အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
အခန်း (၂၈၃) : ကြည့်ရတာတိုက်မှပဲရတော့မယ်ထင်တယ်
"မကောင်းတော့ဘူး"
လူငယ်မျိုးဆက် မူလအဆင့်ပညာရှင်များမှာ ယခုလိုစွမ်းအားကြီးသော ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်နှင့် တစ်ခါမှမတိုက်ခိုက်ခဲ့ဖူးသလို ၎င်းမှာမည်မျှစွမ်းအားကြီးကြောင်းမသိကြပေ။ သို့သော် လူကြီးမျိုးဆက်မူလအဆင့်ပညာရှင်များမှာမူ ဤကိစ္စအားနက်နဲစွာကြုံတွေ့ဖူးကြပေသည်။
ယခုလိုစွမ်းအားကြီးသော ကောင်းကင်ဘုံအဆင့်တစ်ဝက်မျိုးနွယ်ခြားပညာရှင်နှင့်တိုက်တိုင်း သေကျေဒဏ်ရာရသူပမာဏမှာ ကြီးမားသည်သာဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သားရဲအော်သံထွက်ပေါ်လာပြီးနောက် တောင်ငယ်တစ်လုံး၏အရွယ်အစားရှိသော ရွှေနီရောင်မီးခြင်္သေ့တစ်ကောင်မှာ အဝေးမှခုန်ထွက်လာလေသည်။
၎င်း၏တိုက်ခိုက်မှုအောက်တွင် လေထဲ၌မျိုးနွယ်ခြားများနှင့်တိုက်ခိုက်လျက်ရှိသော မူလအဆင့်ပညာရှင်အမြောက်အမြားမှာ အတောင်ကျိုးသောငှက်များပမာ လွင့်ထွက်လာကြလေသည်။
"အတူတူတိုက်ကြစို့"
ယခုတစ်ကြိမ်မျိုးနွယ်ခြားပညာရှင်မှာ ရွှေနီရောင်မီးခြင်္သေ့ဖြစ်ကြောင်းတွေ့လိုက်ရပြီးနောက်ပိုင်းတွင် သိုင်းပညာရှင်အများစုမှာ လုံးဝမျှော်လင့်ချက်မမဲ့သွားခဲ့ကြပေ။
ရွှေနီရောင်မီးခြင်္သေ့မှာစွမ်းအားကြီးသော်လည်း လူသားမျိုးနွယ်တွင် မူလအဆင့်ပညာရှင်အမြောက်အမြားရှိသေးပေရာ သေချာပေါက်ပေါ့ပေါ့တန်တန်သဘောထားလို့မရပေ။
တစ်ခဏအတွင်းမှာပင် သိုင်းပညာရှင်အမြောက်အမြားမှာ ရွှေနီရောင်မီးခြင်္သေ့အားတိုက်ခိုက်လိုက်ကြသည်။
သို့သော် အားလုံး၏တိုက်ခိုက်မှုနှင့်ရင်ဆိုင်နေရသည့်အချိန်တွင်ပင် ရွှေနီရောင်မီးခြင်္သေ့၏မျက်လုံးထဲ၌ လှောင်ပြောင်လိုသောအရိပ်အယောင်များသာရှိနေပေသည်။
သူတို့၏တိုက်ခိုက်မှုများမှာ သာမန်မူလအဆင့်မျိုးနွယ်ခြားပညာရှင်များအပေါ်တွင်သာအသုံးဝင်ပေသည်။ ကောင်းကင်ဘုံအဆင့်တစ်ဝက်မျိုးနွယ်ခြားပညာရှင်နှင့်ရင်ဆိုင်ရသည့်အချိန်တွင် ယခုလိုတိုက်ခိုက်မှုမှာရယ်ဖွယ်ရာတစ်ခုသာဖြစ်ပေသည်။
မြောက်မြားစွာသောတိုက်ခိုက်မှုများမှာ ရွှေနီရောင်မီးခြင်္သေ့၏ခန္ဓာကိုယ်ပေါ်တွင်ပေါက်ကွဲနေသော်လည်း ထိုဒဏ်ရာများမှာသူ့အတွက်အယားပြေရုံမျှသာရှိပြီး လုံးဝဒဏ်ရာမရစေနိုင်ပေ။
လက်ရှိအချိန်တွင် ဤသတ္တဝါ၏စွမ်းအားကြီးပြီး စိုးမိုးနိုင်သောအငွေ့အသက်မှာ ထင်ထင်ရှားရှားထွက်ပေါ်လာပြီဖြစ်သည်။
ဘန်း!
ရွှေနီရောင်မီးခြင်္သေ့မှာ သူ၏လက်သည်းဖြင့်ရုတ်တရက်တိုက်ခိုက်လိုက်ပြီးနောက် ပဉ္စမမြောက်မူလအဆင့်အောက်ပညာရှင်အနည်းငယ်မှာ အချိန်မီမရှောင်တိမ်းနိုင်ဘဲ သွေးမြူများအဖြစ်ပေါက်ကွဲသွားကာ နေရာမှာပင် ဆိုးရွားစွာသေဆုံးသွားကြလေသည်။
"ပြန်ဆုတ် ပြန်ဆုတ်"
"ငါတတ်နိုင်သမျှဒီကောင်ကြီးနဲ့ အဝေးဆုံးနေရာမှာနေရမယ်"
အစောပိုင်းက သူတို့နှင့်ဘေးချင်းယှဉ်တိုက်နေသူများမှာ သွေးမြူများအဖြစ်ပြောင်းလဲသွားသည်ကိုမြင်ပြီး သိုင်းပညာရှင်များ၏မျက်လုံးများမှာပြူးကျယ်သွားကြလေသည်။
အားလုံးမှာ ရွှေနီရောင်မီးခြင်္သေ့အား ဒေါသ၊ အမုန်းတရားများဖြင့်ပြည့်နှက်နေသောမျက်လုံးများဖြင့်ကြည့်နေကြပေသည်။
သို့သော် ရွှေနီရောင်မီးခြင်္သေ့၏စွမ်းအားကြီးပြီးကြောက်မက်ဖွယ်ကောင်းသောအငွေ့အသက်အား ခံစားမိပြီးနောက် အားလုံးမှာပို၍မျှော်လင့်ချက်မဲ့သွားသလိုခံစားနေရပေသည်။
ရွှေနီရောင်မီးခြင်္သေ့မှာ တကယ့်ကိုအလွန်စွမ်းအားကြီးလှပေသည်။ အားကုန်သုံးတိုက်သောတိုက်ပွဲမဟုတ်သေးသော်လည်း သိုင်းပညာရှင်အများအပြားမှာ ရွှေနီရောင်မီးခြင်္သေ့သည်မည်မျှစွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ကောင်းကြောင်းကို ခံစားမိပြီးနေပြီဖြစ်သည်။
ရှိနေသောလူများကြားထဲတွင် ကျိုးဟောင်ပင် ဤရွှေနီရောင်မီးခြင်္သေ့နှင့် ယှဉ်နိုင်ရန် အတော်လေးအလှမ်းဝေးသေးသည်။
ခံတပ်အားထိန်းချုပ်နေသော ဤရွှေနီရောင်မီးခြင်္သေ့ရှိနေသရွေ့ ယခုတစ်ကြိမ်သူတို့၏စစ်ဆင်ရေးမှာ ကျရှုံးမှုနှင့်အဆုံးသတ်လောက်ပေသည်။
ဘန်း!
အားလုံးရူးသွပ်စွာပြန်ဆုတ်ခွာနေသည့်အချိန်မှာပင် ရွှေနီရောင်မီးခြင်္သေ့မှာတွေဝေမနေဘဲ နောက်မှလိုက်လာလေသည်။
ကံကောင်းသည်မှာ ရွှေနီရောင်မီးခြင်္သေ့နောက်မှကြာကြာမလိုက်နိုင်မီမှာပင် ကျိူးဟောင်၏တားဆီးခြင်းအားခံလိုက်ရခြင်းပင်ဖြစ်သည်။
"မင်းကသေချင်နေတာပဲ"
ကျိုးဟောင်မှာ တကယ်ပင်ထိုသတ္တဝါအား တစ်ယောက် တည်းတိုက်ခိုက်ဝံ့သည်ကိုမြင်သောအခါ ရွှေနီရောင်မီးခြင်္သေ့မှာဒေါသဖြစ်သွားလေတော့သည်။ ထို့နောက် ၎င်းမှာကျိုးဟောင်အား တန်းကာတိုက်ခိုက်လေတော့သည်။
ရွှေနီရောင်မီးခြင်္သေ့၏သိုင်းမှာ အလွန်စွမ်းအားကြီးပြီး ကြီးစိုးနိုင်စွမ်းရှိပေသည်။ ၎င်း၏အငွေ့အသက်ပေါက်ကွဲထွက်လာသည့်အချိန်မှာပင် အဆုံးမရှိသော စွမ်းအားမှာအရပ်မျက်နှာအနှံ့ပျံ့နှံ့သွားလေတော့သည်။
"သတိထား"
"ဥက္ကဌကျိုး သတိထား"
မူလပညာရှင်အများစုမှာ စိုးရိမ်တကြီးအော်လိုက်ကြသည်။
ထိုသို့အော်သည်မှာ သူတို့သည်ကျိုးဟောင်၏စွမ်းအားကိုမယုံကြည်၍မဟုတ်ဘဲ ဤရွှေနီရောင်မီးခြင်္သေ့မှာ အလွန်ကြောက်မက်ဖွယ်ကောင်း၍သာဖြစ်သည်။
ရွှေနီရောင်မီးခြင်္သေ့၏လက်သည်းရောက်ရှိလာသည်နှင့် ကျိုးဟောင်သည်လည်းလက်သီးတစ်ချက်ထိုးလိုက်သည်။
ဘုန်း!
ရုတ်တရက် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသောအားတစ်ခုမှာ ပေါက်ကွဲသွားလေသည်။
ကျိုးဟောင်မှာ သူ၏အင်အားကြောင့်ပင် နောက်သို့ခြေလှမ်း သုံးလှမ်းခန့်ဆုတ်လိုက်ရပေသည်။
သို့သော် ဤမြင်ကွင်းမှာဘေးရှိသိုင်းပညာရှင်များ၏အမြင်တွင် အလွန်အမင်းထိတ်လန့်စရာဖြစ်ပေသည်။
ဤရွှေနီရောင်မီးခြင်္သေ့မှာ အလွန်စွမ်းအားကြီးလှပေသည်။ ပြီးခဲ့သောတိုက်ခိုက်မှုအနည်းငယ်တွင် ထိုသတ္တဝါ၏တိုက်ခိုက်ခြင်းခံရသော သိုင်းပညာရှင်အားလုံး သေဆုံးခဲ့ပေသည်။
ဤနေရာတွင်ရှိနေသောသိုင်းပညာရှင်များထဲတွင် ရွှေနီရောင်မီးခြင်္သေ့ထံမှလက်သီးတစ်ချက် ခံနိုင်ပါသည်ဟုအာမခံရဲသူ မည်သူမှမရှိပေ။
ထို့ကြောင့် ကျိုးဟောင်ရွှေနီရောင်မီးခြင်္သေ့ဖြင့်ထိပ်တိုက်တွေ့ရန်ရွေးချယ်လိုက်သည့်အချိန်တွင် သိုင်းပညာရှင်များမှာ ထိတ်လန့်သွားကြခြင်းပင်ဖြစ်သည်။
သို့သော် အားလုံး၏ထိတ်လန့်မှုအတိုင်း ကျိုးဟောင်မှာတကယ်ပင် တစ်ဖက်လူ၏လက်သီးချက်အား တိုက်ရိုက်ရင်ဆိုင်ခဲ့ပေသည်။
ကျိုးဟောင်မှာခြေလှမ်း ၃လှမ်းနောက်ဆုတ်ခဲ့ရသော်လည်း ဒဏ်ရာတော့လုံးဝမရခဲ့ပေ။
အဝေးရှိတိုက်ပွဲတွင်ရှိနေသော လင်ရှုယင်နှင့်ကျိုးဟောင်နှင့်ပိုရင်းနှီးသောအချို့သိုင်းပညာရှင်များမှာ စိတ်သက်သာရာရကာသက်ပြင်းချလိုက်မိလေသည်။
"ဒီသန္ဓေပြောင်းသားရဲကအရမ်းစွမ်းအားကြီးလွန်းတယ် ငါဆိုရင်တောင်မှထိပ်တိုက်တွေ့ပြီးမရှင်းပစ်နိုင်လောက်ဘူး"
"ကြည့်ရတာငါအခြေအနေကိုထိန်းပြီး သူ့ကိုဒဏ်ရာရအောင်လုပ်လို့ရမဲ့ အခွင့်အရေးကိုပဲစောင့်ရတော့မယ်ထင်တယ်"
ခေတ္တမျှစဉ်းစားပြီးနောက် ကျိုးဟောင်မှာဆုံးဖြတ်ချက်ချလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် သူ၏ပုံရိပ်မှာလျင်မြန်စွာလှုပ်ရှားသွားပြီး ရွှေနီရောင်မီးခြင်္သေ့နှင့်တိုက်ရိုက်တိုက်ခိုက်မှုအား ရပ်တန့်လိုက်လေတော့သည်။
....................................................................................
အခန်း(၂၈၃) ပြီးပါပြီ။
အခန်း (၂၈၄) : လူကယ်ခြင်း
ဘန်း!
ပေါက်ကွဲသောအသံတစ်ခုထွက်ပေါ်လာပြီး ကြီးမားသောကျောက်တုံးကြီးမှာ ချက်ချင်းပင်ကြေမွသွားလေသည်။
"ဒီကောင်ကအရမ်းမြန်တာပဲ"
ကျိုးဟောင်မှာ ဤရွှေနီရောင်မီးခြင်္သေ့နှင့်ဘယ်လိုရင်ဆိုင်ရမလဲတွေးရင်း လေထဲတွင်ဆက်တိုက်ပျံသန်းရင်းရှောင်တိမ်းနေပေသည်။
ဤရွှေနီရောင်မီးခြင်္သေ့၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်အလင်းတန်းများနှင့် ပြင်းထန်သောမီးတောက်များဖြင့်တောက်ပနေပေရာ ၎င်း၏ပုံစံမှာခံ့ညားထည်ဝါပြီး စိုးမိုးနိုင်စွမ်းရှိပေသည်။
ရုတ်တရက် ကျိုးဟောင်စိတ်ထဲတွင် ရဲတင်းသောအကြံတစ်ခုပေါ်လာလေသည်။
ပြီးခဲ့သည့်အကြိမ်တုန်းက ကျိုးဟောင်မှာရှားပါးအဆင့် လျှို့ဝှက်ဆန်းကြယ်သေတ္တာများအား ၇ကြိမ်ဆက်တိုက်ဖွင့်ခဲ့ပေသည်။
ထိုရှားပါးပစ္စည်းများထဲမှတစ်ခုအား "သားရဲထိန်းချုပ်ကွင်း" ဟုခေါ်ပေသည်။
"ဒီသားရဲထိန်းချုပ်ကွင်းက ဒီကောင့်ကိုထိန်းချုပ်ပြီး ငါ့ရဲ့စီးနင်းခံသားရဲဖြစ်အောင်လုပ်နိုင်မလားမသိဘူး"
ကျိုးဟောင်မှာ လေထဲတွင်ရှောင်နေရင်းတွေးလိုက်လေသည်။
"မြန်မြန်ဥက္ကဌကျိုးကို သွားကူညီကြ"
"အားလုံးသတိထားကြ ဒီသားရဲကအရမ်းစွမ်းအားကြီးတယ်"
"ငါတို့စွမ်းအားတွေအကုန်ပေါင်းပြီး ဒီသားရဲကိုအရင်အဆုံးသတ်လိုက်ကြစို့
"အတူတိုက်ကြစို့"
ကျိုးဟောင်တစ်ယောက်တည်းတွေးနေသည့်အချိန်မှာပင် အခြားအထွတ်အထိပ်မူလအဆင့်ပညာရှင်များမှာ သူတို့၏စွမ်းအားများကိုစုစည်းပြီး ဤစွမ်းအားကြီးသော ကောင်းကင်ဘုံအဆင့်တစ်ဝက်မိစ္ဆာသားရဲအား အရင်ရှင်းပစ်ရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။
"ကောင်းပြီ"
အခြားမူလအဆင့်သိုင်းပညာရှင်များ၏စကားကိုကြားသောအခါ ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။
သူ၏စွမ်းအားမှာအားမနည်းသော်လည်း ဤရွှေနီရောင်မီးခြင်္သေ့ဖြင့် အတူတူလောက်ရှိပေသည်။
သို့သော် များသောအားဖြင့် ဤကောင်းကင်ဘုံအဆင့်တစ်ဝက်မိစ္ဆာသားရဲမှာ ၎င်း၏သွေးမျိုးရိုးတစ်စိတ်တစ်ပိုင်းအား အသက်သွင်းပြီးပြီဖြစ်ပေရာ ရွှေနီရောင်မီးခြင်္သေ့မှာ ၎င်း၏သွေးမျိုးရိုးစွမ်းအားကိုသုံးလိုက်ပါက ကျိုးဟောင်မှာသူ၏ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် အကူအညီနှင့်တိုက်ခိုက်ရန်ကို ပိုယုံကြည်ချက်ရှိပေသည်။
"ပဉ္စမမြောက် မူလအဆင့်အောက်သိုင်းပညာရှင်တွေ အကုန်ဆုတ်ကြ"
သူတို့၏စွမ်းအားများကိုပူးပေါင်းပြီး ဤရွှေနီရောင်မီးခြင်္သေ့အား အလဲထိုးရန်လိုအပ်သည်ဆိုသော်လည်း ၎င်း၏ခွန်အားမှာအလွန်စွမ်းအားကြီးသေးပေရာ ထိုသတ္တဝါ၏ရှေ့တွင် မူလအဆင့်ပညာရှင်များနှင့် အဆင့်နိမ့်ပဉ္စမမြောက်မူလအဆင့်သိုင်းပညာရှင်များမှာ တကယ့်ကိုဟင်းသီးဟင်းရွက်သာသာ သာရှိပေသည်။
"ကျုပ်သူ့ကို ထိပ်တိုက်တွေ့ပြီးထိန်းထားမယ် ခင်ဗျားတို့အခွင့်အရေးရှာပြီးတိုက်ကြ"
အစိမ်းရောင်တိမ်တိုက်ဌာနမှသိုင်းပညာရှင်တစ်ယောက်မှာအော်ပြောလိုက်ပြီး စတင်လှုပ်ရှားလိုက်သည်။
ရွှေနီရောင်မီးခြင်္သေ့အားထိပ်တိုက်ရင်ဆိုင်ပြီးထိန်းထားရန်ကိစ္စသည် အလွန်ခက်ခဲသည်မှာဧကန်ပင်ဖြစ်သည်။
"မလိုဘူး ကျုပ်လုပ်လိုက်မယ်"
ကျိုးဟောင်မှာ ထိုအကြံအားသဘောမတူပေ။
ကျိုးဟောင်မှာ ရွှေနီရောင်မီးခြင်္သေ့အား သေလုနီးပါးရိုက်နှက်ပြီးပါက ထိုသတ္တဝါအား သူ၏ လက်အောက် ငယ်သား အဖြစ်ထားရန် စီစဉ်ထားခြင်းဖြစ်သည်။
ကျိုးဟောင်၏အထွတ်အထိပ်အခြေအနေတွင် ရွှေနီရောင်မီးခြင်္သေ့မှာ သားရဲထိန်းချုပ်ကွင်းအားမထိန်းချုပ်နိုင်လောက်သော်လည်း ၎င်းမှာအားနည်းနေသည့်အခြေအနေသို့ရောက်နေပါက ပို၍လွယ်ကူပေလိမ့်မည်။
"ဟုတ်ကဲ့ ဥက္ကဌကျိုး"
အခြားသိုင်းပညာရှင်များ ကျိုးဟောင်၏စကားအားမပယ်ရှားသည်မှာသဘာဝကျပေသည်။ ထို့အပြင် သူတို့ကြားထဲတွင် ဤနေရာ၌ဆုံးဖြတ်ချက်ချရန်အရည်အချင်း ရှိသူဆိုပါက ကျိုးဟောင်သာဖြစ်နိုင်ပေသည်။
"ဟ.."
ကျိုးဟောင်မှာသူ၏ကိုယ်တွင်းရှိ အနှစ်သာရစွမ်းအားကိုထုတ်ရင်း အော်ဟစ်လိုက်သောအခါ သူ၏သွေးအနှစ်သာရမှာမီးပြင်းဖိုတစ်ခုပမာတိုးထွက်လာလေသည်။
ခလွက်! ခလွက်!
သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားများမှာ ဆက်တိုက်အသက်ဝင်လာရင်း ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲသံများသည်လည်းထွက်ပေါ်လာပေသည်။
"တကယ်လို့ ဒီတစ်ခေါက် ငါသာဒီသတ္တဝါကိုငါ့ရဲ့စီးနင်းခံသားရဲအနေနဲ့သိမ်းသွင်းနိုင်ရင် နောက်ကိုအက်ကွဲကြောင်းထဲမှာ လွတ်လွတ်လပ်လပ်သွားလာနိုင်မှာပဲ"
ကျိုးဟောင်မှာ စိတ်ထဲမှတွေးလိုက်သည်။
ခြုံပြောရလျှင် အက်ကွဲကြောင်းများ၏ပြင်ပတွင် မျိုးနွယ်ခြားများ၏ခွန်အားအများစုမှာ အများဆုံးမှမူလအဆင့်၏အထွတ်အထိပ်အဆင့်မျှသာရှိပြီး ၎င်းမှာနဝမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်နှင့် အဆင့်တူပေသည်။
ယခု ၁၃ခုမြောက်အက်ကွဲကြောင်းကဲ့သို့သော အခြေခံအဆင့်အက်ကွဲကြောင်းမဆိုထားနှင့် အဆင့်မြင့်အက်ကွဲကြောင်းများတွင်ပင် ယခုလိုမျိုးနွယ်ခြားပညာရှင်မှာရှားပါးလှပေသည်။
အက်ကွဲကြောင်းထဲတွင်တစ်ခုခုဖြစ်ခဲ့သည်လား သို့တည်းမဟုတ် သူတို့ကံဆိုးခြင်းပေလား တကယ်ကိုမသိတော့ပေ။ သူတို့သည် မူလကအားနည်းသောနေရာအား တိုက်ခိုက်လိုခြင်းဖြစ်သော်လည်း ယခုမူ ခွဲရန်ခက်သောအခွံမာသီးနှင့်လာကြုံရသော အခြေအနေသို့ရောက်နေပေသည်။
သို့သော် ယခုမှနောင်တရရန်မှာ အလွန်နောက်ကျသွားပြီဖြစ်ပေရာ ကျိုးဟောင်မှာ အံကြိတ်ပြီးသည်းခံရုံသာတတ်နိုင်တော့သည်။
တစ်ဖက်တွင် ကျိုးဟောင်မှာ ဤကောင်းကင်ဘုံအဆင့်တစ်ဝက်ရွှေနီရောင်မီးခြင်္သေ့အား သူ၏စီးနင်းခံသားရဲအဖြစ် မည်ကဲ့သို့သိမ်းသွင်းရမလဲအားစဉ်းစားနေဆဲဖြစ်ပြီး တစ်ဖက်တွင်တော့ ကျူးဇောင်မှာ ခေါင်းကိုက်စရာတစ်ခုပေါ်လာတော့မည်ဟု ခံစားနေရပေသည်။
"ကောင်းကင်ဘုံဘုရင်ကျူး အထဲကအခြေအနေဘယ်လိုလဲ"
ခန္ဓာကိုယ်တောင့်တောင့်နှင့်မျက်နှာပေါ်တွင် အမာရွတ်တို့များစွာရှိနေသောလူမှ စိတ်ပူစွာဖြင့်မေးလိုက်သည်။
ဤခန္ဓာကိုယ်တောင့်တောင့်နှင့်လူ၏အမည်မှာ စစ်ထူလိန်ဖြစ်ပြီး အစိမ်းရောင်တိမ်တိုက်ဌာနမှဝန်ကြီးချုပ်ကျန်း၏ ဂျူနီယာတစ်ယောက်ဖြစ်သည်။
....................................................................................
အခန်း(၂၈၄) ပြီးပါပြီ။
အခန်း (၂၈၅) : ရန်သူကိုချေမှုန်းရန် စွမ်းအားများပူးပေါင်းခြင်း
သူသည်ကောင်းကင်ဘုံအဆင့်အားချိုးဖောက်နိုင်ရန်ကြီးမားသောရည်ရွယ်ချက်ရှိခဲ့ပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်လည်းဖြစ်ခဲ့ပေသည်။ သို့သော် ထိုကိစ္စများအားလုံးဖြစ်မြောက်ပြီးနောက် သူသည်အတော်လေးနောက်ကောက်ကျကျန်ခဲ့ပေသည်။
"အမယ်လေး ကံဆိုးလိုက်တာ"
ကျူးဇောင်မှာသူ့အား လန့်အောင်လုပ်သော်ငြား သူသည်နေသားကျနေပြီဖြစ်သည်။
"ကောင်းကင်ဘုံဘုရင်ကျူး ဒီလိုအချိန်မျိုးမှာတောင် ဘာလို့ရင်တုန်အောင်လုပ်နေသေးတာလဲ"
စစ်ထူလိန်မှာပြောစရာစကားပင်မရှိတော့ပေ။ သူ၏ပြင်းထန်သောဒဏ်ရာများကြောင့်သာမဟုတ်ပါက အစောကြီးကတည်းက အက်ကွဲကြောင်းထဲသို့ဝင်သွားပြီဖြစ်သည်။
"စိတ်ပူနေလည်းအသုံးမဝင်ဘူး အက်ကွဲကြောင်းထဲမှာ ရွှေနီရောင်မီးခြင်္သေ့ပေါ်လာတယ် သူ့ခွန်အားကကောင်းကင်ဘုံအဆင့်တစ်ဝက်ရဲ့ အထွတ်အထိပ်ကိုရောက်လုနီးပါးဖြစ်နေပြီ ဒီစစ်ဆင်ရေးတော့အလဟဿဖြစ်မှာပဲစိုးရတယ်"
ကျူးဇောင်မှာထိုစကားအားပြောလိုက်သော်လည်း ပြန်ဆုတ်ရန်အမိန့်တော့မပေးပေ။
ယခုအချိန်သည် ပြန်လည်ဆုတ်ခွာရန်အချိန်မကျသေးပေ။
သို့သော် အကယ်၍ကျိုးဟောင်နှင့်အခြားလူများသာ ဤရွှေနီရောင်မီးခြင်္သေ့နှင့်ရင်ဆိုင်လိုပါက ကံအပေါ်အားကိုးရုံသာရှိပေသည်။
အစ်.....
"ဘာ"
"အထွတ်အထိပ် ကောင်းကင်ဘုံတစ်ဝက်အဆင့်ရွှေနီရောင်မီးခြင်္သေ့တဲ့လား"
စစ်ထူလိန်နှင့်အခြားလူများ၏မျက်နှာတွင် ထိတ်လန့်မှုနှင့်ခါးသီးသောအမူအရာများပေါ်လာပေသည်။
ဤစစ်ဆင်ရေးမှာမလွယ်ကူလောက်မှန်း အစောကတည်းကမျှော်မှန်းထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဤစစ်ဆင်ရေးသည်မလွယ်ကူရုံသာမက မှန်းထားတာထက်ပင် ပိုမိုခက်ခဲမည့်ပုံပေါ်ပေသည်။
အက်ကွဲကြောင်းထဲရှိ ကျိုးဟောင်၊သိုင်းပညာရှင်များနှင့် ရွှေနီရောင်မီးခြင်္သေ့ကြားမှတိုက်ပွဲမှာလည်း အမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။
ဖွီ
မနီးမဝေးရှိလင်ရှုယင်မှာ သူမ၏လည်ပင်းထဲတွင်ထူးဆန်းသောအရသာတစ်ခုကိုခံစားလိုက်ရပြီး သွေးတစ်ပွက်အန်လိုက်ရပေသည်။
လင်ရှုယင်မှာသွေးတစ်ပွက်အန်ပြီးနောက် ရွှေနီရောင်မီးခြင်္သေ့၏လက်သည်းမှာ ကောင်းကင်တစ်ခုလုံးအားဖုံးလွှမ်းထားကာ ပြင်းထန်သောလေတို့ဖြင့် သူမ၏ကိုယ်ပေါ်သို့ကျရောက်လာပေသည်။
ပြီးဆုံးသွားပေပြီ။
ထိုအချိန်၌ လင်ရှုယင်ထံတွင်လည်း မျှော်လင့်ချက်မရှိတော့ပေ။
အစောပိုင်းက သူမသည်အခြားစွမ်းအားကြီးမျိုးနွယ်ခြားတစ်ကောင်၏ ခြုံခိုတိုက်ခိုက်ခြင်းအားခံခဲ့ရပြီး ယခုတွင်မူရွှေနီရောင်မီးခြင်္သေ့၏ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရပေသည်။
လက်ရှိအချိန်တွင် သူမကိုယ်တွင်းရှိဝိဉာဉ်စွမ်းအင်များမှာ အလွန်ရှုပ်ထွေးနေပြီဖြစ်သည်။
ယခုလိုအခြေအနေတွင် သူမထံတွင်ရွှေနီရောင်မီးခြင်္သေ့၏ စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်မှုအားရှောင်ရန် ဘယ်မှာခွန်အားရှိတော့မည်နည်း။
ပိုဆိုးဝါးသည်မှာ သူမဘေးနားတွင်မူလအဆင့်ပညာရှင်တစ်ယောက်မှရှိမနေခြင်းပင်ဖြစ်သည်။ အခြားသူများရောက်လာသည့်အချိန်ဆိုပါက သူမသည်လည်းအပိုင်းပိုင်းဖြစ်သွားလောက်ပြီဖြစ်သည်။
ဝှစ်!
လင်ရှုယင်ဘာမှမလုပ်ဘဲငြိမ်နေသည့်အချိန်မှာပင် ကျိုးဟောင်၏ပုံရိပ်မှာဖျက်ခနဲပျောက်ကွယ်သွားပြီး အဝေးမှချက်ချင်းပင်ရောက်ရှိလာလေသည်။
လင်ရှုယင်မတုံ့ပြန်နိုင်သေးခင်မှာပင် သူမ၏ခန္ဓာကိုယ်မှာပေါ့ပါးသွားပြီး အဝေးသို့သယ်ဆောင်သွားခြင်းခံလိုက်ရသည်ကို ခံစားလိုက်ရပေသည်။
"မင်း စစ်မြေပြင်မှာဒီလောက်ပေါ့ဆရလား"
လက်ရှိအချိန်မှာ အလွန်အမင်းအန္တရာယ်များနေသော်လည်း ကျိုးဟောင်မှာလင်ရှုယင်အားကယ်ပြီးနောက် စနောက်နေဆဲပင်ဖြစ်သည်။
"ရှင်လည်းဘာအကျိုးအမြတ်မှမရတာမှမဟုတ်တာ ကျွန်မကိုလွှတ်"
လင်ရှုယင်မှာ ဘေးဆိုးမှအသက်ရှင်သည်မှာကံကောင်းသည် ဟုခံစားလိုက်ရသော်လည်း သူမသည်ကျိုးဟောင်အားစိတ်ပျက်နေသောပုံဖြင့်ပြောလိုက်ပေသည်။
"အဟွတ် အဟွတ်....."
ကျိုးဟောင်သည်လည်းမှင်တက်သွားပေသည်။ သူသည် လက်တစ်ဖက်တည်းဖြင့် လင်ရှုယင်၏သေးသွယ်သောခါးလေးအားဖက်ပြီး သူမကိုကယ်တင်ရန်စဥ်းစားခဲ့ခြင်းဖြစ်ပေသည်။
သို့သော် သေရေးရှင်ရေးအခြေအနေတွင် လင်ရှုယင်သည်လည်းအသည်းအသန်ရုန်းကန်လေသည်။ ထိုရုန်းကန်မှုကြောင့် ကျိုးဟောင်မှာလင်ရှုယင်၏ပုခုံးအားကျန်လက်တစ်ဖက်ဖြင့်ဖက်ကာထိန်းထားလိုက်ရပေသည်။ သို့သော် လင်ရှုယင်၏ပုခုံးအားဖက်ရန် ဆန့်ထုတ်လိုက်သော ကျိုးဟောင်၏လက်မှာ နူးညံ့သောနေရာတစ်ခုအား မှားယွင်းကာထိတွေ့မိလိုက်ပေသည်။
"အဟွတ် အဟွတ် ငါကဒီတိုင်းမင်းကိုကယ်ဖို့လောနေလို့ပါ"
ကျိုးဟောင်မှာလက်ကိုရုပ်ရင်း အနေခက်စွာပြောလိုက်သည်။ ကျိုးဟောင်မှာ ယခင်ကလင်ရှုယင်အား အလွန်အရည်အချင်းရှိသူဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ပြီးနောက် အဆုံးတွင် လင်ရှုယင်အားသူလုံးဝအထင်သေးမိခဲ့ကြောင်းကို နားလည်လိုက်ပေသည်။ ဤမိန်းကလေးမှာ တကယ်ပါရမီရှိပြီး သူမ၏အင်အားကိုလည်း ကောင်းကောင်းဖုံးကွယ်ထားနိုင်ပေသည်။
"ဟမ့် နှာဘူးကောင်"
လင်ရှုယင်သည်လည်း ကျိုးဟောင်မှာသူမအားကယ်ရန်စိတ်စောနေခြင်း ဖြစ်လောက်သည်ဟုခံစားရပေသည်။
သို့သော်မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်သူမအားအသားယူခဲ့ပေသည်။
"ငါကအပြစ်ကင်းပါတယ်"
ကျိုးဟောင်မှာ အလွန်လွဲချော်နေသလိုခံစားလိုက်ရပေသည်။ လင်ရှုယင်သာလျှောက်လှုပ်နေ၍မဟုတ်ပါက သူလည်းနေရာမှားပြီး ထိမိမည်မဟုတ်ပေ။
"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့တော့ ဒီရွှေနီရောင်မီးခြင်္သေ့ကို အရင်သတ်ကြစို့"
လင်ရှုယင်မှာ ဤကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ် ထပ်ပြောရန်အစီအစဉ်မရှိပေ။ သူမသည်ကျိုးဟောင်အားတန်းသတ်ရန် သို့မဟုတ် ဤကိစ္စအားလျစ်လျူရှူလိုက်ရန်ကိုသာ ဆုံးဖြတ်ခဲ့ပေသည်။
ဆေးတစ်လုံးထုတ်ကာသောက်လိုက်ပြီးနောက် လင်ရှုယင်သည်လည်းတိုက်ပွဲထဲသို့ပြန်လည်ပါဝင်လာခဲ့ပေသည်။
"အမယ်လေး မိန်းမတွေကသူတို့ကိုယ်သူတို့ဘယ်လိုဂရုစိုက်ရမလဲမသိကြဘူး"
ကျိုးဟောင်မှာသက်ပြင်းချလိုက်ပြီး ချက်ချင်းတိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲရှိရှားပါးအဆင့်စွမ်းအင်ဘားမှာလည်း အမှုန့်အဖြစ်ပြောင်းလဲသွားပေသည်။
အစောပိုင်းကလင်ရှုယင်အား ဤနေရာသို့ခေါ်လာပြီးနောက် ကျိုးဟောင်မှာအချိန်မဖြုန်းတော့ဘဲ သူ၏စွမ်းအင်အနှစ်သာရအား ပြန်လည်ဖြည့်တင်းရန်အခွင့်အရေးအား အမိအရဆုပ်ကိုင်လိုက်ပေသည်။
"တော်သေးတယ် ဒီတစ်ခေါက်ငါ့မှာရှားပါးအဆင့်စွမ်းအင်ဘား အလုံအလောက်ရှ်ိလို့ မဟုတ်ရင် ငါတော့ပြဿနာအကြီးကြီးတက်ပြီ"
သူ၏အနှစ်သာရစွမ်းအားအားပြန်လည်ဖြည့်တင်းပြီးနောက် ကျိုးဟောင်သည်လည်း တိုက်ပွဲထဲသို့ထပ်မံဝင်ရောက်လာလေသည်။
အစောပိုင်းက သူသည်ရွှေနီရောင်မီးခြင်္သေ့အား ထိပ်တိုက်ရင်ဆိုင်ကာဖိနှိပ်ပြီး အခြားသိုင်းပညာရှင်များအတွက် အခွင့်အရေးများစွာဖန်တီးပေးခဲ့ပေသည်။
လူအများအပြား၏တိုက်ခိုက်မှုကြောင့် ရွှေနီရောင်မီးခြင်္သေ့မှာ အတော်လေးဒဏ်ရာရနေပြီဖြစ်သည်။
"ဒီပုံအတိုင်းဆက်သွားရင် ဒီကောင့်ကိုဖမ်းဖို့က ငါ့အတွက်ပြဿနာသိပ်မရှိတော့ဘူး"
ကျိုးဟောင်မှာ စိတ်ထဲမှတွေးလိုက်သည်။
....................................................................................
အခန်း(၂၈၅) ပြီးပါပြီ။