← Chapters

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အခန်း (၉၃၄) အခန်းနှစ်ကို ဖိနှိပ်၍ နတ်အဆင့် အကျဉ်းသားများကို သုတ်သင်ခြင်း

ချူးယွင်ဖန်းသည် ထိုအကျဉ်းသားများကို ကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။

"အခု ကျုပ်မှာ အချိန် သိပ်မရှိတော့ဘူး၊ ခင်ဗျားတို့လို အညစ်အကြေးတွေနဲ့ စကားပြောချင်စိတ်တောင် မရှိဘူး" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။ ပြီးနောက် သူသည် ဤအကျဉ်းသားများဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းကာ ကောင်းကင်ယံသို့ မြင့်တက်သွားခဲ့သည်။

သူသည် ကြောက်ရွံ့မှုမရှိဘဲ တစ်ယောက်တည်း တိုက်ပွဲဝင်လိုက်သည်။ ခြေလှမ်းတိုင်းသည် ၎င်းတို့၏ နှလုံးသားများကို နင်းချေနေသကဲ့သို့ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းစေသည်။ လူတစ်ဦးတစ်ယောက်တည်းသည် လူအများကို ဖိနှိပ်နိုင်ခဲ့ပုံပေါ်သည်။

သို့သော် ထိုအကျဉ်းသားများက မကြောက်ရွံ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ မျက်နှာများတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်ပေါက်လာသည်။ ၎င်းတို့အားလုံးသည် ယခင်က ကြီးလေးသော ပြစ်မှုများကို ကျူးလွန်ခဲ့ကြ၍ ၎င်းတို့၏လက်များသည် လူများစွာ၏ သွေးများဖြင့် စွန်းထင်းခဲ့ကြသည်။ ချူးယွင်ဖန်းသည် အလွန် အန္တရာယ်များသော ခံစားချက်မျိုးကို ထုတ်လွှတ်နေခဲ့သော်လည်း ၎င်းတို့သည် လွယ်လွယ်နှင့် အရှုံးပေးမည် မဟုတ်ပေ။

ချူးယွင်ဖန်း၏ အရှိန်အဟုန်သည် နှေးကွေးပုံရသော်လည်း ၎င်းသည် အလွန် မြန်ဆန်လွန်းလှသည်။ သူသည် ခဏအကြာတွင် ၎င်းတို့၏ ဝန်းရံမှုထဲသို့ သဘာဝအတိုင်း လျှောက်လှမ်းလာနေသကဲ့သို့ပင် ၎င်းတို့ကြားသို့ ရောက်ရှိလာခဲ့သည်။

"မင်းကတော့ သေကြောင်းကြံနေတာပဲ" ချူးယွင်ဖန်းသည် ၎င်းတို့၏ ဝန်းရံမှုထဲသို့ ဝင်ရောက်လာကြောင်း မြင်တွေ့လိုက်ရသဖြင့် အကျဉ်းသားများက နောက်ဆုံးတွင် စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေပြင်သည် အရောင်အဝါ ပြောင်းလဲကာ ကမ္ဘာပေါ်ရှိ ဝိညာဉ်စွမ်းအင်များအားလုံး ဆူပွက်လာခဲ့သည်။

အကျဉ်းသားအားလုံးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့၏ ကမ္ဘာကျော် စွမ်းရည်များ ပေါက်ကွဲထွက်၍ ချူးယွင်ဖန်းကို တိုက်ခိုက်လာလေသည်။

"သေစမ်း"

ထိုမြင်ကွင်းကို မြင်သောအခါ ပထမလက်ထောက်တာဝန်ခံ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ သူမသည်လည်း ဤအကျဉ်းသားများ မည်မျှ အစွမ်းထက်သည်ကို ကောင်းကောင်း သိထားသည်။ ၎င်းတို့သည် သာမန်လူများ ကိုင်တွယ်ဖြေရှင်းနိုင်သော အကျဉ်းသားများ မဟုတ်ကြပေ။ သို့သော် အလွန် ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို သူမ မြင်တွေ့လိုက်ရသည်။

ဤလူများ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားသော်လည်း ထိုတိုက်ခိုက်မှုများ ဆင်းသက်လာသောအခါ သူသည် အနည်းငယ်မျှ မယိမ်းယိုင်ခဲ့ပေ။ ၎င်းတို့၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် လေပြေညှင်းများကဲ့သို့ဖြစ်နေ၍ သူ့ကို အနည်းငယ်မျှ မထိခိုက်နိုင်ကြပေ။

ချူးယွင်ဖန်းသည် ဤအကျဉ်းသားများ၏ တိုက်ခိုက်မှုကို လျစ်လျူရှုလိုက်သည်။ ၎င်းတို့အနက် ကျွမ်းကျင်သူများသည် ပထမမြောက် သို့မဟုတ် ဒုတိယမြောက် နတ်အဆင့်တွင်သာ ရှိကြ၍ ၎င်းတို့သည် အချိန်အတော်ကြာ အကျဉ်းချခံခဲ့ရသူများဖြစ်သည်။ အကျဉ်းသားများသည် ၎င်းတို့၏ အထွတ်အထိပ် ကျင့်ကြံမှုများကို ဆုံးရှုံးခဲ့ကြသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ဤတိုက်ခိုက်မှုများသည် သူ့အပေါ် လုံးလုံးလျားလျား သက်ရောက်မှု မရှိကြပေ။။

ချူးယွင်ဖန်းသည် လေထုထဲသို့ ဖမ်းဆုပ်လိုက်ခြင်းဖြင့် ဧရာမ မိုးကြိုးသွားကြီးကို ဆွဲထုတ်လိုက်သည်။ ဤကြီးမားလှသော မိုးကြိုးသွားကြီးသည် ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲပြီးနောက် သူ၏လက်ထဲတွင် ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့သည်။

ချူးယွင်ဖန်းသည် အံ့ဩဖွယ် ဓားသိုင်းပညာကို ပိုင်ဆိုင်ထားခဲ့ရာ၊ သူသည် ယခုအခါ အရာအားလုံးကို ပြသနေပြီဖြစ်သည်။

ဓားသွားကို ပေါ့လျော့စွာ ဝှေ့ယမ်းလိုက်ခြင်းဖြစ်သော်လည်း ၎င်းသည် အကျဉ်းသားကို ထိပ်တိုက် ထိမှန်သွားလေသည်။ အကျဉ်းသား၏ ခန္ဓာကိုယ်သည် ထက်ဝက် ပြတ်တောက်သွားသည့်အတွက် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ထိုအကျဉ်းသားသည် သူ၏ခွန်အားကို ထုတ်လွှတ်ရန်ပင် အချိန် မရှိလိုက်ဘဲ ပွဲချင်းပြီး မသေဆုံးသွားခဲ့သည်။ ချူးယွင်ဖန်း နတ်အဆင့် အကျဉ်းသားတစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် သူ၏ အရှိန်အဟုန်ကို မလျှော့ခဲ့ဘဲ ထပ်မံ ခုတ်ထစ်ပစ်လိုက်သည်။

သူ၏ လက်ချက်ဖြင့် နောက်ထပ် အကျဉ်းသားတစ်ဦး ကျဆုံးသွားခဲ့သည်။ ပထမ လက်ထောက်တာဝန်ခံသည် သူမ အရှေ့ရှိ မြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ ဤလူများသည် ချူးယွင်ဖန်း အရှေ့တွင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် လမ်းပေါ်ရှိ ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေသည်။

'ဘယ်လိုမွန်းစတားမျိုးလဲ ဟ။ ဒီလောက်နာမည် ကျော်ကြားနိုင်ခဲ့တာ အံ့ဩစရာတောင် မရှိတော့ဘူး။ ပြည်ထောင်စုမှာ ဒီလိုလူတစ်ယောက်ရှိလာတာ ငါတို့ အရမ်း ကံကောင်းတာပဲ'

သူမသည် တံတွေးမျိုချလျက် တွေးလိုက်သည်။

မိမိထက် သာလွန်လူများ အမြဲတစေ ရှိနေမည်ဟူသော ဆိုလိုရင်းကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူမကဲ့သို့သော လူမျိုးကို သာမန်လူဟု ထင်မှတ်နိုင်သော်လည်း ချူးယွင်ဖန်းကဲ့သို့သော လူမျိုးသည် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။ သူသည် ပါရမီရှင်များထက် သာလွန်သော မွန်းစတားတစ်ကောင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ခဏအကြာတွင် အကျဉ်းသား တစ်ဝက်ကျော်ခန့်ကို သတ်ဖြတ်ပစ်လိုက်သည်။

ဤအချိန်တွင် ကျန်ရစ်သော အကျဉ်းသားများအားလုံး အမှန်တကယ် ကြောက်လန့်နေကြပြီဖြစ်သည်။ ချူးယွင်ဖန်းသည် မည်သို့ကြောင့် ဤမျှ အစွမ်းထက်နေသည်ကို ၎င်းတို့အားလုံး တွေးပင် မတွေးဝံ့ကြပေ။ ဤလူများသည် ဆယ်စုနှစ်များစွာကြာ ချုပ်နှောင်ခံရ၍ ထွက်ပြေးလွတ်မြောက်လာချိန်တွင် ချူးယွင်ဖန်းကဲ့သို့ အင်အားကြီး နတ်ဆိုးတစ်ဦးနှင့် ချက်ချင်း တွေ့ဆုံသွားခဲ့သည်။ ၎င်းတို့၏ဘဝများသည် မျှော်လင့်ချက်မဲ့သွားသည်ဟု ခံစားလိုက်ရသည်။

"ပြေးကြ"

မည်သည့်အချိန်က ဖြစ်ပွားခဲ့သည်ကို ၎င်းတို့ မသိခဲ့ကြသော်လည်း ဤသည်မှာ ၎င်းတို့စိတ်ထဲရှိ တစ်ခုတည်းသော အတွေးဖြစ်သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို မတိုက်ခိုက်ဝံ့ကြပေ။ သူသည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။

၎င်းတို့ဘဝတွင် ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူ့အတွက် ၎င်းတို့ကဲ့သို့သော နတ်အဆင့်များကို သတ်ဖြတ်ခြင်းသည် လမ်းဘေးရှိ ဂေါ်ဖီများကို ခုတ်ဖြတ်ရသကဲ့သို့ လွယ်ကူလှသည်။ ဤလူများသည် အရပ်ရပ်သို့ ထွက်ပြေးနေကြသည်။

"တားကြ၊ သူတို့တွေ ထွက်မပြေးစေနဲ့"

ထိုအချိန်တွင် ပထမ လက်ထောက်တာဝန်ခံသည် အဝေးတစ်နေရာမှ မတ်တပ်ထရပ်လာကာ ထွက်ပြေးလာသော အကျဉ်းသားများကို ထိပ်တိုက် ရင်ဆိုင်ရန် စီစဉ်လိုက်သည်။ ဤလူများသည် အန္တရာယ်များလွန်းလှသည်။ ၎င်းတို့ထဲရှိ တစ်ဦးတစ်ယောက်သာ လွတ်မြောက်ခဲ့လျှင်ပင် ကမ္ဘာကြီးတစ်ခုလုံး အန္တရာယ်ကျရောက်စေနိုင်လိမ့်မည်။

"သူတို့ မလွတ်နိုင်ပါဘူး" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လှုပ်ရှားလိုက်ရာ၊ သူ၏လက်ကို ကောင်းကင်ယံတွင် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားသည်အထိ လျှပ်စစ်သံလိုက် အလင်းတန်းအချို့ကို ပစ်လွှတ်လိုက်လေသည်။

ဘန်း

ဘန်း

ဘန်း

ထွက်ပြေးသွားသော အကျဉ်းသားများအားလုံး မလွတ်မြောက်နိုင်ဘဲ ထိုးစိုက်ခံရကာ ချက်ခြင်းပင် သေဆုံးသွားကြသည်။

"ဒီလောက် လူတွေအများကြီးကို ခဏချင်းသေသွားကြတယ်..."

"ကြောက်စရာကောင်းလွန်းတယ်။ ဒီကောင်လေးက ပြည်ထောင်စုထဲကလား"

"မဖြစ်နိုင်ဘူး၊ အရမ်းကြောက်စရာ ကောင်းလွန်းတယ်"

ကျန်အစောင့်များသည် မယုံကြည်နိုင်စွာဖြင့် အော်ပြောနေကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ အပြုအမူကြောင့် အံ့အားသင့်နေကြသည်။ အကျဉ်းသားများအနက်မှ တစ်ဦးကိုသာ သတ်ဖြတ်ခဲ့လျှင် ၎င်းတို့အားလုံး နားလည်နိုင်ဦးမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်၍ ဤအကျဉ်းသားများသည် နှစ်ပေါင်းများစွာကြာ အကျဉ်းချခံခဲ့ရသည့်အတွက် ၎င်းတို့၏ အင်အားသည် အထွတ်အထိပ်သို့ မရောက်ရှိသေးပေ။

သို့ရာတွင် ထိုကဲ့သို့ အံ့အားသင့်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကို ၎င်းတို့အနက် တစ်ဦးသည် နတ်အဆင့် ကျွမ်းကျင်သူဖြစ်နေခြင်းဖြင့် ရှင်းမပြနိုင်ပေ။ ထိုသို့မှ မဟုတ်လျှင် ပထမ လက်ထောက်တာဝန်ခံသည် ဤမျှ ဆိုးရွားဖွယ်အခြေအနေထိ တိုက်ခိုက်ခံရမည် မဟုတ်ပေ။

“ပြည်ထောင်စုမှာ ပြင်းထန်တဲ့ ပုဂ္ဂိုလ်တွေ ရှိလာတော့မှာပဲ” အသက်အရွယ်ရှိသော အစောင့်တစ်ဦးက ရေရွတ်လိုက်သည်။

"ကျုပ် အားလုံးကို သတ်လိုက်ပြီ" ချူးယွင်ဖန်းက ပထမ လက်ထောက်တာဝန်ခံ၏ နံဘေးသို့ ပျံသန်းလာစဉ် ပြောလိုက်သည်။

"ဒီနေရာကို ခင်ဗျားဆီ အပ်လိုက်ပြီ။ ကျုပ် အခန်းတစ်ကို သွားရှင်းလိုက်မယ်။ လွတ်သွားတဲ့ ငါးတွေရှိရင် ဖြေရှင်းဖို့အတွက်ကိုတော့ ခင်ဗျားပဲ အပင်ပန်းခံလိုက်ပါဦး"

ပထမ လက်ထောက်တာဝန်ခံသည် အချိန်အတော်ကြာပြီးနောက် တုံ့ပြန်လာခဲ့သည်။ ချူးယွင်ဖန်းသည် အခန်းနှစ်ရှိ အင်အားအကြီးအရှိဆုံး အကျဉ်းသားများကို သတ်ပစ်ခဲ့သော်လည်း အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားသူ အနည်းငယ်သာ ရှိသေးသည်။

"ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ရှင် တစ်ယောက်တည်းတော့ မသွားသင့်ဘူး။ အခန်းတစ်က အန္တရာယ် အရမ်းများလွန်းတယ်။ အခန်းတစ်က အကျဉ်းသားတွေက ဒီနေရာထက် အများကြီး ကြောက်စရာကောင်းတယ်"

ပထမလက်ထောက်တာဝန်ခံသည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ ရုတ်တရက် တုန်ရင်သွားသည်။ သူမသည် အခန်းတစ်ရှိ ထိုအကျဉ်းသားများကို သူမ၏ မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ဖူးသည်။ ၎င်းတို့အားလုံးသည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်အထိ သန်မာကြသည်။ ပြည်ထောင်စုသည် ၎င်းတို့ကို ဖမ်းဆီးရန်အတွက် ကြီးလေးစွာ ပေးဆပ်ခဲ့ရသည်။

"စိတ်မပူနဲ့၊ သူတို့က အမှိုက်သာသာပဲရှိတာပါ" ချူးယွင်ဖန်းက အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။

သူသည် ပြောပြီးသည်နှင့် ရပ်တန့်ခြင်း မရှိဘဲ အခန်းတစ်ဆီသို့ ပျံသန်းသွားခဲ့သည်။

အခန်း (၉၃၅) ချူးယွင်ဖန်း၏ ဒဏ္ဍာရီ တိုက်ပွဲမှတ်တမ်း

အခန်းနှစ်ရှိ အကျဉ်းသားများသည် လုံးလုံးလျားလျား သုတ်သင်ခံလိုက်ရသည်။ ၎င်းတို့သည် ချူးယွင်ဖန်း ရောက်ရှိလာပြီးနောက် တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဟုန်ဖြင့် နှိမ်နင်းခံခဲ့ရသည်။ ကနဦးမှ နိဂုံးအထိ၊ အချိန်တိုလေးမျှသာ ကုန်လွန်သွားခဲ့သည်။ ထိုအချိန်တွင် အကျဉ်းထောင်၏ ပေါက်ကွဲထွက်နေသော နေရာသည် အလောင်းကောင်များဖြင့် ပြည့်နှက်နေသည်။ ထိုအလောင်းကောင်များသည် ဧရာမ မွန်းစတားကြီးများဖြစ်ကြသည်။

ဤသားရဲများသည် ကနဦးတွင် ခိုင်ခံ့သော ပထမအကျဉ်းထောင်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်အထိ တွန်းတိုက် ဖြိုခွဲလိုက်ကြသည်။ ၎င်းအပေါက်ဝကို ရာနှင့်ချီသော စက်လက်နက်များ ဝိုင်းရံထားကြသည်။ ထိုစက်လက်နက်များကို ဦးဆောင်နေသူသည် ဒုတိယ လက်ထောက်တာဝန်ခံ ချိုင်ကျင်မှလွဲ၍ အခြားလူ မဟုတ်ပေ။

သူ၏အမူအရာသည် အလွန်လေးနက်၍ သူ၏ မျက်ခုံးများ တွန့်ကွေးနေသည်။

"တစ်ယောက်ယောက်က ဒီနေရာကို ဖောက်ဝင်နိုင်လိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့ဘူး။ နည်းပညာမြင့် ရေဒါတွေရော ကာကွယ်ရေး အတားအဆီးတွေရော ကျူးကျော်သူတွေကို မရှာနိုင်ဘူးတဲ့လား။ သိက္ခာကျလွန်းတယ်"

သူသည် အလွန် အကျပ်ရိုက်နေခဲ့သည်။ ဤသို့သော အဖြစ်မျိုးသည် ပထမအကျဉ်းထောင်တွင် တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးပေ။ ဤသည်မှာ သာမာန် ကျူးကျော်ဝင်ရောက်မှုမျိုး ဖြစ်ပုံမပေါ်ပေ။ မည်သို့ပင် ထိုးဖောက်ဝင်ရောက်ခဲ့ပါစေ ခံစစ်အတားအဆီးသည် အသေအချာ အသက်ဝင်သွားပေလိမ့်မည်။ အင်အားကြီးမားသော ရာဇဝတ်သားများစွာကို ပိတ်လှောင်ထားသည့် ဤနေရာ၏ ထူးခြားမှုကြောင့် ဤနေရာတွင် အနားယူသည့် စနစ်ဟူ၍ မရှိခဲ့ပေ။ ထောက်လှမ်းမှု အတားအဆီးသည် တစ်နေ့လျှင် နှစ်ဆယ့်လေးနာရီကြာ လှုပ်ရှားနေခဲ့သည်။

နတ်အဆင့် ကျွမ်းကျင်သူများလျှင်ပင် နှိုးစက်မမည်ဘဲ အနားသို့ ချဉ်းကပ်နိုင်မည် မဟုတ်ပေ။ ထောင်မှူး သုံးဦးသည် ၎င်းတို့ကိုယ်တိုင် စမ်းသပ်ခဲ့ကြခြင်းဖြစ်၍ ၎င်းတို့၏ နည်းလမ်းများဖြင့်ပင် အသံမထွက်ဘဲ မ၀င်ရောက်နိုင်ကြပေ။ ထို့ကြောင့် တစ်ဖက်လူက မည်သို့ ဝင်ရောက်လာခဲ့သည်ကို ချိုင်ကျင်ဘက်မှ မစဉ်းစားနိုင်ခြင်းဖြစ်သည်။ သို့သော်လည်း အခန်းတစ်နှင့် အခန်းနှစ်သည် ယခုအချိန်တွင် ပရမ်းပတာ အခြေအနေသို့ လုံးလုံးလျားလျား ရောက်ရှိနေကြသည်။

"အားလုံးပဲ အမိန့်ကို နားထောင်ကြ။ ထွက်ပြေးနေတဲ့လူတွေက ကျုပ်တို့လူတွေမဟုတ်ဘူး။ ဘယ်သူကိုမှ အရှင်မထားဘဲ ခွန်အားရှိသမျှ အစွမ်းကုန် တိုက်ခိုက်ကြ။ မွေးဖွားခြင်းနယ်မြေမကလို့ နတ်အဆင့်တွေပဲဖြစ်ဖြစ် ထွက်ပြေးရဲတဲ့လူမှန်သမျှ ကွပ်မျက်ခံရမယ်"

ချိုင်ကျင်သည် ဤစကားများကို ပြောပြီးနောက် အလွန် စိတ်မသက်မသာ ဖြစ်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ အရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ဤအပေါက်ကြီးထဲသို့ ဝင်သွားခဲ့သည်။

ထင်မှတ်ထားသည့်အတိုင်း လုံးလုံးလျားလျား ပျက်စီးနေသည့် မြင်ကွင်းဖြစ်နေသည်။ နေရာတိုင်းတွင် အသေအပျောက် ပြင်းထန်မှုများ ရှိနေခဲ့သည်။ သို့သော် အလွန် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို သူ တွေ့ရှိလိုက်ရသည်။ ထောင်ပေါင်းများစွာသော အကျဉ်းသားများသည် တန်းစီ၍ အသတ်ဖြတ်ခံထားရသည်။ ၎င်းတို့အားလုံး၏ ဤသို့သော ပုံစံဖြင့် သေဆုံးသွားမှုသည် အံ့ဩဖွယ်ကောင်းလှသည်။ ဤလူများသည် ထိုးနှက်ချက် တစ်ချက်တည်းဖြင့် အသတ်ဖြတ်ခံခဲ့ရကြောင်း သူ၏ ခွန်အားဖြင့် မြင်တွေ့ရန် မခက်ခဲလှပေ။

ချိုင်ကျင်သည် တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ထောင်နှင့်ချီသော အကျဉ်းသားများ သေဆုံးသွားကြောင်း တွေ့လိုက်ရသောအခါ ပြင်းထန်စွာ ပင့်သက်ရှိုက်မိသွားသည်။ အကယ်၍ မိမိသာဆိုလျှင် ထိုကဲ့သို့သော စွမ်းဆောင်မှုမျိုးကို ပြီးမြောက်အောင်မြင်ရန် မဖြစ်နိုင်ပေ။

သူ့အတွက် မွေးဖွားခြင်းနယ်မြေအဆင့် အကျဉ်းသား တစ်ထောင်ကျော်ကို သတ်ဖြတ်ရန် မခက်ခဲသော်လည်း တစ်ချက်တည်းဖြင့် ရှင်းလင်း၍ ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခြင်းသည် ဒဏ္ဍာရီလာဖြစ်စဉ်သာဖြစ်သည်။

“ဒါက ဘယ်လိုဖြစ်တာလဲ…” ဖြစ်နိုင်ခြေ မရှိသောကြောင့် ပထမလက်ထောက်တာဝန်ခံဟူသော အချက်ကို သူ ချက်ချင်း ငြင်းဆန်လိုက်သည်။ ပထမလက်ထောက်တာဝန်ခံ၏ စွမ်းရည်ကို သူ ကောင်းမွန်စွာ သိရှိထားသည်။

သူသည် သူမထက် သန်မာသော်လည်း ပထမလက်ထောက်တာဝန်ခံကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ရန် သူ့အတွက်ပင် မဖြစ်နိုင်ခဲ့ပေ။ ဤစွမ်းဆောင်ချက်သည် ပထမလက်ထောက်တာဝန်ခံထက် သန်မာသော အင်အားမျိုးဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ ဖြစ်နိုင်ခြေတစ်ခုသာရှိနေခဲ့ရာ၊ ၎င်းသည် ကနဦးတွင် အကူအညီပေးရန်အတွက် ရောက်ရှိလာသော ချူးယွင်ဖန်းဖြစ်ပေလိမ့်မည်။

'ချူးယွင်ဖန်းက ကောလဟာလတွေထက် အများကြီး ပိုပြီး သန်မာတာပဲ' ချိုင်ကျင်က တွေးလိုက်သည်။ ချူးယွင်ဖန်းသည် ယခင်က သူ၏ ခွန်အားကို ဖုံးကွယ်ထားခြင်းကြောင့်သော်လည်းကောင်း ဤကာလအတွင်း ပိုမို တိုးတက်လာခြင်းကြောင့်သော်လည်းကောင်း သူ မသိပေ။

ယခုအချိန်တွင် ချူးယွင်ဖန်းက ပို၍ သန်မာအားကောင်းလာလေ၊ ၎င်းတို့အတွက် ပိုပို ကောင်းမွန်လေဖြစ်သည်။ ချိုင်ကျင်သည် အခန်းနှစ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ပျံသန်းလာသည်နှင့် ပထမ လက်ထောက်တာဝန်ခံနှင့် တွေ့ဆုံခဲ့သည်။ သူမသည် ချူးယွင်ဖန်းနှင့် ပထမဆုံး တွေ့ဆုံချိန်ကထက် အနည်းငယ် သက်သာနေပြီဖြစ်သော်လည်း အလွန် ဖရိုဖရဲဖြစ်နေသေးသည်။ သူမ ဆင်နွှဲခဲ့သည့် တိုက်ပွဲသည် မည်မျှပြင်းထန်သည်ကို ချိုင်ကျင်ဘက်မှ စိတ်ကူးကြည့်၍ပင် သိနိုင်သည်။

"မင်း အဆင်ပြေရဲ့လား" ချိုင်ကျင်သည် သူမဆီ ကမန်းကတန်း လှမ်းလာ၍ မေးလိုက်သည်။

"ကျွန်မ အခု အဆင်ပြေနေပါပြီ" ပထမလက်ထောက်တာဝန်ခံသည် ချိုင်ကျင်ရောက်လာကြောင်း မြင်တွေ့လိုက်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒီလူတွေကို သတ်ခဲ့တာ မင်း မဟုတ်ဘူး မလား" ချိုင်ကျင်သည် မြေပြင်ပေါ်ရှိ နတ်အဆင့် အကျဉ်းသားများ၏ အလောင်းများကို ကြည့်လိုက်သည်။ ခြွင်းချက်မရှိစွာဖြင့် ၎င်းတို့အားလုံးသည် ဆိုးရွားစွာ သေဆုံးသွားခြင်းဖြစ်သည်။

ထိုထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းသော အချက်သည် ထိုအကျဉ်းသားများသည် တိုက်ပွဲတွင် သေဆုံးသွားခြင်း မဟုတ်ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အလွန်အကျွံ ဒဏ်ရာရရှိခြင်းမျိုး မရှိခဲ့ပေ။ ၎င်းတို့အားလုံးသည် တစ်ချက်တည်းဖြင့် သေဆုံးသွားကြခြင်းဖြစ်သည်။

ဤအကျဉ်းသားများကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန်မဆိုနှင့် ၎င်းတို့ကို သတ်ဖြတ်နိုင်ခြင်းကပင် ကြီးကျယ်ခမ်းနားသော လုပ်ဆောင်ချက်ဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ သူ့အတွက် မဖြစ်နိုင်သည့် ဒဏ္ဍာရီလာဖြစ်စဉ်မျိုး ဖြစ်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ရှင် ကျွန်မ ခွန်အားကို မသိတာလဲ မဟုတ်ဘဲနဲ့။ သူတို့ထဲက တစ်ယောက် နှစ်ယောက်ကို သတ်ဖို့က မခက်ပေမယ့် ဒီလောက်အများကြီးကို တစ်ခါတည်း သတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ပထမ လက်ထောက်တာဝန်ခံက ခေါင်းခါလိုက်သည်။

ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအင်ကို တွေးတောမိချိန်တွင် မယုံကြည်နိုင်ဖွယ်ကောင်းသည်ဟု ခံစားခဲ့ရသည်။ ထိုရှင်းလင်း၍ ထိရောက်သောနည်းလမ်းသည် သူမ ပြုလုပ်နိုင်သောအရာ မဟုတ်ပေ။

"ဒီအရာအကုန်လုံးကို အထူးစစ်ဆင်ရေးဌာနရဲ့ အသစ်ခန့်အပ်ထားတဲ့ ခေါင်းဆောင်ချူး လုပ်သွားတာ" ပထမ လက်ထောက်တာဝန်ခံက ပြောလိုက်သည်။

မှန်းဆထားပြီးသားဖြစ်သော်လည်း ချိုင်ကျင်သည် လူသေအလောင်းများစွာကို မြင်တွေ့ကာ ပထမ လက်ထောက်တာဝန်ခံ၏ ခံဝန်ချက်ကို ကြားလိုက်ရသောအခါ ပင့်သက်ရှိက်မိသွားသည်။

"သူ့အချက်အလက်တွေကို ကျုပ် ဖတ်ဖူးတယ်။ သူ့အသက်က နှစ်ဆယ်ကျော်ပဲရှိသေးတာ။ အမေ့ဝမ်းထဲမှာတည်းက ကျင့်ကြံခဲ့မယ်ဆိုရင်တောင် ဒီလောက်ထိ မြန်မြန်ဆန်ဆန် တိုးတက်နိုင်မှာ မဟုတ်ဘူး။ သူက တကယ့်ကို မွန်းစတားတစ်ကောင်ပဲ" ချိုင်ကျင်က ပြောလိုက်သည်။

“ဟုတ်တယ်မလား။ သမ္မတကြီးတောင် သူ့အသက်အရွယ်မှာ အဲ့လောက် ကြောက်စရာမကောင်းခဲ့ဘူး။ ချူးယွင်ဖန်းက အနာဂတ်မှာ သမ္မတကြီးလို ပုဂ္ဂိုလ်မျိုး ဒါမှမဟုတ်ရင် ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးဖြစ်လာမှာ သေချာတယ်” ပထမ လက်ထောက်တာဝန်ခံက ပြောလိုက်သည်။

"အခုလို ဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ပိုများလေ ပိုကောင်းလေပဲ။ မဟုတ်ရင် ပြည်ထောင်စုအတွင်းနဲ့ အပြင်က လူရမ်းကားတွေကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး"

"ကျုပ်လည်း သဘောတူတယ်" ချိုင်ကျင်က ခေါင်းညိတ်လိုက်သည်။ သို့သော် မြေကြီးတွင် လွှမ်းခြုံနေသော အလောင်းများကို ငေးကြည့်မိသောအခါ သူ၏ နောက်ကျောတစ်လျှောက် အေးစက်သွားခဲ့သည်။

"ကောင်းပြီ၊ ကျွန်မ အဆင်တော့ ပြေနေပါပြီ။ ကျွန်မ လွတ်သွားတဲ့ငါးတွေကို ရှင်းရဦးမယ်။ ရှင် ကူညီချင်ရင် အခန်းတစ်ကို မြန်မြန် လိုက်သွားလိုက်။ ခေါင်းဆောင်ချူးက အခန်းတစ်ကို တစ်ယောက်တည်းသွားနေတာ။ အဲဒီ့က အခြေအနေကို ရှင်လည်း သိတာပဲ။ အကျဉ်းသားတွေအကုန်လုံးက မွန်းစတားတွေချည်းပဲ။ တစ်ယောက်ချင်းစီမှာ ကြောက်စရာမကောင်းတာ တစ်ခုမှမရှိဘူး" ပထမ လက်ထောက်တာဝန်ခံက အလျင်အမြန် ပြောလိုက်သည်။

"ကျုပ် နားလည်ပါတယ်" ချိုင်ကျင်သည် အခန်းတစ်တွင် မည်သို့သော မွန်းစတားမျိုးကို ချုပ်နှောင်ထားကြောင်း တွေးမိသောအခါ အေးစက်သော လေထုကို ရှုရှိုက်မိသွားသည်။ အခန်းနှစ်သည် အလွန် အကျပ်ရိုက်ဖွယ်ကောင်းသော်လည်း အခန်းတစ်တွင် ဖမ်းချုပ်ထားသော မွန်းစတားများနှင့် နှိုင်းယှဉ်လျှင် မပြောပါ့လောက်ပေ။

ကွာခြားချက်သည် တစ်ဆင့်မျှသာ မဟုတ်ကြောင်း သိသာထင်ရှားသည်။ ချိုင်ကျင်သည် စကားပြောပြီးသည်နှင့် တုံ့ဆိုင်းမနေဘဲ အခန်းတစ်ဆီသို့ ပျံသန်းသွားခဲ့သည်။

ပထမ လက်ထောက်တာဝန်ခံသည် ချိုင်ကျင်ကို စိုက်ကြည့်၍ အော်ပြောလိုက်သည်။

"မသေစေနဲ့"

အခန်းတစ်သည် ထိုအချိန်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေလေ၏။

အခန်း (၉၃၆) ကျုပ် တစ်ယောက်တည်းနဲ့ ခင်ဗျားတို့ကို သတ်ဖို့ လုံလောက်တယ် အမှိုက်သရိုက်တွေ

အခန်းတစ်သည် ပရမ်းပတာ အခြေအနေသို့ ရောက်ရှိနေသည်။ အကျဉ်းသားများအားလုံးသည် ရာဇ၀တ် ကျူးလွန်ထားသူများဖြစ်ကြသည်။ အခန်းတစ်သည် ဤအစွန်းရောက် နတ်အဆင့် အကျဉ်းသားများ ထွက်ပြေးလာသောအခါ လုံးလုံးလျားလျား ဖရိုဖရဲဖြစ်သွားလေသည်။ ထိုနေရာသည် အပျက်အစီးများနှင့် ပြင်းထန်သော ထိခိုက်သေဆုံးမှုများနှင့် ပြည့်နှက်နေသည်။

အစောင့်များတင်မကဘဲ ချုပ်နှောင်ခံထားရသော အကျဉ်းသားတချို့ပင် အသတ်ဖြတ်ခံခဲ့ရသည်။ ဤနတ်အဆင့် အကျဉ်းသားများထဲတွင် နတ်ဆိုးသိုင်းပညာကို ကျင့်ကြံထားသူများရှိ၍ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသော အားအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် သွေးအနှစ်သာရများကို စုပ်ယူခဲ့သူတချို့လည်း ရှိနေသည်။

သေဆုံးမှုများသည် အလွန် ဆိုးရွားဖွယ်ကောင်းသော်လည်း နတ်ဆိုး ကျင့်ကြံသူများ အတွက်မူ ယင်းသည် မပြောပါ့လောက်ပေ။ ၎င်းတို့၏အမြင်တွင် နတ်အဆင့်အောက်ရှိ မည်သူတစ်ဦးတစ်ယောက်ကိုမဆို လူသားအဖြစ် မသတ်မှတ်ထားဘဲ ပုရွက်ဆိတ်တစ်ကောင်အဖြစ်သာ သတ်မှတ်ထားကြသည်။ ၎င်းတို့သည် ပုရွက်ဆိတ်များဖြစ်သောကြောင့် သေသည်အထိ နင်းသတ်ပစ်မည်ဖြစ်သည်။ ဦးဆောင်နေသော လူငယ်က ဂရုမစိုက်ပေ။ သူသည် နတ်ဆိုးကျင့်ကြံသူများက ထိုလူများကို သတ်ဖြတ်နေသော အပြုအမူကိုသာ အေးစက်စွာ ကြည့်နေလိုက်သည်။

"ကျုပ်တို့မှာ အချိန် သိပ်မကျန်တော့ဘူး။ ခင်ဗျားတို့တွေ မြန်မြန်လုပ်ကြ။ ခံစစ်တပ်တွေ တုံ့ပြန်လာမယ့်အချိန်ကို စောင့်နေကြတာလား" ထိုလူငယ်က ပြောလိုက်သည်။

နတ်ဆိုးသိုင်းပညာကို ကျင့်ကြံသူများသည် ထိုစကားကို ကြားပြီးသည်နှင့် ၎င်းတို့၏ ပါးစပ်ထောင့်များမှ သွေးများကို သုတ်လိုက်သည်။

"ကျုပ်က သွေးမသောက်ရတာ တော်တော်လေးကြာပြီ၊ ဒါပေမယ့် ခင်ဗျား ပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်။ အဲဒီခွေးတွေ တုံ့ပြန်လာရင် ကျုပ်တို့ ဒုက္ခရောက်သွားနိုင်တယ်" နတ်ဆိုးကျင့်ကြံသူ တစ်ဦးက ပြောလိုက်သည်။

အခြားသူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် တုံ့ပြန်ကြသော်လည်း အလွန်အမင်း စိုးရိမ်ခြင်း မရှိကြပေ။ ၎င်းတို့၏ ခွန်အားဖြင့် ဤအန္တရာယ်ဟုခေါ်သော အရာများကို စိုးရိမ်ရန် မလိုအပ်ပေ။ ယခုကဲ့သို့ အရေအတွက် အများအပြား စုစည်းနေခြင်းမဆိုနှင့် ၎င်းတို့ထဲရှိ တစ်ယောက်လျှင်ပင် ဤနေရာကို ဇောက်ထိုးလှန်ပစ်ရန် လုံလောက်နေသည်။ နောက်ဆုံးထွက်ခွာသူသည် အသက်ကြီးသော အကျဉ်းသားတစ်ဦးဖြစ်၍ သူသည် မည်သည့်စကားမျှ မပြောဘဲ လက်နှစ်ဖက်ကို ကျောနောက်တွင် ပစ်၍ မတ်တပ်ရပ်နေသည်။

"အတင့်ရဲလို့။ ခင်ဗျားတို့ ပုန်ကန်ဖို့ ကြိုးစားနေကြတာလား"

ကြည်လင်ပြတ်သားသော အသံတစ်ခုကို ကြားလိုက်ရပြီးနောက် အလင်းတန်းတစ်ခုကို စီးနင်းနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းပုံရိပ်သည် လူအုပ်ကြီး၏ အာရုံကို ချက်ချင်း ဖမ်းယူသွားသောကြောင့် ၎င်းတို့ လှည့်ကြည့်လိုက်ကြသည်။ ၎င်းသည် အနက်ရောင် ဝတ်ရုံ ၀တ်ဆင်ထား၍ အလွန်တရာမှ ငယ်ရွယ်လွန်းသော လူငယ်လေးတစ်ဦးဖြစ်သည်။

၎င်းတို့အရှေ့ရှိ လူငယ်ထက်ပင် ငယ်ရွယ်လွန်း၍ အသက်နှစ်ဆယ်ကျော်မျှသာ ရှိပုံပေါ်သည်။ တစ်ဦးသည် အမှန်တကယ် ငယ်ရွယ်နေ၍ ကျန်တစ်ဦးသည် နုပျိုနေခြင်းသာဖြစ်ကြောင်း ၎င်းတို့ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

"ခင်ဗျားက...ချူးယွင်ဖန်းလား" ဦးဆောင်သူ လူငယ်သည် ချူးယွင်ဖန်းကို ချက်ခြင်း မှတ်မိသွား၍ သူ၏မျက်လုံးများသည် စူးရှသော အရောင်များဖြင့် လင်းလက်လာသည်။

"ခင်ဗျားက ကျုပ်ကိုသိတယ်လား။ ကြည့်ရတာ ခင်ဗျားက ဒီနေရာက အကျဉ်းသားမဟုတ်ဘူးထင်တယ်" ချူးယွင်ဖန်း ချက်ချင်း အခိုင်အမာ ပြောလိုက်သည်။

"ဒါဆိုရင် ဒီနေရာကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်လိုက်တာ ခင်ဗျားပဲ ဖြစ်ရမယ်။ ကျုပ် ခင်ဗျားကို တိုက်ရိုက် လာရှာတာ မမှားဘူးပေါ့"

"ခင်ဗျားက ကျုပ်ကို လာရှာတာပေါ့လေ။ ဟား၊ အချိန်ကိုက်ပဲ ကျုပ် ခင်ဗျားကို သတ်ပစ်မယ်" လူငယ်၏ မျက်လုံးများ လင်းလက်သွားသည်။

ချူးယွင်ဖန်းက မည်သူဖြစ်သည်ကို သူ သိနေသည်။ သူသည် ပြည်ထောင်စုတစ်ခုလုံးတွင် အကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်၍ ပြည်ထောင်စု၏ နောက်သမ္မတကြီးဖြစ်လာရန် အလားအလာအရှိဆုံး ပါရမီရှင်ဟုလည်း လူသိများသည်။ အကယ်၍ သူသာ ချူးယွင်ဖန်းကို ဤနေရာတွင် သတ်ဖြတ်နိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

"ခင်ဗျား ကျုပ်ကို သတ်မယ်တဲ့လား။ ဒီနေရာကနေ ထွက်သွားဖို့တောင် မစဉ်းစားလိုက်နဲ့"

ချူးယွင်ဖန်းသည် လက်နှစ်ဖက်ကို သူ၏နောက်ကျောတွင် ထားရှိလျက် ဤနတ်အဆင့် အကျဉ်းသားများကို စိုက်ကြည့်လိုက်သည်။ အမှန်တကယ်ပင် ၎င်းတို့သည် အခန်းနှစ်ရှိ နတ်အဆင့် အကျဉ်းသားများထက် များစွာ အင်အားကြီးကြသည်။ ၎င်းတို့သည် အဆင့်တစ်ခုထက်မနည်း ပိုမို မြင့်မား၍ နတ်အဆင့်များကြားရှိ ဤကွာခြားချက်သည် ကောင်းကင်နှင့် မြေပြင်ကြားရှိ ကွာခြားချက်ကဲ့သို့ပင်ဖြစ်နေသည်။

"ဟားဟား၊ မွေးဖွားခြင်းနယ်မြေအဆင့်ရဲ့ သွေးအနှစ်သာရက သိပ်အသုံးမဝင်ဘူး။ နတ်အဆင့်ရဲ့ သွေးအနှစ်သာရက ပိုပြီး ကောင်းလိမ့်မယ်။ သူ့စွမ်းအင်နဲ့ အသွေးအသားတွေက တော်တော်လေး အံ့ဩစရာကောင်းတယ်လို့ ကျုပ် ခံစားနေရတယ်။ ကိုယ်ခန္ဓာကျင့်ကြံမှုမှာ အံ့ဩစရာကောင်းတဲ့ ခွန်အားမျိုးတွေ ရှိလောက်တယ်" နတ်ဆိုးကျင့်ကြံသူများထဲရှိ တစ်ဦးသည် လူသားတစ်ဦးကို ကြည့်နေသည့် အပြုအမူ မဟုတ်ဘဲ သားကောင်တစ်ကောင်ကို ကြည့်နေသည့် လောဘကြီးသော အမူအရာဖြင့် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။

"ဟုတ်တယ်။ သူ့ကိုသတ်ပြီးရင် သူရဲ့ သွေးအနှစ်သာရတွေကို ခွဲယူကြရအောင်"

နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သော ဤနတ်ဆိုး ကျင့်ကြံသူများသည် လုံးလုံးလျားလျား ရူးသွပ်သွားကြသည်။ အများစုသည် မှန်ကန်သော ကျင့်ကြံမှု လမ်းစဉ်မှမဟုတ်ဘဲ နတ်ဆိုးကျင့်ကြံသူများဖြစ်သောကြောင့် အကျဉ်းချခံခဲ့ရသည်။ ၎င်းတို့သည် ပြည်ထောင်စုတွင် ကြီးလေးသော ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သောကြောင့် ဤနေရာတွင် ချုပ်နှောင်ခံခဲ့ရသည်။

"အုပ်ချုပ်ရေးမှုနဲ့ လက်ထောက်တာဝန်ခံတွေ ဒီမှာ မရှိဘူးလား။ လူတစ်ယောက်တည်းရဲ့ သွေးအနှစ်သာရလောက်နဲ့ ကျုပ်အတွက် လုံလောက်မယ် မထင်ဘူး" နတ်ဆိုး ကျင့်ကြံသူတစ်ဦးက ရယ်မောလိုက်သည်။ သူ၏သွားများသည် အစွယ်များအဖြစ် ပြောင်းလဲလာသောကြောင့် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

"သူတို့ကို မလိုအပ်ပါဘူး။ ခင်ဗျားတို့လို အမှိုက်သရိုက်တွေကို ကျုပ်တစ်ယောက်တည်း ကိုင်တွယ်ရုံနဲ့ လုံလောက်တယ်" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

"မင်းကများ ငါတို့ကို အမှိုက်လို့ ခေါ်ရဲတယ်ပေါ့လေ"

နတ်အဆင့် အကျဉ်းသားများသည် ချက်ခြင်းပင် ဒေါသ ထွက်သွားကြသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာကြာ အကျဉ်းချခံခဲ့ရ၍ ယခုအခါ မည်သည့်နေရာမှ ပေါက်ဖွားလာမှန်းမသိသော ဂျူနီယာတစ်ဦးသည် ၎င်းတို့ကို မထီမဲ့မြင်ပြုခဲ့သည်။ ဤသည်မှာ ကြီးစွာသော အရှက်ရမှုမျိုးဖြစ်သည်။

"ကောင်စုတ်လေး၊ မင်းက တော်တော်လေး မောက်မာနေတာပဲ"

၎င်းတို့သည် ဒေါသတကြီး ဟောက်သံကို ရုတ်တရက် ကြားလိုက်ရပြီးနောက် ချူးယွင်ဖန်း၏အနားတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ အရှိန်သည် မြန်ဆန်လွန်းလှရာ၊ မည်သူမျှ တုံ့ပြန်ချိန် မရလိုက်ပေ။

"တစ်ချိန်တုန်းက ပြည်ထောင်စုသမ္မတကိုတောင် သတ်ခဲ့တာ၊ မင်းကိုယ်မင်း ဘာထင်နေတာလဲ"

အရှေ့သို့ ခုန်အုပ်လာသော အဘိုးအိုသည် ဒေါသတကြီး ဟိန်းဟောက်၍ တစ်ချိန်က လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်။ တိုက်ခိုက်နေစဉ် သူ၏ အနီးတစ်ဝိုက်တွင် သွေးအိုင်တစ်ခု ပေါ်ပေါက်လာခဲ့ရာ၊ အကန့်အသတ်မဲ့ သွေးပင်လယ်သည် အခန်းတစ် တစ်ခုလုံးကို နစ်မြုပ်သွားလုနီးပါး ဖြစ်နေသည်။

အဘိုးအိုသည် သွေးအိုင်ကို လက်ဟန်ပြလိုက်ချိန်တွင် ၎င်းသွေးအိုင်ထဲမှ ချွန်ထက်သော ဓားမြှောင်တစ်စင်း ရုတ်တရက် ပျံထွက်လာခဲ့သည်။ ဓားမြှောင်သည် ချူးယွင်ဖန်း၏ခေါင်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ အရှိန်သည် မြန်ဆန်လွန်းသဖြင့် ဓားမြှောင်သည် ကြောက်မက်ဖွယ်ကောင်းစွာ တောက်ပနေခဲ့ရာ၊ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဘန်း

သို့သော် လူတိုင်း၏ ထိတ်လန့်မှုအရ၊ အဘိုးအိုသည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန်ပင် အချိန်မရခဲ့ပေ။ ချူးယွင်ဖန်းသည် လက်ကို ဆန့်ထုတ်၍ သွေးအိုင်ကို ဖမ်းဆုပ်လိုက်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူသည် သွေးပင်လယ်ကို မဖွဲ့စည်းနိုင်တော့ပေ။ နှစ်ပေါင်းများစွာကြာ ပိတ်လှောင်ခံထားရပြီးနောက် အဘိုးအို၏ စွမ်းအင်သည် အထွတ်အထိပ်တွင် မရှိနိုင်တော့ပေ။

ဤသည်မှာ သွေးအိုင်တစ်ခုသာ ဖြစ်သော်လည်း ၎င်းသည် အခြားလူများအတွက် အလွန် အန္တရာယ်များလှသည်။ သို့သော် ၎င်းသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် လုံးလုံးလျားလျား အသုံးမဝင်ပေ။ ပြီးနောက် ချူးယွင်ဖန်းသည် လက်သီးကို ကျစ်ကျစ်ဆုပ်၍ အဘိုးအိုကို လက်သီးဖြင့် ထိုးကြိတ်လိုက်သည်။

"ကျုပ်နဲ့ ဒါဏ်ရာချင်း လဲလှယ်ချင်တယ်ပေါ့လေ" အဘိုးအိုသည် ချူးယွင်ဖန်း၏ အစီအစဉ်ကို ချက်ချင်း ထိုးဖောက် မြင်တွေ့လိုက်ပုံရပေါ်သည်။

ချူးယွင်ဖန်းသည် သူနှင့် ဒဏ်ရာချင်း လဲလှယ်ရန် စီစဉ်နေပုံရသော်လည်း အဘိုးအိုသည် ၎င်းကို နှလုံးမသွင်းခဲ့ပေ။ လူတစ်ဦးသည် ဦးခေါင်းသုံးလုံး လက်ခြောက်လက်ရှိ၍ ကောင်းကင်ဘုံ၏ အလုံးစုံ ကြီးမြတ်သော နတ်ဘုရားတစ်ပါးဖြစ်ခဲ့လျှင်ပင် သူ၏တိုက်ခိုက်မှုကို ခံရပြီးနောက် မည်သည်ကမျှ အသုံးမဝင်ဘဲ ၎င်းတို့အားလုံး သေဆုံးရပေလိမ့်မည်။

ဘုံး

ဓားမြှောင်သည် မတူညီသော အသံနှစ်ခုဖြင့် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ပြင်းထန်သော စွမ်းအင်များဖြင့် ထိမှန်သွားသော်လည်း ရွှေထည်နှင့် သံမဏိများ ပွတ်တိုက်မိသံများသာ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းကို ထိခိုက်အောင် မပြုလုပ်နိုင်ခဲ့ပေ။ ၎င်းသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်စိမ်းရောင် အလင်းတန်းအလွှာကိုပင် မချိုးဖျက်နိုင်ပေ။

"သေစမ်း"

အဘိုးအိုသည် နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း နားလည်သွား၍ အလျင်အမြန် ဆုတ်ခွာသွားခဲ့သော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ လက်သီးချက်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

ဘန်း

အဘိုးအိုသည် ညည်းညူပြီးနောက် ကြွေဆင်းသွားသော ကြယ်တစ်စင်းကဲ့သို့ လွင့်ပျံသွားခဲ့သည်။

All Chapters