အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အခန်း (၄၅၇) : အထူးလေ့ကျင့်ရေး
ကျိုးဟောင်မှာထိုရုပ်ထုအားကြည့်ကာထိတ်လန့်သွားခဲ့သည်။ သူ၏ကျင့်ကြံမှုမှာသာမန်ထက်ထူးကဲသော်ငြား အဆုံးမရှိသောကြောက်မက်ဖွယ်ရာအငွေ့အသက်ကြောင့် အသက်ရှူကျပ်သလိုခံစားနေရပေသည်။
ထိုအချိန်တွင်ကျောက်ရိဖန်မှပြောလာခဲ့သည်။
"ကျိုးဟောင် ထတော့"
ထိုအချိန်မှသာကျိုးဟောင်၏ခန္ဓာကိုယ်မှာလှုပ်ရှားလာခဲ့သည်။ သူအသိပြန်ဝင်ချိန်တွင် ကျောဘက်၌အေးစက်သောချွေးများစီးကျနေသည်ကိုခံစားလိုက်ရပေသည်။ ဤကြီးမားသောကျားနက်ကြီးမှာ အကြေးခွံများဖြင့်ဖုံးလွှမ်းနေပြီး အကြေးခွံတစ်ခုစီတိုင်းပေါ်တွင် ကြီးမားသောအမည်များရှိပေသည်။ ကျိုးဟောင်မှာခေတ္တမျှမှင်တက်သွားကာ သေချာကြည့်လိုက်သည်။
အဆင့် ၁ : စတန်း (၅၆၃၄၅)
အဆင့် ၂ : ချန်းရွှင် (၅၆၂၁၃)
အဆင့်၂၀၀ : ဟယ့်ပန်အန်းလီရွေ့ (၂၃၄၉၀)
ဤအကြေးခွံပေါ်တွင်နာမည်များရှိပြီး စုစုပေါင်းနာမည် ၂၀၀ရှိနေပေသည်။
ကျိုးဟောင်မှာဤမြင်ကွင်းအားမြင်သောအခါ ခေတ္တမျှကြက်သေသေသွားခဲ့သည်။ ထိုအချိန်တွင်ဘေးရှိ ကျောက်ရိဖန်မှရှင်းပြလာသည်။
"ဒါကသူတို့ရဲ့အဆင့်တွေပဲ ငါတို့စစ်နတ်ဘုရားတပ်ရင်းလေ့ကျင့်ရေးအခြေစိုက်စခန်းမှာ ကျောင်းသားစုစုပေါင်း ၂၀၀ရှိတယ် ပြီးတော့အားလုံးက တစ်ကမ္ဘာလုံးကထိပ်တန်းပါရမီရှင်တွေပဲ ကျိုးဟောင်မင်းတကယ်လို့ နောက်ဆုံးအကဲဖြတ်မှုကိုအောင်ရင် မင်းနာမည်လည်းဒီမှာပေါ်လာလိမ့်မယ်"
"အဆင့်မြင့်လေ ရမဲ့အကျိုးအမြတ်တွေကကောင်းလေပဲ"
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။ ကျောက်ရိဖန်၏စကားအား သူသဘောပေါက်ပေသည်။
"လေ့ကျင့်ရေးအခြေစိုက်စခန်းကတာဝန်တွေက အပြင်ကတာဝန်တွေထက်မနိမ့်ဘူး တကယ်တော့အဲဒီတာဝန်တွေကအဆင့်လေးနည်းနည်းလောက်ပဲပိုမြင့်တာ စစ်နတ်ဘုရားတပ်ရင်းကိုဝင်ပြီးရင်စိတ်ချလို့ရပြီမထင်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ စစ်နတ်ဘုရားတပ်ရင်းရဲ့စစ်သည်တွေက အခက်အခဲနဲ့ပိုရင်ဆိုင်ရတယ် ပြီးတော့အုတ်မြစ်အဖြစ်ရှေးဟောင်းအပျက်အစီးတွေရှိနေတော့ ငါတို့လက်နက်တွေကပိုအားကောင်းပြီး အရင်းအမြစ်တွေလည်းပိုကြွယ်ဝတယ် မင်းဘယ်လောက်ရသလဲဆိုတာမင်းရဲ့အဆင့်ပေါ်မူတည်တယ် နားလည်လား"
"အရေးကြီးဆုံးက ငါတို့မှာဖြုတ်ချတဲ့စနစ်လည်းရှိတယ် မင်းစစ်နတ်ဘုရားတပ်ရင်းကိုဝင်နိုင်တာနဲ့ ဒီမှာတစ်သက်လုံးနေလို့ရတယ်လို့မထင်လိုက်နဲ့ တကယ်လို့မင်းနောက်ဆုံး ၁၀ဆင့်ထဲကို ၃ကြိမ်နဲ့အထက်ဝင်ရင် အဖြုတ်ခံရမယ်"
ကျောက်ရိဖန်၏စကားဆုံးချိန်တွင် ကျိုးဟောင်မှာပို၍ထိတ်လန့်သွားခဲ့သည်။
"ကောင်းပြီ မင်းကိုဒီလောက်အများကြီးပြောနေလည်းအသုံးမဝင်ဘူး မင်းနောက်ဆုံးအဆင့်ကိုအောင်ပြီးမှ ဒါတွေပြောလည်းနောက်မကျသေးပါဘူး"
ပြောရင်းကျောက်ရိဖန်မှာကျားနက်ကြီးအားကြည့်ကာပြုံးလိုက်သည်။
"ဒီကျားနက်ကြီးနဲ့ပတ်သက်ပြီး အရမ်းထူးခြားတာကဘာလဲဆိုတာသိလား"
ကျိုးဟောင်မှာကျားနက်ကြီးအားကြည့်ကာခေတ္တမျှစဉ်းစားပြီးနောက်ပြန်ဖြေလိုက်သည်။
"သူ့ရဲ့အငွေ့အသက်....."
ထိုကျားနက်ကြီးကိုကြည့်ပြီးကျိုးဟောက်ထိတ်လန့်သွားရသည့်အကြောင်းပြချက်မှာ ၎င်း၏အငွေ့အသက်နှင့်သတ်ဖြတ်လိုသောရည်ရွယ်ချက်ကြောင့်ဖြစ်သည်။
၎င်းမှာမီတာတစ်ရာမြင့်မားသော်လည်း ကျိုးဟောင်အပေါ်သက်ရောက်စေသည့်အရာမှာ ၎င်း၏အမြင့်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်မီတာရာချီကြီးမားသော သန္ဓေပြောင်းသားရဲများစွာအားသတ်ဖြတ်ခဲ့ဖူးပေရာ ဤမျှလောက်သည်သူ့အတွက်ဘာမှမဟုတ်ပေ။
ကျောက်ရိဖန်မှာခေါင်းညိတ်ပြလိုက်သည်။
"မင်းပြောတာမှန်တယ် သူ့ရဲ့အငွေ့အသက်ကသာမန်ထက်ထူးခြားတယ် ဒါပေမဲ့ဒီအငွေ့အသက်ဘယ်ကလာလဲဆိုတာမင်းသိလား"
ကျိုးဟောင်မှာထိုအချက်အားမသိပေရာ ခေါင်းသာယမ်းပြလိုက်သည်။
ကျောက်ရိဖန်မှာကျိုးဟောင်အားကြည့်ကာပြုံးလိုက်သည်။ ကျိုးဟောင်သည်လည်း ကြီးမားသောကျားနက်ကြီး၏မျက်လုံးများအားကြည့်ပြီး စူးရှသောအလင်းရောင်ကြောင့် ချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။
"ဒီကျားနက်ကြီးက အစကတည်းက ကောင်းကင်ဘုံအဆင့်ထက်ကျော်လွန်တဲ့ ကျင့်ကြံဆင့်ကိုရောက်ပြီးသား တကယ်တော့သူက သူတော်စင်တစ်ဝက်အဆင့်ကိုတောင်ရောက်ခဲ့ပြီးပြီ ပြီးတော့အရမ်းလည်းစွမ်းအားကြီးတယ် ဟွာရှားစစ်နတ်ဘုရားက သူ့ကိုသတ်ပြီးနောက်ပိုင်း သူ့မျက်လုံးကို ဒီတိုက်တေနီယမ်သတ္တုစပ်ရုပ်ထုထဲမှာမြှုပ်ထားခဲ့တာ အဲဒီကတည်းကသူ့အကြည့်ကဝင်ပေါက်မှာပဲရှိနေတော့တာပဲ"
"တစ်နည်းပြောရရင် တံခါးကဖြတ်လာတဲ့ဘယ်သူမဆိုဒီအကြည့်ကိုရင်ဆိုင်ရတယ်"
ထိုစကားအားကြားပြီးနောက်ကျိုးဟောင်မှာသဘောပေါက်သွားခဲ့သည်။ ဝင်လာသည့်အချိန်တုန်းက ထိတ်လန့်သွားခဲ့ရသည်မှာမထူးဆန်းတော့ပေ။ အကြောင်းမှာ ဤသတ္တဝါသည် သူတော်စင်တစ်ဝက်အဆင့်သားရဲတစ်ကောင်ဖြစ်၍သာဖြစ်သည်။
ကောင်းကင်ဘုံအဆင့်အထက်တွင် သူတော်စင်အဆင့်ရှိပေသည်။ သူတော်စင်အဆင့်နှင့် ကောင်းကင်ဘုံအဆင့်ကြားရှိကွာခြားချက်မှာ မိုးနှင့်မြေပမာဖြစ်သည်။
"ကောင်းပြီ အခုအကဲဖြတ်စမ်းသပ်မှုအတွက် ပြင်ဆင်ကြတာပေါ့"
ရိုးရှင်းသောမိတ်ဆက်ပေးမှုအပြီး ကျောက်ရိဖန်မှာ ကျိုးဟောင်အားအထဲသို့ခေါ်သွားခဲ့သည်။
ဤလေ့ကျင့်ရေစခန်းမှာအလွန်လှပသည်ဟုဆိုနိုင်ပေသည်။ မြင်နေရသည့်မြင်ကွင်းများမှာ ကျိုးဟောင်အားရှေးဟောင်းနန်းတော်ထဲရောက်သွားသလိုပင်ခံစားရစေပေသည်။ ထိုနေရာတွင် ရှားပါးပြီးအဖိုးတန်သောဆေးပင်များစွာလည်းရှိပေသည်။
သာမန်ထက်ထူးခြားသောရင်သပ်ရှုမော ဖွယ် အဆောက်အဦးပေါင်းများစွာလည်းရှိပေသည်။
လေ့ကျင့်ရေးမှပြန်လာကြသောသင်တန်းသားများစွာကိုလည်းကျိုးဟောင်တွေ့နေရပြီး အမျိုးသား၊ အမျိုးသမီး ကျင့်ကြံသူအားလုံးမှာကိုယ်ကျပ်ယူနီဖောင်းများအား ဝတ်ဆင်ထားကြပေသည်။ အခြေစိုက်စခန်းရှိကြီးမားသောမျှော်စင်ကြီးတစ်ခုကိုလည်းကျိုးဟောင်တွေ့ခဲ့ရသည်။ မျှော်စင်၏ပုံစံမှာ အစိမ်းရောင်တိမ်တိုက်ဌာနနှင့်အတော်လေးဆင်တူပေသည်။
"မင်းဒါကိုတော့ရင်းနှီးတယ်မလား ဟုတ်တယ် ဒီဟာကအစိမ်းရောင်တိမ်တိုက်ဌာနကလေ့ကျင့်ရေးမျှော်စင်လိုပဲ တူညီတဲ့စနစ်တစ်ခုတည်းကိုသုံးထားတာ သူတို့ဖန်တီးထားတဲ့အမျိုးအစားက ဒီကောင်းကင်မျှော်စင်ကိုတုပြီးတည်ဆောက်ထားတာ လေ့ကျင့်ရေးစခန်းကလူအားလုံး သင်ယူဖို့ဒီမျှော်စင်ထဲဝင်ခွင့်ရှိတယ် အထဲမှာကျင့်ကြံရေးသိုင်းတွေ၊ ရွေ့လျားရေးသိုင်းတွေနဲ့ သင်္ချာနဲ့ဆိုင်တဲ့သင်ယူရေးနည်းလမ်းတွေရှိတယ် မင်းသာဆန္ဒရှိရင် ဒီမျှော်စင်ကနေပြီး မင်းသင်ချင်တဲ့ဟာသင်လို့ရတယ် လေ့ကျင့်ရေးစခန်းကကျောင်းသားအများစုက ဒီမှာပဲလေ့လာကြတာ"
ကျောက်ရိဖန်မှာစကားဆုံးသည်နှင့် ကျိုးဟောင်အားကောင်းကင်မျှော်စင်ထဲသို့ဦးဆောင်ခေါ်သွားခဲ့သည်။
ထို့နောက်ကျိုးဟောင်တို့နှစ်ယောက်မှာ မြေညီထပ်သို့လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ကြီးမားသောလေးထောင့်ကွက်ကြီးတစ်ခုအားတွေ့လိုက်ရသည်။ ထိုအကွက်၏ အလယ်တွင် အရွယ်အစားအမျိုးမျိုးရှိသောလေ့ကျင့်ရေးအခန်းငယ်များအားနေရာချထားပေသည်။ ကျောက်ရိဖန်မှာကျိုးဟောင်အား ထိုလေ့ကျင့်ရေးအခန်းများထဲမှ တစ်ခုဆီသို့ခေါ်လာခဲ့သည်။ အပြင်မှကြည့်ပါကလေ့ကျင့်ရေးအခန်း၏ပုံစံမှာ သံနှင့်ပြုလုပ်ထားသောလေးထောင့်ပုံသေတ္တာနှင့်တူသော်လည်း အတွင်းပိုင်းမှာမူအလွန်လှပေသည်။
ကြီးမားသောဆိုဖာကြီးနှစ်ခုအပြင် ထိုင်ခုံများနှင့်ကုလားထိုင်များလည်းရှိပေသည်။ အားလုံးမှာသစ်သားများဖြင့်ပြုလုပ်ထားကာ အလွန်စျေးမြင့်ပုံပေါ်ပေသည်။
ကျိုးဟောင်မှာ ဆိုဖာပေါ်တွင်ရှိနေသောမဲနက်နေသည့်ခေါင်းဆောင်းနှစ်ခုအားသတိထားမိလိုက်သည်။ ထိုခေါင်းဆောင်းများအားကြည့်ရသည်မှာအလွန်လျှို့ဝှက်ဆန်းကြယ်လှပေသည်။
"ဒီခေါင်းဆောင်းကငါတို့လက်ရှိသိပ္ပံပညာရှင်မျိုးဆက်တွေဖန်တီးထားတဲ့ နည်းပညာမြင့်ကုန်ပစ္စည်းတစ်ခုပဲ ဒါကရှေးဟောင်းအပျက်အစီးတွေမှာတွေ့ခဲ့ရတဲ့ နည်းပညာမြင့်ပစ္စည်းကိုအခြေခံထားတာ ဒီခေါင်းဆောင်းနှစ်ခုကမင်းကိုပုံရိပ်ယောင်လောကထဲခေါ်သွားပေးနိုင်တယ် ဒါကအစိမ်းရောင်တိမ်တိုက်ဌာနကဟာနဲ့ဆင်ပေမဲ့ သူတို့ဟာထက်အများကြီးပိုကောင်းတယ်"
ကျိုးဟောင်မှာဤခေါင်းဆောင်းများနှင့်ပတ်သက်ပြီး အနည်းငယ်သဘောပေါက်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်ယခင်ကအစိမ်းရောင်တိမ်တိုက်ဌာန၏ဒေသဆိုင်ရာကွန်ယက်ထဲဝင်ခဲ့ဖူးပေသည်။
"ကောင်းပြီခေါင်းဆောင်းဆောင်းလိုက်တော့ ပုံရိပ်ယောင်လောကထဲဝင်ကြမယ်"
ကျောက်ရိဖန်မှာခေါင်းဆောင်းအားဦးစွာဆောင်းလိုက်သည်။ ထို့နောက်ကျိုးဟောင်သည်လည်းတွေဝေမနေဘဲ ခေါင်းဆောင်းအားချက်ချင်းဆောင်းလိုက်ပေရာ အလင်းတန်းတစ်ခုဖျတ်ခနဲပေါ်လာခဲ့သည်။ ကျိုးဟောင်မျက်လုံးဖွင့်လိုက်ချိန်တွင် အဖြူရောင်ဟင်းလင်းပြင်တစ်ခုအားမြင်လိုက်ရသည်။ ကျိုးဟောင်၏လက်ရောခြေထောက်များပါ အဆုံးမရှိသောအဖြူရောင်အခိုးအငွေ့များကြား ဖုံးကွယ်နေပေသည်။ ထိုအချိန်တွင်ကျောက်ရိဖန်သည်လည်း ပေါ်လာခဲ့ပြီးကျိုးဟောင်အားပြုံးကာကြည့်နေပေသည်။
"မင်းရှေ့ကဇာတ်လမ်း ၁၈ထပ်မျှော်စင်ကိုတွေ့လား အဲဒါကငါတို့လူသားမျိုးနွယ်ရဲ့အသန်မာဆုံးလေ့ကျင့်ရေးမျှော်စင်ပဲ ဒါကရှေးဟောင်းအပျက်အစီးရဲ့ တကယ့်ကောင်းကင်မျှော်စင်အစစ်ပဲ တကယ်တော့ဒီကောင်းကင်မျှော်စင်က ရှေးဟောင်းစက်တစ်ခုကဖန်တီးထားတာ ဒီရှေးဟောင်းစက်က ဘယ်နေရာမှာရှိနေလဲဆိုတာငါမသိဘူး ဒါပေမဲ့အဲဒါကိုကမ္ဘာဂြိုဟ်ပေါ်ကလူသားတွေထိန်းချုပ်ထားတယ် ဒါကိုအထူးလေ့ကျင့်ရေးအတွက် ဒီကောင်းကင်မျှော်စင်ဖန်တီးဖို့လည်းသုံးတယ်"
ကျောက်ရိဖန်မှအဝေးရှိမျှော်စင်အားညွှန်ပြကာပြောလိုက်သည်။ ထိုအချိန်မှသာကျိုးဟောင်မှာ ထိတ်လန့်စရာအငွေ့အသက်များထုတ်လွှတ်နေသည့် ကြီးမားသောမျှော်စင်ကြီးအားတွေ့လိုက်ပေသည်။ ၎င်းမှထွက်ပေါ်နေသောစွမ်းအင်အတက်အကျတွင်လည်း အဆုံးမရှိသောစွမ်းအားများပါဝင်နေပေသည်။
"ကျွန်တော်ဒီမှာအထူးလေ့ကျင့်ရေးလုပ်ရမှာလား"
ကျိုးဟောင်မှာခေတ္တမျှမှင်တက်နေခဲ့ပြီးနောက် မေးလာခဲ့သည်။
"ဟုတ်တယ်"
ကျောက်ရိဖန်မှပြုံးကာပြောလိုက်သည်။
ကျိုးဟောင်မှာခေါင်းညိတ်ပြကာ ခန္ဓာကိုယ်အားလှုပ်ရှားလိုက်ချိန်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာအတော်လေးပေါ့ပါးနေပြီး ယခင်ကလိုစွမ်းအားမျိုးမရှိတော့ပေ။
"အစ်ကိုကျောက် ကျွန်တော့်ခန္ဓာကိုယ်ကမတူတော့ဘူးလို့ ဘာလို့ခံစားနေရတာလဲ"
ကျိုးဟောင်မှာအံ့ဩတကြီးပြောလာခဲ့ပြီး ကျောက်ရိဖန်မှာပြုံးနေခဲ့သည်။
"ဟုတ်တယ် ဒီမှာဖန်တီးထားတဲ့ပုံရိပ်ယောင်ခန္ဓာကိုယ်တွေက အားလုံးတစ်ထပ်တည်းပဲ ကောင်းကင်ဘုံအဆင့်ဖြစ်ဖြစ် မူလအဆင့်ပညာရှင် ဒါမှမဟုတ် မဟာဆရာသခင်အဆင့်ပညာရှင်တွေဖြစ်ဖြစ် ခန္ဓာကိုယ်တွေအတွက်အချက်အလက်တွေက အားလုံးအတူတူပဲ တစ်နည်းပြောရရင် ဒီမှာရှိတဲ့ငါတို့ရဲ့ခန္ဓာကိုယ်တွေက အားလုံးအတူတူပဲ"
ကျောက်ရိဖန်၏စကားဆုံးသောအခါ ကျိုးဟောင်မှာချက်ချင်းပင်ထိတ်လန့်သွားခဲ့သည်။ ဤအတိုင်းဆိုပါက ယခုအဆင့်အားသူမည်ကဲ့သို့ အောင်မြင်နိုင်ပါမည်းနည်း။
....................................................................................
အခန်း(၄၅၇) ပြီးပါပြီ။
အခန်း (၄၅၈) : အောင်မြင်သွားခြင်း
ကျောက်ရိဖန်မှာကျိုးဟောင်၏ရှုပ်ထွေးနေသောအမူအရာအားသဘောပေါက်ပုံရကာ ပြုံးနေပေသည်။
"ဒါကကောင်းကင်မျှော်စင်ရဲ့ တကယ့်ရည်ရွယ်ချက်ပဲ အားလုံးရဲ့ခန္ဓာကိုယ်တွေကအတူတူပဲ ဒီလိုမှသာငါတို့ကလူတစ်ယောက်ရဲ့တကယ့်တိုက်ခိုက်ရေးစွမ်းအားကို တကယ်စမ်းသပ်နိုင်မှာလေ"
"ကောင်းပြီ ကျိုးဟောင်ငါနဲ့လိုက်ခဲ့"
ကျောက်ရိဖန်မှာပြောရင်း ကျိုးဟောင်အားကောင်းကင်မျှော်စင်ထံသို့ခေါ်သွားခဲ့သည်။ ကျိုးဟောင်မှာကြီးမားလှသောကောင်းကင်မျှော်စင်ကြီးအားကြည့်ကာ အတော်လေးအံ့ဩနေခဲ့သည်။ ကျောက်ရိဖန်မှာကောင်းကင်မျှော်စင်ရှေ့ရှိ ကျောက်တုံးမျက်နှာပြင်အားညွှန်ပြလိုက်ပြီးနောက် ထိုမျက်နှာပြင်ပေါ်တွင်အမည်တစ်ခုပေါ်လာခဲ့သည်။
အမည် : ကျိုးဟောင်
အဆင့် : စစ်နတ်ဘုရားတပ်ရင်း၏အထူးပါဝင်ဖြေဆိုသူ
မျှော်စင်အမှတ် : ၀
ကျိုးဟောင်မှာကျောက်တုံးမျက်နှာပြင်အားကြည့်လိုက်ချိန်တွင် ကျောက်ရိဖန်၏အဆင့်ကိုလည်းတွေ့လိုက်ရသည်။
အမည် : ကျောက်ရိဖန်
အဆင့် : စစ်နတ်ဘုရားတပ်ရင်း၊ လေနတ်ဘုရားအဖွဲ့၏အဖွဲ့ဝင်
မျှော်စင်အမှတ် : ၅မှတ်
ကျိုးဟောင်မှာထိုအချက်အလက်များအားကြည့်ကာ အတော်လေးပဟေဠိဖြစ်သွားခဲ့သည်။ သူ့အမှတ်သည်ဘာကြောင့် ၀ ဖြစ်နေကြောင်းသူနားလည်ပေသည်။ မည်သို့ပင်ဖြစ်စေ သူသည်စမ်းသပ်ချက်အားမအောင်မြင်သေးပေ။ သို့သော်ကျောက်ရိဖန်၏အမှတ်မှာ ဘာကြောင့် ၅မှတ်သာရှိနေကြောင်း ကျိုးဟောင်နားမလည်နိုင်ပေ။
"ဒီအမှတ်တွေက လူတစ်ယောက်ရောက်ခဲ့တဲ့အထပ်ကိုကိုယ်စားပြုတယ် ငါရောက်ခဲ့တဲ့အမြင့်ဆုံးအထပ်က ၅ထပ်ပဲ ဒီတော့ ၅မှတ်ရတယ် တကယ်လို့မင်းပထမအထပ်ကိုအောင်မြင်သွားရင်တစ်မှတ်ရမယ် အဲဒီလိုမျိုး"
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်တော့ အတော်လေးထိတ်လန့်နေပေသည်။ ဤကျောက်ရိဖန်၏ကျင့်ကြံဆင့်သည် တတိယမြောက်ကောင်းကင်ဘုံအဆင့်ရှိသော်လည်း ၅ထပ်အထိသာရောက်နိုင်ခဲ့ပေရာ အလွန်ခက်ခဲသည်ဟုဆိုနိုင်ပေသည်။
"ပြီးတော့ကျိုးဟောင် ဒီကောင်းကင်မျှော်စင်မှာ စုစုပေါင်း ၁၈ထပ်ရှိတယ် အခုချိန်အထိတော့ အထပ်အားလုံးကိုကျော်ဖြတ်နိုင်တဲ့လူဘယ်သူမှမရှိသေးဘူး အသန်မာဆုံးလို့လူသိများတဲ့ ဟွာရှားစစ်နတ်ဘုရားတောင် ၁၆ထပ်အထိပဲရောက်ခဲ့တာ"
ကျောက်ယိဖန်မှာသက်ပြင်းချကာ လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။
"ဘာရယ် အသန်မာဆုံးလူတောင် ၁၈ထပ်လုံးကိုမဖြတ်ကျော်နိုင်ဘူးလား"
ကျိုးဟောင်မှာဤစကားအားမယုံရဲပေ။ ဤမျှော်စင်သည် အလွန်ခက်ခဲလှပေသည်။
"ဟုတ်တယ် တကယ်အဲဒီလိုပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံးရတဲ့ခန္ဓာကိုယ်ချင်းကတူပြီး အားကိုးလို့ရတဲ့ဟာလည်းများများစားစားမရှိဘူး စဉ်းစားကြည့် ခန္ဓာကိုယ်ချင်းအတူတူတောင် သူများတွေက ၆ထပ်၊ ၇ထပ်၊ ၈ထပ်အထိရောက်နေတဲ့အချိန် ငါက ၅ထပ်ပဲရောက်တယ် ဒါကအားလုံးကိုရှင်းပြဖို့လုံလောက်နေပြီ"
ထိုစကားအားကြားသောအခါ ကျိုးဟောင်သည်အတော်လေး လေးစားသွားခဲ့သည်။ အကယ်၍ပြင်ပကမ္ဘာမှစွမ်းရည်အားလုံးအားအသုံးပြုနိုင်ပါက ကျိုးဟောင်မှာယုံကြည်ချက်အနည်းငယ်ရှိနိုင်သေးသော်ငြား ယခုအားလုံးမှာ ဤပုံရိပ်ယောင်လောကမှဖန်တီးထားသောခန္ဓာကိုယ်များသာရှိပေသည်။ ထို့အပြင်အားလုံး၏ခန္ဓာကိုယ်များမှာအတူတူပင်ဖြစ်ပေရာ အထပ်များအားဖြတ်ကျော်ရန်မှာ အလွန်ခက်ခဲလှပေသည်။
"ပြီးတော့ကျိုးဟောင်အရမ်းစိတ်မညစ်နဲ့ အခုစစ်နတ်ဘုရားတပ်ရင်းရဲ့အကဲဖြတ်မှုကိုအောင်ထားပြီးသားဖြစ်တဲ့ကျောင်းသားတစ်ဝက်ကျော်ကလောက်က ဒုတိယအထပ်ကိုကျော်ဖြတ်ဖို့ကြိုးစားနေကြတုန်းပဲရှိသေးတာ တစ်နည်းပြောရရင်သူတို့လည်း ပထမအထပ်ကိုပဲအောင်သေးတာ ဒုတိယထပ်တောင်မအောင်ကြသေးဘူး တကယ်လို့မင်းပထမအထပ်ကိုအောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ရင် မင်းကသူတို့နဲ့အဆင့်တူတယ်ဆိုတဲ့သဘောပဲ"
ကျောက်ရိဖန်မှာကျိုးဟောင်အား အားပေးနေသော်ငြား ကျိုးဟောင်မှာဖိအားများနေဆဲပင်။
"ကောင်းပြီ အကဲဖြတ်မှုရဲ့ပထမအဆင့်စပြီ တကယ်လို့မင်းဒီအဆင့်ကိုအောင်ရင် မင်းငါတို့စစ်နတ်ဘုရားတပ်ရင်းကိုဝင်ဖို့အရည်အချင်းမီတယ်"
ကျောက်ရိဖန်မှာပြုံးကာဆိုလိုက်ပြီး ကျိုးဟောင်သည်လည်းခေါင်းညိတ်ပြကာလမ်းလျှောက်ဝင်သွားခဲ့သည်။
ကျိုးဟောင်မှာပထမထပ်အားဝင်သွားပြီးနောက် နေရာလွတ်တစ်ခုဆီရောက်လာခဲ့သည်။ ကျိုးဟောင်ရပ်လိုက်သည့်အချိန်တွင် အေးစက်သောအသံတစ်ခုမှာ ချက်ချင်းထွက်ပေါ်လာခဲ့သည်။
"အကဲဖြတ်မှု ၁၀မိနစ်အတွင်းစတင်ပါ့မယ် သန္ဓေပြောင်းသားရဲအားလုံးကိုသတ်နိုင်ဖို့အကောင်းဆုံးကြိုးစားပါ"
"သန္ဓေပြောင်းသားရဲအဆင့်.....မဟာဆရာသခင်အဆင့်"
တစ်ဖက်မှစကားသံရပ်သွားသည်နှင့် ကျိုးဟောင်မှာခေတ္တမျှမှင်တက်သွားခဲ့သည်။ သူ၏လက်ရှိရုပ်ပိုင်းဆိုင်ရာခွန်အားမှာ မဟာဆရာသခင်အဆင့်ပညာရှင်တစ်ယောက်၏ခွန်အားမျှသာရှိသည့်အပြင် အခြားတိုက်ခိုက်ရေးစွမ်းအားများကိုလည်းအသုံးမချနိုင်ပေ။
ဤခန္ဓာကိုယ်အားသုံးပြီး မဟာဆရာသခင်အဆင့်သားရဲများအား မည်သို့သတ်ရမည်နည်း အရေးကြီးဆုံးမှာ သူကြားလိုက်ပုံအရ သတ်ရမည့်သန္ဓေပြောင်းသားရဲအရေအတွက်မှာ တစ်ကောင်မကလောက်ပေ။
ကျိုးဟောင်၏အတွေးအားတုံ့ပြန်လိုက်သည့်အလား သန္ဓေပြောင်းသားရဲများမှာတဖြည်းဖြည်းချင်းနေရာလွတ်ထဲတွင်ပေါ်လာခဲ့ပြီး အရေအတွက်မှာတစ်ရာကျော်ကာ အားလုံးမှာ မဟာဆရာသခင်အဆင့်များဖြစ်ကြသည်။
ကျိုးဟောင်မှာထိုမြင်ကွင်းအားကြည့်ကာ အလွန်ထိတ်လန့်သွားခဲ့သည်။
"သေစမ်း...သေစမ်း တစ်ရာကျော်တောင်...ဒါက....ဒါကအရမ်းမများလွန်းဘူးလား"
ဤအကဲဖြတ်မှုသည် တကယ်ကိုပုံမှန်မဟုတ်ပေ။
ဤသန္ဓေပြောင်းသားရဲများ၏ကျင့်ကြံဆင့်မှာသူနှင့်အတူတူဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားဖြစ်စေ၊ အရှိန်ဖြစ်စေ အားလုံးအတူတူပင်ဖြစ်သည်။
ကျိုးဟောင်မှာ ရန်သူပေါင်းရာချီအား တစ်ယောက်တည်းတိုက်ခိုက်ရမည်ဖြစ်သည်။
"တခြားလူတွေဒီအဆင့်ကိုတောင် ဘယ်လိုအောင်ခဲ့လဲမသိဘူး အဲဒီလူတွေကဘယ်လောက်တောင်သာမန်မဟုတ်ကြတာလဲ"
ကျိုးဟောင်မှာထိုကိစ္စအားမယုံရဲပေ။ ဤတာဝန်သည်မဖြစ်နိုင်သောတာဝန်တစ်ခုဖြစ်သော်ငြား အခြားလူများမှာ တကယ်ပင်ဤအဆင့်အားအောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြပေရာ ဤကိစ္စသည်အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
"ပထမအဆင့်တောင်ဒီလောက်စိန်ခေါ်မှုများနေတာ အဲဒီအထက်ကအဆင့်တွေဆိုဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်မလဲ မဟာဆရာသခင်အဆင့်ကျင့်ကြံရေးနဲ့ ကောင်းကင်ဘုံအဆင့်သားရဲတွေကိုသတ်ရမှာလားမသိဘူး"
ကျိုးဟောင်မှာစိတ်ကူးကြည့်လို့ပင်မရပေ။ ယခုအချိန်ရောက်မှသာ ကျောက်ရိဖန်နှင့်အခြားလူများအား တကယ်လေးစားမိခြင်းဖြစ်သည်။
ဤလူများမှာတကယ်ပင် ထိပ်တန်းပါရမီရှင်များဖြစ်ထိုက်ကြပေသည်။
"အသင့်ဖြစ်ပါပြီလား အကဲဖြတ်မှုယခုစတင်ပါတော့မယ်"
အေးစက်သောအသံထွက်ပေါ်လာသည်နှင့် သန္ဓေပြောင်းသားရဲများမှာအလျင်အမြန်လှုပ်ရှားလာကြသည်။
ကျိုးဟောင်မှာအသက်ပြင်းပြင်းရှူကာစဉ်းစားလိုက်သည်။ ထို့နောက်စကားတစ်ခွန်းမှမဆိုဘဲ ကျင့်ကြံရေးသိုင်းများအားအသက်သွင်းလိုက်သည်။
သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာအခြားလူများနှင့်အတူတူဖြစ်သော်ငြား ကျင့်ကြံရေးသိုင်းများကိုတော့အသုံးပြုနိုင်သေးပေသည်။
ကျိုးဟောင်မှာစကားတစ်ခွန်းမှမပြောဘဲ ပြောင်းလဲမှုကိုးသွယ်အရှင်သခင်သိုင်းအားချက်ချင်းအသက်သွင်းလိုက်သည်။ ဤကျင့်ကြံရေးသိုင်းပေါ်လာချိန်တွင် ကျိုးဟောင်၏အငွေ့အသက်မှာမပြောင်းလဲသွားသော်ငြား စွမ်းအားနှင့်အရှိန်မှာတော့တိုးလာသလိုခံစားလိုက်ရပေသည်။
တစ်ချိန်တည်းမှာပင် ကျိုးဟောင်သည်ဓားတစ်ချောင်းကိုလည်း ဆင့်ခေါ်လိုက်သည်။
ဤနေရာတွင်လက်နက်များရှိသော်ငြား အားလုံးဆင့်ခေါ်လိုက်သည့်လက်နက်များမှာ အတူတူပင်ဖြစ်သည်။
ကျိုးဟောင်၏အကောင်းဆုံးသိုင်းမှာ အရိပ်ဓားခုနစ်ချောင်းဖြစ်သည်။ ထို့အပြင် ဤကဲ့သို့သန္ဓေပြောင်းသားရဲများစွာရှိနေသောအခြေအနေတွင် အရိပ်ဓားခုနစ်ချောင်းအားသုံးခြင်းသည် သူ့အတွက်ပြဿနာမဟုတ်ပေ။
"ငါဒီခန္ဓာကိုယ်နဲ့အသားကျပေမဲ့ တစ်ခုတည်းသောပြဿနာက ဒီခန္ဓာကိုယ်ကငါ့ကိုအောက်ဆွဲချနေတာပဲ ဒီခန္ဓာကိုယ်နဲ့သာဆို ကျင့်ကြံရေးသိုင်းစွမ်းအားရဲ့တစ်ဝက်ကိုတောင် ထုတ်နိုင်မှာမဟုတ်ဘူး"
ကျိုးဟောင်မှာအလွန်စိတ်ပူပန်နေခဲ့သည်။ ထို့နောက်အသက်ပြင်းပြင်းရှူကာ စိန်ခေါ်မှုအားထိပ်တိုက်ရင်ဆိုင်ရန်ဆုံးဖြတ်လိုက်သည်။
"လူတွေအများကြီးဒီအကဲဖြတ်မှုကိုအောင်သွားကြတာ ငါဒီအဆင့်ကိုမဖြတ်နိုင်ဘူးဆိုတာမယုံဘူး"
ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာ အရှိန်ဖြင့်ပြေးဝင်သွားခဲ့သည်။ ဤနေရာတွင်သန္ဓေပြောင်းသားရဲမျိုးစုံရှိနေပေသည်။ အချို့မှာပျံသန်းကြသလို၊ အချို့မှာမြေတွင်းတူးကြသည်။ အချို့မှာအလွန်မြန်ကာ အချို့မှာအကြမ်းခံသောခန္ဓာကိုယ်များရှိကြပေသည်။
အကျဉ်းချုံးပြောရပါက သာမန်မဟာဆရာသခင်များမှာ ရာနှင့်ချီသောသန္ဓေပြောင်းသားရဲအုပ်၏ပြိုင်ဘက်မဟုတ်ပေ။
သို့သော်ကျိုးဟောင်မှာ ဤသတ္တဝါများအားဖြေရှင်းနိုင်သေးပေသည်။ သူ၏ရွေ့လျားရေးသိုင်းမှာလည်းသာမန်ထက်ထူးခြားသည့်အပြင် သိုင်းပညာများမှာလမ်း အလွန်ကောင်းမွန်လှပေရာ အားလုံးအားချက်ချင်းမသတ်နိုင်လျှင်ပင် ဖြည်းဖြည်းချင်းနှင့်နည်းနည်းစီသတ်လို့ရသေးပေသည်။
ဤကိစ္စမှာခက်ခဲသော်ငြား ကျိုးဟောင်ထံတွင်မျှော်လင့်ချက်ရှိသေးပေသည်။ သူအသုံးပြုသောအရိပ်ဓားခုနစ်ချောင်းသိုင်း၏စွမ်းအားမှာလျော့သွားသော်ငြား ကျိုးဟောင်မှာကိစ္စတစ်ခုအားသဘောပေါက်လိုက်သည်။
အခြေခံအရ ဤတိုက်ပွဲအားတွေ့ကြုံပြီးနောက် သူ့ခန္ဓာကိုယ်၏စွမ်းအားနှင့်အရှိန်ကိုသဘောပေါက်မှုမှာ တိုးတက်လာခဲ့သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် သူ၏ကိုယ်တွင်းရှိစွမ်းအားအားပိုမိုထိန်းချုပ်လာနိုင်ပေသည်။ ၎င်းမှာပြင်ပလောကရှိစွမ်းအားထိန်းချုပ်ပုံနှင့်မတူပေ။ ပြင်ပလောကတွင် ယခုထက်ပိုသောစွမ်းအားပမာဏအားထုတ်လွှတ်နိုင်သော်ငြား ထိုစွမ်းအား၏ပမာဏတစ်စိတ်တစ်ပိုင်းမှာ ထိရောက်မည်မဟုတ်ပေ။
သို့သော် ဤနေရာရှိသန္ဓေပြောင်းသားရဲများစွာနှင့်ရင်ဆိုင်နေရချိန်တွင် ကျိုးဟောင်မှာ ဤသန္ဓေပြောင်းသားရဲများအားသတ်ရန် စွမ်းအားအားတွက်ချက်ကာ အထိရောက်ဆုံးနှင့် အားစိုက်ရန်မလိုသောနည်းလမ်းကိုသာအသုံးပြုနေပေသည်။
သန္ဓေပြောင်းသားရဲများမှာမူ အချိန်ကြာလာသည်နှင့်အမျှတစ်ကောင်ပြီးတစ်ကောင် ကျိုးဟောင်၏ခေါင်းဖြတ်ခြင်းအားခံနေကြရပေသည်။
ကျိုးဟောင်မှာ နောက်ဆုံးကျန်သောသန္ဓေပြောင်းသားရဲအားသတ်ပြီးနောက် အေးစက်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"၈မိနစ်နဲ့ ၁၅စက္ကန့်......
ဂုဏ်ပြုပါတယ် ကျိုးဟောင် သင်အောင်မြင်သွားပါပြီ"
ထိုအချိန်တွင်နေရာတစ်ခုလုံးလင်းလက်လာကာ ကျိုးဟောင်သည်လည်းသက်ပြင်းချကာ မြေပြင်ပေါ်တွင်သာထိုင်ချလိုက်သည်။
တကယ့်အစစ်အမှန်မဟုတ်သော်ငြား ပုံရိပ်ယောင်လောကမှာတကယ့်အစစ်လိုခံစားရဆဲပင်ဖြစ်သည်။ ပင်ပန်းမှု၊ နာကျင်မှုနှင့် နှလုံးခုန်နှုန်းကိုပင်ကောင်းမွန်စွာဖန်တီးထားပေသည်။
ဤနေရာသည်ပုံရိပ်ယောင်လောကဖြစ်ကြောင်းမသိထားပါက ကျိုးဟောင်မှာဤခန္ဓာကိုယ်သည်သူ၏တကယ့်ခန္ဓာကိုယ်အစစ်ဟုသာထင်မိမည်ဖြစ်သည်။
....................................................................................
အခန်း(၄၅၈) ပြီးပါပြီ။
အခန်း (၄၅၉) : လော့လီ၊ စုန့်ခွင်း
လေ့ကျင့်ရေးအောင်မြင်သွားပြီးနောက် ကျိုးဟောင်မှာထိုနေရာမှလမ်းလျှောက်ထွက်လာခဲ့သည်။ ကျောက်ရိဖန်သည်လည်းကျိုးဟောင်အောင်မြင်ခဲ့ကြောင်း သိထားပြီးပြီဖြစ်ပေရာ မျက်နှာမှာပြုံးနေခဲ့ပေသည်။
"ဂုဏ်ယူပါတယ်ကျိုးဟောင် အခုချိန်ကစပြီးမင်းကလေနတ်ဘုရားအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပြီး ငါကလေနတ်ဘုရားအဖွဲ့ အဖွဲ့၃ရဲ့ခေါင်းဆောင်ပဲ အခုချိန်ကစပြီးမင်းငါ့နောက်လိုက်ရမယ်"
ကျောက်ရိဖန်မှာအလွန်ပျော်ရွှင်နေပြီး အဖွဲ့ခေါင်းဆောင်မှာတကယ်ပင်သူ့ဘက်တွင်ရှိနေသည်ဟုခံစားလိုက်ရပေသည်။ တစ်ဖက်လူမှာတကယ်ပင် သူ့အတွက်ပျိုးပင်ကောင်းလေးတစ်ပင်အားပေးခဲ့ပေသည်။
"ကောင်းပြီ မင်းအောင်မြင်သွားပြီဆိုတော့ ငါမင်းကိုအခုလုပ်ထုံးလုပ်နည်းတွေလုပ်ဖို့ခေါ်သွားပေးမယ်"
ကျိုးဟောင်တို့နှစ်ယောက်မှာ ပုံရိပ်ယောင်လောကမှထွက်ခွာလာခဲ့ပြီး အခြေစိုက်စခန်းသို့ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ဤနေရာသည် နေထိုင်ရေးဧရိယာဖြစ်ပြီး ဗီလာပေါင်းရာချီနှင့်အလွန်ရှေးကျကာ ခမ်းနားလှပေသည်။
"ဒါကငါတို့နေရမဲ့နေရာ ငါ့နောက်လိုက်ခဲ့မင်းနေရမဲ့အိမ်ကိုလိုက်ပြပေးမယ်"
ကျောက်ရိဖန်မှာကျိုးဟောင်အားသော့တစ်ခုကမ်းပေးပြီး အစွန်းဘက်ရှိဗီလာတစ်လုံးဆီသို့ခေါ်လာခဲ့ကာ ပြုံးပြီးကပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းဒီမှာနေရမယ် ငါတို့ရဲ့ဗီလာတွေအားလုံးမှာ ပစ္စည်းအစုံအလင်ထည့်ပေးထားတယ် အင်တာနက်၊ ဖျော်ဖြေရေးတွေပစ္စည်းတွေနဲ့၊ အရသာရှိတဲ့အစားအသောက်တွေလည်းရတယ် အိမ်ထိန်းလည်းရှိတယ် မင်းသူ့ကိုအချိန်မရွေးခေါ်လို့ရတယ်"
ကျောက်ရိဖန်၏စကားဆုံးပြီးနောက် ကျိုးဟောင်မှာဗီလာထဲသို့ဝင်သွားခဲ့သည်။ ဗီလာမှာစတုရန်းမီတာတစ်ထောင်ကျော်ကျယ်ဝန်းကာ ယခုလိုကြီးမားလှသောအိမ်ကြီးတွင် ကျိုးဟောင်တစ်ယောက်တည်းနေရန်မှာ တကယ်ကိုဖြုန်းတီးရာကျပေသည်။
သို့သော်အိမ်တွင်းအားအလှဆင်ထားမှုမှာ တကယ်ကိုအဆင့်မြင့်လှပေသည်။
"ငါတို့ရဲ့စစ်နတ်ဘုရားတပ်ရင်းရဲ့ဟွာရှားစစ်နတ်ဘုရားက ဟွာရှားမြို့သားစစ်စစ် ပြီးတော့ရှေးဟောင်းဗိသုကာပညာဒီဇိုင်းတွေရဲ့အမာခံပရိတ်သတ် အဲဒါကြောင့် အဆောက်အဦးတွေအားလုံးကိုရှေးခေတ်ပုံစံဆောက်ထားတာ"
ကျောက်ရိဖန်မှပြုံးကာပြောလိုက်သည်။
ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။ အတွင်းပိုင်းအားအဆင့်အတန်းမြင့်မြင့်အလှဆင်ထားရုံသာမက ပါဝင်သောလုပ်ဆောင်ချက်များမှာလည်း အတော်လေးပြည့်စုံလှပေသည်။
အိမ်ထဲတွင်ရုပ်ရှင်ရုံ၊ ဖျော်ဖြေရေးအခန်းများနှင့် ရေကူးကန်များအစရှိသဖြင့်ပါဝင်ပေသည်။
သို့သော်ကျိုးဟောင်မှာခေတ္တမျှကြက်သေသေနေခဲ့ပြီး အပေါ်ထပ်မှဆင်းလာသောလူတစ်ယောက်အားမြင်လိုက်ရချိန်တွင်သူ၏အမူအရာမှာပြောင်းလဲသွားခဲ့သည်။
ထိုလူမှာပြည့်စုံသောအချိုးအစားနှင့် အတော်လေးဖော်လှစ်ထားသောအဝတ်အစားများကိုဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်။
သူမသည်ခါးထောက်ကာလှေကားပေါ်မှပျင်းရိစွာဆင်းလာခဲ့ပြီး ကျိုးဟောင်နှင့်ကျောက်ရိဖန်အားမြင်လိုက်ရချိန်တွင်ခေတ္တမျှကြက်သေသေသွားခဲ့သည်။
ကျိုးဟောင်မှာချက်ချင်းပင်ရှုပ်ထွေးသွားခဲ့သည်။ သူသည်ထိုအမျိုးသမီးအားကြည့်ကာမနေနိုင်ဘဲမေးလိုက်သည်။
"အစ်ကို.....အစ်ကိုကျောက် သူ....သူကရောကျွန်တော့်အတွက်ပဲလား"
ထိုစကားအားကြားလိုက်ရချိန်တွင် ကျောက်ရိဖန်မှာပြန်ဖြေစရာစကားပင်မရှိတော့ပေ။ ထိုအမျိုးသမီးသည်လည်း ကျိုးဟောင်၏ထိုကဲ့သို့သောပုံစံအားကြည့်ပြီး ဆွဲဆောင်မှုရှိစွာပြုံးလိုက်သည်။
"ဘာလဲ မောင်လေးမင်းကငါ့ကိုလိုချင်လို့လား"
ကျိုးဟောင်မှာအနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။ ကျောက်ရိဖန်မှာလည်းကျိုးဟောင်အားအရှက်မရစေလိုသော်လည်း မနေနိုင်ဘဲပြုံးလိုက်မိသည်။
"ကျိုးဟောင်မင်းကိုကြည့်ဦး ငါဘယ်တုန်းကဒီအိမ်ထဲမှာမင်းတစ်ယောက်တည်းနေရမယ်ပြောခဲ့လို့လဲ မင်းမရောက်လာခင် ဒီအိမ်မှာစုစုပေါင်းပိုင်ရှင် ၂ယောက်ရှိတယ် အခုမင်းကတတိယမြောက်ပိုင်ရှင်ပဲ ပြီးတော့မင်းတို့နှစ်ယောက်လုံးကအစိမ်းရောက်တိမ်တိုက်ဌာနကဆိုတော့ အထက်လူကြီးတွေက မင်းတို့အတူနေလို့ရအောင်စီစဉ်ပေးလိုက်တာ"
ကျောက်ရိဖန်မှာအလွန်ကူကယ်ရာမဲ့သလိုခံစားလိုက်ရပေသည်။ ထိုစကားအားကြားမှသာကျိုးဟောင်မှာသတိဝင်လာခဲ့သည်။
ဤအိမ်ယခုလောက်ကြီးနေရခြင်းသည်မဆန်းတော့ပေ။ ဤအိမ်ထဲတွင်လူတစ်ယောက်သာနေပါကတကယ်ပင် အလွန်ဖြုန်းတီးလွန်းရာကျပေသည်။
"ဒါကမောင်လေးကျိုးဟောင်ဖြစ်ရမယ် အစ်မက လော့လီလို့ခေါ်တယ်"
"လိုလီ အစ်မ....အစ်မကအဲဒီပုံနဲ့မှမတူတာ ဘယ်လိုလုပ်ပြီးကိုယ့်ကိုယ်ကိုယ်ကို လီတာလို့ပြောနေတာလဲ"
ကျိုးဟောင်မှပြောလိုက်သည်။
မင်းကထိုင်းတာလား ဘာလား ဘာလိုလီလဲ ငါကလော့လီ လော့ ကျိုးဟောင်မင်းကဒါတွေပဲတွေးတတ်တာလား"
ကျောက်ရိဖန်မှာဆွံ့အနေခဲ့ပြီး ကျိုးဟောင်မှာအတော်လေးရှက်သွားခဲ့သည်။
တစ်ဖက်တွင်လော့လီမှာလုံးဝဂရုမစိုက်ဘဲ ပြုံးကာကျိုးဟောင်အားအကဲဖြတ်နေပေသည်။
"ကိစ္စမရှိဘူး မင်းငါ့ကိုဒီလိုဆန့်ကျင်တယ်ဆိုကတည်းက ငါကလှလို့ဆိုတာကိုဖော်ပြနေတာပဲ မဟုတ်ရင် မင်းလည်းဒီလိုလုပ်မှာမဟုတ်ဘူး ငါမင်းကိုခွင့်လွှတ်တယ်"
ကျိုးဟောင်မှာချက်ချင်းပင်ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။ဤအစ်မကြီးမှာတကယ်ပင် ခန့်မှန်းလို့မရပေ။
"အာ....နောက်တစ်ယောက်ကရော..."
ကျိုးဟောင်မှာ သိလိုစိတ်ဖြင့်မေးလိုက်သည်။
"နောက်တစ်ယောက်....ကျိုးဟောင် မင်းသေချာပေါက်သူနဲ့အဆင်ပြေအောင်ပေါင်းရမယ်နော် သူကကြမ်းတမ်းပြီးတော့ ထိပ်ဆုံး ၁၀ယောက်ထဲပါတယ် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကလည်းငါ့ထက်မြင့်တယ် သူ့ရဲ့ ၅ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးနဲ့ဆို ဘွဲ့ရနေလောက်ပြီ ဒါပေမဲ့ဒီအချိန်မှာစီနီယာကျောင်းသားအများစုက ဘွဲ့မလိုချင်ကြသေးဘူး အဲဒီအစားသူတို့ကခုထက်ပိုတိုးတက်ချင်ကြတာ"
"ဘွဲ့ရသွားတာနဲ့ စစ်နတ်ဘုရားတပ်ရင်းမှာဆက်နေမလား ဒါမှမဟုတ် ဌာနခွဲတွေကိုပြန်သွားမလားရွေးချယ်လို့ရတယ် အစိမ်းရောင်တိမ်တိုက်ဌာနကသတ်မှတ်ထားတဲ့အချက်တွေအရ ဒီကဘွဲ့ရသွားတာနဲ့အစိမ်းရောင်တိမ်တိုက်ဌာနရဲ့ စစ်သေနာပတိချုပ်ဖြစ်လာမှာ"
ကျိုးဟောင်မှာထိုစကားအားကြားလိုက်ရချိန်တွင် အတော်လေးအံ့ဩသွားခဲ့သည်။ စစ်သေနာပတိချုပ်တစ်ယောက်ဆိုပါက မြို့ကြီးတစ်ခုအားတာဝန်ယူရပြီး အထူးသံတမန်ကဲ့သို့သော မရှိလျှင်လည်းဖြစ်သောရာထူးမျိုးမဟုတ်ဘဲ တကယ့်အုပ်စိုးသူအရှင်သခင်တစ်ယောက်လို ဖြစ်တည်မှုမျိုးဖြစ်သည်။
ထိုအဆင့်အတန်းမှာ ကျူးဇောင်ထက်ပင်များစွာပိုမြင့်လေသည်။
"ကောင်းပြီ တခြားကိစ္စမရှိတော့ရင် ငါသွားတော့မယ် လော့လီ မင်းရဲ့ဂျူနီယာလေးကိုကောင်းကောင်းဂရုစိုက်ပေးလိုက်နော်"
ကျောက်ရိဖန်မှာသတိပေးစကားဆိုပြီးထွက်သွားခဲ့သည်။
"စိတ်ချပါဆရာကျောက် ကျွန်မဂရုစိုက်မှာပါ"
လော့လီမှာခါးဆန့်ကာပြုံးလိုက်သည်။
ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းထဲဝင်လာသည့်အချိန်ကတည်းက သတင်းရောက်သွားပြီဖြစ်သည်။
ပထမဆုံးသိရသူမှာ အစိမ်းရောင်တိမ်တိုက်ဌာနဖြစ်ပြီး ထို့နောက်ကျန်းနန်ခရိုင်တစ်ခုလုံး၏ရာထူးမြင့်လူများလည်း ထိုကိစ္စအားသိကြပေသည်။
လက်ရှိအချိန်တွင်ချူမြို့သိုင်းပညာရှင်အဖွဲ့အစည်းမှဥက္ကဌ၏အမူအရာမှာ ချက်ချင်းပင်ဘဝင်မြင့်သွားပြီဖြစ်သည်။
"ဟဟဟ ငါတို့ချူမြို့မှာလည်း စစ်နတ်ဘုရားတပ်ရင်းကိုဝင်ရောက်နိုင်တဲ့ပါရမီရှင်မျိုးရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူး ကျိုးဟောင်ရဲ့မိသားစုကိုကာကွယ်ပေးဖို့အမိန့်ချလိုက် ကြားလား"
ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်း၏အဖွဲ့ဝင်ဖြစ်လာပြီးနောက် အစိမ်းရောင်တိမ်တိုက်ဌာနတစ်ခုလုံးမှာထိတ်လန့်သွားခဲ့ကြသည်။ လုံအော့ထျန်းမှာထိုသတင်းအားမြင်သောအခါ ပို၍ပင်ယမ်းပုံမီးကျဒေါသဖြစ်သွားခဲ့သော်လည်း မည်သူမျှဘာမှမပြောရဲပေ။
ရှုလင်မှာထိုသတင်းအားတွေ့ပြီးနောက် အပျော်လွန်ပြီး မျက်ရည်များပင်ကျလာခဲ့သည်။
ညရောက်ချိန်တွင် ဗီလာ၏နောက်ဆုံးပိုင်ရှင်မှာပြန်လည်ရောက်ရှိလာခဲ့ပြီး လော့လီမှ ဟင်းပွဲအနည်းငယ်ပြင်ဆင်ထားပြီး ယူလာခဲ့သည်။
"ကျိုးဟောင်ငါမင်းကိုမိတ်ဆက်ပေးမယ် ဒါကဆရာကျောက်ပြောတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်စုန့်ခွင်းပဲ"
ကျိုးဟောင်မှာစုန့်ခွင်းအားကြည့်လိုက်သည်။ ဤလူသည်အလွန်လူကောင်ထွားသော်ငြားအနည်းငယ်ရှက်နေပုံပေါ်နေပေသည်။ လော့လီထံမှထိုကဲ့သို့သောစကားအားကြားလိုက်ရချိန်တွင် သူသည်မနေတတ်စွာခေါင်းသာကုတ်နေပေသည်။
"ငါကြားတာတော့ ကျိုးဟောင်မင်းလည်းအစိမ်းရောင်တိမ်တိုက်ဌာနကပဲဆို နောက်ကိုငါတို့ကဒီမှာမိသားစုတွေပဲ စိတ်ချမင်းအကူအညီလိုရင် ငါ့ကိုသာပြော"
စုန့်ခွင်းမှာပေါင်းသင်းရအလွန်ကောင်းပြီး ဘဝင်မြင့်ခြင်းမရှိပေ။
"သေချာတာပေါ့ နင်ကအဆင့် ၆နေရာမှာရှိနေတဲ့သခင်ကြီးပဲကို ဟမ့်..တကယ်လို့တစ်ခုခုဖြစ်ရင် ငါ့ကိုကာကွယ်ပေးရမှာသဘာဝပဲ"
လော့လီမှပြုံးကာပြောလိုက်သည်။
"ဒါနဲ့ကျိုးဟောင် မင်းရဲ့ကွန်ပျူတာထဲမှာ ကျောင်းသားလက်စွဲစာအုပ်တွေ့လိမ့်မယ် ကောင်းကောင်းကြည့်ထား အဲဒီထဲမှာငါတို့အမှတ်အဆင့်တွေပါတယ် လကုန်ရောက်တိုင်း ငါတို့ရထားတဲ့အမှတ်တွေကကုန်သွားပြီး အမှတ်သစ်တွေစုရတယ် တကယ်လို့နောက်ဆုံးအဆင့် ၁၀ယောက်ထဲ ၃ကြိမ်ပါရင် မင်းကအရည်အချင်းမပြည့်မီဘူးဖြစ်သွားမှာ နားလည်လား"
စုန့်ခွင်းမှသတိပေးလိုက်သည်။
"အဲဒီလိုလား....အစ်ကိုစုန့်၊ အစ်မလော့ အစ်ကိုတို့ဒီအမှတ်တွေကို ဘယ်လိုယူကြတာလဲ"
ကျိုးဟောင်မှမေးလိုက်သည်။
"ဒီအမှတ်တွေက အမျိုးအစားနှစ်ခုခွဲထားတယ် တစ်ခုကသန္ဓေပြောင်းသားရဲတွေကိုသတ်ပြီးစုတဲ့အမှတ်ရယ် နောက်တစ်ခုက ကောင်းကင်မျှော်စင်ကသန္ဓေပြောင်းသားရဲတွေကိုသတ်ရာကနေရလာတဲ့အမှတ်ရယ်ပဲ ငါတို့ရဲ့စုစုပေါင်းအမှတ်တွေကို အဲဒီအမှတ်၂ခုကိုမြှောက်ပြီးတွက်တာ ဥပမာပြောရရင် မင်းသန္ဓေပြောင်းသားရဲတွေကိုသတ်လို့ရတဲ့အမှတ်က ၁သောင်း ဒါပေမဲ့ကောင်းကင်မျှော်စင်ကမင်းရဲ့အမှတ်က ၂မှတ်ဆိုရင် မင်းအမှတ်ပေါင်း ၂သောင်းရမယ်.....နားလည်လား"
....................................................................................
အခန်း(၄၅၉) ပြီးပါပြီ။