အခန်း (၉၆၄-၉၆၆)
Vol. 65 Ch. 964-966
အခန်း (၉၆၄) ကိုယ့်ကိုယ်ကို ငါးစားအဖြစ် အသုံးပြခြင်း၊ ခေါင်းဝင်လာသူမှန်သမျှ အသတ်ခံရမယ်
ချူးယွင်ဖန်းက ဂရုမစိုက်သော်လည်း သူ၏သူငယ်ချင်းများနှင့် မိသားစုများက အလွန် စိုးရိမ်နေကြသည်။ ယွမ်တစ်ထရီလီလျံကျော် ဆုကြေးငွေသည် ဒုစရိုက်လောကတစ်ခုလုံးကို နှိုးဆော်ရန် လုံလောက်သည့်အပြင် ၎င်းတို့အားလုံးသည် လှုပ်ရှားရန် စတင်နေကြပြီဖြစ်သည် သူ၏ ရှောင်တိမ်းရန်ပင် မကြိုးစားသော အပြုအမူသည် လုံးလုံးလျားလျား ဂရုမစိုက်သကဲ့သို့ ဖြစ်နေသည်။ ယင်းကြောင့် အခြေအနေကို အာရုံစိုက်နေကြသည့် ချူးမိသားစု ဘိုးဘေးကြီး ကျူးပုဖျင်နှင့် အခြားသူများက ပို၍ပင် စိုးရိမ်လာကြသည်။
ချူးမိသားစု ဘိုးဘေးကြီးထံမှ ပေးစာတွင် "မင်း အရမ်းမိုက်မဲလွန်းတယ်" ဟူသော စကားလုံးအချို့သာ ပါဝင်ခဲ့သည်။ သို့သော် ချူးမိသားစု ဘိုးဘေးကြီးသည် "မင်း ရူးနေလား" ဟု ပြောချင်နေကြောင်း ချူးယွင်ဖန်း သိနေသည်။
ချူးမိသားစု ဘိုးဘေးကြီးမှလွဲ၍ ကျူးပုဖျင်နှင့် အခြားသူများသည်လည်း သူ့ထံ စာတိုများ ပေးပို့ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းက မည်သို့ကြောင့် ဤစကားများ ရုတ်တရက် ပြောခဲ့ရသည်နှင့်ပတ်သက်၍ မေးမြန်းလိုကြသည်။ လက်ရှိအခြေအနေတွင် မည်သည့်စကားကိုမျှ မထုတ်ပြန်ခြင်းက အကောင်းဆုံးဖြစ်ပေသည်။ ထို့အပြင် သူသည် မြက်ဆေးပင်များ ရှာဖွေနေခြင်း မဟုတ်လေသလော။ ယခုအခါ အရေးအကြီးဆုံးသည် ဆေးဖက်ဝင်အပင်များ ရှာဖွေပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ ပြဿနာများကို ဖြေရှင်းရန်အတွက် ဆေးလုံးများ ဖော်စပ်ခြင်းသာ မဟုတ်လေသလော။
၎င်းကသာ အလုံခြုံဆုံးနည်းလမ်းဖြစ်သောကြောင့် ချူးယွင်ဖန်းသည် မည်သို့ကြောင့် ပြည်ထောင်စုနှင့် ခွန်းလွန်နယ်မြေတစ်ခုလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်ရခြင်းဖြစ်သနည်း။ ဒုစရိုက်လောကသည် ရုတ်ရုတ်သဲသဲဖြစ်နေကြသော်လည်း ချူးယွင်ဖန်းကို တိုက်ခိုက်လိုသူများသည် ပြည်ထောင်စု၏ ဒုစရိုက်လောကတစ်ခုတည်းသာ မဟုတ်ပေ။ အနတ္တနတ်ဆိုးတောင်တန်းရှိ ကျွမ်းကျင်သူများနှင့် အဏ္ဏဝါမျိုးနွယ်စု၏ ကျွမ်းကျင်သူပင် ပေါ်ပေါက်လာပေလိမ့်မည်။
နောက်ဆုံးတွင် အနတ္တနတ်ဆိုးတောင်တန်းရှိ ကျွမ်းကျင်သူ အများအပြားနှင့် အဏ္ဏဝါမျိုးနွယ်စုများသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးခဲ့ရ၍ အနတ္တနတ်ဆိုးတောင်တန်းနှင့် မြင့်မြတ်သော နဂါးပျံတိုင်းပြည်သည် တိုက်ပွဲတစ်ခုတွင် နတ်အဆင့် မွန်းစတားဒါဇင်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရသည်။ ၎င်းဖြစ်စဉ်သည် တွေးကြည့်ရုံဖြင့်ပင် နှလုံးသားကို နာကျင်ရပေလိမ့်မည်။
လူပေါင်းမည်မျှက လှုပ်ရှားချင်နေကြ၍ မည်မျှသော လူပေါင်းများစွာက ချူးယွင်ဖန်းကို သတ်ဖြတ်ချင်နေကြသည်ကို ခန့်မှန်းရန် ခဲယဉ်းလှသည်။ ချူးမိသားစု ဘိုးဘေးကြီး၏မေးခွန်းကို ရင်ဆိုင်ရသောအခါ ချူးယွင်ဖန်းသည် ၎င်းတို့ကို ရှင်းပြရမည်ဖြစ်ကြောင်း သိရှိလိုက်သည်။
သူသည် ဗီဒီယို ခေါ်ဆိုမှုပြုလုပ်ရန်အတွက် သူ၏ စာပို့ပုံးကို အသုံးပြုလိုက်သည်။ ချူးယွင်ဖန်းသည် ချူးမိသားစု ဘိုးဘေးကြီး ကျူးပုဖျင်၊ ချူးဟောက်ယွဲ့၊ တန်စီယု၊ နတ်နဂါးအကြီးအကဲနှင့် သူနှင့်နီးစပ်သော နတ်အဆင့် ကျွမ်းကျင်သူအားလုံးကို ခေါ်ဆိုလိုက်သည်။
"မင်း ဘာတွေတွေးနေတာလဲ၊ မင်း အခုဘယ်လောက်အန္တရာယ်ရှိနေလဲဆိုတာရော သိရဲ့လား။ ဘိုဘေးအိမ်တော်ကို ချက်ချင်း ပြန်လာလို့ရအောင် ငါအခု လေယာဉ်လွှတ်လိုက်မယ်။ ဘိုးဘေးအိမ်တော်မှာ ရှိနေသရွေ့ သူတို့တွေ မင်းကို လာတိုက်ခိုက်ရဲမယ်လို့ ငါတော့ မယုံဘူး" ချူးမိသားစု ဘိုးဘေးကြီးသည် ဗီဒီယိုခေါ်ဆိုမှုစတင်သည်နှင့် တစ်ပြိုင်နက် ဆုံးဖြတ်ချက်ချခဲ့လိုက်သည်။
ယခုအခါ ချူးမိသားစုသည် မြင့်မြတ်သောမိသားစုခြောက်ခု၌ ပထမနေရာတွင် ဖြစ်နေသည်။ ၎င်းတို့သည် ပြည်ထောင်စု၏ နံပါတ်တစ် မိသားစုဟု ဆိုနိုင်သောကြောင့် ၎င်းတို့၏ ဩဇာအာဏာသည် ယခင်ကနှင့် မတူတော့ပေ။
"အသုံးဝင်မှာ မဟုတ်ဘူး။ ကျွန်တော့်ကို စောင့်ကြည့်နေတဲ့လူတွေ အများကြီးပဲ။ ယုံလား မယုံလားတော့ မသိဘူး၊ ကျွန်တော် အဲ့ဒီ့လေယာဉ်ပေါ်တက်တာနဲ့ ချက်ချင်း ပျက်ကျသွားမှာ သေချာမယ်။ နျူကလီယားဗုံးနဲ့တောင် ဗုံးကြဲခံရနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော် ကောင်းကင်ဘုံကို ဘာအကူအညီမှ မပါဘဲ တကယ် ရောက်သွားလိမ့်မယ်" ချူးယွင်ဖန်းသည် ထိုစကားများကို အနည်းငယ် တွန့်လှုပ်နေသော နှုတ်ခမ်းများဖြင့် ပြုံးလျက် ပြောလိုက်သည်။
"ဒင်းတို့ကများ လုပ်ဝံ့သတည့်လား" ချူးမိသားစု ဘိုးဘေးကြီးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သို့သော်လည်း ဤလူများက အမှန်တကယ် သတ္တိရှိကြကြောင်း သူ သိထားသောကြောင့် အခိုင်အမာ ငြင်းဆန်ခြင်း မပြုလုပ်ခဲ့ပေ။ ချူးမိသားစုကို စော်ကားခြင်းသည် အန္တရာယ်များလှသော်လည်း ထရီလီလျံတန်ကျော် ငွေပမာဏ၏ သွေးဆောင်မှုကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။
ပစ်မှတ်သည် ချူးယွင်ဖန်းမဟုတ်ဘဲ အခြားသူတစ်ဦးဖြစ်ခဲ့ပါက ထိုကဲ့သို့သော သွေးဆောင်မှုမျိုးကို ချူးမိသားစု ဘိုးဘေးကြီးလျှင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"မင်းက ရယ်ချင်နေသေးတယ်ပေါ့လေ၊ ဘာမှ မထုတ်ပြန်ဖို့ ဒီလောက် ပြောထားတာတောင် အခု မင်း လုပ်ခဲ့တာကို ကြည့်ဦး။ ဒါကို မင်း ဘယ်လိုအဆုံးသတ်မှာလဲ" ချူးယွင်ဖန်းက ရယ်နိုင်သေးကြောင်း မြင်တွေ့လိုက်သောအခါ ကျူးပုဖျင်က ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ကျူးပုဖျင်သည် အကြောင်းအရာများစွာကို မြန်မြန်ဆန်ဆန်နှင့် ခေါင်းမာစွာ ပြုလုပ်ခဲ့သည်။ သူသည် နတ်ဆိုးများနှင့် ရင်ဆိုင်ရသောအခါ၌ပင် အလျှော့မပေးခဲ့ပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ ချူးယွင်ဖန်းသည် အဆုံးသတ်လုနီးနေသူဟုပင် ခံစားမိလာသည်။
"ကျွန်မ ရှင့်ဆီ လာခဲ့မယ်" တန်စီယုက အလျင်အမြန် ပြောလိုက်သည်။ စိုးရိမ်ပူပန်မှုများသည် သူမ၏ လှပသော မျက်ဝန်းများတွင် အတိုင်းသား ပေါ်လွင်နေသည်။
ချူးယွင်ဖန်းက ခေါင်းခါ၍ ပြောလိုက်သည်။ "ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နေပြီဆိုပေမယ့် ဒါက ကျွန်တော့်ရဲ့ရည်ရွယ်ချက်ပဲ။ အရင်က ကျွန်တော်ရဲ့ခွန်အားကြောင့် သူတို့တွေ ထိန်းချုပ်ထားကြပေမယ့် ကျွန်တော့်ကို တကယ် လက်ခံတဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ၊ ကျွန်တော့်ကို အမှောင်ထဲကနေ ကြံစည်နေတဲ့လူတွေ အများကြီးပဲ။ ကျွန်တော့်ကို ဖြေရှင်းချင်နေမှတော့ အခွင့်အရေးပေးရတာပေါ့။ မဟုတ်ရင် တော်ကြာ စိတ်ဓာတ်ကျပြီး သေကုန်ရင် ဘယ်လိုလုပ်မလဲ"
ချူးယွင်ဖန်းသည် စကားအဆုံးတွင် ဟာသတစ်ခုပင် ပြောလိုက်သည်။
"မင်းမှာ ခွန်အားရှိရင် လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်။ ဒါပေမယ့် မင်း အခြေအနေက အခုချိန်မှာ အသင့်တော်ဆုံးမဟုတ်ဘူး၊ ဒါတောင် မင်းက ရယ်နေနိုင်သေးတယ်" ချူးမိသားစု ဘိုးဘေးကြီးက မကြည်သာသော လေသံဖြင့် ပြောလိုက်သည်။
"ဒုစရိုက်လောကကြီး တစ်ခုလုံး အုံကြွလာပြီ။ ဆုကြေးငွေက ဒေါ်လာထရီလျံနဲ့ချီနေတော့ သမ္မတတောင်မှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး" ချူးဟောက်ယွဲ့က ဖြတ်ပြောလိုက်သည်။
"ဟုတ်တယ်။ မကြာသေးခင်က လူတော်တော်များများက ဒီယွမ်ထရီလီလျံအတွက် ကျုပ်ကိုတောင် လှုပ်ရှားဖို့ ဆွဲဆောင်လာကြတယ်။ ကျုပ်သိသလောက်တော့ မျိုးဆက်ဟောင်းအချို့က ပုဂ္ဂိုလ်တွေတောင် တပ်မက်လာပြီး လူရှေ့ထွက်လာတော့မယ်တဲ့။ ဒီအခြေအနေက မင်းအတွက် အခွင့်သာပုံမပေါ်ဘူး"
မြို့စွန်နယ်မြေတွင် နေထိုင်သည့် နတ်နဂါးအကြီးအကဲ ရရှိခဲ့သည့်သတင်းသည် အခြားသူများနှင့် ကွဲပြားခြားနားသော်လည်း ၎င်းသည် ထပ်တူထပ်မျှ လေးနက်လှသည်။ တချို့သော ဖြစ်တည်မှုများသည် မိမိပင် အတော်လေး ကြောက်ရွံ့ရသော ဖြစ်တည်ရှိမှုမျိုးဖြစ်ကြသည်။
၎င်းတို့အားလုံးသည် ချူးယွင်ဖန်းအတွက် ဤယွမ်ထရီလီလျံကြောင့် လူအများအရှေ့သို့ ထွက်ပေါ်လာကြသည်။
"တကယ်လို့ ကျွန်တော်အခု ရင်ဆိုင်နေရတဲ့ ဒီပြဿနာကြောင့် မဟုတ်ရင် သူတို့တွေ ကမောက်ကလုပ်ရဲကြမှာ မဟုတ်ဘူး။ ဒီလူတွေက ထက်မြက်လွန်းတယ်။ ဟန်ဆောင်မှုကို အားကိုးနေမယ်ဆိုရင် သူတို့ဆီကနေ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
"ဘယ်သူတွေက ကျွန်တော်တို့ရဲ့မိတ်ဆွေတွေဖြစ်ပြီး ဘယ်သူတွေက ကျွန်တော်တို့ရန်သူတွေလဲ။ ဒါက အခုရင်ဆိုင်နေရတဲ့ အဓိကပြဿနာပဲ။ အနာဂတ်မှာ သူတို့တွေ ဆွဲချတာကို စောင့်နေမယ့်အစား အခုဖြေရှင်းလိုက်တာက ပိုကောင်းတယ်။ ပြည်ထောင်စု၊ အနန္တနတ်ဆိုးတောင်တန်းနဲ့ အဏ္ဏဝါမျိုးနွယ်စုတွေကြားမှာ စစ်ပွဲဖြစ်လာမယ်လို့ ကျွန်တော် ထင်နေတယ်။ အဲဒီအချိန်ရောက်တဲ့အခါ ဒီလူတွေက မတည်မငြိမ်ဖြစ်လာမယ့် အချက်တွေပဲ"
ထိုအချိန်တွင် ချူးမိသားစု ဘိုးဘေးကြီးနှင့် အခြားလူများအားလုံး တိတ်ဆိတ်သွားကြသည်။ အမှန်တကယ်ပင် အနတ္တနတ်ဆိုးတောင်တန်းသော်လည်းကောင်း အဏ္ဏဝါမျိုးနွယ်စုသော်လည်းကောင်း ၎င်းတို့အားလုံးသည် လတ်တလောတွင် အလွန် ခက်ထန်လာခဲ့ကြသည်။ ၎င်းတို့အားလုံးက မည်သို့တွေးတောနေကြသည်ကို လူတိုင်းနီးပါး သိထားကြရာ၊ ချူးယွင်ဖန်းသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ ဆူးညှောင့်တစ်ချောင်းဖြစ်လာခဲ့ငည်။ ချူးယွင်ဖန်း ပြောခဲ့သည့်စကားသည် အမှန်တကယ် ဖြစ်လာနိုင်ဖွယ်ရှိသည်။
"ဒါပေမယ့် အဲ့လိုဆိုရင်တောင် အခုကိစ္စက အရမ်းအန္တရာယ်များနေတုန်းပဲ" တန်စီယုက သဘောမတူနိုင်သေးပေ။
"စိတ်မပူပါနဲ့။ ကိုယ့်မှာ ယုံကြည်ချက်ရှိသလို၊ ကိုယ် ဘာလုပ်နေတယ်ဆိုတာကိုလည်း ကိုယ် သိတယ်။ ကိုယ့်အတွက်တော့ ဒါက အန္တရာယ်လည်းဖြစ်သလို အခွင့်အလမ်းတစ်ခုလည်းဖြစ်တယ်။ တိုက်ပွဲတစ်ခုတည်းနဲ့ အရာအားလုံးကို ဆုံးဖြတ်ပေးလိမ့်မယ်။ ပြည်ထောင်စုက နှစ်ပေါင်းများစွာကြာ ဖွံ့ဖြိုးတိုးတက်လာခဲ့တာ၊ အမှောင်ဘက်ခြမ်းတွေ ဘယ်လောက်စုပုံနေလဲဆိုတာ ဘယ်သူသိမှာလဲ။ အားလုံးအတွက် အဆင်မပြေတာတွေရှိမယ် ဆိုပေမယ့် ကျွန်တော် ဂရုမစိုက်ပါဘူး။ ခေါင်းထွက်မလာရင် ကံကောင်းသွားမယ်ဆိုပေမယ့် ထွက်လာလို့ကတော့ သေခြင်းကို ရှာဖွေနေတာနဲ့ အတူတူပဲဆိုတော့ တခြားလူကိုမှ အပြစ်မတင်နဲ့ပေါ့"
ချူးယွင်ဖန်းကို ကြည့်နေသော ချူးဟောက်ယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ၏ ကိုယ်ပိုင်ယုံကြည်မှု တည်ဆောက်ပုံသည် ချူးယွင်ဖန်းနှင့် အလွန် ကွာခြားလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူသာ ဤသို့သော အခြေအနေမျိုးတွင်ရှိနေလျှင် ချူးမိသားစုဘိုးဘေးအိမ်တော်တွင် ပုန်းအောင်းနေကာ ပြန်လည်သက်သာလာခြင်း မရှိသရွေ့ အပြင်သို့ ခြေတစ်လှမ်းမျှ ထွက်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် ဤအကျပ်အတည်း အသုံးချကာ အမှောင်ထဲတွင် ပုန်းအောင်းနေသော လူများစွာကို ဖမ်းဆီးမည့် အခွင့်အရေးအဖြစ် ပြောင်းလဲရန် စီစဉ်ခဲ့သည်။
"မင်းက တကယ်ပါးနပ်တာပဲ၊ မင်းကို စော်ကားတာက ကံဆိုးမှုကို မျိုးဆက်ရှစ်ဆက်လောက် ကြုံရတာနဲ့ အတူတူပဲ"
နတ်နဂါးအကြီးအကဲသည် ချူးယွင်ဖန်းဘက်မှ ယုံကြည်ချက်ရှိကြောင်း အတည်ပြုပြီးနောက် မနေနိုင်ဘဲ နောက်ပြောင်လိုက်မိသည်။
"ဒါကို ဘယ်လိုလုပ်ပြီး ပါးနပ်တာလို့ သတ်မှတ်လို့ရမှာလဲ။ သူတို့တွေသာ အရမ်း လောဘမတက်ရင် ဒီလိုတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
"ကောင်းပြီ၊ အခု ဒီလောက်ပဲ ပြောတော့မယ်။ ကျွန်တော် အားလုံးဆီက အကူအညီတောင်းစရာရှိတယ်။ ဒီတစ်ခါမှာ ဘယ်သူက မိတ်ဆွေ ဘယ်သူက ရန်သူဖြစ်တယ်ဆိုတာကို ကျွန်တော် ဆုံးဖြတ်ချင်တယ်"
အခန်း (၉၆၅) အန္တရာယ်နီးကပ်လာခြင်း၊ အစပျိုးနေသော တန်ပြန်တိုက်ခိုက်မှု
ချူးယွင်ဖန်း၌ သူ၏ကိုယ်ပိုင် အစီအစဉ်များရှိနေသည်။ သူသည် ထိုလူများကို လှည့်စားရန်အတွက် ကိုယ့်ကိုယ်ကို ငါးစာအဖြစ် အသုံးပြုခဲ့သည်။ ပြည်ထောင်စုအတွင်း ရန်သူများဖြစ်ကြသည့် နတ်ကုန်းမြေ၊ အနတ္တနတ်ဆိုးတောင်တန်း သို့မဟုတ် အဏ္ဏဝါမျိုးနွယ်စုများအနက် ခေါင်းဝင်လာသူ မည်သူဖြစ်ပါစေ၊ ၎င်းတို့အားလုံးကို မိမိဘက်မှ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။
"မင်းက ငါတို့ကို ဘာလုပ်စေချင်တာလဲ" ကျူးပုဖျင်က မေးလိုက်သည်။
"ပြည်ထောင်စုအတွင်းက တခြားဘယ်သူတွေ လှုပ်ရှားမလဲ ကြည့်ရအောင် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါ။ ပြီးရင် ဘယ်သူ့ကိုမှ မညှာဘဲ တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်လိုက်ပါ" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ပြဿနာမရှိဘူး" ကျူးပုဖျင်က သတ်ဖြတ်ချင်စိတ် အရောင်အဝါဖြင့် ပြောလိုက်သည်။
"ဒင်းတို့က ပြည်ထောင်စုရဲ့ အဆင့်မြင့်အရာရှိကို တိုက်ခိုက်ဝံ့တာဆိုရင် သေဖို့ အသင့်ပြင်ထားသင့်တယ်"
ချူးယွင်ဖန်းသည် ညွှန်ကြားချက် ပေးအပ်ပြီးသည်နှင့် ဖုန်းချပြီးနောက် သူ၏မိဘများထံ ဆက်သွယ်လိုက်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းနှင့်ပတ်သက်သည့် ကောလာဟလမျိုးစုံ ထွက်ပေါ်နေသဖြင့် ၎င်းတို့သည်လည်း မြင်ခဲ့မည်မှာ သေချာသည်။ ၎င်းတို့သည် အလွန် စိုးရိမ်နေကြသော်လည်း ချူးယွင်ဖန်းကို ဆက်သွယ်၍ မရနိုင်သောကြောင့် စိတ်ပူရုံသာ တတ်နိုင်ကြပေသည်။
"အဆင်ပြေလား သား။ လူတွေက သားအကြောင်းပဲ ပြောနေကြတယ်။ သား အိမ်ကို မြန်မြန် ပြန်လာသင့်တယ်၊ အိမ်မှာဆိုရင် သူတို့တွေ သားကို ဘာမှလုပ်ရဲကြမှာ မဟုတ်ဘူး"
သူ၏ဇနီးဖြစ်သူနှင့် နှိုင်းယှဉ်လျှင် ချူးဝမ်ချန်း အနည်းငယ် ပို၍ တည်ငြိမ်နေသည်။
"သူတို့ပြောသလို သားခန္ဓာကိုယ်မှာ ပြဿနာရှိနေတယ်ဆိုတာ တကယ်ပဲလား"
မိဘများ၏မျက်နှာပေါ်ရှိ လေးနက်သော စိုးရိမ်မှုများသည် ချူးယွင်ဖန်း၏နှလုံးသားကို နွေးထွေးစေခဲ့သည်။
"ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော် အကွက်ချထားတာပါ။ ချူးမိသားစု ဘိုးဘေးကြီးနဲ့ တခြားသူတွေနဲ့လည်း ဆွေးနွေးပြီးပြီ။ ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချပြီး ဟိုလူတွေကို တစ်ခါတည်း ဖမ်းပစ်ရမယ်"
ချူးယွင်ဖန်းသည် အထပ်ထပ်တွေးတောပြီးနောက် အဆုံးတွင် သူ၏မိဘများကို အမှန်အတိုင်းမပြောရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တုံ့ပြန်မှုကို အမှန်တကယ် ခံစားနေရသည်ဆိုသည့်အချက်ကို ဖုံးကွယ်ထားလိုက်သည်။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် သူ၏မိဘများသည် နောက်ဆက်တွဲအစီအစဉ်များကို ဂရုမစိုက်ကြဘဲ သူအဆင်ပြေနေမှန်း သိနေသရွေ့ ၎င်းတို့ဘက်မှ စိုးရိမ်မည် မဟုတ်ကြောင်း သူ သိသည်။
"အဆင်ပြေတယ်ဆိုရင်လည်း ပြီးတာပါပဲ ဒါပေမယ့် ဂရုတော့စိုက်ဦးပေါ့" ချူးဝမ်ချန်းသည် သူ၏ မျက်နှာထက်တွင် စိုးရိမ်မှု အနည်းငယ်ပြသလာမိသည်။ သူ၏ သားဖြစ်သူသည် အလွန်သန်မာ၍ မကြာသေးမီက ပြည်ထောင်စုတွင် နံပါတ်တစ်ကျွမ်းကျင်သူအဖြစ် ချီးကျူးခံရကြောင်း သူသိသော်လည်း ဒုစရိုက်လောကကြီးတစ်ခုလုံးပင် တုန်လှုပ်သွားကြောင်း မြင်တွေ့ပြီးနောက် ဖခင်တစ်ယောက်အနေဖြင့် ချူးယွင်ဖန်းကို အလိုအလျောက် စိုးရိမ်နေဆဲဖြစ်သည်။
"သားဘက်က မလုပ်နိုင်တော့ဘူးဆိုရင် မြန်မြန်ပြန်လာခဲ့နော်" ယန်ယာ့ယွင်က ထပ်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော် ၁၀၀% ယုံကြည်မှုရှိပါတယ်" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
ဗီဒီယိုထဲရှိ သူ၏မိဘများကို ကြည့်လိုက်ရာ၊ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်ကို ဝင်ပြီးပြီးနောက် အနည်းငယ် ငယ်ရွယ်သွားကြပုံပေါ်သည်။ ထိုအခါ ချူးယွင်ဖန်း သက်သာရာရမိသွားသည်။
သားဖြစ်သူနှင့် ဖုန်းခေါ်ဆိုပြီးနောက် ချူးဝမ်ချန်းသည် ဆိုဖာပေါ်မှ ထရပ်လိုက်သည်။
"ဘယ်သွားမလို့လဲ" ယန်ယာ့ယွင်က မေးလိုက်သည်။
"သွား လေ့ကျင့်မလို့" ချူးဝမ်ချန်းက နောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
ဒုစရိုက်လောကတွင် ချူးယွင်ဖန်းအတွက် ထရီလီလျံဒေါ်လာတန်ကြေးများ ပေါက်ကြားလာသည်နှင့်အမျှ အခြေအနေသည်လည်း ပိုပို၍ ပြင်းထန်လာသည်။ ၎င်းတို့တွင် အခွင့်အရေးရှိသည်ဟု ထင်မှတ်နေကြသည့် ကျွမ်းကျင်သူများစွာသည် ချူးယွင်ဖန်း၏ ဦးတည်ရာကို အပြေးအလွှား သွားနေကြသည်။
သို့သော် ချူးယွင်ဖန်းသည် ထွက်ပြေးသည့် အရိပ်အယောင်မျိုး မပြသဘဲ ဒုစရိုက်လောကတစ်ခုလုံးနှင့် ပြည်ထောင်စုကိုပင် တုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ် ဒီရေလှိုင်းများကို သတိမပြုမိသကဲ့သို့ နေ့တိုင်း စားသောက်နေထိုင်နေဆဲဖြစ်သည်။ ထိုအချိန်တွင် နတ်နဂါးအကြီးအကဲ၊ ချူးမိသားစု ဘိုးဘေးကြီး၊ ကျူးပုဖျင်၊ တန်စီယုအပြင် အခြားသော နတ်အဆင့်များစွာနှင့် တပ်ဖွဲ့အသီးသီးမှ ထိပ်တန်းအရာရှိများက စုပေါင်း ဆွေးနွေးနေကြသည်။
၎င်းတို့သည် ချူးယွင်ဖန်းကို နျူကလီးယားဖြင့် ထိပါးဝံ့သည့် မည်သည့်အဖွဲ့အစည်းကိုမဆို အလားတူပုံစံဖြင့် ဖျက်ဆီးပစ်မည်ဖြစ်၍ ရေမြေဆုံးတိုင် လိုက်လံဖမ်းဆီး၍ အမြစ်ပြတ် ဖြေရှင်းကြပေလိမ့်မည်။ ဤထုတ်ပြန်ချက်သည် လူအများအပြားကို ချက်ချင်းဆိုသလို ကြောက်ရွံ့ထိတ်လန့်သွားစေသည်။ မူလက ချူးယွင်ဖန်းကို နျူကလီယားဗုံးဖြင့် တိုက်ခိုက်ရန် စီစဉ်ထားသည့် အဖွဲ့အစည်းများစွာသည် ဤအကြံအစည်ကို စွန့်လွှတ်လိုက်ရသည်။ ဤကြေညာချက်ကို အဖွဲ့အစည်းများစွာမှ ပူးပေါင်း ထုတ်ပြန်ခဲ့သောကြောင့် မည်သူမျှ လျစ်လျူရှုဝံ့ခြင်းမရှိပေ။
ချူးယွင်ဖန်း၏ခေါင်းပေါ်ရှိ ယွမ်ထရီလီလျံသည် ဆွဲဆောင်မှုရှိလှသော်လည်း ၎င်းတို့ကိုသာ အမြစ်ပြတ် ဖြေရှင်းခံရပါက အဆုံးသတ်သွားပေလိမ့်မည်။ ဤအင်အားစုများ၏ စွမ်းအင်ဖြင့်ဆိုပါက အမှန်တကယ် ပြုလုပ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် နျူကလီးယားဗုံး အသုံးပြုခြင်းဖြင့်ဆိုလျှင်ပင် ၎င်းတို့ကို ရန်ဆွခြင်းသည် အဆုံးသတ်သာ ဖြစ်ပေလိမ့်မည်။
၎င်းတို့၏အဆင့်အတန်းဖြင့် ဤခေတ်၌ နျူကလီးယားဗုံးများ မည်မျှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သည်ကို သိထားကြသည်။ နျူကလီးယားဗုံးများကို မှောင်ခိုဈေးကွက်တွင် ရောင်းချသည့် အေဒီခေတ်ကတည်းက ဤကဲ့သို့ ဖြစ်ခဲ့ကြသည်။ နျူကလီးယားဗုံး ပြုလုပ်သည့် နည်းပညာသည် မျက်မှောက်ခေတ်တွင် မရှုပ်ထွေးသောကြောင့် အခြေအနေသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။ ကျန်းမိသားစုနှင့် ချူးမိသားစုကဲ့သို့သော အင်အားတို့အနက် မည်သည့်အင်အားစု၏ လက်ထဲ၌ နျူကလီးယားဗုံးများ မရှိကြသနည်း။
၎င်းတို့ကို ပြည်ထောင်စုအစိုးရက ဖိနှိပ်ထားခြင်းကြောင့်ဖြစ်သည်။ အစိုးရ၌ နျူကလီးယားဗုံး အရေအတွက် အများဆုံးရှိရုံသာမကဘဲ ကြယ်ဖျက်ဆီးသူကဲ့သို့သော ထိပ်တန်း နည်းပညာမြင့် လက်နက်များလည်း ရှိနေသည်။ ၎င်းလက်နက်များသည် နျူကလီးယားဗုံးများကဲ့သို့ အလွယ်တကူ ပြုလုပ်နိုင်သည့် လက်နက်များဖြစ်သည်။ သို့သော် လူများစွာသည် မျှော်လင့်ချက်အချို့ကို မြင်နေကြဆဲဖြစ်သည်။ အတိအကျပြောရမည်ဆိုလျှင် နျူကလီးယားဗုံးများကို အသုံးမပြုနိုင်လျှင်ပင် အခြားနည်းလမ်းများကို အသုံးမပြုနိုင်ဟု မဆိုလိုပေ။
လူအများ၏အမြင်တွင်၊ ၎င်းသည် ချူးမိသားစု၊ တန်မိသားနှင့် အခြားလူများ၏ ညှိနှိုင်းပေးမှုမျိုးဖြစ်သည်။ ယွမ်ထရီလီလျံပေါင်းများစွာ၏ လှုံ့ဆော်မှုအောက်တွင် ဒုစရိုက်လောကကြီးတစ်ခုလုံး ရူးသွပ်သွားခဲ့သည်။ ချူးမိသားစုနှင့် တန်မိသားစုကဲ့သို့သော အင်အားစုများလျှင်ပင် ရန်သူ၏ ချီတက်မှုများကို မရပ်တန့်ဝံ့ကြရာ၊ ချူးယွင်ဖန်းအတွက် ခြိမ်းခြောက်မှုကို လျှော့ချရန်အတွက် အစွမ်းကုန်ကြိုးစားနေသည်။
ဤသည်မှာ ချူးယွင်ဖန်းသည် လက်ရှိတွင် အားနည်းနေသည်ဟုသော ကောလာဟလများကို သွယ်ဝိုက်၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ သူသည် ယခင်က နျူကလီးယားဗုံးများဖြင့် အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရသော်လည်း ထိခိုက်မှု မရှိခဲ့ပေ။ ထို့ကြောင့် သူ့တွင် နျူကလီးယားဗုံးများ ကြဲချခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းလမ်းတချို့ရှိကြောင်း တွေ့မြင်နိုင်သည်။
ယခုမူကား ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိသည့် အခြေအနေအရ ချူးယွင်ဖန်း၏ အခြေအနေသည် အလွန် မကောင်းမွန်ကြောင်း သက်သေပြရန် လုံလောက်နေသည်။ ဤသို့သော အခြေအနေမျိုးတွင် ရောက်ရှိလာသူ အရေအတွက်သည် ပို၍ များပြားလာသည်။ ထရီလီလျံရာကျော်ကို ဆုကြေးငွေအဖြစ် ပေးအပ်ခြင်းသည် သမိုင်းတစ်လျှောက်၌ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် လူများစွာသည် ၎င်းငွေပမာဏ၏ တစ်စိတ်တစ်ပိုင်းမျှကို လိုချင်နေကြသည်။
***
မြင့်မြတ်သော နဂါးပျံတိုင်းပြည်၊ အနတ္တနတ်ဆိုးတောင်၏ နက်ရှိင်းသော နေရာ၌ပိုင်ယွီလင်းသည် ရာဇပလ္လင်ပေါ်တွင် ထိုင်ကာ အလွန် ပျော်ရွှင်နေသည်။
"ချူးယွင်ဖန်း၊ ခင်ဗျားမှာလည်း ဒီလိုနေ့ရက်မျိုး ရှိရတယ်လို့ကွာ။ ဟားဟားဟား"
ယခင်တိုက်ပွဲအကြောင်း တွေးကြည့်မိလျှင် သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာဒဏ်ချက်များကို ခံစားရပုံပေါ်သည်။ ထိုတိုက်ပွဲသည် သူ၏အသက်ကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသည်။ အကယ်၍ သူသာ တိုက်ရိုက် တယ်လီပို့စာလိပ်ကို မပိုင်ဆိုင်ခဲ့ပါက၊ သေခြင်းမှ လွတ်မြောက်နိုက်မည် မဟုတ်ပေ။
မြင့်မြတ်သော နဂါးပျံတိုင်းပြည်သည် သူ့ကို ကုသရန်အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း၊ ထိုတိုက်ပွဲ၏ အရိပ်မဲကြီးသည် သူ၏နှလုံးသားထဲတွင် ထာဝရတည်ရှိနေမည်ဖြစ်သည်။
"ဟမ်း၊ ကျုပ် အခုကစပြီး သီးသန့်ကျင့်ကြံတော့မှာမို့လို့ ခင်ဗျား ကျုပ်လက်ထဲမှာ အဆုံးမသတ်ရတာ ကံကောင်းတယ်လို့ မှတ်ထားလိုက်၊ ချူးယွင်ဖန်း" ပိုင်ယွီလင်းက အံကြိတ်၍ ပြောလိုက်သည်။
နောက်လာမည့်အရာများသည် ပို၍အရေးကြီးသည့်အပြင် အဓိက အကြောင်းအရာများနှင့် ဆက်စပ်နေကြောင်း သူ သိထားသည်။ ချူးယွင်ဖန်းကို သေစေချင်လျှင်ပင် သူ့ဘက်မှ မတတ်နိုင်သေးပေ။ ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စုတို့ စုဝေး၍ မရေတွက်နိုင်သည့် ရေနက်ပိုင်းဝေလငါးများ ကျက်စားရာနေရာတွင် ကောင်းကင်သို့ ပုံရိပ်တစ်ခု မြင့်တက်လာ၍ အဘိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအဘိုးအိုသည် ခွန်းလွန်နယ်မြေသို့ အပြေးနှင်လေသည်။
မြင့်မြတ်သောကုန်းမြေ၌ လူတစ်ဦးသည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ တည်နေရာမှ ဟင်းလင်းပြင်ကို ဖြတ်သန်းလာခဲ့ရာ၊ ထိုပုဂ္ဂိုလ်သည် ဂုဏ်အရှိန်အဝါများကို ယူဆောင်လာသည်။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ တပည့်များစွာသည် သူ၏အောက်ခြေတွင် လေးစားဦးညွှတ်သော အမူအရာများဖြင့် ရှိနေကြသည်။
ထိုပုဂ္ဂိုလ်သည် ဆင်းသက်လာပြီးနောက် မရပ်တန့်ခဲ့ဘဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။ တစ်ဦးချင်းစီသော အင်အားကြီး ဖြစ်တည်ရှိမှုများသည် အနားသို့ နီးကပ်လာ၍ အန္တရာယ်သည် ချူးယွင်ဖန်းဆီ ချဉ်းကပ်လာခဲ့သည်။
အခန်း (၉၆၆) ထောင်ချီသော စစ်တပ်ကို တစ်ဦးတည်း ရင်ဆိုင်ကာ အသူရကာယ်ကဲ့သို့ သတ်ဖြတ်ခြင်း
အဆုံးတွင် ဒုစရိုက်လောကမှ စုပြုံရောက်ရှိလာသည့် ကျွမ်းကျင်သူများသည် ချူးယွင်ဖန်းကို မီးတောင်တွင် ချောင်ပိတ်လိုက်ကြသည်။ ချူးယွင်ဖန်းသည် သူ၏ တိုက်ခိုက်ရေးစွမ်းအင်ကို ဆုံးရှုံးနေပြီဟု ပြင်ပကမ္ဘာတွင် ပြောနေကြသော်လည်း သူ့ကို လောင်းကြေးထပ်ဝံ့သူများသည် သာမန်လူများမဟုတ်ကြောင်း သိသာထင်ရှားသည်။
ချူးယွင်ဖန်း၏လမ်းကြောင်းကို ပိတ်ဆို့နေသည့် လူပေါင်းတစ်ထောင်ကျော်ရှိနေ၍ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့အနက် ထက်ဝက်ကျော်သည် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့်များဖြစ်ကြ၍ သတ္တမအဆင့် ကျွမ်းကျင်သူများစွာလည်း ပါရှိနေသည်။ ၎င်းတို့အနက် အများစုသည် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအင်ကို အလွန်တရာ တိုးမြင့်စေသည့် အဆင့်မြင့် စက်လက်နက်များကိုပင် ၀တ်ဆင်ထားကြသည်။ လူထောင်ပေါင်းများစွာသည် ချူးယွင်ဖန်းကို ဝိုင်းရံထားကြသည်။
"ချူးယွင်ဖန်း၊ ခင်ဗျား ဒီနေ့လွတ်မြောက်နိုင်မယ် မထင်နဲ့" ကျွမ်းကျင်သူတစ်ဦးက လှမ်းအော်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ အရှေ့မတိုးဝံ့ကြပေ။
အဆုံးတွင် ချူးယွင်ဖန်း၏ ပြင်းထန်သော ဂုဏ်သတင်းသည် လူသိများလှသည်။ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်ရေး စွမ်းအင် အားလုံးကို ဆုံးရှုံးသွားခဲ့သည်ဟု ထင်မှတ်ရလျှင်ပင် မည်သူမျှ အရှေ့တိုးရန် မဝံ့ရဲကြပေ။
"စိတ်ဝင်စားဖို့ကောင်းသားပဲ"
ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ ဝန်းရံမှုကို ခံထားရသော ချူးယွင်ဖန်းသည် ထိတ်လန့်ခြင်းမရှိခဲ့ပေ။ သူ့ဘက်မှ ထို့သို့ပြုမူလေ၊ သူ၏ပတ်ဝန်းကျင်တွင် ဝန်းရံနေသော ကျွမ်းကျင်သူများက ပို၍ အရှေ့ မတိုးဝံ့လေဖြစ်၏။
"ထရီလီလျံတစ်ရာကျော်တောင်၊ ကြီးကျယ်ခမ်းနားလှချည်းလား။ ဒါပေမယ့် ခင်ဗျားတို့လောက်နဲ့ ကျုပ်အသက်ကို နှုတ်ယူဖို့ မလုံလောက်မှာကို စိုးရိမ်မိသား။ ကျုပ်အသက်ကို လိုချင်ရင် အနည်းဆုံးတော့ နတ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို လာယူခိုင်းမှပေါ့" ချူးယွင်ဖန်းက ဆိုသည်။
သူသည် ဤလူများကို ကြည့်လိုက်သည်။ အကယ်၍ သူသာ ထိုသို့သော အခြေအနေမျိုးကို လွန်ခဲ့သည့် နှစ်အနည်းငယ်က ကြုံတွေ့ခဲ့ပါက တောင်မြစ်ပန်းချီကားထဲတွင် ပုန်းအောင်းခြင်း မပြုလုပ်လျှင် သေဆုံးရပေလိမ့်မည်။ သို့သော် ယခုချိန်တွင် ကိုယ့်ကိုယ်ကို ဂုဏ်ယူသောကြောင့် ဤလူများကို နည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိပေ။
"ခင်ဗျားက အခုချိန်မှာ ဒုက္ခိတတစ်ယောက်ဖြစ်နေတာတောင် ကမ္ဘာပေါ်က သူရဲကောင်းတွေကို နှိမ့်ချဝံ့သေးတယ်ပေါ့လေ။ ခင်ဗျားကိုယ်ခင်ဗျား အထွတ်အထိပ်အခြေအနေမှာ ရှိသေးတယ်လို့ ထင်နေတာလား" ထောင်နှင့်ချီသော လူများကြားရှိ တစ်စုံတစ်ယောက်သည် သူ၏တည်နေရာကို မည်သူမျှ ရှာမတွေ့စေရန်အတွက် လူစုလူဝေးနှင့် ရောနှော၍ ဆိုလိုက်သည်။
သို့သော် ဤနည်းလမ်းသည် ချူးယွင်ဖန်း၏အရှေ့တွင် အလွန် နုနယ်လှသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုအဆင့်သည် ထိုလူထက် များစွာ မြင့်မားပေသည်။ နတ်အဆင့်သည် လူတစ်ဦးကို နတ်စွမ်းရည်များ ပေးစွမ်းစေ၍ ယင်းသည် လူတစ်ဦး၏ အရိုးများနှင့် သွေးကြောထဲသို့ စိမ့်ဝင်နေသည့် ဗီဇတစ်ခုဖြစ်သည်။
"ကျောက်ခဲနဲ့ ထိမှန်ဖူးလား"
ချူးယွင်ဖန်းသည် စကားပြောပြီးသည်နှင့် အရှေ့သို့ လှမ်းလာ၍ ကျောက်ခဲတစ်ခဲကို ခြေထောက်ဖြင့် ကန်မြှောက်လိုက်သည်။ လက်ဖဝါးကို ဆန့်ထုတ်ပြီးနောက် ကျောက်တုံးကို ပေါ့ပါးစွာ ပစ်ပေါက်လိုက်ရာ၊ ၎င်းသည် အမြောက်ကျည်ကဲ့သို့ လွင့်ထွက်သွားသည်။
ဘန်း
ဤကျောက်တုံးသည် လူအုပ်အတွင်းရှိ လူတစ်ဦးကို ထိသွားခဲ့ရာ၊ ထိုလူသည် စောစောက အော်ဟစ်ခဲ့သူဖြစ်သည်။ သူသည် လူစုလူဝေးတွင် ပုန်းအောင်းနေသောကြောင့် သူ့ကို မည်သူမျှ သိမြင်လိမ့်မည်ဟု မထင်ထားပေ။ သို့သော် ချူးယွင်ဖန်းက သူ့ကို ချက်ချင်း ရှာတွေ့လိမ့်မည်ဟု မည်သူသိသနည်း။
၎င်းပစ်ချက်သည် တစ်ချက်တည်းသာ ဖြစ်သော်လည်း ချက်ချင်းဆိုသလိုပင် ဆိုးရွားဖွယ်ကောင်းစွာ သေဆုံးသွားခဲ့သည်။ သူ၏ဦးခေါင်း ပေါက်ကွဲထွက်ကာ ဤကျောက်တုံး၏ စွမ်းအင်သည် လူတစ်ဦးကိုသာ သေဆုံးစေသည့် ပမာဏဖြစ်သည်။
နေရာတစ်ခုလုံး အလွန် တိတ်ဆိတ်သွားလေသည်။ ချူးယွင်ဖန်းသည် ပြင်ပကမ္ဘာမှ ခန့်မှန်းထားသည့်အတိုင်း သူ၏ တိုက်ခိုက်မှုစွမ်းအင်အားလုံးကို ဆုံးရှုံးသွားလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြသော်လည်း ထိုသို့သော အခြေအနေမျိုး၌ပင် ပေါ့လျော့သော တိုက်ခိုက်မှုသည် မွေးဖွားခြင်းနယ်မြေအဆင့်ကို သတ်ဖြတ်နိုင်ဆဲဖြစ်သည်။
၎င်းပုဂ္ဂိုလ်သည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ဖြစ်သော်လည်း ချူးယွင်ဖန်းဘက်မှ ပေါ့ပါးစွာ ပစ်လွှတ်လိုက်သော ကျောက်တုံးငယ်ကိုပင် မတားဆီးနိုင်ခဲ့ပေ။ မွေးဖွားခြင်းနယ်မြေအဆင့်သည် ချူးယွင်ဖန်းအရှေ့တွင် မြက်ပင်တစ်ပင်နှင့် ဆင်တူပေသည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ၎င်းတို့ကို မည်သို့ကြောင့် မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်နေရသည်ကို နောက်ဆုံးတွင် နားလည်လာကြသည်။ ဤသည်မှာ သာလွန်သော အပြုအမူမျိုးသာဖြစ်သည်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအင်အားလုံးကို ဆုံးရှုံးခဲ့လျှင်ပင် အလွယ်တကူ အရှက်ရမည် မဟုတ်ပေ။
မှန်ကန်စွာပြောရမည်ဆိုလျှင် အတိတ်တွင် ဤသို့သောအဖြစ်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ ယေဘူယျအားဖြင့်၊ နတ်အဆင့် ကျွမ်းကျင်သူများသည် သေခြင်း မဟုတ်ပါက လုံးလုံးလျားလျား ကောင်းမွန်ကြပေသည်။ အပြင်းအထန် ဒဏ်ရာရခဲ့လျှင်ပင် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအင် အားလုံးကို ဆုံးရှုံးသွားမည် မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းသည် ချူးယွင်ဖန်းကို လျှော့တွက်ထားပြီဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုအခါ သူ့ကို အလွန် လျှော့တွက်ခဲ့ကြဆဲဖြစ်ကြောင်း ၎င်းတို့ သိရှိလာကြသည်။
"ခင်ဗျားတို့တွေ ဘယ်အင်အားစုက လာတာလဲဆိုတာ မေးချင်ပေမယ့် အခုကြည့်ရတာ အဓိပ္ပါယ်ရှိတော့မယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် အကုန်လုံး သေရတော့မှာပဲကို။ ထရီလီလျံချီတဲ့ ဆုကြေးငွေက ကောင်းပါတယ်၊ ဒါပေမယ့် ယူနိုင်တဲ့ အရည်အချင်း ရှိမရှိကို ကြည့်ကြရအောင်" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်းသည် သူ၏စကားများဖြင့် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ရာ၊ သူ၏မျက်လုံးများရှိ ငြိမ်သက်မှုနှင့် လျစ်လျူရှုခြင်းတို့သည် အဆုံးတွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ဒေါသထွက်စေခဲ့သည်။
"ကျုပ်တို့ အတူတူ လှုပ်ရှားရင် ဒီမကျန်းမမာဖြစ်နေတဲ့ ချူးယွင်ဖန်းကို သတ်နိုင်မှာ သေချာတယ်။ ကျုပ်တို့ဘက်မှာ ဒီလောက် လူတွေအများကြီးရှိနေတာ၊ သူ ကျုပ်တို့အားလုံးကို သတ်နိုင်မယ်လို့ ကျုပ် မယုံဘူး"
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သောအခါ လူတိုင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ပေါ်လွင်လာစေသည်။ ချူးယွင်ဖန်းက မည်မျှပင် သန်မာနေပါစေ သူသည် တိုက်ခိုက်ရေး ခွန်အားများအားလုံးကို ဆုံးရှုံးသွားပြီဖြစ်သည်။ ယခုအချိန်တွင် သူ့ကို မသတ်ဖြတ်နိုင်ပါက ပြန်ကောင်းလာသည့်အခါ ထိုသို့ပြုလုပ်ရန် အခွင့်အရေးမျိုး ရှိမည်မဟုတ်ပေ။
တခဏချင်းမှာပင် ဒေါ်လာထရီလျံ၏ သွေးဆောင်မှုသည် ၎င်းတို့၏ နှလုံးသားထဲမှာ တဖန် ပြန်မြင့်တက်လာ၍ ချူးယွင်ဖန်းအပေါ် ကြောက်စိတ်များ လျော့ပါးသွားစေသည်။ လူတစ်ထောင်ကျော်သည် ချူးယွင်ဖန်းဆီ တစ်ပြိုင်နက်တည်း ခုန်အုပ်လိုက်ကြသည်။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြ၍ ၎င်းတို့၏ အပြည့်အဝ ခွန်အားနှင့် အရှိန်အဟုန်သည် အလွန် များပြားလှသည်။ ချူးယွင်ဖန်းသည် ခဏလေးအတွင်းမှာပင် ဝိုင်းရံခံလိုက်ရ၍ ချူးယွင်ဖန်း၏ လွတ်မြောက်လမ်းကြောင်းကို ပိတ်ဆို့ထားရန်အတွက် လေထဲသို့ ပျံသန်းသွားသူများပင် ရှိနေသည်။
၎င်းတို့သည် အလွန် ပြည့်ကျပ်လှသဖြင့် ၎င်းတို့၏ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ချူးယွင်ဖန်းသည် ထိတ်လန့်ခြင်းမရှိခဲ့ပေ။ သူ၏လက်သီးကို ကျစ်ကျစ်ဆုပ်၍ ဝှေ့ယမ်းလိုက်သည်နှင့် သူ့ကို ခုန်အုပ်လာသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့သည်။
ထိုမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ သေဆုံးသွားခဲ့သည်။ ချူးယွင်ဖန်း၏ လက်သီးချက်သည် သူ၏ဦးခေါင်းကို ပွင့်ထွက်သွားစေ၍ ချူးယွင်ဖန်းသည် ထိုကျွမ်းကျင်သူ၏ လက်ထဲရှိ သံမဏိဓားသွားကို ဆွဲယူလိုက်သည်။
သူ၏ခန္ဓာကိုယ်သည် အနောက်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ လွင့်ထွက်သွားခဲ့သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဒါဇင်ကျော်သည် ရှောင်တိမ်းရန်ပင် အချိန်မရှိဘဲ တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ၎င်းတို့သည်လည်း အနောက်သို့ လွင့်ထွက်သွားကာ သွေးများ အန်ထွက်၍ တခဏချင်းပင် သေဆုံးသွားကြသည်။
ချူးယွင်ဖန်းသည် လကိထဲတွင် ဓားသွားတစ်ချောင်းကို ကိုင်ဆောင်လျက် မရေတွက်နိုင်သော ဓားသွား အလင်းရောင်များကို ချက်ချင်း ပြုလုပ်လိုက်သည်။ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ ကြောက်မက်ဖွယ် စွမ်းအင်သည် ထိုအချိန်တွင် အပြည့်အဝ ပြသလာခဲ့သည်။ ချူးယွင်ဖန်း ပြုလုပ်ခဲ့သော ဓားအရောင်များသည် မြေပြင်ပေါ်တွင် ပြဒါးတစ်စင်းကဲ့သို့ စီးဆင်းကာ သူ့ကို ကာကွယ်ပေးနေသော အလင်းတန်းတစ်ခုအဖြစ် ပုံဖော်လာခဲ့သည်။ အထွတ်အထိပ် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများလျှင်ပင် သူ့ကို မထိခိုက်နိုင်ခဲ့ပေ။
ရေများလျှင်ပင် သူ့ကို ထိပါးနိုင်ခြင်း မရှိဟု ဆိုနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်း၏လက်ထဲရှိ ဓားသွားသည် အသားကြိတ်ဓားစက်နှင့် ဆင်တူသည်။ ၎င်းကို ထိမိသူတိုင်းသည် ခြွင်းချက်မရှိစွာဖြင့် ဆိုရွားဖွယ် သေဆုံးသွားမည်ဖြစ်သည်။ ဤမွေးဖွားခြင်းနယ်မြေအဆင့်များသည် ပြင်ပကမ္ဘာတွင် ကျွမ်းကျင်ပညာရှင်များအဖြစ် သတ်မှတ်ခံထားရသော်လည်း ချူးယွင်ဖန်းနှင့် တွေ့ဆုံသောအခါ စက္ကူများကဲ့သို့ ဖြစ်နေကြသည်။ ခုတ်ဖြတ်မှု တစ်ခုသည် အသက်တစ်ချောင်း သတ်ဆုံးခြင်းနှင့် ညီမျှပေသည်။ သူသည် အသက်တစ်ချောင်း နှုတ်ယူရန်အတွက် ဒုတိယခုတ်ချက်ဟူ၍ မလိုအပ်ခဲ့ပေ။
ထို့အပြင် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်မှ ထောက်ပံ့ပေးနိုင်သည့် ပြင်းထန်သော အရှိန်အဟုန်ကြောင့် မွေးဖွားခြင်းနယ်မြေအဆင့် ဒါဇင်ပေါင်းများစွာ အသက်တစ်ရှိုက်စာအတွင်း လဲကျသွားကြသည်။ လူသေအလောင်းများ နေရာတိုင်း၌ တောင်ကဲ့သို့ပုံနေ၍ သွေးများသည် မြစ်ကဲ့သို့ စီးဆင်းလျက်ရှိသည်။ ဤသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းခဲ့သည်။ ဝန်းရံမှုအနက် ချူးယွင်ဖန်း သွားရောက်သည့်နေရာတိုင်း ပြိုကျသွားခဲ့ရသည်။ မည်သည့်နေရာမဆို လုံးလုံးလျားလျား ကွာခြားမှု မရှိခဲ့ရာ၊ ဝန်းရံခြင်းဟုခေါ်သော ကာကွယ်ရေးစည်းသည် သူ၏ရှေ့တွင် စက္ကူလွှာကဲ့သို့ပင် ဖြစ်နေသည်။
တိုတောင်းသော အသက်ရှူရှိုက်မှု ကာလအတွင်း၌ မွေးဖွားခြင်းနယ်မြေအဆင့် ထောင်ပေါင်းများစွာအနက် ထက်ဝက်ကျော် သေဆုံးခြင်း သို့မဟုတ်လျှင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ အကယ်၍ ချူးယွင်ဖန်းသာ မွေးဖွားခြင်းနယ်မြေအဆင့်တွင် ရှိနေဆဲဖြစ်ပါက၊ သူ၏စွမ်းအင်အားလုံးကို အသုံးပြုလျှင်ပင် ထိုအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ယခုအခါ အရာအားလုံး ကွဲပြားသွားပြီဖြစ်သည်။ သူသည် နတ်အဆင့်သို့ တက်လှမ်းပြီးနောက် နတ်စွမ်းအင်ကို အသုံးမပြုလျှင်ပင်၊ ဤမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် သူနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။
တစ်ဦးအတွက် ဓားချက်တစ်ချက် သို့မဟုတ် လူအများအပြားအတွက် အကြိမ်အနည်းငယ် ခုတ်ထစ်ရန်သာ လုံလောက်ပေသည်။ ထိုကဲ့သို့ သတ်ဖြတ်ခြင်း၏ ထိရောက်မှုနှုန်းကို စိတ်ကူးကြည့်၍ပင် သိနိုင်သည်။ အဆုံးတွင် ကျန်ရစ်သည့် ရာနှင့်ချီသော ကျွမ်းကျင်သူများသည်လည်း ပြိုကျသွားကြသည်။