အခန်း (၄၄၂-၄၄၄)
Vol. 30 Ch. 442-444
အခန်း (၄၄၂) : သူလျှို
ကျိုးဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးမှာတုန်ယင်လာခဲ့ပြီး ချက်ချင်းပင်မြေပြင်ပေါ်မှထလာခဲ့သည်။ ထို့နောက်သူ့ရှေ့ရှိလူအား သတိရှိရှိဖြင့်ကြည့်ကာအချိန်မရွေးတိုက်ခိုက်နိုင်ရန်ပြင်ဆင်ထားပေသည်။ ကျိုးဟောင်မှာအစောပိုင်းကသတိလက်လွတ်နေခဲ့မိသည်ကိုနောင်တရနေပေသည်။ မည်သို့ပင်ဖြစ်စေ ထို့ကြောင့်သာသူ့အနားတစ်ယောက်ယောက်ချဉ်းကပ်လာကြောင်းကိုသတိမထားမိခဲ့ခြင်းဖြစ်သည်။ အကယ်၍ဤလူသာသူ့အားသတ်လိုသည့်ရည်ရွယ်ချက်ရှိပါက လုံးဝရင်ဆိုင်နိုင်မည်မဟုတ်ပေ။ ထိုလူအားမြင်လိုက်ရသည့်အချိန်မှာပင် သေသွားလောက်ပြီဖြစ်သည်။
"ဘယ်သူလဲ"
ကျိုးဟောင်မှာထိုလူအားကြောက်ရွံ့စွာစိုက်ကြည့်နေရင်းဖြင့်ပင် မျက်မှောင်ကြုတ်ရင်းအေးစက်စွာမေးလိုက်ပေသည်။ သေရလျှင်တောင် ဂုဏ်ရှိရှိပဲအသေခံလိုက်မည်ဖြစ်သည်။
"အကဲဖြတ်မှုစပြီ ပထမတာဝန်ကကျန်းဖုန်းနည်းပညာကုမ္ပဏီရဲ့ဒါရိုက်တာနဲ့ နည်းပညာဖော်ထုတ်ရေးဌာနရဲ့ခေါင်းဆောင်ဖြစ်တဲ့ ကျန်းဖုန်းထျန်ကိုသတ်ဖို့ပဲ"
"ကျန်းဖုန်းထျန်ရဲ့စွမ်းအားက ဒုတိယမြောက်မူလအဆင့်ပဲ ဒီလူကမျိုးနွယ်ခြားတွေနဲ့ပူးပေါင်းပြီးကြီးလေးတဲ့ပြစ်မှုတစ်ခုကိုကျူးလွန်ခဲ့တယ် အချိန်အကန့်သတ်က ၅ရက်ပဲ ခုချက်ချင်းစလုပ်တော့"
ကျိုးဟောင်မှာကြက်သေသေသွားခဲ့သည်။ အကဲဖြတ်မှုသည်သူ့အားပြင်ဆင်ချိန်ပင်မပေးဘဲ ရောက်လာခဲ့မည်ဟုမထင်ထားခဲ့ပေ။ သို့သော် ကျိုးဟောင်အားပိုမိုထိတ်လန့်စေသည့်အရာမှာ ယခုတာဝန်သည်သူ့အားတကယ်ပင် လူသတ်ရန်ခိုင်းစေနေခြင်းပင်ဖြစ်သည်....
ဤကိစ္စသည်ဘယ်လိုဖြစ်နိုင်မည်လဲ။ ထိုသို့စဉ်းစားပြီးနောက် ကျိုးဟောင်သည်ယခုကိစ္စမှာအလွန်ရုတ်တရက်ဆန်သလိုခံစားနေရပေသည်။ ထို့ကြောင့်သူသည်ရှေ့ရှိအမျိုးသားအားစိတ်ရှုပ်ထွေးနေဟန်ဖြင့်ကြည့်ကာမေးလိုက်သည်။
"လူသတ်ရမှာလား ခင်ဗျားကကျွန်တော့်ကိုလူသတ်စေချင်တာလား ဒါပေမဲ့ဒါက ဒါကကျွန်တော်ရဲ့စွမ်းအားကိုစမ်းသပ်တာမဟုတ်ဘူးလား လူသတ်တာနဲ့ဘာဆိုင်လို့လဲ ပြီးတော့အဖွဲ့အစည်းတစ်ခုရဲ့ဒါရိုက်တာက ဘာလို့မျိုးနွယ်ခြားတွေနဲ့ပူးပေါင်းရမှာလဲ ဒီစကားကယုတ္တိမရှိဘူးမလား"
ကျိုးဟောင်၏မေးခွန်းအားရင်ဆိုင်လိုက်ရချိန်တွင်တစ်ဖက်လူသည်မည်သည့်စကားမျှမဆိုပေ။ သူ၏သဘောထားမှာ အထူးသဖြင့်အလွန်အေးစက်ပေသည်။ ထိုစကားအားပြောပြီးနောက်ထိုလူသည်အလျင်အမြန်ပင်လှည့်ထွက်သွားခဲ့ကာ ကျိုးဟောင်အားမေးခွန်းပင်ထပ်မေးခွင့်မပေးခဲ့ပေ။ ထိုလူထွက်သွားသည်ကိုကြည့်ပြီး ကျိုးဟောင်၏မျက်နှာတွင်ကူကယ်ရာမဲ့သောအမူအရာမျိုးဖြတ်ခနဲပေါ်လာခဲ့ပေသည်။ သူ့ဘဝတွင်ယခုလိုယုတ္တိမရှိသောတာဝန်မျိုးအပေးခံရခြင်းသည် ယခုအကြိမ်သည်ပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော်အကဲဖြတ်မှုမှာစတင်နေပြီဖြစ်ပြီး တာဝန်သည်လည်းပေးအပ်ခံထားရပြီဖြစ်ပေရာ ပြောသည့်အတိုင်းလုပ်ရုံသာရှိတော့ပေသည်။ အကယ်၍အမြန်ဆုံးအဆုံးမသတ်ဘဲ အကဲဖြတ်မှုအားကျရှုံးခဲ့ပါက အရည်အချင်းပြည့်မီခြင်းရှိမရှိဆိုသည့်အကဲဖြတ်မှုအား လုံး၀ကျရှုံးသွားမည်ဖြစ်သည်။ ထိုသို့စဉ်းစားမိကာကျိုးဟောင်မှာချက်ချင်းထွက်ခွာရန်ပြင်လိုက်သည်။လမ်းတွင်ကျိုးဟောင်သည် ဤကိစ္စနှင့်ပတ်သက်ပြီးတစ်ခုခုမှာသံသယဝင်စရာကောင်းကြောင်းတွေးနေမိပေသည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်တစ်ဖက်လူအားဒီတိုင်းသတ်ပစ်လိုက်ပြီး ပြန်လည်အစီရင်ခံရန်မှာမဖြစ်နိုင်ပေ။
အကယ်၍သူတို့စုံစမ်းထားသည့်ကိစ္စမှာမှားယွင်းနေပါကမည်သို့လုပ်မည်နည်း။ အကယ်၍အပြစ်မရှိသောလူကောင်းတစ်ယောက်အားမတော်တဆသတ်လိုက်မိပါက သူ့ဘဝသည်အဆုံးသတ်သွားမည်ဖြစ်သည်။ ထိုသို့စဉ်းစားပြီးနောက်ကျိုးဟောင်မှာချက်ချင်းပင်လိုင်းဖွင့်ကာထိုလူအကြောင်းစုံစမ်းလိုက်သည်။
ကျန်းဖုန်းထျန်သည် ကျန်းဖုန်းနည်းပညာကုမ္ပဏီ၏ဒါရိုက််တာဖြစ်သည့်အပြင် နည်းပညာဖော်ထုတ်ရေးဌာန၏ခေါင်းဆောင်လည်းဖြစ်သည်။ ထိုရာထူးဖြင့်လုပ်ကိုင်နေသည်မှာ ၃နှစ်ရှိပြီဖြစ်ပြီး ကိစ္စကောင်းများစွာကိုလည်းဆောင်ရွက်ခဲ့ကာ အင်တာနက်ပေါ်တွင်သူ့အားချီးကျူးထားမှုမှာအတော်လေးမြင့်မားပေသည်။ ကျိုးဟောင်မှာအင်တာနက်ပေါ်မှအသုံးဝင်သည့်အချက်အလက်တစ်ခုမှရှာမတွေ့ခဲ့ပေ။ ထို့ကြောင့်နည်းပညာကုမ္ပဏီသို့လူကိုယ်တိုင်သွားရောက်လေ့လာရန်ပြင်ဆင်ကာချက်ချင်းပင်ထွက်ခွာသွားခဲ့သည်။ နေ့တစ်ဝက်မပြည့်မီမှာပင် ကျန်းဖုန်းနည်းပညာကုမ္ပဏီသို့ရောက်လာခဲ့သည်။ ကျိုးဟောင်မှာလူသတိမထားမိစေဘဲ မည်သို့ခိုးဝင်ရမလဲဆိုသည်ကိုတွေးကာစိတ်ပူနေပေသည်။ သို့သော်ရုတ်တရက်ကျန်းဖုန်းနည်းပညာကုမ္ပဏီ၏ဝင်ပေါက်တွင် လူသစ်ခေါ်စာတစ်ခုအားတွေ့လိုက်ရပေသည်။
ထို့ကြောင့်ကျိုးဟောင်သည်အလုပ်လျှောက်လွှာအားအတုလုပ်ကာ အထဲတွင်မည်သို့ဖြစ်နေကြောင်းဝင်သွားပြီးစုံစမ်းရန်ဆုံးဖြတ်လိုက်ပေသည်။ ကျိုးဟောင်တံခါးနားရောက်ချိန်တွင်တူညီဝတ်စုံဝတ်ထားသည့်လုံခြုံရေးနှစ်ယောက်မှာချက်ချင်းပင်ကျိုးဟောင်၏လမ်းအားပိတ်လာခဲ့သည်။
"ရပ်လိုက်မင်းဘာလုပ်တာလဲ မသက်ဆိုင်တဲ့လူတွေအထဲဝင်ခွင့်မရှိဘူး"
နည်းပညာကုမ္ပဏီတွင်ဝင်ထွက်သွားလာနေသောလူအများစုမှာ အားကောင်းသောအဆင့်အတန်းရှိသူများဖြစ်ကြသည်။ ကျိုးဟောင်သည်ရိုးရိုးသာဝတ်ဆင်ထားပြီးဧည့်သည်ပုံစံနှင့်မတူပေရာ လုံခြုံရေးများမှာသူ့အားယဉ်ယဉ်ကျေးကျေးမဆက်ဆံကြပေ။ ကျိုးဟောင်မှာပြုံးကာယဉ်ကျေးစွာဖြင့်ပြန်ဖြေလိုက်သည်။
"မင်္ဂလာပါ ကျွန်တော်ကဒီမှာလုံခြုံရေးအနေနဲ့အလုပ်လျှောက်ဖို့လာတာပါ ဒီမှာအလုပ်ခေါ်သေးလားမသိဘူး"
ထိုလူနှစ်ယောက်မှာ ကျိုးဟောင်သည်ဤနေရာတွင်အလုပ်လာလျှောက်ခြင်းဖြစ်ကြောင်းကြားလိုက်ရချိန်တွင်လမ်းဖယ်ပေးကာ အထဲရှိစားပွဲတစ်ခုအားလမ်းညွှန်ပေးလိုက်ပေသည်။
"ရှေ့ကဧည့်ကြိုကောင်တာမှာသွားမေးလိုက် လုံခြုံရေးဌာနကလူလိုနေသေးလားဆိုတာသိရအောင် သူ့ကိုလူ့အရင်းအမြစ်ဌာနကိုဖုန်းခေါ်မေးခိုင်းလိုက် ငါတို့လည်းမသိဘူး"
"ဟုတ်ကဲ့ပါဗျ ကျေးဇူးတင်ပါတယ် ကျေးဇူးပါ"
ကျိုးဟောင်မှာချက်ချင်းပင်တစ်ဖက်လူအားကျေးဇူးတင်ကာ ဧည့်ကြိုကောင်တာဆီအလောတကြီးထွက်လာခဲ့သည်။ ထိုကောင်တာအားရောက်ရောက်ချင်းပင် အပြင်မှလာသည့်ကားဟွန်းသံအားကြားလိုက်ရပေသည်။ ကျိုးဟောင်မှာအသံလာရာသို့လှည့်ကြည့်လိုက်ပေရာ ဝင်ပေါက်တွင်ရပ်ထားသောအမဲရောင်ဘန်တလေကားတစ်စီးအားတွေ့လိုက်ရပေသည်။ ထိုအချိန်တွင်ကားတံခါးမှာပွင့်လာခဲ့ပြီး ကားပေါ်မှအနောက်တိုင်းဝတ်စုံဝတ်ထားသည့်အရပ်ရှည်ရှည်လူတစ်ယောက်ဆင်းလာခဲ့သည်။
အပေါက်ဝရှိလုံခြုံရေးများမှာထိုလူအားမြင်လိုက်ချိန်တွင် ချက်ချင်းပင်ဦးညွှတ်ကာတလေးတစားဖြင့်နှုတ်ဆက်လာလေသည်။
"မင်္ဂလာပါ ဒါရိုက်တာကျန်း"
ရောက်လာသောလူသည်နည်းပညာကုမ္ပဏီ၏ဒါရိုက်တာဖြစ်သူ ကျန်းဖုန်းထျန်ဖြစ်သည်။ ကျိုးဟောင်သည်ထိုလူ၏ဓာတ်ပုံအားဖုန်းထဲတွင်မြင်ဖူးထားပေရာ တစ်ချက်ကြည့်ရုံဖြင့်မှတ်မိပေသည်။ ကျန်းဖုန်းထျန်းမှာအေးဆေးပင်ခေါင်းညိတ်ပြကာ အဆောက်အဦးအတွင်းသို့လမ်းလျှောက်ဝင်သွားခဲ့သည်။ ကျိုးဟောင်မှာထိုလူအားစိုက်ကြည့်နေပြီး လုံးဝမကောင်းသည့်လူတစ်ယောက်နှင့်မတူကြောင်းသဘောပေါက်လိုက်ပေသည်။ ထိုလူ၏ပုံစံမှာဖော်ရွေပုံပင်ပေါ်ပေသည်။ ဧည့်ကြိုကောင်တာရှိလူမှာ ကျိုးဟောင်သည်လမ်းလျှောက်ဝင်လာသော်လည်း အတော်ကြာသည်အထိစကားမပြောသည်ကိုတွေ့လိုက်ရပေသည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်တစ်ချိန်လုံးဒါရိုက်တာကိုသာငေးကြည့်နေပေရာ ဧည့်ကြိုကောင်မလေးမှာရှုပ်ထွေးနေဟန်ဖြင့်မေးလာခဲ့ပေသည်။
ကျိုးဟောင်မှာချက်ချင်းပင်သတိပြန်ဝင်လာကာ ဧည့်ကြိုအားပြုံးပြလိုက်သည်။
"မင်္ဂလာပါ ဒီကုမ္ပဏီကလုံခြုံရေးခန့်သေးလားသိချင်လို့ပါ အဲဒီရာထူးအတွက်အလုပ်လျှောက်ချင်လို့"
"ခဏလေးစောင့်ပေးပါ စစ်ပေးပါ့မယ်"
ဧည့်ကြိုလေးမှာချက်ချင်းပင် ကွန်ပျုတာအားတဂျောက်ဂျောက်နှိပ်ကာစစ်ဆေးနေပေသည်။ ခေတ္တမျှကြာပြီးနောက် ဧည့်ကြိုလေးမှာပြုံးကာခေါင်းညိတ်ပြလာခဲ့သည်။
"လက်ခံပါသေးတယ် နောက်ဆုံးတစ်နေရာစာပဲကျန်တော့တာ ရှင့်ကို အခုပဲ လူ့အရင်းအမြစ်ဌာနနဲ့ လူတွေ့စစ်ဆေးဖို့စီစဉ်ပေးပါ့မယ်"
ဧည့်ကြိုလေးမှာဖုန်းခေါ်ကာ အဆောက်အဦး၏ ၁၂ထပ်တွင်ရှိနေသည့် HR မန်နေဂျာ၏ရုံးခန်းဆီကျိုးဟောင်အားခေါ်သွားခဲ့သည်။ ကျိုးဟောင်သည်လှည့်ပတ်ကြည့်ရှုပြီးနောက် ဒါရိုက်တာရုံးခန်းမှာဤအထပ်၏အတွင်းဘက်အကျဆုံးနေရာတွင်ရှိနေကြောင်းသိလိုက်ရပြီး တိတ်တဆိတ်မှတ်ထားလိုက်ပေသည်။ လူတွေ့စစ်ဆေးမှုမှာအလွန်ရိုးရှင်းလှပေသည်။ မေးခွန်းအနည်းငယ်ဖြေပြီးနောက်ကျိုးဟောင်အားအလုပ်ခန့်လိုက်သည်။
"တို့နာမည်ကကျန်းယန် ဒါကမင်းရဲ့ဝတ်စုံ မင်းလဲပြီးရင်အလုပ်သွားလုပ်လို့ရပြီ"
HR ဌာနမှကျိုးဟောင်အားအလုပ်သွားမလုပ်မီ လုံခြုံရေးဝတ်စုံပေးကာ လိုက်နာရမည့်အချက်အချို့အားပြောပြလိုက်ပေသည်။ ကျိုးဟောင်မှာထွက်မသွားခင်ရုတ်တရက်ဗိုက်အားကိုင်ကာ ကျန်းယန်အားအကူအညီတောင်းသလိုကြည့်လိုက်သည်။
"မန်နေဂျာကျန်း သန့်စင်ခန်းကဘယ်နေရာမှာလဲမသိဘူး ကျွန်တော်သန့်စင်ခန်းဝင်ရင်းအဝတ်အစားလဲချင်လို့"
ကျန်းယန်၏သဘောထားမှာအလွန်ယဉ်ကျေးလှပေရာ ဘယ်ဘက်အားညွှန်ပြကာပြောပြလိုက်ပေသည်။
"အပြင်ထွက်ပြီးဘယ်ဘက်ကိုချိုးလိုက် ပြီးရင်ညာဘက်ချိုးပြီးဟိုးအတွင်းထဲဝင်သွားလိုက်ပါ"
"သိပါပြီ ကျေးဇူးတင်ပါတယ်မန်နေဂျာကျန်း"
ကျိုးဟောင်မှာချက်ချင်းပင်ကျန်းယန်၏လမ်းညွှန်မှုအတိုင်းထွက်ခွာလာပြီး သန့်စင်ခန်းသို့ရောက်လာခဲ့သည်။
ကျိုးဟောင်သည်လှုပ်ရှားရလွယ်ရန် ဦးစွာဝတ်စုံအားလဲလိုက်သည်။ ထို့နောက် ဂရုတစိုက်ထွက်သွားခဲ့ပြီးပတ်ကြည့်နေပေသည်။ ကံကောင်းစွာဖြင့်အဆောက်အဦး၏ ဤအထပ်တွင်ထောင့်မှန်စတုဂံပုံစင်္ကြံများရှိနေပေသည်။ ဤနေရာသည်ဝင်ရလွယ်ကာ အတားအဆီးမရှိပေ။ အစောပိုင်းကကျိုးဟောင်သည်ဘယ်ဘက်ရှိစင်္ကြံလမ်းမှလာခဲ့ခြင်းဖြစ်သည်။ ညာဘက်ရှိစင်္ကြံလမ်းအားဝင်လိုက်ရုံဖြင့်ကျန်းဖုန်းထျန်၏ရုံးခန်းသို့တန်းဝင်သွားလို့ရပေသည်။
...................................................................................
အခန်း(၄၄၂) ပြီးပါပြီ။
အခန်း (၄၄၃) : စုံစမ်းခြင်း
အဆောက်အဦး၏တည်ဆောက်ပုံမှာကျိုးဟောင်အတွက် အရာအားလုံး၌ပိုမိုလွယ်ကူစေပေသည်။ ကြည့်ရသည်မှာကောင်းကင်ဘုံသည်သူ့အားတကယ်ကြီးကူညီနေပုံပင်။ သို့သော်ကျိုးဟောင်မှာ သူ၏ပထမမြောက်မူလအဆင့်ကျင့်ကြံရေးကိုသာသုံးပြီး ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးအားမသုံးပေ။ မည်သို့ပင်ဖြစ်စေယခုကိစ္စသည်သူ့အတွက်လေ့ကျင့်ရေးနှင့်အကဲဖြတ်မှုဖြစ်သည်။ အကယ်၍သူ့အားတစ်ယောက်ယောက်မှတိတ်တဆိတ်စောင့်ကြည့်နေပြီး သူ၏ခွန်အားအမှန်အားသိသွားပါက ပြဿနာတက်ပေလိမ့်မည်။ အနည်းဆုံးယခုအချိန်တွင်ကျိုးဟောင်သည်သူ၏သရုပ်မှန်အားဖော်ထုတ်ရန်အစီအစဉ်မရှိပေ။
နေ့လယ် ၁၂နာရီထိုးပြီဖြစ်ပေရာ ကုမ္ပဏီအတွင်းရှိလူအများစုမှာထမင်းစားရန်အပြင်ထွက်သွားကြပေသည်။ လူအနည်းစုသာရုံးထဲတွင်အနားနေကြပေသည်။ သို့သော်နေ့လယ်စာစားကာပြန်လာပြီးနောက်ပိုင်းတွင်ပင်အများစုမှာ အလုပ်စားပွဲများတွင်အိပ်နေကြပေရာ ရုံးတစ်ခုလုံးမှာအပ်ကျသံပင်ကြားရအောင်တိတ်ဆိတ်နေပေသည်။ ကျိုးဟောင်မှာမည်သူမျှသတိမထားမိလိုက်ဘဲ ရုံးခန်းတံခါးရှိရာသို့ရောက်လာခဲ့သည်။ ငြိမ်သက်စွာရပ်နေဆဲမှာပင်တံခါးဖွင့်သံခပ်တိုးတိုးအားကြားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ကျန်းဖုန်းထျန်မှာတံခါအားဖွင့်ကာလမ်းလျှောက်ထွက်လာခဲ့သည်။
ကျိုးဟောင်မှာအလွန်ထိတ်လန့်သွားခဲ့သည်။ ဤလူနှင့်တည့်တည့်ကြုံရသည်အထိမိမိ၏ကံမှာဆိုးလိမ့်မည်ဟု ကျိုးဟောင်မမျှော်လင့်ထားခဲ့ပေ။ သို့သော်ကျိုးဟောင်ထံတွင်တန်ပြန်အစီအစဉ်များရှိပေသည်။ သူသည်ကျန်းဖုန်းအဖွဲ့စည်း၏လုံခြုံရေးတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ဤလူ၏လက်အောက်မှအလုပ်သမားတစ်ယောက်ဖြစ်နေပြီဖြစ်ပေရာတစ်ဖက်လူမှာ သူ့အားသံသယမဝင်လောက်ပေ။ ထို့အပြင်ယခုအချိန်အင်တာနက်ပေါ်တွင်သူ့အကြောင်းချီးကျူးစကားများဖြင့်သာပြည့်နေပေရာ သူ၏သရုပ်မှန်အားထိုလူများမှသိသွားပြီဖြစ်ကြောင်းကို မသိလောက်သေးပေ။
ထို့အပြင်ထိုလူများ၏စုံစမ်းထားမှုသည်လည်းအတိအကျမဟုတ်နိုင်ပေ။ ဖြစ်နိုင်သည်မှာတစ်ခုခုဖြစ်ခဲ့ခြင်းဖြစ်ပြီး ကျန်းဖုန်းထျန်မှာထိုကိစ္စများအားလုံးဝမလုပ်ခဲ့လောက်ပေ။ လက်ရှိအချိန်တွင်အခြေအနေသည်ဘာမဆိုဖြစ်နိုင်ပေသည်။ ကျန်းဖုန်းထျန်မှာကျိုးဟောင်အားအကဲခတ်ကာ သိလိုစွာဖြင့်မေးလိုက်သည်။
"လုံခြုံရေးတစ်ယောက်အနေနဲ့ နေရာမှာအလုပ်မလုပ်ဘဲဘာလို့ဒီနေရာကိုလာတာလဲ"
ကျိုးဟောင်မှာတည်တည်ငြိမ်ငြိမ်ဖြင့်ပြုံးကာဖြေလိုက်သည်။
"မင်္ဂလာပါ ဒါရိုက်တာကျန်း ကျွန်တော်ကဒီနေ့မှအသစ်ရောက်တဲ့လုံခြုံရေးပါ အခုမှအလုပ်ရပြီးအဝတ်အစားလဲလာတာ လမ်းပျောက်ပြီးအောက်ဆင်းမဲ့လမ်းရှာမတွေ့ဘူးဖြစ်နေလို့ပါ"
ကျိုးဟောင်မှာတမင်တုံးအချင်ယောင်ဆောင်ကာကျန်းဖုန်းထျန်အားသံသယလျော့သွားကာသူ့အားပိုမိုယုံကြည်လာစေရန်လုပ်ဆောင်လိုက်ပေသည်။ မည်သို့ပင်ဖြစ်စေ လုံခြုံရေးအများစုမှာပညာမတတ်ကြပေရာ အမြဲတမ်းမဆင်မခြင်လုပ်တတ်ကြပေသည်။ အဖွဲ့အစည်းအကြီးကြီး၏ဒါရိုက်တာတစ်ယောက်အနေဖြင့်ကျန်းဖုန်းထျန်မှာအနည်းဆုံး ဤနေရာတွင်အလုပ်သမားပေါင်းထောင်ချီအားအလုပ်ခန့်ထားပေရာ အားလုံးအားမသိသည်မှာသဘာဝကျပေသည်။ ကျိုးဟောင်၏စကားအားကြားပြီးနောက် ကျန်းဖုန်းထျန်မှာသံသယမဝင်တော့ဘဲ လက်ကာပြကာပြောလိုက်သည်။
"မင်းကားမောင်းတတ်လား"
"မောင်းတတ်ပါတယ်"
ကျိုးဟောင်မှာ ကျန်းဖုန်းထျန်ဘာစီစဥ်နေသလဲမသိဘဲ ချက်ချင်းပင်ခေါင်းညိတ်ပြကာဖြေလိုက်သည်။
"ကောင်းတယ် ငါကိစ္စရှိလို့ငါနဲ့လိုက်ခဲ့"
ကျန်းဖုန်းထျန်မှယနေ့တွင် လုပ်စရာကိစ္စတစ်ခုရှိသော်ငြား ယာဉ်မောင်းသည်လည်းအရေးကြီးကိစ္စရှိနေပေရာခွင့်ယူသွားခဲ့ပြီး သူ့အားလိုက်မပို့နိုင်တော့ပေ။ ကျန်းဖုန်းထျန်မှာအစောကတည်းကသူ့အားလိုက်ပို့ရန်လုံခြုံရေးအဖွဲ့မှလူများအားခိုင်းမည်ဟုတွေးထားခြင်းဖြစ်သည်။ ကျိုးဟောင်နှင့်တွေ့လိုက်ရချိန်တွင်ကျိုးဟောင်ကိုသာလိုက်ပို့ခိုင်းရန်ဆုံးဖြတ်လိုက်သည်။ ကျိုးဟောင်မှာ ယခုတစ်ကြိမ်ကျန်းဖုန်းထျန်၏တုံ့ပြန်မှုသည် ဤမျှလောက်အဆင်ချောလိမ့်မည်ဟုမထင်ထားခဲ့ပေ။
သူသည်ကျန်းဖုန်းထျန်နောက်လိုက်ပြီးအဆောက်အဦးအောက်သို့ဓာတ်လှေကားစီး၍ဆင်းကာ ကားပါကင်သို့ရောက်လာခဲ့သည်။ သူမောင်းရမည့်ကားမှာအစောပိုင်းကတွေ့ခဲ့သောအမဲရောင်ဘန်တလေသာဖြစ်သည်။ ကျိုးဟောင်မှာကားတံခါးအားဖွင့်ကာအထဲဝင်လိုက်သည်။ ကျန်းဖုန်းထျန်လည်းကားထဲဝင်လာသည်ကိုကြည့်ပြီးနောက် ချက်ချင်းပင် ကားစက်နှိုးလိုက်သည်။
"ဒါရိုက်တာ ဘယ်သွားမှာလဲဗျ"
"ကျန်းပေမြို့ လေးရာသီကော်ဖီဆိုင်"
ကျန်းဖုန်းထျန်မှာစကားဆုံးသည်နှင့် ဖုန်းထုတ်ကာနံပါတ်တစ်ခုအားခေါ်ဆိုလိုက်ပေသည်။ သူမည်သူနှင့်စကားပြောနေကြောင်းကိုတော့မသိရပေ။ ကျိုးဟောင်သည်လည်းထပ်မမေးတော့ဘဲ ချက်ချင်းပင်လီဗာနင်းကာဦးတည်ရာနေရာသို့မောင်းနှင်လိုက်တော့သည်။ နာရီဝက်ကြာပြီးနောက် ကျိုးဟောင်မောင်းနှင်လာသောကားမှာကျန်းပေမြို့၊ လေးရာသီကော်ဖီဆိုင်၏ရှေ့တွင်ရပ်သွားခဲ့သည်။ ကျန်းဖုန်းထျန်မှာစကားတစ်ခွန်းမျှမဆိုဘဲတံခါးဖွင့်ကာ ကားပေါ်မှဆင်းသွားခဲ့သည်။
ထိုမြင်ကွင်းအားမြင်သောကျိုးဟောင်မှာချက်ချင်းပင်ကားပေါ်မှဆင်းကာ ကျန်းဖုန်းထျန်နောက်လိုက်ရန်ပြင်လိုက်သည်။ ကံမကောင်းစွာဖြင့်ကျန်းဖုန်းထျန်မှာလက်ကာပြကာ စကားတစ်ခွန်းဆိုလာခဲ့သည်။
"မင်းငါ့နောက်လိုက်စရာမလိုဘူး ကားထဲမှာပဲစောင့်နေ"
"အာ ကောင်းပါပြီ ဒါရိုက်တာ"
အခွင့်အရေးကောင်းအားဆုံးရှုံးပြီးနောက်ကျိုးဟောင်မှာစိတ်ပျက်မသွားခဲ့ပေ။ ချက်ချင်းပင်ကားရှိရာသို့လျှောက်သွားခဲ့သည်။
သို့သော် အဖြူရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားပြီး ဦးထုပ်ဆောင်းထားသောယောက်ျားတစ်ယောက်လမ်းလျှောက်လာသည်ကိုမြင်လိုက်ရသည်။ ကျိုးဟောင်မှာမသိစိတ်၏စေခိုင်းမှုအရထိုအမျိုးသားအားထပ်ကြည့်လိုက်မိသည်။ တစ်ဖက်လူမှာထူးဆန်းပြီး စိတ်လေးဖွယ်ခံစားချက်မျိုးပေးနေသည်ဟုတောက်လျှောက်ခံစားနေရပေသည်။ ဦးထုပ်နှင့်လူမှာလည်း ကျိုးဟောင်သူ့အားစိုက်ကြည့်နေသည်ကိုသတိထားမိပုံပင်။ ထိုလူ၏မျက်လုံးထဲတွင်သတ်ဖြတ်လိုသောအရိပ်အယောင်တစ်ခုဖြတ်ခနဲပေါ်လာခဲ့ပြီး ဦးထုပ်အားရှေ့သို့ဆွဲချကာလေးရာသီကော်ဖီဆိုင်ထဲသို့အလျင်အမြန်လမ်းလျှောက်ဝင်သွားခဲ့သည်။ ကျိုးဟောင်မှာကားထဲပြန်ဝင်သွားခဲ့သော်လည်း အကြည့်မှာထိုအမျိုးသားထံမှမခွာပေ။
ကျန်းပေမြို့မှာမကြီးသလို သေးလည်းမသေးပေ။ ယခင်ကဤနေရာတွင်သန္ဓေပြောင်းသားရဲများစွာကိုသတ်ပြီး လူသားမျိုးနွယ်အားအကြီးအကျယ်အထောက်အကူပြုနေသည့်ကင်းလှည့်အဖွဲ့တစ်ဖွဲ့ရှိခဲ့ကြောင်းကို ကျိုးဟောင်သိခဲ့ရပေသည်။ ဤနေရာတွင်ကြီးမားသောသန္ဓေပြောင်းသားရဲအုပ်ကြီးပုန်းကွယ်နေသည်ဟုလည်းဆိုကြပေသည်။ လွန်ခဲ့သောရက်အနည်းငယ်က စုံစမ်းရေးဌာနမှကျန်းပေမြို့၏လုံခြုံရေးအားတိုးမြှင့်ရန်လျှို့ဝှက်အမိန့်တစ်ခုပင်ထုတ်ခဲ့ပေသည်။ ဤနေရာတွင်တွေ့သောမည်သည့်သန္ဓေပြောင်းသားရဲမဆို တစ်ကောင်ပင်သက်ညှာပေးခြင်းမရှိလုံးဝသုတ်သင်ခံရမည်ဖြစ်သည်။
သို့သော်လက်ရှိအချိန်တွင်ဤသတင်းနှင့်ပတ်သက်ပြီး ခေါင်းဆောင်အချို့သာသိထားပေသည်။ ထိုသို့တွေးရင်းကျိုးဟောင်မှာကျန်းဖုန်းထျန်သည် ကျန်းပေမြို့တွင်မည်သည့်ကိစ္စလုပ်ရန်ကြိုးစားနေကြောင်းမတွေးတတ်ဖြစ်နေပေသည်။ အစောပိုင်းကသတင်းအားသိထားပြီးပြီဖြစ်သောကြောင့် ကင်းလှည့်အဖွဲ့မှသန္ဓေပြောင်းသားရဲများအားရှင်းလင်းနိုင်ရန်ကူညီနိုင်ရေးအတွက် နည်းပညာမြင့်လက်နက်များလာရောက်ထောက်ပံ့ပေးသည်လော။
သို့တည်းမဟုတ်..
ကျိုးဟောင်မှာတုန်လှုပ်သွားခဲ့သည်။ ကျန်းဖုန်းထျန်သည်သန္ဓေပြောင်းသားရဲများအားသတင်းပေးရန်ဤနေရာသို့ရောက်လာခဲ့ခြင်းပေလော။ သို့သော်ဤအတွေးအားလုံးသည်သူ၏ထင်မြင်ချက်သာဖြစ်ပြီး အမှန်အတိုင်းသေချာကောက်ချက်မချနိုင်သေးပေ။ ထိုသို့စဉ်းစားရင်းကျိုးဟောင်မှာချက်ချင်းပင်ဖုန်းအားထုတ်ကာ ကျန်းပေမြို့နှင့်ပတ်သက်သောအချက်အလက်များအားရှာဖွေတော့သည်။
နာရီဝက်ကြာပြီးနောက် ကျိုးဟောင်မှာရယ်မောသံတစ်ခုအားကြားလိုက်ရပေသည်။ လှည့်ကြည့်လိုက်ချိန်တွင်ကျန်းဖုန်းထျန်လမ်းလျှောက်ထွက်လာသည်ကိုမြင်လိုက်ရပြီး သူ့ဘေးရှိလူမှာအစောပိုင်းကသူနှင့်ကြုံခဲ့သောဦးထုပ်နှင့်အမျိုးသားပင်ဖြစ်သည်။ ထိုလူအားမြင်လိုက်သည်နှင့်ကျိုးဟောင်မှာမကောင်းသောခံစားချက်မျိုးခံစားလိုက်ရပေသည်။
ထိုအခိုက်အတန့်တွင်ကားတံခါးမှာပွင့်လာခဲ့ပြီးကျန်းဖုန်းထျန်နှင့် ထိုလူမှာကားထဲသို့ဝင်လာခဲ့ကြကာ နောက်ခန်းတွင်ဘေးချင်းကပ်ထိုင်လိုက်ကြသည်။ ကျိုးဟောင်မှာနောက်ကြည့်မှန်အားကြည့်လိုက်ပေရာ မှန်ထဲတွင်ဘေးကပ်ကာစကားတစ်ခွန်းမှမဆိုဘဲခေါင်းငုံ့ထိုင်နေသောအမျိုးသားအားတွေ့လိုက်ရပေသည်။ သူ့ပုံစံမှာအတော်လေးစိတ်မသက်မသာဖြစ်နေပုံပင်။
"ကျန်းကျောင်းဆိပ်ကမ်းကိုသွားပြီး လူကြီးမင်းကျန်းကိုသင်္ဘောဆီလိုက်ပို့ပေးလိုက်"
ကျန်းဖုန်းထျန်မှ အေးဆေးစွာပင်အမိန့်ပေးလာခဲ့သည်။
"ကောင်းပါပြီ ဒါရိုက်တာကျန်း"
ကျိုးဟောင်မှာချက်ချင်းပင်ကားစက်နှိုးကာ ပြောရာနေရာသို့မောင်းလာခဲ့သည်။ ဆောင်းဦးလေသည်လည်းတိုက်ခတ်နေပေရာ အလွန်အေးမြနေပေသည်။ ကျိုးဟောင်မှာလမ်းမကျယ်ပေါ်တွင်အရှိန်တင်မောင်းရင်း လေအေး၏အထိအတွေ့ကြောင့်အပူအပင်ကင်းသလိုခံစားနေရပေသည်။ ထို့နောက်မနေနိုင်ဘဲနောက်ကြည့်မှန်အားကြည့်လိုက်လေရာ အနောက်ရှိအမျိုးသား၏ဦးထုပ်မှာလေပြင်းကြောင့်လွင့်သွားသည်ကိုတွေ့လိုက်ရပေသည်။
ကလစ်
လွင့်သွားသောဦးထုပ်သည်ကားမှန်တံခါးနှင့်ထိကာအသံတစ်ခုပင်ထွက်ပေါ်လာခဲ့သည်။ အမျိုးသား၏ခေါင်းပေါ်တွင်ကျားသစ်နားရွက် ၂ခုရှိနေသည်ကိုမြင်ပြီးကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ သူ၏အမွေးများဖြင့်ဖုံးအုပ်နေသောနားရွက်တို့မှာ လေဒဏ်ကြောင့်တုန်ယင်နေပေသည်။ ဤလူသည်တကယ်ပင်လူယောင်ဆောင်ထားသော ကျားသစ်မျိုးနွယ် သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်ပေသည်။
ဝုန်း!
ကျိုးဟောင်၏ခေါင်းထဲတွင်ချက်ချင်းပင်တစ်ခုခုပေါက်ကွဲသွားသလိုခံစားလိုက်ရပေသည်။
ကျိုးဟောင်မှာဤကိစ္စအားတကယ်မှန်လိမ့်မည်ဟုမထင်ထားခဲ့ပေ။ ကျန်းဖုန်းထျန်မှာတကယ်ပင်သန္ဓေပြောင်းသားရဲများနှင့်ပူးပေါင်းနေပေသည်။ သူသည်ရန်သူများဘက်တွင်ရပ်ကာ တိတ်တဆိတ်ကူညီပေးနေပေသည်။
ကျိုးဟောင်မှာအတော်လေးဒေါသဖြစ်သွားခဲ့သည်။ တစ်ကမ္ဘာလုံးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည့်လက်ရှိအချိန်တွင်ယခုလိုအရှက်မရှိသည့်ကိစ္စမျိုးလုပ်သည့်အတွက်ကျိုးဟောင်မှာတစ်ဖက်လူအား အတော်လေးမကျေမချမ်းဖြစ်နေပေသည်။ ဤလူသည်တကယ်ကိုသေသင့်သောလူသာဖြစ်သည်။
....................................................................................
အခန်း(၄၄၃) ပြီးပါပြီ။
အခန်း (၄၄၄) : တိုက်ခိုက်ခြင်း
ထိုအမျိုးသား၏ဦးထုပ်လွင့်ထွက်သွားခဲ့ချိန်တွင် အနောက်တွင်ထိုင်နေသောကျန်းဖုန်းထျန်မှာ အနည်းငယ်စိုးထိတ်သွားပုံပင်။ တစ်ခုခုမြင်သွားသလားမသိရ၍ ကားမောင်းနေသောကျိုးဟောင်အားသေချာကြည့်နေပေသည်။ သူ့ဘေးရှိအမျိုးသားမှာတည်ငြိမ်စွာပင်ဦးထုပ်အားကောက်ကာခေါင်းတွင်ပြန်ဆောင်းလိုက်သည်။ သူ၏အကြည့်သည်ကျန်းဖုန်းထျန်ဆီသို့ရောက်ရှိသွားခဲ့ပြီး အေးစက်သောသတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခုသည်လည်း မျက်လုံးထဲတွင်ပေါ်လာခဲ့သည်။
ထိုလူစကားမပြောလျှင်ပင် ကျန်းဖုန်းထျန်မှာထိုလူ၏အကြည့်အားသဘောပေါက်ပေသည်။ သူ၏သရုပ်မှန်မှာပေါ်သွားပြီဖြစ်ပေရာ အကောင်းဆုံးဖြေရှင်းနည်းမှာမျက်မြင်သက်သေအားနှုတ်ပိတ်ရန်သာဖြစ်သည်။ လူသေများကသာပါးစပ်ပိတ်ပြီးနေနိုင်ပေသည်။ကျန်းဖုန်းထျန်နှင့်ထိုအမျိုးသားမှာအချင်းချင်းကြည့်နေကြပြီး အဆုံးသတ်ဆုံးဖြတ်ချက်အားချလိုက်ကြသည်။ ကျန်းဖုန်းထျန်မှာရုတ်တရက်ပြုံးကာကျိုးဟောင်အားပြောလိုက်သည်။
"အရင်ဆုံးလမ်းဘေးမှာကားရပ်လိုက် ငါအပေါ့သွားချင်လို့"
"ကောင်းပါပြီဒါရိုက်တာ"
ကျိုးဟောင်မှာလှည့်မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူတို့စိတ်ထံမှအတွေးအားကျိုးဟောင်သိပေသည်။ သို့သော်ယခုလိုလုပ်ခြင်းသည်လည်းကောင်းပေသည်။ ၎င်းသည်ဤသစ္စာဖောက်များအားသတ်ရန်သူ့အားအခွင့်အရေးကောင်းတစ်ခုပေးလိုက်ခြင်းသာဖြစ်သည်။ အကယ်၍သန္ဓေပြောင်းသားရဲတစ်ကောင်ကိုပါအတူသတ်လိုက်ပါက အပိုဆုရမလားကျိုးဟောင်မသိပေ။ မကြာမီကားမှာလမ်းဘေးမြေကွက်လပ်တွင်ရပ်တန့်သွားခဲ့သည်။
ကားစက်ရပ်လိုက်သည်နှင့်ကျိုးဟောင်မှာလည်ပင်းပေါ်ရှိ အေးစက်သောခံစားချက်တစ်ခုအားခံစားလိုက်ရပေသည်။ ငုံ့ကြည့်လိုက်သောအခါ သူ့လည်ပင်းအားတောက်ပနေသောငွေရောင်ဓားတစ်ချောင်းဖြင့်ထောက်ထားကြောင်းသိလိုက်ရပေသည်။
"ဒါရိုက်တာ ဘာလုပ်တာလဲ"
ကျိုးဟောင်မှာထိတ်လန့်ဟန်ဆောင်ရင်း စိုးရိမ်နေပုံဖြင့်မေးလိုက်သည်။
"ကျွန်.....ကျွန်တော်ဘာမှမမြင်လိုက်ပါဘူး ကျွန်တော်ဘာမှမမြင်လိုက်ပါဘူး"
ထိုစကားအားကြားပြီးနောက် ကျန်းဖုန်းထျန်၏အမူအရာမှာပို၍ပင်ပျက်ယွင်းသွားခဲ့သည်။ သူသည်စိတ်ထဲရှိဒေါသအားချိုးနှိမ်ကာ ဒေါသတကြီးအော်လိုက်သည်။
"ဆင်း ခုချက်ချင်းဆင်းစမ်း"
ကျိုးဟောင်မှာတံခါးဖွင့်ကာကားပေါ်မှဆင်းလိုက်သည်။ ထို့နောက်ချက်ချင်းဆိုသလိုပင်ဦးထုပ်နှင့်လူမှာခေါင်းမော့ကာသူ့အားစိုက်ကြည့်နေသည်ကိုမြင်လိုက်ရပေသည်။ ထိုအချိန်တွင် ထိုလူ၏မျက်လုံးများထဲ၌ထူးဆန်းသောအနီရောင်အလင်းတို့ဖြင့်ပြည့်နှက်နေပေသည်။ သူသည်အရှေ့ရှိကျိုးဟောင်အားစူးစူးရဲရဲစိုက်ကြည့်ကာ အက်ကွဲနေသောအသံဖြင့်ပြောလာခဲ့သည်။
"ငါကတခြားလူတွေနဲ့မတူတာမင်းသိတယ်မလား"
ကျိုးဟောင်မှာခေါင်းညိတ်ပြီးမှ အလျင်အမြန်ပင်ခေါင်းခါလာခဲ့သည်။
"ကျွန်တော်ဘာမှမသိပါဘူး ကျွန်တော်ဘာမှမမြင်လိုက်ပါဘူး"
ကျိုးဟောင်၏လှုပ်ရှားမှုများမှာအလွန်လျင်မြန်လှပြီး ဘယ်လက်မှာခါးရှိဓားအားကိုင်ထားပြီးပြီဖြစ်သည်။ သူ့အတွက် ဒုတိယမြောက်မူလအဆင့်ပညာရှင်ဖြစ်သောကျန်းဖုန်းထျန်အားသတ်ခြင်းသည် အလွန်လွယ်ကူလှသော်လည်း တစ်ချိန်တည်းမှာပင်နှစ်လှမ်းမပြည့်ခင်မှာပင် ထိုသန္ဓေပြောင်းသားရဲကိုပါတစ်ခါတည်းသတ်နိုင်ရန်လိုပေသည်။ ထိုသို့စဉ်းစားရင်းကျိုးဟောင်မှာတမင်တကာ ကြောက်ရွံ့ထိတ်လန့်ဟန်ဆောင်နေခြင်းဖြစ်သည်။ သူသည်ရှေ့မှနှစ်ယောက်အားကြည့်ကာတုန်ယင်နေပြီး ကြောက်ရွံ့စွာအသနားခံနေပေသည်။
ထိုအမျိုးသားမှာဦးထုပ်အားချွတ်ကာမြေပေါ်သို့လွှတ်ပစ်လိုက်ပေရာ ကျားသစ်နားရွက်တစ်စုံထွက်ပေါ်လာခဲ့ပေသည်။ ထိုအမျိုးသားသည်ကျိုးဟောင်အားမဲမှောင်နေသောအမူအရာဖြင့်ကြည့်နေပေသည်။
"မင်းအကုန်မြင်လိုက်တယ် ဟုတ်တယ်မလား"
ထိုလူမှာကျိုးဟောင်ထံတစ်လှမ်းချင်းလျှောက်လာခဲ့သည်။ သူ၏မျက်လုံးများတွင်အဆုံးမရှိသောသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များဖြင့်ပြည့်နေပြီး သွေးဆာနေသောအကြည့်သည်လည်းရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သူသည်ကျိုးဟောင်အားစိုက်ကြည့်ကာအေးစက်စွာအော်လိုက်သည်။
"မင်းမြင်လိုက်တယ်ဆိုမှတော့ မင်းကိုသတ်ပစ်ရုံပဲရှိတာပေါ့"
မူလကထိတ်လန့်နေခဲ့သောကျိုးဟောင်မှာရုတ်တရက်တည်ငြိမ်သွားခဲ့သည်။ ထို့နောက်ကျိုးဟောင်သည်ပြုံးကာလက်သီးတင်းတင်းဆုပ်လိုက်ပြီး ရှေ့ရှိနှစ်ယောက်အားကြည့်ကာအေးစက်စွာပြောလိုက်သည်။
"ငါကဒီနေ့မင်းတို့ကိုသတ်ဖို့ရောက်လာတာ"
စကားဆုံးသည်နှင့်ကျိုးဟောင်၏ကိုယ်မှအေးစက်သောအလင်းတန်းတစ်ခုရုတ်တရက်ထွက်လာခဲ့သည်။ ထိုအမျိုးသားမှာမျက်စိရှေ့ရှိကျိုးဟောင်အားကြည့်ကာထိတ်လန့်နေခဲ့ပေသည်။ တစ်ဖက်လူမှာသူ၏စွမ်းအားအား ယခုလိုကောင်းကောင်းဖုံးကွယ်ထားနိုင်မည်ဟုမထင်ထားခဲ့ပေ။ ထိုလူမှာထိတ်လန့်လွန်း၍အနောက်ကိုပင်ခြေလှမ်းအနည်းငယ်မျှယိုင်သွားခဲ့သည်။ သို့သော်သူမတ်မတ်မရပ်နိုင်သေးခင်မှာပင် ကျိုးဟောင်မှာမျှားတစ်စင်းကဲ့သို့သူ့ထံတိုးဝင်လာသည်ကိုမြင်လိုက်ရပြီး ခုခံရန်ပင်အခွင့်အရေးမရလိုက်ဘဲ ကျိုးဟောင်၏လက်ချက်ဖြင့်တန်းသေသွားခဲ့သည်။
ဝုန်း!
ရုတ်တရက်ကျယ်လောင်သောပြိုလဲကျသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ဘေးတွင်ရပ်နေသောကျန်းဖုန်းထျန်အားထိတ်လန့်သွားစေခဲ့သည်။ သန္ဓေပြောင်းသားရဲများ၏စွမ်းရည်သည်သူ့ထက်များစွာသာလွန်သော်လည်း ကျန်းဖုန်းထျန်မှာထိတ်လန့်နေဆဲပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေတစ်ဖက်လူအား ဤမထင်မရှားလုံခြုံရေးမှအလွယ်တကူရှင်းပစ်လိုက်ပေသည်။ ကျန်းဖုန်းထျန်မှာသူသည်ကျိုးဟောင်အတွက်ပြိုင်ဘက်မဟုတ်မှန်းသေချာပေါက်သိပေသည်။ ထို့ကြောင့် ကျိုးဟောင်အားထိတ်လန့်တကြားကြည့်ရင်း အလွန်ကြောက်လန့်နေသည်မှာတစ်ကိုယ်လုံးပင်တုန်ယင်နေခဲ့ပေသည်။ ကျန်းဖုန်းထျန်မှာအကြိမ်ကြိမ်တံတွေးမျိုချနေရင်း မျက်လုံးထဲတွင်လည်းထိတ်လန့်နေသောအမူအရာများပေါ်နေပေသည်။ သူသည်နောက်ဆုတ်ရင်းစကားတစ်ခွန်းကိုသာ အကြိမ်ကြိမ်ပြောနေပေသည်။
"မင်း...မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"
"ငါကနည်းပညာကုမ္ပဏီရဲ့ဒါရိုက်တာနော် ငါကသန္ဓေပြောင်းသားရဲတွေကိုဖြေရှင်းနိုင်တဲ့နည်းပညာမြင့်လက်နက်တွေအားလုံးကိုတီထွင်ဖို့တာဝန်ယူထားတဲ့လူ မင်း...မင်းငါ့ကိုဘာမှလုပ်လို့မရဘူး"
ကျိုးဟောင်၏မျက်လုံးများမှာအေးစက်နေခဲ့ပြီး ကျန်းဖုန်းထျန်၏စကားများအားလုံးဝဂရုမစိုက်ပေ။ သူသည်ကျန်းဖုန်းထျန်ဆီတစ်လှမ်းခြင်းလမ်းလျှောက်လာခဲ့ပြီးအေးစက်စွာပြောလိုက်သည်။
"ခင်ဗျားအဲဒီသန္ဓေပြောင်းသားရဲတွေနဲ့တကယ်ကြီး ပူးပေါင်းနေလိမ့်မယ်လို့ကျုပ်မထင်ထားခဲ့ဘူး"
ကျိုးဟောင်ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မျက်နှာပေါ်ရှိအေးစက်သောအမူအရာမှာပိုမိုအားကောင်းလာခဲ့သည်။ သူသည်ဒေါသအားမျိုသိပ်ကာ အေးစက်စွာတစ်လုံးချင်းပြောလိုက်သည်။
"မင်းကကိုယ်ကျိုးပဲကြည့်တာ မင်းကလူသားမျိုးနွယ်အတွက်အမှိုက်တစ်စနဲ့ အရှက်ရစရာလူပဲ"
ကျိုးဟောင်မှာကျန်းဖုန်းထျန်ရှေ့ရောက်လာကာကြမ်းတမ်းစွာပြောလိုက်သည်။
"အနာဂတ်မှာမျိုးနွယ်ခြားတွေနဲ့ပူးပေါင်းပြီး လူသားမျိုးနွယ်ကိုအန္တရာယ်ပေးမှာကိုကြိုတင်ကာကွယ်ဖို့အတွက် ဒီနေ့မင်းကိုသတ်ရုံကလွဲတခြားရွေးချယ်စရာမရှိဘူး"
ကျန်းဖုန်းထျန်မှာကျိုးဟောင်၏စကားများကြောင့် အလွန်ထိတ်လန့်နေကာတစ်ကိုယ်လုံးပြင်းထန်စွာတုန်ယင်နေပေသည်။ သူ၏မျက်လုံးများထဲတွင်လည်းစကားဖြင့်ဖော်ပြ၍မရသော စိုးရွံ့ထိတ်လန့်မှုများဖြင့်ပြည့်နေပေသည်။ ကြည့်ရသည်မှာသူသည်ယခုလိုဆက်ဆံခံလိမ့်ရမည်ဟုမထင်ထားပုံပင်။ ကျိုးဟောင်၏ရှေ့တွင် သူ့ထံ၌ပြန်လည်တိုက်ခိုက်နိုင်သည့်ခွန်အားမျိုးပင်မရှိပေ။ ကျိုးဟောင်မှာလက်ထဲရှိဓားအားမြှောက်ကာပိုင်းချလိုက်သည်။ ခေတ္တမျှကြာပြီးနောက် ကျန်းဖုန်းထျန်မှာမြေပြင်ပေါ်သို့လဲကျသွားခဲ့ပြီးအသက်မရှူတော့ပေ။
ကျန်းဖုန်းထျန်အားဖြေရှင်းပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်စက်နှိုးကာ သက်သေမကျန်အောင်ကျန်းဖုန်းထျန်၏အလောင်းအားမီးရှို့လိုက်ပေသည်။ ထိုကိစ္စအားလုံးအားလုပ်ပြီးနောက် ကျိုးဟောင်မှာလှည့်ထွက်လာခဲ့သည်။ အခင်းနေရာအားဖြေရှင်းပြီးနောက် ကျိုးဟောင်မှာထွက်လာခဲ့သည်။ သူအိမ်ပြန်တော့မည့်အချိန်မှာပင် သူရှေ့တွင်လူတစ်ယောက်ပေါ်လာခဲ့ပေသည်။ ထိုလူမှာသူ့အားအမိန့်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သည့်လူသာဖြစ်သည်။ ကျိုးဟောင်မှာထိုလူအားတွေ့လိုက်ချိန်တွင် အလိုလိုတုန်ယင်သွားခဲ့သည်။ ထို့နောက်ထိုလူအားကြည့်ကာ နောက်တစ်ကြိမ်မည်သို့မည်ပုံစမ်းသပ်ခံရမလဲဆိုသည်အား တွေးနေပေသည်။
ထိုလူမှာကျိုးဟောင်ရှေ့ရောက်လာပြီးအေးစက်စွာပြောလာခဲ့သည်။
"ပထမတာဝန်ကိုအောင်မြင်စွာအဆုံးသတ်ပြီး လူသားတွေကြားရောနှောနေထိုင်နေတဲ့သန္ဓေပြောင်းသားရဲတစ်ကောင်ကိုသုတ်သင်နိုင်ခဲ့လို့ဂုဏ်ပြုပါတယ်"
"ဆက်ပြီး မင်းကိုဒုတိယတာဝန်ပေးမယ် ဥယျာဉ်မြို့တော်ကကျန်းပုဖန်းကိုသတ်ရမယ် သူလည်းသန္ဓေပြောင်းသားရဲတွေနဲ့ပူးပေါင်းနေတာပဲ သူ့အပြစ်ကလည်းခွင့်မလွှတ်နိုင်စရာပဲ ဒီလူ့ရဲ့စွမ်းအားကပထမမြောက်မူလအဆင့်ပဲ အကဲဖြတ်မှုက ၄ရက်အတွင်းစမယ်..."
....................................................................................
အခန်း(၄၄၄) ပြီးပါပြီ။