အခန်း (၄၆၀-၄၆၂)
Vol. 31 Ch. 460-462
အခန်း (၄၆၀) : အမှတ်ပေးစနစ်၏စည်းမျဉ်းများ
ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာအမှတ်ပေးစနစ်၏အလုပ်လုပ်ပုံအားသဘောပေါက်သွားခဲ့သည်။
သန္ဓေပြောင်းသားရဲများအားသတ်ရာမှရလာသောအမှတ်နှင့် ကောင်းကင်မျှော်စင်မှရလာသောအမှတ်နှစ်မျိုးရှိပြီး စုစုပေါင်းအမှတ်မှာ အမှတ် ၂ခုအားမြှောက်ရာမှ ရလာခြင်းဖြစ်သည်။
"တစ်နည်းပြောရရင် ကောင်းကင်မျှော်စင်ကအဆင့်မြင့်လေလေ အမှတ်လည်းမြင့်လေလေပဲမလား"
ကျိုးဟောင်မှမေးလိုက်သည်။ ထိုအချက်မှာအမှန်ပင်ဖြစ်သည်။
"သေချာတာပေါ့ ဒါပေမဲ့သေချာစဉ်းစားကြည့် တကယ်လို့ကောင်းကင်မျှော်စင်မှာပိုမြင့်တဲ့အဆင့်ကိုသွားနိုင်ဖို့ဆိုရင် မင်းရဲ့စွမ်းအားကဘယ်လောက်ထိရှိနေမှရမှာလဲ ဒါကြောင့်သန္ဓေပြောင်းသားရဲတွေကိုသတ်တာက မင်းအတွက်အတော်လေးလွယ်လိမ့်မယ်"
"တကယ်တော့ စစ်နတ်ဘုရားတပ်ရင်းရဲ့ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်လည်းရှိသေးတယ် သူတို့ကငါတို့အားလုံးကိုကောင်းကင်မျှော်စင်ကိုသွားပြီးစိန်ခေါ်စေချင်တာ ဘာလို့လဲသိလား"
ထိုအချိန်တွင် လော့လီမှကျိုးဟောင်အားကြည့်ကာမေးလိုက်သည်။
ကျိုးဟောင်မှာအကြောင်းပြချက်အားမသိပေရာ သိလိုစွာဖြင့်မေးလိုက်ပေသည်။
"အာ....အစ်မလော့ ဘာလို့လဲ"
"အရမ်းရိုးရှင်းပါတယ် သူတို့ကငါတို့ကိုယ်ငါတို့ဖိအားပေးစေချင်တာ ဒါမှငါတို့အဆင့်ချိုးဖောက်နိုင်မှာလေ လူတစ်ယောက်ကသူတို့ရဲ့ကန့်သတ်ချက်ကိုချိုးဖောက်သွားပြီဆိုတာနဲ့ သူတို့ရဲ့တိုးတက်မှုကလည်းအရမ်းမြန်လာမယ်ဆိုတာကိုမင်းသိထားရမယ် ငါတို့သန္ဓေပြောင်းသားရဲတွေကိုသတ်ပြီး အဆင့်ချိုးဖောက်နိုင်တယ်ဆိုပေမဲ့ ငါတို့အတွက်အသက်အန္တရာယ်ရှိတယ် ဒါပေမဲ့ ကောင်းကင်မျှော်စင်ထဲမှာတော့မတူဘူး တကယ်လို့ငါတို့အထဲမှာသေသွားရင်တောင် အပြင်ကခန္ဓာကိုယ်အတွက်အန္တရာယ်မရှိဘူး အများဆုံးမှအမှတ်လျော့ရုံပဲရှိတာ"
"ဒါပေမဲ့အောင်မြင်သွားခဲ့ရင်ရော အဲဒါကမြှောက်ဆကိုတိုးသွားစေပြီး အမှတ်တွေကိုတစ်ချက်တည်းနဲ့အများကြီးတိုးသွားစေမှာ"
လော့လီမှချက်ချင်းပြောလာခဲ့သည်။
ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာခေါင်းညိတ်လိုက်သည်။ ထိုသို့တွေးပါကလည်း အမှန်ပင်ဖြစ်သည်။
စစ်နတ်ဘုရားတပ်ရင်း၏ရည်ရွယ်ချက်မှာ အားလုံးအားအဆင့်ချိုးဖောက်နိုင်ရန်တွန်းအားပေးရန်ဖြစ်သည်။ ချိုးဖောက်ရန်အတိုင်းအတာတစ်ခုလည်းရှိပြီး ၎င်းမှာအသက်အာမခံချက်ရှိသည်ဟူသော အကြောင်းပြချက်အောက်တွင်လည်းရှိနေပေသည်။
အကယ်၍သူတို့၏အသက်ကိုပင်အာမမခံနိုင်ပါက တခြားဘာများပြောနေစရာလိုဦးမည်လဲ။
"ကျိုးဟောင် အမှတ်မြင့်လေအဆင့်လည်းမြင့်လေ ပြီးတော့ရမဲ့အကျိုးအမြတ်ကလည်းပိုကောင်းလေဆိုတာ မင်းသေချာပေါက်မှတ်ထားရမယ်နော် အရင်းအမြစ်တွေနဲ့ဆုလာဘ်တွေကလည်း ပိုမြင့်မှာ ပြီးတော့ရှေးဟောင်းအပျက်အစီးထဲကရလာတဲ့ ရတနာတွေလည်းပါသေးတယ် အဲဒီပစ္စည်းတွေက အားလုံးထိပ်တန်းအဆင့်တွေချည်းပဲ။
ထိုစကားအားပြောနေသည့်အချိန်တွင် စုန့်ခွင်းမျက်လုံးများမှာတောက်ပနေပေသည်။
"အဲဒါကြောင့် ငါတို့အစ်ကိုစုန့်ကဘွဲ့ယူလို့ရနေတာတောင်မှ ထွက်မသွားချင်တာပေါ့"
လော့လီမှာချက်ချင်းပင်သူ့အကြောင်းအားဖော်လိုက်ပေရာ စုန့်ခွင်းမှာချက်ချင်းပင်နေရခက်စွာ ချောင်းထဟန့်လေတော့သည်။
ကျိုးဟောင်တို့မှာပျော်ပါးစွာစားသောက်ပြီး စကားအများကြီးပြောခဲ့ကြသော်ငြား အားလုံးကိုကျောင်းသားလက်စွဲစာအုပ်ထဲတွင်ဖော်ပြထားပေရာ အချို့ကိစ္စများကိုတော့အသေးစိတ်မပြောနေတော့ပေ။
ကျိုးဟောင်မှာစားသောက်ပြီးနောက် စာကြည့်ခန်းသို့ပြန်သွားပြီး ကွန်ပျူတာအားဖွင့်ကြည့်လိုက်ပေသည်။
အားလုံး၏အခန်းများမှာအလွန်ကျယ်ဝန်းကာ စတုရန်းမီတာထောင်ကျော်သောဗီလာတွင် အထပ် ၃ထပ်ရှိပေသည်။ တစ်ယောက်လျှင်တစ်ထပ်စီနေပြီး တစ်ထပ်ကို စတုရန်းမီတာ ၃၀၀ကျော်ပေသည်။
ကျိုးဟောင်နေထိုင်ရာအထပ်တွင် စာကြည့်ခန်း၊ အိပ်ခန်းနှင့် ဖျော်ဖြေရေးပစ္စည်းများပါရှိသည်။
ကျိုးဟောင်မှာကျောင်းသားလက်စွဲစာအုပ်အားသေချာကြည့်ပြီး တဖြည်းဖြည်းချင်းစိတ်ဝင်စားလာခဲ့သည်။
"အို ဒီနေရာမှာတကယ်ပဲဖန်တီးထားတဲ့ပုံရိပ်ယောင်နေရာတွေနဲ့ ဆွဲငင်အားအခန်းတွေရှိတာပဲ"
ကျိုးဟောင်မှာအလွန်အံ့ဩသွားခဲ့သည်။ ဤအရာများမှာအလွန်ရိုးရှင်းသည်ဟုထင်ရသော်ငြား တကယ်တမ်းတွင်ဖန်တီးရန်အလွန်ခက်ခဲပေသည်။ မည်သို့ပင်ဖြစ်စေ လူသားခန္ဓာကိုယ်နှင့်ပတ်သက်လာပါက အချက်အလက်တော်တော်များအားစဉ်းစားရပေသည်။
"ဆွဲငင်အားအခန်းအား ဥပမာပေးရပါက လူ့ခန္ဓာကိုယ်ပေါ်ရှိကမ္ဘာ့ဆွဲငင်အားအား ကဏ္ဍပေါင်းများစွာခွဲခြားထားပေသည်။ ဥပမာဆိုရသော် ကိုယ်တွင်းအင်္ဂါများနှင့်အရိုးများအတွက်ဆွဲငင်အား၏ အထက်အကန့်အသတ်မှာမတူပေ။ ထို့ကြောင့်မှန်ကန်အောင်ချိန်ညှိရန်မှာအလွန်ခက်လှပေသည်။
ဤအရာသည်ယခုအချိန်တွင်နည်းပညာသုံးကာထုတ်လုပ်၍ရသောအရာမျိုးလည်းမဟုတ်ဘဲ ရှေးဟောင်းအပျက်အစီးများထဲမှရလာသောအရာသာဖြစ်သည်။
ဤအချက်သည်ကျိုးဟောင်အား ထိုရှေးဟောင်းအပျက်အစီးနှင့်ပတ်သက်၍ ပိုပြီးသိလိုစိတ်ဖြစ်စေပေသည်။
ရှေးဟောင်းအပျက်အစီးများ၏ နည်းပညာဆိုင်ရာတိုးတက်မှုမှာ လက်ရှိနည်းပညာအဆင့်ထက် များစွာသာလွန်ကြောင်းကို လက္ခဏာရပ်အားလုံးကညွှန်ပြနေသော်လည်း ထိုခေတ်ကလူများမှာဘာကြောင့်ပျောက်ကွယ်သွားရပါသနည်း။
ထို့အပြင် သူတို့သင်ယူခဲ့ရသောဖတ်စာအုပ်များအရ လူသားနှင့်မျောက်များမှတူညီသောမျိုးနွယ်စုမှဆင်းသက်လာခဲ့သည်ဟု ဆိုထားသော်လည်း ဤအချက်မှာအမှန်တကယ်မှန်ကန်ပါသလော။
ကမ္ဘာဂြိုဟ်သန္ဓေမပြောင်းမီက အခြားလူသားမျိုးနွယ်စုတစ်ခုတည်ရှိခဲ့ခြင်းပေလော။
မဟုတ်ပါက ဤရှေးဟောင်းအပျက်အစီးများမှာ မည်သည့်နေရာမှရောက်လာရပါသနည်း။
ကျိုးဟောင်မှာအဖြေမရှိသောမေးခွန်းများစွာထွက်လာပေရာ လျစ်လျူသာရှုထားလိုက်တော့သည်။
ထို့အပြင်ယခုလိုအကောင်းစားလေ့ကျင့်ရေးအခန်းအား လူတိုင်းဝင်ရောက်နိုင်ခြင်းမဟုတ်ပေ။ အနည်းဆုံး အဆင့်သတ်မှတ်ချက်၏အောက်ဆုံးတွင်ရှိနေသောကျောင်းသားများမှာ ဤအခန်းအားသုံးရလောက်သည်အထိ ကံမကောင်းကြပေ။
"အဆင့်များအား လတိုင်းအသစ်ကပြန်စီသည်။ အကယ်၍ ၉ကြိမ်နှင့်အထက်ပထမနေရာရရှိပါက သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏ ကိုယ်တိုင်လမ်းညွှန်ပေးမှုကို ရယူနိုင်မည် တပည့်အဖြစ်တောင်လက်ခံခံရနိုင်ပြီး သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်၏ပညာသင်သားဖြစ်လာနိုင်ကာ.... သင်၏အဆင့်အတန်းမှာ အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်နှင့်ယှဉ်နိုင်ပေသည်။"
"ထိုမျှသာမက ခန္ဓာကိုယ်ပုံသွင်းအရည်ကိုလည်းရယူနိူင်ပြီး ကိုယ်တွင်းရှိအညစ်အကြေးများအားဖယ်ရှားပေးနိုင်သည့် ဝိဉာဉ်အရည် ၁၀စက်ကိုလည်းရယူနိုင်သည်"
ကျိုးဟောင်မှာကျောင်းသားလက်စွဲစာအုပ်ထဲတွက်ဖော်ပြထားသောဆုလာဘ်များအားကြည့်ကာ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
"ထိုမျှသာမက ကျင့်ကြံရေးသိုင်းများနှင့် ထိပ်တန်းအဆင့်လျှို့ဝှက်သိုင်းများကိုလည်းရရှိနိုင်ပေသည်"
ကျိုးဟောင်မှာမျက်လုံးပြူးသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အဆင့် ၁ဖြစ်ရခြင်းသည် တကယ်ကိုကောင်းမွန်လှကာ အကျိုးအမြတ်များလည်း များစွာရပေသည်။
ဤဆုလာဘ်များသည် အားလုံးပထမနေရာအားအရယူရန်တိုက်ခိုက်စေချင်မည်မှာ ဧကန်ပင်ဖြစ်သည်။
မျှော်စင်အမှတ် : ၃မှတ် : ဌာနတစ်ခုခု၏စစ်ဆေးရေးမှူးရာထူး
မျှော်စင်အမှတ် : ၄မှတ် : ဌာနတစ်ခုခု၏စစ်ဆေးရေးမှူးချုပ်ရာထူး
မျှော်စင်အမှတ် : ၅မှတ် : ဌာနတစ်ခုခု၏အကြီးအကဲရာထူး
ကျိုးဟောင်မှာအမှတ်ဆုလာဘ်များအားကြည့်ကာ သက်မချလိုက်မိသည်။ ထိုအချိန်မှသာစစ်နတ်ဘုရားတပ်ရင်း၏အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူ၏အဆင့်အတန်းမှာမည်မျှမြင့်မားကြောင်းသိလိုက်ရပေသည်။
စွမ်းအားသာရှိပါက လိုချင်တာဘာမဆိုရနိုင်ပေသည်။
စစ်ဆေးရေးမှူးရာထူးမှာ အထူးသံတမန်ထက်ရာထူးမြင့်ပြီး စစ်ဆေးရေးမှူးချုပ်ရာထူးမှာ ပို၍ပင်မြင့်လေသည်။
ရှုမိသားစုဤမျှလောက်စွမ်းအားကြီးနေရသည့်အကြောင်းအရင်းမှာ သူတို့ရှုမိသားစု၏ဘိုးဘေးသည် အစိမ်းရောင်တိမ်တိုက်ဌာနမှ အကြီးအကဲတစ်ယောက်ဖြစ်၍သာဖြစ်သည်။ သူ့ထံတွင်မျိုးနွယ်စု၏အကြီးအကဲဟူသောအဆင့်အတန်းလည်းရှိသေးပေသည်။
ထို့အပြင် ထိုဘိုးဘေးသည် ၁၂ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် ဤရာထူးအားအပ်နှင်းခံခဲ့ရခြင်းဖြစ်သော်လည်း စစ်နတ်ဘုရားတပ်ရင်းတွင်မူ လူတစ်ယောက်သည်ကောင်းကင်မျှော်စင်၏ ၅ထပ်မြောက်အဆင့်ကိုအောင်မြင်သွားသည်နှင့် ဤရာထူးအားရနိုင်ပေသည်။
ဤသည်မှာမည်ကဲ့သို့သောအယူအဆမျိုးပါနည်း။
ကျိုးဟောင်မသိသေးသောကိစ္စရပ်များစွာရှိနေသေးပေသည်။ ဆုလာဘ်များကိုလည်း သူမသိပေ။ ဥပမာဆိုရသော် ရှေးဟောင်းအပျက်အစီးမှရသော အထူးချပ်ဝတ် သို့မဟုတ် အထူးလက်နက်များဖြစ်သည်။ ထိုပစ္စည်းများမှာမည်ကဲ့သို့သောပစ္စည်းများဖြစ်ကြောင်း သူမသိသော်ငြား သေချာပေါက်ပစ္စည်းကောင်းများဖြစ်မည်ကိုတော့ သိပေသည်။
လက်ရှိအချိန်တွင် ကျိုးဟောင်မှာအမှတ်တွက်နည်းအားသိသွားပြီဖြစ်သည်။
ဆရာသခင်အဆင့်သားရဲ : ၁ မှတ်
မဟာဆရာသခင်အဆင့်သားရဲ : ၁၀ မှတ်
မူလအဆင့်သားရဲ : အမှတ် ၁၀၀
ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲ : အမှတ် ၁ထောင်
ကောင်းကင်ဘုံအဆင့်သားရဲ : အမှတ် ၁သောင်း
ဤအမှတ်ပေးမှုသည်မျှတသော်လည်း ဤနေရာရှိလူတိုင်းမှာ ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများအားသတ်နိုင်ကြသည်မဟုတ်ပေရာ ကောင်းကင်ဘုံအဆင့်သားရဲများဆိုပါကပြောနေစရာပင်မလိုတော့ပေ။
အကယ်၍ထိုကဲ့သို့သောသားရဲတစ်ကောင်အားသတ်နိုင်သည့်အစွမ်းရှိလျှင်ပင် အခွင့်အရေးရှိမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သန္ဓေပြောင်းသားရဲများမှာ အန္တရာယ်ရှိသည့်နယ်မြေများဖြစ်သည့် အက်ကွဲကြောင်းများ၊ ကောင်းကင်မြို့တော်၊ မြေအောက်လောကနှင့် အရှေ့ပင်လယ်များတွင်ရှိနေကြခြင်းဖြစ်ပေရာ ကောင်းကင်ဘုံအဆင့်သားရဲများအားသတ်ရန်အတွက် ရန်သူ၏ပိုင်နက်ထဲသို့သွားဝံ့မည်တော့မဟုတ်ပေ။
တစ်နည်းဆိုရသော် ဤကောင်းကင်ဘုံအဆင့်သားရဲအားသတ်ရန်မှာ ကံကောင်းပြီးအခွင့်အရေးရမှသာဖြစ်နိုင်ပေလိမ့်မည်။
ထို့နောက် ခွန်အားစစ်ဆေးမှုနှင့် အမြန်နှုန်းစစ်ဆေးမှုကဲ့သို့သော တိုက်ခိုက်ရေးစွမ်းအားစစ်ဆေးမှုလည်းရှိပေသည်။
ဤစစ်ဆေးမှုများအတွက်လည်း အမှတ်ရပေသည်။
သို့သော် ဤအမှတ်များမှာအလွန်နည်းပါးလှပြီး နှိုင်းယှဉ်ပြောရပါက ဤစစ်ဆေးမှုများသည် အားလုံးတွင်ရှိသောတိုက်ခိုက်ရေးစွမ်းအား၏တစ်စိတ်တစ်ပိုင်းကိုသာ စစ်ဆေးခြင်းဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအား၏ ပြည့်စုံသော ကိုယ်စားပြုမှုအနေဖြင့်မြင်လို့မရပေ။
စစ်မြေပြင်တွင် ပိုမြန်ပြီးပိုသန်မာသောလူသာရှင်သန်နိုင်ပါမည်ဟုမသေချာပေ။ ထိုသို့ရှင်သန်ရန်မှာပြည့်စုံသောစွမ်းအားအပေါ်မူတည်သေးပေသည်။
....................................................................................
အခန်း(၄၆၀) ပြီးပါပြီ။
အခန်း (၄၆၁) : လှည့်စားမှုတစ်ခု
ကျိုးဟောင်မှာကျောင်းသားလက်စွဲစာအုပ်အားကြည့်ကာ သေချာနှံ့စပ်စွာဖတ်ပြီးပြီဟုခံစားလိုက်ရပေသည်။ သို့သော် စွမ်းအားအသုံးပြုပုံ၊ ထိန်းချုပ်ပုံတို့နှင့်ပတ်သက်သော အချက်အလက်တစ်ချို့တော့ကျန်သေးပေသည်။ ကျိုးဟောင်မှာဗီဒီယိုအားကြည့်ကာ စတင်လေ့လာတော့သည်။
ယခုကျိုးဟောင်သည်အလွန်စွမ်းအားကြီးနေပြီဖြစ်သော်ငြား သူ၏စွမ်းအားမှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏အကူအညီဖြင့်တိုးတက်လာခဲ့သည်ဟုဆိုနိုင်ပေသည်။ စွမ်းအားအားအဆုံးစွန်ထိအသုံးပြုနိုင်ပြီး ခန္ဓာကိုယ်၏စွမ်းရည်အားတိုးတက်လာစေရန်ဆိုပါက ကျိုးဟောင်အတွက်သင်ယူစရာအများအပြားကျန်သေးပေသည်။ တစ်နည်းဆိုရသော် အကယ်၍သိုင်းပညာရှင်တစ်ယောက်တွင်ကျိုးဟောင်ကဲ့သို့သောစွမ်းအားမျိုးရှိပါက ထိုလူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ကျိုးဟောင်ထက်များစွာပိုမိုသန်မာမည်ဖြစ်သည်။
ဤအယူအဆသည်မည်ကဲသို့သောအယူအဆမျိုးပါနည်း။ တစ်နည်းဆိုရသော် ကျိုးဟောင်သည်သူ၏တိုက်ခိုက်ရေးစွမ်းအားအားအပြည့်အဝထုတ်မသုံးနိုင်သေးဘူးဟူသော သဘောပင်ဖြစ်သည်။
ဤသည်မှာကျိုးဟောင်ကိုယ်တိုင်၏ပြဿနာသာဖြစ်သည်။ သူသည်လူကြီးတစ်ယောက်၏စွမ်းအားမျိုးရှိနေသောကလေးတစ်ယောက်ဖြစ်သော်လည်း ထိုစွမ်းအားအားအပြည့်အဝအသုံးမချနိုင်သေးပေ။ အတိတ်တွင်သူ၏စွမ်းအားသည်အလွန်လျင်မြန်စွာတိုးတက်လာခဲ့သော်လည်း ထိုစွမ်းအားအားအလွယ်တကူမထိန်းချုပ်နိုင်ပေ။
ကျိုးဟောင်မှာထိုဗီဒီယိုများအားကြည့်ကာ မယုံကြည်နိုင်သလိုမျိုးထိတ်လန့်သွားခဲ့သည်။
"စွမ်းအားနဲ့အရှိန်ကိုဒီလိုနည်းလမ်းနဲ့ထိန်းချုပ်လို့ရတယ်ဆိုတာငါမသိခဲ့ဘူး ကြည့်ရတာတော့ အဲဒါနဲ့ပတ်သက်တဲ့သိုင်းရှိတယ် အခုပြန်ကြည့်တော့မှ ကြည့်ရတာငါဘာမှသိပ်မတွေးဘဲ ငါ့စွမ်းအားတွေကိုထုတ်သုံးနေခဲ့တာပဲ"
စိတ်ထဲတွင်ထိုသို့စဉ်းစားမိပြီး ကျိုးဟောင်မှာသေချာသုံးသပ်ကာ ထိုဗီဒီယိုများအားဂရုတစိုက်ကြည့်နေပေသည်။ အချိန်တစ်ခုအထိကြည့်ပြီးနောက် ကျိုးဟောင်၏လက်များမှာယားလာပြီဖြစ်ပေရာ ချက်ချင်းပင်ခုန်ဆင်းကာ စတင်စမ်းသပ်တော့သည်။
"ဗီဒီယိုအရဆို စွမ်းအားနဲ့အရှိန်ကိုစိတ်စွမ်းအားနဲ့ထိန်းချုပ်ရတာ စိတ်ကိုအာရုံစိုက်ပြီးထိန်းချုပ်လေ အရှိန်ကပိုမြန်လေပဲ"
ကျိုးဟောင်မှာစိတ်လှုပ်ရှားနေပြီး လေ့ကျင့်ရင်းအချိန်ကိုက်ခံစားချက်အားစတင်ရှာဖွေနေပေသည်။ မုရုံရွှင်းမှာအမြဲတမ်းကျိုးဟောင်၏ကိုယ်ထဲတွင်ရှိနေခဲ့ပေရာ လက်ရှိအချိန်တွင်သူသည်ကျိုးဟောင်၏တုံ့ပြန်ပုံအားကြည့်ကာ သရော်လိုက်သည်။
"ကျိုးဟောင်မင်းကကိုယ်ကျိုးအတွက်ဆို တကယ်ကိုအရမ်းဉာဏ်ကောင်းတဲ့ကောင်လို့ပြောရမှာ"
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ချက်ချင်းမှင်တက်သွားခဲ့ပြီး အနည်းငယ်အံ့ဩသွားခဲ့သော်လည်း ဆိုလိုရင်းအားနားမလည်ပေ။
"ဘာပြောချင်တာလဲ"
ကျိုးဟောင်မှာအလျင်အမြန်ပင်မေးလိုက်သည်။
"စိတ်စွမ်းအားကတကယ်ကိုစွမ်းအားနဲ့အရှိန်ကိုတိုးမြှင့်ပေးနိုင်တယ် ဒါပေမဲ့အဲဒီနည်းလမ်းကအရမ်းခက်တယ် ပြီးတော့အကျိုးသက်ရောက်မှုတွေကလည်း လူအပေါ်လိုက်ပြီးပြောင်းလဲတယ်"
"ဒါပေမဲ့မင်းကမတူဘူး မင်းကမူလကျောက်စာဆရာတစ်ယောက် မူလကျောက်စာဆရာတွေဘာကြောင့်အရမ်းစွမ်းအားကြီးကြတာလဲဆိုရင် သူတို့ကစိတ်စွမ်းအားတစ်ခုတည်းကိုပဲအားကိုးနေစရာမလိုလို့ပဲ မင်းမူလကျောက်စာကိုသုံးပြီး မင်းရဲ့စွမ်းအားနဲ့အရှိန်ကိုထိန်းချုပ်လို့ရတယ် ဒီလိုဆိုအကျိုးသက်ရောက်မှုကသေချာပေါက်တိုးသွားလိမ့်မယ်"
မုရုံရွှင်း၏စကားများမှာ ကျိုးဟောင်အား အိပ်မက်မှချက်ချင်းနှိုးလိုက်သလိုပင်။
ကျိုးဟောင်မှာထိတ်လန့်သွားခဲ့ပြီး ထိုအခါမှသာမူလကျောက်စာအားဤနည်းဖြင့်သုံးလို့ရကြောင်းသဘောပေါက်သွားပေသည်။
"ကျွန်တော်အရင်ကဘာလို့မတွေးခဲ့မိတာပါလိမ့်"
ကျိုးဟောင်မှာအလွန်အံ့ဩသွားခဲ့သည်။ သူ၏မူလကျောက်စာမှာအခြေခံအဆင့်သို့ရောက်ရှိနေပြီဟုပြောနိုင်ပေသည်။ တစ်ဖက်လူသတိမထားစေဘဲမူလကျောက်စာ၏စွမ်းအားအနည်းငယ်အသုံးချရန်မှာ ကျိုးဟောင်အတွက်ဖြစ်နိုင်ပေသည်။
ထိုသို့တွေးမိကာကျိုးဟောင်မှာစတင်ကြိုးစားကြည့်တော့သည်။ ကျိုးဟောင်သည် မူလကျောက်စာမှသူ၏စိတ်စွမ်းအားအားတဖြည်းဖြည်းချင်းထုတ်လွှတ်ကာ ကိုယ်ပေါ်တွင်အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင်လှုပ်ရှားရေးသိုင်းအားအသုံးပြုလိုက်ရာအရှိန်မှာတကယ်ပင်ရုတ်တရက်ထိုးတက်သွားခဲ့သည်။
"ဘုရားရေ"
ကျိုးဟောင်မှာအတော်လေးအံ့ဩသွားခဲ့သည်။
"ဒါကတကယ်ကြီးအသုံးဝင်တာပဲ ပုံမှန်အခြေအနေတွေမှာဆိုရင် ငါ့အရှိန်ကသာမန်ပထမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်ထက် တော်တော်လေးသာရုံပဲရှိမှာဆိုပေမဲ့ အခုကျ ၂ဆကျော်တောင်မြန်သွားတယ်"
သိုင်းပညာလောကတွင်အရှိန်သည်မကျော်လွှားနိုင်သောတစ်ခုတည်းသောအရာဖြစ်သည်ဆိုသောစကားမှာ အမှန်ဖြစ်ပုံပင်။ ထို့အပြင်ဤစိတ်စွမ်းအား၏အကျိုးသက်ရောက်မှုများကိုလည်း ကြွက်သားမှတ်ဉာဏ်ဖြင့်ရယူနိုင်ပေသည်။
၎င်းမှာလူတစ်ယောက်၏ခန္ဓာကိုယ်အား စက်ဘီးမစီးတတ်ခင် အကူဘီးဖြင့်လေ့ကျင့်ရသလိုပင်။ အစပိုင်းတွင် ထိုဘီးများမသုံးဘဲနေလို့မရသော်လည်း အချိန်ကြာလာပြီးနောက် ထိုလူ၏ခန္ဓာကိုယ်မှာထိုစွမ်းအားနှင့်အရှိန်ကိုအသားကျလာမည်ဖြစ်သည်။
အကယ်၍ထိုလူသည်စိတ်စွမ်းအားအသုံးပြုခြင်းကို တဖြည်းဖြည်းရပ်တန့်လိုက်လျှင်ပင် ယခုလိုစွမ်းအားနှင့်အရှိန်အဆင့်အားရောက်နိုင်သေးပေသည်။ ထိုသို့တွေးရင်း ကျိုးဟောင်မှာပိုမိုစိတ်လှုပ်ရှားလာကာ ရူးသွပ်စွာလေ့ကျင့်လာလေသည်။
ကျိုးဟောင်မှာညဘက်စကားပြောပြီးနောက် ကျောင်းသားလက်စွဲစာအုပ်အား ၂နာရီမျှလေ့လာလိုက်သည်။ သူစတင်လေ့ကျင့်သည့်အချိန်သည် ညသန်းခေါင်ရောက်လုနီးပြီဖြစ်သည်။ ကျိုးဟောင်မှာထိုအချိန်မှစကာနောက်တစ်နေ့မနက် ၆နာရီအထိလေ့ကျင့်နေခဲ့ပေသည်။
လော့လီနဲ့စုန့်ခွင်းနိုးလာပြီး ခြံဝန်းထဲတွင်ကျိုးဟောင်အားတွေ့လိုက်ရချိန်တွင် သူတို့သည်ခေတ္တမျှမှင်တက်သွားကြသော်လည်း အချင်းချင်းကြည့်ကာပြုံးလိုက်ကြသည်။
"ငါတို့ဂျူနီယာမောင်လေးကတကယ်ကြိုးစားတာပဲ"
လော့လီမှပြောလိုက်သည်။
"စစ်နတ်ဘုရားတပ်ရင်းမှာမကြိုးစားတဲ့လူမှမရှိတာ ဒါပေမဲ့ညီလေးကျိုးကအဲဒီလူတွေထဲမှာမှပိုကြိုးစားတဲ့လူလို့ပြောလို့ရတယ် ပြီးတော့သူ့ပါရမီကလည်းအရမ်းကောင်းတယ် ငါသူ့အချက်အလက်တွေကိုကြည့်ပြီးပြီ ငါပထမြောက်မူလအဆင့်တုန်းကအခြေအနေထက် သူကအများကြီးပိုသန်မာတယ်လို့ပြောရင်တောင်မလွန်ဘူး"
ထိုအချိန်တွင်စုန့်ခွင်းမှပြောလာခဲ့ပြီး ထိုစကားဆုံးသည်နှင့် လော့လီသည်လည်းထပ်ပြောလာခဲ့သည်။
"နင်ကတတိယမြောက်ကောင်းကင်ဘုံအဆင့်ရောက်နေတာတောင် သူ့အကြောင်းမြှောက်ပြောနေသေးတယ်ဆိုတော့ကြည့်ရတာ ဂျူနီယာမောင်လေးကျိုးကတကယ်ကို သာမန်ထက်ထူးခြားတဲ့ပုံပဲ"
လော့လီသည်ခေါင်းညိတ်ကာပြောရင်း ကျိုးဟောင်၏ဇွဲအားလန့်နေပေသည်။ သို့သော်သူမသည်ကျိုးဟောင်ထံမှအကြည့်မခွာဘဲ ကျိုးဟောင်အားသတိပေးလိုက်သည်။
"စီနီယာမောင်လေးကျိုး လေ့ကျင့်ဖို့စိတ်မလောပါနဲ့ ခဏနေရင်စုဝေးပွဲရှိတယ် အဲဒီပွဲတက်ဖို့ပြင်ရဦးမယ်"
ကျိုးဟောင်မှာထိုစကားအားကြားသောအခါ လေ့ကျင့်နေရာမှရပ်သွားကာ မနေနိုင်ဘဲမေးလိုက်သည်။
"စုဝေးပွဲ... ဘာစုဝေးပွဲလဲ"
"သေချာပေါက်မင်းရောက်လာတာကိုဂုဏ်ပြုပေးတဲ့ပွဲပေါ့ ဒါကငါတို့တရုတ်လူမျိုးတွေအတွက်စုဝေးပွဲပဲ"
လော့လီမှကျိုးဟောင်၏အမေးအားချက်ချင်းဖြေလိုက်သည်။
"ဪ ပွဲကကျွန်တော့်အတွက်လူစုကြတာပေါ့"
ကျိုးဟောင်မှမေးလိုက်သည်။
"သေချာတာပေါ့ တရုတ်လူမျိုးတွေအနေနဲ့ငါတို့ကအရှေ့ကိုကိုယ်စားပြုတယ် ငါတို့ဌာနတွေကြားမှာပဋိပက္ခတွေရှိတယ်ဆိုပေမဲ့ ဒီမှာရှိတဲ့ငါတို့ကြားမှာတော့ဘာပဋိပက္ခမှမရှိဘူး ငါတို့ရဲ့ပြိုင်ဘက်တွေကအဲဒီအနောက်တိုင်းသားသိုင်းပညာရှင်တွေပဲ ငါတို့အားလုံးကစစ်နတ်ဘုရားတပ်ရင်းကဆိုပေမဲ့ ကိုယ့်တိုင်းပြည်ကသူများတိုင်းပြည်ထက်အားနည်းနေတာမျိုး ဘယ်သူကလိုချင်မှာလဲ"
"အဲဒါကြောင့် ငါတို့တရုတ်တွေကပိုလို့တောင်စည်းလုံးကြတယ် လူသစ်ရောက်လာတိုင်းလူစုပြီးပွဲလုပ်ကြတယ် အနောက်ပိုင်းနိုင်ငံတွေတောင်မှ ငါတို့လိုပဲ"
လော့လီပြောပြလိုက်ချိန်တွင်ကျိုးဟောင်မှာသဘောပေါက်သွားခဲ့သည်။ သို့သော်ယခုလိုကိစ္စမျိုးရှိမည်ဟုမထင်ထားခဲ့ပေ။
"ပွဲကမနက် ၇နာရီစမှာအခုပြင်တော့ အနည်းဆုံးတော့ရေချိုးပြီး အဝတ်အစားသပ်သပ်ရပ်ရပ်လေးဝတ်လိုက်ပေါ့"
လော့လီမှခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်သည်။
စုန့်ခွင်းသည်လည်းအတူတူပင်။
"ဒီတစ်ခေါက်ပွဲကျင်းပပေးတဲ့လူကအစ်ကိုချန်ရွှင်းပဲ ပွဲရဲ့အဓိကလူအနေနဲ့မင်းနောက်ကျလို့မရဘူးနော်"
ကျိုးဟောင်မှာအနည်းငယ်စိုးရိမ်သွားခဲ့သည်။ ချန်ရွှင်းသည်ရက်စက်သည့်နေရာ၌ဒုတိယနေရာတွင်ရှိပြီး စုန့်ခွင်းထက်ပင်ပိုမိုသန်မာလေသည်။ တစ်ဖက်လူမှသူ့အတွက်ကျင်းပပေးသောစုဝေးပွဲသည် ကျိုးဟောင်အားတကယ်ပင် ဘာပြောရမှန်းမသိဖြစ်သွားစေပေသည်။ ရေချိုးပြီးနောက်ကျိုးဟောင်သည် လော့လီတို့နှင့်အတူပွဲကျင်းပမည့်နေရာသို့ထွက်လာခဲ့သည်။ ပုံမှန်အားဖြင့်ပွဲအားစစ်နတ်ဘုရားတပ်ရင်းထဲတွင်သာကျင်းပပေသည်။ ဤစစ်နတ်ဘုရားတပ်ရင်းတွင်အထူးစားသောက်ပွဲကျင်းပရာနေရာရှိသည့်အပြင်ထိုနေရာရှိအစားအသောက်များမှာလည်း အလွန်အရသာရှိပေသည်။
ကျိုးဟောင်မှာဤနေရာရှိဟင်းပွဲအတော်များများအားမမြင်ဖူးသော်လည်း ပျော်ရွှင်စွာပင်စားသောက်နေလေသည်။ အလားတူပင် စီနီယာများသည်လည်း ကျိုးဟောင်အားအရက်တစ်ခွက်ပြီးတစ်ခွက် ဇွတ်တိုက်နေကြပေသည်။ ကျိုးဟောင်သောက်နေသည်မှာပမာဏမည်မျှရှိကြောင်းပင်မသိတော့ပေ။ အကယ်၍သိုင်းပညာရှင်များ၏ခန္ဓာကိုယ်သည် သာမန်လူများနှင့်မတူညီဘူးဟူသောအချက်ကြောင့်မဟုတ်ပါက ကျိုးဟောင်မှာအစောကတည်းက အရက်မူးနေလောက်ပြီဖြစ်သည်။
"ဟား....နောက်ဆုံးတော့အသက်ရှူလို့ရမဲ့အခွင့်အရေးရပြီ..."
ကျိုးဟောင်မှာသက်ပြင်းချရင်း အရက်တစ်ခွက်နှင့်ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
"ဟီးဟီး မင်းကဒီနေ့ရဲ့ဇာတ်လိုက်ပဲကို ဒီတော့သေချာပေါက်ပိုသောက်ရမှာပေါ့"
လော့လီမှာအလွန်လှပသောမိန်းကလေးတစ်ယောက်ဖြစ်ပေသည်။ သူမ၏မျက်နှာလေးမှာအရက်ရှိန်ကြောင့်နီရဲနေပြီး သူမ၏အဝတ်အစားများသည်လည်း အတော်လေးဆွဲဆောင်မှုရှိပေသည်။ သူမဝတ်ဆင်ထားသောလက်ရာမြောက်သည့်အနက်ရောင်သားရေအဝတ်အစားများမှာ သူမ၏အချိုးအစားအားထင်ထင်ရှားရှားပေါ်လွင်နေစေပေသည်။
ထိုအခိုက်အတန့်တွင်သူမသည်ကျိုးဟောင်ဘေးတွင်ထိုင်လိုက်ပြီး သူမ၏ကိုယ်မှမွှေးပျံ့သောရနံ့တစ်ခုလည်းထွက်ပေါ်နေပေသည်။ ထို့နောက်သူမသည်ရုတ်တရက်ပြုံးလိုက်ကာစကားတစ်ခွန်းအားပြောလာခဲ့သည်။
"စီနီယာအစ်ကိုချန်ရွှင်းက ဒီနေ့ပွဲအတွက်ပိုက်ဆံတွေအများကြီးသုံးထားတာ"
....................................................................................
အခန်း(၄၆၁) ပြီးပါပြီ။
အခန်း (၄၆၂) : ချန်ရွှင်း
ကျိုးဟောင်မှာထိုစကားအားကြားလိုက်ချိန်တွင် ခေတ္တမျှကြက်သေသေသွားပြီးနောက်မေးလာခဲ့သည်။
"ဒီပွဲကအရမ်းဈေးကြီးလား"
ဤနေရာရှိအရာအတော်များများမှာအလွန်စျေးကြီးကြောင်းကျိုးဟောင်သိသော်ငြား အတိအကျကိုတော့မသိပေ။
"ဘယ်လောက်ကုန်မယ်ထင်လဲမှန်းကြည့်"
ရုတ်တရက်လော့လီမှပြန်မေးလိုက်သည်။
ကျိုးဟောင်မှာခေါင်းယမ်းပြရင်းဝေဝေဝါးဝါးဖြင့်ဖြေလာခဲ့သည်။
"ဒီစားပွဲမှာစားစရာတွေအပြည့်ပဲပြီးတော့အားလုံးကအရမ်းအရသာရှိတယ် ဒါပေမဲ့ကုန်ကျစရိတ်အတိအကျကိုတော့ခန့်မှန်းနိုင်မယ်မထင်ဘူး"
"ဒါပေမဲ့ဘယ်လောက်ပဲဈေးကြီးပါစေဦး ၂သန်းဆိုရင်တော့တစ်ပွဲလုံးစာလောက်လောက်ပါတယ် ဟုတ်တယ်မလား"
၎င်းတို့သည်အစားအသောက်များသာဖြစ်ပေရာ မည်မျှပင်ဈေးကြီးသည်ဖြစ်စေ ၂သန်းတော့မကျော်လောက်ပေ။ တကယ်တမ်းတွင် သူခန့်မှန်းလိုက်သော၂သန်းပင် အတော်လေးများနေပြီဟုကျိုးဟောင်ထင်ပေသည်။
"ဟဟ ၂သန်းလား ကျွတ် ကျွတ် အဲဒီလောက်နဲ့လုံးဝမလောက်မှာပဲစိုးမိတယ်"
လော့လီ၏နှုတ်မှထွက်လာသောအသံမှာ ခြင်တစ်ကောင်၏အသံပမာပျော့ပျောင်းညင်သာနေပေသည်။
"ဒီကစားဖိုမှူးတွေကအဆင့်မြင့်လေ့ကျင့်ရေးစခန်းကလူတွေပဲ သူတို့ကကမ္ဘာတစ်လွှားမှာထိပ်တန်းအဆင့်လူတွေပဲ ဒီရှားပါးဟင်းလျားတွေကလည်းထိပ်တန်းဟင်းပွဲတွေပဲ ပြီးတော့ဒီထဲမှာသန္ဓေပြောင်းသားရဲတွေကရတဲ့ အရမ်းအဖိုးတန်တဲ့အသားပေါင်းများစွာလည်းသုံးထားသေးတယ်"
"ဒီမှာရှိနေတဲ့လူအရေအတွက်နဲ့ဆို ယွမ်သန်း ၂၀ကျော်လောက်ကုန်မှာစိုးရတယ်"
ကျိုးဟောင်မှာထိုစကားအားကြားလိုက်ရချိန်တွင် သူ၏အမူအရာမှာချက်ချင်းပင်ကြက်သေသေသွားခဲ့ကာ ရှေ့ရှိမြင်ကွင်းအားအလွန်အံ့ဩနေဟန်ဖြင့်ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ အသိစိတ်ပြန်ကပ်မလာပေ။
"ဒါကဈေးကြီးတယ်လို့တောင်ပြောလို့မရသေးဘူး မင်းသိလား တခြားနေရာမှာသာဆိုရင် မင်းချမ်းသာရင်တောင် ခုလိုအရသာရှ်ိတဲ့အစားအသောက်မျိုးတွေစားနိုင်မှာမဟုတ်ဘူး"
လော့လီ၏မျက်နှာလေးမှာ ထည်ဝါမှုတို့ဖြင့်တလက်လက်တောက်ပနေပြီး သူမသည်တခစ်ခစ်ရယ်လာခဲ့သည်။
"ဒါပေမဲ့ ဒီစားကောင်းသောက်ဖွယ်တွေရဲ့ဈေးက စီနီယာအစ်ကိုချန်ရွှင်းအတွက်ဘာမှမဟုတ်ဘူး'
"ထိပ်တန်း ၅ယောက်ကအဖွဲ့အစည်းတစ်ခုခုထဲသာဝင်မယ်ဆိုရင် အချိန်မရွေးပိုက်ဆံပမာဏအများကြီးရနိုင်တယ်"
"အစ်မပြောချင်တဲ့သဘောက အစ်ကိုချန်ရွှင်းကအဖွဲ့အစည်းတစ်ခုထဲဝင်ထားပြီးပြီဆိုတဲ့သဘောလား"
လော့လီ၏စကားအားကြားလိုက်ရချိန်တွင် ကျိုးဟောင်၏အမူအရာမှာချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူသည်လော့လီအားအံ့ဩတကြီးကြည့်ကာ မသိလိုက်ခင်မှာပဲမေးမိလိုက်သည်။
သူရောက်စ စာရင်းပေါ်ရှိနာမည်များအားကြည့်ခဲ့စဉ်က ချန်ရွှင်းသည်ဒုတိယနေရာတွင်ရှိကြောင်းမြင်ခဲ့ရပေသည်။
အဆင့်မြင့်လေ့ကျင့်ရေးစခန်းတွင်ဒုတိယနေရာအားရနိုင်သည်ဆိုကတည်းက သူ၏ခွန်အားအားလျှော့တွက်လို့မရပေ။
"ချန်ရွှင်းကအဖွဲ့တစ်ခုထဲဝင်ထားတာကြာလှပြီ ငါကြားတာတော့သူကအထူးတပ်ဖွဲ့ထဲဝင်ထားတာတဲ့ သတင်းတွေကလွန်ခဲ့တဲ့နှစ်ဝက်လောက်ကပျံ့ခဲ့တာ အခုဆိုလူတိုင်းဒီကိစ္စကိုသိကြတယ်"
လော့လီ၏အသံမှာအလွန်ပေါ့ပါးနေပြီး သူမသည်အေးဆေးပြောပြနေပေသည်။
"ငါကြားတာတော့ တခြားဌာနတွေကလည်း အစ်ကိုချန်ရွှင်းကိုသူတို့ဌာနတွေဆီဝင်စေချင်နေကြတယ်လို့ကြားတယ်"
"ပြီးတော့ ဟွာရှားမှာအစ်ကိုချန်ရွှင်းကိုသူတို့အဖွဲ့ထဲဝင်စေချင်တဲ့ အဖွဲ့အစည်းတွေအများကြီးရှိသေးတယ် သူတို့ကသူ့ကိုအသေအလဲလိုချင်နေကြတာ ငါကြားတာတော့အထူးတပ်ဖွဲ့ရဲ့ခွန်အားက အသန်မာဆုံးပဲတဲ့"
"သူတို့က ချန်ရွှင်းအတွက်အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုတောင်ဖွဲ့ပေးထားတာ စီနီယာအစ်ကိုချန်ရွှင်းဘွဲ့ရပြီးသွားရင် သူကဒီအထူးစစ်ဆင်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာမှာ"
ထိုအကြောင်းအားသိလိုက်ရပြီးနောက် ကျိုးဟောင်မှာမှင်တက်သွားခဲ့သည်။
ထိုအဖွဲ့သည်ဟွာရှားမြို့၏အထူးတပ်ဖွဲ့ဖြစ်နေပါလျက်နှင့်ပင် တကယ်ပင်ချန်ရွှင်းအတွက်အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုအားဖွဲ့စည်းပေးထားသည်လော။
"ဟုတ်တယ် စီနီယာအစ်ကိုချန်ရွှင်းရဲ့စွမ်းအားကမဆိုးဘူး"
လော့လီမှာသက်ပြင်းချကာပြောလိုက်သည်။
"သူကအမြဲတမ်းလေ့ကျင့်ရေးစခန်းရဲ့ထိပ်ဆုံး ၃ယောက်ထဲပါပြီးတစ်ခါမှ အောက်မဆင်းဖူးဘူး ဒါကသူဘယ်လောက်စွမ်းအားကြီးလဲဆိုတာပြနေတာပဲလေ"
ထိုစကားအားနားထောင်ပြီး ကျိုးဟောင်မှာခေါင်းညိတ်လိုက်သည်။
အဆင့်များအတွက် အားလုံးမှာအမှတ်များအားစုဆောင်းကြရပေရာ အကယ်၍ လူတစ်ယောက်၏စွမ်းအားမှာ တကယ်ပင်အလွန်စွမ်းအားကြီးပါက ထိပ်ဆုံးနေရာတက်ရန်မှာ ထိုလူများအတွက်ပြဿနာမဟုတ်ပေ။
သို့သော် ကျိုးဟောင်မှာယခုလတွင်တတိယနေရာအားရလျှင်ပင် ဘာမှအဓိပ္ပာယ်မရှိပေ။ မည်သို့ပင်ဖြစ်စေ နောက်လတွင်အခြားလူများမှာ သူ့နေရာအားအလွယ်တကူယူသွားနိုင်ပေသည်။
ထိုအချိန်တွင်ရုတ်တရက်ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"ကျိုးဟောင်"
ကျိုးဟောင်မှာလှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်ခန္ဓာကိုယ်တောင့်တောင့်နှင့်လူတစ်ယောက်လျှောက်လာနေသည်ကိုတွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်ရှိသွေးအနှစ်သာရမှာ အတော်စွမ်းအားကြီးလှပေသည်။
ထိုလူမှာချန်ရွှင်းသာဖြစ်သည်။
"အစ်ကိုချန်ရွှင်း လာပြီလား အစ်ကိုတကယ်လို့ကျိုးဟောင်နဲ့စကားပြောချင်ရင်ပြောနော်"
လော့လီမှပြုံးကာပြောလိုက်ပြီး လက်ထဲရှိခွက်အားချကာ ထွက်သွားခဲ့သည်။
ကျိုးဟောင်မှာ ချန်ရွှင်းအားကြည့်ကာပြောလိုက်သည်။
"ကျွန်တော့်အတွက်ပွဲလုပ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုချန်ရွှင်း"
"ဒီလောက်ယဉ်ကျေးနေဖို့မလိုပါဘူး ဒါကငါတို့ရဲ့ထုံးစံပဲ ငါစစ်နတ်ဘုရားတပ်ရင်းထဲဝင်စတုန်းက ငါ့အစ်ကိုကြီးလည်းငါ့အတွက်ပွဲလုပ်ပေးခဲ့တာပဲ နောက်ကိုမင်းဟွာရှားကစစ်နတ်ဘုရားတပ်ရင်းမှာ နံပါတစ်ဖြစ်လာရင် မင်းလည်ခုလိုပဲလုပ်ပေးရမယ် နားလည်လား"
ချန်ရွှင်းမှာအလွန်တည့်တိုးဆန်လှပေရာ သူ၏စကားများမှာ ကျိုးဟောင်အားအတော်လေးခံစားရစေပေသည်။
"ကျွန်တော်နားထောင်ပါ့မယ်"
"ဟဟငါ့ကိုကြိုးကိုင်တတ်တဲ့လူမျိုးလို့မထင်လိုက်နဲ့နော်....ဒါပေမဲ့ ငါဒီနေ့ပွဲလုပ်ရတဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိသေးတယ်"
ချန်ရွှင်းမှရုတ်တရက်ပြောလာသည်။
ကျိုးဟောင်မှာ သူ၏စကားအားနားမလည်သော်လည်း ချန်ရွှင်းမှာဆက်ပြောလာခဲ့သည်။
"ကျိုးဟောင် ငါအထူးတပ်ဖွဲ့ထဲဝင်ခဲ့တာမင်းလည်းသိမှာပေါ့ အဲဒါကြောင့်မင်းအထူးတပ်ဖွဲ့ထဲဝင်ဖို့စိတ်ဝင်စားမလားလို့ ငါမင်းကိုမေးချင်တယ် သူတို့ကမင်းကိုစိတ်ဝင်စားနေကြတယ်"
ချန်ရွှင်းမှရုတ်တရက်ပြောလာခဲ့သည်။
"အထူးတပ်ဖွဲ့လား"
ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်မိသည်။
သူသည်စစ်နတ်ဘုရားတပ်ရင်းအားရောက်စပင်ရှိသေးသည် အခုကတည်းကထောက်လှမ်းခံနေရပြီလော။
"ဟုတ်တယ်အထူးတပ်ဖွဲ့ ငါတို့အထူးတပ်ဖွဲ့ကအရမ်းစွမ်းအားကြီးတယ် ပြီးတော့အမြဲတမ်း ငါတို့ပညာရှင်တွေကိုအရမ်းကောင်းကောင်းဆက်ဆံပေးတယ် ဒါကလည်းလူတစ်ယောက်ရဲ့စွမ်းအားပေါ်မူတည်တာပေါ့ စွမ်းအားမြင့်လေ ဆက်ဆံရေးကောင်းလေပဲ မင်းဝင်ပြီးရင် ပိုက်ဆံရမယ် စစ်နတ်ဘုရားတပ်ရင်းမှာနေတဲ့ ၃နှစ်တာကာလအတွင်း နှစ်တိုင်း ယွမ် ၃ဘီလီယံရမယ်"
ချန်ရွှင်း၏စကားမှာကျိုးဟောင်အားထိတ်လန့်သွားစေခဲ့သည်။
ယွမ် ၃ဘီလီယံမှာ ပမာဏနည်းနည်းမဟုတ်ပေ။
သေချာပေါက်ယခုအချိန်တွင်ယွမ် ၃ဘီလီယံသည် ကျိုးဟောင်အတွက်များပြားသောပမာဏဖြစ်နေနိုင်သော်ငြား ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အတွက်မူ နည်းပါးသောပမာဏဖြစ်နိုင်သေးပေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည်ကောင်းကင်ဘုံအဆင့်ပညာရှင်များဖြစ်ကြပေသည်။
သို့သော်ယွမ် ၃ဘီလီယံဟူသောပမာဏမှာ အလွန်များသောပမာဏဖြစ်သည်။ ကျိုးဟောင်လိုအပ်သောပစ္စည်းနှင့် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ လျှို့ဝှက်ဆန်းကြယ်သေတ္တာနှစ်ခုလုံးမှာ ပိုက်ဆံလိုအပ်ပေသည်။
သို့သော်ကျိုးဟောင်မှာမည်သည့်အဖွဲ့အစည်းကိုမှမဝင်ရန်ဆုံးဖြတ်လိုက်သည်။ သူသည်ကိုယ့်အားကိုယ်ကိုးကာ နောက်နှစ်အနည်းငယ်အတွင်း မည်သည့်အဆင့်ထိရောက်ရှိနိုင်ကြောင်းသိချင်ပေသည်။
"တောင်းပန်ပါတယ် အစ်ကိုချန်ရွှင်းကျွန်တော်ဘယ်အဖွဲ့အစည်းကိုမှဝင်ဖို့မစဉ်းစားဖူးသေးဘူး အဲဒါကြောင့်.....အခုအစ်ကိုကို့အခုအဖြေမပေးနိုင်လောက်ဘူး"
ချန်ရွှင်းမှာခေါင်းညိတ်ပြလာခဲ့သည်။
"ဟုတ်ပါတယ်လေ ဘာပဲဖြစ်ဖြစ် မင်းကခုမှစစ်နတ်ဘုရားတပ်ရင်းကိုဝင်ခါစကို နောက်ကိုမင်းကိုဖိတ်ကြားတဲ့အခြားအဖွဲ့အစည်းတွေရှိလာလိမ့်မယ် အဲဒီအခါကျမင်းဆုံးဖြတ်ချက်ချလို့ရပြီ"
"ဒါပေမဲ့ တကယ်လို့မင်းအဖွဲ့အစည်းတစ်ခုခုထဲဝင်ချင်တယ်ဆိုရင် အထူးတပ်ဖွဲ့ကိုအရင်စဉ်းစားပေးရမယ် သဘောပေါက်လား"
ချန်ရွှင်းမှပြုံးကာပြောလိုက်သည်။
ကျိုးဟောင်သည်လည်းခေါင်းညိတ်ပြကာပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ စိတ်ချပါစီနီယာအစ်ကိုချန်ရွှင်း ကျွန်တော်စဉ်းစားပေးပါ့မယ်"
ထိုကိစ္စအားပြောပြီးနောက် ချန်ရွှင်းမှာမည်သည့်ကိစ္စမှထပ်မပြောတော့ဘဲ ပြုံးကာထွက်သွားခဲ့သည်။
သူထွက်သွားပြီးနောက်လူများစွာထပ်ရောက်လာခဲ့ကြပြီး ထိုညတွင်ကျိုးဟောင်မှာအဖွဲ့အစည်းများနှင့် မိသားစုများစွာ၏ ဖိတ်ကြားမှုများစွာအားလက်ခံရရှိခဲ့ပြီး အခြားဌာနများမှဖိတ်ခေါ်မှုများပင်ရရှိခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေအထက်လူကြီးအများအပြားမှာ ကျိုးဟောင်၏အချက်အလက်များအားကြည့်လို့ရပေရာအားလုံးမှာ ကျိုးဟောင်၏ပါရမီအားအလွန်ယုံကြည်နေကြကာ ရင်းနှီးမြှုပ်နှံရန်ပြင်ဆင်နေကြပေသည်။
....................................................................................
အခန်း(၄၆၂) ပြီးပါပြီ။