အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
အခန်း (၄၃၉) :စစ်ဆေးခြင်း
ရှုလင်က သူ့အား ဒုက္ခမတွေ့စေချင်သည့်စိတ်အားကျိုးဟောင်နားလည်လေသည်။ရှုချန်းကလည်း သူ့အားသတ်ဖို့ကြိုးစားခဲ့ဖူးလေသည်။ ထိုကိစ္စကိုတော့ရှုလင်အားသူ မပြောပြခဲ့ပေ။
သူပြောပြခဲ့ရင်တောင်မှ ရှုလင်အတွက်စိတ်ပူစရာဖြစ်ရုံသာရှိမည်ဖြစ်လေသည်။ ဒါမျိုးကိုသူလည်းမလိုလားပေ။
သူတို့နှစ်ယောက်မှာတယောက်အခက်အခဲကိုတယောက်ကနားလည်ပြီး တယောက်နှင့်တယောက်လည်း ဒုက္ခမရောက်စေချင်ပေ။
"ရှုလင် စစ်နတ်ဘုရားတပ်ရင်းအကြောင်းသိလား"
ကျိုးဟောင်ကမေးလိုက်လေသည်။
ထိုစကားကိုကြားသောအခါရှုလင်၏အမူအရာပြောင်းလဲသွားလေသည်။ ရှုလင်ကကျိုးဟောင်အားရုတ်တရက်ကြည့်လိုက်လေသည်။
"နင်....နင် စစ်နတ်ဘုရားတပ်ရင်းဆီသွားမလို့လား"
ရှုလင်မှာ ဉာဏ်ပြေးသောသူဖြစ်သောကြောင့် ကျိုးဟောင်မေးခွန်းကဘာကိုရည်ရွယ်လဲသိလေသည်။
"ဟုတ်တယ် ငါစစ်နတ်ဘုရားတပ်ရင်းကိုသွားမလို့ အဲ့ဒါကကိုယ့်အတွက်ရော ပြီးတော့မင်းအတွက်ရောပဲ"
ကျိုးဟောင်ကခေါင်းညိတ်ပြီးဖြေလိုက်လေသည်။
"ဒါ....ဒါက..."
ရှုလင်ကမျက်ရည်လေးများဖြင့် ကျိုးဟောင်ကိုကြည့်လိုက်လေသည်။ သူမအနေဖြင့် ကျိုးဟောင်ဘာကြောင့်စစ်နတ်ဘုရားတပ်ရင်းအား၀င်ရောက်ဖို့ကြိုးစားလဲသိလေသည်။
"ကျိုးဟောင် နင်ဘာတွေးနေလဲငါသိတယ် ဒါပေမဲ့ စစ်နတ်ဘုရားတပ်ရင်းက အရမ်းအန္တရာယ်များလွန်းတယ် ဒီတပ်ဖွဲ့ကငါတို့ဟွာရှားမြို့အတွက်တင်မဟုတ်ဘဲ အနောက်နိုင်ငံအတွက်လည်းအရေးပါတယ်။ စစ်နတ်ဘုရားတပ်ရင်းက နိုင်ငံတကာအဖွဲ့အစည်းတခုပဲ။ သေခြင်း ရှင်ခြင်းက ငါတို့နိုင်ငံရဲ့စီရင်ပိုင်ခွင့်ထဲမပါ၀င်ဘူး"
ရှုလင်၏စကားများက ကျိုးဟောင်အား ထိုတပ်ရင်းထဲမ၀င်စေလိုကြောင်းပေါ်လွင်လေသည်။ ဒါ့အပြင်စစ်နတ်ဘုရားတပ်ရင်းမှာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သောကြောင့် သူတို့နိုင်ငံ၏ထိန်းချုပ်ပိုင်ခွင့်ထဲမပါ၀င်ကြောင်းကိုလည်းပြောပြလေသည်။
လူသားနှင့်မျိုးနွယ်ခြားတို့ကြားအရှုပ်အထွေးများကအရှေ့တိုင်းနိုင်ငံများသာမက အနောက်တိုင်းနိုင်ငံများတွင်လည်းဖြစ်ပွားနေလေသည်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းကမှ ထိုအရှုပ်အရှင်းများထဲ၀င်မပါချင်ကြပေ။ ဒါ့ကြောင့် စစ်နတ်ဘုရားတပ်ရင်းအားဖွဲ့စည်းခဲ့ခြင်းဖြစ်လေသည်။ မည်သူ့နိုင်ငံမှသိုင်းပညာရှင်မဆို လိုအပ်ချက်များနှင့်ကိုက်ညီပါက တပ်ရင်းထဲ၀င်ရောက်ခွင့်ရှိလေသည်။
စစ်နတ်ဘုရားတပ်ရင်းထဲရှိ သိုင်းပညာရှင်များမှာ ပုံရိပ်ကြီးမားသည်လို့ဆိုနိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သောကြောင့် နိုင်ငံအာဏာပိုင်များက ၀င်မစွက်ဖက်နိုင်ပေ။ စစ်နတ်ဘုရားတပ်ရင်းတွင် သူတို့၏ကိုယ်ပိုင်စည်းမျဉ်းများရှိလေသည်။
တနည်းဆိုရလျှင် စစ်နတ်ဘုရားတပ်ရင်း၏အဖွဲ့၀င်တယောက်က နိုင်ငံတနိုင်ငံအတွင်း အပြစ်ကင်းသောလူတယောက်ကိုသတ်ခဲ့ရင်တောင်မှ ထိုနိုင်ငံ၏အာဏာပိုင်များက ပြစ်ဒဏ်ပေးပိုင်ခွင့်မရှိပေ။သူတို့အနေဖြင့်နိုင်ငံတကာစည်းမျဉ်းများအတိုင်းလိုက်နာရလေသည်။ သူတို့အနေဖြင့်ဒေါသထွက်နေရင်တောင်မှဘာမှလုပ်ပိုင်ခွင့်မရှိကြပေ။ဒါသည် စစ်နတ်ဘုရားတပ်ရင်း၏လုပ်ပိုင်ခွင့်ဖြစ်လေသည်။
"ရှုလင်ဘာမှ စိတ်မပူပါနဲ့။ စိတ်ချပါ တနေ့ကျရင်ရှုအိမ်တော်ကိုလာပြီး မင်းကိုလက်ထပ်ခွင့်လာတောင်းပါ့မယ်"
ကျိုးဟောင်က ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်လေသည်။
ရှုလင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ကျိုးဟောင်အားတင်းကြပ်စွာဖက်ထားလိုက်လေသည်။
ထိုအချိန်တွင်ကျူးဇောင်မှာ သူ့ရုံးခန်းသို့ပြန်ရောက်နေပြီး လုပ်စရာရှိသောစာရင်းများအားပြုလုပ်နေလေသည်။ ထိုစဉ်တွင် သူ၏ဆက်သွယ်ရေးကိရိယာမှာမြည်လာပြီး သူ၏အမူအရာပြောင်းသွားလေသည်။
သူအလျင်အမြန်ဖွင့်လိုက်လေသည်။ ဖန်သားပြင်မှာမှောင်နေသော်လည်း အသံဩဩတခုထွက်လာလေသည်။
"ကောင်းကင်ဘုရင်ကျူး"
ထိုစကားသံကိုကြားလိုက်သောအခါ ကျူးဇောင်၏ အမူအရာမှာ ကြည်ညိုလေးစားသည့်ပုံဖြစ်သွားလေသည်။
"စီနီယာလေနတ်ဘုရား ကျွန်တော့်ကိုရှာနေတာလား"
ကျူးဇောင်ကအလျင်အမြန်မေးလိုက်လေသည်။
"အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းကကျိုးဟောင်နဲ့ပတ်သက်တဲ့မေးခွန်းတချို့ကို ငါတို့အတည်ပြုပေးဖို့လိုတယ်"
ထိုလူ၏အသံမှာလေးနက်ပြီး ခံစားမှုမဲ့သည့်ပုံစံဖြစ်လေသည်။
"စီနီယာလေနတ်ဘုရား ကျေးဇူးပြုပြီးပြောပြပါ"
ကျူးဇောင်က အလျင်အမြန်ပြောလိုက်လေသည်။
"ငါဒီအတိုင်းမင်းစီမှာစစ်ဆေးကြည့်တာပါ။ ကျိုးဟောင်က ၁၈နှစ်သာရှိသေးပြီးတကယ် မူလအဆင့်ကိုထိုးဖောက်သွားနိုင်တာလား"
"ဟုတ်ပါတယ်စီနီယာ အဲ့အတွက်ကျုပ်ထောက်ခံမှုပေးနိုင်ပါတယ်"
ကျူးဇောင်ကခေါင်းညိတ်ပြီးဖြေလိုက်လေသည်။
"အရမ်းကောင်းတယ် ဒီအတိုင်းဆို သူ့အတွက် စစ်နတ်ဘုရားတပ်ရင်းကို၀င်နိုင်လိမ့်မယ်။ ဒါပေမဲ့အရမ်းတော့ မမျှော်လင့်ထားနဲ့ဦး မင်းကိုယ်တိုင်ထောက်ခံပေးထားရင်တောင်မှ အကဲဖြတ်စစ်ဆေးမှုတွေရှိသေးတယ် အဲ့တာတွေအားလုံးကျော်ဖြတ်နိုင်မှု စစ်နတ်ဘုရားတပ်ရင်းကို၀င်ရောင်နိုင်မှာ ဒါကိုတော့ မင်းလည်းသိမှာပါ ကောင်းကင်ဘုရင်ကျူး"
"ကျွန်တော်နားလည်ပါတယ် စီနီယာပါတယ် သူအစစ်အဆေးခံဖို့အတွက်အခွင့်အရေးလေးပေးဖို့တောင်းဆိုချင်လို့ပါ"
ကျူးဇောင်ကပြောလိုက်သည်။
"ကောင်းပြီ ဒါပေမဲ့ အခွင့်အရေးတော့အရမ်းမမျှော်လင့်ထားနဲ့။ စစ်နတ်ဘုရားတပ်ရင်းက အရှေ့နိုင်ငံတွေရော အနောက်နိုင်ငံတွေပါရောနှောထားတဲ့အဖွဲ့အစည်းဆိုတာမင်းလည်းသိမှာပါ ငါတို့လူသားမျိုးနွယ်ရဲ့အာဏာအရှိဆုံးအဖွဲ့လည်းဖြစ်တယ် မင်းရဲ့ထောက်ခံမှုအပေါ်မှာလည်း မူတည်မနေတာမင်းသိမှာပါ"
"ဒါ့အပြင် ဒီနှစ်က၀င်ခွင့်နေရာကအနည်းငယ်ပဲရှိတာကြောင့် ကျိုးဟောင်အနေနဲ့တနေရာရလိမ့်မယ်လို့အရမ်းမမျှော်လင့်ထားနဲ့"
ထိုစကားများကိုကြားသောအခါ ကျူးဇောင်သဘောပေါက်သွားလေသည်။
"တတ်နိုင်တာကိုအကောင်းဆုံးလုပ်ပြီးကျန်တာကို ကံတရားကိုပဲလွှဲထားရမှာပေါ့။ တကယ်လို့မလုပ်နိုင်ခဲ့ရင်ကျိုးဟောင်အနေနဲ့ မထိုက်တန်သေးလို့ပဲ သတ်မှတ်ရမှာပေါ့ "
ကျူးဇောင်ကပြောလိုက်လေသည်။
"ဟုတ်တယ် ဒါပေမဲ့ သူနဲ့ပတ်သက်တဲ့ ပုံမှန်အစီရင်ခံစာတခုတော့လိုချင်တယ်။ သူက မူလအဆင့်ပညာရှင်ဆိုရင်တောင်မှ ထူးခြားတဲ့အရာမျိုးမရှိတဲ့ ပညာရှင်မျိုးတော့ ငါတို့မလိုချင်ဘူး။ ဒါ့ကြောင့် သူ့ကိုတချက်လောက်စမ်းသပ်ကြည့်ပေးပါ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ခွန်အားစမ်းသပ်ချက်တွေငါလိုချင်တယ်"
တဖက်ကလည်းတောင်းဆိုမှုလုပ်လာလေသည်။
"ကောင်းပါပြီ စီနီယာ ကျုပ်ချက်ချင်းစီစဉ်လိုက်ပါ့မယ်"
ကျူးဇောင်လည်း ချက်ချင်းလက်ခံလိုက်လေသည်။သူ့စကားဆုံးသွားသောအခါ တဖက်မှလည်း ဆက်သွယ်ရေးလိုင်းမှထွက်ခွာသွားလေသည်။
ကျူးဇောင်မှာ အသက်၀၀ရှူလိုက်ပြီး ခဏလောက်တွေးပြီးနောက် ကျိုးဟောင်အားဆက်သွယ်လိုက်လေသည်။ ဘာမှထွေထွေထူးထူးပြောမနေဘဲ အစိမ်းရောင်တိမ်တိုက်ဌာနသို့ချက်ချင်းလာရန်ပြောလိုက်လေသည်။
ကျူးဇောင်ဆီမှာ မက်ဆေ့ရရှိချိန်တွင် ကျိုးဟောင်မှ အိမ်၌ထမင်းစားနေတုန်းဖြစ်သောကြောင့်အံ့ဩသွားလေသည်။ သို့သော်လည်း တုံ့ဆိုင်းမနေဘဲ စားသောက်ပြီးနောက် လေယာဉ်စီးကာ ၁၂ခုမြောက်အက်ကွဲကြောင်းသို့သွားပြီး ကျူးဇောင်နှင့်တွေ့ဆုံလေသည်။
"ကျူးဇောင် ငါ လှမ်းခေါ်ရတဲ့အဓိကအကြောင်းကတော့ မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကိုစမ်းသပ်ဖို့ပဲ။ ဒါက စစ်နတ်ဘုရားတပ်ရင်းကို၀င်နိုင်ဖို့အတွက်အရေးကြီးတဲ့ အရာတခုပဲ။ "
ကျူးဇောင်က ကျိုးဟောင်ကိုတွေ့သည်နှင့် တုံ့ဆိုင်းမနေဘဲအကြောင်းအရာကိုတည့်ပြောလိုက်လေသည်။
"ကိုယ်ရည်ကိုယ်သွေးဟုတ်လား"
ကျိုးဟောင်မှာအံ့ဩသွားလေသည်။
"အဲ့ဒါကရိုးရှင်းပါတယ် မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အား ၊ စိတ်ပိုင်းဆိုင်ရာခွန်အားနဲ့ သွေးမျိုးရိုးအလားအလာတို့ကို စမ်းသပ်မှုပဲ။ စိတ်မပူပါနဲ့ ဘယ်လိုစမ်းသပ်ရမလဲ ငါမင်းကိုပြောပြပါ့မယ်"
ထို့နောက်ကျူးဇောင်က ကျိုးဟောင်အားမြေအောက်ထပ်သို့ခေါ်သွားခဲ့လေသည်။ အောက်တွင် ချိတ်ပိတ်ထားသောအထပ် ၁၀ထပ်လောက်ရှိလေသည်။
"ငါတို့ရဲ့သာမန် မူလပညာရှင်တယောက်က ကီလိုဂရမ် ၁သိန်းနဲ့ညီတဲ့ခွန်အားနဲ့ တစက္ကန့်ကိုမီတာ၂၀၀အထိသွားနိုင်တဲ့အမြန်နှုန်းရှိတယ်။ ဒါက သာမန်မူလပညာရှင်တယောက်ရဲ့အခြေခံအချက်လေးတွေပဲ။ စစ်နတ်ဘုရားအဖွဲ့အစည်းကဒီလောက်နဲ့မရဘူး။ ဒါ့ကြောင့် သူတို့ကိုမင်းကို စမ်းသပ်ပြီး အစီအရင်ခံဖို့ပြောလာတယ်။ အဲ့အဆင့်ကလည်းမရှိမဖြစ်အရေးပါတယ်"
ကျူးဇောင်က ကျိုးဟောင်အားကြည့်ပြီးပြောလာလေသည်။
ကျိုးဟောင်ကသိပ်ဂရုမစိုက်ပေ။ လက်ရှိသူ့အင်အားမှာ တတိယအဆင့်ကောင်းကင်ဘုံပညာရှင်နှင့်ယှဉ်နိုင်ပြီး ကျူးဇောင်တောင်မှ သူ့ထက်မသန်မာလောက်ပေ။
ဒါ့အပြင် နတ်ဘုရားသတ်သိုင်းနှင့်ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ကိုယ်ခန္ဓာသိုင်းကြောင့်သူ၏တိုက်ခိုက်ရေးစွမ်းရည်ကိုတိုးမြှင့်နိုင်လေသည်။ ကီလိုဂရမ် ၁သိန်းမဆိုထားနဲ့ ကီလိုဂရမ် ၁၀မီလီယံအထိသူလုပ်ပြနိုင်လေသည်။
"ကောင်းပါပြီ ကျွန်တော် လိုလိုလားလား အစမ်းသပ်ခံပါ့မယ်"
ကျိုးဟောင်က ပြုံးပြီးပြောလိုက်လေသည်။
"ဒါဆိုစလိုက်ကြရအောင် ဒီစက်က ကီလိုဂရမ်၂မီလီယံလောက်အထိခံနိုင်ရည်ရှိတယ် ပြောရရင် ပဉ္စမအဆင့်မူလပညာရှင်ရဲ့တိုက်ခိုက်မှုကိုခံနိုင်တယ်တကယ်လို့ မင်းအနေနဲ့ ၁မီလီယံလောက်အထိလုပ်နိုင်မယ်ဆိုရင် စစ်နတ်ဘုရားတပ်ရင်းရဲ့ အကဲဖြတ်မှုထဲပါ၀င်ခွင့်ရမယ်"
ကျူးဇောင်ကပြောလိုက်သည်။
သို့သော်လည်းနောက်စက္ကန့်အနည်းငယ်အကြာတွင် ကျူးဇောင်တယောက်မှင်တက်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် ကျိုးဟောင်၏ထိုးချက်မှာ ၁.၉မီလီယံအထိရှိသောကြောင့်ဖြစ်လေသည်။
....................................................................................
အခန်း (၄၃၉) ပြီးပါပြီ။
အခန်း (၄၄၀) :ကြီးမားသောခွန်အား
ကျူးဇောင် စကားဆုံးသည်နှင့် ကျိုးဟောင်က ထိုးလိုက်ခြင်းဖြစ်လေသည်။ သူ့အနေဖြင့် အကြောအပြိုင်းပြိုင်းထကာ အားကုန်ထိုးလိုက်သည့်ပုံပေါက်သော်လည်း ထိုအရာအားလုံးက ဟန်ဆောင်နေခြင်းဖြစ်လေသည်။
သူ့အနေဖြင့် ထိုလက်သီးချက်တွင် သူ့အင်အား၏ ၂၀%သာ သုံးခဲ့ခြင်းဖြစ်လေသည်။သို့သော်လည်း ကျူးဇောင်အား မျက်လုံးပြူးသွားစေခဲ့လေသည်။
"၁.၉ မီလီယံ"
ကျူးဇောင်တယောက်ပါးစပ်မှယောင်ပြီးပါထွက်မိလေသည်။ကျိုးဟောင်၏ထိုးချက်မှာ အားပါလွန်း၍မဟုတ်ဘဲ ရှားပါး၍ဖြစ်လေသည်။ သာမန်ပထမအဆင့်မူလပညာရှင် တယောက်အနေနဲ့ အလွန်ဆုံးသုံးနိုင်သည့်အားမှာ ၅သိန်းဖြစ်ပြီး ၁၀သိန်းလောက်ထုတ်သုံးနိုင်သည့်သူမှာ အလွန်ရှားလေသည်။ သို့သော်ကျိုးဟောင်ကီလိုဂရမ် ၁.၉မီလီယံအထိရှိသော အားမျိုးထုတ်ပြခဲ့လေသည်။ ဒါက သူ့အနေဖြင့်ဒါမျိုးတခါမှမမြင်ခဲ့ဖူးပေ။
"ဟားဟား...ကျိုးဟောင် မင်းကငါ့ကိုတကယ်အံ့အားသင့်သွားစေတာပဲ မင်းအင်အားကတော့လုံလောက်ပြီ အမြန်နှုန်းကိုစမ်းသပ်ကြည့်ရအောင်"
"ကောင်းကင်ဘုရင်ကျူး သာမန်မူလပညာရှင်တယောက်က တစက္ကန့်မှာ၂၀၀မီတာအမြန်နှုန်းရှိတယ်ဆိုရင် စစ်နတ်ဘုရားတပ်ရင်းကို၀င်နိုင်ဖို့ဘယ်လောက်လိုမလဲ"
ကျိုးဟောင်ကမေးလိုက်လေသည်။ သူ့အနေဖြင့် အလွန်အကျွံမဖြစ်စေလိုသည့်အပြင် သူ့အပေါ်လည်း သံသယများမရှိစေလိုပေ။
အင်အားနှင့်အမြန်နှုန်းက မတူညီပေ။ အင်အားသည် လေ့ကျင့်ယူလို့ရပြီး အမြန်နှုန်းကတော့မတူပေ။ လေ့ကျင့်လည်း အလွန်တိုးတက်မလာနိုင်သည့်အရာဖြစ်ပေသည်။ ဒီကမ္ဘာပေါ်တွင် အမြန်နှုန်းကဘယ်အရာကိုမှ မရှုံးနိုင်သည့်ဖြစ်တည်မှုတခုဖြစ်လေသည်။
"ပုံမှန်ဆိုရင် မီတာ ၂၀၀ပေါ့ ဒါပေမဲ့ စစ်နတ်ဘုရားတပ်ရင်းကို၀င်နိုင်ဖို့ဆို အနည်းဆုံး ၃၀၀မီတာတော့ရှိရမယ်။ စစ်နတ်ဘုရားတပ်ရင်းကို၀င်နိုင်ဖို့ သာမန်အရာလောက်နဲ့မရတာကိုတော့ မင်းသဘောပေါက်မှာပါ"
ကျူးဇောင်ကပြုံးပြီးပြောလိုက်သည်။
ကျိုးဟောင်က စမ်းသပ်ရေးစက်ဆီလမ်းလျှောက်သွားလိုက်လေသည်။ထို့နောက် သူ့ခန္ဓာကိုယ်အား ကွေးညွှတ်လိုက်ပြီး အဟုန်အပြည့်ဖြင့် ပြေးလိုက်လေသည်။
တိုင်းတာရေးစက်တွင် မီတာ ၃၃၀ဆိုပြီး ပြလာသောကြောင့် ကျူးဇောင်အံ့ဩသွားပြန်လေသည်။
ကျိုးဟောင်မှာ အနီးကပ်တိုက်ခိုက်ရေးသမားဖြစ်သောကြောင့် သူ့အင်အားကြီးမားသည်မှာ မထူးဆန်းသော်လည်း အမြန်နှုန်းကတော့ ဒီလောက်ကြောက်ဖို့ကောင်းမယ်မထင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် ကျူးဇောင်နောင်တရသလိုပါခံစားလိုက်ရသည်။ဒီလိုပါရမီရှင်မျိုးက အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက လက်လွှတ်ရတော့လေမည်။
သို့သော်လည်း အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှာထက်စာရင် စစ်နတ်ဘုရားတပ်ရင်းမှာက ကျိုးဟောင်ရဲ့အနာဂတ်ပိုမိုတိုးတက်နိုင်သောကြောင့် သူသိပ်တော့ နောင်တမရပေ။ ဒါ့အပြင် စီနီယာကျိုးအတွက်လည်း အရေးပါသောကြောင့် ကျိုးဟောင်အနေဖြင့်စစ်နတ်ဘုရားတပ်ရင်းအား ၀င်သင့်ပေသည်။
"အရမ်းကောင်းတယ်ကျိုးဟောင်က မင်းကငါ့ကိုဆက်တိုက်အံ့ဩအောင်လုပ်နိုင်တာပဲ ၃၃၀မီတာဆိုတာအထင်ကြီးစရာပဲ ငါမင်းအရွယ်တုန်းကဆို ၂၆၀မီတာအထိပဲရောက်ခဲ့တာ"
ကျူးဇောင်ကချဲ့ကားပြောနေခြင်းမဟုတ်ပေ။ သူ့အနေဖြင့်ကျိုးဟောင်၏စံချိန်များအား ဒီတသက်မေ့တော့မည်မဟုတ်ပေ။
"ကောင်းကင်ဘုရင်ကျူး ဒါဆို ကျွန်တော်အမြန်နှုန်းမှာလည်း အဆင့်မှီပြီထင်တယ်"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်သည်။ကျိုးဟောင်အနေဖြင့် ရွှေကျီးလွတ်မြောက်ရေးသိုင်းကိုမသုံးခဲ့ပေ။ ထိုသိုင်းကိုသာသုံးလိုက်ပါက မီတာ၃၃၀မပြောနှင့် ၃၀၀၀လောက်အထိရောက်သွားနိုင်လေသည်။
"ဒါပေါ့ မင်းသာအဆင့်မမှီဘူးဆိုရင် တခြားဘယ်သူကမှ အဆင့်မှီပြီး စစ်နတ်ဘုရားတပ်ရင်းကို၀င်နိုင်မှာမဟုတ်ဘူး"
ကျူးဇောင်ကပြုံးပြီးပြောလိုက်လေသည်။ ထို့နောက်သူက တွက်ချက်ပြီးနောက် ခေါင်းဆောင်းနှင့်တူသောအရာတခုပေးလေသည်။
"ဒါကစိတ်ခွန်အားကို စမ်းသပ်ဖို့ကိရိယာပဲ ပုံမှန်မူလပညာရှင်တယောက်ရဲ့ စိတ်ခွန်အားအမှတ်က ၃ထောင်ပဲ ဒါပေမဲ့ စစ်နတ်ဘုရားတပ်ရင်းရဲ့ စံနှုန်းကတော့ ၅ထောင်ဖြစ်တယ်။ ငါ့အနေနဲ့ မင်းရဲ့စိတ်ခွန်အားကသန်မာလိမ့်မယ်လို့ယုံတယ်။ သိုင်းပညာရှင်တယောက်အတွက် အပြင်ပိုင်းခွန်အားတွေ အမြန်နှုန်းတွေက အရေးကြီးပေမဲ့ အဲ့အရာတွေကို ထိန်းချုပ်မောင်းနှင်နိုင်ဖို့ စိတ်ခွန်အားကလည်းသန်မာနေရမှရမယ်။ မင်းရဲ့စိတ်ခွန်အားကသန်မာနေသရွေ့ မင်းအနေနဲ့ ကျန်တာတွေကိုလိုသလိုစေခိုင်းလို့ရတယ်"
ကျူးဇောင်ကရှင်းပြလေသည်။
ကျိုးဟောင်လည်းခေါင်းညိတ်လိုက်ပြီး ခေါင်းဆောင်းကို၀တ်ဆင်လိုက်လေသည်။ ထို့နောက် ဦးနှောက်အားစေ့ဆော်သည့်လျှပ်စစ်လှိုင်းလေးများထွက်လာသည်ကိုခံစားလိုက်ရသည်။
"မင်းမခံမရပ်နိုင်အောင်နာကျင်လာရင်တော့ ငါ့ကိုပြော ချက်ချင်းပိတ်လိုက်မယ်။ ကိုယ့်ကိုယ်ကို အရမ်းတွန်းအားမပေးနဲ့ ဒါကမင်းရဲ့ဦးနှောက်ကို ထိခိုက်စေနိုင်တယ်"
ကျူးဇောင်သတိပေးလေသည်။
ကျိုးဟောင်က တရွေ့ရွေ့တက်နေသောနံပါတ်များကိုကြည့်နေလေသည်။ သူ့အနေဖြင့် သူ၏ခွန်အားကိုသေချာသိသော်လည်း စိတ်ခွန်အားဘယ်လောက်ရှိသလဲတော့မသိပေ။ သို့သော် အရမ်းလည်း အစွမ်းကုန်မထုတ်ရဲပေ။ သူ့အနေဖြင့် ၃၀၀၀ကျော်ဖို့သာလိုအပ်ပေသည်။ မဟုတ်ပါက သူ့အပေါ်သံသယ၀င်သွားနိုင်လေသည်။
မကြာမီ နံပါတ်များမှာ ၄၈၀၀ တွင်ရပ်သွားလေသည်။ ကျူးဇောင်မှာ ကြည့်လိုက်ပြီးခေါင်းညိတ်နေလေသည်။ ဒီတခေါက်တွင်အရမ်းမလန့်သွားသော်လည်း အနည်းငယ်တော့ အံ့ဩနေသေးလေသည်။
" ဒီကောင်လေးက ပုံမှန်တော့မဟုတ်ဘူးပဲ သူ့အင်အားကကီလိုဂရမ် ၁.၉မီလီယံ၊အမြန်နှုန်းက ၃၃၀ကီလိုမီတာ ၊ စိတ်ခွန်အားအမှတ်က ၄၈၀၀ရှိတယ်။ ဒါတွေက ပထမအဆင့်မူလပညာရှင်တယောက်ရဲ့ စံနှုန်းတွေထက်ကျော်လွန်နေပြီး တတိယ ဒါမှမဟုတ် စတုတ္ထအဆင့်မူလပညာရှင်လောက်ရှိတယ်"
ဒါက ကျူးဇောင်၏ယူဆချက်များသာဖြစ်လေသည်။ ကျိုးဟောင်အနေဖြင့် တတိယအဆင့်နှင့် စတုတ္ထအဆင့်မူလပညာရှင်များကို အနိုင်ယူနိုင်မည်လို့ မဆိုလိုချေ။
ဒါက ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးချက်များသာဖြစ်ပြီး ကျင့်ကြံရေးနည်းစနစ်များကွာခြားချက်ရှိသေးပေသည်။ သိုင်းပညာရှင်တိုင်းတွင် ကိုယ်ပိုင်ကျင့်စဉ်များရှ်ိပြီး စွမ်းအားသက်ရောက်ပုံလည်းကွာခြားလေသည်။
သို့သော် သူ့ရှေ့တွင်ရှိသောကျိုးဟောင်မှာ မူလပညာရှင်မဟုတ်ဘဲ ကောင်းကင်ဘုံအဆင့်တ၀က်ပညာရှင်ဖြစ်နေသည့်အချက်ကိုကျူးဇောင်မသိခဲ့ပေ။
"ကောင်းကင်ဘုရင်ကျူး ကျွန်တော်အဆင့်မှီပြီလား"
ကျိုးဟောင်ကမေးလိုက်သည်။
"ဒါပေါ့ မင်းအဆင့်မှီတယ်ကျိုးဟောင် ကဲ ပြန်ပြီးအနားယူလိုက်ဦး စစ်နတ်ဘုရားတပ်ရင်းဘက်ကနေ မင်းဆီသတင်းကောင်းရောက်လာမှာပါ"
ကျူးဇောင်မှာ အချက်အလက်များကိုကြည့်ပြီး အံ့ဩနေသေးလေသည်။ သူ့အနေဖြင့် စီနီယာလေနတ်ဘုရားကို စမ်းသပ်မှုမှာ အလိမ်အညာမဟုတ်မှန်းသိစေချင်သောကြောင့် စမ်းသပ်မှုရုပ်သံဗီဒီယိုဖိုင်ကိုပါ တွဲပို့လိုက်လေသည်။
ထိုအချိန်တွင် ထူးဆန်းသောတြိဂံပုံသဏ္ဌာန်လေယာဉ်၏အခန်းထဲ၌ လူနှစ်ယောက်ထိုင်နေလေသည်။
အနက်ရောင်ချပ်၀တ်နှင့်လူမှာ ခက်ထန်သောအသွင်အပြင်ရှိပြီး သူ့ခါးပတ်တွင် "လေ" ဟူသောစာသားပါရှိလေသည်။ ထိုသူမှာ ကျူးဇောင်ပြောသည့် လေနတ်ဘုရားဆိုသူဖြစ်လေသည်။
သူ့မျက်နှာချင်းဆိုင်တွင် ဆံပင်အရှည်နှင့်အသားရေ၀င်းလက်သောသူတယောက်ထိုင်နေလေသည်။ ထိုသူ၏ကျင့်ကြံဆင့်မှာ သာမန်ထက်ထူးကဲနေပြီး သူ့ဆံပင်မှာလည်း ငှက်မွှေးကဲ့သို့ ပြောင်လက်နေလေသည်။
"ညီနောင် လေ စစ်နတ်ဘုရားတပ်ရင်းက ဒီရက်ပိုင်းမငြိမ်းချမ်းဘူး အခုရက်ပိုင်း စပိုင်တွေနဲ့ သန္ဓေပြောင်းသားရဲတွေများလာတယ်။ သူတို့ကို ဖြေရှင်းဖို့အနည်းငယ်အခက်တွေ့နေရတယ်"
အသားရည်၀င်းလက်သောသူက အနီရောင်ဝိုင်ကိုသောက်ရင်း စိတ်ပျက်စွာပြောလာလေသည်။
"ဟမ် အဲ့ဒါကအဲ့ကောင်တွေငါနဲ့မတွေ့သေးလို့ပါ မဟုတ်ရင် တခါတည်းသေနေလောက်ပြီ"
လေနတ်ဘုရားက နှာခေါင်းရှုံ့ပြီးပြောလိုက်လေသည်။
"ဟန်ထုတ်မနေပါနဲ့တော့ မင်းသူတို့အားလုံးကို တယောက်ထဲဖြေရှင်းနိုင်မယ်ထင်နေတာလား။ ပြီးခဲ့တဲ့တခေါက် န၀မအဆင့်ကောင်းကင်ဘုံပညာရှင်သူလျှိုကို သတ်ဖို့သွားတဲ့ မစ်ရှင်မှာတုန်းက သေမလိုဖြစ်ခဲ့တယ်မဟုတ်လား"
မိုးနတ်ဘုရားက တဖက်လူအား ကြွားလုံးတွေမထုတ်ဖို့ပြောလိုက်လေသည်။
"ကြွက်စုတ်တသိုက်က ကောက်ကျစ်တဲ့နည်းလမ်းတွေသုံးခဲ့တာကြောင့်ပါ"
လေနတ်ဘုရားက မကျေမချမ်းဖြစ်နေလေသည်။
ထိုအချိန်တွင် ကျူးဇောင်၏မက်ဆေ့မှာ၀င်လာခဲ့လေသည်။ ထိုမက်ဆေ့တွင် စာနှင့် ဗီဒီယိုဖိုင်ဆိုပြီး နှစ်ခုပါ၀င်လေသည်။
လေနတ်ဘုရားမှာ တချက်ကြည့်လိုက်ပြီးနောက် တုန်လှုပ်သွားလေသည်။
....................................................................................
အခန်း (၄၄၀) ပြီးပါပြီ။
အခန်း (၄၄၁) : ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်
"ဒါအမှန်ပဲလား...ဒါကပထမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ရဲ့စွမ်းအားလား ဒါကအနည်းဆုံးတတိယမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ရဲ့စံချိန်လောက်ရှိတယ်"
လေနတ်ဘုရားအကြီးအကဲမှာအပြင်ပန်းတွင်အေးစက်နေပုံပေါ်သော်လည်း တကယ်တမ်းတွင် ထိုပမာဏကြောင့်အံ့သြနေပေသည်။ မိုးနတ်ဘုရားအကြီးအကဲဟုခေါ်သော အသားဖြူဖြူနှင့်ပုဂ္ဂိုလ်ပင် အချက်အလက်အားမြင်လိုက်ရချိန်တွင်မယုံကြည်နိုင်ပေ။
"သူ့ရဲ့ခွန်အားကကီလိုဂရမ်၁.၉မီလီယံ အမြန်နှုန်းက တစ်စက္ကန့်ကိုမီတာ ၃၃၀ ပြီးတော့စိတ်စွမ်းအားက ၄၈၀၀တောင်ရောက်နေပြီ ဒါကတကယ်ကြီးတတိယမြောက်မူလအဆင့်ပညာရှင်တွေပဲပိုင်ဆိုင်နိုင်တဲ့ခွန်အားမျိုးပဲ ဒီကောင်စုတ်လေးကတကယ်ကြီးအခုမှမူလအဆင့်ကိုရောက်ခါစလား"
သူတို့၏ကျင့်ကြံဆင့်များမှာမြင့်မားသော်လည်း ဤကိန်းဂဏန်းများအားမြင်လိုက်ရချိန်တွင်ထိတ်လန့်နေဆဲပင်ဖြစ်သည်။
"ဟဟဟ ကြည့်ရတာငါတို့ရဲ့လေနတ်ဘုရားအဖွဲ့က ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ရတော့မယ်ထင်တယ်ဟေ့"
လေနတ်ဘုရားအကြီးအကဲမှာအလွန်ပျော်ရွှင်နေပြီး သူ့ဘေးရှိမိုးနတ်ဘုရားအကြီးအကဲမှာလည်း အားကျနေပေသည်။
"ကျိုးဟောင် ဒီကောင်လေးကစီနီယာကျိုးရဲ့တပည့်ဟုတ်တယ်မလား သူကတကယ်ကိုသာမန်ထက်ထူးခြားတာပဲ"
သူတို့သည်လည်း စီနီယာကျိုးအကြောင်းသိကြပေသည်။ မူလကျောက်စာ၏စွမ်းအားကိုသုံးပြီးနောက် စီနီယာကျိုးမှာတစ်ကမ္ဘာလုံး၏အလိုရှိသူဖြစ်လာခဲ့ပေသည်။ ကမ္ဘာကြီး၏ကံကြမ္မာအားထိန်းချုပ်နေသောအဖွဲ့အစည်းတစ်ခုအနေဖြင့် သူတို့သည်လည်းစီနီယာကျိုး၏တည်နေရာအား ခြေရာခံနေသည်မှာသဘာဝကျပေသည်။
"ဟုတ်တယ် သူကစီနီယာကျိုးရဲ့တပည့်ပဲ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့စီနီယာကျိုးကဒီကောင်စုတ်လေးကိုတပည့်အဖြစ်လက်ခံတာမထူးဆန်းတော့ဘူး လတ်စသတ်တော့သူကဒီကောင်လေးရဲ့ပါရမီကိုစိတ်ဝင်စားလို့ပဲ"
လေနတ်ဘုရားအကြီးအကဲသည်လည်း ထိတ်လန့်သွားကာသဘောပေါက်သွားခဲ့ပေသည်။
"အဲဒီစီနီယာကျိုးကအရမ်းလျှို့ဝှက်ဆန်းကြယ်တယ် ကျွန်တော်တို့သူ့ကိုသတိထားမိတဲ့အချိန်ကျ မစုံစမ်းနိုင်သေးခင်မှာပဲပျောက်သွားတာ ရုတ်တရက်လေထဲမှာတင်ပျောက်သွားတဲ့အတိုင်းပဲ ဘယ်လောက်ကြောက်စရာကောင်းလဲ အစ်ကိုဖုန်း စီနီယာကျိုးသေပြီလို့ထင်လား"
မိုးနတ်ဘုရားအကြီးအကဲမှာမနေနိုင်ဘဲမေးလိုက်သည်။
"ဒါက....ငါလည်းမသေချာဘူး ဒါပေမဲ့ငါစီနီယာကျိုးကိုစိတ်မဝင်စားဘူး ငါလက်ရှိစိတ်ဝင်စားတာကဒီကျိုးဟောင်ပဲ သူကတကယ်ကြီးစစ်နတ်ဘုရားတပ်ရင်းကိုဝင်ရောက်လာနိုင်ပြီး ငါတို့လေနတ်ဘုရားအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်လာနိုင်တယ်"
ပြုံးခဲသောလေနတ်ဘုရားအကြီးအကဲမှာရှားရှားပါးပါးပြုံးရင်းပြောလိုက်သည်။
"အစ်ကိုတို့လေနတ်ဘုရားအဖွဲ့ကရတနာကောက်ရတာပဲ နောက်ကိုဒီကလေးကသေချာပေါက်လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူဖြစ်လာလိမ့်မယ် အဲဒီအချိန်ကျရင်ရှေးဟောင်းကျောက်စာစစ်မြေပြင်မှာလည်း အများကြီးကူညီလာနိုင်လိမ့်မယ်"
လေနတ်ဘုရားအကြီးအကဲသည်လည်း ထောက်ခံသည့်သဘောဖြင့်ခေါင်းညိတ်ပြလိုက်ပေသည်။
ကျိုးဟောင်မှာစမ်းသပ်မှုလုပ်ပြီးနောက် ၁၂ခုမြောက်အက်ကွဲကြောင်းမှပြန်ထွက်လာခဲ့သည်။ ချူမြို့အားပြန်ရောက်ချိန်တွင် ကျိုးဟောင်ထံ၌လုပ်စရာများများစားစားမရှိပေ။ ကျင့်ကြံရေးအပြင်သူလုပ်သည့်ကိစ္စမှာ မိဘများအားအဖော်ပြုပေးခြင်းသာဖြစ်သည်။
ရှုလင်သည်လည်း သူ့ထံနှစ်ကြိမ်လာလည်ခဲ့ပေသည်။ အထူးသံတမန်တစ်ယောက်အနေဖြင့် သူမသည်ပြဿနာပေါင်းများစွာအားကိုင်တွယ်ဖြေရှင်းရသော်လည်း ပြဿနာအများစုမှာအလွန်ရိုးရှင်းလှပေရာ ရှုလင်၏ အဆင့်ဖြင့် ထိုပြဿနာများအားဖြေရှင်းရန်အချိန်မှာလုံလောက်သည်ထက်တောင်ပိုနေသေးပေသည်။
ကျိုးဟောင်အတွက်ယခုလိုအားလပ်ချိန်အမြောက်အမြားရခြင်းသည်ရှားပါးလှပေရာ ယခုအခြေအနေအတော်လေးစိတ်မသက်သာသလိုခံစားနေရပေသည်။ ပုံမှန်အားဖြင့်သူသည်သန္ဓေပြောင်းသားရဲများအားသတ်နေရချိန် သို့မဟုတ်ကျင့်ကြံနေချိန်တွင် အလွန်စိတ်လှုပ်ရှားကာပျော်ရွှင်နေပေသည်။ သို့သော်လက်ရှိအချိန်တွင် ယခုလိုအားလပ်ချိန်တစ်ချိန်လုံး ဘာလုပ်နေရမလဲဆိုသည်ကိုမစဉ်းစားတတ်တော့ပေ။ ဤခံစားချက်သည် ကျိုးဟောင်အတွက်အနည်းငယ်ထူးဆန်းပေသည်။
ကျောင်းတက်စဉ်ကယခုလိုအပါးခိုသောဘဝမျိုးအားသဘောကျခဲ့သည်။ မည်သို့ပင်ဖြစ်စေအချိန်မရွေး ဂိမ်းဆော့လိုက်၊ အိပ်လိုက်လုပ်နိုင်ပေသည်။ သို့သော်ယခုအချိန်တွင်ကျိုးဟောင်မှာယခင်ကလိုမခံစားရတော့ပေ။ သို့သော်ထိုသို့မခံစားရသည်မှာလည်းအံ့ဩစရာမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကျိုးဟောင်၏သရုပ်သည်လည်းမတူညီတော့ပေ။ မူလအဆင့်ပညာရှင်တစ်ယောက်အနေဖြင့်သူသည်ယခုလူသားမျိုးနွယ်နှင့် သူတို့၏ အိုးအိမ်များအားကာကွယ်ပေးရန်တာဝန်ရှိသည်ဟုခံယူထားပေသည်။ ထိုအချိန်ကတည်းက ကျိုးဟောင်မှာမတူညီသောရှုထောင့်တစ်ခုရခဲ့ပြီး ထိုအရာများအားစိတ်မဝင်စားတော့ပေ။
"နင်....စစ်နတ်ဘုရားတပ်ရင်းအကြောင်းသတင်းရလား"
ရှုလင်မှာကျိုးဟောင်အားကြည့်ကာမေးလိုက်ပေသည်။
သူမသည်အလွန်စိုးရိမ်နေခဲ့ပေသည်။ ပြန်လာပြီးနောက်ပိုင်း သူမသည်စစ်နတ်ဘုရားတပ်ရင်းနှင့်ပတ်သက်ပြီးလေ့လာခဲ့ပေသည်။ သို့သော် စစ်နတ်ဘုရားတပ်ရင်းနှင့်ပတ်သက်ပြီးသတင်းအနည်းငယ်ကိုသာရှိသည်ကိုတွေ့ပြီးနောက် သူမသည်အံ့ဩသွားခဲ့သည်။ သူမ၏မူလအဆင့်ကျင့်ကြံရေးနှင့် အထူးသံတမန်ဟူသောဂုဏ်ပုဒ်ဖြင့်ပင် အချက်အလက်အနည်းငယ်သာရှာနိုင်ခဲ့ပေသည်။
သို့သော် သူမဦးလေးထံမှကြားခဲ့သောစကားအရဆိုပါကစစ်နတ်ဘုရားတပ်ရင်းမှာ အရှေ့တိုင်းနှင့်အနောက်တိုင်းနှစ်ခုလုံးနှင့်သက်ဆိုင်သောအဖွဲ့အစည်းဖြစ်ကြောင်းသိခဲ့ရပေသည်။ ထိုအဖွဲ့အစည်းသည်လူသားများအားသန္ဓေပြောင်းသားရဲများရန်မှကာကွယ်ပေးပြီး သေရေးရှင်ရေးနှင့်ပတ်သက်ပြီးအကြွင်းမဲ့လုပ်ပိုင်ခွင့်အာဏာရှိပေသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် စစ်နတ်ဘုရားတပ်ရင်းမှာလူသားများအတွက်ကြေးမုံတစ်ချပ်ဖြစ်ပြီး သန္ဓေပြောင်းသားရဲများအတွက်ထက်ရှသောဓားတစ်လက်ပင်ဖြစ်သည်။ ထိုအဖွဲ့အစည်းသည်နယ်နိမိတ်စည်းပြင်ပတွင်သန္ဓေပြောင်းသားရဲများအားသတ်ကာ အတွင်းတွင်လူသားများအားစစ်ဆေးပေသည်။
သူတို့၏မတူကွဲပြားသောသရုပ်နှစ်ခုကြောင့် စစ်နတ်ဘုရားတပ်ရင်းမှာပို၍ပင်လျှို့ဝှက်ဆန်းကြယ်လာပေသည်။ သူမ၏အထောက်အထားနှင့်ပင် ရှုလင်မှာထိုအဖွဲ့အစည်းအကြောင်းမဖော်ထုတ်နိုင်သေးပေ။
"မရသေးဘူး ငါသတင်းစောင့်နေတာ"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။
"အာ...ငါမနက်ဖြန်ပြန်တော့မှာ တကယ်တော့ပြန်ရမဲ့ရက်ထက်တောင်နည်းနည်းကျော်နေပြီ တကယ်လို့ငါခုချိန်မှမပြန်ရင်သူတို့သံသယဝင်မှာစိုးရတယ်"
ရှုလင်ဘာပြောရန်ကြိုးစားနေမှန်း ကျိုးဟောင်သဘောပေါက်ပေသည်။ အကယ်၍သူ့ကြောင့်နှင့် ရှုလင်ချူမြို့တွင်ရက်အတော်ကြာနေခဲ့ကြောင်းရှုချန်းသိသွားပါက သေချာပေါက်ဒေါသဖြစ်လို့သေပေလိမ့်မည်။ စင်စစ်တွင်ကျိုးဟောင်၏အတွေးသည်မှားပေသည်။ ရှုချန်းသည်ကျိုးထိုက်နှင့်ပတ်သက်ပြီးစိုးရိမ်နေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် ကျိုးထိုက်သေသလားရှင်သလား တိတိကျကျမသိသေးပေ။
သို့သော်အတိအကျပြောရလျှင် ဤထူးဆန်းသောခံစားချက်သည်သူ့အားပို၍ပင်ထိတ်လန့်ကာစိုးရိမ်စေပေသည်။ သတင်းအစအနရလျှင်ပင် ဤမျှလောက်စိုးရိမ်ကာကြောက်လန့်နေမည်မဟုတ်ပေ။ စင်စစ်တွင်ကျိုးဟောင်လိုချင်သည့်အရာမှာလည်း ထိုအတိုင်းသာဖြစ်သည်။ သူသည်ရှုချန်းအားထိတ်လန့်ပြီးကြောက်ရွံ့နေစေချင်ပေသည်။ ဤနည်းလမ်းဖြင့်သာထိုလူသည် ကျိုးဟောင်အားကြောက်ရွံ့လာမည်ဖြစ်သည်။
တကယ်တမ်းတွင်ကျိုးဟောင်သည်သူ့ဆရာသူ့ဘေးတွင်ရှိနေကြောင်း ရှူချန်းအားသံသယဝင်စေချင်ခြင်းဖြစ်သည်။ ဤသို့ဆိုပါကနောက်ပိုင်းတွင်ရှုချန်းမဆင်မခြင်လုပ်မည့်အန္တရာယ်ကိုလည်း အလိုအလျောက်ကာကွယ်နိုင်ပေသည်။
"ငါသိပါတယ်...."
ကျိုးဟောင်မှာသက်ပြင်းချကာပြောလိုက်သည်။ ရှုလင်သည်လည်းခေါင်းညိတ်ပြကာ နှစ်ယောက်မှာမည်သည့်စကားမှမဆိုဘဲတိတ်ဆိတ်သွားခဲ့သည်။
ညရောက်သော်ရှုလင်အားလိုက်ပို့ပြီးနောက် ကျိုးဟောင်မှာတွေဝေနေဟန်ဖြင့်ကြယ်စုံသောကောင်းကင်ကြီးအားမော့ကြည့်နေပေသည်။ သူသည်စစ်နတ်ဘုရားတပ်ရင်းသို့ဝင်ခွင့်ရရန်မျှော်လင့်နေပြီး ရှုလင်ကိုလည်းစိုးရိမ်နေပေသည်။
သူ့မိဘတွေအတွက်တော့စိတ်ပူစရာမလိုတော့ပေ။ သူ့လိုမူလအဆင့်ပညာရှင်အနားမှာရှိနေသရွေ့ အခြားလူများသာမျက်မမြင်မဟုတ်ပါက သူ့မိဘများအားရန်စရဲမည်မဟုတ်ပေ။ ထို့အပြင်သူ့မိဘများအားဂရုစိုက်ပေးနေသူမှာရှုလင်တစ်ယောက်တင်မဟုတ်ဘဲ ကျောင်းအုပ်ကျန်းပါရှိနေပေသည်။ အနည်းဆုံး ကျိုးဟောင်သည်မူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပေရာ ကောင်းမွန်စွာဆက်ဆံခံရပေသည်။ သူ၏တစ်လလစာငွေမှာယွမ် ၅သိန်းရှိပေသည်။
ယွမ် ၅သိန်းမှာသာမန်မိသားစုတစ်ခုအတွက် ၅နှစ်တာသုံးစွဲရန် လုံလောက်သည်ထက်ပင်ပိုပေသည်။ ထို့အပြင် ဝမ်ရှုယွင်နှင့် ကျိုးရွှယ်ကောတို့သည်လည်းကိုယ်ပိုင်အလုပ်များရှိကြပေသည်။ ကျိုးဟောင်ယခုတစ်ကြိမ်ပြန်လာချိန်တွင်သူ့မိဘများမသိအောင် သူတို့အတွက်စွမ်းအင်ဘားများအားခိုးသုံးခဲ့ပေသည်။ ထိုသို့သုံးပြီးရက်ပိုင်းအတွင်းမှာပင်ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်တို့မှာ နှစ်အနည်းငယ်လောက်ပြန်ငယ်သွားသလိုပင်ထင်ရပေသည်။ အကျိုးရလဒ်မှာတစ်ချက်ကြည့်ရုံဖြင့်သိသာပေသည်။
ကျိုးဟောင်မှာစိတ်အပန်းဖြေသည့်အနေဖြင့်မြေပြင်ပေါ်တွင်လှဲချလိုက်သည်။ ကောင်းကင်ပေါ်ရှိကြယ်များအားကြည့်နေရင်း လုံးဝမအေးသည့်လေညင်းတစ်ခုအားခံစားလိုက်ရပေသည်။ ကျိုးဟောင်ယခုလိုသက်သောင့် သက်သာခံစားချက်အားမခံစားရသည်မှာကြာလှပြီဖြစ်သည်။ သူသည်လက်ရှိအခိုက်အတန့်အားနှစ်ခြိုက်စွာခံစားနေပေသည်။ သူ့နှလုံးသားအားလေးလံစေသောကြီးမားသည့်ဖိအားတစ်ခုရှိသော်ငြား စိတ်ရောကိုယ်ပါနှစ်ကာ ညအမှောင်၏လတ်ဆတ်သောခံစားချက်အားခံစားနေပေသည်။
သို့သော်ထိုအချိန်တွင်ကျိုးဟောင်၏နားထဲ၌အသံတစ်သံအားကြားလိုက်ရပေသည်။
"မင်းကကျိုးဟောင်လား"
ဤအသံမှာရုတ်တရက်ထွက်ပေါ်လာပေရာ ကျိုးဟောင်မှာအလန့်တကြားဖြင့်ထပင်ခုန်လိုက်မိလေသည်။ ထို့နောက်အပေါ်သို့အမြန်မော့ကြည့်လိုက်သည်။ သူနှင့်မနီးမဝေးတွင် ချပ်ဝတ်ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ဆင်ထားသောအမျိုးသားတစ်ယောက်ရပ်နေပေသည်။ သူ၏မျက်နှာဖုံးမှာမျက်လုံးတစ်စုံကိုသာမြင်ရပြီး ထိုမျက်လုံးများမှာလည်းပြင်းထန်သောသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များဖြင့်ပြည့်နေပေသည်။ ထိုအငွေ့အသက်သည်မမြင်ရသောထက်ရှသည့်ဓားတစ်ချောင်းဖြင့်ဖိနှိပ်ထားသလိုပင်။
ကျိုးဟောင်မှာတစ်ကိုယ်လုံးအေးစက်သွားသလိုခံစားလိုက်ရပေသည်။ ဤလူ၏ကျင့်ကြံဆင့်မှာသေချာပေါက်ကောင်းကင်ဘုံအဆင့်တစ်ဝက်ထက်မြင့်ပေရာ မူလအဆင့်ဆိုပါကစကားထဲထည့်ပြောနေစရာပင်မလိုပေ။ အငွေ့အသက်အရတစ်ဖက်လူသည်သာမန်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ပင်မဖြစ်နိုင်ပေ။
သူသည်ယခုလိုအငွေ့အသက်မျိုးအားဓားဘုရင်ချင်ထံမှသာ ခံစားခဲ့ရဖူးပေသည်။ ၎င်းသည်အထွတ်အထိပ်အဆင့်သိုင်းပညာရှင်တစ်ယောက်ဖြစ်ပေသည်။
"၁၂ဆင့်မြောက် ကောင်းကင်ဘုံအဆင့်"
...................................................................................
အခန်း(၄၄၁) ပြီးပါပြီ။