← Chapters

ဆိုင်ကယ်စီးသူမိန်းကလေး

Vol. 3 Ch. 31

ဆိုင်ကယ်စီးသူမိန်းကလေး

Vol. 3 Ch. 31

လင်းရှန်သည် သူ့ရှေ့ရှိ တက်ကြွလန်းဆန်းနေသော မိန်းကလေးအား စိတ်ဝင်တစားဖြင့် ကြည့်ကာ သိမ်မွေ့စွာ ပြုံးလိုက်သည်။

“မင်းပြောတာကို ကြားရတော့ မင်းမှာ ပိုကောင်းတဲ့ အကြံရှိတဲ့ပုံပဲ”

“ဒါပေါ့”

ကီကီသည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။

“အခု ကျွန်မတို့အားလုံး ရထားတစ်စီးတည်းမှာ ရှိနေပြီဆိုတော့၊ ရှင့်လို လူယုတ်မာကို ကူညီဖို့ ကျွန်မဂရုမစိုက်ပေမယ့်၊ ကျွန်မရဲ့ ကိုယ်ပိုင်ဘေးကင်းမှုကိုတော့ စဉ်းစားရမယ်။ အခုလက်ရှိ အနေအထားမှာ ကျင်းဟိုင်ကို ဘယ်လိုရောက်မလဲ’’

“ပြောစမ်းပါဦး”

ကီကီက လှည့်ကာ မေးလိုက်သည်။

“ရှင့်ရဲ့စွမ်းအားက ယန္တရားတွေကို ထိန်းချုပ်နိုင်တာ ဟုတ်တယ်မဟုတ်လား’’

လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်’’

‘’အံ့သြစရာပဲ’’

ကီကီက လက်ချောင်းများကိုဆော့ကစားကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ‘’ပိုင်ဝမ်မြို့နားမှာ စစ်ဖက်ဆိုင်ရာစခန်းတစ်ခုရှိတယ်ဆိုတာ ကျွန်မသိတယ်။ အဲဒီမှာ စစ်သုံးပစ္စည်းတွေ အများကြီးရှိမယ်။ ကံကောင်းရင် ရှင်က ရေဒါစနစ်တစ်ခု ဒါမှမဟုတ် ကင်းထောက်စနစ်တစ်ခုတောင် ရလိမ့်မယ်။ အနည်းဆုံးတော့ လက်နက်တချို့ပေါ့။ ဒါက မနေ့ညကလို ဓားနဲ့ ပိုးကောင်တွေကို ခုတ်ထစ်တာထက် ပိုကောင်းမယ် မဟုတ်ဘူးလား’’

ဤစကားကို ကြားလိုက်ရသောအခါ အနီးတွင်ရပ်နေသော ချန်ဆီရွှမ်သည် အံ့အားသင့်သွားသည့်ပုံဖြင့် ကြည့်လိုက်သည်။ “စစ်စခန်းတစ်ခုတဲ့လား။ နင် အဲဒီလိုအရာကို ဘယ်လိုလုပ်သိတာလဲ’’

“ကျွန်မသိတာတွေ အများကြီးရှိတယ်’’

ကီကီက ဂုဏ်ယူစွာ ပြုံးကာ လင်းရှန်ဆီသို့ အကြည့်ပြောင်းလိုက်သည်။

“ဒါဆို ဘယ်လိုလဲ။ ကျွန်မတို့ ပူးပေါင်းကြမလား’’

လင်းရှန်သည် သူမကို ကြည့်ရင်း၊ သိမ်မွေ့စွာ ပြုံးနေသော မျက်နှာသည် ရုတ်တရက် အေးစက်သွားသည်။

“ငါ ငြင်းတယ်’’

“အာ..’’

ကီကီသည် နေရာတွင်ပင် တုံ့ဆိုင်းသွားပြီး ထိတ်လန့်တကြားဖြစ်သွားသည်။ အစောပိုင်းက လင်းရှန်သည် စိတ်ဝင်တစားရှိပုံပေါ်ခဲ့သော်လည်း၊ အဘယ်ကြောင့် သူ၏မျက်နှာအမူအရာသည် ရုတ်တရက် အေးစက်သွားရသနည်း။

“ရှင်… ဘာကိုဆိုလိုတာလဲ’’

သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

လင်းရှန်၏ အေးစက်သော မျက်လုံးများသည် သူမအပေါ်သို့ ကျရောက်လာပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ငါက သူများရဲ့ထိန်းချုပ်မှုကို နှစ်သက်တဲ့သူ မဟုတ်ဘူး။ မင်းရဲ့စွမ်းအားနိုးထလာတာက ငါ့ကို ဆန့်ကျင်ခွင့်ပေးတယ်လို့ မင်းထင်တယ်ဆိုရင်၊ အခုချက်ချင်း ဒီမှာ အဆုံးသတ်လိုက်ကြမယ်။ရှင်မလား၊ သေမလား…ဒါမှ လမ်းတစ်လျှောက်လုံး တစ်ယောက်နဲ့တစ်ယောက် သံသယတွေ မရှိကြမှာလေ”

ထိုစကားကို ကြားလိုက်ရသောအခါ ကီကီသည် အပြစ်ရှိသလို ခံစားလိုက်ရသည်။

“ဘယ်သူ… ဘယ်သူက ရှင့်ကို ဆန့်ကျင်ချင်တယ်လို့ ပြောလဲ’’

လင်းရှန်က သိမ်မွေ့စွာ ပြုံးလိုက်သော်လည်း၊ သူ၏အသံသည် တည်ငြိမ်ပြီး ခိုင်မာနေဆဲဖြစ်သည်။

“ငါ မင်းကို ကျင်းဟိုင်ကို ခေါ်သွားနိုင်တယ်။ ဒါဟာ ဂြိုဟ်ပတ်ရထားလမ်းပေါ်က နောက်ထပ်မြို့တစ်မြို့ပဲ။ ဒါပေမယ့် မင်းနဲ့ သဘောတူညီချက်လုပ်ဖို့လည်း၊ မင်းအတွက် အထူးလိုက်လျောဖို့လည်း ငါ့မှာ ရည်ရွယ်ချက်မရှိဘူး။ အခုအချိန်မှာ နေ့တိုင်းအသက်ရှင်ဖို့ပဲ အရေးကြီးတယ်။ မင်းကို ငါ ခေါ်သွားမယ်ဆိုရင်၊ ဒါဟာ မင်းကို ငါယုံကြည်လို့၊ မင်းက ဒီအဖွဲ့အတွက် အထောက်အကူဖြစ်နိုင်လို့ပဲ။ ဒီမှာ ဘယ်သူမှ မင်းကို အလုပ်အကျွေးမလုပ်ပေးဘူး၊ အစားအသောက်လည်း အကန့်အသတ်ရှိတယ်။ လူတိုင်း ကိုယ့်တာဝန် ကိုယ်ယူရမယ်။ မင်းကို ကျင်းဟိုင်ကို ခေါ်သွားတာက ငါ့အတွက် အကျိုးရှိမရှိကို ငါ ဂရုမစိုက်ဘူး။ နားလည်လား’’

အချို့သူများက လင်းရှန်၏အမြင်သည် ကျဉ်းမြောင်းသည်ဟု ထင်မှတ်ကောင်းထင်မှတ်နိုင်သော်လည်း၊ ဤကမ္ဘာပျက်ကပ်ကာလတွင် နေ့စဉ်အသက်ရှင်သန်မှုသည် ရေရှည်ကတိများထက် ဦးစားပေးဖြစ်သည်။ သူသည် နေ့စဉ်အသက်ရှင်ရပ်တည်မှုနှင့် အမှောင်ဒီရေများမှ လွတ်မြောက်ရေးကိုသာ အာရုံစိုက်ရမည်။ အနာဂတ်အကျိုးအမြတ်များနှင့် သဘောတူညီချက်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော အာရုံထွေပြားမှုများသာဖြစ်သည်။

ကီကီ၏ ရထားပေါ်တွင် အထူးအခွင့်အရေးရရန် ညှိနှိုင်းလိုသည့်အကြံသည် လုံးဝလွဲမှားနေသည်။ အခြားသော အသက်ရှင်ကျန်ရစ်သူများသည် ကတိများဖြင့် လှုံ့ဆော်ခံရကာ အားလုံးကို လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သော်လည်း၊ လင်းရှန်သည် ထိုသို့သောလူမျိုးမဟုတ်ပေ။ သူ့အတွက်၊ စိတ်ရင်းမမှန်သူသည် မည်မျှစွမ်းရည်ရှိစေကာမူ တန်ဖိုးမရှိပေ။

အရေးအကြီးဆုံးမှာ၊ ကီကီသည် အကျပ်အတည်းကို ခံစားရရန် လိုအပ်သည်။ မဟုတ်ပါက၊ လင်းရှန်က အလျှော့ပေးလိုက်လျှင် သူမသည် ၎င်းကို သူ၏စွမ်းအားများကို ကြောက်ရွံ့သည်ဟု အထင်မှားနိုင်သည်။ ထို့ကြောင့်၊ မဟာမိတ်ဖြစ်မည်လား၊ ရန်သူဖြစ်မည်လားကို ချက်ချင်း ရှင်းလင်းလိုက်ခြင်းသည် ပိုမိုကောင်းမွန်သည်ဟု သူထင်ပေသည်။

ကီကီသည် သူမကို ပြုံးပြလျက်ရှိသော လင်းရှန်ကို စိုက်ကြည့်နေသည်။ အကြောင်းတစ်ခုခုကြောင့်၊ ထိုအပြုံးနှုတ်ခမ်းသည် လုံးဝမနွေးထွေးပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူမသည် သူ့ကို ကျောခိုင်းလိုက်လျှင် ထိုပြုံးနေသော နှုတ်ခမ်းနောက်ကွယ်တွင် သူမကို ဝါးမျိုရန် အဆင်သင့်ဖြစ်နေသော ကြောက်မက်ဖွယ် နတ်ဆိုးတစ်ကောင်ကို မြင်ရမည်နှင့်တူသည်။

လင်းရှန်၏ ပြတ်သားသောစကားများကို ရင်ဆိုင်ရသောအခါ၊ ကီကီ၏ အကြည့်များသည် ယိမ်းယိုင်လာသည်။ ခဏမျှ တိတ်ဆိတ်ပြီးနောက်၊ ၎င်းတို့၏ အကြည့်များသည် နောက်ဆုံးတွင် ပြတ်တောက်သွားသည်။ ဆိုဖာပေါ်တွင် ဒူးများကို ဖက်ထားရင်း၊ သူမသည် ကြောင်ကလေးတစ်ကောင်လို သူ့ကို မော့ကြည့်လိုက်ပြီး မျက်လုံးရွဲကြီးများဖြင့် သနားစဖွယ်ပုံစံဖြင့် ပြောလိုက်သည်။

“အို-အိုကေလေ’’

“အိုကေဆိုတာ ဘာအဓိပ္ပာယ်လဲ’’

လင်းရှန်၏ အကြည့်သည် ပြင်းထန်နေဆဲဖြစ်သည်။

“ရှင်ပြောတဲ့အတိုင်း ကျွန်မလုပ်မယ်”

ကီကီသည် လက်ချောင်းများကို ကုတ်ဖဲ့ရင်း မကျေနပ်သလို ပုံစံဖြစ်သော်လည်း အသံသည် ပိုနူးညံ့လာသည်။

“ဒါပေမယ့် ကျွန်မကို ဗိုက်ဟောင်းလောင်းတော့ မထားနဲ့လေ…’’

လင်းရှန်သည် သိုလှောင်စင်ဆီသို့ လျှောက်သွားပြီး သစ်သီးစည်သွပ်ဗူး တစ်ဗူးနှင့် မုန့်ခြောက်တစ်အိတ်ကို ယူကာ သူမထံသို့ ပစ်ပေးလိုက်သည်။ သူ၏အသံသည် အေးစက်နေဆဲဖြစ်သည်။

“မင်းက အရင်က ဘယ်သူဖြစ်ခဲ့ဖြစ်ခဲ့၊ ဒီရထားပေါ်ရောက်လာရင် တခြားအတွေးတွေ မထားတာ အကောင်းဆုံးပဲ။ လူတိုင်းမှာ အသက်တစ်ချောင်းပဲရှိတယ်။ မင်းကို ငါမယုံရင်၊ မင်းဘယ်လောက်အသုံးဝင်ပါစေ၊ ငါ မင်းကို ရထားပေါ်က ပစ်ချမယ်’’

ဤစကားကို ကြားလိုက်ရသောအခါ၊ ကီကီ၏ မျက်လုံးများသည် လမ်းဘေးကို လှည့်ပတ်ကြည့်ရှုရင်း သူ့ကို ခိုးကြည့်လိုက်သည်၊ သူမစိတ်ထဲတွင် ဘာတွေးနေသည်ကို မသိရပေ။ သူမသည် သစ်သီးဗူးကို ဖွင့်လိုက်ပြီး တစ်ကိုက်ကိုက်လိုက်ကာ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

“ကျွန်မနာမည်က ဝင်ချီ’’

“အဲဒီနာမည်လည်း အတုလား’’

လင်းရှန်က မေးလိုက်သည်။

ကီကီ၏ မျက်နှာ အနည်းငယ်ရဲသွားသည်။ “မဟုတ်ဘူး။ ကျွန်မက အမြဲတမ်း ကီကီလို့ပဲ သုံးနေကျပါ၊၊ ဒါပေမယ့် ဝင်ချီက ကျွန်မရဲ့ နာမည်အစစ်ပါ’’

လင်းရှန်သည် သူမ၏စိတ်ရင်းမှန်ကို အသိအမှတ်ပြုကာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏အသံသည် အနည်းငယ် နူးညံ့လာသည်။

“ဒါကို မင်းရဲ့ရိုးသားမှုပြတဲ့ နည်းလမ်းလို့ ငါယူဆမယ်’’

“ကျွန်မ တစ်ခုတောင်းဆိုလို့ရမလား’’

ကီကီက မေးလိုက်သည်။

“ပြောကြည့်လေ”

“တွဲနံပါတ် ၂ မှာ ကျွန်မနေလို့ရမလား”

ကီကီသည် လင်းရှန်နှင့် ချန်ဆီရွှမ်တို့နှင့် တူညီသော ရထားတွဲတွင် မနေလိုပေ။ သူမသည် ပေါ့ပါးတက်ကြွသော စရိုက်ရှိသော်လည်း၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်သဖြင့် ထိုကဲ့သို့သော ကိစ္စများတွင် အနည်းငယ် အထိမခံ ဖြစ်နေသေးသည်၊၊

“ပြဿနာမရှိဘူး’’

လင်းရှန်က သဘောတူလိုက်သည်။

“ဒါပေမယ့် တွဲနံပါတ် ၂ က ဘာမှမရှိသလောက်ပဲ၊၊ နေထိုင်လို့ရဖို့ နည်းနည်းပြင်ဆင်ရမယ်’’

“ကျွန်မ ကိုယ့်ဘာသာကိုယ် စီမံလိုက်မယ်’’

‘’ဟမ်’’

လင်းရှန်၏ အကြည့်သည် တင်းမာလာပြီး အသံသည် မဖော်ရွေသောပုံစံသို့ ပြောင်းလဲသွားသည်။

ကီကီသည် ချက်ချင်း ပြင်ဆင်ပြီး အသံပျော့လေးဖြင့် ပြောလိုက်သည်။

“ဆိုလိုတာက၊ ကျွန်မ ရှင့်ရဲ့ခွင့်ပြုချက်ကို အရင်ယူမယ်၊ ပြီးတော့၊ ရှင့်ရဲ့အကူအညီလည်း လိုတယ်’’

“အခုတော့ ပိုကောင်းလာပြီ’’

လင်းရှန်သည် ကီကီ၏ လက်ရှိသဘောထားကို များစွာ စိတ်ကျေနပ်သလို ခံစားရသည်။

အနည်းငယ် ‘’ဖော်ရွေသော’’ ညှိနှိုင်းမှုတစ်ခုပြီးနောက်၊ လင်းရှန်သည် ဤရှုပ်ထွေးသော မိန်းကလေးကို အဖွဲ့ထဲသို့ ယာယီလက်ခံရန် ဆုံးဖြတ်လိုက်သည်။ မနေ့ညက သူမနှင့်အတူ တိုက်ခိုက်ခဲ့ရသဖြင့်၊ သူမတန်ဖိုးကို သူ အသိအမှတ်ပြုပေသည်။

“ဟေး’’

လင်းရှန်ထွက်သွားရန် လှည့်လိုက်စဉ်၊ ကီကီသည် နှုတ်ခမ်းဆူပြီး သူ့ကို အော်ခေါ်လိုက်သည်။

“လူဆိုးကောင်၊ အဲဒီစစ်စခန်းကို သွားကြည့်ချင်သေးလား’’

လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်။ “ထောင်ခြောက်မရှိဘူးမလား’’

ကီကီသည် မျက်လုံးများကို လှန်ကြည့်လိုက်သော်လည်း အံ့သြစရာကောင်းစွာပင် အသံတိုးတိုးဖြင့် ပြောလိုက်သည်၊၊

“ရှင် မယုံရင်၊ ကျွန်မလည်းလိုက်ခဲ့မယ်”

လင်းရှန်၏ မျက်နှာအမူအရာသည် အနည်းငယ် မှုန်ကုပ်သွားသည်။ ဤတစ်ကြိမ်တွင် သူမစကားများသည် ရိုးသားကြောင်း သူ ခံစားမိသည်။ တစ်ချိန်တည်းမှာပင်၊ သူသည် သူ၏ ‘’အနန္တရထား’’ အစီအစဉ်ကို ပြန်လည်အကဲဖြတ်ကြည့်ရာ၊ ၎င်းတွင် အားနည်းချက်များစွာ ရှိနေသေးကြောင်း သဘောပေါက်လိုက်သည်။

သူ၏စွမ်းအားသည် ယာယီအနေဖြင့် စွမ်းအင်ပြဿနာများကို ဖြေရှင်းပေးထားသော်လည်း၊ ခရီးစတင်ကတည်းက ၎င်းတို့ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများသည် စွမ်းအင်ထောက်ပံ့မှုပြဿနာများထက် များစွာ ပို၍အန္တရာယ်ကြီးမားသည်။

ထို့ကြောင့် ကီကီသည် ပိုင်ဝမ်မြို့အနီးရှိ စစ်စခန်းတစ်ခုကို ဖော်ပြလိုက်သောအခါ၊ လင်းရှန်သည် စိတ်ဝင်စားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူသည် ရထား၏သံချပ်ကာနှင့် လက်နက်များကို အဆင့်မြှင့်တင်ရန် အရေးတကြီး လိုအပ်နေသည်။ ထို့ပြင် ဆက်သွယ်ရေးသည်လည်း ပိုမိုကောင်းမွန်သော ကင်းထောက်စနစ်များ လိုအပ်သည်။ သူကိုယ်တိုင်ပင် ယန္တရားနှလုံးသားအဆင့်ကို မြှင့်တင်ရန် သို့မဟုတ် ပိုအသုံးဝင်သော စွမ်းရည်များ ရယူရန် လိုအပ်သည်။

လင်းရှန်သည် ဆံပင်အခြောက်ခံစက်တစ်ခုမှ အားကောင်းသော ‘’လေအမြောက်’’ စွမ်းရည်ကို တစ်ကြိမ်ရရှိခဲ့ဖူးသည်။ အကယ်၍ သူသည် စစ်တပ်အဆင့်လက်နက်များကို ဝါးမျိုနိုင်ခဲ့လျှင်၊ နောက်ထပ် မည်သည့်အံ့သြဖွယ်များ ပေါ်ပေါက်လာနိုင်မည်ကို မည်သူသိမည်နည်း။

ဤအရာကို စဉ်းစားရင်း၊ လင်းရှန် ခေါင်းညိတ်လိုက်သည်။

“ငါ ရထားရဲ့ သံချပ်ကာနဲ့ လက်နက်တွေကို အဆင့်မြှင့်ချင်တယ်။ မင်းပြောတဲ့ အဲဒီစစ်စခန်းကို သွားကြည့်ကြမယ်။ ပိုင်ဝမ်မြို့မှာလည်း ထောက်ပံ့ပစ္စည်းတွေ စုဆောင်းနိုင်မယ်’’

“ကောင်းပြီလေ”

ကီကီ၏ မျက်လုံးများသည် တောက်ပလာပြီး ရထားနံပါတ် ၃ ကို ညွှန်ပြလိုက်သည်။

“အဲဒါကို စီးသွားကြမလား’’

လင်းရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။

“မင်း အဲဒါကို ဘယ်လိုစီးရမယ်ဆိုတာ သိလို့လား’’

“အဟက်…ရှင် ဘယ်သူ့ကို အထင်သေးနေတာလဲ’’ ကီကီက သူမ၏ ကိုယ်ကို အနည်းငယ်လှည့်လိုက်ပြီး၊ သူမရဲ့ သေးသွယ်သော ခါးပေါ်မှ နေကာမျက်မှန်တပ်ထားသော အနက်ရောင်ကြောင်တစ်ကောင်၏ တက်တူးငယ်တစ်ခုကို ပြသလိုက်သည်။ သူမရဲ့ ဘောင်းဘီတိုနှင့် ရှည်လျားသော ခြေထောက်များနှင့်အတူ၊ သူမသည် ပန့်ခ်ဆန်သောစတိုင်ကို ထုတ်ဖော်ပြနေသည်။

“အရင်တုန်းက ကျွန်မရဲ့နာမည်ပြောင်ကို သိလား’’

“ဆိုင်ကယ်စီးချင်တဲ့ မိန်းကလေးလား”

“အာ…မဟုတ်ဘူး။ ဒါက ‘အနက်ရောင်လမင်းစီးနင်းသူ'လေ”

“အနက်ရောင်တက္ကစီဝန်ဆောင်မှုလား’’

“ဟွန့်…ရှင်က လုံးဝယဉ်ကျေးမှုမရှိဘူးပဲ’’

All Chapters