေရာ၌ စိတ်မသက်မသာဖြစ်မှုကို အလိုအလျောက် ခံစားရဆဲဖြစ်သည်။

“ဟုတ်တယ်၊ ဒါက မိုးကြိုးမုန်တိုင်းပင်လယ်ပဲ။ နေရာတစ်ခုလုံး မိုးကြိုးတွေနဲ့ ပြည့်နေပေမယ့် သိပ္ပံ ရှုထောင့်အရကြည့်ရင် မိုးကြိုးတွေက စွမ်းအင်အမျိုးအစားတစ်ခုလည်း ဖြစ်တယ်။ စွမ်းအင်ဆိုမှတော့ စုပ်ယူလို့လည်း ရတာပေါ့"

"ဒီနေရာက ကိုယ့်အတွက်ရော မိုးကြိုးတောင်ပံသားရဲအတွက်ရော အထွတ်အမြတ် ကုန်းမြေမျိုး၊ ဒီမှာဆိုရင် အားထုတ်မှု တစ်ဝက်လောက်နဲ့ ရလဒ်ရဲ့ နှစ်ဆကို ရနိုင်တယ်" ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။

“ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်က သာမန် ကိုယ်ခန္ဓာကျင့်ကြံမှုတွေထက် အများကြီး အစွမ်းထက်တယ်။ အဲဒါကြောင့်လည်း ကျင့်ကြံရတာ ဆယ်ဆလောက် ပိုခက်ခဲတာ။ ကိုယ့်ရဲ့ လက်ရှိ ကျင့်ကြံမှု အရှိန်အဟုန်နဲ့ ဆေးမျိုးစုံရဲ့ အကူအညီနဲ့တောင် နောက်တစ်ဆင့်ကို တက်လှမ်းဖို့ဆို အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက် အချိန်ယူရလိမ့်မယ်။ တစ်နှစ် နှစ်နှစ်ဆိုတဲ့ အချိန်က မကြာဘူးဆိုပေမယ့် မကြာခင် ပြဿနာကြီးကြီးမားမား ဖြစ်သွားတော့မယ်လို့ ကိုယ် ခံစားနေရတယ်"

"ဒါပေမယ့် ဒီမှာ လျှပ်စီးတွေ အရမ်းများနေတော့ ဒီနေရာမှာ ကျင့်ကြံဖို့က ကျွန်မအတွက် ခက်ခဲလိမ့်မယ်" တန်စီယုက ဆိုသည်။ မိုးကြိုးများသည် စွမ်းအင်ဟု ယူဆနိုင်သော်လည်း ၎င်းကို သူမ အသုံးပြုနိုင်သည်ဟု မဆိုလိုပေ။

"ကောင်းကင်ဝါးမျိုခြင်းပညာလို့ခေါ်တဲ့ သိုင်းပညာကို ကိုယ် သင်ပေးမယ် ကောင်းကင်ဝါးမျိုခြင်းပညာက ရှေးဟောင်းလူသားများကာလက ဧကရာဇ်တစ်ပါးဆီကနေ ဆင်းသက်လာတာ။ သူ့ကို ကြီးမြတ်သော ဧကရာဇ်လို့လည်း လူသိများကြတယ်။ သူက သာမန်လူတွေ စွမ်းအင် အမျိုးမျိုးကို ဝါးမြိုနိုင်ပြီး စွမ်းအင်ကို ကိုယ်ပိုင်အဖြစ် သုံးနိုင်အောင်လို့ တီထွင်ထားတာ။ ပြီးတော့ ဒီလိုစွမ်းအင်ပေါများတဲ့ နေရာမှာ လေ့ကျင့်ရင် ကြိုးစားမှုတစ်ဝက်လောက်နဲ့ ရလဒ် နှစ်ဆကို ရနိုင်တယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ဒါပေမယ့် ဒီသိုင်းပညာကို အသုံးပြုဖို့အတွက် လိုအပ်ချက်က အနည်းဆုံးဆိုရင်တောင် နတ်အဆင့်မှာ ရှိနေရမယ်။ မရီးဒျန်တွေ လုံး၀မပွင့်သေးတဲ့ မွေးဖွားခြင်းနယ်မြေအဆင့်မှာ ဒီစွမ်းအင်တွေကို အတင်းအကျပ် စုပ်ယူလိုက်ရင် သေကြောင်းကြံစည်နေတာနဲ့ အတူတူပဲ"

ထိုသို့ေပြာသောအခါ တန်စီယု၏ မျက်လုံးများ တောက်ပလာသည်။ နောက်ဆုံးတွင် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်သည့်အပြင် ၎င်းတို့ကို လိုသလို စွဲကိုင်နိုင်ကြသည်။ သို့သော် ၎င်းသည် သာမန် ဝိညာဉ်စွမ်းအင်များဖြစ်ရာ၊ ဤကဲ့သို့သော မိုးကြိုးစွမ်းအင်ကို စုပ်ယူရန် မဖြစ်နိုင်ပေ။

အကယ်၍ လူတစ်ဦးတွင် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးမရှိဘဲ မိုးကြိုးစွမ်းအင်များကို အတင်းအကျပ်စုပ်ယူရန် ကြိုးပမ်းပါက ၎င်းတို့သည် သေခြင်းတရားကို ရှာဖွေနေခြင်းနှင့် ဆင်တူပေလိမ့်မည်။ မိုးကြိုးကိုယ်ခန္ဓာ ပိုင်ဆိုင်ထားသည့် ချူးယွင်ဖန်းလျှင်ပင် မိုးကြိုးပစ်ခံရပြီးနောက် သူ၏ဆဲလ်များ လောင်ကျွမ်းသွားခဲ့သည်။ ကောင်းကင်ဝါးမျိုခြင်းပညာသည် စွမ်းအင်အမျိုးမျိုးကို စုပ်ယူရာတွင် အံ့ဖွယ်အကျိုးသက်ရောက်မှုများရှိလေသည်။ ခန္ဓာကိုယ်မှ ခံနိုင်ရည်ရှိသရွေ့ စွမ်းအင် အမျိုးမျိုးကို စုပ်ယူကာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ပြောသည့်အတိုင်း ကြီးမြတ်သော ဧကရာဇ်တိုက်ပွဲစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ကောင်းကင်ဝါးမျိုခြင်းပညာကို တန်စီယု၏စိတ်ထဲသို့ စိတ်အာရုံဖြင့် လွှဲပြောင်းပေးလိုက်သည်။ ဤသည်မှာ နတ်အဆင့်တွင် တည်ရှိနေသော ပုဂ္ဂိုလ်မျိုးသာ ရရှိနိုင်သော နတ်စွမ်းအင်တစ်ခုဖြစ်သည်။

တန်စီယုသည် သူမ၏ မျက်လုံးများကို မှိတ်ထားကာ ကောင်းကင်ဝါးမျိုခြင်းပညာကို တိတ်တဆိတ် လေ့လာနေသည်။ ချူးယွင်ဖန်းပေးပို့ခဲ့သော သိုင်းပညာသည် ကျင့်ကြံခြင်း လမ်းစဉ်မျှသာ မဟုတ်ခဲ့ပေ။ သိုင်းပညာအပြင် ကျင့်ကြံမှု အတွေ့အကြုံအမျိုးမျိုးနှင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအားလုံးကို စာရင်းပြုစုထားခဲ့သည်။ ၎င်းသည် သူမ၏ ကျင့်ကြံမှုအခက်အခဲကို လျော့ကျစေ၍ အလွန် အဖိုးတန်ထိုက်တန်လှသည်။

သူမသည် ချူးယွင်ဖန်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် လျှို့ဝှက်ချက်အမျိုးမျိုး၊ ကျင့်ကြံနည်းစနစ်များနှင့် အမွေအနှစ်များကို ဖုံးကွယ်ထားကြောင်း သူမ ခံစားမိနေသည်။ ပြင်ပကမ္ဘာတွင် ချူးယွင်ဖန်းရှိခဲ့သော အမွေအနှစ်များနှင့်ပတ်သက်၍ ထင်မြင်ချက် အမျိုးမျိုးရှိခဲ့သော်လည်း ၎င်းတို့အနက် မည်သည်ကမျှ မှန်ကန်ခြင်းမရှိကြောင်း သိသာထင်ရှားသည်။ သူသည် အောက်ခြေမရှိသော ရေကန်တစ်ခုကဲ့သို့ဖြစ်နေ၍ သူ၏ ဝှက်ဖဲအစစ်အမှန်ကို မည်သူမျှ မသိကြပေ။

“ကျွန်မ အခု နားလည်သွားပြီ" တန်စီယုသည် အချိန်အတန်ကြာပြီးနောက် မျက်လုံးများကို ဖွင့်ကြည့်၍ ပြောလာသည်။

သူမ၏ အရည်အချင်းအရ ချူးယွင်ဖန်း ပေးပို့ခဲ့သည့် အလွန်အသေးစိတ်ကျသော ကျင့်ကြံမှု လမ်းညွှန်ချက်ကို နားမလည်သေးပါက အလွန် ထူးဆန်းပေလိမ့်မည်။ သို့သော် ယင်းသည် သိုင်းပညာကို ပဏာမ သိနားလည်မှုသာဖြစ်ရာ၊ ၎င်းကို အကောင်အထည်ဖော်ပြီးမှသာ အသေးစိတ်အချက်အလက်များကို သိရှိနိုင်မည်ဖြစ်သည်။

"ဒါဆို စပြီး လေ့ကျင့်ရအောင်" ချူးယွင်ဖန်းက ပြောလိုက်သည်။

ပြောပြီးသည်နှင့် ၎င်းတို့သုံးဦးသည် မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ ဝင်သွားကြသည်။ ၎င်းတို့သည် ခဏအကြာတွင် မိုးကြိုးများဖြင့် လုံးလုံးလျားလျား နစ်မြုပ်သွားကြသည်။ တန်စီယုသည် မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် ဤနေရာရှိ စွမ်းအင်များသည် သိပ်သည်းလွန်းလှသည်ဟု ပြောခဲ့သော ချူးယွင်ဖန်း၏ ဆိုလိုရင်းကို နားလည်လာခဲ့သည်။ ဤနေရာသို့ ဝင်ရောက်ပြီးနောက် မိုးကြိုးမုန်တိုင်းပင်လယ်ရှိ မိုးကြိုးစွမ်းအင်၏သိပ်သည်းဆသည် သူမ စိတ်ကူးထားသည်ထက် အနည်းဆုံးလျှင် ဆယ်ဆမျှ ပိုမိုများပြားနေကြောင်း သဘောပေါက်သွားသည်။

အထဲသို့ ဝင်လိုက်သည်နှင့် တစ်ဒါဇင်ထက်မနည်းသော မိုးကြိုးများစွာ ပစ်ခတ်လာကြသည်။ သူမသည် ကနဦးတွင် ချူးယွင်ဖန်း သင်ပေးခဲ့သည့် ကောင်းကင်ဝါးမျိုခြင်းပညာကို စတင်အသုံးပြုကာ မိုးကြိုးသွားအတွင်းပါရှိသော စွမ်းအင်များကို စုပ်ယူလိုက်သည်။

ဤသို့ ဆိုလျှင်ပင် ပထမအခိုက်အတန့်တွင် သူမ၏ မရီးဒျန်များ ဒဏ်ရာရသွားသည်ဟု ခံစားမိဆဲဖြစ်သည်။ ဤနေရာသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူမ၏ အံ့ဖွယ်ကောင်းကင်ဝိညာဉ်ခန္ဓာကိုယ်ဖြင့်ပင် အစပျိုးချိန်တွင် ဒဏ်ရာရရှိသွားခဲ့သည်။ အခြားလူများသာဆိုလျှင် ဤနေရာတွင် စွမ်းအင်ကို ထိထိရောက်ရောက် အသုံးပြုရန် မဖြစ်နိုင်ပေ။

မိုးကြိုးတောင်ပံသားရဲသည် သူမ အရှေ့တွင် စတင် ပျံသန်းနေပြီဖြစ်သည်။ ၎င်းသည် မိုးကြိုးမုန်တိုင်းပင်လယ်၏ နက်နဲရာသို့ ပျံသန်း၍ ပျော်ရွှင်စွာ ဆော့ကစားနေတော့သည်။ ဤပတ်ဝန်းကျင်သည် ၎င်းအတွက် သင့်လျော်လှသည်။ ချူးယွင်ဖန်းသည်လည်း တင်ပျဉ်ခွေထိုင်ကာ မိုးကြိုးသွားများကို စတင် စုပ်ယူနေစဉ် ပြောလာသည်။

"မထိန်းနိုင်တော့ရင် ကိုယ့်ကိုပြော"

တန်စီယုသည် ချူးယွင်ဖန်း၏ အပြုအမူများအတိုင်း သင်ယူပြီးနောက် သူမ၏ဒဏ်ရာများကို ကုသကာ မိုးကြိုးစွမ်းအင်များကို ကိုယ်တိုင်အသုံးပြုရန်အတွက် စုပ်ယူလိုက်သည်။ ကျင့်ကြံမှုသည် အချိန်အတိုင်းအတာကို မသိခဲ့ပေ၊ သားရဲတစ်ကောင်နှင့် လူသားနှစ်ဦးတို့ ကျင့်ကြံနေကြစဉ် အချိန်သည် ဆက်လက် ကုန်ဆုံးသွားခဲ့သည်။

အခန်း (၉၂၆) အဆင့်ဖြတ်ကျော်ခြင်း၊ ဒုတိယမြောက် နတ်အဆင့်

အချိန်သည် ကျင့်ကြံသူများအတွက် အဓိပ္ပာယ်မဲ့လှရာ၊ အထူးသဖြင့် နတ်အဆင့်သို့ ဝင်ရောက်ပြီးနောက် ပို၍ အဓိပ္ပါယ်မဲ့လာသည်။ ဤအဆင့်ရှိ လူသားတို့၏ သက်တမ်းသည် နည်းပညာ၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားခဲ့သည်။ ၎င်းတို့သည် အနည်းဆုံးလျှင် နှစ်ပေါင်း နှစ်ရာ သို့မဟုတ် နှစ်ပေါင်းသုံးရာထိတိုင် အသက်ရှင်နိုင်ကြသည်။ သုံးလကြာပြီးနောက် ကျန်းမိသားစုနှင့် ဟွမ်မိသားစုများအကြောင်း ဆွေးနွေးမှု ရပ်တန့်သွားခဲ့သည်။ ဤသည်မှာ ပြည်ထောင်စုအတွင်း ပုံမှန်ဖြစ်စဉ်ဖြစ်သည်။

အချိန်တိုင်း တိုးတက်နေသည့် ပြည်ထောင်စုအတွင်း လူတိုင်း၏ အာရုံစိုက်မှုကို ထာဝစဉ် သိမ်းပိုက်ထားနိုင်သော အရာဟူ၍ မရှိခဲ့ပေ။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုကဲ့သို့သော မိသားစုကြီးနှစ်ခုကို အမြစ်ဖြတ်သုတ်သင်ခြင်းသည်လည်း ထိုနည်းအတိုင်းသာဖြစ်သည်။ နောက်ဆုံးတွင် ဆူပူထကြွနေသော ပြည်ထောင်စုသည် ငြိမ်းချမ်းမှုကို ပြန်လည်ရရှိသွားခဲ့သည်။

မိုးကြိုးမုန်တိုင်းပင်လယ်ရှိ လူသားနှစ်ဦးနှင့် သားရဲတစ်ကောင်၏ ကျင့်ကြံမှုသည် နောက်ဆုံးတွင် တစ်ဆို့မှုသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းတို့သည် နတ်အဆင့်သို့ အဆင့် ဖြတ်ကျော်ခါစဖြစ်သောကြောင့် အတွေ့အကြုံ စုဆောင်းခြင်းသည် ၎င်းတို့အတွက် အဓိက ပြဿနာဖြစ်သည်။

မိုးကြိုးမုန်တိုင်းပင်လယ်သည် ကျင့်ကြံမှုအတွက် အထွတ်အမြတ် ကုန်းမြေဖြစ်ခဲ့သည်။ မိုးကြိုးများသာ ဝိညာဉ်စွမ်းအင်နှင့် ညီမျှပါက၊ ဤနေရာရှိ စွမ်းအင်သည် ပြင်ပကမ္ဘာထက် အနည်းဆုံးလျှင် ဆယ်ဆမျှ ပိုမို ထူထပ်ပေလိမ့်မည်။ ဤနေရာရှိ စွမ်းအင်များကို ပြင်ပလူများ အသုံးပြုရန် ခက်ခဲသောကြောင့် ဖြစ်သည်။ ဤပင်လယ်ဒေသ၏ အုပ်စိုးရှင်များဖြစ်သော အဏ္ဏဝါမျိုးနွယ်စုများလျှင်ပင် ဤနေရာသို့ ချဉ်းကပ်ရန် မဝံ့ရဲကြပေ။

တန်စီယုသည် တင်ပျဉ်ခွေထိုင်နေခဲ့ရာ၊ မရေတွက်နိုင်သော လျှပ်စီးကြောင်းများသည် သူမကို အဆက်မပြတ် ရိုက်ခတ်လာခဲ့သည်။ သို့သော် သူမ ခန္ဓာကိုယ်ရှိ နတ်အဆင့် စွမ်းအင်များသည် မကြုံစဖူး များပြားသော အခြေအနေသို့ ရောက်ရှိသွားကြောင်း သူမ ခံစားခဲ့ရကာ ၎င်းတို့ကို မြှင့်တင်ရန်ပင် နည်းလမ်းမရှိခဲ့ပေ။

သူမသည် တိုတောင်းသော သုံးလအတွင်းတွင် ပထမမြောက် နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ဤအကြောင်းအရာကို ပြင်ပကမ္ဘာမှ သိသွားခဲ့လျှင် ၎င်းတို့အားလုံး လုံးလုံးလျားလျား တုန်လှုပ်သွားပေလိမ့်မည်။ ထိုသို့သော ကျင့်ကြံမှု အရှိန်အဟုန်မျိုးသည် အံ့ဩစရာပင်ဖြစ်သည်။

သို့သော် ဤနေရာရှိ လူသားနှစ်ဦးနှင့် သားရဲတစ်ကောင်သည် သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ၎င်းတို့သည် သာမာန်သတ္တဝါများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမျိုး မရှိကြပေ။ နေ့စဉ် နေ့တိုင်း တန်စီယု စုပ်ယူခဲ့သော လျှပ်စီးစွမ်းအင်ပမာဏသည် အလွန်တရာ များပြားလှသော်လည်း သူမနှင့် ပေသုံးထောင်မျှသာ ဝေးကွာသော ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ကြည့်လျှင် မပြောပါ့လောက်ပေ။

သူမသည် နတ်ဘုရားကျင့်စဉ်ကို လှည့်ပတ်ကာ ဝေဟင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ချူးယွင်ဖန်းကို အဝေးမှ မြင်တွေ့နိုင်သည်။ သူ၏ခန္ဓာကိုယ်ပေါ်သို့ ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအင်များ ကျဆင်းလာသည်နှင့် သူ၏ခန္ဓာကိုယ်သည် ၎င်းတို့ကို စုပ်ယူလိုက်သည်။ စွမ်းအင်များ ပိုမိုစုပ်ယူလာသည်နှင့် သူ့ပတ်ဝန်းကျင်တွင် စွမ်းအင်စုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

စွမ်းအင်စုပ်ဝဲသည် အချင်းပေ တစ်ရာကျော်မျှရှိ၍ မုန်တိုင်းငယ်တစ်ခုကဲ့သို့ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ နေ့စဉ်နေ့တိုင်း သူမ စုပ်ယူခဲ့သော စွမ်းအင်ပမာဏသည် အံ့အားသင့်ဖွယ်ကောင်းနေပြီဖြစ်သည်။ အကယ်၍ ဤသည်မှာ အခြားသော နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပါက ပေါက်ကွဲထွက်ကာ သေဆုံးသွားပေလိမ့်မည်။

သို့သော် ချူးယွင်ဖန်း စုပ်ယူလိုက်သော စွမ်းအင်ပမာဏသည် အနည်းဆုံးလျှင် သူမထက် ဆယ်ဆခန့် ပိုမို များပြားနေသည်။ တန်စီယုသည် မိုးကြိုးစွမ်းအင်များကို စုပ်ယူလိုက်သောအခါ ၎င်းဖြစ်စဉ်ကို စွမ်းအင် စုပ်ယူခြင်းအဖြစ်သာ ဖော်ပြနိုင်သည်။ သို့သော် ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ သူသည် ၎င်းစွမ်းအင်များကို ဝါးမျိုနေခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ကောင်းကင်ဝါးမျိုခြင်းပညာတွင် ဖော်ပြထားသည့် မြင်ကွင်းများကဲ့သို့ ကောင်းကင်နှင့် မြေကြီးများကို ဝါးမျိုနေခဲ့သည်။

၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပမာဏဖြစ်သော်လည်း ချူးယွင်ဖန်း၏ခန္ဓာကိုယ်သည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူသည် မည်သည့်အရာကိုမျှ မငြင်းဆန်ဘဲ အရာအားလုံးကို စုပ်ယူလိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ချူးယွင်ဖန်း စုပ်ယူလိုက်သော စွမ်းအင်ပမာဏသည် နောက်ဆုံးတွင် ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူမ ခံစားမိနိုင်သည်။ သူမ ကဲ့သို့ပင် ချူးယွင်ဖန်းသည်လည်း ပထမမြောက် နတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ကျန်းမိသားစု ဘိုးဘေးကြီးကို တိုက်ခိုက်သည့်နေ့နှင့် နှိုင်းယှဉ်လျှင် ချူးယွင်ဖန်းသည် ယခုအချိန်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေပေသည်။ တန်စီယု၏ ခန့်မှန်းချက်အရ ယနေ့တွင် ကျန်းမိသားစု ဘိုးဘေးကြီးနှင့် ထပ်မံတွေ့ဆုံရမည်ဆိုပါက ကျန်းမိသားစု ဘိုးဘေးကြီးသည် အချိန်ကြာကြာ မခုခံနိုင်မည်ကို သူမ စိုးရိမ်မိသည်။ ယခင်က ချူးယွင်ဖန်းသည် နတ်အဆင့်နှင့် သက်ဆိုင်သော စွမ်းအင်များကို အပြည့်အ၀ မကျွမ်းကျင်သေးသောကြောင့် အချိန်များစွာ ဖြုန်းတီးခဲ့ရခြင်းဖြစ်သည်။

အကွာအဝေးတစ်နေရာတွင် မိုးကြိုးတောင်ပံသားရဲသည် အတောင်ပံများကို လှုပ်ခတ်ကာ မိုးကြိုးတိမ်တိုက်ထဲသို့ ပျံသန်းသွားခဲ့သည်။ ၎င်းသည် မရေတွက်နိုင်သော မိုးကြိုးသွားများဖြင့် ပစ်ချခံရပြီးနောက် ထပ်မံ ပျံသန်းသွားခဲ့ရာ၊ တဖန် ပစ်ချခံလိုက်ရသည်။ သူသည် အလွန် ရွှင်မြူးနေပုံပေါ်သည်။

ဤသည်မှာ မိုးကြိုးတောင်ပံသားရဲ၏ လေ့ကျင့်ရေး နည်းလမ်းဖြစ်သည်။ နောက်ဆုံးတွင် မွန်းစတားတစ်ကောင်၏ ခန္ဓာကိုယ်သည် လူသားများနှင့် မတူညီပေ။ ၎င်းတို့သည် မွေးဖွားလာသည့်အချိန်မှစ၍ အလွန် ကွဲပြားကြရာ၊ ၎င်းတို့၏ လေ့ကျင့်ရေး နည်းလမ်းများသည်လည်း အလွန် ကွဲပြားခြားနားလှသည်။

မိုးကြိုးတောင်ပံသားရဲ၏ ကျင့်ကြံမှုသည်လည်း မိုးကြိုးသွားများဖြင့် ပြည့်နှက်နေသော ဤစွမ်းအင်များအောက်တွင် အလွန်တရာ တိုးမြင့်လာ၍ ပထမမြောက် နတ်အဆင့် အထွတ်အထိပ်၏ တစ်ဆို့မှုသို့ ရောက်ရှိသွားခဲ့သည်။ နောက်ရက်အနည်းငယ်သည် ၎င်းတို့အတွက် အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။

အချိန်အတော်ကြာ ဖတ်ရှုပြီးနောက် တန်စီယုသည် ကျင့်ကြံမှုနှင့် ပတ်သက်၍ ဆက်လက် မဖတ်ရှုတော့ဘဲ အဆင့်ဖြတ်ကျော်ရန် စတင်လိုက်သည်။ နတ်အဆင့်နှင့် ပတ်သက်၍ သူမ၏ယခင်က ရှုပ်ထွေးမှုများ မသိနားမလည်မှုများနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းသည် လွန်ခဲ့သည့် သုံးလအတွင်း ကျင့်ကြံခြင်း လမ်းညွှန်ချက် အပြည့်အစုံကို ကူညီထောက်ပြနိုင်ခဲ့သည်။ သူမ၏အရှေ့တွင် ရွှေရောင်လမ်းကြောင်းတစ်ခု ချမှတ်ပေးထားသကဲ့သို့ ထင်မှတ်ရစေသည်။

သူမသည် ကျင့်ကြံမှု လမ်းညွှန်ချက်များအတိုင်း ကျင့်ကြံနေသရွေ့ နတ်အဆင့် ကိုးဆင့်သို့ တက်လှမ်းကာ ပြည်ထောင်စုအတွင်း မကြုံစဖူး အမြင့်သို့ ရောက်ရှိသွားနိုင်သည်။ ချူးယွင်ဖန်းသည် ထိုအချိန်တွင် တန်စီယု၏ အာရုံစူးစိုက်မှုအောက်သို့ ရောက်ရှိနေကြောင်း မသိခဲ့ပေ။ သူသည် အဆင့်ဖြတ်ကျော်ရန် ကြိုးစားစဉ်တွင် မိုးကြိုးများ၏ စွမ်းအင်ကို စုပ်ယူကာ သူ၏ ကျင့်ကြံမှုအတွင်း အပြည့်အဝ နှစ်မြှုပ်နေခဲ့သည်။

လွန်ခဲ့သည့် သုံးလအတွင်း မိုးကြိုးတောင်ပံသားရဲနှင့် တန်စီယုတို့ စုပ်ယူခဲ့သော စုစုပေါင်းစွမ်းအင်သည် သူ စုပ်ယူခဲ့သော စွမ်းအင်များကို မယှဉ်နိုင်ပေ။ သူသည် စွမ်းအင်မည်မျှကို စုပ်ယူကာ မည်သည့် အဆင့်သို့ ရောက်ရှိနေသည်ကို တွေးကြည့်ရုံမျှသာ ပြုလုပ်နိုင်သည်။ အကယ်၍ သူသည် ကျင့်ကြံမှု သုခဘုံ၌ မရှိဘဲ အပြင်ဘက်တွင် ကျင့်ကြံပါက၊ သူသည် တစ်ပြိုင်နက်တည်းဖြင့် မြို့၏ ဝိညာဉ်စွမ်းအင် တစ်ဝက်မျှကို စုပ်ယူသွားပေလိမ့်မည်။

ထိုသို့ဖြစ်ခဲ့လျှင် မရေတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားမည်ဖြစ်သည်။ သို့သော် ဤနေရာတွင် ထိုအကြောင်းအရာကို စိုးရိမ်ရန် မလိုအပ်ပေ။ ၎င်းတို့နှစ်ဦးနှင့် သားရဲတစ်ကောင်သည် စွမ်းအင်များကို အရူးအမူး စုပ်ယူနေသော်လည်း ဤနေရာ၌ မိုးကြိုးမုန်တိုင်း ပမာဏနှင့် နှိုင်းယှဉ်ပါက ၎င်းစွမ်းအင်၏ တစ်စွန်းတစ်စက်မျှသာ ဖြစ်သည်။ လူသားများ၌ အကန့်အသတ်ရှိသော်လည်း သဘာဝတရား၏ စွမ်းအင်သည် အဆုံးမရှိလှပေ။

ချူးယွင်ဖန်းသည် စုဆောင်းထားသော စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပိုမို ကြီးမားလာကာ ဒုတိယမြောက် နတ်အဆင့်ကို ကျော်ဖြတ်နိုင်ရန် ကူညီပေးနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင်ရှိသော နတ်ဘုရားဝိညာဉ်သည် အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာကာ သူတစ်ခါမှ မကြုံဖူးသည့် ကြည်လင်ပြတ်သားသော အခြေအနေသို့ ဝင်ရောက်နိုင်စေခဲ့သည်။

သူသည် တွေးခေါ်မှုတစ်ခု ပေါ်ပေါက်လာသည်နှင့် အမှန်တရားတစ်ခုမှ အကြောင်းအရာများစွာကို ကောက်ချက်ချနိုင်သည်။ လမ်းစဉ်တိုင်းသည် မထင်မှတ်ထားစွာ ရှင်းလင်းပြတ်သားနေခဲ့သည်။ ဤသည်မှာ အလွန်ရှားပါးသော ဉာဏ်အလင်းသိမြင်မှု အခြေအနေဖြစ်သည်။ နတ်အဆင့်သို့ ကျင့်ကြံခြင်းသည် ဤကဲ့သို့ပင် ဖြစ်သည်။ သိနားလည်လျှင် နားလည်တတ်ကျွမ်းနိုင်မည်ဖြစ်၍ မပြုလုပ်နိုင်ပါက စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ နားလည်တတ်ကျွမ်းမှုနှင့် စုစည်းမှု နှစ်ခုစလုံးသည် မရှိမဖြစ် လိုအပ်နေသည်။

ဤသုံးလကြာ အပြင်းအထန် ကျင့်ကြံမှု၏ ရလဒ်များသည် ဤအချိန်တွင် အပြည့်အဝ ထင်ဟပ်နေသည်။ သူ၏ခန္ဓာတစ်ခုလုံးသည် ကျောက်စိမ်းရောင်ကဲ့သို့ ဖြာထွက်လာ၍ ၎င်း အလင်းရောင်သည် ဖျော့တော့သော်လည်း အလွန်မြင့်မြတ်ပုံပေါ်သည်။ နောက်ထပ် သုံးရက်ခန့် လျှပ်တစ်ပြက် ကုန်ဆုံးသွားပြီးနောက် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များသည် အတားအဆီးတစ်ခုကို ဖြတ်ကျော်ကာ မကြုံစဖူး နယ်ပယ်တစ်ခုဆီ ရောက်ရှိသွားပုံရသည်။

သူ အဆင့်ဖြတ်ကျော်သွားသည့်အခိုက်တွင် ပတ်ဝန်းကျင်ရှိ မိုးကြိုးမုန်တိုင်းများ ပျောက်ကွယ်သွားကာ တစ်စွန်းတစ်စမျှ မကျန်ရစ်ခဲ့ပေ။ ပြီးနောက် မရေတွက်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုသည် မိုးကြိုးသွားများစွာကို ဖွဲ့စည်းစေပြီးနောက် ၎င်းသည် စွမ်းအင်မြစ်ရှည်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းကာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

မကြာသေးမီက အဆင့်ဖြတ်ကျော်မှုတစ်ခု ပြုလုပ်ခဲ့သော ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်ရှိ စွမ်းရည်များအားလုံး ရေတိုင်စည်တစ်ခုမှ ရေကန်တစ်ခုသို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ၎င်းအား ပြန်လည်ဖြည့်တင်းရန် စွမ်းအင်အမြောက်အမြား လိုအပ်နေသည်။

ဤသို့ဖြင့် တစ်နာရီကျော် ကြာမြင့်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ကြီးမားသော စွမ်းအင်ပမာဏများ စုပ်ယူပြီးသောအခါ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ သူသည် အဆုံးတွင် ဒုတိယမြောက် နတ်အဆင့် ကျင့်ကြံမှုကို တည်ငြိမ်အောင် ပြုလုပ်ပြီးဖြစ်သည်။

"နောက်ဆုံးတော့ အဆင့်ဖြတ်ကျော်သွားပြီ"

အခန်း (၉၂၇) ပထမအကျဉ်းထောင်၌ ဆူပူအုံကြွမှု

ချူးယွင်ဖန်းသည် အဆင့် ဖြတ်ကျော်မှုများ ပြီးမြောက်ကာ သူ၏ကျင့်ကြံမှုအဆင့်ကို ခိုင်မြဲအောင်ပြုလုပ်ပြီးနောက် သူ၏ခွန်အားများ မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားကြောင်း ခံစားလိုက်ရသည်။ သူသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ယခုဆိုလျှင် ပဉ္စမမြောက် နတ်အဆင့် ကျွမ်းကျင်သူကိုပင် အနိုင်ယူနိုင်ပြီဖြစ်သည်။ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ စွမ်းအင်သည် ဤနေရာတွင် သက်သေပြနေသည်။

သူ၏ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ တန်စီယု၏ အဆင့်ဖြတ်ကျော်မှုသည် အရေးကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် ရက်အနည်းငယ်အတွင်း ဒုတိယမြောက် နတ်အဆင့်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ပေလိမ့်မည်။ ၎င်းတို့သည် တူညီသော အနေအထားတွင်ရှိနေသော်လည်း တန်စီယု၏ တိုက်ခိုက်ရေးစွမ်းအင်သည် သူနှင့် နှိုင်းယှဉ်ရန် ဝေးကွာလှသည်။ သို့သော် သူမသည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် အလွန် သန်မာနေဆဲဖြစ်သည်။ သူမသည် အဆင့်ဖြတ်ကျော်ခါစဖြစ်သော်လည်း မီးလျှံစစ်သည်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် သို့မဟုတ် အရိပ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကဲ့သို့သော ဖြစ်တည်မှုကို အနိုင်ယူနိုင်မည်ဖြစ်သည်။

မိုးကြိုးတောင်ပံသားရဲ၏ အဆင့်ဖြတ်ကျော်မှုသည် လာမည့်ရက်အနည်းငယ်အတွင်း ဖြစ်ပွားမည်ဖြစ်သောကြောင့် ၎င်းတို့သည် တစ်ချိန်တည်းနီးပါး အဆင့်ဖြတ်ကျော်ကြမည်ဟု ဆိုနိုင်သည်။ ချူးယွင်ဖန်းသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ယခုဆိုလျှင် တန်စီယုနှင့် မိုးကြိုးတောင်ပံသားရဲတို့ကို လုံးလုံးလျားလျား ယုံကြည်နိုင်ပြီဖြစ်၍ ၎င်းတို့ကို သတိထားဆက်ဆံရန် မလိုအပ်တော့ပေ။ ၎င်းတို့သည် ယခုအချိန်တွင် ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်ပြီဖြစ်သည်။

၎င်းတို့က အားကောင်းသန်မာလေ၊ ချူးယွင်ဖန်းရရှိမည့် အကျိုးကျေးဇူးများ များပြားလေဖြစ်သည်။ ချူးယွင်ဖန်းသည် အကြိမ်အနည်းငယ် ခုန်ပျံလိုက်ရုံဖြင့် မိုးကြိုးမုန်တိုင်းပင်လယ်ပြင်သို့ ရောက်ရှိလာသည်။ လတ်ဆတ်သောလေကို ရှုရှိုက်တော့မည့်အချိန်တွင် သူ၏စာပို့ပုံးမှ အရေးပေါ် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် ဗီဒီယိုခေါ်ဆိုမှုကို ဖွင့်ကြည့်လိုက်သောအခါ ၎င်းသည် ချူးဟောက်ယွဲ့မှလွဲ၍ အခြားလူ မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။

ချူးဟောက်ယွဲ့၏မျက်နှာပေါ်တွင် စိုးရိမ်နေသော အမူအရာမျိုးရှိနေသော်လည်း သူသည် ချူးယွင်ဖန်းကိုမြင်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဘာဖြစ်လို့လဲ" ချူးယွင်ဖန်းက စိတ်ဝင်တစား မေးလိုက်သည်။

"မကောင်းတော့ဘူး" ချူးဟောက်ယွဲ့ အလျင်အမြန် ပြောလိုက်သည်။

"ဘာကိစ္စရှိလို့လဲ ဖြည်းဖြည်းပြောပါ" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ပြည်ထောင်စုရဲ့ ပထမအကျဉ်းထောင်အကြောင်း မင်း ကြားဖူးလား" ချူးဟောက်ယွဲ့က မေးလိုက်သည်။

ချူးယွင်ဖန်းသည် ခေါင်းယမ်းလိုက်သည်။ ပြည်ထောင်စုတွင် အကျဉ်းထောင်များနှင့် ပြည်နှင်နယ်မြေ အများအပြားရှိသဖြင့် ရေတွက်ရန် အလွန်များလွန်းလှသည်။ ၎င်းတို့သည် ပြည်ထောင်စုမှ လက်လှမ်းမီနိုင်သည့် နေရာဒေသ အနှံ့အပြားတွင် ရှိနေကြသည်။ နေရာအများအပြားကို သေမိန့်အကျဉ်းသားများကပင် ထူထောင်ထားကြသည်။

ထိုနေရာတွင် ရှေ့ဆောင်တပ်သား ချမှတ်ခြင်းသည် အသေအပျောက် ပြင်းထန်မည်ဟု အဓိပ္ပာယ်ရသောကြောင့် ဤအကျဉ်းသားများကို အသုံးပြုခြင်းသည် ကောင်းမွန်သော အချက်ဖြစ်သည်။ ချူးယွင်ဖန်းသည် များသောအားဖြင့် ဤအရာများအကြောင်း သိပ်မသိပေ။ ၎င်းတို့နှင့် ထိတွေ့ခွင့်ရသော အချိန်သည် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် စာမေးပွဲဖြေဆိုသည့်အချိန်သာဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏စာပို့ပုံးမှတစ်ဆင့် အလျင်အမြန် ရှာဖွေလိုက်ရာ ပထမကျဉ်းထောင်နှင့်ပတ်သက်သည့် အချက်အလက်များကို မကြာမီ တွေ့ရှိလိုက်ရသည်။ ချူးယွင်ဖန်းက အံ့အားသင့်သွားသည်။ ပြည်ထောင်စု၏ လျှို့ဝှက်အချက်အလက်များကို အမျိုးအစားခွဲခြားခြင်းအရ ဝင်ပိုင်ခွင့်ရှိသော အာဏာအနက် အနိမ့်ဆုံးသည် အဆင့်တစ်ဖြစ်၍ အမြင့်ဆုံးသည် အဆင့်ကိုးဖြစ်သည်။ ပထမအကျဉ်းထောင်၏ အချက်အလက်များသို့ ဝင်ရောက်ရန်အတွက် အဆင့်ခုနစ်နှင့် အထက်ရှိရန် လိုအပ်သည်။

ဤသည်မှာ ပထမအကျဉ်းထောင်၏ ဖြစ်တည်မှုအကြောင်း ၎င်းတို့ဘက်မှ သိထားမှသာဖြစ်သည်။ တိကျသော အချက်အလက်များကို စုံစမ်းမေးမြန်းလိုပါက အဆင့်ကိုး ဝင်ရောက်ခွင့်အာဏာ လိုအပ်မည်ဖြစ်သည်။ ပြည်ထောင်စုတွင် အဆင့်ကိုးဝင်ခွင့်ရရှိသူသည် သမ္မတအပါအဝင် လူအနည်းငယ်သာရှိသည်။ ချူးယွင်ဖန်းကဲ့သို့သော ပြည်ထောင်စု၏ ထိပ်တန်းအရာရှိတစ်ဦးလျှင်ပင် အဆင့်ရှစ်အထိသာ ရရှိခဲ့သည်။

ချူးယွင်ဖန်းသည် ပထမအကျဉ်းထောင်နှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေကြည့်သောအခါ ဤအကျဉ်းထောင်၏ လုံခြုံရေးအဆင့်သည် မည်သို့ကြောင့် ဤမျှမြင့်မားနေသည်ကို သိရှိသွားသည်။ မည်သို့ဆိုသော် ဤအကျဉ်းထောင်၌ အကျဉ်းချခံထားရသော အကျဉ်းသားများသည် သာမန်လူများ မဟုတ်သောကြောင့်ဖြစ်သည်။

တစ်နည်းဆိုရသော် သာမာန်လူများသည် ပထမအကျဉ်းထောင်၌ ဖမ်းချုပ်ခံရရန် မလိုအပ်ကြပေ။ ဤအကျဉ်းထောင်ထဲတွင် ဖမ်းချုပ်ခံရသူများသည် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ထိုသို့သော ကျွမ်းကျင်သူများသည် အပြင်ဘက်တွင် မြေပြင်များ စူးစမ်းလေ့လာခွင့် သို့မဟုတ် မိုင်းတွင်းများ ဖွင့်ခွင့်မရှိကြပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ အသက်ဓာတ်သည် ပြင်းထန်လွန်းသောကြောင့် အခွင့်အရေးသာရရှိခဲ့ပါက ၎င်းတို့သည် ကြီးမားသော ပြဿနာများကို ဖန်တီးနိုင်ပေလိမ့်မည်။

ဤလူများကို ချုပ်နှောင်ထားရန်အတွက် ပြည်ထောင်စုက စွမ်းအင်အများအပြား အသုံးပြုရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤအကျဉ်းသားများကို အထူးအကျဉ်းထောင်များတွင် ချုပ်နှောင်ထားလေ့ရှိကြသည်။ သို့သော် ပထမအကျဉ်းထောင်သည် သာမန် အကျဉ်းထောင်များထက် အဆင့်အတန်း မြင့်မားလှသည်။

ချုပ်နှောင်ခံထားသူများသည် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့် သို့မဟုတ် ၎င်းအထက်တွင် ရှိကြသည်။ ဤသို့သော လူများသည် ပြည်ထောင်စုတွင် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးများကို အလွယ်တကူ စတင်နိုင်ကြသည်။ သို့သော်လည်း အပြင်လောကတွင် အင်အားကြီး ပုဂ္ဂိုလ်ကြီးများဟု ထင်မှတ်ရသည့် ဤလူများသည် ထိုနေရာတွင် ငါးသားပေါက်များမျှသာ ဖြစ်ကြသည်။ ပြဿနာ အစစ်အမှန်သည် ၎င်းအနက် နတ်အဆင့်အမြောက်အမြား အကျဉ်းကျနေခြင်းဖြစ်သည်။

အကျဉ်းထောင်အနက် အနည်းငယ်မျှသာမဟုတ်ဘဲ နတ်အဆင့် အများအပြားရှိခြင်းဖြစ်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ပြည်ထောင်စုသည် နှစ်ပေါင်းရာနှင့်ချီကြာ ထိတ်လန့်တကြား အခြေအနေသို့ ရောက်ရှိနေသည့်အတွက် ဤမျှသော ကျွမ်းကျင်သူမျှသာ ရှိနေရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ပြည်ထောင်စုအစိုးရကို နှိမ်နှင်းနိုင်သည့် အချိန်တစ်ခုရှိခဲ့၍ သမ္မတကို လုပ်ကြံသတ်ဖြတ်သည့် ဖြစ်ရပ်တစ်ခုပင် ရှိခဲ့ဖူသည်။

ဤသည်မှာ အမှောင်ခေတ်ဖြစ်သည်။ ဤနတ်အဆင့်များသည် ထိုနှစ်များတွင် လောကတစ်ခုလုံးကို အုပ်စိုးခဲ့ကြသည်။ ဤသည်မှာ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး သို့မဟုတ် နှစ်ဦးမျှဖြင့် ဖန်တီးနိုင်သည့် အခြေအနေမျိုး မဟုတ်ပေ။ ဤပုဂ္ဂိုလ်များသည် နောက်ပိုင်းတွင် တစ်ဦးပြီး တစ်ဦး ဖိနှိပ်ခံရကာ ၎င်းတို့ကို အကျဉ်းချထားသောနေရာသည် ဤပထမ အထူးအကျဉ်းထောင်ဖြစ်သည်။

"ငါ အခုမှပဲ စစ်ဆေးပြီးတာ။ ဒီပထမအကျဉ်းထောင်က တော်တော်လေး ဒုက္ခများတဲ့နေရာပဲ။ ပြဿနာတစ်ခုခုရှိလို့လား" ချူးယွင်ဖန်းက ပြောလိုက်သည်။

"အခြေအနေမကောင်းဘူး။ မွန်းစတားဂိုဏ်းခေါင်းဆောင်က အနတ္တ နတ်ဆိုးတောင်တန်းက စစ်တပ်ကို စုစည်းပြီး အခု ပထမအကျဉ်းထောင်ကို တိုက်ခိုက်နေတယ်" ချူးဟောက်ယွဲ့က စိုးရိမ်တကြီး ပြောလိုက်သည်။

"အဲ့ဒီမှာ ပိတ်လှောင်ခံထားရတဲ့လူတိုင်းက ပြည်ထောင်စုနဲ့ သွေးကြွေးရှိတဲ့ လူတွေ။ သူတို့ကိုသာ လွှတ်ပေးလိုက်ရင်... အကျိုးဆက်တွေကို မင်း နားလည်သင့်တယ်ထင်တယ်"

ချူးယွင်ဖန်း၏ မျက်နှာအမူအရာ လေးနက်လာသည်။ သူသည် ချူးဟောက်ယွဲ့၏ ထပ်မံရှင်းပြမှုကို မလိုအပ်ပေ။ ပထမအကျဉ်းထောင် ဖြိုခွင်းခံရပြီး အတွင်းရှိ ရာဇ၀တ်ကောင်များ လွတ်မြောက်ပါက အကျိုးဆက်များ အလွန် ဆိုးရွားမည်ကို သူ သိနေသည်။ ၎င်းတို့သည် ကောင်းကင်ဘုံကို ချိုးဖျက်သွားပေလိမ့်မည်။

"ဒါပေမယ့် ခုနက အချက်အလက်တွေကို စစ်ဆေးတုန်းက အချက်အလက်တွေအရ ငါ မှတ်မိတာ မမှားဘူးဆိုရင် ပထမအကျဉ်းထောင်က ဟင်းလင်းပြင်ထဲမှာ ရှိတဲ့အပြင် ကိုဩဒိနိတ် အတိအကျကို ဘယ်သူမှ မသိကြဘူး မဟုတ်လား" ချူးယွင်ဖန်းက မေးလိုက်သည်။

သူရရှိထားသော အချက်အလက်များအရ ပထမအကျဉ်းထောင်ရှိ အကျဉ်းသားများ မလွတ်မြောက်နိုင်စေရန်နှင့် မည်သူမျှ ဝင်ရောက်မစွက်ဖက်စေရန်အတွက် ကောင်းကင်ယံတွင် မြင့်မားစွာ တည်ဆောက်ထား၍ ၎င်း၏ တည်နေရာများသည် အမြဲတစေ ပြောင်းလဲနေခဲ့သည်။ ပြည်ထောင်စုတွင် ၎င်း၏တည်နေရာအတိအကျကို သိရှိထားသူသည် သုံးလေးဦးမျှသာရှိသည်။

ချူးယွင်ဖန်း၏ အခွင့်အာဏာဖြင့်ပင် ကိုဩဒိနိတ်အစစ်အမှန်ကို ရှာမတွေ့ခဲ့ပေ။ အချက်အလက်များအရ ပထမအကျဉ်းထောင်ကို ရှေးဟောင်းလူသားများကာလရှိ ဂိုဏ်းတစ်ခု အပျက်အစီးများမှ တည်ဆောက်ထားခြင်းဖြစ်သည်။ လူအများစုသည် ထိုနေရာ၌ တည်ဆောက်ထားသော တယ်လီပို့စနစ်ဖြင့် အသွား အလာ ပြုလုပ်ကြခြင်းဖြစ်သည်။ ထိုစနစ်မှလွဲ၍ အကျဉ်းထောင်၏ တည်နေရာ အစစ်အမှန်ကို မည်မျှမသိသောကြောင့် အခြားမည်သည့်နေရာမှ အသွားအလာ ပြုလုပ်၍ မရသကဲ့သို့ အကျဉ်းထောင်ကို မည်သို့ဆက်သွယ်ရမည်ကို မည်သူမျှ မသိကြပေ။

"နေရာက ဒီလောက်လျှို့ဝှက်လွန်းတယ်ဆိုရင် ဒီလူတွေက ဒါကို ဘယ်လိုလုပ် သိသွားတာလဲ"

ချူးယွင်ဖန်းသည် ပထမအကျဉ်းထောင်၏ လျှို့ဝှက်မှုနှင့် ပတ်သက်၍ သံသယမရှိခဲ့ပေ။ ၎င်းကို တည်ဆောက်ခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်းတစ်ရာကျော်မျှ ရှိပြီဖြစ်၍ မည်သည့် ပြဿနာတစ်စုံတစ်ရာမျှ မရှိခဲ့ခြင်းအရ မည်မျှလျှို့ဝှက်ထားသည်ကို သိရှိနိုင်သည်။ သို့သော်လည်း ပြဿနာတစ်စုံတစ်ခု ဖြစ်ပွားခဲ့ဆဲဖြစ်သည်။

"အခုအချိန်မှာ အတည်ပြုဖို့ နည်းလမ်းမရှိတော့သလို စုံစမ်းစစ်ဆေးရမယ့် အချိန်လည်း မဟုတ်တော့ဘူး။ အခု ဘိုးဘေးကြီးက ပထမအကျဉ်းထောင်ကို သွားနေပြီ၊ ဒါပေမယ့် အခြေအနေက သိပ်အဆင်မပြေဘူး။ အနတ္တ နတ်ဆိုးတောင်တန်း ကျွမ်းကျင်သူတွေ အများကြီး စုရုံးနေကြတယ်၊ မင်း မြန်မြန် ပြန်လာသင့်တယ်" ချူးဟောက်ယွဲ့က ခေါင်းခါ၍ ပြောလိုက်သည်။

All Chapters