အခန်း (၂၆၂-၂၆၄)
Vol. 18 Ch. 262-264
အခန်း(၂၆၂) : ထိပ်ဆုံးသို့ တက်လှမ်းခြင်း
ကျိုးဟောင်အားလေးစားအားကျသည့် အသုံးပြုသူများစွာကလည်း နတ်မိမယ် ယွဲ့လင်၏ ချန်နယ်သို့ရောက်လာကြလေသည်။
နတ်မိမယ်ယွဲ့လင်အား အဆင့်တွေကတက်လာအောင်ဘယ်လိုလူက လုပ်ဆောင်ပေးနေသလဲဆိုသည့်အချက်ကို စိတ်၀င်စားနေကြလေသည်။
တဖြည်းဖြည်း အသုံးပြုသူများ တဖွဲဖွဲဆက်တိုက် ရောက်ရှိလာမှုကြောင့် နတ်မိမယ်ယွဲ့လင်၏တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း ပေါက်ကွဲလုမတတ် ထင်ပေါ်ကျော်ကြားလာလေသည်။
နတ်မိမယ် ယွဲ့လင်မှာလည်း နှလုံးခုန်ရပ်မတတ်စိတ်လှုပ်ရှားနေခဲ့လေသည်။ ဒီတခေါက် ကျိုးဟောင်ယူဆောင်လာသည့် လက်ဆောင်ကအလွန်ကြီးမားလေသည်။
"ဒီသခင်ကြီးက အရမ်းစွမ်းအားကြီးတာပဲ။ နတ်မိမယ်ယွဲ့လင်ကိုတောင် ထိပ်ဆုံးအဆင့်ထဲပို့ပေးနိုင်တယ်"
"သခင်ကြီးအတွက် ခစားဖို့ အစေခံတွေဘာတွေများလိုအပ်ပါသလား"
"သခင်ကြီး ကျွန်တော့်ကို လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်နည်းလေးသင်ပေးပါလား"
" ဒီသခင်ကြီးက အံ့ဖွယ်ပဲ။ သူဘယ်ကမ္ဘာမှာနေထိုင်သလဲဆိုတာတောင် နားမလည်နိုင်တော့ဘူး"
နတ်မိမယ် ယွဲ့လင်၏ ချန်နယ်ထဲသို့ ရောက်လာသူအားလုံးမှာ ကျိုးဟောင်အား ကြည့်ရှုရန်သာဖြစ်ကြလေသည်။
သို့သော်လည်းထိုသူများအား နတ်မိမယ်ယွဲ့လင်က သိပ်ဂရုမစိုက်ပေ။ ဒီနေရာတွင် ကျိုးဟောင်က အဓိက ဇာတ်ဆောင်ဖြစ်နေခြင်းဖြစ်လေသည်။
ငါသည် သာမန်လူတယောက်ပါပဲ : " ဒီနေ့အတွက်တော့ ဒီလောက်ပဲ"
ကံကြမ္မာ အမှတ် သန်း ၉၀အား သုံးစွဲပြီးနောက် ကျိုးဟောင်မှာ ရှေ့ဆက်မသွားလိုတော့ပေ။သူ့တွင်ကံကြမ္မာအမှတ်များမရှိပါက သူ့အင်အားကို ထုတ်ပြဖို့မဖြစ်နိုင်ချေ။ ကံကောင်းစွာဖြင့် သူ၏ ကုန်ခမ်းသွားသော ရှားပါးစွမ်းအင်ဘားများအားပြန်လည်ဖြည့်တင်းနိုင်ခဲ့လေသည်။
နတ်မိမယ်ယွဲ့လင် : "ဟုတ်ကဲ့ကောင်းပါပြီ သခင်ကြီး။ အခုလိုလာရောက်ကူညီတဲ့အတွက် အတိုင်းမသိကျေးဇူးတင်ပါတယ်ရှင်"
နတ်မိမယ်ယွဲ့လင်မှာ အရမ်းပျော်နေခဲ့ပြီး သူမအနေဖြင့် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲအတွင်း ၀င်ပြိုင်ဖြစ်လိမ့်မည်လို့ စိတ်တောင်မကူးခဲ့ပေ။
ကျိုးဟောင်က သူမအား အမှန်တကယ်ပင် ထိပ်ဆုံး၁၀ယောက်ထဲ ၀င်အောင်လုပ်ပေးချင်ခဲ့သည်ကိုတော့ သူမ မရိပ်မိခဲ့ပေ။
သို့သော် စွမ်းရည်စိန်ခေါ်ပြိုင်ပွဲ၌ထိပ်ဆုံးရောက်အောင် လုပ်ဆောင်ရန်မှာ ကျိုးဟောင်ထင်သလောက်မလွယ်ကူခဲ့ပေ။ ဒါ့ကြောင့် သူ့အနေဖြင့် ခုလောလောဆယ် ခဏလောက်ရပ်ထားရန်ဆုံးဖြတ်ခဲ့လေသည်။
တိုက်ရ်ိုက်ထုတ်လွှင့်ချန်နယ်ထဲတွင်ရှိသောလူများက ကျိုးဟောင်အကြောင်းပြောနေစဉ်မှာပဲ ကျိုးဟောင်ကဆော့ဖ်ဝဲလ်ထဲမှ ထွက်ခွာသွားခဲ့လေပြီ။
...
ကျိုးဟောင် ဆော့ဖ်ဝဲလ်ထဲမှ ထွက်လာသောအခါ သန်းခေါင်ယံတောင်ရှိနေလေပြီ။
၇ခုမြောက်လေ့ကျင့်ရေးစခန်းတခုလုံးမှာ တိတ်ဆိတ်နေပြီး ပုစဉ်းရင်ကွဲအသံများသာကြားနေရလေသည်။ကျိုးဟောင်က သူ၏အာရုံခံစွမ်းကိုထုတ်လွှင့်ပြီးကြည့်လိုက်သောအခါ ကျောင်းသားအတော်များများက တညလုံး တရားထိုင်ရင်းကျင့်ကြံနေကြောင်းသိလိုက်ရလေသည်။
အချက်အလက်များအရ အဆင့်မြင့်ကျင့်ကြံရေးအဆင့်သို့ရောက်သွားသည့်အခါ အိပ်စက်စရာမလိုတော့ပဲ တရားထိုင်ကျင့်ကြံခြင်းဖြင့် အားပြည့်အောင်လုပ်လို့ရလေသည်။
တခြားလေ့ကျင့်ရေးစခန်းရှိ ကျောင်းသားများမှာလည်း ထိုနည်း၎င်းပင်ဖြစ်သည်။
ကျိုးဟောင်မှာ ရွှေရောင်ရှားပါးစွမ်းအင်ဘားများအား သူ့ဘေးပတ်လည်တွင်နေရာအရင်ချလိုက်လေသည်။ ထို့နောက် ထိုစွမ်းအင်ဘားမှ စွမ်းအင်အနှစ်သာရများကိုစုပ်ယူပြီး သူ၏ကျင့်စဉ်များကို စတင်ကျင့်ကြံလေသည်။
ရှားပါးစွမ်းအင်ဘားများနှင့် ကျင့်ကြံခြင်းကအလွန်ထိရောက်လေသည်။ သူအသက်ရှူလိုက်ခြင်း သူ၏ကိုယ်တွင်းရှိခွန်အားများ တိုးတိုးလာသည်ကို ခံစားမိလေသည်။
နာရီ၀က်လောက်ကြာပြီးချိန်၌ ကျိုးဟောင်၏ ခန္ဓာကိုယ်၌ စွမ်းအင်အနှစ်သာရအတော်များများစုဆောင်းမိလေသည်။
ကျိုးဟောင်မှာ တုံ့ဆိုင်းမနေဘဲ နောက်ထပ် စွမ်းအင်ဘားများကို ထပ်မံထုတ်လိုက်လေသည်။ဒီတခေါက် ရှားပါးစွမ်းအင်ဘား ၂၀၀၀လောက်ရရှိခဲ့လေသည်။
ထိုပမာဏကသူ့အတွက် အချိန်အတော်ကြာအထိ ကျင့်ကြံရေးများ ပြုလုပ်လို့ရလေသည်။ ကျင့်ကြံနေချိန်၌ အချိန်ကုန်မှန်းမသိ မြန်ဆန်လှပြီ ညတာလည်း တဖြေးဖြေးကုန်ဆုံးလာခဲ့လေသည်။
.....
နောက်တနေ့မနက်၌ သူ၏လသာဆောင်ဆီက ရင်းနှီးသောခြေသံလေးတချို့ကြားလိုက်ရလေသည်။
"ကျိုးဟောင် နင်ဘယ်တုန်းကပြန်ရောက်တာလဲ"
တရားထိုင်ရင်းကျင့်ကြံနေသော ကျိုးဟောင်အား ရှုလင်ကခါးလေးထောက်ပြီးမေးလိုက်လေသည်။
ကျိုးဟောင်မှာ အကျိုးအကြောင်းဘာမှမပြောဘဲ ပျောက်သွားခဲ့ခြင်းဖြစ်လေသည်။နည်းပြယန်ဟွေ့နှင့် အခြားသူများလောက်သာ ကျိုးဟောင်ဟာခွင့်ယူပြီးထွက်သွားခဲ့ခြင်းဖြစ်ကြောင်းသိကြသည်။
သို့သော်လည်း အခြားလူများကတော့မသိခဲ့ကြပေ။
" ဟီးဟီး.. ရှုလင်နင်ရောက်လာပြီပဲ"
ကျိုးဟောင်မှာ ပေါ့ပေါ့ပါးပါးပင်ထလာခဲ့လေသည်။ သူသည်တညလုံးမအိပ်ရသေးသော်လည်း လန်းလန်းဆန်းဆန်းရှိနေခဲ့လေသည်။ အကြောင်းမှာ သူသည်တညလုံး နက်နက်ရှိုင်းရှိုင်းကျင့်ကြံနေခဲ့သောကြောင့်ဖြစ်လေသည်။
"ဟင်းး... ငါမေးတာကိုဖြေစမ်းပါ။ နင်ဘာတခွန်းမှ မပြောဘဲပျောက်သွားတာလေ"
ရှုလင်က ကျိုးဟောင်နားလျှောက်လာပြီး သူမ၏ လက်သီးလေးဖြင့်ထိုး လိုက်လေသည်။
"ငါ ငါ့ဆရာနဲ့အတူထွက်သွားခဲ့တာပါ။ ဘာမှပြောဖို့အချိန်တောင်မရခဲ့လို့ပါ"
ကျိုးဟောင်က အကြောင်းပြချက်ပေးရန် အကြာကြီးစဉ်းစားခဲ့ပြီးသားဖြစ်လေသည်။ဒါ့အပြင်သူ၏ တခြားအသွင်မှာလည်း စီနီယာကျိုးဖြစ်သောကြောင့် ထိုအကြောင်းပြချက်မှာ လိမ်နေမှန်းမသိသာတော့ပေ။
"အင်း ငါသိပါပြီ"
ရှုလင်ကခေါင်းညိတ်ပြလိုက်လေသည်။ ထိုအကြောင်းပြချက်မှာ လက်ခံနိုင်ဖွယ်ဖြစ်လေသည်။
"သွား မြန်မြန်ကိုယ်လက်သန့်စင်ဦး။ နင်ဒီနေ့ ၆ခုမြောက်လေ့ကျင့်ရေးစခန်းနဲ့မိတ်ဆက်ရမှာ"
ကျိုးဟောင်မှာ ရက်အနည်းငယ်လောက် စခန်းတွင်မရှိခဲ့သောကြောင့် ပြီးခဲ့ရက်များအတွင်း ဖြစ်ပျက်ခဲ့သည်များကို ရှုလင်ကပြောပြနေလေသည်။
ဟွာရှားမြို့တွင် ၇ခုမြောက်လေ့ကျင့်ရေးစခန်းကဲ့သို့ အခြားလေ့ကျင့်ရေးစခန်း ၆ခုရှိသေးလေသည်။
ဒီတခါတော့ သူတို့သည် ၆ခုမြောက်လေ့ကျင့်ရေးစခန်းနှင့် သိုင်းပညာဖလှယ်ကြရမည်ဖြစ်သည်။ လေ့ကျင့်ရေးစခန်းများတွင် ဒါက လုပ်နေကြကိစ္စဖြစ်လေသည်။
ကွာခြားသွားတာကတော့ ဒီတခေါက်သိုင်းပညာဖလှယ်ခြင်းက စခန်းနှစ်ခုအကြား အရင်းအမြစ်များပိုင်ဆိုင်ခွင့်အတွက်ဖြစ်လေသည်။
....................................................................................
အခန်း(၂၆၂)ပြီးပါပြီ။
အခန်း (၂၆၃) : အရင်းအမြစ်များအတွက်တိုက်ပွဲစတင်ခြင်း
ကျိုးဟောင်လေ့ကျင့်ရေးကွင်းသို့ရောက်သောအခါ ၆ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျောင်းသားများမှာ မနီးမဝေးတွင် စတုရန်းပုံစံစုဝေးပြီးရပ်နေသည်ကိုတွေ့လိုက်ရသည်။
"လေ့ကျင့်ရေးခန်းမထဲသို့ သွားကြရအောင်"
ဒီတခေါက်သိုင်းပညာဖလှယ်ပွဲက အပြင်မှာမကျင်းပဘဲ အတွင်း၌ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။
၇ခုမြောက်လေ့ကျင့်ရေးစခန်း၏ လေ့ကျင့်ရေးခန်းမမှာ အလွန်ကျယ်၀န်းပြီး ပစ္စည်းကိရိယာများလည်း စုံလင်လေသည်။သို့သော်လည်း အရင်က သိပ်အသုံးမပြုခဲ့ဖူးကြပေ။
"ကျိုးဟောင် ဒီရက်တွေအတွင်းဘယ်တွေ ပျောက်နေတာလဲ"
ကျိုးဟောင်အား မြင်လိုက်သောအခါ ကျန်းယိ ၊ ယွင်ယန်နှင့် အခြားလူများက သူ့ဆီလာပြီးမေးမြန်းကြလေသည်။
"ငါ့ဆရာနောက် လိုက်သွားပြီး ကျင့်စဉ်တွေကို ကျင့်ကြံနေတာ"
ကျိုးဟောင်တွင် ထူးခြားဆန်းကြယ်သော ဆရာတယောက်ရှိနေသည်မှာ လျှို့ဝှက်ထားသည့်အရာမဟုတ်တော့ပေ။
သို့သော်လည်း ကျိုးဟောင်အား ယခုလို၇ခုမြောက်လေ့ကျင့်ရေးစခန်းမှ ခေါ်ထုတ်သွားပြီး လေ့ကျင့်ပေးနိုင်ပုံအရ သူ့ဆရာမှာ သာမန်အဆင့်မဟုတ်ဘဲ အရာရှိတယောက်ဖြစ်နိုင်လေသည်။
"အဲ့ကိစ္စကိုထားလိုက်တော့။ အခုတော့ ငါတို့ သိုင်းပညာဖလှယ်ပွဲအကြောင်းပြောရအောင် သူတို့ကိုကြည့်ရတာရည်ရွယ်ချက်ကောင်းရှိပုံမပေါ်ဘူး"
ကျိုးဟောင်မှာ စကားလမ်းကြောင်းလွှဲချင်ရုံသက်သက်ပြောလိုက်ခြင်းမဟုတ်ဘဲ ၆ခုမြောက်လေ့ကျင့်ရေးစခန်းရှိ ကျောင်းသားများမှာ အထက်စီးဆန်ဆန် အမူအရာများရှိနေသောကြောင့်ဖြစ်လေသည်။
လက်ရွေးစင်များအနေဖြင့် သူတို့မှာ စာနာမှု မရှိယုံသာမက ရန်လိုဟန်လည်း ရှိနေလေသည်။
"ဟုတ်တယ် အရင်တုန်းက အရင်းအမြစ်တွေကို သုံးပုံပုံပြီး ခွဲဝေခဲ့ကြတယ်။ သုံးပုံနှစ်ပုံကို ၆ခုမြောက်လေ့ကျင့်ရေးစခန်းကရပြီး ငါတို့က၇ခုမြောက်လေ့ကျင့်ရေးစခန်းကတော့ တပုံပဲရတယ်"
"ဒါပေမဲ့ ငါတို့ရဲ့ စွမ်းအားတွေ တိုးတက်လာသည်နှင့်အမှု အရင်းအမြစ်တွေ မလောက်မငှဖြစ်လာပြီး တပုံဆိုတဲ့ ပမာဏက မလုံလောက်တော့ဘူး"
"ဒါကြောင့် ငါတို့ အနေနဲ့ တယောက် တ၀က်ခွဲယူကြမှရတော့မယ်။ ငါတို့ ၇ခုမြောက်လေ့ကျင့်ရေးစခန်းအတွက်တော့ ကောင်းပေမဲ့ ၆ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျောင်းသားများက လိုလိုလားလားရှိမှအဆင်ပြေမယ်"
"ဒါကြောင့် ငါတို့ ဒီလို သိုင်းပညာဖလှယ်ပွဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်"
"ပြိုင်ပွဲမှာ နိုင်တဲ့အဖွဲ့က အရင်းအမြစ်တွေကို ဘယ်လို ခွဲဝေမလဲဆိုတဲ့အချက်ကို ဆုံးဖြတ်ခွင့်ရမယ်"
ကျန်းယိရှင်းပြနေတာကို ကြားပြီးနောက် ကျိုးဟောင်မှာ သဘောပေါက်သွားခဲ့လေသည်။
ဒါကြောင့် သူတို့မှာ ရည်ရွယ်ချက်ကောင်းမရှိပုံရောက်နေလေသည်။ အရင်းအမြစ်များကို ခွဲဝေချိန်၌ မကျေမချမ်းမှု နှင့် သဘောထားကွဲလွဲမှုတို့ဖြစ်ပွားခဲ့ပုံရလေသည်။
"ငါဖုံးကွယ်မထားနေတော့ဘူး။ အက်ကွဲကြောင်းအပြင်ဘက်မှာ ကျင့်ကြံရေးအတွက် အရင်းအမြစ်တွေ မလုံလောက်မှု ဖြစ်နေလေပြီ"
"အက်ကွဲကြောင်းထဲမှာတော့ အရင်းအမြစ်တွေ ရှိနိုင်ပေမဲ့ တူးဖော်မှု ပြဿနာတွေနဲ့ တခြား အန္တရာယ်များတဲ့အခြေအနေတွေရှိနေသေးတယ်"
"ဒါ့ကြောင့် နောက်ဆုံးမှာ ဒီလို အရင်းအမြစ်ခွဲဝေသုံးစွဲခွင့်အတွက် ပြိုင်ပွဲတွေကို ကျင်းပလာကြတာဖြစ်တယ်"
"ဒါပေမဲ့ ဒါကလည်း ယာယီဖြေရှင်းနည်းတခုပဲ"
"ခဏကြာရင် ၇ခုမြောက် ဖြစ်ဖြစ် ၆ခုမြောက်ဖြစ်ဖြစ်အနိုင်ယူနိုင်ခဲ့တဲ့ ဘယ်လေ့ကျင့်ရေးစခန်းက ဖြစ်ဖြစ် အရင်းအမြစ်ခွဲဝေခြင်းအတွက် ဆုံးဖြတ်ပိုင်ခွင့်ကိုရလိမ့်မယ်"
ခေါင်းဖြူနေသည့် ၆ခုမြောက်လေ့ကျင့်ရေးစခန်း၏ နည်းပြဆရာမှာ ပြိုင်ပွဲစင်မြင့်ပေါ်သို့တက်လာခဲ့ပြီး အားလုံးသိအောင် အမှန်တရားများကိုပြောပြနေလေသည်။
"လူတိုင်းက ဒီပြိုင်ပွဲမှာ ပါ၀င်ဖို့လိုအပ်ပါသလား"
ကျိုးဟောင်က လူအုပ်ကြားမှာ လှမ်းမေးလိုက်လေသည်။
"သီအိုရီအရဆိုရင်တော့ မလိုဘူး။ ကျောင်းသားတယောက်က အခြားလက်ရွေးစင်ကျောင်းသားများကို အနိုင်ယူပြီး မတ်တပ်ရပ်နေနိုင်သရွေ့ အခြားလူတွေက ၀င်ရောက်တိုက်ခိုက်စရာမလိုအပ်ဘူး"
ကျန်းယိကပြောရင်း မကျေမချမ်းပြုံးလိုက်သည်။
ကျန်းယိ၏ စကားကိုကြားသောအခါ ရှုလင် ၊ ယွင်ယန် နှင့် အခြားလူများက သူ့အား မျက်လုံးပြူးပြီး ကြည့်လိုက်ကြသည်။
ထိုနေရာရှိ လူတိုင်းမှာ လေ့ကျင့်ရေးစခန်းတိုင်း၏ လက်ရွေးစင်ကျောင်းသားများ ဖြစ်ကြပြီး သူတို့၏အင်အားမှာလည်း သိပ်မကွာပေ။
"ကဲစကြတာပေါ့"
၆ခုမြောက်လေ့ကျင့်ရေးစခန်း၏ ခေါင်းဖြူနည်းပြဆရာကြီးက ပြိုင်ပွဲကွင်းထဲမှ မထွက်ခွာမှီ စည်းမျဉ်းစည်းကမ်းများကိုပြောပြခဲ့ပြီး ပြိုင်ပွဲကိုစတင်လိုက်လေသည်။
" ၆ခုမြောက်လေ့ကျင့်ရေးစခန်းက ထော်ပါးဟိုင် ပါ ကျုပ်ကို သင်ပြပေးကြပါဦး"
ခေါင်းဖြူနည်းပြကြီးဆင်းသွားသည်နှင့် ၆ခုမြောက်လေ့ကျင့်ရေးစခန်းမှ ပညာရှင် တဦး စင်မြင့်ပေါ်သို့တက်လာပြီး စိန်ခေါ်မှုစတင်ပြုလုပ်လေသည်။
"ငါလုပ်ပေးမယ်"
ထော်ပါးဟိုင် စကားဆုံးသည်နှင့် ၇ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျောင်းသားတယောက်ထရပ်ပြီးပြောလေသည်။
လက်ရွေးစင်ကျောင်းသားများဖြစ်သောကြောင့် သူတို့မှာ နောက်မတွန့်ကြပေ။
"မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး"
၇ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျောင်းသားထရပ်လာသောအခါ ထော်ပါးဟိုင်က စိတ်ပျက်လက်ပျက်မျက်လုံးများဖြင့်ကြည့်ပြီးပြောလိုက်သည်။
"ဟမ် မင်းမစမ်းကြည့်ဘဲ ဘယ်လိုသိမှာလဲ"
ကျိုးဟောင်မှာ နောက်ဆုံးအကြိမ်တုန်းက သူတို့စိတ်ကို လှုံဆော်နိုင်ခဲ့သောကြောင့် ၇ခုမြောက်ကျောင်းသားအားလုံးမှာ အပြင်းအထန်လေ့ကျင့်ခဲ့ကြလေသည်။
ဒါ့ကြောင့်သူတို့အားလုံး အလျင်အမြန်တိုးတက်လာခဲ့ကြလေသည်။
ထော်ပါးဟိုင်မှာ သူတို့နှင့်အသက်အရွယ်အတူ ဖြစ်သောကြောင့် သူတို့လောက်ပဲ သန်မာလိမ့်မည်လို့တွေးခဲ့ကြသည်။ ဒါ့ကြောင့် ထိုကျောင်းသားက ထော်ပါးဟိုင်၏ စကားကို အရေးမထားခဲ့ပေ။
သို့သော် နောက်ဆက်ဖြစ်မည့်အရာက အားလုံးထင်ထားသည်နှင့် လွဲချော်နေခဲ့လေသည်။
....................................................................................
အခန်း(၂၆၃)ပြီးပါပြီ။
အခန်း (၂၆၄) : မြေပြင်ပေါ်တွင် ဖိနှိပ်ထားခြင်း
အထူးသဖြင့် ၇ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျောင်းသားအားလုံး ရုတ်တရက်မတ်တပ်ထရပ်လာကြသည်။
ဘမ်း...
ထော်ပါးဟိုင်နှင့် သိုင်းပညာဖလှယ်ရန်တက်သွားသော အတန်းဖော်မှာ ထော်ပါးဟိုင်၏ ကန်ချက်တချက်တည်းဖြင့် လွင့်ထွက်သွားလေသည်။
ထိုအချိန်မှာပဲ ရှုံးသွားသောလူ၏ မျက်နှာ အမူအရာထက် ကျန်တဲ့ အတန်းဖော်များ၏ မျက်နှာများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားလေသည်။
သို့သော်လည်း ၇ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျောင်းသားများမှာ ကြောက်ရွံ့မသွားခဲ့ပေ။ သူတို့၏ထိတ်လန့်သွားမှုကို အလျင်အမြန်ပြန်ထိန်းချုပ်လိုက်ပြီး သူတို့၏စိတ်ကို ဒီအရင်းအမြစ်ခွဲဝေရေးအဆုံးအဖြတ်ပွဲအတွက် အလေးအနက်ထားလိုက်ကြလေသည်။
"ငါစမ်းသပ်ကြည့်ပါရစေ"
ယွမ်ချန်းက တိုက်ခိုက်ဖို့ပြောလိုက်လေသည်။
"ဟေး ဘာလို့ ယွမ်ချန်းက တက်သွားတာလဲ"
ရှုလင်နှင့် အခြားလူများက အံ့အားသင့်သွားခဲ့သည်။ သူတို့အားလုံး ယွမ်ချန်း စိတ်မရှည်တော့ကို မသိခဲ့ကြပေ။
"ကျွတ်..."
ကျိုးဟောင်ခေါင်းခါလိုက်မိသည်။
ယွမ်ချန်းမှာ စိတ်လှုပ်ရှားနေပြီး ထော်ပါးဟိုင်၏ အင်အားကို နားမလည်သေးပေ။ ကျိုးဟောင်၏ဘေးတွင်ရှိနေသောရှုလင်မှာ ကျိုးဟောင်ငြီးငြူလိုက်သည်ကို ကြားလိုက်လေသည်။
"ယွမ်ချန်းက သူနဲ့ရင်ဆိုင်ဖို့ အဆင့်ကွာဟနေသေးတယ်"
ကျိုးဟောင်က အမှန်တိုင်းပြောပြလိုက်သည်။ ယွမ်ချန်းမဆိုထားနှင့် ကျန်းယိ နှင့် ယွင်ယန်တောင် ထော်ပါးဟိုင်ကို မယှဉ်နိုင်သေးပေ။
ထိုချိန်မှာပဲ ကျိုးဟောင်ကတခုခုကိုစဉ်းစားမိပြီး ဇဝေဇဝါဖြစ်သွားသည်။ ၆ခုမြောက်လေ့ကျင့်ရေးစခန်းရှိကျောင်းသားများမှာ သူတို့နှင့် ကျင့်ကြံချိန်အရမ်းမကွာသေးပေ။ သို့သော် သူတို့ကြားတွင်တော့ ကွာခြားချက်ကြီးမားနေလေသည်။
ထိုကျောင်းသားများဘယ်လိုကျင့်ကြံသလဲဆိုသည့်အချက်ကို သူစိတ်၀င်စားသွားလေသည်။
ဘမ်း....
တိုက်ခိုက်သံများကြားလိုက်ရပြီး မကြာမီ ယွမ်ချန်းမှာ ရှေ့ကကျောင်းသား၏လမ်းစဉ်အတိုင်းလိုက်သွားရလေသည်။
ထော်ပါးဟိုင်၏ ကန်ချက်ကြောင့် ယွမ်ချန်းလည်းလေထဲလွင့်သွားပြန်သည်။ မြေပေါ်သို့ ပြန်ကျလာသောအခါ ယွမ်ချန်းမှာ ဘာဖြစ်သွားမှန်းတောင်သိလိုက်ပုံမရဘဲ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများပြည့်နေလေသည်။
"လခွမ်း ဘာတွေဖြစ်သွားတာလဲ"
၇ခုမြောက်လေ့ကျင့်ရေးစခန်း၏ ကျောင်းသားများမှာ မှင်တက်ကုန်ကြပြီး တချို့ဆို တံထွေးတောင်သီးကုန်ကြလေသည်။
အချက်အလက်များအရ ၆ခုမြောက်လေ့ကျင့်ရေးစခန်းတွင် ပညာရှင်၁၀ယောက်ရှိပြီး ထိုပညာရှင် ၁၀ယောက်မှာ ၆ခုမြောက်စခန်းတခုလုံးတွင် အသန်မာဆုံးဖြစ်လေသည်။
ထော်ပါးဟိုင်မှာ အလွန်သန်မာသော်လည်း ထိုပညာရှင် ၁၀ယောက်ထဲ မပါ၀င်ပေ။ ထိုအခြင်းအရာကိုကြည့်ခြင်းဖြင့် ထိုပညာရှင် ၁၀ယောက်မှာ ဘယ်လောက် ကြောက်စရာကောင်းမလဲတွေးကြည့်နိုင်လေသည်။
ထိုအခိုက်အတန့်တွင် အစက ယုံကြည်မှု အပြည့်ရှိနေသော ကျောင်းသားများမှာ ကျောထဲမှ စိမ့်ခနဲ ခံစားလိုက်ရပြီး ယုံကြည်မှုများလည်း ဝေဝါးလာလေသည်။
တခြားတဖက်တွင်လည်း ၆ခုမြောက်လေ့ကျင့်ရေးစခန်း၏ ထိပ်သီးပညာရှင် ၁၀ယောက်မှာ ပွဲကြည့်ပရိတ်သတ်များအဖြစ်သာထိုင်နေပြီး သူတို့၏ မျက်လုံးများကို မှိတ်ထားကြလေသည်။သူတို့သည် ဒီနေ့ပြိုင်ပွဲကို စိတ်မ၀င်စားကြောင်းထင်ရှားလေသည်။
ဒီပြိုင်ပွဲကို မလာခင်ထဲက သူတို့၀င်ပါရန်မလိုအပ်ကြောင်းကို လူတိုင်းနီးပါးရိပ်မိကြလေသည်။ ၆ခုမြောက်လေ့ကျင့်ရေးစခန်း၏ ကျောင်းသားများမှာ ငရဲခန်းတမျှ အပြင်းအထန်လေ့ကျင့်မှုများရှိလေသည်။
သူတို့အတွက်တော့ ၇ခုမြောက်လေ့ကျင့်ရေးစခန်း၏ကျောင်းသားများမှာကလေးသာသာဖြစ်လေသည်။ ၇ခုမြောက်လေ့ကျင့်ရေးစခန်းရှိ ကျောင်းသားများအနေဖြင့် အသက်အန္တရာယ်ရှိသောရှေ့တန်းအစွန်ဆုံးအပိုင်းကိုသာလေ့ကျင့်ရေးခရီးထွက်ခဲ့ဖူးခြင်းသာရှိလေသည်။
သူတို့လေ့ကျင့်ရေးစခန်း နှစ်ခုကြားရှိ တဦးချင်းစွမ်းဆောင်ရည်မှာ သိသိသာသာ ကွာခြားကြောင်းမြင်သာမှုရှိလေသည်။
"ဒီကောင်က တော်တော်စွမ်းအားကြီးတာပဲ"
ကျိုးဟောင်ဘေးတွင်ရပ်နေသော ကျန်းယိဆီမှတောင် တအံတဩအသံထွက်လာခဲ့လေသည်။သူ့မျက်လုံးများတွင်လည်း ထော်ပါးဟိုင်အပေါ် ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေလေသည်။
ထော်ပါးဟိုင်မှာ စင်မြင့်ပေါ်သို့ ပထမဆုံးတက်လာသူဖြစ်သောကြောင့် သူ့အင်အားမှာ သိပ်မသန်မာလောက်ဘူးလို့ သူတို့အားလုံးထင်ခဲ့ကြလေသည်။
နောက်ဆုံးတော့ သူတို့အားလုံး သတိထားဖို့လိုအပ်လာလေပြီ။ ထော်ပါးဟိုင်က ယွင်ချန်းကိုပါ အနိုင်ယူပြခဲ့သောကြောင့် ၇ခုမြောက်လေ့ကျင့်ရေးစခန်းတွင် သူ့အား အနိုင်ယူနိုင်သူ သိပ်များများစားစားမရှိတော့ပေ။
"ရှုလင် နင်ဒီကောင်ကို အနိုင်ယူနိုင်မလား"
ယွင်ယန်မှာ ထိတ်လန့်တကြားမေးလိုက်သည်။
ထော်ပါးဟိုင်မှ ၆ခုမြောက်လေ့ကျင့်ရေးစခန်းတွင် ထိပ်ဆုံး ၁၀ယောက်ထဲ မ၀င်နိုင်ပေမဲ့ သူတို့၇ခုမြောက်ဆီသို့သာလာပါက ပြိုင်ပွဲအားလုံးကို အနိုင်ယူနိုင်မည်ဖြစ်လေသည်။
၇ခုမြောက်လေ့ကျင့်ရေးစခန်းက ဒီလောက်တောင် သုံးစားမရဖြစ်နေလား။
ယွင်ယန်မှာ သံသယစိတ်များပြည့်နေလေသည်။
"အနိုင်ယူနိုင်ပါတယ် ဒါပေမဲ့..."
ရှုလင်ကခေါင်းညိတ်ပြီးပြောလိုက်သည်။ ထော်ပါးဟိုင်ကသန်မာသော်လည်းသူမရင်မဆိုင်နိုင်သည်အထိတော့ မသန်မာသေးပေ။
ဒါပေမဲ့....
ရှုလင်က ၆ခုမြောက်လေ့ကျင့်ရေးစခန်းမှ ကျောင်းသားများ၏ စတုရန်းပုံစံအစုအဖွဲ့ကို တချက်ကြည့်လိုက်သည်။
ယခု ထော်ပါးဟိုင်ကတောင် ဒီလောက်သန်မာနေရင် ကျန်တဲ့လူများကရော ဘယ်လောက်အထိသန်မာနေဦးမည်နည်း။
ဒါ့အပြင် မျက်လုံးပိတ်ပြီးထိုင်နေသော ၆ခုမြောက်လေ့ကျင့်ရေးစခန်း၏ ထိပ်သီး အမျိုးသား၊အမျိုးသမီး၁၀ယောက်ရှိသေးလေသည်။
ထိုအခြေအနေများအရ ကျိုးဟောင်တောင်မှ သူတို့အတွက်ပြိုင်ဘက်မဖြစ်နိုင်ပေ။
"လုကျန်း ၀င်ရောက်ယှဉ်ပြိုင်နေပြီ"
ယွင်ယန် ရှုံးနိမ့်သွားသောကြောင့် ၇ခုမြောက်လေ့ကျင့်ရေးစခန်း၏ကျောင်းသားများမှာ တုန်လှုပ်နေခဲ့လေသည်။
ဘယ်သူမှာစင်မြင့်ထက်မှ လွင့်စင်ထွက်သွားမည့် နောက်ထပ်လူတယောက်မဖြစ်ချင်ကြပေ။ ကျိယွီဖန်၊ ရှုလင် နှင့် ကျိုးဟောင်တို့လောက်သာ ဒီပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလေသည်။တခြားသူများ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ပါက ချက်ချင်းထုတ်ပယ်ခြင်းခံရမည်ဖြစ်သည်။
"ဘယ်သူနိုင်မယ်ထင်လဲ"
ယွင်ယန်က စိတ်မထိန်းနိုင်ဘဲမေးမိလိုက်သည်။
"လုကျန်း"
ကျိုးဟောင်က ပေါ့ပေါ့ပါးပါးပင်ဖြေလိုက်သည်။
လုကျန်းမှာ ထော်ပါးဟိုင်လောက်အရမ်းမစွမ်းသော်လည်း သူ၏ပင်ကိုယ်အရည်အချင်းနှင့် ကိုယ်ကာယအင်အားဖြင့် ထော်ပါးဟိုင်အား ဖိနှိပ်နိုင်စွမ်းရှိလေသည်။
....................................................................................
အခန်း(၂၆၄)ပြီးပါပြီ။