အခန်း (၂၆၅-၂၆၇)
Vol. 18 Ch. 265-267
အခန်း (၂၆၅): ကျောက်တုံးအား ကြက်ဥဖြင့်ပေါက်ခြင်း
ထော်ပါးဟိုင်မှာ စွမ်းအားကြီးသော်လည်းသူ့တွင်ထူးခြားကိုယ်ခန္ဓာအသွင်အပြင်မရှိပေ။ သူယခုလိုစွမ်းအားကြီးနေရခြင်းကလည်း သူ့ကျင့်ကြံရေးအခြေခံအုတ်မြစ်က ကျစ်လစ်ခိုင်မာသောကြောင့်ဖြစ်လေသည်။
လုကျန်းစင်ပေါ်သို့ တက်ရောက်လာပြီးနောက် ထော်ပါးဟိုင်အား အပြင်းအထန်တိုက်ခိုက်လေသည်။ နှစ်ဖက်စလုံးမှာ အလွန်မျှတနေပြီး ဘယ်သူနိုင်သွားမလဲ ခဏလောက် ဝေခွဲမရ ဖြစ်နေလေသည်။
ထိုအချိန်မှာပဲ ၆ခုမြောက်လေ့ကျင့်ရေးစခန်း၏ ထိပ်သီး၁၀ယောက်မှာလည်း အသီးသီး မျက်လုံးဖွင့်ကြည့်လာကြလေသည်။
သူတို့ခဏလောက်သာစိတ်မပါလက်မပါကြည့်ခဲ့ခြင်းဖြစ်လေသည်။
လုကျန်း၏အင်အားက မဆိုးလှပေ။ သူသည် ထော်ပါးဟိုင်နှင့် လက်ရည်တူလောက်ရှိလေသည်။
သူတို့နှစ်ယောက် အချိန်အတော်ကြာတိုက်ခိုက်ခဲ့ပြီးနောက် လုကျန်းမှာ ခက်ခက်ခဲခဲဖြင့် အနိုင်ယူနိုင်ခဲ့လေသည်။
ထော်ပါးဟိုင်မှာ စင်မြင့်ထက်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး အလွန်မောပန်းသောကြောင့် အလျင်အမြန် ပင် သယ်ထုတ်သွားရလေသည်။
လုကျန်းမှာလည်း စင်မြင့်၏ အစွန်းနားတွင် ယိုင်တိုင်တိုင်ဖြစ်နေပြီး မလှုပ်ရှားနိုင်တော့ပေ။ ဒါ့ကြောင့် သူကိုလည်း ကျောင်းသားများက ခေါ်ဆောင် သွားကြလေသည်။
တခြားအဖွဲ့၏ ထိပ်သီး၁၀ယောက်မှာ အေးအေး ဆေးဆေးထိုင်နေကြချိန်မှာပဲ သူတို့အဖွဲ့၏ အဓိကလူတယောက်မှာတော့ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
ယခုပြိုင်ပွဲက ကျောက်တုံးအား ကြက်ဥနှင့် ပေါက်နေသကဲ့သို့ အဓိပ္ပါယ်မဲ့သလိုဖြစ်နေလေသည်။သို့သော် လည်း သူတို့အနေဖြင့် ဒီအတိုင်းတော့ အရှုံးကို ၀န်မခံလိုပေ။
ပြိုင်ပွဲကတော့ ဆက်လက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေလေသည်။
ထော်ပါးဟိုင်ထွက်ခွာသွားရပြီးနောက် ၀၀တုတ်တုတ်ဗိုက်ရွှဲရွှဲနှင့်လူတယောက် စင်ပေါ်သို့တက်လာလေသည်။
"ဒီလူက ဘယ်သူလဲ "
ကျန်းယိနှင့် အခြားလူများ မျက်မှောင်ကြုတ်လိုက်ကြသည်။
သို့သော်လည်း ၆ခုမြောက်လေ့ကျင့်ရေးစခန်းမှလူများ၏အစွမ်းအစကို မြင်တွေ့ခဲ့ရပြီးဖြစ်သောကြောင့် သူတို့အထင်တော့မသေးကြပေ။
" အဲ့ဒါ ချန်းလီ ကျင့်ကြံသူမိသားစုကပဲ။ သူမိဘနှစ်ပါးစလုံးက မူလအဆင့်ပညာရှင်တွေ"
တခြားသူများ ဇဝေဇဝါဖြစ်နေစဉ်မှာပဲ ရှုလင်ကရှင်းပြလိုက်သည်။
လူအများအပြားက ထိုဖက်တီး၏မိဘများမှာ မူလအဆင့်ပညာရှင်များဖြစ်ကြောင်းကြားလိုက်ရသောကြောင့် သက်ပြင်းချလိုက်မိကြသည်။
"ကျိယွီဖန် က ပြိုင်ပွဲထဲ၀င်သွားပြီ"
၇ခုမြောက် လေ့ကျင့်ရေးစခန်း၏ ကျောင်းသားများမှာ အကူအညီမဲ့သလိုခံစားနေရသည်။
တဖက်ရှိ ထိပ်သီး ကျောင်းသားများ တယောက်မှ မလှုပ်ရှားသေးခင်မှာပင် သူတို့စခန်း၏ တတိယမြောက် အသန်မာဆုံးသူက ထွက်ရင်ဆိုင်နေရလေပြီ။
၇ခုမြောက် လေ့ကျင့်ရေးစခန်း၏ ကျောင်းသားများမှာလည်း ကျိယွီဖန်က ဂုဏ်မောက်သလို စွမ်းအားလည်းကြီးပါစေလို့ မျှော်လင့်နေမိကြသည်။ ကျိယွီဖန်အနေဖြင့် အလျင်အမြန်အနိုင်ယူပြီး တဖက်အဖွဲ့၏ ဂုဏ်ဆာနေမှုကို ချိုးနှိမ်ပေးဖို့မျှော်လင့်နေမိကြသည်။
ဒါ့အပြင် သူ့မှာ ထူးခြားကိုယ်ခန္ဓာအသွင်အပြင်လည်းရှိလေသည်။
သို့သော်လည်း နာရီ၀က်လောက်ကြာပြီးနောက် ၇ခုမြောက်လေ့ကျင့်ရေးစခန်း၏ ကျောင်းသားအားလုံး စိတ်ပျက်သွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ကျိယွီဖန်မှာ ပြိုင်ပွဲတွင်အနိုင်ရခဲ့သော်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့လေသည်။ သူ့လက်များမှာ တုန်ရီနေပြီး ကိုယ်တွင်းရှိ သွအနှစ်သာရမှာလည်း ပင်ပန်းနေခဲ့လေသည်။
သူသေချာပေါက် ဆက်လက်တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ပေ။
ဟိုဘက်အဖွဲ့တွင် ထိပ်သီး ၉ယောက်ကျန်သေးသော်လည်း သူတို့ဆီတွင် ရှုလင်နှင့် ကျိုးဟောင်သာ ကျန်တော့လေသည်။
"စွမ်းအားအကြီးဆုံး ကျောင်းသားတွေက ရှုလင်နဲ့ ကျိုးဟောင်မှတ်လား"
"အချိန်တွေဖြုန်းမနေနဲ့တော့ သူတို့နှစ်ယောက်ကို အတူယှဉ်ပြိုင်ခိုင်းလိုက်တော့"
၆ခုမြောက်စခန်းဘက်မှ အရပ်ပုပုအသားညိုညို နှင့်လူတယောက်က စင်မြင့်ပေါ်သို့တက်လာပြီး ဂုဏ်မောက်စွာပြောလိုက်လေသည်။
သူဂုဏ်မောက်ချင်လည်း ဂုဏ်မောက်စရာပေ။ သူ့တကိုယ်လုံးဆီမှ ပေါက်ကွဲအားပြင်းထန်သော အရှိန်အဝါများခံစားနေရပြီး ထိတ်လန့်ဖွယ်ကောင်းအောင် စွမ်းအားကြီးလေသည်။
"ဟမ်..."
ထိုစကားကြောင့် ရှုလင်မှာ ဒေါသထွက်သွားလေသည်။
သူမ စင်ပြင်ပေါ်သို့ မတက်ခင်မှာပဲ ကျိုးဟောင်ကပါ မတ်တပ်ရပ်လာလေသည်။
"နေဦး ငါအရင်သွားမယ်"
ရှုလင်မှာ ကျိုးဟောင်အား အရင်စင်ပေါ်သို့ လွှတ် လိုက်ရန်အစီအစဉ်မရှိပေ။
သူမအနေဖြင့် ဟိုဘက်အဖွဲ့က ထိပ်သီးအနည်းငယ်လောက်ကို တတ်နိုင်သလောက် ဆွဲချရန်စဉ်းစားထားပြီး ကျိုးဟောင်အင်အားနှင့်သာဆို လက်ကျန်လူများကို အနိုင်ယူနိုင်မည်ဖြစ်လေသည်။
ကျိုးဟောင်မှာ ချက်ချင်း ထတိုက်ခိုက်ချင်သော်လည်း ရှုလင်မှာ တခုခုကြံစည်ထားကြောင်း ရိပ်မိလိုက်သောကြောင့် ဆက်လက်အထွန့်မတက်တော့ပေ။
ရှုလင်မှာ စင်ပေါ်သို့ရောက်သွားသည်နှင့် သူမဆီမှာ အေးမြသော အရှိန်အဝါများကို ထုတ်လွှင့်လိုက်ပြီး ထိုအရပ်ပုပုလူအား သဲကြီးမဲကြီး တိုက်ခိုက်လေသည်။
ရှုလင်က အားမနည်းသော်လည်း လင်ရွှိက်မှာလည်း ထိပ်ဆုံး ၁၀လောက်ထဲမှ လူဖြစ်သောကြောင့် ပေါ့သေးသေးတော့မဟုတ်ပေ။
ရှုလင်နှင့်အသားညိုညို လင်ရွှိက်တို့မှာ အကြိမ်တစ်ရာနီးပါး တိုက်ခိုက်ကြသော်လည်း လက်ရည်တူနေခဲ့လေသည်။
"သူတို့က အရမ်း စွမ်းအားကြီးတာပဲ"
ယွင်ယန်ဆီမှ အာမေဋိတ်အသံတောင်ထွက်လာလေသည်။
တဖက်အဖွဲ့၏ အသန်မာဆုံးလူဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးမလဲဆိုတာကို ယွင်ယန်တွေးမိနေလေသည်။
"ကျိုးဟောင်ဘယ်သွားမလို့လဲ"
ကျိုးဟောင်မတ်တပ်ထရပ်လိုက်သောကြောင့် ကျန်းယိကမေးလိုက်လေသည်။
"သူမကို ကူညီပေးမလို့"
ကျိုးဟောင်က ခါးခါးသီးသီးပြုံးပြလိုက်သည်။
ရှုလင်နဲ့ လွှင်ရွှိုက်တို့၏ တိုက်ပွဲမှာ ပြီးခါနီးပြီဖြစ်လေသည်။
....................................................................................
အခန်း(၂၆၅)ပြီးပါပြီ။
အခန်း (၂၆၆) : နည်းပြပိုင်ရှား၏ အံ့ဩမှု
ကျိုးဟောင်ခန့်မှန်းသည်မှာ လုံးဝမှန်ပေသည်။ ရှုလင်နှင့်လင်ရွှိုက်ကြားမှတိုက်ပွဲမှာ အလျင်အမြန်ပင် အဆုံးသတ်ကိုရောက်လာပေသည်။
ရှုလင်မှာစွမ်းအားကြီးသော်လည်း ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏ ထိပ်တန်းပညာရှင် ၁၀ယောက်ထဲမှတစ်ယောက်ဖြစ်သော လင်ရွှိုက်မှာလည်း လုံးဝအားမနည်းနေပေ။
ကျိုးဟောင်ပြိုင်ကွင်း၏အစွန်းကိုရောက်သည့်အချိန်တွင် ရှုလင်မှာနောက်ဆုံး၌အခွင့်အရေးအားအမိအရယူကာ လင်ရွှိုက်အားပြိုင်ကွင်း၏အပြင်ဘက်သို့ လက်ဝါးတစ်ချက်ဖြင့်တွန်းထုတ်လိုက်လေသည်။
"ဟီးဟီး ဒီတစ်ခေါက်ငါ့စွမ်းအားအပြည့်မသုံးထားဘူး အလှလေး"
လင်ရွှိုက်မှာရှုလင်၏လက်ချက်ဖြင့် ပြိုင်ကွင်းပြင်ပသို့တွန်းထုတ်ခံလိုက်ရပြီးနောက် သူ့ထံတွင်မည်သည့်ဒေါသ၊ မလိုလားမှုမျှမရှိပေ။
လင်ရွှိုက်ပြောသည်မှာမှန်သောကြောင့် ရှုလင်သည်လည်း ငြင်းဆိုခြင်းမပြုပေ။
လင်ရွှိုက်မှာတကယ်ပင် သူ၏ဝှက်ဖဲအားလုံးကို ထုတ်မပြခဲ့ကြောင်းကို သူမခံစားမိပေသည်။
သို့သော် သူမသည်လည်းသူမ၏စွမ်းအားအပြည့်ကို ထုတ်မပြခဲ့ပေ။
သူမ၏လက်ရှိအခြေအနေမှာ ဆိုးဝါးခြင်းမရှိသကဲ့သို့ ဒဏ်ရာမရခဲ့သော်လည်း သူမသည်စွမ်းအင်အများအပြားကိုသုံးစွဲခဲ့ပေရာ သူမအတွက်ဆက်လက်တိုက်ခိုက်ဖို့မှာလည်း မဖြစ်နိုင်ပေ။
ရှုလင်သည်မတတ်နိုင်သော်လည်း ပြိုင်ကွင်းထဲမှထွက်ခွာသွားလေသည်။
"ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး...."
ရှုလင်မှာခေါင်းသာယမ်းမိလိုက်သည်။ သူမတကယ်ပင် ကျိုးဟောင်အတွက်ဖိအားအနည်းငယ်ကို လျှော့ချပေးနိုင်ရန် နောက်ထပ်လူအနည်းငယ်ကိုထပ်မံအနိုင်ယူချင်သေးပေသည်။
သူမသာ ယခုထက်လူအရေအတွက်အနည်းငယ်ပို၍အနိုင်ယူနိုင်ပါက ကျိုးဟောင်ထံ၌အခွင့်အရေးရှိနိုင်ပေသည်။
"နည်းပြယန်ဟွေ့ ဆက်ပြီးတိုက်ခိုက်နေဖို့လိုသေးလား"
၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ နည်းပြပိုင်ရှားမှာ သူ့စိတ်ထဲရှိဘဝင်မြင့်နေမှုအားမဖုံးကွယ်ထားဘဲ ယန်ဟွေ့အားအေးဆေးပင်ကြည့်နေလေသည်။
"ဆက်တိုက်ကြတာပေါ့"
ယန်ဟွေ့၏မျက်နှာအမူအရာမှာ အတော်လေးအကျည်းတန်နေပေသည်။
သို့သော် ဤကဲ့သို့ဖြစ်ရသည်မှာ ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ ကျောင်းသားများအားနည်း၍မဟုတ်ဘဲ ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှလူများမှာ အလွန်စွမ်းအားကြီး၍ဖြစ်ကြောင်းကို သူသိပေသည်။
"ကောင်းပြီလေ"
ငါးမန်းဖြူမှာခေါင်းသာယမ်းလိုက်မိလေသည်။ ဤယန်ဟွေ့မှာ တကယ်ကိုခေါင်းမာလွန်းလှပေသည်။
သူ ၇ခုမြောက်အဆင့် မြင့်အခြေစိုက်စခန်းအား လွယ်ကူသောထွက်ပေါက်ပေးချင်ပေသည်။
သို့သော် ယန်ဟွေ့မှာလက်မလျှော့ချင်မှတော့ သူဘာမှမပြောခဲ့သလိုဟန်ဆောင်ရုံသာရှိတော့သည်။
လေ့ကျင့်ရေးခန်းမထဲတွင် လေထုကပုံမှန်မဟုတ်ဘဲ အတော်လေးဖိစီးနေပေသည်။
၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်း၏ ကျောင်းသားများမှာ အားလုံးပင်ပန်းနေပုံပေါ်သည်။
သူတို့နှစ်ဖွဲ့လုံးမှာ အဆင့်မြင့်အခြေစိုက်စခန်းများမှ ထိပ်တန်းပါရမီရှင်များဖြစ်ကြသော်လည်း သူတို့နှင့် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှကျောင်းသားများကြားရှိကွာခြားချက်မှာ တကယ်ပင်အလွန်ကြီးမားလှပေသည်။
လက်ရှိအချိန်တွင် သူတို့၏ဂုဏ်သိက္ခာအားလုံးမှာ တစ်စစီဖြစ်နေပြီဖြစ်သည်။
"ပြီးပြီပဲ နောက်ကိုငါတို့ရဲ့ကျင့်ကြံရေးအရင်းအမြစ်တွေတော့ အကြီးကြီးကိုလျှော့ချခံရတော့မှာ"
ကျောင်းသားတစ်ယောက်မှ စိတ်ဓာတ်ကျစွာဖြင့်ပြောလိုက်သည်။
"မတတ်နိုင်ဘူး ကွာခြားချက်ကအရမ်းကြီးလွန်းတယ်"
အခြားတစ်ယောက်မှာလည်း အားလျော့စွာပြောလာလေသည်။
သူတို့သည်ဆွေးနွေးနေရင်းနှင့် ကျိုးဟောင်အားကြည့်လိုက်ကြလေသည်။
လက်ရှိကျိုးဟောင်မှာ ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းတစ်ခုလုံး၏ မျှော်လင့်ချက်တန်းဖြစ်လာလေသည်။
သို့သော် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသောပါရမီရှင် ၈ ယောက်ရှိသေးသည်။ ကျိုးဟောင်မည်မျှ အထင်ကြီးစရာကောင်းသည်ဖြစ်စေ လူရှစ်ယောက်အား သူ့တစ်ယောက်တည်းဖြင့်မတိုက်နိုင်ပေ။
ထိုအကြောင်းအရာအားစဉ်းစားမိလိုက်သည့်အခါ အားလုံးမှာချက်ချင်းပင် စိတ်ပျက်စွာသက်ပြင်းချလိုက်မိသည်။
"ဒီလိုဆိုရင်ရော နည်းပြယန်ဟွေ့ နောက်တစ်ပွဲအနေနဲ့ ကျုပ်တို့ ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းက လူ ၃ယောက်ထပ်လွှတ်မယ်"
"ခင်ဗျားကျောင်းသားက ဒီကျောင်းသား ၃ယောက်ကိုအနိုင်ယူနိုင်ရင် ဒီတစ်ကြိမ်ကိုခင်ဗျားဘက်ကနိုင်တယ်လို့သတ်မှတ်ပေးမယ် ဘယ်လိုလဲ"
၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ ကျောင်းသားများမတိုက်ခိုက်တော့သည်ကိုကြည့်ပြီး ငါးမန်းဖြူမှပြုံးရင်းပြောလိုက်သည်။
စင်စစ် ငါးမန်းဖြူ၏စကားအားကြားသောအခါ အားလုံး၏စိတ်ဓာတ်မှာတက်ကြွလာလေသည်။
ကျန်းယိ၊ ယွမ်ချန်း၊ ယွင်ယန်နှင့်အခြားလူများပင် မော့ကြည့်လာကြသည်။
၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှကျောင်းသားများမှာ အလွန်စွမ်းအားကြီးလှပေရာသူတို့၏အဆင့်မှာ လုံးဝမတူညီပေ။
ယခု အကယ်၍သူတို့ဘက်က ဤကျောင်းသား ၃ယောက်ကိုသာ အနိုင်ယူရန်လိုအပ်သည်ဆိုပါက......
ယခုအချိန်တွင် ကျိုးဟောင်မှာထို ၃ယောက်ကိုသာအနိုင်ပိုင်းရတော့မည်ဖြစ်၍ အားလုံးအတွက်ထပ်ပြီးမျှော်လင့်ချက်ရှိလာပေသည်။
သို့သော် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ ကျောင်းသားများမည်မျှကြောက်မက်ဖွယ်ကောင်းသလဲဟူသောအချက်အားတွေးမိပြီးနောက် အားလုံးမှာမျှော်လင့်ချက်မဲ့သွားလေသည်။
အစောပိုင်းကအခြေအနေအရဆိုပါက ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရှိကျောင်းသားများမှာအလွန်သန်မာကြပြီး ရှေ့လူထက်နောက်လူမှာ ပိုပိုသန်မာလာကြပေသည်။
ကျိုးဟောင်မည်မျှပင်သာမန်ထက်ထူးခြားသည်ဖြစ်စေ အများဆုံးမှတစ်ယောက် နှစ်ယောက်ကိုသာအနိုင်ယူနိုင်မည်ဖြစ်သည်။
ဤပွဲမှာပြောဖို့မလွယ်ပေ။ အကယ်၍ တစ်ဖက်လူမှာအသန်မာဆုံးလူ ၃ယောက်အား တန်းပွဲထုတ်လိုက်ပါက ကျိုးဟောင်တစ်ယောက်ကိုမှ အနိုင်ယူနိုင်မည်မဟုတ်ပေ။
"ကောင်းပြီလေ ကြိုးစားကြည့်တာပေါ့"
ယန်ဟွေ့မှာချက်ချင်းပင်သဘောတူလိုက်သည်။ ဘာမှမရှိတာထက်စာလျှင် မျှော်လင့်ချက်ရှိသည်က ပိုသာပေသည်။
ယန်ဟွေ့သဘောတူပြီးနောက် ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှ ကျောင်းသား ၃ ယောက်မှာအလျင်အမြန်ပင် မတ်တတ်ရပ်လာကြလေသည်။
မကြာမီ အရပ်ရှည်ရှည်နှင့်သန်သန်မာမာယောက်ျားတစ်ယောက်မှာ ပြိုင်ကွင်းထဲ၌ပေါ်လာလေသည်။
ထိုအမျိုးသား၏အကြည့်မှာ အားလုံးကိုဖြတ်ကျော်သွားပြီး ကျိုးဟောင်ထံ၌အဆုံးသတ်သွားလေသည်။ သူ၏အကြည့်မှာစစ်ဆေးအကဲဖြတ်နေပုံပေါ်ပြီး အတော်လေးစိတ်ဝင်စားစရာကောင်းပေသည်။
ကျိုးဟောင်အားအထွတ်အထိပ်မူလအဆင့်ပညာရှင်တစ်ယောက်မှ ပျိုးထောင်ထားကြောင်းကိုကြားခဲ့ရပေရာ သူတို့၏တိုက်ပွဲမှာရလဒ်တစ်ခုခုကိုတော့ မျှော်လင့်မိပေသည်။
ကျိုးဟောင်မှာတွေဝေမနေဘဲ စင်မြင့်ပေါ်သို့ဖြေးညှင်းစွာလမ်းလျှောက်သွားလိုက်သည်။
"လက်သီးနဲ့ခြေထောက်မှာမျက်လုံးမပါဘူး ခဏနေလို့မင်းငါ့ကိုမနိုင်ရင် ကိုယ့်ဘာသာခုန်ဆင်းသွားလိုက်"
ဝူရှောင်းမှာသူ့အားစေတနာဖြင့်သတိပေးနေပုံပေါ်သော်လည်း သူ၏စကားတွင် ကျိုးဟောင်အား အထင်သေးမှုများနှင့် မထီမဲ့မြင်ပြုလိုသောအဓိပ္ပာယ်များပါနေပေသည်။
တိုက်ပွဲမစမီ ပြိုင်ဘက်၏စိတ်ပိုင်းဆိုင်ရာအား အနှောင့်အယှက်ပေးခြင်းသည်လည်း နည်းဗျူဟာတစ်မျိုးဖြစ်သည်။
သိုင်းပညာရှင်များလိုချင်သည့်အရာမှာ အသက်ရှင်သန်ရေးနှင့် အနိုင်ရရန်သာဖြစ်သည်။ အသုံးချသည့်နည်းလမ်းများမှာတော့ တရားမျှတမှုကိုမချိုးဖောက်သရွေ့ ကိစ္စမရှိပေ။
သို့သော် ဝူရှောင်း၏ရန်စမှုနှင့်ရင်ဆိုင်ရသည့်အချိန်တွင် ကျိုးဟောင်၏တုံ့ပြန်မှုမှာ လုံးဝမတုံ့ပြန်ခြင်းပင်ဖြစ်သည်။
သူသည်တစ်ဖက်သားအား လုံးဝကိုလေထုအဖြစ်သတ်မှတ်ထားပေသည်။
ကျိုးဟောင်စကားတစ်ခွန်းမှမပြောသည်ကိုမြင်လိုက်ရသောအခါ ဝူရှောင်းမှာ ချည်သားအားလက်သီးဖြင့်ထိုးနေရသည့်အတိုင်း အားထည့်သလောက်အားမပါသလိုခံစားနေရပေသည်။
လျစ်လျူရှူခြင်းအားခံလိုက်ရသောအရှက်ရမှုတစ်ခုမှာ သူ၏စိတ်ထဲတွင်ပေါက်ဖွားလာလေရာ ဝူရှောင်းမှာ ထိုကလေးအားနောက်မှသင်ခန်းစာပေးရမည်ဟု တွေးမိလိုက်ပေသည်။
....................................................................................
အခန်း(၂၆၆) ပြီးပါပြီ။
အခန်း (၂၆၇) : ကျောက်ချပ်ဝတ် လျှို့ဝှက်သိုင်း
ကျိုးဟောင်၏တည်ငြိမ်နေသော်လည်း ရှုလင်နှင့်ပရိတ်သတ်ထဲရှိအခြားလူများမှာ အတော်လေးစိုရိမ်နေကြပေသည်။
ဤဝူရှောင်းမှာ ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းတွင် အသန်မာဆုံးလူမဟုတ်ပေ။
ယခုတစ်ကြိမ်တိုက်ခိုက်မည့်လူ ၃ယောက်မှာ ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းတွင် အဆင့် ၆ သို့မဟုတ် ၇လောက်သာရှိပေသည်။
၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းမှာမည်သူ့ကိုမျှအနိုင်မကျင့်ပေ။ သို့သော် အဆင့်မြင့်အခြေစိုက်စခန်းနှစ်ခုကြားရှိကွာခြားချက်မှာ အလွန်ကြီးပေသည်။ ပုံစံအားကြည့်ရသည်မှာ သူတို့သည် တကယ်ပင်၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းနှင့် အရင်းအမြစ်များမျှဝေသုံးစွဲရန် အရည်အချင်းမပြည့်မှီသည့်ပုံပေါ်နေပေသည်။
ဘန်း!
သူ၏ရန်စမှုမှာအသုံးမဝင်သည့်နောက် ဝူရှောင်းမှာ တန်းတိုက်ခိုက်လေတော့သည်။
သိုင်းပညာရှင်တစ်ယောက်အနေနှင့် ဘာမှမကျေမနပ်ပြောနေစရာမလိုပေ။
ယခုအချိန်တွင် သူ့လက်သီးအားလေထဲသို့ထိုးလိုက်သည်နှင့် လေထုမှာသူ၏လက်သီးချက်အောက်တွင်လုံးဝပေါက်ကွဲသွားပေသည်။
ဝူရှောင်းလက်သီးဖြင့်တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျိုးဟောင်မှာဘယ်ဘက်သို့ ခြေလှမ်းဝက်မျှသာလှမ်းလိုက်သည်။
ဤခြေလှမ်းဝက်မှာအရမ်းမများသလို အရမ်းလည်းမနည်းပဲ ကွက်တိကျပေသည်။
ဤခြေလှမ်းဝက်လှမ်းပြီးနောက် သူသည်တကယ်ပင်ဝူရှောင်း၏လက်သီးအားလုံးဝရှောင်တိမ်းလိုက်လေသည်။
"ဟာ့"
သူ၏လက်သီးချက်လွဲချော်သွားပြီးနောက် ဝူရှောင်းမှာညာသံပေးကာ လက်ဝါးအားလွှဲလိုက်ပေသည်။
ဝူရှောင်းမှာ ၆ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းအားဝင်ပြီးနောက် သူ၏အချိန်အများစုကိုရှေ့တန်းကာကွယ်ရေးခံတပ်တွင် တိုက်ခိုက်ရင်း လေ့ကျင့်ရင်းဖြင့်ကုန်ဆုံးခဲ့ပေရာ သူ၏တိုက်ပွဲအတွေ့အကြုံမှာ အတော်များပေသည်။
ကျိုးဟောင်၏ကျင့်ကြံရေးအဆင့်မှာ သူနှင့်တန်းတူနီးပါးဖြစ်သော်လည်း ကျိုးဟောင်မှာသေချာပေါက် သူ့ပြိုင်ဘက်မဟုတ်ပေ။
"ဟမ့်"
ဝူရှောင်းမှာထိုအကြောင်းအားတွေးနေရင်း ရုတ်တရက်မှင်တက်သွားလေသည်။
အစောပိုင်းကကျိုးဟောင်၏ပြောင်းလဲလိုက်သောလှုပ်ရှားမှုအား သူလုံးဝမမျှော်လင့်ထားပေ။
အဘယ့်ကြောင့်ဆိုသော် ကျိုးဟောင်မည်မျှပင်ဉာဏ်ရည်တုံးအနေသည်ဖြစ်ပါစေ သူသည်အခွင့်အရေးအားအသုံးချကာ ထိုအခိုက်အတန့်အတွင်းမှာပင် သူ့အားတိုက်ခိုက်နိုင်ပေသည်။
ကျိုးဟောင်သူ့အားတိုက်ခိုက်လိုက်သည်နှင့် သေချာပေါက် သူ့တိုက်ခိုက်မှုအားရှောင်နိုင်မည်မဟုတ်ပေ။
သူ၏တိုက်ခိုက်မှုအားခုခံနိုင်စွမ်းမှာ အလွန်သန်မာပေသည်။ သူ့မျက်လုံးထဲတွင် ကျိုးဟောင်၏လက်သီးမှာအရေးမပါသလို အန္တရာယ်လည်းမရှိပေ။
သို့သော်အကယ်၍ သူသာကျိုးဟောင်အားရိုက်လိုက်ပါက ကျိုးဟောင်မှာသေချာပေါက်စင်ပေါ်တွင် လှဲနေရမည်ဖြစ်သည်။
ဝူရှောင်း၏နည်းလမ်းများမှာ နည်းပြပိုင်ရှားအား ခေါင်းညိတ်စေပေသည်။
သို့သော် ကျိုးဟောင်၏စွမ်းဆောင်ရည်ကိုကြည့်ပြီးနောက် နည်းပြပိုင်ရှား၏မျက်နှာတွင်အံ့ဩနေသောအရိပ်အယောင်များပေါ်လာလေသည်။
"ဒီကောင်လေးကစိတ်ဝင်စားစရာပဲ ကြည့်ရတာအဆင့်မြင့်လေ့ကျင့်ရေးစခန်းတိုင်းမှာ အတော်လေးကောင်းတဲ့ ပျိုးပင် အနည်းအကျဉ်းတော့ရှိပုံပဲ"
နည်းပြပိုင်ရှားမှာ ချီးကျူးသည့်အနေနှင့်ခေါင်းညိတ်လိုက်သည်။ ဝူရှောင်းမှာသူ၏ဟာကွက်အား တမင်ဖော်ပြလိုက်သော်လည်း ကျိုးဟောင်မှာသူ၏ထောင်ချောက်ထဲကျမသွားခဲ့ပေ။ ထိုအစား သူသည်တွေဝေမနေဘဲနောက်ပြန်ဆုတ်လိုက်လေသည်။
"သေစမ်း"
ရုတ်တရက် နည်းပြပိုင်ရှားမှာ အံ့ဩသွားသည်။
အကြောင်းအရင်းမှာ ကျိုးဟောင်၏ပြန်ဆုတ်ခွာသွားသောပုံရိပ်မှာ သွက်လက်ပေါ့ပါးပြီး ပြန်ဆုတ်သွားသည့်အရှိန်မှာ ပို၍ပင်လျင်မြန်လေသည်။
ဘန်း!
မသဲကွဲသောအသံတစ်ခုထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝူရှောင်းမှာချက်ချင်းဆိုသလိုပင် အနည်းငယ်မူးဝေသွားသလိုခံစားလိုက်ရသည်။
အခုလေးတင် ကျိုးဟောင်မှာသူ၏ခေါင်းအားကန်လိုက်ခြင်းဖြစ်သည်။
ဝူရှောင်းမတုံ့ပြန်နိုင်သေးခင်မှာပင် ကျိုးဟောင်မှာသူ့နောက်မှ ထပ်လိုက်နေပြီဖြစ်သည်။
"ကောင်းတယ်"
၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းရှိ
ဆရာများ၊ နည်းပြများနှင့် ကျောင်းသားများမှာ ထိုမြင်ကွင်းအားမြင်သောအခါမချီးကျူးဘဲမနေနိုင်ပေ။
အစောပိုင်းကတိုက်ပွဲတွင် အကယ်၍သူတို့၏ ၇ခုမြောက်အဆင့်မြင့်အခြေစိုက်စခန်းကအနိုင်ရခဲ့သည်ဆိုလျှင်တောင် တကယ်တမ်းအနိုင်ရရန်မှာ ခက်ခဲဦးမည်သာဖြစ်ပြီး ရန်သူအားသတ်ရန်သူတို့ကိုယ်သူတို့စွန့်စားရမည်မှာလည်း သေချာပေသည်။
ယခုတစ်ကြိမ်ကမူမတူပေ။ အနည်းဆုံးကျိုးဟောင်မှာ သူ၏တိုက်ပွဲတွင် ဝူရှောင်းအားတိုက်ခိုက်နိုင်သည့်အကျိုးအမြတ်ရခဲ့ပေသည်။
ဟူး.....
ပြိုင်ကွင်းထဲရှိ ဝူရှောင်းမှာသူ၏မူးနေသောခေါင်းအား ခါလိုက်သည်။ သူအပြည့်အဝပြန်မကောင်းခင်မှာပင် ကျိုးဟောင်၏ရက်စက်သောလက်သီးချက်မှာ သူ့ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာလေသည်။
ဝူရှောင်းမှာ ချက်ချင်းဆိုသလိုပင်အနောက်သို့လွင့်ထွက်သွားသည်။
ယခုတစ်ကြိမ်တွင်မူ အခြေအနေဆိုးနေသော်လည်း ဝူရှောင်းမှာလျင်မြန်စွာသတိဝင်လာပေသည်။
အကယ်၍ဤပုံစံအတိုင်းဆက်သွားနေပါက သူကျိုးဟောင်အားရှုံးရန်သိပ်မလိုတော့ပေ။
သူ့နောက်တွင်အခြားလူ ၂ယောက်ကျန်သေးပြီး နှစ်ယောက်လုံးမှာသူ့ထက်သန်မာကြသော်လည်း ဝူရှောင်းမှာကျိုးဟောင်အား ယှဉ်ပြိုင်နိုင်သည်ဟုခံစားရပေသည်။
ယခုသူသည်ကျိုးဟောင်၏ နည်းလမ်းအား နားမလည်ဘဲ ပြိုင်ဘက်ကိုအထင်သေးမိ၍ ယခုလိုခံရသောအခြေအနေကိုရောက်နေခြင်းဖြစ်သည်။
သူ၏ခန္ဓာကိုယ်အား ဖိအားပေးတည်ငြိမ်စေပြီးနောက် ဝူရှောင်း၏ခန္ဓာကိုယ်မှအသံတစ်ခုထွက်ပေါ်လာလေသည်။
ထို့နောက် သူ၏အရေပြားနှင့်အရိုးများမှာ မီးခိုးရောင်တို့ဖြင့်ဖုံးလွှမ်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သဘာဝချပ်ဝတ်အလွှာ နောက်တစ်ထပ်ရှိနေသည့်ပုံပေါ်ပေသည်။
ဘန်း!
ယခုတစ်ကြိမ် ကျိုးဟောင်လက်သီးဖြင့်ထပ်ထိုးလိုက်သည့်အချိန်တွင် သူ၏မျက်နှာတွင်စိတ်ဝင်စားသောအမူအရာပေါ်လာလေသည်။
ဝူရှောင်း၏ခန္ဓာကိုယ်ပေါ်ရှိ ကျောက်ချပ်
ဝတ်လျှို့ဝှက်သိုင်းမှာ သူ၏ခုခံနိုင်စွမ်းအား အကြီးအကျယ်တိုးမြှင့်ပေးရုံသာမက ကျိုးဟောင်၏တိုက်ခိုက်မှုကိုလည်း အားပျော့စေပေသည်။
သို့သော်ဝူရှောင်းဘဝင်မမြင့်နိုင်ခင်မှာပင် ကျိုးဟောင်၏ဒုတိယနှင့်တတိယလက်သီးချက်များမှာ မိုးရွာသကဲ့သို့အဆက်မပြတ်ကျရောက်လာပေသည်။
လက်ရှိအချိန်တွင် ဝူရှောင်းမှာလုံးဝမှင်တက်နေပေသည်။
အစောပိုင်းကကျိုးဟောင်၏ရှောင်တိမ်းမှုအားမြင်လိုက်သည့်အချိန်တွင် သူ၏ပထမဆုံးအမြင်မှာ ကျိုးဟောင်၏လှုပ်ရှားမှုသိုင်းသာ အလွန်အထင်ကြီးစရာကောင်းပြီး သူ၏ခွန်အားမှာတော့ သေချာပေါက်အထင်ကြီးစရာမရှိဟု ထင်ခဲ့ခြင်းဖြစ်သည်။
ဝူရှောင်းလျှို့ဝှက်သိုင်းသုံးပြီးနောက် ကျိုးဟောင်ထံတွင်သေချာပေါက် အနိုင်ရနိုင်သောအခွင့်အရေးမရှိတော့ပေ။
သူ၏ဝှက်ဖဲအားထုတ်ပြလိုက်ရသော်လည်း ကျိုးဟောင်အားအနိုင်ယူနိုင်ပါက ကိစ္စမရှိပေ။
သို့သော် ထိုအချိန်တွင်ကျိုးဟောင်မှာ မတူညီသောလူတစ်ယောက်ဖြစ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
လက်ရှိအချိန်တွင် ကျိုးဟောင်၏တိုက်ခိုက်မှုမှာမြစ်တစ်စင်းစီဆင်းနေသကဲ့သို့ ရပ်တန့်မှုမရှိဘဲ ရက်စက်ကာစွမ်းအားကြီးလှပေသည်။
အဆုံး၌ ကျိုးဟောင် ၉ကြိမ်ဆက်တိုက်ထိုးပြီး နောက်ဆုံးတွင်ဝူရှောင်းမှာဆက်မတောင့်ခံနိုင်တော့ဘဲ ကြီးမားလှသောမကျေနပ်ချက်ဖြင့်ပင် ပြိုင်ကွင်း၏ပြင်ပသို့လွင့်ထွက်သွားခဲ့လေသည်။
....................................................................................
အခန်း(၂၆၇) ပြီးပါပြီ။