အခန်း (၃၁၆-၃၁၈)
Vol. 22 Ch. 316-318
အခန်း (၃၁၆) : ဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွား
သို့သော် ကျိုးဟောင်မှာဤကိစ္စနှင့်ပတ်သက်ပြီး အများကြီးစဉ်းစားမနေပေ။ သူလုပ်ရမည့်အရာမှာဤနေရာတွင်ရှိနေသော မျိုးနွယ်ခြားအားလုံးကိုသတ်ရန်ဖြစ်သည်။
"စစ်မြေပြင်ပေါ်ကကျန်တဲ့ရန်သူတွေကိုရှင်းပစ်ပြီး အသက်တွေကယ်ကြ"
စစ်ပွဲအဆုံးသတ်ပြီးနောက် ကျူးဇောင်၏အသံအားကြားလိုက်ရသည်။
ထိုအသံအားကြားပြီးနောက် စစ်မြေပြင်တွင်ရှိနေသောလူအားလုံးမှာ စိတ်သက်သာရာရသွားကြသည်။
ယခုတစ်ကြိမ်တွင် ၁၂ခုမြောက်အက်ကွဲကြောင်း၌ အဓိကပြောင်းလဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဤပြောင်းလဲမှုမှာ ယခင်ရရှိထားသောစစ်ရေးသတင်းအချက်အလက်နှင့် ကိုက်ညီမှုမရှိခဲ့ပေ။ ယခုတစ်ကြိမ်သူတို့၏တာဝန်မှာ အဆုံးသတ်သွားလောက်ပြီဖြစ်သည်။
"ဘယ်လိုနေလဲ"
၁၂ခုမြောက်ကာကွယ်ရေးခံတပ်လိုင်း၏ မြို့မျှော်စင်ပေါ်တွင် ဆေးပညာရှင်အများအပြားမှာ ဒဏ်ရာရခဲ့သူများအား စတင်ကုသပေးနေကြပြီဖြစ်သည်။
ယခုတိုက်ပွဲတွင် အားလုံးမှာကျိုးဟောင်အားအလွန်ကျေးဇူးတင်နေကြပေသည်။
အကယ်၍ကျိုးဟောင်ကြောင့်သာမဟုတ်ပါက သူတို့ယခုတစ်ခေါက်တာဝန်အားလက်လျှော့လိုက်လျှင်ပင် သေကြေပျက်စီးမှုများမှာ အလွန်များပြားဦးမည်သာဖြစ်သည်။
"ဒီကောင်ကတကယ်မယုံနိုင်လောက်အောင်ကိုသန်မာတာပဲ"
ဒဏ်ရာသက်သာစပြုနေပြီဖြစ်သောအစိမ်းရောင်တိမ်တိုက်အဖွဲ့မှပညာရှင်တစ်ဦးမှာ ကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။
အစောပိုင်းကတိုက်ပွဲတွင် သာမန်စစ်သည်များနှင့်သာမန်မူလအဆင့်ပညာရှင်များမှာ ကျိုးဟောင်ဘက်ရှိတိုက်ပွဲအားအာရုံမစိုက်နိုင်ခဲ့ကြသော်လည်း အစိမ်းရောင်တိမ်တိုက်ဌာန၏တိုက်ရိုက်လက်အောက်ခံများဖြစ်ကြသော ဤမူလအဆင့်ပညာရှင်များမှာတော့ အားလုံးအလွန်သန်မာကြပေသည်။
သူတို့သည်ကျိုးဟောင်လောက်စွမ်းအားမကြီးသော်လည်း အစောပိုင်းကမျိုးနွယ်ခြားများနှင့်တိုက်နေရင်း ကျိုးဟောင်ကိုတော့အာရုံစိုက်နိုင်သေးပေသည်။
အစိမ်းရောင်တိမ်တိုက်ဌာန၏မူလအဆင့်ပညာရှင်များနှင့် သိုင်းပညာရှင်အများစုမှာ ကျိုးဟောင်အကြောင်းဆွေးနွေးကာချီးမွမ်းနေဆဲမှာပင် ကျိုးဟောင်မှာ ကျူးဇောင်၏ဘေး၌ပေါ်လာခဲ့သည်။
"အစ်ကိုကျူး နောက်ထပ်ဘာဆက်လုပ်ကြမလဲ"
ကျိုးဟောင်မှာကျူးဇောင်နှင့်စကားပြောနေရင်း စိတ်စွမ်းအားဖြင့် ရရှိထားသောကံကြမ္မာအမှတ်များအား ကြည့်လိုက်သည်။
ယခု သူ၏ကံကြမ္မာအမှတ်မှာ သန်း၇၀ကျော်ပမာဏအထိရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ ဤပုံအတိုင်းဆက်တိုက်ခိုက်သည့်အပြင် လမ်းတစ်လျှောက်ရှင်းလင်းသတ်ဖြတ်ကာ ၁၂ခုမြောက်အက်ကွဲကြောင်းအတွင်းထိပင်ဝင်သွားမည်ဆိုပါက သူ့အတွက်ကံကြမ္မာအမှတ် သန်း၁၀၀ အားစုဆောင်းရန်မှာ ပြဿနာမရှိတော့ပေ။
"ငါတို့ရဲ့မူလအစီအစဉ်အရဆိုရင် နေ့ဝက်အနားယူပြီးရင် အက်ကွဲကြောင်းရဲ့ဝင်ပေါက်ကိုဆက်တိုက်မယ် ပြီးရင် ၁၃ခုမြောက်အက်ကွဲကြောင်းမှာတုန်းကလိုပဲ စစ်မြေပြင်ကို အက်ကွဲကြောင်းထဲကိုရွှေ့မယ်"
ကျူးဇောင်မှာ ကျိုးဟောင်အားအားလုံးပြောပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤသတင်းမှာစစ်ရေးအရလျှို့ဝှက်ထားရမည့် ထိပ်တန်းသတင်းလည်းမဟုတ်ပေ။
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။ စစ်မြေပြင်အားအက်ကွဲကြောင်းအတွင်းသို့ရွှေ့ခြင်းသည် အကျိုးအမြတ်များစွာရှိပေသည်။
အကယ်၍သူတို့သည်ယခင်က သမုဒ္ဒရာတစ်စင်းအား ကာကွယ်နေရသည်ဟုဆိုပါက စစ်မြေပြင်အားပြောင်းရွှေ့ပြီးနောက် ကျဉ်းမြောင်းသောမြစ်တစ်စင်းကိုသာကာကွယ်ရန်လိုအပ်တော့သည်ဟု ဆိုနိုင်ပေသည်။
ဤနေရာတွင် ကာကွယ်ရေးမြို့တစ်ခုတည်ဆောက်ပြီးနောက် သူတို့သည် လူတစ်ယောက်တည်းဖြင့် ရန်သူတစ်သောင်းအားထိန်းချုပ်ထားနိုင်သော အကျိုးသက်ရောက်မှုမျိုးကို ချက်ချင်းဆိုသလိုပင်ရနိုင်ပေသည်။
"ဒါဆို ကျွန်တော်တို့ဆက်တိုက်ကြမလား"
ကျိုးဟောင်မှာကံကြမ္မာအမှတ် သန်း ၇၀ကျော်အားကြည့်ကာ ဆက်လက်တိုက်ခိုက်ပြီး ကံကြမ္မာအမှတ်များအားရိတ်သိမ်းလိုကြောင်းဖော်ပြလိုက်ပေသည်။
"ငါတို့အက်ကွဲကြောင်းထဲကအခြေအနေကိုစုံစမ်းရမယ် မဟုတ်လို့ တိုက်ခိုက်ဖို့အက်ကွဲကြောင်းထဲတန်းဝင်သွားလို့ မမျှော်လင့်ဘဲတစ်ခုခုဖြစ်လာတဲ့အခါ အရမ်းအန္တရာယ်များလိမ့်မယ်"
"အက်ကွဲကြောင်းထဲကအခြေအနေကိုသိရပြီးပြီဆိုရင် ငါတို့အစီအစဉ်ရဲ့နောက်တစ်ဆင့်ကိုဆက်လုပ်ကြမယ်"
အစောပိုင်းက တပ်သားများအားလေ့ကျင့်ပေးရန် ဘေးဘက်တွင်ရပ်နေစဉ်က ကျူးဇောင်မှာ အခြေအနေတစ်ခုလုံးအားစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သေလုနီးနီးဖြစ်နေသော ပုံသွင်းနိုင်သည့်ပါရမီရှင်တစ်ယောက် ယောက်ရှိနေပါက သူကူညီနိုင်မည့်နည်းလမ်းအားစဉ်းစားပေးနိုင်မည်ဖြစ်သည်။
သို့သော် အက်ကွဲကြောင်းထဲဝင်ရောက်သွားသည်နှင့် သူလည်းဘာမှမတတ်နိုင်တော့ပေ။
ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက် အက်ကွဲကြောင်းထဲသို့ဝင်ထွက်ပါက သူတို့ထံ၌ရှိနေသောစွမ်းအင်အတက်အကျမှာအလွန်ကြီးမား၍ အက်ကွဲကြောင်းဝင်ပေါက်တစ်ခုလုံးမှာပြင်းထန်စွာလှုပ်ခါပြီး ပြိုကျသည်အထိဖြစ်မည်ဖြစ်သည်။
ထို့ကြောင့် ကောင်းကင့်ဘုံအဆင့်ပညာရှင်တစ်ယောက်အတွက် အက်ကွဲကြောင်းထဲသို့ဝင်ထွက်ရန်မှာ အလွန်ခက်ခဲလှပေသည်။
ထိုပညာရှင်များမှာ သတ်မှတ်ထားသောအက်ကွဲကြောင်းတစ်ခုမှဝင်ထွက်ရရုံသာမက အချိန်ကိုလည်းဂရုစိုက်ရပေသည်။
"ကျွန်တော် အခုပဲသွားပြီးတစ်ချက်ကြည့်ကြည့်လိုက်မယ်"
ကျူးဇောင်၏စကားဆုံးသည်နှင့် ကျိုးဟောင်မှာချက်ချင်းပင် အထဲသို့ဝင်ရောက်ပြီးသွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။
"မဖြစ်ဘူး ဒါကအရမ်းအန္တရာယ်များတယ် ငါတို့ရထားတဲ့သတင်းအရဆို ၁၂ခုမြောက်အက်ကွဲကြောင်းထဲကအခြေအနေက အများကြီးပိုပြီးရှူပ်ထွေးတယ်"
ကျူးဇောင်မှာခေါင်းယမ်းရင်းပြောလိုက်သည်။ သူသည်ကျိူးဟောင်အားမစွန့်စားစေလိုပေ။
သို့သော် အကယ်၍ဤစစ်ဆင်ရေးကိုသာဖျက်သိမ်းလိုက်ပါက အစောပိုင်းကစတေးခဲ့မှုမှာလည်း မတန်တော့ပေ။
ထို့အပြင် ဤစစ်ဆင်ရေးအားဖျက်သိမ်းပြီးနောက်ပိုင်းတွင်လည်း ဟွာရှား၏နောက်ပိုင်းအစီအစဉ်များအပေါ်တွင်အကျိုးသက်ရောက်မည်ဖြစ်သည်။
အစောပိုင်းက ကျိုးဟောင်မျိုးနွယ်ခြားများနှင့်တိုက်ခိုက်စဉ်က ကျိုးဟောင်၏စွမ်းအားမှာအဆက်မပြတ်သောတိုက်ပွဲများကြားတွင် အလွန်လျင်မြန်စွာတိုးတက်လာကြောင်းကို ကျူးဇောင်မြင်တွေ့ခဲ့ပြီးပြီဖြစ်သည်။
ဤပုံအတိုင်းဆက်သွားပါက ကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်၏အသန်မာဆုံးအဆင့်အထိရောက်ရှိကာ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်လာရန်မှာ သေချာပေါက်နီးကပ်သထက်နီးကပ်လာပြီဖြစ်သည်။
"ဒီလိုဆိုရင် ဒါလေးကိုယူသွားလိုက် တကယ်လို့တစ်ခုခုဖြစ်ရင် ဒီဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားကို ဖျက်စီးလိုက်"
ခေတ္တမျှစဉ်းစားပြီးနောက် ကျူးဇောင်မှာ အသေးစားကျောက်ရုပ်တုတစ်ခုနှင့်ဆင်တူသောပစ္စည်းတစ်ခုအား ကျိုးဟောင်ထံလှမ်းပေးလိုက်သည်။
"ဒါက...."
ကျိုးဟောင်မှာသူ့လက်ထဲရှိ ကျောက်ရုပ်တုလေးအားကြည့်ကာအလွန်စိတ်ဝင်စားနေပေသည်။ ဤကျောက်ရုပ်တုငယ်မှာ ကျူးဇောင်နှင့်တစ်ပုံစံတည်းနီးပါးကိုတူပေသည်။
အစောပိုင်းက ကျူးဇောင်ပြောခဲ့သောဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားဆိုသောအရာမှာမည်ကဲ့သို့သောပစ္စည်းဖြစ်ကြောင်းကိုလည်း ကျိုးဟောင်တကယ်ကိုမသိပေ။
"ဒါကငါ့ရဲ့ဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားပဲ ကောင်းကင်ဘုံအဆင့်ပညာရှင်တွေက သူတို့ရဲ့ဝိဉာဉ်ခန္ဓာကိုယ်တွေကိုဖန်တီးပြီး အထူးဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားအနေနဲ့သန့်စင်နိုင်တယ်"
"ဒီဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားက ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားအပြည့်နဲ့တိုက်ခိုက်မှုမျိုးထုတ်ပေးနိုင်တယ် မင်းကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်နဲ့မတွေ့သရွေ့ ဒါကမင်းအသက်ကိုကယ်တင်ပေးနိုင်တယ်"
ကျူးဇောင်ရှင်းပြလိုက်ပြီးနောက် ကျိုးဟောင်ဤပစ္စည်းအကြောင်းချက်ချင်းနားလည်လိုက်ပေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျူး"
ကျိုးဟောင်မှာ ထိုအချိန်တွင်အလွန်ပျော်ရွှင်သွားပေသည်။ ဤပစ္စည်းနှင့်ဆိုပါက ၎င်းမှာအသက်ကယ်အဆောင်တစ်ခုပိုရှိသလိုပင်ဖြစ်သည်။
သို့သော်ကျုးဇောင်မှာအလွန်ကပ်စေးနဲပေရာ သူသည်ကျိုးဟောင်အား တကယ်ပင်ဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားတစ်ခုသာပေးလေသည်။ ၁၃ခုမြောက်အက်ကွဲကြောင်းတွင်တိုက်ခိုက်ခဲ့သောယခင်တိုက်ပွဲတွင်မူ တစ်ခုတောင်မပေးခဲ့ပေ။
"ဒီပစ္စည်းကို ပေါပေါပဲပဲလို့ထင်လား"
"ငါ့ရဲ့စွမ်းအားနဲ့ဆို တစ်နှစ်မှဒီလိုဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွား ၄ ခုလောက်ပဲသန့်စင်နိုင်တာ"
"မင်းတို့လိုအက်ကွဲကြောင်းပြင်ပမှာနေတဲ့သိုင်းပညာရှင်တွေထက်စာရင် အက်ကွဲကြောင်းထဲမှာနေတဲ့ သိုင်းပညာရှင်တွေက ဒီဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားကိုပိုလို့တောင်လိုသေးတယ် အဲဒါကြောင့်ငါ့ရဲ့ဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားကို အက်ကွဲကြောင်းထဲအရင်ပို့ပေးရတယ်"
ကျိုးဟောင်၏အတွေးအားသိသည့်အလား ကျူးဇောင်မှာဆို့နင့်စွာဆိုလာလေသည်။
....................................................................................
အခန်း(၃၁၆) ပြီးပါပြီ။
အခန်း (၃၁၇) : ဂျူနီယာလေး ဒါမင်းအတွက်အခွင့်အရေးပဲ
အကယ်၍ ထိုကဲ့သို့သောဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားတစ်ခုကသာ ပေါများနေမည်ဆိုပါက ၁၃ခုမြောက်အက်ကွဲကြောင်းမှာ အစောကတည်းကရှင်းလင်းခံရပြီးလောက်ပြီဖြစ်သည်။
ကျူးဇောင်ရှင်းပြပြီးနောက် ကျိုးဟောင်မှာ ကျူးဇောင်ကပ်စေးနဲသည့်အကြောင်းအား သူနှင့်ထပ်ပြီးငြင်းခုံမနေတော့ပေ။
"မဟုတ်သေးဘူး"
သိပ်မကြာမီမှာပင် ကျိုးဟောင်မှာကျူးဇောင်၏ကပ်စေးနဲမှုထက်ပိုအရေးကြီးသောပြဿနာတစ်ခုအားသတိရလိုက်လေသည်။
ထိုအရာမှာ အကယ်၍ကျူးဇောင်ပင်ယခုလိုလူသတ်လက်နက်မျိုးကိုသူ့အားပေးနိုင်သည်ဆိုပါက မျိုးနွယ်ခြားပညာရှင်များမှာလည်းအခြားမျိုးနွယ်ခြားများအား ယခုလိုအရာမျိုးပေးနိုင်ပေလိမ့်မည်။
ဤပစ္စည်းမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်၏စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်မှုအားဖြင့်ညီမျှသည်ဟု ဆိုပေရာလက်ရှိသူပင် ဤပစ္စည်းဖြင့်တိုက်ရိုက်တိုက်ခိုက်ခံရပါက အရေပြားတစ်လွှာလောက်တော့ကွာသွားမည်သာဖြစ်သည်။
"အစ်ကိုကျူး အဲဒီမျိုးနွယ်ခြားတွေရော ဒီလိုဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားဖန်တီးနိုင်လား"
လက်ရှိအချိန်တွင် ကျိုးဟောင်မှာအလွန်ကံကောင်းသလိုခံစားလိုက်ရပေသည်။ ယခင်က သူဤမျှလောက်မသန်မာစဉ်က ယခုလိုဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားရှိသော မျိုးနွယ်ခြားတစ်ကောင်နှင့်မျှမတွေ့ခဲ့ရပေ။ မဟုတ်ပါက သူဘယ်လိုသေသွားသလဲဆိုတာကိုပင် သိလိုက်ရမည်မဟုတ်ပေ။
"ငါမင်းကိုမပြောဘူးလား ဒီလိုဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားတစ်ခုဖန်တီးဖို့ကအရမ်းခက်တယ်လို့"
"ရှေ့တန်းစစ်မြေပြင်မှာပေါ်လာတဲ့မျိုးနွယ်ခြားတွေအားလုံးက သာမန်မျိုးနွယ်ခြားတွေပဲ သူတို့ရဲ့အဆင့်အတန်းကအရမ်းနိမ့်တယ် ပြီးတော့ဘာဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားမှမရှိသလောက်ပဲ"
ကျူးဇောင်မှာကျိုးဟောင်အားဆို့နင့်စွာပြောလိုက်သည်။ ကျိုးဟောင်မှာ ယခုလိုဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားတစ်ခုအား ဖန်တီးရန်မှာအလွန်လွယ်ကူသည်ဟုတကယ်ထင်နေသလားမသိပေ။
"ကျွန်တော်စုံစမ်းဖို့ကို အက်ကွဲကြောင်းထဲအခုဝင်သွားရတော့မလား"
ကျိုးဟောင်မှကျူးဇောင်၏စကားအားခေါင်းညိတ်ပြကာ မေးလိုက်သည်။ ကျူးဇောင်မှာအနည်းငယ်ရိုက်စားလုပ်တတ်သည်ဆိုသော်ငြား ယခုသူပြောသည့်စကားမှာအဓိပ္ပာယ်ရှိပေသည်။
"မင်းအက်ကွဲကြောင်းထဲရောက်သွားရင် စုံစမ်းရေးကိုပဲအာရုံစိုက် မတိုက်ခိုက်နဲ့ တစ်ကြိမ်တည်းနဲ့ဒီလောက်များတဲ့မျိုးနွယ်ခြားတွေရုတ်တရက်ပေါ်လာတာက အက်ကွဲကြောင်းထဲမှာ သေချာပေါက်တစ်ခုခုဖြစ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပဲ"
ကျူးဇောင်သည်လည်းအရင်တုန်းကတစ်ဆင့်ချင်းကျင့်ကြံခဲ့သူဖြစ်ပေသည်။ယခုအချိန်တွင် သူသည်အက်ကွဲကြောင်းထဲသို့စိတ်ရှိတိုင်းဝင်လို့မရတော့သော်ငြား အက်ကွဲကြောင်းထဲရှိအရာအားလုံးနှင့် အတော်လေးအကျွမ်းတဝင်ရှိပေသည်။
"သဘောကအက်ကွဲကြောင်းထဲမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတဲ့သဘောလား"
ကျိုးဟောင်မှာတကယ်တမ်းတွင်အက်ကွဲကြောင်းနှင့်ပတ်သက်ပြီး များများစားစားမသိပေ။ သူ့အမြင်တွင် မျိုးနွယ်ခြားအများအပြားရုတ်တရက်ပေါ်လာခြင်းမှာ အက်ကွဲကြောင်းထဲတွင်မျိုးနွယ်ခြားများစွာစုဝေးနေ၍သာဖြစ်သည်။
"တစ်ခုခုတော့ သေချာပေါက်ဖြစ်ခဲ့တယ် ဒါပေမဲ့အရမ်းအားကြီးတဲ့ကောင်းကင်ဘုံအဆင့်စွမ်းအင်အတက်အကျတော့မရှိဘူး မင်းအခုဝင်သွားရင် အများဆုံးမှအဆင့်နိမ့်တတိယမြောက်ကောင်းကင်ဘုံအဆင့် ဒါမှမဟုတ် အလယ်အလတ်တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်လောက်နဲ့ပဲတွေ့မှာ အဆင့်မြင့်တတိယမြောက်ကောင်းကင်ဘုံအဆင့် ဒါမှမဟုတ် အထွတ်အထိပ်တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တွေနဲ့တော့တိုးမှာမဟုတ်ဘူး"
ကျူးဇောင်၏စကားများမှာ ကျိုးဟောင်အားအပြည့်အဝခြိမ်းခြောက်ရန်သာဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျိုးဟောင်မှာဘယ်တုန်းကမှအကြောက်တရားဆိုသည့်အရာအားသိပုံမပေါ်ခဲ့ကြောင်းကို သိလို့ဖြစ်သည်။
"အဲဒီမှာတကယ်ကြီး ကောင်းကင်ဘုံအဆင့်ပညာရှင်ရှိနိုင်လား"
ကျိုးဟောင်မှာလက်ရှိအချိန်တွင် အတော်လေးကြက်သေသေသွားပေသည်။ သူသည်ယခင်ကကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်နှင့်တစ်ခါမှမတိုက်ခိုက်ဖူးသော်ငြား လူအများ၏ပြောစကားမျိုးစုံအရဆိုပါက ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်နှင့် မူလအဆင့်သိုင်းပညာရှင်တစ်ယောက်ကြားကွာခြားချက်မှာ သေချာပေါက်မသေးလှပေ။
အဆုံးတွင် အသန်မာဆုံးကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်မှာအလွန်အမင်းစွမ်းအားကြီးသောမူလအဆင့်သိုင်းပညာရှင်တစ်ယောက်သာဖြစ်ပြီး တကယ်စစ်မှန်သောကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်မဟုတ်ပေ။
"ပုံမှန်အားဖြင့်တော့မရှိဘူး ဒါပေမဲ့အထူးအခြေအနေမျိုးမှာဆိုရင် အဆင့်နိမ့်တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တွေလောက်နဲ့တော့ ကြုံရသေးတာပဲ"
ယခုတစ်ကြိမ်တွင် ကျူးဇောင်သည်စနောက်နေခြင်းမဟုတ်ပေ။ အကြောင်းပြချက်မှာ သူသည်ထိုအချိန်တုန်းကကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏လက်ထဲတွင် သေလုနီးပါးဖြစ်ခဲ့လို့ပင်ဖြစ်သည်။
"ကောင်းပြီ ကျွန်တော်နားလည်ပါပြီ"
"ဒီပစ္စည်းကကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကို အချိန်ခဏလောက်တားပေးနိုင်လား"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်ပြီးနောက် ကျူးဇောင်သူ့အားပေးခဲ့သောဝိဉာဉ်ခန္ဓာကိုယ်ကိုယ်ပွားအားထုတ်ပြကာမေးလိုက်သည်။
"အချိန်ခဏမဟုတ်ဘူး အများဆုံးမှစက္ကန့်ပိုင်းလောက်ပဲအချိန်ဆွဲပေးနိုင်မှာ သွားတော့ ဂရုစိုက်ဦး"
ကျူးဇောင်သည်လည်း လက်ရှိအခြေအနေတွင်ဘာမှမတတ်နိုင်ပေ။ ဆိုရိုးစကားအတိုင်းပင် ပြောင်းလဲမှုအနည်းငယ်ကပင် အခြေအနေတစ်ခုလုံးကိုအကျိုးသက်ရောက်နိုင်ပေသည်။
၁၂ခုမြောက်အက်ကွဲကြောင်း၏ တိုက်ပွဲအစီအစဉ်နှင့် ၁၃ခုမြောက်အက်ကွဲကြောင်းတို့၏တိုက်ပွဲအစီအစဉ်မှာ တစ်ချိန်တည်းနီးပါးမှာပင် အဆုံးသတ်ရမည်ပြီဖြစ်သည်။
ဤတိုက်ပွဲအစီအစဉ်နှစ်ခုပြီးဆုံးပါက နောက်ထပ်တိုက်ပွဲအစီအစဉ်များလာဦးမည်ဖြစ်သည်။
ထို့ကြောင့်လက်ရှိအချိန်တွင် အကယ်၍ကျိုးဟောင်သာ ရှေ့တန်းအက်ကွဲကြောင်းထဲမဝင်ပါက ရှေ့တန်းအက်ကွဲကြောင်းထဲသို့သွားရောက်စူးစမ်းရန် အခြားသိုင်းပညာရှင်များကိုသာစေလွှတ်ရမည်ဖြစ်သည်။
အခြားသူများထက်စာလျှင် ကျိုးဟောင်၏စွမ်းအားမှာသာလွန်ပြီး သူသည်လည်း အသန်မာဆုံးသောအလွတ်သဘောကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်သည်။ ဤတာဝန်အားတာဝန်ယူရန်အရည်အချင်းပြည့်မီသူမှာ သူတစ်ယောက်သာရှိပေသည်။
ကျိုးဟောင်မှာရှေ့တန်းအက်ကွဲကြောင်းသို့သွားချိန်တွင် သူ၏အငွေ့အသက်အားထိန်းချုပ်ထားပေသည်။ သူသည်လမ်းလျှောက်လာပေရာ မည်သူမှသူ့အားသတိမထားမိပေ။
ထိုနေရာတွင်လူသားသိုင်းပညာရှင်မရှိရုံသာမက မျိုးနွယ်ခြားများပင် ဘာကိုမှအာရုံမခံမိပေ။
လက်ရှိအချိန်တွင် သစ်သားဓာတ်စွမ်းအား၏ဖုံးကွယ်ထားမှုဖြင့် ကျိုးဟောင်မှာပညာရှင်တစ်ယောက်၏စိတ်စွမ်းအားမျိုးရှိသော ဖမ်းရခက်သည့်အပင်တစ်ပင်ပမာဖြစ်နေပေသည်။
"ကျွတ် ကျွတ် ဂျူနီယာလေး ဒါမင်းအတွက်အခွင့်အရေးပဲ"
ကျိုးဟောင်မှာ ၁၂ခုမြောက်အက်ကွဲကြောင်းအနီးသို့ချဉ်းကပ်လာသည်နှင့် သူ၏အသိစိတ်ပင်လယ်ထဲရှိမုရုံရွှင်းမှာ ရုတ်တရက်စကားပြောလာလေသည်။
မုရုံရွှင်းမှာတစ်ချိန်ကဟွာရှား၏ ထိပ်တန်းကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပေသည်။ ထိုသက်ကြားအိုကြီးစကားပြောလိုက်သည်နှင့် ကျိုးဟောင်မှာချက်ချင်းပင်သတိကြီးကြီးထားလိုက်သည်။။
လက်ရှိတွင်မုရုံရွှင်းမှာအလွန်အားနည်းပြီးပြဿနာမရှာနိုင်သော်ငြား ယခုလိုမကောင်းဆိုးဝါးအိုကြီးနှင့်ရင်ဆိုင်ရသည့်အချိန်တွင် ကျိုးဟောင်မှာအလွန်အမင်းသတိထားရပေသည်။ မဟုတ်၍ သတိမထားမိပါက မုရုံရွှင်း၏ ထောင်ချောက်ထဲအလွယ်တကူကျသွားမည်ဖြစ်သည်။
"ဘာအခွင့်အရေးလဲ"
ကျိုးဟောင်မှာမုရုံရွှင်းအားသတိကြီးကြီးထားရင်း သိလိုစွာဖြင့်မေးလိုက်လေသည်။ အကယ်၍မုရုံရွှင်းသာရတနာများ၏တည်နေရာကိုသိသည်ဆိုပါက သူမည်သည့်ရတနာနှင့်မှ မလွဲချော်လိုပေ။ အကယ်၍လွဲချော်သွားပါက အကြီးကြီးဆုံးရှုံးသွားမည်ဖြစ်သည်။
"ငါ့ဝိဉာဉ်ခန္ဓာကိုယ်ရဲ့အပိုင်းအစက ဒီအက်ကွဲကြောင်းနဲ့သိပ်မဝေးဘူး"
"အဲဒါကိုရှာပြီး ငါ့ရဲ့လက်ရှိဝိဉာဉ်ခန္ဓာကိုယ်နဲ့ပေါင်းစပ်လိုက်ရင် ငါလည်းမင်းကိုဒီထက်ပိုပြီးအကူအညီပေးနိုင်လိမ့်မယ်"
မုရုံရွှင်းမှာအလွန်လေးနက်စွာပြောနေပေသည်။ သူ၏လက်ရှိဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစမှာအလွန်အားနည်းပေရာ စကားတောင်များများမပြောနိုင်ပေ။
အခြားကိစ္စများဆိုပါက စဉ်းစားနေစရာတောင်မလိုပေ။
"အဲဒါပဲလား"
ကျိုးဟောင်မူလကထင်ခဲ့သည်မှာ သူ့အားအကျိုးအမြတ်အကြီးကြီးတစ်ခုကစောင့်ကြိုနေသည်ဟုထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင်သူ့အတွေးမှားသွားမှန်းသိလိုက်ရပြီဖြစ်သည်။
ဤကိစ္စသည်သူ့အတွက်လုံးဝအကျိုးမရှိနိုင်သည့်အပြင် နစ်ပင်နစ်နာနိုင်သေးသည်။
....................................................................................
အခန်း(၃၁၇) ပြီးပါပြီ။
အခန်း (၃၁၈) : အဆင်အခြင်မဲ့ခြင်း
"စီနီယာ ဒါကကျွန်တော့်အတွက်ကောင်းပုံမပေါ်ဘူး အကယ်၍ခင်ဗျားသာနောက်ထပ်ဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်ကခင်ဗျားရဲ့ဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစကို မဖိနှိပ်ထားနိုင်လောက်တော့ဘူး"
ကျိုးဟောင်မှာအက်ကွဲကြောင်းအတွင်းသို့ဝင်သွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည်စိတ်စွမ်းအားကိုသုံးကာမုရုံရွှင်းနှင့်ဆက်သွယ်နေပေသည်။
ဤအချိန်ကာလအတောအတွင်း သူသည်မုရုံရွှင်း၏ သတင်းအချက်အလက်အများစုအားစစ်ဆေးခဲ့ပြီးပြီဖြစ်ပြီး ဤလူသည်မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သိခဲ့ရပြီးပြီဖြစ်သည်။
မုရုံရွှင်းမှာအစိမ်းရောင်တိမ်တိုက်ဌာန၏ဝန်ကြီးချုပ်ဖြစ်လုနီးပါးအဆင့်ထိရောက်ခဲ့သူဖြစ်ပြီး အစိမ်းရောင်တိမ်တိုက်ဌာနတွင် သူ့အားသိုင်းပညာလမ်းကြောင်းစွယ်စုံကျမ်းကြီးဟုပင် သိကြပေသည်။
"ဟမ့် ငါဒီလိုဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစရာချီပေါင်းစပ်လိုက်ရင်တောင် မင်းငါ့ကိုဖိနှိပ်ထားလို့ရသေးတယ်"
"ထပ်ပြောရရင် မင်းငါ့ရဲ့ဒီဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစကိုရှာတွေ့ရင် ငါမင်းကိုရတနာတစ်ခုရှာဖို့လမ်းညွှန်ပေးလို့ရတယ်"
ယခုအချိန်တွင် ကျိုးဟောင်မှာအလောတကြီးပြုမူသိမ်းသွင်း၍မရသူဖြစ်ကြောင်းကို မုရုံရွှင်းနားလည်ထားပြီးပြီဖြစ်သည်။
အကယ်၍ ကျိုးဟောင်၏အကူအညီအားလိုချင်ပါက သူ့အားအကျိုးအမြတ်တစ်ခုခုတော့ပေးရမည်ဖြစ်သည်။ ထို့အပြင် သာမန်အကျိုးအမြတ်လောက်လည်းပေးလို့မရပေ။
"ဘာရတနာလဲ"
စင်စစ်ပင် မုရုံရွှင်းထိုစကားအားပြောလိုက်ပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်စိတ်ဝင်စားလာလေသည်။
"အဲဒါကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိမ်းငှက်စိမ်းဘုရင်သုံးခဲ့တဲ့လေးပဲ အဲဒီနေရာမှာရှိနေဦးမလားဆိုတာတော့ ငါလည်းမသေချာဘူး"
မုရုံရွှင်းမှာခေတ္တမျှတွေးပြီးနောက် ပြောလိုက်သည်။
ကျိုးဟောင်မှာသူလိုချင်တာမရမချင်း ကူညီလိုစိတ်မရှိသူတစ်ယောက်ဖြစ်သော်ငြား အကျိုးအမြတ်ယူပြီးကာမှ မကူညီချင်သောလူမျိုးလည်းမဟုတ်ပေ။
အကယ်၍ယခုတစ်ကြိမ်တွင် မုရုံရွှင်းသာကျိုးဟောင်နှင့်ပူးပေါင်းလုပ်ဆောင်ပေးလိုက်ပါက ကျိုးဟောင်မှာသူ၏တောင်းဆိုချက်အားစဉ်းစားပေးလောက်ပေသည်။
"သိမ်းငှက်စိမ်းလေးကဘယ်မှာလဲ ပြီးတော့ စီနီယာကဒုတိယဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစနဲ့ပေါင်းစပ်ပြီးသွားရင် ကျွန်တော့်အတွက်အန္တရာယ်မရှိပါဘူးဆိုတာကို ဘယ်လိုအာမခံလို့ရမှာလဲ"
ကျိုးဟောင်မှာ ဤမေးခွန်းအားတမင်မေးလိုက်ခြင်းဖြစ်သည်။ စင်စစ်လက်ရှိအချိန်တွင် မုရုံရွှင်း၏ဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစ ၅ ခုသို့မဟုတ် ၆ခုအထိပေါင်းစပ်လိုက်လျှင်ပင် သူ့အတွက်အန္တရာယ်မရှိမှန်းကို ကျိုးဟောင်သိထားပေသည်။
ထပ်ပြောရလျှင်မုရုံရွှင်းသည် သူ့ထိန်းချုပ်မှုအောက်သို့ရောက်နေပြီဖြစ်သည်။ မုရုံရွှင်း၏အခြားဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစများအားရရှိပြီးပါက မုရုံရွှင်းထိုအပိုင်းအစများအားမပေါင်းစပ်နိုင်အောင် အပြည့်အဝတားဆီးနိုင်ပေသည်။ သို့မဟုတ် ကောင်းကင်ဘုံအဆင့်ရောက်သည်အထိစောင့်ပြီးမှ မုရုံရွှင်းအားပေါင်းစပ်ခွင့်ပြုလျှင်လည်းရပေသည်။
"ဒီလိုမေးခွန်းမျိုးမေးစရာလိုလို့လား ငါ့ရဲ့တခြားဝိဉာဉ်ခန္ဓာကိုယ်အပိုင်းအစနဲ့ပေါင်းစပ်လိုက်ရင်မင်းအတွက်အန္တရာယ်ရှိမရှိကို မင်းမသိဘူးလား"
မုရုံရွှင်းမှာ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ကျိုးဟောင်မှာယုံကြည်အားထားရပြီးသတိကြီးပေသည်။ ယခုအသက်အရွယ်ဖြင့် ဤအဆင့်ထိကျင့်ကြံနိုင်သည်မှာမထူးဆန်းတော့ပေ။
"စီနီယာမုရုံ တကယ်လို့ခင်ဗျားလူကောင်းတစ်ယောက်လုပ်တော့မယ်ဆိုရင် အဆုံးထိလူကောင်းပဲလုပ်လိုက်တော့"
"ဒါမှမဟုတ် စီနီယာတစ်ယောက်ရဲ့စိတ်စွမ်းအားကိုအပြည့်အဝဘယ်လိုထိန်းချုပ်ရလဲဆိုတဲ့နည်းလမ်းကိုကျွန်တော့်ကိုသင်ပေးလိုက်ပါလား ဒါကကျွန်တော်တို့နှစ်ယောက်လုံးအတွက်ကောင်းတယ်လေ"
"ဥပမာပြောရရင် ကျွန်တော်လည်းစီနီယာအပြင်လောကကပြောင်းလဲမှုတွေကို မခံစားနိုင်တာမျိုးမဖြစ်စေချင်ဘူး"
"ကျွန်တော်အာမခံတယ် တတိယမြောက်ကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ပြီးရင် ကျွန်တော်စီနီယာ့ကိုချက်ချင်းလွှတ်ပေးမယ် လုံးဝပြောပြီးသားစကားကိုပြန်မရုပ်သိမ်းဘူး"
အဆင့်မြင့်တတိယမြောက်ကောင်းကင်ဘုံအဆင့်ဟုခေါ်ဆိုကြသည့်အဆင့်မှာ သတ္တမမြောက်ကောင်းကင်ဘုံအဆင့်နှင့် နဝမမြောက်ကောင်းကင်ဘုံအဆင့်ကြားရှိအဆင့်အားခေါ်ဆိုခြင်းဖြစ်သည်။
ကျိုးဟောင်၏အုတ်မြစ်မှာအလွန်ကျစ်လျစ်ပြီး တည်ငြိမ်ပေရာ အကယ်၍အဆင့်မြင့်တတိယမြောက်ကောင်းကင်ဘုံအဆင့်အားချိုးဖောက်ပြီးပါက သူသည်မုရုံရွှင်းအားသေချာပေါက်ချေမှုန်းနိုင်မည်ဖြစ်သည်။
"စီနီယာ ဘယ်လိုထင်လဲ"
မုရုံရွှင်းသဘောမတူလောက်ကြောင်းကို ကျိုးဟောင်သိပေသည်။ သို့သော် သူသည်ဤအချက်ကိုညှိနှိုင်းမှုဗျူဟာ၏အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ ပြောခြင်းဖြစ်သည်။
"ဒါကိုထပ်ဆွေးနွေးကြတာပေါ့"
မုရုံရွှင်းမှာသဘောမတူသလို ငြင်းလည်းမငြင်းပေ။
"ဟမ့် ဒီကလေးအဆင့်မြင့်တတိယမြောက်ကောင်းကင် ဘုံ အဆင့်ရောက်အောင်ကျင့်ကြံဖို့ ဘယ်လောက်ကြာမလဲမသိဘူး ငါသူ့ကိုအရင်ငြိမ်အောင်လုပ်ပြီး နောက်ကျမှအစီအစဉ်တွေဆွဲရမယ်"
မုရုံရွှင်းမှာ စိတ်ထဲမှအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူသည်ကျိုးဟောင်၏အကြံပြုချက်အားသေချာပေါက် သဘောတူမည်မဟုတ်ပေ။
ယခုလိုလုပ်ခြင်းသည် ကျိုးဟောင်အားငြိမ်အောင်လုပ်လိုက်ခြင်းသာဖြစ်သည်။
ကျိုးဟောင်မှာဤကိစ္စအားဆက်မပြောတော့ပေ။ ယခုအချိန်သည်ဤကိစ္စအားပြောရမည့်အချိန်မဟုတ်ကြောင်းကို သူသေချာသိပေသည်။
"စီနီယာ ကျွန်တော်တို့ဘယ်ဘက်ကိုသွားသင့်လဲ"
သူ၏အငွေ့အသက်အားရုပ်သိမ်းကာ ၁၂ခုမြောက်အက်ကွဲကြောင်းအတွင်းသို့ဝင်လာပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။
"အက်ကွဲကြောင်းရဲ့ညာဘက်အစွန်ဆုံးကိုသွားကြတာပေါ့ အတားအဆီးတစ်ခုခုတွေ့ရင်မြန်မြန်ဖြေရှင်းမယ် ဘာပြဿနာမှမဖြစ်စေနဲ့"
"အရင်ဆုံးအနီးထိကပ်သွားဖို့ကြိုးစားကြည့်လိုက် သိမ်းငှက်စိမ်းလေးအဲဒီမှာရှိနေသေးလားဆိုတာကို ငါအာရုံခံနိုင်မလားကြည့်ရအောင်"
"တကယ်လို့သိမ်းငှက်စိမ်းလေး အဲဒီနေရာမှာရှိနေသေးရင် နောက်တစ်ခါငါတို့အက်ကွဲကြောင်းထဲပြန်ဝင်လာရင် သိမ်းငှက်စိမ်းလေးကိုယူဖို့ ၃ရက်ကနေ ၅ရက်လောက်ပဲကြာမယ်"
သိမ်းငှက်စိမ်းလေးအကြောင်းပြောသည့်အချိန်တွင် မုရုံရွှင်းမှာအတော်လေးစိတ်လှုပ်ရှားနေမှန်းသိသာပေသည်။
"သိမ်းငှက်စိမ်းလေးကို ခုတစ်ခါတည်းယူလိုက်လို့မရဘူးလား"
ကျိုးဟောင်မှာ မုရုံရွှင်းထံအသံပို့ရင်း လက်သီးတစ်ချက်အားထိုးလိုက်ပြီးပြီဖြစ်သည်။
လက်သီးဖြင့်တိုက်ခိုက်လိုက်စဉ်မှာပင် ကြီးမားသောအင်းဆက်မျိုးနွယ်သက်ရှိတစ်ကောင်၏ခပ်အုပ်အုပ်အသံတစ်ခုထွက်ပေါ်လာလေသည်။
ထိုအသံနှင့်အတူ ဤကြီးမားသောအင်းဆက်မျိုးနွယ်ပညာရှင်မှာလည်း ကျိုးဟောင်လက်ချက်ဖြင့်တန်းသတ်ခံရကာ မြေပြင်ပေါ်သို့ပြုတ်ကျလာလေသည်။
"ဟမ့် မင်းမှာတကယ်ကိုအက်ကွဲကြောင်းထဲရှင်သန်ဖူးတဲ့အတွေ့အကြုံဘာမှကိုမရှိဘူးပဲ အရင်းအမြစ်လုံလုံလောက်လောက်မရှိရင် အက်ကွဲကြောင်းထဲသွားလာဖို့ဆိုတာ လူသားသိုင်းပညာရှင်တစ်ယောက်အတွက်အရမ်းအန္တရာယ်များတယ်"
"ဒါကအထူးသဖြင့် ကောင်းကင်ဘုံအဆင့်အောက်ပညာရှင်တွေအတွက်ဆိုပိုမှန်တယ် အက်ကွဲကြောင်းထဲကသန့်စင်ပြီးအလွန်အမင်းပြင်းထန်တဲ့စွမ်းအင်အနှစ်သာရကိုအဆက်မပြတ်စုပ်ယူပြီးသုံးလို့မရဘူး"
မုရုံရွှင်းမှာဟက်ခနဲရယ်လိုက်သည်။ ကျိုးဟောင်မှာယခုတစ်ကြိမ်တွင်လုံးဝမပြင်ဆင်လာခဲ့ဘဲနှင့် အက်ကွဲကြောင်းထဲတွင်အချိန်ကြာကြာပင်နေချင်နေသေးသည်။ သူသည်တကယ့်ကို ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်ဖြစ်သည်။
....................................................................................
အခန်း(၃၁၈) ပြီးပါပြီ။