အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
အခန်း (၃၈၂) : စကားနိုင်လုခြင်း
ဖန်းယွီနှင့် ယွင်ယန်တို့နှစ်ယောက်လည်း သူတို့၏အစွမ်းထက်ဆုံးသိုင်းများကို ထုတ်သုံးရင်း စိတ်လှုပ်ရှားနေကြလေသည်။ သူတို့နှစ်ယောက်လုံးမှာ သူတို့၏ကန့်သတ်ချက်ကိုသေချာသိကြလေသည်။ သူတို့အစွမ်းဖြင့် ပြာမီးခိုးဝံပုလွေဘုရင်အားသတ်ဖို့မဖြစ်နိုင်ပေ။
သို့သော်လည်း နေရာကူးပြောင်းရေးကိရိယာကိုတော့နှစ်ယောက်လုံး ထုတ်မသုံးကြဘဲ ထူးဆန်းဖွယ်ရာများဖြစ်လာစေဖို့ မျှော်လင့်နေကြလေသည်။သူတို့နှစ်ယောက်လုံး မျှော်လင့်ချက်ရှိနေသရွေ့လက်လျော့ကြမည်မဟုတ်ပေ။
သို့သော်နောက်စက္ကန့်အနည်းငယ်အကြာပေါက်ကွဲမှုများရပ်တန့်သွားချိန်တွင် သူတို့မှာပြာမီးခိုးဝံပုလွေ ၏လှုပ်ရှားမှုကို မခံစားရတော့ချေ။
"ဘာဖြစ်သွားပြီလဲ အဲ့အကောင်လွတ်သွားတာလား သေသွားတာလား "
ယွင်ယန်က ဇဝေဇဝါမေးလိုက်လေသည်။
"သေတော့မသေသွားလောက်ဘူး။ ငါတို့ရဲ့တိုက်ခိုက်မှုက သူ့ကိုဒဏ်ရာ အနည်းအကျည်းလောက်ပဲရစေမှာ ကြည့်ရတာ ထွက်ပြေးသွားတာဖြစ်မယ်"
ဖန်းယွီကသူမ၏အစွမ်းကိုသေချာသိသူဖြစ်ပြီး ကောင်းစွာစိစစ်ကြည့်နေလေသည်။
မီးခိုးငွေ့များတဖြေးဖြေးပျောက်ကွယ်လာပြီး ထိုမီးခိုးငွေ့ထဲမှ အရိပ်မဲမဲကြီးကို နှစ်ယောက်လုံးကြည့်နေလေသည်။
ပြာမီးခိုးဝံပုလွေဘုရင်၏အရိပ်ကိုတွေ့သောအခါ သူတို့နှစ်ယောက်လုံးအနောက်ကိုဆုတ်သွားကြပြီး ထိုသားရဲကောင်ကြီးရုတ်တရက်ထတိုက်မည်ကိုစိုးရိမ်နေကြလေသည်။
မီးခိုးများပျောက်ကွယ်သွားသောအခါ သူတို့အရှေ့ရှိမြင်ကွင်းမှာ ပိုမိုရှင်းလင်းလာလေသည်။ ပြာမီးခိုးဝံပုလွေ၏အသက်မဲ့နေသောခန္ဓာကိုယ်ကြီးကိုတွေ့သောအခါ သူတို့ နှစ်ယောက်လုံး တုန်လှုပ်သွားကြလေသည်။
"သေ....သေသွားပြီလား"
"ဟမ်... တကယ်...တကယ်ကြီးသေသွားတာလား"
ယွင်ယန်နှင့်ဖန်းယွီတို့ တယောက်မျက်နှာတယောက်ကြည့်ရင်း မယုံကြည်နိုင်ဖြစ်နေကြလေသည်။
"ဘယ်လိုသေသွားတာလဲ ငါတို့အစွမ်းတွေပဲတိုးလာတာလား"
ဖန်းယွီက ပဟေဠိဖြစ်နေလေသည်။
"ဒါပေါ့ ငါ့ရဲ့အုပ်စိုးရှင်ကိုယ်ခန္ဓာသိုင်းကအရမ်းစွမ်းအားကြီးတာလေ နင့်အကူအညီတောင်မလိုဘဲ ငါတယောက်ထဲစွမ်းအားနဲ့သတ်ခဲ့နိုင်တာပဲ"
ယွင်ယန်က မျက်နှာပြောင်တိုက်ပြီးပြောလေသည်။
"ဟမ် နင်အတော်အရှက်မရှိတာပဲ။ တကယ်လို့ ငါတို့နှစ်ယောက်ထဲတယောက်၏အစွမ်းကြောင့်သေသွားတာဆိုရင် သေချာပေါက်ငါ့ရဲ့ကြယ်တာရာလောင်ကျွမ်းခြင်းလွင်ပြင်ကြောင့်ပဲဖြစ်မှာပေါ့။ လာလိမ်မနေစမ်းနဲ့"
ဖန်းယွီ ကလည်းနှာခေါင်းရှုံ့ပြီးရန်ပြန်တွေ့နေလေသည်။
"သေချာပေါက်ငါ့အစွမ်းကြောင့်ပါ။ နင့် ကြယ်တာရာလောင်ကျွမ်းခြင်းလွင်ပြင်က ငါ့ရဲ့အုပ်စိုးရှင်ကိုယ်ခန္ဓာသိုင်းကို မယှဉ်နိုင်ပါဘူး"
ယွင်ယန်က မယုံကြည်သောလေသံဖြင့်ပြောလေသည်။
"အဓိပ္ပာယ်မရှိတာတွေဟယ် ဒါဆိုငါတို့တပွဲတလမ်းနွှဲကြမလား"
ဖန်းယွီက ဒေါသထွက်လာလေသည်။
"ကောင်းပြီလေ လက်ရည်ယှဉ်ကြည့်တာပေါ့ ငါနင့်ကိုမကြောက်ဘူး"
ယွင်ယန်ကသူမ၏အကျီလက်ကိုဆွဲတင်ပြီးစိန်ခေါ်လိုက်လေသည်။
ကောင်းကင်ပေါ်ရှိ ကျိုးဟောင် ၊ ရှုလင် နှင့် ပျံသန်းပိုးကောင်ဘုရင်ကု တို့မှာ ထိုမြင်ကွင်းကြောင့်ဆွံ့အသွားကြရသည်။
တကယ်တမ်းတွင် ကျိုးဟောင်က သူ၏ပြောင်မြောက်လှသော ဓားသိုင်းကိုသုံးပြီးပြာမီးခိုးဝံပုလွေဘုရင်အားသတ်ခဲ့ခြင်းဖြစ်လေသည်။ ယွင်ယန်နှင့် ဖန်းယွီတို့၏သိုင်းများကပါ၀င်အားဖြည့်ပေးခဲ့သော်လည်းတကယ်တော့ ထိုသားရဲအားသတ်ရန်မလုံလောက်ခဲ့ပေ။
သို့သော်ထိုအမျိုးသမီးနှစ်ယောက်မှာ ဘ၀င်လေဟပ်ပြီး ဒီကိစ္စကြောင့် ရန်ဖြစ်ကြမည်လို့ ကျိုးဟောင်မထင်ထားခဲ့ပေ။
"ဟေ့ နင်တို့နှစ်ယောက်မရှက်ကြဘူးလား ပြာမီးခိုးဝံပုလွေဘုရင်ကိုတကယ်သတ်ခဲ့တာက ငါပါ အဲ့တာကို နင်တို့က ရမှတ်ပိုင်ဆိုင်ခွင့်အတွက် တိုက်ခိုက်ကြမလို့လား"
ကျိုးဟောင်က မတတ်နိုင်တော့သည့်အဆုံး အော်ပြောလိုက်လေသည်။
သူတို့နှစ်ယောက်လုံး စတင်တိုက်ခိုက်ရန်ပြင်ဆင်ပြီးချိန်တွင် ထိုအသံကိုကြားလိုက်သောကြောင့် ဇဝေဇဝါဖြင့်ကောင်းကင်သို့မော့ကြည့်လိုက်ကြလေသည်။
ရုတ်တရက်နောက်ထပ်မဟာဆရာသခင်အဆင့် သားရဲတကောင်အားတွေ့လိုက်ရသောကြောင့်သူတို့နှစ်ယောက်လုံး ထငိုကြလေသည်။
"နောက်...နောက်ထပ် မဟာဆရာသခင်အဆင့်တကောင်လား"
"မဟုတ်သေးပါဘူး ငါကျိုးဟောင်အသံကိုရှင်းရှင်းလင်းလင်းကြားလိုက်ရပါတယ်"
ဖန်းယွီနှင့် ယွင်ယန်တို့နှစ်ယောက်လုံး မျက်နှာလေးများဖြူဖျော့သွားကြလေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ကျိုးဟောင်ကပြုံးပြီးရှုလင်ကိုကြည့်လိုက်လေသည်။
"ငါတို့ဒီမှာဟေ့"
ကျိုးဟောင်က သူ၏လက်ကိုဝှေ့ယမ်းပြလိုက်လေသည်။ပျံသန်းပိုးကောင်ဘုရင်ကု လည်းမြေပေါ်သို့ဆင်းသက်ပေးလေသည်။သူတို့နှစ်ယောက်လုံး ကျိုးဟောင်နှင့်ရှုလင်ကိုတွေ့လိုက်သောအခါအံ့ဩသွားပြီး ပျံသန်းပိုးကောင်ဘုရင်ကုကိုကြည့်ကာ မယုံနိုင်ဖြစ်နေကြလေသည်။
"နင်...နင်တို့"
သူတို့နှစ်ယောက်လုံး ဘာပြောရမှန်းမသိဖြစ်နေလေသည်။
"နင်တို့တုန်လှုပ်သွားတာကြည့်ပြီး စိတ်ထဲမေးချင်နေတာတွေရှိမှန်းငါသိပါတယ် ဒီသန္ဓေပြောင်းသားရဲကြီးက ငါတို့ထိန်းချုပ်ပြီးခေါ်လာခဲ့တာပါ ပြီးတော့ ပြာမီးခိုးဝံပုလွေဘုရင်ကြီးလည်း တချက်ထဲနဲ့သတ်ခဲ့သူကလည်းငါပါ ကဲထပ်မေးချင်တာရှိသေးလား"
ကျိုးဟောင်က သူမတို့၏အမူအရာကိုကြည့်ပြီး ရယ်ချင်သလိုဖြစ်နေလေသည်။
ရှုလင်က သူမတို့နှစ်ယောက်ကို တချက်ကြည့်ပြီး ပိုးကောင်ပေါ်မှ အလျင်အမြန်ဆင်းလာလေသည်။
"နင်တို့နှစ်ယောက်အဆင်ပြေကြလား ဒဏ်ရာကြီးကြီးမားမားရသွားသေးလား"
ရှုလင်ကစိုးရိမ်တကြီးမေးလိုက်လေသည်။
ယွင်ယန်နှင့် ဖန်းယွီတို့လည်း အသိပြန်၀င်လာပြီး ကျိုးဟောင်နှင့် ရှုလင်ကိုမြင်သောကြောင့် စိတ်အေးသွားလေသည်။
"တကယ်ပဲနင်တို့ဖြစ်နေလို့ တော်ပါသေးရဲ့ ငါတို့မှာလန့်သွားတာပဲ တကယ်ကြီးဒီအင်းစက်ကြီးကိုနင်တို့ယဉ်ပါးအောင်ထိန်းချုပ်ခဲ့တာလား "
ယွင်ယန်ကကျိုးဟောင်ကိုမယုံသောကြောင့်ရှုလင်အားမေးလိုက်လေသည်။
"ငါတို့မဟုတ်ဘူး ကျိုးဟောင်တယောက်ထဲထိန်းချုပ်ခဲ့တာ ပြီးမှ ငါ့ကိုလိုက်ရှာခဲ့တာ "
ရှုလင်ကရှင်းပြလိုက်လေသည်။
ရှုလင်စကားကိုကြားမှ ယွင်ယန်နှင့်ဖန်းယွီတို့နှစ်ယောက်ယုံကြည်သွားကြလေသည်။ သို့သော်လည်းအနည်းငယ်တော့တုန်လှုပ်နေကြသေးလေသည်။
"ကျိုးဟောင် နင်ဒီလောက်စွမ်းအားကြီးလာပြီး သန္ဓေပြောင်းသားရဲကြီးတွေကိုတောင်ထိန်းချုပ်နိုင်လိမ့်မယ်မထင်ခဲ့ဘူး နင်ဘယ်လိုယဉ်ပါးအောင်လုပ်ခဲ့တာလဲ ပြောပြစမ်းပါ"
ဖန်းယွီက မေးလိုက်လေသည်။
"အဲ့တာကရိုးရှင်းပါတယ်။ နင်သူတို့ကို အနိုင်ယူနိုင်သရွေ့ သူတို့ကိုထိန်းချုပ်စေခိုင်းလို့ရတယ်"
ကျိုးဟောင်ကဟာသလုပ်ပြီးပြောလိုက်သောကြောင့် သူမတို့နှစ်ယောက်လုံး ကျိုးဟောင်အားမျက်စောင်း ထိုးလိုက်ကြလေသည်။
"ကောင်းပြီ နင်တို့နှစ်ယောက်လုံးဘာမှမဖြစ်ဘူးဆိုရင် ကျန်းယိကိုသွားရှာကြရအောင် သူဒဏ်ရာရထားတယ်"
ကျိုးဟောင်ကအလျင်အမြန်ပြောကြားလိုက်လေသည်။ ဒီတကြိမ်တော့ သူဟာသလုပ်မနေတော့ပေ။
ကျန်းယိမှာ အသေအကြေတိုက်ပွဲဆင်နွှဲထားရကြောင်း ပျံသန်းတီကောင်ကု ဆီမှ ကြားသိခဲ့ရသည်။ သူ့တွင်အသက်အန္တရာယ်မရှိသော်လည်း ဒဏ်ရာအပြင်းအထန်တော့ရထားလေသည်။
တကယ်လို့နောက်ထပ်မဟာဆရာသခင်အဆင့်သားရဲနှင့်သာရင်ဆိုင်ပါက သူသေချာပေါက်သေသွားနိုင်လေသည်။
ထိုစကားကိုကြားသောအခါ ယွင်ယန်နှင့်ဖန်းယွီတို့လည်း အချင်းများမနေတော့ဘဲ ပျံသန်းရေးပိုးကောင်ဘုရင်ကု အပေါ်တက်ပြီး ကျန်းယိဆီသို့ထွက်လာခဲ့ကြသည်။
ထိုအဖြစ်အပျက်များကို စောင့်ကြည့်နေသော ပိုင်လင်းလုံပင်တုန်လှုပ်နေလေသည်။
"ဒီကျိုးဟောင်ဆိုတဲ့ကောင်လေးက တကယ်အထင်ကြီးဆရာပဲ။ သူကပြာမီးခိုးဝံပုလွေကိုတချက်ထဲနဲ့သတ်ခဲ့တာပဲ ဘယ်လောက်ပဲပြာမီးခိုးဝံပုလွေက ခုခံစွမ်းအားနည်းနည်း မဟာဆရာသခင်အဆင့်သားရဲကိုတော့ တချက်ထဲနဲ့သတ်ဖို့ကမလွယ်ဘူး"
"ဥက္ကဌကျိုးက ဒီလို မကောင်းဆိုးဝါးလေးတကောင်ကိုဘယ်လိုများပျိုးထောင်ခဲ့တာလဲ ဪမေ့လို့ ဥက္ကဌကျိုးကိုယ်တိုင်ကလည်း တကယ့် မကောင်းဆိုးဝါးကြီးပါပဲလေ"
ပိုင်လင်းလုံလည်းခေါင်းရမ်းကာ ကျိုးဟောင်တို့အပေါ်အာရုံလွဲလိုက်ပြီး အခြားအဖွဲ့များအား တချက်ကြည့်လိုက်လေသည်။
"တခြားအဖွဲ့တွေက ကျိုးဟောင်တို့လောက်အေးဆေးဖြစ်မနေဘူးပဲ လုကျစ်မော့နှင့်အခြားမဟာဆရာသခင်အဆင့်ကျောင်းသားများကတော့ မဟာဆရာသခင်သားရဲများကို ချောချောမွေ့မွေ့ကိုင်တွယ်နိုင်ပေမဲ့ တခြားသူတွေအတွက်တော့မလွယ်ဘူးပဲ"
တခြားအဖွဲ့များမှ ကျောင်းသားအများအပြားဒဏ်ရာရသွားသည်ကိုမြင်ပြီး ပိုင်လင်းလုံသက်ပြင်းချလိုက်မိသည်။
..............................................................................
အခန်း (၃၈၂) ပြီးပါပြီ။
အခန်း (၃၈၃) : လေ့ကျင့်ရေး
ပိုင်လင်းလုံမှာ စိုးရိမ်နေခဲ့လေသည်။ ကျောင်းသားအားလုံးနီးပါးမှာ ၁၃ခုမြောက်အက်ကွဲကြောင်းထဲတွင် အကူအညီမပါဘဲ ရှင်သန်ဖို့မလွယ်ကူကြပေ။
မဟာဆရာသခင်အဆင့်ကျောင်းသားများတောင်မှ သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ ကျိုးဟောင်ကို မှီရုံလောက်သာရှိပြီး သန်မာမှုမှာလည်း ရှုလင်နှင့်အတူတူလောက်ဖြစ်ပြီး ပို၍သန်မာမနေသေးပေ။
ထိုအချက်များက ပိုင်လင်းလုံအားစိတ်ပူပန်စေလေသည်။ ကျိုးဟောင်ကိုတော့ ပါရမီရှင်တယောက်အဖြစ်သူမ တွေးမိလေသည်။ သို့သော် ဒါကလည်း ဥက္ကဌကျိုးကြောင့်သာဖြစ်ကြောင်း သူမ ယူဆနေလေသည်။
"ဒီကောင်လေးရဲ့ နောက်ကြောင်းကဘာလဲ ဘာလို့သူ့မှာ မျိုးရိုးဗီဇကျောက်တုံးရှိနေတာလဲ တကယ်ပဲရမှတ်တွေကဖော်ပြထားတဲ့အတိုင်း ဒီမျိုးနွယ်ခြားသိုင်းပညာရှင်တွေကို သတ်နိုင်ခဲ့တာလား"
ပိုင်လင်းလုံက မယုံကြည်နိုင်ဖြစ်နေလေသည်။သူမသည် ကျိုးဟောင်အကြောင်းသိပ်မသိသော်လည်း သူ့ဆရာဥက္ကဌကျိုးက ဘယ်လိုလူမျိုးဆိုတာကိုတော့ သူမ ကောင်းစွာသိလေသည်။
ထိုကဲ့သို့လူက လူသားတွေအတွက်ချိန်းခြောက်မှုဖြစ်နေပါက ဒီကမ္ဘာပေါ်တွင်လူကောင်းဆိုတာကျန်ပါ့ဦးမလား...
"ဥက္ကဌကျိုးသစ္စာဖောက်ခဲ့တာမဟုတ်ပါစေနဲ့"
ပိုင်လင်းလုံကတွေးရင်းသက်ပြင်းချပြီး ဆက်သွယ်ရေးစက်အားကြည့်မိလေသည်။ ဥက္ကဌကျိုး၏စက်မှာ မီးစိမ်းမနေတော့ပေ။ ဒါ့အပြင်သူမပို့ထားသောစာများမှာလည်းပျောက်ကွယ်သွားခဲ့လေသည်။ ဒါ့ကြောင့် သူမ မှာပိုပြီးစိတ်ပူပင်နေခဲ့လေသည်။
"သူဘယ်တွေသွားနေတာပါလိမ့်"
....
တခြားတဖက်တွင်တော့ ကျိုးဟောင် နှင့်ရှုလင်တို့တသိုက်မှာ ပျံသန်းပိုးကောင်ကုအား စီးနင်းရင်းကျန်းယိအားအမြန်ရှာနေကြလေသည်။ သူတို့ကိုမြင်သောအခါ ကျန်းယိမှာ အံ့အားသင့်သွားလေသည်။ သို့သော်လည်း သူက အခြေအနေကို ချက်ချင်းသဘောပေါက်သွားလေသည်။ ကျိုးဟောင်ဘယ်လောက်စွမ်းအားကြီးကြောင်းသူသေချာသိလေသည်။
ကျိုးဟောင်က ရှားပါးစွမ်းအင်ဘားများကို အလျင်အမြန်ထုတ်ပေးလိုက်ပြီး ကျန်းယိ၏ကုန်ဆုံးသွားသောစွမ်းအင်များကိုပြန်ဖြည့်စေလေသည်။ ထို့နောက်သူတို့အားလုံး ယွမ်ချန်းအားရှာရန်ထွက်လာကြလေသည်။
ယွမ်ချန်းမှာ တကယ့်ကို ဉာဏ်နီဉာဏ်နက်များသူဖြစ်ပြီး ဂျက်အင်ဂျင်စက်အကူအညီဖြင့် အလွန်မြင့်မားသောသစ်ပင်ကြီးပေါ်တွက် တက်ပုန်းနေသောကြောင့် ကျိုးဟောင်တို့ခက်ခက်ခဲခဲရှာလိုက်ကြရလေသည်။
"မင်းတို့ကောင်တွေကအရမ်းအထင်ကြီးဖို့ကောင်းတာပဲ ဒီအရာကြီးရှိနေတာကြောင့် ငါတို့အေးဆေးလွတ်မြောက်နိုင်တယ်"
ယွမ်ချန်းသူတို့ကို စစတွေ့ချင်းပြောသောစကားမှာထိုကဲ့သို့ဖြစ်လေသည်။ ဒီကောင်ကတကယ့်ကို ဘာမှမလုပ်ချင်ဘဲ လွတ်မြောက်ဖို့ပဲ အမြဲတွေးနေသူဖြစ်လေသည်။ဒါ့ကြောင့် ဘာဒဏ်ရာမှ မရဘဲ ယခုအချိန်ထိဘေးကင်းနေခြင်းဖြစ်လေသည်။
"ငါတို့အားလုံးပြန်စုစည်းမိကြပြီပဲ နောက်ဘာဆက်လုပ်ကြမလဲ"
ဒီတခါတော့ ယွမ်ချန်းဘက်ကစတင်မေးလာလေသည်။
ကျိုးဟောင်က ဒီအတွက်လည်းကြိုစဉ်းစားထားခဲ့ပြီးဖြစ်လေသည်။ သူတို့၆ယောက်လုံးစုစည်းမိပါက ဒီ၁၃ခုမြောက်အက်ကွဲကြောင်းတွင် အသက်ရှင်သန်ဖို့ကမခက်ခဲတော့ပေ။ ဒါ့ကြောင်နောက်ထပ်ခြေလှမ်းအနေဖြင့် အမှတ်များစုဆောင်းကြမည်ဖြစ်လေသည်။
"ငါတို့အဖွဲ့ရဲ့အားသာချက်ကိုယ်စီကိုသုံးပြီး အမှတ်တွေစုဆောင်းကြမယ် ဒီတခါလည်း အမှတ်ပေးဇယားရဲ့ထိပ်မှာ ငါတို့ဦးဆောင်နိုင်လိမ့်မယ်"
ကျိုးဟောင်က အကြံပေးလိုက်လေသည်။
ကျိုးဟောင်ကအားလုံးရဲ့အခြေအနေကိုကိုယ်စီပြန်စစ်ဆေးခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း သူ၏သိမ်းဆည်းရေးအိတ်အား စစ်ဆေးနေလေသည်။
သူ့အိတ်ထဲကြည့်လိုက်သောအခါ သူအံ့ဩသွားလေသည်။ တကြိမ်တွင်များစွာသော ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများမှာ ကုန်ဆုံးသွားခဲ့ပြီး ငှက်မွှေးတစ်ထောင်ချပ်၀တ်မှာလည်း အလုံးစုံပြန်လည်ပြုပြင်ပြီးသွားလေသည်။
"သခင့်ထံသတင်းပို့ပါတယ် ရှောင်ယွီအလုံးစုံပြန်လည်ပြုပြင်ပြီးပါပြီ"
ရှောင်ယွီ၏အသံမှာ ကျိုးဟောင်၏စိတ်ထဲပေါ်လာခဲ့လေသည်။
"ကောင်းလိုက်တာ"
ကျိုးဟောင်ကစိတ်လှုပ်ရှားသွားလေသည်။ ဒါပေမဲ့ သူ့အသွင်အပြင်မပေါ်ပေါက်သွားစေရန် သူ၏စမ်းသပ်လိုစိတ်ကိုတော့ ထိန်းချုပ်ထားဖို့လိုအပ်လေသည်။
ထိုအချိန်တွင် ပထမအဖွဲ့၏လုကျစ်မော့မှာမောပန်းနွမ်းလျနေလေသည်။ သူ့အနေဖြင့် မဟာဆရာသခင်အဆင့်သားရဲအားသတ်ရန် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ရလေသည်။
"ချီးပဲ ခက်ခဲလိုက်တာ ငါ့ရဲ့ မဟာဆရာသခင်အဆင့်ကျင့်ကြံရေးကြောင့်သာ မဟုတ်ရင် အစောကြီးကတည်းက အထုတ်ခံခဲ့ရလောက်ပြီ"
လုကျစ်မော့မှာ အသက်ပြင်းပြင်းရှူပြီးနေရာတခုမှာပုန်းအောင်းနေလေသည်။
"ဒီတခါတော့ပထမနေရာက ငါ့အတွက်ပဲဖြစ်ရမယ်။ ဒီ၁၃ခုမြောက်အက်ကွဲကြောင်းကအရမ်းကြီးမားတာကြောင့် အဲ့ အဖွဲ့၇အနေနဲ့ အတူစုပေါင်းလုပ်ဖို့ခက်ခဲမှာပဲ။အခုလောက်ဆို အဖွဲ့၇ထဲက တယောက်ယောက်လည်း ပြုတ်သွားလောက်ပြီ"
လုကျစ်မော့က ပြုံးပြီးတွေးနေလေသည်။အရင်တခါက ပထမနေရာကို မရခဲ့ခြင်းသည်သူ့အတွက်အရှက်ရစရာဖြစ်နေပြီး ဒီတခါတော့ ဘယ်လိုဖြစ်ဖြစ်ရအောင်ယူရန်ရည်ရွယ်ထားလေသည်။
သူ့အပြင် အဖွဲ့၂မှ ကောင်းကုန်းရန် နှင့် ဝူသုန်း ၊ အဖွဲ့၃မှ သုန်းရန် နှင့် ဟန်ပင်း ၊ အဖွဲ့၄မှ ကျိုးကုန်းကျင်း နှင့် လုကျစ်မင် ၊ အဖွဲ့၅မှ ချန်းယန်နှင့် ဖုန်းရှောင်ထန်း ၊ အဖွဲ့၆မှ လီထျန်းရိ တို့မှာလည်း အတွေးတူနေကြလေပြီး သူတို့အားလုံး အဆင့်တစ်ယူရန်ကြိုးစားနေကြလေသည်။
သို့သော်သူတို့ မသိခဲ့သူက ကျိုးဟောင်တို့အဖွဲ့မှာ အတူတကွစုစည်းမိသွားသည့်အကြောင်းပင်ဖြစ်သည်။သူတို့ခြောက်ယောက်မှာ တာ၀န်ခွဲဝေပြီး သားရဲမိစ္ဆာများအား စတင်သတ်ဖြတ်နေလေသည်။
"နည်းပြပိုင် ငါတို့ကို ဒီ၁၃ခုမြောက်အက်ကွဲကြောင်းကိုခေါ်လာတာလေ့ကျင့်ဖို့အတွက်ပဲ ဒါ့ကြောင့် ဘာမှမရဘဲလက်ဗလာနဲ့တော့မပြန်သွားနိုင်ဘူး အရင်တခေါက်ကငါတို့အဖွဲ့တခုအနေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တယ် ယခုတခါတော့ ငါတို့အတူလုပ်ဆောင်နေတယ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုလေ့ကျင့်ကြရမယ်"
"ဒီ၁၃ခုမြောက်အက်ကွဲကြောင်းမှာ သန္ဓေပြောင်းသားရဲတွေအများကြီးပဲ အဲ့တာကြောင့် အဲ့ကောင်တွေကိုတွေ့ရင် အရမ်းလောဘတကြီးမပြုမူနဲ့ ပြီးတော့ ကိုယ်တယောက်ထဲ မလုပ်နိုင်ခဲ့တဲ့ကိစ္စတွေကို အခုတကြိမ်မှာရအောင်ကြိုးစားဖြေရှင်းကြည့် အားလုံးသဘောပေါက်လား"
ကျိုးဟောင်မှာ အဖွဲ့ခေါင်းဆောင်တယောက်ကဲ့သို့ပြုမူနေပြီး အားလုံးအတွက် အမိန့်များချပေးနေလေသည်။တခြားသူများကလည်း ကျိုးဟောင်အပေါ်ယုံကြည်ကြလေသည်။
"ကဲပြဿနာတွေမရှိတော့ဘူးဆိုရင် ငါတို့စတင်အမဲလိုက်ကြတာပေါ့"
ကျိုးဟောင်က ပြုံးရင်းပြောကာ ပျံသန်းပိုးကောင်ဘုရင်ကုအား စီးပြီး သန္ဓေပြောင်းသားရဲများအားစတင်ရှာဖွေလေသည်။
ဒီနေရာတွင် မဟာဆရာသခင်အဆင့် သားရဲအဖွဲ့ ၂ဖွဲ့လောက်သာကျန်တော့လေသည်။ သူ မစိုးရိမ်သော်လည်း သူ့ခွန်အားအစစ်အမှန်ကိုတော့ထုတ်ပြလို့မရပေ။
တကယ်လို့သူတို့အဖွဲ့သာ အဝိုင်းခံရပါက ကျိန်းသေပေါက် ကျိုးဟောင်အနေဖြင့်အားလုံးကို ကယ်ဖို့လိုလာမည်ဖြစ်သည်။တကယ်လို့ သူ အတည်တိုက်ခဲ့လျှင်လည်း ပိုင်လင်းလုံက သတိထားမိသွားမည်ဖြစ်သည်။
သူမကယ်ခဲ့ပြန်ရင်လည်း သူတို့အဖွဲ့မှာ အသက်အန္တရာယ်ကြီးကြီးမားမားမရှိရင်တောင်မှ ထုတ်ပယ်ခြင်းခံရမည်ဖြစ်သည်။ ဒါက ကျိုးဟောင်မမြင်ချင်ဆုံးသောအရာလည်းဖြစ်ပေသည်။
မကြာမီပင် ပျံသန်းရေးပိုးကောင်ဘုရင်ကုထံမှ သတင်းစကားတခု ၀င်လာလေသည်။ ကျိုးဟောင်မှာ ပျံသန်းရေးပိုးကောင်ဘုရင်ကုကိုစီးသွားပြီး ချိုင့်ဝှမ်းအနည်းငယ်အကျော်ရောက်ချိန်တွင် အဆိပ်ကင်းမြှီးကောက်သားရဲအားတွေ့လိုက်ရလေသည်။
ထိုအဆိပ်ကင်းမြှီးကောက်၏အဆိပ်မှာ အရမ်းပြင်းပြီး ၎င်း၏အမြှီးမှာလည်း ချွန်ထက်လှလေသည်။ ဆရာသခင်အဆင့်အဆိပ်ကင်းမြှီးကောက်တကောင် ၏အမြှီးက မဟာဆရာသခင်အဆင့်သားရဲတကောင်ကိုတောင်အန္တရာယ်ပေးနိုင်လေသည်။
ကျိုးဟောင်မှာ ထိုကင်းမြှီးကောက်အဖွဲ့အားတွေ့လိုက်ပြီးနောက် ခေါင်းညိတ်လိုက်မိလေသည်။
"ဒီကောင်တွေထဲမှာ မဟာဆရာသခင်အဆင့်သားရဲမပါဘူး ငါတို့အတွက်လေ့ကျင့်ဖို့သင့်တော်တယ်"
ကျိုးဟောင်ကကျေနပ်သွားပြီး အားလုံးကိုကြည့်ကာပြောလိုက်လေသည်။
"ဒါဆိုလည်းလုပ်ကြတာပေါ့"
ကျန်းယိက လက်သီးဆုပ်ပြီးပြောလိုက်လေသည်။
"ဟုတ်ပြီ ဒါပေမဲ့ ငါတို့အချင်းချင်း အချိန်ပြည့်ဂရုစိုက်ကြရမယ် ငါတို့ရဲ့ရည်မှန်းချက်က လေ့ကျင့်ဖို့ပဲ အသေအကြေတိုက်ဖို့မဟုတ်ဘူး ဒါကြောင့် ငါတို့ရဲ့လုံခြုံရေးကိုအရင်ဦးစားပေးရမယ် သဘောပေါက်ကြလား"
"သဘောပေါက်ပါတယ်...."
"ကဲ ဒါဆိုစကြတာပေါ့"
ကျိုးဟောင်စကားဆုံးသည်နှင့် ၆ယောက်လုံး ပျံသန်းရေးပိုးကောင်ဘုရင်ကု ထံမှ ဆင်းပြီး အဆိပ်ကင်းမြှီးကောက်အဖွဲ့ဆီချီတက်သွားကြလေသည်။
ထိုအဆိပ်ကင်းမြှီးကောက်အဖွဲ့တွင် ခေါင်းဆောင်မည့်မဟာဆရာသခင်အဆင့်သားရဲမပါပေ။ ဒါ့အပြင်ရှုလင်နှင့် အခြားသူများ၏အစွမ်းမှာလည်း ပြီးခဲ့သောရက်ပိုင်းထဲက တိုးတက်လာခဲ့ပေသည်။ ဒါ့အပြင် နောက်ကကူညီပေးမည့်ကျိုးဟောင်လိုလူပါရှိသောကြောင့် သူတို့အဖွဲ့အနေဖြင့် အဆိပ်ကင်းမြှီးကောက်သားရဲအား ထိပ်တိုက်ရင်ဆိုင်လို့ရလေသည်။
ပိုင်လင်းလုံမှာ အဖွဲ့၇အပေါ်စိတ်၀င်စားမှုများမြှင့်တက်လာပြီး ပြုံးပြီးကြည့်နေလေသည်။ သူမက တိုက်ပွဲအတွေ့အကြုံရစေလို၍ ခေါ်လာခဲ့သူဖြစ်သော်လည်း ဒီအဖွဲ့၇က အခြေအနေကို လိုသလိုထိန်းချုပ်ပြီး သူတို့တိုက်ခိုက်လိုသည့်ရန်သူကိုပင်ရွေးချယ်သွားလေသည်။ ဒါ့အပြင် သူတို့၏လေ့ကျင့်ရေးမှာလည်း အဆင်ပြေချောမွေ့နေလေသည်။
....................................................................................
အခန်း (၃၈၃) ပြီးပါပြီ။
အခန်း (၃၈၄) : မနှစ်မြို့ဖွယ်
သူတို့မှာ အဆိပ်ကင်းမြှီးကောက်သားရဲအဖွဲ့အား အလျင်အမြန်ကိုင်တွယ်နိုင်လိုက်ပြီး အမှတ်များလည်း စုဆောင်းနိုင်ခဲ့သောကြောင့် ကျေနပ်နေကြလေသည်။
နောက်ထပ်ပစ်မှတ်ကိုလည်းဆက်လက်ရှာဖွေနေကြလေသည်။ ထိုအချိန်တွင် ကျိုးဟောင်တို့အားလုံး မနီးမဝေးမှ တိုက်ခိုက်သံအချို့ကိုကြားလိုက်ရလေသည်။အသံမှာ ကျယ်လောင်လွန်းသောကြောင့် သူတို့အားလုံး မှင်တက်သွားကြလေသည်။
ကျိုးဟောင်မှာ ပျံသန်းပိုးကောင်ဘုရင်ကုအား စီးပြီး အမြန်သွားကြည့်လိုက်လေသည်။ အဖွဲ့၂ မှ ကောင်းကုန်းရန် နှင့် အဖွဲ့၃မှ သုန်းရန်တို့ဖြစ်ကြောင်းသူသိလိုက်ရသည်။
ထိုမဟာဆရာသခင်အဆင့်ပညာရှင် နှစ်ယောက်မှာ သူတို့နှင့်အဆင့်တူသည့် သန္ဓေပြောင်းသားရဲ ၂ကောင်နှင့်ရင်ဆိုင်တွေ့နေလေသည်။
ကျားခေါင်းမိကျောင်း နှင့် မိုးကြိုးကျားသစ်တို့ဖြစ်လေသည်။
ထိုသားရဲနှစ်ကောင်လုံးမှာ မဟာဆရာသခင်အဆင့်ဖြစ်ပြီး သူတို့နှစ်ယောက်မှာလည်း အထွတ်အထိပ်မဟာဆရာသခင်အဆင့်များဖြစ်ကြလေသည်။
ကောင်းကုန်းရန် နှင့် သုန်းရန်တို့မှာ တယောက်တကောင်စီ ရင်ဆိုင်နေကြပြီး တိုက်ပွဲမှာလည်း ပြင်းထန်နေလေသည်။
ထိုနှစ်ယောက်မှာ တကယ့်ကို သာမန်မဟုတ်ပေ။ သတို့မှာ အထွတ်အထိပ်မဟာဆရာသခင်အဆင့်သာရှိသေးသော်လည်း သူတို့၏တိုက်ခိုက်ရေးစွမ်းရည်က မူလအဆင့်ပညာရှင်နီးပါးရှိနေလေသည်။
"ငါတို့အဖွဲ့၇ရဲ့အင်အားက သူတို့နဲ့ယှဉ်နိုင်ဖို့အတော်လိုသေးတာပဲ"
ရှုလင်မှာထိုမြင်ကွင်းကိုကြည့်ရင်း ငြီးတွားလိုက်လေသည်။
"အမှန်ပဲ ကောင်းကုန်းရန် နဲ့ သုန်းရန်က တကယ့်ကိုရှားပါးတဲ့ ပါရမီရှင်တွေပဲ ငါယန်ကျင်းမှာရှိတုန်းက သူတို့အကြောင်းကြားဖူးတယ်။ တယောက်က ဗဟိုလွင်ပြင်ကဖြစ်ပြီး တယောက်က ရှေးဟောင်းမြို့ကပဲ။ နှစ်ယောက်လုံးက သိုင်းပညာရှင်မိသားစုတွေကဆင်းသက်လာကြပြီး ထူးချွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိကြတယ် ။ သူတို့က တကယ့်ကိုအထင်ကြီးစရာတွေပဲ"
ယွင်ယန်က ပြောပြနေလေသည်။
သို့သော်လည်း သူမ ကောင်းကုန်းရန်ကို ကြည့်သောအကြည့်ထဲမှာ အေးစက်မှုနှင့် မနှစ်မြို့ဖွယ်ရာများပါ၀င်နေလေသည်။
ကျိုးဟောင်က ထိုအမူအရာကို သတိထားမိလိုက်ပြီး ပြုံးကာမေးလိုက်လေသည်။
"ဘာလဲ နင့်မိသားစုနဲ့ သူတို့မိသားစုကြားမှာ ရန်စတွေရှိနေတာလား"
ယွင်ယန်သူတို့ကိုမုန်းရသည့် တခြားအကြောင်းအရင်းကိုတော့ ကျိုးဟောင်မတွေးနိုင်ခဲ့ပေ။
"ငါသုန်းရန်ကိုတော့နာမည်ပဲကြားဖူးတာပါ ဒါပေမဲ့ ကောင်းကုန်းရန်အကြောင်းကိုတော့ သေချာသိတယ် အဲ့ကောင်းကုန်းရန်က ကြောင်သူတော်ကောင်ပဲ "
ယွင်ယန်က မနှစ်မြို့ဖွယ်အမူအရာနှင့် နှာခေါင်းရှုတ်ပြီးအေးစက်စွာပြောလေသည်။
ကျိုးဟောင်က တခုခုထူးဆန်းနေတာကိုတော့ ခံစားမိလိုက်လေသည်။
"ထားပါ ဘာမှမေးမနေနဲ့တော့ သွားကြရအောင် ငါအဲ့ကောင်ကိုတော့ထိုင်ကြည့်မနေနိုင်ဘူး"
ယွင်ယန်က ကောင်းကုန်းရန်အား အတော်မုန်းနေပုံရလေသည်။
သို့သော်ကျိုးဟောင်ကတော့ ဒီအတိုင်းထားမသွားလိုပေ။ ထိုသူနှစ်ယောက်မှာ သူတို့အဖွဲ့၇နှင့် မရင်းနှီးသော်ငြားလည်း သူတို့နှစ်ယောက်ထံတွင် တခုခုကြီးကြီးမားမားဖြစ်သွားမည်ကိုတော့ ကျိုးဟောင်စိုးရိမ်နေလေသည်။
ယခုတွင် တိုက်ပွဲအခြေအနေက သာတူညီမျှဖြစ်နေသော်လည်း သားရဲကြီးများ၏ ကိုယ်ကာယခွန်အားမှာ ထူးခြားကောင်းမွန်ပြီး လူသားများကတော့ ထိုကဲ့သို့မဟုတ်ပေ။
အခုတော့ တိုက်ပွဲက သူမသာကိုယ်မသာဖြစ်နေသော်ငြား အချိန်ကြာလာသည်နှင့်အမျှ ချိန်ခွင်လျှာမှာ သားရဲကြီးများဘက်တွင်အလေးသာလာမည်ဖြစ်လေသည်။ ဒါက သားရဲကြီးများရဲ့မွေးရာပါ အားသာချက်တခုလည်းဖြစ်လေသည်။
ကျိုးဟောင်ထင်ထားခဲ့သလိုပင် ထိုနှစ်ယောက်မှာ စတင်မောပန်းလာပြီး သားရဲကြီးများ၏ဖိနှိပ်မှုကိုလည်းတဖြေးဖြေးခံလာရလေသည်။
ကောင်းကုန်းရန်မှာ အနည်းငယ်သတ္တိနည်းပုံရလေသည်။ သူ့မာနကြောင့်သာ ခုခံနေပုံရပြီး ပြန်တောင်မတိုက်ခိုက်နိုင်တော့ပေ။
တကယ်လို့ သူတို့သာထွက်သွားခဲ့ပါက ထိုနှစ်ယောက်မှာ နေရာကူးပြောင်းရေးကိရိယာကိုသုံးပြီး ဒီနေရာမှ ထွက်သွားကြမည်ဖြစ်လေသည်။
သို့သော် ကျိုးဟောင်က အမှတ်များကို စိတ်မ၀င်စားပေ ဒီနေရာကို လာခဲ့ခြင်းကသူတို့အားလုံးလေ့ကျင့်ရန်ဖြစ်လေသည်။
တကယ်လို့ အမှတ်စနစ်သာမရှိပါက သူတို့အားလုံး တချိန်လုံးပုန်းနေပြီး အချိန်ပြည့်ပါက အမှတ်အလကားယူလို့ရနိုင်လေသည်။
ပိုင်လင်းလုံက အမှတ်စနစ်အားထည့်ရသည့်အဓိကရည်ရွယ်ချက်မှာ သူတို့အားလုံး၏ကြိုးစားလိုစိတ်ကိုလှုံဆော်ပေးချင်၍ဖြစ်လေသည်။
ထိုနှစ်ယောက်၏တိုက်ပွဲမှာအခြေအနေမဟန်သည်ကိုမြင်ပြီး ကျိုးဟောင်သက်ပြင်းချလိုက်မိသည်။
"ငါတို့သာ မကူညီရင် ဒီနှစ်ယောက်တော့ အစောကြီးထုတ်ပယ်ခံရပြီး ပြန်လာဖို့ခက်ခဲသွားလိမ့်မယ် ကျန်တာတွေမေ့ထားပြီး အရင်ကူညီလိုက်ကြရအောင်"
ကျိုးဟောင်ကပြောပြီးသည်နှင့် ဦီးဆောင်ပြီးဆင်းချသွားလေသည်။
ကောင်းကုန်းရန် နှင့် သုန်းရန် တို့မှာ သူတို့ဆင်းလာသည်ကို သတိထားမိလိုက်ကြသည်။ သူတို့နှစ်ယောက်မှာထိတ်လန့်သွားကြလေသည်။ အဘယ့်ကြောင့် ဒီ၆ယောက်မှာ အတူစုစည်းသွားကြပြန်သနည်း။
သို့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် ကျိုးဟောင်တို့အဖွဲ့မှာ စတင်တိုက်ခိုက်ကြလေသည်။
သူတို့၆ယောက်တိုက်ပွဲထဲသို့ပါ၀င်လာသည်နှင့် အခြေအနေမှာပြောင်းလဲသွားလေသည်။ ရှုလင်နှင့် ကျိုးဟောင်တို့၏တိုက်ခိုက်ရေးစွမ်းရည်မှာသူတို့ထက်သာလွန်လေသည်။ ဒါ့ကြောင့် သားရဲကောင်ကြီးတို့မှာ အခွင့်အရေးမရှိတော့ပေ။
ကျိုးဟောင်က အရိပ်ဓား၇ချောင်းကိုသုံးပြီး သန္ဓေပြောင်းသားရဲတကောင်အားသတ်လိုက်လေသည်။
တခြားတဖက်တွင်လည်း ရှုလင်ကရေခဲခန္ဓာအားအသက်သွင်းလိုက်ပြီး သုန်းရန်နှင့်ပူးပေါင်းကာ သားရဲနောက်တကောင်အားသတ်လိုက်လေသည်။
သန္ဓေပြောင်းသားရဲ၂ကောင်လုံးသေသွားသောအခါ အားလုံး၏အမှတ်မှာ အနည်းငယ်တက်သွားလေသည်။
အမှတ်စနစ်က ကောင်းမွန်သည်လို့ဆိုလို့ရပေမည်။သန္ဓေပြောင်းသားရဲများအားသတ်သည့်နေရာတွင်ပါ၀င်ကူညီသည့်သူတိုင်းအမှတ်များခွဲဝေရရှိလေသည်။
"ကျေးဇူးတင်ပါတယ် မင်းတို့ကြောင့်သာမဟုတ်ရင် ငါနေရာကူးပြောင်းရေးကိရိယာကိုဖွင့်ရတော့မှာ"
သုန်းရန်က အလျင်အမြန်ပင်ပြုံးပြီးကျိုးဟောင်တို့အဖွဲ့အား ကျေးဇူးတင်စကားဆိုလေသည်။
"မင်းတို့အဖွဲ့ကအရမ်းစည်းလုံးတာပဲ ဒီ၁၃ခုမြောက်အက်ကွဲကြောင်းထဲမှာတောင်မှ မင်းတို့တယောက်နဲ့တယောက်တွေ့အောင်ရှာနိုင်တာ အားကျစရာပဲ နည်းပြပိုင်ပြောသလိုပဲ မင်းတို့အဖွဲ့ဆီကပူးပေါင်းဆောင်ရွက်လိုစိတ်ကို လေ့လာသင်ယူသင့်တယ် ဒါပေမဲ့လည်း...ဟူးးး..."
သုန်းရန်က သက်ပြင်းချလိုက်လေသည်။ သူတို့အဖွဲ့၃၏အဖွဲ့၀င်တိုင်းက ဩဇာကြီးမားသော မိသားစုများမှဆင်းသက်လာသူများဖြစ်သောကြောင့် သုန်းရန်ကိုယ်တိုင်မှတောင်မှ ဦးဆောင်ညွှန်ကြားဖို့မဖြစ်နိုင်ပေ။
သူသည်မဟာဆရာသခင်အဆင့်ရောက်နေခဲ့တာတောင်မှ သူ့စကားကို မလိုက်နာလိုကြချေ။
"သုန်းရန်တကယ်တော့မင်းကအရမ်းစွမ်းအားကြီးပါတယ် မိုးကြိုးကျားသစ်ကိုတောင်တယောက်ထဲရင်ဆိုင်တိုက်ခိုက်နိုင်တယ် တကယ်လို့မင်းရဲ့သွေးအနှစ်သာရသာမကုန်ခမ်းသွားပါက ထိုသားရဲက မင်းပြိုင်ဘက်မဖြစ်နိုင်ဘူး "
ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။
"သွေးအနှစ်သာရကုန်ခမ်းသွားခြင်းက ကျုပ်တို့လူသားမျိုးနွယ်ရဲ့အားနည်းချက်ပဲ တကယ်တော့ ကျုပ်တို့လူသားတွေကအားနည်းကြတာပဲလေ အဲ့ပြဿနာကိုဖြေရှင်းဖို့ကလည်း အတူပူးပေါင်းလုပ်ဆောင်ကြရမှာ ကျိုးဟောင်ကျုပ်ခင်ဗျားတို့အဖွဲ့ကိုအားကျမိတယ်"
သုန်းရန်ကပြုံးပြီးပြောလိုက်လေသည်။
"ဘာအားကျစရာရှိလို့လဲ ကျွတ် သူတို့ကအဖွဲ့လိုက်လာပြီး ငါတို့ဆီကအခွင့်အရေးလာယူတာလေ ငါပြောချင်တာက မင်းတို့အဖွဲ့၇က တကယ့်ကိုအရှက်မရှိတာပဲ မင်းတို့ငါ့ရဲ့သန္ဓေပြောင်းသားရဲကိုငါ့ခွင့်ပြုချက်မရှိဘဲလည်းသတ်သွားသေးတယ် မင်းတိုကောင်တွေအဲ့လိုလုပ်ပြီး မရှက်ကြဘူးလား"
ကောင်းကုန်းရန်က အထင်အမြင်သေးသည့်ပုံဖြင့်ပြောလာလေသည်။
သူ့စကားကြောင့် ကျိုးဟောင်တို့၏အမူအရာများပြောင်းသွားလေသည်။ အထူးသဖြင့်ယွင်ယန်ကအဆိုးဆုံးဖြစ်လေသည်။
"ကောင်းကုန်းရန် နင်ကတကယ့်ကိုအရှက်မရှိတာပဲ ငါတို့ကြောင့်သာမဟုတ်ရင် နင်အစောကြီးကတည်းက ရှုံးသွားလောက်ပြီ အတော်ရီစရာကောင်းတဲ့ကောင်"
ယွင်ယန်ကရန်တွေ့လေသည်။
"ဟမ် မိန်းကလေးယန် နင် မပြုတ်သေးဘူးလား"
ကောင်းကုန်းရန်က ယွင်ယန်ကိုမြင်သောအခါ မျက်လုံးပြူးကြည့်ပြီးပြောလိုက်လေသည်။
"ဟမ် နင်က ငါ့ကိုလွယ်လွယ်နဲ့ရှုံးနိမ့်တတ်တဲ့သူလို့ထင်နေတာလား"
ယွင်ယန်ကနှာခေါင်းရှုတ်ပြီးပြန်ပြောလေသည်။
"ယန်မိသားစုရဲ့ အချစ်ခံလေး မိန်းကလေးယွင်ယန် မင်းတို့အဖိုးရဲ့ ဒဏ်ရာတွေကိုကုသဖို့ မင်းတို့ယန်မိသားစုကမင်းကို ငါတို့ ကောင်းမိသားစုဆီလက်ထပ်ဖို့ကမ်းလှမ်းခဲ့ပေမယ့်အငြင်းခံခဲ့ရတယ်လေ။ အဲ့အချက်ကပဲမင်းတို့ယန်မိသားစုကို ဗဟိုလွင်ပြင်မြို့မှာဆက်နေလို့မရတော့ဘဲ ယန်ကျင်းမြို့ကိုပြောင်းခဲ့ရတာမှတ်လား"
"မိန်းကလေးယန် ငါထင်တာက မင်းယန်ကျင်းမြို့မှာသန်မာလာအောင်လုပ်ပြီး ခံခဲ့ရတာတွေကိုပြန်လက်စားချေဖို့ပြန်လာမယ်ထင်ခဲ့တာ ဒါပေမဲ့ မင်းကအခုထိအားနည်းနေတုန်းပါလား ခုချိန်ထိဆရာသခင်အဆင့်မှာပဲရှိနေသေးတာပဲ တကယ့်ကို ယန်မိသားစုအတွက်အရှက်ရစရာပဲ"
ကောင်းကုန်းရန်က အထင်အမြင်သေးသောမျက်နှာထားနှင့်ပြောနေပြီး သူ့စကားများကြောင့် ယွင်ယန်၏ချစ်စဖွယ်မျက်နှာလေးမှာ မှောင်မဲသွားလေသည်။
ကျိုးဟောင်လည်းခုမှ ယွင်ယန်က ကောင်းကုန်းရန်အားဘာကြောင့်ဒီလောက်မုန်းနေမှန်းသဘောပေါက်သွားလေသည်။ဒီကောင့်ကတကယ့်ကို မနှစ်မြို့ရွံ့ရှာဖွယ်ကောင်ဖြစ်နေလေသည်။
"ကောင်းကုန်းရန် မင်းစကားတွေကို သတိထားပါ မင်းတို့အဖွဲ့၇ကလူကို နှိမ့်ချဆက်ဆံနေမယ်ဆို ငါဆက်ပြီးယဉ်ကျေးနေတော့မှာမဟုတ်ဘူး"
ကျိုးဟောင်ကကောင်းကုန်းရန်အား တားပြီးအေးစက်စွာပြောလိုက်လေသည်။
....................................................................................
အခန်း (၃၈၄) ပြီးပါပြီ။