အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
အခန်း (၃၉၁): သတ်ဖြတ်ပြီး ရတနာများရယူခြင်း
သံမဏိအရိုး၀က်ဝံဘုရင်မှာ ပဟေဠိဖြစ်နေခဲ့သည်။ အခြားလူတယောက်ကဒီလိုကိစ္စကိုအဘယ့်ကြောင့် သိနေရပါသနည်း။ ဒါ့အပြင် ဒီငွေရောင်ချပ်၀တ်ထဲကလူလုပ်ခဲ့တာမဟုတ်ပါက ဒီကိစ္စကိုသူရှင်းရှင်းလင်းလင်း မသိနိုင်ပေ။
ဒါ့ကြောင့် ကျိုးဟောင်ကသူ့ရဲ့ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းကို ဗလာကျင်းအောင်လုပ်ခဲ့သူဖြစ်ကြောင်း သူယုံကြည်မိလေသည်။
"ဟမ် ငါဘယ်လိုသိလဲ မင်းသိစရာမလိုပါဘူး ငါ့ကိုပြောစမ်း ဒီရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းအပြင်တခြားတွင်းတွေကိုသိသေးလား"
ကျိုးဟောင်က ဒဲ့တိုးမေးလိုက်လေသည်။ ဒီရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်များမှာသူ့အတွက်အလွန်အသုံး၀င်လေသည်။
ယခုသူ့အတွက်အသုံးမလိုရင်တောင်မှ နောင်တွင်အသုံးချဖို့လိုလာမည်ဖြစ်လေသည်။ ဒါ့အပြင် ငှက်မွှေးတထောင်ချပ်၀တ်၏အခြားအစိတ်အပိုင်းများကိုရရှိပါကလည်း ပြုပြင်ဖို့အတွက်သုံးစွဲရဦးမည်ဖြစ်သည်။
"ငါ... ငါသေချာသိပါတယ် တခြားကျောက်တွင်း ၁၀တွင်းကျော်ရဲ့နေရာတွေကိုပြောပြပါ့မယ်"
သံမဏိအရိုး၀က်ဝံကချက်ချင်းပင်ပြန်ဖြေလေသည်။
"ကောင်းပြီ အဲ့ဆယ်တွင်းရဲ့နေရာတွေကို ငါ့ကို အမှတ်အသားလုပ်ပေး အဲ့တာဆိုငါမင်းအသက်ကိုချမ်းသာပေးမယ်"
ကျိုးဟောင်က ခေါင်းညိတ်ပြပြီးပြောလိုက်သည်။
"ဟုတ်...ဟုတ်ကဲ့ပါ ဒါပေမဲ့ မင်းကတိတည်မယ်မှတ်လား ငါ့ကိုလိမ်နေတာတော့ မဟုတ်ဘူးမှတ်လား"
သံမဏိအရိုး၀က်ဝံမှာ ငတုံးမဟုတ်သောကြောင့် သေချာအောင်ပြန်မေးလေသည်။
"မင်းမှာ ငါ့ကိုယုံကြည်ဖို့ကလွဲပြီး တခြားရွေးချယ်စရာရောရှိသေးလို့လား ရတယ်လေ မင်းငါ့ကိုမပြောချင်လည်း မင်းလက်တဖက်ကိုအရင်ဖြတ်ပြီးမှဆက်ပြောကြတာပေါ့"
ကျိုးဟောင် မျက်မှောင်ကြုတ်ပြီးပြောလိုက်လေသည်။ ထို့နောက် အသုံးပြုရန်သူ၏ဓားရှည်အားဆွဲထုတ်လိုက်လေသည်။ ထိုမြင်ကွင်းက သံမဏိအရိုး၀က်ဝံအား အလွန်ထိတ်လန့်ကြောက်ရွံ့သွားစေလေသည်။
"မ...မဟုတ်....မဟုတ်ပါဘူး ငါမင်းကိုယုံပါတယ်။ လူသားတွေလည်း ယုံကြည်ရတဲ့လူတွေပါပဲ မင်းငါ့ကိုလိမ်နေတာမဖြစ်နိုင်ပါဘူး ငါအခုပဲ အဲ့ကျောက်တွင်းတွေနေရာကိုပြပါ့မယ်"
သံမဏိအရိုး၀က်ဝံမှာလည်း ကံကြမ္မာကို မစမ်းသပ်ရဲပေ။ တကယ်လို့ သူ့လက်တဖက်ဆုံးရှုံးသွားပါက ကောင်းကင်ဘုံအဆင့်ကိုတက်လှမ်းဖို့ သူ့အိပ်မက်ကိုလည်း မေ့လိုက်ရတော့မည်ဖြစ်လေသည်။
ဒါ့ကြောင့် သူတုံ့ဆိုင်းမနေဘဲ တည်နေရာများကို အမှတ်အသားပြုလုပ်ပြီး ကျိုးဟောင်အားပေးလိုက်လေသည်။
"ဒီ၁၂ခုမြောက်အက်ကွဲကြောင်းအထဲထဲမှာနောက်ထပ် ၂တွင်းကျန်သေးတယ်။ ၁၁ခုမြောက်အက်ကွဲကြောင်းထဲမှာတော့ ၁တွင်း ၊ ၁၀ခုမြောက်အက်ကွဲကြောင်းထဲမှာ၃တွင်း ၊ ၉ခုမြောက်ထဲမှာ ၂တွင်းနဲ့ ၇ခုမြောက်ထဲမှာ ၃တွင်းရှိတယ်။ အဲ့တွင်းတွေအကုန်လုံးကအလွန်ကြီးမားတဲ့ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းတွေဖြစ်ပြီး ကောင်းကင်ဘြံအဆင့်တ၀က်သားရဲတွေစောင့်ကြပ်နေကြတယ် မင်းအထဲကို၀င်နိုင်မှာမဟုတ်ဘူး"
သံမဏိအရိုး၀က်ဝံမှာတကယ့်ကိုအားထားရပေသည်။ တည်နေရာများကိုပြရုံသာမက စောင့်ကြပ်နေသော သန္ဓေပြောင်းသားရဲများက ကောင်းကင်ဘုံအဆင့်မဟုတ်ဘဲ ကောင်းကင်ဘုံအဆင့်တ၀က်ဖြစ်ကြောင်းလည်း သေချာပြောပြလေသည်။
ဒီအချက်ကကျိုးဟောင်အားပျော်ရွှင်စေလေသည်။ကောင်းကင်ဘုံအဆင့်တ၀က်သားရဲများကိုသတ်သည့်ကိစ္စသည်ကျိုးဟောင်အတွက်အလွန်လွယ်ကူပေသည်။သို့သော် ကောင်းကင်ဘုံအဆင့်သားရဲများကိုသတ်သည့်အရာက မတူညီသည့်အကြောင်းအရာတခုဖြစ်လေသည်။
ဒါ့ကြောင့် ဒီတကြိမ်တွင် ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများသာမက ထိုကောင်းကင်ဘုံအဆင့်တ၀က်သားရဲများကိုသတ်ပြီး ကံကြမ္မာအမှတ်များစုဆောင်းနိုင်ပြီး ထိုသားရဲများ၏အလောင်းကိုရောင်းချခြင်းဖြင့်လည်း ကောင်းကင်ဘုံဒင်္ဂါးပြားလည်းရရှိနိုင်လေသည်။ဒါကတကယ့်ကိုကျောက်တုံးတတုံးဖြင့် ငှက်၃ကောင်ပစ်သကဲ့သို့ပင်ဖြစ်လေသည်။
"ကောင်းပြီ တခုချင်းကိုငါကိုယ်တိုင်စစ်ဆေးကြည့်တာပေါ့ တကယ်လို့မင်းငါ့ကိုလိမ်နေခဲ့တာဆိုရင်တော့ ကမ္ဘာအဆုံးထိလိုက်ရမယ်ဆိုရင် ငါလိုက်ပြီးမင်းကိုသတ်မယ်"
ကျိုးဟောင်ကချိန်းခြောက်လိုက်လေသည်။
"စိတ်...စိတ်မပူပါနဲ့ ကျုပ် ခင်ဗျားကိုဘာလို့လိမ်ရမှာလဲ"
သံမဏိအရိုး၀က်ဝံကြီးကချက်ချင်းပြန်ဖြေလေသည်။ သူဒီလိုအကုန်ပြောပြရသည်မှာလည်း အကြောင်းအရင်းရှိလေသည်။
ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းများကိုသူတို့စောင့်ကြပ်နေရခြင်းမှာ စေခိုင်းခြင်းခံရ၍မဟုတ်ပဲ ကောင်းကျိုးများရှိနေခြင်းကြောင့်ဖြစ်လေသည်။
ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းများမှာ ရှေးဟောင်းစွမ်းအင်အနှစ်သာရများသိပ်သည်းစွာထွက်ပေါ်နေသောနေရာများတွင်သာတည်ရှိလေသည်။
သူတို့အနေဖြင့်ထိုရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများကို ကျင့်ကြံရာတွင်အသုံးပြု၍မရသော်လည်း ဘေးပတ်လည်တွင်တော့ စွမ်းအင်အနှစ်သာရများကြွယ်၀လေသည်။
ဒါ့အပြင်ကျိုးဟောင်ကထိုအစောင့်သားရဲများကိုသတ်နိုင်ခဲ့ပါကသူ့အတွက်ပြိုင်ဘက်များလည်းလျော့သွားမည်ဖြစ်လေသည်။ ဒါ့ကြောင့် သူ့အနေဖြင့်အကုန်ပြောပြရသည်မှာ ကိစ္စကြီးကြီးမားမားမရှိပေ။
ဒီလိုကောင်းကင်ဘုံအဆင့်တ၀က်သားရဲအနည်းငယ်အသတ်ခံလိုက်ရရုံဖြင့် လူသားများအလွယ်တကူကျူးကျော်လာနိုင်မည့်အရေးကိုလည်း သံမဏိအရိုး၀က်ဝံမှာမစိုးရိမ်ခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ယခုလိုလူသားများနှင့် မျိုးနွယ်ခြားများ အပေးအယူလုပ်ပြီး ယှဉ်တွဲနေနိုင်ခြင်းမှာလည်း ဒီပါမွှားကောင်းကင်ဘုံအဆင့်တ၀က်သားရဲများကြောင့်မဟုတ်ဘဲ တကယ့်စစ်မှန်သည့် သားရဲသခင်ကြီးများကြောင့်သာဖြစ်လေသည်။
ကျိုးဟောင်က သံမဏိအရိုး၀က်ဝံဘုရင်အားစိုက်ကြည့်လိုက်ပြီး ၎င်းဘာတွေးနေသလဲဆိုသည်ကိုတော့ သူ မသိခဲ့ပေ။ ထို့နောက်သူ၏ခန္ဓာကိုယ်မှာ ရွေ့လျားသွားပြီး အနီးဆုံးရှေးဟောင်းစွမ်းအင်အနှစ်သာရကကျောက်တွင်းဆီသို့ဦးတည်လိုက်လေသည်။
ထိုကျောက်တွင်းအားစောင့်နေသည့်အစောင့်မှာ အမြှီးခြောက်ချောင်း မြေခွေးနတ်ဆိုးဖြစ်လေသည်။ထိုမျိုးနွယ်မှာ သန္ဓေပြောင်းသားရဲများကြားတွင် တော်၀င်သွေးမျိုးရိုးရှိသည့်သားရဲများလည်းဖြစ်လေသည်။
အမြှီးခြောက်ချောင်းဆိုသည့်ပမာဏမှာ မြေခွေးနတ်ဆိုးမျိုးနွယ်၏အလယ်အလတ်အဆင့်ဖြစ်သော်လည်း စွမ်းအားတော့အလွန်ကြီးလေသည်။
၎င်းတို့အနေဖြင့် ကောင်းကင်ဘုံအဆင့်သို့တက်လှမ်းနိုင်ပါက အမြှီး၇ချောင်းအထိတိုးလာမည်ဖြစ်ပြီး၎င်းတို့၏သွေးမျိုးရိုးကလည်းပိုမိုအစွမ်းထက်သောကျင့်စဉ်များကိုကျင့်ကြံလာနိုင်အောင်အထောက်အပံ့ပေးလေသည်။
အမြှီး၇ချောင်းအထိရောက်အောင်ကျင့်ကြံဖို့ကမလွယ်ကူသော်လည်း ရောက်ရှိခဲ့ပါကလည်း အလွန်စွမ်းအားကြီးလာလေမည်။သို့သော်ထိုမျိုးနွယ်၏အစွမ်းအထက်ဆုံးအဆင့်မှာ အမြှီး၉ချောင်းဖြစ်ပြီး ထိုအဆင့်ကိုရောက်သွားပါက သန္ဓေပြောင်းသားရဲများ၏ကန့်သတ်ချက်များကိုကျော်ဖြတ်ကာ စွမ်းအားအကြီးမားဆုံးသားရဲဖြစ်လာလေမည်။
မျိုးနွယ်ခြားများ၏စစ်မှန်သောသခင်ကြီးများထဲတွင် အမြှီးကိုးချောင်းမြေခွေးနတ်ဆိုးတကောင်ပါ၀င်လေသည်။
အမြှီး၆ချောင်းမြေခွေးနတ်ဆိုးမှာ အနားယူခဲ့လေသည်။ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းများကို စောင့်ကြပ်ရသည်မှာ အလွန်ပျင်းဖို့ကောင်းသော်လည်း ကျင့်ကြံရာတွင်တော့ သက်တောင့်သက်သာရှိလေသည်။
လေပြင်းတချက်တိုက်ခတ်လာချိန်တွင် အနားယူသောမြေခွေးနတ်ဆိုး၏အမူအရာမှာပြောင်းလဲသွားလေသည်။၎င်းမော့ကြည့်လိုက်သောအခါ လူပုံစံအသွင်အပြင်တခုကိုတွေ့လိုက်ရလေသည်။
"လူသားလား သေတွင်းထဲဆင်းလာတာပဲ ဟားဟား... ငါပျင်းနေတာနဲ့အတော်ပဲ"
အမြှီး၆ချောင်းမြေခွေးနတ်ဆိုး၏အသံမှာ ကြည်လင်ပြီး နားထဲဆွဲဆောင်မှုတခုရှိလေသည်။ ၎င်း၏မြေခွေးအသွင်အပြင်ကြောင့်သာမဟုတ်ပါက လှပသောမိန်းမငယ်လေးတယောက်စကားပြောနေသကဲ့သို့အထင်မှားနိုင်လေသည်။
"သေမယ်ဟုတ်လား တကယ်မင်းကမှ ဒီနေ့သေရမှာ"
ကျိုးဟောင်ကပြုံးပြီးပြန်ပြောလိုက်ကာ အချိန်ဆွဲမနေတော့ဘဲ သူ၏နတ်ဘုရားသတ်သိုင်းအားထုတ်သုံးလိုက်လေသည်။ သူ၏ကျင့်ကြံရေးစွမ်းအင်များမြင့်တက်လာပြီး ကောင်းကင်ဘုံအဆင့်အားချိုးဖောက်နိုင်လုနီးပါးဖြစ်လာလေသည်။
ကျိုးဟောင်၏ဆွဲငင်အားပိုင်နက်မှာလည်း နှိုင်းယှဉ်မရအောင်စွမ်းအားကြီးလာလေသည်။
အမြှီး၆ချောင်းမြေခွေးနတ်ဆိုးမှာလည်း လွယ်ကူသောပြိုင်ဖက်မဟုတ်ပေ။ ၎င်းမှာ သူ၏အမြှီးများကို မြှောက်လိုက်ပြီး လေဟာနယ်ကိုဖြိုခွင်းကာ ထူးဆန်းသောမီးတောက်များကို ထုတ်လွှင့်နေလေသည်။
သို့သော်လည်း ကျိုးဟောင်၏ကြီးမာသောခွန်အားနှင့် ဆွဲငင်အားပိုင်နက်တို့ကြောင့် ၎င်းမှာ ကျိုးဟောင်၏ပြိုင်ဖက်မဖြစ်နိုင်တော့ပေ။
ကျိုးဟောင်ကအချိန်ဆွဲမနေတော့ပဲ သူ၏ငှက်မွှေးတစ်ထောင်ချပ်၀တ်ဖြင့် မီးတောက်များကိုခုခံလိုက်ပြီး နဂါးနက်လှံတံကိုဆွဲထုတ်လိုက်လေသည်။ မိုးကောင်းကင်၌လျှပ်စီးများတဖျတ်ဖျတ်လက်သွားလေသည်။
နောက်စက္ကန့်အနည်းငယ်အကြာတွင် အမြှီး၆ချောင်းမြေခွေးနတ်ဆိုးမှာ သတ်ဖြတ်ခြင်းခံလိုက်ရလေသည်။၎င်းမှာသေဆုံးသွားခဲ့ရသော်လည်း ၎င်းရှေ့ရှိလူသားမှာ ဘယ်လောက်စွမ်းအားကြီးကြောင်းမသိသွားခဲ့ရပေ။
ကျိုးဟောင်မှာ သတ်ပြီးနောက် ၎င်းစောင့်ကြပ်နေသောနေရာကိုကျော်ပြီး အတွင်းသို့၀င်လိုက်သောအခါ ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက် တွင်းကိုမြင်ပြီး ပြုံးလိုက်မိသည်။
"ကြည့်ရတာ သံမဏိအရိုး၀က်ဝံကညာနေခဲ့တာမဟုတ်ဘူးပဲ"
ကျိုးဟောင်မှာပျော်ရွှင်နေလေသည်။ သူသည် ငှက်မွှေးတစ်ထောင်ချပ်၀တ်စွမ်းအားဖြင့် အက်ကွဲကြောင်း၏ဖျက်ဆီးရေးဖိအားကိုတွန်းလှန်ကာ ကျောက်တွင်းထဲသို့ တံခါးမရှိဓားမရှိသွားလာနိုင်စွမ်းရှိနေလေပြီ။
ကျိုးဟောင်မှာ အချိန်ဆွဲမနေတော့ပဲ စွမ်းအင်အနှစ်သာရကျောက်တုံးများအား သူ၏သိမ်းဆည်းရေးအိတ်ထဲသို့ထည့်ကာ ထိုနေရာမှထွက်ခွာသွားလေသည်။
ကျိုးဟောင်ထွက်ခွာသွားပြီး မကြာမီပင် ပေတရာအင်းစက်ဘုရင်ရောက်လာလေသည်။
"အမြှီး၆ချောင်းမြေခွေးနတ်ဆိုးကတကယ်ကြီးသေသွားရတာလား ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးတွေလည်းမရှိတော့ဘူး လူသားတွေကကျောက်တွင်းတွေလိုက်ခိုးဖို့ ကောင်းကင်ဘုံအဆင့်လူတယောက်ကိုများလွှတ်လိုက်တာလား"
ပေတရာအင်းစက်ဘုရင်မှာဒေါသထွက်နေလေသည်။ ၎င်းထိန်းချုပ်နေသည့် ၁၂ခုမြောက်အက်ကွဲကြောင်းရှိ ကျောက်တွင်း ၃ခုအနက် ၂ခုကို ဆုံးရှုံးလိုက်ရလေပြီ။
ထိုရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်းများက မူလအဆင့်ပညာရှင်များစွာ မွေးထုတ်ပေးနိုင်လေသည်။ ကောင်းကင်ဘုံအဆင့် တယောက် ဒါမှမဟုတ် ၂ယောက်လောက်အထိတောင် ပေါ်ပေါက်လာနိုင်လေသည်။ဒါသည်သန္ဓေပြောင်းသားရဲတို့အတွက်သတင်းကောင်းမဟုတ်ပေ။
လူသားပညာရှင်အရေအတွက် တိုးပွားလာသည်နှင့် ၎င်းတို့၏အက်ကွဲကြောင်းများကိုထိန်းချုပ်နိုင်စွမ်းမှာလည်းတိုးပွားလာမည်ဖြစ်သည်။
၎င်းတို့မျိုးနွယ်ခြားများအနေဖြင့်လည်းလူသားတို့၏ကမ္ဘာမြေပေါ်ကျူးကျော်နိုင်စွမ်းလည်းလျော့ကျလာနိုင်လေသည်။ ဒီအချက်က ၎င်းတို့အားလုံးမလိုလားသည့်အရာဖြစ်လေသည်။
....................................................................................
အခန်း (၃၉၁) ပြီးပါပြီ။
အခန်း (၃၉၂) : ပြောင်းလဲခြင်းကိုးသွယ် အရှင်သခင်ကိုယ်ခန္ဓာ
ပေတရာအင်းစက်ဘုရင်မှာအလွန်ဒေါသထွက်နေလေသည်။ ထိုရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများမှာ အလွန်အရေးကြီးလေသည်။ထို ကျောက်တွင်းများမှာ မျိုးနွယ်ခြားများအနေဖြင့် အက်ကွဲကြောင်းထဲတွင်နေနိုင်သည့်အကြောင်းအရင်းဖြစ်လေသည်။ ၎င်းတို့အနေဖြင့် လူအင်အားနှင့်အရင်းအမြစ်ဘယ်လောက်ပဲကုန်ကုန် ထိုကျောက်တွင်းများအား ကာကွယ်ရမည်ဖြစ်လေသည်။
လူသားများအနေဖြင့်ထိုရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများကိုရသွားပါက အလျင်အမြန်တိုးတက်လာနိုင်ချေရှိလေသည်။ ထိုကဲ့သို့ဖြစ်လာပါက မျိုးနွယ်ခြားများအတွက်ကောင်းသောအရာမျိုးမဟုတ်ပေ။
"ဒီလိုဆက်ဖြစ်နေလို့မရဘူး"
ပေတရာအင်းစက်ဘုရင်ကြီးမှာပြောပြီးနောက် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာပျောက်ကွယ်သွားလေသည်။
ထိုအရာကြီးထွက်သွားပြီနောက် ကျိုးဟောင်မှာခေါင်းလေးပြူပြီးချောင်းကြည့်နေလေသည်။ သူသည်အလွန်ကြီးမားသောအရှိန်အဝါကိုအာရုံခံမိသောကြောင့် ထိုနေရာမှထွက်မသွားသေးဘဲ ၎င်း၏တုံ့ပြန်မှုဘယ်လိုရှိမလဲသိချင်သောကြောင့်ချောင်းကြည့်နေလေသည်။
သူ့အနေဖြင့်ထိုသားရဲကြီး ဘာတွေးနေသလဲမသိနိုင်သော်လည်း မျိုးနွယ်ခြားများအနေဖြင့်ဒီလိုအရာမျိုးဆက်အဖြစ်မခံတော့မည်ကိုတော့သဘောပေါက်လေသည်။
"ငါအစွမ်းတွေမြန်မြန်တိုးတက်လာအောင်လုပ်ရမယ်"
ကျိုးဟောင်ကအသက်ပြင်းပြင်းရှူလိုက်ပြီးလေ့ကျင့်ရေးစခန်းသို့ပြန်လာခဲ့လေသည်။ငှက်မွှေးတစ်ထောင်ချပ်၀တ်ကိုချွတ်လိုက်ပြီးသူ့အခန်းထဲပြန်လာခဲ့လေသည်။
ဒီတခေါက်ကျိုးဟောင်ရရှိခဲ့သည့်အကျိုးအမြတ်မှာများလေသည်။သူ့အနေဖြင့် ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်း ၃တွင်းနှင့် ကောင်းကင်ဘုံအဆင့်တ၀က်သားရဲ၃ ကောင်၏အလောင်းများကိုပါရရှိခဲ့လေသည်။သူ့အတွက်ကံကြမ္မာအမှတ်အများအပြားနှင့် ပိုက်ဆံများစုဆောင်းနိုင်ခဲ့လေသည်။
ကျိုးဟောင်ကချက်ချင်းပဲ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ဈေးဆိုင်နေရာကိုသွားလိုက်ပြီး ချက်ချင်းပင်ရောင်းချလိုက်လေသည်။
ကျိုးဟောင်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲ၀င်လိုက်သည်နှင့် သုံးစွဲသူအများအပြားက၀န်းရံလာလေသည်။
"သခင်ကြီးရောက်လာပြီလား "
"ဟားဟားဟား သခင်ကြီးရောက်လာပြီဟေ့"
"သခင်ကြီးဆော့ဖ်ဝဲလ်ထဲ၀င်လိုက်တာနဲ့ ရုန်းရင်း ဆန်ခတ်ကိုဖြစ်တော့တာပဲ သခင်ကြီးဒီတခေါက်ကော အစမ်းတိုက်ရိုက်ထုတ်လွှင့်ဦးမှာလား ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေဖောက်ပြမှာလား"
သူတို့အားလုံးကျိုးဟောင်အား ခေါ်နေကြသော်လည်း ကျိုးဟောင်ကတော့လျစ်လျူရှုလိုက်လေသည်။
သူ့ကံကြမ္မာအမှတ်များကိုတချက်ထောက်ကြည့်လိုက်ပြီး ကံကြမ္မာအမှတ်များမှာ သန်းရာချီရှိနေသောကြောင့် သူပျော်ရွှင်သွားလေသည်။ ကောင်းကင်ဘုံအဆင့်တ၀က်သားရဲကိုသတ်ခြင်းကအကျိုးအမြတ်အများအပြားရရှိလေသည်။
ထိုကောင်းကင်ဘုံအဆင့်တ၀က်သားရဲအလောင်းကိုရောင်းပြီးနောက် ကျိုးဟောင်မှာ ကောင်းကင်ဘုံဒင်္ဂါး၁၀သန်းရရှိလေသည်။ ထိုပမာဏမှာတကယ့်ကိုများပြားလှလေသည်။
သူသည်လက်ရှိတွင် ပလက်တီနမ်အဆင့်အသုံးပြုသူဖြစ်ပြီး စိန်အဆင့်သို့တက်လှမ်းလိုပါက သူ့အနေဖြင့် ကောင်းကင်ဘုံဒင်္ဂါးပြား ၁၀၀ဘီလီယံကျော်လိုအပ်လေသည်။
ထိုပိုက်ဆံပမာဏသည်သူ့အနေဖြင့်ကောင်းကင်ဘုံအဆင့်တ၀က်သားရဲအကောင် ၁၀၀လောက်သတ်ရန်လိုအပ်လေသည်။
"ဟူး ငါစိန်အဆင့်အသုံးပြုသူမဖြစ်လာခင်ခရီးအရှည်ကြီးကိုလျှောက်လှမ်းရဦးမှာပါလား"
ကျိုးဟောင်တယောက်စိတ်ညစ်သွားလေသည်။ ပိုက်ဆံအများကြီးကိုကြည့်ပြီးနောက် ကျိုးဟောင်အလျင်စလိုအသုံးမပြုတော့ပေ။ သူ့အနေဖြင့်လက်ရှိတွင် ငှက်မွေးတထောင်ချပ်၀တ်၏အပိုင်းအစများကိုရယူရန်သာရှိပြီး တခြားဘာမှမလိုအပ်ပေ။
သူ့အနေဖြင့်နတ်ဘုရားသတ်သိုင်းအား နတ်ဘုရားဖျက်ဆီးရေးသိုင်းအဖြစ်အဆင့်မမြှင့်တင်နိုင်သေးပေ။ လှုပ်ရှားမှုသိုင်းတွင်လည်း ရွှေကျီးလွတ်မြောက် ရေးသိုင်းမှာ သူ့အတွက်အတော်အဆင်ပြေလေသည်။ဒါ့အပြင်သူ့ရဲ့အကောင်းဆုံးတိုက်ခိုက်ရေးသိုင်းဖြစ်သည့်အရိပ်ဓား၇ချောင်းသိုင်းလည်းရှိသေးလေသည်။
"ငါ့ရဲ့ကျင့်ကြံရေးသိုင်းတွေက တဖြေးဖြေးနဲ့ ထင်သာမြင်သာရှိလာပြီ ကျင့်ကြံရေးနည်းစနစ်တွေကိုပြောင်းလဲဖို့တော့သင့်ပြီ"
ကျိုးဟောင်၏ကျင့်စဉ်များဖြစ်သည့် မဟာယန်မှတ်တမ်းနှင့် သစ်စိမ်းသိုင်းတို့မှာသူ၏ဥက္ကဌကျိုးဟူသောအသွင်အပြင်နှင့်သက်ဆိုင်နေလေသည်။ တကယ်လို့သူသာထိုသိုင်းများကိုသုံးပါကသူဘယ်သူလဲဆိုသာပေါ်ပေါက်သွားနိုင်လေသည်။
ဒါ့ကြောင့်ကျိုးဟောင်အနေဖြင့် တခြားကျင့်စဉ်အသစ်များကိုကျင့်ကြံဖို့လိုအပ်နေလေသည်။ထိုသို့စဉ်းစားပြီးနောက်ကျိုးဟောင်မှာ ဆော့ဖ်ဝဲလ်၏ဈေးဆိုင်သို့သွားလိုက်ပြီး စွမ်းအားကြီးသောကျင့်ကြံရေးနည်းစနစ်များကိုသေချာရှာလိုက်လေသည်။
"ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ကိုယ်ခန္ဓာသိုင်း"
ကျိုးဟောင်ကထိုကျင့်စဉ်နှင့်ပတ်သက်သည့်မိတ်ဆက်ကိုအလျင်အမြန်ဖတ်ကြည့်လိုက်ပြီးတုန်လှုပ်သွားလေသည်။
ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ခန္ဓာကိုယ်သိုင်း၏အဆင့်များမှာအလွန်မြင့်ပြီး နဂါးနက်လှံရှည်ထက်တောင်အဆင့်မြင့်သေးလေသည်။မိတ်ဆက်စာအရ၎င်းမှာ ကမ္ဘာ့အဆင့်ကျင့်စဉ်တခုဖြစ်လေသည်။
ဒါ့အပြင်၎င်း၏တန်ကြေးမှာ ၁၀ဘီလီယံရှိလေသည်။သူ့လက်ရှိပိုင်ဆိုင်မှုအားလုံးကိုသုံးမှ ၎င်းကို၀ယ်နိုင်မည်ဖြစ်လေသည်။
သို့သော်လည်း ထိုကျင့်စဉ်မှာတကယ့်ကိုစွမ်းအားကြီးလေသည်။ ထိုကျင့်စဉ်၏အဓိကအချက်မှာခန္ဓာကိုယ်အားပြုပြင်မွမ်းမံခြင်းဖြစ်လေသည်။ ထိုကျင့်စဉ်တွင်ပြောင်းလဲခြင်းကိုးဆင့်ရှိပြီး ထိုကိုးဆင့်လုံးပြီးဆုံးပါက အံဖွယ်စကြ၀ဠာဆိုင်ရာကိုယ်ခန္ဓာကိုရရှိမည်ဖြစ်လေသည်။ထိုအချက်ကကျိုးဟောင်ကိုစိတ်လှုပ်ရှားသွားစေပြီးတုံ့ဆိုင်းမနေဘဲ ထိုကျင့်စဉ်အား၀ယ်လိုက်လေသည်။
ပြောင်းလဲခြင်းကိုးသွယ်အရှင်ခင်ကိုယ်ခန္ဓာသိုင်း၏ပြောင်းလဲခြင်းအဆင့်အားလုံး အောင်မြင်ဖို့အတွက် စွမ်းအင်အနှစ်သာရများလိုအပ်လေသည်။ တခြားသောကျင့်စဉ်များကဲ့သို့လိုက်ဖက်ညီမှုမြင့်ရုံဖြင့်အောင်မြင်နိုင်သောကျင့်စဉ်တခုမဟုတ်ပေ။
ထိုကျင့်စဉ်မှာပြုပြင်ပြောင်းလဲရသည့်ကျင့်စဉ်ဖြစ်ပြီး လေ့လာရသည့်အရာမဟုတ်ပေ။၎င်းမှာ ကျင့်ကြံသူ၏ခန္ဓာကိုယ်ကိုမွမ်းမံရသည့်အရာဖြစ်ပြီး စွမ်းအင်အနှစ်သာရကိုသုံးပြီးခန္ဓာကိုယ်ကို ဘယ်လောက်ပုံသွင်းနိုင်သလဲဆိုသည့်အချက်ပေါ်မူတည်လေသည်။
ကျိုးဟောင်တွင်ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးများလည်း အလုံအလောက်ရှိနေသောကြောင့် ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ခန္ဓာကိုယ်သိုင်းအား စတင်ကျင့်ကြံလေသည်။ သူကျင့်ကြံလို့ပြီးသွားသောအခါ မှင်တက်သွားမိလေသည်။
သူ့ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံး ၃၀%ကျော်ချက်ချင်းကုန်ဆုံးသွားပြီး ပြောင်းလဲခြင်း၃ဆင့်သာရောက်ရှိလေသည်။
"ဒါကအရမ်းကိုခက်ခဲတာပဲ ဒီပမာဏက ငှက်မွှေးတစ်ထောင်ချပ်၀တ်ကိုပြန်ပြင်လို့ပြီးလောက်တဲ့ပမာဏပဲ အဲ့လောက်သုံးတာတောင်မှ တတိယအဆင့်အထိပဲကျင့်ကြံနိုင်တာပဲ ငါ့ရဲ့စွမ်းအင်အနှစ်သာရတွေလည်းအတော်ကုန်သွားပြီ"
ကျိုးဟောင်ကမျက်မှောင်ကြုတ်ပြီးပြောလိုက်လေသည်။ သူ့အနေဖြင့်ဒီကျင့်စဉ်ကိုလုံး၀ကျင့်ကြံဖို့ဆုံးဖြတ်ထားသောကြောင့် ရှေးဟောင်းစွမ်းအင်ကျောက်တုံးများအား နှမြောမနေတော့ပေ။
တတိယအဆင့်အထိကျင့်ကြံပြီးနောက် သူ့ခန္ဓာကိုယ်မှာတခုခုပြောင်းလဲသွားသည်ကိုခံစားမိလိုက်လေသည်။ ဘာပြောင်းလဲသွားသလဲကိုသူမသိသော်လည်း ပတ်၀န်းကျင်ရှိအရာများကို အာရုံခံနိုင်စွမ်းမှာလည်းထက်မြက်လာပြီး သူ့ခန္ဓာကိုယ်၌လည်းအင်အားများပြည့်နှက်နေကိုတော့ ခံစားမိလေသည်။
ထို့နောက် ငှက်မွှေးတစ်ထောင်ချပ်၀တ်၏ လုပ်ဆောင်ချက်တခုကို ရှောင်ယွီအားစမ်းသပ်ခိုင်းလိုက်လေသည်။ထိုအချိန်မှာပဲ ရှောင်ယွီကကျိုးဟောင်၏တိုက်ခိုက်ရေးစွမ်းအင်ကိုအကဲဖြတ်ကြည့်ပေးလေသည်။
"သခင်ကြီးကိုသတင်းပို့ပါတယ် သခင်ကြီးရဲ့ မူလအင်အားအရ တန်၁သောင်းနှင့်ညီတဲ့ခွန်အားရှိပါတယ် အာကာသစွမ်းအားနဲ့ပြောရမယ်ဆိုရင်တော့ တန်၁၀၀နှင့်ညီတဲ့စွမ်းအားမျိုးရှိပါတယ် ဒါပေမဲ့ခုလက်ရှိမှာ သခင်ကြီး၏အာကာသစွမ်းအားက တန်၁၀၀၀အထိရောက်ရှိသွားပါပြီ"
ထိုစကားကိုကြားသောအခါကျိုးဟောင်မှာ အံ့ဩသွားလေသည်။
"ဘာ အာကာသစွမ်းအားတန်၁ထောင်ဟုတ်လား အဲ့အဓိပ္ပာယ်က တန်၁သိန်းနဲ့ညီမျှတဲ့ ခွန်အားမှတ်လား ဒါကပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းရဲ့အကျိုးရလဒ်ပေါ့"
ကျိုးဟောင်အတွက်ယုံကြည်ဖို့ခက်ခဲနေလေသည်။
"ဟုတ်ပါတယ် သခင်ကြီး သင့်ခွန်အားက တတိယအဆင့်ကောင်းကင်ဘုံပညာရှင်လောက်ထိရောက်နေပါပြီ"
ရှောင်ယွီ၏စကားကြောင့်ကျိုးဟောင်ပိုတုန်လှုပ်သွားလေသည်။ သူသည်ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်မဟုတ်သေးသော်လည်း သူ့ခွန်အားကတတိယအဆင့်ကောင်းကင်ဘုံပညာရှင်ကဲ့သို့ဖြစ်နေလေသည်။
တကယ်လို့ သူသာ တတိယအဆင့်ကောင်းကင်ဘုံပညာရှင်တယောက်၏တိုက်ခိုက်မှုကိုခုခံနိုင်ပြီး တတိယအဆင့်ကောင်းကင်ဘုံပညာရှင်နှင့်ညီသောတိုက်ခိုက်မှုမျိုးပြန်ပေးနိုင်ပါက ကောင်းကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ကို လက်ရှိကောင်းကင်ဘုံအဆင့်တ၀က်ဖြင့်ရင်ဆိုင်နိုင်မည်ဖြစ်လေသည်။
ဒီအချက်ကကျိုးဟောင်အတွက်မယုံနိုင်စရာဖြစ်နေလေသည်။ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်များမှာ သိုင်းပညာရှင်များသာဖြစ်ပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်များကတော့ တကယ့်စစ်မှန်သည့်အရှင်သခင်ကြီးများဖြစ်လေသည်။
ကွာခြားချက်မှာ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်များမှာ လူသားခန္ဓာကိုယ်၏ကန့်သတ်ချက်များရှိပြီး ကောင်းကင်ဘုံအဆင့်ပညာရှင်များကတော့ ထိုကန့်သတ်ချက်များကို ချိုးဖျက်နိုင်ပြီး စွမ်းဆောင်ရည်အားလုံးကိုမြှင့်တင်နိုင်စွမ်းရှိလေသည်။
ကောင်းကင်ဘုံအဆင့်အောက်ရှိပညာရှင်အားလုံးမှာ လူသားအဆင့်တွင်သာရှိပြီး ကောင်းကင်ဘုံအဆင့်ထက်ပညာရှင်များကတော့ စူပါလူသားများဖြစ်ကြလေသည်။
သူတို့၏စိတ်၊ခန္ဓာကိုယ် နှင့်ခွန်အားအားလုံးမှာ လူသားတို့၏ကန့်သတ်ချက်ထက်ကျော်လွန်နေပြီး နောက်တဆင့်ရောက်နေလေသည်။
တကယ်လို့ကောင်းကင်ဘုံအဆင့်ပညာရှင်အနေဖြင့် ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်အားသတ်လိုပါကလက်ညှိုးလေးတချောင်းလှုပ်လိုက်သကဲ့သို့လွယ်ကူလေသည်။ခြားနားချက်မှာ ထိုကဲ့သို့ကြီးမားလေသည်။
ကောင်းကင်ဘုံအဆင့်သည်ကျင့်ကြံရေးများ၏ အဆုံးသတ်လားဆိုသည့်အချက်ကိုတော့ ကျိုးဟောင်မသိပေ။
သို့သော် ကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ အသန်မာဆုံးဖြစ်ပြီး ကမ္ဘာကြီးပေါ်တွင်လည်းသက်ရောက်မှုကြီးမားလေသည်။
ယခုကျိုးဟောင်တွင် ထိုအသန်မာဆုံးသောအရာ၏တိုက်ခိုက်မှုကိုတောင့်ခံနိုင်သည့် ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားလေသည်။ ဒီအချက်ကကျိုးဟောင်အား တုန်လှုပ်စေလေသည်။
....................................................................................
အခန်း (၃၉၂) ပြီးပါပြီ။
အခန်း (၃၉၃) : အမှောင်ညအဖွဲ့
ကျိုးဟောင်မှာ သူ့ခွန်အားမှာ အဲ့လောက်အဆင့်ထိရောက်ရှိသွားသည်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။
သို့သော်လည်း ကျိုးဟောင်မှာ ပြန်လည်စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ့လက်ရှိအခြေအနေမှ ကောင်းကင်ဘုံအဆင့်တ၀က်ကျင့်ကြံရေးသာရှိသေးသော်လည်း ကောင်းကင်ဘုံအဆင့်ပညာရှင်အားခုခံနိုင်ပြီးဖြစ်ကြောင်းသဘောပေါက်လိုက်သည်။
ထိုအချိန်တွင်လူသားမဟာမိတ်အဖွဲ့တခုလုံး၌ ကိစ္စကြီးကြီးမားမားဖြစ်သွားလေသည်။ မျိုးနွယ်ခြားများသည် လူသားမျိုးနွယ်များအနေဖြင့်စည်းမျဉ်းကိုချိုးဖောက်ကြောင်း ပြစ်တင်စွပ်စွဲနေကြလေသည်။
လူသားမျိုးနွယ်ကောင်းကင်ဘုံအဆင့်မဟာမိတ်အဖွဲ့၏အစည်းအဝေးခန်းထဲတွင် နယ်မြေအသီးသီး ၏ခေါင်းဆောင်များထိုင်နေကြလေသည်။
နယ်မြေ၇ခု၏ခေါင်းဆောင်များ၏မျက်နှာမှာလည်း လေးနက်နေလေသည်။နယ်မြေတစ်၏ ခေါင်းဆောင်မှာ သက်ပြင်းချပြီးစပြောလေသည်။
" ငါတို့ဘက် ကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်ကိုအက်ကွဲကြောင်းထဲလွှတ်ပြီး ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်တွေကိုသတ်ကာရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တုံးတွေခိုးယူနေတယ်လို့ မျိုးနွယ်ခြားတွေဘက်ကပြောဆိုလာတယ် ငါသိသမျှလူသားကောင်းကင်ဘုံအဆင့်ပညာရှင်တယောက်မှ လှုပ်ရှားတာမျိုးလည်းမတွေ့မိဘူး"
နယ်မြေတစ်၏ခေါင်းဆောင်မှာ စိတ်ပျက်နေသောအမူအရာဖြင့်ပြောလေသည်။အခြားသူများလည်းအတူတူပင်ဖြစ်လေသည်။
မျိုးနွယ်ခြားများနှင့်လူသားကောင်းကင်ဘုံအဆင့်ပညာရှင်များကြားရှိ သဘောတူညီချက်အရ ကောင်းကင်ဘုံအဆင့်ပညာရှင်များကို တိုက်ပွဲထဲသို့စေလွှတ်ခွင့်မရှိပေ။ ထိုအဆင့်ရောက်နေသောပညာရှင်များမှာ သာမန်သိုင်းပညာရှင်များမဟုတ်တော့ဘဲ မျှခြေအပေါ်ထိခိုက်နိုင်စွမ်းရှိလေသည်။
တကယ်လို့လူသားများကထိုကဲ့သို့စေလွှတ်ပါက မျိုးနွယ်ခြားများဘက်ကလည်းစေလွှတ်လာနိုင်ပြီး ပျက်သုန်းခြင်းအခြေအနေသို့ဆိုက်ရောက်သွားနိုင်လေသည်။
ထိုအချက်မှာ မဟာမိတ်အဖွဲ့အစည်းအနေဖြင့် မဖြစ်ချင်ဆုံးအရာဖြစ်လေသည်။
လူသားမျိုးနွယ်ကောင်းကင်ဘုံအဆင့်ပညာရှင်များအနေဖြင့် မျိုးနွယ်ခြားတို့၏နယ်ပယ်ထဲသို့ထိုးဖောက်၀င်ရောက်ဖို့ခက်ခဲလှပေသည်။ အကယ်၍၀င်ရောက်နိုင်ရင်တောင်မှ ပြန်ထွက်လာဖို့မဖြစ်နိုင်ပေ။
မျိုးနွယ်ခြားတို့၏ပိုင်နက်မှာ ကျတ်တီးမြေများဖြစ်ပြီး အလွန်လည်းအန္တရာယ်များလေသည်။ အခြေအနေများမှာလည်းဆိုးရွားကြမ်းတမ်းလှပေသည်။
သို့သော် လူသားတို့၏နယ်မြေများမှာထိုကဲ့သို့မဟုတ်ဘဲသာယာ၀ပြောလှလေသည်။ ဒါ့အပြင်မျိုးနွယ်ခြားများအတွက်လည်းနေထိုင်လို့အဆင်ပြေလေသည်။
"ဒီကိစ္စကငါတို့အထက်ပိုင်းတွေအတွက် တန်ကြေးကြီးတယ် ငါတို့အခုလိုညှိနှိုင်းလို့ရနေတာကလည်းငါတို့လူသားတွေကစွမ်းအားကြီးလို့ပဲ ဒါပေမဲ့ မျိုးနွယ်ခြားတွေကိုတော့ ထိပ်တိုက်တွေလို့မကောင်းဘူး သူတို့မှာ မျိုးနွယ်စုတွေအများအပြားရှိပြီး သေခြင်းတရားကိုလည်း သိပ်ဂရုမစိုက်ကြဘူး သူတို့အတွက်အသေခံတပ်ဖွဲ့တွေစေလွှတ်ဖို့အတွက်မခက်ခဲဘူး"
"ဒါပေမဲ့ငါတို့လူသားတွေရဲ့ပညာရှင်တွေကပြုစုပျိုးထောင်ထားရတာ သေဆုံးမှုတိုင်းကလူသားမျိုးနွယ်အတွက်ဆုံးရှုံးမှုပဲ"
" ဒါပေမဲ့အခုတော့ အဲ့ဒီလူထူးဆန်းပညာရှင်ကမျိုးနွယ်ခြားတို့ရဲ့ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင် ၃ယောက်ကိုသတ်ခဲ့တယ် အဲ့အထဲမှာမြေခွေးနတ်ဆိုးမျိုးနွယ်လည်း ပါ၀င်တယ် အထူးသဖြင့်ရှေးဟောင်းစွမ်းအင်အနှစ်သာရကျောက်တွင်း၃တွင်းဆုံးရှုံးသွားတာက မျိုးနွယ်ခြားတို့ကိုအလွန်ဒေါသထွက်စေတဲ့ကိစ္စပဲ"
"မျိုးနွယ်ခြားတွေအလွန်ဒေါသထွက်နေပြီး အတင်းဖိအားပေးနေကြပြီ တကယ်လို့သူတို့ဘက် သဘောတူညီချက်ကိုတဖက်သတ်ချိုးဖောက်ပြီး စစ်ပွဲများဆင်နွှဲလာပါက လူ့အသက်များစွာစတေးရနိုင်တယ် အဲ့တာတွေကို အထက်ပုဂ္ဂိုလ်တွေကမဖြစ်စေချင်ဘူး"
"ငါတို့လူသားမျိုးနွယ်တွေက ဒီအခြေအနေထိရောက်အောင် သွေးတွေချွေးတွေပေးဆပ်ထားရတာ လွယ်လွယ်နဲ့အပျက်စီးမခံနိုင်ဘူး"
နယ်မြေတစ်၏ခေါင်းဆောင်မှာ သေချာတင်ပြပြောဆိုနေပြီး အခြားသူများ၏အမူအရာကိုတချက်ကြည့်ပြီးနောက်မေးလိုက်လေသည်။
"ကဲငါ့ကိုပြောစမ်းပါ အဲ့လူထူဆန်းပညာရှင်ကဘယ်သူလဲ"
သူတို့အားလုံးတယောက်နှင့်တယောက်ကြည့်လိုက်ကြပြီး ဘယ်သူလဲဆိုတာ အဖြေမထုတ်နိုင်ကြပေ။
ကျူးဇောင်၏စိတ်ထဲထိုသူကဥက္ကဌကျိုးများဖြစ်နေမလားဆိုသည့်အတွေးတချက်၀င်လာခဲ့လေသည်။
ဥက္ကဌကျိုး၏တိုက်ခိုက်ရေးစွမ်းရည်မှာအလွန်ထက်မြက်ပြီး သူ့အနေဖြင့်ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်အနည်းငယ်ကိုတော့ အခက်အခဲမရှိသတ်နိုင်လေသည်။
တကယ်လို့သူသာဖြစ်နေပါက အခြေအနေတွေကပိုမိုခက်ခဲလာနိုင်လေသည်။ လူသားမျိုးနွယ်ဘက်ဥက္ကဌကျိုးအားမူလကျောက်စာကိုကျင့်ကြံသည့်အတွက် ဖမ်း၀ရမ်းထုတ်ထားခဲ့လေသည်။သူယခုလိုဆက်လုပ်နေပါက လူသားတို့နှင့်မျိုးနွယ်ခြားတို့၏မျှခြေကိုထိခိုက်လာနိုင်လေသည်။
ကျူးဇောင်တွေးနေစဉ်မှာပဲ အခြားသူများကလည်းထိုကဲ့သို့တွေးလာလေသည်။
" ဒီအချိန်မှာ ကောင်းကင်ဘုံအဆင့်တ၀က်သားရဲတွေကိုခြေရာလက်ရာမကျန်အောင်သတ်နိုင်တဲ့သူက ဥက္ကဌကျိုးပဲရှိတယ်"
အခြားလူများကထိုစကားကိုကြားသောအခါသူတို့၏အမူအရာများအကျည်းတန်သွားလေသည်။
"တကယ်လို့ဥက္ကဌကျိုးသာဆိုရင်အခြေအနေတွေကတကယ်ဆိုးရွားနေပြီဘဲ သူဒါကိုရည်ရွယ်ချက်ရှိရှိလုပ်နေတာဖြစ်ရမယ်။ သူကလူသားတွေနဲ့ မျိုးနွယ်ခြားတွေကြားတိုက်ပွဲဖြစ်အောင်လှုံ့ဆော်နေတာပဲ။ ဒီနည်းကလည်း သိုင်းပညာရှင်တွေအားလုံးကိုရှင်းပစ်ချင်တဲ့ သူ့ရည်ရွယ်ချက်အတွက်ခြေလှမ်းတခုပဲ"
တယောက်ယောက်က စိစစ်ပြလိုက်လေသည်။ ထိုစကားကြောင့် ကျူးဇောင်၏အမူအရာမှာပြောင်းလဲသွားလေသည်။
ဒါကတကယ့်ကိုကြီးမားတဲ့စွပ်စွဲချက်တခုဖြစ်လေသည်။ တကယ်လို့ဥက္ကဌကျိုးတွင်ထိုကဲ့သို့ရည်ရွယ်ချက်ရှိပါက လူသားမျိုးနွယ်အတွက်ကပ်ဘေးကြီးတခုဖြစ်လေသည်။
"ငါသိနေခဲ့တယ် မူလကျောက်စာကိုကျင့်တဲ့လူတိုင်းက လူကောင်းတွေမဟုတ်ဘူးပဲ မင်းတို့အခုမြင်ပြီမှတ်လား။ ဒီလူကလူသားတွေနဲ့ မျိုးနွယ်ခြားတွေကြားမျှခြေကိုဖျက်ဖို့ကြိုးစားနေတာပဲ တကယ်လို့မျှခြေသာပျက်သွားပါက ငါတို့လူသားတွေအတွက်ကြီးမားတဲ့ကပ်ဘေးကြီးကျရောက်လာလိမ့်မယ်"
"ဟုတ်တယ် ငါတို့ဥက္ကဌကျိုးကို ကမ္ဘာ့အလိုအရှိဆုံးစာရင်းထဲထည့်ပြီးချက်ချင်းဖမ်းရမယ် မူလအဆင့်ဖြစ်စေ ဆရာသခင်အဆင့်ဖြစ်စေ နောက်ဆုံးကောင်းကင်ဘုံအဆင့်ဖြစ်စေ အားလုံးကိုဥက္ကဌကျိုးကိုတွေ့တဲ့နေရာမှာ ချက်ချင်းဖမ်းဖို့အမိန့်ပေးလိုက် ငါတို့လျှို့ဝှက်ပြီးလုပ်မနေတော့ဘူး"
သူတို့၏ဆုံးဖြတ်ချက်မှာပြတ်သားလှပေသည်။ လူသားမျိုးနွယ်၏အကျိုးအတွက်လုပ်သင့်သောအရာလည်းဖြစ်နေလေသည်။
ဒါ့အပြင်ဥက္ကဌကျိုး၏လုပ်ဆောင်ချက်များကလည်း လူအချို့ကို စိတ်မကျေနပ်ဖြစ်စေပြီး ကြောက်ရွံ့စေလေသည်။
ပြီးခဲ့သောတကြိမ်တွင်မူလကျောက်စာအားကျင့်ကြံခဲ့သူမှာ ကမ္ဘာကြီးတခုလုံးအားဖျက်ဆီးလုနီးပါးဖြစ်ခဲ့လေသည်။ ဒါ့ကြောင့်ဒီတကြိမ်တွင်မူလကျောက်စာအားကျင့်ကြံသည့်မည်သူ့ကိုမဆိုသူတို့အလွတ်ပေးတော့မည်မဟုတ်ချေ။
" ဒီလိုဖြစ်လာမှတော့ ဆုကြေးကိုအမြင့်ဆုံးထုတ်လိုက်ပြီး အမှောင်ညအဖွဲ့ကိုလည်း ဥက္ကဌကျိုးကိုဖမ်းဖို့စုစည်းထားတော့"
နယ်မြေတစ်၏ခေါင်းဆောင်မှာ သက်ပြင်းချပြီး အမိန့်ချမှတ်လိုက်လေသည်။ ထိုစကားကြောင့်ကျူးဇောင်၏အမူအရာမှာပျက်ယွင်းသွားပြီး ဥက္ကဌကျိုးတော့လမ်းဆုံးရောက်ပြီလို့တွေးလိုက်မိလေသည်။
အမှောင်ညအဖွဲ့မှာ မဟာမိတ်အဖွဲ့အစည်းကြီး၏အားအကောင်းဆုံးတိုက်ခိုက်ရေးအဖွဲ့ဖြစ်ပြီး မည်သူ့ရန်သူကိုမဆိုသတ်နိုင်သည့်လက်နက်လည်းဖြစ်လေသည်။
ထိုအဖွဲ့တွက်ပါ၀င်သူများ၏ကိုယ်ရေးအချက် အလက်များကိုမည်သူမှမသိအောင်ပိတ်ပင်ထားပြီး အဖွဲ့၀င်ဘယ်နှယောက်ရှိပြီး ဘယ်လောက်စွမ်းအားကြီးကြောင်းကိုလည်းမည်သူမှမရှိကြပေ။
သို့သော်လည်း ကျူးဇောင်ကအဖြစ်အပျက်တခုအားသိလေသည်။ တခါတုန်းက မိသားစုကြီးတခု၏အသန်မာဆုံးသိုင်းပညာရှင်တယောက်မှာ အဌမကောင်းကင်ဘုံပညာရှင်အဆင့်ထိရောက်အောင်ကျင့်ကြံနိုင်ခဲ့ပြီး အထွတ်အထိပ်ရောက်လုနီးပါးဖြစ်ခဲ့သည်။
ဒါပေမဲ့ထိုသူသည် မျိုးနွယ်ခြားများနှင့်ပူးပေါင်းဆောင်ရွက်နေသည်ကို မဟာမိတ်အဖွဲ့အစည်းဘက်မှသိရှိသွားပြီး အမှောင်ညအဖွဲ့အား စတင်ပေါ်ပေါက်လာစေခဲ့သည်။
အမှောင်ညအဖွဲ့အတွက်ပထမဆုံးဖွဲ့စည်းခြင်းဖြစ်သော်လည်း ထိုပညာရှင်အား ခေါင်းနှင့်ကိုယ် အိုးစားကွဲစေရန် အချိန်တရက်သာကြာခဲ့လေသည်။ ထို့နောက် သူ့မိသားစုတခုလုံးမှာ ကမ္ဘာပေါ်၌မတည်ရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားရလေသည်။
အမှောင်ညအဖွဲ့မှာ သေခြင်းတရားကိုကိုယ်စားပြုလေသည်။ သူတို့အနေဖြင့် ဥက္ကဌကျိုးအားသတ်မိန့်ပေးလိုက်ပါက ဥက္ကဌကျိုးအနေဖြင့် အသက်ရှင်နိုင်မည့်အလားအလာမရှိပေ။
ကျူးဇောင်တခုခုပြောချင်သော်လည်းအခွင့်မသာပေ။အခြားခေါင်းဆောင်၆ယောက်လုံးမှာ သဘော ထားတခုတည်းဖြစ်နေလေသည်။သူ့အနေဖြင့်ဥက္ကဌကျိုးအန္တရာယ်ကင်းဖို့ကိုပဲမျှော်လင့်ရတော့မည်ဖြစ်သည်။
ထိုသတင်းအားထုတ်လွှတ်လိုက်သည့်အချိန်မှာပဲ လူသားမျိုးနွယ်ရှိပညာရှင်များအားလုံးအံ့အားသင့်သွားကြလေသည်။ အထူးသဖြင့်ဥက္ကဌကျိုးနှင့်ယှဉ်တွဲတိုက်ခိုက်ဖူးသည့်ပညာရှင်များမှာ အဆိုးဆုံးဖြစ်လေသည်။
အထက်ပုဂ္ဂိုလ်များက အဘယ့်ကြောင့် ဥက္ကဌကျိုးအားဖမ်းချင်နေမှန်းသူတို့နားမလည်ကြပေ။ထိုသတင်းသည်ရှုလင်တို့ လေ့ကျင့်ရေးစခန်းအထိရောက်ရှိလာလေသည်။
ထိုသတင်းကိုကြားလိုက်ရချိန်တွင်သူတို့အားလုံးမှင်တက်သွားပြီး မယုံကြည်နိုင်ဖြစ်သွားကြလေသည်။
....................................................................................
အခန်း (၃၉၃) ပြီးပါပြီ။