အခန်း (၉၄၉-၉၅၁)
Vol. 64 Ch. 949-951
အခန်း (၉၄၉) ပထမအကျဉ်းထောင်ရှိ ကာကွယ်ရေးတိုက်ပွဲ၏အဆုံးသတ်၊ ကြီးမားသောအကျိုးအမြတ်များ
"အံ့ဩစရာပဲ၊ ပြည်ထောင်စုမှာ ဒီလိုအံ့ဩစရာကောင်းတဲ့ လူတစ်ယောက် တကယ် ပေါ်ထွက်လာတာပဲ"
အုပ်ချုပ်ရေးမှူးသည် နောက်ဆုံးတွင် ပင့်သက်ရှိုက်ရန်အတွက် အချိန်ရရှိခဲ့သည်။ အနက်ရောင် နဂါးဘုရင်သည် ၎င်းတို့ကို အသက်မရှူနိုင်သည်အထိ ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့သည့်အပြင် ကိုင်တွယ်ဖြေရှင်းရ ခက်ခဲသည့် သားရဲဖြစ်သောကြောင့် ၎င်းတို့ကို နျူကလီးယားဗုံး အသုံးပြုရမည့် အခြေအနေအထိ တွန်းပို့ခဲ့သော်လည်း ချူးယွင်ဖန်းနှင့် မယှဉ်ပြိုင်နိုင်ခဲ့ပေ။ အနက်ရောင် နဂါးဘုရင်သည် လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရသည်။ သူနှင့် ချူးယွင်ဖန်းသည် တူညီသောအဆင့်တွင် မဟုတ်ခဲ့ပေ။
၎င်းတို့နှင့် ချူးယွင်ဖန်းကြားတွင် အခြေခံကွာခြားချက်များရှိနေကြောင်း ယခုအခါ ဝန်ခံရပေလိမ့်မည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များသည် မတူညီကြပေ။ အုပ်ချုပ်ရေးမှူး သက်ပြင်းအချရဆုံးအချက်မှာ ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းသည် အနာဂတ်တွင် မည်သည့်အဆင့်သို့ ရောက်ရှိမည်ကို စိတ်ကူးရခက်ခဲလှသည်။ လူအများစု၏ နတ်အဆင့်တွင်သာရှိနေသည့် အခြေအနေအရ ချူးယွင်ဖန်းသည် အနည်းဆုံးလျှင် နှစ်တစ်ရာကျော်အထိ လျင်မြန်စွာ တိုးတက်နေနိုင်ဆဲဖြစ်သည်။
ချူးယွင်ဖန်းသည် အနှစ်တစ်ရာအတွင်း မည်သည့်နေရာတွင်ရှိမည်ကို စိတ်ကူးရခက်ပေလိမ့်မည်။ သူသည် ထိုအချိန်တွင် နတ်အဆင့်ကို ကျော်ဖြတ်နိုင်ကာ ပြည်ထောင်စုအတွက် လှိုင်းလုံးကြီးများကို ငြိမ်းအေးစေသည့် တည်ငြိမ်သော အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။ သူသည် အုပ်ချုပ်ရေးမှူးအဆင့်တွင် ကျွမ်းကျင်သူတစ်ဦးသည် လူမျိုးစုတစ်ခုအတွက် မည်သည့်အဓိပ္ပါယ်ကို ဖော်ညွှန်းကြောင်း နားလည်ထားသည်။
"သိပ်ကောင်းတယ်၊ လုံးဝ ပြောင်မြောက်လွန်းတယ်" ချူးမိသားစု ဘိုးဘေးကြီးသည် သူ၏ဒဏ်ရာကို ကုသပြီးနောက် ပြောလိုက်သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းနှင့် အနက်ရောင် နဂါးဘုရင်တို့သည် စစ်မြေပြင်ရှိ အခြေအနေကို လုံးလုံးလျားလျား ပြောင်းပြန်လှန်လိုက်ကြသည်။ ၎င်းတို့၏ ခွန်အားဖြင့် သာမာန်နတ်အဆင့်များကို အလွယ်တကူ သတ်ဖြတ်နိုင်ကြသည်။ ခဏအကြာတွင်၊ နောက်ထပ် နတ်အဆင့် မွန်းစတားအချို့သည် ၎င်းတို့၏လက်၌ ထပ်မံ သေဆုံးသွားကြသည်။
နတ်ဆိုးများ လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။ အနက်ရောင် နဂါးဘုရင်သည် ၎င်းတို့၏ ကျောထောက်နောက်ခံ ဖြစ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့ကို သစ္စာဖောက်ခဲ့သည်။ ထို့အပြင် နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော သေမင်း၏ နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်သည် ပြည်ထောင်စုဘက်တွင် ပေါ်ပေါက်လာခဲ့သည်။
ဤသည်မှာ ၎င်းတို့ တွေ့နိုင်သော အခြေအနေအနက် အဆိုးဝါးဆုံး အခြေအနေဖြစ်သည်။ ချူးမိသားစု ဘိုးဘေးကြီး၊ အုပ်ချုပ်ရေးမှူးနှင့် ကျူးပုဖျင်တို့သည် ဤကဲ့သို့သော အခွင့်အရေးကောင်းကို မည်သို့မျှ လက်လွှတ်နိုင်မည်နည်း။ ၎င်းတို့သည် ပြည်ထောင်စုတပ်မတော်ကို ချက်ချင်း ဦးဆောင်ကာ နတ်ဆိုးစစ်တပ်ထံ ချီတက်လိုက်ကြသည်။
နှစ်ဦးနှစ်ဖက်၏ စစ်လွန်းပျံယာဉ်များ အပြန်အလှန် ပစ်ခတ်နေကြသည်။ နတ်ဆိုးများ၏ အားသာချက်မှာ ၎င်းတို့တွင် လူသားများထက် အဆပေါင်းများစွာသော နတ်အဆင့်များ ရှိနေခြင်း ဖြစ်သည်။ ယခုမူကား၊ ဤနတ်အဆင့် မွန်းစတားများသည် ပြင်းထန်သော အသေအပျောက်ဖြစ်ပွားမှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင်း ၎င်းတို့အားလုံး လုံးလုံးလျားလျား ပျက်သုဉ်းတော့မည့်ပုံပေါ်သည်။
အခြားတစ်ဖက်တွင်မူ နတ်ဆိုးများ၏ စစ်လွန်းပျံယာဉ်များသည် လူသားစစ်လွန်းပျံယာဉ်များနှင့် ထိပ်တိုက် ရင်မဆိုင်နိုင်ကြပေ။ ဤနတ်အဆင့် မွန်းစတားများ အကူအညီမရှိသောကြောင့် ၎င်းတို့အားလုံး ချက်ချင်းပင် ရှုံးနိမ့်သွားကြသည်။ စစ်မြေပြင်တစ်ခုလုံး ပြိုလဲလုနီးပါးဖြစ်နေသည်။
တိုက်ပွဲမှ ဆုတ်ခွာခဲ့ကြသော ချူးမိသားစု ဘိုးဘေးကြီးနှင့် အခြားနတ်အဆင့် ကျွမ်းကျင်သူများ သည် မှော်ဝင် ဆေးထိုးအပ်များကဲ့သို့ အခြေအနေကို တည်ငြိမ်အောင် ပြုလုပ်လိုက်ရာ၊ ခဏလေးအတွင်းမှာပင် အခြေအနေတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားလေသည်။ လူသားစစ်တပ်နှင့် ယာဉ်များသည် နတ်ဆိုးစစ်တပ်ကို အဘက်ဘက်မှ တိုက်ခိုက်ကာ ကျန်တိုက်ခိုက်ရေး အင်အားစုများကို အလယ်တွင် ချောင်ပိတ်ထားကြသည်။
နတ်ဆိုးစစ်တပ်သည် မလွတ်မြောက်နိုင်တော့သောကြောင့် နောက်ဆုံး ခုခံမှုကို ပြုလုပ်လိုက်ကြသည်။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် မွန်းစတား ကျွမ်းကျင်သူ အများအပြားက မတုံ့ပြန်ကြသေးပေ။ ယခင်က ရှင်းရှင်းလင်းလင်း တည်ငြိမ်နေသော အနေအထားတွင် ရှိခဲ့သည့် အခြေအနေသည် မည်သို့ကြောင့် ရုတ်တရက် ပြောင်းပြန်ဖြစ်ခဲ့ရသနည်း။ ပြည်ထောင်စုတပ်မတော်သည် ဆုတ်ခွာခဲ့ရသည့်အပြင် ၎င်းတို့၏ ခံစစ်လိုင်းတစ်ခုလုံး ပြိုကျလုနီးပါးဖြစ်နေသော်လည်း ယခုအခါ ချူးယွင်ဖန်း၏ ပါဝင်ပတ်သက်မှုကြောင့် နတ်ဆိုးစစ်တပ်သည် ပျက်စီးလုနီးပါးဖြစ်နေခဲ့သည်။
သူသည် ကျန်ရစ်သော နတ်ဆိုး ကျွမ်းကျင်သူအားလုံးကို ဖယ်ရှားရန်အတွက် တိုတောင်းသော အချိန်အတိုင်းအတာကိုသာ အသုံးပြုခဲ့သည်။ ယခုတစ်ခေါက်၏ အကျိုးအမြတ်ရိတ်သိမ်းမှုသည် များပြားလှသည်။ နတ်အဆင့် မွန်းစတား အယောက်နှစ်ဆယ်ကျော် သေဆုံးသွားသောကြောင့် နတ်အဆင့် မွန်းစတား အကောင်နှစ်ဆယ်ကျော်၏ အလောင်းများနှင့် ၎င်းတို့၏ အတွင်းအူများကို ရရှိလာစေသည်။ ၎င်းတို့၏တန်ဖိုးသည် တွက်ချက်၍ပင် မရနိုင်ပေ။
ကမ္ဘာတစ်ဝှမ်းမှ လူသားကျွမ်းကျင်သူတို့သည် ဤရတနာများနှင့် ခွဲခွာရန် တွန့်ဆုတ်နေကြသော်လည်း ချူးယွင်ဖန်းကို စိန်ခေါ်ဝံ့ခြင်းမရှိပေ။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် သူ၏စွမ်းအင်ကို မြင်တွေ့ဖူးခဲ့ကြသည်။ ထို့အပြင် ဤနတ်ဆိုးများအားလုံးနီးပါးသည် ချူးယွင်ဖန်းတစ်ယောက်တည်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဤမွန်းစတား အလောင်းများကို တောင်းဆိုရသည်အထိ ၎င်းတို့ကိုယ်၎င်းတို့ မည်သို့မျှ နှိမ့်ချနိုင်မည်နည်း။
ဤအသေကောင်များက အဖိုးမဖြတ်နိုင်ကြောင်း သိကြသော်လည်း ၎င်းတို့ဘက်မှ မတောင်းဆိုနိုင်ကြပေ။ ချူးယွင်ဖန်းအတွက် အရေးကြီးဆုံးအရာသည် နတ်အဆင့် မွန်းစတားများ၏ အတွင်းအူများဖြစ်သည်။ သူသည် ၎င်းအတွင်းအူတို့ဖြင့် အခြားသော နတ်စွမ်းအင်ဖြည့်တင်းဆေးအလုံးနှစ်ဆယ် သို့မဟုတ် ထို့ထက်မက ဖော်စပ်နိုင်သောကြောင့် ပြည်ထောင်စုသည်လည်း နောက်ထပ် နတ်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ခန့် ရရှိမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်၊ အနတ္တ နတ်ဆိုးတောင်တန်းသည် အချိန်တိုအတွင်း နတ်အဆင့် မွန်းစတား အယောက်နှစ်ဆယ်ကျော်ကို ဆုံးရှုံးခဲ့ရသည်။ ပြည်ထောင်စုသည် ထိုသို့သော အခြေအနေမျိုးတွင် ၎င်းတို့၏ အားသာမှုအချို့ကို ပြန်လည်ရရှိနိုင်ခဲ့ကြသည်။ အထူးသဖြင့် နတ်အဆင့်၏ အဆင့်မြင့်ကျွမ်းကျင်သူများနှင့် ပတ်သက်သောအခါ၊ ယခုအခါ ၎င်းတို့ကြားရှိ မညီမျှသော ကွာဟချက်သည် ကြီးမားလှသည်။
ထိုသို့သော ကျွမ်းကျင်သူများသည် အနတ္တ နတ်ဆိုးတောင်တန်းတွင် သာမန်အဆင့် ကျွမ်းကျင်သူများ မဟုတ်သောကြောင့် ၎င်းတို့ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ရန် မဖြစ်နိုင်ပေ။ အနတ္တနတ်ဆိုးတောင်တန်းသို့ စစ်ပွဲ၏ အခြေအနေနှင့် ပတ်သက်သော စကားများ ပြန်ရောက်သွားသည့်အခါ ဤကိစ္စမှ ဖြစ်ပေါ်လာမည့် ရုန်းရင်းဆန်ခတ် အခြေအနေကို ခန့်မှန်းနိုင်သည်။ နောက်ဆုံးတွင် ပြည်ထောင်စုသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထိပ်တန်းကျွမ်းကျင်သူများနှင့် ပတ်သက်၍ အားနည်းချက်ရှိခဲ့ေသာ အင်အားစုဖြစ်ပေသည်။ ယခုအခါ ၎င်းတို့သည် တိုက်ပွဲတစ်ခုတည်းတွင် နတ်အဆင့် မွန်းစတားနှစ်ဆယ်ကျော်ကို ဖျက်ဆီးနိုင်ခဲ့သောကြောင့် ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခုဖြစ်လေသည်။
နောက်ထပ် တစ်ရက်ခွဲကြာမြင့်ပြီးနောက်၊ ခုခံနေခဲ့သည့် နောက်ဆုံး နတ်ဆိုးစစ်လွန်းပျံယာဉ်သည် အဆုံးတွင် လူသားစစ်လွန်းပျံယာဉ်၏ တိုက်ခိုက်မှုဖြင့် စကြ၀ဠာ၏ ဖုန်မှုန့်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ပထမအကျဉ်းထောင်ကို ခုခံကာကွယ်သည့် တိုက်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ ကျန်ရစ်သော အရာသည် စစ်မြေပြင်ကို ရှင်လင်းရမည့် အချိန်သာဖြစ်သည်။
ဤတိုက်ပွဲသည် အလွန်လျင်မြန်စွာ ဖြစ်ပွားခဲ့၍ နတ်ဆိုးများသည် လူသားမျိုးနွယ်ကို အငိုက်ဖမ်းခဲ့ကြသည်။ သို့သော် အခြေအနေတစ်ခုလုံးသည် ချူးယွင်ဖန်း၏အကူအညီဖြင့် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားခဲ့၍ အောင်ပွဲအဖြစ် အဆုံးသတ်ခဲ့သည်။ လူတိုင်းသည် ဤတိုက်ပွဲတွင် မည်သူက အရေးကြီးဆုံးဖြစ်သည်ကို နားလည်ကြသည်။ အနယ်နယ်အရပ်ရပ်မှ နတ်အဆင့် ဒါဇင်ကျော်သည် ပြည်ထောင်စုကို အကူအညီပေးရန် ရောက်ရှိလာခဲ့ကြသောကြောင့် ပထမအကျဉ်းထောင်၏ အင်အားသည် များစွာတိုးမြှင့်ပေးခဲ့သော်လည်း အရာအားလုံးတွင် နောက်ဆုံး ပြောရေးဆိုခွင့်ရှိသော ပုဂ္ဂိုလ်သည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။
နောက်ဆုံးတွင် ချူးယွင်ဖန်း၏အမည်သည် ပိတ်လှောင်ထားသည် ပတ်ဝန်းကျင်မျိုးဖြစ်သည့် ပထမအကျဉ်းထောင်တွင် ပျံ့နှံ့လာသည်။ ၎င်းတို့အနက် အများအပြားသည် ဤသည်မှာ ချူးယွင်ဖန်း၏ နာမည်ကို ကြားဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ကနဦးတွင် အကျဥ်းထောင် အရာရှိများ၏ အထက်တန်းအဆင့် အနည်းငယ်မှလွဲ၍ အများစုတွင် အင်တာနက် သုံးစွဲခွင့် မရှိခဲ့ကြပေ။ ထို့ကြောင့် ချူးယွင်ဖန်းက မည်သို့သော အကြောင်းအရာမျိုးကို ပြုလုပ်ခဲ့ပါစေ ၎င်းတို့ မသိခဲ့ကြပေ။
ယခုမူကား ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းဆောင်ရည်သည် လူတိုင်းကို ထိတ်လန့်သွားစေသည်။ ၎င်းတို့၏ တစ်သက်တာတွင် ဤတုန်လှုပ်ချောက်ချားဖွယ်တိုက်ပွဲကို မည့်သည့်အချိန်မျှ မေ့လျော့ကြမည် မဟုတ်ပေ။
ချူးယွင်ဖန်းသည် နတ်ဆိုးများဘက်မှ စစ်ကူအသစ် မပို့လာကြောင်း အတည်ပြုပြီးနောက် ထိုနေရာတွင် ဆက်မနေတော့ပေ။ တန်စီယုနှင့် မိုးကြိုးတောင်ပံသားရဲတို့သည် မိုးကြိုးမုန်တိုင်းပင်လယ်တွင် အဆင့်ဖြတ်ကျော်နေဆဲဖြစ်သည်။ သူသည် ၎င်းတို့ကို ကာကွယ်ရန်အတွက် အမြန် ပြန်သွားရပေလိမ့်မည်။ သူသည် အုပ်ချုပ်ရေးမှူး၊ ချူးမိသားစု ဘိုးဘေးကြီးနှင့် ကျူးပုဖျင်တို့ကို နှုတ်ဆက်ပြီးနောက် အနက်ရောင် နဂါးဘုရင်ကို တယ်လီပို့စနစ်ဖြင့် ပြည်ထောင်စုထံ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
ပထမအကျဥ်းထောင်အတွင်းရှိ သစ္စာဖောက်ကို မည်သို့ရှာဖွေခြင်းနှင့် အကျဥ်းထောင်၏ တည်နေရာ မည်သို့ ပေါက်ကြားသွားခြင်းနှင့် ပတ်သက်သည့် အရာများသည် ချူးယွင်ဖန်း၏ စိုးရိမ်မှုဘောင်အတွင်း မရှိခဲ့ပေ။ ချူးယွင်ဖန်း ထွက်သွားပြီး သိပ်မကြာခင်မှာပင် ပထမအကျဉ်းထောင်၏ ကာကွယ်ရေးတိုက်ပွဲနှင့်ပတ်သက်သော သတင်းသည် အင်တာနက်တွင် ပျံ့နှံ့သွားခဲ့သည်။ နောက်ဆုံးတွင် ဤတိုက်ပွဲအတွက် လက်ရွှေးစင်အမြောက်အမြားကို စုစည်းခဲ့ကြသောကြောင့် ယင်းကိစ္စကို ဖုံးဖိထားရန် မဖြစ်နိုင်ပေ။ သတင်းများ ပျံ့သွားသောအခါ အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့လေသည်။
အခန်း (၉၅၀) ရာထူးတိုးမြင့်ခြင်း၊ ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူ
ပထမအကျဉ်းထောင်၏ ခုခံကာကွယ်မှုနှင့် ပတ်သက်သော သတင်းသည် အင်တာနက်တွင် ပျံ့နှံ့လာခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ တိကျသည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသော်လည်း ပေါက်ကြားလာသည့် အချက်အလက်များသည် လူအများကို ရုတ်ရုတ်သဲသဲဖြစ်သွားစေရန် လုံလောက်ပေသည်။
ပြည်ထောင်စုအတွင်း ဤသို့ ကြောက်မက်ဖွယ်ကောင်းသည့် ရာဇ၀တ်ကောင်များကို ချုပ်နှောင်ထားသည့် အန္တရာယ်များသော နေရာတစ်ခုရှိခြင်းကို လူအများအပြားက ပထမဆုံးအကြိမ် သိရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် နတ်အဆင့် ကျွမ်းကျင်သူများပင် ရှိနေခဲ့သည်။
"နတ်အဆင့်" ဟူသော စကားလုံးသည် အင်တာနက်ပေါ်ရှိ မရေတွက်နိုင်သော လူများစွာ၏ အာရုံစိုက်မှုများကို ဆွဲဆောင်စေရန် လုံလောက်သည်။ နတ်အဆင့် ရာဇ၀ဝတ်သားများကို အကျဉ်းချရန် ရည်ရွယ်ထားသော နေရာတစ်ခု၏ အရေးပါမှုကို ယုံမှားသံသယဖြစ်ရန် မလိုပေ။ ဤရာဇ၀တ်သားများအနက် တချို့တလေကိုပင် လွှတ်ပေးလိုက်မိလျှင် ပြည်ထောင်စုအတွက် ကြီးမားသော ပြဿနာကြီး ဖြစ်သွားပေလိမ့်မည်။
ပထမအကျဉ်းထောင်သည် ထိုလူများ မလွတ်မြောက်သွားခဲ့ကြောင်း ကြေညာခဲ့သော်လည်း လူအများစုကို အတော်လေး ထိတ်လန့်သွားစေဆဲဖြစ်သည်။ ထိုရာဇဝတ်သားများသည် နှစ်ပေါင်းများစွာ အကျဉ်းချခံထားခဲ့ရသောကြောင့် ပြည်ထောင်စုကို အလွန် မုန်းတီးနေကြသည်။ ၎င်းတို့သည် အန္တရာယ်ရှိသော လူများဖြစ်ကြသည်။
သို့သော် မကြာမီတွင် ၎င်းတို့အားလုံး အသတ်ဖြတ်ခံခဲ့ရသောကြောင့် ထိုနေရာတွင် နတ်အဆင့် ရာဇဝတ်သားများ မရှိတော့ဘူးဟူသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။ ပထမအကျဉ်းထောင်တွင် အကျဉ်းချခံထားရသော ရာဇဝတ်သားများအားလုံး အသတ်ခံခဲ့ရသည့်အပြင် ၎င်းကို သတ်ဖြတ်ခဲ့သူသည် မကြာသေးမီက ပြည်ထောင်စုတစ်ခုလုံးတွင် ကျော်ကြားနေခဲ့သည့် ချူးယွင်ဖန်းဖြစ်သည်။
ချူးယွင်ဖန်း သတ်ဖြတ်ခဲ့ခဲ့သည့် နတ်ရာဇဝတ်သား အယောက်နှစ်ဆယ်ကျော်၏ အမည်များကို စာရင်းပြုစုလိုက်သောအခါ အင်တာနက်တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ ချူးယွင်ဖန်းသည် ခွန်းအားနှင့် ပတ်သက်၍ ၎င်းတို့၏နားလည်နိုင်စွမ်းကို တစ်ဖန် ပြန်လည်ဆန်းသစ်သွားစေသည်။ နတ်အဆင့် ကျွမ်းကျင်သူသည် အလွန် အင်အားကြီးကြောင်း ၎င်းတို့ သိထားသော်လည်း ထိုအဆင့်ရှိ ကျွမ်းကျင်သူများကြားရှိ ကွာဟချက်သည် အမှန်တကယ် ဤမျှကြီးမားကြောင်း ၎င်းတို့ မသိခဲ့ကြပေ။
အသေးစိတ် အချက်အလက်များ ပိုမို ထုတ်ဖော်ပြသလာသည်နှင့်အမျှ ၎င်းတို့အားလုံးကို ဆွံ့အသွားစေသည် သတင်းများ ပျံ့နှံ့သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ပထမအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့ကြသည့် နတ်အဆင့် မွန်းစတားများသည် အရေအတွက် နှစ်ဆယ်ကျော်ခန့်ရှိခဲ့သည်။ ယခုမူကား ထိုနတ်အဆင့် မွန်းစတားများ အားလုံးသည် ချူးယွင်ဖန်း၏လက်ထဲ၌ သေဆုံးသွားခဲ့ကြသည်။
တစ်နည်းဆိုရသော် ချူးယွင်ဖန်းသည် ဤတိုက်ပွဲတွင် နတ်အဆင့် အယောက် ငါးဆယ်ကျော်ကို သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းခြင်းဖြစ်သနည်း။ ယခင်က ချူးယွင်ဖန်း၏ "နတ်အဆင့် အဆုံးသတ်သူ" ဟူသော ခေါင်းစဉ်ကို လှောင်ပြောင်သူများရှိခဲ့ပါက၊ ယခုအခါ ၎င်းခေါင်းစဉ်သည် ဟာသတစ်ခု မဟုတ်တော့ပေ။
ပြည်ထောင်စုကို တည်ထောင်ပြီးကတည်းက နေရာအများအပြားတွင် လူအများသိကြသည့် အရေအတွက်ထက် များပြားသော နတ်အဆင့် ကျွမ်းကျင်သူ ရှိနေနိုင်သည်။ ယခုမူကား ချူးယွင်ဖန်းသည် ၎င်းတို့ကို ကိုယ်တိုင် တိုက်ခိုက်ခဲ့လေသည်။ ဤသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်ရှိမှုမျိုးဖြစ်သနည်း။
ထို့အပြင် သူသည် နတ်ဆိုးစစ်လွန်းပျံယာဉ်များစွာကို ဖျက်ဆီးခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပျံ့နှံ့နေသော ဗီဒီယိုတစ်ခုပင် ရှိခဲ့ရာ၊ သူသည် ထိုနတ်အဆင့် မွန်းစတားများကို မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်ကို လူတိုင်း မြင်တွေ့ကြလေသည်။ ဗီဒီယိုသည် တိုတောင်းသော်လည်း အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ဆဲဖြစ်သည်။
ဤကိစ္စသည် စစ်ရေးလျှို့ဝှက်ချက်ဟု ယူဆရသော်လည်း တစ်စုံတစ်ယောက်သည် ချူးယွင်ဖန်းကို မြင့်မားသော ရာထူးတစ်ခုသို့ တွန်းပို့ရန် ကြိုးပမ်းနေပုံရ၍ ပြည်ထောင်စုအတွင်းရှိ အင်အားစုအားလုံးသည်လည်း ထိုသို့လုပ်ဆောင်ရန် တိတ်တဆိတ် သဘောတူနေကြသည်။ ပြည်ထောင်စုသည် သမ္မတကြီး ပျောက်ဆုံးသွားပြီးနောက် ၎င်း၏ ကျောထောက်နောက်ခံ အင်အားစုကို ဆုံးရှုံးခဲ့ရသည်။
ပြည်ထောင်စုသည် ထိတ်လန့်တကြား ဖြစ်လာကြ၍ အနာဂတ်တွင် မည်မျှ ရပ်တည်နိုင်မည်ကို မည်သူမျှ မသိကြပေ။ လူအများ၏ နှလုံးသားများ ယိမ်းယိုင်နေကြသောကြောင့် ယခုအချိန်သည် တည်မြဲသော မဏ္ဍိုင်တစ်ခု လိုအပ်နေသည့် အချိန်ဖြစ်သည်။ ချူးယွင်ဖန်းသည် ရုတ်တရက် ပေါ်ပေါက်လာကာ လုံးလုံးလျားလျား စိုးမိုးသော အပြုအမူမျိုးဖြင့် ကောင်းကင်တစ်လျှောက် ဖြတ်သန်းသွားခဲ့သည်။ ကောင်းကင်တွင် တောက်ပနေသည့် လမင်းကဲ့သို့သော သူ၏ဖြစ်တည်မှုမျိုးကို လူများစွာက သတိထားမိသွားကြသည်။
ထိုသို့သော အခြေအနေမျိုးတွင် ပြည်ထောင်စု၏ အဓိက အင်အားစုအဖြစ် ချူးယွင်ဖန်းကို မြှင့်တင်မည့် ကျူးပုဖျင်နှင့် အခြားအဖွဲ့အစည်းများ၏ အစီအစဉ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ ကနဦးတွင် သမ္မတကြီးသည် စိုးမိုးနိုင်စွမ်းရှိခဲ့၍ ပြည်ထောင်စု၏ ပြည်သူများကို အကြွင်းမဲ့ ယုံကြည်မှု ပေးစွမ်းခဲ့သည့် သမ္မတမျိုးဖြစ်ခဲ့သည်။ သို့သော် ယင်းဖြစ်စဉ်သည် ကြီးမားသော ပြဿနာတစ်ခုကိုလည်း ဖြစ်ပေါ်လာစေသည်။
ပြည်ထောင်စုသည် ယခုကဲ့သို့ သမ္မတကြီး ပျောက်ကွယ်သွားပြီးနောက် ခေါင်းဆောင်မရှိသည့် နဂါးအဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။ ယခုမူ ချူးယွင်ဖန်းသည် ဤလစ်ဟင်းမှုကို ဖြည့်ဆည်းနိုင်ပြီဖြစ်သည်။ သမ္မတကြီးသည် နှစ်များအတွင်း ပြည်ထောင်စုအပေါ် မရေတွက်နိုင်သော အကျိုးအမြတ်များ ဆောင်ရွက်ပေးခဲ့သည်။ သူသည် မရေတွက်နိုင်သည့် အင်အားကြီးမားသော ရန်သူများကို သတ်ဖြတ်သည့်အပြင် ကိုယ်တိုင် ဦးဆောင် တိုက်ခိုက်ခဲ့သည်။ သူသည် ဤသို့ဖြင့် ပြည်ထောင်စုအတွင်း မြင့်မားသော ရာထူးကို ရရှိနိုင်ခဲ့ကာ ထိုကဲ့သို့ ကြီးသော ဂုဏ်သတင်းကို ပိုင်ဆိုင်လာခြင်းဖြစ်သည်။
ဤသည်မှာ သာမာန်နတ်အဆင့် ကျွမ်းကျင်သူများက အစားထိုးနိုင်သည့် ရာထူးမျိုး မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ သူသည် လျင်မြန်စွာ တိုးတက်လာ၍ တစ်ချိန်တည်းမှာပင် သူ၏ဂုဏ်သတင်းသည်လည်း တစ်ဟုန်ထိုး တိုးမြင့်လာခဲ့သူဖြစ်သည်။ သူ၏လက်တွင် အသတ်ခံလိုက်ရသည့် နတ်အဆင့် အရေအတွက်သည် ခြောက်ဆယ်ကျော်ခန့်ရှိသည်ဟုပင် မှတ်တမ်းတင်နိုင်သည်။
ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရေအတွက်မျိုးဖြစ်သည်။ ပြည်ထောင်စုအတွင်းနှင့် ပြင်ပဘက်ရှိ နတ်အဆင့် ကျွမ်းကျင်သူ၏ ပေါင်းစည်းမှု မှတ်တမ်းတွင်ပင် ထိုသို့သော အရေအတွက်မျိုး မရှိခဲ့ပေ။ ဤသို့ ခိုင်မာသော တိုက်ပွဲမှတ်တမ်းသည် ကျော်ကြားမှုသာဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရနိုင်ချေရှိသည်ဟူသော ကနဦး ဆွေးနွေးမှုသည်လည်း ပြန်လည် အရှိန်တက်လာခဲ့သည်။
ယခင်က ချူးယွင်ဖန်းကို ထောက်ခံသူများသည် အလွန် စိတ်အားထက်သန်မှု မရှိကြပေ။ သူ့၏ စွမ်းဆောင်မှုသည် ကောင်းမွန်လှသော်လည်း ပြင်းထန်သည့် ရန်သူတိုင်းကို နှိမ်နင်းနိုင်ခဲ့သည်ဟု မဆိုလိုပေ။ ထို့ကြောင့် နံပါတ်တစ် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ရန် အလှမ်းဝေးနေသေးပုံပေါ်သည်။
သို့သော် ယခု အခါ ကွဲပြားသွားပြီဖြစ်သည်။ ထိုသို့ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲမှတ်တမ်း၏ အခြေခံအုတ်မြစ်ဖြင့် မူလက ချူးယွင်ဖန်းကို အထင်အမြင်သေးနေသူများပင် သူ၏တိုက်ပွဲမှတ်တမ်းသည် သမ္မတကြီးထက် သာလွန်ဖွယ်ရှိသည်ဟု ဝန်ခံလာကြသည်။ ယခင် သမ္မတကြီးထက် ပိုမို သန်မာခြင်း ရှိမရှိနှင့် ပတ်သက်၍မူ ဆုံးဖြတ်ရန် ခက်ခဲနေသေးသည်။ နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးသည် ယခင်က တစ်ခါမျှ မတိုက်ခိုက်ဖူးကြပေ။ နတ်အဆင့်သည် ၎င်းတို့ကဲ့သို့သော လူအများစုအတွက် မထိတွေ့နိုင်သည့် လောကတစ်ခုနှင့် ဆင်တူသည်။
၎င်းတို့၏ ခွဲခြမ်းစိတ်ဖြာမှုနှင့် နှိုင်းယှဉ်မှုအားလုံးသည် အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။ သို့သော် လူအများအပြားသည် အခြားသော အချက်များကို စတင် လက်ခံလာကြသည်။ သမ္မတကြီးသည် ယခုအခါ ပျောက်ဆုံးနေသည့်အတွက် ချူးယွင်ဖန်းသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူရာထူးသို့ တိုးမြှင့်ခံရမည်မှာ သေချာသည်။
ပြည်ထောင်စုအတွင်းရှိ နတ်အဆင့် ကျွမ်းကျင်သူများအားလုံးသည် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ကြပေ။ အမှန်တကယ် မယှဉ်ပြိုင်နိုင်ကြကြောင်း လူသိရှင်ကြား ဝန်ခံလာသူများပင် ရှိနေခဲ့သည်။ ဤအကြောင်းအရာကို မြို့စွန်နယ်မြေရှိ နတ်အဆင့် ကျွမ်းကျင်သူများပင် မငြင်းဆိုခဲ့ကြပေ။ အဆုံးတွင် ချူးယွင်ဖန်းသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူမဟုတ်ကြောင်း သိသာထင်ရှားသည်။
အကယ်၍ ၎င်းတို့အားလုံးက မြို့စွန်နယ်မြေ၏ ဦးဆောင်သူများဖြစ်လျှင်ပင် မည်သို့မျှ စွမ်းဆောင်နိုင်မည်နည်း။ ၎င်းတို့သာ သူ့ကို အမျက်ထွက်အောင် ပြုလုပ်လျှင် ချူးယွင်ဖန်းသည် ၎င်းတို့ကို စိတ်ရှိသရွေ့ ဖမ်းဆီး၍ သတ်ဖြတ်နိုင်ဆဲဖြစ်သည်။ ပြည်ထောင်စုနှင့် မြို့စွန်နယ်မြေများကြားရှိ အပြန်အလှန် သဘောတူညီမှုသည် မည်မျှ အရေးပါနိုင်မည်နည်း။ ဤအရာအားလုံးသည် ချူးယွင်ဖန်း၏မျက်လုံးထဲတွင် အရေးပါမည် မဟုတ်ပေ။
ချူးယွင်ဖန်း၏တိုက်ပွဲ ဗီဒီယိုများစွာကို ဖြန့်လွှင့်ခြင်းဖြင့် ပြည်ထောင်စု၏ နံပါတ်တစ်ကျွမ်းကျင်သူဟူသော သူ၏ဘွဲ့အမည်သည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ လူများစွာသည် ၎င်းတို့၏အာရုံများ ပြန်ကပ်လာသောအခါ အရာအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏အမြင်အာရုံသို့ အချိန်တိုအတွင်း ပေါ်လာခဲ့သော်လည်း နတ်အဆင့် ကျွမ်းကျင်သူအဖြစ် အသိအမှတ်ပြုခံရပြီးနောက် နံပါတ်တစ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့သည်။
ထိုသို့သော လူမျိုးသည် သမိုင်းတစ်လျှောက်တွင် တစ်ခါမျှ မရှိခဲ့ဖူးပေ။ လူအမျိုးမျိုး၏ တွန်းအားပေးမှုအောက်တွင် ချူးယွင်ဖန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ ဆက်လက် ဆူညံနေခဲ့သည်။ သူသည် သမ္မတကြီးနေရာကို စတင် အစားထိုးကာ ပြည်သူများ၏ စိတ်နှလုံးကို တည်ငြိမ်စေသော အဓိက အင်အားစု ဖြစ်လာခဲ့သည်။
အခန်း (၉၅၁) မုန်တိုင်း၏ အလယ်၊ မြင့်တက်လာသော ဒီရေလှိုင်းများ
ချူးယွင်ဖန်း၏ တိုက်ပွဲတစ်ခုအတွင်း နတ်အဆင့် ဒါဇင်ပေါင်းများစွာကို သတ်ပစ်ခဲ့သည့်အချက်သည် အင်တာနက်ပေါ်တွင် ကျော်ကြားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် အင်တာနက်ပေါ်တွင် မူလက အကျယ်တဝင့် ပြောနေကြသော အဏ္ဏဝါမျိုးနွယ်စု ကျွမ်းကျင်သူအများအပြားသည် ချူးယွင်ဖန်း၏ တိုက်ပွဲတစ်ခုအတွင်း နတ်အဆင့်ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်သည်ဟူသော အချက်ကို မယုံကြည်ချင်ကြပေ။
ဤသည်မှာ လူသားများ ပြဋ္ဌာန်းထားသော လူသိရှင်ကြား သရုပ်ဆောင်မှု တစ်ခုသာဖြစ်မည်ဟု ထင်မြင်နေကြသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် လူသားများကြားတွင် မည်သို့မျှ ပေါ်ပေါက်လာနိုင်မည်နည်း။ ဤသို့သော ပုဂ္ဂိုလ်မျိုးသည် အဏ္ဏဝါမျိုးနွယ်စုကြား၌ပင် အင်အားကြီးမားသည့် ပုဂ္ဂိုလ်မျိုးဖြစ်ပေလိမ့်မည်။
သို့သော် ပထမအကျဉ်းထောင်တစ်ခွင်လုံးတွင် လုံခြုံရေး ကင်မရာများရှိနေ၍ ပြသလာသည့် အချို့သော ဗွီဒီယိုများဖြင်ပင် ထိုနတ်အဆင့်များကို ချူးယွင်ဖန်းက မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်ကို သက်သေပြရန် လုံလောက်သည်။ သူ၏ တိုက်ပွဲပုံစံ သို့မဟုတ် လျှို့ဝှက်သိုင်းပညာများအကြောင်း အချက်အလက်များစွာမရှိကြသော်လည်း ထိုဖြစ်စဉ်သည် ပြင်ပကမ္ဘာအတွက် အံ့အားသင့်ဖွယ်ဖြစ်စေခဲ့သည်။
၎င်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်ဟုပင် ဆိုနိုင်သည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်လာခြင်းနှင့်ပတ်သက်၍ ကောလာဟလမျိုးစုံ ပျံ့နှံ့ခဲ့၍ ရပ်တန့်ခြင်း မရှိခဲ့ပေ။ ပြည်ထောင်စုသည် ပြည်သူများ၏ စိတ်နှလုံးကို အေးချမ်းစေရန်အတွက် ဤသို့သော ပုဂ္ဂိုလ်မျိုး အမှန်တကယ် လိုအပ်နေသည်။
ထို့အပြင် ရန်သူများစွာကို တားဆီးရန်အတွက်လည်း အရေးပါနေခဲ့သည်။ နတ်အဆင့်များကို ထောင်ချောက်ဆင်ခြင်း သို့မဟုတ် အမြောက်အမြား ပစ်လွှတ်ခြင်း မဟုတ်ပါက နျူကလီယားဗုံးများကို အသုံးပြုခြင်းသည် နောက်ဆုံးခိုကိုးရာသာဖြစ်ရာ၊ အကြံအစည်ကို သိရှိပြီးသွားသည်နှင့် ၎င်းတို့ကို သတ်ဖြတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သိုင်းပညာ ကျွမ်းကျင်သူတစ်ဦးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အကောင်းဆုံး နည်းလမ်းသည် သိုင်းပညာ ကျွမ်းကျင်သူတစ်ဦးကို အသုံးပြုခြင်းဖြစ်သည်။ ယခုဆိုလျှင် ပြည်ထောင်စုအတွင်း၌ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်ရှိမျိုး ပေါ်ထွက်လာခြင်းသည် ပြင်ပရှိ လူများအတွက် သတင်းကောင်း မဟုတ်ပေ။ ပြည်ထောင်စုကို သိမ်းပိုက်ရန် မျှော်လင့်နေကြသော နတ်ကုန်းမြေအတွက်လည်း သတင်းကောင်း မဟုတ်ခဲ့ပေ။
ဤကာလအတွင်း နတ်ကုန်းမြေသည် အင်တာနက်ပေါ်တွင် ၎င်းတို့အကြောင်းနှင့် ပတ်သက်၍ ကြော်ငြာနေခဲ့ကြသည်။ လက်ရှိ ပြည်ထောင်စုတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ နည်းပါးနေပြီဖြစ်ကြောင်း သိသာထင်ရှားသည်။ အဏ္ဏဝါမျိုးနွယ်စု သို့မဟုတ် အနတ္တနတ်ဆိုးတောင်တန်းနှင့် နှိုင်းယှဥ်လျှင် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်သည် များစွာ နိမ့်ကျလှသည်။
နည်းပညာမြင့် လက်နက်များ၏ အကာအကွယ်သာ မရှိခဲ့ပါက ပြည်ထောင်စုကို သိမ်းယူပြီးခဲ့ဖြစ်သည်။ ဤသည်မှာ နတ်ကုန်းမြေ၏ ခွန်အားဖြစ်သည်။ ၎င်းတို့နှင့် ပြည်ထောင်စုကြားက ပူးပေါင်းဆောင်ရွက်မှုသည် လူသားများအတွက် ခွန်းလွန် နယ်မြေတွင် အခိုင်အမာ ခြေကုပ်ယူ၍ ၎င်းကို အုပ်ချုပ်ရန် အကောင်းဆုံး အာမခံချက်ဖြစ်သည်။
မှန်ကန်စွာပြောရမည်ဆိုလျှင် နတ်ကုန်းမြေသည် ပြည်ထောင်စုထံ ထိုးဖောက်ဝင်ရောက်မှုကို အချိန်အတော်ကြာကတည်းက စတင် ဆောင်ရွက်ခဲ့ကြသည်။ ယခုအချိန်မှသာ အမှောင်မှ အလင်းသို့ စတင် ပြောင်းရွေ့လာခြင်းဖြစ်သည်။
နတ်ကုန်းမြေသည် အချိန်အတိုင်းအတာတစ်ခုအထိ အင်တာနက်ပေါ်တွင် အထောက်အပံ့များစွာ ရရှိခဲ့ကြသည်။ ပြည်ထောင်စုသည် သမ္မတကြီး ပျောက်ကွယ်သွားပြီးနောက် ထိတ်လန့်တုန်လှုပ်ခဲ့ကြ၍ နတ်ကုန်းမြေရှိ ကျွမ်းကျင်သူ အများအပြား ဝင်ရောက်လာခြင်း၏ အကျိုးကျေးဇူးများသည် သိသာထင်ရှားသည်။ ပြည်ထောင်စု၏ အဆင့်မြင့် အင်အားစုသည် အနတ္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုနှင့် ယှဉ်ပြိုင်နိုင်သည်အထိ နေ့ချင်းညချင်း တိုးတက်လာခဲ့သည်။
သို့သော် ချူးယွင်ဖန်း၏ ရုတ်တရက် ပေါ်ပေါက်လာမှုသည် လူအများ၏ ထိတ်လန့်မှုများကို ပျောက်ကွယ်သွားစေသည်။ ပြည်ထောင်စုသည် အဆုံးတွင် ကိုယ်ပိုင် ကျွမ်းကျင်သူများရှိနေ၍ ပြင်ပအင်အားစုများကို အားကိုးနေရန် မလိုအပ်ပေ။ နတ်ကုန်းမြေသည် ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လိုအပ်ချက်များ များစွာ တောင်းဆိုခဲ့ကြသည်။ ၎င်းတို့၏ အခြားသူများထက် သာလွန်သကဲ့သို့သော အပြုအမူသည် လူအများကို စိတ်မကျေမနပ်ဖြစ်စေခဲ့သည်။
ထို့အပြင် နတ်ကုန်းမြေသည် ပြည်ထောင်စု၏ ထူးချွန်ထက်မြက်သော လူငယ်များစွာကို ဒဏ်ရာရရှိစေခြင်း သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ချူးယွင်ဖန်းသည်လျှင်ပင် တစ်ကြိမ်ထက်မက လိုက်လံ တိုက်ခိုက်ခံခဲ့ရသည်။ ၎င်းတို့တွင် ပိုမို ကောင်းမွန်သော ရွေးချယ်မှုတစ်ခုရှိမည်ဆိုလျှင် နတ်ကုန်းမြေနှင့် ပူးပေါင်းဆောင်ရွက်မည့် စိတ်ကူးကို ထုံးစံအတိုင်း ငြင်းပယ်ကြပေလိမ့်မည်။
ချူးယွင်ဖန်း၏ လက်ရှိအသက်အရွယ်အရ၊ သူသည် နောက်ထပ်ဆယ်နှစ် သို့မဟုတ် နှစ်ဆယ်အတွင်း သမ္မတကြီးနှင့် တန်းတူဖြစ်လာနိုင်သည်။ ထိုအချိန်တွင် ပြည်ထောင်စုသည် ၎င်းတို့၏ နာယက သူတော်စင်ကို ရရှိမည်ဖြစ်၍ ယခုကဲ့သို့ အရှက်ရသည့်အဖြစ်မျိုး ကြုံတွေ့ရမည်မဟုတ်ပေ။
ထိုသို့သော အခြေအနေမျိုးတွင် ပြည်ထောင်စုအတွင်း ပြည်သူလူထု၏ အမြင်များ ရုတ်တရက် ပြောင်းလဲသွားကြသည်။ ထို့အပြင် ပြည်ထောင်စုအတွင်း နတ်ကုန်းမြေနှင့် လိုက်လျောညီထွေပြုမူ၍ ဝေစားမျှစားရန် ဆန္ဒမရှိကြသော ထိပ်တန်း အင်အားစုတချို့ရှိနေသောအခါ ချူးယွင်ဖန်းက ထိုနေရာတွင် ရှိနေခဲ့သည်။
ဤအခြေအနေတွင် ချူးယွင်ဖန်းသည် စစ်ပွဲ၏ရှေ့တန်းသို့ တွန်းပို့ခံရကာ အနတ္တနတ်ဆိုးတောင်တန်း၊ အဏ္ဏဝါမျိုးနွယ်စုနှင့် နတ်ကုန်းမြေတို့၏ ရန်သူဖြစ်လာသည်။ ၎င်းတို့သည် သူ့ကို အလွန်ကြောက်ရွံ့ကြသည့်အပြင် အလွန် သတ်ဖြတ်ချင်နေကြသည်။ အနတ္တ နတ်ဆိုးတောင်တန်းနှင့် ယခုတစ်ကြိမ် အရှုံးအများဆုံး ခံစားခဲ့ရသော မြင့်မြတ်သော နဂါးပျံတိုင်းပြည်သည် ချူးယွင်ဖန်းကို သူ၏သွေးနှင့် ပြန်လည် ပေးဆပ်စေလိုသည်ဟု ဆိုခဲ့ကြသည်။
နတ်အဆင့် မွန်းစတား အယောက်နှစ်ဆယ်ထက်မနည်း ဆုံးရှုံးခဲ့ခြင်းသည် စစ်တပ် အများအပြား ပိုင်ဆိုင်သူများအဖြစ် အမြဲနာမည်ကြီးခဲ့သည့် မြင့်မြတ်သော နဂါးပျံတိုင်းပြည်အတွက် ဆိုးရွားဖွယ် ရှုံးနိမ့်မှုတစ်ခုဖြစ်သည်။ ထို့အပြင် ချူးယွင်ဖန်းသည် အလွန် ငယ်ရွယ်သေးသည်။ သူသည် လူအများ၏အမြင်တွင် ဆူးညှောင့်တစ်ပင်ဖြစ်လာကာ သူ၏အနာဂတ်သည် ပြိုင်ဘက်ကင်းလှသည်။
မုန်တိုင်း၏ အောက်ခြေတွင် ဒီရေလှိုင်းများ တစ်ဟုန်ထိုး တိုးမြင့်လာခဲ့သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် သူ့ကြောင့် ပြင်ပကမ္ဘာတစ်ခုလုံး ပရမ်းပတာဖြစ်နေခြင်းကို မသိခဲ့ပေ။ သူသည် မိုးကြိုးမုန်တိုင်းပင်လယ်ဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး အပြေးနှင်နေခဲ့သည်။ ထိုအခါ မိုးကြိုးတောင်ပံသားရဲနှင့် တန်စီယုကို မိုးကြိုးမုန်တိုင်းပင်လယ်ပြင်တွင် မြင်တွေ့လိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဒုတိယမြောက် နတ်အဆင့်သို့ ဖြတ်ကျော်သွားပြီဖြစ်သည်။
တန်စီယုသည် ချူးယွင်ဖန်းကို တွေ့သောအခါ အလျင်အမြန် ပြေးလာ၍ စိုးရိမ်စွာ မေးမြန်းလိုက်သည်။
"ဘယ်လိုလဲ၊ ပထမအကျဉ်းထောင်မှာ အခြေအနေ ဘယ်လိုရှိလဲ"
"အားလုံး အဆင်ပြေသွားပါပြီ၊ စိတ်မပူပါနဲ့"
ချူးယွင်ဖန်းသည် တိုက်ပွဲနှင့် ပတ်သက်သော အခြေအနေများအကြောင်း တန်စီယုထံ ပြောပြလိုက်သည်။ တန်စီယုသည် ဤတိုက်ပွဲတွင် နတ်အဆင့်များစွာ ပါဝင်နေကြောင်း သိလိုက်သောအခါ မထိန်းချုပ်နိုင်ဘဲ ပင့်သက်ရှိုက်မိသွားသည်။ စုစုပေါင်း နတ်အဆင့် အယောက် ငါးဆယ်ကျော်မျှ ရှိခဲ့ကြရာ၊ ၎င်းအရေအတွက်သည် ပြည်ထောင်စုပင် အချိန်တိုအတွင်း ရှာမတွေ့နိုင်လောက်အောင် များပြားသည့် အင်အားစုမျိုးဖြစ်သည်။
ချူးယွင်ဖန်းသည် ဤအရာအားလုံးကို ပေါ့ပေါ့တန်တန် ပြောပြခဲ့သော်လည်း တိုက်ပွဲသည် အလွန် အန္တရာယ်များသည်ဟု သူမ ခံစားမိဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားကို ဖွင့်၍ အနက်ရောင် နဂါးဘုရင်ကိုလည်း လွှတ်ပေးလိုက်သည်။ တန်စီယုသည် ထို့ကြောင့်သာ ချူးယွင်ဖန်းက စစ်မြေပြင်ကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့ကြောင်း ယုံကြည်သွားခဲ့သည်။
အနက်ရောင် နဂါးဘုရင်သည် သူမကို ပြင်းထန်သော ဖိအားမျိုး ခံစားရစေသည်။ နဂါးသည် သူ၏စွမ်းအင်ကို အလွန်အကဲ ချုပ်နှောင်ထားပြီးဖြစ်သော်လည်း ၎င်း၏ ဖိနှိပ်မှုအဆင့်သည် ကျန်ရှိနေဆဲဖြစ်သည်။ ဤသည်မှာ အနက်ရောင် နဂါးဘုရင်၏ မိုးကြိုးမုန်တိုင်းပင်လယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာမှုဖြစ်၍ သတိလက်လွတ်ဖြစ်သွားမိသည်။ ကောင်းကင်ကို လွှမ်းခြုံနေသည့် မိုးကြိုးမုန်တိုင်းများ ပြိုကျလာ၍ သူ့ကို နစ်မွန်းလုနီးပါး ဖြစ်သွားစေသည်။ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် ပစ်ခတ်ခံရကာ သွေးများ လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် သူသည် အဆင်ပြေနေမြဲဖြစ်သော ချူယွင်ဖန်နှင့် အခြားလူများကို ကြည့်လိုက်သည်။ အထူးသဖြင့် ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော လျှပ်စီးစွမ်းအင်များကို စုပ်ယူကာ သူ၏ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲနေခဲ့သည်။ အနက်ရောင် နဂါးဘုရင်သည် ဤဖြစ်စဉ်ကို အလွန် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ချူးယွင်ဖန်းသည်လည်း တွန့်တိုနေခြင်း မရှိဘဲ အနက်ရောင် နဂါးဘုရင်ကို ကောင်းကင်ဝါးမျိုခြင်းပညာကို သင်ကြားပေးခဲ့သည်။ နဂါးသည် အဖိုးတန်ရတနာတစ်ခုကို ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အသတ်မခံရစေရန်အတွက် ဤမိုးကြိုးသွားများ၏ စွမ်းအင်ကို မကြာမီတွင် စုပ်ယူနိုင်ခဲ့သည်။
သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ကြီးထွားလာသည့် နတ်စွမ်းအင်ကိုပင် ခံစားရနိုင်သည်။ ၎င်းသည် အများအပြား မဟုတ်သော်လည်း လိပ်တစ်ကောင်၏ မူလက အရှိန်အဟုန်နှင့် နှိုင်းယှဉ်လျှင် အလွန် အထင်ကြီးဖွယ်ကောင်းလှသည်။ နောက်ဆုံးတွင် မွန်းစတားများနှင့် လူသားများသည် ကွဲပြားခြားနားသည့်အပြင် ၎င်းတို့၏ ကျင့်ကြံမှုစနစ်နှင့် အမြန်နှုန်းသည်လည်း လုံးလုံးလျားလျား ကွဲပြားပေသည်။
"အချိန်ကိုက် ပြန်ရောက်လာတာပဲ၊ ယွင်ဖန်း"
တန်စီယုသည် ချူးယွင်ဖန်း အဆင်ပြေနေကြောင်း သေချာသွားသည်နှင့် သူမ သက်ပြင်းချ၍ နောက်ထပ်အကြောင်းအရာတစ်ခုကို တင်ပြလာသည်။
"ကျွန်မတို့ ဒီမှာရှိနေတုန်း တစ်ဖွဲ့ထက်မကတဲ့ အဏ္ဏဝါမျိုးနွယ် တပ်ဖွဲ့တွေ မိုးကြိုးမုန်တိုင်းပင်လယ်ထဲ ဝင်လာကြတာကို တွေ့လိုက်တယ်" တန်စီယုက ခေတ္တရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။
"ရှင် ပြန်မလာခင် ကျွန်မနဲ့ မိုးကြိုးတောင်ပံသားရဲနဲ့ စုံစမ်းဖို့ စီစဉ်နေတာ"