အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
အခန်း (၃၄၃) :ပြစ်မှုအသူတရာချောက်
"ပြစ်မှုအသူတရာချောက်တဲ့လား"
ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ ယခုလိုနာမည်မျိုးရှိနေသောနေရာသည် အန္တရာယ်အလွန်ကြီးသောနေရာဖြစ်မည်ဟု ကျိုးဟောင်မှာစိတ်ထဲမှတွေးလိုက်လေသည်။
"ကျွန်မတခြားလူတွေပြောတာကြားဖူးတာတော့ ပြစ်မှုအသူတရာချောက်ဆိုတာက မျိုးနွယ်ခြားတွေသူတို့ရဲ့အက်ကွဲကြောင်းအကျဉ်းသားတွေကို အကျဉ်းချထားတဲ့တားမြစ်ဧရိယာတွေထဲကတစ်ခုပဲ"
"ဒီနေရာကအပြင်လောကနဲ့ တစ်ပုံစံတည်းပဲ ဒါပေမဲ့တကယ်တော့ဒီနေရာက မျိုးနွယ်ခြားတွေဖန်တီးထားတဲ့ပုံရိပ်ယောင်တစ်ခုသက်သက်ပဲ"
"ဒီကိုလာတဲ့ဘယ်သူမဆို အချက်ပြစနစ်တွေအပိတ်ခံရပြီးတော့ အပြင်လောကနဲ့ဆက်သွယ်လို့မရဘူး ကျင့်ကြံရေးစွမ်းအားကိုတောင်ဖိနှိပ်ထားလို့ ဘာမှသုံးမရဘူး"
"ဒီနေရာကိုနှင်ထုတ်ခံရတဲ့ဘယ်သူမဆို အားလုံးတစ်နေ့ကိုရာသီလေးခု ကြုံရပြီးသူတို့ရဲ့ကျင့်ကြံရေးအစွမ်းကုန်တဲ့အထိ လေ၊မိုးနဲ့ နှင်းဒဏ်ကိုခံစားရတယ် ပြီးရင်သေရတယ်"
ပိုင်လင်းလုံ၏မျက်နှာလေးမှာဖြူလျော်နေပေသည်။ နွမ်းနယ်စွာပြောပြီးနောက် သူမသည်စိတ်လျှော့လိုက်ဟန်ဖြင့်မျက်လုံးများကိုမှိတ်ချလိုက်ပြီး မြေပြင်ပေါ်သို့လဲကျသွားခဲ့ပေသည်။
ကျိုးဟောင်မှာမျက်မှောင်ကြုတ်ရင်း အမူအရာမှာပျက်ယွင်းနေလေသည်။ ယခုလိုသေခြင်းတရားနယ်မြေသို့ သူတို့မတော်တဆရောက်လာမည်ဟုမထင်ထားခဲ့ပေ။
အကယ်၍အမြန်ဆုံးထွက်ပေါက်မရှာနိုင်ပါက သူတို့သည်လည်းထိုအက်ကွဲကြောင်းအကျဉ်းသားများအတိုင်း နှိပ်စက်မှုဒဏ်ကိုခံရမည်ဖြစ်သည်။
"ဒါဆို ငါတို့အမြန်ဆုံးထွက်လမ်းရှာရမယ်"
ကျိုးဟောင်မှာလျင်မြန်စွာပြောလိုက်သော်လည်း ပိုင်လင်းလုံမှာမျှော်လင့်ချက်မဲ့နေသည့်ပုံဖြင့် ခေါင်းယမ်းပြလာပေသည်။
"ဒါကအက်ကွဲကြောင်းရဲ့တားမြစ်နယ်မြေတွေထဲကတစ်ခု ဒီမှာအကျဥ်းချခံရတဲ့လူတွေက မျိုးနွယ်ခြားတွေရဲ့အရမ်းဆိုးဝါးပြီး ကြီးလေးတဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ကြတဲ့သူတွေပဲ ဝင်လမ်းပဲရှိပြီးထွက်လမ်းမရှိဘူး ကျွန်မတို့ဒီမှာပဲသေမှာကို စိုးရိမ်ရတယ်"
ပိုင်လင်းလုံမှာစကားဆုံးသည်နှင့် ဒူးနှစ်ဖက်ကြားမျက်နှာအပ်ကာ ငိုရှိုက်လာလေသည်။
ပိုင်လင်းလုံမှာမည်မျှသန်မာသည်ဖြစ်စေ သူမသည်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ အန္တရာယ်နှင့်ရင်ဆိုင်လာရသည့်အချိန်တွင် ကြောက်ရွံ့သလို ခိုကိုးရာမဲ့သလိုလည်းခံစားရပေသည်။
ပိုင်လင်းလုံ၏ယခုပုံစံမှာပို၍ပင်သနားစရာကောင်းကြောင်း ကျိုးဟောင်ခံစားလိုက်ရပေသည်။
သူ၏မျက်လုံးထဲတွင် ယခုပိုင်လင်းလုံ၏ပုံစံမှာ အချစ်ခံချင်သောမိန်းကလေးတစ်ယောက်သာဖြစ်ပေသည်။
"ပြစ်မှုအသူတရာချောက်ရဲ့ အပြစ်သားတွေကအအေးဒဏ်ရဲ့နာကျင်မှုနဲ့ အပူဒဏ်ရဲ့လောင်ကျွမ်းမှုကို ခံစားရတယ် တစ်နေ့လုံးပဲ မိုးကြိုးဒဏ်နဲ့ မိုးကြီးကြီးရွာပြီး နှင်းအကြီးအကျယ်ကျတဲ့အခါ ခံရတဲ့ဖိအားဆိုပြောမနေနဲ့တော့ ဒီစက်ဝန်းကကြိမ်ဖန်တလဲလဲဖြစ်နေတာ ထွက်ပေါက်ရှာတွေ့တဲ့အထိ ဘယ်သူမှတောင့်မခံနိုင်ဘူး"
ပိုင်လင်းလုံမှာ လုံးဝမျှော်လင့်ချက်မဲ့နေပြီဖြစ်သည်။ သူမ၏ကျင့်ကြံရေးစွမ်းအားအားသုံးလို့ရပါက ဤနေရာမှာလွတ်မြောက်ရန် အက်ကွဲကြောင်းနေရာကူးပြောင်းရေးသိုင်းကို သုံးလို့ရပေသည်။
သို့သော် ယခုအချိန်တွင် သူမ၏ကျင့်ကြံရေးအစွမ်းအားလုံးမှာ ဖိနှိပ်ခံထားရပေရာ လွတ်လမ်းမရှိပေ။
ထို့အပြင်သူမ၏ချပ်ဝတ်သည်လည်း အစောပိုင်းသူမဝင်ရောက်လာစဉ်ကတည်းက လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။ ပြစ်မှုအသူတရာချောက်ထဲတွင် သူမသည် ၃ရက်ပင် တောင့်မခံနိုင်လောက်ချေ။
"ကြည့်ရတာ ကျွန်မတို့ဒီနေ့ဒီနေရာမှာအရိုးဖြစ်ရမဲ့ကံပါပြီးသားထင်တယ်"
ပိုင်လင်းလုံမှာမျှော်လင့်ချက်မဲ့စွာဖြင့် သူမ၏မျက်လုံးများအားဖြည်းညှင်းစွာမှိတ်လိုက်လေရာ ကြည်လင်နေသောမျက်ရည်နှစ်စက်မှာသူမ၏ပါးပေါ်မှ စီးကျလာခဲ့ပေသည်။
"ငါ့ကံတရားကငါ့အပေါ်ပဲမူတည်တယ် ဘာပဲဖြစ်နေပါစေ သေချာပေါက်ဒီနေရာကထွက်သွားဖို့နည်းလမ်းရှာရမယ်"
ကျိုးဟောင်မှာဖြည်းညှင်းစွာမတ်တပ်ရပ်လိုက်ကာ သိမ်းငှက်တစ်ကောင်သဖွယ်အဝေးသို့လှမ်းကြည့်နေပြီး မျက်လုံးထဲတွင်လည်း ဆုံးဖြတ်ချက်ချထားသောအရိပ်အယောင်များအားမြင်နေရပေသည်။
ကျိုးဟောင်၏ထိုကဲ့သို့သောပုံစံအားမြင်လိုက်ရသောအခါ ပိုင်လင်းလုံမှာခေတ္တမျှကြက်သေသေသွားပြီး ကျိုးဟောင်အားကြည့်လာလေသည်။
ထိုအချိန်တွင် ကျိုးဟောင်၏နောက်ကျောပုံရိပ်မှာ တကယ်ပင်ရှည်လျားနေသလိုခံစားရပေသည်။
ကျိုးဟောင်မှာတော့ပိုင်လင်းလုံ၏အတွေးအားမသိပေ။
သူသည်အကြည့်အား အေးဆေးစွာပြန်ရုပ်သိမ်းကာ ပတ်ဝန်းကျင်အားလျင်မြန်စွာစစ်ဆေးလိုက်သည်။
ဤနေရာသည်နှင်ထုတ်ခံရသောအပြစ်သားများအတွက်တားမြစ်နေရာဖြစ်သော်ငြား ဘေးပတ်ဝန်းကျင်မှာတော့မဆိုးလှပေ။ တောင်တန်းမြစ်ချောင်းအသွယ်သွယ်နှင့် မျက်စိပသာဒပင်ဖြစ်သေးပေသည်။
ကျိုးဟောင်မှာလျင်မြန်စွာလှည့်ပတ်ကြည့်လိုက်ပြီးနောက် ပိုင်လင်းလုံ၏ဒဏ်ရာများအားသွေးတိတ်စေနိုင်သော ဆေးပင်အချို့အားတွေ့လိုက်ရပေသည်။
သူသည်ထိုဆေးပင်များအားခူးကာ ပါးစပ်ထဲထည့်ဝါးပြီး ပိုင်လင်းလုံ၏ဘေးသို့လျှောက်လာကာ သူမ၏ဒဏ်ရာများအားဆေးထည့်ပေးရန်ပြင်လိုက်သည်။
"ရှင် ဘာလုပ်နေတာလဲ"
ပိုင်လင်းလုံမှာ ကျိုးဟောင်အားရန်သူတစ်ယောက်သဖွယ် သတိကြီးကြီးဖြင့်ကြည့်ကာမေးလိုက်သည်။
"မင်းဒဏ်ရာသွေးတိတ်အောင်လုပ်ပေးမလို့ သွေးထွက်လွန်ပြီးသေချင်လို့လား"
ကျိုးဟောင်၏စကားကြောင့် ပိုင်လင်းလုံမှာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်သူမသည်အေးစက်စွာမေးလိုက်သည်။
"ကျွန်မတို့အန္တရာယ်တောထဲရောက်ပြီး သေပဲသေတော့မယ် ဘာလို့ဒီလိုအသုံးမဝင်တာတွေလုပ်နေသေးတာလဲ သေမဲ့အချိန်ကိုပဲအေးဆေးထိုင်စောင့်နေတာကပိုကောင်းဦးမယ် ရှင့်အတွက်လည်းပိုသက်သာတာပေါ့"
သူမတို့၏အဆုံးသတ်မှာ သေခြင်းတရားသာဖြစ်ကြောင်း ပိုင်လင်းလုံမှာယုံကြည်နေပေသည်။ သူမတို့သည်ပြစ်မှုအသူတရာချောက်ထဲတွင်မြှုပ်နှံခံရပြီး အရိုးဆွေးသည်အထိဝါးမြိုခံရမည်ဟုသာ ယုံကြည်နေခဲ့ပေသည်။
...................................................................................
အခန်း(၃၄၃) ပြီးပါပြီ
အခန်း (၃၄၄) : သေမှာကိုထိုင်စောင့်နေလို့မရဘူး
သို့သော် ကျိုးဟောင်၏အမူအရာမှာဆုံးဖြတ်ချက်ပြတ်သားနေပြီး ပိုင်လင်းလုံအားကြည့်ကာလေးနက်စွာပြောလိုက်သည်။
"ကြိုးတောင်မကြိုးစားရသေးဘဲ လက်လျှော့လိုက်ရင် နတ်ဘုရားတောင်မင်းကိုမကယ်နိုင်မှာစိုးရတယ်"
ကျိုးဟောင်မှာပိုင်လင်းလုံအား အတင်းအကြပ်ဒဏ်ရာမကုခိုင်းဘဲ သူခူးလာသောဆေးပင်များအား သူမရှေ့တွင်သာချပေးခဲ့ပေသည်။
"ဒါကငါခူးလာတဲ့ဆေးပင် မင်းလုပ်ချင်တာလုပ် မင်းဘာသာဆုံးဖြတ်ချက်ချတာပိုကောင်းတယ်"
ကျိုးဟောင်မှာ မကြိုးစားကြည့်ပါက ဤနေရာမှမလွတ်မြောက်နိုင်ကြောင်းနားလည်ပေသည်။
သို့သော် သူတို့ကျရှုံးခဲ့လျှင်တောင် ဤနေရာတွင်ထိုင်ပြီး ဘာမှမလုပ်တာထက်စာလျှင် တော်သေးသည်မဟုတ်ပါလား။
ထို့ကြောင့် ကြိုးစားကြည့်ခြင်းဖြင့်သာအံ့ဖွယ်ဖြစ်ရပ်အားဖန်တီးနိုင်မည်ဖြစ်သည်။
ခေတ္တမျှကြာပြီးနောက် ပိုင်လင်းလုံမှာသူမဘာသာအဖြေရသွားပုံပေါ်သည်။ ကျိုးဟောင်သူမအားပေးထားခဲ့သောဆေးပင်များအား ပါးစပ်ထဲသို့ထည့်ကာဝါးပြီး ဒဏ်ရာပေါ်သိပ်လိုက်လေသည်။
အေးမြသောခံစားချက်မှာသူမအား အလွန်သက်သာလာစေပေသည်။
သို့သော်သိပ်မကြာမီ ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာပေသည်။
မူလကတိမ်ကင်းစင်နေသောကောင်းကင်မှာ ချက်ချင်းပင်တိမ်မဲများဖြင့်ပြည့်လာကာ ဘေးရှိအပူချိန်မှာလည်း ရုတ်တရက်အလွန်လျော့ကျသွားခဲ့ပေသည်။
အေးစက်နေသောလေထုမှာ ကျိုးဟောင်နှင့်ပိုင်လင်းလုံတို့အားဖြတ်တိုက်ခတ်သွားသည်မှာ သွေးများပင်အေးခဲသွားမလို ခံစားလိုက်ရပေသည်။
"သေစမ်း ကြည့်ရတာနှင်းမုန်တိုင်းလာတော့မယ်ထင်တယ်..."
ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားပြီး ချက်ချင်းပင်ပိုင်လင်းလုံ၏ဘေးသို့လျှောက်လာခဲ့သည်။ ထို့နောက်သူမ၏လက်အားဆွဲကာ အဝေးရှိဂူအသေးလေးဆီသို့ လျင်မြန်စွာပြေးလေတော့သည်။
ပိုင်လင်းလုံမှာ သူမ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားအနည်းငယ်အားပြန်ရလာပြီဖြစ်သော်လည်း ယခုအချိန်တွင်ကျိုးဟောင်မှာသူမလက်အားဆွဲကာ ရှေ့သို့ပြေးနေပေရာ သူမ၏ခြေထောက်များမှာထပ်မံအားနည်းလာပြီး အချိန်မရွေးလဲကျသွားတော့မလိုခံစားနေရပေသည်။
မကြာမီ ကျိုးဟောင်နှင့်ပိုင်လင်းလုံမှာ ဂူထဲသို့ရောက်ရှိသွားကြပေသည်။
ဂူမှာမကြီးသော်ငြား အေးစက်သောလေထုဒဏ်အားခုခံရန်တော့ လုံလောက်သည်ထက်ပင်ပိုသေးပေသည်။
လေနှင့်နှင်းတစ်ဝက်ဆီကျနေသော်ငြား ပိုင်လင်းလုံ၏ခန္ဓာကိုယ်မှာတုန်ယင်နေပေသည်။
သူမ၏အသက်ရှူသံမှာလျင်မြန်လာပြီး ယခုအချိန်တွင်
သူမတစ်ကိုယ်လုံးရှ်ိသွေးများမှာလည်း အေးခဲတော့မလိုပင်ခံစားနေရပေသည်။
ကျိုးဟောင်မှာ တုန်ယင်နေသောပိုင်လင်းလုံအားကြည့်ကာမေးလိုက်သည်။
"မသေချင်ရင် ဒီနားတိုးခဲ့ အချင်းချင်းဖက်ထားရင် နည်းနည်းပိုနွေးနိုင်တယ်"
"ဒါပေမဲ့ အထင်မလွဲနဲ့နော် ငါမင်းကိုအတင်းမခိုင်းဘူး မင်းဆန္ဒမရှိရင်လည်းထားလိုက်"
ကျိုးဟောင်မှာအကြုံပြုရုံသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘယ်လိုဖြစ်ဖြစ် သူ့အတွက်ကိစ္စမရှိပေ။ သူ၏ချပ်ဝတ်မှာကောင်းမွန်နေဆဲဖြစ်သော်လည်း ပိုင်လင်းလုံ၏အခြေအနေမှာတော့ မတူပေ။
သူမကိုယ်ပေါ်ရှိချပ်ဝတ်မှာအပိုင်းပိုင်းဖြစ်နေပြီး အဝတ်၏နေရာအများစုမှာစုတ်ပြဲနေကာ သူမကျောက်စိမ်းသဖွယ်အသားကိုပင်မြင်နေရပြီဖြစ်သည်။
အကာအကွယ်မရှိဘဲ ပြင်ပလေနှင့်ထိတွေ့မိပါက နှင်းမုန်တိုင်းမလာခင်မှာပင် ပိုင်လင်းလုံတစ်ယောက် အေးခဲသေသွားလောက်ပေသည်။
ပိုင်လင်းလုံမှာတကယ်ပင် အရိုးခိုက်အောင်အေးသောအအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်ကာ ဘာမှပင်ပြန်မပြောနိုင်ပေ။
သူမ၏မျက်နှာမှာနီရဲနေပေသည်။ အချိန်တစ်ခုအထိတွေဝေနေပြီးနောက် သူမသည်ထရပ်ကာကျိုးဟောင်ဘေးသို့လျှောက်သွားပြီး အနွေးဓာတ်ရရန် ကျိုးဟောင်၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
သို့သော်ပိုင်လင်းလုံမှာ စိတ်အေးလက်အေးမရှိပေ။ သူမသည်အလွန်စိတ်ပူနေကာ ကျိုးဟောင်ရုတ်တရက်အသားယူလာသည့်ရန်မှကြိုတင်ကာကွယ်ရန် ကျိုးဟောင်၏လှုပ်ရှားမှုများအားအချိန်တိုင်းသတိထားစောင့်ကြည့်နေပေသည်။
ကျိုးဟောင်မှာပိုင်လင်းလုံ၏အတွေးအားသိနေသည့်ပုံဖြင့် နှာခေါင်းရှုံ့ကာပြောလိုက်သည်။
"ပိုင်မိန်းကလေး မစိုးရိမ်ပါနဲ့ ကျွန်တော်ကလူကြီးလူကောင်းတစ်ယောက်ပါ ခင်ဗျားကိုအသားမယူပါဘူး"
ကျိုးဟောင်မှာထိုစကားပြောပြီးသည်နှင့် မည်သည့်စကားမျှထပ်မဆိုတော့ဘဲ ပိုင်လင်းလုံအားခပ်တင်းတင်းပွေ့ဖက်ရင်းမျက်လုံးမှိတ်ကာ နှင်းမုန်တိုင်းကျလာမည့်အချိန်ကိုသာစောင့်နေလိုက်သည်။
ပိုင်လင်းလုံ၏မသိစိတ်ထဲတွင်မူ ယနေ့သူမတို့သေချာပေါက်သေရတော့မည်ဖြစ်ပြီး မလွတ်မြောက်နိုင်တော့ဘူးဟုသာတွေးနေပေသည်။
သို့သော် သူမတို့ရှင်သန်နိုင်မည့်အခွင့်အရေးသာတကယ်ရှိပါက သူမလည်းကြိုးစားကြည့်ချင်ပါသည်။
မည်သို့ပင်ဖြစ်စေ အသက်ငယ်ငယ်ဖြင့်ယခုလိုနေရာတွင် မည်သူကသေချင်ပါ့မည်နည်း။
မကြာမီပြင်းထန်သောလေတိုးသံနှင့်အတူ နှင်းမုန်တိုင်းသည်လည်းလျင်မြန်စွာကျရောက်လာခဲ့ပေသည်။
ပိုင်လင်းလုံမှာ ဘေးရှိအပူချိန်မှာ ၁၀ဒီဂရီကျော်အထိလျော့သွားပုံရကြောင်းကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရပေသည်။
သို့သော် ကျိုးဟောင်ပွေ့ဖက်ထားသည့်ကြားကပင် အေးစိမ့်နေသည့်ခံစားချက်အားခံစားနေရသေးပေရာ ပိုင်လင်းလုံမှာအေးဆေးမနေနိုင်ပေ။
သူမ၏အသက်ရှူသံမှာအားနည်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးအေးခဲတော့မည့်ဆဲဆဲမှာပင် အပြင်ဘက်ရှိနှင်းမုန်တိုင်းမှာ တဖြည်းဖြည်းချင်းအားပျော့ကာပျောက်ကွယ်သွားခဲ့ပေသည်။
ကံကောင်းထောက်မစွာဖြင့် နှင်းမုန်တိုင်းမှာတစ်နာရီသာကြာပေသည်။ မဟုတ်ပါက ဤနေရာမှာပင်အေးခဲကာသေသွားမည်ဖြစ်သည်။
ကျိုးဟောင်သေရမှာကိုထိုင်မစောင့်နေလိုပေ။ သူသည်ဂူအားချဲ့ရန်စီစဉ်လိုက်သည်။ ထိုသို့ဆိုပါက အနည်းဆုံးတော့ အအေးဒဏ်ခံစားရသက်သာစေရန် လေမိုးတို့၏ကျူးကျော်မှုအားကာကွယ်နိုင်ပေသည်။
ပိုင်လင်းလုံမှာကျိုးဟောင်အား မည်မျှပင်မနှစ်သက်ပါစေ သူမသည်ရွေးချယ်စရာမရှိဘဲကူညီပေးရုံသာတတ်နိုင်ပေသည်။
ကျိုးဟောင်ထံမှအဖက်ခံရပြီးနောက် သူမစိတ်ထဲတွင်အတော်လေးလည်းရှက်ရွံ့နေပေသည်။
မကြာမီ သူတို့နှစ်ယောက်၏ဂူအားချဲ့ခြင်းလုပ်ငန်းမှာပြီးဆုံးသွားခဲ့ပေသည်။
ကျိုးဟောင်မှာသစ်ကိုင်းအချို့တွေ့ခဲ့သဖြင့် ၎င်းတို့အားကောက်လာကာဂူထဲတွင်ပုံထားလိုက်သည်။ ထို့နောက် ဘေးရှိသစ်ပင်များမှသစ်သီးအနည်းငယ်ခူးလိုက်သည်။ ထိုမှသာဗိုက်ဆာသည့်အချိန်တွင် ဗိုက်ဖြည့်နိုင်မည်ဖြစ်သည်။
ကျိုးဟောင်မှာထင်းပုံအားမီးရှိူ့လိုက်ကာ မီးပုံအားထိုင်ကြည့်နေပေသည်။ အနွေးဓာတ်ရလာပြီးနောက် နေထိုင်ရသည်မှာအနည်းငယ်ပိုကောင်းလာသလိုခံစားလိုက်ရပေသည်။
"ဒီနေရာအစုတ်အပြတ်ကနေဘယ်လိုထွက်သွားရမလဲဆိုတာကို တတ်နိုင်သမျှအမြန်ဆုံးစဉ်းစားရမယ်"
ကျိုးဟောင်မှာ ပိုင်လင်းလုံအားကြည့်ကာလေးနက်စွာပြောလိုက်သည်။
ဤကာလအတောအတွင်း သူသည်အခွင့်သာတိုင်းအပြင်လောကအားဆက်သွယ်ရန်ကြိုးစားခဲ့သော်ငြား မအောင်မြင်ခဲ့ပေ။
ဤနေရာတွင် အချက်ပြစနစ်မှာလုံးဝပိတ်ဆို့ခံထားရပေရာ အပြင်လောကနှင့်ဆက်သွယ်ရန် သို့မဟုတ် သတင်းပို့ရန်မှာလုံးဝမဖြစ်နိုင်ပေ။
....................................................................................
အခန်း(၃၄၄) ပြီးပါပြီ။
အခန်း (၃၄၅) : စိတ်ပျက်နေသောကျိုးဟောင်
ပြစ်မှုအသူတရာချောက်၏ရည်ရွယ်ချက်မှာ ထိုအပြစ်ကြီးသောမျိုးနွယ်ခြားများအား နှင်ထုတ်ရန်ဆိုကတည်းက သူတို့ထွက်ပြေးနိုင်မည့် လမ်းမရှိနိုင်ပေ။
ဤနေရာရှိလေထုအားချိတ်ပိတ်ထားပြီး ကျင့်ကြံရေးစွမ်းအားနှင့် အချက်ပြစနစ်အားလုံးအားဖိနှိပ်ထားနိုင်သော ထူးဆန်းသည့်အားတစ်ခုပင်ရှိနေပေသည်။ အပြင်လောကအားလုံးဝဆက်သွယ်လို့မရပေ။
ထို့အပြင် ဤနေရာတွင်ဝင်ပေါက်တစ်ခုသာရှိပြီးထွက်ပေါက်မရှိပေ။ လက်ရှိအချိန်တွင်မည်သည့်နည်းလမ်းကိုသုံးမှထွက်သွားနိုင်မလဲဆိုသည်အား ကျိုးဟောင်ပင်မသိပေ။
လက်ရှိအချိန်တွင်မထွက်သွားနိုင်သော်ငြား မုရုံရွှင်းရှိသေးပေသည်။ ထို့ကြောင့်ကျိုးဟောင်မှာ နတ်ဘုရားအသိဉာဏ်ဖြင့်မုရုံရွှင်းအား ထွက်ပေါက်ရှိနိုင်မလားဟုမေးလိုက်ပေသည်။
မည်သို့ပင်ဖြစ်စေမုရုံရွှင်းမှာ အတွေ့အကြုံရှိသူဖြစ်သည်။ ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အနေနှင့် အတိတ်တုန်းက မုရုံရွှင်းသည် အန္တရာယ်များသောအခြေအနေများစွာမှ အောင်အောင်မြင်မြင်လွတ်မြောက်လာခဲ့နိုင်ပေသည်။
"အခုလက်ရှိတစ်ခုတည်းသောအဖြေက ထွက်ပေါက်ရှာဖို့ပဲ ဒါပေမဲ့ဒီမှာလုံးဝထွက်ပေါက်မရှိဘူး တကယ်လို့ထွက်သွားချင်ရင် နေရာကူးပြောင်းအစီအရင်တစ်ခုလိုတယ် ကူးပြောင်းရေးနေရာရှိမရှိဒီကောင်မလေးကိုမေးလိုက် ရှိတယ်ဆိုရင်အခွင့်အရေးရှိလောက်တယ်"
မုရုံရွှင်းနှင့်စကားပြောပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။
"ပိုင်လင်းလုံ မင်းမှာနေရာကူးပြောင်းအစီအရင်ရှိလား ရှိရင်ငါတို့ထွက်သွားလို့ရနိုင်မဲ့အခွင့်အရေးရှိလောက်တယ်"
ကျိုးဟောင်မှာမုရုံရွှင်းအားယုံကြည်ရန်ရွေးချယ်လိုက်ပေသည်။ မည်သို့ပင်ဖြစ်စေ သူသေသွားပါကမုရုံရွှင်းလည်းသေရမည်ဖြစ်သည်။ မုရုံရွှင်း၏ဤနေရာမှထွက်သွားလိုစိတ်မှာ ကျိုးဟောင်ထက်ပင်ပိုသေးပေသည်။
ပိုင်လင်းလုံမှာခေတ္တမျှကြက်သေသေသွားခဲ့သည်။ ဥက္ကဌကျိုးမှာ ဤကိစ္စအား ဘာကြောင့်ယခုအချိန်အထိပြောနေသေးမှန်း သူမမသိပေ။
"ဥက္ကဌကျိုး လက်ရှိဒီနေရာမှာကျွန်မတို့ရဲ့ကျင့်ကြံရေးအစွမ်းကပိတ်ဆို့ခံထားရတာကိုမေ့နေတာလား ကျွန်မတို့ ဘယ်ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်အနှစ်သာရမှထုတ်မရဘူး အစီအရင်နဲ့ချိတ်ဆက်ဖို့ဆိုတာပြောမနေနဲ့တော့ လွယ်အိတ်တောင်မဖွင့်နိုင်တာ ဘယ်လိုထွက်သွားကြမလဲ"
ပိုင်လင်းလုံမှာ မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
ကျိုးဟောင်မှာအလိုလိုပင်နားလည်လိုက်ပြီး ပိုင်လင်းလုံအားကြည့်ကာပြုံးလိုက်သည်။ထို့နောက် စကားတစ်ခွန်းအားပြောလိုက်လေသည်။
"တကယ်လို့မင်းရဲ့လွယ်အိတ်ထဲမှာ နေရာကူးပြောင်းအစီအရင်ရှိရင် ငါတို့အပြင်ထွက်လို့ရမဲ့နည်းလမ်းရှိလာလိမ့်မယ်"
ထိုစကားအားကြားသောအခါ ပိုင်လင်းလုံ၏အမူအရာမှာ ခေတ္တမျှပြောင်းလဲသွားကာ မယုံနိုင်သလိုမမေးဘဲလည်းမနနိုင်တော့ပေ။
"ရှင့်မှာတကယ်နည်းလမ်းရှိတာလား ဒါကကျွန်မတို့ရဲ့ကျင့်ကြံရေးစွမ်းအားကိုပြန်ကောင်းစေလာနိုင်တာမျိုးလား"
စင်စစ်တွင် ကျိုးဟောင်မှာဘာလုပ်ရမလဲမသိပေ သို့သော်မုရုံရွှင်းယခုလိုပြောသည်ဆိုကတည်းက သေချာပေါက်နည်းလမ်းရှိ၍သာဖြစ်သည်။ ထို့ကြောင့် ကျိုးဟောင်မှာလေးလေးနက်နက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"နည်းလမ်းရှိတယ် ပိုင်မိန်းကလေး ငါ့ကိုယုံပါ"
ပိုင်လင်းလုံမှာအပျော်လွန်ကာတန်းပြောလာလေသည်။
"ကောင်းပြီ တကယ်တော့ကျွန်မရဲ့အိတ်ထဲမှာ နေရာကူးပြောင်းအစီအရင်ရှိတယ် ကျွန်မတို့ရဲ့ကျင့်ကြံရေးစွမ်းအားကိုသာပြန်ရအောင်လုပ်နိုင်ရင် ကျွန်မတို့အဲဒါကိုသုံးပြီးဒီနေရာကထွက်သွားပြီးတော့ ၁၃ခုမြောက်အက်ကွဲကြောင်းဆီပြန်လို့ရတယ်"
ကျိုးဟောင်မှာပျော်လွန်ကာ အချိန်ပင်စောင့်မနေတော့ဘဲမုရုံရွှင်းအား မည်သို့လုပ်ရမလဲဆိုသည်အား တန်းမေးလိုက်လေသည်။
"ဟီးဟီး ငါ့မှာတကယ်လည်းအကြံတစ်ခုရှိတယ် ဒါပေမဲ့မင်းစမ်းကြည့်ချင်ပါ့မလားတော့မသေချာဘူး...."
မုရုံရွှင်းမှာ လျှို့ဝှက်ဆန်းကြယ်သောအပြုံးမျိုးဖြင့်ပြုံးကာပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာ တကယ်လို့နည်းလမ်းသာရှိတယ်ဆိုရင် ကျွန်တော်စမ်းကြည့်ချင်တယ် ပြောပါဘာနည်းလမ်းလဲ"
ကျိုးဟောင်မှ လျင်မြန်စွာမေးလိုက်သည်။
"ကောင်းပြီလေ မင်းကြိုးစားကြည့်ချင်မှန်း ငါသေချာ ပေါက်သိတာပေါ့ ဒါပေမဲ့ပိုင်မိန်းကလေးကမင်းကိုကူညီချင်ပါ့မလားမသိတာ မင်းသူ့ကိုအရင်မေးလိုက်"
မုရုံရွှင်းမှာ ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။
ထိုအချိန်မှသာကျိုးဟောင်မှာ ပိုင်လင်းလုံအားကြည့်လိုက်သည်။
"ငါ့မှာထွက်လို့ရမဲ့နည်းလမ်းရှိတယ် ဒါပေမဲ့...မင်းအကူအညီလိုတယ် ပိုင်မိန်းကလေး မင်းငါ့ကိုကူညီချင်ရဲ့လား"
ပိုင်လင်းလုံသည်လည်းကူညီလိုပေသည်။ မည်သို့ပင်ဖြစ်စေ သူမဤနေရာတွင်မသေချင်ပေ။ ထို့ကြောင့်သူမသည်တွေဝေမနေဘဲ သဘောတူလိုက်သည်။
"ဥက္ကဌကျိုး ထွက်လို့ရမဲ့နည်းရှိသရွေ့ အမိန့်သာပေးလိုက်ပါ"
သူမတို့သိကျွမ်းသည်မှာ ရက်ပိုင်းမျှသာရှိသေးသော်လည်း ပိုင်လင်းလုံမှာဥက္ကဌကျိုးအားယုံကြည်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤယောက်ျားသည်သူမ၏အသက်အားကယ်တင်ပေးခဲ့ပေသည်။ ကျိုးဟောင်သာမကယ်တင်ပေးခဲ့ပါက သူမသည်အက်ကွဲကြောင်းတွင်းနက်ထဲရောက်လာပြီးနောက်ပိုင်း သေဆုံးသွားရမည်သာဖြစ်သည်။
ထို့အပြင် အအေးဒဏ်အားခံစားခဲ့ရစဥ်တွင်းမှာလည်း ကျိုးဟောင်မှာသူမအားကာကွယ်ကာ အနွေးဓာတ်ပေးခဲ့ပေသည်။သူမ၏အဝတ်အစား မလုံမခြုံဖြစ်နေသည့်အချိန်တွင် ကျိုးဟောင်သူမအားဖက်ခဲ့သည်ကိုတွေးမိတိုင်းစိတ်ဆိုးသော်ငြား သူမသည်ကျိုးဟောင်အားယုံကြည်သေးသည်။ ဤသည်မှာလည်း ယခုအကြိမ်မှလွဲ သူမ၏တစ်သသက်တွင် သူမအားမည်သည့်ယောက်ျားကမျှထိတွေ့ဖူးခြင်းမရှိသည့်အတွက် နှမြောမိခြင်းသာဖြစ်ပေသည်။
ထို့ကြောင့်ပင်သူမသည်အလွန်ရှက်ရွံ့ကာဒေါသထွက်ခြင်းဖြစ်သည်။
"ကောင်းပြီ မင်းသဘောတူရင် ကိစ္စတွေကလွယ်သွားပြီ"
ကျိုးဟောင်မှာသူမ၏စိတ်ထဲမှအတွေးအားမသိပေ။ သူမသဘောတူလိုက်သည်ကိုမြင်သောအခါ ချက်ချင်းပင်မုရုံရွှင်းနှင့်ဆက်သွယ်လိုက်လေသည်။
"ကောင်းပြီ သူသဘောတူမှတော့ ငါမင်းကိုဒီနည်းလမ်းအကြောင်းပြောပြမယ် ဒီလောကကြီးကစွမ်းအင်အနှစ်သာရကစွမ်းအင်အမျိုးအစားတွေထဲတစ်မျိုးတည်းပဲရှိသေးတာ ပိုပြီးလျှို့ဝှက်ဆန်းကြယ်တဲ့ယင်နဲ့ယန်စွမ်းအင်လိုမျိုး တခြားစွမ်းအင်အမျိုးအစားတွေလည်းရှိတယ်"
"ကောင်းကင်ဘုံအဆင့်ပါရမီရှင်တစ်ယောက်အနေနဲ့ ငါကဒီစွမ်းအင်နဲ့ဆက်သွယ်နိုင်တယ် တကယ်တော့ဒီစွမ်းအင်က ကမ္ဘာကြီးရဲ့စွမ်းအင်အရင်းအမြစ်နဲ့ပိုလို့တောင်နီးစပ်သေးတယ် ငါ့အတွက်ဒီကိစ္စကဝန်ခံရခက်ပေမဲ့ ဒီကျင့်ကြံရေးသိုင်းက ကမ္ဘာကြီးသန္ဓေမပြောင်းခင်ကတည်းကတည်ရှိလာခဲ့တာ တစ်နည်းပြောရရင် ကမ္ဘာကြီးသန္ဓေမပြောင်းခင်ကတည်းက ဒီလောကကြီးကစွမ်းအင်အနှစ်သာရထက်ပိုသန်မာတဲ့စွမ်းအင်ကိုဖန်တီးနိုင်တဲ့ကျင့်ကြံရေးသိုင်းတစ်ခု ရှိနေခဲ့ပြီးသား"
ထိုစကားအားကြားလိုက်ရပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်အံ့ဩကာ မယုံကြည်နိုင်ဖြစ်သွားရသည်။
"ဘာရယ် ကမ္ဘာကြီးသန္ဓေမပြောင်းခင်ကတည်းက လူသားတွေကကျင့်ကြံနိုင်တယ်လို့ပြောတာလား"
ကျိုးဟောင်မှာအတော်လေးထိတ်လန့်သွားခဲ့ပေသည်။
သူအမြဲတမ်းထင်နေခဲ့သည်မှာ လူသားများသည်ကမ္ဘာကြီးသန္ဓေပြောင်းပြီးမှ သာ ကျင့်ကြံလာနိုင်ခဲ့သည်ဟုထင်ခဲ့ခြင်းဖြစ်သည်။
သို့သော်ထိုမတိုင်ခင်ကတည်းက လူသားများကျင့်ကြံနိုင်မည်ဟုတော့ မထင်ထားခဲ့ပေ။
"ဒါပေါ့ မင်းတို့ဒီအကြောင်းမသိတာနဲ့အခြားလူတွေလည်းဒီအကြောင်းမသိဘူးလို့မထင်နဲ့ လူသားမျိုးနွယ်ရဲ့သမိုင်းကအတော်လေးရှည်တယ် ငါတို့မသိလိုက်တဲ့ ကိစ္စတွေအများကြီးဖြစ်ခဲ့လောက်တယ်"
"ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အနေနဲ့ဆိုရင်တောင် ငါအခြေအနေကိုအပြည့်အဝဆုပ်ကိုင်နိုင်ပါ့မယ်လို့အာမမခံရဲသေးဘူး ဒီကမ္ဘာကြီးကတခြားပညာရှင်တွေလည်း ငါ့လိုပဲနေမှာပဲ"
"ဒါပေမဲ့ ဒီကျင့်ကြံရေးသိုင်းကတကယ်ရှိခဲ့ကြောင်းကိုတော့ မင်းကိုပြောပြရမှာပဲ ယင်နဲ့ယန်စွမ်းအားကို စုံတွဲကျင့်ကြံပြီးဖန်တီးလို့ရတယ်"
မုရုံရွှင်း၏စကားဆုံးသည်နှင့် ကျိုးဟောင်မှာနေရာတွင်ပင် ကြက်သေသေသွားခဲ့သည်။
"ဘာကြီး ယင်ယန်စုံတွဲကျင့်ကြံမှု လခွမ်း...."
ကျိုးဟောင်မှာ ချက်ချင်းဆိုသလိုပင်ဘာပြောရမလဲပင်မသိတော့ပေ။ ဤနည်းလမ်းသည်ဘာကြောင့် ဝတ္ထုများထဲမှဇာတ်အိမ်နှင့်တူနေရပါသနည်း။
"ငါကမင်းကိုလိမ်နေတယ်ထင်တာလား တကယ်ဒီတိုင်းပဲ အမျိူသားတစ်ယောက်ရဲ့ချီပင်လယ်ထဲကအငွေ့အသက်က ယန်အငွေ့အသက်ဖြစ်ပြီးတော့ အမျိုးသမီးတစ်ယောက်ရဲ့ချီပင်လယ်ထဲကအငွေ့အသက်က ယန်အငွေ့အသက်ပဲ ယင်နဲ့ယန်စွမ်းအင်ကိုလိုက်ဖက်စေတဲ့နည်းလမ်းနဲ့ပဲ ဒီယင်နဲ့ယန်စွမ်းအင်ကိုဖန်တီးနိုင်မှာ ငါတို့ဘိုးဘေးတွေလက်ဆင့်ကမ်းခဲ့တဲ့ ယင်နဲ့ယန် အကြောင်းဇာတ်လမ်းတွေက အတုအယောင်လို့ထင်နေတာလား သိပ္ပံနည်းကျသက်သေရှိတာကိုအခုထည့်မပြောနဲ့ဦး သက်သေတောင်ပြထားပြီးသား မင်းသိလား"
မုရုံရွှင်းသည် ကျိုးဟောင်မှာတကယ်ပင်အတွေ့အကြုံအလွန်နည်းသူဟုစိတ်ထဲမှတွေးကာ ဒေါသတကြီးပြောလိုက်လေသည်။
"ဒါ....ဒါပေမဲ့ ဒီကိစ္စကိုဘယ်လိုပြောရမှာလဲ တကယ်လို့ကျွန်တော်ဒီယင်ယန်စုံတွဲကျင့်ကြံရေးသိုင်းအကြောင်း ပိုင်လင်းလုံကိုပြောလိုက်ရင် သူကျွန်တော့်ကိုသတ်လိမ့်မယ် ကျွန်တော့်ကိုအသေသတ်နေတာလား"
ကျိုးဟောင်မှာစိတ်ဆိုးတကြီးပြန်ပြောလိုက်လေသည်။ ဤမကောင်းဆိုးဝါးအိုကြီးမုရုံရွှင်းသည် တကယ်ပင်ဆိုးဝါးသည်ဟု ကျိုးဟောင်မှာစိတ်ထဲမှတွေးလိုက်မိသည်။ အစောပိုင်းက ပိုင်လင်းလုံသူ့အားမကူညီချင်လောက်ဘူးဟုပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။ ဖြေရှင်းနည်းမှာယခုလိုနည်းလမ်းဖြစ်နေလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။
"သေစမ်း ငါကဘာလို့မင်းကိုသတ်ရမှာတုန်း ပြီးတော့ယင်ယန်စုံတွဲကျင့်ကြံရေးသိုင်းဆိုတာ မင်းထင်နေသလိုမဟုတ်ဘူး ကျိုးဟောင်မင်းအရမ်းငယ်သေးတယ် မင်းအတွေးတွေကအရမ်းတိမ်လွန်းတယ်"
မုရုံရွှင်းမျှအေးစက်စွာနှာခေါင်းရှုံ့ကာဆက်ပြောလာသည်။
"ယင်ယန်စုံတွဲကျင့်ကြံရေးသိုင်းက စွမ်းအင်အနှစ်သာရထက်ပိုပြီးတော့တောင်လျှို့ဝှက်ဆန်းကြယ်သေးတယ် ဒီဟာဘယ်ကလာသလဲဆိုတာကို ငါမသိပေမဲ့ ဒီယင်ယန်စွမ်းအင်ကခန္ဓာကိုယ်ချင်းနှီးနှောမှ ရနိုင်တဲ့စွမ်းအင်မဟုတ်တာတော့ငါသိတယ် အဲဒီနည်းလမ်းသုံးပြီးမင်းရလာတဲ့စွမ်းအင်ကလည်းမကောင်းတဲ့စွမ်းအင်ပဲရမှာ ငါ့နည်းလမ်းကစည်းစနစ်ကျတဲ့နည်းလမ်း"
ကျိုးဟောင်၏အမူအရာမှာပျော့ပျောင်းသွားပြီးဆက်မေးလိုက်သည်။
"ဒါဆိုဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော့်ကိုပြောပြ မဟုတ်ရင် ဒီကိစ္စပိုင်လင်းလုံကိုဘယ်လိုပြောရမလဲဆိုတာ ကျွန်တော်တကယ်သိမှာမဟုတ်ဘူး"
...................................................................................
အခန်း(၃၄၅) ပြီးပါပြီ။