အခန်း (၉၅၈-၉၆၀)
Vol. 64 Ch. 958-960
အခန်း (၉၅၈) ဆဌမမြောက် နတ်အဆင့်ကို သတ်ခြင်း
ထိုအချိန်တွင် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။ သူသည် ကနဦးရှိ တက်ကြွမှုများကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် ကမ္ဘာအဆုံးသတ်နှင့် ဆင်တူခဲ့ရာ၊ သူ၏လက်အောက်ငယ်သားများနှင့် သူ ခက်ခက်ခဲခဲ စုဆောင်းထားသော လက်ရွေးစင်များကို ချေမှုန်းသွားခဲ့သည်။
နှစ်ရာကျော်ချီကြာ ကြိုးစားအားထုတ်မှုသည် တစ်မိနစ်အတွင်း မူလပထမသို့ ပြန်ရောက်သွားပုံပေါ်သည်။ ထိုလူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်နေသည်။ သူ၏ နတ်စွမ်းအင်များ တောက်လောင်၍ အလွန် ပြင်းထန်စွာ ပေါက်ကွဲသွားလေသည်။ သူသည် ချူးယွင်ဖန်း၏ အရိုးများကို မီးရှို့၍ သူ၏အရိုးပြာများကို ဖြန့်ကြဲပစ်ရန်ပင် ဆုံးဖြတ်ချက်ချလိုက်သည်။ မဟုတ်လျှင် သူ၏နှလုံးသားထဲရှိ အမုန်းတရားများကို ချေဖျက်နိုင်မည် မဟုတ်ပေ။
ထိုသို့ တွေးမိသောအခါ အမျိုးသားက ပြန်လည် တည်ငြိမ်သွားခဲ့၍ ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"လူသား၊ မင်းက ကျုပ်ဆိုတဲ့ အဖြူရောင် မိကျောင်းကို နာကျင်အောင် လုပ်နိုင်တဲ့အထိ တော်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့ မင်းကို ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ သေရအောင် ကျုပ် လုပ်ပြမယ်။ ဘယ်မှာလဲ မိုးကြိုးနတ်ဘုရား လှံတံ။ အခုချက်ချင်း ကျုပ်ကို လက်လွှဲပေးရင် မင်းကို မြန်မြန်ချုပ်ငြိမ်းအောင် လုပ်ပေးမယ်"
"ကျုပ်ကို မြန်မြန်ချုပ်ငြိမ်းပေးမယ် ဟုတ်လား။ ဟားဟားဟား။ အဖြူရောင် မိကျောင်း ခင်ဗျားတော့ အခြေအနေကို နားမလည်သေးဘူး ထင်တယ်" ချူးယွင်ဖန်းသည် အဖြူရောင် မိကျောင်းကို ကြည့်၍ ပြောလိုက်သည်။
သူသည် အဖြူရောင် မိကျောင်းကို သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုသည် သူ့ကို သတ်ဖြတ်ရန်အတွက် လူများစွာကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့သည့်အပြင် သူသည်လည်း ၎င်းတို့၏ ကျွမ်းကျင်သူ အများအပြားကို သတ်ဖြတ်ခဲ့သည်။ နှစ်ဦးနှစ်ဘက်စလုံးတွင် သွေးကြွေးများရှိနေပြီဖြစ်သည်။
ထို့အပြင် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုများသည် ကမ်းပေါ်တက်လာရန်အတွက် အမြဲတစေ ဆန္ဒရှိခဲ့ကြသည်။ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု အပါအဝင် အခြားသော အဏ္ဏဝါမျိုးနွယ်စုများသာ ကမ်းပေါ်သို့ ရောက်ရှိလာပါက ပြည်ထောင်စုသည် ၎င်းတို့၏ ဒဏ်ကို ပထမဦးစွာ ခံရပေလိမ့်မည်။ သို့သော်လည်း ပြည်ထောင်စုတွင် မွေးဖွားလာသော ချူးယွင်ဖန်းသည် လုံးလုံးလျားလျား ခြားနားသော ရပ်တည်ချက်မျိုးရှိနေသည်။
"တော်စမ်းပါ" အဖြူရောင် မိကျောင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
သူ၏လက်ထဲတွင် သုံးခွလှံတစ်ခု ပေါ်ပေါက်လာပြီးနောက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဤကဲ့သို့ ရေကင်းစင်သော အရပ်တွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု မြင့်တက်လာစေသည်။ ဤကြီးမားသော လှိုင်းလုံးကြီးများသည် မရေတွက်နိုင်သည့် သေးငယ်သော လှိုင်းများများအဖြစ် ပြောင်းလဲသွားကာ ချူးယွင်ဖန်းဆီ ပြိုကျလာလေသည်။ ၎င်းတို့သည် ထူးခြားမှု တစ်စုံတစ်ရာမှ မရှိသော်လည်း ၎င်းတို့တစ်ခုချင်းစီသည် တောင်တန်းကြီးကိုပင် အပိုင်းပိုင်းခွဲခြမ်းနိုင်ကြသည်။
ဤသည်မှာ အဖြူရောင် မိကျောင်းပိုင်ဆိုင်သော နတ်စွမ်းအင်ဖြစ်သည်။ ယခင်က ချူးယွင်ဖန်း ကြုံတွေ့ခဲ့ရသည့် အခြားသော ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက အဖြူရောင် မိကျောင်း၏ စွမ်းအင်မှာ အဆင့်တစ်ဆင့်မျှမြင့်မားနေပုံပေါ်သည်။
အကယ်၍ ချူးယွင်ဖန်းသာ အဆင့်မဖြတ်ကျော်နိုင်ခဲ့ပါက ချူးယွင်ဖန်းသည် အဖြူရောင် မိကျောင်းနှင့် တိုက်ပွဲတွင် မိမိကိုယ်ကို ကာကွယ်ရုံသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ ထိုအချိန်က အဖြူရောင် မိကျောင်းသည် သူ့ကို ထိခိုက်အောင် မပြုလုပ်နိုင်ကြောင်း ယုံကြည်သော်လည်း သူသည်လည်း အဖြူရောင် မိကျောင်းကို ထိခိုက်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုအခါ အရာအားလုံး ခြားနားသွားလေသည်။
"ခင်ဗျား ဘယ်လောက်တော်လဲ ကြည့်ရသေးတာပေါ့"
ချူးယွင်ဖန်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးပြီးနောက် လက်ငါးချောင်းကို စုစည်းခြင်းဖြင့် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲလိုက်လေသည်။ တခဏအတွင်းမှာပင် လေထုထဲသို့ မရေတွက်နိုင်သော ဓါးသွားအရောင်အဝါများ ဖြတ်တောက်သွားကာ လှိုင်းလုံးကြီးများကို ဗလာနတ္ထိအဖြစ် ဖျက်ဆီးပစ်လိုက်လေ၏။ လှိုင်းလုံးကြီးများသည် ချူးယွင်ဖန်းကို မထိခိုက်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် သူ၏ လက်ရှိခန္ဓာကိုယ် ကြံ့ခိုင်မှုအရ အမှန်တကယ် အကန့်အသတ်မဲ့လှသည်။ သူ လက်ဖြင့် ပေါ့ပေါ့တန်တန် ဖန်တီးခဲ့သည့် ဓားသွားလျှင်ပင် တောင်တန်းများကို အပိုင်းပိုင်းခွဲနိုင်သည့် ဤလှိုင်းလုံးများကို နတ်လက်နက်တစ်ခုကဲ့သို့ အလွယ်တကူ ဖြတ်တောက်နိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် အလွန်လျင်မြန်လှသည်။ သူသည် ကောင်းကင်ယံကို လွှမ်းခြုံထားသည့် ပုံရိပ်ယောင် လက်ဓားများဖြင့် မရေတွက်နိုင်သည့် လှိုင်းတံပိုးများကို သူ့အနီးအနားသို့ မချဉ်းကပ်နိုင်အောင် ဖြတ်တောက်ပစ်လိုက်သည်။ သူသည် လှိုင်းတံပိုးများကို ဖြိုခွဲပစ်လိုက်စဉ် သုံးခွလှံတံသည် လှိုင်းလုံးကြီးတစ်ခု၏နောက်ကွယ်မှ ကောင်းကင်ယံကို ဖြတ်သန်းပြီးနောက် သူ့ထံ ထိုးစိုက်လာ၏။
ဤတိုက်ခိုက်မှုသည် အလွန် မြန်ဆန်၍ ဖျတ်လတ်လှသည်။ သုံးခွလှံသည် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခုနှင့်အတူ ပေါက်ကွဲထွက်လာသည်။ အဖြူရောင် မိကျောင်းသည် အလွန် ဒေါသထွက်နေသောကြောင့် သူ၏ ခွန်အားအားလုံးကို ဤတိုက်ခိုက်မှုတွင် စုစည်းထားခဲ့သည်။
“ပင်လယ်နတ်ဘုရားရဲ့ အမျက်တော်”
သို့သော် ချူးယွင်ဖန်းက တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် လက်ကို မြှောက်တင်ပြီးနောက် သူ၏လက်ဓားဖြင့် သုံးခွလှံတံကို ခုတ်ထစ်လိုက်သည်။ စူးရှသော အသံသည် ခန်းမတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ ရွှေထည်နှင့် သံမဏိတို့ တိုက်မိသွားကဲ့သို့ ထင်မှတ်ရစေကာ၊ ၎င်းတို့နှစ်ဦး တိုက်မိရာအရပ်တွင် သတ္တုသံများ ထွက်ပေါ်လာ၍ နေရာအရပ်ရပ်သို့ ပြင်းထန်သော ဒီရေလှိုင်းများ ပျံ့နှံ့သွားလေသည်။
အဖြူရောင် မိကျောင်းသည် အလျင်အမြန် ဆုတ်ခွာသွားသည်။ သူ၏လက်များ အလွန် တုန်ခါနေ၍ သုံးခွလှံကို လက်လွှတ်လုနီးပါး ဖြစ်နေသည်။ သူ၏မျက်လုံးများသည် မူလက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုအခါ မယုံကြည်နိုင်ဖြစ်နေသော အကြည့်များနှင့် ပြည့်နှက်နေသည်။ သူသည် အလွန် မယုံကြည်နိုင်ဖြစ်နေသည်။
ချူးယွင်ဖန်းသည် သူ၏ဒေါသတကြီး တိုက်ခိုက်မှုကို လက်ဗလာဖြင့် တားဆီးနိုင်ခဲ့သည်။ ဤ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းဆောင်ချက်သည် သူ၏ ကမ္ဘာကြီးအပေါ်ထားရှိသော အမြင်ကို လုံးလုံးလျားလျား ပြောင်းသွားစေသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်သည် မည်သို့ကြောင့် ဤမျှ သန်မာနေခြင်းဖြစ်သနည်း။ မိမိလျှင်ပင် အဆင့်တူ ကျွမ်းကျင်သူတစ်ဦး၏ နတ်လက်နက်ကို လက်ဗလာဖြင့် မခုခံဝံ့ပေ။ ဤသည်မှာ ဖြစ်နိုင်ခြေမရှိသော ဖြစ်စဉ်ဖြစ်သည်။ သို့သော် သူ၏ ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည် သတိမကပ်နိုင်မီတွင် ချူးယွင်ဖန်းက အရှေ့သို့ ခြေတစ်လှမ်းတိုးနေပြီဖြစ်သည်။
"အခု ကျုပ်အလှည့်ပေါ့။ ကျုပ် လက်သီးကို စမ်းကြည့်လိုက်"
ချူးယွင်ဖန်းသည် သူ၏ လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်ထားလိုပ်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် မရေတွက်နိုင်သော နတ်စွမ်းအင်များ ဆူပွက်လာ၍ ကြီးမားသော အသူရကာယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ အသူရကာယ်သည် ၎င်း၏ လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်ကာ အဖြူရောင် မိကျောင်းကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ထိုအချိန်တွင် အဖြူရောင် မိကျောင်း၏ ပထမဆုံး တုံ့ပြန်မှုသည် ရှောင်တိမ်းရန်ဖြစ်သည်။ သို့သော် သူသည် လုံးလုံးလျားလျား ချိန်ရွယ်ခံထားရသည်ဟု ခံစားမိလိုက်၍ လွတ်မြောက်ရန် မဖြစ်နိုင်ပုံပေါ်သည်။ သူ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ မူလအခြေအနေသည် အချိန်တိုလေးအတွင်းမှာပင် လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားလေသည်။
'သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ။ ငါ အစွမ်းကုန် တိုက်ခိုက်မှဖြစ်မယ်' အဖြူရောင် မိကျောင်းက တွေးလိုက်သည်။
သူသည် သူ၏ ကန့်သတ်ချက်သို့ ရောက်သည်အထိ တွန်းအားပေးလိုက်သည်။ ဟိန်းဟောက်သံနှင့်အတူ၊ သူ၏ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်များ စုစည်းလာပြီးနောက် သူ၏လက်ရှိ သုံးခွလှံသည် ပို၍ ကြီးမားလာသည်။ ၎င်းသည် ပေတစ်ရာကျော်အထိ ရှည်လျားလာပြီးနောက် ချူးယွင်ဖန်းကို တိုက်ခိုက်လိုက်သည်။
ဘုံး
နောက်ထပ် ထိတ်လန့်ဖွယ်ရာ တိုက်မိသံများ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ပြင်းထန်သော လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်သည် ချူးယွင်ဖန်း၏ အစစ်အမှန် တိုက်ခိုက်မှုဖြစ်သည်။ သူ၏လက်သီးချက်သည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
အဖြူရောင် မိကျောင်းသည် ထိုလက်သီးချက်ဖြင့် တိုက်မိသည့် အခိုက်အတန့်တွင် စူးရှစွာ အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်သည် သုံးခွလှံကို ဖြတ်ကျော်၍ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူ၏လက်မောင်းများ ချက်ချင်းပေါက်ကွဲထွက်ကာ သွေးအမှုန်အမွှားများအဖြစ် ပြောင်းလဲသွားလေ၏။ သူနှင့် ချူးယွင်ဖန်းတို့ကြားရှိ ကွာဟချက်သည် လုံးလုံးလျားလျား ပေါ်လွင်လာခဲ့သည်။အဖြူရောင် မိကျောင်းသည် အလျင်အမြန် ဆုတ်ခွာသွား၍ သူ၏ခြေအစုံပေါ်၌ပင် မတ်တပ် မရပ်နိုင်သည်အထိ ဖြစ်ခဲ့ရသည်။
"မဖြစ်နိုင်ဘူး၊ မင်းက ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာနေရတာလဲ"
အဖြူရောင် မိကျောင်းသည် မယုံကြည်နိုင်ဖြစ်နေသည်။ သူသည် သူ၏ ကြီးမားပြင်းထန်သော မိကျောင်းပုံသဏ္ဌာန်သို့ ပြောင်းလဲကာ သွေးရောင် ပါးစပ်ကြီးကို ဖွင့်ဟ၍ ချူးယွင်ဖန်းကို ကိုက်ချလိုက်သည်။
"ခင်ဗျားကတော့ သေကြောင်းကြံစည်နေတာပဲ" ချူးယွင်ဖန်းက အေးစက်စွာ အော်ဟစ်ပြီးနောက် သူ၏လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ကြီးမားသော ရွှေရောင်ငှက်ကြီးအဖြစ် ပြောင်းလဲကာ ပျံသန်းသွားခဲ့သည်။
ဘုံး
ရွှေရောင်ငှက်ကြီးသည် အဖြူရောင် မိကျောင်း၏ ကြီးမားသော ကိုယ်ထည်ကို ထိမှန်သွားခဲ့သည်။ အဖြူရောင် မိကျောင်းက နာကျင်စွာ အော်ဟစ်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး လွင့်ပျံသွားကာ 'ဘန်း' ဟူသော မြည်သံဖြင့် ပေါက်ကွဲထွက်၍ အပိုင်းပိုင်းဖြစ်သွားလေသည်။ အဖြူရောင် မိကျောင်းသည် ဆိုးရွားဖွယ် သေဆုံးသွားခဲ့သည်။
ဆဌမမြောက် နတ်အဆင့်ကျွမ်းကျင်သူလျှင်ပင် ချူးယွင်ဖန်း၏ လှုပ်ရှားမှုအနည်းငယ်ကို လုံးလုံးလျားလျား မခုခံနိုင်ဘဲ သေဆုံးသွားခဲ့သည်။ ချူးယွင်ဖန်းသည် အဖြူရောင် မိကျောင်းကို သတ်ပြီးနောက် သူ၏ခန္ဓာကိုယ်တွင်းရှိ ဆူပွက်နေသော မိုးကြိုးစွမ်းအင်ကို ဖိနှိပ်ရန်အတွက် သူ၏အတွင်းစွမ်းအင်ကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။ သူ၏ အရောင်အဝါသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ကျဆင်းသွားကရ မွေးဖွားခြင်းနယ်မြေအဆင့်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အမှန်တကယ်ပင် သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို အားကိုးနေလျှင်ပင် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ တောင်မြစ်ပန်းချီကားအတွင်းရှိ အနက်ရောင် နဂါးဘုရင်သည် ဤမြင်ကွင်းကိုမြင်ပြီးနောက် စူးရှစွာ ပင့်သက်ရှိုက်လိုက်သည်။
သူသည် ချွေးစေးများဖြင့် ဖုံးလွှမ်းနေသည်။ ချူးယွင်ဖန်းသည် ဤမျှ ထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ချူးယွင်ဖန်းသာ သူ့ကို လက်နက်ချရန် မဆိုခဲ့ပါက၊ သူသည် ယခုအချိန်တွင် အဖြူရောင် မိကျောင်းကဲ့သို့ သေဆုံးသွားပြီဖြစ်သည်။ ထိုသို့ တွေးမိသောအခါ သူသည် အမှန်တကယ် ကံကောင်းခဲ့ပုံပေါ်သည်။
အခန်း (၉၅၉) တိုက်ပွဲကို ရှင်းလင်းခြင်း၊ ဖီးနစ် ပြန်လည်မွေးဖွားခြင်း
အနက်ရောင် နဂါးဘုရင်က ရွှင်မြူးနေချိန်တွင် ချူးယွင်ဖန်းက သူ၏ အရောင်အဝါများကို ပြန်ရုပ်သိမ်းလိုက်သည်။ ထိုတိုက်ပွဲအပြီးတွင် သူ၏ခန္ဓာကိုယ်ရှိ မိုးကြိုးစွမ်းအင်ကို ဖိနှိပ်ခြင်းသည် သူ့အတွက် ပိုမို ခက်ခဲလာသည်။ ဤကာလအတွင်း စွမ်းအင်များ ပိုမိုအားကောင်းလာသည်ဟု သူ ခံစားလိုက်ရသည်။
'ကြည့်ရတာ မြန်မြန်လုပ်ရမယ့်ပုံပဲ။ မဟုတ်ရင် ကြာကြာ ထိန်းနိုင်မှာ မဟုတ်တော့ဘူး' ချူးယွင်ဖန်းက တွေးလိုက်သည်။
တစ်ချိန်တည်းမှာပင် တန်စီယု၊ မိုးကြိုးတောင်ပံသားရဲနှင့် အနက်ရောင် နဂါးဘုရင်တို့သည် တောင်မြစ်ပန်းချီကားထဲမှ ထွက်လာခဲ့သည်။
"နေရာကို ရှင်းလိုက်ဦး။ မွေးဖွားခြင်းနယ်မြေအဆင့် အဏ္ဏဝါ တပ်သားတွေကိုတော့ အတွင်းအူတွေကိုပဲ ယူထားလိုက်ပြီး နတ်အဆင့်တွေကို အတွင်းအူတွေရော အလောင်းတွေကိုရော သိမ်းထားလိုက်ပါ။ အကုန်လုံးက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေချည်းပဲ" ချူးယွင်ဖန်းက ပြောလိုက်သည်။
အနက်ရောင် နဂါးဘုရင်နှင့် မိုးကြိုးတောင်ပံသားရဲတို့သည် ထိုနေရာကို စတင်ရှင်းလင်းလိုက်ကြသည်။ တန်စီယုသည် ချူးယွင်ဖန်း အရှေ့တွင် ရပ်၍ လေးနက်စွာ မေးလိုက်သည်။ "တကယ်ပဲ ရှင့် အစီအစဉ်က ဘာလဲ။ ကျွန်မ မသိရသေးသရွေ့ စိတ်လျှော့လို့ရမှာ မဟုတ်ဘူး"
"ကောင်းပြီ ကိုယ် ပြောပြမယ်"
ချူးယွင်ဖန်းက ခေတ္တ ရပ်တန့်ပြီးနောက် ပြောလိုက်သည်။
"ကိုယ့် ခန္ဓာကိုယ်ရဲ့ အခြေအနေကို မင်းလည်း သိတယ်။ မိုးကြိုးမန္တန်က မိုးကြိုးသွားတွေ အဆက်မပြတ် ထုတ်နေတော့ ကိုယ့်ရဲ့ လက်ရှိ ခွန်အားနဲ့ ဒါကို အမြဲတမ်း ဖိနှိပ်ထားဖို့ မဖြစ်နိုင်ဘူး။ အနာဂတ်ပြဿနာကို ဖြေရှင်းချင်ရင် ကိုယ် စွန့်စားမှဖြစ်မယ်"
"ဘယ်လိုလုပ်ဖို့ စီစဉ်ထားတာလဲ" တန်စီယုသည် ချူးယွင်ဖန်းကို သူမ၏ လှပသော မျက်ဝန်းများဖြင့် စိုက်ကြည့်၍ မေးလိုက်သည်။
"ရိုးရှင်းပါတယ်။ ဖီးနစ် ပြန်လည်မွေးဖွားခြင်းဆေးလို့ ခေါ်တဲ့ ဆေးလုံးအကြောင်း ကိုယ် သိထားတယ်။ ဒီဆေးက ဖီးနစ်ရဲ့ ပြာတွေထဲကနေ ပြန်လည်ရှင်သန်ပြီး မွေးဖွားလာတဲ့ အခြေအနေကို အတုယူထားတာ။ ဒီမိုးကြိုးစွမ်းအင်က ကိုယ့်ရဲ့ ပြန်လည်မွေးဖွားခြင်းအတွက် အကြီးမားဆုံး အာဟာရဖြစ်လာလိမ့်မယ်"
“အဲဒီအချိန်ရောက်တဲ့အခါ မိုးကြိုးမန္တန်ကနေ ထွက်လာတဲ့ မိုးကြိုးစွမ်းအင်က ကိုယ့်ရဲ့သေခြင်း မန္တန်မဟုတ်တော့ဘဲ ကိုယ့်ရဲ့ ခြေနင်းကျောက်တုံးတစ်ခု ဖြစ်လာလိမ့်မယ်။ ပြီးရင် တတိယမြောက် နတ်အဆင့်ကို တစ်ခါတည်း အဆင့် ဖြတ်ကျော်နိုင်ပြီ၊ သာမန် သတ္တမအဆင့် နတ်အဆင့်တောင် ကိုယ့်ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"
ချူးယွင်ဖန်းသည် သူ၏အစီအစဥ် တစ်ခုလုံးကို ထုတ်ဖော်ပြောပြလိုက်သည်။ သူသည် တန်စီယုကိုပင် မယုံကြည်နိုင်လျှင် ဤကမ္ဘာပေါ်၌ သူယုံကြည်နိုင်သူဟူ၍ ရှိတော့မည် မဟုတ်ပေ။
"ဒီအစီအစဥ်က အရမ်း အန္တရာယ်များလွန်းတယ်" တန်စီယုက ချူးယွင်ဖန်းကို စိုက်ကြည့်၍ ပြောလိုက်သည်။
"အတိုင်းအတာတစ်ခုထိတော့ သေချာပေါက် အန္တရာယ်များတာပေါ့။ သာမန်လူတစ်ယောက်သာဆိုရင် ဒါကို ပြီးမြောက်ဖို့ အခွင့်အလမ်းက ငါးရာခိုင်နှုန်းတောင်ရှိမှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။
သူသည် ဤဖီးနစ် ပြန်လည်မွေးဖွားခြင်းဆေးကို ဆေးဧကရာဇ်၏ မှတ်ဉာဏ်များအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည်။ ပြန်လည်မွေးဖွားခြင်းသည် ဖီးနစ်ကိုယ်တိုင်အတွက်ပင် ရိုးရှင်းသော ကိစ္စရပ်မဟုတ်ခဲ့ပေ။ ဖီးနစ်သွေးမရှိပါက ပြန်လည်မွေးဖွားခြင်းကို ပြီးမြောက်ရန် မဖြစ်နိုင်သကဲ့သို့ ပိုမို သန်မာလာရန်လည်း မဖြစ်နိုင်ပေ။
သို့သော် ဆေးဧကရာဇ်သည် ဤဖီးနစ် ပြန်လည်မွေးဖွားခြင်းဆေးကို တီထွင်ရန်အတွက် ကြီးမားသော နည်းလမ်းများကို အသုံးပြု၍ ပြန်လည်မွေးဖွားခြင်းကို ပြီးမြောက်စေရန်အတွက် ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေးခဲ့သည်။ သို့သော် ၎င်း၏ အောင်မြင်မှုနှုန်းသည် အလွန် မြင့်မားသည်ဟု မဆိုလိုနိုင်သည့်အပြင် သူ၏ခန္ဓာကိုယ်ထဲ၌ မိုးကြိုးမန္တန်မှ အဆက်မပြတ် ထွက်ပေါ်နေသည့် မိုးကြိုးစွမ်းအင်များ ရှိနေသေးသည်။
အခြေခံအားဖြင့် သာမန်လူတစ်ဦးသာဆိုလျှင် အောင်မြင်ရန် မဖြစ်နိုင်ဘဲ အဆုံးသတ်သို့ ရောက်ရှိသွားပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိနေ၍ ဆေးဧကရာဇ်သည် ပြန်လည်မွေးဖွားမှုကို ပြီးမြောက်ရန်အတွက် ဤဆေးကို အသုံးပြုခဲ့သည်။ ချူးယွင်ဖန်းသည် အခြားသူများ မသိထားသော အရာများစွာကို သိနေသောကြောင့် သူ၏ အောင်မြင်မှု အခွင့်အလမ်းများစွာ တိုးမြင့်သွားစေသည်။ သူသည် လွန်ခဲ့သည် နှစ်အနည်းငယ်ကနှင့် မတူတော့ပေ။ သူသည် ဘဝအခွင့်အရေးရရှိရန်အတွက် အတင်းအကျပ် တွန်းလှန်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။
"ကိုယ် ယုံကြည်မှုရှိပါတယ်၊ ဒါကြောင့် စိတ်ပူစရာ မလိုဘူး။ ဒါက ကိုယ့်အတွက် အခွင့်ကောင်းတစ်ခုပဲ။ ပြည်ထောင်စုရဲ့ လက်ရှိ အခြေအနေကို မင်းလည်း သိနေတာပဲ။ ကိုယ်တို့တွေ ခွန်အားကို မြန်မြန် မတိုးမြှင့်နိုင်ရင် ခံစစ်ဘက်ကပဲ ဖြစ်နေလိမ့်မယ်"
တန်စီယုသည် ချူးယွင်ဖန်း၏ ဆုံးဖြတ်ချက်ကို မြင်လိုက်ရသောအခါ အနည်းငယ် စိုးရိမ်နေသော်လည်း သူမ၏ ခံစားချက်များကို ထိန်းချုပ်ထားလိုက်သည်။
သူမသည် ချူးယွင်ဖန်းကို စိုက်ကြည့်၍ အသက်ပြင်းပြင်းရှူရှိုက်ပြီးနောက် ပြောလိုက်သည်။
"ကျွန်မ တန်မိသားစုအိမ်တော်ကို ပြန်ဖို့ စိတ်ကူးထားတယ်။ အမွေအနှစ်ပုလဲထဲက စွမ်းအားတွေကို ကျွန်မ ထုတ်ယူချင်တယ် အဲဒါမှ ကျွန်မ ရှင့်ကို အမြန် လိုက်မှီနိုင်မှာ"
သူမ၏ ကျင့်ကြံမှုအဆင့်သည် ချူးယွင်ဖန်းထက် မြင့်မားခဲ့သော်လည်း သူ၏ တိုးတက်မှုသည် အချိန်ကြာလာသည်နှင့်အမျှ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအင်သာမကဘဲ သူ၏ လေ့ကျင့်မှုအဆင့်သည်လည်း သူမကို ကျော်လွန်သွားခဲ့၍ သူမသည် ချူးယွင်ဖန်းကို အကူအညီပေးနိုင်မှု နည်းပါးလာသည်ကို ခံစားလိုက်ရသည်။
သူမ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် သာမန်လူများနှင့် ယှဉ်လျှင် အလွန် မြန်ဆန်လှရာ၊ ဤနယ်ပယ်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေသူများသာ ယင်းအကြောင်းအရာကို သိရှိသွားပါက၊ နံရံနှင့် ဦးခေါင်းများ ဝင်တိုက်ကာ သတ်သေသည်အထိ စိတ်ဓာတ်ကျသွားပေလိမ့်မည်။
သို့သော်လည်း သူမ၏ တိုးတက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းသည် ပို၍ပင် အံ့ဩဖွယ်ကောင်းနေသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏လက်ထဲတွင် နတ်အဆင့်သို့ ဝင်ရောက်ပြီးနောက် ထုတ်မသုံးဖြစ်သေးသည့် အမွေအနှစ်ပုလဲရှိနေသည်။ အလွန်သန့်စင်သော စွမ်းအင်တစ်ခုသည် အမွေအနှစ်ပုလဲအတွင်း၌ ချိပ်ပိတ်ထားသောကြောင့် ၎င်းကို လမ်းပြနိုင်သည်နှင့် သူမ၏ ကျင့်ကြံမှုနှုန်းကို အချိန်တိုအတွင်း အရှိန်အဟုန်ပြင်းစွာ တွန်းပို့နိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏နှလုံးသားမှတစ်ဆင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူသည် တန်စီယု၏ အတွေးအမြင်များကို နားလည်သဘောပေါက်သောကြောင့် သူမကို ရပ်တန့်ရန် ဆန္ဒမရှိပေ။ ယခုအခါ ပြည်ထောင်စု၏ အခြေအနေသည် ပိုမို ရှုပ်ထွေးလာသောကြောင့် မိမိကိုယ်ကို ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းသည် ကိုယ့်ကိုယ်ကို ကြံ့ခိုင်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။
"ကောင်းပြီလေ၊ အိမ်ပြန်သွားပြီး ကျင့်ကြံလိုက်ပါ။ ကိုယ် မိုးကြိုးတောင်သားရဲကို ပြန်လိုက်ပို့ခိုင်းလိုက်မယ်။ မတော်တဆ တစ်ခုခုကြုံခဲ့ရင် မင်းကို ကာကွယ်ပေးလို့ရ တာပေါ့"
"ဖီးနစ် ပြန်လည်မွေးဖွားခြင်းဆေးအတွက် ဆေးဖက်ဝင်အပင် တော်တော်များများကို ကိုယ် အချိန်တော်တော်ကြာ စုဆောင်းရဦးမယ်။ သာမန်ဆေးဖက်ဝင်အပင်တွေကို အထူးစစ်ဆင်ရေးဌာနကနေတစ်ဆင့် စုဆောင်းနိုင်ပေမယ့် ကိုယ်တိုင် ရှာဖွေရမယ့် ဖီးနစ်မြက်ဆေးပင်လို့ခေါ်တဲ့ အဓိက ပါဝင်ပစ္စည်းတစ်ခု ရှိနေသေးတယ်"
"အင်းပါ။ သတိထားဦးနော်" တန်စီယုက ပြောလိုက်သည်။
မိုးကြိုးတောင်ပံသားရဲနှင့် အနက်ရောင် နဂါးဘုရင်တို့သည် ၎င်းတို့နှစ်ဦး စကားပြောနေစဉ် နေရာတစ်ခုလုံးကို ရှင်းလင်းပြီးသွားပြီဖြစ်သည်။ ဤနေရာသည် အလွန် ကျယ်ပြန့်သော်လည်း ၎င်းတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့်ဖြင့် ရှင်းလင်းရ လွယ်ကူလှသည်။
"ဒီလှိုဏ်ဂူကို ရှေးဟောင်းကျွမ်းကျင်သူတစ်ယောက်က ချန်ထားခဲ့တာ။ ဒါရဲ့ သော့ချက်က မိုးကြိုးနတ်ဘုရားလှံတံပဲ။ ဒါပေမယ့် လှံတံကို မထိန်းနိုင်သေးတော့ ဒီလှိုဏ်ဂူကို ထိန်းချုပ်လို့ မရသေးဘူး။ ဒီတော့ ဒီလှိုဏ်ဂူကို ဒီမှာပဲ ထားခဲ့မှရမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
လှံတံကို ထိန်းချုပ်နိုင်စွမ်း မရှိနိုင်လျှင် လှိုဏ်ဂူကို မထိန်းချုပ်နိုင်သောကြောင့် ၎င်းကို လောလောဆယ်တွင် ထားခဲ့ရမည်ဖြစ်သည်။ ဖျက်ဆီးခံလိုက်ရသော ရုပ်သေးရုပ်များနှင့် အထူးသဖြင့် နတ်အဆင့် ရုပ်သေးရုပ် လေးခုတို့သည် ဖြည်းဖြည်းချင်း ပြန်လည် ဖွဲ့စည်းလာခြင်းကို မြင်တွေ့လိုက်ရ၏။ ၎င်းတို့က ဤနေရာကို တာဝန်စောင့်ရှောက်နေခြင်းဖြစ်သည်။
ကနဦးတွင် အဖြူရောင် မိကျောင်းက ၎င်းတို့ ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း ယခုအခါ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ လှိုဏ်ဂူတစ်ဝိုက်ရှိ အတားအဆီးသည်လည်း ပြန်လည်ကောင်းမွန်လာကြောင်း ချူးယွင်ဖန်း ခံစားလိုက်ရသည်။ ဤလှိုဏ်ဂူ၌ ၎င်း၏ ပင်မစွမ်းအင် အရင်းအမြစ်တစ်ခုရှိနေသည်မှာ သိသာထင်ရှားသည်။ လှိုဏ်ဂူမပျက်စီးသရွေ့ ဤရုပ်သေးရုပ်များ၊ အတားအဆီးများနှင့် အခြားသော ကာကွယ်ရေးနည်းလမ်းများသည် အချိန်ကြာလာသည်နှင့်အမျှ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
"ကောင်းပြီ၊ သွားကြရအောင်" ချူးယွင်ဖန်းသည် ထိုသို့ ပြောပြီးသည်နှင့် ဦးဆောင်၍ ထွက်ခွာသွားခဲ့သည်။
သူ၏စွမ်းအင်ကို ချိပ်ပိတ်ထားသော်လည်း၊ ပျံသန်းခြင်းသည် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် အလိုအလျောက် ဗီဇဟုပင် ဆိုနိုင်သောကြောင့် သူသည် စွမ်းအားအနည်းငယ်ဖြင့် လျင်မြန်စွာ ပျံသန်းနိုင်ခဲ့သည်။ သူ၏အနောက်တွင် တန်စီယု၊ မိုးကြိုးတောင်ပံသားရဲနှင့် အနက်ရောင် နဂါးဘုရင်တို့သည်လည်း အလင်းတန်းအလွှာများကို စီးနင်း၍ လိုက်ပါပျံသန်းကြလေသည်။
အခန်း (၉၆၀) ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းအင် ဆုံးရှုံးမှု၊ ပြည်ထောင်စုတစ်ခုလုံး လှုပ်ခတ်ခြင်း
ချူးယွင်ဖန်းနှင့် အခြားလူများ ထွက်သွားပြီး သိပ်မကြာမီ၌ လှိုဏ်ဂူသည် မရေတွက်နိုင်သော လျှပ်စီးစွမ်းအင်များဖြင့် တစ်ဖန် ဖုံးလွှမ်းသွားခဲ့သည်။ အချိန်သည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကဲ့သို့ပင် ကုန်လွန်သွားခဲ့ပုံမပေါ်ပေ။ ၎င်း၏အခြေအနေသည် ယခင်ကနှင့် ဆင်တူနေဆဲဖြစ်သည်။
ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် မိုးကြိုးမုန်တိုင်းပင်လယ်မှ ထွက်ခွာပြီးနောက် သီးခြားလမ်းကို လျှောက်လှမ်းသွားကြသည်။ တန်စီယုနှင့် မိုးကြိုးတောင်ပံသားရဲတို့သည် တန်မိသားစု ဘိုးဘေးအိမ်တော်သို့ ဦးတည့်သွားခဲ့ကြ၍ တစ်ဖက်တွင် ချူးယွင်ဖန်းသည် ၎င်း၏မူလပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသော အနက်ရောင် နဂါးဘုရင်ကို စီးနင်းကာ ခွန်းလွန်မြို့ရှိ အထူးစစ်ဆေးရေးဌာနချုပ်သို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။
အနက်ရောင် နဂါးဘုရင်၏ ကျင့်ကြံမှုအဆင့်သည် ပဉ္စမမြောက် နတ်အဆင့်တွင် ရှိနေသူအဖြစ် ထိုက်တန်လှသည်။ သူသည် အရှိန်အဟုန်ပြင်းစွာ ပျံသန်းချိန်တွင် အလွန်မြန်ဆန်သောကြောင့် အချိန်တိုအတွင်း ခွန်းလွန်မြို့သို့ ရောက်ရှိသွားခဲ့သည်။ မြို့ထဲသို့ရောက်ပြီးနောက် ချူးယွင်ဖန်း ပထမဆုံးစွာ လုပ်ဆောင်သောအရာသည် ဖီးနစ် ပြန်လည်မွေးဖွားခြင်းဆေးအတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များ ရှာဖွေစုစည်းရန်အတွက် စုရုံးခြင်းဖြစ်သည်။
အထူးစစ်ဆင်ရေးဌာန၏ လက်ရှိစွမ်းအားအရ သာမန်ဆေးဖက်ဝင်အပင်များကို အလွယ်တကူရရှိနိုင်ကြ၍ ၎င်းတို့ဘက်မှ မဝယ်နိုင်ခဲ့လျှင်ပင် တစ်စုံတစ်ယောက်က ပို့ဆောင်လာမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ယခုအခါ မည်မျှ နာမည်ကျော်ကြားနေသည်ကို မည်သူက မသိကြသနည်း။ သူသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူအဖြစ်ပင် လူသိများနေသည်။
အင်တာနက်ပေါ်တွင် သူ့ကို အားပေးသူ အများအပြားရှိခဲ့သည်။ အကယ်၍ သူသာ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက၊ ကြီးမားသော ထောက်ခံမှုကို ရရှိမည်ဖြစ်၍ ရာထူးရရှိရန်အတွက်ပင် မျှော်လင့်ချက်မျိုးရှိနေသည်။
နောက်ဆုံးတွင် ချူးယွင်ဖန်းသည် ကြံ့ခိုင်မှုအရ လက်ရှိတွင် ပြည်ထောင်စု၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။ အကျိုးဆောင်ရွက်မှုများနှင့်ပတ်သက်လျှင် ကမ္ဘာပေါ်ရှိ လူအများ၏ အာရုံအောက်သို့ ရောက်ရှိစဉ်ကတည်းက သူရဲကောင်းဆန်သော အကျိုးဆောင်မှုများစွာကို ပြုလုပ်ခဲ့၍ အထူးသဖြင့် ပထမအကျဉ်းထောင်တိုက်ပွဲတွင် အများဆုံး ကူညီထောက်ပံ့ပေးခဲ့သည်။
ချူးယွင်ဖန်း၏ဂုဏ်သတင်းသည် ထိုအဖြစ်အပျက်ကြောင့် ကောင်းကင်ယံသို့ မြင့်တက်သွားခဲ့သည်။ တိုက်ပွဲတစ်ခုအတွင်း နတ်အဆင့် အယောက်ငါးဆယ်ကျော်ကို သတ်ဖြတ်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်မှုတစ်ခုဖြစ်သည်။ ပြည်ထောင်စုလျှင်ပင် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ဤမျှများပြားသော နတ်အဆင့် ကျွမ်းကျင်သူများကို မသတ်ဖြတ်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် ဤတိုက်ပွဲတစ်ခုတည်းတွင် ကြီးမားသော ပံ့ပိုးကူညီမှုကို ပြုလုပ်နိုင်ခဲ့သည်။ သူ့ကို ကန့်သတ်ထားသည့် တစ်ခုတည်းသောအချက်သည် သူ၏အသက်အရွယ်သာဖြစ်သည်။ အဆုံးတွင် ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ခန့်သာရှိသေးသည်။ ဤခေတ်၌ ရောက်ရှိနိုင်သည့် ပျမ်းမျှလူ့သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ထက် မပိုပေ။ သာမာန်ခေတ်နှင့် နှိုင်းယှဉ်ပါက၊ ၎င်းသည် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ် သို့မဟုတ် ပို၍ငယ်ရွယ်သော အယူအဆနှင့် ထူးမခြားပေ။
သို့သော် ချူးယွင်ဖန်း၏အနာဂတ်သည် အကန့်အသတ်မဲ့သည်မှာ သေချာသည်။ သူသာ ဆန္ဒရှိလျှင် နောင်တွင် ပြည်ထောင်စု၏ သမ္မတပင် ဖြစ်လာနိုင်သည်။ ချူးယွင်ဖန်း ထိန်းချုပ်ထားသည့် အထူးစစ်ဆင်ရေးဌာနအပြင် သူ၏ လက်ရှိ အဆင့်အတန်းသည် မြင့်မြတ်သော မိသားစုကြီးခြောက်ခု၏ ဘိုးဘေးများထက်ပင် ပို၍ မြင့်မားသည်။ သူသည် အမှန်တကယ်ပင် ပြည်ထောင်စု၏ အထက်ပိုင်း ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်သည်။
သူအလိုရှိသရွေ့ သူလိုချင်သော ဆေးဖက်ဝင်ပစ္စည်းများကို တစ်စုံတစ်ယောက်က စုဆောင်းပေးမည်ဖြစ်သည်။ ချူးယွင်ဖန်း၏ ပြင်ပကမ္ဘာရှိ အထောက်အထားသည် ဆေးပညာရှင်တစ်ဦးဖြစ်၍ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာဌာနမှ ဘွဲ့ရရှိထားသောကြောင့် ဆေးဖက်ဆိုင်ရာပစ္စည်းများ စုဆောင်းရခြင်းသည် မထူးဆန်းလှပေ။
သို့သော် အရေးကြီးဆုံးဖြစ်သည့် ဖီးနစ်မြက်ဆေးပင်ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ခဲ့ပေ။ အထူးစစ်ဆင်ရေးဌာန၏ အမျိုးမျိုးသော လမ်းကြောင်းများကို အသုံးပြုပြီးသည့်တိုင် ၎င်းဆေးပင်ကို ရှာဖွေရန် ပျက်ကွက်ခဲ့ကြသည်။
ချူးယွင်ဖန်းသည် ဤကိစ္စနှင့်ပတ်သက်၍ မည်သည်ကိုမျှ မပြုလုပ်နိုင်ပေ။ ဖီးနစ်မြက်ဆေးသည် သာမန်ဆေးဖက်ဝင်အပင် မဟုတ်သည့်အပြင် ၎င်းပေါက်ရောက်ရာ ပတ်ဝန်းကျင်သည် သာမန်ဆေးပင်များနှင့် မတူညီပေ။
မီးစွမ်းအင်များ ပိုမိုသိပ်သည်း၍ မီးတောင်များရှိသည့် ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်များတွင်သာ ဖီးနစ်မြက်ဆေးပင် ကြီးထွားလာနိုင်မည့် အခွင့်အလမ်းရှိမည်ဖြစ်သည်။ ဤဆေးဖက်ဝင်အပင်သည် ပြည်ထောင်စု၏ ဆေးဖက်ဝင် အသိပညာစာအုပ်များတွင်ပင် မပါဝင်ခဲ့ပေ။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သော ချူးယွင်ဖန်းသာလျှင် ထိုအကြောင်းကို အနည်းငယ် သိထားသည်။
ထိုသို့ဖြစ်လာသောကြောင့် ဆေးပင်ကို သူကိုယ်တိုင် ရှာဖွေခြင်းကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ ကံကောင်းထောက်မစွာဖြင့် အထူးစစ်ဆင်ရေးဌာနတွင် သတင်းအချက်အလက် အမျိုးမျိုးရှိနေသောကြောင် သူလိုချင်သမျှ သတင်းအချက်အလက်များကို ရရှိနိုင်သည်။ ချူးယွင်ဖန်းသည် ဖီးနစ်မြက်ဆေးပင် ပေါက်နိုင်သည့်နေရာများကို စတင်ရှာဖွေလိုက်သည်။ ဆေးပင်၏ ကြီးထွားမှုအခြေအနေများသည် အလွန် ခက်ခဲကြမ်းတမ်းသောကြောင့် ခွန်းလွန်နယ်မြေတွင် ၎င်းပေါက်ရောက်ရန်အတွက် သင့်လျော်သော နေရာများစွာ မရှိခဲ့ပေ။
သူသည် မကြာမီတွင် မီးတောင်ဇုန်အချို့ကို ဦးတည်၍ စုံစမ်းစစ်ဆေးလိုက်သည်။ ဤဇုန်များတွင် မီးတောင်တစ်ခုသာရှိရုံမကဘဲ အများအပြားသည် တက်ကြွသော အခြေအနေတွင်ရှိကြ၍ အခါအားလျော်စွာ ပေါက်ကွဲလေ့ရှိသည်။ ဖီးနစ်မြက်ဆေးပင်များသည် ဤအသက်ဝင်နေသော မီးတောင်များတွင်သာ ကြီးထွားပေါက်ရောက်နိုင်ကြသည်။
သူသည် ဤမီးတောင်ဇုန်များအနက် တစ်ခုပြီးတစ်ခု ရှာဖွေလိုက်သည်။ သူ၏ ကျင့်ကြံမှု အဆင့်ကို ခေတ္တ ဖိနှိပ်ထားသော်လည်း သူ၏ ကိုယ်ခန္ဓာ၏ ကြံ့ခိုင်မှုသည် နတ်အဆင့်တွင် ရှိနေဆဲဖြစ်သည်။ သူသည် မှော်လက်နက်များကို လက်ဗလာဖြင့်ပင် တိုက်ခိုက်နိုင်သည်။ မီးတောင်ဝ၏ အပူချိန်သည် အလွန် မြင့်မားသော်လည်း သူ့အတွက် မပြောပါ့လောက်ပေ။ မီးတောင်ပေါက်ကွဲမှုကြောင့် တိုက်ရိုက်ထိမှန်ခဲ့လျှင်ပင် ဒဏ်ရာပြင်းထန်မည် မဟုတ်ပေ။
ထို့အပြင် အနက်ရောင် နဂါးဘုရင်သည် သူနှင့်အတူ လိုက်ပါလာသောကြောင့် ပြဿနာကြီးကြီးမားမား ဖြစ်ပွားနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အနက်ရောင် နဂါးဘုရင်အတွက် မလိုလားသော အကြောင်းအရာမျိုး မဟုတ်ပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူသည် ချူးယွင်ဖန်း၏ အနီးအနားတွင် အချိန်ကြာကြာ ပို၍ နေချင်ခဲ့သည်။
ဆေးပင်ရှာဖွေရာတွင် အတူလိုက်ပါလာစဉ်၌ ချူးယွင်ဖန်းသည် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အချက်အလက်တချို့ကို သူ့ထံ ပေးအပ်ခဲ့သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုအဆင့်သည် အနက်ရောင် နဂါးဘုရင်မျှ မမြင့်မားသော်လည်း သူသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံထားသောကြောင့် အနက်ရောင် နဂါးဘုရင် ကြုံတွေ့နေရသော ပြဿနာများကို မြင့်မားသော ရှုထောင့်မှ မြင်တွေ့နိုင်ခဲ့သည်။
ထို့ကြောင့် အနက်ရောင် နဂါးဘုရင်၏ပြဿနာများအတွက် ဖြေရှင်းနည်းများစွာကို ပေးဆောင်ရန် လွယ်ကူလှပေသည်။ အနက်ရောင် နဂါးဘုရင်သည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သောကြောင့် သူ ကြုံတွေ့ခဲ့ရသော ပြဿနာများသည် သေးငယ်သည်ဟု မဆိုနိုင်ပေ။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏ လမ်းညွှန်မှုအောက်တွင် ပြေလည်သွားခဲ့ကြသည်။
တိမ်တိုက်များ ကင်းစင်သွားပြီးနောက် နေမင်းကြီး ထွန်းတောက်လာသကဲ့သို့၊ အနက်ရောင် နဂါးဘုရင်သည် လွန်စွာ စိတ်လှုပ်ရှားနေမိသည်။ သူ၏ ကျင့်ကြံမှုသည် ဆယ်စုနှစ်များစွာကြာ မပြောင်းလဲဘဲ ရပ်တန့်နေခဲ့သော်လည်း ယခုအခါ ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံမှုကို ကူညီပေးခဲ့သောကြောင့် ဆဌမမြောက် နတ်အဆင့်သို့ မတက်လှမ်းမီ အချိန်တစ်ခုသာ လိုအပ်တော့မည်ဖြစ်သည်။
သူသည် ထိုသို့သော အခြေအနေမျိုးတွင် ချူးယွင်ဖန်းအတွက် အလုပ်ကြမ်းများ လုပ်ဆောင်ရလျှင်ပင် ကျေကျေနပ်နပ်ကြီး ကျေပွန်စွာ ထမ်းဆောင်ပေးမည်ဖြစ်သည်။ ထို့အပြင် မီးတောင်ဇုန်များ၏ ပတ်ဝန်းကျင်သည် အလွန် ကြမ်းတမ်းသော်လည်း ၎င်းအတွင်းရှိ မီးစွမ်းအင်သည်လည်း အလွန် ကြွယ်ဝလှသည်။ ဤနေရာ၌ ကောင်းကင်ဝါးမျိုခြင်းပညာကို အသုံးပြု၍ ကျင့်ကြံခြင်းသည် ပိုမို လွယ်ကူပေသည်။
ထိုသို့သော အခြေအနေမျိုးတွင် အနက်ရောင် နဂါးဘုရင်သည် ထိုသို့ပြုလုပ်ပေးရန် အလွန် ဆန္ဒရှိနေသည်။ သို့သော် ချူးယွင်ဖန်းသည် မီးတောင်များတွင် ဖီးနစ်မြက်ဆေးပင်ကို ဖြတ်သန်းရှာဖွေနေစဉ် အင်တာနက်ပေါ်တွင် ချူးယွင်ဖန်းနှင့် ပတ်သက်သည့်သတင်းများ ရုတ်တရက် ထွက်ပေါ်လာပြန်သည်။ ဤသည်မှာ အင်တာနက်ပေါ်တွင် ရေပန်းစားလာခဲ့သော ပို့စ်တစ်ခုကြောင့်သာဖြစ်သည်။ ၎င်းသည် ထိတ်လန့်ဖွယ်ကောင်းသော သတင်းတစ်ပုဒ်ကို ဖော်ပြလာခဲ့သည်။
ပြည်ထောင်စု၏ နံပါတ်တစ်ကျွမ်းကျင်သူဟု လူသိများလာသည့် မကြာသေးမီက မုန်တိုင်း၏ ဗဟိုတွင်ရှိနေခဲ့သော ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်ရေးစွမ်းအင်များကို ဆုံးရှုံးသွားခဲ့သည်ဟု သံသယမကင်းမှုများ ရှိနေခဲ့သည်။
ချူးယွင်ဖန်း၏ တိုက်ခိုက်ရေး စွမ်းအားများ ဆုံးရှုံးသွားကြောင်းနှင့်ပတ်သက်၍ ပို့စ်တွင် ရာနှုန်းပြည့် မဖော်ပြထားသော်လည်း ထုတ်ပြန်သော အချက်အလက်များအရ တချို့တစ်ဝက် ဆုံးရှုံးသွားခဲ့ကြောင်း ဖြစ်နိုင်ခြေရှိသည်။ ဤပို့စ်နောက်ကွယ်ရှိ လူသည် သာမန်လူမဟုတ်ကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ မည်သို့ဆိုသော် ၎င်းအနက် သာမန်လူများ မမြင်နိုင်သည် အချက်အလက်များစွာ ပါဝင်နေသောကြောင့်ဖြစ်သည်။ တချို့သည် ဂြိုလ်တုမှတစ်ဆင့် ရိုက်ကူးထားသော ဓာတ်ပုံများပင် ပါရှိနေသည်။ ပြည်ထောင်စု၏ အထူးစစ်ဆင်ရေးဌာန ခေါင်းဆောင်ကို ဂြိုလ်တုများ အသုံးပြု၍ စောင့်ကြည့်လေ့လာသည့် အကြောင်းအရာမဆိုနှင့် ဤအရာများအားလုံးသည် ထိပ်တန်းအဆင့်များအတွက် အမျိုးအစားခွဲထားသော အချက်အလက်များဖြစ်သည်။
ဤသည်မှာ သာမန်လူများ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။ ပြည်ထောင်စုတွင် သိုင်းပညာသည်များ၏ ခွန်အားကို စမ်းသပ်ရန် အသုံးပြုသည့် အသစ်တီထွင်ဖန်တီးထားသော စက်အချို့လည်း ရှိနေခဲ့သည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ စွမ်းအင်အတက်အကျကို စမ်းသပ်ရန်အတွက် အမည်မသိ နည်းလမ်းအချို့ကို အသုံးပြုခဲ့ကြသော်လည်း သူ၏ စွမ်းအင်သည် အမှန်တကယ်ပင် သုညတွင်ရှိနေခဲ့သည်။ ထိုသတင်းကို ထုတ်ပြန်လာသူသည် အလွန် မူမမှန်ကြောင်း သိသာသော်လည်း လူတိုင်းက တုန်လှုပ်ခြောက်ခြားသွားကြဆဲဖြစ်သည်။