← Chapters

အခန်း (၉၇၃-၉၇၅)

Vol. 65 Ch. 973-975

အခန်း (၉၇၃-၉၇၅)

Vol. 65 Ch. 973-975

အခန်း (၉၇၃) နတ်အဆင့်များကို ဆက်တိုက် သတ်ဖြတ်ခြင်း

ထိုအချိန်တွင် ချူးယွင်ဖန်းသည် သူ၏အတွင်းအားများ ဆုံးရှုံးသွားသော်လည်း နတ်အဆင့်များကို တိုက်ခိုက်ကာ သာမာန်နတ်အဆင့်များကို အလွယ်တကူ သတ်ဖြတ်နိုင်၍ သူ၏ ကိုယ့်ခန္ဓာကြံ့ခိုင်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လူအများက နားလည်သွားပုံရသည်။ သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု မည်သည့် အဆင့်တွင် ရှိနေခြင်းဖြစ်သနည်း။ ဤသည်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်သည့် အကြောင်းအရာဖြစ်သည်။

သင်းခွေချပ်၏ခန္ဓာကိုယ်သည် ၎င်း၏မာကျောမှုဖြင့် ကျော်ကြားသော်လည်း ချူးယွင်ဖန်း၏ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် နှိုင်းယှဉ်ပါက မပြောပါ့လောက်ပေ။ ချူးယွင်ဖန်း၏ လက်သီးချက်သည် သင်းခွေချပ်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကြဲချလာသည့် အမြောက်တစ်ခုနှင့် ဆင်တူသည်။ ကနဦးတွင် သံကဲ့သို့ မာကျောသော ၎င်း၏အကြေးခွံများ ချက်ချင်းပင် ကွဲအက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ချူးယွင်ဖန်းသည် ပထမလက်သီးချက်အပြီးတွင် နောက်ထပ် လက်သီးချက်ကို ပစ်လွှတ်လိုက်သည်။

ဘုံး

ဘုံး

ဘုံး

သူ၏လက်သီးများသည် သင်းခွေချပ်ကြီးကို တိုက်ခိုက်နေသည့် မုန်တိုင်းများ၊ အမြောက်များနှင့် ဆင်တူပေသည်။ သင်းခွေချပ်မွန်းစတားသည် လေးလံသော အမြောက်မျိုးစုံဖြင့် ထိမှန်သွားသကဲ့သို့ ခံစားနေရသည်။ ခဏလေးအတွင်းမှာပင် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ ပြိုကျပျက်စီးသွားခဲ့သည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်သည် သွေးများ စိုရွှဲနေ၍ အလွန် ဆိုးရွားသော အခြေအနေတွင်ရှိနေလေသည်။

၎င်းသည် အနောက်သို့ ဆုတ်ခွာကာ ဟိန်းဟောက်နေသော်လည်း ချူးယွင်ဖန်း၏တိုက်ခိုက်မှုများကို မတိမ်းရှောင်နိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုများသည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သင်းခွေချပ်သည် ဤကဲ့သို့ အရိုက်ခံရမည့်အစား လူသား-နတ်ဆိုး စစ်မြေပြင်သို့ သွားရောက်၍သာ လူသားစစ်တပ်နှင့် တိုက်ခိုက်ချင်နေမိသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ဤပြင်းထန်သော တိုက်ခိုက်မှုများ တိုက်ရိုက်ကျရောက်လာသောအခါ ၎င်း၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးကြေသွား၍ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။ ၎င်းသည် ခဏအကြာတွင် ဒဏ်ရာအပြင်းအထန်ရရှိ၍ အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေလေသည်။

"ဒါက နောက်ဆုံးထိုးချက်ပဲ၊ သေပေတော့"

ချူးယွင်ဖန်းသည် ထိုသို့အော်ဟစ်၍ လက်သီးဖြင့် ထိုးနှက်လိုက်သောအခါ သင်းခွေချပ်၏ ဦးခေါင်းကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ထိုအခါ သင်းခွေချပ်ကြီးသည် ချက်ချင်းပင် သေဆုံးသွားလေ၏။ ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော် ကြာမြင့်ပုံရသော်လည်း တကယ်တမ်းတွင်၊ အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့ရသည်။ ပြင်းထန်သော အရောင်အဝါများနှင့် ပေါ်ပေါက်လာသော သင်းခွေချပ်ကြီးသည် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် ဆိုးရွားဖွယ် သေဆုံးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သင်းခွေချပ်နှင့် တိုက်ပွဲတွင် မပါဝင်ခဲ့သော ပင်လယ်မြွေကြီးသည် ၎င်း၏ သွေးရောင် ပါးစပ်ကြီးကို ရုတ်တရက် ဖွင့်ဟ၍ အဆိပ်ရည်များနှင့် မှုတ်ထုတ်လိုက်သည်။ ထိုအဆိပ်ရည် တချို့တစ်ဝက်သည် မြေပြင်ပေါ်သို့ ဖိတ်စဉ်သွား၍ ဧရာမ တွင်းကြီးများဖြစ်သည်အထိ တိုက်စားသွားခဲ့သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော်လည်း ချူးယွင်ဖန်းက မကြောက်ရွံ့ပေ။ သူသည် အရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးတစ်ချက်ဖြင့် ဝှေ့ယမ်းလိုက်သည်။ သူ၏ သန်မာသော ခန္ဓာကိုယ်အပြင် လက်သီးချက်ဖြင့် ဖန်တီးထားသော လေပြင်းသည် အဆိပ်ရည်များကို ချေမှုန်းနိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ လက်သီးပေါ်သို့ အဆိပ်ရည်များ ကျရောက်သွားသော်လည်း အသုံးမဝင်ခဲ့ပေ။

"အသေးအဖွဲ လှည့်ကွက်လောက်နဲ့"

ချူးယွင်ဖန်းသည် ကြောက်ရွံ့ခြင်းမရှိပေ။ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်၏ စွမ်းအင်ဖြင့်ဆိုလျှင် ဤအဆင့်သည် မပြောပါ့လောက်ပေ။

ဘန်း

ချူးယွင်ဖန်း၏ လက်သီးချက် အရှိန်အဟုန်သည် မနှေးကွေးခဲ့ပေ။ သူ၏ခန္ဓာကိုယ်သည် မြေပြင်မှ မြင့်တက်လာကာ သူ၏လက်သီးချက်သည် ကြီးမားသော ပင်လယ်မြွေကြီး၏အစွယ်များကို ထိမှန်သွားသောကြောင့် ကျိုးကြေသွားလေ၏။ အဆုံးတွင် နတ်အဆင့် ပင်လယ်မြွေသည် တစ်ခုခုမှားယွင်းနေကြောင်း သိရှိလိုက်ရသောကြောင့် ထိုအချိန်တွင် ပြန်လည် ဆုတ်ခွာသွားချင်သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားရမည်ကို စိုးရိမ်နေမိသည်။ ပင်လယ်မြွေကြီးသည် အနောက်လှည့်ကာ ချိုင့်ဝှမ်းထဲသို့ ထွက်ပြေးသွားလေသည်။

"အခုမှ ထွက်ပြေးဖို့လုပ်ရင် နောက်ကျသွားပြီ"

ချူးယွင်ဖန်းသည် သူ ဆုတ်ဖြဲခဲ့သည့် ငှက်အတောင်ပံကို ဆုပ်ကိုင်၍ ဓားတစ်ချောင်းကဲ့သို့ ဝှေ့ယမ်းလိုက်သည်။ ချူးယွင်ဖန်းသည် ၎င်းငှက်တောင်ပံမှ အလွယ်တကူ ဆုတ်ဖြဲခဲ့သော်လည်း အတောင်သည် သတ္တုကဲ့သို့ မာကျောနေဆဲဖြစ်သည်။ ၎င်း၏အမွေးတစ်ခုစီသည် ရှည်လျားသော ဓားတစ်လက်ကဲ့သို့ဖြစ်နေ၍ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိအောက်တွင် လေပြင်းများပင် လှုပ်ခတ်လာစေသည်။

ဘုံး

ကြီးမားသော အတောင်ပံသည် ကောင်းကင်ယံမှ ဆင်းသက်လာ၍ ပင်လယ်မြွေ၏ဦးခေါင်းကို အပြင်းအထန် ထိမှန်သွားသောကြောင့် ၎င်း၏ ဦးခေါင်း ပေါက်ထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၍ အပေါက်ကြီးတစ်ခုပင် ဖြစ်ပေါ်သွားစေသည်။ ထိုနေရာရှိ လူများအားလုံး တုန်လှုပ်ခြောက်ခြားကာ တိတ်ဆိတ်သွားကြသည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော် ကြာမြင့်ခဲ့သော်လည်း တကယ်တမ်းတွင် ချူးယွင်ဖန်းသည် စတင်တိုက်ခိုက်ချိန်မှစ၍ မိနစ်ပိုင်းအတွင်း သူ၏လက်ဗလာဖြင့် ကြောက်မက်ဖွယ် သားရဲသုံးကောင်ကို သတ်ပစ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများ မဟုတ်ကြဘဲ နတ်အဆင့် မွန်စတားများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် မွန်းစတားတစ်ကောင်သည် မြို့ကြီးတစ်ခုကိုပင် ဧရာမ ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားရစေပေလိမ့်မည်။ ယခုမူကား ချူးယွင်ဖန်းသည် ၎င်းတို့ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်။

ဤပုဂ္ဂိုလ်သည် သူ၏ တိုက်ခိုက်ရေး စွမ်းအင်များကို အမှန်တကယ် ဆုံးရှုံးခဲ့သူ ဖြစ်လေသလော။ အကယ်၍ သူသည် သူ၏ တိုက်ခိုက်ရေး စွမ်းအင်များကို ဆုံးရှုံးသွားခဲ့ခြင်းဖြစ်ပါက သူ၏ အထွတ်အထိပ် အခြေအနေရှိ တိုက်ခိုက်ရေး စွမ်းအင်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်သနည်း။ ဤနတ်ဆိုးများသည် လူအချို့ မှန်းဆခဲ့သည့်အတိုင်း ချူးယွင်ဖန်းထံမှ တိုက်ခိုက်မှု တစ်ခုမျှကိုပင် ခံနိုင်ရည်မရှိကြသည်မှာ အမှန်တကယ်ဖြစ်လေသလော။

ထိုအချိန်တွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ အားလုံး ထိတ်လန့်စပြုလာကြသည်။ လူသားမျိုးနွယ်၏ မွေးဖွားခြင်းနယ်မြေအဆင့်များ၊ အဏ္ဏဝါမျိုးနွယ်စုများ သို့မဟုတ် နတ်ဆိုးများဖြစ်ပါစေ ၎င်းတို့အားလုံး အာရုံပျက်ပြားစပြုလာသည်။ ၎င်းတို့အားလုံး လွန်စွာ တုန်လှုပ်နေကြသည်။ ချူးယွင်ဖန်းသည် ယခင်က မွေးဖွားခြင်းနယ်မြေအဆင့် ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ရာ၊ အလွန် ရက်စက်ကြမ်းကြုတ်သူတစ်ဦးဟု ဆိုနိုင်သည်။ သူသည် ကရုဏာထားမှုဟူ၍ ရှိထားသူ မဟုတ်ပေ။ ချူးယွင်ဖန်းက တိုက်ခိုက်ချင်သည်ဆိုပါက ထောင်သောင်းချီသော လူများလျှင်ပင် သတ်ပစ်ရန် လုံလောက်မည် မဟုတ်ပေ။

"နောက်ဆုံးတော့ ချူးမိသားစုနဲ့ တန်မိသားစုတို့ဟာ နျူကလီးယားလက်နက် မသုံးဖို့ကိုပဲ ဘာလို့ ထုတ်ပြန်ခဲ့တယ်ဆိုတာ ကျုပ် နားလည်သွားပြီ ထင်တယ်။ ချူးယွင်ဖန်း ပြသထားတဲ့ တိုက်ခိုက်ရေးစွမ်းအင်အရဆိုရင် နျူကလီးယားလက်နက်မှမသုံးရင် သူ့ကို ဘယ်သူက အနိုင်ယူနိုင်မှာလဲ"

ချူးမိသားစုနှင့် တန်မိသားစုတို့သည် မည်သို့ကြောင့် ဘာသိဘာသာပြုမူကာ ချူးယွင်ဖန်းထံ ဝိုင်းရံသတ်ဖြတ်မှုများကို ခွင့်ပြုထားကြကြောင်း လူအချို့က နားလည်သွားကြသည်။ အခြေအနေကို မျှတစွာ မကြည့်ဘဲ ရလဒ်ကိုသာ ကြည့်မည်ဆိုပါက ချူးယွင်ဖန်းသည် ဝိုင်းရံ သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုနိုင်သော်လည်း ယခုအချိန်အထိ သူ့ဆီ ဝန်းရံထားကြသည့် အင်အားစုများအားလုံးသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားနေကြရသည်။

ထောင်ပေါင်းများစွာသော မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နတ်အဆင့်အနည်းငယ် ဆုံးရှုံးသွားခဲ့ရာ၊ ဤအခြေအနေအရ မည်သူက မည်သူ့ကို ဝိုင်းရံတိုက်ခိုက်နေခြင်း ဖြစ်သနည်း။ ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံမှုများ အမှန်တကယ် ဆုံးရှုံးသွားကြောင်း ၎င်းတို့ဘက်မှ အတည်မပြုထားပါက၊ ဤသည်မှာ ငါးစားနောက် လိုက်လာသူများကို ဖမ်းဆီးရန်အတွက် ချူးယွင်ဖန်းကိုယ်တိုင် ငါးစားအဖြစ် အသုံးပြုထားသည့် ထောင်ချောက်တစ်ခုဟုပင် သံသယဝင်မိနိုင်သည်။

သို့သော် ထိုသို့သော အတွေးမျိုးသည် သဲလွန်စမရှိစွာ ပျောက်ကွယ်ရန် တစ်ခဏမျှသာ ကြာမြင့်ခဲ့သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုများ ဆုံးရှုံးမှုသည် လုပ်ဇာတ်တစ်ခုမဟုတ်ကြောင်း အင်အားစုအများအပြားက အတည်ပြုထားခဲ့သည်။ သူ၏ ကျင့်ကြံမှုများ ဆုံးရှုံးသွားသည့် အခြေအနေအောက်တွင် သူ့ကိုယ်သူ မြှားစာအဖြစ် အသုံးပြုနေဆဲဖြစ်လျှင် ဤသည်မှာ အမှန်တကယ် ရူးသွပ်လွန်းသော အပြုအမူ ဖြစ်ပေလိမ့်မည်။

"သူ ဘယ်လောက်ပဲ သန်မာနေပါစေ အသုံးဝင်မှာ မဟုတ်ဘူး။ သူ ဒီနေရာကို မလာခဲ့သင့်ဘူး။ ဒီမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေတာ။ ဒီနေ့တော့ သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

"မှန်တယ်။ နတ်အဆင့်တွေထဲမှာတောင် မတူညီတဲ့ စွမ်အင် အဆင့်တွေ ရှိနေတာ။ သူ ဒီနေ့ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

လူများစွာသည် ယနေ့ရောက်ရှိလာသော ကျွမ်းကျင်သူများကို တွေးတောမိသောအခါ ချူးယွင်ဖန်း၏ အပြုအမူကြောင့် လုံးလုံးလျားလျား ဖိနှိပ်မခံရတော့ဘဲ ၎င်းတို့၏ ယုံကြည်မှုများကို လျင်မြန်စွာ ပြန်လည် တည်ဆောက်နိုင်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် ဤမွေးဖွားခြင်းနယ်မြေအဆင့်များ အတွေးများကို ဂရုမစိုက်ပေ။ သူသည် ငှက်ကြီး၏အနားသို့သွားကာ ၎င်း၏ခန္ဓာကိုယ်မှ အမွေးတစ်ချောင်းကို တိုက်ရိုက် ဆွဲနှုတ်ပစ်လိုက်သည်။ ဤအမွေးသည် ရွှေရောင်တောက်ပနေကာ ထက်မြက်သည့် ရွှေဓားတစ်ချောင်းနှင် ဆင်တူလှသည်။ ပြီးနောက် ချူးယွင်ဖန်းသည် ငှက်မွေးဓားသွားကို သူ၏လက်ထဲတွင် ကိုင်ဆောင်ကာ ချိုင့်ဝှမ်းထဲသို့ လျှောက်သွားလေ၏။

"ကျုပ်ကို သတ်ချင်တဲ့သူတွေ အပြင် ထွက်လာပြီး သေခြင်းတရားနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ကြ"

အခန်း (၉၇၄) ဘယ်သူက သားကောင်လဲ၊ ချူးယွင်ဖန်း၏ ထောင်ချောက်

ချူးယွင်ဖန်းသည် သူ၏လက်ထဲတွင် ငှက်မွေးဓားသားကို ကိုင်ဆောင်ကာ ချိုင့်ဝှမ်းထဲသို့ လျှောက်သွားခဲ့ရာ၊ သူ၏ အနောက်တွင် ခြေရာများသာ ကျန်ရစ်ခဲ့လေသည်။ သူ၏ခြေလမ်းများသည် လျင်မြန်သည် နှေးကွေးသည်ဟူ၍ မရှိဘဲ ကျယ်လောင်၍ ကြည်လင်ပြတ်သားသော သူ၏အသံသည် ချိုင့်ဝှမ်းတစ်လျှောက် ပျံ့နှံ့သွားသည်။

ချိုင့်ဝှမ်းအဝင်ဝတွင် နတ်အဆင့် မွန်းစတားသုံးကောင် သတ်ဖြတ်ခံရသည်ဟူသော သတင်းသည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ထိုနေရာ၌ ထိုင်နေသော နတ်အဆင့် ကျွမ်းကျင်သူများလျှင်ပင် မျက်နှာထက်တွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်း၏ သတ်ဖြတ်မှု အရှိန်အဟုန်သည် မယုံကြည်ဖွယ်ကောင်းသည်အထိ မြန်ဆန်ပေသည်။

ပထမမြောက်နှင့် ဒုတိယမြောက် နတ်အဆင့်တွင်ရှိနေသူများလျှင်ပင် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ခဲ့ပေ။ ကျင့်ကြံမှုများ လုံးလုံးလျားလျားဆုံးရှုံးသွားပုံရသည့် ထိုခန္ဓာကိုယ်အတွင်း၌ မည်မျှ အံ့ဩဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအင်များ သိုဝှက်ထားသည်ကို မည်သူသိမည်နည်း။

ချူးယွင်ဖန်းသည် ချိုင့်ဝှမ်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ရာ၊ လမ်းတစ်ဝက်သို့ မရောက်မီတွင် လူတစ်ဒါဇင်ကျော်၏ ဝိုင်းရံမှုကို ခံလိုက်ရသည်။ ဤပုဂ္ဂိုလ်များ၏ တစ်ဦးချင်းစီသည် အလွန် အစွမ်းထက်လှ၍ ၎င်းတို့သည် အပြင်ဘက်တွင် ချူးယွင်ဖန်းကို တားဆီးခဲ့သည့် နတ်အဆင့် မွန်းစတားသုံးကောင်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့အားလုံးသည် တတိယမြောက် နတ်အဆင့်တွင်ရှိနေ၍ အချို့သည် စတုတ္ထမြောက် နတ်အဆင့်၌ပင် ရှိနေခဲ့သည်။ ထိုကဲ့သို့သော တပ်ဖွဲ့မျိုးသည် ဒုက္ခိတစ်ဦးဖြစ်သော ချူးယွင်ဖန်းကို ဝန်းရံသတ်ဖြတ်ခြင်းက အံ့အားသင့်ဖွယ်ကောင်းနေပြီဖြစ်သည်။

"ချူးယွင်ဖန်း၊ မင်းဒီကိုရောက်လာပြီး ဒီလောက်တောင် မောက်မာရဲတယ်ပေါ့လေ ဟုတ်လား" တစ်စုံတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချူးယွင်ဖန်းက ၎င်းတို့ကို တစ်ချက်လှည့်ကြည့်၍ ပြောလိုက်သည်။

"နောက်ထပ် ကျန်သေးတယ်လို့ ကျုပ် ကြားတယ်။ သူတို့တွေရော အတူတူထွက်မလာကြဘူးလား"

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ၊ ကျုပ်တို့ထဲက တစ်ယောက်လောက်နဲ့ မင်းကိုသတ်ဖို့ လုံလောက်နေပြီ" မျောက်ဝံနှင့် ဆင်တူသော မွန်းစတားတစ်ကောင်သည် မတ်တပ်ထရပ်လာ၍ ချူးယွင်ဖန်းကို လက်ညှိုးဖြင့် ထိုးလိုက်သည်။ တတိယမြောက် နတ်အဆင့်သည် ယခင်က မွန်းစတားများထက် များစွာ အားကောင်းသန်မာလှသည်။

"ခင်ဗျားကလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူသည် မြေပြင်ကို ခြေထောက်ဖြင့် စောင့်နင်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်မှ မြင့်တက်သွားခဲ့ရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မျောက်ဝံနတ်ဆိုးရှိရာသို့ ဦးတည်ပျံသန်းကာ သူ၏လက်ထဲရှိ ရွှေရောင်ငှက်မွေးဓားဖြင့် ဝှေ့ယမ်းပစ်လိုက်သည်။

"မင်းကတော့ သေချင်နေတာပဲ"

နတ်ဆိုးမျောက်ဝံသည် အလွန် ဒေါသထွက်သွားသည်။ သူသည် လေးမီတာကျော် ရှည်လျား၍ ချူးယွင်ဖန်း၏ နှစ်ယောက်စာ သုံးယောက်စာမျှရှိသည်။ ချူးယွင်ဖန်းသည် လျှပ်တစ်ပြက် တိုက်ခိုက်မှုကို ဦးစွာ စတင်ဝံ့ခဲ့သည်။ သူသည် အလွန် ဒေါသထွက်သွားရာ၊ ကြမ်းခင်းလိပ်ကဲ့သို့သော သူ၏လက်ကြီးကို ချက်ချင်းပင် ဧရာမ လက်သီးကြီးအဖြစ် ပြုလုပ်ကာ ချူးယွင်ဖန်းကို ရိုက်နှက်ပစ်လိုက်သည်။

တခဏချင်းမှာပင် သတ္တုအချင်းချင်း ရိုက်ခတ်သံများ ကြားလိုက်ရသည်။ ပြီးနောက် ချူးယွင်ဖန်း၏လက်တွင်ရှိ ရွှေရောင်ငှက်မွေးဓားသည် နတ်ဆိုးမျောက်ဝံ၏ လက်မောင်းကို ခုတ်ဖြတ်လိုက်ခြင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။

နတ်ဆိုးမျောက်ဝံ၏ လက်ပေါ်ရှိ မည်သည့် မှော်စွမ်းအင်သော်လည်းကောင်း စွမ်းအင်သော်လည်းကောင်း ငှက်မွေးဓား၏ ခုတ်ပိုင်းမှုကို မတားဆီးနိုင်ခဲ့ပေ။ ငှက်မွေးဓားသွားဖြင့် ညွှန်လိုက်သည်နှင့် တစ်ပြိုင်နက် နတ်ဆိုးမျောက်ဝံ၏ မှော်စွမ်းအင်များအားလုံး ပြိုလဲသွားလေသည်။ သွေးများ လွင့်စဉ်ထွက်လာပြီးနောက် ၎င်း၏ ဧရာမ လက်မောင်းကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရာ၊ မြေပြင်ကိုပင် တုန်ခါသွားစေသည်။

"ဂါး"

နတ်ဆိုးမျောက်ဝံသည် စူးရှစွာ အော်ဟစ်၍ အနောက်သို့ ပြန်ဆုတ်သွားသည်။ ၎င်းသည် ချူးယွင်ဖန်းကို ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲသော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏လက်ကို လှန်လှော၍ ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓား၏ အရှိန်အဟုန်သည် အလွန်လျင်မြန်လှရာ၊ ၎င်းသည် နတ်ဆိုးမျောက်ဝံ၏ လည်ပင်းကို ဖြတ်သန်းသွားသည်။

သွေးများ လွင့်စဉ် ထွက်လာ၍ နတ်ဆိုးမျောက်ဝံသည် ၎င်း၏လည်ပင်းကို လက်ဖြင့် ကူကယ်ရာမဲ့စွာ ဖုံးအုပ်ထားလိုက်သည်။ သို့သော် သွေးများ ထွက်မလာစေရန် မတားဆီးနိုင်သည့်အပြင် ၎င်း၏ကြီးမားသော ဦးခေါင်းသည် လည်ပင်းထက်မှ ပြုတ်ကျသွားခဲ့သည်။ ၎င်းသည် ချူးယွင်ဖန်း၏ ဓားသွားဖြင့် အမှန်တကယ် ခေါင်းဖြတ်ခံလိုက်ရသည်။ နတ်အဆင့်များသည် အင်အားကြီးမားသော်လည်း ဤဓားချက်သည်လည်း အလွန် ပြင်းထန်လှသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ရာ၊ သူ၏လက်ထဲရှိ ငှက်မွေးဓားဖျားမှ သွေးများ စီးကျနေလေသည်။

"ကျုပ်ကိုသတ်ချင်ရင် ခင်ဗျားတို့ကောင်တွေလောက်နဲ့ မလုံလောက်မှာကို စိုးရိမ်မိသား" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရာ၊ သူ၏မျက်နှာတွင် လှောင်ပြောင်သော အရိပ်အမြွက်များ ပြသလာသည်။

အခြားသော နတ်အဆင့်များသည်လည်း ချူးယွင်ဖန်း၏ ရုတ်တရက် ပေါက်ကွဲမှုကြောင့် ထိတ်လန့်သွားကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် ဤမြင်ကွင်းကို မြင်သောအခါ ၎င်းတို့၏ နှလုံးသားထဲရှိ သံသယများ နက်ရှိုင်းလာသည်။ ချူးယွင်ဖန်းက သူ၏ကျင့်ကြံမှုများကို အမှန်တကယ် ဆုံးရှုံးခဲ့ခြင်းဖြစ်လေသလော။

"သူ့ကို တိုက်ခိုက်ကြ၊ သူက အရှိန်ကုန်တော့မယ့် မြှားတစ်စင်းသာသာပဲ၊ သူ ဒီထက်ပိုပြီး ရှေ့ဆက်နိုင်မယ်လို့ ကျုပ် မယုံဘူး။ ကျုပ်တို့တွေ သတိထားနေသရွေ့ သူ သေလမ်းကိုပဲ လျှောက်ရလိမ့်မယ်" နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် လေထုထဲသို့ ပျံသန်း၍ ကြွေးကြော်လိုက်၏။ သူသည် ချူးယွင်ဖန်း၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် ပျံသန်းနိုင်စွမ်းများ ဆုံးရှုံးသွားပုံရသည်။

အခြားသော နတ်အဆင့်များသည်လည်း လုံခြုံသော အကွာအဝေးကို ထိန်းချုပ်၍ ချူးယွင်ဖန်းနှင့် ဝေးကွာရာသို့ တစ်ဦးပြီး တစ်ဦး ပျံသန်းသွားကြသည်။ ပြီးနောက် ၎င်းတို့အားလုံး စတင် လှုပ်ရှားလိုက်ကြသည်။ နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုဝင်များသည် ၎င်းတို့၏ မူလပုံသဏ္ဌာန်သို့ ပြောင်းလဲကာ ၎င်းတို့၏ သွေးရောင် ပါးစပ်ကြီးများကို ဖွင့်ဟလိုက်ကြသည်။ အဆုံးမဲ့ နတ်စွမ်းအင်များ ဆူပွက်လာ၍ ချူးယွင်ဖန်းဆီ ဦးတည်လာသည့် စွမ်းအင်အမြောက်များအဖြစ် ပြောင်းလဲသွားကြသည်။ ချူးယွင်ဖန်းကို ချေမှုန်းရန်အတွက် ပြောင်မြောက်သော တာအိုသိုင်းပညာများကို အသုံးပြုနေသည့် လူသားမျိုးနွယ်မှ နတ်အဆင့် ကျွမ်းကျင်သူ အနည်းငယ်လည်း ရှိနေသည်။

ဘုံး ဘုံး ဘုံး

ချူးယွင်ဖန်း ရပ်တန့်နေသည့်နေရာသည် တိုက်ခိုက်မှု မုန်တိုင်းများဖြင့် ချက်ချင်း နစ်မြုပ်သွားခဲ့သည်။ မြေပြင်သည် ကြောက်မက်ဖွယ် တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ပြင်းထန်စွာ လှုပ်ခါသွား၍ ခဏတာအတွင်း သဲများနှင့် ဖုန်မှုန့်များ နေရာပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် ထိုနေရာ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ မရေတွက်နိုင်သည့် ဒုံးကျည်များဖြင့် ကြဲချခံရသကဲ့သို့ မြေပြင်၏ တုန်ခါမှုကိုသာ ခံစားရနိုင်သည်။

ချူးယွင်ဖန်း သေဆုံးတော့မည်ဟု လူတိုင်းက ထင်မှတ်နေကြသည့် အခိုက်အတန့်တွင် ထိုမုန်တိုင်း၏ အလယ်ဗဟိုမှ ကြောက်မက်ဖွယ် အရောင်အဝါများ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနေသည့် လေလှိုင်းများကို ဖြတ်သန်းသွားသည့် ပုံရိပ်တစ်ခုဖြစ်သည်။

လူတိုင်းက အနီးကပ်ကြည့်လိုက်သောအခါ ကောင်းကင်ယံသို့ ပျံသန်းသွားသည့် ချူးယွင်ဖန်း ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။ အဆုံးမဲ့ နတ်စွမ်းအင်များ သူ၏ခန္ဓာကိုယ်ထက်တွင် လှိုင်းထန်လာ၍ မိုးကြိုးစွမ်းအင်များဖြင့် ပြည့်လျှံနေလေသည်။ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။ ၎င်းတို့သည် မည်သို့သော မြင်ကွင်းကို ကြည့်ရှု့နေခြင်းဖြစ်သနည်း။

အလွန် သိပ်သည်းလွန်း၍ ဆူပွက်နေသည့် ချူးယွင်ဖန်း၏ အတွင်းစွမ်းအင်များကို ၎င်းတို့အားလုံး မြင်လိုက်ရသည်။ ချူးယွင်ဖန်း၏ လက်ရှိစွမ်းအင်ပြသမှုနှင့် နှိုင်းယှဉ်ပါက၊ သူ့ကို တိုက်ခိုက်နေသည့် နတ်အဆင့်သည် အလွန်သိမ်နုတ်လှသည်။ ၎င်းသည် မြစ်တစ်စင်း သို့မဟုတ် အင်းအိုင်ကြီးများနှင့် ဆုံစည်းနေသည့် စမ်းချောင်းငယ်တစ်ခုနှင့် ဆင်တူသည်။ လူတစ်ဦးသည် ၎င်းတို့၏ခန္ဓာကိုယ်အတွင်း ဤမျှ များပြားသော နတ်စွမ်းအင်များကို မည်သို့ သိမ်းဆည်းထားနိုင်သည်ကို မည်သူမျှ မသိကြပေ။

"မင်း စွမ်းအားတွေ မဆုံးရှုံးသွားဘူးလား" နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး မယုံကြည်နိုင်စွာ မေးမြန်းလိုက်၏။

လူတိုင်းသည်လည်း တစ်ပြိုင်နက်တည်း တုံ့ပြန်လာကြသည်။ ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံမှုများ ဆုံးရှုံးသွားသည်ဟု ပြောခဲ့သူသည် မည်သူဖြစ်သနည်း။

'ထွက်လာခဲ့စမ်း၊ အသေရိုက် မသတ်ဘူး ကတိပေး'

ဉာဏ်ကောင်းသူများသည် ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းအတွက် ထောင်ချောက်တစ်ခု ပြုလုပ်၍ သူ့ကို သတ်ဖြတ်ရန် ကြံစည်ထားကြသည်ဟု လူတိုင်းက ထင်မှတ်နေကြသည်။ သို့သော် တကယ်တမ်းတွင် ဤသည်မှာ ချူးယွင်ဖန်း ပြုလုပ်ထားသည့် ထောင်ချောက်တစ်ခုသာဖြစ်ပေသည်။

ဖြစ်စဉ်သည် ကနဦးကတည်းက ထူးဆန်းလွန်းလှသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စု၊ ချူးမိသားစုနှင့် တန်မိသားစုများအတွက် အလွန် အရေးပါသူဖြစ်သည်မှာ သေချာသော်လည်း ချူးမိသားစု၊ တန်မိသားစုနှင့် ပြည်ထောင်စုတို့က တုံ့ပြန်မှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။ ၎င်းတို့သည် နျူကလီးယားဗုံးများ အသုံးပြုခြင်းအား တားမြစ်သည့် ကြေငြာချက်ကိုသာ ထုတ်ပြန်ခဲ့ကြသည်။

ချူးယွင်ဖန်းက စစ်ကူမရရှိရသည့် အကြောင်းရင်းသည် ချူးမိသားစု ဘိုးဘေးကြီးနှင့် အခြားလူများကို တားဆီးရန် လူများ စေလွှတ်ခဲ့ခြင်းကြောင့်ဟု ထင်မှတ်ခဲ့ကြသော်လည်း အရာအားလုံးသည် ၎င်းတို့ ပြုလုပ်ထားသည့် ပုံရိပ်ယောင်မျှသာဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့ ခုန်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်း၍ ဤထောင်ချောက်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

ခေါင်းထွက်လာသူတိုင်း သတ်ဖြတ်ခံရပေလိမ့်မည်။ ဤသည်မှာ ကနဦးကတည်းက ထောင်ချောက်တစ်ခုဖြစ်သည်။ ၎င်းတို့အားလုံးသည် ထောင်ချောက်တစ်ခုဖြစ်ကြောင်းပင် မသိကြဘဲ ၎င်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

'ဒါဆို ဒါက အမှန်တရားပေါ့'

အခန်း (၉၇၅) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဒါက သူရဲ့ အထွတ်အထိပ် အခြေအနေလား

၎င်းဖြစ်စဉ်အနက် ခြေရာခံရန် အရိပ်အမြွက်များစွာနှင့် ပုံမှန်မဟုတ်သော အကြောင်းအရာ အမြောက်အမြားရှိနေခဲ့သည်။ သို့သော် ၎င်းတို့သည် တစ်ထရီလီလျံ ဆုကြေးငွေကြောင့် ထိုအကြောင်းအရာများကို လျစ်လျူရှုထားမိကြသည်။

လွဲမှားနေသော အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် မည်သူကမှ မရပ်တန့်ချင်ကြပေ။ ထရီလီလျံတစ်ရာကျော် ပမာဏသည် အံ့ဩဖွယ်ကောင်းလွန်းလှသောကြောင့် နတ်အဆင့် ကျွမ်းကျင်သူများသည် လုံးလုံးလျားလျား ရူးသွပ်သွားကြသည်။ ၎င်းတို့၏ အမှားများကို သိလိုက်ရချိန်တွင် အရာအားလုံး နောက်ကျနေပြီဖြစ်သည်။

"ဒါပေါ့။ မဟုတ်ရင် ကျုပ်က ခင်ဗျားတို့ကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ" ချူးယွင်ဖန်းသည် ချိုင့်ဝှမ်းအတွင်းရှိ ဤလူများကို ကြည့်လိုက်သည်။ ၎င်းတို့အားလုံးသည် သူ့ကိုသေစေလိုခြင်း သို့မဟုတ် ပြည်ထောင်စုအတွင်း မတည်မငြိမ်ဖြစ်စေသည့် အကြောင်းအရာများဖြစ်ကြသည်။

သူသာ အားနည်းချက်ကို မပြသခဲ့လျှင် ၎င်းတို့အားလုံးသည် ခေါင်းမထွက်ရဲဘဲ ထပ်မံ ပုန်းအောင်းနေပေလိမ့်မည်။ မိမိကိုယ်မိမိ ငါးစာအဖြစ် အသုံးပြုကာ ကိုယ့်နေရာကို မသိသူများကို မျှားထုတ်ခြင်းသည် ကောင်းမွန်သည့် စမ်းသပ်မှု နည်းဗျူဟာဖြစ်သည်။ ၎င်းသည် အလွန်ရိုးရှင်းသည့် နည်းဗျူဟာတစ်ခုဖြစ်သော်လည်း ထိုသို့သော သွေးဆောင်မှုများကို သည်းခံနိုင်သူ အနည်းငယ်မျှသာရှိသည်။

တစ်ထရီလီလျံဆုကြေးငွေက ချူးယွင်ဖန်းကို များစွာ ကူညီပေးခဲ့သည်။ ထို့ကြောင့်မှမဟုတ်လျှင် လူအများအပြားသည် ဤမျှ ရူးသွပ်နေကြမည် မဟုတ်ပေ။ အဆုံးတွင် ချူးမိသားစု၊ တန်မိသားစုနှင့် ပြည်ထောင်စုအစိုးရတို့သည် သာမန်လူများ လျစ်လျူရှုရန် မရနိုင်သည့် အင်အားစုများဖြစ်ကြသည်။ သို့သော် ထရီလီလျံတစ်ရာအတွက်ကြောင့် အရာအားလုံးကို စွန့်ပစ်နိုင်ကြသည်။

ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည့် ပြင်းထန်သော ပေါက်ကွဲအားကို ခံစားလိုက်ရသည်။ သူ့ကျင့်ကြံမှု၏ ဖိနှိပ်ချုပ်ချယ်မှုမရှိဘဲ မိုးကြိုးမန္တန်၏ မိုးကြိုးများသည် ပို၍ပင် အံ့အားသင့်ဖွယ် နှုန်းဖြင့် ထွက်ပေါ်လာသည်။ သူ့တွင် အချိန်သိပ်မကျန်ရစ်တော့ပေ။

'ဒါက...' နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် သူ၏မျက်လုံးများတွင် ရက်စက်မှုများ လင်းလက်သွား၍ ထိုသို့ တွေးတောလိုက်သည်။

"သူနဲ့ တိုက်ကြရအောင်။ ကျုပ်တို့ ဘက်ကလူတွေ အများကြီးကို သူတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ကျုပ် မယုံဘူး"

ဤနတ်အဆင့် ကျွမ်းကျင်သူများသည် ချူးယွင်ဖန်း၏ ယခင်က ဒဏ္ဍာရီများကို မယုံကြည်ကြပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် ၎င်းတို့၏ အသက်ရှူနှုန်းများကို ထိန်းချုပ်ထားကြသည်။ ၎င်းတို့သည်လည်း အလိမ်ခံခဲ့မှန်း သိရှိသွားကြသည်။ ချူးယွင်ဖန်းသည် ဤအခိုက်အတန့်တွင် သူ၏ စစ်မှန်သော စွမ်းအင်ကို ထုတ်ဖော်ပြသလိုက်သည်။

ချူးယွင်ဖန်းသည် သူ မတ်တပ်ရပ်နေသည့်နေရာမှ ချက်ခြင်း ပျောက်ကွယ်သွား၍ နတ်အဆင့် မွန်းစတားကြီးတစ်ကောင်၏ အရှေ့တွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ သူ၏လက်ထဲရှိ ငှက်မွေးဓားကို ခုတ်ထစ်ချလိုက်သည်နှင့် နတ်စွမ်းအင်၏ ပံ့ပိုးမှုအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာ၍ ထိုနတ်အဆင့် မွန်းစတားကြီးကို ခုတ်လှဲပစ်လိုက်သည်။

ဝူးရှ်

မွန်းစတားကြီး၏ ခုခံနိုင်စွမ်းများအားလုံး ချက်ခြင်း ပျက်စီးသွားခဲ့သည်။ ၎င်းသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်စွမ်းမရှိခဲ့ဘဲ ပေါ့လျော့သော ဓားသွားဖြင့် အဆုံးသတ်သွားခဲ့သည်။ ထိုအချိန်တွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ လုံးလုံးလျားလျား ဆွံ့အသွားကြသည်။ နတ်အဆင့် မွန်းစတားသုံးကောင်ကို သတ်ဖြတ်ခြင်းသည် ချူးယွင်ဖန်း၏ ကန့်သတ်စွမ်းအင်ဖြစ်သည်ဟု ၎င်းတို့ ထင်ခဲ့ကြသော်လည်း ယခုအခါ ကရော်ကမည် ကစားနေခြင်းမျှသာဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။

ဤနတ်ဆိုးသည် တတိယမြောက် နတ်အဆင့်သို့ ဝင်ရောက်လာခဲ့သော်လည်း ချူးယွင်ဖန်း၏အရှေ့တွင်မူ တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။ ချူးယွင်ဖန်းသည် နတ်အဆင့်တစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် မရပ်တန့်ခဲ့ပေ။ သူ၏ပုံရိပ်သည် တဖျပ်ဖျပ်ဖျပ် လှုက်ခတ်သွား၍ နောက်ထပ် နတ်ဆိုးတစ်ကောင်ကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

ရွှေရောင် ဓားအလင်းတန်းသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ရာ၊ ကမ္ဘာကြီးကိုပင် ကွဲအက်လုနီးပါး ဖြစ်သွားစေသည်။ ရွှေရောင် ဓားအလင်းတန်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ နတ်အဆင့်များ မည်သူမျှ ခံနိုင်ရည်မရှိကြပေ။ လူသားကျွမ်းကျင်သူ၊ အဏ္ဏဝါမျိုးနွယ်စု ကျွမ်းကျင်သူ သို့မဟုတ် နတ်ဆိုး ကျွမ်းကျင်သူဖြစ်ပါစေ ကွဲပြားမှုမရှိပေ။ အချိန်တိုလေးအတွင်းမှာပင် ဤနတ်အဆင့်များအားလုံး သေဆုံးသွား၍ မြေပြင်ပေါ်တွင် အလောင်းများသာ ကျန်ရစ်ခဲ့လေသည်။

"ဒါက ချူးယွင်ဖန်းရဲ့ အထွတ်အထိပ်အခြေအနေက ခွန်အားလား" တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"တော်တော်လေး ကြောက်မက်ဖွယ်ကောင်းတာပဲ။ သူတစ်ယောက်တည်း စည်းဝေးပွဲကို တက်လာဝံ့တာ အံ့ဩစရာ မရှိပါဘူး။ ဒီအင်အားက သာမန်လူတွေ ယှဉ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး"

"ဒါတွေအားလုံးက ထောင်ချောက်ပဲ။ ကြီးမားတဲ့ ထောင်ချောက်တစ်ခုပဲ"

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ချိုင့်ဝှမ်း၏အနက်ရှိုင်းဆုံး နေရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းနေသော ချူးယွင်ဖန်းကို စိုက်ကြည့်နေကြစဉ် လူတိုင်း အံ့အားသင့်နေကြသည်၊ ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာတွင် ချူးသတ်ဖြတ်ခြင်း စုရုံးပွဲကို ဦးစီးကျင်းပသော ထိပ်တန်း နတ်အဆင့် ကျွမ်းကျင်သူငါးဦး ရှိနေကြသည်။

ဤကျွမ်းကျင်သူများအနက် တစ်ဦးတစ်ယောက်သည် ဆဌမမြောက် နတ်အဆင့်သို့ ရောက်ပြီးသော ဖြစ်တည်မှုဟု လူသိများကြသည်။ ၎င်းတို့အနက် တစ်ဦးစီသည် ယခင်က နတ်အဆင့် ကျွမ်းကျင်သူများ စုပေါင်းမှုထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် ထိုပုဂ္ဂိုလ်ငါးဦး၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများရှိနေကြသည်။ ချူးယွင်ဖန်းသည် သူ့ကို တားဆီးနေသည့် နတ်အဆင့်များကို အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။ ၎င်းတို့သည် ပင့်သက်ရှိုက်ရန်ပင် အချိန် မရှိတော့ပေ။

"ချူးယွင်ဖန်း၊ ဒါက မင်း ထောင်ထားတဲ့ ထောင်ချောက်တစ်ခုဖြစ်နေမယ်လို့ ကျုပ် မမျှော်လင့်ထားဘူး" လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မတ်တပ်ထရပ်၍ ချူးယွင်ဖန်းကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ "ကျုပ်တို့အားလုံး မင်း လှည့်စားတာကို ခံလိုက်ရပြီ"

"ဟုတ်တယ်။ အတိအကျပဲ။ ဒါမှမဟုတ်ရင် ကျုပ်ကို သတ်ချင်နေတဲ့လူတွေ အများကြီးရှိမယ်ဆိုတာ ကျုပ်သိမှာတောင် မဟုတ်ဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။

ချူးယွင်ဖန်းသည် သူ၏ သွားများ ပေါ်လွင်သည်အထိ ပြုံးလိုက်သည်။ ချူးယွင်ဖန်းသည် ခွန်အားများ ပြန်လည်ရရှိပြီးနောက် အလွန် ကြောက်မက်ဖွယ်ကောင်းပုံပေါ်သော်လည်း ထိုနတ်အဆင့် ငါးဦးအနက် မည်သူကမျှ မကြောက်ရွံ့ကြပေ။ ၎င်းတို့၏ မျက်နှာတွင် နောင်တရ အကြောက်တရားများသာ ရှိနေသည်။ ၎င်းတို့သည် ကနဦး နတ်အဆင့်များနှင့် ကွဲပြားခြားနားသည်။ မည်သည့်စကားကိုမျှ မဆိုဘဲ ချူးယွင်ဖန်းကို တိတ်တဆိတ် ဝိုင်းရံလိုက်ကြသည်။

"အသုံးမဝင်ပါဘူး။ ဒီအခြေအနေမှာ မင်း အကြာကြီး မတောင့်ခံနိုင်ဘူး မဟုတ်လား၊ ကျုပ်တို့ မမြင်နိုင်ဘူးလို့ ထင်နေတာလား။ စွမ်းအင်တွေရဲ့ ထိန်းချုပ်နိုင်စွမ်းက ယုတ်လျော့နေပြီ"

ဤအခိုက်အတန့်တွင် အချိန်အတော်ကြာ စိတ်ထိန်းချုပ်ထားသော ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းကို သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေ၏။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းသည် နတ်ကုန်းမြေတွင် အကြီးဆုံးဂိုဏ်းတစ်ခုဖြစ်သော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့၏ ကျွမ်းကျင်သူများစွာကို သတ်ဖြတ်ခဲ့သောကြောင့် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။ ဤဖြစ်စဉ်သည် ဂိုဏ်းခေါင်းဆောင်ဖြစ်သည့်ကို မိမိကိုပင် နိုးကြားစေသည်။

သူသည် ချူးယွင်ဖန်းကို သတ်ဖြတ်ရန်အတွက် နတ်ကုန်းမြေမှ ကိုယ်တိုင်ရောက်လာခဲ့သည်။ ၎င်းတို့သည် ပြည်ထောင်စု၏ တုံ့ပြန်မှုများ ဖြစ်ပေါ်စေမည့်အကြောင်းနှင့် ပတ်သက်၍ပင် ဂရုမစိုက်တော့ပေ။ အထူးသဖြင့် ချူးယွင်ဖန်းသည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းအတွက် အန္တရာယ်များလွန်းသောကြောင့် မည်သည်ကို အသုံးပြုရပါစေ သူ့ကို သတ်ပစ်ရပေလိမ့်မည်။

ဤလူများသည် သာမန်နတ်အဆင့်များနှင့် ကွဲပြားခြားနားသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းပုံရသော စွမ်းအင်များ၏နောက်ကွယ်တွင် ထိန်းချုပ်မှု ဆုံးရှုံးခါနီးဖြစ်နေသည့် စွမ်းအင်တစ်ခုဖြစ်ကြောင်း ၎င်းတို့ မြင်တွေ့နိုင်ကြသည်။ အခြားနတ်အဆင့်များသည်လည်း မြင်တွေ့နိုင်သောကြောင့် အလားတူ အမူအရာမျိုး ရှိနေကြသည်။

"ဟုတ်တယ်။ ကျုပ် မျိုးနွယ်ရဲ့ စုံစမ်းစစ်ဆေးမှုက မမှားဘူး။ မင်းခန္ဓာကိုယ်မှာ သေချာပေါက် ပြဿနာတစ်ခုခု ရှိနေတယ်။ မင်းက မိုးကြိုးနတ်ဘုရားလှံတံရဲ့ တုံ့ပြန်မှုကို ခံစားနေရတယ်။ ဒီကိစ္စကို ကောင်းကောင်း လျှိုဝှက်ထားလို့သာ လူတိုင်းကို လှည့်စားနိုင်ခဲ့တာ" ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူက ဆိုသည်။

"ဒီနေ့ မင်း လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။ မင်းကို ဘယ်သူမှ ကယ်နိုင်မယ် မထင်နဲ့" ရေနက်ပိုင်း ဝေလငါးမျိုးနွယ်စု ကျွမ်းကျင်သူသည် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်လွန်းလှသော အရောင်အဝါများဖြင့် ပြောလိုက်သည်။

"ကြည့်ရတာ လူက ဒါအကုန်ပဲထင်တယ်။ ဒါဆို ကျုပ်တို့ စလို့ရပြီပေါ့။ ခင်ဗျားတို့ ပြောတာ မှန်တယ်၊ ကျုပ်က အခု ကျုပ်ရဲ့အကောင်းဆုံးအခြေအနေမှာ မဟုတ်တော့ဘူး၊ ဒါကြောင့် ကျုပ် မြန်မြန် လှုပ်ရှားမှရမယ်"

ချူးယွင်ဖန်းက လှောင်ရယ်လိုက်ပြီးနောက် လေထုထဲသို့ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ သူ၏လက်ထဲတွင် လေးကြိုးမပါသည့် ကြေးဝါရောင် လေးရှည်တစ်လက် ပေါ်ပေါက်လာသည်။ လေး၏ ကိုယ်ထည်ပေါ်ရှိ အက်ကွဲကြောင်းများသည် အလွန် သိသာထင်ရှားလှသည်။

All Chapters