အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
အခန်း (၃၃၁) : သေမှာသေချာတယ်
ကျိုးဟောင်မှာကျယ်လောင်စွာရယ်လိုက်ကာ သူ၏ယုံကြည်မှုသည်လည်းတစ်ရှိန်ထိုးထိုးတက်လာခဲ့သည်။
သူဤမျှလောက်စွမ်းအားကြီးနေသည်ဆိုမှတော့ ကြီးကြီးကျယ်ကျယ်လုပ်နေစရာမလိုတော့ပေ။ မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်အားသတ်ခြင်းဖြင့် သူ၏ကံကြမ္မာအမှတ်သည်လည်း ၁၀သန်းကျော်အထိတိုးလာနိုင်ပေသည်။
ကျိုးဟောင်မှာမထိန်းချုပ်နိုင်ဘဲအော်ဟစ်ရယ်မောလိုက်သည်။ လက်ရှိအချိန်တွင် သူသည်ထိန်းချုပ်မထားတော့ပေ။ စစ်မြေပြင်မှာစဉ်ဆက်မပြတ်ပြောင်းလဲနေပြီး ဤပြဿနာအားတတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရမည်ဖြစ်သည်။
သူ၏စွမ်းအင်အနှစ်သာရဖြင့်သန့်စင်ထားသောခန္ဓာကိုယ်ကြောင့် ကျိုးဟောင်ထံမှစွမ်းအားကြီးသော စွမ်းအင်အတက်အကျတစ်ခုထွက်ပေါ်နေပြီး ထိုစွမ်းအင်ကြောင့် သားရဲများမှာကြောက်လန့်နေကြပေသည်။
"ဒီအငွေ့အသက်က ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်လိုပဲ ဘယ်လိုဖြစ်နိုင်မှာလဲ....."
"သူ့ခန္ဓာကိုယ်ကအရမ်းစွမ်းအားကြီးတယ် ငါလုံးဝမခုခံနိုင်ဘူး"
"သေစမ်း သူကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ပဲမဟုတ်ဘူးလား သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ဘာလို့ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်နီးနီးဖြစ်နေတာလဲ"
မျိုးနွယ်ခြားသားရဲသုံးကောင်မှာမနေနိုင်ဘဲထုတ်ပြောလိုက်သည်။ ထိုသို့ပြောနေစဉ်မှာပင် ကျိုးဟောင်မှာသူတို့အနားသို့ရောက်ရှိနေပြီဖြစ်သည်။
သူ၏ခန္ဓာကိုယ်မည်မျှစွမ်းအားကြီးကြောင်းသိရှိသွားပြီးနောက် ကျိုးဟောင်မှာကြောက်ရွံ့မနေတော့ပေ။ ဧရာမဝက်ဝံဘုရင်၏ ကြီးမားသောတောင်ကြီးသဖွယ်လက်သီးတစ်ချက်ကျရောက်လာသည်ကိုမြင်သောအခါ ကျိုးဟောင်သည်လည်း လက်သီးဖြင့်ပြန်ထိုးလိုက်သည်။
ဘုန်း!
သူတို့၏တိုက်ခိုက်မှုမှ ကျယ်လောင်သောအသံကြီးတစ်ခုထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းလုံးများသည်လည်း တိုးထွက်လာခဲ့သည်။
ခလွပ်!
အက်ကွဲသံတစ်ခုနှင့်အတူ ဧရာမဝက်ဝံဘုရင်၏ခန္ဓာကိုယ်မှာအနောက်သို့ရွေ့သွားခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ရှိအရိုးတစ်ဝက်လောက်မှာတန်းကာကြေမွသွားခဲ့ပြီး အသက်အငွေ့အသက်မှာလည်း ချက်ချင်းပင်သေလုနီးပါးအခြေအနေထိရောက်သွားခဲ့သည်။
ဤသည်ကား ကျိုးဟောင်၏ဒုတိယမြောက်လက်သီးပင်ဖြစ်သည်။
ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်အား လက်သီးတစ်ချက်တည်းဖြင့် အကြီးအကျယ်ထိခိုက်ပျက်စီးအောင်လုပ်လိုက်သောမြင်ကွင်းမှာ အားလုံးအပေါ်သက်ရောက်စေခဲ့ပေသည်။
မျက်လုံးတစ်ရာအင်းဆက်ဘုရင်အား လက်သီးတစ်ချက်ဖြင့်ခန္ဓာကိုယ်ပေါ်တွင် အပေါက်ဖြစ်သည်အထိတိုက်ခိုက်မှုနှင့် ဧရာမဝက်ဝံဘုရင်အားလက်သီးတစ်ချက်ဖြင့် အရိုးများအားအပိုင်းပိုင်းဖြစ်သွားစေခဲ့သောတိုက်ခိုက်မှု။
လက်ရှိအချိန်တွင် ကျိုးဟောင်၏အငွေ့အသက်မှာ တစ်ဟုန်ထိုးတိုးလာနေပေသည်။ ရွှေရောင်ချပ်ဝတ်ပုတ်သင်မှာ ၎င်း၏အင်အားကိုအပြည့် မသုံးနိုင်သေးခင်မှာပင် ၎င်း၏တိုက်ပွဲဖော်နှစ်ယောက်မှာ သူတို့၏တိုက်ပွဲစွမ်းအားကိုဆုံးရှုံးသွားပြီဖြစ်ကြောင်းကို သိလိုက်ရပေသည်။
ကျိုးဟောင်မှာစဉ်းစားပင်မနေဘဲ တစ်စက္ကန့်အတွင်း ရွှေရောင်ချပ်ဝတ်ပုတ်သင်၏ရှေ့တွင်ပေါ်လာလေသည်။
ထို့နောက် သူ၏စွမ်းအားအနှစ်သာရမှာ တစ်ဟုန်ထိုးတက်လာပြီး ကျယ်လောင်သောအသံတစ်ခုနှင့်ကြီးမားသောအားတစ်ခုလည်း ရောက်လာခဲ့ပေသည်။ ထိုလက်သီးတစ်ချက်၏ကြီးမားသောခွန်အားသည်လည်း ပုတ်သင်၏ရွှေရောင်ချပ်ဝတ်အပေါ်ကြမ်းတမ်းစွာကျရောက်လာသည်။ ပေါက်ကွဲမှုတစ်ခုနှင့်အတူ ရွှေရောင်ချပ်ဝတ်ပုတ်သင်၏အသန်မာဆုံးဟုခေါ်ဆိုကြသည့် အကာအကွယ်ချပ်ဝတ်သည်လည်း ချက်ချင်းပင်ကျိုးဟောင်လက်ချက်ဖြင့် ကြေမွသွားခဲ့ပေသည်။
ထိုမြင်ကွင်အားကြည့်ပြီး အားလုံးမှာကြက်သေသေသွားကြသည်။
ထိုအထဲတွင် မျိုးနွယ်ခြားသားရဲစစ်တပ်ပင်ပါဝင်ပေသည်။
သူတို့သည်ယခုမှစတင်တိုက်ခိုက်ခါစဖြစ်ပြီး တိုက်ပွဲ၏အမြင့်ဆုံးအခြေအနေသို့မရောက်သေးခင်မှာပင် တိုက်ခိုက်ရေးစွမ်းအားဆုံးရှုံးသည်အထိ တိုက်ခိုက်ခံလိုက်ရသော ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်မှာ ၃ယောက်တောင်ရှိနေပြီဖြစ်သည်။
ဤမြင်ကွင်းသည် သူတို့၏စိတ်ဓာတ်အားကျစေသည်မှာ ဧကန်ပင်ဖြစ်သည်။
မူလကသူတို့၏ယခုတစ်ကြိမ်တိုက်ပွဲအစီအစဉ်မှာ အက်ကွဲကြောင်းကိုဖြတ်ကျော်ကာအက်ကွဲကြောင်းတွင် တပ်ကူများထပ်တိုးလိုခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ ဤအက်ကွဲကြောင်းကိုအပိုင်သိမ်းပြီး နယ်မြေချဲ့ထွင်ရန်ဤနေရာတွင် မျိုးနွယ်ခြားအခြေစိုက်စခန်းတစ်ခုတည်ဆောက်လိုခြင်းဖြစ်သည်။ သူတို့သည်ထိုကိစ္စအားအချိန်ကြာမြင့်စွာစီစဉ်ခဲ့ရသော်လည်း အစောပိုင်းကကျိုးဟောင်၏လက်သီး ၃ချက်မှာ သူတို့၏အိပ်မက်များအား အစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့စေပေသည်။
ယခုလိုပညာရှင်တစ်ယောက်အား သူတို့မည်ကဲ့သို့တွန်းလှန်နိုင်မည်နည်း။
မျိုးနွယ်ခြားများမှာအလွန်ထိတ်လန့်နေသော်လည်း ကျိုးဟောင်မှာပို၍ပင်စိတ်လှုပ်ရှားလာပေသည်။ ကောင်းကင် ဘုံအဆင့်တစ်ဝက်သားရဲ ၃ကောင်သည် ကံကြမ္မာအမှတ်မည်မျှတောင်ရှိမည်နည်း။
ဤသည်မှာအချိန်မီကူညီမှုတစ်ခုပင်ဖြစ်သည်။
ကျိုးဟောင်မှာထိုသတ္တဝါများအားအခွင့်အရေးမပေးလိုသောကြောင့် ချက်ချင်းပင်တိုက်ခိုက််လိုက်ပေသည်။ ကျိုးဟောင်လှံတံအားဆွဲထုတ်လိုက်သည်နှင့် ကောင်းကင်တွင်လျှပ်စီးကြောင်းများပေါ်လာခဲ့သည်မှာ ကောင်းကင်ဘုံရှိမိုးကြိုးနတ်ဘုရားမှာ လူ့လောကသို့ဆင်းသက်လာသည့်ပမာပင်။ ထို့နောက်ကျိုးဟောင်မှာတန်းကာတိုက်ခိုက်တော့သည်။
စွမ်းအင်အနှစ်သာရ၏အကူအညီဖြင့် ကျိုးဟောင်မှာထိုသတ္တဝါတို့၏အသက်အားယူလိုသည့် ရည်ရွယ်ချက်ဖြင့်ရက်စက်စွာတိုက်ခိုက်လေသည်။
လျှပ်စီးကြောင်းတစ်ခုဆင်းသက်လာသည်ကိုမြင်လိုက်ရပြီး ထိုသတ္တဝါ ၃ကောင်အားအဆုံးသတ်တော့မည့်အချိန်မှာပင် စွမ်းအားကြီးအငွေ့အသက်တစ်ခုမှာ ချက်ချင်းပင်ကျရောက်လာခဲ့ပေသည်။
"အတင့်ရဲလိုက်တဲ့ လူသားမျိုးနွယ်"
ထွက်ပေါ်လာသော ဤအငွေ့အသက်တွင် စကားဖြင့်ဖော်ပြ၍မရသော အင်အားတစ်ခုရှိနေပေသည်။
ကျိုးဟောင်မှာထိုစွမ်းအား မည်သည့်စွမ်းအားဖြစ်ကြောင်းမသိသော်ငြား ၎င်းမှာသေချာပေါက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်ကြောင်းကိုတော့သိပေသည်။
စစ်မှန်သောကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက် သို့မဟုတ် တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပင်ဖြစ်သည်။
ထိုအချိန်မှာပင်ကျိုးဟောင်မှာ လေဟာနယ်ထဲမှလမ်းလျှောက်ထွက်လာသည့် လူသားနှင့်အလွန်ဆင်တူသည့်မျိုးနွယ်ခြားသက်ရှိတစ်ကောင်အားမြင်လိုက်ရပေသည်။ ဤမျိုးနွယ်ခြားသက်ရှိထံတွင်အတောင်ပံများပါရှိပြီး သွေးနီရောင်ဓားတစ်လက်အား ကိုင်ဆောင်ထားပေသည်။
၎င်း၏အခြားပုံစံများအားသေချာမကြည့်ပါက ထိုသတ္တဝါအားသေချာပေါက်လူသားတစ်ယောက်ဟုသာ ထင်မိမည်ဖြစ်သည်။ သို့သော်၎င်း၏မျက်လုံးများမှာ သွေးပမာရဲရဲတောက်နေကာ အစွယ်များမှာရှည်လျားနေပြီး အရိုးပမာတောင်ပံများမှာလည်း ပျံ့ကားနေပေသည်။ ၎င်း၏ပုံသဏ္ဍာန်မှာအလွန် ထိတ်လိန့်စရာကောင်းလှပေသည်။
သူ၏အငွေ့အသက်မှာအလွန်စွမ်းအားကြီးလှပြီး စစ်မြေပြင်တစ်ခုလုံးကိုပင်ဖိနှိပ်ထားနိုင်ပေရာ ဤနေရာရှိအငွေ့အသက်များကိုပင် ချက်ချင်းရှုပ်ထွေးသွားစေလေသည်။ ၎င်း၏အငွေ့အသက်မှာ ကောင်းကင်တွင်ပြည့်နေသော ကျိုးဟောင်၏လျှပ်စီးကြောင်းကိုလည်းချက်ချင်းပင်ရပ်တန့်သွားစေခဲ့ပေသည်။
ထို့နောက် ထိုလူမှာသူ့လက်အားမြှောက်လိုက်လေရာ စွမ်းအားကြီးသောသွေးရောင်ဓားသွားကြီးတစ်ခုမှာ ချက်ချင်းဆိုသလိုပင် ကျိုးဟောင်၏လျှပ်စီးကြောင်းအားဖျက်ဆီးပစ်လိုက်လေသည်။
ဤမြင်ကွင်းမှာအားလုံးကို ထိတ်လန့်သွားစေခဲ့ပေသည်။
ကျူးဇောင်ပင်အတော်လေးထိတ်လန့်သွားခဲ့သည်။
"သေစမ်း ဘာလို့ဒီနေရာမှာပေါ်လာတာလဲ သူကမျိုးနွယ်ခြားသားရဲမျိုးနွယ်ရဲ့တော်ဝင်မိသားစုကဖြစ်ပြီးတော့ စစ်မှန်တဲ့တော်ဝင်သွေးမျိုးဆက်ရှိတယ် ပြီးတော့သူ့မှာက အလားအလာကောင်းတဲ့သွေးမျိုးဆက်ရှိပြီး အဠမမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရဲ့စွမ်းအားမျိုးရှိတယ်။ သူကဘာလို့ဒီနေရာမှာပေါ်လာရတာလဲ"
မုရုံရွှင်း၏ကြောက်ရွံ့နေသောအသံအား ကျိုးဟောင် ၏ခေါင်းထဲတွင်ကြားလိုက်ရပေသည်။
အသံကိုနားထောင်ရုံဖြင့် ဤလူမှာသူ့အားမည်မျှအထိဖိအားပေးနိုင်ကြောင်း စိတ်ကူးကြည့်လို့ရပေသည်။
ကျိုးဟောင်သည်လည်းထိတ်လန့်သွားခဲ့သည်။ ဤသည်မှာ ကောင်းကင်ဘုံအဆင့်ကျင့်ကြံမှုဟုခေါ်ဆိုကြသည့်အရာပင်ဖြစ်သည်။ ထိုနေရာတွင်ရပ်နေရုံဖြင့် သူသည်လောကကြီးအားအုပ်စိုးနိုင်သောအရှင်သခင်တစ်ပါးသဖွယ်ဖြစ်နေပေသည်။ ထိုပုဂ္ဂိုလ်၏ပုံစံမှာ လောကကြီးကပင်သူ၏အင်အားအား ခံနိုင်ရည်မရှိပုံပင်။
"ဟမ့် လူသားမျိုးနွယ်မှာ ဒီလောက်စွမ်းအားကြီးတဲ့ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး မင်းကိုဒီလောကကြီးထဲမှာအသက်ရှင်လျက်ထားတာက ငါတို့မျိုးနွယ်ခြားတွေအတွက် အရမ်းကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာလိမ့်မယ် အဲဒါကြောင့်သေလိုက်တော့"
သူသည်အဓိပ္ပာယ်မရှိသောစကားများအား များများစားစားပြောမနေပေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင် ဘုံအဆင့်ပညာရှင်တစ်ယောက်သည် စစ်ပွဲတွင်ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်းအားသိနေ၍ပင်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် သူသည်ထိုသဘောတူညီချက်အားချိုးဖောက်ရန် ပြင်ဆင်ပြီးနေပြီဖြစ်သည်။ ကျိုးဟောင်အားသတ်ရန်အတွက်နှင့် သူသည်အန္တရာယ်အကျခံကာစွန့်စားတော့မည်ဖြစ်သည်။
၎င်း၏တိုက်ခိုက်မှုမှာ ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းသွားသလိုပင်ထင်ရပြီး ကျယ်လောင်သောအသံတစ်ခုနှင့်အတူ သွေးနီရောင်လွှမ်းသောတိုက်ခိုက်မှုတစ်ခုသည်လည်း ကျရောက်လာခဲ့ပေသည်။
ထိုအချိန်တွင်ကျိုးဟောင်မှာ သေခြင်းတရားအငွေ့အသက်အားခံစားလိုက်ရပေသည်။ ထိုသွေးဓားသွားအားခုခံလိုက်ပါက သေချာပေါက်သေမည်ဖြစ်ကြောင်းကို ကျိုးဟောင်သိပေသည်။
သူ၏ခန္ဓာကိုယ်အားပုံသွင်းထားခဲ့သည်ဆိုလျှင်ပင် ဤတိုက်ခိုက်မှုအား မခုခံနိုင်ဘဲသေချာပေါက်သေရမည်သာဖြစ်သည်။
....................................................................................
အခန်း(၃၃၁) ပြီးပါပြီ
အခန်း (၃၃၂) : ဓားဘုရင်ချင်
"သွားပြီ ပြေးတော့"
ထိုအချိန်တွင်ကျူးဇောင်သည်လည်း အလွန်နောက်ကျသွားပြီဖြစ်ပြီး ကျိုးဟောင်အားမကယ်နိုင်တော့ပေ။ ကျိုးဟောင်မှာစွမ်းအားကုန်သုံး၍ သက်တမ်းအတိုခံကာသွေးအနှစ်သာရစွမ်းအင်အားသုံးရန်တွေဝေမနေဘဲ အလောတကြီးပြေးလာသော်ငြား ကျိုးဟောင်အားမကယ်တင်နိုင်လိုက်ပေ။
ကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ စစ်မြေပြင်သို့ဝင်ရောက်ခွင့်မရှိပေရာ ထို့ကြောင့် စစ်မြေပြင်ရှေ့တွင်ရှိနေသည့်ကျိုးဟောင်အား ညနတ်ဘုရားမှတိုက်ခိုက်လိုက်သည့်အချိန်တွင် က ကျူးဇောင်မှာ စစ်မြေပြင်အနောက်တွင်သာရှိနေခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဤညနတ်ဘုရား၏ကျင့်ကြံမှုအဆင့်မှာ အလွန်စွမ်းအားကြီးလှပေရာ ကျူးဇောင်ပင်မခုခံနိုင်ပေ။
အင်အားကြီးသောတိုက်ခိုက်မှုမှာကျိုးဟောင်ထဲရောက်တော့မည့်အချိန်မှာပင် အေးစက်သောနှာမှုတ်သံတစ်ခုထွက်ပေါ်လာခဲ့ပေသည်။
ချက်ချင်းဆိုသလိုပင် စွမ်းအားကြီးသောစွမ်းအင်အတက်အကျတစ်ခုမှာ လေထုထဲမှထွက်ပေါ်လာခဲ့သည်။ ထို့နောက်ဓားအငွေ့အသက်တစ်ခုပျံသန်းလာပြီး သွေးနီရောင်ဓားသွားအားထိပ်တိုက်ရင်ဆိုင်လိုက်သည်ကိုကျိုးဟောင်မြင်လိုက်ရပေသည်။
ဘုန်း!
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ပြင်းထန်သောပေါက်ကွဲမှုလှိုင်းတစ်ခုလည်းထွက်ပေါ်လာခဲ့ပေသည်။ ထိုပေါက်ကွဲမှုကြောင့် ကျိုးဟောင်ပင်အနောက်သို့ ၅၀ ကီလိုမီတာခန့်လွှင့်ထွက်သွားခဲ့ပေသည်။
"ညနတ်ဘုရား မင်းတရားလွန်သွားပြီ"
လေထဲမှ အသံတိုးတိုးတစ်ခုထွက်ပေါ်လာခဲ့ပြီးနောက် ကျိုးဟောင်မှာ လေထဲတွင်မတ်တပ်ရပ်ကာ အစိမ်းရောင်ဓားတစ်လက်အားကိုင်ဆောင်ထားသည့် အဖြူဝတ်အမျိုးသားတစ်ယောက်အားတွေ့လိုက်ရပေသည်။ သူ၏စွမ်းအားကြီးသောကျင့်ကြံမှုမှာ ကောင်းကင်ပေါ်တွင်ဖုံးလွှမ်းနေသည့် သွေးအနှစ်သာရစွမ်းအင်အား တစ်စစီပျက်စီးသွားစေပေသည်။
"ဒါက......ဓားဘုရင်ချင်ပဲ"
ကျူးဇောင်မှာထိုပုဂ္ဂိုလ်အားမြင်လိုက်သောအခါ ချက်ချင်းပင်သက်ပြင်းချလိုက်မိလေသည်။ ဓားဘုရင်ချင်သာရှိနေပါက ကျိုးဟောင်အတွက်အသက်အန္တရာယ်မရှိနိုင်ပေ။
ဓားဘုရင်ချင်ပေါ်လာသည်အားမြင်လိုက်ရသည့်အခါ ညနတ်ဘုရား၏အမူအရာမှာပျက်ယွင်းသွားခဲ့သည်။ ဤလူထိုမျှလောက်လျင်မြန်စွာရောက်လာခဲ့မည်ဟုသူမထင်ထားခဲ့သောကြောင့် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
"ဓားဘုရင်ချင် ခင်ဗျားမှာအက်ကွဲကြောင်းထဲကထွက်လာဖို့အချိန်ရှိသေးတယ်ပေါ့ အထင်ကြီးစရာပဲ"
ညနတ်ဘုရားမှ မထိတထိသရော်လိုက်ပေသည်။
"ညနတ်ဘုရား မင်းတရားလွန်သွားပြီ ငါမင်းဆီကစိတ်ကျေနပ်လောက်မဲ့အဖြေမျိုးလိုချင်တယ် မဟုတ်ရင်မင်းဒီနေ့ ဒီကထွက်သွားနိုင်မှာမဟုတ်ဘူး"
ဓားဘုရင်ချင်မှာလေထဲတွင်မတ်တပ်ရပ်နေပြီး တိုက်ခိုက်ရေးစိတ်ဓာတ်အပြည့်နှင့် သူ၏စွမ်းအားကြီးသောကျင့်ကြံရေးအငွေ့အသက်မှာလည်းပျံ့နှံ့နေပေသည်။
"မင်းကငါ့ကိုတိုက်ချင်တာလား ဓားဘုရင်ချင်ကြည့်ရတာ ခင်ဗျားကအခြေအနေကိုနားမလည်သေးဘူးပဲ"
ညနတ်ဘုရားမှထပ်မံသရော်လိုက်သည်။
"တခြားစကားတွေပြောလည်းအပိုပဲ ညနတ်ဘုရား မင်းကိုသတ်ဖို့ငါအားနည်းနည်းစိုက်ရမယ်ဆိုပေမဲ့ တန်ဖိုးတစ်ခုပေးဆပ်လိုက်ရင် မင်းဒီနေ့သေချာပေါက်သေမှာပဲ"
"မင်းက ညနတ်ဘုရားတော်ဝင်မိသားစုရဲ့ တစ်ဦးတည်းသောဘုရင်မဟုတ်လား တကယ်လို့မင်းသေသွားရင် မင်းရဲ့မျိုးဆက်တွေဘယ်လိုခံစားရမလဲဆိုတာမင်းသိပါတယ် အဲဒါကြောင့် ငါမင်းဆီကဖြေရှင်းချက်တစ်ခုလိုတယ် မဟုတ်လို့ကတော့ ဒီနေ့ငါတို့အတူသေရမယ်ဆိုရင်တောင် မင်းထွက်မသွားနိုင်စေရဘူး"
ဓားဘုရင်ချင်မှာ ဂရုမစိုက်သည့်ပုံဖြင့်ပြောလိုက်သည်။ သူ၏အသံမှာမကျယ်သော်ငြား မာန်ကြီးသောအငွေ့အသက်တို့ဖြင့်ပြည့်နေပေသည်။
မျိုးနွယ်ခြားများမှာ အမြဲတမ်းပူးပေါင်းလုပ်ဆောင်ကြသည်ဆိုသော်ငြား မစည်းလုံးကြပေ။ ထို့အပြင် အကယ်၍ညနတ်ဘုရားသာဤနေရာတွင်သေသွားပါက သူ၏မျိုးဆက်များမှာအခြားတော်ဝင်မိသားစုများ၏ ဖျက်ဆီးပစ်ခြင်းကိုခံရမည်ဖြစ်သည်။
မျိုးနွယ်ခြားသားရဲများမှာ လူသားများနှင့်မတူညီကြသလို စည်းမျဉ်းဥပဒေဟူ၍လည်းမရှိကြပေ။ အကယ်၍သူသာသေဆုံးသွားပါက သူ၏မျိူးဆက်များမှာ ကျွန်များသာဖြစ်လာကြမည်ဖြစ်သည်။
ဓားဘုရင်ချင်မှာဤကိစ္စအားသိထားပြီး သူ့အား လက်လျှော့အောင်လုပ်နေခြင်းဖြစသည်။ အနည်းဆုံးတော့ သူသည် မျိုးနွယ်ခြားများအား ၁၂ခုမြောက်အက်ကွဲကြောင်းအားအလွတ်ပေးစေလိုပေသည်။
ဤသည်မှာသဘောတူညီချက်အားချိုးဖောက်ခဲ့သည့်အတွက် ပေးဆပ်ရမည့်အဖိုးအခဖြစ်သည်။
ထိုစကားအားကြားသောအခါ ညနတ်ဘုရား၏အမူအရာမှာပျက်ယွင်းသွားခဲ့သည်။ သူသည်အခွင့်အရေးအားလက်မလွှတ်ချင်သလို လက်လည်းမလျှော့လိုပေ။
ထို့နောက် ညနတ်ဘုရားမှာနှာခေါင်းတစ်ချက်ရှုံ့ကာ ပြန်ပြောလာပေသည်။
"ဓားဘုရင်ချင် ခင်ဗျားကျုပ်ကိုခြောက်နေလည်းအသုံးမဝင်ဘူး ဒီနေ့သဘောတူညီချက်ကိုချိုးဖောက်ခဲ့တဲ့လူကကျုပ်ဆိုပေမဲ့ ကျုပ်ကိုဒီနေရာမှာသေခိုင်းဖို့ဆိုတာ ခင်ဗျားအတွက်မဖြစ်နိုင်ဘူး"
ညနတ်ဘုရားထံတွင်လည်း စိုးမိုးလိုသောစရိုက်ရှိပြီး လုံးဝအလျှော့မပေးပေ။
ညနတ်ဘုရားသည် ထိုစကားအားယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်ခြင်းဖြစ်သည်။
ဓားဘုရင်ချင်မှာ သူတို့ညနတ်ဘုရားမျိုးနွယ်အကြောင်း ကောင်းစွာသိပြီး မစွန့်စားဝံ့ကြောင်းကိုသိပေသည်။ သူကျရှုံးသွားသည်နှင့် သူ၏မျိုးဆက်မှာအခြားတော်ဝင်မျိုးနွယ်များ၏ကျွန်များအဖြစ်သို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤသည်မှာမျိုးနွယ်ခြားများ၏ပုံမှန်နည်းလမ်းဖြစ်ပြီး ၎င်းတို့မှာရက်စက်ကာ မျိုးနွယ်တူဖြစ်လျှင်တောင် ရန်သူများအားဘယ်တော့မှမသနားတတ်ပေ။
သို့သော် ညနတ်ဘုရားမှာအလွန်ဉာဏ်ကောင်းလှပေသည်။ ဓားဘုရင်ချင်သည်လည်းပြောသလိုမစွန့်စားဝံ့ကြောင်းကိုသိပေသည်။ ရှေ့တန်းရှိစစ်ပွဲမှာအလွန်ပြင်းထန်နေပေသည်။ အကယ်၍ဓားဘုရင်ချင်မှာစွန့်စားပြီး သေဆုံသွားခဲ့ပါက ရှေ့တန်းရှိဖိအားမှာပိုမိုတိုးလာမည်ဖြစ်သည်။
အကယ်၍မသေလျှင်တောင် ရှေ့တန်းမှာလအနည်းငယ်ကြာသည်အထိ ထိုအခြေအနေအားထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ညနတ်ဘုရားတစ်ယောက်၏သေဆုံးမှုမှာ မျိုးနွယ်ခြားများအတွက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်လျော့သွားစေရုံသာဖြစ်သော်လည်း ဓားဘုရင်ချင်၏အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေးစွမ်းအားအား လပိုင်းမျှဆုံးရှုံးလိုက်ရခြင်းသည် လူသားကျင့်ကြံသူများအတွက်မလွယ်ကူနိုင်ပေ။
ဓားဘုရင်ချင်၏စွမ်းအားမှာ စွမ်းအားကြီးလှပေသည်။ သူသည်အဠမမြောက်ကောင်းကင်ဘုံအဆင့်သာရှိသေးသော်ငြား နဝမမြောက်အဆင့်ပညာရှင်တစ်ယောက်နှင့်ယှဉ်တိုက်ပါက မရှုံးနိုင်ပေ။
ဓားဘုရင်ချင်မှာမျိုးနွယ်ခြားများ၏ ကောင်းကင်ဘုံအဆင့်ပညာရှင်နှစ်ယောက်အား လုံးဝရှင်းပစ်နိုင်စွမ်းရှိသည်ဟုဆိုနိုင်ပေသည်။ ထို့အပြင် ဓားဘုရင်ချင်မှာ ရှေ့တန်း၏စစ်သေနာပတိချုပ်တစ်ယောက်လည်းဖြစ်သည်။ သူသည်ခပ်ကြမ်းကြမ်းလူတစ်ယောက်ဖြစ်ရုံသာမက အနိုင်အရှုံးကိုအဆုံးအဖြတ်ပေးနိုင်သည့် ဗျူဟာပညာရှင်တစ်ယောက်လည်းဖြစ်သည်။
အကယ်၍သူသာတစ်ခုခုဖြစ်သွားခဲ့ပါက အနည်းဆုံးအက်ကွဲကြောင်း ၁၃ခုထဲမှ ၃ခုမှာ မျိုးနွယ်ခြားများ၏သိမ်းပိုက်ခြင်းအားခံရမည်ဖြစ်သည်။
ဤစကားများသည် ညနတ်ဘုရားမှအပိုလုပ်ပြောနေခြင်းမဟုတ်သလို ဓားဘုရင်ချင်အားအလွန်အကြူးချီးကျူးနေခြင်းလည်းမဟုတ်ပေ။ ဓားဘုရင်ချင်ကိုယ်တိုင်မှာ ယခုလိုစွမ်းအားမျိုးရှိနေခြင်းဖြစ်သည်။
မျိုးနွယ်ခြားရှိလူတိုင်း ဓားဘုရင်ချင်အားသိကြပေသည်။
ထို့ကြောင့် ညနတ်ဘုရားမှာသေချာပေါက်စွန့်စားဝံ့လျှင်ပင် ဓားဘုရင်ချင်မှာအလောင်းအထပ်မပြုဝံ့ပေ။ အကယ်၍သူအလောင်းအထပ်ပြုရဲလျှင်တောင် အခြားလူသားကျင့်ကြံသူများမှာသူ့အားမစွန့်စားစေလိုပေ။ ဤအချက်သည်လည်း သူ့အားယုံကြည်ချက်တိုးစေသောအရာပင်ဖြစ်သည်။
"ဓားဘုရင်ချင် ဒီနေ့ကိစ္စကိုဒီတိုင်းထားလိုက်ကြတာပေါ့ တကယ်လို့ခင်ဗျားလိုက်ကပ်တွက်နေမယ်ဆိုရင် ကျုပ်လည်းအသက်ရင်းပြီးတိုက်ရုံပဲရှိတယ် အများဆုံးမှ ကျုပ်တို့အတူသေရုံပေါ့ ဒါပေမဲ့ ရှေ့တန်းကအခြေအနေကိုတော့ ခင်ဗျားသေချာစဉ်းစားကြည့်ဖို့လိုလိမ့်မယ်"
ညနတ်ဘုရားမှာနှာခေါင်းရှုံ့ကာ ဓားဘုရင်ချင်အားယုံကြည်မှုအပြည့်ဖြင့်ကြည့်ကာပြောလိုက်သည်။
....................................................................................
အခန်း(၃၃၂) ပြီးပါပြီ
အခန်း (၃၃၃) : လူသားစစ်သည်တစ်ယောက်အနေနဲ့ ဘယ်လိုများနောက်ဆုတ်နိုင်မှာလဲ
ဓားဘုရင်ချင်မှာ ဤညနတ်ဘုရားမှာတကယ်ပင်တည်ငြိမ်သည်ဟု မျက်လုံးမှေးကာစိတ်ထဲမှဉ်းစားနေပေသည်။ အကယ်၍သူသာ ညနတ်ဘုရားအားသတ်လိုပါက သေချာပေါက်တန်ကြေးတစ်ခုတော့ပေးဆပ်ရမည်ဖြစ်သည်။
ညနတ်ဘုရားမျိုးနွယ်မှာ မျိုးနွယ်ခြားများကြားတွင် တော်ဝင်မျိုးနွယ်တစ်ခုဖြစ်ပြီး သူ့မျက်စိရှေ့ရှိဤညနတ်ဘုရားမှာ သူနှင့်အနည်းငယ်မျှသာနိမ့်ပေသည်။ အကယ်၍သူတို့သာတိုက်ခိုက်ကြပါက သူသည်လည်းဒဏ်ရာမရဘဲလွတ်မြောက်နိုင်မည်မဟုတ်ပေ။ ဒဏ်ရာအပြင်းအထန်ရသည်အထိတောင်ဖြစ်နိုင်ပေသည်။
သူဒဏ်ရာအပြင်းအထန်ရသွားကာ အချိန်တိုအတွင်းပြန်မကောင်းနိုင်သည်နှင့်တစ်ပြိုင်နက် မျိုးနွယ်ခြားများသည်လည်း ဤအခွင့်အရေးအားလက်လွှတ်ခံမည်မဟုတ်ပေ။
သို့သော် ဓားဘုရင်ချင်မှာညနတ်ဘုရားအား ဒီတိုင်းလွှတ်ပေးလိုက်ရန်ဆန္ဒမရှိပေ။
ကျိုးဟောင်မှာထိုမြင်ကွင်းအားအစအဆုံးကြည့်နေပြီး သူ၏အမူအရာသည်လည်းပျက်ယွင်းလာပေသည်။ မျိုးနွယ်ခြားများ၏အလျှော့မပေးလိုသောသဘောထားမှာ သူ့အားစိုးရိမ်စေပေသည်။ ညနတ်ဘုရား၏စကားများအရ ရှေ့တန်းရှိအခြေအနေမှာ မည်မျှဆိုးဝါးနေကြောင်းပြောရန်မခက်ပေ။
ဦးစွာတရားလွန်ပြုမူသည်မှာ မျိုးနွယ်ခြားများဖြစ်ပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်များအားဖျက်ဆီးရန် သဘောတူညီမှုကိုပင်ဂရုမစိုက်ခဲ့ပေ။ထိုပုံအရ ဤမျိုးနွယ်ခြားများမှာ အကြောက်အလန့်မရှ်ိပုံပင်။
မည်သည့်သဘောတူညီချက်မဆို တူညီသောစွမ်းအားအပေါ်အခြေခံကာ တည်ဆောက်ထားခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင် မျိုးနွယ်ခြားများ၏ တင်းမာ သောသဘောထားမှာ အရာအားလုံးအား မီးမောင်းထိုးပြနေပေသည်။
ကျိုးဟောင်မှာစိတ်ပူလာခဲ့သည်။ အကယ်၍ ညနတ်ဘုရားအားဒီတိုင်းထွက်သွားခွင့်ပြုလိုက်ပါက သေချာပေါက်လူသားမျိုးနွယ်များအတွက်ပျက်ရယ်ပြုစရာဖြစ်သွားမည်ဖြစ်သည်။ ၎င်းမှာလူသားစစ်သည်များ၏စိတ်ဓာတ်ကိုပင်သက်ရောက်မှုရှိနိုင်ပေသည်။
ဤကိစ္စမှာ ကောင်းသောကိစ္စမဟုတ်ပေ။
ကျိုးဟောင်မှာအသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် မျက်လုံးမှာအရောင်လက်သွားပေသည်။ သူ့စိတ်ထဲ၌အကြံတစ်ခုပေါ်လာပြီး ဓားဘုရင်ချင်ထံစိတ်ဖြင့်ဆက်သွယ်ကာ ပြောလိုက်ပေသည်။
"စီနီယာ စီနီယာ့မှာညနတ်ဘုရားကိုအချိန်ဆွဲပေးနိုင်မဲ့နည်းလမ်းရှိလား"
ဓားဘုရင်ချင်မှာခေတ္တမျှကြက်သေသေသွားပြီး ကျိုးဟောင်အသံအားကြားကာမှရုတ်တရက်သဘောပေါက်လိုက်ပေသည်။ သူသည်အသံလာရာကိုကြည့်လိုက်လေရာ အသံပိုင်ရှင်မှာသူအစောပိုင်းကကယ်တင်ခဲ့သော လူသားပညာရှင်တစ်ယောက်ဖြစ်ကြောင်းမြင်လိုက်ရပေသည်။ ထို့ကြောင့် ဘာမှဖုံးကွယ်မနေတော့ပေ။
"သူ့ကိုအချိန်ဆွဲဖို့ကတော့လွယ်တယ် ဒါပေမဲ့ သူ့ကိုသတ်ဖို့ဆိုရင်တော့တန်ဖိုးကြီးကြီးပေးမှရမယ်"
ဓားဘုရင်ချင်မှ ချက်ချင်းပင်ပြန်ပြောလိုက်သည်။
"စီနီယာသူ့ကိုသတ်စရာမလိုပါဘူး သူလည်းစီနီယာနဲ့တိုက်ပြီး အသက်မစွန့်ရဲဘူး"
ကျိုးဟောင်မှ ချက်ချင်းပင်ပြောလိုက်သည်။
ဓားဘုရင်ချင်၏အမူအရာမှာပြောင်းလဲမသွားခဲ့ပေသည်။ သို့သော်သူသည်မနေနိုင်ဘဲထုတ်မေးလိုက်မိသည်။
"ဪ ဘာလို့ဒီလောက်သေချာနေရတာလဲ"
"သူကစီနီယာ့ကိုသတ်ချင်နေပေမဲ့ စီနီယာ့ကိုမနိုင်ဘူး သူ့ရဲ့အခုယုံကြည်ချက်က စီနီယာကလူသားမျိုးနွယ်အတွက်အရမ်းအရေးကြီးတဲ့လူဆိုတဲ့အချက်ကလာတာ ဒါကလည်းရှေ့တန်းကစစ်ပွဲကပြင်းထန်ပြီး စီနီယာမစွန့်စားရဲတာကို သူသိနေလို့ပဲ ဒါပေမဲ့တစ်ချိန်တည်းမှာပဲ စီနီယာကညနတ်ဘုရားတော်ဝင်မိသားစုအကြောင်းသိနေလို့ သူစီနီယာ့ကိုမတိုက်ခိုက်ရဲဘူး"
"အဲဒါကြောင့် အချင်းချင်းကြောက်နေရတဲ့အချိန်မှာ အဆုံးကျကိစ္စကမရှင်းလိုက်ရဘဲဖြစ်သွားလိမ့်မယ် ဒါကသူလိုချင်တဲ့ရလဒ်ပဲ တကယ်တော့ဒါကကျွန်တော်တို့လူသားတွေလက်ခံနိုင်တဲ့ တစ်ခုတည်းသောရလဒ်ပဲ ဘာပဲဖြစ်ဖြစ် ဒီညနတ်ဘုရားကြောင့်စီနီယာဒဏ်ရာရပြီး လူသားမျိုးနွယ်တစ်ခုလုံးအတွက်အန္တရာယ်ဖြစ်မဲ့ အခြေအနေမျိုးလည်းကျွန်တော်တို့ရောက်ခွင့်မပြုနိုင်ဘူး အဲဒါကြောင့်စီနီယာ သူ့ကိုသတ်လို့မရဘူး အဲဒီအစားသူ့ကိုအသက်ရှင်ခွင့်ပေးလိုက်ပါ"
ကျိုးဟောင်၏သုံးသပ်ချက်မှာ အလွန်ကျိုးကြောင်း ဆီလျော်ပေသည်။ သို့သော် ဓားဘုရင်ချင်မှာမျက်မှောင်ကြုတ်ကာမေးလိုက်သည်။
"မင်းရဲ့သုံးသပ်ချက်က အရမ်းကျိုးကြောင်းဆီလျော်တယ် ပြီးတော့လက်ရှိအချိန်မှာတကယ်လည်း အဲဒီအတိုင်းဖြစ်နေတာပဲ ငါကသေမှာမကြောက်ဘူးဆိုပေမဲ့ မစွန့်တော့မစွန့်စားရဲဘူး မင်းကစိတ်ထဲကလှမ်းဆက်သွယ်ပြီး သူ့ကိုအချိန်ဆွဲဖို့ပြောတယ်ဆိုကတည်းက မင်းမှာအဖြေရှိလိမ့်မယ်လို့ငါယုံတယ် ဟုတ်တယ်မလား"
ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။
"ဟုတ်ပါတယ်စီနီယာ သူ့ကိုအချိန်ဆွဲဖို့ကစီနီယာ့အတွက် မိနစ်ပိုင်းပဲကြာမှာပါ အသက်စွန့်ပြီးတိုက်စရာမလိုပါဘူး ကျွန်တော်ကဒီအခွင့်အရေးကိုအသုံးချပြီး တိုက်ခိုက်ရေးစွမ်းအားမရှိတော့တဲ့ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၃ ကောင်ကိုသတ်မယ် ဒီလိုဆို ကျွန်တော်တို့လူသားမျိုးနွယ်အတွက် ဘာမှအရှုံးမရှိဘူး"
"ပြီးတော့ ကျွန်တော်တို့သူတို့ဘက်ကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင် ၃ ယောက်ကိုသတ်လိုက်တာနဲ့ သူကမျိုးနွယ်ခြားမျိုးနွယ်မှာတော်ဝင်အဆင့်အတန်းရှိရင်တောင် ဒီအရှုပ်ကိုရှင်းဖို့ကမလွယ်လောက်ဘူး"
ဤသည်မှာ ကျိုးဟောင်၏အစီအစဉ်သာဖြစ်သည်။
"အို စိတ်ဝင်စားစရာပဲ ဒါပေမဲ့မျိုးနွယ်ခြားတွေက ၁၃ခုမြောက်အက်ကွဲကြောင်းကိုလုယူဖို့ စစ်စည်းရုံးပြီးအသေအကြေတိုက်ကြမှာကို မင်းမကြောက်ဘူးလား ငါတို့လူသားမျိုးနွယ်တွေက မျိုးနွယ်ခြားအများကြီးနဲ့တိုက်နေရတာ အခြေအနေကမကောင်းဘူး"
ဓားဘုရင်ချင်မှာအမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ သူသည်မကြောက်တတ်ပေ သို့သော်မျိုးနွယ်ခြားများ၏အရေအတွက်မှာအလွန်များပြားလှပေသည်။ ထိုမျိုးနွယ်ခြားများမှာ မစည်းလုံးသော်ငြား အားလုံးမှာလူသားမျိုးနွယ်အားတိုက်ခိုက်နေကြပေသည်။
မည်သို့ပင်ဖြစ်စေ လူသားများမှာကမ္ဘာဂြိုဟ်၏ အရင်းအမြစ်နှင့်နယ်မြေတစ်ဝက်နီးပါးအား နေရာယူထားခြင်းဖြစ်ပေရာ ဤအချက်မှာမျိုးနွယ်ခြားများအားအလွန်ဆွဲဆောင်လှပေသည်။
"စီနီယာစိတ်ချပါ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၃ ကောင်ကိုသတ်လိုက်ရုံနဲ့ သူတို့ကိုရန်စဖို့မလုံလောက်ပါဘူး ပြီးတော့ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၃ ကောင်သေသွားရုံနဲ့ သူတခြားမျိုးနွယ်တွေရဲ့အသက်ကိုစွန့်ပစ်ချင်မယ်လို့ ကျွန်တော်တော့မထင်ဘူး အဲဒီအချိန်ကျ ကျွန်တော်တို့ညှိနှိုင်းဖို့ပဲလိုတာ နှစ်ဖက်စလုံးက ၁၃ခုမြောက်အက်ကွဲကြောင်းကို ဒီတိုင်းထားလိုက်လို့ရတယ် တကယ်လို့သူတို့သဘောမတူရင် ကျွန်တော်တို့တိုက်ကြရုံပေါ့ ကျွန်တော်တို့လူသားတွေက သူတို့ကိုကြောက်ရမှာလား"
ကျိုးဟောင်၏ရဲရင့်သောစကားများမှာ ဓားဘုရင်ချင်အားချက်ချင်းပင်အခက်တွေ့သွားစေလေသည်။
သူသည်မစိုးရိမ်ခဲ့ပေ သို့သော်ဤကိစ္စပြီးနောက် မျိုးနွယ်ခြားများမှာ ညနတ်ဘုရားအားပစ်မှတ်ထားကြပေလိမ့်မည်။ သို့သော်တစ်ချိန်တည်းမှာပင် ကျိုးဟောင်သည်လည်း မျိုးနွယ်ခြားများ၏မျက်စိကျခြင်းအားခံရပေလိမ့်မည်။
ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏တိုက်ခိုက်ရေးစွမ်းအားနှင့်ယှဉ်ပြိုင်နိုင်သော ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်မှာ မျိုးနွယ်ခြားတိုင်း၏မျက်လုံးထဲတွင် ဆူးတစ်ချောင်းသာဖြစ်သည်။ အနာဂတ်တွင် ကျိုးဟောင်အတွက်မရေမတွက်နိုင်သောအန္တရာယ်များစောင့်ကြိုနေတော့မည်မှာ အသေအချာပင်ဖြစ်ပေသည်။
ဓားဘုရင်ချင်မှာ နောက်လှည့်ကာကျိုးဟောင်အကြည့်လိုက်ပေသည်။ အလွန်တည်ငြိမ်နေသောအမူအရာအားကြည့်ကာ ကျိုးဟောင်အားမေးလိုက်လေသည်။
"မင်းမကြောက်ဘူးလား"
ဤစကားသုံးလုံးသည်ဓားဘုရင်ချင်၏ နာကျင်မှုအားဖော်ပြနေပေသည်။ ထပ်တူပင် သူ၏ဘာမှမတတ်နိုင်သောခံစားချက်ကိုလည်းဖော်ပြနေပေသည်။
သူသည်ယခုတစ်ကြိမ်မှပြဿနာအားလုံးကြောင့် ကျိုးဟောင်အားဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်သလို မျိုးနွယ်ခြားမှကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ ကျိုးဟောင်အားသတိထားမိသွားမည်ကိုလည်းမလိုချင်ပေ။
ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာပြုံးလိုက်သည်။ သူဤကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၃ ကောင်ကိုသတ်လိုက်သည်နှင့် ညနတ်ဘုရားမှာ မျိုးနွယ်ခြားများ၏အပြစ်တင်ခြင်းအားခံရပေလိမ့်မည်။
သူကိုယ်တိုင်သည်လည်း မျိုးနွယ်ခြားတို့၏အာရုံစိုက်မှုကိုခံရမည်ဖြစ်သည်။သူ့အားသတ်ရန်အတွက် လျှို့ဝှက်ပညာရှင်တစ်ယောက်လွှတ်လိုက်ရန်ပင် တွေဝေမနေလောက်ပေ။
ကျိုးဟောင်သေချာပေါက်ကြောက်ပေသည်။ သို့သော်လူသားမျိုးနွယ်စစ်သည်တစ်ယောက်အနေနှင့် သူဘယ်လိုများနောက်ဆုတ်ရမည်နည်း။
...................................................................................
အခန်း(၃၃၃) ပြီးပါပြီ။