← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉) : တချက်တည်းဖြင့်သတ်ဖြတ်ခြင်း

ကျိုးဟောင်မှာ ပျံသန်းပိုးကောင်ဘုရင်ကု၏ခေါင်းပေါ်တွင်ရပ်ရင်း စွမ်းအားကြီးသောဓားအငွေ့အသက်တစ်ခုမှာကောင်းကင်မှရွှစ်ခနဲမြည်ကာဖြတ်သွားပြီး သွေးသောက်စပါးအုံးမြွေအားခုတ်ပိုင်းလိုက်သည်။

ဤအခွင့်အရေးအားအသုံးချကာ ကျိုးဟောင်မှာကောင်းကင်ပေါ်သို့ပျံတက်သွားပြီး ရှုလင်ရှေ့တွင်ဆင်းလိုက်သည်။ သူမအဆင်ပြေသည်ကိုမြင်လိုက်သော်လည်း ကျိုးဟောင်မှာစိတ်ထဲမှကြောက်ရွံ့မှုအားခံစားလိုက်ရပေသည်။

သွေးသောက်စပါးအုံးမြွေမှာမူလကတည်းကစွမ်းအားကြီးပြီး ကြမ်းတမ်းသောပင်ကိုစရိုက်ရှိပေသည်။ ထို့အပြင်ရှုလင်သည်အားအင်ကုန်ခန်းနေမှန်းသိသာလှပေသည်။ သူသာအချိန်မီမရောက်လာခဲ့ပါက အခြေအနေမှာသေချာပေါက်အလွန်ဆိုးဝါးမည်ဖြစ်သည်။

ကံကောင်းသည်မှာ ကျိုးဟောင်အချိန်မီရောက်လာခဲ့ပေသည်။ ကျိုးဟောင်မှာသက်ပြင်းချကာလျင်မြန်စွာပြောလိုက်သည်။

"အဆင်ပြေရဲ့လား ဒဏ်ရာရသွားသေးလား"

"နည်းနည်း ဒါပေမဲ့မပြင်းထန်ပါဘူး"

ရှုလင်မှချိုသာစွာပြုံးရင်းပြောလိုက်သည်။ သူမကျိုးဟောင်အားတွေ့လိုက်ရချိန်တွင်ကြောက်စိတ်မရှိတော့ပေရာ သူမရှေ့ရှိအမျိုးသားမှာကောင်းကင်ကိုပင်မတင်နိုင်စွမ်းရှိသကဲ့သို့ပင်။

"ကောင်းပြီ ဒါကိုဖြေရှင်းဖို့ငါ့ကိုအချိန်ခဏပေး"

ကျိုးဟောင်မှာပြောရင်းရှားပါးအဆင့်စွမ်းအင်ဘားအားထုတ်ကာ ရှုလင်ထံကမ်းပေးလိုက်သည်။ ထို့နောက်ဓားအားကိုင်ကာသွေးသောက်စပါးအုံးမြွေအား ခုတ်ပိုင်းလိုက်သည်။

"အန္တရာယ်ကျနေတဲ့အချိန်မှာ မိန်းမပျိုလေးကိုကယ်တယ်.... စိတ်ဝင်စားစရာပဲ"

ပိုင်လင်းလုံမှာဤနယ်မြေအားအာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။ ရှုလင်အန္တရာယ်မရှိတော့သည်ကိုမြင်သောအခါ သူမလည်းစိတ်သက်သာရာရသွားခဲ့သည်။ သို့သော် ဤသွေးသောက်စပါးအုံးမြွေအား ကျိုးဟောင်မည်ကဲ့သို့ဖြေရှင်းနိုင်မလဲဆိုသည်ကိုတော့ သူမလည်းသိချင်သေးပေသည်။

ဤသန္ဓေပြောင်းသားရဲမှာ ပျံသန်းပိုးကောင်ဘုရင်ကုနှင့်မတူပေ။ ၁၃ခုမြောက်အက်ကွဲကြောင်းတွင် ၎င်း၏စွမ်းအားမှာထိပ်တန်းဖြစ်ပြီးမူလအဆင့်ပညာရှင်ဖြစ်လာမည့် လမ်းတစ်ဝက်သို့ရောက်နေပြီဖြစ်သည်။

သို့သော်ကျိုးဟောင်မှာ အထွတ်အထိပ်ဆရာသခင်အဆင့်သာရှိ‌ပေသည်။

တစ်ချက်ကြည့်ရုံဖြင့် မည်သူကပိုသန်မာသလဲဆိုသည်အား ပြောနိုင်ပေသည်။

ကျိုးဟောင်သည်လည်းဤအချက်အားကောင်းကောင်းသိပေသည်။ သူ၏အရိပ်ဓားခုနစ်ချောင်းမှာအလွန်စွမ်းအားကြီးသော်ငြား တစ်ဖက်ရှိပြိုင်ဘက်အားဆရာသခင်အဆင့်ကျင့်ကြံရေးဖြင့်သတ်ရန်မှာ မလုံလောက်သေးပေ။ ထို့ကြောင့်ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာ နတ်ဘုရားသတ်သိုင်းအား သုံးရန်ပြင်လိုက်သည်။

သူ၏ဆရာမှာဥက္ကဌကျိုးဖြစ်ကြောင်းအားလုံးသိထားကြပေရာ မည်သည့်ကိစ္စကိုမျှကြောက်ရွံ့နေစရာမလိုပေ။

ထို့အပြင်သူတို့သည် နတ်ဘုရားသတ်သိုင်းအား သေချာပေါက်သိထားကြမည်မဟုတ်နိုင်ပေ။

ထိုသို့စဉ်းစားကာကျိုးဟောင်မှာ နတ်ဘုရားသတ်သိုင်းအားတိတ်တဆိတ်လှည့်ပတ်လိုက်ရာ သူ၏ အငွေ့အသက်မှာချက်ချင်းပင်ပို၍သန်မာလာခဲ့ပြီး မဟာဆရာသခင်အဆင့်သို့ တန်းကာခုန်တက်သွားခဲ့သည်။

နတ်ဘုရားသတ်သိုင်းမှာ ကျင့်ကြံသူ၏အဆင့်အားတိုးမြှင့်ပေးနိုင်ပေသည်။ ပေးဆပ်ရမည့်တန်ဖိုးရှိသော်ငြား ကျိုးဟောင်အတွက်မူဂရုပင်စိုက်စရာမလိုသည့်အခြေအနေမျိုးတွင်ရှိပေသည်။

ကျိုးဟောင်၏အငွေ့အသက်ရုတ်ချည်းမြင့်တက်လာခြင်းသည် ပိုင်လင်းလုံအားကြက်သေသေသွားစေခဲ့သည်။ သူမသည်ကျိုးဟောင်၏အငွေ့အသက်အားသေချာကြည့်ပြီးနောက် မအံ့ဩဘဲမနေနိုင်တော့ပေ။

"ဒါက....ဥက္ကဌကျိုးရဲ့နတ်ဘုရားသတ်သိုင်းလား နတ်ဘုရားသတ်သိုင်းကကျင့်ကြံတဲ့လူရဲ့တိုက်ခိုက်ရေးစွမ်းအားကိုမြှင့်တင်ပေးနိုင်တယ်လို့ကြားထားတာ ဥက္ကဌကျိုးကဒီကျင့်ကြံရေးသိုင်းကိုကျိုးဟောင်ကိုပေးလိမ့်မယ်လို့မထင်ထားခဲ့ဘူး"

"ပြီးတော့ဒီကျိုးဟောင်ရဲ့ပါရမီကလည်းအရမ်းကောင်းလွန်းတယ် သူကတကယ်ကြီးနတ်ဘုရားသတ်သိုင်းကိုသင်ယူနိုင်ခဲ့တာ တကယ်ကို....မကောင်းဆိုးဝါးတစ်ကောင်ပဲ"

နတ်ဘုရားသတ်သိုင်းသည် လူတိုင်းကျင့်ကြံနိုင်သောသိုင်းမျိုးမဟုတ်ပေ။ ထိုသို့ကျင့်ကြံနိုင်ပါက ဤကျင့်ကြံရေးသိုင်းမှာအစောကတည်းက လူသားမျိုးနွယ်အတွက်မရှိမဖြစ်လိုအပ်သောကျင့်ကြံရေးသိုင်းတစ်ခုဖြစ်နေလောက်ပြီဖြစ်သည်။

အကြောင်းအရင်းအတိအကျမှာထိုသိုင်းသည်ကျင့်ကြံရအလွန်ခက်ခဲပြီး လူအနည်းစုသာအသုံးပြုနိုင်သောကြောင့်ဖြစ်သည်။ ပေးဆပ်ရသည့်တန်ကြေးမှာအလွန်မြင့်ပေရာ ပုံမှန်အခြေအနေတွင်မည်သူမျှမကျင့်ကြံနိုင်ပေ။

သို့သော် ကျိုးဟောင်နှင့်ဥက္ကဌကျိုးနှစ်ယောက်လုံးသည် ဤသိုင်းအားအောင်မြင်စွာကျင့်ကြံနိုင်ခဲ့ကြပေသည်။ ပိုင်လင်းလုံသည် ဤသို့လုံးဝမမျှော််လင့်ထားခဲ့ပေ။

"ဥက္ကဌကျိုးကဒီကျိုးဟောင်ကို ဒီလောက်ကိုဂရုစိုက်တာပဲ သူတို့နှစ်ယောက်ကဆရာတပည့်ဆက်ဆံရေးလောက်ပဲမဟုတ်လို့များလား ဥက္ကဌကျိုးရဲ့မျိုးရိုးနာမည်ကလည်း ကျိုးဟောင်လိုကျိုးပဲ မဟုတ်မှသူတို့ကအမျိုးတွေလား"

ပိုင်လင်းလုံမှာ ကျိုးဟောင်၏နောက်ခံအားသေချာပေါက်သိပေသည်။ ကျိုးဟောင်နှင့်အခြားလူများကျောင်းသို့ဝင်လာစဉ်က အားလုံး၏အထောက်အထားများအားကြိမ်ဖန်များစွာအတည်ပြုစစ်ဆေးခြင်းခံ‌ခဲ့ရပေသည်။ ထို့အပြင်လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီးနောက်တွင်လည်းစိတ်ချရအောင် နောက်တစ်ကြိမ်ထပ်မံကာအတည်ပြုစစ်ဆေးခဲ့ပေသည်။

သူ၏ဘိုးဘေးစဥ်ဆက်သုံးဆက်ကိုပင် သေချာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဤသည်မှာလူသားမျိုးနွယ်၏စည်းမျဉ်းသာဖြစ်သည်။ ဤနည်းလမ်းဖြင့်သာအားလုံး၏နောက်ခံအားစုံစမ်းနိုင်ကာ လူသားများအားအန္တရာယ်ပေးရန် မျိုးနွယ်ခြားများမှပို့လိုက်သော သူလျှိုများ၏ရန်မှကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။

"ဥက္ကဌကျိုးရဲ့သရုပ်မှန်က အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်နေတာ သူ့ပုံစံဘယ်လိုရှိလဲဆိုတာဘယ်သူမှမသိဘူး ပြီးတော့သူဘယ်သူလည်းဆိုတာလည်းဘယ်သူမှမသိဘူး ငါတောင်မှ...အများကြီးမသိဘူး..."

"ဒါပေမဲ့သူနဲ့ကျိုးဟောင်ရဲ့အခြေအနေကိုကြည့်ပြီးအကဲဖြတ်ရရင် ဒီကျိုးဟောင်ကသေချာပေါက် သာမန်လူတစ်ယောက်မဟုတ်ဘူး မဟုတ်ရင်သူသင်ထားသမျှကိုကျိုးဟောင်ကိုသင်ပေးမှာမဟုတ်ဘူး"

ပိုင်လင်းလုံမှာသက်ပြင်းချလိုက်ပြီး တစ်ခုခုမှားယွင်းနေသလိုခံစားနေရပေသည်။

"ငါတို့ဒီကိစ္စကိုအထက်လူကြီးတွေကိုပေးသိလို့မရဘူး မဟုတ်ရင်သူတို့ကျိုးဟောင်ဆီရောက်သွားနိုင်တယ်"

ပိုင်လင်းလုံမှာထိုစကားပြောနေရင်းပင် ကြားခံဆက်သွယ်ပေးသောစနစ်အားဖွင့်ကာ ကျိုးဟောင်နတ်ဘုရားသတ်သိုင်းအားသုံးနေသည့်မြင်ကွင်းအား ဖျက်ပစ်လိုက်လေသည်။

သူမ၏ရည်ရွယ်ချက်မှာ ကျိုးဟောင်နှင့်ဥက္ကဌကျိုးအားကာကွယ်ရန်ဖြစ်သည်။

ကျိုးဟောင်၏အငွေ့အသက်မှာ ချက်ချင်းပင်မဟာဆရာသခင်အဆင့်သို့ရောက်သွားခဲ့ပြီး ဤမြင်ကွင်းသည်ရှုလင်အားကြက်သေသေသွားစေခဲ့သည်။ ထို့နောက်ချက်ချင်းဆိုသလိုပင် ကျိုးဟောင်သည်အရိပ်ဓားခုနစ်ချောင်းအားသုံးလိုက်လေရာ စွမ်းအားကြီးသောဓားအငွေ့အသက်တစ်ခုမှာ ချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွေဝေမနေဘဲ ‌သွေးသောက်စပါးအုံးမြွေမှာ ချက်ချင်းပင်သတ်ဖြတ်ခံလိုက်ရလေသည်။

သွေးများမှာလည်းချက်ချင်းပင်ပျံ့နှံ့သွားခဲ့ကာ သွေးမိုးအောက်တွင်ကျိုးဟောင်၏ပုံရိပ်မှာအလွန်အေးစက်စွာထွက်ပေါ်လာပြီး အလွန်စိုးမိုးနိုင်စွမ်းရှိပေသည်။

ရှုလင်သည်လည်းကျိုးဟောင်သွေးသောက်စပါးအုံးမြွေအား ဓားချက်တစ်ချက်ဖြင့်ချက်ချင်းသတ်နိုင်သည်အထိ အလွန်စွမ်းအားကြီးလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင်ကျိုးဟောင်သည်လည်းနတ်ဘုရားသတ်သိုင်းအားပြန်လည်ရုပ်သိမ်းလိုက်ရာ သူ၏အငွေ့အသက်မှာဆရာသခင်အဆင့်သို့ပြန်လည်ရောက်ရှိသွားခဲ့သည်။

"ဒါ.....ဘယ်လိုလျှို့ဝှက်သိုင်းမျိုးလဲ ဒါကတကယ်ကြီးနင့်ရဲ့ကျင့်ကြံဆင့်ကိုချက်ချင်းတိုးပေးနိုင်တယ်"

ရှုလင်မှာအံ့ဩနေပြီး သူမ၏ပါးစပ်အားလက်ဖြင့်ပင်အုပ်လိုက်မိသည်။

ရှုမိသားစုသည်လည်းမိသားစုကြီးတစ်ခုဖြစ်ပေရာ ယခုလိုလျှို့ဝှက်သိုင်းများအကြောင်းသူမလည်းသိပေသည်။ ဤအရာများအားလုံးမှာအဖိုးတန်သောပစ္စည်းများသာဖြစ်ကြသည်။

ကျိုးဟောင်ထံတွင်ယခုလိုအဖိုးတန်သောကျင့်ကြံရေးသိုင်းရှိမည်ဟု သူမလုံးဝမမျှော်လင့်ထားခဲ့ပေ။

"ဒါကငါ့ဆရာသင်ပေးခဲ့တာ"

ကျိုးဟောင်မှခပ်ဟဟရယ်ကာအဖြေပေးလိုက်သည်။

ထိုစကားအားကြားသောအခါရှုလင်မှာသဘောပေါက်သွားခဲ့သည်။ ၎င်းသည်ကောင်းကင်ဘုံအဆင့်အောက်တွင် နံပါတ်တစ်အသန်မာဆုံးဖြစ်သော ဥက္ကဌကျိုးသာဖြစ်ပေသည်။ ကျိုးဟောင်အားယခုလိုကျင့်ကြံရေးသိုင်းပေးသည်မှာ သူ့အတွက်ဘာမှမဟုတ်ပေ။

"ဘယ်လိုနေလဲ အစောပိုင်းကနင်အထင်ကြီးသွားလား ငါမမလေးရှုရဲ့နှလုံးသားကိုဖမ်းစားလိုက်နိုင်ရဲ့လား"

ကျိုးဟောင်မှာအလွန်ပျော်ရွှင်နေပေသည်။ ရှုလင်အဆင်ပြေသည်ကိုမြင်ပြီး စိတ်ကောင်းဝင်နေပေရာ သူမအားစနောက်နေပေသည်။

"နင်ဒီထက်ပိုပြီးလေးလေးနက်နက်နေလို့မရဘူးလား"

ရှုလင်မှာထိုသို့ပြောလိုက်သော်လည်း သူမ၏လှပသောမျက်နှာလေးမှာနီရဲနေပေသည်။ သူမ၏နှလုံးသားထဲတွင် အစောပိုင်းကကျိုးဟောင်၏နတ်ဘုရားကဲ့သို့သောပုံရိပ်အား မေ့နိုင်တော့မည်မဟုတ်ပေ။

ထိုအချိန်တွင်ပျံသန်းပိုးကောင်ဘုရင်ကုမှာကျယ်လောင်သောအသံတစ်ခုနှင့်အတူမြေပြင်ပေါ်သို့ဆင်းလာခဲ့ပေရာ ရှုလင်သည်ခုန်လိုက်ကာ အလိုလိုပင်တိုက်ခိုက်ရန်အသင့်ပြင်ထားသည့်ပုံစံမျိုးဖြစ်သွားလေသည်။

"မစိုးရိမ်ပါနဲ့ ဒီပျံသန်းပိုးကောင်ဘုရင်ကုကိုငါ့ရဲ့စီးနင်းခံသားရဲအနေနဲ့သတ်မှတ်လိုက်လို့ရပြီ သူ့ကြောင့်သာမဟုတ်ရင်ငါနင့်ကိုရှာတွေ့မှာမဟုတ်ဘူး"

ကျိုးဟောင်မှချက်ချင်းပင်ပြောလိုက်သည်။

"ဟမ်"

ရှုလင်မှာမယုံနိုင်သည့်ပုံဖြင့် မျက်လုံးများမှာပြူးကျယ်သွားခဲ့သည်။

"ငါသူ့ကိုယဉ်ပါးအောင်သိမ်းသွင်းခဲ့တာ ပျံသန်းပိုးကောင်ဘုရင်ကုကသူ့လက်အောက်ငယ်သားတွေအားလုံးကိုအမိန့်ပေးနိုင်တယ်လေ အဲဒါကြောင့်နင့်ကိုရှာဖို့သူတို့အကူအညီကိုယူခဲ့တာ"

ကျိုးဟောင်မှာပြုံးကာပြောရင်း ရှားပါးအဆင့်စွမ်းအင်ဘားတစ်ခုအား ပျံသန်းပိုးကောင်ဘုရင်ကုထံပစ်ပေးလိုက်သည်။ ထိုသတ္တဝါသည်လည်းယခုအချိန်တွင်ကျိုးဟောင်၏ခွန်အားကြောင့်လုံးဝကြောက်ရွံ့နေပြီဖြစ်သည်။ ထို့အပြင်၎င်းသည်ရှားပါးအဆင့်စွမ်းအင်ဘားအားအမှန်တကယ်လိုအပ်နေပေသည်။ ထို့ကြောင့်ခြွင်းချက်မရှိအမိန့်နာခံကာ မြေပြင်ပေါ်တွင်မလှုပ်မယှက်နှင့်ပြားပြားဝပ်နေပေသည်။

"သွားကြစို့ ငါယွင်ယန်နဲ့ကတခြားလူတွေကိုလည်းတွေ့ထားတယ် သူတို့နဲ့အရင်ဆုံကြတာပေါ့"

ကျိုးဟောင်မှာရှုလင်၏လက်အားကိုင်ကာပြောလိုက်လေရာ ရှုလင်မှစိုးရိမ်နေသည့်ပုံဖြင့်မေးလာလေသည်။

"ငါတို့.....ဒါကြီးကိုစီးသွားမှာလား"

ရှုလင်မှာအနည်းငယ်စိုးရိမ်နေသေးပေသည်။

"သူနဲ့သာဆိုရင် ဘာစိတ်ပူစရာလိုတော့မှာလဲ စိတ်ချပါသူကအရမ်းအသိဉာဏ်ရှိတယ် ငါတို့ကိုဆန့်ကျင်တာကသူ့အတွက်အကျိုးမရှိရုံတင်မဟုတ်ဘဲ သူ့အသက်လည်းဆုံးရှုံးရမယ်ဆိုတာကိုသူလည်းသိလောက်ပါတယ် ငါတို့ကိုကူညီမှသာ သူလိုချင်တဲ့စွမ်းအင်ဘားရမှာလေ"

"အဲဓါကဘာအဓိပ္ပာယ်လဲဆိုတော့ ပိုက်ဆံနဲ့ဖြေရှင်းလို့ရတဲ့အရာမှန်သမျှက ပြဿနာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပဲ"

ကျိုးဟောင်မှာပြုံးကာပြောလိုက်လေရာ ရှုလင်မှာဘာမှပင်ပြန်မပြောနိုင်ပေ။

သို့သော် ကျိုးဟောင်၏နည်းလမ်းမှာရှုလင်အားထိတ်လန့်စေပေသည်။ သူမသည်ယခုလိုကိစ္စမျိုးအားစဥ်းပင်မစဉ်းစားခဲ့ဖူးပေ။

...................................................................................

အခန်း(၃၇၉) ပြီးပါပြီ။

အခန်း (၃၈၀) : အဝိုင်းခံရခြင်းမှဖောက်ထွက်ခြင်း

ကျိုးဟောင်မှာရှုလင်၏အံ့ဩနေသောပုံအားကြည့်ကာပြုံးလ်ိုက်သည်။

"ကောင်းပြီ အချိန်ကိုအကောင်းဆုံးအသုံးချပြီးအားလုံးကိုရှာကြစို့ ဘာပဲဖြစ်ဖြစ်နင်ကငါတို့အဖွဲ့ရဲ့ တစ်ဦးတည်းသောမဟာဆရာသခင်အဆင့်ပညာရှင်ပဲ ပြီးတော့နင့်ကျင့်ကြံမှုကအကောင်းဆုံးပဲ"

ရှုလင်မှာထိုစကားအားကြားသောအခါ ကျိုးဟောင်အားဒေါသတကြီးကြည့်ကာပြောလာလေသည်။

"နင်ကအရမ်းနိမ့်ချနေတာပဲ ငါ့ကိုထပ်ပြောပြစမ်းပါ သွေးသောက်စပါးအုံးမြွေကိုသတ်လိုက်တာကဘယ်သူလဲ"

ကျိုးဟောင်မှာဟက်ခနဲရယ်ကာ ဘာမှပြန်မပြောပေ။ ထို့နောက်ရှုလင်၏ခါးလေးအားဖက်ကာပျံသန်းပိုးကောင်ဘုရင်ကု၏ကိုယ်ပေါ်သို့ခုန်တက်လိုက်ကာ ထိုနေရာမှထွက်ခွာသွားခဲ့သည်။

"ပျံသန်းပိုးကောင်ဘုရင်ကုကငါ့ကိုသတင်းတစ်ခုပို့တယ် သူယွင်ယန်နဲ့ဖန်းယွီကိုရှာတွေ့ပြီတဲ့သူတို့အတူရှိနေတာကို ငါအတော်လေးအံ့ဩတယ်"

ကျိုးဟောင်မှာအစောပိုင်းကမှထိုကိစ္စအားသိခဲ့ရခြင်းဖြစ်သည်။ သူသည်ပျံသန်းပိုးကောင်ဘုရင်ကုမှတစ်ဆင့် ယွင်ယန်နှင့် ဖန်းယွီတို့၏တည်နေရာအားသိခဲ့ရရုံသာမက ယွမ်ချန်းနှင့်ကျန်းယိတို့မည်သည့်နေရာတွင်ရှိနေကြောင်းကိုလည်းသိခဲ့ရပေသည်။

ယွမ်ချန်း၏ထွက်ပြေးသောစွမ်းရည်မှာမဆိုးလှပေရာ ယခုအချိန်အထိဘေးကင်းနေသေးပေသည်။ ကျန်းယိမှာအလေးချိန်အနည်းငယ်လျော့သွားပြီးဒဏ်ရာရထားသော်ငြား သူ့ကိုယ်သူလွတ်အောင်ပုန်းနိုင်နေသေးပေသည်။

တစ်ဖက်တွင်ဖန်းယွီနှင့်ယွင်ယန်မှာ အခြေအနေမကောင်းပေ။ အကယ်၍သူတို့သာယခုအချိန်တွင်အလောတကြီးမသွားပါက နောက်ပိုင်းသူမတို့ထံတွင်ပြဿနာများလာနိုင်ပေသည်။

"ဒါဆိုမြန်မြန်သွားကြမယ်လေ ရိုးရိုးသားသားပြောရရင် ငါယွင်ယန်နဲ့ဖန်းယွီကိုစိတ်အပူဆုံးပဲ"

ရှုလင်မှ စိတ်မအေးစွာပြောလာသည်။

ကျိုးဟောင်သည်ထိုစကားအားကြားသောအခါ မနေနိုင်ဘဲမေးလိုက်သည်။

"ဘာရယ် ငါ့ကျတော့စိတ်မပူဘူးလား"

ရှုလင်မှာကျိုးဟောင်၏စကားအားကြားသောအခါစိတ်ပျက်ဟန်ဖြင့်ပြောလာလေသည်။

"ငါတို့ထဲမှာ တိုက်ခိုက်ရေးစွမ်းရည်အမြင့်ဆုံးကနင်ပဲ ငါကဘာလို့နင့်ကိုစိတ်ပူရမှာလဲ ဟမ့်"

ကျိုးဟောင်မှာသက်ပြင်းချကာ ဘာမှပြောမလာတော့ပေ။ သူတို့နှစ်ယောက်သည်ပျံသန်းပိုးကောင်ဘုရင်ကုပေါ်တွင်ထိုင်ကာ တူညီသောဦးတည်ရာတစ်ခုဆီသို့အရှိန်တင်ရင်းသွား‌နေကြပေသည်။

ထိုအချိန်တွင်ယွင်ယန်နှင့်ဖန်းယွီမှာတောင်ကြားတစ်ခုတွင်ပုန်းနေကြပေသည်။ ဤတောင်ကြားတွင်ဂူတစ်လုံးရှိပေရာ သူမတို့နှစ်ယောက်သည်ထိုနေရာတွင်ပုန်းနေကြခြင်းဖြစ်သည်။ ထိုတောင်ကြားတွင်လည်းသန္ဓေပြောင်းသားရဲများ ထူထပ်စွာရှိနေကြပေသည်။

ဤသန္ဓေပြောင်းသားရဲများမှာအလွန်စွမ်းအားမကြီးသော်ငြား ၎င်းတို့နှင့်မနီးမဝေးတွင် ဆင်တစ်ကောင်အရွယ်အစားရှိသည့်မီးခိုရောင်ဝံပုလွေတစ်ကောင်လှဲနေပေသည်။

ထိုဝံပုလွေမှာဝံပုလွေသားရဲအုပ်၏ခေါင်းဆောင်ဖြစ်ပြီး ဤနေရာသည်လည်းသူတို့၏ပုန်းအောင်းရာနေရာဖြစ်သည်။

ဖန်းယွီနှင့်ယွင်ယန်မှာ ၁၃ခုမြောက်အက်ကွဲကြောင်းအားရောက်စဉ်က တကယ်လူစုကွဲသွားခဲ့သော်ငြား သူမတို့ရောက်သွားခဲ့သောနေရာများမှာအလွန်နီးကပ်ပေသည်။

ယွင်ယန်မှာဝင်လာသည်နှင့် သန္ဓေပြောင်းသားရဲတစ်အုပ်နှင့်ကြုံခဲ့ရသည်။ သူမသည်ထိုရန်မှလွတ်မြောက်ရန်အားကုန်သုံးပြီးနောက် အခြေအနေမကောင်းသောဖန်းယွီနှင့်တွေ့ခဲ့ရသည်။

သူမတို့နှစ်ယောက်သည်အတူလျှောက်လာခဲ့ကြပြီးနောက် ပို၍ပင်အခြေအနေဆိုးလာခဲ့ပေသည်။ သူမတို့သည်နေရာအနှံ့ပုန်းလျှိုးကွယ်လျှိုးဖြင့်လာရင်း ပုန်းလို့ရမည့်နေရာတစ်ခုအားတွေ့လိုက်လေသည်။ သူမတို့မူလကထင်ခဲ့သည်မှာ အကာအကွယ်အဖြစ်ဂူတစ်ခုအားရှာတွေ့ခဲ့ပြီးနောက်အဆင်ပြေပြီဟုထင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်ဤနေရာသည်တကယ်တမ်းတွင် ဝံပုလွေသားရဲများ၏ပုန်းအောင်ရာနေရာဖြစ်နေမည်ဟုမထင်ထားခဲ့ကြပေ။

ဤအချက်သည်သူမတို့အားအလွန်စိုးရိမ်စေလေသည်။

သူမတို့သည်မူလက အခြားလူများအားရှာရန်နှင့်အထောက်အကူပစ္စည်းများပြန်လည်ဖြည့်တင်းရန် လုံခြုံသောနေရာတစ်ခုအားရှာဖွေလိုခြင်းဖြစ်သော်လည်း ချက်ချင်းပင်ဤနေရာတွင်ပိတ်မိသွားခဲ့ပေသည်။

"ငါတို့ဘယ်လိုလုပ်ကြမလဲ ငါတို့ဘယ်လိုလုပ်ကြမလဲ ဒီကနေထွက်မရဘူး ဒီလိုပဲ ၇ရက်လုံးသည်းခံနေရမှာလား"

ယွင်ယန်မှာကိုယ်ကျပ်ချပ်ဝတ်အားဝတ်ဆင်ထားပေရာ သူမ၏ပြည့်စုံသောကောက်ကြောင်းမှာပေါ်လွင်နေပေသည်။

ဖန်းယွီသည်လည်းသက်ပြင်းချကာ ဘာမှမတတ်နိုင်သလိုပြောလာခဲ့သည်။

"ဒါကအားလုံး ဒီဂူကိုမရမကလာချင်နေတဲ့နင့်အမှားပဲ ကောင်းတယ်အခုတော့ဒီမှာပိတ်မိနေပြီ"

"နင့်မှာငါ့ကိုအပြစ်ပြောခွင့်ရှိတယ်လို့မထင်ဘူးနော် ခုနကငါနင့်ကိုဒီနေရာကိုဆွဲခေါ်ခဲ့လို့သာမဟုတ်ရင်နင်ပုရွက်ဆိတ်စားသားရဲတွေရဲ့ အစားခံလိုက်ရလောက်ပြီ"

ယွင်ယန်မှာဒေါသတကြီးပြန်ပြောလာလေသည်။

"အဲဒါအမှန်မှမဟုတ်တာ ငါ့မှာမသုံးရသေးတဲ့စွမ်းအားကြီးပစ္စည်းတွေမှ အများကြီးရှိသေးတယ်"

ဖန်းယွီမှနှာခေါင်းရှုံ့ကာပြောလိုက်သည်။

"ငါတို့အခုဘယ်လိုလုပ်ကြမလဲ တကယ်ကြီး ၇ရက်လုံးဒီနေရာမှာပဲနေရမှာလား"

ယွင်ယန်မှာသက်ပြင်းသာချကာ ဖန်းယွီနှင့်ငြင်းခုံမနေတော့ပေ။

"မတတ်နိုင်ဘူး တကယ်လို့အပြင်ထွက်ရင် သေချာပေါက်အပိုင်းပိုင်းဆွဲဖြဲခံရမှာ အဲဒီပြာမီးခိုးဝံပုလွေဘုရင်ကဆရာသခင်အဆင့်ရောက်နေပြီ"

ဖန်းယွီမှစိတ်ပျက်စွာပြောလိုက်သည်။

ယွင်ယန်မှာဂူ၏ကျောက်သားနံရံအားမှီကာစကားပြောလာလေသည်။

"ကျိုးဟောင်နဲ့ရှုလင်သာဒီမှာရှိရင် သူတို့နှစ်ယောက်ကတော့သေချာပေါက်ဒီသန္ဓေပြောင်းသားရဲတွေကိုဖြေရှင်းနိုင်မှာပဲ"

ထိုစအားကြားသောအခါဖန်းယွီမှာခေါင်းညိတ်ထောက်ခံသော်လည်း စိုးရိမ်တကြီးပြောလာခဲ့သည်။

"ဒီနေရာကအန္တရာယ်တွေနဲ့ပြည့်နေတာ ကျိုးဟောင်၊ ရှုလင်နဲ့တခြားလူတွေဘယ်လိုနေကြလဲမသိဘူး ပြီးတော့ ၁၃ခုမြောက်အက်ကွဲကြောင်းကဒီလောက်ကြီးတာ သူတို့ငါတို့ကိုဘယ်လိုရှာကြမှာလဲ......"

"သူတို့မဟုတ်ဘဲ အခြားအဖွဲ့ဆိုရင်တောင်အဆင်ပြေတယ် ဝင်လာပြီးတာဒီလောက်ကြာနေပြီကိုတောင် နင်နဲ့ပဲတွေ့တာတခြားဘယ်သူနဲ့မှမတွေ့ဘူး"

ယွင်ယန်မှာသက်ပြင်းချကာပြောလာသည်။

"နည်းပြပိုင်ကသေချာပေါက်ဒီနေရာကိုအာရုံစိုက်နေမှာပဲပြီးတော့ ငါတို့မှာနေရာရွှေ့ပြောင်းရေးကိရိယာရှိနေတာပဲ ငါတို့ရဲ့လုံခြုံရေးကပြဿနာမရှိဘူး ဒါပေမဲ့ဒီနေရာမှာ ၇ရက်လုံးဘာမှမလုပ်ဘဲနေမယ်ဆိုရင်သူများလှောင်စရာမဖြစ်ဘူးလား"

ဖန်းယွီ၏စကာများအား ယွင်ယန်လည်းသဘောတူပေသည်။

သူမတို့သည်ယန်ကျင်းလေ့ကျင့်ရေးစခန်းမှဖြစ်ပြီး အရင်ကတည်းကပညာရှင်များဖြစ်ကြသည်။

သို့သော်ယခုလိုအချိန်အကြာကြီးကြာပြီးနောက် သူမတို့သည်အမှုမဲ့အမှတ်မဲ့ပင်နေလာရင်း ရှုလင်နှင့်ကျိုးဟောင်တို့မှလိုက်မီလာခဲ့သည်။

စင်စစ်တွင် သူမတို့ကြားရှိကွာခြားချက်မှာ တိုး၍ပင်လာပြီဖြစ်သည်။

"မဟုတ်ဘူး ငါတော့ဒီမှာပဲဒီတိုင်းမနေနိုင်ဘူး လောင်းကြေးထပ်ရမယ်ဆိုရင် ကြိုးစားတော့ကြည့်ရမှာပဲ"

ယွင်ယန်မှာနှာခေါင်းရှုံ့ကာပြောလိုက်သည်။ သူမ၏မာနသည်သူမအားဤသို့လုပ်ခွင့်မပြုပေ။ အကြောင်းမှာ သူမသည်ရှက်၍သာမက ပိုသန်မာလာချင်၍လည်းဖြစ်သည်။

"ဟုတ်တယ် အများဆုံးမှရှုံးရုံပေါ့ ဘာကြောက်နေရမှာလဲ"

ဖန်းယွီသည်လည်းခေါင်းဖြည်းဖြည်းညိတ်ရင်းပြောလာသည်။

သူမတို့ ၂ယောက်သည်လုံးဝတွေဝေမနေပေ။

"ငါ့မှာရောင်ခြည်တန်းဒုံးနဲ့ သွက်ချာပါဒရပ်တန့်ရေးဒုံးနည်းနည်းရှိသေးတယ် တကယ်လို့ဒါတွေကိုသာအတူတူသုံးရင် ငါတို့ထွက်လမ်းရှိလောက်တယ်"

ဖန်းယွီမှာပြောနေရင်းပင် သူမ၏အိတ်ထဲမှလက်နက်များအားထုတ်ကာ ယွင်ယန်အားပေးလိုက်သည်။

"ဒီမှာအဓိကပြဿနာကပြာမီးခိုးဝံပုလွေဘုရင်ပဲ သွက်ချာပါဒရပ်တန့်ရေးဒုံးနဲ့ရောင်ခြည်တန်းကျည်ဆံတွေက သူ့ကိုများများစားစားထိခိုက်သွားအောင်မလုပ်နိုင်လောက်ဘူး ဒါပေမဲ့ ဒီဝံပုလွေသားရဲတွေကိုသတ်လိုက်ရင် ငါတို့သူနဲ့ထိပ်တိုက်ရင်ဆိုင်စရာမလိုတော့ဘူး ဒီတိုင်းထွက်ပြေးပြီးပဲဒီနေရာကနေထွက်သွားကြစို့ ဘယ်လိုလဲ"

ယွင်ယန်မှာအဝေးရှိတောင်ကြားထွက်ပေါက်အားညွှန်ပြရင်းပြောလိုက်သည်။

ဖန်းယွီသည် သဘောတူသည်အနေဖြင့်ခေါင်းညိတ်လိုက်သည်။ သူမတို့နှစ်ယောက်သည်ရိုးရှင်းသောအစီအစဉ်တစ်ခုဆွဲပြီး စတင်လှုပ်ရှားလေတော့သည်။

ဤဝံပုလွေသားရဲအုပ်စုမှာ အနားယူနေပေသည်။ ဖန်းယွီနှင့်ယွင်ယန်မှာချက်ချင်းပင်ပြေးထွက်လာခဲ့ကြသည်။ ထို့နောက်စကားတစ်ခွန်းမှမဆိုဘဲ သွက်ချာပါဒ ရပ်တန့်ရေးဒုံးအားပစ်လွှတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းပင် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ဤသန္ဓေပြောင်းသားရဲများအား ဖုန်လုံးများကြားထဲလွင့်ထွက်သွားစေခဲ့သည်။ သွက်ချာပါဒရပ်တန့်ရေးဒုံး၏အကျိုးသက်ရောက်မှုအောက်တွင် သူတို့၏ခြေလက်များမှာ သက်ရောက်မှုခံရလေသည်။

သူမတို့နှစ်ယောက်‌အပေါ်တွင်တော့ လုံးဝသက်ရောက်မှုမရှိပေ။ သူမတို့သည်အတူတကွရှေ့တက်ကာ သူမတို့၏ကျင့်ကြံရေးသိုင်းများအားထုတ်သုံးလိုက်ကြသည်။

ဖန်းယွီ၏တစ်ကိုယ်လုံးတွင်မီးတောက်များထွက်ပေါ်နေပြီး ဤသိုင်းသည်သူမ၏အားအကောင်း‌ဆုံးကျင့်ကြံရေးသိုင်းဖြစ်သည့် ကြယ်တာရာလောင်ကျွမ်းခြင်းလွင်ပြင်သိုင်းပင်ဖြစ်သည်။ ၎င်းမှာအားကြီးသောကျင့်ကြံရေးသိုင်းမဟုတ်သော်ငြား ဆရာသခင်အဆင့်တွင်မူ အလွန်အထင်ကြီးစရာကောင်းသည့်သိုင်းဟုဆိုနိုင်သေးပေသည်။

ယွင်ယန်မှာသူမ၏သွေးအနှစ်သာရအားကိုယ်တွင်းသို့ပြန်လည်သိမ်းယူလိုက်သည်။ ထို့နောက်သူမ၏ခြေလက်များ၊ သွေးကြောများအား စွမ်းအားပြန်ဖြည့်လိုက်လေရာ ကြမ်းကြုတ်သောနဂါးတစ်ကောင်ကဲ့သို့အလွန်စွမ်းအားကြီးလာခဲ့ပေသည်။

အကယ်၍ကျိုးဟောင်သာဤနေရာတွင်ရှိနေပါကသေချာပေါက်အံ့ဩသွားမည်ဖြစ်သည်။

ကျိုးဟောင်မှာယွင်ယန်သည်သူမ၏ခန္ဓာကိုယ်အားပုံသွင်းရန် ကျင့်ကြံမှုများအားလုံးကိုအသုံးပြုပစ်လိုက်သည်ဟုသံသယဝင်နေခဲ့သည်မှာကြာလှပြီဖြစ်သည်။ ၎င်းသည်မှန်ကန်ကြောင်းဤအချက်များကသက်သေပြနေပေသည်။

ယွင်ယန်မှာအုပ်စိုးရှင်ခန္ဓာသိုင်းအား ကျင့်ကြံထားခြင်းဖြစ်သည်။

ဤသိုင်းမှာလူတစ်ယောက်၏ခန္ဓာကိုယ်အားကျင့်ကြံမှုကိုအဓိကထားပြီးထိုလူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားအားတိုင်းအတာတစ်ခုအထိမြှင့်တင်ခြင်းပင်ဖြစ်သည်။ ၎င်းမှာရတနာတစ်ခုကဲ့သို့ဖြစ်ပြီးအလွန်စွမ်းအားကြီးပေသည်။

သူမတို့နှစ်ယောက်ကြားရှိရုတ်ရုတ်သဲသဲဖြစ်မှုမှာ ပြာမီးခိုးဝံပုလွေဘုရင်အားချက်ချင်းပင်သတိဝင်လာစေခဲ့သည်။ ၎င်းသည်ဒေါသတကြီးအော်ဟစ်လာပေရာ ၎င်း၏အသံမှာကျယ်လောင်လာပြီဖြစ်သည်။

ထိုသို့အော်ဟစ်နေဆဲမှာပင်ရောင်ခြည်တန်းဒုံးနှင့်သွက်ချာပါဒရပ်တန့်ရေးဒုံးအနည်းငယ်မှာ ၎င်းထံဝင်ရောက်သွားခဲ့သည်။

ထိုသို့လုပ်ပြီးနောက်သူမတို့နှစ်ယောက်မှာလုံးဝတွေဝေမနေဘဲဤဝံပုလွေသားရဲများအားချက်ချင်းပင်စတင်သတ်ဖြတ်ကြတော့သည်။ သူမတို့သည်သားရဲများအားသတ်ပြီးလမ်းရှင်းကာထွက်သွားရန် ဆုံးဖြတ်ထားခဲ့ကြခြင်းဖြစ်သည်။

ဖန်းယွီမှာမီးတောက်များဖြင့်ဖုံးလွှမ်းနေပြီး သူမလမ်းလျှောက်သွားသည့်နေရာတိုင်းရှိဝံပုလွေသားရဲများမှာချက်ချင်းပင်ပြာဖြစ်သည်အထိ သက်ရောက်လောင်ကျွမ်းခံရပေသည်။

ယွင်ယန်မှာ ပို၍ပင်ကြမ်းလေသည်...သူမသည်လက်သီးတစ်ချက်ဖြင့်ဝံပုလွေသားရံတစ်ကောင်အား အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေခဲ့ပြီး သူမ၏တစ်ကိုယ်လုံးတွင်လည်းသွေးများဖြင့်ဖုံးလွှမ်းနေပေရာ သူမ၏ပုံစံမှာရဲရင့်သောစစ်နတ်ဘုရားမတစ်ပါးပမာပင်။

....................................................................................

အခန်း(၃၈၀) ပြီးပါပြီ။

အခန်း (၃၈၁) : သေမင်းနှင့်တိုက်ခိုက်ခြင်း

သူတို့နှစ်ယောက်လုံးမှာ ဝိုင်းရံခံရခြင်းအား ချိုးဖောက်နိုင်ရန် သူတို့၏ရဲစွမ်းသတ္တိကို အားကိုးနေသော်လည်း သူတို့တွင် အကြံအစည်တော့ရှိနေသေးလေသည်။

သူတို့နှစ်ယောက်မှာ အချိတ်အဆက်မိနေသောကြောင့် တိုက်ခိုက်ရာတွင် ထိရောက်မှုရှိနေလေသည်။

ပြာမီးခိုးဝံပုလွေဘုရင်မှာ ကြယ်တွေလတွေ မြင်တဲ့အထိ ပစ်ခတ်ခံလိုက်ရလေသည်။ ၎င်းမှာ လေဆာဒုံးကျည်များသာမက သွက်ချာပါဒ ဒုံးကျည်ပါထိမှန်ခြင်းခံရပြီး ခန္ဓာတခုလုံးမှာ စုတ်ပြတ်သတ်နေလေသည်။

ဒါ့အပြင် ၎င်းမှာနောက်သို့လှည့်ကြည်လိုက်ချိန်တွင် ၎င်း၏နောက်လိုက်များအားလုံး ရှင်းလင်းခံထားရသည်ကို မြင်လိုက်ရလေသည်။

ပြာမီးခိုးဝံပုလွေဘုရင်မှာ ရုတ်တရက် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ၎င်း၏ခန္ဓာမှ အပြာရောင်မီးတောက်များ ကြောက်မက်ဖွယ်ထွက်ပေါ်လာခဲ့လေသည်။

ထိုအရာမှာ ပြာမီးခိုးဝံပုလွေ၏သွေးမျိုးရိုးစွမ်းအားဖြစ်လေသည်။ မဟာဆရာသခင်အဆင့်သို့ တက်လှမ်းနိုင်ပြီးနောက် ၎င်းမှာ ထိုစွမ်းရည်ကို လှုပ်နှိုးနိုင်ခဲ့ပြီးလှုပ်ရှားမှုမှာလည်း အလွန်ပင် လျင်မြန်လာလေသည်။ ဒါ့အပြင် ထိုအပြာရောင်မီးတောက်စွမ်းရည်က သူ၏ဖျက်စီးနိုင်စွမ်းအား ကြောက်မက်ဖွယ်ကောင်းတဲ့အခြေအနေရောက်အောင် အထောက်အပံ့ပေးလေသည်။

၎င်း၏အရွယ်အစားမှာ ဆင်တကောင်လောက်သာရှိပြီး ရေခဲအမွှေးဖြူ၀က်ဝံနှင့်သွေးသောက်စပါးအုံး မြွေတို့နှင့်မယှဉ်နိုင်နိုင်သော်လည်း ၎င်း၏ဖျက်ဆီးနိုင်စွမ်းကတော့ ထိုသန္ဓေပြောင်းသားရဲနှစ်ကောင်ထက်ပိုပြင်းထန်လေသည်။

ပြာမီးခိုးဝံပုလွေဘုရင်မှာ အင်အားအရမ်းမကြီးပဲ တိုက်ခိုက်ခံနိုင်ရည်လည်း နည်းလေသည်။ အင်အားချင်းယှဉ်ပါက ၎င်းမှာ ရေခဲအမွှေးဖြူ၀က်ဝံနှင့် သွေး‌ သောက်စပါးအုံးမြွေတို့အားမယှဉ်နိုင်ပေ။

သို့သော် လျင်မြန်မှု နှင့် ဖျက်ဆီးနိုင်စွမ်းမှာတော့ ထိုသားရဲကောင်မှာ ပြာမီးခိုးဝံပုလွေဘုရင်၏ပြိုင်ဖက်မဟုတ်ခဲ့ပေ။

ထိုအခိုက်အတန့်တွင် ၎င်း၏ခန္ဓာကိုယ်တခုလုံးမှ အပြာရောင်မီးတောက်များလွှင့်ထုတ်နေပြီး ၎င်း၏ခန္ဓာကိုယ်ရှိ ကြွက်သားထုထည်မှာလည်း မာကျောလာလေသည်။

၎င်းမှာ သွက်ချာပါဒ ဒုံးကျည်၏အာနိသင်နှင့် လေဆာဒုံးကျည်တို့အား ဂရုမစိုက်တော့ပေ။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှာ အပြာရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ဖန်းယွီနှင့် ယွင်ယန်တို့ဆီအား ခုန်၀င်လာလေသည်။

၎င်း၏လှုပ်ရှားမှုကို ယွင်ယန်နှင့် ဖန်းယွီတို့မှာ ကြိုသိနေခဲ့ပြီး တခုခုမှားနေပြီဖြစ်ကြောင်းတွေးမိခဲ့ကြလေသည်။ ဒါ့အပြင် သူတို့နှစ်ယောက်မှာလည်း ဒီသတ္တဝါအား မယှဉ်နိုင်မှန်း နားလည်ကြလေသည်။

သို့သော်သူတို့နှစ်ယောက်လုံး စိတ်ကိုပြန်တည်‌ငြိမ်အောင်လုပ်လိုက်ကြလေသည်။ ဖန်းယွီကအော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ဆီမှ မီးတောက်များပေါက်ကွဲထွက်လာလေသည်။ ဖန်းယွီ၏ ဆယ်မီတာပတ်လည်တွင် မီးပင်လယ်တခုပေါ်ပေါက်လာခဲ့လေသည်။

ထိုမီးပင်လယ်၏စွမ်းအားမှာ အရမ်းပြင်းထန်ပြီး ပတ်လည်တွင်ရှိနေသော သားရဲများ လောင်ကျွမ်းသေဆုံးသွားကြလေသည်။

ထိုသားရဲများမှာ ဆရာသခင်အဆင့်သားရဲများဖြစ်ပြီး သွက်ချာပါဒဒုံးကျည်ကြောင့်လှုပ်ရှားမှုများကန့်သတ်ခံထားရသော်လည်း ဆရာသခင်အဆင့်လူသားပညာရှင်များနှင့် ယှဉ်နိုင်သေးလေသည်။

ဖန်းယွီမှာ သူမ၏အားအကောင်းဆုံး မန္တန်အားထုတ်သုံးခဲ့ခြင်းဖြစ်ပြီး သန္ဓေပြောင်းသားရဲကောင်အတော်များများအား မီးလောင်တိုက်သွင်းနိုင်ခဲ့သည်မှာ အတော်အထင်ကြီးစရာကောင်းလေသည်။

ယွင်ယန်ကလည်း ခေသူမဟုတ်ပေ။ သူမ၏ ကိုယ်ခန္ဓာသန်စွမ်းမှုမှာပေါက်ကွဲထွက်လာပြီး သူမ၏ချပ်၀တ်မှာလည်း အဖြူရောင်အဖြစ်ပြောင်းလဲသွားလေသည်။ ထိုအရာမှာ အုပ်စိုးသူကိုယ်ခန္ဓာ၏အရှိန်အဝါဖြစ်လေသည်။

ထိုစွမ်းအား၏တွန်းအားကြောင့် ယွင်ယန်၏လျင်မြန်မှုမှာ တိုးပွားလာပြီး သူမ၏ဖျက်ဆီးနိုင်စွမ်းမှာလည်း ပြင်းထန်လာလေသည်။

လက်သီးတချက်ထဲဖြင့် သန္ဓေပြောင်းသားရဲများအား အစိတ်စိတ်အမွှာမွှာဖြစ်သွားစေပြီး သူမမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်သန်မာနေလေသည်။

သူတို့နှစ်ယောက်လုံးမှာ တောင်ကြားမှာ မဝေးကြောင်းသိကြပြီး သူတို့ထွက်သွားနိုင်လျှင်အခွင့်အရေးရှိကြောင်းသဘောပေါက်ကြလေသည်။

ဒါ့ကြောင့် အသက်နှင့်ရင်းပြီး သူတို့၏စွမ်းအားအကုန်သုံးပြီး တိုက်ခိုက်နေကြလေသည်။ လျှို့ဝှက်စွာစောင့်ကြည့်နေသော ပိုင်လင်းလုံတောင်မှ ခေါင်းညိတ်မိလေသည်။

သူတို့၏စွမ်းအားများမှာ တခြားအဖွဲ့များနှင့်ယှဉ်လျှင်အား‌နည်းသော်လည်း နည်းဗျူဟာအချို့ကိုတော့ နားလည်ကြလေသည်။ ဒါ့အပြင်သူတို့၏ကျင့်ကြံရေးအဆင့်များကလည်းမဆိုးလှပေ။ ယခုလို တသီးတခြားတိုက်ခိုက်ရချိန်တွင် သူတို့၏ စွမ်းရည်မှာပေါ်လွင်လာလေသည်။

"ဖန်းယွီရဲ့ ကြယ်တံခွန်လောင်ကျွမ်းခြင်းလွင်ပြင်ကျင့်စဉ်က အကောင်းဆုံးလို့ သတ်မှတ်လို့မရသေးပေမဲ့ သူမ အနေနဲ့ ကြာပန်းနီကံကြမ္မာမီးတောက်သိုင်းကိုတော့ ကျင့်လို့ရလောက်တယ်"

"ယွင်ယန်ရဲ့ အုပ်စိုးသူကိုယ်ခန္ဓာသိုင်းကလည်း တကယ်ကောင်းမွန်တယ်။ ဒီကျင့်စဉ်ကမိန်းကလေးတွေနဲ့လိုက်ဖက်တယ်ဆိုပေမဲ့လည်း မူလအဆင့်ကျင့်ကြံရေးနည်းစနစ်တခုမဟုတ်ပေဘူး။ အ‌ပြစ်ဖြေဖျောက်ခြင်းကိုယ်ခန္ဓာသိုင်းကသာ သူမနှင့်သင့်တော်မယ်"

သူမတို့နှစ်ယောက်၏တိုက်ပွဲကိုကြည့်ပြီး သူတို့အတွက်အနာဂတ်လမ်းကြောင်းကိုပါစဉ်းစားပေးနေလေသည်။

"ဒါပေမဲ့ ဒီနေရာက ထွက်နိုင်မထွက်နိုင်က မင်းတို့ရဲ့အရည်အချင်းပေါ်မှာပဲ မူတည်တယ်"

ပိုင်းလင်းလုံပြုံးပြီး အလေးအနက်ထားစောင့်ကြည့်နေလေသည်။

တဖက်တွင်လည်း ကျိုးဟောင်နှင့်ရှုလင်မှာ ပျံသန်းပိုးကောင်ဘုရင် ကု ပေါ်တွင်လိုက်ပါရင်းလျင်မြန်စွာပျံသန်းနေကြလေသည်။

ပျံသန်းပိုးကောင်ဘုရင် ကု သည်မဟာဆရာသခင်အဆင့်ဖြစ်ပြီး ၁၃ခုမြောက်အက်ကွဲကြောင်းထဲရှိ အထင်ကရသားရဲတကောင်လည်းဖြစ်လေသည်။ထိုကဲ့သို့ သတ္တဝါကဦးဆောင်ခေါ်သွားနေသရွေ့ သူတို့အတွက် အန္တရာယ်ကင်းလေသည်။ဒီအရာကကျိုးဟောင်နှင့်ရှုလင်အတွက်ပြဿနာအတော်များများကို ပြေလျော့သွားစေလေသည်။

သူတို့နှစ်ယောက်အနေဖြင့် ဖန်းယွီနှင့်ယွင်ယန်တို့ ဒုက္ခရောက်နေသည်ကို သိပါက ဘယ်လိုအခက်အခဲရှိရှိ ဖန်းယွီနှင့်ယွင်ယန်ဆီသို့ရောက်အောင်သွားကြမည်ဖြစ်လေသည်။

သူတို့နှစ်ယောက်အတွက် တိုက်ခိုက်ရသည်မှာ အဆင်ပြေသော်လည်း ဖန်းယွီနှင့်ယွင်ယန်တို့ တောင့်ခံရင်းစောင့်ဖို့ အဆင်မပြေတော့သည်ကိုတော့ သူတို့မသိခဲ့ပေ။

ယွမ်ချန်းကတော့ အေးအေးလူလူပင်ဖြစ်နေလေသည်။ သူသည် ဂျက်အင်ဂျင်၀တ်စုံကို၀တ်ဆင်ထားပြီး လေဆာသေနတ်ကိုလည်းကိုင်ဆောင်ထားလေသည်။

သူသည် ဆရာသခင်အဆင့်ထိကျင့်ကြံထားနိုင်သော်လည်း သန်မာသည့်သားရဲကိုရင်မဆိုင်ဘဲ ရှောင်တိမ်းဖို့ နည်းဗျူဟာချထားလေသည်။ ဒါ့ကြောင့်သူခုထိအန္တရာယ်မတွေ့ဘဲ အားလုံးထဲတွင် ဘေးအကင်းဆုံးလို့ဆိုနိုင်လေသည်။

ကျန်းယိကတော့ အခြေအနေဆိုးဝါးနေလေသည်။ ဒါဇင်နှင့်ချီသော ဆရာသခင်အဆင့်သားရဲများ သူ့ရှေ့တွင်ပုံလဲကျနေပြီး သူကတော့ မောဟိုက်နေလေသည်။

သွေးနှင့်ချွေးများမှာလည်း ရောယှက်နေပြီး သူကိုယ်တိုင် ဘယ်ဟာကသွေးလဲချွေးလဲဆိုသည်ကို မဝေခွဲနိုင်တော့ပေ။

"ဟူး ငါ့ဘ၀ကခက်ခဲကြမ်းတမ်းခဲ့တာကို ကျေးဇူး တင်ရမယ် မဟုတ်ရင် ဒီသူတောင်းစားတွေလက်ချက်နဲ့အသက်ထွက်နေလောက်ပြီ"

ကျန်းယိမှာ ယခုအချိန်တွင်အရမ်းပင်ပန်းနေသော်လည်း သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများပြည့်နေလေသည်။

သူ့အနေဖြင့် ဆရာသခင်အဆင့်ရောက်ဖို့မလွယ်ကူခဲ့ပေ။ သူ့သည် ကျိုးဟောင်လိုမျိုး တမိုးအောက်တယောက်ထွန်းဆိုသကဲ့သို့ စွမ်းရည်မျိုးမရှိဘဲ အပြင်းအထန်ကြိုးစားမှုကြောင့်သာရရှိခဲ့ခြင်းဖြစ်လေသည်။

သို့သော်လည်း ကောင်းကင်ကကြိုးစားနေသူကိုတော့ပစ်မထားခဲ့ပေ။ သူ၏ကျင့်ကြံရေးနည်းစနစ်မှာအမြင့်ဆုံးမဟုတ်သော်လည်း ချွေးမြေကျသည်အထိကြိုးစားမှုကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ ရှုလင်နှင့်ကျိုးဟောင်ပြီးရင် အသန်မာဆုံးဖြစ်လေသည်။

ကျန်းယိမှာသူ၏လက်တဖက်တွင်ပုဆိန်ကိုကိုင်ဆွဲထားပြီး နောက်လက်တဖက်ရှိသူ၏ဓားမှာလည်း ကျိုးပဲ့နေလေသည်။ ဒါကိုကြည့်ခြင်းဖြင့် စောနက တိုက်ပွဲမှာ ဘယ်လောက်ပြင်းထန်ကြောင်းခန့်မှန်းလို့ရလေသည်။

"မလွယ်ကူပေမဲ့ ငါအမှတ်အတော်အတန်တော့စုဆောင်းနိုင်ခဲ့ပြီ"

ကျန်းယိတယောက်အမှတ်ရာကျော်ကိုကြည့်ရင်းပျော်နေလေသည်။

"တခြားသူတွေဘယ်လိုအခြေအနေရှိလဲသိချင်မိတယ်။ ငါ့ရဲ့ရိက္ခာတွေပြန်ဖြည့်ပြီး တခြားသူတွေဆီသွားရမယ်။ ကျိုးဟောင်ကဦးဆောင်နေတာဆိုတော့ အားလုံးပြီးတဲ့အထိတောင့်ခံနိုင်မှာပါ"

ကျန်းယိက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ အထောက်အပံ့ပစ္စည်းများကိုထုတ်ကာ သူ့ဒဏ်ရာများအားစတင်ကုသလေသည်။

တခြားတဖက်တွင်လည်း ယွင်ယန်နှင့်ဖန်းယွီမှာအခြေအနေမကောင်းပေ။ သူတို့နှစ်ယောက်အနေဖြင့်ချိုင့်ဝှမ်းထဲမှလွတ်မြောက်လာသော်လည်း ပြာမီးခိုးဝံပုလွေကထပ်ကြပ်မကွာလိုက်လာလေသည်။ ၎င်းမှာ အလွန်မြန်ဆန်သောကြောင့် သူတို့အား မှီခါနီးဖြစ်နေလေသည်။

သူတို့နှစ်ယောက်လုံး အလွန်စိုးရိမ်နေပြီး နေရာကူးပြောင်းရေးကိရိယာအား အသုံးပြုရန်ပြင်ဆင်ထားကြလေသည်။ သူတို့အနေဖြင့် အန္တရာယ်ကြုံလာပါက တုံ့ဆိုင်းမနေဘဲ ကိရိယာအားသုံးပြီး ထွက်သွားကြမည်ဖြစ်လေသည်။

သို့သော်သူတို့နှစ်ယောက်လုံး နောက်ဆုံးအခြေအနေမရောက်သေးဘဲထိုကိရိယာအားမသုံးချင်ပေ။

"ငါတို့ဒီအတိုင်းဆက်ပြေးနေရင်တော့လွတ်မှာမဟုတ်ဘူး ငါတို့မှာရှိတာအကုန်သုံးပြီးပြန်ရင်ဆိုင်ကြည့်ကြမယ် အခြေအနေနကောင်းတော့မှ ထွက်သွားကြတာပေ့ါ"

"ကောင်းပြီလေ"

မိန်းကလေးနှစ်ယောက်လုံးမှာ အချင်းချင်းသဘော တူလိုက်ကြလေသည်။ ဖန်းယွီ၏ခန္ဓာကိုယ်ဆီမှမီးတောက်များထွက်လာပြီး သူမ၏လက်နှစ်ဖက်လုံးတွင်လည်း မီးဘောလုံးများပေါ်လာလေသည်။ဒါသည်သူမ၏ အကြမ်းဆုံးသိုင်းတခုဖြစ်လေသည်။

ယွင်ယန်သည်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူမ၏ရှေ့တွင် လက်သီးတလုံးအားဖန်တီးလိုက်လေသည်။

"အုပ်စိုးရှင်ရဲ့လက်သီးချက်"

ယွင်ယန်သည်လည်း သူမ၏အားအကောင်းဆုံးသိုင်းအားထုတ်သုံးကာပြာမီးခိုးဝံပုလွေမိစ္ဆာနှင့် တိုက်ရင်ပြင်ဆင်လိုက်လေသည်။

သူတို့နှစ်ယောက်လုံး တုံ့ဆိုင်းမနေဘဲ ပြာမီးခိုးဝံပုလွေဘုရင်အား တိုက်ခိုက်လေသည်။ ပြာမီးခိုးဝံပုလွေကလည်း အထင်သေးသောအကြည့်ဖြင့်တချက်ကြည့်လိုက်ပြီးတိုက်ခိုက်ချက်များကို ဂရုမစိုက်ပေ။

သို့သော်နောက်စက္ကန့်အနည်းငယ်အကြာ၌ သူ့မျက်လုံးများထဲတွင်ကြောက်လန့်မှုများပြည့်နှက်သွားလေသည်။ ၎င်းမော့ကြည့်လိုက်သောအခါစူးရှသောဓားအလင်းတန်းတခုသည်ကောင်းကင်ထက်မှကျဆင်းလာလေသည်။

....................................................................................

အခန်း (၃၈၁) ပြီးပါပြီ။

All Chapters