အခန်း (၉၅၅-၉၅၇)
Vol. 64 Ch. 955-957
အခန်း (၉၅၅) တိုးမြင့်လာခြင်း၊ တတိယမြောက် နတ်အဆင့်
စွမ်းအင်များသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်တွင် သောင်းကျန်းနေခဲ့သည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းခဲ့ရာ၊ ချူးယွင်ဖန်းတွင် အသက်ရှုရန်ပင် အခွင့်မရှိသလောက် ဖြစ်နေသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်သည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ဖြင့်ပင် ထိုစွမ်းအင်များကြောင့် ပေါက်ကွဲသွားနိုင်သည်။
ဤ "မိုးကြိုး" သင်္ကေတသည် ရှေးခေတ် မန္တန်တစ်ခုဖြစ်သည်။ ၎င်းကို ဖန်တီးခဲ့သော ပုဂ္ဂိုလ်သည် မည်သည့် ထိပ်တန်းအဆင့် ကျွမ်းကျင်သူဖြစ်သည်ကို မသိနိုင်သည့်အပြင် နှစ်များစွာကြာပြီးနောက် မည်မျှသော စွမ်းအင်များ စုဆောင်းထားသည်ကိုလည်း မသိနိုင်ပေ။
မူလက မိုးကြိုးနတ်ဘုရား လှံတံအတွင်း၌ ချိတ်ပိတ်ထားသော်လည်း ချူးယွင်ဖန်းသည် ၎င်းလှံတံကို ထိန်းချုပ်လိုက်သည့် အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားဝိညာဉ်မှ အလင်းတန်းများ ထုတ်လွှင့်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ၎င်းသည် မိုးကြိုးနတ်ဘုရားလှံတံအတွင်းရှိ မိုးကြိုးမန္တန်ကို ချူးယွင်ဖန်း၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဆွဲငင်လိုက်သည်။
ယင်းကြောင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို အထိန်းအကွပ်မဲ့စေကာ မိုးကြိုးနတ်ဘုရား လှံတံမှ စွမ်းအင်များ ပိုမိုသွန်းလောင်းလာစေသည်။ ချူးယွင်ဖန်းသည် ၎င်းနှင့် ထိတွေ့ရန် မဝံ့ရဲခဲ့ပေ။ သူသည် တောင်မြစ်ပန်းချီကားသို့ ဝင်ပြီးနောက် လှံတံကို ဘေးသို့ ပစ်ချလိုက်သည်။ ချူးယွင်ဖန်းသည် ဤမိုးကြိုး မန္တန်ကို မထိန်းချုပ်နိုင်မချင်း၊ လှံတံမှ စွမ်းအင်ကို လမ်းညွှန်ရန် နည်းလမ်းမရှိပေ။
မိုးကြိုးမန္တန်သည် အရာအားလုံးအတွက် သော့ချက်ဖြစ်ကြောင်း သူ ခံစားနိုင်သည်။ မန္တန်ကို ထိန်းချုပ်ခြင်းဖြင့် လှံတံနှင့် လှိုဏ်ဂူတို့ကို ထိန်းချုပ်နိုင်ပေလိမ့်ည်။ လှံ၌ပါရှိသော ကြောက်မက်ဖွယ်စွမ်းအင်များကို သူ ခံစားနိုင်သည်။ ၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် ချူးယွင်ဖန်း၏ ခွန်အားသည်လည်း အံ့မခန်းတိုးလာပေလိမ့်မည်။ ၎င်းကို ကိုယ်တိုင်အသုံးပြုရန်အတွက် လမ်းညွှန်ခြင်း သို့မဟုတ် လှံတံဖြင့် အသုံးပြုခြင်းဖြစ်စေ၊ ၎င်းသည် အဆုံးမဲ့ အံ့ဩဖွယ်ကောင်းသည်အထိ အသုံးဝင်မည်ဖြစ်သည်။
သို့သော် ဤအရာအားလုံးသည် ချူးယွင်ဖန်းက ၎င်းမန္တန်ကို ထိန်းချုပ်နိုင်မည်ဟူသော အချက်များကို အခြေခံထားခြင်းဖြစ်သည်။မန္တန်၌ပါရှိသော စွမ်းအင်သည် ချူးယွင်ဖန်းကို ပေါက်ကွဲထွက်သွားစေရန် လုံလောက်ပေသည်။ ထိုအခြေအနေတွင် ချူးယွင်ဖန်းသည် စွန့်စားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ဘဲ အဆင့်ဖြတ်ကျော်ရန်အတွက် ဤစွမ်းအင်ကို အသုံးပြုရပေလိမ့်မည်။ သို့မှသာ သူသည် ရှင်သန်ရန်အတွက် အခွင့်အလမ်းရှိမည်ဖြစ်သည်။
"ကိုယ် သီးသန့်ကျင့်ကြံပြီး အဆင့်ဖြတ်ကျော်ဖို့ ကြိုးစားရမယ်။ ကိုယ့်အတွက် စိတ်မပူနဲ့ ဒါပေမယ့် အဲဒီလှံတံကို မထိမိစေနဲ့။ လောလောဆယ်မှာ ကိုယ် အဲ့ဒါကို ထိန်းချုပ်လို့ မရဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ကျွန်မ နားလည်ပါတယ်" တန်စီယု၏လှပသော မျက်နှာသည် စိုးရိမ်ပူပန်မှု အရိပ်အမြွက်များပြနေသော်လည်း စိတ်ပူပန်နေခြင်းက အသုံးမဝင်ကြောင်း သူမ သိနေသည်။ ယခုအချိန်တွင် သူမ ပြုလုပ်နိုင်သော အရာသည် ချူးယွင်ဖန်း၏ နံဘေးတွင်ရှိနေခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် မှာကြားပြီးနောက် ချက်ချင်းတင်ပျဉ်ခွေထိုင်ချကာ အင်အားကြီး နတ်ဘုရားကျင့်စဉ်ကို စတင် လှည့်လည်လိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းတွင် မိုးကြိုးစွမ်းအင်ဖြင့် အဆက်မပြတ် ရိုက်ခတ်ခံရသော နတ်စွမ်းအင်များ စုစည်းဖြစ်ပေါ်လာသည်။ သူသည် ဤစွမ်းအင်ကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပြီးနောက် ၎င်းကို ကိုယ်တိုင် အသုံးပြုရန်အတွက် ပြောင်းလဲလိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးသည် အလွန် အန္တရာယ်များလှ၍ မိုးကြိုးစွမ်းအင်သည် အလွန်အမင်း မငြိမ်မသက်ဖြစ်နေသည်။ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ဖြင့်ပင် ၎င်းကို လုံးလုံးလျားလျား အသွင်ပြောင်းရန် မဖြစ်နိုင်သေးပေ။ စက္ကန့်တိုင်းတွင် သူ၏ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို လောင်ကျွမ်းနေ၍ သူ၏ မရီးဒျန်များ ကွဲအက်နေသော်လည်း ၎င်းတို့သည် ပို၍ပင် အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်နှင့် ပြန်လည်ကုသနေခဲ့သည်။
ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်၏ ပြန်လည်ကုသနိုင်စွမ်း အရှိန်အဟုန်သည် လုံးလုံးလျားလျား တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသည်။ ချူးယွင်ဖန်းသည် စွမ်းအင်များကို တဖြည်းဖြည်း စုပ်ယူလိုက်ပြီးနောက် ၎င်း၏ ခြေလက်နှင့် အရိုးများအတွင်းသို့ ဖြန့်ကြက်ခြင်းဖြင့် သူ၏ ကျင့်ကြံမှု အဆင့်ကို အဆက်မပြတ် အားကောင်းလာအောင် တိုးမြင့်နေခဲ့သည်။
ဒုတိယမြောက် နတ်အဆင့်သို့ ရောက်ရှိပြီးနောက် တဖြည်းဖြည်း နှေးကွေးလာခဲ့သည့် သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် အရှိန်ပြင်းထန်စွာ မြင့်မားလာခဲ့သည်။ ဤကျင့်ကြံမှုနည်းလမ်းသည် အလွန် အန္တရာယ်များသော်လည်း ချူးယွင်ဖန်းတွင် အခြားရွေးချယ်စရာမရှိပေ။ ခန္ဓာတစ်ခုလုံး မပေါက်ကွဲချင်လျှင် မိုးကြိုးမန္တန်မှ ထုတ်လွှတ်လာသော မိုးကြိုးစွမ်းအင်ကို ပို၍မြန်ဆန်သော အရှိန်အဟုန်နှင့် အသွင်ပြောင်းလဲရမည်ဖြစ်သည်။
ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အချိန်အတိုင်းအတာဟူသည် မရှိသော်လည်း သူ၏ ကျင့်ကြံမှုများ တိုးတက်လာခြင်းကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။ အထူးသဖြင့် သူ၏ဘေးနားရှိနေသည့် တန်စီယုသည် ကောင်းစွာ မြင်တွေ့နိုင်သည်။ ရံဖန်ရံခါအတွင်း သူမသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်များ အားကောင်းလာခြင်းကို ခံစားသိရှိနိုင်၍ ဤတိုးတက်မှုသည် သာမန်မျက်စိဖြင့် မြင်တွေ့ရနိုင်သည်။
သူ၏နတ်စွမ်းအင် ခွန်အားသည် အဆက်မပြတ် တိုးတက်လာနေကာ ဤပြောင်းလဲမှုများသည် ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူ၏ ကျင့်ကြံမှုများသည် ခုန်ပျံကျော်လွှား၍ တိုးတက်နေပုံရသည်။ သို့သော် တန်စီယုသည် အလွန် စိုးရိမ်နေမိသည်။ ဤကျင့်ကြံမှု အရှိန်အဟုန်သည် မြန်ဆန်လှသော်လည်း အလွန်အန္တရာယ်များကြောင်း သူမ သိနေသည်။
ချူးယွင်ဖန်းကို စိုက်ကြည့်နေသည့် အနက်ရောင် နဂါးဘုရင်၏ မျက်လုံးများ ပြူးကျယ်နေခဲ့သည်။ သူသည် ပြည်ထောင်စုအတွင်းရှိ နတ်အဆင့်များထက် အသက်အရွယ်ကြီးရင့်ကာ နှစ်ရာပေါင်းများစွာ သက်တမ်းရှိသူဖြစ်သည်။ သူသည် သူ၏ မျိုးနွယ်စုအတွင်း ထိပ်တန်းအဆင့်တွင် ရှိနေဆဲဟု ယူဆနိုင်သည်။
သို့သော် သူ၏ ရှည်လျားသော တစ်သက်တာအတွင်း ဤသို့သော အဆင့်ဖြတ်ကျော်မှုမျိုး ပြုလုပ်နိုင်သူကို မမြင်တွေဖူးပေ။ သူ၏ ခွန်အားအရ၊ သူ၏ ကျင့်ကြံမှုအဆင့်သည် ချူးယွင်ဖန်းထက်ပင် မြင့်မားခဲ့သည်။ သူသည် ချူးယွင်ဖန်း၏ လက်ရှိအခြေအနေကို မြင်တွေ့နိုင်သောကြောင့် သရဲတစ္ဆေကို မြင်တွေ့သကဲ့သို့ ပြုလုပ်နေခြင်းဖြစ်သည်။
သာမာန်လူတစ်ယောက်သည် စွမ်းအင်များကို စုပ်ယူသည်အခါ ဟင်းချို သောက်သုံးသကဲ့သို့ တစ်ကြိမ်တွင် တစ်ငုံသာ စုပ်ယူရသည်။ သို့သော် ချူးယွင်ဖန်းသည် စွမ်းအင်များကို စုပ်ယူလိုက်သောအခါ ၎င်းကို ဝါးမျိုနေသကဲ့သို့ ထင်မှတ် ရစေသည်။ သူ၏ စုပ်ယူမှု အရှိန်အဟုန်သည် ပင်လယ်ထဲသို့ စီးဝင်နေသော မြစ်ရေများသကဲ့သို့၊ ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမျိုလုနီးပါးဖြစ်နေသည်။
ကောင်းကင်ဝါးမျိုခြင်းပညာ၏ စွမ်းအင်သည် ချူးယွင်ဖန်းမှတစ်ဆင့် အပြည့်အဝ ပြသနေပုံပေါ်သည်။ ဤပညာကို အသုံးပြုခြင်းဖြင့်သာ ပြည့်လျှံနေသော စွမ်းအင်၏ အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း သူသည် ထိုသို့ ကျင့်ကြံရန် မဖြစ်နိုင်ကြောင်း အနက်ရောင် နဂါးဘုရင်က သိထားသည်။ သူ၏ခန္ဓာကိုယ်သည် အလွန် အစွမ်းထက်သော်လည်း ထိုကဲ့သို့ ရူးသွပ်လောင်မြိုက်သည့် အခြေအနေအောက်တွင် ပေါက်ကွဲသွားနိုက်သည်။
မိုးကြိုးတောင်ပံသားရဲသည် အနက်ရောင် နဂါးဘုရင်က ရုတ်တရက် ပြဿနာရှာမည်ကို စိုးရိမ်နေသည့်ဟန်ဖြင့် သူခိုးတစ်ယောက်ကို ကြည့်နေသကဲ့သို့ စိုက်ကြည့်နေသည်။ ချူးယွင်ဖန်းသည် အနက်ရောင် နဂါးဘုရင်ကို ပြန်ခေါ်လာသူဖြစ်သော်လည်း အချိန်သည် တိုတောင်းလွန်းသောကြောင့် မိုးကြိုးတောင်ပံသားရဲက သူ့ကို မယုံကြည်ပေ။
သားရဲထိန်းဆေးဖြင့် ယဉ်ပါးလာခဲ့သော မိုးကြိုးတောင်ပံသားရဲနှင့်မတူဘဲ ချူးယွင်ဖန်းသည် အနက်ရောင် နဂါးဘုရင်ကို အတင်းအကြပ် ယဉ်ပါးအောင် ပြုလုပ်ခဲ့သောကြောင့် အနက်ရောင် နဂါးဘုရင်သည် အမှန်တကယ် သစ္စာစောင့်သိခြင်း ရှိ မရှိကို မည်သူသိမည်နည်း။ ချူးယွင်ဖန်း၏ မရေရာဖြစ်နေသော ဤအခြေအနေတွင် မိုးကြိုးတောင်ပံသားရဲသည် ပို၍ပင် နိုးကြားနေမိသည်။ အနက်ရောင် နဂါးဘုရင်သည် မိုးကြိုးတောင်သားရဲ၏ အတွေးအမြင်များကို သဘာဝကျကျ နားလည်ထားသည်။ သူသည် ခါးသီးစွာ ပြုံးလိုက်မိသည်။
'တကယ့်ဟာသပဲ'
ချူးယွင်ဖန်းတွင် သူ၏ အာဒိကပ္ပဝိညာဉ်ရှိနေသောကြောင့် ချူးယွင်ဖန်း၏ သေဆုံးမှုသည် သူ လွတ်မြောက်နိုင်မည်ဟု မဆိုလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းသေဆုံးပါက၊ သူသည်လည်း ချက်ချင်းပင် ဆိုးရွားစွာ သေဆုံးသွားမည်ဖြစ်သည်။ နှိုင်းယှဥ်ကြည့်မည်ဆိုလျှင် သူသည် ချူးယွင်ဖန်းကို မထိခိုက်စေလိုသူဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ၏လက်ရှိအခြေအနေတွင် မကူညီနိုင်ခဲ့သည့်အတွက် ကံကြမ္မာကိုသာ ပုံအပ်ထားနိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ ချူးယွင်ဖန်း၏ မိုးကြိုးစွမ်းအင်ကို ဝါးမျိုနေသော အရှိန်အဟုန်သည် ပိုမို မြန်ဆန်လာသည်။ ဤအလွန်သန့်စင်သော မိုးကြိုးစွမ်းအင်သည် နေ့တစ်ဝက်အတွင်း ချူးယွင်ဖန်း၏ ကျင့်ကြံမှုကို ခုန်ပျံကျော်လွှား၍ တိုးတက်လာစေကာ ဒုတိယမြောက် နတ်အဆင့် အစပိုင်းမှ အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် ဖြတ်ကျော်နိုင်စေခဲ့သည်။
သူထုတ်လွှတ်လိုက်သော နတ်စွမ်းအင်နှင့် ဖိအားများ ပို၍ အားကောင်းလာသည်။ ဤအခြေအနေသည် အလွန် အန္တရာယ်များသော်လည်း ပြိုင်ဘက်ကင်း စွမ်းအင်ဟု ဆိုနိုင်သည်။ အသစ်ရောက်ရှိလာသူဖြစ်သော အနက်ရောင် နဂါးဘုရင်သည် အံအားသင့်သွားသည်။ ချူးယွင်ဖန်းသည် အဆုံးတွင် ဒုတိယမြောက် နတ်အဆင့်သို့ ဖြတ်ကျော်ပြီးနောက် တုံ့ဆိုင်းမနေဘဲ အဆင့်သုံးဆင့်သို့ ချီတက်လိုက်သည်။
ဘုံး
နေ့တစ်ဝက်ထက်မနည်း အကြိမ်ပေါင်း မရေတွက်နိုင်အောင် တိုက်ခိုက်ခဲ့သည့် တတိယမြောက် နတ်အဆင့်၏ အတားအဆီးသည် မခုခံနိုင်တော့ဘဲ ကွဲအက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် နောက်ဆုံးတွင် တတိယမြောက် နတ်အဆင့်သို့ ဝင်ရောက်သွားခဲ့သည်။
အခန်း (၉၅၆) အပြင်ထွက်ပြီး ဟိုတစ်ယောက်ကို ရှင်းဖို့ အချိန်တန်ပြီ
တတိယမြောက် နတ်အဆင့်သို့ ဝင်ရောက်ပြီးနောက် ချူးယွင်ဖန်း၏ အရောင်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ ပြီးနောက် သူသည် ဤကန့်သတ်ချက်ကို ကျော်ဖြတ်ကာ အဆင့်အသစ်တစ်ခုသို့ ဝင်ရောက်လာခဲ့သည်။ သူ၏ အရောင်အဝါသည် အဆက်မပြတ် သန်မာအားကောင်းလာခဲ့သည်။
အနက်ရောင် နဂါးဘုရင်၏မျက်လုံးများသည် မျက်လုံးအိမ်မှ ကျွတ်ထွက်လုနီးပါးဖြစ်နေသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုမှ အဆင့်ဖြတ်ကျော်မှုများအထိ သူ၏ လုပ်ဆောင်ချက်များသည် လုံးလုံးလျားလျား မှန်းဆ၍ မရနိုင်ခဲ့ပေ။ သူသည်လည်း တစ်ခါက တတိယမြောက် နတ်အဆင့်ကို ရောက်ရှိခဲ့သော်လည်း ထိုအချိန်က သူ၏စွမ်းအင်သည် ဒုတိယမြောက် နတ်အဆင့်တွင် ရှိချိန်ကထက် နှစ်ဆမျှသာ အားကောင်းထဲ့သည်။
ဤသို့ဆိုလျှင်ပင် သူသည် အတော်လေး အစွမ်းထက်လှသည်ဟု ခံစားနေရဆဲဖြစ်သည်။ လူအများအပြားသည် ပထမဆုံးအကြိမ် ဖြတ်ကျော်စဉ်က ထိုပမာဏ၏ နှစ်ဆခန့်ပင် မရှိကြပေ။ သို့သော်လည်း အဆင့်ဖြတ်ကျော်သွားသော ချူးယွင်ဖန်းသည် ယခင်ကထက် အနည်းဆုံးလျှင် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့သည်။ ဤသည်မှာ မည်သို့သော အယူအဆမျိုးဖြစ်သနည်း။ သူသည် ဒုံးပျံကဲ့သို့ မြင့်တက်သွားပုံပေါ်သည်။
'ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ' အနက်ရောင် နဂါးဘုရင်သည် လုံးလုံးလျားလျား အံအားသင့်သွားသည်။
ဤသည်မှာ အဓိပ္ပာယ် မရှိလှပေ။ လူသားများကို မဆိုနှင့် အနတ္တနတ်ဆိုးတောင်တန်းရှိ ကြီးမြတ်သော နတ်ဆိုး ဘုရင်သုံးပါး၏ တော်ဝင်မျိုးနွယ်များအနက်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ဖြတ်ကျော်မှုမျိုး ပြုလုပ်နိုင်သူကို မကြားခဲ့ဖူးပေ။
ချူးယွင်ဖန်းသည် အဆင့်ဖြတ်ကျော်ပြီး မကြာမီ ဆဌမမြောက်ရှိ နတ်အဆင့် စွမ်းအင်မျိုးကို ရရှိခဲ့ကြောင်း သူ ခံစားနိုင်သည်။ ထို့အပြင် သူသည် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် မြင့်တက်နေဆဲဖြစ်သည်။ သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်စွမ်းရည်က ရေကန်တစ်ခုနှင့် ဆင်တူသည်ဆိုလျှင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ကြီးမားသော ရေကန်တစ်ခုကဲ့ဖြစ်နေသည်။
၎င်းတို့သည် လုံးလုံးလျားလျား ခြားနားသော အဆင့်တွင် ရှိနေခဲ့သည်။ လူအများစုအတွက်၊ ဤအဆင့်သို့ ဖြတ်ကျော်ခြင်းသည် အဆုံးသတ်ဟု ယူဆနိုင်သော်လည်း ချူးယွင်ဖန်းအတွက်မူ ဤသည်မှာ အစပျိုးမှုသာဖြစ်သည်။ ချူးယွင်ဖန်းသည် အဆင့်ဖြတ်ကျော်မှုများ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဆဌမမြောက် နတ်အဆင့်လျှင်ပင် သူကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း အနက်ရောင် နဂါးဘုရင်က ခံစားနေမိသည်။
အစောပိုင်းက ရေနက်မိကျောင်းကျွမ်းကျင်သူ ပြသခဲ့သော ခွန်အားသည် ချူးယွင်ဖန်းဘက်မှ ဆန့်ကျင်နိုင်သောအရာ မဟုတ်ပေ။ ယခုမူကား သူသည် ထိုအမျိုးသားထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေပုံရသည်။ အနက်ရောင် နဂါးဘုရင်သည် ချူးယွင်ဖန်း၏ ငယ်ရွယ်မှုကို တွေးမိသောအခါ သူ၏အရှေ့တွင် တောက်ပသော အနာဂတ်တစ်ခု ရှိနေကြောင်း တပ်အပ်ပြောနိုင်သည်။ သူ၏အနာဂတ်သည် အလွန် တောက်ပနေမည်ဖြစ်ကြောင်း စိတ်ကူးကြည့်၍ပင် သိနိုင်သည်။ သူသည် ချူးယွင်ဖန်း၏ကွပ်ကဲမှုအောက်သို့ မကြာသေးမီကမှ ရောက်လာခဲ့သော်လည်း အကျိုးကျေးဇူးများစွာ ရရှိနေပြီဖြစ်သည်။
သူသည် အနာဂတ်တွင် အနတ္တနတ်ဆိုးတောင်တန်း၏ ဘိုးဘေးအဆင့်ရှိ မွန်းစတားအိုကြီးများကို လိုက်မီနိုင်မည့် အခွင့်အလမ်းကိုပင် ရရှိလာနိုင်သည်။ အကယ်၍ အနက်ရောင် နဂါးဘုရင်သည် အနတ္တနတ်ဆိုးတောင်တန်းတွင် ပုံမှန်အတိုင်း ကျင့်ကြံခဲ့မည်ဆိုပါက သတ္တမမြောက် နတ်အဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် အလွန် ကံကောင်းနေပြီဖြစ်သည်။ ယခုမူကား ချူးယွင်ဖန်းသည် သူ့ကို ပို၍ ကြီးမားသော အခွင့်အရေးမျိုး ပေးအပ်ခဲ့သည်။ ချူးယွင်ဖန်း၏ ထိန်းချုပ်မှုမှ မလွတ်မြောက်နိုင်သော အခြေအနေအောက်တွင် သူသည် ချူးယွင်ဖန်းအတွက်သာ အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။
ချူးယွင်ဖန်းသည် တစ်နေကုန်ဆုံးပြီးနောက် အဆုံးတွင် ရပ်တန့်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ပြင်းထန်သော စွမ်းအင်များအားလုံးသည် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပုံရ၍ ယခုအခါ သူ၏ပတ်ဝန်းကျင်တွင် ဝဲလွင့်နေသည်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် မျက်လုံးများမှ လျှပ်စီးကြောင်းနှစ်စင်း ထွက်ပေါ်လာသည်။
၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ပြီးနောက် သူ၏ပါးစပ်ကို ဖွင့်လိုက်သည့်အခါ လျှပ်စီးကြောင်းတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။ သူသည် ကမ္ဘာပေါ်ရှိ မိုးကြိုးစွမ်းအင်အားလုံးကို ထိန်းချုပ်ထားသည့် မိုးကြိုးနတ်ဘုရားတစ်ပါးဖြစ်လာပုံရသည်။
"ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား" တန်စီယုက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ သူမသည် ချူးယွင်ဖန်းကို တစ်နေ့လုံး စောင့်ကြည့်နေခဲ့ရာ၊ နောက်ဆုံးတွင် အဆင့်ဖြတ်ကျော်မှု ပြီးမြောက်သွားပုံရကြောင်း မြင်လိုက်ရသောအခါ ချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။
"အားလုံးအဆင်ပြေပါတယ်။ အောင်မြင်မှုတွေအတွက် စွမ်းအင်တစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီးပြီဆိုပေမယ့် အများကြီး ကျန်နေသေးတယ်။ အခုလောလောဆယ်တော့ မိုးကြိုးသွား မန္တန်မှာရှိတဲ့ စွမ်းအင်တွေကို ဖိနှိပ်ဖို့အတွက် ကိုယ့် စွမ်းအင်တွေအားလုံးကို သုံးမှရမယ်" ချူးယွင်ဖန်းက ထိုသို့ ပြောပြီးနောက် မိုးကြိုးမန္တန်နှင့် ပတ်သက်သော အခြေအနေများကို ရှင်းပြလိုက်သည်။
တန်စီယု၊ မိုးကြိုးတောင်ပံသားရဲနှင့် အနက်ရောင် နဂါးဘုရင်တို့သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်း အခြေအနေများ မည်မျှရှုပ်ထွေးနေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ ထင်မှတ်ထားသည့်အတိုင်း ကနဦး အလွန် ပြင်းထန်သော အရောင်အဝါများ ထွက်ပေါ်လာပြီးနောက်၊ သူ၏ အရောင်အဝါသည် တဖြည်းဖြည်း ချုပ်ငြိမ်းသွားလေသည်။
သူသည် မကြာမီတွင် သာမန်လူတစ်ယောက်နှင့် ထင်မခြားဖြစ်သွားလေ၏။ အလွန်ဆုံးလျှင် သာမန် မွေးဖွားခြင်းနယ်မြေအဆင့်တစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏ ကျင့်ကြံမှုအဆင့်များသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ပြန်ရောက်သွားပုံပေါ်သည်။ ထူးခြားသော အခြေအနေမှ သေမျိုးတစ်ဦးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရစေသည်။
"ကျွန်မတို့ အခု ဘာလုပ်ကြမလဲ၊ အခု ရှင်က နတ်အဆင့် စွမ်းအင်တွေအားလုံးကို ချိပ်ပိတ်ထားတာနဲ့ မခြားနားတဲ့ အခြေအနေမှာဆိုတော့" တန်စီယု၏ မျက်ခုံးများ အနည်းငယ် တွန့်သွားခဲ့ရာ၊ သူမ၏ လှပသော မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။
"အခုလောလောဆယ်တော့ တခြားနည်းလမ်း မရှိဘူး။ ကိုယ့် ခန္ဓာကိုယ်ထဲက နတ်စွမ်းအင်အားလုံးကို မသုံးရင် မကြာခင် ပေါက်ကွဲပြီး သေသွားမှာ ကြောက်ရတယ်" ချူးယွင်ဖန်းက ခါးသီးစွာ ပြုံးလိုက်သည်။
"ဒါပေမယ့် ကိုယ့် ခွန်အားကို ခဏလောက်တော့ အပြည့်အဝ သုံးနိုင်ပါသေးတယ်၊ တိုက်ပွဲက အရမ်းမကြာသရွေ့ ကိစ္စမရှိပါဘူး"
တန်စီယုသည် သူ၏ ထိုစကားများကြောင့် စိတ်သက်သာရာမရခဲ့ပေ။ အချိန်ခဏမျှဖြစ်လျှင်ပင် သူ၏စွမ်းအင်အားလုံးကို အသုံးပြုခြင်းသည် အန္တရာယ်များလွန်းလှသည်။
"စိတ်မပူပါနဲ့။ ကိုယ့်စွမ်းအင်ကို ခဏလောက်ပဲ သုံးနိုင်တယ်ဆိုပေမယ့် အခုအခြေအနေအတွက် လုံလောက်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိခွန်အားနဲ့ သတ္တမမြောက် နတ်အဆင့်မှာရှိတဲ့ မွန်းစတားမျိုးနဲ့ မတွေ့ရဘူးဆိုရင် ဘာမှမဖြစ်ပါဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။ သူ၏စကားများတွင် ယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။
"ဟုတ်ပါတယ်၊ စိတ်မပူပါနဲ့ သခင်မလေး။ ကျွန်တော် သိသလောက်တော့ အနတ္တနတ်ဆိုးတောင်တန်းမှာတောင် သတ္တမမြောက် နတ်အဆင့်မျိုး အများကြီး မရှိပါဘူး။ အဲဒီအဆင့်မှာရှိတဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ လေ့ကျင့်ရေးခန်းမကနေ လွယ်လွယ်နဲ့ အပြင်မထွက်တက်ကြဘူး။ သူတို့က နတ်အဆင့်ကို ဖြတ်ကျော်ဖို့ မျှော်လင့်ထားတော့ ကမ္ဘာပေါ် ခရီးနှင်ဖို့အတွက်နဲ့ အချိန်မဖြုန်းချင်ကြဘူးလေ" အနက်ရောင် နဂါးဘုရင်က နှစ်သိမ့်လိုက်သည်။
“ဒါက မှန်ပါတယ်၊ ဒါပေမယ့် အခုအခြေအနေမှာ ပြောဖို့တော့ ခက်လိမ့်မယ်။ ပြည်ထောင်စုရဲ့ လက်ရှိအခြေအနေက ရှုပ်ထွေးလွန်းတယ်။ အခုအခြေအနေမတိုင်မီ အရင်ကဆိုရင် ပညာရှင်တွေ အများကြီး ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ" တန်စီယုက တန်ပြန်လိုက်သည်။
နတ်အဆင့် ကျွမ်းကျင်သူများသည် သူမနှင့် ချူးယွင်ဖန်းတို့ စာသင်နေစဉ်က ဒဏ္ဍာရီလာပုဂ္ဂိုလ်များဖြစ်ကြ၍ အလွယ်တကူ ပေါ်ပေါက်လာလေ့ မရှိကြပေ။ သို့သော် ယခုအခါ နတ်အဆင့်များသည် ပိုပို၍ ပေါ်ထွန်းလာ၍ လူအများအရှေ့သို့ ရောက်ရှိလာသောအခါ ခေတ်ကာလသည် ထင်ရှားစွာ ကွဲပြားသွားပြီဖြစ်သည်။
"ဘာမှမဖြစ်ပါဘူး။ လောလောဆယ်မှာ ကိုယ့် ခွန်အားတွေကို အကြာကြီး မသုံးနိုင်ပေမယ့် နည်းလမ်းတစ်ခုတော့ စဉ်းစားထားပြီးပြီ" ချူးယွင်ဖန်းက ပြောလိုက်သည်။
ဤသည်မှာ တန်စီယုကို နှစ်သိမ့်ပေးရုံမျှသာမကဘဲ သူ၏စိတ်ထဲ၌လည်း အကြံတစ်ခုရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်၏ လက်ရှိအခြေအနေအရ ဆူပွက်နေသော ဆီများကဲ့သို့ဖြစ်နေ၍ သတိမမူဘဲ ပြုမူပါက သေဆုံးသွားနိုင်သည်။
သို့သော် အရေးကြီးဆုံးအချက်မှာ ၎င်းကို ဖိနှိပ်ရန်အတွက် သူ၏စွမ်းအင်အားလုံးကို အသုံးပြုထားလျှင်ပင် ကြာရှည်ခံနိုင်မည် မဟုတ်ပေ။ မိုးကြိုးမန္တန်၏ စွမ်းအင်များသည် အဆက်မပြတ် စီးဆင်းနေ၍ ချူးယွင်ဖန်း၏ ဖိနှိပ်မှုကို တိုက်ခိုက်နေဆဲဖြစ်သည်။
ယင်းအတိုင်းသာ ဆက်သွားပါက စွမ်းအင်သည် အနှေးနှင့်အမြန်ဆိုသလို တားဆီးမှုကို ဖြတ်သန်းသွားပေလိမ့်မည်။ ဤပုန်းအောင်းနေသော အန္တရာယ်ကို ဖြေရှင်းရန်အတွက် ၎င်းကို တတ်နိုင်သမျှ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သောကြောင့် ချူးယွင်ဖန်းက အဖြေတစ်ခုကို တွေးထားပြီးသားဖြစ်သည်။ သူ့ကို စောင့်ကြိုနေသောအရာသည် ခမ်းနားကြီးကျယ်သည့် ပြန်လည်ဖွားမြင်ခြင်းသာဖြစ်သည်။
သူသည် ထိုအချိန်အတိုင်းအတာအပြီးတွင် ပြန်လည်မွေးဖွားလာကာ သူ၏ခွန်အားသည်လည်း နောက်ထပ် ထိတ်လန့်ဖွယ်ရာ အဆင့်ဖြတ်ကျော်မှုတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သတ္တမမြောက် နတ်အဆင့်ကိုပင် မကြောက်ရွံ့ဘဲ ၎င်းတို့အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။ ဤသည်မှာ အန္တရာယ်ရှိသော်လည်း မကြုံစဖူး အခွင့်အရေးတစ်ခုလည်းဖြစ်ပေသည်။ ၎င်းကို ကောင်းစွာအသုံးပြုပါက အနည်းဆုံးလျှင် ဆယ်နှစ်မျှကြာသော ခက်ခဲကြမ်းတမ်းသည့် ကျင့်ကြံမှုမျိုးကို သက်သာစေမည်ဖြစ်သည်။
"ဒါပေမယ့် အဲ့ဒါမတိုင်ခင်မှာ ကိုယ်တို့တွေ ဒီကထွက်ပြီး အပြင်မှာစောင့်နေတဲ့ ဟိုလူကို သတ်ပစ်ရမယ်"
ချူးယွင်ဖန်း၏ အသံသည် အလွန် အေးစက်နေသည်။
အခန်း (၉၅၇) တစ်ချက်တည်းဖြင့် စစ်တပ်တစ်ခုလုံးကို သုတ်သင်ခြင်း
တောင်မြစ်ပန်းချီကားအတွင်းမှ လူများသည် အပြင်ဘက်ရှိ မြင်ကွင်းကို မြင်တွေ့နိုင်သည်။ အပြင်ဘက်ရှိ ရေနက်ပိုင်း မိကျောင်းကျွမ်းကျင်သူသည် ထွက်ခွာရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ချူးယွင်ဖန်းကို မိုးကြိုးနတ်ဘုရား လှံတံကို ထိုကဲ့သို့ ယူဆောင်ခွင့် မပေးလိုသည်မှာ ထင်ရှားသည်။ သူသည် ချူးယွင်ဖန်းကို ချောင်းမြောင်း တိုက်ခိုက်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။
မှန်ကန်စွာပြောရမည်ဆိုလျှင် ချူးယွင်ဖန်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ပြဿနာတစ်ခုရှိနေသော်လည်း သူသည် အင်အားအသုံးပြု၍ နှိမ်နင်းခဲ့သည်။ ယခုအချိန် သူ အလိုအပ်ဆုံးအရာသည် အချိန်သာဖြစ်သည်။ သူ့တွင် အချိန်အလုံအလောက်ရှိသရွေ့ ဤမကောင်းမွန်သောအရာကို ကောင်းမွန်သောအရာအဖြစ် ပြောင်းလဲသွားနိုင်မည်ဖြစ်၍ ကောင်းကင်သို့ ပျံတက်နိုင်ပေလိမ့်မည်။
မိုးကြိုးမန္တန်သည် သူ၏ခန္ဓာကိုယ်ထဲသို့ မိုးကြိုးစွမ်းအင်များ အဆက်မပြတ် ထုတ်လွှတ်နေသောကြောင့် ထိုစွမ်းအင်များအပေါ် ချူးယွင်ဖန်း၏ ထိန်းချုပ်မှုသည်လည်း အဆက်မပြတ် တိုးမြင့်လာခဲ့သည်။
၎င်းသည် အသွားနှစ်ထပ်ဓားပါရှိသော ဓားနှင့် ဆင်တူသည်။ ယခုအချိန်သည် ချူးယွင်ဖန်းက ထိုစွမ်းအင်များကို မည်သို့ အသုံးချမည်နှင့် ပတ်သက်၍ ကြည့်ရှုရန် အချိန်တန်ပြီဖြစ်သည်။ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်နေသော ခေတ်ကြီးတွင် သူသည် ဤသို့သော စွမ်းအင်အမြောက်အမြားကို လိုအပ်နေသည်။ နောက်အခိုက်အတန့်တွင် တောင်မြစ်ပန်းချီကားပွင့်လာပြီးနောက် ချူးယွင်ဖန်းသည် လှိုက်ဂူ၏ခန်းမဆောင်တွင် တစ်ဖန်ပေါ်ပေါက်လာသည်။
"နောက်ဆုံးတော့ ထွက်လာပြီပေါ့လေ" အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် စိတ်လှုပ်ရှားနေသည်။ သူသည် ဤနေရာတွင် တစ်နှစ်၊ နှစ်နှစ်သို့မဟုတ် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရန်အတွက် ပြင်ဆင်ပြီးသားဖြစ်သည်။
ဤအခွင့်အရေးသည် သူ့အတွက် အရေးအကြီးဆုံးဖြစ်သောကြောင့် ချူးယွင်ဖန်းသည် ထိုနေရာလွတ်ထဲတွင် သေဆုံးသွားကာ လှံတံသည် နေအလင်းရောင်ကို မမြင်ရဘဲ ထိုနေရာတွင် ထာဝရတည်ရှိနေမည်ကို သူ ကြောက်ရွံ့နေမိသည်။ ယခုအခါ နောက်ဆုံးတွင် ချူးယွင်ဖန်း ပေါ်လာပြီဖြစ်သောကြောင့် အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် အမျိုးသားသည် ထိုကဲ့သို့သော အခွင့်အရေးကောင်းကို လက်လွတ်မခံတော့မည် မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပုန်းအောင်းနေသော နတ်အဆင့် ခြောက်ဦးတို့ လှုပ်ရှားလာကြသည်။
၎င်းတို့ထဲရှိ တစ်ယောက်သည် အလွန် လျင်မြန် ဖျတ်လတ်လှရာ၊ သူသည် စက္ကန့်ပိုင်းလေးအတွင်းမှာပင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုဖြင့် ချူးယွင်ဖန်း အရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် သူ၏လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထား၍ ၎င်းအတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအင်များ စိမ့်ဝင်လာပြီးနောက် ကြီးမားသော ဓားသွားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချူးယွင်ဖန်းကို ခုတ်ထစ်လိုက်သည်။
ကနဦးတွင် သူ၏ခွန်အားကို ထိန်းချုပ်ထားပုံရသော ချူးယွင်ဖန်းသည် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု မြင့်တက်လာကာ အဆုံးမဲ့ မိုးကြိုးစွမ်းအင်များ ထွက်ပေါ်လာ၍ သူ၏ပတ်ဝန်းကျင်တွင် ပြင်းထန်သော ဒီရေလှိုင်းများ ဖြစ်ပေါ်သွားစေသည်။
ချူးယွင်ဖန်းကို ဓားသွားအလင်းရောင်ဖြင့် ထိမှန်ခါနီးတွင် ရုတ်တရက်ဆိုသလိုပင် သွေးနီရောင်အရိုးစု လက်တစ်ချောင်းသည် သူ၏နောက်ကျောမှ ထွက်ပေါ်လာသည်။ ဤအရိုးစုလက်သည် လျှပ်စီးကဲ့သို့ လျင်မြန်၍ တခဏအတွင်းမှာပင် ရိုက်ချလိုက်ပြီဖြစ်သည်။ ကနဦး နတ်အဆင့် ကျွမ်းကျင်သူသည် အလွန်လျင်မြန်လှပြီဟု ထင်ခဲ့သော်လည်း ချူးယွင်ဖန်းကို မထိမိခင်ပင် သွေးနီရောက် အရိုးစုလက်က သူ့ကို ဖမ်းမိသွားသည်။
ဘန်း
နတ်အဆင့် ကျွမ်းကျင်သူသည် ထိပ်တိုက်ထိမှန်သွား၍ သူ၏ခန္ဓာကိုယ်သည် ခန်းမဆောင်၏ မြေပြင်နှင့် ရိုက်ခတ်မိသွားလေသည်။ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် အရိုးများ ကွဲအက်သံကို ကြားလိုက်ရသည်။
နတ်အဆင့် ကျွမ်းကျင်သူသည် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရကြောင်း လူတိုင်းမြင်တွေ့လိုက်လေသည်။ သူ၏အရိုးများအားလုံး ကျိုးကြေသွားကာ ရွှံ့အိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ရန်ပင် အခွင့်အရေး မရှိခဲ့ဘဲ ကြေကွဲဖွယ် သေဆုံးသွားခဲ့သည်။
ဤမြင်ကွင်းသည် အခြားသော နတ်အဆင့် ကျွမ်းကျင်သူများကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သို့သော်လည်း ၎င်းတို့သည် ယခုအခါ ချူးယွင်ဖန်းနှင့် အလွန် နီးစပ်နေပြီဖြစ်သောကြောင့် ထိုကျွမ်းကျင်သူကို မကူညီနိုင်ခဲ့ကြပေ။
နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားဖြင့် ဖွဲ့စည်းထားသော သွေးနီရောင်အရိုးစုသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရုပ်လုံးပေါ်ပေါက်လာသည်။ ၎င်းသည် ၎င်း၏ ကြီးမားသော သွေးနီရောင်လက်ကြီး နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ဘန်း
ဘန်း
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုကို ကြားလိုက်ရပြီးနောက် ချူးယွင်ဖန်းသည် နောက်ထပ် အဏ္ဏဝါမျိုးနွယ်စု နတ်အဆင့် နှစ်ဦးကို ရှောင်မပြေးနိုင်မီ သတ်ပစ်လိုက်သည်။ ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာခဲ့သော်လည်း တကယ်တမ်းတွင် အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် တတိယမြောက် သို့မဟုတ် စတုတ္ထမြောက် နတ်အဆင့်တွင်ရှိနေသော အထွတ်အမြတ် သိုင်းပညာရှင် ခြောက်ဦးအနက် ထက်ဝက်ခန့်ကို သတ်ဖြတ်လိုက်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုစွမ်းရည်သည် ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းလှသည်။ ကျန်ရစ်သော နတ်အဆင့်ကျွမ်းကျင်သူ သုံးဦးတို့သည် အလိုအလျောက် ရပ်တန့်ကာ ဆုတ်ခွာသွားကြသည်။
"မင်းက သေကြောင်းကြံစည်နေတာပဲ"
အနက်ရောင် ချပ်ဝတ်တန်ဆာ အမျိုးသားသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ လှိုက်ဂူခန်းမကြီးတစ်ခုလုံး တုန်လှုပ်လာခဲ့ရာ၊ သူ၏ဒေါသအောက်တွင် ပို၍ တုန်လှုပ်လာခဲ့သည်။ မြေကြီးသည် အလွန် တုန်ခါနေ၍ သူ၏ဒေါသအဆင့်သည် အလွန်မြင့်မားလှရာ၊ ၎င်းကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်ပေသည်။
ချူးယွင်ဖန်းသည် သူ၏မျက်စိအောက်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်ဝံ့သည်။ ဤသည်မှာ သူ့ကို အလွန်တရာ သိက္ခာကျစေခဲ့သည်။ တခဏအတွင်းမှာပင် ခန်းမအတွင်း မရေတွက်နိုင်သော လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။ ၎င်းသည် မရေတွက်နိုင်သော ဝိညာဉ်စွမ်းအင်များမှ ပေါင်းစပ်ထားသော သမုဒ္ဒရာတစ်စင်းကဲ့သို့ ဖြစ်နေသည်။ အဏ္ဏဝါမျိုးနွယ်စုများသည် ပင်လယ်ပြင်၌ အုပ်စိုးရှင် ဘုရင်များဖြစ်ကြသည်။
သို့သော် ချူးယွင်ဖန်းသည် သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။ သူ၏ပစ်မှတ်သည် ဆုတ်ခွာသွားသော နတ်အဆင့်သုံးဦးဖြစ်သည်။ ဤနတ်အဆင့်များသည် အများအားဖြင့် အလွန် ရဲရင့်သည့်အပြင် စစ်ပွဲများတွင် သေခြင်းတရားကို မကြောက်ဘဲ တိုက်ပွဲဝင်ကြသော်လည်း စစ်ပွဲတွင် သေဆုံးခြင်းနှင့် ချူးယွင်ဖန်း၏ ရိုက်နှက်မှုကြောင့် သေဆုံးခြင်းသည် လုံးလုံးလျားလျား ကွဲပြားသော အယူအဆနှစ်ခုဖြစ်သည်။
ချူးယွင်ဖန်း၏ အနောက်ဘက်မှ မရေတွက်နိုင်သော မိုးကြိုးသွားများ ထွက်ပေါ်လာ၍ ၎င်းတို့သည် သူ၏အနောက်တွင် မိုးကြိုးဓားများအဖြစ် စုစည်းလာသည်။ ၎င်းသည် ဓားရိုး တံတိုင်းကြီးနှင့် ဆင်တူကာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုဖြစ်ပေသည်။ ထိုဓားများသည် ခန်းမ၏ တစ်ဝက်နီးပါးမျှ ပြည့်နှက်သွားသည်။
"ထွက်သွားဖို့တောင် မစဉ်းစားနဲ့" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မရေတွက်နိုင်သော လျှပ်စီးဓားများသည် မုန်တိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်သွားသည်။
မရေတွက်နိုင်သော ဓားရှည်များ လွင့်စဉ်လာကာ ထွက်ပြေးရန် ကြိုးစားနေသော နတ်အဆင့်ကျွမ်းကျင်သူ သုံးဦးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ၎င်းတို့တွင် ခုခံရန် အချိန်ပင်မရှိခဲ့ရာ၊ တစ်နည်းဆိုရသော် ၎င်းတို့၏ ခုခံမှုများသည် မုန်တိုင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် အဓိပ္ပာယ်မဲ့ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အသွေးအသား အစိုင်အခဲများအဖြစ် လွင့်စဉ်သွားကြသည်။ ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော်လည်း ၎င်းတို့အနောက်ရှိ ထောင်နှင့်ချီသော စစ်သားများသည် ပို၍ပင် ဆိုးရွားသော ကံကြမ္မာဖြင့် ကြုံတွေ့လိုက်ရသည်။ ၎င်းတို့သည် ခန်းမတစ်ခုလုံးတွင် ပြည့်နှက်နေသောကြောင့် ရှောင်တိမ်းရန် သို့မဟုတ် ထွက်ပြေးရန်ပင် နည်းလမ်းမရှိခဲ့ပေ။
၎င်းတို့အားလုံးသည် တိုက်ခိုက်မှုများအောက်တွင် နစ်မြုပ်သွားကြသည်။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုစွမ်းအင်သည် စစ်တပ်တစ်ခုလုံးဖြင့်ပင် နှိုင်းယှဉ်နိုင်သည်။ ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုကို အခွင့်ကောင်းယူကာ သူ့ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေသော မိုးကြိုးစွမ်းအင်၏ အစိတ်အပိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူသည် ဆုံးရှုံးမှုမျိုး မခံစားရရုံသာမကဘဲ စိတ်သက်သာမှုပင် ရရှိခဲ့သည်။
ဤတိုက်ခိုက်မှုရှိ မိုးကြိုးစွမ်းအင်သည် အလွန် သန့်စင်လှရာ၊ အပြင်ဘက်ရှိ သာမန်မိုးကြိုးစွမ်းအင်ထက် ဆယ်ဆ ပို၍သန့်စင်သည်။ ထိုစွမ်းအင်နှင့် တူညီသော တိုက်ခိုက်မှုမျိုးကို တစ်ပြိုင်နက်တည်း ဖော်ပြရန် မဖြစ်နိုင်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာရှိသော အဏ္ဏဝါတပ်သားများမဆိုနှင့် ထိုနတ်အဆင့် ကျွမ်းကျင်သူများလျှင်ပင် ယင်းတိုက်ခိုက်မှုကို မကိုင်တွယ်နိုင်ပေ။
ထောင်နှင့်ချီသော စစ်သားများသည် တိုတောင်းသော အသက်ရှူရှိုက်မှုအတွင်း ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့သည်။ မြေပြင်တွင် လူသေအလောင်းများ ဖုံးလွှမ်းနေခဲ့ရာ၊ မည်မျှ ကြီးကျယ်ခမ်းနားဖွယ်ကောင်းသည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။ ဤနေရာ၌ မွေးဖွားခြင်းနယ်မြေအဆင့်များစွာရှိသော်လည်း ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် အဓိပ္ပါယ်မရှိခဲ့ပေ။ ၎င်းတို့အားလုံးသည် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
လူသားအမြောက်အမြားကို အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်များကဲ့သို့ပင်၊ နျူကလီးယားဗုံးတစ်လုံးသည် လူတစ်ဦး သို့မဟုတ် လူသန်းပေါင်းများစွာကို သတ်ဖြတ်ရန် အသုံးပြုနိုင်ခဲ့ရာ၊ ၎င်းအနက် ထူးခြားမှုဟူ၍ မရှိခဲ့ပေ။
"အား... မင်းကများ အတင့်ရဲလို့"
ထိုအချိန်တွင် လူတစ်ဦးတည်းသာ မတ်တပ်ရပ်နေခဲ့၍ ၎င်းသည် အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် အမျိုးသားဖြစ်သည်။ သူ၏ အနက်ရောင် ချပ်ဝတ်တန်ဆာ ကျိုးကြေသွားခဲ့ကာ သွေးများစီးကျ၍ ဆံပင်များသည်လည်း ရှုပ်ပွလျက်ရှိသည်။ သူ၏ ပုံသဏ္ဌာန်သည် အလွန် ဆိုးရွားဖွယ်ကောင်းလှသည်။ သူ၏ ဒေါသတကြီး အော်ဟစ်သံသည် ခန်းမတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေသည်။