အခန်း (၃၆၄-၃၆၆)
Vol. 25 Ch. 364-366
အခန်း (၃၆၄) : ပြဿနာ
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ ကြီးမားသောလက်ကြီးကျရောက်လာခဲ့ပြီးနောက် မြေပြင်ပေါ်တွင်လက်ရာကြီးတစ်ခုထင်ကျန်ခဲ့လေတော့သည်။
သို့သော်ထိုလက်ကြီးမှာ ကျိုးဟောင်အားဖမ်းမမိခဲ့ပေ။ ထို့နောက်လေဟာနယ်ထဲမှဒေါသတကြီးကြုံးဝါးသံတစ်ခုထွက်ပေါ်လာပြီး လက်ကြီးသည်လည်းတဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပေသည်။
အားလုံးမှာထိတ်လန့်နေကြပြီး ထိုအထဲတွင်လူသားများသာမက သန္ဓေပြောင်းသားရဲများလည်း ပါဝင်ပေသည်။
လက်ရှိအချိန်တွင် အားလုံးမှာတိုက်ခိုက်ရန်မေ့လျော့နေကြပေသည်။
အားနည်းသောစစ်သည်များမှာ ကောင်းကင်ပေါ်မှထွက်ပေါ်လာသည့်လက်ကြီးကြောင့်ထိတ်လန့်နေကြသော်လည်း ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမူ အစောပိုင်းကဥက္ကဌကျိုးအသုံးပြုလိုက်သောမူလကျောက်စာကြောင့် ထိတ်လန့်နေကြခြင်းဖြစ်သည်။
သူတို့၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ၊ ရှူပ်ထွေးမှုများနှင့်ပြည့်နှက်နေပြီး တိုတိုပြောရလျှင် အားလုံးမှာ စကားနှင့်ဖော်ပြလို့မရအောင်ပင်ရှုပ်ထွေးနေကြပေသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ....ဘာလို့ဥက္ကဌကျိုးကမူလကျောက်စာရဲ့စွမ်းအားကို....ဘယ်လိုသုံးရမလဲသိနေတာလဲ...."
ဤမေးခွန်းအားမေးလိုက်သူမှာပိုင်လင်းလုံသာဖြစ်သည်။ သူမ၏လှပသောမျက်နှာလေးမှာ ဆိုးဝါးသည့်ကိစ္စတစ်ခုခုဖြစ်ပျက်ခဲ့သကဲ့သို့ ဖြူလျော်နေပြီး နူးညံ့သောကိုယ်လေးသည်လည်းတုန်ယင်နေခဲ့သည်။
ပိုင်ကျန်းဟိုင်ပင်တီးတိုးရေရွတ်နေကာ သူ၏စကားလုံးများမှာ ဉာဏ်မီအောင်မစဥ်းစားနိုင်တော့သည့်သဘောမျိုးသက်ရောက်နေပေသည်။
"မူလကျောက်စာ....အခုလိုစွမ်းအားကြီးတဲ့မူလကျောက်စာ မဟုတ်မှ...ငါတို့လူသားမျိုးနွယ်မှာ နောက်ထပ်သစ္စာဖောက်တစ်ယောက်ပေါ်လာတော့မှာလား...."
မြေရိုင်းလွှမ်းမိုးနဂါးမှာအေးစက်စွာနှာခေါင်းရှုံ့ရင်းစကားတစ်ခွန်းပြောလာခဲ့သည်။
"ပိုင်ကျန်းဟိုင်ငါမင်းတို့လူသားမျိုးနွယ်ဆီကနေဖြေရှင်းချက်တစ်ခုလိုချင်တယ် တကယ်လို့မင်းတို့ဘက်ကဖြေရှင်းချက်မပေးနိုင်ရင် ငါတို့မျိုးနွယ်ခြားတွေကဒီကိစ္စကိုဒီအတိုင်းထားမှာမဟုတ်ဘူး"
ထိုစကားအားပြောပြီးနောက် ၎င်းမှာကြောက်ရွံ့နေသည့်အလား ချက်ချင်းပင်လေဟာနယ်ထဲဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ရွှေချပ်ဝတ်ခေါင်းတိုလိပ်နှင့် အခြားသတ္တဝါများသည်လည်း မြေပြင်ပေါ်သို့ခုန်ချကာ ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။
သန္ဓေပြောင်းသားရဲများသည်လည်းအတူတူပင်။ ကောင်းကင်ပေါ်ရှိမပျံ့နှံ့သွားသောမူလကျောက်စာစွမ်းအားမှာ မကောင်းမှုအားလုံး၏အဆုံးသတ်ကဲ့သို့ပင်။ ထိုစွမ်းအားသည်သူတို့အားကြောက်ရွံ့စေသည်။ ထိတ်လန့်စေသည်။ ဤမြေပေါ်တွင်မနေဝံ့အောင်လည်း လုပ်နိုင်ပေသည်။
လူသားစစ်သည်များမှာထိုမြင်ကွင်းအားမြင်လိုက်ရချိန်တွင် ရင်အေးပြီးသက်မချလိုက်ကြသည်။ သူတို့၏ကိုယ်တွင်းရှိပိုးများသည်လည်း ရှင်းလင်းခံလိုက်ရပြီဖြစ်ပြီး တာဝါတိုင်သည်လည်းဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများစွာလည်း ဖျက်ဆီးခံခဲ့ရပေသည်။
အားလုံးမှာပျော်ရွှင်ပြီးအော်ဟစ်လာကြလေသည်။
"ငါတို့နိုင်ပြီ.....ငါတို့နိုင်ပြီ....."
"ဟဟ သိပ်ကောင်းတာပဲ ငါတို့နိုင်ပြီ ဥက္ကဌကျိုးကပြိုင်ဘက်ကင်းပဲ ဥက္ကဌကျိုးကပြိုင်ဘက်ကင်းပဲ"
"ဥက္ကဌကျိုးကိုဒီလောက်စွမ်းအားကြီးမယ်မထင်ထားဘူး သူကတစ်ချက်တည်းနဲ့တာဝါတိုင်ကိုအစိတ်စိတ် အမြွှာမြွှာဖျက်ဆီးပြီး ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲတွေအများကြီးကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်"
"ဟဟ ငါတို့လူသားမျိုးနွယ်ကတကယ်အံ့မခန်းပဲ ဥက္ကဌကျိုးလိုပညာရှင်သာရှိနေရင် ငါတို့သေချာပေါက်နိုင်မှာပဲ"
လူသားစစ်သည်များမှာစိတ်လှုပ်ရှားကာပျော်ရွှင်နေကြသော်လည်း ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာမူမပျော်နိုင်ပေ။
ထိုလူများသည်ပိုင်ကျန်းဟိုင်အနားရောက်လာကာ အလျင်အမြန်ပင်မေးလာကြသည်။
"ကောင်းကင်ဘုံဘုရင်ပိုင် ကျွန်တော်တို့ဘယ်လိုလုပ်မလဲ...ကျွန်တော်တို့ဘယ်လိုလုပ်မလဲ....မူလကျောက်စာရဲ့စွမ်းအားကနောက်တစ်ကြိမ်ပြန်ပေါ်လာပြန်ပြီ"
"ဟုတ်တယ်...ကောင်းကင်ဘုံဘုရင်ပိုင် အဲဒီဥက္ကဌကျိုးက တကယ်ကြီးဒီစွမ်းအားအကြောင်းသိတယ် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ..."
"သူက...ကျွန်တော်တို့အားလုံးရဲ့အသက်တွေကိုကယ်ခဲ့တာတောင်မှ အထက်လူကြီးတွေကအပြစ်တင်ကြဦးမှာလား"
အားလုံးမှာမမေးဘဲမနေနိုင်ကြပေ။ အသံများမှာ ဇဝေဇဝါနှင့်ပဟေဠိဖြစ်ကာ စိုးရိမ်နေမှန်းသိသာလှပေသည်။
ပိုင်ကျန်းဟိုင်မှာအသက်ပြင်းပြင်းရှူပြီးနောက် ခါးသီးသောအပြုံးတစ်ခုဖြင့်တုံ့ပြန်လိုက်သည်။
"ဒီကိစ္စက....ငါဆုံးဖြတ်လို့မရဘူး ဥက္ကဌကျိုး ငါတို့ကိုကယ်ခဲ့တာအမှန်ပဲ ဒါပေမဲ့အဲဒီစွမ်းအားကိုထိန်းချုပ်နိုင်တဲ့ဘယ်သူမဆို လူသားတွေရဲ့ရန်သူဖြစ်လာလိမ့်မယ်..."
ပိုင်ကျန်းဟိုင်၏စကားလုံးများအားကြားလိုက်ရသည်နှင့် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များမှာအားလုံးတိတ်ဆိတ်သွားခဲ့ကြသည်။ ထိုစွမ်းအားမှာမည်မျှကြောက်မက်ဖွယ်ကောင်းပြီးထိတ်လန့်စရာကောင်းကြောင်း သူတို့သဘောပေါက်ပေသည်။
အရေးကြီးဆုံးမှာ ဤစွမ်းအားသည်လူသားများ၊ သန္ဓေပြောင်းသားရဲများနှင့်မသက်ဆိုင်ပေ။
၎င်းသည်ဤလောကကြီးတွင်ပေါ်မလာသင့်သောအရာဖြစ်သည်။
"စောင့်ကြတာပေါ့ မကြာခင်အထက်လူကြီးတွေက ဥက္ကဌကျိုးကိုဖမ်းဖို့အမိန့်ပေးလိမ့်မယ်"
ပိုင်ကျန်းဟိုင်မှာသက်ပြင်းသာချလိုက်မိပြီး မိမိကိုယ်ကိုအလွန်အပြစ်တင်နေမိပေသည်။ ဥက္ကဌကျိုးသည်သူတို့အားကယ်တင်ခဲ့သူဖြစ်သော်ငြား သူသည်ဤအမိန့်အားပေးရုံမှလွဲရွေးချယ်စရာမရှိပေ။
ဤသို့လုပ်ရသည့်အကြောင်းပြချက်မှာအထက်လူကြီးများ၏ဆုံးဖြတ်ချက်အားသိနေ၍သာဖြစ်သည်။
"ကျွန်မတို့တကယ်ဥက္ကဌကျိုးကိုဖမ်းရမှာလား...သူ....သူကကျွန်မတို့ကိုကယ်ခဲ့တာလေ...."
ပိုင်လင်းလုံမှာသူမ၏နှုတ်ခမ်းရဲရဲလေးအားကိုက်ကာမေးလာလေသည်။
"ငါသိပါတယ်..."
ပိုင်ကျန်းဟိုင်မှာသက်ပြင်းချရင်းပြန်ဖြေလိုက်သည်။
"ကျွန်မဥက္ကဌကျိုးနဲ့အရမ်းမရင်းနီးဘူးဆိုပေမဲ့ သူကသေချာပေါက်ကျွန်မတို့လူသားမျိုးနွယ်ကိုသစ္စာမဖောက်ဘူးဆိုတာကျွန်မယုံတယ် သူသေချာပေါက်သစ္စာဖောက်မှာမဟုတ်ဘူး"
ပိုင်လင်းလုံမှာထိုစကားအားပြောလိုက်ပြီး သူမ၏ မျက်နှာလေးတွင်လည်း ဆုံးဖြတ်ချက်ပြတ်သားဟန်မှာ သိသိသာသာပေါ်နေပေသည်။
"ဟုတ်တယ်....အားလုံးလည်းဒီလိုပဲထင်ကြတာပဲ ဒါပေမဲ့...ဟင်း...လင်းလုံ ဒီကိစ္စကိုအသာထားဦး မင်းရဲ့ကျောင်းသားတွေကို ၁၃ခုမြောက်လေ့ကျင့်ရေးအခြေစိုက်စခန်းကိုပြန်ခေါ်သွားရဦးမယ်မလား ဒီကိစ္စကိုမင်းမသိသလိုသာဟန်ဆောင်နေလိုက်"
ပိုင်ကျန်းဟိုင်မှပြောလိုက်လေသည်။
ပိုင်လင်းလုံမှာတစ်ခုခုပြောချင်သော်ငြား ရုတ်တရက်လူတစ်ယောက်အားသတိရသွားသည်။
၎င်းမှာကျိုးဟောင်ပင်ဖြစ်သည်။
ကျိုးဟောင်၏ဆရာမှာဥက္ကဌကျိုးဖြစ်ကြောင်းလူအတော်များများသိကြပေသည်။ ကျိုးဟောင်ဆိုပါက တစ်ခုခုတော့သိနိုင်ပေသည်။
ထို့သို့တွေးမိလိုက်သည်နှင့် သူမသည်တွေဝေမနေဘဲလေ့ကျင့်ရေးစခန်းသို့ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တွင်ကျိုးဟောင်မှာလေ့ကျင့်ရေးစခန်းရှိသူ့အခန်းထဲတွင်ပေါ်လာခဲ့သည်။ အဝတ်အစားများအားလဲပြီးနောက် ရုတ်တရက်ဆိုသလိုပင်သွေးတစ်ပွက်အန်လိုက်ရပြီး အငွေ့အသက်သည်လည်းချက်ချင်းပင်အားပျော့သွားခဲ့သည်။
"သေစမ်း ဒီမူလကျောက်စာရဲ့စွမ်းအားကအရမ်းစွမ်းအားကြီးလွန်းတယ် ငါ့ရဲ့စွမ်းအင်အနှစ်သာရကုန်ရုံတင်မကဘူး သွေးအနှစ်သာရဆယ်ပုံပုံတစ်ပုံလောက်ပါ ပါသွားသေးတယ်"
ကျိုးဟောင်မှာအလွန်စိတ်ညစ်သွားခဲ့သည်။လက်ရှိအချိန်တွင် စကားပြောရန်အချိန်မရှိပေ။ ကျိုးဟောင်မှာစွမ်းအင်ဘားနှင့်ရှေးဟောင်းကျောက်များအား အလျင်အမြန်ပင်ထုတ်ယူလိုက်ပြီးနောက် ဒဏ်ရာများအားကုသရန်စတင်စုပ်ယူလိုက်သည်။
ကံကောင်းထောက်မစွာပင် ကျိုးဟောင်၏ခန္ဓာကိုယ်မှာ သာမန်ထက်ထူးကဲပေရာ ဒဏ်ရာအပြင်းအထန်ရခဲ့သော်ငြား စွမ်းအင်ဘား ၁၀ခုကျော်နှင့် ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက် ၁၀တုံးကျော်မျှစုပ်ယူပြီးနောက် ဒဏ်ရာအများစုမှာပြန်လည်ကောင်းမွန်သွားခဲ့သည်။
ထိုသို့ကုသပြီးနောက်ကျိုးဟောင်မှာမျက်လုံးအားဖြည်းညင်းစွာဖွင့်လိုက်ပြီး ချက်ချင်းပင်မုရုံရွှင်း၏ဝိဉာဉ်အားထုတ်ယူလိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားသို့ အေးစက်သောအလင်းတန်းတစ်ခုအားပို့လွှတ်လိုက်လေသည်။ ကျိုးဟောင်၏အတွေးတစ်ချက်နှင့်ပင်မုရုံရွှင်းမှာချက်ချင်းသေဆုံးသွားမည်ဖြစ်ပြီး ဝိဉာဉ်သည်လည်းဖျက်ဆီးခံရမည်ဖြစ်သည်။
"မင်းကငါ့ကိုသတ်ချင်နေတာလား ငါမင်းကိုဒီလောက်သိုင်းပညာရှင်တွေအများကြီးရဲ့အသက်ကိုကယ်ဖို့ကူညီပေးခဲ့တာကို"
မုရုံရွှင်းမှာထိုစကားအားပြောလိုက်သော်ငြား လုံးဝစိုးရိမ်မနေပေ။ အဘယ့်ကြောင့်ဆိုသော် ကျိုးဟောင်သူ့အားသတ်မည်မဟုတ်ကြောင်းသိနေ၍သာဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်ထံတွင်။သူ့အားဖြေစေချင်သည့်မေးခွန်းများစွာရှိသေးပေသည်။
မူလကျောက်စာအားသုံးချိန်တွင် ဘာကြောင့်ဤမျှလောက်ဝန်လေးနေရပါသနည်း။
မူလကျောက်စာမှာ ဘာကြောင့်ဤမျှစွမ်းအားကြီးနေရပါသနည်း။
မူလကျောက်စာမှာ ဘာကြောင့်ကောင်းကင်ပေါ်ရှိကြီးမားသည့်လက်ကြီးအားဆွဲဆောင်နိုင်ရသနည်း။
မူလကျောက်စာအားမြင်လိုက်ရချိန်တွင် သန္ဓေပြောင်းသားရဲများနှင့်လူသားပညာရှင်များမှာ ဘာကြောင့်ယခုလိုအမူအရာမျိုးဖြစ်သွားကြသလဲဆိုသည်ကို သူလည်းသိချင်ပေသည်။
ကျိုးဟောင်ထံတွင်မေးခွန်းများစွာရှိနေပြီး ထိုမေးခွန်းများအားဖြေနိုင်သူမှာ သူသာရှိကြောင်းကို မုရုံရွှင်းသိပေသည်။
"ဟမ့် မုရုံရွှင်းခင်ဗျားဘာတွေကြံနေတာလဲ ခင်ဗျားကျွန်တော့်ကိုမူလကျောက်စာကိုသင်ခိုင်းခဲ့ပြီး အသက်သေခါနီးဖြစ်အောင်လုပ်ခဲ့တာပဲ"
ကျိုးဟောင်မှအေးစက်စွာပြောလိုက်သည်။ လက်ရှိအချိန်တွင်ကျိုးဟောင်မှာ မိမိသည်အလှည့်စားခံခဲ့ရခြင်းဖြစ်နိုင်ကြောင်းအား နားလည်လိုက်ပြီဖြစ်သည်။
"ကျိုးဟောင် မင်းအထင်ငါကမင်းကိုလိမ်ပြီး ကြိုးကိုင်ခဲ့တယ်လို့တောင်ထင်နေတာလား"
မုရုံရွှင်းမှာပြုံးကာ တည့်ပင်မေးလိုက်သည်။
ကျိုးဟောင်မှာစကားမပြောသော်လည်း အေးစက်သောမျက်လုံးများထဲရှ်ိအဓိပ္ပာယ်မှာတော့သိသာလှပေသည်။
"ဟီးဟီး မင်းဒီလိုပဲတွေးမယ်ဆိုတာငါသိသားပဲ တကယ်တော့ငါမင်းကိုအမှန်အတိုင်းပြောပြလို့ရတယ် မူလကျောက်စာရဲ့စွမ်းအားက သန္ဓေပြောင်းသားရဲတွေနဲ့လူသားတွေကြားကပူးတွဲသဘောတူညီမှုတစ်ခုပဲ ဘယ်ဖက်ကမှမူလကျောက်စာကိုကျင့်ကြံခွင့်မရှိဘူး ဒါကဘယ်သူမှမလိုက်နာလို့မရတဲ့တားမြစ်ချက်တစ်ခုပဲ"
"မူလကျောက်စာကိုသင်တဲ့ ဘယ်သိုင်းပညာရှင်မဆိုသေချာပေါက်သေရမယ်"
"မင်းဘယ်သူဖြစ်ဖြစ် ဘယ်မှာနေနေကိစ္စမရှိဘူး မူလကျောက်စာနဲ့ပတ်သက်မိတာနဲ့ မင်းကသန္ဓေပြောင်းသားရဲတွေနဲ့ လူသားမျိုးနွယ်ရဲ့ရန်သူဖြစ်လာမှာပဲ"
"ဒီကိစ္စက ဘာမှယုတ္တိမရှိဘူး အဲဒါကြောင့်မင်းသုံးရဲလားလို့ငါမေးခဲ့တာ အဲဒါကြောင့်ပဲမူလကျောက်စာကိုသုံးပြီးရင်ပြေးရမယ်လို့ မင်းကိုပြောခဲ့တာ"
"သန္ဓေပြောင်းသားရဲနဲ့လူသားတွေတင်မင်းကိုသတ်ချင်နေတာမဟုတ်ဘူး ဟိုရှေးဟောင်းသတ္တဝါကြီးတွေကလည်းမင်းကိုသေစေချင်တယ်"
...................................................................................
အခန်း(၃၆၄) ပြီးပါပြီ။
အခန်း (၃၆၅) : လျှို့ဝှက်ချက်
မုရုံရွှင်းသည် ကျိုးဟောင်အားသေမည်ဆိုသည့်စကားကိုတော့ပြောခဲ့ပေသည်။
ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။ သူသည်သဘောထားသေးသိမ်သောလူတစ်ယောက်မဟုတ်ပေ။ လက်ရှိအချိန်တွင် မုရုံရွှင်း၏စကားများအားနားလည်လိုက်ပြီး အလေးအနက်အမူအရာဖြင့် ချုပ်နှောင်ထားသည့်စွမ်းအားအားပြန်လည်ရုပ်သိမ်းလိုက်သည်။
လူသားစစ်သည်တစ်ယောက်ဖြစ်လာရသည်ကိုလည်းနောင်တမရပေ။ မူလကျောက်စာအားသင်ယူသည့်သူမှာ မည်သည့်အကြောင်းပြချက်ကြောင့်သေရမလဲဆိုသည်ကိုသာ သိလိုခြင်းဖြစ်သည်။
ဤကိစ္စများကြားရှိဆက်နွယ်မှုမှာ ဘာဖြစ်မည်လဲ။
"မုရုံရွှင်း ဘာဖြစ်ခဲ့လဲဆိုတာအသေးစိတ်ပြောပြ"
ကျိုးဟောင်မှာတန်းမေးလိုက်သည်။
မုရုံရွှင်းမှာအသက်ပြင်းပြင်းတစ်ချက်ရှူကာ ပြောလာခဲ့သည်။
"တကယ်တော့ ငါလည်းဒီကိစ္စကိုရှင်းရှင်းလင်းလင်းမစုံစမ်းခဲ့ရဘူး ငါမူလကျောက်စာစွမ်းအားကိုရခဲ့တဲ့အကြောင်းအရင်းက မူလကျောက်စာအရင်းအမြစ်တည်ရှိတဲ့ တားမြစ်ဧရိယာထဲကနေဒီပစ္စည်းကိုရခဲ့လို့ပဲ ပြီးတော့ဒီဟာအကြောင်း အချက်အလက်တွေပါတဲ့ဝှက်စာနဲ့ရေးထားတဲ့မှတ်တမ်းတွေလည်းတွေ့ခဲ့တယ် ဒါကိုဝှက်စာဖော်ကြည့်လိုက်တော့ အရမ်းရှေးကျတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုသိခဲ့ရတယ်"
"အဲဒီထဲမှာပြောထားတာတော့ ကမ္ဘာကြီးပြောင်းလဲမှုရဲ့အစမှာကတည်းက မူလကျောက်စာရှိခဲ့တာတဲ့ ဒီကျင့်ကြံရေးသိုင်းကစွမ်းအားကြီးပြီး လောကနံပါတ်တစ်ပဲ အဲဒီအချိန်တုန်းကလူသားမျိုးနွယ်ရဲ့ခေါင်းဆောင်က မူလကျောက်စာကိုသင်ယူထားတဲ့စွမ်းအားကြီးပညာရှင်တစ်ယောက်ဖြစ်ပြီး လူသားမျိုးနွယ်တစ်ခုလုံးကိုလည်း သူပဲအုပ်ချုပ်ခဲ့တာ"
"အဲဒီအချိန်တုန်းကမျိုးနွယ်ခြားတွေကအခုလိုပဲ လူသားမျိုးနွယ်ရဲ့နယ်မြေတွေကိုကျူးကျော်ပြီးအဆုံးမရှိတဲ့စစ်ပွဲတွေဖန်တီးချင်နေကြတာ ဒါပေမဲ့အဲဒီလူရှိနေတော့ မျိုးနွယ်ခြားတွေကအက်ကွဲကြောင်းတွေမှာပေါ်မလာရဲကြဘူး အက်ကွဲကြောင်းတွေကလည်းလူသားမျိုးနွယ်တွေရဲ့စီမံမှုအောက်မှာပဲရှိခဲ့တာ"
"ဒါပေမဲ့ဘာကြောင့်မှန်းမသိ မူလကျောက်စာကိုသင်ခဲ့တဲ့သိုင်းပညာရှင်ရဲ့အကျင့်စရိုက်က သိသိသာသာကိုပြောင်းလဲလာခဲ့တယ် သူကလူသားသိုင်းပညာရှင်တစ်ဝက်ကျော်နဲ့ မျိုးနွယ်ခြားအများစုကိုသတ်ပစ်ခဲ့တယ် သူကအားလုံးကိုအဆုံးသတ်ပြီး ကမ္ဘာကြီးမှာသိုင်းပညာရှင်တွေမရှိတော့အောင်လုပ်ချင်ခဲ့တာ"
မုရုံရွှင်းထံမှထိုစကားအားကြားလိုက်ရသောအခါ ကျိုးဟောင်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။
"သူကကမ္ဘာကြီးမှာသိုင်းပညာရှင်တွေမရှိတော့အောင် သိုင်းပညာရှင်တွေအားလုံးကိုသတ်ပစ်ချင်တာလား"
"ဟုတ်တယ် အကြောင်းအရင်းအတိအကျကိုတော့ငါလည်းမသိဘူး ဒါပေမဲ့မှတ်တမ်းထဲမှာတော့ အဲဒီအတိုင်းရေးထားတာပဲ မူလကျောက်စာရဲ့စွမ်းအားကဒီလောကကြီးနဲ့မဆိုင်ဘူးလို့လည်းရေးထားသေးတယ် ပြီးတော့ကမ္ဘာကြီးသန္ဓေပြောင်းရခြင်းရဲ့နောက်ကွယ်မှာကြီးမားတဲ့အကြောင်းပြချက်ရှိတယ်တဲ့ အဲဒီလူကသိုင်းပညာရှင်တွေအားလုံးကိုသတ်ချင်ရခြင်းမှာ ကမ္ဘာကြီးကိုကယ်တင်ဖို့လို့လည်းရေးထားခဲ့သေးတယ်"
မုရုံရွှင်း၏စကားများမှာရှေ့နောက်မညီပေရာ ကျိုးဟောင်မှာပို၍ပင်ရှုပ်ထွေးလာခဲ့သည်။
"ကမ္ဘာကြီးကိုကယ်တင်ဖို့သိုင်းပညာရှင်တွေအားလုံးကိုသတ်တယ်.....နောက်နေတာလား"
ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်မိသည်။
"နောက်နေတာမဟုတ်ဘူး အဲဒါကမှတ်တမ်းထဲမှာမှတ်တမ်းတင်ထားခဲ့တာပဲ ပြီးတော့မူလကျောက်စာရဲ့တစ်ချို့တစ်ဝက်ကိုသင်ယူသူက အမှန်တရားကိုသိနိုင်မဲ့အခွင့်အရေးရှိလာလိမ့်မယ်လို့လည်း ဖော်ပြထားသေးတယ် အဲဒီလိုအမှန်တရားကိုသိလာတဲ့အခါ အဲဒီလူကလည်းဒီလိုဆုံးဖြတ်ချက်မျိုးပဲချလိမ့်မယ်တဲ့ ဘာလို့ဆိုအဲဒီနည်းလမ်းတစ်ခုတည်းနဲ့သာ ကမ္ဘာကြီးကိုကယ်တင်နိုင်မှာမလို့ပဲ"
ကျိုးဟောင်မှာမုရုံရွှင်း၏စကားများအားကြားရချိန်တွင်အလွန်အံ့ဩသွားခဲ့သည်။ ဤစကားများ၏အဓိပ္ပာယ်အားသူလုံးဝနားမလည်ပေ။
"နောက်ပိုင်းကျတော့မူလကျောက်စာကိုသင်ယူခဲ့တဲ့သိုင်းပညာရှင်က နောက်ဆုံးမှာ ဘာမှမလုပ်နိုင်တော့ဘူး သိုင်းပညာရှင်အများစုကိုသတ်ပြီးတော့ ဒီ့ထက်ပိုမစွန့်လွှတ်နိုင်တော့လို့ လေဟာနယ်ကိုခွဲပြီး ၃နှစ်လောက်ကြာအောင်ထွက်သွားခဲ့တယ်"
"၃နှစ်ကြာပြီးတဲ့နောက်ပိုင်း လေဟာနယ်အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး အဲဒီထဲကနေသူ့အလောင်းကပြုတ်ကျလာခဲ့တယ် ဘာဖြစ်ခဲ့သလဲဆိုတာကိုဘယ်သူမှမသိကြဘူး ဒါပေမဲ့အဲဒီလူကတော့သေသွားပြီ"
"အဲဒီအချိန်ကတည်းကစပြီး မူလကျောက်စာကိုတားမြစ်သိုင်းအဖြစ်သတ်မှတ်လိုက်ပြီး လူသားတွေနဲ့သန္ဓေပြောင်းသားရဲတွေလည်း သဘောတူညီမှုတစ်ခုလုပ်လိုက်တယ် မူလကျောက်စာသင်တဲ့ဘယ်သူမဆို အားလုံးရဲ့ဘုံရန်သူဖြစ်လာရမယ်ဆိုတဲ့အချက်ပဲ"
ထိုမျှလောက်အထိပြောပြီးနောက် မုရုံရွှင်းမှာထပ်မပြောလာတော့ပေ။ သို့သော် ကျိုးဟောင်ထံတွင်တော့ မေးစရာမေးခွန်းများရှိနေပါသေးသည်။
လူသားသိုင်းပညာရှင်တစ်ယောက်အနေနှင့် အကယ်၍ ဤပုဂ္ဂိုလ်ထံတွင်ယခုကဲ့သို့လူအများကြီးအားသတ်နိုင်စွမ်းရှိပါက မျိုးနွယ်ခြားများအားအမြစ်ပြတ်ရှင်းလင်းရမည့်အစားဘာကြောင့်သိုင်းပညာရှင်အားလုံးအားသတ်ရန်လိုအပ်ရပါသနည်း။
ကမ္ဘာကြီးအားကယ်တင်ချင်သည်ဟုပြောပြီး ဘာကြောင့်ယခုလိုကိစ္စမျိုးလုပ်ရပါသနည်း။
ထို့အပြင်ထွက်ခွာသွားသည့် ၃နှစ်အတွင်းဘယ်နေရာသို့ရောက်နေခဲ့ပါသနည်း။
ကျိုးဟောင်ထံတွင်မေးခွန်းများစွာရှိနေပေသည်။
ကျိုးဟောင်မှာမုရုံရွှင်းအားကြည့်ကာမေးလိုက်သည်။
"မုရုံရွှင်းအဲဒီလိုဆို ခင်ဗျားဘာလို့ဒီမူလကျောက်စာသိုင်းကိုကျင့်ကြံခဲ့တာလဲ ဒီလျှို့ဝှက်ချက်ကိုသဘောပေါက်သွားလို့လား"
"ငါလား ငါဒီသတင်းတွေကိုမယုံပါဘူး ဒါပေမဲ့အဲဒီမူလကျောက်စာကတကယ်စွမ်းအားကြီးတယ်လို့ပြောရမယ် အဲဒါကြောင့် ငါဒါကိုသင်ခဲ့တာ အဲဒါကိုဒီတိုင်းပဲ အစိမ်းရောင်တိမ်တိုက်ဌာနကသိသွားပြီးတော့ လိုက်ဖမ်းခံခဲ့ရတာ"
မုရုံရွှင်းမှာထိုစကားအားပြောပြီးနောက် သက်ပြင်းချလိုက်သည်။
"ဒီကာလအတောအတွင်း ငါလည်းအမှန်တရားကိုသိရဖို့နည်းလမ်းပေါင်းစုံစဉ်းစားခဲ့ပေမဲ့ ဘာမှရှာမတွေ့ခဲ့ဘူး ဒါပေမဲ့ဒီစွမ်းအားကတကယ်စွမ်းအားကြီးတယ်ဆိုတာကိုတော့သိတယ် ပြီးတော့မင်းကိုဒီနေ့တိုက်ခိုက်ခဲ့တဲ့လက်ကြီးကိုငါလည်းအရင်က ခံစားမိဖူးတယ်"
"ဒါကလူလား သန္ဓေပြောင်းသားရဲလားဒါမှမဟုတ် ဒီလောကကမဟုတ်တဲ့အရာလားဆိုတာတော့ငါမသိဘူး"
မုရုံရွှင်း၏စကားဆုံးသွားချိန်တွင် ကျိုးဟောင်မှာပို၍ပင် ထိတ်လန့်သွားခဲ့သည်။
"ဒီလောကကမဟုတ်ဘူး ဘာအဓိပ္ပာယ်လဲ"
ကျိုးဟောင်မှချက်ချင်းပင်မေးလိုက်သည်။
"ငါကဒီတိုင်းခန့်မှန်းတာပါ အဲဒီတုန်းကကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အနေနဲ့ ငါလျှို့ဝှက်ချက်အတော်များများကိုသိခဲ့ရတယ် လူသားသိုင်းပညာရှင်ဖြစ်ဖြစ်၊ သန္ဓေပြောင်းသားရဲဖြစ်ဖြစ် ဘယ်သူမှဒီလိုစွမ်းအားမျိုးမရှိကြဘူး အဲဒါကြောင့် အဲဒီလက်ကြီးရဲ့ပိုင်ရှင်ကဒီကမ္ဘာကြီးကမဟုတ်ဘူးလို့ သံသယဝင်တာ"
ယနေ့မုရုံရွှင်း ကျိုးဟောင်အားပြောသောစကားများမှာ ကျိုးဟောင်၏တန်ဖိုးအားနိမ့်ကျသွားစေခဲ့လေသည်။ ကျိုးဟောင်မှာကြားရသောစကားများအားမယုံဝံ့သည့်အပြင် ထိုစကားများအားနားထောင်ပြီးနောက် ခေါင်းထဲတွင်ပို၍ပင်ရှုပ်ထွေးသွားခဲ့ပေသည်။
"ဒီကိစ္စကဖြစ်ခဲ့တာကြာလှပြီ ကြာတာမှကမ္ဘာကြီးတောင်သန္ဓေမပြောင်းသေးခင်ကတည်းကဖြစ်ခဲ့တာပဲ ဒါနဲ့ပတ်သက်ပြီးငါတို့လက်ရှိသိထားတဲ့အကြောင်းက လုံးဝမှားနေတယ်လို့တောင် သံသယဝင်မိတယ်"
"ဒါပေမဲ့ ငါတစ်ခုကိုတော့အတည်ပြုနိုင်တယ် ဒီမူလကျောက်စာဆရာသခင်ရဲ့သဲလွန်စဘာမှမရှိဘူး လူသားမျိုးနွယ်မှာသူနဲ့ပတ်သက်ပြီးဘာသတင်းမှမရှိဘူး ငါသံသယရှိတာကသူနဲ့ပတ်သက်တဲ့အရာအားလုံးရှင်းပစ်ခံလိုက်ရမှာကိုပဲ"
ကျိုးဟောင်မှာယခုအချိန်အထိ မုရုံရွှင်းပြောသမျှစကားများအားယုံကြည်နေဆဲပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မုရုံရွှင်းသည်သူ့အားလိမ်ပြောစရာအကြောင်းလည်းမရှိပေ။
ထို့အပြင် ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အနေနှင့် ထိုအချိန်တုန်းကမုရုံရွှင်းမှာ စူးစမ်းလိုခဲ့ခြင်းသာဖြစ်ပေလိမ့်မည်။
အဆင့်မြင့်ပညာရှင်တစ်ယောက်အနေနှင့် ဆက်စပ်နေသောလျှို့ဝှက်ချက်များအားစုံစမ်းနိုင်စွမ်းရှိသော်လည်း မူလကျောက်စာဆရာသခင်နှင့်ပတ်သက်သောအချက်မရှိဘူးဆိုကတည်းက မုရုံရွှင်းသံသယဝင်မည်မှာ ပုံမှန်ပင်ဖြစ်သည်။
"ဖြစ်နိုင်တာတကယ်ရှင်းပစ်ခံလိုက်ရတာဖြစ်နိုင်တယ်..."
ကျိုးဟောင်မှာသက်ပြင်းသာချလိုက်မိသည်။ မုရုံရွှင်း၏စကားများမှာ ပိုနားထောင်လေကျိုးဟောင်အတွက် ပိုခေါင်းရှုပ်ရလေသာဖြစ်သည်။
"အခု အဲဒီဥက္ကဌကျိုးကကျွန်တော်ဆိုတော့ ဖြစ်ခဲ့တဲ့မူလကျောက်စာကိစ္စနဲ့ပတ်သက်ပြီးတော့ မျက်နှာလွယ်လွယ်ပြပြလို့မရတော့ဘူး ဘယ်လိုလုပ်ရမလဲ"
ကျိုးဟောင်သည် သန္ဓေပြောင်းသားရဲများအားသတ်ပြီး ကံကြမ္မာအမှတ်များစုဆောင်းကာ ရှေ့တန်းရှိဖိအားအားလျှော့ချပေးချင်သေးပေသည်။
"မင်းဒီနေ့ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ ၇ကောင်၊ ၈ကောင်လောက်သတ်ခဲ့တာပဲ လူသားသိုင်းပညာရှင်တွေရဲ့ဖိအားကိုအတော်လေးလျော့စေခဲ့ပါပြီ ဒါပေမဲ့ပြဿနာတွေအများကြီးလည်းရှာလိုက်မိပြီ"
မုရုံရွှင်းမှာခပ်ပြုံးပြုံးဖြင့်ပြောလာသည်။
ကျိုးဟောင်မှာလူသားတစ်ယောက်အနေနှင့် မူလကျောက်စာကိုကျင့်ကြံခဲ့ခြင်းအား မျိုးနွယ်ခြားများမှဒီတိုင်းထားလိုက်မည်မဟုတ်ကြောင်းကို သူသိပေသည်။
သို့သော်လက်ရှိအချိန်တွင် သတိပေါ့လို့မရသေးပေ။ မုရုံရွှင်း၏ပြောစကားအရဆိုပါက သူသည်အားလုံး၏ ပစ်မှတ်ထားခြင်းအားခံနေရလောက်ပြီဖြစ်သည်။ လူသားများဖြစ်စေ သန္ဓေပြောင်းသားရဲများဖြစ်စေ အားလုံးသည်သူ့အသက်အားလိုချင်နေကြပေလိမ့်မည်။
"မင်းအရမ်းစိုးရိမ်စရာမလိုပါဘူး အရင်တုန်းကငါလည်းဒီလိုဟာတွေကြုံခဲ့ရတာပဲ မင်းကငါ့ထက်ဉာဏ်ကောင်းပါတယ် အခုချိန်အထိ မင်းရဲ့ရုပ်ရည်ကိုဘယ်သူမှမမြင်ဖူးသေးဘူး အဲဒါကြောင့်မင်းရဲ့လက်ရှိအထောက်အထားနဲ့ပဲလူတွေကြားမှာဆက်နေလို့ရသေးတယ် အဲဒီတုန်းကငါ့လိုမဟုတ်ဘူး ငါ့တုန်းကဆိုနေရာအနှံ့ပြေးလွှားပြီးပုန်းနေရတဲ့ကြွက်လိုမျိုးပဲ"
မုရုံရွှင်းမှာခပ်သာသာပြုံးရင်းပြောလာသည်မှာ လုံးဝမစိုးရိမ်သည့်ပုံပင်။
ကျိုးဟောင်မှာစိတ်လေသွားဟန်အမူအရာဖြင့် ဤမုရုံရွှင်းသည်လူများအားဘယ်လိုနှစ်သိမ့်ရမလဲဆိုသည်အားတကယ်သိသည်ဟုသာ စိတ်ထဲမှတွေးလိုက်မိသည်။
သို့သော်ထိုအချိန်မှာပင် စွမ်းအားကြီးအငွေ့အသက်တစ်ခုချဉ်းကပ်လာသည်ကို ကျိုးဟောင်ခံစားမိလိုက်ပြီး အမူအရာမှာပြောင်းလဲသွားခဲ့သည်။ ထို့နောက် ဥက္ကဌကျိုးမှာသူဖြစ်ကြောင်း တစ်ယောက်ယောက်သိသွားခဲ့ပြီဟုတွေးကာထွက်ပြေးရန်ပြင်လိုက်သည်။ သို့သော်သူထွက်ပြေးတော့မည့်အချိန်မှာပင် ပိုင်လင်းလုံ၏ အသံထွက်ပေါ်လာခဲ့လေသည်။
"ကျိုးဟောင် နည်းပြပိုင်ပါ....ငါမင်းကိုမေးစရာလေးရှိလို့"
..................................................................................
အခန်း(၃၆၅) ပြီးပါပြီ။
အခန်း (၃၆၆) : စုံစမ်းခြင်း
မူလကစိုးရိမ်နေခဲ့သောကျိုးဟောင်၏အမူအရာမှာ ထိုအသံအားကြားလိုက်ရပြီးနောက်စိတ်အေးသွားခဲ့သည်။
သို့သော်မျက်နှာအမူအရာမှာတော့ ပြောင်းလဲနေဆဲပင်။
ပိုင်လင်းလုံသူ့အားလာရှာသည်မှာ သူ့အတွက်ပြဿနာရှိပေသည်။ အကြောင်းပြချက်မှာ သူသည်ဥက္ကဌကျိုး၏တပည့်ဖြစ်ကြောင်းလူသိရှင်ကြားမထုတ်ဖော်ထားသော်ငြား ဤကိစ္စအားလူအတော်များများသိထားကြပေသည်။
သူမသည် သေချာပေါက် ၇ခုမြောက်အက်ကွဲကြောင်းတွင်ဖြစ်ခဲ့သောကိစ္စကြောင့်သာ လာခြင်းဖြစ်ပေလိမ့်မည်။
ထိုသို့စဉ်းစားမိပြီးနောက် ကျိုးဟောင်မှာအသက်ပြင်းပြင်းတစ်ချက်ရှူကာမေးရန်ပြင်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် ချွေးများရွှဲနေသည့်ပိုင်လင်းလုံအားတွေ့လိုက်ရသည်။ သူမသည်ကိုယ်ကျပ်ချပ်ဝတ်အားဝတ်ဆင်ထားပေရာ သူမ၏အချိုးအစားကျသောခန္ဓာကိုယ်လေးမှာ ထင်ထင်ရှားရှားပေါ်လွင်နေပေသည်။ လက်ရှိအချိန်တွင် သူမသည်အခြားအကြောင်းကြောင့်စိုးရိမ်နေရပေရာ သူမ၏လှပသောမျက်နှာလေးမှာလည်းနီရဲနေပေသည်။
သူမအားထိုသို့သောပုံစံနှင့်မြင်လိုက်ရသောအခါ ကျိုးဟောင်မှာ သူတို့နှစ်ယောက် ပြစ်မှုအသူတရာချောက်ထဲတွင်ရှိစဥ်ကဖြစ်ခဲ့သောကိစ္စအကြောင်းတွေးမိကာအတော်လေးနေရခက်လာပေသည်။
ပိုင်လင်းလုံမှာမူ ကျိုးဟောင်၏အတွေးအားလုံးဝမသိပေ။ သူမသည်ကျိုးဟောင်အားသူမ၏ကျောင်းသားတစ်ယောက်လိုသာဆက်ဆံပြီး ဥက္ကဌကျိုးဟုလုံးဝမထင်ပေ။
ကျိုးဟောင်တံခါးဖွင့်လိုက်သည်ကိုမြင်သောအခါ သူမသည်အလျင်အမြန်ပင်အခန်းတွင်းဝင်လာကာ လက်အားဝေ့ယမ်းလိုက်ပြီး စွမ်းအင်အနှစ်သာရအားသုံးကာအတားအဆီးတစ်ခုဖန်တီးလိုက်သည်။ ထို့နောက်ကျိုးဟောင်အား မေးခွန်းမေးလာတော့သည်။
"ကျိုးဟောင် မင်းဆရာဘယ်မှာလဲ"
ဤမေးခွန်းမှာ သူမသည်တကယ်ပင်ထိုကိစ္စအားမေးမြန်းရန်ဤနေရာသို့ရောက်လာခဲ့ကြောင်း ကျိုးဟောင်အားသဘောပေါက်သွားစေပေသည်။
"ကျွန်တော့်ဆရာ ဥက္ကဌကျိုး....ကိုပြောတာလား"
ပိုင်လင်းလုံ၏မေးခွန်းအားကြားပြီးနောက် ကျိုးဟောင်မှာစတင်ဟန်ဆောင်တော့သည်။
ပိုင်လင်းလုံမှာချက်ချင်းပင်ခေါင်းညိတ်ပြကာ အလျင်အမြန်ပင်မေးလိုက်သည်။
"မင်းရဲ့ဆရာကိုဆက်သွယ်လို့ရလား"
ကျိုးဟောင်မှာချောင်းတစ်ချက်ဟန့်ရင်း ခေါင်းယမ်းပြလိုက်သည်။
"ကျွန်တော့်ဆရာကရှာရခက်တယ် သူ့ကိုရှာဖို့ကကျွန်တော့်အတွက်မလွယ်ဘူး အချိန်တိုင်းသူပဲကျွန်တော့်ကိုလာရှာတာ နည်းပြပိုင် ဘာများဖြစ်လို့လဲ ဒါမှမဟုတ် ကျွန်တော့်ကိုတစ်ခုခုပြောချင်တာများရှိလို့လား"
ကျိုးဟောင်စကားဆုံးသည်နှင့် ပိုင်လင်းလုံ၏မျက်နှာမှာ ချက်ချင်းပင်စိတ်ပျက်သွားဟန်မျိုးပေါ်လာခဲ့သည်။ သို့သော်သူမသည် အလျင်အမြန်ပင်ထိန်းလိုက်သည်။
"ဘာမှအထွေအထူးမဟုတ်ပါဘူး ဒီတိုင်းသူ့ကို ၇ခုမြောက်အက်ကွဲကြောင်းမှာလာကူညီပေးဖို့ အကူအညီတောင်းချင်လို့ပါ"
"အဲဒီလိုလား ကျွန်တော့်ဆရာကအရမ်းစွမ်းအားကြီးပြီး အရမ်းလည်းတော််တာ ရိုးရိုးသားသားပြောရရင်နည်းပြပိုင် ကျွန်တော်အလေးစားဆုံးလူက ကျွန်တော့်ဆရာပဲ လူသားစစ်သည်တစ်ယောက်အနေနဲ့ သူကသွေးသံရဲရဲစစ်မြေပြင်မှာ လူသားစစ်သည်အများကြီးကိုကယ်တင်ပြီး သန္ဓေပြောင်းသားရဲတွေကို ခွေးတွေလိုသုတ်သင်ခဲ့တာ ဟီးဟီးကျွန်တော်သာအဲဒီလောက်စွမ်းအားကြီးရင် ဘယ်လောက်တောင်ကောင်းမလဲ"
ကျိုးဟောင်မှာပိုင်လင်းလုံ၏တုံ့ပြန်ပုံအားကြည့်လို၍ ထိုစကားများအားတမင်ပြောလိုက်ခြင်းဖြစ်သည်။
စင်စစ်ပင်ထိုစကားအားကြားပြီးနောက် ပိုင်လင်းလုံ၏ အမူအရာမှာအနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ထိုသို့ပြောင်းလဲသွားသည်မှာအချိန်ခဏမျှသာဖြစ်သော်လည်း ကျိုးဟောင်မှာတော့ထိုအမူအရာအားမြင်ဖြစ်အောင်မြင်လိုက်ပေသည်။
ပိုင်လင်းလုံမှာကျိုးဟောင်အားတစ်ချက်ကြည့်ကာ အေးဆေးဟန်ဆောင်လိုက်သည်။
"အဟုတ်ပဲ မင်းဆရာကိုချစ်ပြီးလေးစားကြတဲ့သိုင်းပညာရှင်တွေအများကြီးရှိတယ် သူတို့အားလုံးကမင်းဆရာကိုအရမ်းလေးစားကြတာ ဒါနဲ့ကျိုးဟောင် ငါမင်းကိုတစ်ခုမေးချင်တယ် မင်းငါ့ကိုမလိမ်ဘဲအမှန်တိုင်းဖြေမှဖြစ်မယ် ပြီးတော့နောက်ကိုဒီအကြောင်းဘယ်သူ့ကိုမှမပြောပြပါဘူးဆိုတဲ့ကတိကိုလည်းပေးရမယ်"
ကျိုးဟောင်မှာထိုစကားအားကြားလိုက်ရချိန်တွင် အဓိကမေးခွန်းလာတော့မည်ဖြစ်ကြောင်းသိလိုက်ပေရာ ပြုံးကာပြောလိုက်သည်။
"နည်းပြပိုင် မေးစရာရှိရင်မေးသာမေးပါ ကျွန်တော်သေချာပေါက်သိသမျှအကုန်ပြောပြပါ့မယ်"
ထိုစကားကြားသောအခါပိုင်လင်းလုံမှာခေါင်းညိတ်ပြကာမေးလာသည်။
"သူမူလကျောက်စာအကြောင်းသိတယ်လို့ မင်းဆရာ မင်းကိုပြောခဲ့ဖူးလား"
"မူလကျောက်စာ အဲဒါကဘာလဲ ကျွန်တော်တော့ဆရာပြောတာတစ်ခါမှမကြားဖူးပါဘူး"
ထိုစကားအားဖြေလိုက်ချိန်တွင် ကျိုးဟောင်၏အမူအရာမှာပြောင်းလဲမသွားသလို တွေဝေခြင်းလည်းရှိမနေခဲ့ပေ။
ပိုင်လင်းလုံမှာအစကတည်းကကျိုးဟောင်၏အမူအရာအားသေချာအကဲခတ်နေခြင်းဖြစ်သည်။ မူလကျောက် စာအကြောင်းကြားပြီးနောက် ကျိုးဟောင်၏အမူအရာအနည်းငယ်ပြောင်းလဲသွားခဲ့လျှင်ပင် သူမ၏မျက်လုံးအောက်မှလွတ်မည်မဟုတ်ပေ။
သို့သော်ကျိုးဟောင်၏အေးအေးဆေးဆေးပြန်ဖြေပုံမှာ သူမအားစိတ်ပျက်သွားစေခဲ့ပေသည်။ ကြည့်ရသည်မှာကျိုးဟောင်သည် ထိုကိစ္စအားအမှန်တကယ်ကိုမသိပုံပင်။
"ဪ ဒါဆိုလည်းဘာမှမဟုတ်တော့ပါဘူး"
ပိုင်လင်းလုံမှာအတော်လေးစိတ်ပျက်သွားခဲ့သည်။ သူမသည်ကျိုးဟောင်တစ်ခုခုသိလောက်သည်ဟုထင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြောပြီးပိုင်လင်းလုံထွက်သွားတော့မည့်အချိန်မှာပင် ကျိုးဟောင်မှာသူမအားတားဆီးလာခဲ့သည်။
"နည်းပြပိုင် ဘာဖြစ်လို့လဲ ကျွန်တော့်ဆရာတစ်ခုခုဖြစ်လို့လား"
ကျိုးဟောင်မှာယခုအချိန်အထိသရုပ်ဆောင်နေဆဲပင်ဖြစ်ကာ သူ့ပုံစံမှာအတော်လေးစိုးရိမ်နေပုံပေါ်လေသည်။
"နည်းပြပိုင် ကျွန်တော့်ကိုလိမ်စရာမလိုပါဘူး နည်းပြပုံစံကြည့်လိုက်တာနဲ့ကျွန်တော့်ဆရာတစ်ခုခုဖြစ်နေမှန်းသိသာတယ် ကျွန်တော့်ကိုပြောပါ ဆရာဒဏ်ရာရထားလို့လား"
ကျိုးဟောင်မှာလက်ဦးမှုယူကာမေးလိုက်သည်။
"နည်းပြဘာသာမပြောပြချင်ဘူးဆိုမှတော့ ကျွန်တော့်ဘက်ကစမေးရမှာပဲ"
ကျိုးဟောင်၏စကားများအားကြားသောအခါ ပိုင်လင်းလုံမှာအကြည့်လွှဲကာဂရုမစိုက်ဟန်ဖြင့်ဖြေလာသည်။
"မဟုတ်ဘူး မင်းဆရာကဒီလောက်စွမ်းအားကြီးတာ ဘယ်လိုလုပ်ပြီးဒဏ်ရာရမှာလဲ"
"ကျွန်တော့်အထင်တော့နည်းပြပိုင်လိမ်နေတယ်လို့ပဲထင်တယ် နည်းပြလိမ်နေတယ်ဆိုတာနည်းပြရဲ့မျက်လုံးတွေမှာမြင်နေရတယ် မြန်မြန်ပြောပြပါကျွန်တော့်ဆရာဘာဖြစ်လို့လဲ သူကကျွန်တော့်အပေါ်အရမ်းကောင်းပြီး ကျင့်ကြံရေးသိုင်းတွေတောင်သင်ပေးခဲ့တာ သူဘာဖြစ်နေလဲဆိုတာကျွန်တော့်မှာသိပိုင်ခွင့်ရှိတယ်"
ကျိုးဟောင်၏သဘောထားမှာ ခိုင်မာနေပြီးတစ်ချိန်တည်းမှာပင် အလွန်ပူပန်ကာစိုးရိမ်နေဟန်လည်းဆောင်နေပေသည်။
ပိုင်လင်းလုံမှာသက်ပြင်းသာကြိတ်ချမိလိုက်သည်။ သူမ၏မျက်လုံးထဲတွင် ကျိုးဟောင်မှာဥက္ကဌကျိုးအားပူပန်နေသော လိမ္မာသောကလေးတစ်ယောက်သာဖြစ်သည်။ သို့သော်ဖြစ်ကြောင်းကုန်စင်ကိုတော့ပြောပြလိုက်လို့မရပေ။
"ဥက္ကဌကျိုးပျောက်နေတယ် ငါတို့အားလုံးသူ့ကိုရှာနေကြတယ်...
ဒါပေမဲ့မင်းစိတ်မပူပါနဲ့ ဥက္ကဌကျိုးမသေဘူး...သူအသက်ရှင်နေသေးတယ်ဆိုတာကိုတော့စုံစမ်းလို့ရတယ်"
ပိုင်လင်းလုံမှာဘာပြောရမှန်းမသိပေရာ ဤစကားကိုသာပြောနိုင်ပေသည်။
ကျိုးဟောင်မှာမျက်တောင်ခတ်လိုက်မိသည်။ ပိုင်လင်းလုံဤမျှလောက်အလိမ်တော်မည်ဟုသူမထင်ထားခဲ့ပေ။ သူမက ဘာကြောင့်ပျောက်နေသည်ဟုဆိုရပါသနည်း။ သူပျောက်နေရသည့်အကြောင်းအရင်းမှာ သူမတို့သည်သူ့အားသတ်ချင်နေ၍သာဖြစ်သည်။
"ပျောက်နေတယ် မဟုတ်မှဆရာ့ကိုသန္ဓေပြောင်းသားရဲတွေဖမ်းသွားတာများလား သန္ဓေပြောင်းသားရဲတွေကဆရာ့ကိုအရိုးစွဲအောင်မုန်းနေကြတာ ဘယ်လိုပဲဖြစ်ဖြစ်ဆရာက လူသားမျိုးနွယ်အတွက် သန္ဓေပြောင်းသားရဲပညာရှင်တွေအများကြီးကိုသတ်ခဲ့တာ သူကလူသားမျိုးနွယ်အတွက် သူရဲကောင်းစစ်သည်တစ်ယောက်ဖြစ်သလို လူကောင်းတစ်ယောက်လည်းဟုတ်တယ် နည်းပြပိုင် သေချာပေါက်ကျွန်တော့်ဆရာကိုကယ်ပေးရမယ်နော်"
ကျိုးဟောင်မှာအလွန်စိုးရိမ်နေဟန်ဖြင့်ပြောလိုက်သည်။
ကျိုးဟောင်၏စကားကြောင့် ပိုင်လင်းလုံမှာသက်ပြင်းသာထပ်မံချလိုက်မိသည်။
"ငါသိပါတယ် မင်းဆရာကလူကောင်းတစ်ယောက်ပါ စိတ်ချငါတို့သူ့ကိုအကောင်းဆုံးကြိုးစားပြီးရှာမှာပါ"
"ကောင်းပြီ အဆင်သင့်ပြင်ထားတော့ ငါတို့မနက်ဖြန်လေ့ကျင့်ရေးအခြေစိုက်စခန်းကိုပြန်ကြမယ်"
ထိုသို့ပြောပြီးနောက် ပိုင်လင်းလုံမှာထွက်သွားတော့သည်။
ကျိုးဟောင်မှာဘာမှမမေးလိုက်သော်ငြား ပိုင်လင်းလုံ၏ပုံစံအရ သူမသည်သူ့အားမကောင်းသည့်လူတစ်ယောက်ဟု သေချာပေါက်မယုံကြည်ကြောင်း သိလိုက်ရပေသည်။
သို့သော် သူမ မယုံကြည်လည်းအသုံးမဝင်ပေ။ မည်သို့ပင်ဖြစ်စေ အထက်မှလူကြီးများမှာ သူ့အားတစ်ယောက်မှယုံကြည်ကြမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင်ခိုင်လုံသောသက်သေများရှိထားပေရာ ဒုတိယမြောက်မူလကျောက်စာဆရာသခင်မှ တစ်ကမ္ဘာလုံးရှိသိုင်းပညာရှင်များအား သုတ်သင်မည့်အဖြစ်မျိုးကို အားလုံးအဖြစ်ခံမည်မဟုတ်ပေ။
"ဟင်း....သူ့ဆီကဘာသတင်းမှလည်းမရလိုက်ဘူး"
ကျိုးဟောင်မှာ ငြီးငြူလိုက်သည်။
"ဒါပေါ့ သူကကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်ပြီး ပိုင်မိသားစုကလေးစားရတဲ့စစ်သေနာပတိမိသားစု၊ လူသားမျိုးနွယ်ရဲ့ထောက်တိုင်တစ်ခုဆိုပေမဲ့ သူ့မှာဒီကိစ္စနဲ့ပတ်သက်ပြီးသိခွင့်ရှိတဲ့အခွင့်အာဏာမျိုးမရှိသေးဘူး"
မုရုံရွှင်းမှာ ကျိုးဟောင်၏စကားအားကြားသောအခါမနေနိုင်ဘဲဝင်ပြောလိုက်သည်။
ကျိုးဟောင်လည်းထိုအချက်အားသိပေရာ ပိုင်လင်းလုံထံမှလျှို့ဝှက်ချက်ကြီးကြီးမားမားသိရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကယ်၍သိထားခဲ့လျှင်တောင် သူမသည်ထုတ်ပြောမည်မဟုတ်ပေ။
ကျိုးဟောင်သိချင်သည်မှာ သူမ၏သဘောထားသာဖြစ်သည်။
အကယ်၍ပိုင်လင်းလုံသာ သူ့အားမကောင်းသည့်လူဟုမထင်ပါက လူသားစစ်သည်များကြားတွင်သူမလိုတွေးသောလူများလည်း သေချာပေါက်ရှိပေလိမ့်မည်။
ထိုမျှလောက်ဖြင့် သူ့အတွက်လုံလောက်ပေသည်။
ကျိုးဟောင်မှာ ဤကိစ္စအားဒီတိုင်းထားလိုက်ရုံသာတတ်နိုင်ပေသည်။ လက်ရှိတွင် မည်သည့်အကြံမျှလည်းစဉ်းစားလို့မရပေ။ ထို့နောက် အိပ်ရာပေါ်တွင်လှဲကာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားဖွင့်လိုက်လေသည်။
ထိုဆော့ဖ်ဝဲလ်ထဲဝင်ဝင်လိုက်ချင်းမှာပင် ကျိုးဟောင်မှာပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများစွာအားသတ်ပြီးနောက် သူ၏ကံကြမ္မာအမှတ်ပမာဏမှာ ဘီလီယံ (သန်းတစ်ထောင်) နီးပါးသို့ရောက်ခါနီးနေပြီဖြစ်သည်။
ကံကြမ္မာအမှတ်၏နောက်တွင် သူ့အားစိတ်လှုပ်ရှားစေသောစာတန်းတစ်ခုရှိနေပေသည်။
၎င်းမှာ "ကံကြမ္မာဘုရင်မ၏ကောင်းချီး" ဟူသောစာတန်းဖြစ်သည်။
ယခုတစ်ကြိမ်တွင်ကံကြမ္မာသခင်မမဟုတ်တော့ဘဲ ကံကြမ္မာဘုရင်မဖြစ်သွားပြီဖြစ်သည်။
ကျိုးဟောင်မှာချက်ချင်းပင်စိတ်လှုပ်ရှားသွားသည်။ ယခုလိုကံကြမ္မာအမှတ်များနှင့်ဆိုပါက လိုချင်တာဘာမဆိုရနိုင်သည်ဟူသောအဓိပ္ပာယ်သာဖြစ်သည်။
သို့သော်ယခုတစ်ကြိမ်တွင် ကျိုးဟောင်၏အကြည့်မှာ ပလက်တီနမ်လျှို့ဝှက်ဆန်းကြယ်သေတ္တာပေါ်တွင်သာရှိနေခြင်းမဟုတ်ဘဲ စိန်လျှို့ဝှက်ဆန်းကြယ်သေတ္တာပေါ်တွင်ပါရှိနေပေသည်။
.................................................................................
အခန်း(၃၆၆) ပြီးပါပြီ။