အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
အခန်း (၂၈၀) : တစ်ထောင်နှင့် တစ်ယောက်
အဝေးတနေရာတွင် ရှိသော ကျောင်းသားများမှာလည်း ကျိုးဟောင်အား အလွန်လေးစားကြည်ညိုသောမျက်လုံးများဖြင့် ကြည့်နေကြလေသည်။
ဒီတခေါက်တိုက်ပွဲတွင် ဟွာရှားမြို့အနှံ့မှ အဆင့်မြင့်သိုင်းပညာရှင်အများအပြား စုရုံးပါ၀င်ခဲ့ကြသည်။ထိုအထဲမှ ကျိုးဟောင်၏မျိုးနွယ်ခြားများအား ရှင်းလင်းသုတ်သင်သည့် အမြန်နှုန်းမှာ လူတိုင်းထက် အဆများစွာသာလွန်လေသည်။
ထိုအခြင်းအရာကိုမြင်ရသော အခြားသိုင်းပညာရှင်များမှာလည်း အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။
လူသားများနှင့် မျိုးနွယ်ခြားများအကြားတွင် တိုက်ပွဲများစတင်သည့် အချိန်ထဲက လူသားများအတွက်အခွင့်အရေး သိပ်မရှိခဲ့ပေ။
ဒါ့အပြင် ယခုလို အရေးသာမှုလည်း တမ္ဘာလုံးတွင်ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။
ပတ်၀န်းကျင်ရှိ မျိုးနွယ်ခြား အရေအတွက်မှာလည်း တဖြေးဖြေးနည်းနည်းလာခဲ့လေသည်။ များစွာသော မူလအဆင့်ပညာရှင်များမှာ တိုက်ခိုက်ရင်း သူတို့၏ သွေးအနှစ်သာရစွမ်းအားမှာ မောပန်းနွမ်းနယ်လာခဲ့လေသည်။ ဒါ့ကြောင့် သူတို့ဆက်မတိုက်ဘဲ အနားယူနေစဉ်မှာပဲ ဦးတည်ချက်တနေရာထဲအား အားလုံး ဝိုင်းကြည့်ခဲ့ကြသည်။
ထိုနေရာမှာ ကျိုးဟောင်နှင့် မျိုးနွယ်ခြားများ တိုက်ခိုက်နေသည့် နေရာပင်ဖြစ်သည်။ ထိုမြင်ကွင်းမှာ တကယ့်ကို ဆန်းကြယ်ခမ်းနားလှပေသည်။
များစွာသော မျိုးနွယ်ခြားတို့်မှာ အက်ကွဲကြောင်းဆီသို့ အရူးအမူး ပြန်လည်ဆုတ်ခွာ ထွက်ပြေးနေကြလေသည်။
သို့သော်လည်း ကျိုးဟောင်လည်း သူ၏ငွေရောင်လှံရှည်ကိုဆွဲကိုင်ရင်း ၎င်းတို့နောက်မှ ထပ်ကြပ်မကွာ လိုက်နေခဲ့လေသည်။
သူလှုပ်ရှားလိုက်တိုင်းမှာပင် မျိုးနွယ်ခြားအများအပြား သေဆုံးသွားကြရလေသည်။
ကျိုးဟောင်ဘယ်နေရာကိုပဲ သွားသွား မျိုးနွယ်ခြားများမှာ သူ၏ နှိုင်းယှဉ်မရသောရက်စက်မှုကို ကြောက်လန့်နေကြလေသည်။
၎င်းတို့မှာ ကျိုးဟောင်အား ပြန်လည်မရင်ဆိုင်ရဲကြပဲ ကြောက်လန့်တကြားထွက်ပြေးဖို့သာ ကြိုးစားနေကြလေသည်။
အကာအကွယ်ခံတပ်ထဲတွင်ရှိနေသော ကျောင်းသားများ၏ မျက်လုံးထဲတွင် ထိုမြင်ကွင်းမှာ တကယ့်ကို တုန်လှုပ်ဖွယ်ကောင်းနေလေသည်။
သူတို့အမြင်မှာ ကျိုးဟောင်မှာ မျိုးနွယ်ခြားများနောက်သို့ တယောက်ထဲ လိုက်လံရှင်းလင်းနေသကဲ့သို့ဖြစ်နေလေသည်။
၁၃ခုမြောက် အက်ကွဲကြောင်းအား ဖိနှိပ်ရန် ဟွာရှားမြို့အနှံ့ရှိ သိုင်းပညာရှင်အများအပြားစုရုံးခဲ့ကြသည်။
ကျိုးဟောင်က မျိုးနွယ်ခြား အများအပြားအားရှင်းလင်းပေးသော်လည်း အခြားသိုင်းပညာရှင်များကလည်း သူတို့တာ၀န်များအား အသီးသီးလုပ်ဆောင်ခဲ့ကြသည်။
မျိုးနွယ်ခြားများအားလုံးအား အက်ကွဲကြောင်းထဲသို့ ပြန်လည်မောင်းထုတ်ပြီးနောက် ကျိုးဟောင်မှာ လိုက်လံသတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်လေသည်။
သူ အခု စွမ်းအင်အနှစ်သာရအများအပြားအား သုံးစွဲခဲ့ရပြီး ပြန်လည်ဖြည့်တင်းနိုင်ရန် ခဏလောက်အသက်ရှူပြီး နားရန်လိုအပ်လေသည်။
ကျိုးဟောင်မှာ ကာကွယ်ရေးခံတပ်ရှိမျှော်စင်ဆီသို့ပြန်လာသောအခါ သိုင်းပညာရှင်အများအပြား၏ အာရုံစိုက်ခြင်းကိုခံနေရလေသည်။
သူတို့အားလုံး ဝိုင်းကြည့်နေခြင်းကြောင့်သူ့ခန္ဓာကိုယ်တွင် အပေါက်များပေါ်လာတော့မတတ် ခံစားမိနေလေသည်။
သိုင်းပညာရှင်များအားလုံး၏ အမြင်တွင် ကျိုးဟောင်မှာ သာမန်ထက်ပိုမို စွမ်းအားကြီးမားပြီး သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေသည်။
"ဥက္ကဌကျိုး ခင်ဗျားက သန်မာလိုက်တာ"
"ဥက္ကဌကျိုးက မျှော်လင့်ထားတဲ့အတိုင်းကို စွမ်းဆောင်နိုင်တာပဲ"
"ဥက္ကဌကျိုးက အရမ်းအထင်ကြီးစရာပဲ"
ပြန်ရောက်လာသော ကျိုးဟောင်အား သိုင်းပညာရှင်အများအပြားက သူတို့၏ ရင်ထဲကစကားများဖြင့်ကြိုဆိုကြလေသည်။
သူတို့အားလုံးက ရင်ထဲ ခံစားရသည့်အမှန်တရားကို ပြောနေကြခြင်းဖြစ်လေသည်။တိုက်ပွဲထဲတွင် ကျိုးဟောင်၏ အင်အား နှင့် လုပ်ကိုင်နိုင်စွမ်းမှု တကယ့်ကို ထူးချွန်ပြောင်မြောက်လှသည်။
"တော်ပါပေတယ်"
သိုင်းပညာရှင်များသာ မက ကျူးဇောင်ကပါ ကျိုးဟောင်နံဘေးသို့ရောက်လာပြီး ချီးကျူးလေသည်။
ကျူးဇောင်၏မျက်နှာမှာ နီရဲနေပြီး ကျိုးဟောင်ကသူ့အား မထင်မှတ်ထားသောအရာများကို လုပ်ပြခဲ့လေသည်။
၁၃ခုမြောက် အက်ကွဲကြောင်းအား တည်ငြိမ်သွားအောင်ထိန်းချုပ်သည့်တိုက်ပွဲတွင် မူလအဆင့်ပညာရှင်၂၀ကျော်သာ ကျဆုံးခဲ့ခြင်းက မဆိုးလှပေ။
ဒါ့အပြင်ကျိုးဟောင်က စွမ်းအားကြီးသော မျိုးနွယ်ခြားများအား တယောက်ထဲ ရှင်းလင်းနိုင်ခဲ့လေသည်။
စွမ်းအားကြီးမျိုးနွယ်ခြားများ၏ အန္တရာယ်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် တခြားလူသားသိုင်းပညာရှင်တို့၏ အကျအဆုံးမှာ နည်းပါးသွားလေသည်။
"ဒါက လူတိုင်းပါ၀င်ကူညီခဲ့ကြလို့ပါ"
ကျိုးဟောင်မှာ တကယ့်ကို နှိမ့်ချစွာပြောဆိုနေခဲ့သည်။
ကျိုးဟောင်မှာ ကြီးမားစွာစွမ်းဆောင်နိုင်ခဲ့သော်လည်း အခြားသိုင်းပညာရှင်အား မျိုးနွယ်ခြားများကို အက်ကွဲကြောင်းထဲသို့ နှင်ထုတ်ခဲ့သည့်နေရာတွင် ကူညီပေးခဲ့သောကြောင့် ကျေးဇူးတင်နေလေသည်။
"ကဲ တုံ့ဆိုင်းနေဖို့အတွက် အချိန်မရှိဘူး"
"တခြားအက်ကွဲကြောင်းတွေနဲ့ယှဉ်ရင် ဒီအက်ကွဲကြောင်းက အခုတော့ တည်ငြိမ်သွားပြီ ဒါပေမဲ့ အဆင့်မြင့်မျိုးနွယ်ခြားတွေက အက်ကွဲကြောင်းထဲက သားရဲတွင်းတွေထဲမှာ ပုန်းခိုနေကြသေးတယ်"
"အခု ဥက္ကဌကျိုးက မျိုးနွယ်ခြား အတော်များများကို ရှင်းလင်းပေးခဲ့ပြီး အက်ကွဲကြောင်းထဲမှာ ၎င်းတို့အင်အားမှာ ခန့်မှန်းထားသလို ယုတ်လျော့သွားလောက်ပြီ"
" ဒါကြောင့် အားလုံးအနေနဲ့ အသက်ရှူခြင်းထိန်းချုပ်သည့်နည်းကို အသုံးပြုပြီး ပြန်လည်အားအင်ပြည့်၀လာအောင်လုပ်ကြပါ။ သင်တို့ ပြန်လည်သက်သာလာတာနဲ့ ဒီ၁၃ခုမြောက်အက်ကွဲကြောင်းထဲကို၀င်ရောက်ပြီး အပြီးပိုင်ထိန်းချုပ်ဖို့လုပ်ကြရမယ်"
ကျူးဇောင်မှာ ပြောနေရင်းနှင့်ပင် စိတ်လှုပ်ရှားနေလေသည်။
ဒီတကြိမ် သူတို့အနေဖြင့် အက်ကွဲကြောင်းထဲသို့ ၀င်ရောက်တိုက်ခိုက်သည့်တိုက်ပွဲသည် လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများအကြားတွင် သမိုင်းတွင်မည့် အရေးကြီးသော ခြေလှမ်းဖြစ်လာမည်ဖြစ်သည်။
"နားလည်ပါပြီ"
ကျိုးဟောင်စကားဆုံးသည်နှင့် အနားရှိသိုင်းပညာရှင်များ အားလုံးခေါင်းညိတ်လိုက်ကြသည်။
သူတို့အားလုံး၏ သေးငယ်သော ခြေလှမ်းလေးများက လူသားမျိုးနွယ်တခုလုံးအတွက် အရေးကြီးသောခြေလှမ်းဖြစ်နေလေသည်။
....................................................................................
အခန်း(၂၈၀)ပြီးပါပြီ။
အခန်း (၂၈၁) : ရဲရင့်ခြင်း
ကျိုးဟောင်မှာ ဘာမှ ၀င်မပြောဘဲ သူ့လက်ထဲတွင် ရှားပါးစွမ်းအင်ဘားများကိုသာကိုင်ထားပြီး ပြန်လည်သက်သာလာအောင်ပြုလုပ်နေလသည်။
သူ့အင်အားမှာ အရမ်းကြီးမားသော်လည်း စွမ်းအင်အနှစ်သာရ သုံးစွဲနှုန်းကလည်းကြီးမားလေသည်။
သူကရှေ့ဆက်တိုက်ရမည့် တိုက်ပွဲအစီအစဉ်ကိုသာကြည့်နေခဲ့လေသည်။
သူ့အတွက် ပထမဆုံးအကြိမ် ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲသို့ ၀င်ရောက်ရမည့်တိုက်ပွဲဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လေသည်။
နောက်လာမည့်တိုက်ပွဲက အက်ကွဲကြောင်းထဲတွင်တိုက်ခိုက်ရမည်ဖြစ်သောကြောင့် သိုင်းပညာရှင်အများအပြားက စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ရန်ကြိုးစားနေကြသည်။
သူတို့အားလုံးအတွက်လည်း ဒါက ပထမဆုံးအကြိမ် အက်ကွဲကြောင်းထဲသို့၀င်ရောက်ရခြင်းဖြစ်လေသည်။
အက်ကွဲကြောင်းထဲတွင် ကြိုတင်မသိမြင်နိုင်သောအန္တရာယ်များ ရှိနေသည်။ ရလဒ်ကဘယ်လိုထွက်လာမလဲလည်း ဘယ်သူမှ မခန့်မှန်းနိုင်ကြပေ။
"ကြောက်နေလား"
လင်ရှုယင်က ကျိုးဟောင်၏ဘေးနားတွင် ပေါ်လာခဲ့ပြီး မေးလိုက်သည်။
ကျူးဇောင်က ဒီနေရာတွင် ခံတပ်မြို့တခုတည်ဆောက်ခြင်သော်လည်း လူသားပညာရှင်များနှင့် မျိုးနွယ်ခြားပညာရှင်များတို့၏ သဘောတူညီချက်ကြောင့် ကျူးဇောင်မှာ ၀င်ရောက်ကူညီလို့မရပေ။
တကယ်လို့ ကောင်းကင်ဘုံအဆင့် ပညာရှင်တယောက်ကသာ ဒီလေ့ကျင့်ရေးတိုက်ပွဲမြေပြင်တွင် မျိုးနွယ်ခြားတယောက်အား သတ်ခဲ့ပါက မြောက်မြားစွာသော မျိုးနွယ်ခြားပညာရှင်များက အက်ကွဲကြောင်းထဲက ထွက်လာပြီး လူသားအားလုံးအား သတ်ဖြတ်ကြမည်ဖြစ်သည်။
ထိုအချိန်တွင် အခြေအနေတွေ အကုန်ဆိုးရွားသွားမည်ဖြစ်လေသည်။
"မကြောက်ဘူး"
ကျိုးဟောင်က အမှန်တိုင်းပြောခဲ့သည်။ သူသည် အက်ကွဲကြောင်းကြီး၏ အန္တရာယ်ကို သတိထားနေသော်လည်း ကြောက်ရွံ့ခြင်းတော့မရှိပေ။
လက်ရှိကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်တ၀က်သိုင်းပညာရှင်များ အားလုံးထဲတွင် အသန်မာဆုံးဖြစ်လေသည်။
အက်ကွဲကြောင်းကြီးမှာ အမှန်တကယ်ပင် အန္တရာယ်များသော်လည်း ဟိုးအနက်ရှိုင်းဆုံးနေရာတွင်သာထိုအန္တရာယ်များရှိလေသည်။
တချို့ အခြေအနေများတွင် မူလအဆင့် ပညာရှင်များတောင် အက်ကွဲကြောင်းနှုတ်ခမ်း၀ တဝိုက်သွားလာ လုပ်ကိုင်မှုများ ရှိလေသည်။
"ရှင်တကယ်ကို ရဲရင့်တာပဲ"
လင်ရှုယင်က သူမ၏ နှုတ်ခမ်းလေးများကို တွန့်ပြီးပြောလိုက်သည်။
သူမသည်လည်း အက်ကွဲကြောင်းထဲသို့ တခါမှ မ၀င်ရောက်ခဲ့ဖူးပေ။
အဌမအဆင့်နှင့် န၀မအဆင့်ရောက်အောင်ကျင့်ကြံနိုင်ခဲ့သော သိုင်းပညာရှင်များသည် အက်ကွဲကြောင်းထဲသို့ ၀င်ရောက်ပြီး ဆက်လက်ကျင့်ကြံမှုများပြုလုပ်ကြသော်လည်း သူမကတော့ အဲ့လိုမဟုတ်ခဲ့ပေ။
အကြောင်းမှာ သူမသည် လင်မိသားစုမှဆင်းသက်လာသူဖြစ်ပြီး ကောင်းကင်ဘုံအဆင့်တ၀က်ရောက်သည်အထိ လင်မိသားစုမှ ကျင့်ကြံရေးအရင်းမြစ်များကို အားကိုးလို့ရလေသည်။
လင်ရှုယင်က စဉ်းစားနေရင်း ကျိုးဟောင်အား လေးစားသော မျက်၀န်းလေးများဖြင့် ကြည့်နေခဲ့သည်။
သူမသည် လင်မိသားစု၏ဆက်ခံသူသမီးဖြစ်သောကြောင့် ကျင့်ကြံရေးအရင်းအမြစ်များမှာ သူမအတွက် ပြတ်လပ်သွားသည်ဆိုတာမျိုးမရှိခဲ့ပေ။
သို့သော် သူမသိထားသောအချက်များအရ ကျိုးဟောင်မှာ လှည့်လည်ကျင့်ကြံသူဖြစ်လေသည်။ လှည့်လည်ကျင့်ကြံသူတယောက်အနေဖြင့် ကောင်းကင်ဘုံအဆင့်တ၀က်ရောက်အောင်ကျင့်ကြံနိုင်ဖို့က တကယ့်ကို မလွယ်ကူလှပေ။
ဒါ့အပြင်ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်များထဲတွင်လည်း ကျိုးဟောင်က အတော်ဆုံးဖြစ်လေသည်။
လင်ရှုယင်၏ စကားလေးများကြောင့် ကျိုးဟောင်က လုပ်လက်စအရာများကို ရပ်လိုက်လေသည်။
"ဒါဆိုမေးတဲ့မင်းကရော ကြောက်နေတာလား"
ကျိုးဟောင်က လင်ရှုယင်အား ပြုံးပြီးမေးလိုက်လေသည်။
သူတို့နှစ်ယောက်ဆုံတွေ့ချိန်မှာ တိုတောင်းသော်လည်း ကျိုးဟောင်က လင်ရှုယင်အကြောင်း အနည်းငယ်သိလေသည်။
"ငါကလား။ ငါ့လိုလူက ကြောက်မယ်ထင်နေတာလား"
လင်ရှုယင်က သူမ၏မျက်လုံးလေးများအား လှန်ပြီး ကျိုးဟောင်ကို ကြည့်လိုက်သည်။
သူမက ထိုကဲ့သို့ ပြောလိုက်သော်လည်း အနည်းငယ်တော့ ကြောက်နေလေသည်။
အက်ကွဲကြောင်းအပြင်ဘက်တွင် ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပြိုင်ဘက်ကင်းဖြစ်လေသည်။ ဒါ့အပြင်အချက်အလက်များအရ မျိုးနွယ်ခြားတို့၏ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်များလည်း အက်ကွဲကြောင်းအပြင်ဘက်တွင် ပေါ်လာခဲလေသည်။
သို့သော် အက်ကွဲကြောင်းထဲ၀င်သွားပါက ထိုသို့ပြောရန်ခက်ခဲသွားပြီဖြစ်သည်။
ချိုင့်ဝှမ်းအက်ကွဲကြောင်းမှာ မျိုးနွယ်ခြားတို့၏ ပိုင်နက်ဖြစ်သောကြောင့် ဘာမဆို ဖြစ်သွားနိုင်လေသည်။
သူတို့အနေနဲ့ မျိုးနွယ်ခြားတို့၏ကောင်းကင်ဘုံအဆင့်ပညာရှင်နှင့်ထိပ်တိုက်တွေ့ခဲ့ပါက လွတ်မြောက်နိုင်မည့်အခွင့်အရေးမရှိဘဲ အသက်ခံရမည်ဖြစ်သည်။
"တကယ်လို့ မင်းကြောက်နေရင်လည်း ငါ့အနားမှာ ကပ်နေလို့ရတယ်"
ကျိုးဟောင်မှာ လင်ရှုယင်ဟန်ဆောင်နေခြင်းကို သိတယ်သော်လည်း သူမ သိအောင်တော့ မပြောခဲ့ပေ။
ဘယ်လောက်ပဲ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်ပါစေ လူသားတယောက်ဖြစ်သောကြောင့် ကြောက်စိတ်တော့ရှိနိုင်လေသည်။ ဒါက သဘာ၀ပင်ဖြစ်သည်။
အက်ကွဲကြောင်းကြီး၏ အခြေအနေမှာ အမြဲမပြတ်ပြောင်းလဲနေသောကြောင့် သူတို့၀င်ရောက်သွားသောအခါ ဘာတွေနှင့်ကြုံမလဲ မသိနိုင်ပေ။
သို့သော်လည်း သူတို့အနေဖြင့် စွမ်းအင်အကာအကွယ်များကို အ၀တွင် တပ်ဆင်ခဲ့မည်ဖြစ်သောကြောင့် နောက်ဆက်တွဲ အကာအကွယ်များအတွက် လွယ်ကူသွားမည်ဖြစ်သည်။
အက်ကွဲကြောင်း၏အ၀င်၀မှာ အလွန်ကြီးမားလှသည်။ တကယ်လို့ အ၀င်၀တွင် စွမ်းအင်အတားအဆီးများကိုသာ တပ်ဆင်နိုင်ခဲ့ပါက မျိုးနွယ်ခြားတို့၏ လည်ပင်းအား ဖြတ်နိုင်သကဲ့သို့ဖြစ်မည်။
ကျိုးဟောင်နှင့် လင်ရှုယင်တို့မှာ စကားအများကြီးမပြောလိုက်ရဘဲ အက်ကွဲကြောင်းထဲသို့ ဝင်ကရမည့်အချိန်က ကျရောက်လာလေသည်။
တချို့မူလအဆင့်ပညာရှင်များမှာ တည်ငြိမ်နေပြီး သူတို့အတွက် အက်ကွဲကြောင်းထဲသို့ ၀င်ရခြင်းက ကံတရား၏စေခိုင်းချက်အရလို့တွေးထားကြလေသည်။
စိတ်ပူပင်နေဟန်ရှိသော သိုင်းပညာရှင်များလည်း ကြိမ်းသေပေါက်ရှိလေသည်။
သူတို့အားလုံးမှာ မူလအဆင့်ပညာရှင်များဖြစ်ကြပြီး တချို့ဆို ပဉ္စမအဆင့် မူလပညာရှင်များဖြစ်ကြလေသည်။
သူတို့၏အင်အားများအရ အက်ကွဲကြောင်းအပြင်ဘက်တွင် သန်မာကြောင်းဆိုနိုင်သော်လည်း အက်ကကွဲကြောင်းထဲတွင်တော့ မလုံလောက်သေးပေ။
ကျိုးဟောင်ကဲ့သို့ အက်ကွဲကြောင်းထဲတွင် ဘာတွေဖြစ်ပျက်နေလဲ သိချင်နေကြသည့် သိုင်းပညာရှင်များလည်းရှိလေသည်။
ကျူးဇောင်မှာ အားလုံး၏ အမူအရာများကို မြင်နေခဲ့သည်။
....................................................................................
အခန်း(၂၈၁)ပြီးပါပြီ။
အခန်း (၂၈၂): မျိုးနွယ်ခြားတို့၏ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်
ကျူးဇောင်မှာ သူ့ရှေ့တွင် ရှိနေသောလူများကိုကြည့်ပြီး သူအရင်က အက်ကွဲကြောင်းထဲသို့ စတင်၀င်ရောက်သည့်အချိန်ကိုတောင်သတိရသွားသည်။
"အလေးပြု...."
ထိုအချိန်တွင် အစောင့်စစ်သားတဦးက ထအော်ဟစ်သတိပေးလိုက်လေသည်။
ချက်ချင်းဆိုသလို အစောင့်စစ်သားအားလုံးက ကျိုးဟောင်အပါအ၀င် အက်ကွဲကြောင်းထဲ၀င်ရောက်တော့မည့် သိုင်းပညာရှင်အားလုံးအား အလေးပြုလိုက်ကြလေသည်။
သူတို့အားလုံး အက်ကွဲကြောင်းထဲ၀င်ရောက်ကြတော့လေမည်။ အခြားသူများ ၀င်ရောက်ရန် တုံ့ဆိုင်းနေကြစဉ်မှာပဲ ကျိုးဟောင်က ပထမဆုံး ၀င်ရောက်သွားလေသည်။
ကျိုးဟောင်မှာ ဟန်ပြအနေနဲ့မဟုတ်ဘဲ သူတကယ်ကို အက်ကွဲကြောင်းထဲ၀င်ရောက်ပြီး အတွေ့အကြုံများရှာဖွေရန်နှင့် ကံကြမ္မာအမှတ်များ စုဆောင်းရန်သာ စိတ်ထဲရှိလေသည်။
"ဥက္ကဌကျိုးက တကယ်မျှော်လင့်ထားတဲ့အတိုင်းပါပဲလား"
"ဥက္ကဌကျိုးက တကယ့်ကို ပြိုင်စံရှား ရဲရင့်သူပဲ"
ကျိုးဟောင်ချီတက်၀င်ရောက်သွားသည်ကိုမြင်တွေ့လိုက်ကြပြီးနောက် တခြားသိုင်းပညာရှင်များလည်း ၀င်ရောက်ရန် ယုံကြည်မှုရှိလာကြသည်။
သူတို့ဒီတခေါက်အောင်မြင်ခဲ့ပါက ဟွာရှားမြို့၏ကာကွယ်ရေးခံတပ်ပေါ်၌ ကျရောက်နေသောဖိအားမှာလည်း လျော့ကျသွားလေမည်။
သိုင်းပညာရှင်များ နှင့်ကျောင်းသားများငေးကြည့်နေစဉ်မှာပဲ ကျိုးဟောင်က အက်ကွဲကြောင်း၏အတွင်းအစွန်းနားပင် ချဉ်းကပ်ရောက်ရှိနေလေပြီ။
ကျိုးဟောင်မှာ အက်ကွဲကြောင်း အစွန်းနားသို့ရောက်ရှိခဲ့ဖူးလေသည်။ သူသည် ၇ခုမြောက်အက်ကွဲကြောင်းထဲသို့ ခဏ၀င်ရောက်ခဲ့ဖူးပြီး ကြီးကျယ်သောယန်မှတ်တမ်းအား ရယူခဲ့လေသည်။
ဒီ၁၃ခုမြောက်အက်ကွဲကြောင်းကတော့ ၇ခုမြောက်အက်ကွဲကြောင်းနှင့် ယှဉ်ရင် ပိုပြီး တည်ငြိမ်လေသည်။
အန္တရာယ်အငွေ့အသက် နှင့် အင်အားကြီး အရှိန်အဝါမျိုး သူအာရုံမခံမိသေးပေ။
အချိန်အကြာတွင် ကျိုးဟောင်မှာ အက်ကွဲကြောင်းထဲသို့ လုံး၀၀င်ရောက်သွားသည်ကို အားလုံးတွေ့လိုက်ကြရသည်။
အစောင့်စစ်သားများက ကျိုးဟောင်ကိုထပ်မံအလေးပြုနေကြလေသည်။
ကျိုးဟောင်မှာ မူလအဆင့်ကောင်စီ၏ ဂုဏ်ထူးဆောင် ဥက္ကဌဘွဲ့ နှင့် တကယ်ပင်ထိုက်ထန်ပေသည်။ သူသည် အန္တရာယ်နှင့် ရင်ဆိုင်ရတိုင်း အမြဲတမ်းထိပ်ဆုံးက စတင်ဦးဆောင်ရင်ဆိုင်လေသည်။
ကျိုးဟောင်ဒီလို အလျင်အမြန်၀င်ရောက်သွားရသည်မှာ မျိုးနွယ်ခြားများကို အမြန်သုတ်သင်ပြီး ကံကြမ္မာအမှတ်များ စုဆောင်းလိုခြင်းကြောင့်ဖြစ်ကြောင်းကိုတော့ ဘယ်သူမှ မသိကြပေ။
တကယ်လို့ အဆင့်မြင့်မျိုးနွယ်ခြားများကို တခြားသိုင်းပညာရှင်တယောက်ယောက်ကသတ်သွားပါက သူ့အတွက် ကြီးမားသောဆုံးရှုံးမှု ဖြစ်နိုင်လေသည်။
သူတို့အားလုံးသည် တိတ်ဆိတ်သော အရှိန်အဝါများပြည့်နေသော အလွှာတခုကို ဖြတ်ကျော်ခဲ့ကြရသည်။
ထို့နောက် ရုတ်တရက် မျိုးနွယ်ခြား ဝိုင်းရံတိုက်ခိုက်လာကြလေသည်။
"သေကြစမ်း"
မျိုးနွယ်ခြားများ ဝိုင်းရံတိုက်ခိုက်လာသည်နှင့်တပြိုင်နက် ကျိုးဟောင်က သူ၏ငွေရောင်လှံရှည်ကိုဆွဲထုတ်ကာ ဟစ်ကြွေးလိုက်လေသည်။
ထိုမျိုးနွယ်ခြားများမှာ မီးပုံတိုးသည့် ပိုးဖလံများကဲ့သို့ ချက်ချင်း ကျိုးဟောင်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
သူတယောက်ထဲဖြင့် ရန်သူတသောင်းအား ထိန်းထားနိုင်စွမ်းရှိသည်လို့ဆိုရပေမည်။
ကျိုးဟောင် သူစိတ်ရှိတိုင်းသတ်ဖြတ်နေခဲ့ပြီး အသက်ရှူလိုက်တိုင်း ကံကြမ္မာအမှတ်များ မြှင့်တက်လာနေလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ မြောက်မြားစွာသော မျိုးနွယ်ခြားအစုအဝေးကြီးက ကျိုးဟောင်အနားတွင် ဝိုင်းရံနေပြီး ကျိုးဟောင်တချက်လှုပ်လိုက်တိုင်း အများအပြားသေဆုံးသွားလေသည်။ ထိုနည်းဖြင့် သူ့ကံကြမ္မာအမှတ်များ တဟုန်ထိုးတက်နေလေသည်။
ကျိုးဟောင်သည် စတင်၀င်ရောက်ချိန်ထဲက တုံ့ဆိုင်းမနေခဲ့ပေ။ သူ၏လှံရှည်အား ဆွဲကိုင်ပြီး ရှေ့သို့တက်လက်ချီတက်နေလေသည်။
လူတိုင်းနီးပါက ကျိုးဟောင်မှာ အလွန်စွမ်းအားကြီးကြောင်းသိကြသော်လည်း လမ်းတလျှောက်အပြင်းအထန်တိုက်ခိုက်နေသောကျိုးဟောင်အား ကြည့်ပြီး အံ့ဩထိတ်လန့်သွားကြသည်။
ကျိုးဟောင်မှာ သူတို့နားလည်ထားသောအရာများကို ပြောင်းလဲစေနိုင်ခဲ့ပြီး သူတို့အား အံ့ဩသွားစေလေသည်။
ကျိုးဟောင် ၊ လင်ရှုယင် နှင့် အခြားမူလအဆင့်ပညာရှင်တို့မှာ ရှေ့ဆင့်နောက်ဆင့် ၁၃ခုမြောက်အက်ကွဲကြောင်းထဲသို့ ခုန်ဆင်းခဲ့ကြခြင်းဖြစ်သည်။
အချိန်တခုလောက်တိုက်ခိုက်ပြီးနောက် အခြေအနေမကောင်းကြောင်း အခြားပညာရှင်များက ခံစားလိုက်ရသည်။
တူညီသည့်မျိုးနွယ်ခြားများဖြစ်သော်လည်း အက်ကွဲကြောင်းထဲတွင်တော့ ပို၍သန်မာကြလေသည်။
ဒါ့ကြောင့် ကျိုးဟောင်၏ အနိုင်ယူရန်ခက်ခဲသောအသွင်အပြင်က သူတို့အား အံ့အားသင့်စေခဲ့လေသည်။
သိုင်းပညာရှင်များက အက်ကွဲကြောင်းထဲသို့၀င်ရောက်ပြီး မျိုးနွယ်ခြားများကို ဖိအားပေးမောင်းထုတ်နေစဉ်မှာပဲ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ သုတေသန ပညာရှင်များအဖွဲ့ကလည်ူအက်ကွဲကြောင်းထဲသို့ ၀င်ရောက်ပြီး စွမ်းအင်အတားအဆီးအား စတင်တည်ဆောက်နေကြလေသည်။
ထိုအချိန်မှာပဲ ကျိုးဟောင်က ရှေ့သို့ဆက်လက်ချီတက်ရင်း မျိုးနွယ်ခြားများ ဖိအားပေးကာ တလှမ်းပြီးတလှမ်းနောက်ဆုတ်သွားစေနေလေသည်။
ခဏအကြာ၌ နားအူမတတ် ဟိန်းဟောက်သံကြီး ပေါ်လာခဲ့ပြီး သိုင်းပညာရှင်များအားလုံး ရင်ထဲ တုန်ခါသွားကြသည်။
ဂါးးးး
ထိုဟိန်းဟောက်သံကြီးကြောင့် မူလပညာရှင်အနည်ူငယ်ကာ ခေါင်းထဲရီဝေဝေခံစားလိုက်ရပြီး မြေပြင်ပေါ်လဲကျသွားကြသည်။
"ကောင်းကင်ဘုံအဆင့်လား"
ပြင်းထန်သောဖိအားနှင့်ကြောက်မက်ဖွယ်အရှိန်အဝါကိုခံစားလိုက်ရသောကြောင့် မူလအဆင့်ပညာရှင်များ၏ အကြည့်တွင် ကြောက်စိတ်များပေါ်နေလေသည်။
ဘယ်လိုအခြေအနေဖြစ်ဖြစ် ကောင်းကင်ဘုံအဆင့်တယောက်က ဒီလိုတိုက်ပွဲအား ၀င်ရောက်စွက်ဖက်မည်မဟုတ်ပေ။
"ကောင်းကင်ဘုံအဆင့်တော့မဟုတ်ဘူး ဒါပေမဲ့ ကောင်းကင်ဘြံအဆင့်ရောက်လုနီးပါးပဲ"
တချို့အတွေ့အကြုံရှိသော မူလအဆင့်ပညာရှင်များမှာ အမူအရာများပျက်သွားကြသည်။
အက်ကွဲကြောင်းထဲတွင်တိုက်ခိုက်ရသည်က တကယ့်ကို မလွယ်ကူလှပေ။
....................................................................................
အခန်း(၂၈၂)ပြီးပါပြီ။