← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈) : မင်းကတကယ်ကိုစွမ်းအင်အနှစ်သာရနဲ့ခန္ဓာကိုယ်ကိုပုံသွင်းနိုင်တာပဲ"

"သခင်ကြီး ကျွန်မကတာမကြည့်ချင်လို့လား"

ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားကာ သူမအတွေးမှားသွားကြောင်းကိုသဘောပေါက်လိုက်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမကပြတာကိုမကြည့်ချင်ပါဘူး ဟု ကျိုးဟောင်တစ်ခါမှမပြောဖူးပေ။

"အဲဒီလိုမပြောဖူးပါဘူး"

ကျိုးဟောင်မှာရိုးရိုးရှင်းရှင်းပင်တုံ့ပြန်လိုက်သည်။

"ကျွန်မကထားတာကို ကိုယ့်ဘာသာဗီဒီယိုရိုက်ထားတာရှိတယ် ပို့ပေးရမလားဟင်"

နတ်မိမယ်ယွဲ့လင်မှနောက်ထပ်စာတစ်ခုပို့လာပေသည်။

ထို့သို့ပို့ပြီးနောက် ရှက်ရွံ့နေသောရုပ်ပြမျိုးထပ်ပို့လာလေသည်။

ကျိုးဟောင်မှာချက်ချင်းပင်ကြက်သေသေသွားပြီး မနေနိုင်ဘဲစာပြန်လိုက်သည်။

"ဒါကငါ့အတွက် အထူးအကျိုးအမြတ်လား"

"သခင်ကြီးကကျွန်မကိုအများကြီးကူညီခဲ့တာ သခင်ကြီးဘယ်လိုအကျိုးအမြတ်မျိုးပဲဖြစ်ဖြစ်တောင်းဆိုလို့ရပါတယ်"

ကျိုးဟောင်မှာမည်သို့တုံ့ပြန်ရမလဲဆိူတာကိုပင်မသိတော့ပေ။ သူတကယ်ကြီး ဤသို့လုပ်ရန်ရည်ရွယ်ချက်မရှိပေ။ သို့သော်ယခုတွင် နတ်မိမယ်ယွဲ့လင်မှာသူ့အားအထင်လွဲနေပေသည်။ သူမသည်ကျိုးဟောင်မှာ အခြားအကျိုးအမြတ်လိုချင်သည်ဟုတွေးနေပုံပေါ်သည်။

နတ်မိမယ်ယွဲ့လင်အားနားလည်အောင်ပြောပြရန်ပြင်နေဆဲမှာပင် ကျိုးဟောင်ထံဗီဒီယိုတစ်ခုရောက်လာလေသည်။

မျက်နှာပြင်ပေါ်တွင် နတ်မိမယ်ယွဲ့လင်မှာလှပနေပြီး ကျက်သရေရှိစွာလှုပ်ရှားနေပေသည်။ သူမ၏ကနေသောဟန်ပန်မှာအလွန်လှပပြီး ပြိုင်ဘက်ကင်းပေသည်။

"ကြည့်ကောင်းလား...တကယ်လို့သခင်ကြီးကြိုက်ရင် ကျွန်မထပ်ကပြလို့ရပါတယ်"

နတ်မိမယ်ယွဲ့လင်ထံမှစာဝင်လာချိန်တွင် ကျိုးဟောင်မှာရှက်ရွံ့သွားလေသည်။ ယခုသူ့ထံတွင်တစ်ခုခုပြန်ပြောရန်အချိန်မရှိနေပေရာ အလျင်အမြန်ပင်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်မှထွက်လိုက်လေသည်။

ထိုအချိန်တွင် နတ်မိမယ်ယွဲ့လင်မှာကျိုးဟောင်၏ရုပ်ပုံမှာခဲရောင်ပြောင်းသွားသည်ကိုမြင်လိုက်ရပြီး သူမ၏လှပသောမျက်နှာလေးတွင်စိတ်ရှုပ်သောအမူအရာတစ်ခုဖျက်ခနဲပေါ်လာလေသည်။ ဤသခင်ကြီးဘာဖြစ်နေမှန်းကို သူမနားမလည်ပေ။

သူမကတာမလှ၍ပေလား.....

သို့မဟုတ် သခင်ကြီးကလုံးဝမကြည့်လိုသည်လား....

သို့မဟုတ် ရှက်နေသည်လား....

သူမသည်အဖြေမရှာနိုင်ဘဲ ပဟေဠိဖြစ်နေလေသည်။

ကျိုးဟောင်မှာမျက်နှာအမြန်သစ်လိုက်ပြီး မကောင်း သော စိတ်ဆန္ဒတို့အားဖိနှိပ်လိုက်သည်။

"ဒီမိန်းက‌လေးကသောက်ရမ်းဖြားယောင်းလွန်းတယ်"

ကျိုးဟောင်မျက်နှာသုတ်ကာအနားယူတော့မည့်ဆဲဆဲမှာပင် ကောင်းကင်ဘုံဘုရင်ကျူးထံမှစာတစ်စောင်ဝင်လာလေသည်။

သူသည်မျက်မှောင်ကြုတ်လိုက်ပြီးအချိန်ဖြုန်းမနေတော့ပေ။ ချက်ချင်းပင် ၁၂ခုမြောက်အက်ကွဲကြောင်းဆီသွားကာ ကောင်းကင်ဘုံဘုရင်ကျူးနှင့်လူချင်း‌တွေ့ဆုံလေသည်။

"ကောင်းကင်ဘုံဘုရင်ကျူး ဘာဖြစ်လို့လဲ ဒီအချိန်ကြီးကျွန်တော့်ကိုခေါ်ရလောက်တဲ့အထိ ဘာလို့ဒီလောက်အလျင်လိုနေတာလဲ"

ကောင်းကင်ဘုံဘုရင်ကျူးမှာ ကျိုးဟောင်အားမြင်ကာစကားပြောတော့မည့်ဆဲဆဲမှာပင် ရုတ်တရတ်အံ့အားသင့်စွာပြောလာလေသည်။ သူ၏မျက်လုံးများမှာပြူးကျယ်နေပြီး တအံ့တဩဆိုလာလေသည်။

"မင်း.....မင်းရဲ့အငွေ့အသက်...စွမ်းအင်အနှစ်သာရကပုံသွင်းနေတာ မင်းတကယ်ကြီးစွမ်းအင်အနှစ်သာရကိုသုံးပြီး မင်းရဲ့ခန္ဓာကိုယ်ကိုပုံသွင်းနိုင်တာပဲ ဘုရားရေ"

ကျူးဇောင်မှာအလွန်ထိတ်လန့်သွားသည်။ ရက်အနည်းငယ်အတွင်းမှာပင် ကျိုးဟောင်မှာ သူ၏စွမ်းအင်အနှစ်သာရအားပုံသွင်းနိုင်မည်ဟုမထင်ထားခဲ့ပေ။

ကောင်းကင်နှင့်မြေကြီး၏အနှစ်သာရမူလစွမ်းအားကိုက ပြင်းထန်သည်ဟုပြောလို့ရပေသည်။ ကောင်းကင်ဘုံအဆင့်ပညာရှင်များမှလွဲ၍ အခြားလူများမှာခန္ဓာကိုယ်အားပုံသွင်းရန်ထိုစွမ်းအားအား လုံးဝမသုံးဝံ့ပေ။ ထိုသို့သုံးမိပါက ယခုလိုပြင်းထန်သောစွမ်းအားမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်အား ချက်ချင်းပင်သေစေနိုင်ပေသည်။

ကျူးဇောင်အထိတ်လန့်ဆုံးကိစ္စမှာ ရက်ပိုင်းအတွင်း ကျိုးဟောင်မှာယခုလိုအကျိုးသက်ရောက်မှုမျိုးရရှိခဲ့ခြင်းပင်ဖြစ်သည်။

"ဥက္ကဌကျိုး မင်းကတော့ငါ့ကိုအရမ်းအံ့ဩစေတာပဲ"

ကျူးဇောင်မှာအလွန်စိတ်လှုပ်ရှားနေသည်။ တစ်နိုင်ငံလုံးတွင် ခန္ဓာကိုယ်အားပုံသွင်းနိုင်သောကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ဆိုသည်မှာ ရတနာတစ်ခုပမာဖြစ်သည်။

ဤကဲ့သို့သောပညာရှင်မှာ အလွန်စွမ်းအားကြီးရုံသာမက အနာဂတ်တွင်လည်း ကောင်းကင်ဘုံအဆင့်သို့တက်လှမ်းသွားနိုင်ပေသည်။ အရေးကြီးဆုံးမှာ ကောင်းကင်ဘုံအဆင့်ပညာရှင်များမှာကြုံသလိုတိုက်ခိုက်ခွင့်မရှိဟူသောအချက်အောက်တွင် ပြိုင်ပွဲမှာကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များကြားတွင်သာရှိပေသည်။

ထို့အပြင်ကျိုးဟောင်မှာ ဤအဆင့်တွင်ပြိုင်ဘက်မရှိဟုဆိုနိုင်ပေသည်။

ဤအဓိပ္ပာယ်မှာ သာမန်ထက်ထူးကဲနေပြီဖြစ်သည်။

ကျိုးဟောင်မှာပြုံးလိုက်သော်လည်း အလျင်အမြန်ပင်မေးလိုက်သည်။

"ကောင်းကင်ဘုံဘုရင်ကျူး ကျွန်တော့်ကိုဘာလို့ဒီကိုခေါ်တာလဲ"

ထိုစကားကြားမှကျူးဇောင်မှာ သူ့နဖူးသူလက်နှင့်ရိုက်ကာပြောလာသည်။

"ငါ့ကိုကြည့်စမ်းပါဦး အရမ်းစိတ်လှုပ်ရှားပြီးတော့ အရေးကြီးကိစ္စကိုမေ့တော့မလို့ ၁၂ခုမြောက်အက်ကွဲကြောင်းထဲမှာပုံမှန်မဟုတ်တာတစ်ခုတွေ့တယ် စွမ်းအားကြီးတဲ့စွမ်းအင်အတက်အကျတစ်ခုကိုထောက်လှမ်းမိတယ် ငါပို့လိုက်တဲ့ပညာရှင်က အဲဒီနေရာနားကိုလုံးဝမကပ်နိုင်ဘူးဖြစ်နေတယ် အဲဒါကြောင့် မင်းကိုပဲဒုက္ခပေးရတော့မယ်"

ကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များကြားတွင် ထိပ်ဆုံးတွင်တည်ရှိနေသောတည်ရှိမှုတစ်ခုဖြစ်သည်။ အကယ်၍ကျိုးဟောင်သာဤကိစ္စအားတာဝန်ယူပါက သူသေချာပေါက်စိတ်အေးနိုင်မည်ဖြစ်သည်။

"ကောင်းပြီ ကျွန်တော်နားလည်ပြီ အခုပဲသွားလိုက်ပါ့မယ်"

ကျိုးဟောင်မှစကားဆုံးသည်နှင့်တခြားစကားမဆိုတော့ဘဲ ၁၂ခုမြောက်အက်ကွဲကြောင်းဆီသို့အလောတကြီးထွက်သွားလေတော့သည်။

ထိုအချိန်တွင်၁၂ခုမြောက်အက်ကွဲကြောင်း၏ပြင်ပတွင် စွမ်းအားကြီးသောအငွေ့အသက်ရှိသော စွမ်းအားကြီးလျှပ်စစ်သံလိုက်ကွင်းတစ်ခုရှိနေပေသည်။ ထိုအရာနားတွင် လူသားမျိုးနွယ်ပညာရှင်များစွာရပ်နေကြပြီး ထိုအထဲတွင်လင်ရှုယင်လည်းပါဝင်ပေသည်။

သူမသည်ကိုယ်ကျပ်အင်္ကျီအားဝတ်ဆင်ထားပေရာ သူမ၏လှပသိမ်မွေ့သောကောက်ကြောင်းမှာပေါ်လွင်နေပေသည်။ သူမ၏အလွန်လှပသောမျက်နှာလေးကိုပါထည့်ပေါင်းလိုက်သည့်အချိန်တွင် ပုရိသတို့အားနှစ်ခါပြန်မကြည့်ဘဲမနေနိုင်လောက်အောင်ဆွဲဆောင်နေပေသည်။

သို့သော်လက်ရှိအချိန်တွင်သူမသည်မျက်မှောင်ကြုတ်နေပြီး စိတ်အခြေအနေကောင်းပုံမပေါ်ပေ။

အကြောင်းအရင်းမှာဤလျှပ်စစ်သံလိုက်ကွင်း၏ ပုံပန်းသဏ္ဍာန်မှာ အလွန်ထူးဆန်းနေ၍ဖြစ်သည်။ ထိုမျှသာမကသေး ၎င်းတွင်အလွန်စွမ်းအားကြီးသောတွန်းကန်အားရှိပြီး ထိုအားမှာသူမကိုပင်တွန်းကန်နေပေသည်။

ထိုအချိန်တွင်သူမသည်တစ်ခုခုကို ခံစားမိလိုက်ပုံပေါ်ပြီး လှည့်ကြည့်လိုက်သောအခါ ကျိုးဟောင်ပေါ်လာသည်ကိုမြင်လိုက်ရပေသည်။

"ရောက်လာပြီပဲ ဥက္ကဌကျိုး"

လင်ရှုယင်၏စိတ်ထဲတွင် ကျိုးဟောင်မှာလျှို့ဝှက်ဆန်းကြယ်သည်ဟုအမြဲခံစားရပေသည်။ သူ၏ ထူးချွန်သောစွမ်းအားပါထပ်ပေါင်းလိုက်သောအခါ သူမပိုအာရုံစိုက်မိသည်မှာ မထူးဆန်းတော့ပေ။

ထို့အပြင် ကျိုးဟောင်နှင့်ဘေးချင်းယှဉ်တိုက်ပြီးနောက်ပိုင်း သူမသည်ကျိုးဟောင်အားအပြည့်အဝယုံကြည်ပေသည်။

"အင်း အခြေအနေဘယ်လိုလဲ"

ကျိုးဟောင်ရောက်ရှိလာပြီးနောက် ၁၂ခုမြောက်အက်ကွဲကြောင်း၏အစွန်နားတွင် စွမ်းအားကြီးသောစွမ်းအင်အတက်အကျတစ်ခုအား ခံစားမိလိုက်လေသည်။

ဤအရာမှာ၁၂ခုမြောက်အက်ကွဲကြောင်းတွင်မပြောပလောက်ဘဲ အတိုင်းအတာမှာအလွန်မကြီးသော်ငြား ယခုလိုကြိုတင်မခန့်မှန်းနိုင်သောဖြစ်ရပ်အား အာရုံစိုက်ရန်လိုအပ်သည်မှာ ပုံမှန်သာဖြစ်သည်။

....................................................................................

အခန်း(၃၂၈) ပြီးပါပြီ။

အခန်း (၃၂၉) : တရုတ်လူမျိုးတွေက ဘယ်တော့မှနောက်မဆုတ်ဘူး

ရှေ့တန်းရှိစစ်ပွဲမှာ အက်ကွဲကြောင်း၏အစွန်အဖျားဒေသအတွက် ဖိအားကိုတိုးနေစေပြီးဖြစ်သည်။ အကယ်၍ဤနေရာတွင်သာတစ်ခုခုဖြစ်ပါက အက်ကွဲကြောင်းတစ်ခုလုံးပြိုလဲသွားနိုင်ပေသည်။

"အခြေအနေကတော့ အရမ်းကြီးကောင်းမနေဘူး ဘာဖြစ်နေလဲမသိပေမဲ့ အရမ်းစွမ်းအားကြီးတဲ့စွမ်းအင်တစ်ခုအစပျိုးနေတာကို ထောက်လှမ်းမိတယ် ရှေ့ကကြိုသွားနှင့်တဲ့အဲဒီကောင်းကင်ဘုံအဆင့်ပညာရှင်တွေနဲ့လည်းဆက်သွယ်လို့မရဘူး ဒါကဘာကြောင့်လဲမသိဘူး"

"ဒါပေမဲ့ ဘာလို့မှန်းမသိကျွန်မစိတ်ထဲလေးနေတယ်"

လင်ရှုယင်မှာအသက်ပြင်းပြင်းရှူပြီးပြောလိုက်သည်။ သူမ၏အမူအရာမှာသိပ်မကောင်းလှပေ။ သူမ၏စိုးရိမ်မှုများမှာ အခြေအမြစ်မရှိစိုးရိမ်နေခြင်းမဟုတ်ပေ။ မျိုးနွယ်ခြားအရေအတွက်များပြားလာသည်နှင့်အမျှ လူသားမျိုးနွယ်အပေါ်ဖိအားမှာလည်း နှစ်ဆတိုးလာပေသည်။ အကယ်၍တစ်ခုခုဖြစ်ပါက သူတို့ဤနေရာတွင်မကျရှုံးသွားပါဘူးဟု အာမခံဖို့ရာတကယ်ကိုခက်ပေသည်။

အကယ်၍ဤနေရာကိုသာဆုံးရှုံးသွားပါက အကျိုးဆက်အားခံစားရမည့်လူမှာသူတို့မဟုတ်ဘဲ သူတို့နောက်ရှိနိုင်ငံသားများသာဖြစ်သည်။

ကျိုးဟောင်မှာခေါင်းညိတ်ပြပြီးပြောလိုက်သည်။

"မိန်းမတစ်ယောက်ရဲ့မသိစိတ်ကအရမ်းတိကျတယ် ဒီမှာပဲစောင့်နေ ဘာဖြစ်နေလဲဆိုတာ ငါသွားကြည့်လိုက်မယ်"

ကျိုးဟောင်မှာစကားဆုံးသည်နှင့် လင်ရှုယင်ပြန်ပြောတာကိုပင်မစောင့်တော့ဘဲ သူ၏ခန္ဓာကိုယ်မှာလှုပ်ရှားကာပျောက်ကွယ်သွားလေသည်။

လင်ရှုယင်မှာကျိုးဟောင်အားညွှန်ကြားလိုသေးသော်လည်း ကျိုးဟောင်ထွက်သွားသည်ကိုမြင်သောအခါ သူမသည်ပြုံးရုံသာပြုံးလိုက်သည်။

ကျိုးဟောင်မှာစကားများများမပြောဘဲ သူမအားရိုင်းသောအပြုအမူမျိုးပြုမူသွားသည်ကိုပင် လက်ရှိအချိန်တွင် ကျိုးဟောင်သည် အံ့ဩစရာကောင်းလောက်အောင်ပင် သူမအားစိတ်ချ၍ရသောခံစားချက်မျိုးကိုပေးနိုင်ပေသည်။ ဘာကြောင့်လဲဆိုတာကိုတော့ သူမလည်းမသိပေ။

ကျိုးဟောင်မှာမူသူမ၏အတွေးအားမသိဘဲ စွမ်းအင်တို့စုဝေးရာနေရာသို့ရောက်ရှိသွားပြီဖြစ်သည်။ ဤနေရာတွင်ရှိနေသောလျှပ်စစ်သံလိုက်ကွင်းမှာ အလွန်စွမ်းအားကြီးပြီး တွန်းကန်အားမှာလည်းအလွန်စွမ်းအားကြီးပေသည်။ ကံကောင်းသည်မှာ ကျိုးဟောင်၏ကျင့်ကြံရေးအဆင့်မှာအလွန်စွမ်းအားကြီးနေ၍ အနားကပ်သွားနိုင်ပေသည်။

သို့သော် နီးကပ်လာသည်နှင့်အမျှ ဖိအားမှာရုတ်တရတ်နှစ်ဆတိုးလာပေရာ ကျိုးဟောင်၏အမူအရာမှာလေးနက်သွားလေတော့သည်။

"ဒါကဘာလဲ စီနီယာဒါကိုသိလား"

မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်အတွေ့အကြုံများများစားစားမရှိပေ။ သို့သော် မုရုံရွှင်းမှာတော့မတူညီပေ။ သူသည်ကောင်းကင်ဘုံအဆင့်ပညာရှင်ဟောင်းတစ်ယောက်ဖြစ်သည်။

"ဒီခံစားချက်.....ကြည့်ရတာမြေလွတ်နှစ်ခုထပ်ပြီးဆင်းသက်လာတဲ့အငွေ့အသက်လိုမျိုးပဲ"

မုရုံရွှင်း၏အသက်ရှုသံမှာလည်းပြင်းထန်နေပြီး အလွန်တည်ငြိမ်နေပေသည်။

"မြေလွတ်နှစ်ခုထပ်ပြီးဆင်းသက်လာတာ အဲဒါဘာလဲ"

ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်သည်။

"ရိုးရှင်းပါတယ် မြေလွတ်တစ်ခုကနောက်တစ်ခုပေါ်ထပ်ပြီးဆင်းသက်လာဖို့ဆိုတာအရမ်းခက်တယ် စက်ရုပ်မျိုးနွယ်ရဲ့အဆင့်မြင့်လျှို့ဝှက်လက်နက်တွေပဲဒီလိုမျိုးလုပ်နိုင်တာ ဒါပေမဲ့ဒါလည်းမဖြစ်နိုင်ဘူး ဘယ်လိုဖြစ်ဖြစ်စက်ရုပ်မျိုးနွယ်က ဒီအက်ကွဲကြောင်းကိုအရမ်းစိတ်မဝင်စားလောက်ဘူး"

မုရုံရွှင်းသည်လည်းအလွန်တွေးရခက်နေပြီးနားမလည်နိုင်ပေ။

ကျိုးဟောင်သည်ခေါင်းညိတ်ပြလိုက်ပေသည်။ သူသည်ဤအရာဘာလဲဆိုသည်ကိုမဖော်ထုတ်နိုင်သော်ငြား ၎င်းမှာဘာမှတော့မဖြစ်သေးပေ။

သို့သော် ကျိုးဟောင်၏အလိုလိုသိစိတ်သည်လည်း လင်ရှုယင်နှင့်အတူတူပင်ဖြစ်သည်။ ဤနေရာသည်ဘာပဲဖြစ်နေပါစေ မျိုးနွယ်ခြားနည်းပညာဖြစ်နေ‌သရွေ့ သေချာပေါက်ထိုမျှလောက်မရိုးရှင်းနိုင်ပေ။

သူတွေးနေတုန်းမှာပင် အက်ကွဲကြောင်း၏စွမ်းအင်အတက်အကျမှာ ရုတ်တရက်ပိုမိုပြင်းထန်လာလေသည်။ ထို့အပြင် ဤလျှပ်စစ်သံလိုက်ကွင်းထဲတွင် သက်ရှိများပေါ်လာနေကြောင်းကို ကျိုးဟောင်ရှင်းရှင်းလင်းလင်းခံစားမိပေသည်။

ဤအချက်သည်သူ့အမူအရာအားပြောင်းလဲသွားစေလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံဘုရင်ကျူးထံမှသတင်းစကားတစ်ခုအားလက်ခံရရှိလိုက်ပေသည်။

"ဥက္ကဌကျိုး မြန်မြန်ပြေးတော့ ဒါကစက်ရုပ်မျိုးနွယ်ဆင်းသက်လာတာပဲ ၇ခုမြောက်အက်ကွဲကြောင်းကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၃ယောက်ကိုနေရာရွှေ့သွားတယ်လို့သတင်းရထားတယ် ၁၂ခုမြောက်အက်ကွဲကြောင်းက ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၆ယောက်နဲ့ဆို စုစုပေါင်း ၉ယောက်တောင်ရှိတယ် သူတို့က ၁၂ခုမြောက်အက်ကွဲကြောင်းကိုဖျက်ဆီးပြီး ၁၃ခုမြောက်အက်ကွဲကြောင်းနဲ့ဆက်သွယ်ဖို့ ကြားခံနေရာတစ်ခုအဖြစ်ပြောင်းချင်နေတာ"

ထိုသတင်းအားမြင်ပြီးနောက် ကျိုးဟောင်၏အမူအရာမှာသိသိသာသာပြောင်းလဲသွားပေသည်။

စင်စစ်ပင်မျိုးနွယ်ခြားများမှာထပ်မံမထိန်းချုပ်ထားနိုင်တော့ပေ။ သူတို့ဘက်မှစတင်ကာတိုက်ခိုက်လာပေသည်။

အခု ၇ခုမြောက်အက်ကွဲကြောင်းမှာရှုပ်ထွေးနေပြီ ကျွန်တော်တို့ဘက်ကပညာရှင်တွေက သူတို့ကိုယ်သူတို့တောင်ဂရုမစိုက်နိုင်တော့ဘူး မျိုးနွယ်ခြားတွေကဆက်တိုက်ဖြစ်နေတဲ့စစ်ပွဲကိုအသုံးချပြီး ဒီနေရာကိုဆင်းသက်လာပြီးတော့ သူတို့မှာရှိသမျှအစွမ်းအကုန်နဲ့ ဒီနေရာကိုတိုကိခိုက်ဖို့ပြင်နေတာ သေစမ်း စက်ရုပ်မျိုးနွယ်ရဲ့ဆင်းသက်ရေးကထိန်းချုပ်ဖို့အရမ်းခက်တယ်မဟုတ်ဘူးလား သူတို့ဒီအက်ကွဲကြောင်းလိုဏ်ခေါင်းကို ဘယ်အချိန်ကဖွင့်လိုက်တာလဲ"

ကောင်းကင်ဘုံဘုရင်ကျူး၏အသံမှာအလွန်စိုးရိမ်နေပုံရပြီး ကျိုးဟောင်သည်လည်းထိုနည်း၎င်းပင်။

သူယခုစဉ်းစား၍ရသောတစ်ခုတည်းသောဖြေရှင်းနည်းမှာ ဤလျှပ်စစ်သံလိုက်ကွင်းအားဖျက်ဆီးရန်သာဖြစ်သည်။ မျိုးနွယ်ခြားများမဆင်းသက်လာနိုင်ပါက အားလုံးအဆင်ပြေသွားမည်ဖြစ်သည်။

သို့သော် ဤလျှပ်စစ်သံလိုက်ကွင်းမှာအလွန်မာကြောပေရာ ကျိုးဟောင်အကြိမ်ကြိမ်ကြိုးစားကြည့်သော်ငြားအသုံးမဝင်ပေ။

ထိုအချိန်တွင် လင်ရှုယင်မှာအလောတကြီးဖြင့်ရောက်လာလေသည်။

"ဥက္ကဌကျိုး ကြိုးစားနေစရာမလိုဘူး ခွန်အားကိုချွေတာထား ကျွန်မတို့သွေးချောင်းစီးမဲ့တိုက်ပွဲအတွက်ပြင်ဆင်ထားကြပြီးပြီ ကျွန်မတို့သေရရင်တောင် ၁၂ခုမြောက်အက်ကွဲကြောင်းရဲ့အပြင်ကနေ သူတို့ကိုတားရမယ်"

လင်ရှုယင်၏မျက်လုံးများတွင် သေခြင်းတရားနှင့်ရင်ဆိုင်ဝံ့သည့်ဆုံးဖြတ်ချက်ပြတ်သားမှုတို့အားမြင်နေရပေသည်။ သူမ၏တစ်ကိုယ်လုံးတွင် သူရဲကောင်းစိတ်ဓာတ်တို့ဖြင့်ပြည့်နေပြီး တိုင်းပြည်တစ်ခုအားဖြုတ်ချလိုသောရည်ရွယ်ချက်မျိုးပင်ရှိနေလေသည်။

ကျိုးဟောင်လည်းသူမအားကြည့်ကာအားတက်လာကာရယ်ရင်းပြောလိုက်သည်။

"ဟဟဟ ကောင်းတယ်တရုတ်လူမျိုးတွေက ဘယ်တော့မှနောက်မဆုတ်ဘူး"

ထို့နောက်ကျိုးဟောင်နှင့်လင်ရှုယင်မှာ ၁၂ခုမြောက်အက်ကွဲကြောင်း၏ပြင်ပရှိဧရိယာသို့ပြန်လာခဲ့ကြသည်။ အစိမ်းရောင်တိမ်တိုက်ဌာနမှပညာရှင်များနှင့် စစ်တပ်မှကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်အနည်းငယ်သည်လည်း အားလုံးရောက်ရှိနေကြပြီဖြစ်သည်။

သူတို့၏မျက်နှာပေါ်တွင် တိုင်းပြည်အတွက်အသက်ပေးဝံ့သောဆုံးဖြတ်ချက်ပြတ်သားမှုတို့ဖြင့် ပြည့်နေပေသည်။

‌

ကျုးဇောင်ပင်ပေါ်လာလေသည်။ အက်ကွဲကြောင်းအားစောင့်ကြည့်နေသောကောင်းကင်ဘုံအဆင့်ပညာရှင်များရှိနေသောကြောင့် ကျူးဇောင်မှာစစ်ပွဲတွင်မပါဝင်နိုင်သော်ငြား ကျယ်လောင်စွာအော်ဟစ်လာလေသည်။

"ငါတို့အိမ်အတွက် စစ်ပွဲစတော့မယ်"

ဤရိုးရှင်းသောစကားလုံးများမှာ ချက်ချင်းဆိုသလိုပင်အားလုံးအား မီးစာရှို့ပေးလိုက်သကဲ့သို့ပင်။ ၁၂ခုမြောက်အက်ကွဲကြောင်းတွင် စွမ်းအားကြီးစစ်တပ်တစ်ခုအားနေရာချထားပြီးပြီဖြစ်ပြီး နည်းပညာမြင့်လက်နက်အချို့ကိုလည်းပြင်ဆင်ထားပြီးပြီဖြစ်သည်။

လူသားမျိုးနွယ်မှာအများအပြားပြင်ဆင်ထားသော်ငြား ဤစစ်ပွဲသည်အလွန်ခက်ခဲမည်ဖြစ်ကြောင်းကိုတော့ခံစားမိကြပေသည်။

မျိုးနွယ်ခြားများ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာ မူလကတည်းက လူသားမျိုးနွယ်ပညာရှင်များထက်ပိုမိုသန်မာကြပေသည်။ ပုံမှန်အားဖြင့် လူသားမျိုးနွယ်မှ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၃ယောက်သို့မဟုတ် ၄ယောက်သည် မျိုးနွယ်ခြားမှကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၁ယောက်ကိုသာဖြေရှင်းနိုင်ပေသည်။ ဤအချက်သည်မျိုးနွယ်ခြားများတွင်သာရှိသောမွေးရာပါအကျိုးကျေးဇူးဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး ဘယ်သူမှဘာမှမတတ်နိုင်ပေ။

သို့သော် ယခုအချိန်တွင်အားလုံး၏တိုက်ခိုက်ရေးစိတ်ဓာတ်များမှာ တက်ကြွနေပေသည်။

....................................................................................

အခန်း(၃၂၉) ပြီးပါပြီ

အခန်း (၃၃၀) : မင်း...မင်းဘယ်လိုလုပ်ပြီးဒီလောက်သန်မာနေတာလဲ

ကျုးဇောင်အား၏အော်သံအားတုံ့ပြန်နေစဉ်မှာပင် ဆင်းသက်လာသောအက်ကွဲကြောင်း၏စွမ်းအင်အတက်အကျမှာ ချက်ချင်းဆိုသလိုပင်ကြီးမားလာလေသည်။ ၁၂ခုမြောက်အက်ကွဲကြောင်း၏ပြင်ပတွင် မရေမတွက်နိုင်သောအငွေ့အသက်များပေါ်လာလေသည်။

မြေကြီးထဲမှမျိုးနွယ်ခြားများစွာတိုးထွက်လာသည်နှင့်အမျှ မြေပြင်မှာလည်းတုန်ခါလာလေသည်။ အဝေးတွင် ကြောက်မက်ဖွယ်ရာအငွေ့အသက်ရှိသောမျိုးနွယ်ခြားသားရဲ ၆ကောင်လည်းပေါ်လာပေသည်။

အငွေ့အသက်တစ်ခုထွက်ပေါ်လာပြီး အဆုံးမရှိသောဖိအားအားသယ်ဆောင်ထားသော ကောင်းကင်ဘုံအဆင့်တစ်ဝက်အငွေ့အသက်တစ်ခုသည်လည်း ပေါက်ကွဲလာပေသည်။

သို့သော်ကျိုးဟောင်မှာရွှေနီရောင်မီးခြင်္သေ့အားမမြင်ပေ။ ၎င်းသည်ဤနေရာတွင်မပေါ်လာဝံ့၍ဖြစ်နိုင်ပေသည်။ သူ၏သားရဲကွင်းဖြင့်ထိန်းချုပ်ခံထားရသောကြောင့် ၎င်းသည်လူသားမျိုးနွယ်အားလုံးဝမတိုက်ခိုက်ဝံ့ပေ။ အကယ်၍ကျိုးဟောင်သာ ၎င်းအားမျိုးနွယ်တူအချင်းချင်းအတင်းအကြပ်ဖိအားပေးသတ်ခိုင်းပါက အနာဂတ်တွင်မျိုးနွယ်ခြားများကြား မည်ကဲ့သို့ရှင်သန်နိုင်မည်နည်း။

ထို့ကြောင့်ပေါ်မလာခြင်းသည် အကောင်းဆုံးအဖြေဖြစ်သည်။

ဤစွမ်းအားကြီးသောမျိုးနွယ်ခြားသားရဲ ၆ကောင်အားမြင်လိုက်သောအခါ အားလုံး၏အမူအရာမှာမဲမှောင်သွားသည်။

"အဲဒါတွေက မျက်လုံးတစ်ရာတီကောင်၊ ကင်းမဲ့ခြင်းသားရဲ၊ ရွှေချပ်ဝတ်ပုတ်သင်၊ မိစ္ဆာမျိုးနွယ်ရဲ့ဖားတစ္ဆေ၊ ဧရာမဝက်ဝံဘုရင်နဲ့ မီးစုန်းဖြူဂဏန်းကြီးပဲ"

"သူတို့...တကယ်ရောက်လာကြတယ် ကြည့်ရတာဒီစစ်ပွဲကတော့ရှောင်မရတော့ဘူးပဲ"

လူသားမျိုးနွယ်ပညာရှင်များမှာ စိုးရိမ်လာကြသည်။

ယခုအချိန်တွင် သူတို့အားပိုစိုးရိမ်စေသည့်အချက်မှာ အက်ကွဲကြောင်းဆင်းသက်မှုမှာပြီးဆုံးသွားခြင်းပင်ဖြစ်သည်။ မရေမတွက်နိုင်သောစက်ရုပ်မျိုးနွယ်များစွာပေါ်ပေါက်လာပြီး ကျိုးဟောင်သည်လည်း မျက်မှောင်ကြုတ်သွားပေသည်။

"အဲဒါက ရွှေချပ်ဝတ်စက်ရုပ်ကျားသစ်ပဲ"

ရွှေချပ်ဝတ်စက်ရုပ်ကျားသစ်မှာ စက်ရုပ်မျိုးနွယ်၏ အတော်လေးရက်စက်သောစစ်သည်တစ်ယောက်ဖြစ်သည်။ သူတို့၏ကိုယ်ထည်များအား တိုက်တေနီယမ်သတ္တုစပ်ဖြင့်ပြုလုပ်ထားပြီး အတော်လေးကြံ့ခိုင်ပေသည်။

ထို့အပြင်ရွှေချပ်ဝတ်စက်ရုပ်ကျားသစ်မှာ အံ့ဩဖွယ်ရာကောင်းလောက်အောင်လျင်မြန်ပြီး အတော်လေးနာမည်ကျော်ပေသည်။

မည်သို့ပင်ဖြစ်စေ မြင့်မားသောခုခံမှု၊ လျင်မြန်သောအရှိန်နှင့် အစွမ်းကြီးသောတိုက်ခိုက်မှုအင်အား ယခုလိုပြိုင်ဘက်မျိုးသည်ရင်ဆိုင်ရအခက်ဆုံးဖြစ်သည်။

သူတို့နောက်တွင်လည်း ကြမ်းကြုတ်သောသားရဲသုံးကောင်ပေါ်လာပေသည်။ သူတို့၏အငွေ့အသက်များမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များနှင့် အတူတူပင်ဖြစ်သည်။

မတူညီသည့်အရာမှာ တစ်ဖက်တွင်မျိုးနွယ်ခြားစစ်သည် စုစုပေါင်း ၉ယောက်ရှိပြီး ကောင်းကင်ဘုံအဆင့်တစ်ဝက်သို့ရောက်ရှိနေသော လူသားမျိုးနွယ်စစ်သည်မှာ ၁၁ယောက်သာရှိသည်။ တိုက်ခိုက်ကြမည်ဆိုပါက လူသားမျိုးနွယ်အတွက်သေချာပေါက် အကျိုးယုတ်နိုင်ပေသည်။

သို့သော် သူတို့သည်ဤစစ်ပွဲမှနောက်မဆုတ်နိုင်ပါ။ နောက်ဆုတ်လိုက်သည်နှင့် ၁၂ခုမြောက်အက်ကွဲကြောင်းမှာပြိုလဲသွားပြီး လူသားမျိုးနွယ်သည်လည်းပြိုလဲသွားမည်ဖြစ်သည်။ မျိုးနွယ်ခြားများအတွက်မူ ခြေတစ်လှမ်းရှေ့ရောက်သွားမည်ဖြစ်သည်။

ထို့အပြင် သူတို့နောက်တွင် လူ၁၀သန်းကျော်ရှိနေပေသည်။ သူတို့ပြိုလဲသွားလို့မရပေ။

"တိုက်ကြ"

မည်သူကြုံးဝါးလိုက်သလဲဆိုသည်အားမသိလိုက်ရပေ။ လူသားကျင့်ကြံသူအားလုံးထံတွင် လူသတ်ချင်သောအငွေ့အသက်များပေါ်လာလေသည်။ ထိုအချိန်တွင် သူတို့သည်သတ္တိစိတ်တို့ဖြင့်တက်ကြွနေကာ သေရန်အသင့်ပြင်ထားပြီပြီဖြစ်သည်။

ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏တာဝန်အားသူသိပေသည်။ နှစ်ဖက်စလုံးမှတိုက်ခိုက်နေသူအများအပြားရှိသော်ငြား အဓိကမှာအထွတ်အထိပ်အဆင့်ပညာရှင်များကြားမှတိုက်ပွဲသာဖြစ်သည်။ အကယ်၍သူသာအချိန်တိုအတွင်း ကောင်းကင်ဘုံအ‌ဆင့်တစ်ဝက်ပညာရှင်သားရဲများအား များများသတ်နိုင်ပါက သေချာပေါက် ဖိအားအများအပြားအားလျှော့ချပေးနိုင်ပေလိမ့်မည်။

ကျိုးဟောင်မှာရှေ့တစ်လှမ်းတိုးကာ ရှေ့တွင်မတ်တတ်ရပ်လိုက်ရာ သူ၏စွမ်းအားကြီးသောကျင့်ကြံရေးစွမ်းအားမှာပေါက်ကွဲထွက်လာပေသည်။

သူ၏စွမ်းအင်အနှစ်သာရများမှာခန္ဓာကိုယ်အနှံ့လှည့်ပတ်နေပြီး သူ၏ခန္ဓာကိုယ်မှာလည်း‌ဧရိယာတစ်ခုအားဝါးမျိုထားသောပူပြင်းသောမီးပြင်းဖိုကြီးတစ်ခုပမာပေ။

ကျိုးဟောင်ရှေ့တိုးလာသည်ကိုမြင်လိုက်ရသောအခါ အားလုံး၏ယုံကြည်မှုမှာလည်းတစ်ရှိန်ထိုးမြင့်တက်လာပေသည်။

"မကြောက်နဲ့ ဥက္ကဌကျိုးသာရှိရင် ငါတို့သေချာပေါက်အခြေအနေကိုပြောင်းပြန်လှန်ပစ်နိုင်တယ်"

"ဟုတ်တယ် ကောင်းကင်ဘုံအဆင့်အောက်မှာဆိုရင်ဥက္ကဌကျိုးကအသန်မာဆုံးပဲ ဘာကြောက်နေရမှာလဲ သတ်ကြ"

"‌သေစမ်း ငါသေရင်တောင်ဒီကောင်တွေကိုငါနဲ့အတူရသလောက်ဆွဲခေါ်သွားမှာပဲ"

ကျိုးဟောင်ရှေ့ထွက်လာခြင်းသည် သူတို့အတွက်ယုံကြည်မှုတိုးစေပေသည်။ တွေဝေမှုမရှိဘဲ ကျိုးဟောင်မှာပြေးဝင်သွားခဲ့ပေသည်။

သူ၏ခန္ဓာကိုယ်အားစွမ်းအင်အနှစ်သာရနှင့်ပုံသွင်းပြီးနောက်ပိုင်း မည်မျှစွမ်းအားကြီးလာသလဲဆိုသည်ကို ကျိုးဟောင်ကိုယ်တိုင်လည်းမသိပေ။ သို့သော် ကောင်းကင်ဘုံအ‌ဆင့်တစ်ဝက်သားရဲများကိုတော့သတ်နိုင်ကြောင်းသိပေသည်။

ကျိုးဟောင်မှာအရိပ်တစ်ခုပမာရွေ့လျားသွားပြီး မြင်ကွင်းမှာချက်ချင်းပင်ပြောင်းလဲသွားပေသည်။

မျိုးနွယ်ခြားများမှာလည်း ကျိုးဟောင်မည်မျှစွမ်းအားကြီးကြောင်းသိပုံပေါ်သည်။ သူတို့သည်ကျိုးဟောင်အားအတူပူးပေါင်းသတ်စေချင်သည့်သဘောဖြင့် ကောင်းကင်ဘုံအ‌ဆင့်တစ်ဝက်သားရဲ ၃ကောင်အားတန်းလွှတ်လိုက်ပေသည်။

ကျိုးဟောင်မှာသူ၏သွေးအနှစ်သာရအားလှည့်ပတ်ရင်း ကောင်းကင်၏တစ်ဝက်အားအနီရောင်ပြောင်းသည်ထိ တန်းခိုက်လိုက်သည်။

စစ်နတ်ဘုရားတစ်ပါးသဖွယ် ကျိုးဟောင်၏သွေးအနှစ်သာရမှာတစ်ရှိန်ထိုးမြင့်တက်လာပြီး မျက်လုံးတစ်ရာအင်းဆက်ဘုရင်ထံပြေးဝင်သွားပေသည်။

"လူသားလေး မင်းကတကယ်ဘဝင်မြင့်နေတာပဲ သေစမ်း"

မျက်လုံးတစ်ရာအင်းဆက်ဘုရင်၏ကြီးမားသောဦးမှင်ဖြင့် ကျိုးဟောင်အားရက်စက်စွာတိုက်ခိုက်လိုက်ပြီး ကြီးမားသောအားကြောင့်အက်ကွဲကြောင်းအားပျက်စီးသွားစေပေသည်။

၎င်း၏ဘေးရှိရွှေချပ်ဝတ်ပုတ်သင်မှာလည်း ၎င်း၏ကြီးမားသောအမြှီးကြီးအားမြှောက်ကာကျိုးဟောင်အားရိုက်ချလိုက်သည်။ ဧရာမဝက်ဝံဘုရင်သည်လည်း လက်သီးဖြင့်လွှဲယမ်းထိုးကာတိုက်ခိုက်လာပေသည်။

ကျိုးဟောင်၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားပြီး စွမ်းအားအပြည့်ဖြင့်ရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးလိုက်ပေသည်။ သူသည်ချက်ချင်းဆိုသလိုပင် ထိုသတ္တဝါ ၃ကောင်၏တိုက်ခိုက်မှုများအားရှောင်တိမ်းလိုက်ကာ လက်သီးဖြင့်တစ်ချက်ထိုးလိုက်သည်။

ဤအားအလွန်ကြီးမားသောလက်သီးတစ်ချက်မှာ မျက်လုံးတစ်ရာအင်းဆက်ဘုရင်၏ကြီးမားသောခန္ဓာကိုယ်ပေါ်သို့တန်းကာကျရောက်လာပြီး ရက်စက်စွာတိုက်ခိုက်လိုက်ပေသည်။

ဘုန်း!

စွမ်းအားကြီးသောစွမ်းအင်အနှစ်သာရမှာပေါက်ကွဲထွက်သွားပြီး မျက်လုံးတစ်ရာအင်းဆက်ဘုရင်၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော‌အပေါက်ကြီးတစ်ခုပေါ်လာစေပေသည်။

ဤမြင်ကွင်းမှာချက်ချင်းဆိုသလိုပင် အားလုံးအားထိတ်လန့်သွားစေပေသည်။

တိုက်ပွဲအားစိုးရိမ်စွာကြည့်နေသော ကျူးဇောင်ပင် မျက်လုံးပြူးသွားပေသည်။

"ဒါ....ဒါ....."

အားလုံးမယုံကြည်နိုင်ပေ။ သို့သော်နောက်တစ်စက္ကန့်အတွင်းမှာပင် သူတို့မှာပိုစိတ်လှုပ်ရှားလာကာ အော်ဟစ်လာကြပေသည်။

"ဥက္ကဌကျိုးက ပြိုင်ဘက်ကင်းတယ်"

"ဥက္ကဌကျိုးက စွမ်းအားကြီးတယ်"

"ဥက္ကဌကျိုးသာရှိနေရင် ငါတို့ဘာကိုကြောက်နေရမှာလဲ တက်ကြ"

လူသားမျိုးနွယ်စစ်သည်များမှာကြုံးဝါးကာတိုက်ခိုက်ကြလေတော့သည်။

သူ၏လက်သီးမှာဤမျှလောက်စွမ်းအားကြီးမည်ဟု ကျိုးဟောင်လည်းမမျှော်လင့်ထားခဲ့ပေ။ ယခုအကြိမ်သည် သူ၏စွမ်းအင်အနှစ်သာရအားပုံသွင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ခေါက်က ရွှေနီရောင်မီးခြင်္သေ့အားဖြေရှင်းရန်အားအလွန်စိုက်ခဲ့ရသော်လည်း ယခုတစ်ကြိမ် သူ၏ခန္ဓာကိုယ်အားပုံသွင်းပြီးနောက်တွင် တကယ်ပင်မတူညီတော့ကြောင်းကိုသိလိုက်ရပေသည်။

"မင်း...မင်းဘယ်လိုလုပ်ပြီးဒီလောက်သန်မာနေတာလဲ"

မျက်လုံးတစ်ရာအင်းဆက်ဘုရင်၏ကိုယ်ပေါ်တွင် အထိုးခံထားရသောအပေါက်တစ်ခုပေါ်ပေါက်လာပြီး ထိုအပေါက်မှသွေးများစီးကျနေပေသည်။ ဤဒဏ်ရာမှာသေစေနိုင်သောဒဏ်ရာမဟုတ်သော်ငြား တိုက်ပွဲစွမ်းအားမှာတော့ လျင်မြန်စွာလျော့ကျသွားခဲ့ပေသည်။

....................................................................................

အခန်း(၃၃၀) ပြီးပါပြီ။

All Chapters