← Chapters

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-954

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-954

အခန်း (၉၅၂) အဏ္ဏဝါမျိုးနွယ်စု၏ စုံစမ်းစစ်ဆေးမှု၊ မိုးကြိုးမုန်တိုင်းပင်လယ်က အထွတ်အမြတ်ဂူ

"အဏ္ဏဝါမျိုးနွယ်စုတပ်သားတွေ ဟုတ်လား" ချူးယွင်ဖန်းသည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

မိုးကြိုးမုန်တိုင်းပင်လယ်သည် အဏ္ဏဝါမျိုးနွယ်စုများအတွက် တားမြစ်ထားသည့် နယ်မြေဖြစ်သောကြောင့် ၎င်းတို့ နှစ်သက်သကဲ့သို့ ဝင်ထွက်သွားလာရန် မဝံ့ရဲကြရာ၊ နတ်အဆင့်လျှင်ပင် ခြွင်းချက်မရှိပေ။

"ဟုတ်တယ်။ အဏ္ဏဝါမျိုးနွယ်စုတပ်သားတွေ" တန်စီယုက သေချာစွာ ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါအပြင် တပ်ဖွဲ့က တစ်ခုထက်မကဘူး။ ကံကောင်းတာက ဒီနေရာရဲ့ ပတ်ဝန်းကျင်က အရမ်း ကြမ်းတမ်းပြီး မြင်နိုင်စွမ်းနည်းတော့ သူတို့တွေ ကျွန်မတို့ကို မတွေ့သွားဘူး"

"သူတို့တွေ တစ်ခုခု ကြံစည်နေတယ်လို့ ကျွန်မ ခံစားမိတယ်။ မဟုတ်ရင် ဒီကို လာဖို့အတွက် သူတို့ အဲ့လောက် စွန့်စားမှာ မဟုတ်ဘူး"

ချူးယွင်ဖန်းက ခေတ္တစဉ်းစားပြီးနောက် တန်စီယုပြောသည့် စကားများက အတော်လေး အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

"အဏ္ဏဝါတပ်သားတွေက မိုးကြိုးမုန်တိုင်းပင်လယ်ထဲ ဝင်နိုင်ဖို့ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရမှာ သေချာတယ်။ သူတို့တွေ ဒီနေရာကို အလည်အပတ် အနေနဲ့ ရောက်နေတာတော့ မဟုတ်လောက်ဘူး။ တောင်မြစ်ပန်းချီကားထဲ ဝင်ပြီး စောင့်နေ၊ ကိုယ် သွားစုံစမ်းလိုက်မယ်"

တန်စီယုက ခေါင်းညိတ်လိုက်ပြီးနောက် မိုးကြိုးတောင်ပံသားရဲ၊ အနက်ရောင်နဂါးဘုရင်တို့နှင့်အတူ တောင်မြစ်ပန်းချီကားထဲသို့ ဝင်သွားခဲ့သည်။ ချူးယွင်ဖန်းသည် လျှပ်စီးကဲ့သို့ ပင်လယ်မျက်နှာပြင်ကို ဖြတ်သန်းကာ မိုးကြိုးမုန်တိုင်းပင်လယ်၏ နက်ရှိုင်းသော နေရာသို့ ပျံသန်းသွားတော့သည်။

ထိုနေရာရှိ မိုးကြိုးစွမ်းအင်များသည် အပြင်ထက် များစွာ ပိုမို ကြွယ်ဝ၍ လျှပ်စီးကြောင်းများစွာသည် နေရာတိုင်းတွင် ပစ်ခတ်လျက်ရှိသည်။ ၎င်းတို့ကို ဆွဲဆောင်ရန်ပင် မလိုအပ်ရာ၊ တစ်စုံတစ်ယောက်သည် ခြေလှမ်း အနည်းငယ် လျှောက်လှမ်းလိုက်သရွေ့ ၎င်းတို့ခန္ဓာကိုယ်ကို ရိုက်ခတ်လာမည့် အမျိုးမျိုးသော လျှပ်စီးကြောင်းများစွာနှင့် ကြုံတွေ့ရပေလိမ့်မည်။

ဤသို့သော နေရာမျိုးတွင် မြင်နိုင်စွမ်းရည်သည် အလွန် နည်းပါးသည်။ နတ်အဆင့်များလျှင်ပင် ဤနေရာတွင် အခက်တွေ့ရမည်ဖြစ်သောကြောင့် မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ အလွန်နက်ရှိုင်းစွာ မသွားနိုင်ကြပေ။ အကယ်၍ ၎င်းတို့သာ နက်ရှိုင်းသော နေရာသို့ အနည်းငယ် ပို၍ သွားမိပါက၊ အဆုံးမဲ့ မိုးကြိုးသွားများကြောင့် လုံးလုံးလျားလျား ပျက်စီးသွားပေလိမ့်မည်။

သို့သော်လည်း ချူးယွင်ဖန်းသည် တန်စီယုပြောသည့်အတိုင်း အထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသောအခါ အဏ္ဏဝါမျိုးနွယ်စု၏ တပ်ဖွဲ့များစွာသည် ထိုနေရာတွင် တပ်စွဲထားကြောင်း တွေ့လိုက်ရသည်။ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးစွမ်းအင်များ ၎င်းတို့အပေါ်သို့ ကျရောက်ချိန်တွင် ၎င်းတို့ ခန္ဓာကိုယ်ပေါ်ရှိ မန္တန်များကြောင့် တွန်းကန်ထွက်သွားစေသည်။

ဤမန္တန်များသည် မိုးကြိုးစွမ်းအင်ကို တားဆီးနိုင်သည့် အလင်းရောင်များဖြင့် တောက်ပနေသည်။ ၎င်းတို့သည် မိုးကြိုးခုခံခြင်းမန္တန် ဟုခေါ်သည့် ထူးခြားသော မန္တန်တစ်ခုဖြစ်သည်။ ၎င်းသည် ရှေးဟောင်းလူသားများကာလတွင် အလွန် ခေတ်စားခဲ့သည့် မန္တန်တစ်ခု ဖြစ်သည်။ လူသားအသွင်ဆောင်ထားသည့် အဏ္ဏဝါတပ်ဖွဲ့ဝင်များအပြင် လျှပ်စီးအရည်အဖြစ် အသွင်ပြောင်းထားသည် အဏ္ဏဝါ မွန်းစတားများစွာလည်းရှိနေကြောင်း ချူးယွင်ဖန်း မြင်တွေ့နိုင်သည်။

၎င်းတို့အားလုံးသည် အဏ္ဏဝါမျိုးနွယ်စုများ ပိုင်ဆိုင်သည့် အင်အားကြီး သားရဲများဖြစ်ကြသည်။ ချူးယွင်ဖန်းသည် ၎င်းကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ အဏ္ဏဝါမျိုးနွယ်စုများတွင် အနတ္တ နတ်ဆိုးတောင်တန်းနှင့် အနည်းငယ် ဆင်တူသော ဖွဲ့စည်းပုံများရှိသော်လည်း ကွဲပြားမှုအချို့ရှိနေသေးသည်။

အဏ္ဏဝါမျိုးနွယ်စုများသည်လည်း မျိုးနွယ်စုဟု လူသိများကြသည့် ကွဲပြားခြားနားသော မျိုးနွယ်စုများဖြင့် နေထိုင်ကြရာ၊ ဤတပ်ဖွဲ့များတွင် အနည်းဆုံး မျိုးနွယ်စုများစွာ ပါရှိကြောင်း ချူးယွင်ဖန်း ပြောနိုင်သည်။ မျိုးနွယ်စုများစွာကို အုပ်စိုးရန်အတွက် ခေါင်းဆောင်ကို မျိုးနွယ်စုကြီးအဖြစ် သတ်မှတ်ရမည်ဖြစ်ရာ၊ သာမာန် မျိုးနွယ်စုများတွင် ထိုသို့သော စွမ်းရည်မျိုး မရှိကြပေ။

ဤအဏ္ဏဝါမျိုးနွယ်စုသည် မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ ထူးဆန်းစွာ ဝင်ရောက်လာကြ၍ ၎င်းဖြစ်စဉ်အတွက် များစွာသော အဖိုးအခများကို ပေးဆောင်ခဲ့ရသည်။ မိုးကြိုးခုခံခြင်းမန္တန်တစ်ခုဖြင့်ပင် လုံလုံလောက်လောက် တန်ဖိုးကြီးလှပြီဖြစ်သော်လည်း ၎င်းသည် မတည်မြဲပေ။ မန္တန်သည် ထိုကဲ့သို့ ပြင်းထန်သော မိုးကြိုးသွားများ၏ တိုက်ခိုက်မှုအောက်တွင် ကြာရှည်မခုခံသောကြောင့် မကြာခဏ အစားထိုးရပေလိမ့်မည်။

ဤပစ္စည်းများ၏ တန်ဖိုးသည် အလွန် ကြီးမားလှသည်။ ယင်းဖြစ်စဉ်အရ အဏ္ဏဝါမျိုးနွယ်စု၏ ပန်းတိုင်သည် မရိုးရှင်းကြောင်း ပိုမိုထင်ရှားသွားစေသည်။ ကံကောင်းထောက်မစွာဖြင့် အဆုံးမဲ့ မိုးကြိုးသွားများသည် ချူးယွင်ဖန်း၏ တည်နေရာကို ဖုံးကွယ်နိုင်ခဲ့သည်။ သူသည် ၎င်း၏ စွမ်းအင်များကို စုပ်ယူ၍ မိုးကြိုးသွားများ၏ အလယ်တွင် ကျင့်ကြံလျက် အဏ္ဏဝါတပ်ဖွဲ့များ၏ လှုပ်ရှားမှုကို စောင့်ဆိုင်းနေခဲ့သည်။

ရေတပ်သည် နောက်တစ်နေ့အကြာတွင် လှုပ်ရှားလာကြသည်။ တတိယမြောက် သို့မဟုတ် စတုတ္ထမြောက်ဝန်းကျင်ရှိ နတ်အဆင့် ခုနစ်ဦးပါဝင်သောလူတစ်စုက ဦးဆောင်နေသည်။ ဤကျင့်ကြံမှုသည် အဏ္ဏဝါမျိုနွယ်စုများကြားတွင် အားနည်းသည်ဟု မယူဆနိုင်ပေ။ သို့သော် ဤနတ်အဆင့်များသည် လမင်းကို ကြယ်များဝန်းရံထားသကဲ့သို့ အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးကို ဝိုင်းရံထားကြသည်။ ဤလူသည် အနက်ရောင် အကြေးခွံများဖြင့် လွှမ်းခြုံထား၍ အလွန် အင်အားကြီးမားပုံရသည်။ သူသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေ၍ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကို အဝေးကပင် ခံစားနိုင်သည်။

'ဆဌမမြောက် နတ်အဆင့်' ချူးယွင်ဖန်းသည် ထိုလူ၏အင်အားကို ချက်ချင်း ဆုံးဖြတ်နိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ လက်ရှိ အင်အားအဆင့်ဖြင့် သာမန် ပဉ္စမမြောက် နတ်အဆင့်များသည် သူနှင့် မယှဉ်ပြိုင်နိုင်ကြရာ၊ သူသည် ၎င်းတို့ကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။ သူသည် ဆဌမအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ချူးယွင်ဖန်းက စိတ်ပူပန်ခြင်း မရှိပေ။ သို့သော် ဤကျွမ်းကျင်သူ၏ အသွင်အပြင်သည် သူ့ကို နိုးကြားသွားစေခဲ့သည်။ ဆဋ္ဌမမြောက် နတ်အဆင့်သည် အကောင်းဆုံးအဆင့်ဟု သတ်မှတ်နိုင်၍ လက်ရှိ ပြည်ထောင်စုအတွင်း ထိုအဆင့်ရှိ ကျွမ်းကျင်သူများ ရှိမရှိ ပြောရန် ခက်ခဲလှပေသည်။

အတိတ်တွင် သမ္မတကြီး၏ စွမ်းအင်သည် ဤအဆင့်ကို ရောက်ရှိ၍ ကျော်လွန်သွားခဲ့သည်မှာ သေချာသော်လည်း ထိုအဆင့်သို့ ကျင့်ကြံနိုင်ခဲ့သူသည် သူ တစ်ဦးတည်းသာဖြစ်သည်။ ယခုကဲ့သို့ သမ္မတကြီး ပျောက်ဆုံးနေချိန်တွင် အဏ္ဏဝါမျိုးနွယ်စု၏ ဤကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးသည် ကမ္ဘာကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သည်အထိ ပြုနိုင်ပေသည်။

၎င်းတို့ကို ထိန်းချုပ်နိုင်သူ မရှိသလောက်နီးပါး နည်းပါးသည်ဟုပင် ဆိုနိုင်သည်။ ချူးယွင်ဖန်းသိထားရသလောက် ဤအဆင့်ရှိ ကျွမ်းကျင်သူများသည် မည်သည့် အင်အားစုများမှ ဆင်းသက်လာပါစေ၊ ၎င်းတို့၏ အသက်ဓာတ်များ မကုန်ဆုံးခင် အဆင့်ဖြတ်ကျော်မှုများ ပြီးမြောက်နိုင်ရန်အတွက် မကြာခဏဆိုသလိုပင် သီးသန့်ကျင့်ကြံလေ့ရှိသည်။ ထိုပုဂ္ဂိုလ်မျိုး သီးသန့်ကျင့်ကြံမှုမှ ထွက်လာစေရန် ရုတ်တရက် အလွန် ကြီးမားဖြစ်ရပ်များ ဖြစ်ပွားခြင်းမှလွဲ၍ လက်ရှိကိစ္စရပ်သည် အကျိုးကျေးဇူးများစွာ ပါရှိနေခြင်း ဖြစ်နိုင်သည်။

အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားသည် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ ချက်ခြင်းဆိုသလိုပင် ထောင်ပေါင်းများစွာသော အဏ္ဏဝါ တပ်ဖွဲ့တစ်ခုလုံး လှုပ်ရှားလာကာ မိုးကြိုးမုန်တိုင်းပင်လယ်၏ အနက်ရှိုင်းဆုံး အရပ်ဆီသို့ ဦးတည်သွားကြလေသည်။ အခြားသော နတ်အဆင့် ကျွမ်းကျင်သူများက ဦးဆောင်နေသည်။

ချူးယွင်ဖန်းသည် တီးတိုး ရေရွတ်လိုက်ပြီးနောက် ၎င်းတို့အနောက်သို့ လိုက်သွားခဲ့သည်။ သူသည် ခပ်လှမ်းလှမ်းမှ ခြေရာခံနေခဲ့ရာ၊ အဏ္ဏဝါတပ်ဖွဲ့ဝင်များသည် မကြာမီ မိုးကြိုးမုန်တိုင်းပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားလေ၏။ အနက်ရှိုင်းဆုံးနေရာရှိ မိုးကြိုးသွားများသည် မိုးသက်မုန်တိုင်းကဲ့သို့ သည်းထန်လွန်းနေသည်။ ချူးယွင်ဖန်းလျှင်ပင် ယခင်အချိန်ကကဲ့သို့ အာရုံမပျက်ပြားဝံ့ဘဲ မိုးကြိုးစွမ်းအင်ကို စုပ်ယူရန် အာရုံစူးစိုက်ထားရသည်။

အဏ္ဏဝါစစ်တပ်များသည်လည်း မိုးကြိုးခုခံခြင်းမန္တန်ကို အဆက်မပြတ် လဲလှယ်နေရသည်။ ဤမန္တန်များ မရှိပါက ထောင်နှင့်ချီသော စစ်တပ်များ ချက်ချင်း နစ်မြုပ်သွားပေလိမ့်မည်။ ဤစစ်တပ်ကြီး၏နောက်ကွယ်မှ လိုက်လာသော ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ၎င်းတို့၏ပန်းတိုင်ကို နားလည်သဘောပေါက်သွားသည်။

ဤတားမြစ်နယ်မြေအတွင်းရှိ တားမြစ်နယ်မြေ၊ ဤခက်ထန်သောကုန်းမြေအတွင်းရှိ ခက်ထန်သောကုန်းမြေတွင် နတ်ဘုရားများ ကိန်းအောင်းနေသည်ဟုဆိုကာ မိုးကြိုးမုန်တိုင်းပင်လယ်အထက်တွင် မျောပါနေသည့် ကြီးမားသော အထွတ်အမြတ် ဂူကြီးတစ်ခုရှိနေသည်။ အဆုံးမရှိသော မိုးကြိုးစွမ်းအင်သည် ဂူပေါ်သို့ မကျရောက်ဘဲ ပတ်ပတ်လည်တွင် ဝဲကျလျက်ရှိသည်။

အတားအဆီးတစ်ခုသည် ဂူတစ်ခုလုံးကို ဝန်းရံထားရာ၊ မိုးကြိုးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့်နှယ် အတားအဆီးမှ အပြာရောင် အလင်းတန်းတစ်ခု စီးဆင်းနေကြောင်း မြင်တွေ့ရနိုင်သည်။ ချူးယွင်ဖန်းသည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ လမ်းကို ဦးဆောင်သူကြောင့်သာ မဟုတ်လျှင် ပင်လယ်ပြင်တွင် ဤသို့နေရာမျိုး ရှိနေမည်ဟု မှန်းဆမိမည် မဟုတ်ပေ။

သူသည် မိုးကြိုးမုန်တိုင်းပင်လယ်ကို ဖြတ်သန်း၍ ဤစစ်တပ်ကို နေ့ရောညပါ လိုက်ပါလာခဲ့သည်။ ဤနေရာရှိ ပတ်ဝန်းကျင်အနေအထားသည် အလွန် ကြမ်းတမ်းသည်။ မြင့်မားသည့် ကျင့်ကြံမှုအဆင့်ရှိသော သိုင်းပညာရှင်များအတွက်ပင် အရှေ့သို့တက်လှမ်းရန် ခက်ခဲလှသည်။ လမ်းကြောင်းဖွင့်ပေးမည့် နတ်အဆင့်ကျွမ်းကျင်သူမရှိလျှင်၊ မိုးကြိုးခုခံခြင်းမန္တန်ဖြင့်ပင် ဤနေရာသို့ လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။

မိုးကြိုးခုခံခြင်းမန္တန် သုံးစွဲမှုနှုန်းသည် အလွန် ကြီးမားပေသည်။ အကယ်၍ အဆိုပါပစ္စည်းများကို ပြည်ထောင်စုတွင် လေလံတင်ရောင်းချမည်ဆိုပါက၊ တစ်ရက်နှင့်တစ်ညတွင် သုံးစွဲခဲ့သည့် မန္တန်အားလုံးသည် အနည်းဆုံးလျှင် ယွမ်ဆယ်ဘီလီယံအထိ ရရှိနိုင်ပေလိမ့်မည်။ အဏ္ဏဝါမျိုးနွယ်စုများသည် ဤနေရာသို့ ဝင်ရောက်ရန်အတွက် သောင်းနှင့်ချီသော ဘီလီယံပေါင်းများစွာကိုပင် စတေးရန် ဆန္ဒရှိရသည့် အကြောင်းရင်းမှာ မိုးကြိုးမုန်တိုင်းပင်လယ်ပြင်ရှိ အထွတ်အမြတ် လှိုဏ်ဂူကြောင့် ဖြစ်သည်မှာ သိသာထင်ရှားသည်။

အခန်း (၉၅၃) အခွင့်အရေးကို စောင့်ဆိုင်းခြင်း

ထောင်နှင့်ချီသော စစ်သားများသည် ကြီးမားလှသော လှိုဏ်ဂူကြီးအရှေ့သို့ ရောက်သောအခါ အစီစဉ်တကျ လိုက်နာဆောင်ရွက်ကာ ၎င်းတို့ သယ်ယူလာသော ပစ္စည်းများမှ အမြောက်ဒါဇင်ပေါင်းများစွာကို ထုတ်ယူလာကြသည်။

အဆိုပါ အမြောက်အသီးသီးသည် အချင်း သုံးမီတာကျော် ရှိသည်။ ဤသည်မှာ သာမန်လူတစ်ယောက် ရွေ့လျားနိုင်သည့် အရာများ မဟုတ်ပေ။ သို့သော် အဏ္ဏဝါမျိုးနွယ်စုများ၏ ပင်ကိုယ်စွမ်းအင်ကြောင့် အဆိုပါ အမြောက်များကို မိုးကြိုးမုန်တိုင်းပင်လယ်၏ နက်ရှိုင်းသော အရပ်ဆီသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။

'အဏ္ဏဝါမျိုးနွယ်စုမှာတောင် အမြောက်တွေ ရှိနေပြီ။ ဒါက ပြည်ထောင်စုအတွက် သတင်းကောင်းမဟုတ်ဘူး' ချူးယွင်ဖန်းက တွေးလိုက်သည်။

ပြည်ထောင်စုသည် သိုင်းပညာထက်ပင် ပိုမိုအရေးပါ၍ သာလွန်ကောင်းမွန်သည့် နည်းပညာမြင့်စွမ်းအင်ကို အမှီပြုကာ ကမ္ဘာပေါ်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အနတ္တ နတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါလူမျိုးများသည် ဤအရာကို ရှင်းရှင်းလင်းလင်း သဘောပေါက်လာကာ ၎င်းတို့နှင့်အမီ လိုက်လာကြသည်။ ၎င်းတို့သည် လူသားများနှင့် မနှိုင်းယှဉ်နိုင်သေးသော်လည်း ၎င်းတို့၏ မူလအခြေအနေတွင် မရှိတော့ပေ။

ဤသည်မှာ ပြည်ထောင်စုအတွက် ကောင်းမွန်သော အခြေအနေမဟုတ်ပေ။ မကြာမီတွင် မိုးကြိုးခုခံခြင်းမန္တန်၏ ကာကွယ်မှုအောက်တွင် ဒါဇင်ပေါင်းများစွာသော အမြောက်များ ပွင့်သွားသောကြောင့် ချူးယွင်ဖန်းတွင် ထိုအချက်ကို စဉ်းစားရန် အချိန်မရှိတော့ပေ။

ဘုံး

ဘုံး

ဘုံး

အဆုံးမဲ့ မိုးကြိုးမုန်တိုင်းများ ပြည့်နှက်နေသည့် မိုးကြိုးမုန်တိုင်းပင်လယ်၏ နက်နဲသည့်နေရာ၌ပင် တစ်ပြိုင်နက်တည်း ပစ်ခတ်လာသည့် အမြောက်ဒါဇင်ပေါင်းများစွာ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အသံများသည် နေရာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ဒါဇင်နှင့်ချီသော အမြောက်ကျည်များသည် အထွတ်အမြတ်လှိုဏ်ဂူ၏ အတားအဆီးကို ထိမှန်ကာ ၎င်းနေရာတွင် ကြီးမားသော အက်ကွဲကြောင်းများ ချက်ချင်း ဖြစ်ပေါ်သွားစေသည်။ သို့သော် အက်ကြောင်းများ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည် ကောင်းမွန်သွားခဲ့သည်။ ဤအတားအဆီးသည် အဆင့်အတန်းမြင့်မားကြောင်း သိသာထင်ရှားသည်။ ၎င်းသည် အက်ကွဲကြောင်းများကို ပြုပြင် ထိန်းသိမ်းရန်အတွက် မိုးကြိုးစွမ်းအင်ကို စုပ်ယူနိုင်သည်။

သို့သော်လည်း အဏ္ဏဝါစစ်တပ်သည် ယင်းဖြစ်စဉ်ကို မျှော်လင့်ထားသကဲ့သို့ တုန်လှုပ်ခြင်း မရှိခဲ့ပေ။ ပြီးနောက် ဒါဇင်နှင့်ချီသော အမြောက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြသည်။ အတားအဆီးသည် တစ်ရက်ခွဲကြာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိခိုက်မှု အနည်းငယ်မျှသာ ရှိခဲ့သည်။ ဤနှုန်းဖြင့်ဆိုလျှင် ၎င်းကိုချိုးဖျက်ရန် အချိန်မည်မျှ ကြာမြင့်မည်ကို မသိနိုင်ပေ။

ချူးယွင်ဖန်းသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားမိသည်။ ဤအတားအဆီးသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုသို့သော အမြောက်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်းသည် မြို့တစ်မြို့ကိုပင် အပျက်အစီးများအဖြစ် ပြောင်းလဲသွားစေနိုင်သည်။

နောက်ဆုံးတွင် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် တပ်သားသည် လူလတ်ပိုင်းအရွယ် အမျိုးသားက အငြိမ်မနေနိုင်တော့ပေ။ အခြားသော နတ်အဆင့် ကျွမ်းကျင်သူ ခြောက်ဦးကို ခေါ်ဆောင်ပြီးနောက် ၎င်းတို့အားလုံးသည် ၎င်းတို့၏ မူလ ပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲလိုက်ကြသည်။ ၎င်းတို့သည် တောင်ငယ်များကဲ့သို့ ကြီးမားလှသည့် ခန္ဓာကိုယ်မျိုးရှိသော ကြောက်မက်ဖွယ်ကောင်းသော သားရဲများဖြစ်ကြသည်။ အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အမျိုးသားသည် ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ်များ ထုတ်လွှတ်နေသည့် အနက်ရောင် မိကျောင်းကြီးအဖြစ် ပြောင်းလဲသွားသည်။

'ရေနက်ပိုင်း မိကျောင်းမျိုးနွယ်ကပါလား' ချူးယွင်ဖန်းသည် ထိုလူ၏နောက်ခံအထောက်အထားကို ချက်ချင်းပင် သိရှိသွားသည်။

ဤစစ်တပ်၏ ပိုင်ရှင်သည် သိသာထင်ရှားလှသည်။ ၎င်းသည် ချူးယွင်ဖန်းကို ရန်ငြိုးရှိဖူး၍ သူ့ကို အကြိမ်ကြိမ် သတ်ဖြတ်ရန် ကြိုးစားခဲ့ဖူးသည့် ရေနက်မိကျောင်းမျိုးနွယ်စုသာဖြစ်သည်။

'ဘယ်လောက်ကောင်းလိုက်တဲ့ အခွင့်အရေးလဲလို ့။ ဒင်းတို့ကို ဒီနေရာမှာပဲ ဖြေရှင်းရတာပေါ့' ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

နတ်အဆင့် မွန်းစတားများသည် ၎င်းတို့၏ ပုံသဏ္ဌာန် အစစ်အမှန်များအဖြစ် ပြောင်းလဲပြီးနောက် ၎င်းတို့၏မေးရိုးများကိုဖွင့်ကာ ကြောက်မက်ဖွယ် အငွေ့အသက်များကို မှုတ်ထုတ်ကာ အတားအဆီးပေါ် တိုက်ရိုက်ကျရောက်နေသည့် ဒါဇင်ပေါင်းများစွာသော အမြောက်များနှင့် ပဲ့တင်ထပ်သွားစေသည်။

ဘုံး

ဘုံး

ဘုံး

ကျယ်လောင်သော အသံများသည် မိုးကြိုးမုန်တိုင်းပင်လယ်ပြင်၌ပင် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နေ့တစ်ဝက် ကုန်ဆုံးသွားခဲ့သည်။ အထွတ်အမြတ် လှိုဏ်ဂူအပြင်ဘက်ရှိ အတားအဆီးသည် အရည်အသွေး အလွန် မြင့်မားသော်လည်း ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိပေ။ ၎င်းသည် နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဗလာနတ္ထိအဖြစ်ပြောင်းလဲကာ ဖုန်မှုန့်များ ပြိုပျက်၍ ပျောက်ကွယ်သွားလေသည်။

"ရှေ့တက်ကြ"

ရေနက်ပိုင်း မိကျောင်းသည် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားအဖြစ် ပြန်လည် အသွင်ပြောင်းလိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အချိန်အတော်ကြာ စောင့်ဆိုင်းနေကြသည့် ထောင်ပေါင်းများစွာသော စစ်သားများသည် ဂူထဲသို့ ပြေးဝင်သွားကြသည်။

အတားအဆီး မရှိတော့သောအခါ လှိုဏ်ဂူသည် အလွန်ကြီးမားကြောင်း ချူးယွင်ဖန်း မြင်တွေ့နိုင်သည်။ ထောင်ပေါင်းများစွာသော တပ်ဖွဲ့များသည် အဆုံးမရှိ များပြားလှသော်လည်း လှိုဏ်ဂူအတွင်းသို့ ပြည့်ကျပ်ခြင်းမရှိဘဲ ဝင်ရောက်နိုင်ကြသည်။ လှိုက်ဂူသည် ပိုင်ရှင်ရှိစဉ်အခါက မည်မျှ ထိတ်လန့်ဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။

ချူးယွင်ဖန်းသည် စစ်တပ်တစ်ခုလုံး ဂူထဲသို့ ဝင်သွားသည့်အချိန်အထိ စောင့်ဆိုင်းပြီးနောက် အပြေးနှင့် ဝင်ရောက်သွားခဲ့သည်။ သူသည် အထဲသို့ ဝင်ရောက်သွားသည်နှင့် မိုးကြိုးမုန်တိုင်းပင်လယ်အထက်ရှိ အထွတ်အမြတ် လှိုဏ်ဂူသည် အပြင်ဘက်မှ ကြည့်နေသောကြောင့်သာ ထိုသို့ဖြစ်နေကြောင်း သူ သိသွားခဲ့သည်။ အတွင်းပိုင်းသည် လုံးလုံးလျားလျား ခြားနားသော ကမ္ဘာတစ်ခုဖြစ်၍ ၎င်းသည် တုနှိုင်းမဲ့ ကြီးမားသော နန်းတော်ကြီးတစ်ခုဖြစ်သည်။

ထိုအချိန်၌ နန်းတော်ခန်းမထဲတွင် သတ်ဖြတ်သံများဖြင့် ပြည့်နှက်နေသည်။ အစောပိုင်းက ဝင်ရောက်လာသော အဏ္ဏဝါမျိုးနွယ်စု စစ်သားများသည် မိုးကြိုးသွားများဖြင့် ဖုံးလွှမ်းနေသည့် ပုံရိပ်များနှင့် တိုက်ခိုက်နေကြသည်။ အနီးကပ် စစ်ဆေးကြည့်သောအခါ အဆိုပါပုံရိပ်များသည် လျှပ်စစ်အလွှာများဖြင့် လွှမ်းခြုံထားသည့် ရုပ်သေးရုပ်များဖြစ်ကြောင်း တွေ့ရှိလိုပ်ရသည်။

ထိုနေရာ၌ ထိုသို့သော ရုပ်သေးရုပ်များ တစ်ထောင်ထက်မနည်း ရှိနေသော်လည်း ထောင်ပေါင်းများစွာသော အဏ္ဏဝါတပ်သားထက် နည်းပါးလှသည်။ သို့သော်လည်း ၎င်းရုပ်သေးရုပ်များသည် ၎င်းတို့၏ အရေအတွက်ထက် အဆများစွာ များပြားသော အဏ္ဏဝါတပ်များကို ထိန်းချုပ်နိုင်ခဲ့သည်။

အခြေအနေတစ်ခုလုံးသည် အချိန်အတိုင်းအတာတစ်ခုအထိ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေကြသည်။

"အသုံးမကျတဲ့ အမှိုက်တွေ"

အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားက အော်ဟစ်ပြီးနောက် လှုပ်ရှားလိုက်သည်။ သူသည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ရုပ်သေးစစ်တပ်၏ အလယ်သို့ ရောက်နေပြီဖြစ်သည်။ အလွန်ကြီးမားသော မိကျောင်း၏အမြီး ပေါ်ပေါက်လာ၍ အားပြင်းသော အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်ရာ၊ ထိုရုပ်သေးရုပ်များ လွင့်ပျံ့ကာ လေထုထဲတွင် ပေါက်ကွဲသွားကြသည်။

အဆိုပါ ရုပ်သေးရုပ်များသည် မွေးဖွားခြင်းနယ်မြေ အထက်ပိုင်းအဆင့်တွင်ရှိနေကာ အလွန် ထူးခြားလှသော်လည်း ၎င်းတို့နှင့် ထိုအမျိုးသားကြားတွင် ကြီးမားသော ကွာဟချက်မျိုး ရှိနေဆဲဖြစ်သည်။ သူ၏နောက်ကွယ်ရှိ အဏ္ဏဝါမျိုးနွယ်စု၏ နတ်အဆင့် ကျွမ်းကျင်သူများသညိလည်း လှုပ်ရှားလာကြသည်။ အချိန်အတိုင်းအတာတစ်ခုအထိ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးစုံ ထွက်ပေါ်လာလေသည်။

နတ်အဆင့်များသည် မဆိုင်းမတွ တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့သည် ကျယ်ပြန့်သော တိုက်ခိုက်မှုများကို စတင်လိုက်ကြရာ၊ ၎င်းတို့၏ အပေါင်းအဖော်တချို့ကို ထိခိုက်သွားသော်လည်း ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဤအခိုက်အတန့်လေးအတွင်းမှာပင် ရုပ်သေးစစ်တပ်များ ဖွဲ့စည်းထားသည့် ကာကွယ်ရေးလမ်းကြောင်းကို ဖြတ်သန်းသွားလေသည်။

ကာကွယ်ရေးစည်းမျဉ်းကို ဖြတ်သန်းသွားသည်နှင့် ခန်းမ၏ ထောင့်လေးထောင့်တွင် အမြင့် ဆယ်မီတာကျော် အသီးသီးရှိကြသည့များကဲ့သို့သော ရုပ်သေးရုပ်လေးခု အသက်ဝင်လာကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာရှိသော ယခင်က ရုပ်သေးများနှင့် မတူဘဲ ဤရုပ်သေးကြီး လေးခုသည် နတ်အဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ရုပ်သေးလေးခုသည် စက္ကန့်ပိုင်းလေးအတွင်းမှာပင် အသက်ဝင်လာကာ ၎င်းတို့၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသွားများဖြင့် ပွင့်လန်းလာကြသည်။ ထိုကြီးမားသော ရုပ်သေးရုပ်များသည် အဏ္ဏဝါမျိုးနွယ်စု၏ နတ်အဆင့်များနှင့် ရင်ဆိုင်ရန် ချီတက်လာကြသည်။

"သူတို့ကို တားကြ"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤပြဿနာကို ယခင်ကတည်း ကြိုတင် မျှော်လင့်ထားပုံပေါ်သည်။ သူသည် ထိတ်လန့်ခြင်းမရှိဘဲ အော်ဟစ်၍ အမိန့်ပေးလိုက်သည်။ အခြားသော နတ်အဆင့် ခြောက်ဦးတို့သည် ဧရာမ ရုပ်သေးရုပ်လေးခုဆီ ချက်ခြင်းပင် ခုန်ချလိုက်ကြသည်။

ဘုံး

ဘုံး

ဘုံး

နတ်အဆင့်များကြား ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လေသည်။ အကယ်၍ ခန်းမကြီးသာ အလွန် မကြီးမားပါက၊ ဤတိုက်ပွဲဖြင့် နေရာတစ်ခုလုံး ပြိုကျသွားပေလိမ့်မည်။ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် အရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။ သူ၏အရှေ့တွင် ကြီးမားသော ပလ္လင်ကြီးတစ်ခုရှိနေ၍ ပလ္လင်ကြီးပေါ်တွင် လျှပ်စီးကြောင်းများဖြင့် တောက်ပနေသည့် ရာဇလှံတံတစ်ခု ဝဲလွင့်နေသည်။

အခန်း (၉၅၄) အနောက်ဘက်မှ အခွင့်ရေးသမား ရောက်လာခြင်းကို မသိခြင်း၊ အဆင့်ဖြတ်ကျော်မှု

လျှပ်စီးများဖြင့် လင်းလက်နေသော ဤလှံတံသည် လျှပ်စီးစွမ်းအင်များဖြင့် ဖွဲ့စည်းထားပုံပေါ်သည်။ အလင်းရောင်သည် ၎င်း၏မျက်နှာပြင်ပေါ်တွင် စီးဆင်းနေခဲ့ရာ၊ အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။

"ရှေးဟောင်းကျမ်းစာတွေထဲက အတိုင်းပဲ။ မိုးကြိုးနတ်ဘုရားရဲ့ လှံက တကယ် ဒီနေရာမှာ ဝှက်ထားတာပဲ"

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသား၏ မျက်နှာတွင် “ငါ သိနေတယ်” ဟူသည့် အမူအရာမျိုး ပေါ်လွင်လာ၍ သူ၏မျက်လုံးများ လောဘဇောဖြင့် တဖျပ်ဖျပ် လှုပ်ခတ်လာသည်။ သူသည် ဤလှံတံအတွက် ရှေးခေတ်စာအုပ်မျိုးစုံကို ရှာဖွေပြီးမှသာ ဤမိုးကြိုးဘုရားလှံတံ၏ မှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မိုးကြိုးမုန်တိုင်းပင်လယ်၏ မူလဇစ်မြစ်နှင့် ပတ်သက်သည့် ရှေးဟောင်းစာအုပ်ကိုသာ မတော်တဆ ရှာမတွေ့ခဲ့ပါက ၎င်း၏ အနက်ရှိုင်းဆုံးနေရာတွင် ထိုကဲ့သို့ အထွတ်အမြတ် လှိုဏ်ဂူကြီး ရှိနေခြင်းကို သူ သိနိုင်မည် မဟုတ်ပေ။

မှတ်တမ်းများအရ ဤလှိုက်ဂူသည် အဆုံးမဲ့ ပင်လယ်ပေါ်တွင် တည်ဆောက်ခဲ့သော ရှေးဟောင်းလူသားများကာလရှိ ပညာရှင်တစ်ဦး၏ ပိုင်ဆိုင်မှုဖြစ်သည်။ မိုးကြိုးမုန်တိုင်းပင်လယ် ဖြစ်ပေါ်လာပုံသည်လည်း ဤလှိုက်ဂူနှင့် ဆက်စပ်နေခဲ့သည်။ ၎င်းတွင် အဆက်မပြတ် ပြည့်လျှံနေသည့် မိုးကြိုးစွမ်းအင် ပမာဏများစွာ ပါဝင်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ၎င်းသည် မိုးကြိုးမုန်တိုင်းပင်လယ် ဖြစ်ပေါ်လာစေသည့် အဆုံးမဲ့သော မိုးကြိုးစွမ်းအင် အခြေအနေကို ဖြစ်ပေါ်လာစေသည်။

ယခု ဤလှိုက်ဂူသည် သူ၏လက်ထဲသို့ ကျရောက်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် သူ၏နောက်ကွယ်တွင် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု မရှိလျှင်ပင် အဆုံးမဲ့ ပင်လယ်ထဲတွင် သူ့အတွက် နေရာတစ်ခုရှိနေပေလိမ့်မည်။

"ကောင်းကင်ဘုံက ငါ့အပေါ် ကောင်းချီးတွေ ပေးနေတာပဲ" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ရယ်မောလိုက်သည်။

သူသည် ကြီးမားသော သံမဏိ လက်သည်းတစ်ခုကို ဖန်တီးပြီးနောက် မိုးကြိုးနတ်ဘုရား လှံတံ တစ်ဝိုက်ရှိ အတားအဆီးကို ဖြိုခွင်းလိုက်သည်။ သူသည် ၎င်းကို ကောက်ယူရန် ကြိုးစားလိုက်သောအခါ ပုံရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့သော အရှိန်အဟုန်ဖြင့် ရုတ်တရက် ရောက်ရှိလာခဲ့သည်။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသော်လည်း အချိန်နှောင်းသွားခဲ့သည်။ ထိုပုံရိပ်သည် သူ မျှော်မှန်းထားသည်ထက် ပို၍ မြန်ဆန်လှသည်။ ပုံရိပ်သည် ချက်ခြင်းပင် သူနှင့်အတူ လိုက်မီလာ၍ မိုးကြိုးနတ်ဘုရားလှံတံကို အိတ်ထဲသို့ ဆွဲယူလိုက်သည်။ ပုံရိပ်သည် အလွန်မြန်ဆန်လှရာ၊ သူ့ဘက်မှ တုံ့ပြန်ချိန်ပင် မရရှိမီ အရာအားလုံး ပြီးဆုံးသွားခဲ့သည်။

ဘုံး

ထိုပုံရိပ်သည် လှံတံကို ထိမိသောအခါ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ လှံတံသည် အလိုအလျောက် ပြန်လည်တိုက်ခိုက်လာကာ ၎င်းအတွင်းမှ အဆုံးမဲ့သော မိုးကြိုးသွားများ တောက်ပလာ၍ အရပ်ရပ်သို့ ပျံ့နှံ့သွားလေသည်။

ထိုဖြစ်စဉ်သည် ပုံရိပ်ကို ခေတ္တ ရပ်တန့်သွားစေခဲ့ရာ၊ ဤသို့ဖြင့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် ထိုပုံရိပ်၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စေခဲ့သည်။ ဤသည်မှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသားမျိုးနွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သည်။

'ဟုတ်တယ်။ လူသားတစ်ဦး'

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရောင်အဝါသည် ထင်ရှားပြတ်သားနေ၍ ၎င်းကို ဖုံးကွယ်ထားရန်ပင် မပြုလုပ်ခဲ့ပေ။

"ချီးပဲ"

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် အလွန် ဒေါသထွက်နေသည်။ တစ်စုံတစ်ယောက်သည် ၎င်းတို့၏ အနောက်သို့ ခြေရာခံ၍ လိုက်ပါလာခဲ့သည်။ ပြီးနောက် ဤလူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။ မိုးကြိုးနတ်ဘုရား လှံတံကို မြင်သောအခါ လှိုက်ဂူ၏ အဓိက အချက်အချာသည် လှံတံအတွင်း ရှိနေကြောင်း သူ သိသွားသည်။

လှံတံသည် ဂူတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် အဓိက သော့ချက်ဖြစ်သည်။ သူသည် ၎င်းကို အဏ္ဏဝါမျိုးနွယ်စုများ၏ လက်ထဲသို့ မကျရောက်ရန် ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူသည် တိုက်ခိုက်ရန် စတင်လိုက်ခြင်းဖြစ်သည်။ သို့သော် လှံတံကို ထိလိုက်သည့်အခိုက်တွင် ကြောက်မက်ဖွယ် အင်အားတစ်ခုက သူ့ကို ဆန့်ကျင်လာခဲ့သည်။

ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ သန့်စင်သော မိုးကြိုးစွမ်းအင်များ စီးဆင်းလာကြောင်း ခံစားလိုက်ရသည်။ ၎င်းသည် အပြင်ဘက်ရှိ အညစ်အကြေးများပါရှိသည့် မိုးကြိုးစွမ်းအင်များနှင့် မတူညီပေ။ ဤသန့်စင်သော မိုးကြိုးစွမ်းအင်သည် အလွန် သန့်ရှင်းစင်ကြယ်လှသည်။ ၎င်းသည် အပြင်ဘက်ရှိ မိုးကြိုးစွမ်းအင်များထက် အဆများစွာ ပို၍ သန့်စင်ပေသည်။ ၎င်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုလျှင်ပင် ချူးယွင်ဖန်းအတွက် ကြီးမားသည့် ပမာဏမျိုးဖြစ်လေ၏။

သူသည် ဤစွမ်းအင်များကြောင့် ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။ သို့သော် ဤစွမ်းအင်များ သူ့ထံ ရောက်ရှိလာသောကြောင့် ၎င်းတို့ကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် ချူးယွင်ဖန်း ရင်ဆိုင်နေရသော ပြဿနာကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကာ ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"မင်းတော့ သေပြီပဲ"

ထိုလူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်းသည် စွမ်းအင်များကြောင့် ပေါက်ကွဲထွက်သွားခြင်းကို သူ မြင်တွေ့ချင်သောကြောင့် လှုပ်ရှားခြင်း မပြုလုပ်ခဲ့ပေ။ သို့သော် ချူးယွင်ဖန်းသည် ရုတ်တရက်ဆိုသလိုပင် တောင်မြစ်ပန်းချီကားကို ဖွင့်၍ ဝင်ရောက်သွားခဲ့သည်။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်း ပျောက်ကွယ်သွားကြောင်း မြင်တွေ့လိုက်ရသည်။

"အား..."

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် ချူးယွင်ဖန်း လွတ်မြောက်သွားကြောင်း မြင်လိုက်ရသောအခါ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

"နေရာလွတ် ရတနာပဲ"

ချူးယွင်ဖန်းသည် ထိုကဲ့သို့သော ရတနာတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ နေရာလွတ် ရတနာများသည် ရှားပါးလှသော်လည်း နတ်အဆင့်ကျွမ်းကျင်သူများထံတွင် ၎င်းရတနာမျိုး တွေ့ရခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။

သို့သော် လူတစ်ဦးကို သိမ်းဆည်းနိုင်သည့် နေရာလွတ်ရတနာမျိုးကို သူ တစ်ခါမျှ မမြင်တွေ့ဖူးပေ။ ယေဘုယျအားဖြင့်ဆိုရသော် နေရာလွတ်ရတနာများသည် လိုအပ်သည့်အခါ ထုတ်ယူနိုင်သည့် လက်နက်များကဲ့သို့သော သက်မဲ့အရာဝတ္ထုများကိုသာ သိမ်းဆည်းထားနိုင်သည်။ သက်ရှိများကို သိုလှောင်နိုင်သည့် နေရာလွတ်ရတနာသည် နေရာလွတ်ရတနာများစွာအနက်ပင် အလွန်ရှားပါးလှပေသည်။ ဤအဆင့်ရှိ ရတနာမျိုးသည် ယခုအချိန်တွင် သူ ထိတွေ့နိုင်သည့် အရာမျိုး မဟုတ်ပေ။

"မင်း ဘယ်တော့မှ ထွက်မလာဘူးဆိုတာ ကျုပ် မယုံဘူး"

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် အလွန် ဒေါသထွက်နေသော်လည်း ချူးယွင်ဖန်းသည် လှံတံ၏စွမ်းအင်ဖြင့် ပစ်ခတ်ခံလိုက်ရကြောင်း သတိရသွားသည်။ သူသည် နေရာရတနာထဲတွင် ပုန်းအောင်းနေလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် နေရာလွတ်နေရာမှ ဖန်တီးထားသည့် အခြား ကမ္ဘာငယ်အတွင်း သေဆုံးသွားနိုင်သည်ဟု ခံစားမိသော်လည်း ထိုကဲ့သို့ လက်လျော့လိုက်ရန် ဆန္ဒမရှိပေ။ သူသည် ချူးယွင်ဖန်း ထွက်လာသရွေ့ အစွမ်းကုန် တိုက်ခိုက်ရပေလိမ့်မည်။ သူသည် ကနဦးတွင် လှုပ်ရှားနိုင်ခဲ့သော်လည်း ခေတ္တတုံ့ဆိုင်းနေသော အခိုက်အတန့်ကြောင့် ရတနာနှင့် လွဲချော်ခဲ့ရသည်။

"မင်းဘယ်သူလဲ ကျုပ် ဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်း သေကို သေရမယ်" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည် စကားတစ်ခွန်းပြီး တစ်ခွန်းပြောပြီးနောက် သူ၏သတ်ချင်စိတ်များ ဆူပွက်လာသည်။

ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် တန်စီယွီသည် အပြင်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သိရှိပြီးဖြစ်သည်။ ချူးယွင်ဖန်းသာ ဆန္ဒရှိလျှင် တောင်မြစ်ပန်းချီကားထဲတွင် ရှိသူများသည် အပြင်ဘက်ရှိ အခြေအနေကို မြင်တွေ့ရနိုင်သည်။

"အဆင်ပြေရဲ့လား" တန်စီယုက ကမန်းကတန်း မေးမြန်းလိုက်သည်။

"ကိုယ့်ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ချေဖျက်ဖို့ အာရုံစိုက်ထားမှဖြစ်မယ်"

ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ကတောက်ကဆတ် ဖြစ်နေကြောင်း ခံစားလိုက်နိုင်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် မိုးကြိုးစွမ်းအင်၏ အပြင်းထန်ဆုံးနှင့် အခက်ထန်ဆုံး စွမ်းအင်ဖြစ်သည်။ အကယ်၍ သူသာ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို မကျင့်ကြံခဲ့ပါက ပေါက်ကွဲသွားပြီဖြစ်သည်။

ဤအားကောင်းသော မိုးကြိုးစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ဖျက်ဆီးနေကြောင်း ခံစားရနိုင်သည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသော အချက်သည် သူ၏ခန္ဓာကိုယ်ထဲမှာ အလွန်ကြီးမား၍ ရှေးကျသော သင်္ကေတတစ်ခု ဖြစ်ပေါ်လာစေသည်။ ဤသင်္ကေတသည် အလွန် ရှေးကျလှသော်လည်း ချူးယွင်ဖန်းသည် မိုးကြိုးဟူသော စကားလုံးကို ချက်ချင်း သတိထားမိသွားသည်။

ဤသည်မှာ အလွန်ရှေးကျ၍ ရိုးရှင်းသော ဘာသာစကားတစ်ခုဖြစ်၍ ကျောင်းများတွင် သင်ကြားခဲ့ရသည့် ရှေးခေတ်ဘာသာစကားများနှင့် မတူညီပေ။ ၎င်းတို့သည် ကြီးမြတ်သော တာအို၏ အရင်းအမြစ်နှင့် အလွန် နီးစပ်၍ အလွန်ရှေးကျသော စာလုံးများဖြစ်သည်။ ရှေးဟောင်းလူသားများကာလ၏ ဧကရာဇ် အမျိုးမျိုးမှသာလျှင် ၎င်းတို့ကို အဓိပ္ပာယ်ဖော်နိုင်ခဲ့ရာ၊ ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို လက်ခံရရှိခဲ့သောကြောင့် အဆိုပါစာလုံးများကို အဓိပ္ပာယ်ဖော်ရာတွင် ပြဿနာမရှိခဲ့ခြင်းဖြစ်သည်။

ဤစကားလုံးများသည် ရေးသားထားရုံနှင့် အင်အားကြီး စွမ်းအင်များကို ဖော်ညွှန်းနိုင်သည်။ ၎င်းသင်္ကေတသည် နှစ်များအတွင်း စုဆောင်းမိခဲ့သော စွမ်းအင်အားလုံးကို သွန်းလောင်းတော့မည့်ဟန်ဖြင့် သန့်စင်သော စွမ်းအင်များဖြင့် စီးဆင်းနေသည်။

"လုပ်လိုက်ရအောင်"

ချူးယွင်ဖန်းသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ယခုအခါ ဤအခြေအနေသို့ ရောက်ရှိလာသောကြောင့် ဤမိုးကြိုးစွမ်းအင်ကို အဆင့်ဖြတ်ကျော်ရန်အတွက် အသုံးပြုကာ အလောင်းအစား ပြုလုပ်ရပေလိမ့်မည်။

All Chapters