အခန်း (၄၄၈-၄၅၀)
Vol. 30 Ch. 448-450
အခန်း (၄၄၈) : တာဝန်အသစ်
ကျန်းပုဖန်းနှင့်သန္ဓေပြောင်းသားရဲကောင်အားရှင်းပစ်ပြီးနောက် ကျိုးဟောင်မှာမြို့အရှင်ခန်းမမှတိတ်တဆိတ်လမ်းလျှောက်ထွက်လာခဲ့သည်။ မကြာမီမြို့ထဲရှိသတင်းတစ်ပုဒ်မှာ လူထုအားရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။ မူလကပြည်သူများ၏ထောက်ခံမှုနှင်ချစ်ခြင်းအားရရှိထားသောမြို့အရှင်မှာယခုမူ ကြောင်သူတော်တစ်ယောက်ဖြစ်သွားပြီဖြစ်သည်။
သူလုပ်ခဲ့သမျှအရာအားလုံးသည် သန္ဓေပြောင်းသားရဲများမှညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ဤအလုပ်များအားလုပ်ခဲ့ခြင်းသည်လည်းအနာဂတ်တွင်သန္ဓေပြောင်းသားရဲများအားကူညီပေးနိုင်ရန်အတွက် လူထု၏ယုံကြည်မှုအားရရန်သာဖြစ်သည်။ လူများအားဤသတင်းအားသိလိုက်ရချိန်တွင်အားလုံးမှာ ချက်ချင်းပင်ဆဲရေးလာကြပြီးအလွန်ဒေါသဖြစ်နေကြပေသည်။ သူတို့သည်ယခုလိုလှည့်စားခံနေရမည်ဟုမထင်ထားခဲ့ပေ။ ဤလုပ်ရပ်သည်တကယ့်ကိုတရားလွန်လှပေသည်။
ကျန်းပုဖန်းသည်သေသင့်ပေသည်။ ကျိုးဟောင်မှာဥယျာဉ်မြို့တော်၏အပြင်ဘက်ဆီလမ်းလျှောက်လာရင်း သူ့အားတာဝန်နှစ်ခုပေးခဲ့သူမှာမကြာမီရောက်လာလောက်သည်ဟု စိတ်ထဲမှတွေးနေပေသည်။ နောက်ထပ်တာဝန်မည်မျှပြီးဆုံးအောင်လုပ်ရမလဲဆိုသည်ကိုလည်းတွေးနေပေသည်။
ကျိုးဟောင်၏စိတ်ထဲတွင်ထိုအတွေးပေါ်လာသည့်အခိုက်အတန့်မှာပင် သူ့ရှေ့တွင်ရုတ်တရက်လူတစ်ယောက်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ ထိုလူသည်သူ့အားတာဝန်များပေးခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့်လူသာဖြစ်သည်။
ကျိုးဟောင်မှာအသားကျနေပြီဖြစ်ပေရာ မလှုပ်မယှက်သာရပ်နေပြီးမည်သည့်စကားမျှမဆိုဘဲ တစ်ဖက်လူမှသူ့အားနောက်ထပ်တာဝန်ပေးလာမည်ကိုတိတ်တဆိတ်စောင့်ဆိုင်းနေပေသည်။ တကယ်ပင်သူသည်နောက်တာဝန်တွင်လည်းလူတစ်ယောက်အားသတ်ရန် ထပ်မံတာဝန်အပေးခံရပြန်လေသည်။
"တတိယတာဝန်ကအတော်လေးအန္တရာယ်များတယ် မင်းသန္ဓေပြောင်းသားရဲတွေရဲ့ပိုင်နက်အနက်ပိုင်းကိုဝင်ပြီး နှုတ်ထွက်သွားပြီဖြစ်တဲ့တောင်ပိုင်းမြို့ရဲ့မြို့တော်ဝန်လျန်ကျစ်ချောင်ကိုသတ်ရမယ်"
"လျန်ကျစ်ချောင်ကသန္ဓေပြောင်းသားရဲတွေနဲ့ပူးပေါင်းနေတယ်ဆိုတာအထောက်အထားခိုင်လုံပြီးသား သူ့ရဲ့ပြစ်မှုတွေကခွင့်မလွှတ်နိုင်စရာပဲ အခုသူကထွက်ပြေးပြီးသန္ဓေပြောင်းသားရဲတွေစုဝေးနေတဲ့ ကျောက်တုံးစိမ်းတောင်မှာပုန်းခိုနေတယ် ဒီလူကပထမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ပဲ ပြီးတော့ကောက်ကျစ်ပြီးဉာဏ်များတယ် ဂရုစိုက်ဖို့မမေ့နဲ့"
လျှို့ဝှက်ဆန်းကြယ်သောလူ၏စကားအားကြားပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်ခေါင်းညိတ်ပြလိုက်ကာဘာမှထပ်မမေးတော့ဘဲ လှည့်ထွက်သွားရန်ပြင်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သောလူမှာအဝေးရှိကျိုးဟောင်အားဂရုမစိုက်ဟန်ဖြင့်ကြည့်နေပြီး ရုတ်တရက်သူ၏မျက်နှာပေါ်တွင်ထူးဆန်းသောအမူအရာတစ်ခုပေါ်လာခဲ့သည်။
"အကဲဖြတ်မှုကတစ်ဝက်ကိုရောက်နေပြီ မင်းဒါကိုဘာပြဿနာမှမရှိဘဲအဆုံးသတ်နိုင်ဖို့မျှော်လင့်တယ် ငါတို့ကိုစိတ်မပျက်စေနဲ့"
သို့သော်ကျိုးဟောင်မှာထိုစကားအားမကြားလိုက်ပေ။ သူသည်ဖုန်းထဲတွင်ကျောက်တုံးစိမ်းတောင်၏ တည်နေရာအားရှာဖွေရင်းအလုပ်များနေပေသည်။ မကြာမီကျိုးဟောင်မှာကျောက်တုံးစိမ်းတောင်နှင့်ပတ်သက်သောအချက်အလက်များအားဖုန်းထဲတွင်တွေ့လိုက်ရသည်။ ကျောက်တုံးစိမ်းတောင်တွင်သန္ဓေပြောင်းသားရဲများစွာစုဝေးနေကြသော်လည်း အများစုမှာအဆင့်နိမ့်သန္ဓေပြောင်းသားရဲများဖြစ်ကြပြီးအသွင်မပြောင်းနိုင်ကြပေ။ ကျိုးဟောင်ကဲ့သို့သောလူမျိုးအတွက်သူတို့အားသတ်ရန်မှာပြဿနာမဟုတ်ပေ။
သို့သော်ဤကိစ္စတွင်ရန်သူများ၏အင်အားမှာအရေအတွက်လောက်အရေးမကြီးပေ။ အကယ်၍ကျိုးဟောင်သည်တစ်ချိန်တည်းတွင်ကြမ်းကြုတ်သောသားရဲရာဂဏန်းလောက်ဖြင့်ကြုံပါက သူတို့အားအလွယ်တကူဖြေရှင်းနိုင်သေးပေသည်။ သို့သော်ထောင်နှင့်ချီလာပါကသူတို့အားဖြေရှင်းရန်မှာကျိုးဟောင်အတွက်အတော်လေးခက်ခဲမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အရေအတွက်အလွန်များပါက ကျိုးဟောင်ပင်ဖြေရှင်းရန်အတော်လေးအခက်တွေ့မည်ဖြစ်သည်။ ထို့ကြောင့်ယခုတစ်ကြိမ်တွင် ဂရုစိုက်ရန်လိုပေသည်။ ဤစမ်းသပ်မှုသည်သူ၏စွမ်းအားအားစမ်းသပ်ခြင်းဖြစ်ကြောင်း ကျိုးဟောင်သဘောပေါက်ပေသည်။
မဟုတ်ပါကသူ့အားဤတာဝန်ပေးမည်မဟုတ်ပေ။ ကျိုးဟောင်သည်စွမ်းအား အားကောင်းကောင်းသုံးတတ်နေသော်လည်း ဤအဆင့်နိမ့်သန္ဓေပြောင်းသားရဲများနှင့်ထိပ်တိုက်မကြုံအောင်မည်ကဲ့သို့ရှောင်တိမ်းရမည်ကိုလည်းစဉ်းစားရန်လိုအပ်ပေသည်။ မကြာမီကျိုးဟောင်မှာကျောက်တုံးစိမ်းတောင်၏ဝင်ပေါက်သို့ရောက်ရှိလာခဲ့သည်။ ဤနေရာတွင်အစောင့်အကြပ်ထူထပ်ကာ အစောင့်အားလုံးမှာလည်းသတိကြီးကြကာ ကြမ်းကြုတ်သောသန္ဓေပြောင်းသားရဲများရုတ်တရက်ဆင်းလာကာ လူသားလောက၏လုံခြုံရေးအားနှောင်ယှက်လာမည်ကိုကြိုတင်ကာကွယ်နိုင်ရန်ကျောက်တုံးစိမ်းတောင်အားမျက်တောင်မခတ်စတမ်းစောင့်ကြည့်နေကြပေသည်။
ကျိုးဟောင်အားမြင်လိုက်ရချိန်တွင်အစောင့်တစ်ယောက်၏မျက်နှာမှာချက်ချင်းပင်မဲမှောင်သွားခဲ့ပြီးရှေ့တိုးလာကာ လေးနက်စွာမေးလိုက်သည်။
"မင်းဘယ်သူလဲ ဒါကသန္ဓေပြောင်းသားရဲတွေရှိတဲ့တားမြစ်နယ်မြေပဲ မသက်ဆိုင်တဲ့လူတွေဒီကိုလာခွင့်မရှိဘူး"
ကျိုးဟောင်မှာထိုစကားအားကြားလိုက်ချိန်တွင်ချက်ချင်းပင်ရှင်းပြလိုက်သည်။
"အားလုံးပဲ ကျွန်တော်ကဒီကိုတာဝန်တစ်ခုအတွက်လာခဲ့တာပါ ဒီမှာဖြတ်သန်းခွင့်ပါ"
အစောင့်ခေါင်းဆောင်မှာကျိုးဟောင်၏ဖြတ်သန်းခွင့်အားယူကာ ကြည့်ရှုပြီးနောက်ခေါင်းညိတ်ပြကာဝင်ခွင့်ပြုလိုက်သည်။
"ခင်ဗျားသေချာပေါက်သတိထားရမယ်နော်"
"ကျေးဇူးတင်ပါတယ်"
ကျိုးဟောင်မှာဖြတ်သန်းခွင့်အားပြန်ယူကာ သန္ဓေပြောင်းသားရဲသစ်တောထဲသို့လမ်းလျှောက်ဝင်သွားခဲ့သည်။ စစ်သားများမှာတောင်ပေါ်သို့တက်သွားသည့် ဆန္ဒစောနေသောကျိုးဟောင်၏ပုံရိပ်အားကြည့်ရင်း ခေါင်းသာယမ်းလိုက်ကာ မတတ်နိုင်သလိုပြောလာခဲ့ကြသည်။
"ဒီကောင်လေးတော့သွားလောက်ပြီ"
ကျိုးဟောင်သည်အနောက်ဘက်မှဆွေးနွေးသံများအားလုံးဝဂရုမစိုက်ဘဲ ဘေးပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုကာ ချက်ချင်းပင်စောင့်ကြည့်လို့ရမည့်အကောင်းဆုံးနေရာအားရှာဖွေနေခဲ့ပေသည်။ လျန်ကျစ်ချောင်းသည်မည်သည့်နေရာတွင်ပုန်းနေနိုင်ခြေများကြောင်းစောင့်ကြည့်ရန်စီစဉ်ထားပေသည်။
ကျောက်တုံးစိမ်းတောင်၏ထိပ်ဆုံးတွင် သစ်တောများမှာသစ်ရွက်များဖြင့်စိမ်းစိုနေသည့်အပြင်ဂူပေါင်းများစွာလည်းရှိပေသည်။ ဤနေရာသည်လျန်ကျစ်ချောင်းပုန်းခိုရန်အတွက် အကောင်းဆုံးနေရာဖြစ်နိုင်ပေသည်။
ထိုသို့တွေးရင်းကျိုးဟောင်မှာချက်ချင်းပင်ခြေလှမ်းကျဲကျဲဖြင်ရှေ့သို့လျှောက်သွားကာ ကျောက်တုံးစိမ်းတောင်၏ထိပ်သို့အလောတကြီးတက်သွားခဲ့သည်။ တောင်ပေါ်သို့တက်သောလမ်းခရီးမှာအတော်လေးချောမွေ့နေပြီး ကျိုးဟောင်မှာမြေပြင်အခြေအနေအားအသုံးချကာ ရက်စက်သောသားရဲများစုဝေးနေတတ်သောနေရာများအားလွယ်လင့်တကူရှောင်နိုင်ခဲ့ပေသည်။ ထို့နောက်ကျိုးဟောင်သည်ဂူတစ်ဂူရှေ့သို့ရောက်ရှိလာခဲ့သည်။
ကျိုးဟောင်မှာသေချာလေ့လာပြီးနောက် ဂူ၏ဝင်ပေါက်ရှိပေါင်းပင်များမှာပြားနေကြောင်းတွေ့လိုက်ရပေသည်။ ထို့အပြင် ဂူထဲမှမီးညှော်နံ့ဖျော့ဖျော့ကိုလည်းရနေပေသည်။
လျန်ကျစ်ချောင်းသည်ဤနေရာတွင်ပုန်းနေနိုင်ခြေအလွန်များပေသည်။ ကျိုးဟောင်အထဲဝင်တော့မည့်အချိန်မှာပင် ဂူထဲမှလူတစ်ယောက်မှာအလောတကြီးထွက်လာခဲ့သည်။ ထိုလူ၏အသက် ၃၀နီးပါးရှိပြီး အဝတ်အစားများမှာညစ်ပေကာစုတ်ပြတ်နေပေရာ မူလကမည်သည့်ပုံစံရှိကြောင်းပြောရန်မှာမဖြစ်နိုင်ပေ။ ထိုလူ၏ပုံစံမှာအလွန်သနားစရာလည်းကောင်းနေပေသည်။
ထိုလူသည်လှည့်ပင်မကြည့်ဘဲ ရှိသလောက်အားဖြင့်ရှေ့သို့ပြေးလာခဲ့သည်။ ထိုမြင်ကွင်းအားကြည့်ပြီးကျိုးဟောင်မှာချက်ချင်းပင်မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည်တွေဝေမနေဘဲချက်ချင်းပင်ခြေလှမ်းကျဲကျဲဖြင့်တစ်ဖက်လူနောက်လိုက်သွားခဲ့သည်။ သူနောက်မှလိုက်လေ ဤမကောင်းသောကောင်သည် တကယ်ပင်သန္ဓေပြောင်းသားရဲများအထူထပ်ဆုံးနောရာသို့သွားနေခြင်းဖြစ်ကြောင်းကိုသိလိုက်ရပေသည်။
မမျှော်လင့်ထားဘဲ ဤလျန်ကျစ်ချောင်းသည်တကယ်ကိုသတိရှိပေသည်။ သူ့အကြောင်းပေါ်သွားပြီဖြစ်ကြောင်းသိပေရာ ထိုလူသည်တကယ်ပင်ယခုလိုနည်းလမ်းသုံးပြီးသေရေးရှင်ရေးအတွက်ရုန်းကန်နိုင်ရန်ပြင်ဆင်နေပေသည်။ ကျိုးဟောင်မှာဒေါသဖြစ်လာကာ အရှိန်အားတိုးပြီး တစ်ဖက်လူနောက်ကိုလျင်မြန်စွာလိုက်ပါသွားခဲ့ပေသည် နဂိုကတည်းကကျိုးဟောင်၏ကျင့်ကြံဆင့်မှာလျန်ကျစ်ချောင်းထက်များစွာပိုမိုသန်မာပေသည်။ မည်သို့ပင်ဖြစ်စေ ပထမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်သည်သူ့အားဘယ်လောက်အထိ ဒုက္ခပေးနိုင်မည်လဲ။
သိပ်မကြာမီကျိုးဟောင်မှာလျန်ကျစ်ချောင်၏အင်္ကျီစအားဆုပ်ကိုင်ကာဝါးစားတော့မလိုလေသံဖြင့်ပြောလိုက်သည်။
"ပြေးလေ ဆက်ပြေး ဆက်ပြေးလေ"
လျန်ကျစ်ချောင်း၏အသက်ရှူသံမှာအတော်လေးပြင်းထန်လာပြီး ရင်ဘတ်အစုံမှာလည်းနိမ့်လိုက်မြင့်လိုက်ဖြစ်နေပေသည်။ သူသည်ရှေ့ရှိကျိုးဟောင်အားကြောက်ရွံ့စွာကြည့်ပြီးတွေဝေစွာဖြင့်မေးလိုက်သည်..."
"မင်း...."
"မင်းဘယ်သူလဲ ငါဒီမှာရှိတာမင်းဘယ်လိုသိလဲ'
"ငါကမင်းအသက်ကိုယူမဲ့လူပဲ"
ကျိုးဟောင်၏စကားဆုံးသည်နှင့်လက်ထဲရှိဓားမြှောင်မှာချက်ချင်းပင်လှုပ်ရှားသွားခဲ့သည်။ သူသည်လျန်ကျစ်ချောင်း၏အသက်အားဓားချက်တစ်ချက်တည်းဖြင့်အဆုံးသတ်တော့မည့်ဆဲဆဲမှာပင်ပင် ရုတ်တရက်လျန်ကျစ်ချောင်း၏မျက်လုံးများမှာနီရဲလာကာ ပါးစပ်ထောင့်မှသွေးများစီးကျလာသည်ကိုမြင်လိုက်ရသည်။
သူ၏ပုံစံမှာအလွန်ရူးသွပ်နေသလိုပင်။ ဤမြင်ကွင်းမှာ ချက်ချင်းဆိုသလိုပင်ကျိုးဟောင်၏နှလုံးသားအား အေးစက်သွားစေခဲ့သည်။ သူသည်ရှေ့ရှိလျန်ကျစ်ချောင်းအားစိုက်ကြည့်ရင်း အမြင်မှားသလားဟုပင်တွေးမိနေပေသည်။ သို့သော် လျန်ကျစ်ချောင်းအားထပ်မံကြည့်လိုက်သည့်အချိန်တွင် စိတ်ထဲရှိဒေါသအားမျိုသိပ်မထားနိုင်တော့ဘဲ အော်ပြောလိုက်မိသည်။
"ခင်ဗျားကတကယ် ခန္ဓာကိုယ်ကိုပြုပြင်ပြီးသန္ဓေပြောင်းလူသားအဖြစ်ပြောင်းလဲပစ်လိုက်တာလား"
....................................................................................
အခန်း(၄၄၈) ပြီးပါပြီ။
အခန်း (၄၄၉) : ရုတ်တရက်ပြောင်းလဲမှု
လျန်ကျစ်ချောင်း၏မျက်နှာတွင် ဘဝင်မြင့်နေသောအမူအရာမျိုးပေါ်လာခဲ့သည်။ ထို့နောက်လျန်ကျစ်ချောင်းသည်ပြုံးကာ အသက်ပြင်းပြင်းရှူလိုက်ပေရာ နှာခေါင်းထဲမှအဖြူရောင်အငွေ့များထွက်လာခဲ့သည်။ သူ၏မျက်လုံးများမှာသွေးဆာနေသောအရိပ်အယောင်များဖြင့်ပြည့်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်းသတ်ဖြတ်လိုသောအငွေ့အသက်များဖြင့်ပြည့်နေပေသည်။
လျန်ကျစ်ချောင်းဘာကြောင့်ဤလမ်းကိုရွေးချယ်ခဲ့ကြောင်း ကျိုးဟောင်ခန့်မှန်းမိပေသည်။ ယခုသူသည်လူသားမျိုးနွယ်၏သစ္စာဖောက်တစ်ယောက်အဖြစ်သတ်မှတ်ခံလိုက်ရပြီး ရာထူးမှထုတ်ပယ်ခံရကာတရားရင်ဆိုင်ရန်စောင့်ဆိုင်းနေရပေသည်။
စင်စစ်တွင်လျန်ကျစ်ချောင်းသည် သန္ဓေပြောင်းသားရဲများနှင့်ပူးပေါင်းကတည်းက သေဒဏ်ချမှတ်ခံရနိုင်ခြေအလွန်များပေသည်။ ထို့ကြောင့်အသက်ရှင်သန်ရန်အတွက်လျန်ကျစ်ချောင်းမှာသန္ဓေပြောင်းသားရဲများ၏ပိုင်နက်သို့ထွက်ပြေးလာခဲ့ပြီး ဤနေရာတွင်လွတ်မြောက်နိုင်မည့်နည်းလမ်းအားရှာဖွေလိုခြင်းဖြစ်သည်။ သို့သော်မြို့တွင်နေခဲ့သောလူတစ်ယောက်မှာ သန္ဓေပြောင်းသားရဲများ၏ဘဝနေထိုင်မှုနှင့်မည်ကဲ့သို့အသားကျနိုင်မည်နည်း။ သူ၏ရှင်သန်ရေးသေချာစေရန်အတွက် လျန်ကျစ်ချောင်းမှာ သန္ဓေပြောင်းသားရဲများ၏ဗီဇများဖြင့်မိမိကိုယ်ကိုပြုပြင်ရန်ပင်မတွေဝေခဲ့ပေ။
ဤနည်းလမ်းဖြင့်ဆိုပါက သူ၏စွမ်းအားများအကြီးအကျယ်တိုးလာနိုင်ရုံသာမက လူသားတစ်ဝက်သန္ဓေပြောင်းသားရဲတစ်ဝက်ဖြစ်သော ဖြစ်တည်မှုမျိုးလည်းဖြစ်လာနိုင်ပေသည်။ သန္ဓေပြောင်းလူသားတစ်ယောက်အနေနှင့် လူသားများကြားတွင်ပုန်းကွယ်နေနိုင်သလို သန္ဓေပြောင်းသားရဲလောကတွင်လည်းလွတ်လပ်စွာသွားလာလို့ရပေသည်။ မည်သို့ပင်ဖြစ်စေ ယခုသူ၏အငွေ့အသက်ထဲတွင်သန္ဓေပြောင်းသားရဲများ၏ဗီဇများပါဝင်နေပေရာ သန္ဓေပြောင်းသားရဲများမှာသူ့အားမြင်ချိန်တွင်မတိုက်ခိုက်ကြပေ။
ကျိုးဟောင်မှာလျန်ကျစ်ချောင်းအားသတိရှိရှိကြည့်နေရင်းတစ်ဖက်လူမှာ အဆက်မပြတ်ကြီးထွားလာပြီးပိုမိုသန်မာလာနေကြောင်းသိလိုက်ရပေသည်။
၎င်း၏ခန္ဓာကိုယ်အမြင့်မှာ ၂မီတာအထိပင်ရောက်သွားပြီဖြစ်သည်။ ကျိုးဟောင်ဒီလိုသန္ဓေပြောင်းသားရဲနှင့်တိုက်ခိုက်ရသည်မှာ ယခုအကြိမ်သည်ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏စိတ်ထဲတွင်လည်းအတော်လေးဖိစီးလာခဲ့သည်။ ကျိုးဟောင်သည်လျန်ကျစ်ချောင်းအားသတိထားအကဲခတ်ရင်း လက်ထဲရှိဓားအားဖြည်းဖြည်းချင်းတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး ပျက်ယွင်းနေသောအမူအရာဖြင့်ကြည့်နေပေသည်။
"ငါအစကမင်းတို့တွေနဲ့ဘာပြဿနာမှမဖြစ်ချင်ပါဘူး ဒါပေမဲ့မင်းတို့တွေကတကယ်တရားလွန်လွန်းတယ်"
လျန်ကျစ်ချောင်း၏အသံမှာအက်ကွဲနေပြီးလေထဲတွင်အဆက်မပြတ်ပဲ့တင်ထပ်ကာ ချက်ချင်းပင်ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ သူသည်ကျိုးဟောင်အားဒေါသတကြီးဖြင့်အေးစက်စွာကြည့်နေပြီး ဆိုးယုတ်စွာပြောလိုက်သည်။
"မင်းကသေချင်နေမှတော့ ငါ့ကိုအားမနာဘူးလို့အပြစ်မတင်နဲ့"
လျန်ကျစ်ချောင်းမှာစကားဆုံးသည်နှင့်ရုတ်တရက်နေရာမှာ ခုန်တက်သွားခဲ့ပြီး တကယ်ပင်ပေ ၃၀အထိခုန်ကျော်လာခဲ့ပေသည်။ ကြည့်ရသည်မှာသူ၏စွမ်းအားသည်တကယ်ပင် အကြီးအကျယ်တိုးသွားကာ ကျိုးဟောင်အားသတိထားရုံမှလွဲရွေးချယ်စရာမရှိဖြစ်လာစေပုံပင်။
"ခင်ဗျားကသေချင်နေတာပဲ"
ကျိုးဟောင်သည်စွမ်းရည်အားအလွန်အကျွံမသုံးမိရန်ကြိုးစားနေပြီး လက်ထဲရှိဓားအားတင်းကြပ်စွာဆုပ်ကိုင်ကာ အလွန်ရဲတင်းသောအရှိန်ဖြင့်လျန်ကျစ်ချောင်းထံသို့ပြေးဝင်သွားခဲ့သည်။
သူတို့နှစ်ဦး၏တိုက်ခိုက်မှုကြောင့်လေထဲတွင်ပေါက်ကွဲမှုများစွာဖြစ်ပေါ်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိမြေပြင်မှာတုန်ခါလာကာ တဝုန်းဝုန်းမြည်ဟီးနေပေသည်။ များစွာသောသန္ဓေပြောင်းသားရဲများမှာအန္တရာယ်အားခံစားမိပုံဖြင့် ကောင်းကင်ပေါ်သို့မော့ကာအော်ဟစ်နေကြပြီး ထိုသန္ဓေပြောင်းသားရဲများ၏အော်သံများမှာ ကျောက်တုံးစိမ်းတောင်တစ်ခုလုံးအနှံ့ပဲ့တင်ထပ်နေပေသည်။ တစ်ချိန်တည်းမှာပင် တောင်ခြေရှိစစ်သားများမှာထိုအသံများအားကြားလိုက်ရချိန်တွင် ချက်ချင်းပင်ကြောက်ရွံ့လာခဲ့ကြသည်။
သူတို့သည်အချင်းချင်းအပြန်အလှန်ကြည့်နေကြပြီး အသက်ရှူသံများလည်းမြန်နေပေကြသည်။ ထို့နောက်တုန်ယင်နေသောအသံဖြင့်မေးလာခဲ့သည်။
"ဒါက...."
သူတို့အဖွဲ့ထဲမှလူတစ်ယောက်မှာကူကယ်ရာမဲ့သောအမူအရာမျိုးဖြင့်ခေါင်းညိတ်ပြလာခဲ့ပြီးအခြားစကားမဆိုပေ။
ကျိုးဟောင်အားစောင့်ကြိုနေသည့်အရာအားသူတို့အားလုံးသိပေသည်။ အားလုံးမှာကျောက်တုံးစိမ်းတောင်ပေါ်မှသန္ဓေပြောင်းသားရဲများအလောတကြီးပြေးဆင်းလာမည့်ရန်မှကြိုတင်ကာကွယ်ရန် သတိကြီးကြီးထားကာတောင်အားစိုက်ကြည့်နေကြပေသည်။ မည်သို့ပင်ဖြစ်စေ အကယ်၍သန္ဓေပြောင်းသားရဲများသာ ထိန်းချုပ်ထားမှုမှလွတ်သွားပါက လူသားလောကအတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင်တောင်ထိပ်တွင် ကျိုးဟောင်မှာ လျန်ကျစ်ချောင်း၏အလွန်အားပြင်းသောတိုက်ခိုက်မှုဖြင့်ရင်ဆိုင်နေရပြီး ကျိုးဟောင်၏ရှောင်တိမ်းသည့်နှုန်းမှာ တိုက်ခိုက်နှုန်းထက်ပိုမြန်နေပေသည်။ လျန်ကျစ်ချောင်းမှာ ဒေါသကြီးပြီးရက်စက်သောသားရဲအဖြစ်အသွင်ပြောင်းသွားကာ ကျိုးဟောင်၏အသက်အားနှုတ်ယူချင်နေဟန်ဖြင့် အဝေးမှသဲကြီးမဲကြီးတိုက်ခိုက်နေပေသည်။
ကျိုးဟောင်မူလကထင်ခဲ့သည်မှာလျန်ကျစ်ချောင်းသည် သန္ဓေပြောင်းလူသားတစ်ယောက်အနေဖြင့်အလွန်စွမ်းအားကြီးမည်ဟုထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတစ်ဖက်လူ၏စွမ်းအားအားမြင်လိုက်ရချိန်တွင် ချက်ချင်းပင်သရော်ပြုံးပြုံးကာစိတ်ထဲတွင်မထူးခြားဘူးဟုတွေးလိုက်မိပေသည်။ ကျိုးဟောင်မှာရှေ့တစ်လှမ်းတိုးကာလျန်ကျစ်ချောင်း၏ရှေ့သို့လျင်မြန်စွာတိုးဝင်သွားခဲ့သည်။
ထို့နောက်ဘယ်ဘက်သို့လျင်မြန်စွာယိမ်းရင်း လျန်ကျစ်ချောင်း၏တိုက်ခိုက်မှုအားရှောင်တိမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် လျန်ကျစ်ချောင်းမှာကျိုးဟောင်ရှိရာသို့အလောတကြီးထပ်မံပြေးဝင်လာခဲ့သည်။ သူသည်အော်ဟစ်ကြုံးဝါးရင်း မျက်လုံးများမှာအမုန်းတရားများဖြင့်ပြည့်နေသည်မှာ ကျိုးဟောင်အားချက်ချင်းပင်အပိုင်းပိုင်းဆွဲဖြဲလိုသည့်ပုံပင်။
ကျိုးဟောင်၏မျက်နှာမှာအေးစက်နေပြီး ခန္ဓာကိုယ်အားလှည့်ကာအလွယ်တကူပင်ရှောင်လိုက်သည်။ ထို့နောက်လက်ထဲရှိဓားအားလျင်မြန်စွာဝေ့ယမ်းကာ လျန်ကျစ်ချောင်းထံသို့ရက်စက်စွာတိုးဝင်သွားခဲ့သည်။ အော်ဟစ်သံတစ်ခုနှင့်အတူ သွေးများမှာကောင်းကင်ပေါ်တွင်လွင့်စဥ်လာခဲ့သည်။
ထိုသွေးများသည်ပေပေါင်းများစွာအထိမြင့်တက်သွားပြီးချက်ချင်းပင် ကျိုးဟောင်၏တစ်ကိုယ်လုံးပေါ်ကျလာခဲ့ပေသည်။ သန္ဓေပြောင်းသားရဲများ၏သွေးမှာသူမတူသောအနံ့မျိုးရှိပေရာ ကျိုးဟောင်မှာထိုအနံ့အားရှုပြီးနောက် အလိုလိုနေရင်းမျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက်ကျိုးဟောင်မှာဓားအားနောက်တစ်ကြိမ်ဝေ့ယမ်းလိုက်ပြီး ချက်ချင်းပင်လျန်ကျစ်ချောင်း၏ခေါင်းအားခုတ်ဖြတ်လိုက်သည်။
လျန်ကျစ်ချောင်း၏မျက်လုံးများတွင်ဒေါသများဖြင့်ပြည့်နှက်နေသော်လည်း ယခုမူခေါင်းအားဆုံးရှုံးလိုက်ရပြီဖြစ်ပေရာ အသက်ဝင်နေသောခန္ဓာကိုယ်မှာတဖြည်းဖြည်းအသက်ကင်းမဲ့လာခဲ့ကာ ထိုမြင်ကွင်းမှာကြည့်ရအလွန်ဆိုးပေသည်။
ကျိုးဟောင်မှာလျန်ကျစ်ချောင်းအား သနားညှာတာခြင်းမရှိပေ။ သူ့အမြင်တွင်လျန်ကျစ်ချောင်းကဲ့သို့သောလူသည် လူသားမျိုးနွယ်အတွက်သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး ဤလောကကြီးတွင်အသက်မရှင်သင့်သောလူတစ်ယောက်ထက်မပိုပေ။
ကျိုးဟောင်မှာဤကိစ္စအားဖြေရှင်းပြီးနောက် ကျောက်တုံးစိမ်းတောင်မှပြန်လည်ဆင်းလာခဲ့သည်။ ဝင်ပေါက်အားစောင့်ကြပ်နေသောစစ်သားများမှာ ကျိုးဟောင်သေချာပေါက်သေဆုံးသွားပြီဟုထင်ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျောက်တုံးစိမ်းတောင်တွင်ကြမ်းကြုတ်သောသားရဲများစွာရှိပေရာ ကျိုးဟောင်တစ်ယောက်တည်းဖြင့်ထိုသတ္တဝါများအားဖြေရှင်းရန်မဖြစ်နိုင်ဟုထင်ခဲ့ခြင်းဖြစ်သည်။
သို့သော်ယခုအချိန်တွင်ထိခိုက်ဒဏ်ရာမရှိဘဲကျောက်တုံးစိမ်းတောင်ပေါ်မှပြန်ဆင်းလာနိုင်သောကျိုးဟောင်အားမြင်လိုက်ရချိန်တွင်ချက်ချင်းပင်ကြက်သေသေသွားခဲ့ကြသည်။ သူတို့သည် ကျိုးဟောင်မှာဤမျှလောက်စွမ်းအားကြီးလိမ့်မည်ဟုမထင်ထားခဲ့ကြပေ။ ကျိုးဟောင်သည်တကယ်ပင်ကျောက်တုံးစိမ်းတောင်ပေါ်မှအသက်ရှင်လျက်ပြန်ဆင်းလာနိုင်ပေသည်။
စစ်သားများမှာကျိုးဟောင်အားအံ့ဩတကြီးလေးစားမှုအပြည့်ဖြင့်ကြည့်နေကြပေသည်။ သို့သော်ကျိုးဟောင်မှာဂရုမစိုက်ဟန်ဖြင့်လက်ပြကာထွက်သွားခဲ့သည်။ စင်စစ်ပင်ကျိုးဟောင်တောင်ပေါ်မှထွက်လာပြီးနောက် လျှို့ဝှက်ဆန်းကြယ်သောလူမှာသူ့ရှေ့တွင်ထပ်မံပေါ်လာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သောလူမှာအလွန်လျင်မြန်စွာပေါ်လာပေရာ ထိုလူသည်သူ့ဘေးတွင်အမြဲတမ်းရှိနေသလားဟုပင်ကျိုးဟောင်မှာသံသယဝင်လာခဲ့သည်။ သူလုပ်သမျှအားလုံးအား ဤလူသိနေသည်လော။
ထိုသို့သိချင်စိတ်ဖြစ်လာကာ ကျိုးဟောင်မှာချုပ်တည်းမထားနိုင်ဘဲမေးလိုက်သည်။
"ခင်ဗျားတစ်ချိန်လုံးကျွန်တော့်နောက်လိုက်နေတာလား"
ကျိုးဟောင်၏မေးခွန်းအားကြားချိန်တွင် လျှို့ဝှက်ဆန်းကြယ်သောလူမှာစကားတစ်ခွန်းမှမဆိုဘဲ ပါးစပ်ဖွင့်ပြီးဂရုမစိုက်ဟန်ဖြင့်ဆက်ပြောလာခဲ့သည်။
"စတုတ္ထမြောက်တာဝန်က ကျန်းမြို့ရဲ့အထူးသံတမန် လင်းကျီဖုန်းကိုသတ်ဖို့ပဲ"
ဤလူသည်လည်းသန္ဓေပြောင်းသားရဲများနှင့်ပူးပေါင်းသောအပြစ်သားဖြစ်ကြောင်းကို ကျိုးဟောင်ချက်ချင်းပင်သဘောပေါက်လိုက်ပေသည်။ ဤလူသည်စတုတ္ထမြောက်ပစ်မှတ်ဖြစ်သည်။ သူတို့ဘက်မှ လူသတ်ရန်ကျိုးဟောင်အားတာဝန်ပေးတိုင်း ပစ်မှတ်များမှာသစ္စာဖောက်များ သို့မဟုတ် လူသားမျိုးနွယ်အတွက်ဘေးအန္တရာယ်များသယ်ဆောင်လာရန် သန္ဓေပြောင်းသားရဲများနှင့်တိတ်တဆိတ်ပူးပေါင်းနေသောလူ့အမှိုက်များသာဖြစ်သည်။
သို့သော်ကျိုးဟောင်မှာနဂိုကတည်းကသတိထားသူဖြစ်ပေရာ တစ်ဖက်လူ၏သရုပ်မှန်အားအတည်မပြုဘဲချက်ချင်းတိုက်ခိုက်မည့်လူမျိုးမဟုတ်ပေ။
ထို့ကြောင့်ယခုတစ်ကြိမ်တွင်လည်း ကျိုးဟောင်သည်တွေဝေမနေဘဲကျန်းမြို့သို့အလောတကြီးထွက်လာခဲ့ပေသည်။ ဤအထူးသံတမန်လင်းကျီဖုန်း မှာ မည်ကဲ့သို့သောလူစားမျိုးဖြစ်ကြောင်းစုံစမ်းရန်ကျန်းမြို့သို့သွားရန်ဆုံးဖြတ်ချက်ချလိုက်ပေသည်။
မကြာမီ ကျိုးဟောင်မှာကျန်းမြို့သို့ရောက်လာခဲ့ကာ လင်းကျီဖုန်းရှိနေသောရုံးခန်းအဆောက်အဦးသို့တန်းသွားကာ ထိုအထူးသံတမန်နှင့်တွေ့ဆုံရန်ပြင်လိုက်ပေသည်။
...................................................................................
အခန်း(၄၄၉) ပြီးပါပြီ။
အခန်း (၄၅၀) : အထူးသံတမန်
စုံစမ်းပြီးနောက် ဤအထူးသံတမန်လင်းကျီဖုန်းသည်သဘောကောင်းကာ ပြည်သူများအတွက်အဓိကထားပြီးအလုပ်လုပ်ကြောင်းကျိုးဟောင်သိလိုက်ရပေသည်။ ထို့အပြင်ထိုလူသည်စေ့စပ်သည့်လူဟုလည်းပြောကြပေသည်။ ထို့အပြင်လင်းကျီဖုန်းသည်သန္ဓေပြောင်းသားရဲရှင်းလင်းရေးတပ်ဖွဲ့၏ခေါင်းဆောင်လည်းဖြစ်သည်။
တစ်လအတွင်းမှာပင်ကျန်းမြို့ရှိအရေအတွက်များပြားသည့်သန္ဓေပြောင်းသားရဲအဖွဲ့ ၃ဖွဲ့အားဖျက်ဆီးပစ်ခဲ့ပြီး ကျန်းမြို့ရှိပြည်သူများ၏လုံခြုံရေးအတွက် ထူးချွန်စွာအကျိုးဆောင်ခဲ့ပေသည်။
ထိုသို့စုံစမ်းပြီးနောက် ကျိုးဟောင်မှာဤလူသည်တခြားလူများ၏အရှေ့တွင်သာသရုပ်ဆောင်နေခြင်းဖြစ်မည်ကိုတွေးပြီးစိုးရိမ်သွားခဲ့သည်။ ထို့ကြောင့်ကျိုးဟောင်မှာတမင်တကာပင်လင်းကျီဖုန်း၏ဘေးတွင်အချိန်တစ်ခုအထိနေရန်ဆုံးဖြတ်လိုက်သည်။
ဤတာဝန်သည်အချိန် ၂ရက်သာကြာမြင့်သော်လည်း ထို၂ရက်တာတုံ့ပြန်မှုအပြီး လင်းကျီဖုန်းမှာတကယ်ပင်လူကောင်းတစ်ယောက်ဖြစ်ကြောင်းကျိုးဟောင်သိလိုက်ရပေသည်။
သူသည်လျှို့ဝှက်ဆန်းကြယ်သောလူပြောသည့်ပုံစံမျိုးလုံးဝမဟုတ်ပေ။ သူ့ပုံသည်ကမ္ဘာကြီးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်သောပုံမျိုးဟု လုံးဝမထင်ရပေ။ ဤသတင်းအားသိရပြီးနောက် ကျိုးဟောင်မှာအဆမတန်ဒေါသဖြစ်သွားခဲ့သည်။
ဤလူများ၏အတွေးအားသူမသိပေ။ သူတို့သည်တကယ်ပင်ယခုလိုလူကောင်းတစ်ယောက်ကို ကျိုးဟောင်အားသတ်ခိုင်းစေချင်နေပေသည်။
အကယ်၍ကျိုးဟောင်သာမဆင်မခြင်နှင့်ဤလူအားသတ်လိုက်မိပါက ဤလောကကြီးတွင်လူကောင်းတစ်ယောက်လျော့သွားမည်မဟုတ်ပါလော။
ကျိုးဟောင်သာအမြဲသတိထားတတ်သူမဟုတ်ပါက ရလဒ်မှာအလွန်ခြားနားသွားမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့်ကျိုးဟောင်မှာ ပြဿနာများသော်ငြားဤကိစ္စအားမရမကစုံစမ်းမိခဲ့ပေသည်။ မဟုတ်ပါက တကယ်ကိုပြဿနာအကြီးကြီးတက်မည်ဖြစ်သည်။
ကျိုးဟောင်မှာဒေါသထွက်နေခဲ့ပြီး သူ့အားအကဲဖြတ်မှုတာဝန်များပေးသည့်လူများနှင့်ငြင်းခုံရန်အတွက် စစ်နတ်ဘုရားတပ်ရင်းသို့ပြန်ရန်ပြင်နေခဲ့သည်။ မမျှော်လင့်ထားဘဲ ကျိုးဟောင်ထွက်မသွားရသေးခင်တွင် လျှို့ဝှက်ဆန်းကြယ်သောလူမှာကျိုးဟောင်ရှေ့တွင်ထပ်ပေါ်လာခဲ့သည်။ သူသည်ကျိုးဟောင်အားတည်တည်ငြိမ်ငြိမ်ကြည့်နေပြီးနောက်မေးလာခဲ့သည်။
"အချိန်ပြည့်ခါနီးနေပြီ မင်းဘာလို့မတိုက်ခိုက်သေးတာလဲ"
ကျိုးဟောင်မှာရင်ထဲမှဒေါသအားမျိုသိပ်ကာသူ့ရှေ့ရှိလျှို့ဝှက်ဆန်းကြယ်သောလူအားအေးစက်စွာကြည့်ကာအော်မေးလိုက်သည်။
"ကျွန်တော်ဘာလို့မတိုက်ခိုက်သေးလဲဆိုတာ ခင်ဗျားမသိဘူးလား"
လျှို့ဝှက်ဆန်းကြယ်သောလူ၏မျက်နှာတွင် အေးစက်သောအမူအရာတစ်ခု ခပ်ရေးရေးထွက်ပေါ်လာခဲ့သည်။ ခေတ္တမျှတိတ်ဆိတ်နေပြီးနောက် ထိုလူသည်အသံဩသြဖြင့်ပြောလာခဲ့သည်။
"မင်းအကဲဖြတ်မှုကိုလက်လျှော့ပြီး စစ်နတ်ဘုရားတပ်ရင်းထဲဝင်ဖို့အရည်အချင်းပြည့်မပြည့်စမ်းသပ်ချက်ကိုလက်လျှော့လိုက်တော့မယ်လို့ပြောချင်တာလား"
ကျိုးဟောင်၏အမူအရာမှာချက်ချင်းပင်ပို၍ပျက်ယွင်းသွားခဲ့သည်။ သူသည်ဒေါသအားထိန်းချုပ်ကာရှေ့ရှိလျှို့ဝှက်ဆန်းကြယ်သောလူအားပြောလိုက်သည်။
"လင်းကျီဖုန်းကသန္ဓေပြောင်းသားရဲတွေနဲ့ပူးပေါင်းနေတဲ့လူမဟုတ်ဘူး ဘာလို့သူ့ကိုသတ်စေချင်တာလဲ"
ကျိုးဟောင်၏မေးခွန်းအားကြားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သောလူ၏မျက်နှာတွင်အနည်းငယ်တောက်ပသောအမူအရာမျိုးပေါ်လာခဲ့သည်။ သူသည်ခပ်ဖြည်းဖြည်းနှင့်တစ်လုံးချင်းပြောလာခဲ့သည်။
"ဒါကစစ်နတ်ဘုရားတပ်ရင်းကထုတ်ပြန်တဲ့တာဝန်ပဲ မင်းတာဝန်ကိုပြီးဆုံးအောင်လုပ်ရမယ် မဟုတ်ရင်အကဲဖြတ်မှုအတွက်အရည်အချင်းစမ်းသပ်မှုကိုလက်လျှော့လိုက်တယ်လို့ယူဆခံရလိမ့်မယ်"
ကျိုးဟောင်၏အမူအရာမှာယခုအချိန်ထိမဲမှောင်နေဆဲဖြစ်သော်လည်းစိတ်ထိန်းကာအော်ပြောလ်ိုက်သည်။
"ဒါဆိုလည်းထားလိုက်တော့ ဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းဒီတာဝန်ကိုလုပ်ဖို့အစီအစဉ်မရှိဘူး ခင်ဗျားတို့ကျွန်တော့်ကိုပေးတဲ့ဒီတာဝန်ကတကယ်ခက်ခဲတယ်"
"လင်းကျီဖုန်းကပြည်သူတွေအတွက်အလုပ်လုပ်နေတဲ့လူကောင်းတစ်ယောက် သူကတကယ်ပြည်သူတွေအတွက်တွေးတယ် ခုလိုဆက်ဆံခံရစရာအကြောင်းကိုမရှိဘူး ကျွန်တော်ဒီတာဝန်ကိုမလုပ်ဘူး တကယ်လို့ဒီကိစ္စလုပ်ဖို့တခြားတစ်ယောက်ယောက်ကိုလွှတ်လိုက်ရင် ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးခင်ဗျားတို့ကိုတားမှာပဲ အပြစ်မရှိတဲ့လူကိုသေချာပေါက်သတ်ခွင့်မပေးနိုင်ဘူး"
ကျိုးဟောင်၏စကားအားကြားပြီးနောက်လျှို့ဝှက်ဆန်းကြယ်သောလူ၏မျက်နှာတွင်ဒေါသဖြစ်နေသောအရိပ်အယောင်မျိုးပေါ်လာခဲ့သည်။ သူသည်ဒေါသအားချိုးနှိမ်ကာအေးဆေးပြောလိုက်သည်။
"မင်းဒီကိစ္စကိုတကယ်သေချာစဉ်းစားပြီးပြီလား မင်းသေချာစဉ်းစားမှရမယ်နော် တကယ်လို့မင်းဒီတာဝန်ကိုပြီးအောင်မလုပ်နိုင်ရင် ရှေ့ကလုပ်ခဲ့တဲ့တာဝန်တွေအားလုံးကအလကားဖြစ်သွားလိမ့်မယ် တကယ်လို့မင်းစစ်နတ်ဘုရားတပ်ရင်းရဲ့ညွှန်ကြားချက်ကိုမလိုက်နာရင် စစ်နတ်ဘုရားတပ်ရင်းကမင်းကိုအဖွဲ့ထဲဝင်ဖို့နောက်ထပ်အခွင့်အရေးပေးမှာမဟုတ်ဘူး။
လျှို့ဝှက်ဆန်းကြယ်သောလူမှာစကားလုံးတိုင်းအား ပီပီသသပြောနေပေရာ ကျိုးဟောင်၏အမူအရာအားချက်ချင်းပင်အေးစက်သွားစေခဲ့သည်။ ကျိုးဟောင်သည်စိတ်ထိန်းရင်းအေးစက်စွာပြောလိုက်သည်။
"ခင်ဗျားအဓိပ္ပာယ်မရှိတာတွေပြောနေစရာမလိုဘူး ကျွန်တော်သေချာစဉ်းစားပြီးပြီ ခင်ဗျားတို့အသုံးချတာခံပြီး အပြစ်မရှိတဲ့လူကိုမသတ်နိုင်ဘူး"
"ဒီတော့စစ်နတ်ဘုရားတပ်ရင်းကိုမဝင်နိုင်တော့ရောဘာဖြစ်လဲ လုံးဝဂရုမစိုက်ဘူး ကိုယ့်လမ်းကိုယ်ဖောက်မယ်"
ကျိုးဟောင်၏စကားများမှာ လျှို့ဝှက်ဆန်းကြယ်သောလူအားအလွန်ဒေါသထွက်သွားစေခဲ့သည်။ ထို့နောက်ထိုလူသည်အေးစက်စွာအော်ပြောလာခဲ့သည်။
"ကောင်းပြီ ဒီစကားကိုမင်းပြောတာနော်အချိန်ကျလာရင်မင်းနောင်တမရဖို့ငါမျှော်လင့်တယ်"
ကျိုးဟောင်မှာစိတ်ပျက်နေသည့်ဟန်ဖြင့် မျက်နှာတွင်လည်းအထင်အမြင်သေးသောအရိပ်အယောင်တို့ဖြင့်ပြည့်နေကာ ထေ့ငေါ့ပြောလိုက်ပေသည်။
"သေချာတာပေါ့ လုံးဝနောင်တမရဘူး"
ကျိုးဟောင်မှာစကားဆုံးသည်နှင့် အလျင်အမြန်ပင်လှည့်ထွက်သွားရန်ပြင်လိုက်သည်။
"နေဦး"
မမျှော်လင့်ထားစွာဘဲ ကျိုးဟောင်ခြေတစ်လှမ်းပင်မလှမ်းရသေးခင်မှာပင်သူ့နောက်ရှိလျှို့ဝှက်ဆန်းကြယ်သောလူမှုရုတ်တရက်ခပ်ဟဟရယ်ကာ ချီးကျူးစကားဆိုလာခဲ့သည်။
"အကဲဖြတ်မှုရဲ့စတုတ္ထအဆင့်ကိုအောင်မြင်စွာကျော်ဖြတ်သွားနိုင်တဲ့အတွက်ဂုဏ်ပြုပါတယ်"
"ဘာပြောလိုက်တာလဲ"
ကျိုးဟောင်မှာနေရာတွင်ရပ်နေရင်း ပဟေဠိဖြစ်နေပေသည်။ သူသည်အနောက်ရှိလူအားအံဩတကြီးလှည့်ကြည့်ကာရှုပ်ထွေးနေဟန်ဖြင့်မေးလိုက်သည်။
"ခုနကပဲကျွန်တော်အရည်အချင်းမှီ မမှီ အကဲဖြတ်မှုမှာပါဝင်လို့မရတော့ဘူးလို့ပြောခဲ့တာမဟုတ်ဘူးလား"
လျှို့ဝှက်ဆန်းကြယ်သောလူ၏မျက်နှာထက်တွင်ရှားပါးသောအပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး လက်ယမ်းပြကာညင်သာစွာပြောလာခဲ့သည်။
"အစောပိုင်းကတာဝန်ကမင်းရဲ့တုံ့ပြန်ပုံကိုစမ်းသပ်ဖို့ပဲ စစ်နတ်ဘုရားတပ်ရင်းကိုဝင်ရောက်နိုင်ဖို့ဆို တာဝန်တွေထမ်းဆောင်နိုင်တဲ့အရည်အချင်းလိုအပ်ရုံတင်မဟုတ်ဘဲ အမှားနဲ့အမှန်ကိုခွဲခြားနိုင်ပြီး မှန်ကန်တိကျတဲ့သုံးသပ်ချက်တွေချနိုင်ဖို့လည်းလိုတယ်"
"တကယ်လို့မင်းသာ ဒီနေ့တွေဝေမှုမရှိဘဲလင်းကျီဖုန်းကိုသတ်ခဲ့ရင် မင်းစစ်နတ်ဘုရားတပ်ရင်းကိုဝင်ရောက်နိုင်မဲ့အရည်အချင်းစစ်စမ်းသပ်ချက်ကိုချက်ချင်းလက်လွှတ်လိုက်ရမှာ"
"တကယ်လို့မင်းသာလင်းကျီဖုန်းကလူကောင်းဆိုတာကိုသိရဲ့သားနဲ့တိုက်ခိုက်ခဲ့ရင် အကဲဖြတ်စမ်းသပ်မှုကျရှုံးသွားမှာ"
"ဒါတွေအားလုံးကဒီတိုင်းစစ်ဆေးမှုတစ်ခုပဲ အောင်အောင်မြင်မြင်ဖြတ်ကျော်သွားနိုင်တဲ့အတွက်ဂုဏ်ပြုပါတယ်"
လျှို့ဝှက်ဆန်းကြယ်သောလူမှခပ်ဟဟရယ်မောရင်းပြောလာခဲ့သည်။ ထိုအချိန်မှသာကျိုးဟောင်မှာဖြစ်ကြောင်းကုန်စင်အားသဘောပေါက်သွားခဲ့သည်။
သို့သော်ကျိုးဟောက်၏စိတ်ထဲတွင်အနည်းငယ်ထိတ်လန့်နေဆဲပင်ဖြစ်သည်။ သူသည်လျှို့ဝှက်ဆန်းကြယ်သောလူအားစိုးရိမ်နေသောမျက်လုံးများဖြင့်ကြည့်ကာ မျက်မှောင်ကြုတ်ပြီးစိတ်ပျက်လက်ပျက်မေးလိုက်သည်။
"ဒါပေမဲ့ ခင်ဗျားရဲ့စမ်းသပ်မှုကအရမ်းလူမဆန်ရာမကျဘူးလား"
"တကယ်လို့ကျွန်တော်သာလင်းကျီဖုန်းကိုမတော်တဆသတ်မိခဲ့ရင်ခင်ဗျားတို့ဘယ်လိုလုပ်မှာလဲ"
ထိုသိုတွေးမိပြီး ကျိုးဟောင်မှာယခုအချိန်အထိ ရင်တထိတ်ထိတ်ဖြင့်စိုးရိမ်နေပေသည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်သောလူမှာအပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ဟဟ ငါမင်းရှေ့မှာအမြန်ပေါ်လာနိုင်တယ်လို့ဘာလို့မထင်တာလဲ"
ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ မိမိဘာသာခန့်မှန်းမိခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်သောလူ၏နှုတ်မှကိုယ်တိုင်ပြောလာသည်အားကြားရချိန်တွင် ကျိုးဟောင်မှာအတော်လေးအံ့ဩသွားခဲ့သည်။
"အတိုချုံးပြောရရင် ဂုဏ်ပြုပါတယ်"
လျှို့ဝှက်ဆန်းကြယ်သောလူမှာပြုံးကာရှေ့တစ်လှမ်းတိုးပြီး ကျိုးဟောင်၏ပခုံးအားပုတ်ကာပြောလိုက်သည်။
"မင်းကိုစောင့်ကြိုနေတဲ့ နောက်ဆုံးစစ်ဆေးမှုတစ်ခုရှိသေးတယ်"
....................................................................................
အခန်း(၄၅၀) ပြီးပါပြီ။