← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀) : မခံမရပ်နိုင်ဖြစ်ခြင်း

၁၃ခုမြောက် အက်ကွဲကြောင်း၏တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီး မူလအဆင့်နှင့်အထက် မျိုးနွယ်ခြားများလည်း မရှိတော့ပေ။

ကောင်းကင်ဘုရင်ကျူးက သူ့အား ဘာကြောင့်ခေါ်ပါသနည်း။

"ဘာမှတော့ အရေးတကြီးမရှိပါဘူး ဒါပေမဲ့ ငါမင်းကိုပြောသင့်မပြောသင့်စဉ်းစားနေရတဲ့ကိစ္စတော့ရှိတယ်"

ကျူးဇောင်မှာ ပြောရင်တုံ့ဆိုင်းနေပုံပေါ်လေသည်။

"ဪ ကောင်းကင်ဘုရင်ကျူး ကျုပ်ကိုလွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်။ ကျုပ်တတ်နိုင်တာဆိုရင် အကောင်းဆုံး လုပ်ပေးမှာပါ"

ကျိုးဟောင်မှာ သူ၏အကူအညီကို လိုအပ်နေပြီး ပြောဖို့အားနာနေသည်ထင်သောကြောင့် စကားလမ်းဖွင့်ပေးလိုက်လေသည်။

"မဟုတ်ပါဘူး တိုက်ပွဲကိစ္စတွေမဟုတ်ဘူး။ အဲ့...အဲ့ဒါက .... မင်းရဲ့ နဂါးနက်လှံရှည်နဲ့ပတ်သက်တဲ့ကိစ္စပါ"

ကျူးဇောင်စကားဆုံးသောအခါ ကျိုးဟောင်တယောက်မှင်တက်သွားလေသည်။

"ဟမ် ...ကောင်းကင်ဘုရင်ကျူး အဲ့တာကို ပြန်သိမ်းချင်လို့လား ။ အဲ့ဒါက အကြီးပိုင်းပုဂ္ဂိုလ်တွေက ပေးတာမဟုတ်ဘူးလား"

ကျိုးဟောင်မှာ ထိုကဲ့သို့လက်နက်မျိုးကို နှစ်သက်ပြီး ပြန်တော့မပေးချင်ခဲ့ပေ။

"အဲ့လိုတော့မဟုတ်ဘူး။ အထက်ကမင်းကို နဂါးနက်လှံရှည်ကိုပေးခဲ့တာမို့ ငါကဘယ်လိုလုပ်ပြန်ယူခွင့်ရှိပါ့မလဲ။ ဒါပေမဲ့ မင်းလက်ထဲမှာ အဲ့လက်နက်ရှိနေတာကို သဘောမကျတဲ့လူတွေတော့ရှိတယ်"

ကျူးဇောင်က ရှင်းပြလိုက်သည်။

"သဘောမကျဘူးဟုတ်လား ဘာကိုဆိုလိုချင်တာလဲ"

ကျိုးဟောင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

သူသည်တိုက်ပွဲထဲတွင် အကောင်းဆုံးပူးပေါင်းဆောင်ရွက်ပေးခဲ့သူဖြစ်လေသည်။ ဒီလိုလူမျိုးလက်ထဲတွင် ထိုလက်နက်ကပိုပြီး မရှိသင့်ဘူးလား။

"ဥက္ကဌကျိုး အထင်မလွဲပါနဲ့။ တကယ်တော့ အဲ့တာပြဿနာ ကြီးကြီးမားမားမဟုတ်ပါဘူး။ တကယ်တော့ ၁၂ခုမြောက် အက်ကွဲကြောင်းမှာ ကောင်းကင် ဘုံအဆင့်တ၀က်ပညာရှင်တယောက်ဖြစ်တဲ့ ပိုင်လင်းလုံ ဆိုတဲ့အမျိုးသမီးစစ်သူကြီးတဦးရှိတယ်။ သူမက ယောကျာ်းတွေကို အထင်အမြင်မကြီးသူဖြစ်ပေမဲ့ တကယ့်ကို ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေရှိတယ်။ သူမက များစွာသော စစ်ဘက်ဆိုင်ရာတိုက်ပွဲတွေမှာပါ၀င်ခဲ့ပြီး သူမ၏အဓိကလက်နက်က‌တော့ လှံရှည်ဖြစ်တယ်"

"သူမက အဲ့နဂါးနက်လှံရှည်ကိုအရမ်းလိုချင်နေခဲ့တာကြောင့် စစ်တပ်ရဲ့ ပတ်သက်တဲ့ အရာတွေအားလုံးမှာ အားသွန်ခွန်စိုက်ပါ၀င်ပေးခဲ့တယ်။ အခုအဲ့လက်နက်ကို ရုတ်တရက်မင်းကိုပေးလိုက်တာကြောင့် သူမ မပျော်မရွှင်ဖြစ်နေတယ်။ပြီးတော့ ပိုင်လင်းလုံက ခေါင်းမာတဲ့မိန်းကလေးဖြစ်တာကြောင့် မင်းကိုရှာပြီး ပြိုင်ဆိုင်မှာကို စိုးရိမ်မိတယ်။ အဲ့လိုအချိန်ကျရင် သူမကို ထိခိုက်အောင်မလုပ်ပါနဲ့"

ကျူးဇောင်၏စကားဆုံးသောအခါ ကျိုးဟောင်တယောက်ပြုံးလိုက်လေသည်။ သူသည် ထိုကိစ္စအား ဘယ်လိုဆက်ဖြစ်မလဲဆိုတာ သိချင်နေခဲ့လေသည်။

"ပုံမှန်ဆိုရင်တော့ မင်းတို့နှစ်ယောက်ဆုံဖို့မရှိပါဘူး။ ဒါပေမဲ့ ၁၃ ခုမြောက်လေ့ကျင့်ရေးစခန်းအတွက် လေ့ကျင့်ဖို့ ၆ခုမြောက်လေ့ကျင့်ရေးစခန်းက‌ ကျောင်းသားကိုဦးဆောင်ပြီးခေါ်လာခဲ့တယ်။ သူမက ထိုကျောင်းသားတွေရဲ့ ဦးစီးချုပ်အနေနဲ့ ဒီမှာနေမှာဖြစ်တယ်။ ဒါ့ကြောင့် မင်းတို့နှစ်ယောက်ထိပ်တိုက်တွေ့မှာကိုစိုးရိမ်မိတယ်"

"ငါပြောချင်တာကတော့ တကယ်လို့ အဲ့လိုအချိန်ရောက်လာလို့ရှိရင် မသိချင်ယောင်ဆောင်ပြီး လုပ်သင့်တာကိုလုပ်ဖို့ပါ"

ကျူးဇောင်သည် ကျိုးဟောင်က ကြင်နာတတ်သူတယောက်ဖြစ်ကြောင်းသိလေသည်။

"စိတ်မပူပါနဲ့ ကျုပ်နားလည်ပါတယ် သူမကိုတကယ်မတိုက်ခိုက်ပါဘူး"

ကျိုးဟောင်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်လေသည်။

"အဟမ်း အဟမ်း ကျုပ်တခုလောက်ထပ်ပြောချင်တယ်။ သူမက ပြိုင်ဆိုင်လိုစိတ်ပြင်းပြီး မောက်မာသော်လည်း သူမက မိန်းမကောင်းလေးပါ။ ကျုပ်က သူမကြီးပြင်းလာတာကို မြင်ဖူးခဲ့သူပါ။ တကယ်လို့ ဥက္ကဌကျိုး သူမကိုသဘောကျတယ်ဆိုရင် ကျုပ်ကိုပြောလို့ရပါတယ်"

ကျူးဇောင်မှာ ကျိုးဟောင်နှင့် သိလာတာ ကြာပြီဖြစ်သောကြောင့် ကျိုးဟောင်အကြောင်းသိနေလေသည်။ ကျိုးဟောင်မှာ အလွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်များရှိသည့်အပြင် လူသားဆန်သောနှလုံးသားရှိသည့် ရှားပါးသော လူစွမ်းကောင်းဖြစ်လေသည်။

ဒါကြောင့် ကျူးဇောင်မှာ သူတို့နှစ်ယောက်လိုက်ဖက်လိမ့်မည်လို့ထင်နေခဲ့လေသည်။

"အဟမ်း ကျုပ်အဲ့လိုသဘောထားမရှိပါဘူး။ ကောင်းကင်ဘုရင်ကျူးစိတ်မပူပါနဲ့"

ကျိုးဟောင်ကပြန်ပြောလိုက်သည်။ သူ့တွင် ရှုလင်တယောက်ရှိနေရုံဖြင့်လုံလောက်လေသည်။ ဒါ့အပြင်သူ၏ ဥက္ကဌကျိုးဟူသော အသွင်အပြင်မှာ အတုဖြစ်ပြီး မကြာမီ ကျိုးဟောင်ဟူသော အသွင်အပြင်ကို ရုပ်လုံးထွက်ပြမည်ဖြစ်လေသည်။

ပုံမှန်အားဖြင့်သူ၏ပုံရိပ်ကို အသုံးချပြီး မိန်းကလေးများနှင့် မပတ်သက်ဖူးပေ။

"ထားလိုက်ပါ။ ကျုပ် မင်းတို့ လူငယ်တွေရဲ့ကိစ္စကို၀င်မစွက်ဖက်ပါဘူး"

ကျုးဇောင်ကပြုံးပြီးပြောလိုက်သည်။တကယ်လို့ ကျိုးဟောင်စိတ်မ၀င်စားပါက သူဘာမှ ထပ်မစွက်ဖက်လိုပေ။

ထိုအချိန်မှာပဲ အေးစက်သောအသံလေးတခုထွက်ပေါ်လာခဲ့သည်။

"ဦးလေးကျူး အထဲမှာရှိလား ကျွန်မ၀င်လာပြီနော်"

စကားသံလေးဆုံးသည်နှင့် အဖြူရောင်ချပ်၀တ်ကို၀တ်ဆင်ထားသော အမျိုးသမီးလေးတဦး၀င်လာခဲ့လေသည်။

ထိုမိန်းကလေးမှာ ပန်းချီကားချပ်ထဲက အမျိုးသမီးလေးတဦးလမ်းလျှောက်ထွက်လာသည့်အလား အလွန်တရာပင်လှပလေသည်။

ထိုမိန်းကလေး၀င်လာသောကြောင့် ကျူးဇောင်မှာ မှင်တက်သွားခဲ့သော်လည်း ချက်ချင်းပင်ပြန်တုံပြန်လိုက်သည်။

"အာ မိန်းကလေး ရောက်လာတာစောတာပဲ။ ကျုပ်က မနက်ဖြန်လောက်မှ ရောက်မယ်ထင်တာ။ မိတ်ဆက်ပေးရဦးမယ် ဒါက ဥက္ကဌကျိုးတဲ့"

"ဥက္ကဌကျိုး ဒါက ပိုင်လင်းလုံပါ"

ကျူးဇောင်မှာ မျက်နှာပူနေလေသည်။ သူတို့နှစ်ယောက်ဒီလောက်မြန်မြန်ဆုံလိမ့်မည်လို့ မထင်ထားခဲ့ပေ။

ကျိုးဟောင်လည်း အစက ကြောင်သွားသော်လည်း ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်လေသည်။

" ဟဲလို မိန်းကလေးပိုင်"

ပိုင်လင်းလုံလည်း ကျိုးဟောင်ကိုမြင်သောအခါ သူမ၏အမူအရာများပြောင်းလဲသွားသည်။

" ရှင်က ဥက္ကဌကျိုးပေါ့"

သူမက နှာ‌ခေါင်းရှုံ့ပြီးပြောလိုက်လေသည်။

ကျိုးဟောင်လည်း သက်ပြင်းချလိုက်မိသည်။ သူမသည် ကျူးဇောင်ပြောထားသလိုပင် သူ့အပေါ်တွင် အနည်းငယ်ရန်လိုနေလေသည်။

"ဟုတ်ပါတယ်"

ကျိုးဟောင် ကပြန်ဖြေလိုက်သည်။

"ကောင်းလိုက်တာ ရှင်က နဂါးနက်လှံရှည်ကိုရခဲ့တယ်လို့ကြားတယ် ဟုတ်လား"

ပိုင်လင်းလုံက ဒဲ့တိုးပင်ပြောချလိုက်လေသည်။

သူမသည် ထိုနဂါးနက်လှံရှည်အား ဟိုးအရင်ကတည်းက လိုချင်နေခဲ့ပြီး တိုက်ပွဲရမှတ်များစုဆောင်းခဲ့သော်လည်း မပြည့်သေးပေ။

ဒါ့ကြောင့် ဒီနှစ်များထဲတွင် သူမသည် အက်ကွဲကြောင်းအနှံ့အပြင်းအထန်တိုက်ခိုက်ပြီး ရမှတ်များစုဆောင်းကာ ထိုနဂါးနက်လှံရှည်အား အမှတ်ဖြင့်လဲလှယ်နိုင်ဖို့ရည်မှန်းထားလေသည်။

သို့သော်လည်း သူမရမှတ်များ ပြည့်ခါနီးတွင် အကြီးပိုင်းပုဂ္ဂိုလ်များက ထိုနဂါးနက်လှံရှည်အား ကျိုးဟောင်ဆီသို့ပေးပစ်လိုက်လေသည်။

သူမသည် ထိုကိစ္စအား အစကတည်းကကြိုသိခဲ့ရလေသည်။ဓားဘုရင်ချင်သည် ထိုသို့မပေးပစ်ခင်ကတည်းက သူမကို လာရှာခဲ့ပြီး ကျိုးဟောင်၏ တိုက်ပွဲ၀င်မှတ်တမ်း ရုပ်သံများကို ထုတ်ပြခဲ့လေသည်။

သူမသည် ကျိုးဟောင်အနေဖြင့် ကောင်းကင်ဘုံအဆင့်တ၀က်သားရဲ၃ကောင်အား တခဏအတွင်း သတ်ဖြတ်ခဲ့သည်ကို ကြည့်ခဲ့ဖူးလေသည်။

ကျိုးဟောင်၏လှံရှည်တိုက်ခိုက်ရေးနည်းစနစ်မှာ အားနည်းသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်ကတော့ အရမ်းသန်မာလေသည်။

ဒါ့အပြင် ထိုပုဂ္ဂိုလ်မှာ ကောင်းကင်ဘုံအဆင့်တ၀က်တွင် ထိပ်ဆုံးနံပါတ်၁အသန်မာဆုံးပညာရှင်ဖြစ်လေသည်။

ဒါ့ကြောင့် အခြေအနေအရပ်ရပ်အား ခြုံကြည့်ရလျှင် သူမ အနေဖြင့် သဘောတူလေသည်။

သို့သော်သူမ အနေဖြင့် မခံမရပ်နိုင်တော့ဖြစ်နေလေသည်။

....................................................................................

အခန်း (၃၄၀) ပြီးပါပြီ။

အခန်း (၃၄၁) : လှံတစ်သောင်းသိုင်း

ယခုတစ်ကြိမ်တွင် ၁၃ ခုမြောက်အက်ကွဲကြောင်းရှိအဆင့်မြင့်အခြေစိုက်စခန်းသို့မလာမီ သူမသည်ဥက္ကဌကျိုးအား စိန်ခေါ်ရန်ဆုံးဖြတ်လာခဲ့ပေသည်။ ဥက္ကဌကျိုးမှာ သူမထက်အများကြီးသန်မာလျှင်တောင် သူမဂရုမစိုက်ပေ။

ဤသည်မှာအခြားဘာကြောင့်မှမဟုတ်ဘဲ သူမစိတ်ထဲရှိစိတ်ဖိစီးမှုအားဖြေရှင်းချင်၍သာဖြစ်သည်။

"အာ ဟုတ်တယ် လှံကကျွန်တော်လက်ဆောင်ရထားတာ..."

ကျိုးဟောင်မှာ အလွန်ကူကယ်ရာမဲ့နေပေသည်။ ဤအမျိုးသမီးမှာ တကယ်ပင်ကောင်းကင်ဘုံဘုရင်ကျူးပြောခဲ့သည့်အတိုင်းပင်။

"ဟမ့် နဂါးနက်လှံရှည်က လှံအားလုံးရဲ့ဘုရင်ပဲ အပစ်အခတ်စွမ်းရည်ညံ့တဲ့လူက ဒီလှံကိုပိုင်ဖို့မတန်ဘူး ရှင့်ရဲ့နဂါးနက်လှံရှည်ကိုယူလိုက် ကျွန်မတို့အပြင်သွားပြီးတိုက်ခိုက်မယ် ရှင့်မှာနဂါးနက်လှံကိုပိုင်ဆိုင်နိုင်တဲ့အရည်အချင်းရှိ မရှိကျွန်မကြည့်ချင်တယ်"

ပိုင်လင်းလုံစကား‌ဆုံးသည်နှင့် ကျိုးဟောင်၏ခေါင်းမှာပေါက်ကွဲထွက်တော့မလိုခံစားလိုက်ရပေသည်။

ဘာတွေဖြစ်နေမှန်းနားမလည်နိုင်ပေ။ သူတို့တွေ့သည့်အချိန်မှာပင် တစ်ဖက်လူမှာတခြားဘာမှမပြောဘဲ သူ့အားစိန်ခေါ်နေလေသည်။

လက်ရှိအချိန်တွင် ကျူးဇောင်သည်လည်း အတော်လေးခေါင်းခဲနေပြီဖြစ်သည်။ ယခုလိုဖြစ်လာမည်မှန်း သူအရင်ကတည်းကထင်ထားခဲ့ပေသည်။

သို့သော် ဤမိန်းကလေး၏စိတ်ဓာတ်မှာအလွန်ခေါင်းမာပြိး သူမအားသိမ်းသွင်းရန်မလွယ်ပေ။ ထို့အပြင်ယခုသည်ပြိုင်ပွဲတစ်ခုသာဖြစ်ပေရာ ကိစ္စကြီးလည်းမဟုတ်ပေ။

ထို့အပြင် တစ်ဖက်လူမှာသာလွန်သောစွမ်းရည်ရှိသော်ငြား ဥက္ကဌကျိုး၏လက်ချက်ဖြင့်ဒဏ်ရာရသွားမည်ကို ကျူးဇောင်မှာစိုးရိမ်မိပေသည်။

အဆုံးတွင် ဥက္ကဌကျိုးနှင့်သူသည် သူမ အလိုကျအဖော်ပြုပေးရန် ဆုံးဖြတ်လိုက်ပေသည်။

"ပြိုင်စရာမလိုဘူး ငါအရှုံးပေးတယ်"

ကျိုးဟောင်မှာသူမနှင့်မတိုက်ခိုက်လိုပေ။ အကြောင်းမှာ မတိုက်ခိုက်ရဲ၍မဟုတ်ဘဲ မလိုအပ်၍သာဖြစ်သည်။

နှစ်ယောက်လုံးမှာ စခန်းတစ်ခုထဲမှရဲဘော်များဖြစ်ကြသည်။ စစ်တပ်စခန်းတွင် ပြိုင်ပွဲကျင်းပသည်မှာသာမန်သာဖြစ်သော်ငြား ကျိုးဟောင်မှာသူမနှင့်မတိုက်ခိုက်လိုပေ။

"ရှင်ကျွန်မနဲ့မပြိုင်ချင်ရင် ကျွန်မကိုကြောက်လို့လို့ဝန်ခံရမယ် ဥက္ကဌကျိုး ရှင်ကသတ္တိရှိပြီး ရည်မှန်းချက်ကြီးတဲ့လူ အနိုင်မခံအရှုံးမပေးတဲ့လူလို့ကျွန်မကြားထားတာ ကြီးကျယ်တဲ့စစ်တပ်ကြီးရှေ့မှောက်မှာ ရှင့်ရဲ့သူရဲကောင်းစိတ်ဓာတ်ကြောင့်လူသိများတယ် ပြီးတော့ ရှင်တစ်ယောက်တည်းနဲ့ရန်သူတစ်သောင်းကိုတောင်ထိန်းချုပ်နိုင်တယ် ဒါတောင် ကျွန်မရဲ့စိန်ခေါ်မှုကိုလက်ခံဖို့ဘာလို့ကြောက်နေတာလဲ ကျွန်မကမိန်းမဖြစ်နေတာနဲ့ပဲရှင်ကကျွန်မကိုအထင်သေးနေလို့လား"

ပိုင်လင်းလုံ၏စကားများမှာကျိုးဟောင်အားရန်စသလိုဖြစ်နေကာ အလွန်ပင်စိတ်ညစ်စေလေသည်။

"ကောင်းပြီလေ ဒါဆိုလည်းပြိုင်ကြတာပေါ့"

ကျိုးဟောင်မှာသဘောတူရုံသာရှိတော့သည်။

သူတို့နှစ်ယောက်သည် ၁၃ ခုမြောက်အက်ကွဲကြောင်း၏အလယ်ဗဟိုသို့ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့လိုအဆင့်ရှိသူများ၏တိုက်ပွဲမှာ ကလေးများကြားမှတိုက်ပွဲလိုမျိုးမဟုတ်ပေ။

ထို့အပြင် ရှေ့တန်းရှိခံတပ်လိုင်းမှာ ယခုမှတည်ဆောက်ပြီးခါစဖြစ်သည်။ အကယ်၍ သူတို့တိုက်ခိုက်နေရင်း ခံတပ်အားထိခိုက်မိပါက အဆုံးသတ်သွားမည်ဖြစ်သည်။

ထို့အပြင် ဤ၁၃ ခုမြောက်အက်ကွဲကြောင်းမှာ ယခုအချိန်တွင် လူသားမျိုးနွယ်များမှပိုင်ဆိုင်သွားပြီဖြစ်သည်။ လက်ရှိအချိန်တွင် မျိုးနွယ်ခြားများ၏ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များနှင့် မူလအဆင့်ပညာရှင်များမှာ သူတို့နှစ်ယောက်အားရှောင်ရန် ထွက်သွားကြပြီဖြစ်သည်။

ကျူးဇောင်မှာတော့ နောက်မှလိုက်မလာတော့ပေ။ မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာကိစ္စကြီးမဟုတ်ပေရာ လွှတ်ထားပေးရန်သာဆုံးဖြတ်လိုက်ပေသည်။

"အရမ်းအလွန်အကျွံတွေမလုပ်ပါနဲ့ ပိုင်မိန်းကလေး ပြီးတော့ကျွန်တော့်ကိုလည်းသက်ညှာပေးပါဦး ကျွန်တော့်ရဲ့လှံသိုင်းကမပြည့်စုံသေးဘူး"

ကျိုးဟောင်မှာ အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

"ဟမ့်အပြောကတော့ကောင်းတယ် ရှင်ကျွန်မရဲ့လှံကိုသတိထားတာပိုကောင်းမယ်"

ပိုင်လင်းလုံမှာချက်ချင်းပင်နှာခေါင်းရှုံ့ကာပြောလိုက်ပြီး ဖြူစွတ်နေသောလှံတစ်ချောင်းအား ထုတ်လိုက်လေသည်။

သူမသည်အဖြူရောင်ချပ်ဝတ်အားဝတ်ဆင်ထားပြီး အဖြူရောင်လှံကိုကိုင်ဆောင်ထားပေရာ သူမ၏ပုံသဏ္ဍာန်မှာ ဤလောကကြီး‌ရှိ သန့်စင်ပြီးမှင်တက်ဖွယ်ကောင်းသော အဖြူရောင်နှင်းကြာပန်းတစ်ပွင့်ပမာပင်။

သူမလက်ထဲရှိလှံတံမှာအလင်းတန်းများတောက်ပနေပြီး အလွန်စွမ်းအားကြီးလှပေသည်။

ကျိုးဟောင်မှာတစ်ချက်ကြည့်ပြီးနောက် အံ့ဩသွားခဲ့သည်။

"ကောင်းလိုက်တဲ့လှံသိုင်း"

ယခုလိုလှံသိုင်းတွင် သူသည်ပြိုင်ဘက်မဖြစ်နိုင်ကြောင်းကျိုးဟောင်သိပေသည်။

သို့သော်ပိုင်လင်းလုံ၏လှံသိုင်းမှာ ကျိုးဟောင်လေ့ကျင့်ရန်အတွက်ပြည့်စုံနေပေသည်။ ထို့ကြောင့်သူသည်တွေဝေမနေဘဲ နဂါးနက်လှံအားထုတ်လိုက်သည်။ နှစ်ယောက်တိုက်ခိုက်လိုက်သည့်အချိန်မှာပင် လျှပ်စီးများမှာကောင်းကင်ပေါ်တွင် ပြည့်နှက်သွားလေတော့သည်။

နှစ်ယောက်တိုက်ခိုက်လိုက်သည်နှင့် ကျယ်လောင်သောအသံတစ်ခုသည်လည်းထွက်ပေါ်လာခဲ့ပေသည်။ သူတို့သည်ယှဉ်ပြိုင်နေခြင်းသာဖြစ်ပြီး အချင်းချင်းသတ်လိုစိတ်မရှိပေရာ စွမ်းအားများကိုထိန်းချုပ်ထားကြပေသည်။

သို့သော် ပိုင်လင်းလုံ၏လှံသိုင်းမှာ လက်ရာမြောက်သော်လည်း သူမ၏စွမ်းအားမှာကျိုးဟောင်အားမယှဉ်နိုင်မှန်းသိသာလှပေသည်။ ထိပ်တိုက်တိုက်ပွဲတွင် သူမသည်ကျိုးဟောင်၏ပြိုင်ဘက်တစ်ယောက်မဟုတ်ပေ။

ကျိုးဟောင်၏တိုက်ခိုက်ရေးစွမ်းအားမှာ စွမ်းအားကြီးသော်ငြား လှံသိုင်းမှာတော့အနည်းငယ်နိမ့်ကျသေးနေပေရာ ပိုင်လင်းလုံမှာအမှီ‌လိုက်နိုင်သေးလေသည်။

သို့သော် ဤပွဲသည်ပြိုင်ပွဲတစ်ခုသာဖြစ်သည်။ အကယ်၍တကယ့်စစ်ပွဲတစ်ခုဆိုပါက ကျိုးဟောင်မှာပိုင်လင်းလုံအားချက်ချင်းသတ်ပစ်ရန် "နတ်ဘုရားသတ်ခြင်း" ကျင့်ကြံရေးသိုင်းအားသုံးမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အတော်ဆုံးကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်ဟူသော ဂုဏ်ပုဒ်မှာအလကားရထားခြင်းတော့မဟုတ်ပေ။

တဝုန်းဝုန်းအသံများမှာအဆက်မပြတ်ထွက်ပေါ်နေပြီး ကောင်းကင်တစ်ခွင်တွင်ဆူညံနေပေသည်။ ကျိုးဟောင်တို့နှစ်ယောက်ပိုမိုတိုက်ခိုက်လေ သူတို့သည်ပိုမိုရဲတင်းလာကာစိုးရိမ်ကင်းလာလေဖြစ်သည်။

ကျိုးဟောင်မှာတိုက်ခိုက်နေရင်း ပိုင်လင်းလုံ၏လှံသိုင်းအား လိုက်လံတုပရန်ကြိုးစားနေပေသည်။

ပိုင်လင်းလုံသည်လည်း သူမ၏လှံသိုင်းအားလေ့ကျင့်ရန် ကျိုးဟောင်၏စွမ်းအားကို အသုံးချနေပေသည်။

လက်ရှိအချိန်တွင် ၂ယောက်လုံးသည်တစ်ယောက်ထံမှတစ်ယောက် အချင်းချင်းအကျိုးအမြတ်ရနေကြပြီး ပိုမိုပျော်ရွှင်စွာပင်တိုက်ခိုက်လာကြလေသည်။

သို့သော်သူတို့သည်အက်ကွဲကြောင်းစွမ်းအင်အတက်အကျများစွာရှိနေသော ၁၃ ခုမြောက်အက်ကွဲကြောင်း၏အလယ်ဗဟိုနှင့်နီးသထက်နီးလာမှန်းကို မသိခဲ့ကြပေ။

နှစ်ယောက်လုံးမှာတိုက်ပွဲထဲတွင်စိတ်ဝင်စားနေပြီး ပတ်ဝန်းကျင်အားလုံးဝဂရုမစိုက်ပေ။ မနီးမဝေးရှိအက်ကွဲကြောင်းတစ်ခုမှာ ကြီးသထက်ကြီးလာကာအခြားအက်ကွဲကြောင်းများအားဝါးမြိုနေပေသည်။ ဆွဲအားတစ်ခုသည်လည်းပျံ့နှံ့လာခဲ့ပြီဖြစ်သည်။

"ဥက္ကဌကျိုး ရှင့်လှံသိုင်းကတကယ်လိုသေးတာပဲ ဒီအကွက်ကိုရှင်ဘယ်လိုဖြေရှင်းမလဲကြည့်ရသေးတာပေါ့"

ပိုင်လင်းလုံမှာလှံတံအားကိုင်ထားကာ သူရဲကောင်းအငွေ့အသက်တို့မှာ သူမကိုယ်ပေါ်မှဖြာထွက်နေပေသည်။ သူမ၏စကားဆုံးသည်နှင့် သူမနောက်တွင်ကြောက်မက်ဖွယ်ရာစွမ်းအားကိုသယ်ဆောင်ထားသည့် မြောက်မြားစွာသောလှံတံများပေါ်လာခဲ့ပေသည်။

"လှံတစ်သောင်းသိုင်း"

မြောက်မြားစွာသောလှံအလင်းများမှာ ကျယ်လောင်သောအသံတစ်ခုနှင့်ပေါက်ကွဲသွားခဲ့သည်။ ကျိုးဟောင်မှာဤစွမ်းအားကြီးသောတိုက်ခိုက်မှုအားကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"အရမ်းသန်မာတယ် ငါ့လှံသိုင်းကမကောင်းပေမဲ့ ဓားသိုင်းကတော့မဆိုးပါဘူး ဟိုးအရင်ကတည်းက လက်နက်သိုင်းတွေကအမြဲတမ်း အချင်းချင်းဆက်စပ်လာခဲ့တာ ဒီနေ့မင်းရဲ့လှံတစ်သောင်းသိုင်းကိုချိုးဖျက်ဖို့ ငါ့ရဲ့ဓားသိုင်းကိုလှံနဲ့အသက်သွင်းပြီးတိုက်မယ်"

...................................................................................

အခန်း(၃၄၁) ပြီးပါပြီ။

အခန်း (၃၄၂) : ရှင်ကတကယ်အတာပဲ

"အရိပ်ဓားခုနစ်လက်"

စကားသံဆုံးသည်နှင့် လှံအလင်းများမှာကောင်းကင်တွင်ပေါ်လာခဲ့ပေသည်။

သို့သော်ထိုအချိန်တွင်ကျိုးဟောင်မှာ တစ်ခုခုအားခံစားမိလိုက်ပုံပင်။ သူ၏အမူအရာမှာ ချက်ချင်းပင်ပြောင်းလဲသွားသည်။ သူသည်ပိုင်လင်းလုံနောက်တွင်ပေါ်လာသောကြီးမားသည့် အက်ကွဲကြောင်းတွင်းကြီးအားမြင်လိုက်ရပေသည်။

လှံအလင်းနှစ်ခု၏ဖျက်ဆီးရေးစွမ်းအားမှာ လေဟာနယ်အားဖျက်ဆီးနေသည်နှင့်အမျှ အက်ကွဲကြောင်းတွင်းကြီးသည်လည်း ပို၍မတည်မငြိမ်ဖြစ်လာလေသည်။

ချက်ချင်းဆိုသလိုပင် အားကောင်းသောဆွဲအားတစ်ခုထွက်ပေါ်လာခဲ့ပေသည်။

ကျိုးဟောင်နှင့်ပိုင်လင်းလုံ ပြန်လည်မတုံ့ပြန်နိုင်ခင် နောက်တစ်စက္ကန့်အတွင်းမှာပင် ထိုဆွဲအားမှာသူတို့နှစ်ယောက်အားဝါးမြိုသွားပြီး နှစ်ယောက်လုံးမှာတွင်းထဲသို့စုပ်ယူခံလိုက်ရပေသည်။

ဆွဲအားမှာ သူတို့နှစ်ယောက်အားတွင်းထဲသို့ဆွဲယူသွားခဲ့သည်။ အက်ကွဲကြောင်း၏ဖျက်ဆီးရေးအားသည်လည်း ချက်ချင်းဆိုသလိုပင်အားလုံးအား တစ်စစီတိုက်စားဖျက်ဆီးပစ်နေလေသည်။

တွင်းနက်ထဲဆွဲယူခံလိုက်ရသော ပိုင်လင်းလုံ၏ကိုယ်ပေါ်ရှိချပ်ဝတ်မှာ ချက်ချင်းပင်ကြေမွသွားကာ သူမ၏ကိုယ်ပေါ်တွင်လည်း ဒဏ်ရာများစွာပေါ်လာခဲ့လေသည်။ သူမသည်နာကျင်စွာအော်ဟစ်လိုက်ပြီး အကြိမ်ပေါင်းများစွာအသက်အားအမောတကောရှူလိုက်ရပေသည်။

ပိုင်လင်းလုံ၏မျက်နှာလေးမှာ နွမ်းနယ်နေပြီး နှုတ်ခမ်းများမှာဖြူဖျော့နေပေသည်။ သူမသည်ဤတွင်းနက်ကြီး၏ဖိအားကြောင့် ပြုတ်ကျတော့မည့်အချိန်မှာပင် ကြီးစိုးနိုင်စွမ်းရှိသောအားတစ်ခုက သူမအားပြန်လည်ဆွဲခေါ်သွားခဲ့လေသည်။

မကြာမီ ပိုင်လင်းလုံမှာသူမဘေးရှိဖျက်ဆီးရေးစွမ်းအားမှာတစ်ဝက်ကျော်မျှအားနည်းသွားကြောင်းခံစားလိုက်ရပေသည်။

သူမသည်အံ့ဩတကြီးမော့ကြည့်လိုက်ရာ ဥက္ကဌကျိုးမှာသူမအားထွေးပွေ့ထားကြောင်းမြင်လိုက်ရပေသည်။ ကျိုးဟောင်သည် ပြင်းထန်သောဖိအား၏ကြီးမားသောစွမ်းအားကို တားဆီးရန် သူ၏ခန္ဓာကိုယ်အားအသုံးပြုနေခြင်းဖြစ်သည်။

ပိုင်လင်းလုံ၏အမူအရာမှာပြောင်းလဲသွာခဲ့ပေသည်။ သူမ၏မသိစိတ်မှဥက္ကဌကျိုးအားတွန်းထုတ်လိုသော်ငြား သူမအားပွေ့ဖက်ထားသောကျိုးဟောင်၏လက်ရှိအားမှာ လျော့မသွားဘဲတိုးလာကာ သူမအားလက်ထဲတွင်မြဲမြံစွာချုပ်ထားသည်ကို ခံစားမိလိုက်လေသည်။

"တကယ်လို့မသေချင်ဘူးဆိုရင် ငြိမ်ငြိမ်နေ မဟုတ်လို့မင်းရဲ့ချပ်ဝတ်ပျက်စီးသွားရင် အက်ကွဲကြောင်းဖိအားရဲ့စွမ်းအားကိုခုခံနိုင်မှာမဟုတ်ဘူး ငါးမိနစ်အတွင်းအပိုင်းပိုင်းဖြစ်သွားလိမ့်မယ်"

ပိုင်လင်းလုံမှာအံကြိတ်လိုက်မိသည်။ သူမမည်မျှပင်ဆန္ဒမရှိဘူး‌ဆိုသော်ငြား ဥက္ကဌကျိုး၏စကားမှာမှန်ပေသည်။

သူမကိုယ်ပေါ်ရှိချပ်ဝတ်မှာ စုတ်ပြတ်နေပြီဖြစ်ပြီး နှင်းကဲ့သို့ဖြူဖွေးသောအသားအရည်ကိုပင်မြင်နေရပြီဖြစ်သည်။ ထို့အပြင် အက်ကွဲကြောင်းစွမ်းအားကြောင့် သူမကိုယ်ပေါ်တွင်ဒဏ်ရာများစွာပေါ်လာပြီး ထိုဒဏ်ရာများမှသွေးများလည်းစီးကျနေပေသည်။

ပိုင်လင်းလုံ၏အဝတ်အစားအတော်များများမှာ စုတ်ပြဲနေပြီဖြစ်သည်။ ဥက္ကဌကျိုးအား သူမ၏ယခုလိုပုံအားမြင်ရစေသည်မှာ အတော်လေးအနေရခက်စေပေသည်။

ထပ်ပြောရလျှင် သူမအားကျိုးဟောင်မှတင်းကြပ်စွာပွေ့ဖက်ထားပေရာ သူမတို့၏အသားများမှာထိစပ်နေကြပေသည်။ ဤအချက်သည်ပိုင်လင်းလုံအားအရှက်ရကာ ဒေါသဖြစ်စေသော်လည်း ဘာမှမတတ်နိုင်ပေ။

လက်ရှိအချိန်တွင် သူမအသက်ရှင်လိုပါက ကျိုးဟောင်၏စကားအားနားထောင်ရုံသာရှိသည်။ မည်သို့ပင်ဖြစ်စေ သူမသည်ဤစွမ်းအားအား ခုခံနိုင်စွမ်းမရှိပေ။

သို့သော်ထိုသို့ဆိုလျှင်တောင် သူမသည်မကျေနပ်ပေ။ ထို့နောက်မနှစ်မြို့သောအမူအရာဖြင့်အေးစက်စွာပြောလာလေသည်။

"ရှင်မဆင်မခြင်လျှောက်မကြည့်တာကောင်းမယ် မဟုတ်ရင်ကျွန်မအသက်ပေးရရင်တောင် ရှင့်ကိုလွယ်လွယ်လွှတ်မပေးဘူး"

ကျိုးဟောင်မှာမျက်မှောင်ကြုတ်ကာ ပိုင်လင်းလုံအားလျစ်လျူရှုထားလိုက်ပေသည်။

သူ့ထံတွင်ပိုင်လင်းလုံအားအမြတ်ထုတ်ချင်စိတ်ရှိမနေပေ။ ယခုအရေးကြီးဆုံးကိစ္စမှာ ဤနေရာသည်မည်သည့်နေရာဖြစ်ကြောင်းတတ်နိုင်သမျှအမြန်ဆုံးအဖြေရှာရန် နှင့်လွတ်မြောက်ရန်နည်းလမ်းရှာမတွေ့ခင်အထိ သူတို့ယာယီပုန်းခိုရန်လုံခြုံသောနေရာတစ်ခုရှာရန်သာဖြစ်သည်။

နာရီဝက်ကြာပြီးနောက် ပြင်းထန်သောဖျက်ဆီးရေးစွမ်းအားမှာ နောက်ဆုံးတွင်ငြိမ်သက်သွားခဲ့ပေသည်။

ပိုင်လင်းလုံမှာ အက်ကွဲကြောင်းဖိအားစွမ်းအားပျောက်သွားကြောင်းခံစားမိသည်နှင့် ချက်ချင်းပင် ကျိုးဟောင်အားအဝေးသို့တွန်းထုတ်ကာ ဘေးဘက်တွင်ပုန်းကာ ကျိုးဟောင်အားသတိထားကာကြည့်နေပေသည်။

"ဗြိ....."

မမျှော်လင့်ထားစွာပင် ပိုင်လင်းလုံမှာကျိုးဟောင်အားတွန်းထုတ်လိုက်သည်နှင့် သူမကိုယ်ပေါ်ရှိဒဏ်ရာကြီးသောနေရာများမှာ ချက်ချင်းပင်ပွင့်ထွက်သွားပေသည်။ ထိုဒဏ်ရာများမှသွေးများအဆက်မပြတ်စီးကျနေပေရာ ပိုင်လင်းလုံ၏အသက်ရှုသံပင်ပြတ်တောင်း ပြတ်တောင်းဖြစ်နေလေသည်။

အထူးသဖြင့် သူမ၏အဝတ်အစားအစိတ်အပိုင်းအတော်များများမှာစုတ်ပြဲသွားပြီဖြစ်ပြီး သူမ၏အဓိကနေရာများလုံရုံသာရှိတော့ပေသည်။

ကျိုးဟောင်မှာပိုင်လင်းလုံအားလှည့်ပင်မကြည့်ပေ။ ထိုအစားသူသည်ခက်ခက်ခဲခဲအားယူထကာမြေပြင်ပေါ်တွင်ထိုင်ပြီး ပတ်ဝန်းကျင်အားသတိရှိရှိစစ်ဆေးနေပေသည်။

ထိုနေရာ၏မနီးမဝေးတွင် စီးဆင်းနေသောစမ်းချောင်းရှိပြီး လေပြေနုနုသည်လည်းတိုက်ခတ်လာပေသည်။ အဝေးတွင် တောင်တန်းများနှင့်ချောင်းများအပြင်မိုးမခပင်များစွာလည်းရှိနေပေသည်။

"ဒီလိုသုခဘုံမျိုးရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူး ဒီနေ့တော့အမြင်ကျယ်သွားရပြီ"

ကျိုးဟောင်မှာ သက်ပြင်းသာအကြိမ်ကြိမ်ချနေမိသည်။ ပိုင်လင်းလုံမှာသူ၏ ပိုပိုသာသာအထေ့အငေါ့စကားများအား သတိထားမိမည်ဟု မထင်ထားခဲ့ပေ။

"သုခဘုံ ဟီးဟီး ရှင်ကတကယ်အတာပဲ"

ပိုင်လင်းလုံ၏စကားကြောင့်ကျိုးဟောင်၏အကြည့်မှာ နေရာပြောင်းသွားခဲ့သည်။ သူသည်ချက်ချင်းပင်ပိုင်လင်းလုံအားကြည့်ကာ သိလိုစွာမေးလိုက်သည်။

"ဒါဆို ဒီနေရာကဘာနေရာလဲ"

ကျိုးဟောင်၏အကြည့်မှာ သူမထံရောက်လာကြောင်းခံစားလိုက်ရချိန်တွင် ပိုင်လင်းလုံမှာချက်ချင်းပင် အတော်လေးစိတ်မသက်မသာခံစားလိုက်ရပေသည်။

သူမ၏လှပသောမျက်နှာလေးမှာဖြူလျော်နေပြီး နှုတ်ခမ်းတို့မှာလည်းအတူတူပင်။ အချိန်တိုင်း သူမကိုယ်ပေါ်ရှိဒဏ်ရာများ၏ပြင်းထန်သောနာကျင်မှုဒဏ်အားခံနေရပေရာ သူမ၏အသက်ရှူသံမှာပြင်းထန်နေပြီး အမူအရာမှာလည်းဆိုးဝါးနေပေသည်။

ထို့အပြင် သူမ၏အဝတ်အစားများမှာလုံလုံခြုံခြုံမရှိတော့ပေရာ သူမ၏ပုံစံမှာအတော်လေးဖရိုဖရဲဖြစ်နေပြီး မျက်နှာလေးမှာလည်းရှက်စိတ်ကြောင့်နီရဲနေပေသည်။ သူမသည်အလျင်အမြန်ပင် မျက်နှာအားတစ်ဖက်သို့လွှဲလိုက်သည်။

"ကျွန်မထင်တာမမှားရင် ကျွန်မတို့အက်ကွဲကြောင်းတွင်းထဲဆွဲယူခံလိုက်ရတာပဲ တစ်နည်းပြောရင် ကျွန်မတို့လောလောဆယ်ရောက်နေတဲ့နေရာက ပြစ်မှုအသူတရာချောက်ပဲ"

ပိုင်လင်းလုံမှာအသက်ကိုပြင်းပြင်းရှူကာ ခေါင်းယမ်းရင်းပြောလိုက်သည်။

....................................................................................

အခန်း(၃၄၂) ပြီးပါပြီ။

All Chapters