← Chapters

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀) : ပထမအကြိမ်ထိပ်တိုက်တွေ့ဆုံခြင်း

ကျိုးဟောင်၏သုံးသပ်ချက်မှာအလွန်နှံ့စပ်လှပေသည်။ တစ်ဖွဲ့လုံးကျိုးဟောင်ပြောချင်သည့်သဘောအားနားလည်ကြပေသည်။ တစ်ချိန်တည်းမှာပင်အားလုံးမှာကျိုးဟောင်သည်တကယ်ဉာဏ်ကောင်းကြောင်းတွေးမိကာ အတော်လေးအံ့ဩသွားခဲ့ကြသည်။

"ကျိုးဟောင်မင်းကအရမ်းဉာဏ်ကောင်းတာပဲ မင်းသာရှိရင်ငါတို့စိတ်ချနေလို့ရတယ်"

ယွမ်ချန်းမှာကျိုးဟောင်၏စကားအားကြားသောအခါရယ်မောကာပြောလာခဲ့သည်။

ရှုလင်မှာစကားတစ်ခွန်းမှမဆိုသော်ငြား သူမကျိုးဟောင်အားကြည့်သောအကြည့်သည် အထင်ကြီးလေးစားမှုများဖြင့်ပြည့်နေသည်မှာသိသာလှပေသည်။

ကျိုးဟောင်မှာပြုံးရုံသာပြုံးလိုက်သည်။ သို့သော်ထိုအချိန်မှာပင် ကျိုးဟောင်မှာမျက်မှောင်ကြုတ်ကာအပြင်အားကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ပိုင်ရှင်တွေပြန်လာကြပြီ"

သူ့စကားဆုံးသည်နှင့် အခန်းထဲရှိအခြား ၅ယောက်၏အမူအရာမှာအနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တစ်ရာမြို့စစ်သေနာပတိချုပ်အိမ်တော်၏အပြင်ဘက်သို့ဆင်းသက်လာသောစွမ်းအားကြီးအငွေ့အသက်အားခံစားလိုက်ရပေသည်။

ဤအငွေ့အသက်မှာ မူလအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး အားအနည်းဆုံးမှာပထမမြောက်မူလအဆင့်ဖြစ်ပြီး အသန်မာဆုံးမှာတတိယမြောက်မူလအဆင့်ဖြစ်သည်။ ထိုကဲ့သို့သောအဆင့်ရှိသည့်ပညာရှင်အားထိပ်တန်းအဆင့်ပညာရှင်တစ်ယောက်ဟုသတ်မှတ်နိုင်ပေသည်။

သို့သော်ကျိုးဟောင်၏မျက်လုံးထဲတွင် ဤမျှလောက်စွမ်းအားမှာအမှိုက်သာသာ သာဖြစ်ပြီးဘာမှမဟုတ်ပေ။

"အားကြီးလိုက်တဲ့ကျင့်ကြံရေးစွမ်းအား ထင်ထားတဲ့အတိုင်းပဲ မူလအဆင့်ပညာရှင်တွေကတကယ်ကိုမတူဘူး"

ကျန်းယိ၏မျက်လုံးများမှာလေးနက်‌နေပြီး ထိုအငွေ့အသက်ကြောင့်အံ့ဩလည်းနေပေသည်။

"သူတို့ဒီလိုလုပ်တာက ငါတို့ကမဟာဆရာသခင်အဆင့်ပဲရှိပြီးသူတို့ကမူလအဆင့်ရောက်နေပြီဆိုတာကိုပြချင်လို့ပဲ"

"စိတ်ဝင်စားစရာပဲ အပြင်ထွက်ပြီးသူတို့နဲ့သွားတွေ့ကြတာပေါ့"

ကျိုးဟောင်မှာဂရုမစိုက်ဟန်ဖြင့်ပြုံးကာ အရင်လမ်းလျှောက်ထွက်သွားခဲ့ပြီး ကျန်သည့် ၅ယောက်မှာလည်းနောက်မှအလျင်အမြန်လိုက်ပါလာခဲ့ကြသည်။

အပြင်ထွက်လာသည်နှင့် ကောင်းကင်ပေါ်မှဆင်းလာသောပုံရိပ် ၃ခုအားမြင်လိုက်ရပေသည်။ ကျိုးဟောင်မှာထို ၃ယောက်အားကြည့်လိုက်ပြီးနောက် သူ့အကြည့်မှာမိစ္ဆာမျိုးနွယ်အမျိုးသားထံတွင်ရပ်တန့်သွားခဲ့သည်။

ထိုလူသည်တကယ်ပင်ချောမောလှသည်။ သူ၏‌ဖြူဖွေးသောအသားအရည်မှာ မိန်းကလေးများပင်အားကျရလောက်ပေသည်။ သို့သော်သူ၏ရှည်လျားသောနားရွက်များမှာ မျိုးနွယ်ခြားတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေပေသည်။

ထို့အပြင်သူသည်မိစ္ဆာမျိုးနွယ်မှပညာရှင်တစ်ယောက်လည်းဖြစ်သည်။

ကျိုးဟောင်မှာမိစ္ဆာမျိုးနွယ်နှင့်အကျွမ်းတဝင်မရှိပေ။ အခြားလူများသည်လည်း မိစ္ဆာမျိုးနွယ်များအားယခင်ကတစ်ခါမှမမြင်ဖူးသော်ငြား ကြည့်ရုံဖြင့်သိပေသည်။

ထို့ကြောင့်မိစ္ဆာမျိုးနွယ်၏မူလအဆင့်ပညာရှင်အားတွေ့လိုက်ရသော်လည်း အလွန်အံ့ဩမနေကြပေ။

စစ်သေနာပတိချုပ် ၃ယောက်သည်လည်းကျိုးဟောင်တို့အဖွဲ့အားအကဲဖြတ်နေကြပေသည်။ အားလုံးမှာမဟာဆရာသခင်များဖြစ်ကြသည်ကိုမြင်လိုက်ရသောအခါ သူတို့သည်လုံးဝစိတ်ပူမနေတော့ပေ။ မည်သို့ပင်ဖြစ်စေ သူတိူ့၏အစွမ်းဖြင့်ဆိုပါက မဟာဆရာသခင့်အဆင့်သာရှိသူအား လက်ဝါးတစ်ချက်တည်းဖြင့်သတ်ပစ်နိုင်ပေသည်။

"စစ်သေနာပတိချုပ် နောက်ဆုံးတော့ပြန်ရောက်လာကြပြီပဲ သူတို့....သူတို့စစ်သေနာပတိချုပ်အိမ်တော်ကိုကျူးကျော်ပြီးတော့....ကျွန်တော့်ကိုတောင်ဒဏ်ရာရစေခဲ့ပါတယ် စစ်သေနာပတိချုပ် ကျေးဇူးပြုပြီးကျွန်တော့်အတွက်လက်စားချေပေးပါ"

ကိုယ်ရံတော်ချန်မှာ သူ၏အထက်လူကြီးပြန်လာသည်ကိုမြင်သောအခါ ချက်ချင်းပင်တိုင်တန်းလိုက်သည်။

ကျိုးဟောင်မှာဂရုမစိုက်ဟန်ဖြင့်ပြုံးကာ ချက်ချင်းပင်စကားပြောလာသည်။

"ခင်‌ဗျားတို့ကတစ်ရာမြို့ရဲ့စစ်သေနာပတိချုပ် ၃ယောက်ဖြစ်ရမယ် စစ်သေနာပတိချုပ် ယင်ဖုန်း၊ ဒုစစ်သေနာပတိချုပ် ဟွားမန်လော့နဲ့ တတိယစစ်သေနာပတိချုပ်ထူရှန်း ဟုတ်တယ်မလား"

ကျိုးဟောင်တို့အဖွဲ့မှာဤနေရာကိုမလာခင်ကတည်းက တစ်ဖက်၏အချက်အလက်များအားစုံစမ်းခဲ့ပြီးသားဖြစ်သည်။ အချက်အလက်များမှာအသေးစိတ်မကျသော်ငြား နာမည်နှင့်သက်ဆိုင်ရာခွန်အားကဲ့သို့သော အခြေခံအချက်အလက်များတော့ပါဝင်ပေသည်။

"ဟုတ်ပါတယ် မင်းတို့ကအစိမ်းရောင်တိမ်တိုက်ဌာနရဲ့ အဆင့်မြင့်အဖွဲ့၇ရဲ့ အဖွဲ့ဝင်တွေဖြစ်ရမယ် ထင်ထားတဲ့အတိုင်းပါပဲအားလုံးကသတ္တိရှိကြပြီးသာမန်ထက်ထူးခြားကြတာပဲ"

စစ်သေနာပတိချုပ်ယင်ဖုန်းမှပြုံးကာပြောလိုက်သည်။

ဒုစစ်သေနာပတိချုပ် ဟွားမန်လော့မှာလည်းဆွဲဆောင်မှုရှိသောအသံဖြင့်ပြောလာခဲ့သည်။

"အားလုံးပဲ တကယ်တောင်းပန်ပါတယ် ပြဿနာရှာနေတဲ့သန္ဓေပြောင်းသားရဲတွေကိုသွားသတ်နေရတာနဲ့အိမ်မှာမရှိဘူးဖြစ်သွားတယ် ဒါကတကယ်ကျုပ်တို့အမှားပါဘာပဲဖြစ်ဖြစ်မင်းတို့အဖွဲ့ရောက်လာပြီဆိုတော့ ကျုပ်တို့လည်းစိတ်ချလို့ရပါပြီ ထုံးတမ်းအစဉ်အလာတွေကိုတော့အရမ်းဂရုစိုက်နေစရာမလိုပါဘူး ကျုပ်တို့လက်ခံလိုက်ပြီဆိုမှတော့ မင်းတို့တွေတရားဝင်လွှဲပြောင်းယူလို့ရပါပြီ ကျုပ်တို့ ၃ယောက်လည်းနည်းနည်းစိတ်အေးနိုင်တာပေါ့"

ထိုစကားအားကြားသောအခါကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။

"ကျေးဇူးပါပဲ ဒါပေမဲ့ခင်ဗျားတို့စစ်သေနာပတိချုပ်တွေဖြစ်လာဖို့မလွယ်ကူခဲ့မှာကိုတော့စိုးရိမ်မိတယ် ကျွန်တော်တို့ကအခုမှအသစ်ရောက်လာတဲ့လူတွေဆိုတော့ဘာမှမသိဘူး ခင်ဗျားတို့ကိုအားကိုးရဦးမှာပဲ"

"ကျွန်တော်တို့အားလုံးကအစိမ်းရောင်တိမ်တိုက်ဌာနကဆိုတော့ တစ်ဖက်တည်းကလို့ပြောလို့ရပါတယ် ဒီတော့ခင်ဗျားတို့ကိုဖိအားပေးဖို့စစ်သေနာပတိချုပ်ဆိုတဲ့ရာထူးကိုသုံးမှာမဟုတ်တဲ့အတွက် ဒီကိစ္စကိုစိတ်မပူပါနဲ့ ကျွန်တော်တို့အဖွဲ့ကအမြဲတမ်းအေးဆေးပဲနေကြတာပါ"

ကျိုးဟောင်မှာစကားပြောရင်း ရှုလင်နှင့်ကျန်လူများအားကြည့်ကာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"စစ်သေနာပတိချုပ်တို့ကကြိုးစားခဲ့ရတာကို ကျွန်တော်တို့အဖွဲ့ရောက်လာတာပြီးဒီနေရာကိုယူလိုက်တာကတကယ်ကို အကျိုးအကြောင်းမသင့်ဘူး ဒီလိုဆိုရင်ရော ကျွန်တော်တို့ ၆ယောက်ကအဓိကစစ်သေနာပတိချုပ်လုပ်ပြီး ခင်ဗျားတို့ ၃ယောက်က လက်ထောက်စစ်သေနာပတိချုပ်လုပ်ရင်ရော ကျွန်တော်တို့တစ်ရာမြို့ကိုအကူအညီပေးဖို့ အတူပူးပေါင်းလုပ်ဆောင်ကြရဦးမှာပဲကို"

ကျိုးဟောင်မှာကျန်ရှိနေသောလူအားလုံးအတွက် အလျင်အမြန်ပင်ဆုံးဖြတ်ချက်တစ်ခုချပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူသည်တစ်ဖက်အားစိတ်အေးလက်အေးဖြင့် အလုပ်မလုပ်တော့မည့်အဖြစ်မျိုးမလိုချင်ပေ။ ထို့အပြင်သူသည် တစ်ဖက်အားအခွင့်အရေးပေးသည့်သဘောမျိုးသက်ရောက်အောင်လုပ်ခြင်းဖြစ်သည်။

ဤလက်ထောက်စစ်သေနာပတိချုပ်ရာထူးသည်မနိမ့်သော်ငြား ကျိုးဟောင်၏ဆိုလိုရင်းမှာအလွန်ရှင်းပေသည်။ အနာဂတ်တွင် သူတို့၆ယောက်မှာခေါင်းဆောင်ဖြစ်ပြီး တစ်ဖက်မှ ၃ယောက်မှာလက်အောက်ငယ်သားများဖြစ်ရမည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။

မုတ်ဆိတ်နှင့်လူမှာကျိုးဟောင်၏ဆိုလိုရင်းအားနားမလည်သော်ငြား ယင်ဖုန်းနှင့်ဟွားမန်လော့တို့မှာတော့နားလည်ကြပေသည်။

ထိုစကားအားကြားသောအခါယင်ဖုန်း၏အမူအရာမှာ အလွန်အမင်းပျက်ယွင်းသွားခဲ့သည်။ သူစကားပြောတော့မည့်အချိန်မှာပင် ဟွားမန်လော့မှပြုံးကာပြောလာခဲ့သည်။

"ဟဟဒါဆို ကျုပ်တို့ကစစ်သေနာပတိချုပ်ကျိုးဟောင်ရဲ့ညွှန်ကြားချက်ကိုလိုက်နာပြီး ပြောတဲ့အတိုင်းလုပ်ပါ့မယ်"

ဟွားမန်လော့၏စကားများမှာ ယင်ဖုန်း၏အမူအရာအားပျက်ယွင်းသွားစေခဲ့သည်။ သို့သော်သူ၏ဒုတိယညီထံတွင်အကြံများစွာရှိကြောင်းကိုလည်းသူသိပေသည်။ ဤသို့ပြောရခြင်းသည် ဟွားမန်လော့ထံတွင်အစီအစဉ်တစ်ခုခုရှိထားနှင့်၍သာဖြစ်နိုင်ပေသည်။

"စစ်သေနာပတိချုပ်ကျိုး ကျုပ်တို့ရဲ့ကိုယ်ရံတော်ကိုလွှတ်ပေးလို့ရမလား သူလည်းအပြစ်ပေးခံပြီးပြီပဲ ကျုပ်တို့မျက်နှာကိုထောက်ပြီးဒီကိစ္စကိုကျော်သွားပေးလိုက်ပါ မကောင်းဘူးလား"

ကျိုးဟောင်မှာအစောကတည်းကစိတ်ထဲမထားပေရာ ခေါင်းညိတ်ပြလိုက်သည်။

"ရတာပေါ့"

သူ့စကားဆုံးသည်နှင့်ယင်ဖုန်းမှာ စစ်သေနာပတိချုပ်အိမ်တော်ရှိသိုင်းပညာရှင်အားလုံးအားကြည့်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"မင်းတို့အားလုံး လက်ထောက်စစ်သေနာပတိချုပ်အိမ်တော်ကို တတ်နိုင်သမျှအမြန်ဆုံးဆောက်ကြ နားလည်ကြလား"

ဤသိုင်းပညာရှင်အုပ်စုမှာ ယင်ဖုန်း၏ဆန္ဒအားမလွန်‌ဆန်ဝံ့ပေရာ စစ်သေနာပတိချုပ်အိမ်တော်မှ အလျင်အမြန်ပင်ထွက်သွားကြသည်။

ကျိုးဟောင်မှာဤမြင်ကွင်းအားမြင်သောအခါ စိတ်ထဲမှသရော်ပြုံးပြုံးလိုက်သည်။ ဤယင်ဖုန်းမှာတကယ်တစ်ခုခုပင်။ သူသည်စကားတစ်ခွန်းဖြင့်ဤနေရာရှိသိုင်းပညာရှင်အားလုံးအား ရှင်းပစ်လိုက်ပြီဖြစ်သည်။

"စစ်သေနာပတိချုပ်ကျိုး ကြည့် ကျုပ်တို့လက်ထောက်စစ်သေနာပတိချုပ်အိမ်တော်တည်ဆောက်နေတာ လူအင်အားမလောက်ဘူးဖြစ်နေတယ် ဒီလူတွေကိုခိုင်းတာမငြင်းပယ်ဘူးမဟုတ်လား"

ထိုအချိန်တွင်ဟွားမန်လော့မှပြုံးကာပြောလာသည်။

"သေချာတာပေါ့ ဆောက်လုပ်ရေးအတွက်သူတို့အကူအညီလိုတယ်ဆိုမှတော့ခေါ်သွားပါ"

ကျိုးဟောင်မှာပြုံးနေပြီးလုံးဝဂရုမစိုက်ပေ။ ဤလူများသည်အစကတည်းကသူတို့နှင့်တစ်ဖက်တည်းမဟုတ်ပေ။ ဤနေရာတွင်ရှိနေလည်းအသုံးမဝင်ပေ။ သူတို့ထွက်သွားလျှင်လည်းစိတ်ထဲမထားပေ။

ထို့အပြင်သူတို့သည်လက်ထောက်စစ်သေနာပတိချုပ်များဖြစ်ပြီး သူသည်အဓိကစစ်သေနာပတိချုပ်ဖြစ်သည်။ လက်ထောက်စစ်သေနာပတိချုပ်များအားအမိန့်ပေးနိုင်သရွေ့ ထိုသိုင်းပညာရှင်များကိုလည်းအမိန့်ပေးနိုင်ပေသည်။ မဟုတ်ပါက ကျိုးဟောင်မှတိုက်ရိုက်အမိန့်ပေးလိုက်ပါက ထိုသိုင်းပညာရှင်များမှာလက်ခံမည်မဟုတ်ပေ။

ကျိုးဟောင်၏တုံ့ပြန်ပုံအားမြင်ပြီးနောက် ယင်ဖုန်းနှင့်အခြား ၂ယောက်မှာပြုံးကာထွက်သွားသည်။

တစ်ခဏအတွင်း စစ်သေနာပတိချုပ်အိမ်တော်တွင် ကျိုးဟောင်တို့၆ယောက်သာကျန်တော့သည်။

"သူတို့ကအားလုံးကိုခေါ်သွားတာ ဒါဘာသဘောလဲ သူသိုင်းပညာရှင်‌တွေကိုသူတို့ပဲခေါ်ထားချင်တယ်ဆိုတဲ့သဘောလား"

ယွမ်ချန်းမှဒေါသတကြီးပြောလိုက်သည်။

ကျိုးဟောင်မှာအေးဆေးပင်ပြန်ပြောလာခဲ့သည်။

"အသုံးမကျတဲ့လူတစ်စုကိုဒီမှာထားတော့ဘာအသုံးဝင်မှာလဲ အဲဒီလူတွေကိုခေါ်သွားချင်တယ်ဆိုရင်လည်းခေါ်သွားပါစေ"

...................................................................................

အခန်း(၄၀၀) ပြီးပါပြီ။

အခန်း (၄၀၁) : အရှက်ခွဲခြင်း

သိုင်းပညာရှင်များမှာအဆောက်အဦးများအားအလွန်လျင်မြန်စွာတည်ဆောက်နေကြပေသည်။ တစ်နေ့လည်ခင်းတည်းဖြင့် မျက်နှာချင်းဆိုင်ဘက်တွင်ကြီးမားသောအဆောက်အဦးတစ်ခု ပေါ်လာခဲ့ပေသည်။

ထို့အပြင်ထိုအဆောက်အဦးမှာ စစ်သေနာပတိချုပ်အိမ်တော်ထက်ပို၍မြင့်မားကာကြီးမားလှပေသည်။

အကယ်၍တစ်ယောက်ယောက်သာ သေချာမသိဘဲအပေါ်ယံကြည့်ပါက အဆောက်အဦးအသစ်အား စစ်သေနာပတိချုပ်အိမ်တော်ဟုသာထင်ကြမည်ဖြစ်သည်။ တစ်ဖက်တွင် ကျိုးဟောင်တို့အဖွဲ့နေသောနေရာမှာလက်အောက်ငယ်သားများနေသောနေရာနှင့်တူနေပေသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကျန်းယိနှင့်ကျန်လူများမှာသိပ်ပြီးအလိုမကျကြပေ။ အကြောင်းမှာတစ်ဖက်အဆောက်အဦးမှာပိုကောင်းနေ၍မဟုတ်ဘဲ သူတို့အားပေါ်တင်အရှက်ခွဲခြင်းကြောင့်သာဖြစ်သည်။

ကျိုးဟောင်မှာမူ သူတို့ဘာလုပ်လုပ်ကိစ္စမရှိသည့်ပုံဖြင့်လုံးဝဂရုမစိုက်ပေ။

ညနေပိုင်းတွင်ကိုယ်ရံတော်ချန်မှာ ထပ်မံရောက်ရှိလာခဲ့သည်။ သူသည်ယခုတစ်ကြိမ်တွင်ဘဝင်မမြင့်တော့သော်ငြား ကျိုးဟောင်တို့အားအထင်သေးနေဆဲဖြစ်ကြောင်းမှာတော့ သိသာနေဆဲပင်။

"လက်ထောက်စစ်သေနာပတိချုပ် ၃ယောက်က စစ်သေနာပတိချုပ်တို့ကိုအဆောက်အဦးသစ်ကိုရှုစားဖို့ဖိတ်ကြားခိုင်းလိုက်ပါတယ် အဲဒီအချိန်ကျရင် အနီရောင်မဟူရာချောက်ရဲ့သခင်ကြီးလည်း လက်ထောက်စစ်သေနာပတိချုပ်တို့ ၃ယောက်ကိုဂုဏ်ပြုဖို့လာမှာပါ ကျေးဇူးပြုပြီးမမေ့မလျော့ကြွရောက်လာခဲ့ကြပါ"

ထိုသို့ပြောပြီးနောက်ကိုယ်ရံတော်ချန်မှာထွက်သွားခဲ့သည်။ ဖိတ်စာအားကြည့်ကာ ယွမ်ချန်းနှင့်ကျန်လူများမှာပို၍ပင်ဒေါသဖြစ်လာခဲ့ကြသည်။

ထိုလူ ၃ယောက်မှာသေချာပေါက်ရည်ရွယ်ချက်ရှိရှိဖြင့် ဤသို့လုပ်ခြင်းဖြစ်သည်။

"ဘာစိတ်ဆိုးစရာပါလို့လဲ ဒါကတကယ်တော့အတော်လေးအဆင်ပြေသွားတာ ဒီလိုဆိုငါတို့လည်း အနီရောင်မဟူရာချောက်ထဲမှာဘယ်လိုမိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေရှိလဲဆိုတာကိုသိနိုင်မယ်"

ကျိုးဟောင်မှာအေး‌ဆေးပင်ပြောလာသည်။

"တကယ်လို့ငါတို့ဒီတိုင်းဆက်သွားနေရင် သေတဲ့အထိအနိုင်ကျင့်ခံရတော့မှာမဟုတ်ဘူးလား"

ယွမ်ချန်းမှမနေနိုင်ဘဲမေးလိုက်သည်။

"ဘာကြောက်စရာရှိလို့လဲ ငါတို့ကအစိမ်းရောင်တိမ်တိုက်ဌာနကပဲကို တကယ်လို့သူတို့ငါတို့ကိုသဘောမကျရင်တောင် ငါတို့နဲ့တွေ့နေရဦးမှာပဲ ပွင့်ပွင့်လင်းလင်းပြောရရင် မကြိုဆိုခံရရင်တောင်သွားရမယ် ဘာပဲဖြစ်ဖြစ် သူတို့ကိုရွံလို့ရမဲ့အခွင့်အရေးကိုဘာလို့လက်လွှတ်ခံရမှာလဲ"

"ပြီးတော့အနီရောင်မဟူရာချောက်က ဒီတစ်ရာမြို့ထက်တောင်ပိုပြီးဖြေရှင်းရခက်သေးတယ် တကယ်လို့ငါတို့အနီရောင်မဟူရာချောက်ထဲကကိစ္စကိုဖြေရှင်းချင်တယ်ဆိုရင် သူတို့ ၃ယောက်ကိုလည်းဖြေရှင်းမှရမယ် အဒါကြောင့် ငါတို့ရန်သူအကြောင်းကောင်းကောင်းသိရအောင် ဒီအခွင့်အရေးကိုလည်းအသုံးချလို့ရတယ်"

ကျိုးဟောင်မှာလုံးဝစိတ်မပူပေ။ ဤလူများအတူပူးပေါင်းလျှင်ပင် သူ့အားနိုင်မည်မဟုတ်ပေ။ အကယ်၍သူသာဆန္ဒရှိပါက သူတို့အားတိတ်တဆိတ်တိုက်ခိုက်နိုင်ပေသည်။ သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်အဆင့်နှင့် ကောင်းကင်ဘုံအဆင့်ခွန်အားဖြင့်ဆိုပါက ဤလူများအားသတ်ရန်မှာအလွန်လွယ်ကူလှပေသည်။

"ကောင်းပြီ ဒါဖြင့်သွားကြည့်ကြတာပေါ့"

သူတို့အဖွဲ့မှာကျိုးဟောင်၏စကားအားကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။

ကျိုးဟောင်တို့အဖွဲ့မှာညဘက်တွင် လက်ထောက်စစ်သေနာပတိချုပ်အိမ်တော်သို့ရောက်ရှိလာခဲ့ပြီး ကိုယ်ရံတော်ချန်ကိုယ်တိုင်လာရောက်ကြိုဆိုလေသည်။

သူတို့၏စွမ်းရည်မှာအတော်မြင့်သည်ဟုဆိုနိုင်ပေသည်။ တစ်နေ့လယ်တည်းဖြင့် ယခုလိုကြီးကျယ်ပြီးအဆင့်မြင့်သောအဆောက်အဦးအားဆောက်လုပ်နိုင်ခဲ့ပေရာ သူတို့ထံတွင်တကယ်ကိုစွမ်းရည်အချို့တော့ရှိပေသည်။

"ဒီမှာထိုင်ရမဲ့ထိုင်ခုံတွေပါ ဒီကိုလာတဲ့ဧည့်သည်အားလုံးကဂုဏ်သရေရှိလူကြီးမင်းတွေကြီးပဲဆိုတော့ သူတို့ကိုလျစ်လျူရှုလို့မရတာကိုနားလည်ပေးပါ ဘာပဲဖြစ်ဖြစ် ဒီတစ်ရာမြို့ကအနီရောင်မဟူရာချောက်ကိုမီဖို့ဆိုတာအဝေးကြီးလိုသေးတယ် လက်ထောက်စစ်သေနာပတိချုပ်တို့ ၃ယောက်က တစ်ရာမြို့ဘေးကင်းလုံခြုံဖို့အတွက် အဆိပ်ရှိမြွေတွေလိုဟန်ဆောင်ခဲ့ရတာ အဲဒါကြောင့်စစ်သေနာပတိချုပ်တို့ကို နည်းနည်းဒုက္ခခံခိုင်းဖို့ပဲတတ်နိုင်တယ်"

ကိုယ်ရံတော်ချန်မှာ ကောင်းကောင်းမွန်မွန်ပြောပြနေသော်လည်း ကျိုးဟောင်တို့အဖွဲ့မှာခန်းမ၏ထောင့်သို့တန်းရောက်သွားခဲ့သည်။ ဤနေရာသည်ခန်းမထဲတွင်အဆိုးဆုံးနေရာဖြစ်သည်ဟုဆိုနိုင်ပေသည်။ ယင်ဖုန်းတို့မှာ ကျိုးဟောင်တို့အဖွဲ့သူတို့ကိုယ်သူတို့အရူးလုပ်ကာစိတ်ဖြေနေသည်ကိုမြင်ချင်နေခြင်းသာဖြစ်သည်။

"ထိုင်ပါ"

ကျိုးဟောင်မှာလုံးဝဂရုမစိုက်ပေ။ ထိုအချိန်တွင်သူတို့ထိုင်ပြီးနောက် အနီရောင်မဟူရာချောက်မှလူများသည်လည်းတစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့သည်။

ယင်ဖုန်းနှင့်အခြား ၂ယောက်သည်လည်းထွက်လာခဲ့ပြီး ထိုလူများအားကြိုဆိုနေ‌ကြပေသည်။

"အမယ်လေး အစွမ်းထက်အဖွဲ့ကစီနီယာချန်းရောက်လာပြီပဲ ထိုင်ပါဦး....."

"လေလံအိမ်တော်ကသူဌေးကျိုးလည်းနောက်ဆုံးတော့ရောက်လာပြီပဲ မြန်မြန်ထိုင်ပါဦး"

"ကြေးစားအဖွဲ့ရဲ့ခေါင်းဆောင်အန်းလည်းရောက်လာပြီပဲ ကျွန်တော်တို့ရဲ့နိမ့်ကျတဲ့ပွဲကိုလာရောက်ပေးတာ တကယ်ဂုဏ်ယူမိပါတယ် ထိုင်ပါဦး"

"ဥက္ကဌစွင်းလည်းလာပြီပဲ

ဟဟ မြန်မြန် မြန်မြန် အထဲကြွပါ အထဲကြွပါ"

သိပ်မကြာမီ အရေးကြီးဧည့်သည်အချို့ရောက်ရှိလာခဲ့သည်။ ကျိုးဟောင်တို့အဖွဲ့မှာ ထိုလူများအားယခင်ကတစ်ခါမှမမြင်ဖူးသော်ငြား သူတို့အားပေးထားသည့်အချက်အလက်များကြောင့်သိနေကြပေသည်။

ဤအစွမ်းထက်အဖွဲ့၏စီနီယာချန်းမှာမူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့အဖွဲ့မှာဇိမ်ခံပစ္စည်းများနှင့်ပြည့်စုံပေသည်။ သူသည်အရောင်းအဝယ်မှန်သမျှအကုန်လုပ်ပြီး လူကုန်ကူးသည့်ကိစ္စများလည်းလုပ်ကိုင်ပေသည်။ စင်စစ်တွင်သူသည် မထင်ထားလောက်သောကျင့်ဝတ်မရှိသည့်စီးပွားရေးလုပ်ငန်းအားလုံးနှင့် ပတ်သက်နေပေသည်။

လေလံအိမ်တော်မှသူဌေးကျိုးသည်လည်းအတူတူပင် စတုတ္ထမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ဆိုသည့်အတိုင်း သူ၏လေလံအိမ်တော်တွင်ရှိသမျှပစ္စည်းအားလုံးအားလေလံတင်ရဲပေသည်။ သန္ဓေပြောင်းသားရဲများမှ သူတို့၏အိပ်ယာနွေးအောင်ကျွန်အနေဖြင့်ဝယ်ယူသည့်သာမန်အမျိုးသမီးများကိုပင် လေလံတင်ပေသည်။ တကယ်ကိုအကြင်နာတရားမရှိသူဟုဆိုနိုင်ပေသည်။

တစ်ဖက်တွင် ကြေးစားအဖွဲ့၏ခေါင်းဆောင်အန်းမှာ အတော်လေးသာမန်ဆန်ပေသည်။ သူသည် အနီရောင်မဟူရာချောက်ပတ်ဝန်းကျင်သို့ဝင်ကာ သန္ဓေပြောင်းသားရဲများအားသတ်ဖြတ်လေ့ရှိပြီး သွေးဆူလွယ်သောလူဟုပြောလို့ရပေသည်။

လက်နက်ကုမ္ပဏီ၏ဥက္ကဌစွင်းသည်လည်း လူကောင်းတစ်ယောက်မဟုတ်ပေ။ ထိုလူသည်လူများအားလုယက်ဓားပြတိုက်ကာသတ်ဖြတ်ပြီး ပြစ်မှုပေါင်းစုံကိုကျူးလွန်နေသူဖြစ်သည်။

ဤနေရာတွင် ကျိုးဟောင်တို့အဖွဲ့မှလွဲလူကောင်းမရှိဟုဆိုနိုင်ပေသည်။

ထို့အပြင်ဤအရာများသည် အနီရောင်မဟူရာချောက်နှင့်တစ်ရာမြို့လက်ရှိအခြေအနေသာဖြစ်သည်။

အစိမ်းရောင်တိမ်တိုက်ဌာနမှာဤနေရာရှိအရှုပ်အထွေးများအားလုံးဝဂရုမစိုက်ပေ။ အကြောင်းမှာ ဤကဲ့သို့ဆိုးဝါးသောလူများအားတစ်စုတစ်စည်းတည်းထားနိုင်မည့်ယခုလိုနေရာတစ်ခုလိုအပ်၍လည်းဖြစ်သည်။ မဟုတ်ဘဲ ဤဆိုးဝါးသောလူများအားလုံးမှာ နေရာအနှံ့ရောက်နေပါက သူတို့ကိုင်တွယ်ရန်လည်းလွယ်ကူမည်မဟုတ်ပေ။

အစိမ်းရောင်တိမ်တိုက်ဌာန ကျိုးဟောင်တို့အဖွဲ့အားဤနေရာသို့လွှတ်ရသည့်အကြောင်းအရင်းမှာ အနီရောင်မဟူရာချောက်အားပြန်သိမ်းယူရန်ဖြစ်သည်။ အကယ်၍မသိမ်းယူနိုင်ခဲ့လျှင်တောင် ကျိုးဟောင်တို့အဖွဲ့လေ့ကျင့်ကာ အတွေ့အကြုံရနိုင်သေးပေသည်။

"ဒီလူတွေကအကုန်လုံးသေချာပေါက်သတ်ရမဲ့လူစာရင်းမှာပါတဲ့လူတွေကြီးပဲ ငါတို့ဒီမှာရှိနေတုန်းသူတို့ကိုမရှင်းပစ်ရင် ငါတို့တာဝန်အောင်မြင်တယ်လို့သတ်မှတ်လို့မရဘူး"

ကျိုးဟောင်မှာထိုလူများအားကြည့်ကာပြောလိုက်သည်။

ကျန်လူများမှာကျိုးဟောင်၏စကားအားသဘောပေါက်စွာ အားလုံးခေါင်းညိတ်လိုက်ကြသည်။

မကြာမီ စားသောက်ပွဲကြီးစတင်ကာ မြင်ကွင်းမှာလည်းရှုပ်ထွေးလာခဲ့သည်။

"ကျုပ်ကြားတာတော့ အစိမ်းရောင်တိမ်တိုက်ဌာနကဒီကိုစစ်သေနာပတိချုပ်တစ်ဖွဲ့လွှတ်လိုက်တယ်ဆို အစ်ကိုယင်သူတို့နဲ့ဘာလို့မိတ်မဆက်ပေးတာလဲ"

ထိုအချိန်တွင်အစွမ်းထက်အဖွဲ့မှစီနီယာချန်းမှပြောလာခဲ့သည်။ ထိုလူသည်လူအဝတ်အစားဝတ်ထားသောသားရဲတစ်ကောင်နှင့်တူပြီး သူ၏အေးစက်သောအကြည့်များမှာကျိုးဟောင်တို့အဖွဲ့ထံရောက်ရှိလာခဲ့သည်။

"ဟုတ်တယ်အစ်ကိုယင် ဒါကနည်းနည်းတော့များတယ်မဟုတ်ဘူးလား သူတို့နဲ့မိတ်ဆက်ပေးသင့်တာပေါ့ ဘယ်လိုပဲဖြစ်ပါစေဦး အစိမ်းရောင်တိမ်တိုက်ဌာနကအစ်ကို့ကိုသတ်ဖို့လူ‌တွေလွှတ်လိုက်မှာမကြောက်ဘူးလား"

စနောက်လိုသောအမူအရာဖြင့် သူဌေးကျိုးမှမေးလိုက်သည်။

ယင်ဖုန်းမှာအနည်းငယ်ပြုံးသွားသော်လည်း ဟွားမန်လော့မှာအလျင်အမြန်ပင်ထရပ်လာခဲ့သည်။

"အမယ်လေး အမယ်လေး ကြည့်စမ်းပါဦး ကျွန်တော်ဒီနေ့အရမ်းပျော်နေတာနဲ့ ဒီကိစ္စကိုမေ့တော့မလို့ လာလာ အားလုံးပဲ မိတ်ဆက်ပေးပါရစေ ဒီဘက်ကကျွန်တော်တို့တစ်ရာမြို့ရဲ့အသစ်ရောက်လာတဲ့စစ်သေနာပတိချုပ်တွေ....သူတို့ရဲ့နာမည်တွေက...နာမည်တွေက...ကျွန်တော်သူတို့နာမည်တွေကိုမမှတ်မိတော့ဘူး တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

ဟွားမန်လော့မှပြုံးရင်းဆိုလိုက်သည်။ သူ့စကားဆုံးသည်နှင့် ကျိုးဟောင်တို့အဖွဲ့၏အမူအရာမှာပိုမိုပျက်ယွင်းသွားခဲ့သည်။ ကျိုးဟောင်တစ်ယောက်သာ အမူအရာမပြောင်းလဲခြင်းဖြစ်သည်။

"တကယ်လို့မမှတ်မိရင်လည်းဒုက္ခခံမနေပါနဲ့ ဒီတိုင်းစစ်သေနာပတိချုပ်တွေလို့ပဲမှတ်ထားလိုက်ပေါ့"

ကျိုးဟောင်မှာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်ပြီး ထိုစကားမှာဟွားမန်လော့နှင့်အခြားလူများအား မျက်မှောင်ကြုတ်သွားစေခဲ့သည်။

ဟွားမန်လော့သည်ထိုစကားအား ကျိုးဟောင်တို့အဖွဲ့အားအရှက်ခွဲရန်ပြောခဲ့ခြင်းဖြစ်သည်။ သို့သော်ဤကောင်စုတ်လေးမှာတကယ်ပင်ယခုလိုအရာမျိုးကိုပြောရဲသည်အထိအရည်ထူမည်ဟု မထင်ထားခဲ့ပေ။

"ဟဟ အစိမ်းရောင်တိမ်တိုက်ဌာနကလူဆိုတဲ့အတိုင်းပဲ တကယ်ကိုသာမန်ထက်ထူးခြားတာပဲ တစ်ရာမြို့ရဲ့စစ်သေနာပတိချုပ်ဖြစ်ဖို့ကမလွယ်ဘူး စစ်သေနာပတိချုပ်တစ်ယောက်လုပ်ဖို့ မင်းမှာဘာအရည်အချင်းတွေများရှိလဲသိပါရစေ"

ထိုအချိန်တွင် လက်နက်ကုမ္ပဏီမှဥက္ကဌစွင်းမှာ လှောင်ပြောင်လိုသောအသံဖြင့်မေးလာခဲ့သည်။

သူ၏စကားလုံးများမှာလူသတ်လိုသောရည်ရွယ်ချက်တို့နှင့်ပြည့်နေပြီး ထိုအချိန်မှာပင်မူလအဆင့်ပညာရှင်တစ်ယောက်၏အငွေ့အသက်လည်းထွက်ပေါ်လာခဲ့သည်။

....................................................................................

အခန်း(၄၀၁) ပြီးပါပြီ။

အခန်း (၄၀၂) : ထူးဆန်းသောအပြုအမူများ

ဥက္ကဌစွင်းမှာ တတိယမြောက်မူလအဆင့်ကျင့်ကြံရေးရှိ‌ပေရာ သူ၏အငွေ့အသက်မှာအလွန်စွမ်းအားကြီးလှသည်။ ထိုစွမ်းအားသည်ကျိုးဟောင်တို့အဖွဲ့အား ချက်ချင်းပင်ဖိနှိပ်လိုက်သည်။

ယခုထုတ်လွှတ်လိုက်သောစွမ်းအားသည် ကျိုးဟောင်တို့အဖွဲ့ခုခံနိုင်သောအရာမျိုးလုံးဝမဟုတ်ပေ။ ယွမ်ချန်းနှင့်အခြားလူများ၏မျက်နှာများမှာချက်ချင်းပင်ဖြူလျော်သွားခဲ့ပြီး ရှုလင်ပင်အခြေအနေသိပ်မကောင်းပေ။

ကျိုးဟောင်မှာမျက်လုံများအားမှေးကျဉ်းကာ ဥက္ကဌစွင်းကိုကြည့်ပြီးပြုံးလိုက်သည်။

"ဥက္ကဌစွင်း ခင်ဗျားရဲ့ကျင့်ကြံရေးအဆင့်ကတကယ်ကိုသာမန်ထက်ထူးခြားတာပဲ ဒီနေ့ခင်ဗျားနဲ့တွေ့ရတာတကယ်လေးစားမိပါတယ် ဒါပေမဲ့စစ်သေနာပတိချုပ်ဆိုတဲ့နေရာက အစိမ်းရောင်တိမ်တိုက်ဌာနကပေးတာ ဒါနဲ့ပတ်သက်ပြီးကျုပ်တို့ဘာမှလုပ်လို့မရဘူး တကယ်လို့ခင်ဗျားလက်မခံနိုင်ရင်အစိမ်းရောင်တိမ်တိုက်ဌာနကိုမေးလိုက်ပါ ကျုပ်တို့ကိုမေးလည်းအလကားပဲ"

ကျိုးဟောင်မှာမေးခွန်းအားရှောင်လိုက်သည်။ သူ၏ရည်ရွယ်ချက်မှာအလွန်ရှင်းပေသည်။ သူတို့၏စစ်သေနာပတိချုပ်ရာထူးသည်အစိမ်းရောင်တိမ်တိုက်ဌာနမှပေးထားခြင်းဖြစ်ကြောင်းအားလုံးကိုပြောလိုခြင်းဖြစ်သည်။ သူတို့လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေဘာမှပြောင်းလဲသွားမည်မဟုတ်ပေ။

ဥက္ကဌစွင်းမှာအစောကတည်းကဤအချက်အားနားလည်သော်လည်း သရော်လိုက်သည်။

"အဲဒါကဟုတ်ပေမဲ့ စစ်သေနာပတိချုပ်ကောင်လေး ဒီအနီရောင်မဟူရာချောက်ကအရမ်းအန္တရာယ်များတယ် မင်းသေချာပေါက်ဂရုစိုက်ရမယ် ငါဒီစကားပြောတာက အစိမ်းရောင်တိမ်တိုက်ဌာနကြောင့် ဒီစိတ်ပျက်စရာကောင်းတဲ့နေရာထဲလူအတော်များများပြုတ်ကျခဲ့တာကိုသိနေလို့ပဲ အဲဒါကြောင့်နောက်ကိုညဘက်လမ်းလျှောက်ရင်သတိထားရမယ်နော် ဘယ်သူသိမှာလဲ တစ်ယောက်ယောက်ခုန်ထွက်လာပြီး မင်းကိုသတ်သွားနိုင်တယ်"

ဥက္ကဌစွင်း၏စကားများမှာအလွန်ခြိမ်းခြောက်သည့်သဘောသက်ရောက်နေပေသည်။ ဥက္ကဌစွင်းဤကဲ့သို့ခြိမ်းခြောက်ရုံလောက်ဖြင့်ရပ်တန့်သွားခဲ့သည်မှာအစိမ်းရောင်တိမ်တိုက်ဌာနကြောင့်ဖြစ်ကြောင်းကိုလည်း ကျိုးဟောင်သိပေသည်။

အကယ်၍အခြားမည်သည့်နေရာမှာမှနေလို့မရပါက ဤဥပဒေမဲ့နေရာကိုလာရန်သာတတ်နိုင်ပေသည်။ လက်ရှိတွင်သူသည်လက်နက်ကုမ္ပဏီ၏ဥက္ကဌတစ်ယောက်ဖြစ်သော်ငြား အစိမ်းရောင်တိမ်တိုက်ဌာနအားအရိုးစွဲအောင်မုန်းနေပေရာ ကျိုးဟောင်တို့အဖွဲ့ကိုလည်းမုန်းတီးပေသည်။

"သတိပေးလို့ကျေးဇူးတင်ပါတယ် ဥက္ကဌစွင်း ခင်ဗျားပေးတဲ့အကြံကိုနားထောင်ပါ့မယ် ဒါပေမဲ့ဥက္ကဌစွင်း ခင်ဗျားလည်းနောက်ကိုဂရုစိုက်ရမယ်နော် တကယ်လို့ရန်မစသင့်တဲ့လူတစ်ယောက်ကိုရန်သွားစလိုက်ရင် မကောင်းတဲ့ကိစ္စတွေဖြစ်လာလိမ့်မယ် ခင်ဗျားသာမရှိရင် ခင်ဗျားရဲ့လက်နက်ကုမ္ပဏီကဝန်ထမ်းတွေဘယ်လိုလုပ်ကြမလဲ"

ကျိုးဟောင်မှာနဂိုကတည်းကမကြောက်ပေရာ ပြန်တုံ့ပြန်လိုက်သည်။

ဥက္ကဌစွင်းမှာခပ်ဟဟသာရယ်နေသော်လည်း စိတ်ထဲတွင်ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။

"အားလုံးပဲအကုန်လုံးက ကျွန်တော်တို့ဧည့်သည်တွေပါ လာ ဒီကိစ္စအကြောင်းမပြောတော့ဘူး ဆက်ပြီးပျော်ကြတာပေါ့"

ဟွားမန်လော့မှပြုံးကာပြောလာခဲ့သည်။

သို့သော်ကျိုးဟောင်မှာခေါင်းယမ်းပြကာ ထရပ်လိုက်သည်။

"ဒီနေ့အားလုံးဒီမှာရှိနေတာဆိုတော့ ကိစ္စတွေကလွယ်တော့မှာပေါ့ စီနီယာချန်း၊ သူဌေးကျိုး၊ ခေါင်းဆောင်အန်း ပြီးတော့....ဥက္ကဌစွင်း ကျုပ်မှာခင်ဗျားတို့ကိုပြောစရာကိစ္စရှိတယ်"

ကျိုးဟောင်၏ရုတ်တရက်အပြုအမူမှာ သူတို့အားလုံးအားကြက်သေသေသွားစေခဲ့ပြီး ရှုလင်တို့ပင်မှင်တက်သွားခဲ့ရသည်။ ကျိုးဟောင်ဘာလုပ်ရန်စီစဉ်နေမှန်း သူမတို့မသိကြပေ။

ထိုအချိန်တွင်ခေါင်းဆောင်အန်းမှမေးလာခဲ့သည်။

"ဘာကိစ္စလဲ ပြောလိုက်ပါ"

ကျိုးဟောင်မှာသူ၏ဆက်သွယ်ရေးချန်နယ်အားဖွင့်ကာ ပုံရိပ်ယောင်သတင်းအချက်အလက်အားဖွင့်ပြီး အခန်းထဲတွင်ပေါ်လာအောင်လုပ်လိုက်သည်။

ဤသတင်းအချက်အလက်တွင် သူတို့ ၄ယောက်၏ပြစ်မှုများပါဝင်ပြီး အယောက်တိုင်းကိုရှင်းလင်းစွာမှတ်တမ်းထင်ထားပေသည်။

"စီနီယာချန်းခင်ဗျားရဲ့အစွမ်းထက်အဖွဲ့ကကမ္ဘာဂြိုဟ်ပေါ်ကလူသားမျိုးနွယ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်ခဲ့တယ် အဲဒီမှာဖွင့်ထားတဲ့လုပ်ငန်းတစ်ချို့ဆို ကမ္ဘာဂြိုဟ်ပေါ်မှာတားမြစ်ထားတာတွေ ခင်‌ဗျားရဲ့စီးပွားရေးကို ၇ရက်အတွင်းပြန်ဖွဲ့စည်းဖို့အမိန့်ပေးတယ် မဟုတ်ရင်ကျုပ်ကိုမယဉ်ကျေးဘူးလို့အပြစ်မတင်နဲ့"

"သူဌေးကျိုးခင်ဗျားရဲ့လေလံအိမ်တော်က တရားမဝင်အကျိုးအမြတ်တွေရှာနေတယ် ခင်‌ဗျားကိုယ်တိုင်တောင်လူကုန်ကူးမှုနဲ့ လုံးဝလေလံမတင်သင့်တဲ့အရာတွေကိုလေလံတင်တဲ့နေရာမှာပါဝင်ပတ်သက်နေတယ် ခင်ဗျားဒီပြစ်မှုအတွက်ထောင်ထဲမှာအနှစ် ၅၀ အပြစ်ကြွေးဆပ်ရမယ်"

"ခေါင်းဆောင်အန်း....ခင်ဗျားရဲ့ကြေးစားအဖွဲ့ကရတနာတွေအတွက်အခြားလူသားသိုင်းပညာရှင်တွေကိုသတ်ခဲ့တယ် ခင်ဗျားလည်းအစစ်ဆေးခံဖို့အစိမ်းရောင်တိမ်တိုက်ဌာနကိုကျုပ်နဲ့ပြန်လိုက်ခဲ့ရမယ်"

"ပြီးတော့ ဥက္ကဌစွင်း ခင်ဗျားရဲလက်နက်ကုမ္ပဏီရဲ့တန်ဖိုးကြီးပစ္စည်းအတော်များများကလူသားမျိုးနွယ်နဲ့ဆိုင်တယ် ခင်ဗျားဒါတွေကိုလက်လွှဲပေးရမယ် မဟုတ်ရင်ခင်ဗျားလည်းထောင်ထဲသွားရမယ်"

ကျိုးဟောင်၏အသံမှာမကျယ်သော်လည်း စကား‌ဆုံးသောအခါအားလုံးမှာထိတ်လန့်သွားခဲ့သည်။

သူတို့အားလုံးဤကိစ္စများအားသိထားပြီးသားဖြစ်သော်လည်း ကျိုးဟောင်မှာနေရာတင်ပင်ထိုပြစ်မှုများအားပြစ်ဒဏ််ချလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။

ဤနေရာသည်ဥပဒေမဲ့နေရာဖြစ်ပေရာ ကျိုးဟောင်မှာစစ်သေနာပတိချုပ်တစ်ယောက်လို သူတို့အားအမိန့်ပေးနိုင်မည်ဟုတကယ်ထင်နေသလားမသိပေ။

အံ့ဩသွားသူမှာထို ၄ယောက်သာမဟုတ်ဘဲ ယင်ဖုန်းတို့၃ယောက်သည်လည်း ကျိုးဟောင်၏စကားများကြောင့်ကြက်သေသေသွားခဲ့ပေသည်။ ဤကောင်စုတ်လေးသည်တကယ်ပင် သေလမ်းရှာနေသည်လော ယခုလိုကိစ္စမျိုးအားမည်သို့သောသတ္တိဖြင့်ပြောဝံ့ပါသနည်း။

ရှုလင်တို့သည်လည်းအတူတူပင် သူတို့၏စိတ်ထဲတွင်ကျိုးဟောင်အကြောင်းသိပြီးသားဖြစ်သော်ငြား မူလအဆင့်ပညာရှင်အများကြီးရှေ့တွင်ယခုလိုအကြောက်အလန့်မရှိရဲတင်းစွာပြောဆိုကာ ထိုလူများအားအပြစ်ပင်ပေးချင်နေလေသည်။

စင်စစ်တွင် ထိုစကားအားကြားပြီးနောက် ပထမဆုံးဒေါသတကြီးတုံ့ပြန်သူမှာ သူဌေးကျိုးသာဖြစ်သည်။ သူသည်ချက်ချင်းပင်ထရပ်လိုက်ပြီး မူလအဆင့်ပညာရှင်တစ်ယောက်၏အငွေ့အသက်အားသုံးလိုက်သည်။

"ကောင်လေး မင်းဘာတွေပြောနေတာလဲ ဒီနေရာကိုအစိမ်းရောင်တိမ်တိုက်ဌာနလို့ထင်နေတာလား ငါမင်းကိကိုသတ်ပစ်လိုက်လို့ရတယ် ယုံလား"

သူ့စကားဆုံးသည်နှင့် စီနီယာချန်း၊ ခေါင်းဆောင်အန်းနှင့် ဥက္ကဌစွင်းတို့သည်လည်းသရော်ပြုံးပြုံးလာခဲ့သည်။ သူတို့၏မူလအဆင့်အငွေ့အသက်များမှာလည်းထွက်ပေါ်လာခဲ့ပြီး ကျိုးဟောင်အားသတ်ဖြတ်လိုသောပုံစံများဖြင့်ပင်ကြည့်နေကြပေသည်။

သို့သော်ချက်ချင်းအေးစက်စွာပြောလာသူမှာ ကျိုးဟောင်ပင်ဖြစ်သည်။

"ဘာလဲ ခင်ဗျားတို့ကအမိန့်ကိုအာခံချင်လို့လား လက်ထောက်စစ်သေနာပတိချုပ်ယင်ဖုန်း၊ လက်ထောက်စစ်သေနာပတိချုပ်ဟွားမန်လော့၊ လက်ထောက်စစ်သေနာပတိချုပ်ထူရှန်း သူတို့ ၄ယောက်ကိုအမြန်ရှင်းပစ်လိုက်"

ကျိုးဟောင်မှာချက်ချင်းပင်အော်ပြောလိုက်သည်။ ဤစကားမှာပို၍ပင်လန့်စရာကောင်းပေသည်။

သူတို့သည်ကျိုးဟောင်ထံ၌ဖုံးကွယ်ထားသောလှည့်ကွက်အချို့ရှိလိမ့်မည်ဟုထင်ထားခဲ့ကြခြင်းဖြစ်သော်လည်း တကယ်တမ်းတွင်ကျိုးဟောင်သည် တစ်လျှောက်လုံးသူတို့ ၃ယောက်အားအားကိုးကာလူမိုက်လုပ်နေခြင်းသာဖြစ်သည်။

"ဟဟ စစ်သေနာပတိချုပ်နောက်နေတာလား ဒါမှမဟုတ်ဦးနှောက်ပဲမရှိတာလား ‌ရယ်ရလို့သေတော့မယ်"

ပထမဆုံးစရယ်လာသူမှာ အစွမ်းထက်အဖွဲ့မှစီနီယာချန်းဖြစ်သည်။ သူ၏မျက်လုံးထဲတွင်လည်း လှောင်ပြောင်လိုဟန်များဖြင့်ပြည့်နေပေသည်။ သူမူလကထင်ခဲ့သည်မှာ ဤကောင်လေးယခုလိုရဲတင်းနေသည်မှာဖုံးကွယ်ထားသောလှည့်ကွက်အချို့ရှိနေ၍သာ ယခုလိုကိစ္စအားပြောရဲသည်ဟုထင်ခဲ့ခြင်းဖြစ်သည်။ သို့သော်သူသည်တိုက်ခိုက်ရန်အတွက် ယင်ဖုန်းတို့အားအားကိုးနေသည့်အရူးဖြစ်မည်ဟုတော့မထင်ထားခဲ့ပေ။

"ဘာတွေရယ်နေတာလဲ လက်ထောက်စစ်သေနာပတိချုပ်ယင်ဖုန်း၊ လက်ထောက်စစ်သေနာပတိချုပ်ဟွားမန်လော့၊ လက်ထောက်စစ်သေနာပတိချုပ်ထူရှန်း ကျုပ်ပြောတာကြားကြလား ကျုပ်တို့ရဲ့ကျင့်ကြံဆင့်ကဒီလူတွေထက်မမြင့်တဲ့အတွက်ဒီလူတွေကိုမသတ်နိုင်ဘူး အဒါကြောင့် ခင်ဗျားတို့ကိုပဲအားကိုးရတော့မယ် အခုနေလှုပ်ရှားဖို့ကခင်ဗျားတို့အတွက်အဆင်မပြေမှန်းသိပါတယ် ကိစ္စမရှိဘူး နောက်မှတိတ်တဆိတ်လှုပ်ရှားလို့ရတယ် ခင်ဗျားတို့ရဲ့ဒီနေ့တာဝန်က...သူဌေးကျိုးကိုအရင်ဖမ်းဖို့ပဲ ကျုပ် သတင်းကောင်းကိုစောင့်နေမယ်"

ကျိုးဟောင်မှာပြောရင်းအချိန်မဖြုန်းတော့ဘဲ ရှုလင်တို့နှင့်ထွက်သွားခဲ့သည်။

ဤမြင်ကွင်းသည်ထိုနေရာတွင်ရှိနေသူအားလုံးအားကြက်သေသေသွားစေခဲ့သည်။ ရှုလင်တို့ပင်ကျိုးဟောင်ဘာလုပ်ရန်ကြိုးစားနေမှန်းမသိဘဲပဟေဠိဖြစ်နေကြပေသည်။

"စိတ်မပူနဲ့ စောင့်ကြည့်ရမဲ့ပြဇာတ်ကောင်းတစ်ခုရှိပြီ ဒီညဒီသူဌေးကျိုးသေချာပေါက်သေလိမ့်မယ်"

ကျိုးဟောင်မှအေး‌ဆေးပင်ပြောလိုက်ပေရာ ရှုလင်တို့မှာပို၍ပင်ရှုပ်ထွေးသွားခဲ့သည်။

ယင်ဖုန်းတို့မှာထိုလူများဘက်မှဖြစ်ပြီး သူတို့ ၆ယောက်ကိုပင်သတ်ချင်နေကြပေရာ ဘာကြောင့်သူဌေးကျိုးနှင့်အခြားလူများအားသတ်မည်နည်း"

သို့သော်ကျိုးဟောင်၏သေချာနေပုံကိုကြည့်ပြီး လက်ရှိအချိန်တွင်သူပြောသည်မှာအတည်ဖြစ်ကြောင်းကိုယုံကြည်ရန်သာတတ်နိုင်ပေသည်။

တစ်ဖက်တွင် လက်ထောက်စစ်သေနာပတိချုပ်များမှာကျိုးဟောင်၏အပြုအမူကြောင့်သဘောကျနေကြပေသည်။

"ကျွန်တော့်ကိုဖမ်းမယ် ဟဟဟဒါကအရမ်းစိတ်ဝင်စားစရာကောင်းတာပဲ အစ်ကိုယင်တကယ်ကြီးကျွန်တော့်ကိုဖမ်းတော့မလို့လား"

သူဌေးကျိုးမှနောက်နောက်ပြောင်ပြောင်ဖြင့်မေးလိုက်သည်။

"ဟဟ ဒါဘယ်လိုဖြစ်နိုင်မှာလဲ ဒီကျိုးဟောင်ဆိုတဲ့ကောင်စုတ်လေးက သေချာပေါက်ရူးနေတာပဲဖြစ်မယ် ကျုပ်တို့ရဲ့ဆက်ဆံရေးနဲ့က ဘယ်လိုလုပ်ပြီးခင်ဗျားကိုတိုက်ခိုက်လို့ရမှာလဲ"

ယင်ဖုန်းတို့သည်လည်း ရယ်မောကာပြောလာခဲ့သည်။

သိပ်မကြာမီ စားသောက်ပွဲမှာအဆုံးသတ်သွားခဲ့သည်။ ကျိုးဟောင်သည်လည်းအလင်းတန်းအဖြစ်ပြောင်းကာ စစ်သေနာပတိချုပ်အိမ်တော်မှပျောက်ကွယ်သွားခဲ့ပြီး သူဌေးကျိုးနှင့်အခြာလူများရှိရာနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

...................................................................................

အခန်း(၄၀၂) ပြီးပါပြီ။

All Chapters