← Chapters

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈) : စွမ်းအားကြီးသောသန္ဓေပြောင်းသားရဲ

အားလုံးမှာထိတ်လန့်သွားခဲ့ကြပြီး ယင်ဖုန်းနှင့်အခြား ၂ယောက်မှာပို၍ပင်ဆိုးလေသည်။ သူတို့သည်ဤသန္ဓေပြောင်းသားရဲနှင့်ခက်ခက်ခဲခဲတိုက်နေချိန်တွင် ကျိုးဟောင်တို့အဖွဲ့မှာ ၎င်းတို့ထဲမှနှစ်ကောင်အားချက်ချင်းသတ်ပြီးပြီဖြစ်သည်။

ဤသည်မှာ မည်ကဲ့သို့သောအယူအဆမျိုးနည်း။

တစ်နည်းဆိုရသော် သူတို့၃ယောက်ပေါင်းလျှင်ပင် ရှုလင်နှင့်ကျိုးဟောင်၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

သူတို့သည် တတိယမြောက်မူလအဆင့်ပညာရှင်များဖြစ်ကြသည်။

ဤနှစ်ယောက်သည် မူလအဆင့်အားရောက်ရှိသည်မှာ သိပ်မကြာသေးပေ။

ဤစွမ်းရည်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်အလွန်မကောင်းဆိုးဝါးဆန်ပေသည်။

စင်စစ်တွင် ဤကဲ့သို့သောစွမ်းရည်မျိုးရှိခြင်းသည် ရှုလင်သည်မိစ္ဆာတစ်ကောင်ဖြစ်နေ၍မဟုတ်ဘဲ သူမ၏ခန္ဓာကိုယ်မှာအထူးခန္ဓာကိုယ်ဖြစ်၍သာဖြစ်သည်။

ရေခဲကြွက်သားခန္ဓာကိုယ်မှာ နှစ်ရာချီလျှင်ပင်တွေ့ရခဲသောအဖိုးတန်ခန္ဓာကိုယ်ဖြစ်ပြီး ပင်ကိုမှာလည်းအလွန်စွမ်းအားကြီးလှပေသည်။

ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်အနေဖြင့် ကျိုးဟောင်သည်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကိုပင်ခုခံနိုင်ပေရာ မူလအဆင့်မျှသာရှိသောပညာရှင်အနည်းငယ်အား အလွယ်တကူသတ်ပစ်နိုင်သည်မှာ မဆန်းပေ။

ကျိုးဟောင်တို့သန္ဓေပြောင်းသားရဲ ၄ကောင်အား ရှင်းပစ်ပြီးနောက် ယင်ဖုန်းတို့အားကူညီလာလေရာ စစ်မြေပြင်မှာချက်ချင်းပင်အဆုံးသတ်သွားခဲ့သည်။ မူလအဆင့်သားရဲ ၇ကောင်မှာအလောင်းများဖြစ်ကာ မြေပြင်ပေါ်တွင်လဲကျသေဆုံးသွားကြပြီဖြစ်သည်။

ကျိုးဟောင်မှာ သူ၏ကံကြမ္မာအမှတ်များအားကြည့်ကာ အလွန်ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ ဤမူလအဆင့်သားရဲများအားသတ်ရာမှရလာသောအမှတ်သည် တကယ်မလုံလောက်ပုံပင်။

အကယ်၍အခြားလူများသာကျိုးဟောင်၏အတွေးအားသိပါက သေချာပေါက်ဒေါသထွက်ကြမည်ဖြစ်သည်။ မူလအဆင့်သားရဲများပင် ကျိုးဟောင်၏သွားပေါက်အားဖြည့်ရန်မလုံလောက်ပေ။ ကျိုးဟောင်တစ်ယောက်တည်းသာဤကဲ့သို့သောစကားမျိုး ပြောနိုင်ခြင်းဖြစ်သည်။

ကျိုးဟောင်မှာ ဤသန္ဓေပြောင်းသားရဲများအားဖြေရှင်းရခြင်းသည် အလွန်ထူးဆန်းနေသလိုခံစားရပေသည်။

ယေဘုယျကျကျပြောရလျှင် အကယ်၍သူတို့သည်ဤနေရာအားတိုက်ခိုက်လိုပါက မူလအဆင့်ပညာရှင်အနည်းငယ်ကိုသာ လွှတ်လိုက်မည်မဟုတ်ပေ။

အကယ်၍သူတို့သာ အနီရောင်မဟူရာချောက်အားသိမ်းပိုက်လိုပါက ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်များကိုလွှတ်လိုက်မည်ဖြစ်ပြီး ထိုနည်းလမ်းကသာစိတ်အချရဆုံးဖြစ်သည်။

သို့သော် ဘာကြောင့်မှန်းမသိကျိုးဟောင်မှာ တစ်ခုခုမှားယွင်းနေသလိုခံစားနေရပေသည်။

ယခုဖြစ်ရပ်သည် စမ်းသပ်မှုတစ်ခုပေလော။

ကျိုးဟောင်တို့စဥ်းစားနေရင်းမကြာမီမှာပင် အနီရောင်မဟူရာချောက်မှလူများလည်းရောက်လာခဲ့ကြသည်။ သို့သော် ကျိုးချန်သောင့်မှာနေရာတွင်မရှိပင်။ ထိုအစားကျိုးဟောင်သည် ခေါင်းဆောင်အန်း၊ ဥက္ကဌစွန်းနှင့် စီနီယာချန်းတို့အား တွေ့လိုက်ရလေသည်။

သူတို့ ၃ယောက်မှာကောင်းကင်မှပျံသန်းလာခဲ့ပြီး မြေပြင်ပေါ်ရှိမူလအဆင့်အလောင်း ၇လောင်းအားမြင်လိုက်ရချိန်တွင်ကြက်သေသေသွားခဲ့ကြသည်။

"သေသွားပြီလား စုစုပေါင်းမူလအဆင့်သားရဲ ၇ကောင်သေသွားတာလား"

"ဘာဖြစ်တာလဲ မဟုတ်မှယင်ဖုန်းတို့ ၃ယောက်လက်ချက်လား"

"မဖြစ်နိုင်ဘူး ယင်ဖုန်းတို့အဖွဲ့ရဲ့စွမ်းအားကကျုပ်တို့နဲ့အတူတူလောက်ပဲ သူတို့ ဒီ၇ကောင်ကိုလုံးဝမဖြေရှင်းနိုင်ဘူး"

"ဒါဆို ဘယ်လိုဖြစ်တာလဲ"

သူတို့ ၃ယောက်မှာအချင်းချင်းအံ့ဩကြီးစွာကြည့်လိုက်မိကြပြီး အရှိန်မြှင့်ကာကျိုးဟောင်တို့အဖွဲ့နားတွင် ဆင်းသက်လိုက်ကြသည်။

ထိုအချိန်တွင် ၃ယောက်လုံးအကြောင်းပြချက်အားနားလည်သွားခဲ့သည်။

သူတို့ရှေ့တွင်ရှိနေသော ကျိုးဟောင်နှင့်ရှူလင်ထံမှထွက်ပေါ်နေသည့် မူလအဆင့်အငွေ့အသက်များမှာအလွန်စွမ်းအားကြီးလှပေသည်။ သူတို့အဆင့်ချိုးဖောက်ထားသည်မှာ မကြာသေးကြောင်းကိုခံစားရုံဖြင့်သိနိုင်သော်လည်း ဤအငွေ့အသက်မှာတကယ်ပင် မူလအဆင့်ပညာရှင်တစ်ယောက်၏အငွေ့အသက်ဖြစ်သည်။

"သူတို့အဆင့်ချိုးဖောက်သွားပြီ တကယ်ကြီးအဆင့်ချိုးဖောက်သွားပြီ"

ယင်ဖုန်းတို့အဖွဲ့မှာကြက်သေသေနေပြီး သူတို့မြင်နေရသောမြင်ကွင်းအားမယုံရဲပေ။ ဤအခြေအနေသည်တကယ်ပင် မယုံကြည်နိုင်လောက်စရာကောင်းလှပေသည်။

မည်သို့ပင်ဖြစ်စေ သူတို့အဆင့်ချိုးဖောက်ပြီး မူလအဆင့်ပညာရှင်ဖြစ်လာကြသည်မှာ သိပ်မကြာသေးပေ။

"ဂုဏ်ပြုပါတယ် စစ်သေနာပတိချုပ်ကျိုးနဲ့ စစ်သေနာပတိချုပ်ရှု"

ခေါင်းဆောင်အန်းနှင့်အခြားလူများမှာ ချက်ချင်းပင်ပြုံးကာဂုဏ်ပြုစကားဆိုလိုက်ကြပြီး သူတို့၏ပုံစံများမှာယခင်ကလိုစွမ်းအားကြီး၍ဘဝင်မြင့်နေသည့်ပုံမပေါ်တော့ပေ။

ယခင်က ကျိုးဟောင်တို့အဖွဲ့အားအစိမ်းရောင်တိမ်တိုက်ဌာနမှလွှတ်လိုက်ကြောင်းကို သူတို့အားလုံးသိကြသော်လည်း အလေးအနက်မထားဘဲ အပေါ်ယံသာလေးစားချင်ယောင်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျိုးဟောင်တို့သည်မဟာဆရာသခင်အဆင့်သာရှိသော ပုရွတ်ဆိတ်တစ်ကောင်သာဖြစ်ပေရာ သူတို့သည်လုံးဝဂရုမစိုက်ခဲ့ပေ။

သို့သော်ယခုအချိန်တွင် ဤနှစ်ယောက်သည်မူလအဆင့်အားချိုးဖောက်ရောက်ရှိသွားပြီဖြစ်ရာ အခြေအနေများမှာမတူတော့ပေ။

ယခုကျိုးဟောင်တို့နှစ်ယောက်၏စွမ်းအားသည် သူတို့နှင့်အတူတူပင်ဖြစ်ပေရာ ကျိုးဟောင်တို့အားတစ်တန်းတည်းထားဆက်ဆံရမည်မှာသဘာဝပင်ဖြစ်သည်။

လက်ရှိအချိန်တွင်သူတို့သည် ကျိုးဟောင်နှင့်ရှုလင်အား ပို၍ကြောက်ရသည့်အနေအထားသို့ပင်ရောက်လာပြီဖြစ်သည်။ ကျိုးဟောင်တို့သည်မူလအဆင့်ပညာရှင်နှစ်ယောက်ဖြစ်ရုံသာမက အစိမ်းရောင်တိမ်တိုက်ဌာန၏အဖွဲ့ဝင်များဖြစ်ကြသည်။ ဤအကြောင်းပြချက်ဖြင့်ပင် သူတို့၏မာနများအားချိုးနှိမ်ထားရန်လုံလောက်နေပြီဖြစ်သည်။

"ကျေးဇူးတင်ပါတယ်ခေါင်းဆောင်အန်း ဒါပေမဲ့ဒီသားရဲတွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုက ဘယ်လိုဖြစ်တာလဲဆိုတာသိချင်တယ် သူတို့ကဘာလို့ရုတ်တရက်ဒီနေရာကိုတိုက်ခိုက်ကြတာလဲ"

ကျိုးဟောင်မှာ ခေါင်းဆောင်အန်းနှင့် ကျန် ၂ယောက်အားကြည့်ကာမေးလိုက်သည်။

"ဒါက...ကျွန်တော်တို့လည်းသေချာမသိပါဘူး ဒီကိစ္စကဖြစ်သွားတာနည်းနည်းရုတ်တရက်ဆန်တယ် ပြီးတော့ကျွန်တော်တို့စုံစမ်းဖို့လည်းအချိန်မရလိုက်ဘူး"

နည်းပြအန်းတို့မှာ ကျိုးဟောင်၏အမေးအား အလျင်အမြန်ပင်ပြန်ဖြေလာခဲ့သည်။

"ဪဟုတ်သား ကျိုးမိသားစုကတစ်ယောက်ယောက်မလာဘူးလား"

ကျိုးဟောင်မှာသူတို့ ၃ယောက်အားကြည့်ကာမေးလိုက်သည်။ ကျိုးချန်သောင့်လည်းမလာသလို ကျိုးခန်း၏ဇနီးဖြစ်သူလည်းမလာပေ။ အနီရောင်မဟူရာချောက်၏ မူလအဆင့်ပညာရှင်များအနေဖြင့် အနီရောင်မဟူရာချောက်အားသန္ဓေပြောင်းသားရဲများလာရောက်တိုက်ခိုက်သည်နှင့်သိနေရမည်ဖြစ်ပြီး သူတို့ထံတွင်နေထိုင်စရာအခြားနေရာလည်းမရှိပေ။

သို့သော်သူတို့သည်အနီရောင်မဟူရာချောက်ဆီရောက်မလာခဲ့သလို ဖြစ်ပျက်နေသည့်ကိစ္စများကိုလည်းဂရုမစိုက်ပေ။

"ဟို ကျွန်တော်တို့လည်းသေချာမသိပါဘူး သူတို့ကိုသတင်းပို့ဖို့လူလွှတ်ထားပေမဲ့ ကျိုးမိသားစုကတစ်ချိန်လုံးတံခါးပိတ်ထားတယ်"

ထိုအချိန်တွင်စီနီယာချန်းမှာ မျက်မှောင်ကြုတ်ကာသက်ပြင်းချပြီး ဖြည်းညှင်းစွာပြောလာလေသည်။

"အို အဲဒီလိုလားတကယ်ပဲ ဘယ်လိုဖြစ်တာလဲ"

ကျိုးဟောင်မှာအလွန်ပဟေဠိဖြစ်နေပေသည်။ ယေဘုယျကျကျပြောရလျှင်ကျိုးမိသားစုသည် ဤကဲ့သို့ပုံစံမျိုးမဖြစ်သင့်ပေ။

"ဟင်း...ကျွန်တော်တို့လည်းသေချာမသိပါဘူး မဟုတ်မှ ကျိုးမိသားစုကဂရုမစိုက်တာများလား"

ခေါင်းဆောင်အန်းမှ ရုတ်တရက်ထပြောလိုက်သည်။

ဤနေရာတွင်ရှိနေသောလူများတွင်လျှို့ဝှက်ချက်များစွာရှိသည့်အပြင် ဤလူအုပ်ကြားထဲတွင် မည်သူကစွမ်းအင်ခန္ဓာကိုယ်အားယူဆောင်သွားကြောင်းကိုလည်း ကျိုးဟောင်မသိပေ။

ထို့အပြင် ကျိုးချန်သောင့်သည်လည်းယနေ့တွင်ပေါ်မလာခဲ့ပေရာ ကျိုးဟောင်မှာမကောင်းသည့်ခံစားချက်များသာခံစားနေရပေသည်။

ပြင်ပအာကာသရှိသီးခြားရပ်တည်နေသည့် ဉာဏ်ရည်မြင့်သောအရာကိုလည်းချိတ်ပိတ်ထားပြီးပြီဖြစ်သည်။ ရှောင်ယွီမှာ၎င်းအားဝါးမျိုထားပေရာ ကျိုးချန်သောင့်မှာ၎င်းနှင့်ဆက်သွယ်၍မရနိုင်လောက်ပေ။

အကယ်၍သူလက်စားချေလိုပါက အကောင်းဆုံးနည်းလမ်းမှာ အခြားလူများနှင့်ပူးပေါင်းခြင်းသာဖြစ်သည်။

ထို့အပြင်လက်ရှိအချိန်တွင် သူ့အတွက်အကောင်းဆုံးမဟာမိတ်မှာ မျိုးနွယ်ခြားများသာဖြစ်သည်။

ကျိုးဟောင်မှာမျက်လုံးမှေးကာစဉ်းစားနေရင်း သားရဲအုပ်အားကြည့်အားသက်ပြင်းသာချလိုက်မိသည်။

ဤကိစ္စသည်ကျိုးချန်သောင့်၏လက်ချက်ပေလော။

ကျိုးဟောင်သည်ယခုလိုမစဉ်းစားချင်သော်ငြား ဘာကြောင့်မှန်းမသိယခုလိုဖြစ်နိုင်သည်ဟုသာ ခံစားနေ‌ရပေသည်။

အကယ်၍ကျိုးချန်သောင့်သာ ထိုသို့တကယ်လုပ်ခဲ့ပါက ကျိုးဟောင်သည်လည်းသည်းခံနေမည်မဟုတ်ပေ။

ကိုယ်ကျိုးအတွက်အပြင်လူနှင့်ပူးပေါင်းသောလူသည် အမှန်တကယ်ကိုစက်ဆုပ်ဖွယ်ရာကောင်းလှပေသည်။

ထို့အပြင်အနီရောင်မဟူရာချောက်နက်ရှိလူများမှာ အစကတည်းကလူကောင်းများမဟုတ်ကြပေ။ အစိမ်းရောင်တိမ်တိုက်ဌာနမှသူတို့အား မဖြေရှင်းရသည့်အကြောင်းအရင်းမှာ ဤအာကာသပြင်ပမှသီးခြားရပ်တည်နေသည့် ဉာဏ်ရည်မြင့်သောအရာကြောင့်သာဖြစ်သည်။

ကျိုးဟောင်သည်ဘာဖြစ်နေလဲမသိသောအခြေအနေတွင် ဤကိစ္စရပ်အားဝင်ရောက်မပတ်သက်ချင်ပေ။ ထို့ကြောင့် နှောင့်ယှက်ရန်ဆန္ဒလည်းမရှိပေ။ သူသည်မူလအဆင့်သို့ရောက်ရှိသွားပြီဖြစ်ပေရာ တာဝန်ပြန်လည်ချပေးရန်မှာလည်းသိပ်မကြာလောက်တော့ပေ။

ရှုလင်သည်လည်းအတူတူပင်ဖြစ်လောက်သည်။

ကျိုးဟောင်မှာချောက်နက်ထဲသို့ကြည့်ကာဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ကျုပ်တစ်ချက်သွားကြည့်မလို့ ခင်ဗျားတို့ရောအတူလိုက်ချင်လား"

ထိုအချိန်တွင် ကျိုးဟောင်မှရုတ်တရက်ထပြောလိုက်ပေရာ သူ့စကားဆုံးသည်နှင့် ခေါင်းဆောင်အန်းနှင့်အခြားလူနများ၏မျက်နှာများမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။

"စစ်သေနာပတိချုပ်ကျိုး ခင်ဗျားအနီရောင်မဟူရာချောက်ရဲ့အနက်ပိုင်းကိုဝင်သွားလို့မရဘူး"

ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားကာ သိလိုစိတ်ကြီးစွာဖြင့်မေးလာခဲ့သည်။

"ဘာဖြစ်လို့လဲ အထဲမှာအရမ်းအန္တရာယ်များလို့လား"

"ဟုတ်တယ် အရမ်းအန္တရာယ်များတယ် အနီရောင်မဟူရာချောက်ရဲ့အနက်ပိုင်းမှာ တားမြစ်ဧရိယာတစ်ခုရှိတယ် ဝင်သွားတဲ့လူတိုင်းဘယ်သူမှအသက်ရှင်လျက်ပြန်ထွက်မလာနိုင်ဘူး အဲဒါကြောင့်မသွားတာအကောင်း‌ဆုံးပဲ"

စီနီယာချန်းမှအလျင်အမြန်ပင်ပြောလာခဲ့သည်။ သူ၏လေသံအရ ထိုတားမြစ်ဧရိယာနှင့်ပတ်သက်ပြီးတစ်ခုခုသိထားပုံပင်။

"စီနီယာချန်း ခင်ဗျားသိထားတာကိုပြောပြလို့ရမလား"

ကျိုးဟောင်မှ ချက်ချင်းပင်မေးလိုက်သည်။

စီနီယာချန်းမှာပြောရခက်သောအမူအရာမျိုးဖြစ်နေသော်လည်း ခေါင်းဆောင်အန်းနှင့်အခြားလူများမှာ သက်ပြင်းချကာ မနေနိုင်ဘဲပြောလာလေသည်။

"စစ်သေနာပတ်ချုပ်ကျိုးကသိချင်နေမှတော့ ဖုံးကွယ်ထားလို့ဘယ်ကောင်းပါ့မလဲ ပြီးတော့ဒီကိစ္စကလည်းလျှို့ဝှက်ချက်အကြီးကြီးမှမဟုတ်တာ"

"အနီရောင်မဟူရာချောက်ရဲ့အနက်ပိုင်းထဲမှာ အရမ်းစွမ်းအားကြီးတဲ့သန္ဓေပြောင်းသားရဲတစ်ကောင်ကိုချုပ်ထားတယ် သူ့ရဲ့အဆင့်က ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကိုရောက်နေလောက်ပြီ"

....................................................................................

အခန်း(၄၁၈) ပြီးပါပြီ။

အခန်း (၄၁၉) : မိုးပြာရောင်နဂါးဘုရင်

ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။

တားမြစ်ဧရိယာထဲတွင် တကယ်ကို ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရှိနေပေသည်။

ဤကိစ္စသည်အလွန်မယုံကြည်နိုင်စရာကောင်းလှပေသည်။

"အဲဒီမှာဘာလို့ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သားရဲတစ်ကောင်ကိုချုပ်ထားတာလဲ ဘာဖြစ်လို့လဲ"

ကျိုးဟောင်မှာအံ့သြတကြီးဖြင့် ချက်ချင်းပင်မေးလိုက်သည်။

"ဒါက....အဲဒီသန္ဓေပြောင်းသားရဲကိုဘာလို့အဲဒီမှာချုပ်ထားလဲဆိုတာကျွန်တော်တို့လည်းမသိဘူး ဒါကလျှို့ဝှက်ဆန်းကြယ်တယ် အစကကျွန်တော်တို့လည်းဒါကိုမယုံခဲ့ကြဘူး ဒါပေမဲ့ကျွန်တော်တို့အနီရောင်မဟူရာချောက်ရဲ့အနက်ပိုင်းကိုသွားတုန်းက ကံကောင်းပြီးအဲဒါကိုတစ်ခါတွေ့ဖူးခဲ့တယ်"

"အဲဒါကကောင်းကင်နဲ့နေမင်းကိုတောင်ဖုံးနိုင်တဲ့အထိကြီးမားတဲ့ သန္ဓေပြောင်းသားရဲတစ်ကောင်ပဲ သူကတိမ်တွေထဲမှာဖုံးကွယ်နေတယ်ဆိုပေမဲ့ သူ့ရဲ့အားကြီးတဲ့အငွေ့အသက်ကအရမ်းဖိနှိပ်နိုင်စွမ်းရှိလို့ သူ့ရှေ့မှာလှုပ်တောင်မလှုပ်နိုင်ဘူး သူ့ရဲ့ခန္ဓာကိုယ်ကိုသံကြိုးတွေနဲ့ချည်ထားတယ် သူ့ကိုဒီနေရာမှာဘယ်သူကချုပ်ထားပြီးဘာကြောင့်ချုပ်ထားခဲ့လဲဆိုတာမသိပေမဲ့ သူ့နားကပ်သွားရင်သေချာပေါက်သေမယ်ဆိုတာတော့သိတယ်"

ခေါင်းဆောင်အန်းတို့မှာ သူတို့သိထားသမျှအားလုံးကိုပြောပြလာခဲ့သည်။ ကျိုးဟောင်မှာထိုစကားအားကြားသောအခါ အလွန်အံ့ဩသွားခဲ့သည်။

"ချုပ်နှောင်ခံထားရတဲ့သန္ဓေပြောင်းသားရဲ ဒါကိုလူသားတွေလုပ်ခဲ့တာများလား သူတို့ကဘာလို့ဒါကိုမသတ်ခဲ့တာလဲ"

ကျိုးဟောင်မှာအတော်လေးအံ့ဩကာ ပဟေဠိဖြစ်နေပေသည်။

သို့သော်ကြားခဲ့ရသောစကားများမှာ ကျိုးဟောင်အားပို၍သိလိုစိတ်ဖြစ်စေပေသည်။ ကျိုးဟောင်သည်ဤ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သားရဲအား သွားကာကြည့်ချင်နေဆဲပင်ဖြစ်သည်။

"ကောင်းပြီလေ ဒီလိုဆိုရင်လည်းထားလိုက်ပါတော့"

ကျိုးဟောင်မှာအောက်ရှိသားရဲအုပ်အားကြည့်ကာပြောလိုက်သည်။ မူလအဆင့်သားရဲအားလုံးမှာအသတ်ခံလိုက်ရပြီဖြစ်ပေရာ သားရဲအုပ်မှာလည်းမရှိခဲ့သလိုပြန်လည်ဆုတ်ခွာသွားကြပြီဖြစ်သည်။

ကျိုးဟောင်မှာမျက်မှောင်ကြုတ်ရင်း တစ်ခုခုမှားယွင်းနေသလိုခံစားနေ‌ရပေသည်။

သို့သော်မည်သည့်အရာကမှားယွင်းနေကြောင်းကိုမသိပေရာ အခြားနည်းလမ်းတစ်ခုအားစဉ်းစားရုံသာတတ်နိုင်ပေသည်။

သားရဲအုပ်ပြန်ဆုတ်သွားပြီးနောက် သူတို့အဖွဲ့လည်းပြန်လာခဲ့ကြသည်။

သို့သော်ညဘက်တွင် ကျိုးဟောင်မှာငှက်မွေးတစ်ထောင်ချပ်ဝတ်အားလဲဝတ်ကာ အနီရောင်မဟူရာချောက်၏ အနက်ပိုင်းသို့ဦးတည်လာခဲ့သည်။

"ကောင်လေး မင်းကတကယ်ရဲတင်းတာပဲ တကယ်ကြီး၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သားရဲတစ်ကောင်ကိုလာကြည့်ရဲတယ် ငါ့အထင်တော့မင်းကအသက်ဆက်မရှင်ချင်တော့ဘူးထင်တယ် ဟုတ်လား"

ကျိုးဟောင်၏စိတ်ထဲတွင်မုရုံရွှင်း၏အသံအားကြားလိုက်ရသည်။

လတ်တလောတွင် မုရုံရွှင်းသည်လုံးဝပေါ်မလာခဲ့ပေ။ ၎င်းမှာမပေါ်လာချင်၍မဟုတ်ဘဲ လုံးဝစိတ်မဝင်စား၍သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤလူများသည်မူလအဆင့်ပညာရှင်တစ်အုပ်သာဖြစ်ပြီး ကျိုးဟောင်အတွက်သေချာပေါက်အန္တရာယ်မရှိနိုင်ရင် သူလည်းဒုက္ခခံပြီးထွက်လာမနေတော့ပေ။

မုရုံရွှင်းမှာ ကောင်းကင်ဘုံအဆင့်အောက်ရှိမည်သည့်အရာကိုမှစိတ်မဝင်စားပေ။

"ကျွန်တော်ထွက်မပြေးတတ်ဘူးလို့ထင်‌မနေနဲ့ ဘာလဲကျွန်တော့်ကိုအရူးလို့ထင်နေတာလား"

ကျိုးဟောင်မှာ ဘာမှမတတ်နိုင်သလိုခံစားလိုက်ရသည်။ အကြိမ်တိုင်းဤမုရုံရွှင်းသည်ယခုလိုပေါ်လာတတ်ပြီး ဤကဲ့သို့သောစကားမျိုးကိုသာပြောလေ့ရှိပေရာ ဤလုပ်ရပ်သည်သူ့အားဒေါသဖြစ်စေပေသည်။

"ဟမ့် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကို မင်းကကျောလို့ရမယ်လို့တကယ်ထင်နေတာလား"

မုရုံရွှင်းမှအေးစက်စွာ နှာခေါင်းရှုံ့ရင်းပြောလိုက်သည်။

"ဒါဆိုလည်း အဝေးကနေကြည့်ရုံပဲကြည့်မယ် ဘယ်လိုလဲ"

ကျိုးဟောင်မှာထိုသားရဲအားမကြည့်ရပါက စိတ်ကျေနပ်နိုင်မည်မဟုတ်သောကြောင့် ပြောလိုက်သည်။

"မင်းသဘောပဲ ငါ့မှာဂရုစိုက်နေဖို့အချိန်မရှိဘူး"

မုရုံရွှင်းမှာထိုစကားအားပြောပြီးပြီးချင်းပင်ပျောက်ကွယ်သွားခဲ့သည်။

မုရုံရွှင်းသည် သေချာပေါက်အလကားအချိန်ဖြုန်းနေခြင်းမဟုတ်ပေ။ သူသည်မူလကျောက်စာအား ကျင့်ကြံနေခြင်းဖြစ်သည်။

သူ၏မူလကျောက်စာအဆင့်မှာ သာမန်ထက်လွန်ကဲနေဆဲဖြစ်သော်လည်း သူသည်ဝိဉာဉ်တစ်ခုဖြစ်နေဆဲသာဖြစ်ပြီး ကျင့်ကြံရေးစွမ်းရည်အားမသုံးနိုင်ပေ။ အကယ်၍ခန္ဓာကိုယ်သာရှိပါက ကျိုးဟောင်ထက်အားမနည်းလောက်ပေ။

ကျိုးဟောင်မှာလတ်တလောတွင် မူလကျောက်စာနှင့်ပတ်သက်သောမည်သည့်အရာကိုမှမသုံးရဲပေ။ ဤစွမ်းအားသည်အလွန်ထူးဆန်းလှသည်။ သူသုံးလိုက်သည်နှင့်တစ်ယောက်ယောက်ကသိသွားမည်ဖြစ်ပေရာ မသုံးတာပိုကောင်းပေသည်။

သို့သော်မူလကျောက်စာ၏စွမ်းအားသည် တကယ့်ကိုအလွန်အမင်းကြောက်မက်ဖွယ်ရာကောင်းသည်ဟုဆိုနိုင်ပေသည်။

ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးဖြင့် ကျိုးဟောင်သည်မူလကျောက်စာအားသုံးပါက ပထမ သို့မဟုတ်ဒုတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အားတိုက်ခိုက်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ထိုစွမ်းအားသည်ဤကမ္ဘာကြီးနှင့်သက်ဆိုင်ပုံမပေါ်ပေ။

"ဒီမူလကျောက်စာကဘာလဲ"

ကျိုးဟောင်မှာဤကိစ္စအားအမြဲသိလိုခဲ့ခြင်းဖြစ်သော်လည်း ထိုသို့ဆိုလျှင်တောင် သူဤကိစ္စအားမစုံစမ်းဝံ့သလို သည်းလည်းမခံနိုင်ပေ။

မကြာမီ ကျိုးဟောင်မှာဦးတည်ရာနေရာသို့ရောက်လာခဲ့သည်။ ၎င်းမှာကြီးမားသောချောက်ကမ်းပါးအလယ်တွင်ရှိနေသော ကြီးမားသည့်သဲကန္တာရကြီးတစ်ခုဖြစ်သည်။

ချောက်ကမ်းပါးမှာအောက်ခြေကိုမမြင်ရဘဲ အနက်ရောင်မြူခိုးများဖြင့်ပြည့်နှက်နေသည်။

ဤအနက်ရောင်မြူခိုးများမှာ အလျားလိုက်ဆက်သွယ်ထားသလိုထင်မှတ်ရပြီး အလွန်စွမ်းအားကြီးလှပေသည်။

ကျိုးဟောင်မှာနေရာတွင်ရပ်တန့်လိုက်ပြီး ရှေ့ဆက်မတိုးပေ။ သူသည်ချောက်ကမ်းပါးအောက်ခြေရှိအလွန်အမင်းစွမ်းအားကြီးသောအားတစ်ခုအား ခံစားမိပေသည်။

ထိုစွမ်းအားမှာ သူ့နှလုံးသားအားတဒိတ်ဒိတ်ခုန်စေပြီး အဝေးမှပင်၎င်း၏ဖိအားအားခံစားမိပေသည်။

"ဒါက ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ရဲ့စွမ်းအားလား တကယ်ကိုကြောက်ဖို့ကောင်းတာပဲ"

ကျိုးဟောင်မှာသက်ပြင်းချကာ စိတ်ထဲတွင်ထိတ်လန့်သွားခဲ့သည်။

ဤအနီရောင်မဟူရာချောက်သည်အလွန်ကြီးမားလှပေရာ မည်မျှကြီးမားကြောင်းကျိုးဟောင်ပင်အတိအကျမသိပေ။ စင်စစ်တွင် ဤအနီရောင်မဟူရာချောက်သည် အက်ကွဲကြောင်းတစ်ခုထက်များစွာပို၍ကြီးမားပေသည်။

ကမ္ဘာဂြိုဟ်ပေါ်တွင်ယခုလိုကြီးမားသောချောက်ကမ်းပါးများစွာရှိပြီး အနက်ပိုင်းတွင်သဲကန္တာရများရှိသည်ဟုပင် ကောလဟလများရှိလေသည်။

သို့သော်ဤနေရာအား မည်သူမျှမစူးစမ်းရဲပေ။

ကျိုးဟောင်သည်လည်း အတူတူပင်။ တစ်ဖက်လူမှာ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။ ၎င်းသည်သူ့အားရှာတွေ့သွားပြီးတိုက်ခိုက်လာမည်ကို ကျိုးဟောင်တကယ်ပင်စိုးရိမ်မိပါသည်။

"ဒါက....မိုးပြာရောင်နဂါးဘုရင်ရဲ့အငွေ့အသက်လား"

မုရုံရွှင်း၏အမူအရာမှာ ချက်ချင်းပင်သိသိသာသာပြောင်းလဲသွားခဲ့ပြီး အံ့ဩနေသောအသံတစ်ခုသည်လည်းထွက်ပေါ်လာခဲ့သည်။

"မိုးပြာရောင်နဂါးဘုရင် ဘာအဓိပ္ပာယ်လဲ သူ့ကိုသိလို့လား"

ကျိုးဟောင်မှာ မုရုံရွှင်း‌၏အသံအားကြားသောအခါ မေးလိုက်သည်။

"သေချာတာပေါ့ ဒါကမိစ္ဆာအိုကြီးတစ်ကောင်ပဲ သူတည်ရှိနေတာနှစ်ပေါင်းထောင်နဲ့ချီနေပြီလို့ပြောကြတယ် ငါအစက သူသေသွားပြီလို့ထင်ထားတာ ဒီမှာချုပ်နှောင်ခံထားရမယ်လို့မထင်ထားခဲ့ဘူး ဒီအနီရောင်မဟူရာချောက်ကဘာလဲ ဒီနေရာမှာဘာလို့ထူးဆန်းတဲ့နေရာတွေဒီလောက်များနေတာလဲ"

မုရုံရွှင်းမှာထိတ်လန့်သွားသလို ထိုစကားအားကြားသောကျိုးဟောင်သည်လည်းအံ့ဩသွားခဲ့သည်။

ဤသန္ဓေပြောင်းသားရဲသည် နှစ်ပေါင်းကြာရှည်စွာအသက်ရှင်သန်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

"အစ်ကိုကြီးမုရုံ ဘာဖြစ်လို့လဲ ကျွန်တော့်ကိုပြောဦး"

ကျိုးဟောင်မှာတကယ်ပင်သိချင်နေပေရာ မနေနိုင်ဘဲမေးလိုက်သည်။

မုရုံရွှင်းမှာကျိုးဟောင်၏စကားအားကြားသောအခါ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

"ကံကောင်းလို့ ဒါကမိုးပြာရောင်နဂါးဘုရင်ဖြစ်နေလိုပေါ့ တခြားဟာသာဆိုမင်းအစောကြီးကတည်းကသေသွားလောက်ပြီ"

ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာအံ့သြသွားခဲ့သည်။

ဤသန္ဓေပြောင်းသားရဲသည် လူသားများအားမတိုက်ခိုက်၍ပေလော။

"အစ်ကိုကြီး ဘာအဓိပ္ပာယ်လဲ ကျွန်တော်နားမလည်ဘူး"

ကျိုးဟောင်မှပြောလိုက်သည်။

"မင်းဒါလေးတောင်နားမလည်ဘူးလား မိုးပြာရောင်နဂါးဘုရင်က လူသားတွေကိုသိပ်ပြီးရန်လိုစိတ်မရှိဘူး ပြီးတော့သူ့မှာမင်းမသိလောက်တဲ့ထူးခြားတဲ့ သရုပ်မှန်တစ်ခုရှိတယ်"

ထိုစကားအားကြားပြီးနောက် ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားကာ မေးလာခဲ့သည်။

"သရုပ်မှန် ဘာသရုပ်မှန်လဲ"

"သူကအဲဒီတုန်းက နောက်ပိုင်းပျောက်သွားခဲ့တဲ့ပထမမူလကျောက်စာဆရာရဲ့စီးနင်းခံသားရဲပဲ"

မုရုံရွှင်း၏စကားဆုံးသောအခါ ကျိုးဟောင်မှာကြက်သေသေသွားခဲ့သည်။

"ချီးပဲ"

ကျိုးဟောင်မှာပါးစပ်မှပင်ဆဲရေးလိုက်မိသည်။ ဤမိုးပြာရောင်နဂါးဘုရင်သည်တကယ်ပင်လူသားတစ်ယောက်၏စီးနင်းခံသားရဲပေလော။ ဤကိစ္စသည်တကယ်ကိုမဖြစ်နိုင်ပေ။

၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သန္ဓေပြောင်းသားရဲတစ်ကောင်သည် တကယ်ပင်လူသားတစ်ယောက်၏ စီးနင်းခံသားရဲဖြစ်ခဲ့ပေသည်။ ဤစကားအားကြားသူတိုင်း ကျိုးဟောင်လိုထိတ်လန့်သွားကြမည်သာဖြစ်သည်။

"ဒါကတကယ်မယုံနိုင်စရာဆိုပေမဲ့ အမှန်ပဲ ဒီသန္ဓေပြောင်းသားရဲကအဲဒီဆရာကြီးရဲ့စီးနင်းခံသားရဲပဲ ငါအစကသူသေသွားပြီလို့ထင်ထားတာ တကယ်တော့ဒီမှာရှိနေတာပဲ"

မုရုံရွှင်းမှာ အတော်လေးစိတ်လှုပ်ရှားနေပုံပင်။ ထို့နောက်ထပ်မံပြောလာခဲ့သည်။

"မူလကျောက်စာရဲ့လျှို့ဝှက်ချက်ကိုသူသိလောက်တယ် မြန်မြန်အထဲဝင်ကြစို့"

မုရုံရွှင်း၏ပြောစကားမှာ ကျိုးဟောင်၏မျက်နှာအား ချက်ချင်းပင်မဲမှောင်သွားစေခဲ့သည်။

"ခုနကအစ်ကိုကြီးပဲ အရမ်းအန္တရာယ်များတယ်လို့ပြောခဲ့ပြီးတော့ အခုဝင်သွားဖို့ကနည်းနည်းရိုင်းရာကျတယ်လို့မထင်ဘူးလား မဟုတ်မှမူလကျောက်စာနဲ့ပတ်သက်နေလို့ကိစ္စတွေကပြောင်းသွားတာလား"

ကျိုးဟောင်မှာမျက်မှောင်ကြုတ်ကာမေးလိုက်သည်။ မုရုံရွှင်းသည်အလွန်စိတ်ပူတတ်သည်ဟုသာ သူ့စိတ်ထဲအမြဲခံစားနေရပေသည်။

"ဘာလုပ်လို့ရမှာလဲ စိတ်ချမိုးပြာရောင်နဂါးဘုရင်ကငါတို့ကိုအန္တရာယ်မပေးဘူး ငါအာမခံနိုင်တယ်"

မုရုံရွှင်းမှာချက်ချင်းပင်ပြောလိုက်သည်။ သူ၏အသံမှာအတော်လေးယုံကြည်မှုရှိနေပေသည်။

ကျိုးဟောင်မှာခေတ္တမျှစဉ်းစားပြီးနော က်အတော်လေးတွေဝေနေပေသည်။ သို့သော်မူလကျောက်စာ၏ လျှို့ဝှက်ချက်အကြောင်းတွေးမိသောအခါ ခေါင်းသာညိတ်လိုက်မိတော့သည်။

"ကောင်းပြီလေ တစ်ချက်လောက်သွားကြည့်ကြည့်ကြတာပေါ့"

...................................................................................

အခန်း(၄၁၉) ပြီးပါပြီ။

အခန်း (၄၂၀) : ဇာစ်မြစ်

ကျိုးဟောင်မှာပြောရင်း အထဲသို့ဝင်သွားလိုက်သည်။

ဤအနက်ရောင်မြူခိုးများမှာအလွန်ထူထပ်ကာ အတော်လေးဖျက်ဆီးနိုင်စွမ်းမြင့်ပေသည်။ ကျိုးဟောင်မှာငှက်မွေးတစ်ထောင်ချပ်ဝတ်အားဝတ်ဆင်ထားပြီး ထိုအားကိုခုခံနေပေသည်။ တစ်ချိန်တည်းမှာပင် ကျိုးဟောင်သည် ထိုအားအားခုခံနိုင်ရန်ဆွဲငင်အားပိုင်နက်အားအသက်သွင်းလိုက်သည်။

မြူခိုးထဲလမ်းလျှောက်လာပြီးမကြာမီမှာပင် ကျိုးဟောင်သည်ချောက်ကမ်းပါး၏အစွန်သို့ရောက်ရှိလာခဲ့သည်။

အောက်ကိုငုံ့ကြည့်ရင်း ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

ဤကြီးမားသောချောက်ကမ်းပါးအောက်ရှိ အနက်ရောင်မြူခိုးများကြားထဲတွင်ပုန်းကွယ်နေသော သန္ဓေပြောင်းသားရဲတစ်ကောင်မှာ အောက်တွင်ခွေနေပေသည်။ မြူခိုးများကြောင့်သေချာမမြင်ရသော်လည်း ဤသတ္တဝါသည်မြွေတစ်ကောင် သို့မဟုတ် နဂါးတစ်ကောင်ဖြစ်ကြောင်းကိုတော့ ကျိုးဟောင်ပြောနိုင်ပါသေးသည်။

ဤလောကကြီးတွင် မည်သည့်နဂါးမှမရှိပုံအရ ၎င်းသည်မြွေတစ်ကောင်သာဖြစ်ပေလိမ့်မည်။

"ဒါကတကယ်ကိုမိုးပြာရောင်နဂါးဘုရင်ပဲ ဒီအငွေ့အသက်ကိုငါသိတယ်"

ထိုအချိန်တွင် မုရုံရွှင်းမှာပို၍စိတ်လှုပ်ရှားလာခဲ့သည်။

ကျိုးဟောင်မှာမူဘာမှမတတ်နိုင်သလိုခံစားနေရသည်။ ကျိုးဟောင်သည်ချောက်ကမ်းပါးအောက်ရှိကြီးမားသောသတ္တဝါကြီးအားကြည့်ကာ ဘာလုပ်ရမှန်းမသိပေ။

"ဒီလိုပဲခုန်ဆင်းသွားမှာလား အဲဒီလိုသာဆိုသူ့အစာအနေနဲ့အစားခံလိုက်ရမှာမဟုတ်ဘူးလား"

ကျိုးဟောင်မှရုတ်တရက်ထမေးလိုက်သည်။

မုရုံရွှင်းမှာချက်ချင်းပင် ဒေါသဖြစ်နေရာမှပြုံးကာဆိုလာခဲ့သည်။

"မင်းရူးနေလား တကယ်လို့ခုန်ချသွားရင် မိုးပြာရောင်နဂါးဘုရင်ရဲ့အငွေ့အသက်နဲ့ဖိနှိပ်ခံရလို့သေသွားမှာပေါ့ မင်းဘာတွေစဉ်းစားနေလဲဆိုတာငါတကယ်ကိုမသိတော့ဘူး"

ကျိုးဟောင်မှာ မုရုံရွှင်း၏စကားများကြောင့်အနည်းငယ်စိတ်အားငယ်သွားပြီးပြန်မေးလာခဲ့သည်။

"ဒါဆိုပြောလေ ကျွန်တော်ကဘယ်လိုလုပ်ရမှာလဲ"

"‌သေချာ‌ပေါက်ငါတို့သူ့ကိုနှိုးရမှာပေါ့"

မုရုံရွှင်းမှာစကားပြောရင်း မိုးပြာရောင်နဂါးဘုရင်အားနှိုးရန် ကျိုးဟောင်အားမူလကျောက်စာ၏စွမ်းအားကိုသုံးခိုင်းလိုက်သည်။

လက်ရှိအချိန်တွင် မိုးပြာရောင်နဂါးဘုရင်သည်သေချာပေါက်အိပ်ပျော်နေပေသည်။ ရိုးရိုးသားသားပြောရလျှင် ကျိုးဟောင်သည်ဤသတ္တဝါအားတကယ်ကိုမနှိုးဝံ့ပေ။

အကယ်၍ထိုသတ္တဝါအားနှောင့်ယှက်မိပါက သူသေရမည်မဟုတ်ပါလော။

"စိတ်ချပါသူ့သခင်ရော ငါတို့နှစ်ယောက်လုံးကရောမူလကျောက်စာကိုကျင့်ကြံထားတာ သူငါတို့ကိုသတ်မှာမဟုတ်ဘူး တကယ်တော့သူသေချာပေါက်မူလကျောက်စာအကြောင်းသိတယ် ဒါကငါတို့မေးလို့ရမဲ့အခွင့်ကောင်းပဲ"

ပုံမှန်အားဖြင့်မုရုံရွှင်းသည်သေရေးရှင်ရေးအခြေ‌အနေတွင် အတော်လေးရဲတင်းတာရှားပေသည်။

သူသည်တကယ်ပင်မိုးပြာရောင်နဂါးဘုရင်အားနှိုးစေချင်နေပေသည်။ အကယ်၍ထိုသတ္တဝါအားနှိုးလိုက်ပါက သူတို့နှစ်ယောက်လုံးအသတ်ခံရမည်မဟုတ်ပေလော။

ကျိုးဟောင်မှာသိလိုစိတ်ဖြင့်မေးလိုက်သော်လည်း မုရုံရွှင်းပြောသည့်အတိုင်းလုပ်ရုံမှလွဲအခြားရွေးချယ်စရာမရှိပေ။

မူလကျောက်စာမှာ ကျိုးဟောင်၏လက်ထဲတွင် ထူးခြားသောကျောက်စာတစ်ခုအဖြစ်ဖြစ်ပေါ်လာပြီး ချောက်ကမ်းပါးထဲသို့ချက်ချင်းကျရောက်သွားခဲ့သည်။

ထိုအငွေ့အသက်တွင်တိုက်ခိုက်ရေးစွမ်းအားများများစားစားမပါဘဲ ခံစား၍ရသောပမာဏလောက်သာပါပေသည်။

ထိုအငွေ့အသက်အောက်သို့ရောက်ရှိသွားပြီးနောက် မိုးပြာရောင်နဂါးဘုရင်၏ခန္ဓာကိုယ်မှာချက်ချင်းပင်တုန်ယင်သွားကာ ရုတ်တရက်မျက်လုံးများပွင့်လာခဲ့သည်။

သူ၏မျက်လုံးများမှာ အလွန်ကြီးမားလှပေသည်။

ထို့အပြင်မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် အငွေ့အသက်တစ်ခုလည်းထွက်ပေါ်လာခဲ့ပေသည်။ ၎င်းအားမူလကျောက်စာ၏အငွေ့အသက်ဖြင့် နှိုးလိုက်နိုင်ပြီဖြစ်ကြောင်း ကျိုးဟောင်ခံစားမိလိုက်ပေသည်။

ထို့နောက်ချက်ချင်းပင် ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ပေါ်သို့ပျံတက်လာခဲ့ပြီး အနားကပ်လာသည်နှင့်အမျှ အငွေ့အသက်သည်လည်းပိုမိုအားကောင်းလာခဲ့ပေသည်။

ကျိုးဟောင်၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့ပြီး ထိုအငွေ့အသက်အားခုခံရန် အလျင်အမြန်ပင်ကျင့်ကြံရေးအစွမ်းအားထိန်းချုပ်ကာ ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းကိုပင်သုံးလိုက်လေသည်။

ဤနည်းလမ်းဖြင့်သာ မိုးပြာရောင်နဂါးဘုရင်၏အငွေ့အသက်အားခုခံနိုင်ပေသည်။

အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်သက်ရှိတစ်ယောက်သည် တကယ်ပင်သာမန်ထက်ထူးခြားလှပေသည်။

ကြီးမားသောခန္ဓာကိုယ်ကြီးမှာအလွန်လျင်မြန်ကာ မျက်စိတစ်မှိတ်အတွင်းကျိုးဟောင်၏ရှေ့သို့ရောက်လာခဲ့ကာ ၎င်း၏ကြီးမားသောခေါင်းကြီးနှင့် မျက်လုံးများမှာလည်းပေါ်လာခဲ့သည်။

ကျိုးဟောင်မှာစူးစိုက်ကြည့်နေရင်း ပါးစပ်အဟောင်းသားပင်ဖြစ်သွားရသည်။

ဤသတ္တဝါသည်ဦးခေါင်းတွင် နဂါးချိုပေါက်နေသည့် စပါးအုံးမြွေအိုကြီးတစ်ကောင်ဖြစ်ပေသည်။

၎င်းသည်ကြီးမားသော်ငြား ခန္ဓာကိုယ်မှာပိန်လှီနေကာအားနည်းနေကြောင်း ကြည့်ရုံဖြင့်သိပေသည်။ ၎င်း၏ကျင့်ကြံဆင့်မှာကောင်းကင်ဘုံအဆင့်တွင်ရှိနေ‌ဆဲဖြစ်သော်လည်း တစ်ဖက်လူမှာအခြေအနေမကောင်းကြောင်းကို ကျိုးဟောင်ခံစားမိပေသည်။

၎င်း၏ကိုယ်မှာတကယ်ပင်ဆန်းကြယ်သောကျောက်စာများပါရှိသည့်သံကြိုးများဖြင့်ချည်နှောင်ခံထားရပြီး ထိုသံကြိုးပေါ်ရှိကျောက်စာများမှာ မူလကျောက်စာများသာဖြစ်ပေသည်။

ကျိုးဟောင်မှာထိတ်လန့်သွားခဲ့ကာ နားမလည်နိုင်ပေ။ သူသည်ကြီးမားသော‌သန္ဓေပြောင်းသားရဲကြီးအား အံ့ဩတကြီးစိုက်ကြည့်နေပြီး မျက်နှာတွင်လည်းမေးခွန်းများဖြင့်ပြည့်နေပေသည်။

"မူလကျောက်စာရဲ့အငွေ့အသက်...လူသားကောင်စုတ်လေး မူလကျောက်စာအနှစ်သာရကိုဘယ်ကရလာပြီး ဘယ်လိုကျင့်ကြံခဲ့တာလဲ"

ကြီးမားလှသောမိုးပြာရောင်နဂါးဘုရင်မှာစကားပြောလိုက်ပေရာ သူ၏အသံမှာမိုးခြိမ်းသံပမာထွက်ပေါ်လာခဲ့သည်။

၎င်းသည်အလွန်စိတ်လှုပ်ရှားနေကြောင်းသိသာလှပြီး ခန္ဓာကိုယ်ကြီးပင်တုန်ယင်နေခဲ့ပေသည်။

ကျိုးဟောင်မှာ ထိုသတ္တဝါသည်ရန်လိုမလိုအားမသိရပေရာ ခြေလှမ်းဝက်မျှနောက်ပြန်ဆုတ်လိုက်သည်။ ထိုအခါမှသာ အချိန်မရွေးရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လက်နှစ်ဖက်အားဆုပ်ကာပြောလိုက်သည်။

"မိုးပြာရောင်နဂါးဘုရင် ကျွန်တော်မူလကျောက်စာကိုအမှတ်မထင်သင်ခဲ့ရတာပါ ပြီးတော့ဒါနဲ့ပတ်သက်ပြီးဘာမှမသိပါဘူး"

"မင်းဘာမှမသိဘူး....ဟုတ်ပါတယ်လေ လူသားတွေနဲ့သန္ဓေပြောင်းသားရဲတွေက မူလကျောက်စာရဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားမှတော့ မင်းဘာမှမသိတာသဘာဝကျပါတယ်...."

သူ၏စကားများမှာဝမ်းနည်းနေပုံရပြီး ထိုပုံစံမှာကျိုးဟောင်အားမျက်မှောင်ကြုတ်သွားစေခဲ့သည်။

"မိုးပြာရောင်နဂါးဘုရင် ခင်ဗျားကဘာလို့ဒီလိုချုပ်နှောင်ခံထားရတာလဲ ပြီးတော့ခင်‌ဗျားကိုချုပ်နှောင်ထားတဲ့စွမ်းအားကလည်း မူလကျောက်စာရဲ့စွမ်းအားပဲမဟုတ်လား"

ဤစွမ်းအားသည် သူအသုံးပြုသောမူလကျောက်စာ၏ စွမ်းအားထက် များစွာပိုပြီးသန်မာကြောင်းကျိုးဟောင်ခံစားမိပေသည်။ သံကြိုးပေါ်ရှိထူးဆန်းသောစာလုံးများမှာ ဤ ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်သားရဲတစ်ကောင်အားထိန်းချုပ်နိုင်သောစွမ်းအားမျိုးရှိပေသည်။

ဤအချက်သည်ကျိုးဟောင်အားထိတ်လန့်စေပေသည်။

ဤမူလကျောက်စာသည် ဤမျှလောက်အစွမ်းကြီးသည်လော။

"ဟုတ်တယ် ငါကစစ်မှန်တဲ့မူလကျောက်စာရဲ့စွမ်းအားနဲ့ချုပ်နှောင်ခံထားရတာ ဒါကမူလကျောက်စာရဲ့ရှေးအကျဆုံးနဲ့အရိုးရှင်းဆုံးအမျိုးအစားပဲ"

မိုးပြာရောင်နဂါးဘုရင်၏စကားများမှာ ကျိုးဟောင်အားပို၍ပင်ထိတ်လန့်သွားစေခဲ့သည်။

တစ်ဖက်လူသည် ဤစကားအားမည်သည့်အဓိပ္ပာယ်နှင့်ပြောရပါသနည်း။

"မိုးပြာရောင်နဂါးဘုရင် ကျွန်တော်ဒီနေ့ဒီကိုလာခဲ့တာမူလကျောက်စာအကြောင်းသိချင်လို့ပါ ရဲတင်းမှုအတွက်ခွင့်လွှတ်ပေးပါ ဒီမူလကျောက်စာအကြောင်းဘယ်လောက်များသိထားလဲမသိဘူး သိထားသလောက်ကျွန်တော့်ကိုပြောပြပေးလို့ရမလား"

ကျိုးဟောင်မှာ ချက်ချင်းပင်မေးလိုက်သည်။

မိုးပြာရောင်နဂါးဘုရင်မှာသက်ပြင်းချကာကျိုးဟောင်အားကြည့်လာခဲ့ပြီး ဂရုမစိုက်စွာပင်ပြောလိုက်သည်။

"မင်းကမူလကျောက်စာအကြောင်းသိချင်တာလား ဒီစွမ်းအားကဒီကမ္ဘာကြီးနဲ့မသက်ဆိုင်ဘူး တကယ်တော့ဒါကအရမ်းအန္တရာယ်များတယ်"

ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာအတော်လေးထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း ပဟေဠိဖြစ်နေဆဲပင်ဖြစ်သည်။

ဤစွမ်းအားသည်အလွန်အန္တရာယ်များသည်ဟု ဘာကြောင့်လူတိုင်းပြောနေရပါသနည်း။ ဘာကြောင့်ပါနည်း။

ထို့နောက်မိုးပြာရောင်နဂါးဘုရင်မှာ ဆက်ပြောလာသည်။

"ဒီစွမ်းအားကပြင်ပအာကာသက ရှေးဟောင်းအဖွဲ့အစည်းတစ်ခုဆီကလာတာ အဲဒီအဖွဲ့အစည်းရဲ့သိုင်းပညာရှင်တွေအားလုံးက စွမ်းအားကြီးတဲ့ဝိဉာဉ်တွေပဲ"

"ဒီဝိဉာဉ်လို့ခေါ်တဲ့မျိုးနွယ်က ပစ္စည်းတွေအားလုံးကိုထိန်းချုပ်ဖို့စိတ်စွမ်းအားကိုသုံးကြတယ် ပြီးတော့စိတ်စွမ်းအားကလည်း အစကတည်းကကိုင်တွယ်လို့မရတဲ့ပုံရိပ်ယောင်စွမ်းအားတစ်ခုပဲ တည်ရှိတယ်ဆိုပေမဲ့ ဝိဉာဉ်နဲ့အသိစိတ်ကနေလာတာ ပြီးတော့ပုံမှန်ဆိုအရမ်းအားနည်းပြီး တိုက်ပွဲမှာသုံးဖို့ခက်တယ်"

"အဲဒါကြောင့် အဲဒီအဖွဲ့အစည်းကသူတို့ရဲ့ဘိုးဘေးတွေဆီကနေကျောက်စာရဲ့စွမ်းအားကိုအမွေဆက်ခံခဲ့ကြတယ် ပြီးတော့ အဲဒီစွမ်းအားကိုမူလကျောက်စာအနေနဲ့ပြောင်းလဲပစ်လိုက်တယ်"

မိုးပြာရောင်နဂါးဘုရင်၏စကားများမှာ ကျိုးဟောင်အားထိတ်လန့်စေသော်လည်း လက်ခံနိုင်လောက်သောအခြေအနေတွင်ရှိပေသည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာဂြိုဟ်မှာစကြဝဠာ ၇တွင်ပါဝင်ကြောင်းသိလိုက်ရကတည်းကကျိုးဟောင်မှာအထူးတလည်အံ့ဩမနေတော့ပေ။

ထို့အပြင်ငှက်မွေးတစ်ထောင်ချပ်ဝတ်သည်လည်း ဤကမ္ဘာကြီးပေါ်မှပစ္စည်းမဟုတ်ပေ။ ထို့အပြင်အနီရောင်မဟူရာချောက်ဟုခေါ်သောနေရာသည်လည်း ‌ဤကမ္ဘာကြီးနှင့်မသက်ဆိုင်ပေ။ ထို့ကြောင့်သူသည်အရမ်းအံ့အားသင့်မနေတော့ပေ။

ထို့ကြောင့် မိုးပြာရောင်နဂါးဘုရင်၏စကားများအားကြားလိုက်ရချိန်တွင် ကျိုးဟောင်သည်လုံးဝထိတ်လန့်မနေပေ။

"အဲဒီအဖွဲ့အစည်းက မွေးလာကတည်းကကြမ်းကြုတ်ပြီး စကြဝဠာတစ်ခုလုံးကိုဖျက်ဆီးပစ်လုနီးပါးလုပ်ခဲ့တာ နောက်ဆုံးမှာသူတို့သုတ်သင်ခံခဲ့ရတယ်ဆိုပေမဲ့ အနည်းစုကတော့အခုချိန်ထိအသက်ရှင်နေတုန်းပဲ သူတို့ရဲ့မူလကျောက်စာစွမ်းအားက ရှေးဟောင်းလျှို့ဝှက်သိုင်းတစ်ခုကနေအမွေဆက်ခံလာတယ်ဆိုတဲ့အတိုင်းပဲ များပြားတဲ့အဖွဲ့အစည်းအကြီးကြီးတွေက ဒီဟာကိုရဖို့အတွက်တိုက်ခိုက်ခဲ့ကြတယ် ဘာပဲဖြစ်ဖြစ်မူလကျောက်စာရဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းတယ် မူလကျောက်စာရဲ့အစွမ်းနဲ့သာ‌ဆို သိုင်းပညာစွမ်းအားရဲ့အကန့်အသတ်ကိုတောင်ကျော်လွန်နိုင်တယ်"

"ဒီရှေးဟောင်းအဖွဲ့အစည်းက ဒီမူလကျောက်စာကိုဘယ်လိုဖန်တီးခဲ့လဲဆိုတဲ့အချက်ကတော့ လျှို့ဝှက်ဆန်းကြယ်တယ် ဒီလျှို့ဝှက်ချက်ကဖော်ထုတ်ခံရပြီး စကြဝဠာတစ်ခုလုံးကိုပျံ့နှံလာမယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ ရှေ့ဖြစ်ဟောသူတွေတောင်ရှိတယ်"

...................................................................................

အခန်း(၄၂၀) ပြီးပါပြီ။

All Chapters