အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
အခန်း (၂၇၇) : မျိုးနွယ်ခြားတို့၏ ဉာဏ်ကြီးရှင်
ကျိုးဟောင်နောက်ဆုံးတခေါက် လျှို့ဝှက်ဆန်းကြယ်သေတ္တာများကို ဖွင့်စဉ်က ရှားပါးပစ္စည်း၇ခုရရှိခဲ့ဖူးလေသည်။ ဒီငွေရောင်မိုးကြိုးလှံတံ မှာ ထို ရှားပါးပစ္စည်းများထဲမှ တခုဖြစ်လေသည်။
ကျိုးဟောင်မှာ လှံရှည်တိုက်ခိုက်ရေး နည်းစနစ်များကို တခါမှလေ့ကျင့်ခဲ့ဖူးခြင်းမရှိပေ။ သို့သော်သူ၏ ပြင်းထန်လှသော အင်အားကြောင့် လှံရှည်တိုက်ခိုက်ရေးနည်းစနစ်များ မလေ့ကျင့်ဖူးသော်လည်း သေစေနိုင်သော တိုက်ခိုက်ချက်များကို ပြုလုပ်နိုင်လေသည်။
ဒါ့အပြင် ဒြပ်စင်ငါးသွယ်မဟာယန်မှတ်တမ်းတွင်လည်း လှံရှည်တိုက်ခိုက်ရေးနှင့်ပတ်သက်သော အပိုင်း အနည်းငယ်ပါ၀င်လေသည်။
ကျိုးဟောင်မှာ တိုက်ခိုက်နေရင်းနှင့်ပင် လေ့ကျင့်နေခဲ့လေသည်။လှံတံမှာပို၍လေလေ ပိုပြီး အားကောင်းလာလေလေဖြစ်လေသည်။
အထူးသဖြင့်ယခုလို ပြင်းထန်သောတိုက်ခိုက်ချက်များတွင် ထိုလှံရှည်မှာ ကြွကြွရွရွထည်ဝါနေခဲ့လေသည်။
"ဒါဘယ်လိုရတနာမျိုးလဲ"
ကျိုးဟောင်မှာ ပုဆိန်ကိုသိမ်းလိုက်ပြီး လှံရှည်ကိုထုတ်လိုက်ချိန်တွင်အခြားသိုင်းပညာရှင်များက စိတ်၀င်တစားရေရွတ်မိကြသည်။
ကျိုးဟောင်မှာ အရင်တုန်းက ဟွာရှားမြို့တွင် ထင်ပေါ်ကျော်ကြားခဲ့ပြီး ယခုတိုက်ပွဲတွင်လည်း အားလုံး၏ စိတ်၀င်စားမှုအခံရဆုံးဖြစ်နေလေသည်။
သူ၏ ပုဆိန်နှင့် လှံရှည်ကို မြင်ပြီး သိုင်းပညာရှင်အတော်များများ အံ့ဩနေခဲ့ကြလေသည်။
မကြာခင်မှာပဲ အားလုံး၏စိတ်လှုပ်ရှားမှုများမှာ စိတ်ချသွားသည့်အခြေအနေသို့ပြောင်းလဲသွားလေသည်။
ကျိုးဟောင်မှာ တကယ့်ကိုပင် စွမ်းအားကြီးလွန်းလှပေသည်။
ကျိုးဟောင် သူ၏ လှံရှည်ကိုသုံးပြီး သာမန်တိုက်ခိုက်ချက်များသာ လုပ်နေသော်လည်း ထိုတိုက်ခိုက်များက ကြောက်ခမန်းလိလိအရှိန်အဝါကိုထုတ်ပေးနေလေသည်။
ကျိုးဟောင်မှာ စစ်နတ်ဘုရားတပါးကဲ့သို့ လှည့်လည်တိုက်ခိုက်နေလေသည်။
ဘန်းး...
ချွင်.....
ဘမ်း....
ကျိုးဟောင်၏လက်ချက်ဖြင့် နောက်ထပ်အဆင့်မြင့်မျိုးနွယ်ခြားပညာရှင်တယောက်ကျဆုံးသွားလေသည်။
ထိုငွေရောင်မိုးကြိုးလှံတံ၏စွမ်းအားမှာ အံ့မခမ်းဖြစ်ပြီး တိုက်ခိုက်လိုက်တိုင်း ငွေရောင်အလင်းတန်းများဖြာထွက်နေလေသည်။
ကျိုးဟောင်မှာ မျိုးနွယ်ခြားအားလုံးကို သတ်ဖြတ် ရင်း ကံကြမ္မာအမှတ်များကို အသည်းအသန်စုဆောင်းနေလေသည်။
ဒီနေရာတွင် မျိုးနွယ်ခြား အမျိုးကွဲများ သိပ်မများသော်လည်း အတော်အများများ က စွမ်းအားကြီးသော အဆင်မြင့်မျိုးနွယ်ခြားများဖြစ်လေသည်။ ကျိုးဟောင်မှာ ထိုအဆင့်မြင့် မျိုးနွယ်ခြားများကို သတ်ခြင်းဖြင့် ထိုက်သင့်သောကံကြမ္မာအမှတ်အများအပြားရရှိခဲ့လေသည်။
ကျိုးဟောင်မှာ စတိုက်တုန်းက လှံရှည်တိုက်ခိုက်ရေးနည်းစနစ်များ ကို အသုံးမပြုခဲ့ပဲ အခြေခံတိုက်ကွက်များလောက်ကိုသာ တိုက်ခိုက်ရင်းလေ့ကျင့်နေခဲ့လေသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှသူ့လက်ထဲရှိ လှံရှည်မျာ ပိုပိုပြီး အသက်၀င်လာခဲ့လေသည်။
ချပ်၀တ်တန်ဆာ၀တ်ဆင်ထားသော နတ်ဆိုးမျိုးနွယ်မှ ကျားမိစ္ဆာကြီး သူ့အရှေ့တွင်ပေါ်လာတော့မှ ရပ်တန့်သွားလေသည်။
"ပုရွက်ဆိတ်သာသာလူသားကောင်.. မင်းသေပေတော့"
ထိုကျားမိစ္ဆာကြီးမှာ အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီးရှိပြီး ကျိုးဟောင်ရှေ့တွင် ၎င်းရပ်နေပုံမှာ အနက်ရောင်မျှော်စင်ကြီးတခုအလား ဖြစ်နေလေသည်။
ထိုကျားမိစ္ဆာကြီးက စိတ်ခွန်အားကိုအသုံးပြုကာ စိတ်ချင်းဆက်သွယ်ပြီး စကားပြောလာသော်လည်း ကျိုးဟောင်မှာ အံ့ဩသွားခြင်းမရှိပေ။
ထိုမျိုးနွယ်ခြားများမှာ လူသားမျိုးနွယ်အတွက် ကမ္ဘာ့ရန်ဘက်များ ဖြစ်သော်လည်း ထိုမျိုးနွယ်ခြားများကြားတွင် အထူးစည်းမျဉ်း စည်းကမ်းများရှိလေသည်။လူသားများကဲ့သို့ ပြောဆိုပြုမူတတ်သော မျိုးနွယ်ခြားများမှာအသန်မာဆုံးဖြစ်ကြလေသည်။
ဥပမာအားဖြင့် ကျိုးဟောင်ရှေ့တွင်ရှိသော ကျားမိစ္ဆာကြီးမှာ လူသားမျိုးနွယ်နှင့်သဏ္ဌာန်တူသော နတ်ဆိုးမျိုးနွယ်ခြားဖြစ်လေသည်။
ကျိုးဟောင်မှာ ထိုသတ္တဝါကြီးမှ စွမ်းအင်အနှစ်သာရအတက်အကျလှိုင်းကိုပင်ခံစားမိနေလေသည်။တနည်းအားဖြင့် ထိုကျားမိစ္ဆာကြီးမှာ ကျိုးဟောင်ကဲ့သို့ပင် အထွတ်အထိပ် မူလအဆင့်ကိုကျော်လွန်ပြီး ကောင်းကင်ဘုံအဆင့်တ၀က်သို့ရောက်ရှိနေသူဖြစ်လေသည်။
"သတိထား။ အခုလေးတင် မူလအဆင့်ပညာရှင်အတော်များများကို အဲ့ကောင်ကြီးသတ်ခဲ့ပြီးပြီ"
ကျိုးဟောင်နှင့် ကျားမိစ္ဆာ သိုင်းပညာရှင်ကြီးထိပ်တိုက်တွေ့နေစဉ်မှာပင် လင်ရူယင်ဆီမှ စိတ်ခြင်းဆက်သွယ်ပြီးပိုသည့်သတင်းစကားကြားလိုက်ရလေသည်။
အခြားမူလအဆင့် ပညာရှင်များမှာလည်း ကူညီရန်အပြေးလာနေကြလေသည်။
ထိုကျားမိစ္ဆာကြီး၏ အင်အားမှာ လူသားသိုင်းပညာရှင်အချို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။
မူလအဆင့်ပညာရှင်ကိုးယောက်အထိ ထိုကျားမိစ္ဆာလက်ထဲတွင်သေဆုံးခဲ့ရခြင်းကို ကြည့်ခြင်းဖြင့် ထိုကျားမိစ္ဆာကြီး၏ အင်အားမှု ဘယ်လောက်ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိမှန်းသိနိုင်လေသည်။
တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ ၁၃ခုမြောက်အက်ကွဲကြောင်းထဲမှ မျိုးနွယ်ခြားများစွာဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။
ထိုအခြေအနေကြောင့် အခြားသိုင်းပညာရှင်များမှာ ကျိုးဟောင်အား လာကူချင်သော်လည်း အခွင့်မသာဖြစ်နေလေသည်။
အရင်တုန်း ရှားပါးစွမ်းအင်ဘားအများအပြားရရှိရန် ကျိုးဟောင်အနေဖြင့် ကံကြမ္မာ အမှတ်အများအပြားသုံးစွဲခဲ့ရလေသည်။
ယခုအခါ သူ့အနေဖြင့် ထိုစွမ်းအင်ဘားများကို အသုံးပြုပြီး အပြင်းအထန်တိုက်ခိုက်ကာ ကံကြမ္မာအမှတ်များအား ပြန်လည်စုဆောင်းနေလေသည်။
အဆင့်မြင့် မျိုးနွယ်ခြား အချို့အားသတ်ဖြတ်ပြီး ကံကြမ္မာအမှတ်အချို့ရခဲ့သော်လည်း လုံလောက်မှုမရှိသေးပေ။
ကျိုးဟောင်အတွက်နောက်ဆုံးတော့ အခွင့်အလမ်းရောက်လာခဲ့လေပြီ။ အရင်ကသူတိုက်ခိုက်ခဲ့ရသည်မှာ ယင်ကောင်သာသာများသာဖြစ်ပြီး ယခုမူအကောင်ကြီးကြီးတကောင်က သူ့ရှေ့တွင် ရပ်နေပြီဖြစ်သည်။
မျိုးနွယ်ခြားများအကြားတွင် ထိုကဲ့သို့ ပညာရှင်များမှာ ရိုးရှင်းသောနာမည် ဒါမှမဟုတ် နာမည်ပွားများသာရှိကြသည်။
ထိုကျားမိစ္ဆာကြီးမှာ ကျိုးဟောင်ကဲ့သို့ဖြစ်ပြီး ကျိုးဟောင်မှာ လူသားမျိုးနွယ်တို့အတွက် ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်ပြီး ထို ကျားမိစ္ဆာကြီးကတော့ မျိုးနွယ်ခြားတို့အတွက် ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်လေသည်။
....................................................................................
အခန်း(၂၇၇)ပြီးပါပြီ။
အခန်း (၂၇၈) : အစွမ်းထက်သောပြိုင်ဘက်
သရဲခေါင်းဓားရှည်တချောင်းမှာ ကျားမိစ္ဆာကြီး၏လက်ထဲတွင် ပေါ်လာခဲ့လေသည်။ထိုဓားရှည်အောက်တွင် လူသားမျိုးနွယ် ၏ မူလပညာရှင်အချို့ အသက်ပေးခဲ့ရသည်။
ကျားမိစ္ဆာကြီးက မတိုက်ခိုက်ခင်မှာပဲ ကျိုးဟောင်က စတင်တိုက်ခိုက်လိုက်လေသည်။
ရွှင်
နဂါးအလျင်ကဲ့သို့ငွေရောင်အလင်းတန်းတခုထွက်လာခဲ့လေသည်။
ကျားမိစ္ဆာကြီး၏ လှုပ်ရှားမှုများမှာလည်း လေးကွေးမနေဘဲ သူ့ဓားရှည်ဖြင့် ကျိုးဟောင်၏လှံရှည်တိုက်ခိုက်ချက်အား ခုတ်ချလိုက်လေသည်။
သတ္တုအချင်းချင်း ထိခိုက်သံကြီး ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင်လည်း စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာလေသည်။
ကြီးမားသော တွန်းကန်အားကြောင့် ကျိုးဟောင်နှင့် ကျားမိစ္ဆာကြီး နှစ်ယောက်လုံးမှာ နောက်သို့ ခြေလှမ်းအနည်းငယ်ရွေ့သွားလေသည်။
"ဘာဖြစ်သွားတာလဲ"
"ဒီမျိုးနွယ်ခြားက တကယ်ကိုစွမ်းအားကြီးတာပဲ"
" ဒီကောင်ကြီးက ဥက္ကကျိုးရဲ့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို အခက်အခဲမရှိ ကာကွယ်နိုင်ခဲ့တာလား"
အနီးအနားတွင်ရှိသော သိုင်းပညာရှင်အချို့မှာ အံဩစွာဖြင့် အချင်းချင်း လှမ်းပြောနေကြလေသည်။
သူတို့အားလုံး ကျိုးဟောင်၏ အစွမ်းထက်သော တဖက်စီးနင်း တိုက်ခိုက်မှုများကို မြင်တွေ့ခဲ့ဖူးကြလေသည်။
ယခုမူ ထိုကျားမိစ္ဆာကြီးမှာ ကျိုးဟောင်နှင့် ယှဉ်နေနိုင်သောကြောင့် သူတို့စိတ်ထဲ စိုးရိမ်စပြုလာလေသည်။
ကျိုးဟောင်မှာ မျိုးနွယ်ခြားအား အတားအဆီးမရှိ သုတ်သင်ခဲ့သကဲ့သို့ပင် ထိုကျားမိစ္ဆာကြီးမှာလည်း လူသားသိုင်းပညာရှင်များအား သွေးအေးအေးဖြင့် သတ်ခဲ့လေသည်။
ဘုန်း
ကျိုးဟောင်နှင့် ကျားမိစ္ဆာကြီးမှာနောက်ထပ်တကြိမ်ထပ်မံတိုက်ခိုက်ကြပြန်လေသည်။
ကျားမိစ္ဆာကြီး ၏ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် သွေးမျိုးရိုးမှာ အထူးပင်ကောင်းမွန်လှသည်။ စစချင်းတုန်းက ကျားမိစ္ဆာကြီး၏လက်များမှာ ကျားလက်ပုံစံလက်သည်းများဖြင့် ဖြစ်နေပြီး တိုက်ခိုက်နေရင်း တဖြေးဖြေး ကြမ်းတမ်းသောလူသားလက်ပုံစံဖြစ်လာခဲ့လေသည်။
ဒါ့အပြင် သူ့ခွန်အားမှာလည်း ကြောက်မက်ဖွယ်ကောင်းလှအောင်သန်မာလေသည်။
ကျိုးဟောင်မှာ စတင်ကျင့်ကြံစဉ်ထဲက မျိုးနွယ်ခြားအများအပြားနှင့်တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခုကျားမိစ္ဆာကြီးက သူတိုက်ခိုက်ဖူးသမျှထဲတွင် အသန်မာဆုံးဖြစ်လေသည်။
ကျိုးဟောင်မှာ ကျားမိစ္ဆာကြီးကို တိုက်ခိုက်လိုက်တိုင်း ပြင်းထန်သော တုန်ခါမှုများကြောင့် သူ့လက်မှာထုံကျဉ်မှုကို ခံစားရလေသည်။
ထိုကဲ့သို့အချိန်တိုင်း သူ့ကိုယ်တွင်းရှိ စွမ်းအင်အနှစ်သာရကို ထုတ်ယူသုံးစွဲပြီး သူ့ကိုယ်ခန္ဓာကို ပြန်လည်သက်သာနိုင်စွမ်း နှင့် ခွန်အားကို တိုးမြှင့်အောင်ပြုလုပ်နေခဲ့လေသည်။
မဟုတ်ပါက သူ ကျားမိစ္ဆာကြီးအားတိုက်ခိုက်လိုက်တိုင်းထွက်လာသော တုန်ခါလှိုင်းများကြောင့် သူထိုကျားမိစ္ဆာကြီးအား မသတ်နိုင်ခင်ပင် သူလဲကျသွားမည်ဖြစ်လေသည်။
ဝှစ်....
ကျားမိစ္ဆာကြီး၏ တိုက်ခိုက်မှုမှာ ထပ်မံလွဲချော်သွားခဲ့သည်။
အင်အားကိုအာရုံစိုက်ခြင်း နှင့် အားနည်းချက်များ မပေါ်အောင် ဂရုစိုက်ပြီး တိုက်ခိုက်ခြင်းက အရိုးရှင်းဆုံးသော တိုက်ခိုက်ရေးနည်းဗျူဟာများဖြစ်လေသည်။
ကျားမိစ္ဆာကြီးမှာ အင်အားကြီးမားသော်လည်း လျင်မြန်သွက်လက်မှုတွင် အားနည်းလေသည်။
ကျိုးဟောင်အနေဖြင့် ကျားမိစ္ဆာကြီး၏ လက်သီးချက်များကို ထိပ်တိုက်ရင်ဆိုင်စရာမလိုဘဲ သူ၏ရှားပါးစွမ်းအင်ဘား ၂၀၀၀ကျော်အားဖြင့် ရှောင်တိမ်းရင်း ထိုကျားမိစ္ဆာကြီးအား မောပန်းပြီးငေဆုံးသွားအောင်လုပ်ရန်သာလိုအပ်လေသည်။
ဂါး.....
အလွန်ပြင်းထန်အားပါသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။
ကျားမိစ္ဆာကြီးမှာ အလွန်ပင်ဒေါသထွက်နေလေသည်။ လူသားသိုင်းပညာရှင်များမှာ ဇွဲလုံ့လရှိယုံသာမက ဉာဏ်နီဉာဏ်နက်လည်းများလေသည်။
ခွန်အားအရာတွင် ကျားမိစ္ဆာကြီးမှာ အလွန်သန်မာသော်လည်း ရွေလျားမှုနှင့် အလျင်တွင်တော့ ကျိုးဟောင်အား မယှဉ်နိုင်ပေ။
ယခုကျိုးဟောင်မှာ ခြင်တကောင်နှင့်တူနေလေသည်။ ကျိုးဟောင်မှာ တိုက်ခိုက်မှုများ ပြုလုပ်လိုက်တိုင်း သူ့တိုက်ခိုက်ချက်များ ထိ မထိကို ဂရုမစိုက်နေပဲ အလျင်အမြန်ပြန်ဆုတ်ဖို့ကိုသာ ဦးစားပေးနေလေသည်။
"ပုရွက်ဆိတ်ကောင် မင်းရှောင်ပဲရှောင်တတ်တာလား။ ဒီလိုငကြောက်မျိုးက တိုက်ပွဲထဲမလာသင့်ဘူး"
ထိုကျားမိစ္ဆာကြီးမှာ တုံးအအပုံပေါက်သော်လည်း မျိုးနွယ်ခြားများကြားတွင် ဉာဏ်အကောင်းဆုံးဖြစ်လေသည်။
သူ့ဒေါသအား စကားလုံးများဖြင့် သေသေချာချာ ပြောဆိုနိုင်စွမ်းရှိလေသည်။
သို့သော်၎င်းမသိခဲ့သည်က ကျိုးဟောက်က ၎င်းအား ဒေါသထွက်အောက်ပြုလုပ်နေခြင်းမှာ အောင်မြင်နေပြီဆိုသည့်အချက်ပင်။
ကျားမိစ္ဆာကြီးမှာ သူ့ဒေါသကြောင့် အသည်းအသန်တိုက်ခိုက်သောအခါ သူ့တိုက်ခိုက်မှုများက စည်းချက်မမှန်ကန်တော့ပေ။
ဒါ့အပြင် ကျိုးဟောင်မှာ ၎င်းကိုတိုက်ခိုက်လိုက်ရင်း အနီးအနားရှိ အခြားမျိုးနွယ်ခြားများကို ရှင်းလင်းသုတ်သင်နေလေသည်။
ကျိုးဟောင်၏ တိုက်ခိုက်ချက်မှုကိုခံရသည့် မျိုးနွယ်ခြားတိုင်းမှာ ဒဏ်ရာ အပြင်းအထန်ရကြယုံသာမက တချို့ဆို သေဆုံးသွားကြရလေသည်။
ထိုအခြင်းအရာများကိုမြင်သောအခါ ကျားမိစ္ဆာကြီးမှာအလွန်ဒေါသထွက်သွားပြီး ကျိုးဟောင်အားတိုက်ခိုက်ရင်း အခြားလူသားပညာရှင်များကိုပါ ရန်ရှာဖို့ကြိုးစားလာလေသည်။
သို့သော် ၎င်းမှာ တိုက်ခိုက်ဖို့ကြိုးစားလိုက်တိုင်း ကျိုးဟောင်မှာသူ့အား အခွင့်အရေးမပေးပေ။
ရွှီး...
ကျိုးဟောင်၏ ငွေရောင်မိုးကြိုးလှံရှည်မှာ လျှပ်စီးကဲ့သို့ ၀င်းလက်သွားပြီး ကျားမိစ္ဆာကြီး၏ လက်မောင်းအား ဖောက်ထွင်းသွားကာ သွေးများပန်းထွက်လာလေသည်။
ကျားမိစ္ဆာကြီး ဒဏ်ရာရသွားသည်ကို မြင်သောအခါ လူသားသိုင်းပညာရှင်များက စိတ်အေးသွားသော အမူအရာများဖြင့် လက်ခုပ်တီးအားပေးကြလေသည်။
ကျိုးဟောင်မှာ ရှောင်တိမ်းရင်းဖြင့် ထို ကျားမိစ္ဆာကြီးအား ဒဏ်ရာအပြင်းအထန်ရအောင်လုပ်နိုင်ခဲ့လေသည်။
သို့သော်လည်း ကျိုးဟောင်မှာ ဆက်လက် မတိုက်ခိုက်ပဲ လွှတ်ပေးလိုက်သောကြောင့် သူတို့အားလုံးအံ့အားသင့်သွားလေသည်။
ကျိုးဟောင်မှာ သူ့ဖောက်ထွက်သွားသော လှံတံကို လွှတ်ကာ တုံဆိုင်းခြင်းမရှိ ရှောင်ထွက်သွားလေသည်။
ထိုအခိုက်အတန့်ကို မြင်ရသော အခြားလူများမှာ ကျိုးဟောင်သည် အခွင့်ကောင်းအားလက်လွှတ်လိုက်သောကြောင့် အံ့အားသင့်သွားကြလေသည်။
....................................................................................
အခန်း(၂၇၈)ပြီးပါပြီ။
အခန်း (၂၇၉) : အပြတ်အသတ်ရှုံးနိမ့်ခြင်း
ကျိုးဟောင်မှာ သူ၏ငွေရောင်လှံရှည်များ လွှတ်ပြီး နောက်ပြန်ဆုတ်လိုက်သည့်အချိန်မှာပဲ ကျားမိစ္ဆာကြီးက သူ့လက်မောင်းတွင်စိုက်သော လှံရှည်ကို စောင့်ဆွဲပြီး ကိုက်လိုက်လေသည်။
ကိုက်ဖြတ်သံအကျယ်ကြီး ထွက်လာခဲ့လေသည်။ ဒီအဖြစ်အပျက်တွေအားလုံးမှာ လျှပ်တပြတ်အတွင်းဖြစ်သွားခြင်းဖြစ်သည်။
လူတိုင်းလည်း ခုမှသဘောပေါက်နားလည်သွားကြသည်။
ကျားမိစ္ဆာကြီးမှာ လှည့်ကွက်သုံးခဲ့ခြင်းဖြစ်လေသည်။ ၎င်းက ကျိုးဟောင်အား တခြားလူသားပညာရှင်များအား ဟန်ဆောင်တိုက်ခိုက်ပြခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်တိုင်ဒဏ်ရာအရခံပြီး ကျိုးဟောင်အားမျှားခေါ်ခဲ့ခြင်းဖြစ်လေသည်။
အစ ကျားမိစ္ဆာကြီးမှာ ကျိုးဟောင်အနေဖြင့် ၎င်း၏လက်မောင်းတွင် စိုက်နေသော လှံရှည်အား ဆွဲထုတ်ဖို့ကြိုးစားရင်း ပြန်လည်တုံပြန်နိုင်စွမ်းမရှိဖြစ်သွားမည်လို့ ထင်နေခဲ့လေသည်။
ကျားမိစ္ဆာကြီးက ဒဏ်ရာရချင်ယောင်ဆောင်ပြီး ကျိုးဟောင်နဲ့ သူ့ကြားအကွာအဝေးကို နီးကပ်အောင်လုပ်ကာ ကျိုးဟောင်အား သေအောင်ကိုက်ရန်ကြံစည်ခဲ့ခြင်းဖြစ်လေသည်။
သို့သော်ယခုတွင် ကျားမိစ္ဆာကြီးမှာ ကျိုးဟောင်အစား လေကိုသာ အားရပါးရကိုက်မိခဲ့လေသည်။ ကျိုးဟောင်ကတော့ အဝေးတနေရာမှ ကျီစယ်သော အမူအရာဖြင့်ကြည့်နေခဲ့လေသည်။
ကျိုးဟောင်မှာ အစထဲက ဒီကျားမိစ္ဆာကြီးမှာ မရိုးသားကြောင်းသတိထားမိခဲ့ပြီး သူ့တိုက်ခိုက်မှုများကို သတိထားပြုလုပ်နေခဲ့လေသည်။
ကျားမိစ္ဆာကြီး ဘာဖြစ်သွားမှန်း သတိမထားမိခင်မှာပဲ ကျိုးဟောင်က ရုတ်တရက်အော်ဟစ်လိုက်လေသည်။
ထို့နောက်သူ့လှံရှည်မှာ ရုတ်တရက် တခုခုကို အာရုံခံမိလိုက်ပြီး ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ထုတ်လွှင့်လာလေသည်။
ကျိုးဟောင်၏ မိုးကြိုး လှံရှည်မှာ စိတ်စွမ်းအင် ဖြင့် ထိန်းချုပ်စေခိုင်းလို့ရပြီး လှံရှည်မျာ အလွန်အမင်းလှုပ်ရှားလာကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများစုစည်းပြီးနောက် ပေါက်ကွဲလုနီးပါးဖြစ်လာလေသည်။
"မကောင်းတော့ဘူး "
ကျားမိစ္ဆာကြီးမှာ အလွန်အဆိပ်ပြင်းသော မြွေတကောင်အား ကိုင်ထားရသကဲ့သို့ ခံစားလာရပြီး လွှတ်လိုက်ရန်ဆုံးဖြတ်လိုက်လေသည်။
၎င်း၏တုံ့ပြန်နှုန်းမှာ လျက်မြန်ခဲ့သော်လည်း လှံရှည်ထံမှာ ရုတ်တရက်ပေါက်ကွဲထွက်လာသော လျှပ်စီးကြောင်းများက ၎င်း၏လက်ဖဝါးအား သွေးများပန်းထွက်စေခဲ့လေသည်။
"ကောင်းလိုက်တာ"
ထိုအခြင်းအရာကိုမြင်လိုက်သော ကျူးဇောင်က ဂုဏ်ယူစွာဖြင့်ထအော်လိုက်လေသည်။
ကျိုးဟောင်မှာ အခွင့်အရေးအနည်းငယ်ဖြင့် ကြီးမားသောရလဒ်ကိုလုပ်ဆောင်နိုင်ခဲ့လေသည်။
ကျိုးဟောင်၏ လက်ရှိအင်အားမှာ အလွန်ပင်စွမ်းအားကြီးသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်နှင့် သတ်ဖြတ်ရေးနည်းစနစ်များမှာ တိုးတက်ရန်လိုအပ်သေးလေသည်။
ကျိုးဟောင်မှာ ယခုအချိန်တွင် ကျားမိစ္ဆာကြီးအား သတ်ဖြတ်နိုင်သည့် အကောင်းဆုံးအခွင့်အရေးတရပ်ပိုင်ဆိုင်နေလေပြီ။
မျိုးနွယ်ခြားများစွာရှိသော်လည်း ယခုကျားမိစ္ဆာကြီးကဲ့သို့ ဉာဏ်ရည်ထက်မြက်သော သတ္တဝါများမှာ အနည်းအကျဉ်းသာရှိလေသည်။
ကျားမိစ္ဆာကြီးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားသည်နှင့် တုံ့ဆိုင်းမနေဘဲ အက်ကွဲကြောင်းထဲသို့ အလျင်အမြန်ထွက်ပြေးလေသည်။
၎င်းထွက်ပြေးသည့်လမ်းကြောင်းတလျှောက်တွင် လူသားသိုင်းပညာရှင်များ ရှိသော်လည်း ၎င်းအား မတားဆီးနိုင်ကြပေ။
ကျိုးဟောင်က သူ၏လက်ကိုဆန့်တန်းဝှေ့ယမ်းပြီး သူ၏ ငွေရောင်လှံရှည်အား ပြန်ခေါ်ယူလိုက်လေသည်။ ထိုအချိန်တွင် ကျားမိစ္ဆာကြီးမှာ အက်ကွဲကြောင်းထဲ၀င်ရောက်သွားသည်ကို တွေ့လိုက်ရလေသည်။
"ကျွတ်..."
ကျားမိစ္ဆာကြီး လွတ်မြောက်သွားသောကြောင့် ကျိုးဟောင်အနေဖြင့် ငြီးတွားလိုက်မိသည်။
ကျိုးဟောင်၏လက်ရှိ စွမ်းအားအရ ထိုကျားမိစ္ဆာကြီးအား အလွယ်တကူတော့ သတ်နိုင်မည်မဟုတ်ချေ။
သို့သော်လည်း ကျိုးဟောင်၏ လျင်မြန်လှသော တိုးတက်နှုန်းကြောင့် နောက်တကြိမ်ထပ်မံရင်ဆိုင်ရပါက ထိုကျားမိစ္ဆာကြီး လှည့်ကွက်များ မသုံးဘဲ သတ်နိုင်မည်ဖြစ်လေသည်။
ကျားမိစ္ဆာကြီး ထွက်ပြေးလွတ်မြောက်သွားသောကြောင့် ကျိုးဟောင်မှာ တခြားမျိုးနွယ်ခြားများအားဆက်လက်ရှင်းလင်းနေလေသည်။
ထိုထိတ်လန့်ဖွယ် ထိပ်တိုက်ရင်ဆိုင်မှုကြီးတွင် မျိုးနွယ်ခြားပညာရှင်မှာ အပြတ်အသတ်ရှုံးနိမ့်ပြီးထွက်ပြေးသွားမှုက အခြားလူများ၏ သွေးများအားဆူပွက်လာစေလေသည်။
ထိုအချိန်တွင် ကျိုးဟောင်၏ ကံကြမ္မာအမှတ်များမှာ တဟုန်ထိုး တိုးတက်လာနေလေသည်။ အချိန်ခဏလောက်ကြာပြီးနောက် ကျိုးဟောင်၏ ကံကြမ္မာအမှတ်များမှာ ၁၀သန်းအထိရောက်ရှိလာလေသည်။
အရင်တခေါက်တိုက်ပွဲတုန်းက ကျိုးဟောင်မှာ မရေမတွက်နိုင်သော မျိုးနွယ်ခြားများသတ်ဖြတ်နိုင်ခဲ့ပြီး ကံကြမ္မာအမှတ် သန်း ၂၀၊၃၀ အထိ ရခဲ့လေသည်။
ယခုတိုက်ပွဲတွင် ကျိုးဟောင်မှာ ကံကြမ္မာအမှတ်များအား အဆင့်မြင့်မျိုးနွယ်ခြားများအား သတ်ဖြတ်ခြင်းဖြင့် ရယူနိုင်နေလေသည်။
ဘမ်းး....
ကျိုးဟောင်၏ ငွေရောင် လှံရှည်မှာ ၀င်းခနဲ ဖြတ်သန်းပြီးနောက် ၇ဆင့်မြောက်မူလပညာရှင်နှင့် အဆင့်တူညီသော သတ္တဝါကြီး၏ ခေါင်းမှာ လွင့်ထွက်သွားလေသည်။
ထို့နောက် ကျိုးဟောင်မှာ နောက်ထပ် အင်းစက်မျိုးနွယ်၏ပညာရှင်တဦးကိုလည်း လှံဖြင့်ပိုင်းချလိုက်ပြီး သွေးများဖြာထွက်သွားစေခဲ့လေသည်။
ကျိုးဟောင်အား ရပ်တန်နိုင်မည့် စွမ်းအားကြီးမျိုးနွယ်ခြားမရှိတော့သောကြောင့် ကျိုးဟောင်မှာ သိုးအုပ်သို့ရောက်နေသည့် ကျားတကောင်ပမာဖြစ်နေလေသည်။
ကျိုးဟောင်ဖြတ်သန်းသွားသော လမ်းတလျှောက်ရှိ မျိုးနွယ်ခြားများအားလုံးမှာ ပေါင်းပင်များရှင်းလင်းခံလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။
"ဥက္ကကျိုးက တကယ်ကြီးက စွမ်းအားကြီးတာပဲ"
ကာကွယ်ရေးမြို့ရိုးပေါ်ရှိ သိုင်းပညာရှင်များမှာ ကျိုးဟောင်၏ သူရဲကောင်းဆန်စွာ တိုက်ပွဲ၀င်နေပုံကိုကြည့်ပြီး အံ့ဩနေကြလေသည်။
"အရမ်းကြမ်းလွန်းတယ်"
ကျိုးဟောင်သည် မျိုးနွယ်ခြားများအကြားတွင် အရှိန်ပြင်းပြင်းဖြင့်တိုက်ခိုက်နေဟန်ကိုကြည့်ပြီး အခြားသိုင်းပညာရှင်များကချီးကျူးနေကြလေသည်။
...................................................................................
အခန်း(၂၇၉)ပြီးပါပြီ။