← Chapters

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁) : အကြောင်းပြချက်

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ အတော်လေးထိတ်လန့်နေကာ မယုံကြည်ဖြစ်နေပေသည်။

ဤမူလကျောက်စာသည်ယခုလို နက်ရှိုင်းသောဇစ်မြစ်ရှိနေလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ကျိုးဟောင်သည် ဝိဉာဉ်ဆိုသည့်အရာအားဘာမှန်းမသိသော်လည်း ၎င်းတို့သည်စကြဝဠာတစ်ခုလုံးအားဖျက်ဆီးပစ်လုနီးပါးဖြစ်ခဲ့ကြောင်းသိလိုက်ရသည့်အချိိန်တွင်မည်မျှအန္တရာယ်များကြောင်းတော့သိလိုက်ပေသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့သည်လူသားသိုင်းပညာရှင်များနှင့်သန္ဓေပြောင်းသားရဲအားလုံးကိုဖျက်ဆီးလုနီးပါးအထိ လုပ်နိုင်ခဲ့သည်ဆိုကတည်းက မူလကျောက်စာမှာမည်မျှစွမ်းအားကြီးကြောင်းသိနိုင်ပေသည်။

ဤရှေးဟောင်းစွမ်းအားမည်သည့်နေရာမှလာကြောင်း၊ ၎င်း၏မူလဇာစ်မြစ်မှာမည်သည့်အရာဖြစ်ကြောင်း နှင့် ၎င်းသည်မည်သည့်လျှို့ဝှက်ချက်အားဖုံးကွယ်ထားကြောင်း မည်သူမှမသိပေ။

လူတိုင်းမှာဤစွမ်းအားအားရှာဖွေကာ ၎င်းတို့အကျိုးအတွက်ရယူလိုကြသည်။ ဤသည်မှာသူတို့၏အတွေးဖြစ်သလို၊ ရည်မှန်းချက်လည်းဖြစ်သည်။

ကျိုးဟောင်မှာဤကိစ္စအားနားမလည်နိုင်သေးပေ။ အ‌ဆုံးတွင်မူလကျောက်စာ မည်ကဲ့သို့ဖြစ်သွားမလဲဆိုသည်ကို သူမသိပေ။

ထိုအကြောင်းအရာအားပြောပြပြီးနောက် မိုးပြာရောင်နဂါးဘုရင်၏အမူအရာမှာ ဝမ်းနည်းပုံပေါက်နေလေသည်။

"ငါ့သခင်ဖြစ်တဲ့ အသန်မာဆုံးလူသားရဲ့နာမည်ကဟွမ်းပဲ လူတိုင်းကသူ့ကိုစီနီယာဟွမ်းလို့ခေါ်ကြတယ် ဒါပေမဲ့အခုတော့ သူနဲ့ပတ်သက်တဲ့မှတ်တမ်းတွေက လျှို့ဝှက်ထားတဲ့ဟာတွေဖြစ်သွားပြီ သူနဲ့ပတ်သက်တဲ့တွေရှိရင်တောင်မှတ်တမ်းတွေရှိရင်တောင် အဲဒါတွေကလည်းသူ့ကိုရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်အနေနဲ့ပဲဖော်ပြထားမှာ"

"တကယ်တော့ ငါ့သခင်ဒီနေရာကိုဘယ်လောက်သဘောကျလဲဆိုတာဘယ်သူမှမသိကြဘူး သူ့မှာကမ္ဘာဂြိုဟ်ကထွက်သွားနိုင်တဲ့စွမ်းရည်မျိုးရှိပြီး ဒီလောကရဲ့အပြင်ဘက်မှာတောင် သန်မာတဲ့လူလို့ပြောလို့ရတယ် တကယ်လို့သူကမ္ဘာဂြိုဟ်ကိုမကာကွယ်နိုင်ရင်တောင် သူတစ်ယောက်တည်းအပူအပင်မရှိ အသက်ရှင်နိုင်သေးတယ်"

"တကယ်တော့ စီနီယာဟွမ်းကိုသူတို့မျိုးနွယ်ထဲရောက်အောင်ခေါ်ဖို့ စကြဝဠာမျိုးနွယ်စုပေါင်းများစွာက ဆွဲဆောင်အားကောင်းတဲ့အပေးအယူတွေအများကြီးကမ်းလှမ်းခဲ့ကြတယ် သူတို့ကတန်ကြေးအနေနဲ့ကြယ်သန်းချီအသုံးပြုခဲ့ပြီးတော့ သူတို့ရဲ့သွေးမျိုးဆက်ကိုအမွေဆက်ခံဖို့ကိုတောင်မှ ကမ်းလှမ်းခဲ့ကြတယ် အတိုချုံးပြောရရင် ငါ့သခင်ကဆွဲဆောင်မှုပေါင်းစုံနဲ့တွေ့ကြုံခဲ့ရတယ်"

"ဒါပေမဲ့ ဒီလိုရလဒ်မျိုးဖြစ်လာမယ်လို့ ငါမထင်ထားခဲ့ဘူး"

မိုးပြာရောင်စကားဘုရင်မှာထိုစကားအားပြောပြီးနောက် အမူအရာမှာဝမ်းနည်းနေပေရာ မိုးပြာရောင်နဂါးဘုရင်မှာအလွန်အမင်းစိတ်ထိခိုက်နာကျင်နေရကြောင်းကို ကျိုးဟောင်ခံစားမိပေသည်။

"မိုးပြာရောင်နဂါးဘုရင် ဒီကိစ္စနဲ့ပတ်သက်ပြီးထပ်ပြောပြလို့ရမလား"

ကျိုးဟောင်မှာထိုအချိန်တွင်စကားထပြောလိုက်သည်။ ဤမူလကျောက်စာသည်မည်သည့်အရာဖြစ်ကြောင်းနှင့် စီနီယာဟွမ်းမှာဘာကြောင့်သိုင်းပညာရှင်အားလုံးအားဖျက်ဆီးပစ်ချင်ခဲ့ကြောင်းအား သိလိုစိတ်စောနေပေသည်။

မိုးပြာရောင်နဂါးဘုရင်မှာအသက်ပြင်းပြင်းတစ်ချက်ရှုကာ ဖြည်းဖြည်းချင်းရှင်းပြလာခဲ့သည်။

ကျိုးဟောင်သည်လည်း ထိုကိစ္စအားကြားသောအခါ အလွန်ထိတ်လန့်သွားခဲ့သည်။

ကြည့်ရသည်မှာ မူလကျောက်စာ၏ဇာစ်မြစ်အားမည်သူမှမသိကြပေ။ သိခဲ့ရသောတစ်ခုတည်းသောကိစ္စမှာ စကြဝဠာတွင်ရုတ်တရက်ဝိဉာဉ်မျိုးနွယ်စု ၂ခုပေါ်ပေါက်လာခဲ့သောကိစ္စသာဖြစ်သည်။ ထိုမျိုးနွယ်စုများသည်အလွန်စွမ်းအားကြီးပြီး တိုက်ခိုက်ရခြင်းကိုနှစ်ခြိုက်ကြပေသည်။ ၎င်းတို့၏စွမ်းအားကြီးသောဝိဉာဉ်စွမ်းအားနှင့်မူလကျောက်စာကြောင့် သာမန်သိုင်းပညာရှင်များမှာ သူတို့၏ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့်ထိုမျိုးနွယ်စုများသည် စကြဝဠာ၏နေရာအများစုအားလျင်မြန်စွာကြီးစိုးလာနိုင်ခဲ့သည်။

သို့သော်ထိုအချိန်တွင် များစွာသောစကြဝဠာမျိုးနွယ်ပညာရှင်များမှာပူးပေါင်းကာ အလစ်ဖမ်းတိုက်ခိုက်ရန်စီစဉ်ခဲ့ကြသည်။ ထိုအခါမှသာ ဤမျိုးနွယ်များအားဖျက်ဆီးနိုင်မည်ဖြစ်သည်။

ကျိုးဟောင်မှာဤကိစ္စမည်သို့ဖြစ်သွားခဲ့ကြောင်းမသိခဲ့ရသလို မိုးပြာရောင်နဂါးဘုရင်သည်လည်းမသိခဲ့ရပေ။ မိုးပြာရောင်နဂါးဘုရင်သည် ဤရလဒ်တစ်ခုကိုသာသိခဲ့ရပေသည်။

၎င်းမှာ ဝိဉာဉ်မျိုးနွယ်သည်မကောင်းဆိုးဝါးမျိုးနွယ်ဖြစ်လာခဲ့ပြီး တိုက်ခိုက်ခံခဲ့ရကြောင်းသာဖြစ်သည်။ သို့သော် စကြဝဠာမျိုးနွယ်များစွာသည်လည်း သူတို့၏ခွန်အားအား ငမ်းငမ်းတက်လိုချင်ခဲ့ကြပေသည်။ ဝိဉာဉ်မျိုးနွယ်၏စွမ်းအားမှာမူလကျောက်စာနှင့်သက်ဆိုင်နေကြောင်းကို သူတို့လည်းသိပေသည်။

စင်စစ်တွင် ထိုမျိုးနွယ်စုပိုင်ဆိုင်ထားသောရှေးဟောင်းစွမ်းအားမှာစကြဝဠာ၏ဇာစ်မြစ်လျှို့ဝှက်ချက်နှင့်သက်ဆိုင်နေပြီး အလွန်နက်နဲလှပေသည်။ သူတို့သည်ထိုလျှို့ဝှက်ချက်အားသိလိုကြပြီး ထိုလျှို့ဝှက်ချက်နှင့်ဆက်စပ်နေသောတစ်ခုတည်းသောအရာမှာလည်း မူလကျောက်စာသာဖြစ်ပေသည်။

ထို့ကြောင့် အားလုံးမှာမူလကျောက်စာအားရယူလိုကြပေသည်။

ဤကိစ္စများသည်ကမ္ဘာဂြိုဟ်နှင့်လုံးဝသက်ဆိုင်ခြင်းမရှိပေ။ ထိုအချိန်ကကမ္ဘာဂြိုဟ်သည်အတော်လေးရှေးကျပေရာ စကြဝဠာထဲတွင်၎င်းသည် မည်သည့်မျိုးနွယ်မှပင်မတိုက်ခိုက်လိုသော ဂြိုဟ်အသေးလေးတစ်ခုသာဖြစ်ခဲ့ပေသည်။

အကြောင်းမှာကမ္ဘာဂြိုဟ်သည်အရင်းအမြစ်များရှားပါးရုံသာမက အလွန်အစွန်အဖျားကျ၍လည်းဖြစ်သည်။

စကြဝဠာ ၇သည် စကြဝဠာ၏ဗဟိုနှင့်အလွန်ဝေးကွာလှ‌ပေသည်။ ကမ္ဘာဂြိုဟ်ကဲ့သို့သော ဂြိုဟ်ပေါင်းများစွာရှိပေသည်။ ထို့ကြောင့်ထိုမျိုးနွယ်စုများမှာကမ္ဘာဂြိုဟ်အားလုံးဝစိတ်မဝင်စားကြပေ။ သို့သော် စီနီယာဟွမ်းကြီးစိုးခဲ့သောတစ်ခေတ်တစ်ခါတွင် ကိစ္စတစ်ခုဖြစ်ပျက်ခဲ့သည်။

ထိုကိစ္စသည်စီနီယာဟွမ်းထံတွင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က စီနီယာဟွမ်းသည်လူသားမျိုးနွယ်၏ တစ်ဦးတည်းသောကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။

သူသည်ထိုခေတ်အားကြီးစိုးနိုင်သည်ဆိုသော်ငြား ကမ္ဘာဂြိုဟ်ပေါ်တွင်နံပါတ်တစ်ပညာရှင်မဖြစ်သေးပေ။

တစ်နေ့တွင်စီနီယာဟွမ်းသည် အပြင်တွင်သန္ဓေပြောင်းသားရဲများအားအမဲလိုက်ရင်း ဂူတစ်လုံးအားတွေ့ခဲ့ရသည်။ ထိုဂူထဲတွင် အာကာသပြင်ပမှလာသည့်သေဆုံးနေသောဂြိုလ်သားအလောင်းတစ်ခုရှိနေကာ ထိုဂြိုလ်သားသည်ဝိဉာဉ်မျိုးနွယ်မှ ပညာရှင်တစ်ယောက်ဖြစ်ပေသည်။ ထိုပညာရှင်မှာမူလကျောက်စာ၏နက်နဲမှု၊ မူလကျောက်စာအနှစ်သာရကျင့်ကြံရေးသိုင်းနှင့် မှတ်စုစာအုပ်တစ်အုပ်အား ချန်ထားရစ်ခဲ့ပေသည်။

စီနီယာဟွမ်းမှာထိုမှတ်စုစာအုပ်အားတွေ့ခဲ့ကာအထဲတွင်ပါဝင်သောအကြောင်းအရာများအား ဖွင့်ကြည့်ပြီးနောက် ထိတ်လန့်သွားခဲ့သည်။ မှတ်စုစာအုပ်အားဖတ်ပြီးနောက် သူနေထိုင်ရာစကြဝဠာ၏တည်နေရာအား ဤမှတ်စုထဲမှသိခဲ့ရသလို ဝိဉာဉ်များအကြောင်းလည်းသိခဲ့ရပေသည်။ မှတ်စုထဲတွင်သူနေထိုင်ရာစကြဝဠာပြင်ပတွင်ဖြစ်ပျက်နေသောအကြောင်းအရားအများအပြားကိုလည်းမှတ်တမ်းတင်ထားပေသည်။

အစပိုင်းက မှတ်စုစာအုပ်ထဲတွင်ပါဝင်သောအကြောင်းအရာများအားယုံကြည်ရမလား မယုံကြည်ရမလားမသိသော်လည်း ရှေ့ရှိဂြိုဟ်သားအားကြည့်ကာ ထိုအကြောင်းအရာများသည်သေချာပေါက်အတုအယောင်မဟုတ်ကြောင်းကို စီနီယာဟွမ်းသဘောပေါက်ခဲ့ပေသည်။

သို့သော် မှတ်စုစာအုပ်အားအဆုံးထိဖတ်ပြီးနောက် စီနီယာဟွမ်းမှာအံ့ဩသွားခဲ့ရသည်။

အကြောင်းမှာ ဝိဉာဉ်များမှာမျိုးဆက်ပေါင်းများစွာအတွက်စကြဝဠာ၏လျှို့ဝှက်ချက်အားဖော်ထုတ်ရန်ကြိုးစားခဲ့ကြကြောင်းကို သိလိုက်ရ၍ဖြစ်သည်။

ထို့အပြင်ဤလျှို့ဝှက်ချက်အားရှာဖွေနိုင်မည့်အဓိကသော့ချက်မှာ မူလကျောက်စာသာဖြစ်သည်။

မူလကျောက်စာနှင့် ဝိဉာဉ်မျိုးနွယ်၏စွမ်းအားမှာ မူလအထိမ်းအမှတ်ကျောက်စာမှဆင်းသက်လာကြောင်းကိုလည်း မှတ်စုစာအုပ်ထဲတွင်ဖော်ပြထားပေသည်။

ဤမူလကျောက်စာသည် မူလအထိမ်းအမှတ်ကျောက်စာအားနားလည်သဘောပေါက်ရာမှရရှိလာသောကျင့်ကြံရေးသိုင်းဟုပြောနိုင်ပေသည်။ ၎င်းသည်ဝိဉာဉ်မျိုးနွယ်စုအားစွမ်းအားကြီးစေခဲ့သည့်အရာလည်းဖြစ်သည်။

သို့သော်ဝိဉာဉ်မျိုးနွယ်သည် ဤစွမ်းအားအားရရှိပြီးနောက် အလွန်ဘဝင်မြင့်ကာ ထိုလျှို့ဝှက်ချက်အားရှာဖွေရန်အကြောင်းပြချက်တစ်ခုတည်းဖြင့်စကြဝဠာတစ်ခုလုံးအားလုယက်ရန် စီစဉ်ခဲ့ကြသည်။

သို့သော်မျိုးဆက်များစွာတိုင်ရှာဖွေခဲ့သော်လည်း ဤလျှို့ဝှက်ချက်အားမသိခဲ့ရပေ။

အဆုံးတွင် သူတို့၏ဝိဉာဉ်မျိုးနွယ်သည် လျှို့ဝှက်ချက်အားမဖော်ထုတ်နိုင်ခင်မှာပင် ဖျက်ဆီးခံခဲ့ရသည်။

သို့သော်မှတ်စုစာအုပ်၏အဆုံးတွင် ဝိဉာဉ်မျိုးနွယ်ပညာရှင်သည် ထိုလျှို့ဝှက်ချက်သည် ဤကမ္ဘာဂြိုဟ်ပေါ်တွင်ရှိနေသည်ကိုသိခဲ့ရကြောင်းကို တကယ်ပင်ရေးထားခဲ့လေသည်။

ကမ္ဘာဂြိုဟ်ဟူသောစာလုံးအားမြင်ပြီး စီနီယာဟွမ်းမှာချက်ချင်းပင်ထိတ်လန့်သွားကာကြက်သေသေသွားခဲ့သည်။

စကြဝဠာအားဖျက်ဆီးပစ်လုနီးပါးဖြစ်ခဲ့သောဝိဉာဉ်မျိုးနွယ်ပညာရှင်တစ်ယောက်မှာတကယ်ပင် ကမ္ဘာဂြိုဟ်ပေါ်၌ပေါ်လာခဲ့သည်။ ထို့အပြင်တစ်ဖက်လူသည်လျှို့ဝှက်ချက်မှာ ကမ္ဘာဂြိုဟ်ပေါ်တွင်ရှိကြောင်းကိုပင် ဖော်ပြခဲ့ပေသည်။

ဤအချက်သည်အဘယ်မှာ စီနီယာဟွမ်းအားစိုးရိမ်ကာမကြောက်လန့်စေပဲနေမည်လော။ သူသည်ပို၍ပင်ထိတ်လန့်သွားခဲ့သည်။

ထိုမျှသာမက အခြားစကြဝဠာများတွင်လည်း အခြားဝိဉာဉ်မျိုးနွယ်ပညာရှင်များရှိသေးပေသည်။

စီနီယာဟွမ်းမှာဤကိစ္စအားသိလိုက်ရချိန်တွင် ကမ္ဘာဂြိုဟ်နှင့်ဤလျှို့ဝှက်ချက်အကြောင်းအခြားလူများအားပေးသိလိုက်သည်ထက်စာလျှင် ဤလျှို့ဝှက်ချက်အားမိမိဘာသာရှာဖွေသည်မှာပိုကောင်းကြောင်းကိုနားလည်သွားခဲ့သည်။

ထို့ကြောင့်စီနီယာဟွမ်းသည် မူလကျောက်စာအားကျင့်ကြံခဲ့သည်။

ဤစွမ်းအားသည်လူသားများကျင့်ကြံရန်အလွန်သင့်တော်ပေရာ နှစ်အနည်းငယ်အတွင်းမှာပင်စီနီယာဟွမ်းသည် အခြေခံများအားပိုင်နိုင်နေပြီဖြစ်သည်။

စီနီယာဟွမ်းသည်ထိုလျှို့ဝှက်ချက်အားရှာဖွေရန်ဆက်လက်ကြိုးစားခဲ့သည်။သို့သော် ထိုလျှို့ဝှက်ချက်သည်အလွယ်တကူရှာတွေ့နိုင်သောအရာမဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ၎င်းသည်စကြဝဠာကြီး၏မူလဇာစ်မြစ်ဖြစ်ပေသည်။

၎င်းသည်အမှန်တကယ်ပင်မယုံကြည်နိုင်စရာကောင်းလှသည်။

သို့သော်လျှို့ဝှက်ချက်အားရှာဖွေမှုကျရှုံးပြီးနောက် စီနီယာဟွမ်းမှာ ကြိုတင်မကာကွယ်ဘဲမနေဝံ့ပေ။

လျှို့ဝှက်ချက်မှာကမ္ဘာဂြိုဟ်ပေါ်တွင်ရှိကြောင်း အာကာသာထဲရှိအခြားမျိုးနွယ်များသိသွားသည်နှင့် ကမ္ဘာဂြိုဟ်မှာကျဆုံးသွားနိုင်ပေသည်။

ထို့အပြင်၌ဤလျှို့ဝှက်ချက်အားရှာဖွေနေသူမှာ ဝိဉာဉ်မျိုးနွယ်တစ်ခုတည်းမဟုတ်ပေ။

စကြဝဠာမျိုးနွယ်စုအားလုံး၏အာရုံအားဆွဲဆောင်မိလိုက်ပါက အကျိုးဆက်မှာမတွေးဝံ့စရာပင်။

စီနီယာဟွမ်းမှာကမ္ဘာဂြိုဟ်အားဂရုစိုက်သူဖြစ်ပေရာ လျှို့ဝှက်ချက်သည်ဤနေရာတွင်ရှိနေကြောင်းအခြားလူများအား ပေးမသိနိုင်ပေ။

သို့သော်နှစ်ပေါင်းများစွာရှာဖွေလာပြီးနောက်ပိုင်းတွင်ပင် သူသည်ထိုလျှို့ဝှက်ချက်အားမသိရသေးပေ။

အဆုံးတွင် စီနီယာဟွမ်းသည်ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။

၎င်းမှာကမ္ဘာဂြိုဟ်အား ချိတ်ပိတ်ရန်သာဖြစ်သည်။

....................................................................................

အခန်း(၄၂၁) ပြီးပါပြီ။

အခန်း (၄၂၂) : ရွေးချယ်မှု

ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။

"မိုးပြာရောင်နဂါးဘုရင် ခင်ဗျားပြောတာအမှန်ပဲလား ဒီလျှို့ဝှက်ချက်ကတကယ်ကမ္ဘာဂြိုဟ်ပေါ်မှာရှိနေတာလား"

ကျိုးဟောင်မှာအလွန်သိချင်စိတ်ဖြစ်ကာတန်းမေးလိုက်လေသည်။

"ဒီအကြောင်းကို စီနီယာဟွမ်းကိုယ်တိုင်ငါ့ကိုပြောပြခဲ့တာဒါအမှန်ဟုတ်မဟုတ်ငါမသိဘူး ဒါပေမဲ့ သူဒီအကြောင်းငါ့ကိုပြောပြတဲ့အချိန်တုန်းကအရမ်းနက်နဲတဲ့ကျင့်ကြံဆင့်ကိုရောက်နေပြီ စကြဝဠာကြီးမှာလှည့်လည်သွားလာဖို့တောင် သူငါ့ကိုခေါ်သွားပေးခဲ့တာ"

"သူကလူသားတစ်ယောက်ဆိုပေမဲ့ ပြင်ပအာကာသမှာသူနဲ့တူတဲ့တခြားမျိုးနွယ်စုအချို့ရှိသေးတယ် ပြီးတော့စီနီယာဟွမ်းကချပ်ဝတ်ဝတ်ထားတာ ဒါကြောင့်သူကကမ္ဘာဂြိုဟ်ပေါ်ကလူဆိုတဲ့သရုပ်မှန်ကို ဘယ်သူမှမသိခဲ့ကြဘူး"

"စီနီယာဟွမ်းကစကြဝဠာတစ်ခွင်လှည့်လည်ရင်း ဝိဉာဉ်မျိုးနွယ်နဲ့မူလကျောက်စာရဲ့လျှို့ဝှက်ချက်တွေကိုဆက်ရှာတယ်'

"တကယ်တော့ စီနီယာဟွမ်းကကျန်နေသေးတဲ့ဝိဉာဉ်တွေကိုစုဆောင်းနေတဲ့အဖွဲ့အစည်းထဲကိုတောင်ဝင်ခဲ့တာ ပထမအချက်က ဒီဖြစ်လာနိုင်တဲ့ခြိမ်းခြောက်မှုတွေကိုဖြေရှင်းချင်လို့ပဲ ဒုတိယအချက်က ကမ္ဘာဂြိုဟ်ရဲ့လျှို့ဝှက်ချက်ကိုဖုံးကွယ်ထားဖို့လည်းပါတယ် စီနီယာဟွမ်းကဝိဉာဉ်မျိုးနွယ်ပညာရှင်တွေအများကြီးကိုသတ်ပစ်ခဲ့ပြီး သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုလည်းဖုံးကွယ်ထားခဲ့တယ်"

"ဒါပေမဲ့ သူစကြဝဠာကြီးအကြောင်းပိုပိုနားလည်လာတာနဲ့အမျှ စီနီယာဟွမ်းကပိုပိုကြောက်လာတယ် ဘာကြောင့်လဲဆိုရင် စကြဝဠာကြီးထဲမှာထူးဆန်းတဲ့မျိုးနွယ်တွေအများကြီးရှိတယ် မသိသေးတဲ့အကြောင်းအရာတွေအများကြီးကိုမှန်းဆနိုင်တဲ့ရှေ့ဖြစ်ဟောသူတွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့မျိုးနွယ်တစ်ခုတောင်ရှိတယ်"

မိုးပြာရောင်နဂါးဘုရင်မှာထိုစကားအားပြောနေချိန်တွင် သူကိုယ်တိုင်လည်းစိတ်လှုပ်ရှားနေပေသည်။

စီနီယာဟွမ်းရှေ့ဖြစ်ဟောသူများအားရှာခဲ့သည့်အကြောင်းအရင်းမှာ ရှေ့ဖြစ်သောသူများ၏စွမ်းရည်အားမျက်မြင်တွေ့လို၍ဖြစ်သည်။

နောက်ပိုင်းတွင်ရှေ့ဖြစ်ဟောသူများသည် စကြဝဠာ၏စွမ်းအင်အနှစ်သာရအားကျင့်ကြံပြီးမှသာ ကိစ္စများအားအဖြေထုတ်နိုင်သည့်စွမ်းရည်ရရှိနိုင်ကြောင်းသိခဲ့ရပေသည်။

ကမ္ဘာဂြိုဟ်အတွက်မူ ၎င်းသည်စကြဝဠာစွမ်းအင်အမျိုးအစားထဲမှတစ်မျိုးဖြစ်သော်လည်း အလွန်အားနည်းကာလုံးဝသတိမပြုနိုင်ပေ။

ထိုသို့စဉ်းစားမိကာ စီနီယာဟွမ်းမှာနောက်ဆုံးတွင်ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

တစ်ချိန်တည်းမှာပင် စီနီယာဟွမ်း၏အသက်မှာအဆုံးသတ်ခါနီးပြီဖြစ်ရာ လူသားများနှင့်ကမ္ဘာဂြိုဟ်အားကာကွယ်နိုင်စွမ်းမရှ်တော့ပေ။ ထို့ကြောင်စီနီယာဟွမ်းသည်ကမ္ဘာဂြိုဟ်အား ချိတ်ပိတ်ထားရန်စီစဉ်ခဲ့သည်။

စီနီယာဟွမ်းမှာ ကမ္ဘာဂြိုဟ်၏ပြင်ပအားချိတ်ပိတ်ရန် မူလကျောက်စာ၏စွမ်းအားကိုအသုံးပြုကာ ကမ္ဘာဂြိုဟ်၏အငွေ့အသက်အားလုံးအားဖုံးကွယ်ခဲ့သည်

တစ်ချိန်တည်းမှာပင် သူသည်ရူးမိုက်သောဆုံးဖြတ်ချက်တစ်ခုကိုလည်းချခဲ့သည်။

၎င်းမှာကမ္ဘာဂြိုဟ်၏ သိုင်းပညာလမ်းစဉ်အမွေဆက်ခံမှုအားဖျက်ဆီးရန်သာဖြစ်သည်။

ဤစိတ်ကူးမှာရူးသွပ်သည်ဆိုသော်ငြား ၎င်းသည်တကယ်ပင်အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်။

သူသည်ကမ္ဘာဂြိုဟ်နှင့် ၎င်း၏အငွေ့အသက်အားလုံးအားဖုံးကွယ်ရန်မူလကျောက်စာကိုအသုံးပြုနိုင်ပြီး တစ်ချိန်တည်းမှာပင် ကမ္ဘာဂြိုဟ်၏သိုင်းပညာလမ်းစဉ်အားဖျောက်ဖျက်ပစ်လိုက်ခြင်းဖြင့် လူတိုင်းကမ္ဘာဂြိုဟ်မှထွက်ခွာသွားနိုင်မည့် အရေးကိုတားဆီးနိုင်ပေသည်။

အကြောင်းမှာ လူသားများကမ္ဘာဂြိုဟ်မှထွက်ခွာသွားသည်နှင့် ကမ္ဘာဂြိုဟ်မှာကျန်စကြဝဠာများ၏မြင်ကွင်းထဲရောက်သွားမည်ဖြစ်ပြီး ထိုမျိုးနွယ်များမှာလျှို့ဝှက်ချက်အားရှာတွေ့သွားနိုင်ပေသည်။

ထိုမျိုးနွယ်များ ဤလျှို့ဝှက်ချက်အားသိသွားသည်နှင့်ကမ္ဘာဂြိုဟ်မှာ ငရဲခန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

စကြဝဠာထဲတွင် ရှင်းပစ်ခံလိုက်ရသောမျိုးနွယ်ပေါင်းများစွာအားသူတွေ့ခဲ့ဖူးသလို ကျွန်ပြုခံရသောမျိုးနွယ်များလည်းရှိကာ ၎င်းမှာလူသားများအားငွေကြေးလိုအသုံးပြုလာနိုင်သည်အထိပင်ဖြစ်လာစေပေသည်။

မှန်ပေသည် ထိုအရာသည်တကယ်ပင်ရက်စက်လှပေသည်။

စကြဝဠာထဲတွင်ငွေကြေးများစွာရှိသော်လည်း အဖွဲ့အစည်းတိုင်းတွင်၎င်းတို့၏ကိုယ်ပိုင်ငွေကြေးရှိကြပေသည်။ ၎င်းသည်ချင်ရှစ်ဟွမ်း တိုင်းပြည်၆ခုအား ပေါင်းစည်းခဲ့သလိုပင်ဖြစ်သည်။

စကြဝဠာအားအုပ်ချုပ်သူမရှိသော်ငြား အချင်းချင်းအလဲအလှယ်ဖြစ်ပေါ်လာသည်မှာသာမန်သာဖြစ်သည်။

ဤမျိုးနွယ်များသည်အလဲအလှယ်အတွက် အသက်များအားငွေကြေးအနေနှင့်အသုံးပြုခြင်းအားစီနီယာဟွမ်းမှာ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပေသည်။

အချို့ဆိုလျှင် အသက်ပေါင်းသောင်းချီ သို့မဟုတ် သိန်းချီဖြင့်ပင်အလဲအလှယ်လုပ်ကြသည်။

တစ်ခါတစ်ရံ ဂြိုဟ်များနှင့်ပင်အလဲအလှယ်လုပ်ကြသည်။

အချို့အဖွဲ့အစည်းများမှာ သူတို့၏ပုံတူကူးယူထားသည့်ဒုတိယနှင့်တတိယမြောက်အခြေစိုက်စခန်းများအားထောက်ပံ့ရန် ဂြိုဟ်များကိုပင်ရောင်းကြသည်။

စီနီယာဟွမ်းမှာယခုလိုကိစ္စများအား များစွာမြင်ဖူးပေသည်။ ထို့ကြောင့်ဤနည်းလမ်းတစ်ခုတည်းကသာကမ္ဘာဂြိုဟ်အားကယ်တင်နိုင်မည့်နည်းလမ်းဟုခံစားခဲ့ရပေသည်။

သို့သော် ကိစ္စများမှာသူ့ဆန္ဒအတိုင်းဖြစ်မလာခဲ့ပေ။ ဤကိစ္စအားလူသားမျိုးနွယ်မှပညာရှင်တစ်ယောက်သိသွားခဲ့သည်။ စီနီယာဟွမ်းသည်ကမ္ဘာဂြိုဟ်ပေါ်ရှိသိုင်းပညာလမ်းစဉ်အားဖျက်ဆီးရန်ပြင်နေသည့်အချိန်တွင် လုပ်ကြံခံရကာဤကိစ္စအားအပြည့်အဝမဖြေရှင်းနိုင်ခင်မှာပင် သေဆုံးသွားခဲ့ရသည်။

စင်စစ်တွင် ထိုပညာရှင်သည်ဤလျှို့ဝှက်ချက်ကိုပင်ဖုံးကွယ်ထားခဲ့သည်။

ထိုပညာရှင်သည််လည်းမူလကျောက်စာအားကျင့်ကြံခဲ့ကာ မိုးပြာရောင်နဂါးဘုရင်သည်လည်း၎င်း၏ဖမ်းချုပ်ထားခြင်းကိုခံခဲ့ရသည်။

ထိုလူသည်လျှို့ဝှက်ချက်အားရှာဖွေကာ စကြဝဠာကိုပင်အုပ်စိုးလိုခြင်းဖြစ်သည်။

"အဲဒီပညာရှင်ကစကြဝဠာကြီးကိုအုပ်စိုးချင်တယ်ဆိုပေမဲ့ မတုံးဘူး အကြွင်းမဲ့စွမ်းအားမရှိဘဲနဲ့တိုက်ခိုက်လို့မရဘူး သူ့ဆီကနေနှစ်ပေါင်းများစွာဖိနှိပ်ခံရပြီးနောက်ပိုင်း သူအသက်ရှင်နေသေးလားဆိုတာငါမသိဘူး ဒါပေမဲ့သူရှိရှိမရှိရှိ လူသားတွေနဲ့ကမ္ဘာဂြိုဟ်ရဲ့အကျပ်အတည်းကတော့ရှိနေတုန်းပဲ"

"ပြီးတော့စီနီယာဟွမ်းကမ္ဘာဂြိုဟ်ပြင်ပမှာချန်ထားခဲ့တဲ့အကာအကွယ်က ဘယ်လောက်မှအများကြီးမခံနိုင်တော့ဘူးဆိုတာကိုလည်းငါခံစားမိတယ် အချိန်ကျလို့အဲဒါလုံးဝပျောက်ကွယ်သွားရင် ကမ္ဘာဂြိုဟ်ရဲ့ဖြစ်တည်မှုကပေါ်သွားပြီး မျိုးနွယ်ခြားတွေအများကြီးကရှာတွေ့သွားကြလိမ့်မယ်"

"ဒီနေရာမှာစကြဝဠာရဲ့မူလဇာစ်မြစ်ရှိနေမှန်းသူတို့သေချာပေါက် မဖြစ်မနေသိနေနိုင်တာမျိုးတော့မဟုတ်ပေမဲ့ စီနီယာဟွမ်းကအာမမခံရဲဘူး စကြဝဠာထဲမှာဒီလိုမျိုးဂြိုဟ်ပေါင်းများစွာရှိပြီးတော့ တစ်ချို့တွေကဒီဂြိုဟ်ကိုတိုက်ဖို့တောင်အရမ်းပျင်းကြတယ်ဆိုပေမဲ့ ဘယ်ဟာကိုမှအကြွင်းမဲ့ယုံထားလို့မရဘူး"

မိုးပြာရောင်နဂါးဘုရင်မှာအလွန်စိုးရိမ်နေပြီး ကျိုးဟောင်သည်လည်းလုံးဝနားလည်သွားခဲ့ပြီဖြစ်သည်။

လက်တွေ့တွင် အဖြစ်အပျက်များသည်ယခုလိုဖြစ်ပျက်ခဲ့ခြင်းပင်။

ထိုအချိန်ကစီနီယာဟွမ်းဤဆုံးဖြတ်ချက်အားချခဲ့စဉ်က သူ့အတွက်မည်မျှတောင်နာကျင်ရမည်နည်း။

ကမ္ဘာဂြိုဟ်အားကာကွယ်ရန် သိုင်းပညာလမ်းစဉ်အားဖျက်ဆီးရုံကလွဲ သူ့ထံတွင်အခြားရွေးချယ်စရာမရှိပေ။

ထိုအချိန်ကသူ့ရွေးချယ်မှုသည် မှန်ကန်ခဲ့လောက်သည်။

အဘယ့်ကြောင့်ဆိုသော်ဤနည်းဖြင့်သာ ဤကိစ္စအားမည်သူမျှမသိစေဘဲ လုံးဝဖြေရှင်းနိုင်မည်ဖြစ်သည်။

ထိုအချိန်က စီနီယာဟွမ်းသည်အခြားလူတစ်ယောက်မှသိသွားလိမ့်မည်ဟုမထင်ထားခဲ့ပေရာ တာဝန်အားပြီးဆုံးအောင်မလုပ်နိုင်ခဲ့ပေ။ ပြင်ပအာကာသမှတစ်စုံတစ်ခု ကမ္ဘာဂြိုဟ်အားဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်းသိထားပြီးပြီဖြစ်၍ ကျိုးဟောင်သည်လည်း စိုးရိမ်လာခဲ့သည်။

ဥပမာဆိုရလျှင် အနီရောင်မဟူရာချောက်နက်ရှိ သီးခြားရပ်တည်‌နေသည့် ဉာဏ်ရည်မြင့်သောအရာဖြစ်သည်။

သို့သော်ဤသီးခြားရပ်တည်‌နေသည့် ဉာဏ်ရည်မြင့်သောအရာသည် မူလကျောက်စာအကြောင်းသေချာပေါက်မသိထားကြောင်းကို ကျိုးဟောင်သိပေသည်။ ၎င်းကမ္ဘာဂြိုဟ်ပေါ်သို့ရောက်လာနိုင်ခြင်းသည် တိုက်ဆိုင်မှုတစ်ခုသာဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ပျက်စီးနေသောစွမ်းအင်ခန္ဓာကိုယ်နှင့်သီးခြားရပ်တည်‌နေသည့် ဉာဏ်ရည်မြင့်သောအရာတစ်ခုမှာ ၎င်း၏ပြန်လည်ကောင်းမွန်လာရေးကိုသာအာရုံစိုက်ထားပြီး ၎င်းသည်ကမ္ဘာဂြိုဟ်ပေါ်သို့မတော်တဆဝင်ရောက်လာခဲ့ခြင်းဖြစ်နိုင်သည်။

"မိုးပြာရောင်နဂါးဘုရင် ခင်ဗျားဒီကိစ္စ‌တခြားလူကိုပြောဖူးလား"

ကျိုးဟောင်မှအလျင်အမြန်ပင်မေးလိုက်သည်။

"‌မပြောဖူးဘူး ငါပုံမှန်ဆိုဒီကိစ္စအကြောင်းဘယ်သူ့ကိုမှမပြောဘူး ငါမင်းကိုဒီအကြောင်းပြောပြရတဲ့အကြောင်းအရင်းက မင်းကမူလကျောက်စာကိုကျင့်ကြံထားတဲ့လူမလို့ပဲ ဒါကအရမ်းအန္တရာယ်များတယ်ဆိုတာကိုငါသိပေမဲ့ ဒီအတိုင်းဆက်ပြီးလျှို့ဝှက်ထားတာထက်စာရင် မင်းကိုပြောပြလိုက်တာကပိုကောင်းတယ်"

"မင်းမူလဇာစ်မြစ်ရဲ့လျှို့ဝှက်ချက်ကိုရှာပြီး စကြဝဠာကြီးကိုအုပ်စိုးချင်သည်ဖြစ်စေ ဒါမှမဟုတ်ကမ္ဘာဂြိုဟ်ကိုကာကွယ်ချင်သည်ဖြစ်စေ ဒီကိစ္စအကြောင်းတော့သိထားသင့်တယ် ပြီးတော့မင်းဘာကိုပဲရွေးချယ်ပါစေ အများဆုံးမှစီနီယာဟွမ်းကိုသတ်ခဲ့တဲ့အဲဒီမကောင်းတဲ့ကောင်လောက်ပဲဖြစ်လာမှာ မင်းဘဝင်မြင့်ပြီးတော့ စကြဝဠာကြီးကဒီနေရာကိုသေချာပေါက်ရှာတွေ့သွားစေမှာတော့မဟုတ်ဘူး"

မိုးပြာရောင်နဂါးဘုရင်၏စကားများမှာ သူသည်ဤကိစ္စနှင့်ပတ်သက်ပြီးအများကြီးဂရုတစိုက်စဉ်းစားထားကြောင်းကိုဖော်ပြနေပေသည်။ နှစ်ပေါင်းများစွာကြာသည်အထိတောင် သူသည်အမြဲတမ်းဤကိစ္စအကြောင်းကိုသာစဉ်းစားနေခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာသခင်ဖြစ်သူပေးခဲ့သောအမိန့်ဖြစ်ပေရာ အဘယ်မှာသခင့်အမိန့်အားမနာခံဘဲနေနိုင်မည်နည်း

"မိုးပြာရောင်နဂါးဘုရင်စိတ်ချပါ ကျွန်တော်အဲဒီလိုကိစ္စမျိုးတွေမလုပ်ပါဘူး ကမ္ဘာဂြိုဟ်ကိုပဲကာကွယ်မှာပါ ကျွန်တော်လျှို့ဝှက်ချက်ကိုရှာတွေ့တွေ့ မတွေ့တွေ့ သေချာပေါက်ကမ္ဘာဂြိုဟ်ကိုအန္တရာယ်ကျရောက်ခွင့်ပြုမှာမဟုတ်ပါဘူး"

ကျိုးဟောင်မှာအသက်ပြင်းပြင်းသာရှူလိုက်မိသည်။ သူ၏လက်ရှိရည်ရွယ်ချက်မှာ အစကတည်းကစီနီယာဟွမ်းနှင့်အတူတူပင်ဖြစ်သည်။ ကျိုးဟောင်သည် ပထမဆုံးအနေဖြင့်လျှို့ဝှက်ချက်အားရှာဖွေမည်။ အကယ်၍ လျှို့ဝှက်ချက်အားမရှာဖွေနိုင်ပါက စီနီယာဟွမ်းကဲ့သို့ပင် တူညီသောရွေးချယ်မှုကိုသာလုပ်ရပေလိမ့်မည်။

ထိုအကြောင်းအား‌တွေးရင်း ကျိုးဟောင်မှာနာကျင်နေသောအမူအရာဖြင့် မျက်လုံးများအားမှိတ်လိုက်မိသည်။

ထိုသို့သောဖြစ်ရပ်မျိုးမဖြစ်ပျက်ခင် စဉ်းစားရုံဖြင့်ပင် သူ၏နှလုံးသားမှာပုရွတ်ဆိတ်ထောင်ချီအကိုက်ခံရသကဲ့သို့နာကျင်နေရပေသည်။

မည်သို့ပင်ဖြစ်စေယခင်တုန်းကစီနီယာဟွမ်းချခဲ့သောဆုံးဖြတ်ချက်မျိုးချရမည်ဆိုပါက သူ့အတွက်အလွန်နာကျင်စရာကောင်းလိမ့်မည်မဟုတ်ပေလော။

ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာ မိုးပြာရောင်နဂါးဘုရင်အားကြည့်လိုက်သည်။

"မိုးပြာရောင်နဂါးဘုရင်ကျွန်တော်ကမူလကျောက်စာကိုသင်ထားတာဆိုတော့ ခင်ဗျားကိုကယ်နိုင်မလားမသိဘူး"

ကျိူးဟောင်စကားဆုံးသောအခါ မိုးပြာရောင်နဂါးဘုရင်မှာခေါင်းသာယမ်းပြလိုက်သည်။

"မင်းဒီလိုတွေးပေးတာကျေးဇူးတင်ပေမဲ့မင်းငါ့ကိုဒီတိုင်းထားလိုက်တာကပဲ အကောင်းဆုံးလို့ငါတော့ထင်တယ်"

....................................................................................

အခန်း(၄၂၂) ပြီးပါပြီ။

အခန (၄၂၃) : သူတော်စင်ဘုံအဆင့်

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ချက်ချင်းပင်ကြက်သေသေသွားခဲ့သည်။ မိုးပြာရောင်နဂါးဘုရင်သည် သူ့အားကယ်တင်မည့်အရေးကို ကျိုးဟောင်အားဘာကြောင့်ခွင့်မပြုမှန်း နားမလည်ပေ။

သူဤနေရာတွင်ပိတ်မိနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။ လွတ်လပ်မှုအား ပြန်လည်မရရှိလိုခြင်းပေလော။

"ဘာလို့လဲ"

ကျိုးဟောင်မှာ အသက်ပြင်းပြင်းရှူကာမနေနိုင်ဘဲမေးလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းအကြောင်းပေါ်သွားမှာစိုးလို့ပဲ ငါ့ကိုချုပ်ထားတဲ့လူကရှိနေသေးလားဆိုတာငါမသိဘူး တကယ်လို့ရှိနေသေးတယ်ဆိုရင် မင်းငါ့ကိုလွှတ်ပေးလိုက်တာနဲ့ သူမင်းကိုရှာတွေ့သွားလိမ့်မယ် တကယ်ဆို မူလကျောက်စာရဲ့စွမ်းအားကနေတစ်ဆင့် မင်းကိုဖမ်းတောင်သွားနိုင်တယ် အဲဒီအချိန်ကျရင် ငါကမင်းကိုအန္တရာယ်ပေးမိသလိုဖြစ်သွားလိမ့်မယ်"

မိုးပြာရောင်နဂါးဘုရင်၏စကားများမှာ ကျိုးဟောင်အားအလွယ်တကူပင်သဘောပေါက်သွားစေလေသည်။

"ငါကဒီနေရာမှာနှစ်ပေါင်းများစွာချုပ်နှောင်ခံထားရပြီး ငါ့ရဲ့ကျင့်ကြံဆင့်ကလည်း ၁၂ဆင့်မြောက်အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်ကိုကျသွားတယ်ဆိုပေမဲ့ နှစ်ဆယ်နဲ့ချီ ဒါမှမဟုတ် ရာနဲ့ချီပြီးတော့တောင်အသက်ရှင်နိုင်သေးတယ် မင်းငါ့ကိုစိတ်ပူစရာမလိုပါဘူး ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်ပိုင်း ငါနေသားတောင်ကျ‌နေပါပြီ"

မိုးပြာရောင်နဂါးဘုရင်၏ကြီးမားသောမျက်လုံးကြီးများထဲမှကြင်နာမှုမှာ ကျိုးဟောင်အားစိတ်လှုပ်ရှားသွားစေပေသည်။

ထိုအချိန်မှသာသန္ဓေပြောင်းသားရဲအားလုံးမှာဆိုးဝါးမနေသလို လူသားတိုင်းသည်လည်းမှန်ကန်မနေကြောင်း ကျိုးဟောင်သဘောပေါက်လိုက်ပေသည်။

"ကျွန်တော်နားလည်ပါပြီမိုးပြာရောင်နဂါးဘုရင် စိတ်ချပါ ကျွန်တော်သေချာပေါက်ကမ္ဘာဂြိုဟ်ကို ကောင်းကောင်းကာကွယ်ပါ့မယ်"

ကျိုးဟောင်မှာ ချက်ချင်းပင်ပြောလိုက်သည်။

"ဟဟ ကောင်းတယ် ဒါပေမဲ့မင်းရဲ့လက်ရှိကျင့်ကြံဆင့်က ကောင်းကင်ဘုံအဆင့်တစ်ဝက်ပဲရှိပြီးတော့ အရမ်းအားနည်းသေးတယ် မင်းကောင်းကင်ဘုံအဆင့်ကိုချိုးဖောက်ပြီး သူတော်စင်ဘုံအဆင့်ကိုရောက်သွားရင် ကမ္ဘာဂြိုဟ်ကိုကာကွယ်ဖို့အစီအစဉ်ဆွဲနိုင်လိမ့်မယ်"

မိုးပြာရောင်နဂါးဘုရင်ဘုရင်၏စကားအားကြားလိုက်ရချိန်တွင် ကျိုးဟောင်မှာကြက်သေသေသွားခဲ့သည်။

"သူတော်စင်ဘုံအဆင့်"

ကျိုးဟောင်မှာယခုလိုအဆင့်မျိုးအား တစ်ခါမှမကြားဖူးပေ။

"ဟမ် မင်းသူတော်စင်ဘုံအဆင့်ပညာရှင်ဆိုတာကိုတစ်ခါမှမကြားဖူးဘူးလား"

မိုးပြာရောင်နဂါးဘုရင်မှာကျိုးဟောင်၏အမေးအားနားထောင်ပြီး အလွန်အံ့ဩသွားခဲ့သည်။

"အာ...ကျွန်တော်တကယ်မကြားဖူးဘူး"

ကျိုးဟောင်မှာအတော်လေးရှက်ရွံ့သွားခဲ့သည်။ ကောင်းကင်ဘုံအဆင့်အထက်တွင် ပို၍သန်မာသောပညာရှင်များရှိကြောင်းကို ကျိုးဟောင်သိသော်လည်း သူတို့၏ကျင့်ကြံဆင့်ကိုတော့မသိပေ။

မိုးပြာရောင်နဂါးဘုရင်မှာသက်ပြင်းချကာ အတော်လေးမတတ်နိုင်သလိုခံစားလိုက်ရသည်။

"သူတော်စင်ဘုံအဆင့်ဆိုတာ ကောင်းကင်ဘုံအဆင့်ထက်ကျော်လွန်တဲ့ဖြစ်တည်မှုတစ်ခုပဲ ကောင်းကင်ဘုံအဆင့်ဆိုတာက လူသားပညာရှင်တွေရဲ့နောက်ဆုံးကန့်သတ်ချက်ပဲ ဒါပေမဲ့သူတော်စင်ဘုံအဆင့်ပညာရှင်တွေက စကြဝဠာစွမ်းအင်အနှစ်သာရကို အာရုံခံနိုင်ကြတယ် ပြီးတော့သူတို့ကစကြဝဠာစွမ်းအင်အနှစ်သာရကိုစုပ်ယူပြီးတော့လည်း ကျင့်ကြံကြတယ်"

"အဲဒီတုန်းက စီနီယာဟွမ်းကမ္ဘာဂြိုဟ်ပေါ်ကထွက်သွားပြီးတော့ သူတော်စင်ဘုံအဆင့်ကနေ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားအထွတ်အထိပ်ရောက်တဲ့အထိကျင့်ကြံခဲ့တယ်"

"ဒါပေမဲ့ သူအယုံကြည်ရဆုံးလက်အောင်ငယ်သားရဲ့ခြုံခိုတိုက်ခိုက်ခြင်းကိုခံရပြီးတော့သွေးအနှစ်သာရတွေကုန်ခမ်းသွားပြီး ဘာမှမတတ်နိုင်ဘဲသေဆုံးသွားခဲ့ရတယ် မဟုတ်ရင် ကမ္ဘာဂြိုဟ်တစ်ခုလုံး မဟာအပျက်အစီးခေတ်မတိုင်ခင်သာမန်ခေတ်ကိုတောင်ပြန်ရောက်သွားနိုင်တယ်"

မိုးပြာရောင်နဂါးဘုရင်၏စကားဆုံးသောအခါ ကျိုးဟောင်မှာအနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။ သူသည်ထိုကဲ့သို့သောလောကမျိုးအားတစ်ခါမှမတွေးဖူးပေ။

သို့သော်ထိုလောကအားစဉ်းစားကြည့်ပါကလည်းမဆိုးပေ။ မည်သို့ပင်ဖြစ်စေ မဟာအပျက်အစီးခေတ်မတိုင်မီက သိုင်းပညာရှင်ဟု‌ခေါ်ဆိုသူများ၊ သန္ဓေပြောင်းသားရဲများနှင့် ယခုလိုခြိမ်းခြောက်မှုများစွာမရှိပေ။

ထိုကဲ့သို့သောနေ့ရက်များသည် တကယ်မဆိုးလောက်ပေ။

‌‌ကျိုးဟောင်မှာထိုအကြောင်းအားစဉ်းစားရုံမျှသာဖြစ်ပြီးစိတ်ထဲထားမနေပေ။

"ကောင်လေး စီနီယာဟွမ်းမသေခင်က သူသင်ယူခဲ့တဲ့မူလကျောက်စာကိုအရှေ့ပင်လယ်ရဲ့အနက်ပိုင်းမှာဝှက်ထားခဲ့တယ် အဲဒါငါ့ရဲ့မွေးရပ်မြေပဲ ငါမင်းကိုတည်နေရာပေးလိုက်မယ် တကယ်လို့အခွင့်အရေးရှိရင် မင်းအဲဒီကိုသေချာပေါက်သွားရမယ်နားလည်လား"

မိုးပြာရောင်နဂါးဘုရင်၏စကားဆုံးသည်နှင့် နတ်ဘုရားအသိဉာဏ်တစ်ခုပျံ့နှံ့လာကာ ကျိုးဟောင်၏စိတ်ထဲတွင်အနီရောင်အစက်လေးတစ်စက်ပေါ်လာခဲ့သည်။

သို့သော်ထိုအနီရောင်အစက်လေးသည် ဤနေရာနှင့်အလွန်ဝေးကွာလှပေရာ ကျိုးဟောင်ပင်ထိတ်လန့်သွားခဲ့သည်။

"ဒီ...ဒီနေရာကဘာလဲ အရှေ့ပင်လယ်တဲ့လား ကျွန်တော်ဘာလို့...မကြားဖူးရတာလဲ"

ကျိုးဟောင်မှာတကယ်ပင်ထိုနေရာအား လုံးဝမကြားဖူးပေ။

ကျိုးဟောင်မှာလူသားနှင့်သန္ဓေပြောင်းသားရဲများကြားတွင် အက်ကွဲကြောင်း ၁၃ခုသာရှိသည်ဟုထင်ထားခဲ့ခြင်းဖြစ်သည်။ ဘာကြောင့် အရှေ့ပင်လယ်ဟူသောနေရာထပ်ရှိနေရပါသနည်း"

ဤကိစ္စသည်သူ့အားအတော်လေးအံ့ဩသွားစေပေသည်။

"မင်းတကယ်ကိုဘာမှမသိဘူးပဲ ကမ္ဘာဂြိုဟ်ပေါ်မှာ အက်ကွဲကြောင်း၁၃ခုကပဲခြိမ်းခြောက်နိုင်တဲ့အန္တရာယ်လို့ထင်နေတာလား လူသားမျိုးနွယ်မှာဌာန ၇ခုရှိတာကို ဘာလို့ဌာန ၂ခုကပဲအက်ကွဲကြောင်းတွေကိုစောင့်ကြပ်နေတာဖြစ်မလဲ ဒီအကြောင်းအရင်းကိုစဉ်းစားဖူးလား"

မိုးပြာရောင်နဂါးဘုရင်၏စကားဆုံးချိန်တွင် ကျိုးဟောင်မှာတကယ်ပင် ခေတ္တမျှမှင်တက်သွားခဲ့သည်။

သူသည်တကယ်ပင် ယခင်တုန်းကထိုကိစ္စအားစဉ်းစားခဲ့ဖူးသော်လည်း အဖြေမရှာနိုင်သေးပေ။

"ငါမင်းကိုပြောပြမယ် အက်ကွဲကြောင်းတွေအပြင်ငါတို့လူသားတွေနဲ့သန္ဓေပြောင်းသားရဲတွေအတွက် တခြားစစ်မြေပြင်တွေရှိသေးတယ် ပထမတစ်ခုကအရှေ့ပင်လယ်ပဲ"

အရှေ့ပင်လယ်ဒေသကအရမ်းကျယ်ပြန့်ပြီး အက်ကွဲကြောင်းလောက်ခြိမ်းခြောက်မှုမရှိဘူး အနက်ပိုင်းမှာစွမ်းအားကြီးမျိုးစိတ်တွေအပြည့်ပဲ"

"အရှေ့ပင်လယ်ဒေသအပြင် ကောင်းကင်မြို့တော်နဲ့ မြေအောက်လောကလည်းကျန်သေးတယ် ဒီစစ်မြေပြင်နှစ်ခုကကောင်းကင်ဘုံအဆင့်နဲ့အထက်ကလူတွေပဲသိတဲ့လျှို့ဝှက်ချက်တွေပဲ ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တွေတောင်မှမသိကြဘူး ပြီးတော့ဒါတွေအားလုံးကထိပ်တန်းလျှို့ဝှက်ချက်တွေပဲ"

"ဌာနတွေရဲ့တာဝန်တွေကလည်းသေချာပေါက်မတူကြဘူး ပြီးတော့မင်းတို့တွေကလည်းဘာအဆက်အစပ်မှမရှိကြဘူး ဒီတော့မင်းမသိတာသဘာဝကျပါတယ် ဒါပေမဲ့ငါမင်းကိုပြောနိုင်တာက အက်ကွဲကြောင်းတွေအပြင် ကျန်တဲ့စစ်မြေပြင် ၃ခုလုံးကလည်းသူ့ထက်အားမနည်းကြဘူး တကယ်တော့မြေအောက်လောကကသာ အကြီးမားဆုံးခြိမ်းခြောက်မှုပဲ"

"မြေအောက်လောကမှာတည်ရှိတဲ့သန္ဓေပြောင်းသားရဲတွေက ပိုပြီးတော့တောင်သန်မာသေးတယ် မြေအောက်လောကကဖိအားကငါတို့လူသားတွေအချိန်အကြာကြီးခုခံနိုင်တဲ့အရာမဟုတ်ဘူး အဲဒါကြောင့်ကောင်းကင်ဘုံအဆင့်ပညာရှင်အများစုကအဲဒီမှာရှိနေကြတာ မြေအောက်လောကကအစိုးရိမ်ရဆုံးအရာကတော့ မြေအောက်ကျောက်ရည်ပူပဲ မြေအောက်ကျောက်ရည်ပူတွေကိုအစားအစာအနေနဲ့ ဝါးမြိုတဲ့အဲဒီသန္ဓေပြောင်းသားရဲတွေကအတော်လေးစွမ်းအားကြီးတယ် တကယ်လို့သူတို့သာမြေအောက်လောကကထွက်လာရင် လူသားတွေချက်ချင်းဖျက်ဆီးခံရလိမ့်မယ်"

မိုးပြာရောင်နဂါးဘုရင်၏စကားများမှာကျိုးဟောင်အားထိတ်လန့်သွားစေခဲ့သည်။ ကျိုးဟောင်သည်ယခုလိုအခြေအနေမျိုးအားမမျှော်လင့်ထားခဲ့ပေ။

"ကောင်လေး မင်းမသိသေးတာတွေအများကြီးရှိသေးတယ် ဒါပေမဲ့အနာဂတ်မှာသိလာလိမ့်မယ်လို့ငါယုံတယ်"

မိုးပြာရောင်နဂါးဘုရင်မှာပြုံးကာပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့်ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။

ကျိုးဟောင်ယနေ့သိခဲ့ရသည့်ကိစ္စအား သေချာမှတ်သားထားရန်လိုအပ်ပေသည်။ကျိုးဟောင်သည်မူလကျောက်စာ၏ဇာစ်မြစ်အကြောင်းမသိသလို အခြားစစ်မြေပြင်များအကြောင်းလည်းဘာမှမသိခဲ့ရပေ။ ထိုနေရာများကိုလည်း တစ်ခုမှမရောက်ဖူးပေ။

"ဒီစစ်မြေပြင်တွေကြားထဲမှာခိုင်မာတဲ့ခုခံရေးအကာအကွယ်တွေရှိတယ် အဲဒီအကာအကွယ်တွေက အဲဒီတုန်းကစီနီယာဟွမ်းတည်ဆောက်ထားခဲ့တာတွေပဲ တကယ်တော့ အဲဒီတုန်းကဒီအကာအကွယ်တွေကိုတည်ဆောက်ခဲ့ရတာက သူ့မှာလည်းသူ့အကြောင်းပြချက်နဲ့သူရှိတယ် ဘာလို့လဲဆိုတော့စီနီယာဟွမ်းက မူလကျောက်စာသုံးပြီးဒေသတွေကိုတစ်ခုပြီးတစ်ခုဖျက်ဆီးဖို့စီစဉ်ထားခဲ့လို့ပဲ"

"ဘာမှဆက်မလုပ်နိုင်သေးခင် သူသေသွားခဲ့လို့သာ...."

မိုးပြာရောင်နဂါးဘုရင်မှာပြောရင်း မျက်လုံးထဲတွင်ဝမ်းနည်းနေသောအရိပ်အယောင်များပြည့်နေပေသည်။

ကျိုးဟောင်သည်လည်းထိုမြင်ကွင်းကိုကြည့်ပြီးသက်ပြင်းချလိုက်မိသည်။

"မိုးပြာရောင်နဂါးဘုရင်ဝမ်းမနည်းပါနဲ့ ဒီကိစ္စကဟိုးအရင်တုန်းကဖြစ်ပျက်ခဲ့တာတကယ်လို့ခင်ဗျားသာဒီကမ္ဘာကြီးမှာအသက်ရှင်နေပြီး ကမ္ဘာဂြိုဟ်ရဲ့လုံခြုံရေးအတွက်အရမ်းကြိုးစားလုပ်နေတုန်းပဲဆိုတာကိုသာ စီနီယာဟွမ်းသိရင် သူသေချာပေါက်အရမ်းဝမ်းသာမှာ"

ကျိုးဟောင်မှာပြုံးရင်းပြောလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် သူသည်စီနီယာဟွမ်းနှင့်မိုးပြာရောင်နဂါးဘုရင်အား တကယ်ပင်လေးစားမိပါသည်။

တစ်ယောက်သည်ကမ္ဘာဂြိုဟ်အတွက် လူအများ၏ မုန်းတီးမှုအားခံယူရန်ဆန္ဒရှိခဲ့ပြီး အခြားတစ်ယောက်သည်သခင်ဖြစ်သူ၏နောက်ဆုံးဆန္ဒနှင့် ကမ္ဘာဂြိုဟ်အတွက်ဒုက္ခသုက္ခခံခဲ့ပေသည်။ ယခုအချိန်ထိပင် သခင်ဖြစ်သူမှာခဲ့သောကိစ္စအားမမေ့သေးပေ။

ကျိုးဟောင်မှာအလွန်ပင်အထင်ကြီးလေးစားမိပေသည်။

အထူးသဖြင့်စီနီယာဟွမ်း၏ ဖြောင့်မတ်မှန်ကန်မှုနှင့် မိုးပြာရောင်နဂါးဘုရင်၏သစ္စာစောင့်သိမှုအား အလေးစားဆုံးပင်။

"ကောင်းပြီထပ်မပြောတော့ဘူး မင်းလည်းသွားတော့ ဒီကိုတစ်ခါမှမလာခဲ့ဖူးသလိုဟန်ဆောင်နေ"

မိုးပြာရောင်နဂါးဘုရင်မှာထိုစကားအားပြောပြီးသည်နှင့် ကျိုးဟောင်အားလျစ်လျူရှုကာ ချောက်နက်ထဲသို့ဆင်းသွားခဲ့သည်။

ကျိုးဟောင်မှာထိုချောက်နက်ထဲသို့ကြည့်ကာအော်ပြောလိုက်သည်။

"မိုးပြာရောင်နဂါးဘုရင် နောက်ကိုကျွန်တော်ခဏခဏလာလည်မယ် တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကိုသာပြောလိုက်"

ကျိုးဟောင်၏အော်သံဆုံးသည်နှင့်မိုးပြာရောင်နဂါးဘုရင်မှာ ရယ်မောကာပြန်ပြောလိုက်သည်။

"နောက်တစ်ခါ အရက်ယူလာခဲ့...ငါကအရက်ကြိုက်တယ်....."

ထိုအဖြေအားကြားသောအခါ ကျိူးဟောင်မှာခေါင်းသာယမ်းရင်းပြုံးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာလှုပ်ရှားသွားကာ ထိုနေရာမှထွက်ခွာသွားခဲ့သည်။

....................................................................................

အခန်း(၄၂၃) ပြီးပါပြီ။

All Chapters