အခန်း (၉၇၀-၉၇၂)
Vol. 65 Ch. 970-972
အခန်း (၉၇၀) မာန်မာနကို ရှူသွင်း၍ ဒေါသကို ရှူထုတ်ခြင်း၊ ချူးသတ်ဖြတ်ခြင်း စုရုံးပွဲ
နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် မရေတွက်နိုင်သည့်လူများ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဤလူများသည် ချူးယွင်ဖန်းကို ကြည့်သည့်အခါ ၎င်းတို့အားလုံး တစ္ဆေတစ်ကောင်ကို မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို အသီးအရွက်များ လှီးဖြတ်သကဲ့သို့ သတ်ဖြတ်နိုင်ရုံသာမကဘဲ နတ်အဆင့်များကိုလည်း အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်ရေးစွမ်းအင်များ အမှန်တကယ် ဆုံးရှုံးသွားခြင်း မဆုံးရှုံးသွားခြင်းနှင့်ပတ်သက်၍ လူအများကပင် သံသယဝင်လာကြသည်။ နောက်ဆုံးတွင် သူ၏ အပြုအမူများအရ အမှန်တကယ် ဆုံးရှုံးသွားပုံမပေါ်ပေ။ တိုက်ခိုက်ရေးစွမ်းအင်များကို ဆုံးရှုံးခဲ့ရပြီးနောက် ဤမျှပြင်းထန်သော စွမ်းဆောင်ရည်များ ပြသနိုင်သူတစ်ယောက်အကြောင်း ၎င်းတို့ တစ်ခါမျှ မကြားခဲ့ဖူးပေ။
"ချူးယွင်ဖန်းက တော်တော်လေး ကြောက်စရာကောင်းတာပဲ။ သူ့တိုက်ခိုက်ရေးစွမ်းအင်တွေကို လုံးလုံးလျားလျား မဆုံးရှုံးသေးတာတော့ မဟုတ်ပါဘူးနော်"
"မဟုတ်ဘူး၊ သူ တကယ် သူ့ရဲ့စွမ်းအင်တွေကို ဆုံးရှုံးသွားတာ။ သူ ဘာနတ်စွမ်းအင်တွေကိုမှ မသုံးခဲ့ဘူးလေ မမြင်ကြဘူးလား။ သူ ဒီအဆင့်ကိုရောက်နေတာ သူ့ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုကြောင့်ပဲ"
"ဒါကြောင့်မို့လို့ သူက အရမ်းကြောက်စရာကောင်းနေတာပေါ့။ ပြည်ထောင်စုရဲ့ နံပါတ်တစ် ကျွမ်းကျင်သူလို့ သတ်မှတ်ခံရဖို့ ထိုက်တန်ပါတယ်လေ။ ကျင့်ကြံမှုတွေ အားလုံး ဆုံးရှုံးသွားရင်တောင် သူ့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက ကြောက်မက်ဖွယ် ကောင်းနေဆဲပဲ"
"ဒါက ပုံမှန်ပါပဲ။ သိုင်းပညာ ကျင့်ကြံမှုဆိုတာ တကယ်တော့ လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်မျိုးပဲ။ ဒီဆင့်ကဲဖြစ်စဉ်က စိတ်ရဲ့ ဆင့်ကဲဖြစ်စဉ်လို့ မဆိုနိုင်ဘူး။ အမှန်တကယ် အစွမ်းထက်တဲ့ နတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက တော်တော်လေး ကြောက်မက်ဖွယ်ကောင်းတယ်။ ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာ မရှိရင် ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး နတ်စွမ်းအင်တွေ ရရှိဖို့ မဖြစ်နိုင်ဘူး"
လူအများအပြားက အချင်းချင်း ဆွေးနွေးနေကြသည်။ ယခင်က ချူးယွင်ဖန်းကို ကြောက်ရွံ့ခဲ့လျှင် ယခုအခါ အလွန်တရာ ထိတ်လန့်နေကြပြီဖြစ်သည်။ သူ၏ ခွန်အားသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေခဲ့သည်။ သူသာ အထွတ်အထိပ် အခြေအနေတွင် ရောက်ရှိနေပါက မထင်မှတ်ထားသည်အထိ အားကောင်းသန်မာနေပေလိမ့်မည်။
ချူးယွင်ဖန်းသည် တစ္ဆေနှံကောင်ကို သတ်ဖြတ်ပြီးနောက် မည့်သည့်စကားမျှ မပြောခဲ့ဘဲ ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို လှောင်ရယ်လိုက်လေသည်။ ဓားသွားများကဲ့သို့သော သူ၏ အေးစက်စက် မျက်လုံးများသည် ၎င်းတို့အားလုံးကို ဖြတ်သန်း ကြည့်ရှုလာသည်။
ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် တိုက်ပွဲမဆင်နွှဲဘဲ ဆုတ်ခွာသွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ မျက်လုံးကို ရင်ဆိုင်ရန်ပင် သတ္တိမရှိကြပေ။ ချူးယွင်ဖန်းက ၎င်းတို့ကို မှတ်မိသွားခြင်း သို့မဟုတ် ၎င်းတို့ကို မကြိုက်နှစ်သက်မှုကြောင့် သတ်ဖြတ်လာမည်ကို စိုးရိမ်နေကြသည်။ ထောင်နှင့်ချီသော လူများသည် ယောက်ယက်ခတ်စွာ ပြန့်ကျဲသွားကြသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ၎င်းတို့အားလုံး ထွက်ပြေးသွားကြသည်။
တိုက်ပွဲကို ကောင်းကင်ယံရှိ ဂြိုလ်တုများမှတစ်ဆင့် စောင့်ကြည့်နေသည့် အင်အားစုကြီးများ၏ ခေါင်းဆောင်များသာ တုန်လှုပ်ချောက်ချားစွာ ငေးငိုင်နေကြသည်။ ချူးယွင်ဖန်း၏တားဆီးမှုတစ်ခုတည်းက ဤအတိုင်းအတာအထိ သန်မာလှပေသည်။
ချူးယွင်ဖန်းသည် တစ္ဆေနှံကောင်ကို အလွယ်တကူ သတ်ဖြတ်ပြီးနောက် အင်အားကြီး နတ်အဆင့် ကျွမ်းကျင်သူ ငါးဆယ်ကျော်ကို သတ်ဖြတ်ခဲ့ဖူးသည့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း လူပေါင်းများစွာက အဆုံးတွင် မှတ်သွားမိကြသည်။ ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံမှု အားလုံးကို ဆုံးရှုံးခဲ့ရသော်လည်း သူ၏ တိုက်ခိုက်ရေးခွန်အားများကိုပင် အမှန်တကယ် ဆုံးရှုံးသွားခြင်းမဟုတ်ကြောင်း၊ သူ၏ တိုက်ခိုက်ရေးခွန်အားများကို အသုံးပြု၍ လူအများထံ ကြေညာလိုက်ခြင်းဖြစ်သည်။
သူ၏ အလွန် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာကျင့်ကြံမှုကို အားကိုးရုံဖြင့်၊ သူ့ကို မှန်းဆ၍ မရနိုင်သည့်အပြင် မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။
ခွေးသည် ကျားတစ်ကောင်ကို အနိုင်ကျင့်နိုင်မည် မဟုတ်ပေ။
"သူ့ကိုသတ်ရမယ်။ သူ သေမှဖြစ်မှာ။ သူဘယ်လောက်ပဲ သန်မာနေပါစေ၊ အခုအချိန်က သူ့ရဲ့ အားအနည်းဆုံးအချိန်ပဲ၊ ကျုပ်တို့တွေ အခုအချိန် သူ့ကို မသတ်ရင်၊ ပြန်ကောင်းလာပြီး ကျုပ်တို့ကို လာသတ်မယ့်အချိန်ကို စောင့်နေမှာလား"
အင်အားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦးသည် ထိုစကားများကို အံကြိတ်၍ ဟစ်အော်လိုက်သည်။ ချူးယွင်ဖန်း၏ အံ့ဩဖွယ် စွမ်းဆောင်မှုသည် သူ၏နှလုံးသားထဲရှိ သတ်ဖြတ်ချင်စိတ်များကို ပို၍ နှိုးဆွပေးစေခဲ့သည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုသည် ပို၍အံ့ဩဖွယ်ကောင်းလေ၊ သူ၏သတ်ဖြတ်ချင်စိတ်များ ပို၍ ခိုင်မာလေဖြစ်သည်။
"ကျုပ်တို့ သူ့ကို ခွန်းလွန်မြို့ကို ပြန်လာခွင့်ပြုလို့ မဖြစ်ဘူး။ သူသေကို သေရမယ်"
"သူ ဒီနေ့ မသေရင် ကျုပ်တို့တွေ ဘယ်တော့မှ ငြိမ်းချမ်းတဲ့နေ့ဆိုပြီး ရှိမှာ မဟုတ်ဘူး။ ကျုပ်တို့က သူ့ရဲ့ ဖိအားအောက်မှာ နောင်နှစ်ပေါင်း တစ်ရာအထိ နေရလိမ့်မယ်"
"ကျုပ်တို့တွေ သူ့ကို မသတ်ရင် သူက အနတ္တနတ်ဆိုးတောင်တန်းအတွက် ကြီးမားတဲ့ ရန်သူ ဖြစ်လာလိမ့်မယ်"
ရုတ်တရက်ဆိုသလိုပင် အင်အားစုခေါင်းဆောင်များသည် ချူးယွင်ဖန်းကို သတ်ဖြတ်ပစ်ရန် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်ကြသည်။ ယခုအချိန်၌ အင်တာနက်ပေါ်တွင် ဤတိုက်ပွဲသတင်းကို စောင့်မျှော်နေသူများစွာ ရှိနေသည်။ အထူးသဖြင့် ချူးယွင်ဖန်းကို ထောက်ခံသူများက အလွန် စိုးရိမ်နေကြသည်။ တစ္ဆေနှံကောင်သည် နာမည်ကျော်ကြားသူဖြစ်၍ ချူးယွင်ဖန်းသည် သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိမနေခဲ့ပေ။ ဤသည်မှာ ၎င်းတို့ အစိုးရိမ်ဆုံးအရာဖြစ်ပေသည်။
သို့သော် ဤစိုးရိမ်မှုများ အားလုံးကို ဓာတ်ပုံတစ်ပုံက ဖယ်ရှားပစ်လိုက်သည်။ တစ္ဆေနှံကောင်၏အလောင်းကို ရိုက်ကူးထားသည့် ဓာတ်ပုံသည် အင်တာနက်တစ်ခုလုံးကို ပေါက်ကွဲသွားစေသည်။ တစ္ဆေနှံကောင်သည် ချူးယွင်ဖန်း၏လက်ထဲတွင် ဤမျှ လွယ်ကူစွာ သေဆုံးလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ အင်တာနက်တစ်ခုလုံးတွင် ချူးယွင်ဖန်း၏ ကိုယ်တိုင် ရိုက်ကူးထားသော ဓာတ်ပုံတစ်ခုတည်းသာရှိနေ၍ ဓာတ်ပုံတွင် သူ၏ခြေရင်း၌ အမျိုးသားတစ်ဦး၏ အလောင်းတစ်ခု ရှိနေသည်။
"အဲဒီလူက တကယ်ပဲ တစ္ဆေနှံကောင်လား"
"တကယ် သူပဲ။ တိုက်ပွဲက မြန်မြန်ဆန်ဆန်ပဲ ဆုံးဖြတ်ပြီးသား ဖြစ်သွားတာပဲ၊ ဒါဆို အနိုင်ရခဲ့တာ တစ္ဆေနှံကောင် မဟုတ်ဘူးပေါ့"
"ဝါး၊ ချူးယွင်ဖန်းကို ကြည့်ဦး၊ သူ့ ပုံစံကို ကြည့်ရတာ ကြီးကျယ်တဲ့ တိုက်ပွဲမျိုး မကြုံတွေ့ခဲ့သလိုပဲ၊ ဒီကြီးကျယ်တဲ့ တိုက်ပွဲက တစ်ဖက်သတ် ဖြိုခွင်းတိုက်ခိုက်မှုမျိုးလို့ ဆိုလိုတာပဲ"
ထိုဓာတ်ပုံကို တင်ပြီးမကြာခင်မီတွင် ချူးယွင်ဖန်းက နောက်ထပ် စာစုတစ်ခု ရေးသားလိုက်ပြန်သည်။
"ဒါပဲလား ကျုပ် တော်တော်လေး စိတ်ပျက်မိတယ်။ ကျုပ်ကိုသတ်ချင်ရင် ကျုပ်ဆီလာခဲ့စမ်းပါ"
ချူးယွင်ဖန်း၏ စကားများသည် ဖုံးကွယ်ထားသော အဓိပ္ပါယ်များရှိနေသော်လည်း မည်သူကမျှ မအံ့ဩပေ။ အဆုံးတွင် ထရီလီလျံတစ်ရာကျော် ဆုကြေးငွေသည် ၎င်းတို့၏ အရှေ့တွင် ရှိနေခဲ့ရာ၊ ဤသည်မှာ အင်အားတစ်ခု သို့မဟုတ် နှစ်ခုမှ တတ်နိုင်သည့်ငွေပမာဏ မဟုတ်ပေ။ ၎င်း၏နောက်ကွယ်တွင် ချူးယွင်ဖန်းကို ပစ်မှတ်ထားနေသည့် မမြင်နိုင်သော ကြိုးကိုင်သူတစ်ဦး ရှိနေပေလိမ့်မည်။
ဤကြိုးကိုင်သူသည် ချူးယွင်ဖန်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကမ္ဘာ့အင်အားစု တစ်ခုလုံးကို စုစည်း၍ ယွမ်ငွေ ထရီလီလျံပမာဏကို အသုံးပြုရန် ကြံစည်နေခဲ့သည်။ ထို့ကြောင့် ချူးယွင်ဖန်းက ဤကဲ့သို့ ပြောရခြင်းသည် သာမန်သာဖြစ်သည်။ ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတို့သည် လုံခြုံသောနေရာသို့ ထွက်ပြေးလွတ်မြောက်နိုင်ပြီဟု ခံစားရသဖြင့် နောက်ဆုံးတွင် တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။
သို့သော် ၎င်းတို့ကြားသိရသည်မှာ ကြီးကျယ်ခမ်းနားသော တိုက်ပွဲမျိုး မဟုတ်ခဲ့ပေ။ ချူးယွင်ဖန်းသည် အသန်မာဆုံးသော ကြေးစားတစ်ဦးအဖြစ် လူသိများသော တစ္ဆေနှံကောင်ကို အလွယ်တကူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ပြင်းထန်သော တိုက်ပွဲစွမ်းအင်ကို လူတိုင်း သိသွားကြသောအခါ သူ၏ ထောက်ခံသူများကို ဂုဏ်ယူစေခဲ့သည်။ နဂါးစင်စစ်သည် နဂါးစင်စစ်တစ်ကောင်သာဖြစ်သည်။ သူ၏ စွမ်းအင်များအားလုံး ခေတ္တဆုံးရှုံးခဲ့ရလျှင်ပင် သူသည် သာမန်လူများ နှိုင်းယှဉ်နိုင်သူ မဟုတ်သေးပေ။
တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းအပေါ် ရန်ငြိုးရှိနေသူများသည် ကောင်းကင်ဘုံ မျက်လုံးကန်းနေသည်ဟု ခံစားလိုက်ရသည်။ သူသည် ဤအချိန်၌ပင် ဤကဲ့သို့ တိုက်ခိုက်ရေး အင်အားမျိုးဖြင့် မည်သို့ကြောင့် တိုက်ခိုက်နိုင်ခြင်းဖြစ်သနည်း။ ဤဖြစ်စဉ်သည် ယုတ္တိမတန်လှပေ။ ချူးယွင်ဖန်းသည် တစ္ဆေနှံကောင်ကိုသတ်ဖြတ်ပြီး သိပ်မကြာမီတွင် အခြေအနေအားလုံး ပြောင်းလဲသွားပြန်သည်။
တစ္ဆေနှံကောင် သေဆုံးပြီးနောက် အကောက်ကြံနေသူများကို ကြောက်လန့်သွားစေလိမ့်မည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင်၊ ၎င်းတို့အားလုံးသည် တစ်ထရီလျံဆုကြေးငွေ၏ ထိတ်လန့်ဖွယ် ဆွဲဆောင်မှုကို လျှော့တွက်ခဲ့မိသည်။
အင်တာနက်၌ သတင်းတစ်ပုဒ် စတင် ပျံ့နှံ့လာသည်။ လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးသည် မြို့စွန်နယ်မြေများရှိ ချိုင့်ဝှမ်းတစ်ခုတွင် ပေါ်ပေါက်လာ၍ “ချူးသတ်ဖြတ်ခြင်း စုရုံးပွဲ” ဟုခေါ်ဆိုသည့် ပွဲတစ်ခုကို စီစဉ်ခဲ့သည်။ သူသည် လတ်တလောတွင် ချူးယွင်ဖန်းကို သတ်ဖြတ်လိုသူအားလုံးကို ဖိတ်စာများ ပို့ဆောင်နေခဲ့သည်။
ဆုကြေးငွေသည် လူအများကြားတွင် ပိုင်းခြားနိုင်မည်ဖြစ်သည်။ ဤသတင်းထွက်လာသည်နှင့် တစိပြိုင်နက် အင်တာနက်ပေါ်တွင် အလင်း၏ အမြန်နှုန်းဖြင့် အကျော်ကြားဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ ပို၍ များပြားသောလူများသည် ချူးယွင်ဖန်းထံ အာရုံစိုက်လာခဲ့သည်။ အဆုံးတွင် ၎င်း၏ ခေါင်းစဉ်တစ်ခုတည်းကပင် ချူးယွင်ဖန်းအတွက်ဖြစ်ကြောင်း လူတိုင်း သိထားကြလေသည်။
အခန်း (၉၇၁) ချူးသတ်ဖြတ်ခြင်း စုရုံးပွဲ၊ ကျုပ် လာပြီ
အင်တာနက်တစ်ခုလုံး ဗလောင်ဆူသွားလေသည်။ "ချူးသတ်ဖြတ်ခြင်း စုရုံးပွဲ" ဟူသည့် စကားလုံးကို ကြားလိုက်ရရုံဖြင့် ဤအဖြစ်အပျက်၏ နောက်ကွယ်ရှိ ကြိုးကိုင်သူ၏ ရည်ရွယ်ချက်ကို လူတိုင်း သိကြသည်။ လူအများ၏ အမြင်အရ နှစ်ဦးနှစ်ဖက်စလုံးသည် မီးနှင့် ရေကဲ့သို့ ဖြစ်နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။
ယွမ်တစ်ထရီလျံကျော်ရှိသော ဆုကြေးငွေသည် ပြည်ထောင်စုတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်စေရန် လုံလောက်ပေသည်။ ထိုလူများသည် ဤဆုကြေးငွေ၏ လှုံ့ဆော်မှုအောက်တွင် ခွန်းလွန်မြို့ရှိ အထူးစစ်ဆင်ရေးဌာနဌာနချုပ်သို့ ဝင်ရောက်ကာ ဖမ်းဆီးကြမည်ဟုပင် လူအများက သံသယဝင်မိကြသည်။ ထို့အပြင် ချူးယွင်ဖန်းသည် ယခုအချိန်တွင် အပြင်ဘက်တွင် ရှိနေဆဲဖြစ်သည်။ သူသည် အလျင်မလိုသည့်ဟန်ဖြင့် ပြန်လာရန် မပြုလုပ်ခဲ့ပေ။
သို့သော် ချူးယွင်ဖန်းသည် မည်သည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့်မျှ ခရီးသွားရန် မရနိုင်ကြောင်း လူအချို့က အခိုင်အမာဆိုခဲ့ကြသည်။ ချူးမိသားစုနှင့် တန်မိသားစုတို့သာ အရှေ့ထွက်၍ သတိမပေးခဲ့ပါက သယ်ယူပို့ဆောင်ရေးယာဉ်ကို နျူကလီးယားဗုံး အသုံးပြု၍ တိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ရှောင်လွှဲ၍ရမည် မဟုတ်ပေ။
ကောင်းကင်ယံတွင် ဂြိုလ်တုများစွာ ရှိနေသည့်အပြင် ယခု ချူးယွင်ဖန်းသည် သူ၏စွမ်းအင်များကို ဆုံးရှုံးသွားပြီဖြစ်သောကြောင့် လွတ်မြောက်ချင်လျှင်ပင် လွယ်ကူမည် မဟုတ်ပေ။ သို့သော် ဤလူများသည် သူ့ကိုသတ်ရန်အတွက် ပွင့်လင်းမြင်သာစွာ ရောက်လာခဲ့ကြသည်။ ဤသည်မှာ ပြည်ထောင်စုကို ရန်စခြင်းသာ ဖြစ်ပေသည်။
အထူးသဖြင့် ချူးယွင်ဖန်းသည် အထူးစစ်ဆင်ရေး၏ ခေါင်းဆောင်ဖြစ်သည်။ သူ့ကို တိတ်တဆိတ် လိုက်လံဖမ်းဆီးကြလျှင် မပြောလိုသော်လည်း ယခုအခါ ချူးယွင်ဖန်းကို သတ်ဖြတ်ရန်အတွက် ပေါ်လွင်စွာ စီစဉ်နေသည့် ပွဲတစ်ခုပင် ပြုလုပ်နေသောကြောင့် ဤဖြစ်စဉ်သည် ပြည်ထောင်စု၏ အင်အားကြီးပုဂ္ဂိုလ်ကြီးများကို ဒေါသထွက်စေခဲ့သည်။ မည်မျှပင် ရိုးသားသည်ဖြစ်စေ ကောက်ကျစ်သည်ဖြစ်စေကာမူ ဤကိစ္စနှင့်ပတ်သက်၍ မည်သူမျှ ပြည်ထောင်စုကို ဆန့်ကျင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ မျိုးနွယ်များ ဆုံးရှုံးရခြင်းအတွက် အနည်းငယ် ဝမ်းနည်းရစေသည်။
ထိုလူများသည် ချမ်းသာကြွယ်ဝသောကြောင့် ၎င်းတို့ အလိုရှိသမျှ ပြုလုပ်နိုင်ကြသည်ဟု ထင်မှတ်နေကြသည်။ ပြည်ထောင်စု၏ အဆင့်မြင့်အရာရှိတစ်ဦးကိုပင် ဆုကြေးငွေ ပေးအပ်ဝံ့ကြသည်။ ဤသည်မှာ ၎င်းတို့၏ မျက်နှာကို ရိုက်နှက်ခြင်း မဟုတ်လေသလော။
ဤရုတ်တရက်ဖြစ်ပေါ်လာသော လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သည့် မည်သူမဆို ပြည်ထောင်စု၏ ရန်သူဟု တံဆိပ်ကပ်ခံရမည်ဖြစ်ကြောင်း အစိုးရက အမြန်သတိပေးလိုက်သည်။ ထိုအစည်းအဝေးသို့ တက်ရောက်လာသည့် အင်အားစုများသည် ပြည်ထောင်စု၏ အမျက်ဒေါသကို ခံနိုင်ရည်ရှိမရှိ စဉ်းစားကြရန် လိုအပ်ပေသည်။
သို့သော် ယင်းသို့သတိပေးသည့်တိုင် စုရုံးမှုကို မရပ်တန့်နိုင်ခဲ့ပေ။ အထူးသဖြင့် ဆုကြေးငွေ၏ဝေစုကို ရယူလိုသူအများအပြားသည် ဤကဲ့သို့ ခမ်းနားသော အချိန်အခါကို မြင်တွေ့ရန်မျှော်လင့်ချက်ဖြင့် ကျွမ်းကျင်သူများ ပိုမို များပြားလာ၍ အစည်းအဝေး စုစည်းရာနေရာသို့ ဦးတည်သွားကြလေသည်။ ချူးသတ်ဖြတ်ခြင်း စုရုံးပွဲ၏ ရည်ရွယ်ချက်အရ၊ တစ်ထရီလျံမျှ မရရှိနိုင်ဘဲ အနည်းငယ်သာရခဲ့လျှင်ပင် ကြီးမားသော အကျိုးအမြတ်များကို ရရှိကြမည်ဖြစ်သည်။
ချူးသတ်ဖြတ်ခြင်း စုရုံးပွဲ ကျင်းပသည့် ချိုင့်ဝှမ်းသို့ ကျွမ်းကျင်သူများ အသီးသီး ရောက်ရှိလာကြသည်။ ချီတက်ပွဲကို မကြုံစဖူး အရှိန်အဟုန်ဖြင့် ကျင်းပခဲ့၍ လူတိုင်းသည် တစ်ထရီလီယံဆုကြေးငွေကြောင့် နေ့ရောညပါ အပြေးနှင်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူမှုကြောင့် လူထုစည်းဝေးပွဲ၏ ဖိတ်ကြားချက်များကို နေ့ချင်းညချင်း ပေးပို့ခဲ့ကြရာ၊ လူအများစုသည် ချိုင့်ဝှမ်းတွင် စုရုံးနေပြီဖြစ်သည်။
မူလက အလွန်ကြီးမားသော ချိုင့်ဝှမ်းကြီးသည် လူများစွာဖြင့် ပြည့်ကျပ်နေခဲ့သည်။ ကနဦး ဤနေရာကို သိမ်းပိုက်ထားခဲ့သည့် မွန်းစတားများသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူပေါင်း တစ်သောင်းကျော်၏ လာရောက် ခြိမ်းခြောက်မှုကြောင့် အဝေးသို့ ထွက်ပြေးသွားကြသည်။ အချိန်မီ မလွတ်မြောက်နိုင်သည့် မွန်းစတားများ အားလုံး သေဆုံးသွားကြသည်။
မွေးဖွားခြင်းနယ်မြေအဆင့် ထောင်ပေါင်းများစွာသည် ချိုင့်ဝှမ်း၏ အတွင်းနှင့် အပြင်ဘက်တွင် စုရုံးခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ဆုကြေးငွေ အနည်းငယ် ရယူခြင်းဖြင့် ဤအနှိုင်းမဲ့ ဖြစ်ရပ်တွင် ပါဝင်ချင်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် သာမန်လူများ မဟုတ်ကြပေ။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ နံပါတ်တစ် ကျွမ်းကျင်သူကို ဝိုင်းရံတိုက်ခိုက်မှုတွင် ပါဝင်ခွင့် မရခဲ့ကြပေ။
သို့သော် ဤလူများသည် ပင်မနယ်မြေအနီးသို့ မချဉ်းကပ်ဝံ့ကြပေ။ ယနေ့တွင် နတ်အဆင့်ကျွမ်းကျင်သူများ တက်ရောက်လာမည်ဖြစ်ကြောင်း လူတိုင်းသိကြ၍ တစ်ဦးထက်မကပင် ရောက်ရှိလာပေလိမ့်မည်။ အဆုံးတွင် တစ္ဆေနှံကောင်၏ သေဆုံးမှုဖြင့် ချူးယွင်ဖန်းကို သတ်ဖြတ်ခြင်းက ထိုမျှလွယ်ကူမည် မဟုတ်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိသွားစေသည်။ အနည်းငယ် အားနည်းသည့် နတ်အဆင့်ကျွမ်းကျင်သူသူများလျှင်ပင် ချူးယွင်ဖန်းနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ သူ၏ကန့်သတ်ချက်ကို မည်သူမျှ မသိကြပေ။
"ချူးယွင်ဖန်းက ဒီတစ်ခေါက် မလွတ်မြောက်နိုင်တော့မှာကို စိုးရိမ်မိသား။ ဒီလို ပုဂ္ဂိုလ်မျိုးက အသက်တိုတဲ့အတွက် တကယ် နှမြောစရာပဲ"
"တောထဲက အမြင့်ဆုံးသစ်ပင်က လေတိုက်ခံရပြီး ပျက်စီးမှာပဲ။ ဒီသဘောတရားက ဘာပဲဖြစ်ဖြစ် အတူတူပဲ။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အရမ်း ကျော်ကြားနေတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမယ်"
"မှန်တယ်။ သူက အရမ်း ကျော်ကြားနေခဲ့ကိုး၊ ဒါကြောင့် ဒီနေ့မှာ ဒုက္ခရောက်ရတာ"
"ဒီနေ့ ဒီနေရာမှာ ကျွမ်းကျင်သူတွေ အများကြီးရှိနေတော့ ချူးယွင်ဖန်းဆိုရင်တောင် လွတ်မြောက်ဖို့ အခွင့်အရေးမရှိလောက်ဘူး"
ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများအနက် အများစုသည် ချူးယွင်ဖန်းကို သနားနေကြသည်။ သို့သော် ၎င်းတို့၏မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် ယနေ့တွင် ကျိန်းသေ သေဆုံးပေလိမ့်မည်။ လူများစွာသည် ချိုင့်ဝှမ်းထဲသို့ လှမ်းကြည့်လိုက်ရာ နေ့ချင်းညချင်း တည်ဆောက်ထားသည့် ပလက်ဖောင်းပေါ်တွင် အားကောင်းသန်မာသည့် ပုံရိပ်များစွာ ရပ်တည်နေကြောင်း မြင်တွေ့လိုက်ရသည်။ ၎င်းတို့တစ်ဦးချင်းစီတွင် မနှိုင်းယှဉ်နိုင်သည့် အရောင်အဝါများ ရှိနေကြသည်။
ဤသည်မှာ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများပင် ပါဝင်ရန် အရည်အချင်း မပြည့်မီသော နယ်ပယ်တစ်ခုဖြစ်သည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်နှင့် နတ်အဆင့်ကြားတွင် ပါးလွှာသောမျဉ်းတစ်ခုသာရှိသော်လည်း ၎င်းသည် ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားထားသည့် မျဉ်းကြောင်းဖြစ်သည်။
ပလ္လင်ပေါ်တွင် ထိုင်နေသည့် နတ်အဆင့် ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်ရှိနေ၍ တစ်ဦးတစ်ယောက်စီသည် ထောင့်တစ်နေရာကို နေရာယူထားကြသည်။ ၎င်းတို့သည် သက်ဆိုင်ရာ နယ်မြေအလိုက် အုပ်ချုပ်သူများဖြစ်ကြသည်။ ထိုနတ်အဆင့် ကျွမ်းကျင်သူများအနက် အခြားလူများထက် သာလွန်သော ပုဂ္ဂိုလ်များလည်း ပါရှိနေသည်။
သာမာန်နတ်အဆင့်များနှင့် နှိုင်းယှဉ်ပါက ထိုလူငါးဦး၏ ကျင့်ကြံမှုများသည် ဆဌမမြောက် နတ်အဆင့်သို့ ရောက်ရှိနေကြ၍ အခြားလူများထက် အဆင့်တစ်ဆင့်မျှ သာလွန်ပေသည်။ ထိုပုဂ္ဂိုလ်ငါးဦးသည် တစ်နေရာတစ်ခုတွင် ထိုင်နေကြ၍ တစ်ဦးသည် အသက်သုံးဆယ် လေးဆယ်မျှ ရှိပုံပေါ်သည်။ သူ၏ခန္ဓာကိုယ်သည် သန်မာ၍ အင်မတန် ဩဇာကြီးမားလှရာ၊ သိမ်းပိုက်စိုးမိုးသူတစ်ဦး၏ အရောင်အဝါမျိုး ပေးစွမ်းနေလေ၏။ သူသည် ချိုင့်ဝှမ်းရှိ သောင်းချီသော လူအများကြားတွင် အာရုံစိုက်မှု အရရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်။ လူအများအပြားက ပဟေဠိဖြစ်နေကြသည်။
"အဲ့ဒါက ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်လား၊ ကျွတ်၊ ကျွတ်။ တခြားသူတွေကို မေ့ထားလိုက်ဦး၊ ဒါပေမယ့် ဒီချူးသတ်ဖြတ်ခြင်း စုရုံးပွဲရဲ့ စီစဉ်သူက ဘယ်ကမှန်းမသိ ရောက်လာတဲ့ ဟိုဆဌမမြောက် နတ်ကျွန်ဆိုလား ဘာဆိုလားပဲ။ ပြည်ထောင်စုက သူ့ကို ဖြေရှင်းချင်တယ်ဆိုရင်တောင် ဘာမှ လုပ်လို့ ရမှာမဟုတ်ဘူး။ ကျန်တဲ့လူတွေက အဏ္ဏဝါမျိုးနွယ်စုတွေ ဒါမှမဟုတ် အနတ္တနတ်ဆိုးတောင်တန်းရဲ့ မြင့်မြတ်တဲ့ နဂါးပျံတိုင်းပြည်က ကျွမ်းကျင်သူတွေပဲ။ လူသားမျိုးနွယ်ဆိုလို့ သူတစ်ယောက်တည်းပါတာ။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက ပြည်ထောင်စုရဲ့ ပိုင်ရှင်ဖြစ်လာမယ့် အစီအစဉ်တွေကို စွန့်လွှတ်လိုက်ပြီလားပဲ" တစ်စုံတစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။
အစည်းအဝေးနေရာ၌ လူဦးရေ သောင်းကျော်ရှိနေခဲ့သည်။ ကြီးမားသည့် ချိုင့်ဝှမ်းကြီးသည် ပြည့်လျှံသည်အထိ ပြည့်ကျပ်သွား၍ လူအများအပြားသည် ချောက်ကမ်းပါး၌ပင် ရှိနေသည်။ မျိုးနွယ်စုပေါင်းစုံ၏ ကျွမ်းကျင်သူများစွာ ရှိနေကြ၍ ၎င်းတို့အနက် အုပ်စုကို ဦးဆောင်နေသည့် နတ်အဆင့် ကျွမ်းကျင်သူများ၏ အထောက်အထားများကို အခြားသူများထံမှ မဖုံးကွယ်နိုင်ပေ။
ဆဌမမြောက် နတ်အဆင့် ကျွမ်းကျင်သူငါးဦးအနက် နှစ်ဦးသည်သာ လူသားမျိုးနွယ်ဖြစ်ကြသည်။ ဤသတ်ဖြတ်မှု၏ ချုပ်ကိုင်သူသည် နက်ရှိုင်းသည့် ခွန်အားမျိုး ပိုင်ဆိုင်ထားကာ ဆဋ္ဌမမြောက် နတ်ကျွန်ဟု လူသိများသည့် ချောမောပြေပြစ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။
ထို့အပြင် ၎င်းတို့အနက် တစ်ဦးသည် အနတ္တနတ်ဆိုးတောင်တန်း၏ မြင့်မြတ်သော နဂါးပျံတိုင်းပြည်ရှိ ကျွမ်းကျင်သူဖြစ်၍ နောက်တစ်ဦးသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်မှဖြစ်ကာ နောက်ဆုံး တစ်ဦးသည် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်၏ ကျွမ်းကျင်သူဖြစ်သည်။ မြင့်မြတ်သော နဂါးပျံတိုင်းပြည်၊ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်နှင့် ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု အားလုံးသည် ချူးယွင်ဖန်းကို အပြင်းအထန် မုန်းတီးနေကြသည်။ ထို့အပြင် ချူးယွင်ဖန်းသည် ၎င်းတို့၏ မျိုးနွယ်စုမှ မဟုတ်သောကြောင့် ဤနေရာသို့ ရောက်လာခြင်းက ပုံမှန်သာဖြစ်သည်။
သို့သော်လည်း ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းသည် ပန်းပွင့် လှုပ်ခတ်မှုကို ကိုယ်စားပြုသည်။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းသည် နတ်ကုန်းမြေရှိ အခြားဂိုဏ်းများစွာကဲ့သို့ပင် ထိုကာလတစ်လျှောက်လုံး ပြည်ထောင်စု၏ ပိုင်ရှင်ဖြစ်လာရန် ကြိုးပမ်းခဲ့ကြသည်။ ယခုအခါ ၎င်းတို့သည် ချူးသတ်ဖြတ်ခြင်း စုရုံးပွဲတွင် ပေါ်ပေါက်လာသောကြောင့် ပြည်ထောင်စုမှ ဖြတ်တောက်ခံရမည်မှာ သေချာသည်။
၎င်းတို့က အမှန်တကယ် ဂရုမစိုက်တော့ခြင်း ဖြစ်သလော သို့မဟုတ် တစ်စုံတစ်ယောက်က ၎င်းတို့နှင့် အပေးအယူ ပြုလုပ်ထားခြင်းဖြစ်သလော။ လူအများအပြားက ထိုသို့ တွေးနေကြသည်၊ သို့သော်လည်း ထိုအမျိုးသား၏ မျက်နှာအမူအရာအနက် မည်သည်ကိုမျှ မမြင်နိုင်ကြပေ။ လူစုလူဝေးကြီး စုစည်းနေကြချိန်တွင် ချိုင့်ဝှမ်းအပြင်ဘက်သို့ လူတစ်ဦးရောက်ရှိလာသည်။ နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ချိုင့်ဝှမ်း၏ အပြင်ဘက်ရှိ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
"အဲ့ဒါ ချူးယွင်ဖန်းပဲ၊ သူ ဒီကို ရောက်လာတာ"
အခန်း (၇၀၂) နတ်အဆင့်များကို ဖရဲသီးများ ဟင်းသီးဟင်းရွက်များကဲ့ကို ခုတ်ဖြတ်ခြင်း
"ပရိတ်သတ်တွေက များလှချည်လား"
ချူးယွင်ဖန်းသည် ချိုင့်ဝှမ်းကို အဝေးမှ လှမ်းကြည့်လိုက်သည်။ ဤချိုင့်ဝှမ်းသည် အမှန်တကယ် ကြီးမားသော်လည်း ဤနေရာ၌ ကျွမ်းကျင်သူများ အလွန်များပြား၍ အနားယူရန် အသုံးပြုနိုင်သည့် နေရာများအားလုံး ပြည့်ကျပ်နေသည်။ ကံကောင်းထောက်မစွာဖြင့် ဤလူများသည် တောင်တန်းများကို မြေပြန့်များကဲ့သို့ ဖြတ်သန်း လျှောက်လှမ်းနိုင်ကြသည်။ မဟုတ်လျှင် ဤနေရာ၌ လူအများအပြားရှိနေမည် မဟုတ်ပေ။
မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများစွာဖြင့်ပင် ကြီးမားသော တိုက်ပွဲတစ်ခု ဆင်နွှဲရန် လုံလောက်ပေသည်။ သို့သော် ချူးယွင်ဖန်းသည် ထိုသို့ စုစည်းမှုမျိုးဖြင့် ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မပြသခဲ့ပေ။ သူသည် ဖြတ်သန်း ကြည့်ရှုလိုက်ရုံဖြင့် လူသားမျိုးနွယ်စု၊ အဏ္ဏဝါမျိုးနွယ်စုများနှင့် နတ်ဆိုးများ ထောင်ပေါင်းများစွာကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် မတူညီသော မျိုးနွယ်စုများအလိုက် အုပ်စုအသီးသီး ခွဲခြားထားကြသည်။
"ဘာလဲဟ၊ ချူးယွင်ဖန်းလား။ သူ တကယ် လာရဲတယ်လား။ ဘယ်လောက်တောင် သတ္တိရှိလိုက်လဲလို့"
ချူးယွင်ဖန်း ပေါ်ပေါက်လာမှုသည် လူတိုင်းကို ချက်ချင်းပင် ယောက်ယက်ခတ်သွားစေသည်။ ထိုသတင်းသည် အချိန်တိုအတွင်း ချိုင့်ဝှမ်းတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။ ကျွမ်းကျင်သူများစွာသည် သူ့ကို မြင်တွေ့ရန်အတွက် ချိုင့်ဝှမ်းအဝင်ဝသို့ ဝိုင်းအုံလာကြသည်။
"သူတကယ် လာရဲတာပဲ"
"ထင်ထားတဲ့အတိုင်း၊ တကယ် သူဖြစ်နေတာပဲ"
"သူ သတ္တိရှိလွန်းတာလား ဒါမှမဟုတ် ရူးသွားတာလား"
ချူးယွင်ဖန်း၏ အတွေးများကို မည်သူမျှ နားမလည်နိုင်ကြပေ။ ၎င်းတို့သည် သူ့ကို မည်သို့သတ်ဖြတ်ရမည်နှင့် ပတ်သက်၍ ဆွေးနွေးနေကြခြင်းဖြစ်သော်လည်း သူသည် ပုန်းအောင်းရန် ရည်ရွယ်ချက် အနည်းငယ်မျှပင် မရှိခဲ့ပေ။ သူသည် ကျားဂူ၌ ကျားရှိမှန်းသိသော်လည်း ကျားဂူသို့ သွားရောက်ရန် ရွေးချယ်ခဲ့သည်။ လူတိုင်းက အံ့အားသင့်နေကြသည်။ သူ၏ခန္ဓာကိုယ်၌ တစ်စုံတစ်ခု မှားယွင်းနေခြင်း မဟုတ်လေသလော။ သူသည် မည်သို့ကြောင့် ဤနေရာသို့ လာဝံ့ခြင်းဖြစ်သနည်း။ ချူးယွင်ဖန်းသည် ဤနေရာသို့ သေဆုံးရန် ရောက်လာခြင်းဖြစ်လေသလော။
"ခင်ဗျားတို့တွေ ကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား။ အခု ကျုပ်ရောက်လာပြီ၊ ကျုပ်ကို ဘယ်သူသတ်နိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်" ချူးယွင်ဖန်းသည် တိကျပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။ သူ၏အသံသည် ကျယ်လောင်လွန်းသဖြင့် ချိုင့်ဝှမ်းရှိ ထောင်ချီသော လူများစွာ၏ နားထဲသို့ ပျံ့နှံ့သွားခဲ့သည်။
ဤလူများအားလုံးသည် ချူးယွင်ဖန်း၏ သတ်ဖြတ်မှုတွင် ပါဝင်ရန်အတွက် ဤနေရာသို့ ရောက်နေကြသော်လည်း မည်သူမျှ သူ့ကို မကြည့်ဝံ့ကြပေ။ လူတစ်ဦးတစ်ယောက်တည်းက ထောင်နှင့်ချီသော အင်အားစုများကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ထိုအခိုက်အတန့်တွင် ချိုင့်ဝှမ်းမှ လူတချို့ ပျံသန်းလာ၍ နတ်အဆင့်၏ ပြင်းထန်သော ဖိအားများဖြင့် ချူးယွင်ဖန်းဆီ ရောက်ရှိလာကြသည်။
"ချူးယွင်ဖန်း၊ မင်းကများ ဒီနေရာမှာ ပေါ်လာရဲရတယ်လို့" ထိုပုဂ္ဂိုလ်များထဲမှ တစ်ဦးက ချူးယွင်ဖန်းကို လက်ညှိုးထိုးလိုက်သည်။
"ခင်ဗျားတို့ပဲ ကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား ခင်ဗျားတို့ တံခါးဝဆီ ကျုပ်ကိုယ်တိုင် လာအပ်တာလေ။ ဒါပေမယ့် ခင်ဗျားတို့လို အမှိုက်သရိုက်တွေ ကျုပ်ကို မသတ်နိုင်မှာကို စိုးရိမ်မိသား" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။
"သတ္တိက တယ်လည်း ကြီးသကိုး" နတ်အဆင့် ကျွမ်းကျင်သူ၏ မျက်နှာသည် ဒေါသဖြင့် ပြည့်နှက်လာ၏။ သူသည် ချက်ချင်းဆိုသလိုပင် ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေသည့် ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ငှက်၏အတောင်ပံသည် မီတာတစ်ရာကျော်ရှည်လျား၍ ကောင်းကင်နှင့် နေမင်းကို ဖုံးအုပ်သွားခဲ့ရာ၊ အလွန် ပြင်းထန်လှသည်။
သူ၏ အနီးနားရှိ ပုံရိပ်များသည်လည်း ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့အားလုံးသည် နတ်အဆင့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချူးယွင်ဖန်းကို လျှော့မတွက်ဝံ့ကြပေ။ အဆုံးတွင်၊ သူသည် တစ္ဆေနှံကောင်ကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ ကျန်ရှိသူများသည်လည်း ၎င်းတို့၏ မူလပုံသဏ္ဌာန်များကို ပြန်လည်း ပြောင်းလဲလိုက်ကြသည်။ ၎င်းတို့အနက် တစ်ဦးသည် သင်းခွေချပ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ရာ၊ ထိုသင်းခွေချပ်ကြီး၏ အရောင်အဝါသည် ပြင်းထန်လွန်းလှသည်။ ၎င်းသည် အဝေးမှကြည့်လျှင် တောင်ငယ်တစ်စင်းနှင့် ဆင်တူ၍ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
အခြား တစ်ယောက်သည် ပင်လယ်မြွေကြီးတစ်ကောင်းအဖြစ် ပြောင်းလဲသွားလေသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် အပြာရောင်သန်းနေ၍ မီတာတစ်ရာကျော် ရှည်လျားလှသည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်း၍ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုသည် ပြင်းထန်ပေသည်။ အနီးနားရှိ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် အရူးအမူး ဆုတ်ခွာသွားကြသည်။
'ဟာသပဲ'
ဤသည်မှာ နတ်အဆင့် ကျွမ်းကျင်သူများကြားရှိ တိုက်ပွဲဖြစ်ကြသောကြောင့် ၎င်းတို့က မည်သို့မျှ ဤနေရာတွင် နေနိုင်မည်နည်း။ ချက်ချင်းဆိုသလိုပင် သားရဲငှက်ကြီးသည် ဦးစွာ လှုပ်ရှားလိုက်သည်။ အနက်ရောက် တိမ်တိုက်ကြီးကဲ့သို့သော ၎င်း၏ ကိုယ်ထည်သည် ချူးယွင်ဖန်းဆီ ထိုးဆင်းလာခဲ့သည်။
ဘုံး
လူတိုင်းသည် ကျယ်လောင်သော ဆူညံသံများကိုသာ ကြားလိုက်ရ၍ ချူးယွင်ဖန်းသည် မြေပြင်ကို ခြေထောက်ဖြင့် ရုတ်တရက် စောင့်နင်းလိုက်ကြောင်း တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်မှ မြင့်တက်လာ၍ အမြောက်ကျည်တစ်လုံးကဲ့သို့ သားရဲငှက်ကြီးဆီ ခုန်အုပ်လိုက်သည်။
ဘန်း
ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရလေသည်။ ချူးယွင်ဖန်းသည် အမြောက်ကျည်တစ်ခုကဲ့သို့ သားရဲငှက်ကြီးကို ထိပ်တိုက်ဝင်တိုက်လိုက်ရာ၊ တိုက်ခတ်မှုကြောင့် နေရာအနှံ့သို့ မီးပွားများ လွင့်စဉ်သွားခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်သော ငှက်ကြီးသည် လေထုအလယ်တွင် အမှန်တကယ် ဆုတ်ခွာခဲ့ရသည်။ ၎င်းသည် တောင်ငယ်တစ်စင်းနှင့် ဝင်တိုက်မိသွားသောကြောင့် မူးဝေသွားလေသည်။ ပုံမှန်အားဖြင့် တောင်ငယ်ငယ်တစ်ခုနှင့် တိုက်ရိုက် ဝင်တိုက်မိသွားလျှင် တောင်ငယ်လေးသာ ကွဲအက်သွားမည်ဖြစ်၍ ၎င်း၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။ ယခုမူ ချူးယွင်ဖန်းသည် သူ့ကို အမှန်တကယ် ငေးငိုင်သွားသည်အထိ ရိုက်ခတ်ခဲ့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သားရဲငှက်ကြီးက အလွန် တုန်လှုပ်သွားသည်။ သို့သော် ချူးယွင်ဖန်းက ပို၍ပင် မြန်ဆန်လာခဲ့သည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ငှက်ပြီး၏အတောင်ပံကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဆုတ်ဖြဲပစ်လိုက်သည်။ သွေးများနှင့် အရိုးအပိုင်းအစများသည် နေရာအနှံ့တွင် ပျံ့လွင့်သွားခဲ့သည်။ ငှက်ကြီးသည် အောက်သို့ပင် ထိုးစိုက်ကျလုနီးပါးဖြစ်ခဲ့သော်လည်း ချူးယွင်ဖန်းသည် တန်ပြန်အင်အားကို အသုံးပြု၍ ငှက်ကြီး၏ ဦးခေါင်းကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။
ဘုံး
ငှက်တစ်ကောင်၏ တောင်ငယ်တစ်ခုကဲ့သို့ ကြီးမားသည့် ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ၎င်း၏ကြီးမားသော ဦးခေါင်းတွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၍ မြေပြင်ပေါ်သို့ ငေးငိုင်စွာ လဲကျသွားခဲ့သည်။ ထိုငှက်ကြီးက မတုံ့ပြန်နိုင်မီတွင် ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီဖြစ်၍ ၎င်း၏ဦးခေါင်းကို လက်သီးဖြင့် ထိုးကြိတ်လိုက်လေ၏။
ဘန်း
ငှက်ကြီး၏ဦးခေါင်းသည် ကျယ်လောင်သော အသံနှင့်အတူ ချက်ချင်း ပေါက်ကွဲထွက်သွားကာ ချူးယွင်ဖန်း၏လက်ချက်ဖြင့် ဆိုးရွားဖွယ် သေဆုံးသွားခဲ့သည်။ နေရာတစ်ခုလုံး အလွန် တိတ်ဆိတ်သွားလေသည်။ လူတိုင်းသည် ပြင်းထန်သော ငှက်ကြီးကို လက်သီးချက်နှင့် ကန်ချက် အနည်းငယ်မျှဖြင့် သတ်ဖြတ်လိုက်သည့် ချူးယွင်ဖန်း၏ အပြုအမူကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ဤသည်မှာ ၎င်းတို့ဘက်မှ တွေးပင်မတွေးဝံ့သော အကြောင်းအရာဖြစ်သည်။ အထူးသဖြင့် ဤနတ်အဆင့်ရှိ ရက်စက်ကြမ်းကြုတ်သော ငှက်ကြီးကို ထိုသို့ပြုလုပ်ရန် မတွေးဝံ့ကြပေ။ ၎င်းသည် နတ်အဆင့် အစောပိုင်းတွင်သာ မဟုတ်ဘဲ တစ္ဆေနှံကောင်ထက် ပိုမိုအားကောင်းသည့် ဒုတိယမြောက် နတ်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။
စစ်တပ်များ စေလွှတ်လိုက်လျှင်ပင် ဤအဆင့်ရှိ မွန်းစတားတစ်ကောင်ကို ဝိုင်းရံချေမှုန်းရန် ပြည်ထောင်စုအတွက်ပင် ခက်ခဲပေလိမ့်မည်။ တူညီသည့် အဆင့်တွင်ရှိသော ကျွမ်းကျင်သူများကသာ ၎င်းကို မောင်းထုတ်နိုင်မည်ဖြစ်၍ ၎င်းကို သတ်ဖြတ်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် အလွယ်တကူ သတ်ဖြတ်ခဲ့သည်။
ယခင်က ချူးယွင်ဖန်းသည် တစ္ဆေနှံကောင်ကို သတ်ဖြတ်လိုက်ချိန်တွင် လူအများက ၎င်းတို့၏မျက်စိဖြင့် မမြင်ခဲ့ကြသော်လည်း ယခုအခါ နတ်အဆင့်တစ်ဦးကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နင်းခြေကာ သတ်ဖြတ်ခြင်းဟူသည့် အဓိပ္ပါယ်ကို အဆုံးတွင် တွေ့ရှိခဲ့ရသည်။ ချူးယွင်ဖန်းသည် သူ၏ အထွတ်အထိပ်အခြေအနေတွင် ရှိနေပါက မည်မျှ ထိတ်လန့်ဖွယ်ကောင်းမည်ကို မည်သူမျှ စိတ်ကူးမကြည့်နိုင်ကြပေ။
ရက်စက်ကြမ်းကြုတ်သည့် နတ်အဆင့် ငှက်ကြီးတစ်ကောင်ကို အလွယ်တကူ သတ်ဖြတ်ခဲ့မှု၌ လူအများက နှစ်မြှုပ်နေဆဲဖြစ်သော်လည်း ချူးယွင်ဖန်းသည် မရပ်တန့်ခဲ့ပေ။ သူသည် သင်းခွေချပ်ကြီးဆီ ချက်ချင်း ခုန်အုပ်လိုက်သည်။ သူသည် လက်ငါးချောင်းကို လက်သီး ဆုပ်လိုက်သည်နှင့် လက်သီးစွမ်းအင်များ ချက်ချင်း ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် သူ၏နတ်စွမ်းအင်ကို ဆုံးရှုံးခဲ့ရသော်လည်း သူ၏ လက်သီးသိုင်းပညာသည် အရိုးများထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေသောကြောင့် သူ၏လက်သီးစွမ်းအင်များ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
ဘုံး
ဤလက်သီးချက်သည် သင်းခွေချပ်ကြီး၏ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ကျရောက်သွား၍ တောင်ငယ်တစ်ခုကဲ့သို့ ကြီးမားသည့် သင်းခွေချပ်ကြီးကို အနောက်သို့ ဆုတ်ခွာသွားစေသည်။ ချူးယွင်ဖန်း၏လက်ချက်ကြောင့် ၎င်း၏အကြေးခွံအားလုံး အမှုန့်ဖြစ်သွား၍ သွေးများ နေရာအနှံ့သို့ ပျံ့လွင့်သွားလေ၏။
"အား"
သင်းခွေချပ်ကြီးက ထပ်ခါထပ်ခါ ဟိန်းဟောက်လိုက်ရာ၊ လူအများ အံ့ဩမှင်သက်သွားကြသည်။ ဤမွန်းစတားသည် ၎င်း၏ ပြင်းထန်သော ကာကွယ်နိုင်စွမ်းဖြင့် ကျော်ကြား၍ ၎င်းကို ဒုံးကျည်အမျိုးမျိုးဖြင့် ဗုံးကြဲခဲ့လျှင်ပင် ထိခိုက်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ ယခုမူကား ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု သက်သက်ဖြင့် ၎င်းကို အမှန်တကယ် ဒဏ်ရာရရှိသွားစေသည်။ ချူးယွင်ဖန်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းခြင်းဖြစ်သည်နည်း။