အခန်း (၄၆၆-၄၆၈)
Vol. 32 Ch. 466-468
အခန်း (၄၆၆) : အနိုင်ရရှိခြင်း
ပေါလ်ကကျိုးဟောင်၏ဓားအလင်းတန်းများအားလုံးကိုခုတ်ဖြတ်ပြီးနောက် အထင်သေးသောအကြည့်ဖြင့်ကြည့်ပြီးပြောလိုက်လေသည်။
"ကျိုးဟောင်မင်းရဲ့ ဓားသိုင်းက တကယ်ကောင်းပါတယ် ဒါပေမဲ့ ငါ့ရဲ့အနောက်တိုင်းဓားသိုင်းကိုအနိုင်ယူနိုင်ဖို့အတွက်ကျ အတွေ့အကြုံနည်းလွန်းသေးတယ် မင်းဒီနေ့တော့တကယ်ရှုံးပြီပဲ"
ပေါလ်မှာ ကျိုးဟောင်၏တိုက်ခိုက်မှုအနည်းငယ်ကိုကျော်ဖြတ်နိုင်ခဲ့သောကြောင့်ယုံကြည်ချက်ရှိနေပြီး သူ့အနေဖြင့်အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်လို့တွေးနေခဲ့လေသည်။ သူ့မျက်လုံးထဲတွင်ကျိုးဟောင်မှာ အလွန်အားနည်းပြီး သူအလွယ်တကူအနိုင်ယူနိုင်လိမ့်မည်လို့မြင်နေလေသည်။
"မင်းရဲ့အနောက်တိုင်းဓားသိုင်းက အထင်ကြီးစရာကောင်းတာကိုငါ၀န်ခံပါတယ် ဒါ့အပြင်မင်းရဲ့ကျင့်ကြံဆင့်ကလည်း ငါ့ထက်မြင့်ပါသေးတယ် ဒါပေမဲ့ အဲ့ဒါတွေက ငါ့ကိုအနိုင်ယူဖို့အတွက်တော့ မလုံလောက်သေးဘူး"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။ လက်ရှိတွင်ကျိုးဟောင်မှာ သူ့ကျင့်ကြံရေး၏၂၀%ကိုသာအသုံးပြုရသေးလေသည်။
ဒါ့အပြင် သူ၏ကောင်းကင်ဘုံအဆင့်တ၀က်ကျင့်ကြံရေးကိုလည်းထုတ်သုံးလို့ရသေးပေသည်။ထိုကျင့်ကြံရေးအားထုတ်မသုံးရင်တောင်မှ ကျိုးဟောင်တွင်အနိုင်ရရှိနိုင်မည့်နည်းလမ်းများစွာရှိသေးလေသည်။
ကျိုးဟောင်က စကားဆုံးသည်နှင့် သူ၏ရွှေကျီးလွတ်မြောက်ရေးသိုင်းကိုသုံးလိုက်ပြီးသူ့ခန္ဓာမှာ လျင်မြန်စွာရွေ့လျားသွားလေသည်။ သူ့အလျင်မှာတဟုန်ထိုးတိုးလာပြီး သူလှုပ်ရှားလိုက်တိုင်းပုံရိပ်ယောင်များကျန်နေခဲ့လေသည်။ဒါတင်မက သူ့လက်ထဲရှိဓားကိုအသုံးပြုပြီး အရိပ်၇ချောင်းဓားသိုင်းအားအချိန်နှင့်အမျှအသုံးပြုနေလေသည်။
ဒီတကြိမ်တွင် ကောင်းကင်၌ဓားအလင်းတန်းများပေါ်မလာတော့ဘဲ ကျိုးဟောင်၏ဓားချက်များကအလွန်လျင်မြန်လာလေသည်။ ပေါလ်မှာ ခုခံနေရင်းပြာယာခတ်လာလေသည်။
သိုင်းပညာလောကတွင် လျင်မြန်မှာ အနိုင်ယူဖို့မဖြစ်နိုင်သည့်တခုထဲသောအရာဖြစ်လေသည်။ကျိုးဟောင်မှာ သူ၏ရွေ့လျားရေးနည်းစနစ်ကိုအသုံးပြုပြီး ဖိနှိပ်ဖို့ကြိုးစားနေလေသည်။ ဓားချက်တစ်ဒါဇင်လောက်ခုခံပြီးနောက် ပေါလ်မှာ တဖြည်းဖြည်းအားနည်းလာလေသည်။
ကျိုးဟောင်ကတော့ ဆက်လက်လျင်မြန်နေစဲဖြစ်ပြီး အခွင့်အရေးပေးလာသောအခါ ပေါလ်အားခုတ်ပိုင်းလိုက်လေသည်။ ပေါလ်၏အနောက်တိုင်းဓားသိုင်းမှာ စွမ်းအားကြီးသော်လည်း သူတို့နှစ်ယောက်၏ လျင်မြန်နှုန်းမှာအလွန်ကွာခြားနေလေသည်။
ကျိုးဟောင်မှာ သူ့အားထိအောင်တိုက်ခိုက်နိုင်သော်လည်း သူကတော့ ကျိုးဟောင်အားထိဖို့မလွယ်ကူပေ။
"ချီးပဲ"
ပေါလ်ကဒေါသတကြီးအော်ဟစ်လိုက်လေသည်။ သူ့အနေဖြင့် အနိုင်ယူခံလိုက်ရသောကြောင့်စိတ်ဓာတ်ကျသွားလေသည်။ ကျိုးဟောင်မှာ ပရိယာယ်အလွန်ကြွယ်၀ပြီး အခွင့်အရေးကောင်းအားရှာတတ်လေသည်။ တဖက်လူမှာ သူ၏တိုက်ခိုက်ချက်များကိုကြာရှည်တောင့်ခံထားဖို့မဖြစ်နိုင်ပေ။
ဓားချက်များက တချက်ပြီးတချက်ကိုယ်ပေါ်ကျရောက်လာပြီး သွေးများစွာလည်းစီးဆင်းနေလေသည်။ ပုံရိပ်ယောင်လောကထဲတွင်ဖြစ်သော်လည်း အာရုံခံစနစ်များအား အပြင်နှင့်တသားတည်းဖြစ်အောင်ပြုလုပ်ထားသောကြောင့် နာကျင်မှုကိုလည်း အပြင်ဘက်ရှိခန္ဓာကိုယ်၌ခံစားရပေသည်။
ထိုအခိုက်အတန့်တွင် ပေါလ်မှာ သူ၏ လက်မောင်း၌ နာကျင်မှုကိုပြင်းထန်စွာခံစားလိုက်ရပြီး သူ့ခွန်အားအားထုတ်မသုံးနိုင်တော့ပေ။
"ကျိုးဟောင် မင်းကဉာဏ်နီဉာဏ်နက်များတဲ့ကောင်ပဲ။တကယ်လို့မင်းမှာ အရည်အချင်းရှိရင် ရှောင်ပြေးမနေဘဲ ငါနဲ့မျက်နှာချင်းဆိုင်လာတိုက်စမ်းပါ။ မင်းတို့တရုတ်တွေက တကယ်ကိုအရှက်မရှိကြတာပဲ"
ပေါလ်မှာ သူရှုံးတော့မည်ကိုခံစားလာရသောကြောင့် ကျိုးဟောင်အား သူနှင့်မျက်နှာချင်းဆိုင်လာတိုက်စေလိုသောကြောင့် မခံချင်အောင်ပြောနေလေသည်။
ကျိုးဟောင်ကပြုံးလိုက်သည်။ တဖက်ကလူက ကျိုးဟောင်အနေဖြင့်လျင်မြန်တခုတည်းကိုသာသုံးပြီးတိုက်နိုင်သည်လို့ထင်နေလေသည်။ဒါကရယ်စရာအတွေးသက်သက်ပင်ဖြစ်လေသည်။
"ပေါလ်ချာလီ မင်းကငါ့ကိုအရှက်မရှိဘူးထင်တယ်ပေါ့ တကယ့်ဟာသပဲ။ မင်းရဲ့လုပ်ရပ်တွေနဲ့ယှဉ်ရင်တော့ ငါ့ဟာကရှက်စရာမဟုတ်ဘူး တကယ်ရှက်သင့်တာကမင်းပဲ"
"ငါတို့တရုတ်လူမျိုးတွေက ကိုယ့်ကျင့်တရားကိုအရမ်းအရေးထားတယ်။ ငါ့ကိုမင်းကအရှက်မရှိဘူးထင်တယ်ပေါ့ ငါ့ရဲ့ ခွန်အားရော လျင်မြန်မှုရောက မင်းကိုယှဉ်နိုင်တယ်ဆိုတာကိုပြရသေးတာပေါ့။"
ကျိုးဟောင်က ပြောပြီးနောက် ပြောင်းလဲခြင်းကိုးသွယ်အရှင်သခင်ကိုယ်ခန္ဓာနှင့်အတူ နတ်ဘုရားသတ်သိုင်းကို အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင်လှည့်ပတ်လိုက်လေသည်။ သူ့တိုက်ခိုက်ရေးစွမ်းရည်မှာလေးဆအထိတိုးမြင့်လာလေသည်။ဒီပမာဏက ပဉ္စမအဆင့်မူလပညာရှင်တယောက်နှင့်တိုက်ခိုက်နိုင်လေသည်။
ကျိုးဟောင်၏ခန္ဓာကိုယ်မှ စွမ်းအားကြီးမားသောအရှိန်အဝါများပေါက်ကွဲထွက်လာလေသည်။ သူ့လက်ကိုမြှောက်လိုက်ပြီး စွမ်းအားကြီးမားပြီးပြင်းထန်လှသော ဓားအကြီးကြီးတချောင်းကိုလေထုထဲတွင်ဖန်တီးလိုက်လေသည်။ထိုဓားကြီး၏ အရှိန်အဝါမှာ ပေါလ်အားတုန်လှုပ်သွားစေလေသည်။
ဒီပုံရိပ်ယောင်လောကတွင်သူတို့၏စွမ်းအားအကုန်လုံးအားထုတ်သုံးဖို့မဖြစ်နိုင်ပေ။ ဒ့ါအပြင် ရတနာပစ္စည်းများကိုလည်း သယ်ဆောင်လာလို့မရပေ။ ဒီပုံရိပ်ယောင်လောကထဲတွင် ကျင့်ကြံရေးနည်းစနစ်များကိုအားကိုးရမည်ဖြစ်သည်။
သို့သော်ကျိုးဟောင်မှာ ဒီလောက်စွမ်းအားကြီးသောတိုက်ခိုက်ရေးစွမ်းရည်ရှိမည်လို့မထင်ထားခဲ့ပေ။ ပေါလ်အနေဖြင့်ထိုဓားကြီးအားခုခံနိုင်ဖို့မဖြစ်နိုင်ပေ။
"ပေါလ် မင်းကငါ့ပြိုင်ဘက်မဟုတ်ဘူး။ ဒီပြိုင်ပွဲကိုအဆုံးသတ်ဖို့အချိန်တန်ပြီ"
ကျိုးဟောင်အနေဖြင့် ပေါလ်၏စွမ်းအားအားသဘောပေါက်သွားပြီဖြစ်သောကြောင့် အချိန်ဖြုန်းမနေချင်တော့ပေ။
"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါကဘာကြောင့်ရှုံးရတာလဲ"
ပေါလ်က ဒေါသတကြီးအော်ဟစ်ရင်း အားကုန်ထုတ်သုံးနေလေသည်။
"မင်းကပထမအဆင့်သာရှိသေးတဲ့မူလပညာရှင်တယောက်လေ ဒီလို စွမ်းအားမျိုးကိုဘယ်လိုထုတ်သုံးနိုင်ရတာလဲ မင်းကတကယ်ပဲပါရမီရှင်လား"
ပေါလ်မှာ ပြောဆိုနေရင်း ဓားအလင်းတန်းကြီးကသူ့အပေါ်ကျလာတာကိုငေးကြည့်နေလေသည်။ သူတတ်နိုင်တာဘာမှမရှိတော့ပေ။
ဓားအလင်းတန်းကြီးက သူ့ခန္ဓာကိုယ်အားပွတ်တိုက်ဖျက်စီးသွားပြီး သွေးအိုင်အဖြစ်ပြောင်းလဲသွားစေခဲ့သည်။ ထိုအချိန်မှာပဲ အပြင်ဘက်ရှိ ပုံရိပ်ယောင်အခန်းငယ်၏တံခါးမှာ ပွင့်လာပြီး ပေါလ်တယောက်သွေးပျက်နေသောမျက်နှာဖြင့်ထလာလေသည်။သူ့အနေဖြင့်ပုံရိပ်ယောင်လောကထဲတွင်ရှုံးနှိမ့်သွားခဲ့လေပြီ။
သို့သော်လည်း သူရှုံးသွားသည်ကိုမယုံကြည်နိုင်သေးပေ။
"မင်းရှုံးသွားပြီပေါလ်"
ကျိုးဟောင်လည်း သူ့ခေါင်းဆောင်းကိုချွတ်ပြီးထွက်လာကာပြောလိုက်လေသည်။ထိုအချိန်တွင် ကျိုးဟောင်၏ပုံရိပ်ယောင်အခန်းထဲမှာ ခံစားချက်မပါသောအသံတခုထွက်ပေါ်လာလေသည်။
"ကျိုးဟောင်အနိုင်ရရှိပါပြီ"
ပေါလ်၏မျက်နှာမှာဖြူဖျော့နေပြီး ကျိုးဟောင်အားသေချာစိုက်ကြည့်နေလေသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါဒီမှာနှစ်၀က်လောက်ကြိုပြီးလေ့ကျင့်ထားခဲ့တာ ပြီးတော့ငါကလည်းပါရမီရှင်တယောက်ဖြစ်ပြီး မင်းထက်ပိုသန်မာသေးတယ် ငါကဘယ်လိုလုပ်ရှုံးသွားရတာလဲ"
"ငါနေ့စဉ်နဲ့အမျှကျင့်ကြံအားထုတ်ခဲ့ပြီး တရက်လေးမှ မပျက်ကွက်ခဲ့ဖူးဘူး ငါ့ရဲ့ကျင့်ကြံဆင့်ရော တိုက်ခိုက်ရေးစွမ်းရည်ရောက အရည်အသွေးပြည့်မှီစွာနဲ့ တိုးတက်လာခဲ့တာ ဒါပေမဲ့ ငါရှုံးနိမ့်သွားတယ်။ မင်းလိုလူသစ်တယောက်ကိုတောင် အနိုင်မယူနိုင်သေးဘူးလား"
ပေါလ်တယောက်နားမလည်နိုင်ဖြစ်နေလေသည်။
"ဟဲဟဲ အဲ့အတွက်တော့အကြောင်းပြချက်မရှိပါဘူး။ မင်းကအားနည်းနေသေးလို့လေ အဲ့အချက်ကလွဲပြီး တခြားမရှိပါဘူး"
ကျိုးဟောင်ကပြုံးပြီးပြောလိုက်လေသည်။ သူကပေါလ်၏ဒေါသနှင့်တုန်လှုပ်မှုတို့အား ဂရုမစိုက်ပေ။ပေါလ်တယောက် ၁၀ဘီလီယံဆုံးရှုံးသွားခဲ့လေပြီ။ ဒါကနည်းသောပမာဏတခုတော့မဟုတ်ပေ။
ကျိုးဟောင်ကလည်း စိတ်ထဲတွင်ပေါလ်၏ခွန်အားကြောင့် စိတ်လှုပ်ရှားသွားခဲ့ရလေသည်။ တကယ်လို့သူ့သာ တတိယအဆင့်မူလပညာရှင်တယောက်ဖြစ်နေရင်တောင်မှ ပေါလ်အားအနိုင်ယူဖို့မလွယ်ပေ။
ပေါလ်၏အနောက်တိုင်းဓားသိုင်းက ပြည့်စုံလုနီးပါအထိကောင်းမွန်လေသည်။ တဖက်ရှိ ကျိုးဟောင်၏အရိပ်၇ချောင်းဓားသိုင်းကလည်း လိုက်ဖက်ညီမှု များပြားနေသောကြောင့် ပေါလ်၏အနောက်တိုင်းဓားသိုင်းအားယှဉ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကျိုးဟောင်အနေဖြင့် အက်ကွဲကြောင်းထဲတွင် သန္ဓေပြောင်းသားရဲများအား အလွယ်တကူသတ်နိုင်သော်လည်း သိုင်းပညာရှင်များနှင့်ယှဉ်တိုက်ရန်မူ မလွယ်ကူသေးပေ။
"ကြည့်ရတာ ငါ့ရဲ့ကျင့်ကြံရေးတွေကို ပိုပြီးနက်နက်ရှိုင်းရှိုင်းကျင့်ကြံဖို့လိုနေပြီပဲ။ အမြဲကြမ်းတမ်းတဲ့ငါ့ခွန်အားကိုပဲ အမှီပြုနေတာအဖြေတခုမဟုတ်သေးဘူး"
ကျိုးဟောင်မှာ ပြိုင်ပွဲတွင်အနိုင်ရလို့ပျော်နေသော်လည်း ထိုပြိုင်ပွဲအတွင်းရှိ သူ့၏စွမ်းဆောင်ရည်ကိုတော့ ကျေနပ်မှုမရှိသေးပေ။
လူအများအပြားကလည်း ထိုပြိုင်ပွဲအားလာကြည့်ကြလေသည်။ မူလအဆင့်နှစ်ယောက်က ၁၀ ဘီလီယံလောင်းကြေးထပ်ပြီး ပြိုင်သောကြောင့်ဖြစ်လေသည်။
ထိုနေရာတွင် ကောင်းကင်ဘုံအဆင့်၂ယောက်သာ ၁၀ဘီလီယံလောင်းကြေးထပ်ပြီး ပြိုင်ပါက ဘယ်သူမှ အရေးလုပ်ကြမည်မဟုတ်ပေ။သူတို့အားလုံးမှာ အပြင်ဘက်တွင်ရလဒ်အားစောင့်မျှော်နေကြလေသည်။
"ကျိုးဟောင်တယောက်ရှုံးမှာပဲ ဘာလို့ဆိုပေါလ်ရဲ့ အနောက်တိုင်းဓားက တကယ့်ကိုထိပ်တန်းပဲ။ ဒါ့အပြင်သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကလည်းကျိုးဟောင်ထက်မြင့်သေးတယ်။ ကျိုးဟောင်တော့အနိုင်ရဖို့ခက်မှာပဲ"
"ငါလည်းအဲ့လိုပဲထင်တယ် လခွမ်း ၁၀ဘီလီယံတောင်မှာ ဒီကောင်တကယ်တုံးတာပဲ"
"ဟဲဟဲ ဒီကောင့်လို အရှုံးသမားလေးတွေ ထပ်ရှိသေးရင်ကောင်းမယ်"
အနောက်တိုင်းသိုင်းပညာရှင်များက ပြိုင်ပွဲ၏ရလဒ်ကိုကြိုတွေးထားပြီးပြုံးနေကြလေသည်။ထိုအချိန်မှာပဲ ဟောခန်းတခုလုံး ကြေငြာချက်အသံတခုပျံ့လွင့်လာလေသည်။
"ကျိုးဟောင်အနိုင်ရရှိပါပြီ"
ထိုအသံအားကြားလိုက်သောအခါ အားလုံးအံ့ဩမှင်တက်သွားကြလေသည်။
....................................................................................
အခန်း (၄၆၆) ပြီးပါပြီ။
အခန်း (၄၆၇): အရှက်မဲ့ခြင်း
ထိုကြေငြာချက်ကိုကြားသူတိုင်း အံ့အားသင့်သွားကြလေသည်။အနောက်တိုင်း သိုင်းပညာရှင်အားလုံးမှာသူတို့နားကို သူတို့မယုံနိုင်ဖြစ်နေကြလေသည်။
ပေါလ်ချာလီတယောက် တကယ်ပဲရှုံးသွားခဲ့လေသလား။ အနောက်တိုင်းသိုင်းပညာရှင်များမှာ ပေါလ်ရှုံးသွားသည့်အပေါ်ဘယ်လိုမှ မယုံကြည်နိုင်ဖြစ်နေကြလေသည်။သို့သော် အမှန်တကယ်ပင် ဖြစ်ပျက်သွားခဲ့ပြီးလေပြီ။
"ဘာ...."
"ပေါလ်က ရှုံးသွားတယ်"
"ဘယ်....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒါဆို ကျိုးဟောင်က ၁၀ဘီလီယံရသွားတဲ့သဘောပေါ့"
အနောက်တိုင်းသိုင်းပညာရှင်များမှာ တုန်လှုပ်နေကြပြီး သူတို့မျက်လုံးများတွင်လည်း မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေလေသည်။
လော့လီနှင့်အခြားသူများမှာ အစကတုန်းကတော့ အလွန်စိတ်ပူနေကြပြီး အနောက်တိုင်းပညာရှင်များကဲ့သို့တည်ငြိမ်မနေနိုင်ဘဲ အလွန်စိတ်လှုပ်ရှားနေခဲ့ကြလေသည်။သို့သော်ကြေငြာချက်ကိုကြားလိုက်ရချိန်တွင် သူတို့အားလုံး အံ့အားသင့်သွားကြလေသည်။
"ကျိုးဟောင်တကယ်ကြီးနိုင်သွားတာလား"
"ဒါ ...ဒါက..."
သူတို့အားလုံးနားမလည်နိုင်ဖြစ်နေကြလေသည်။ အဘယ့်ကြောင့် ပထမအဆင့်က တတိယအဆင့်မူလပညာရှင်အားယှဉ်နိုင်ခဲ့သနည်း။
"ဟား ဟား ငါသိနေတယ်လေ ကျိုးဟောင်က မပြင်ဆင်ထားဘဲနဲ့ ပြိုင်ပွဲကိုလက်ခံမှာမဟုတ်ဘူးလို့"
စုန့်ခွင်းမှာ အလွန်ပျော်ရွှင်နေသောကြောင့် ရယ်မောနေလေသည်။
ထိုအချိန်မှာပင် ပုံရိပ်ယောင်အခန်း၏တံခါးပွင့်လာခဲ့ပြီး ပေါလ်တယောက်စိတ်ပျက်ပြီး အတွေးရှုပ်နေပုံဖြင့်ထွက်လာလေသည်။ ကျိုးဟောင်ကတော့ သူ့ဖုန်းအားကြည့်ပြီးထွက်လာလေသည်။
"ဂုဏ်ယူပါတယ် ဂျူနီယာမောင်လေး မင်းတကယ်အနိုင်ရသွားတာပဲ။ ဘယ်လိုလဲ ပိုက်ဆံရောရပြီလား"
ကျိုးဟောင်ထွက်လာသည်ကိုမြင်သောအခါ လော့လီ ကစုန့်ခွင်းနှင့်အခြားသူများကခေါ်ပြီး အနားသို့ရောက်လာလေသည်။
"ဟုတ်ကဲ့ စနစ်ကကြည့်ရတာ အလုပ်လုပ်တာမြန်တဲ့ပုံပဲ ပိုက်ဆံတွေကချက်ချင်းပဲရောက်လာတယ်"
ကျိုးဟောင်ကသူ့ဖုန်းပေါ်ရှိနံပါတ်များကိုကြည့်ရင်း ပြုံးပြီးပြောလိုက်လေသည်။
"ဂျူနီယာလေး မင်းကတကယ်အထင်ကြီးစရာပဲ။ စစ်နတ်ဘုရားတပ်ရင်းကို ခုမှ၀င်တာဆိုတာပေမဲ့ ၁၀ဘီလီယံရှာနိုင်ပြီပဲ ကျိုးဟောင် မင်း အများကြီးနိုင်ထားတာဆိုတော့ ဒီနေ့ငါတို့ကိုဒကာခံရမယ်"
လော့လီမှာအလွန်ပျော်ရွှင်နေလေသည်။
"အစ်မလော့လီ ကျွန်တော်နိုင်သွားရင်ဘာလုပ်ပေးမယ်ပြောထားလဲ မှတ်မိသေးလား"
ကျိုးဟောင်က မျက်စပစ်ပြရင်းပြောလိုက်သည်။
လော့လီလည်းခဏလောက်ကြောင်သွားပြီးနောက် ပြန်မေးလိုက်လေသည်။
"ငါဘာပြောခဲ့လို့လဲ"
"ကျွန်တော်နိုင်သွားလို့ရှိရင် တခုခုလုပ်ပြမယ်လို့ပြောထားတယ်လေ"
ကျိုးဟောင်ကသတိထပ်ပေးလိုက်သည်။သူ့စကားဆုံးသွားသောအခါ အခြားလူများက ပြန်မှတ်မိလာကြပြီး ရယ်မောကြလေသည်။ လော့လီတယောက်သာယခုထိမမှတ်မိသေးပေ။
"ငါ... ငါဘာပြောခဲ့လို့လဲ ငါဘယ်လိုများမေ့သွားပါလိမ့်"
လော့လီမှာ လုံး၀ကိုမမှတ်မိပေ။
"မင်းက ဂျူနီယာကျိုးအနိုင်ရခဲ့ရင် ကပြမယ်လို့ပြောထားတာလေ"
စုန့်ခွင်းက မနေနိုင်တော့ပဲ ပြောပြလိုက်လေသည်။သူ့စကားကြောင့်လော့လီမှာ မှင်တက်သွားလေသည်။
"ငါပြောခဲ့တာလား"
"ဒါပေါ့ ငါတို့အကုန်လုံးကြားခဲ့တယ်"
အားလုံးကတပြိုင်ထဲထောက်ခံလိုက်ကြလေသည်။
"အာ.... ဒါ ....ဒါက"
လော့လီမှာ ချက်ချင်းရှက်သွေးဖြာသွားလေသည်။သူမက ကျိုးဟောင်အား သတ္တိရှိစေလိုသောကြောင့် အားပေးစကားအနေနဲ့ပြောခဲ့ခြင်းဖြစ်ပြီး သူတို့အားလုံးမှတ်မိနေမယ်လို့မထင်ထားခဲ့ပေ။
"ကောင်းပြီ မောင်လေးကျိုးက အနိုင်ရသွားတယ်ဆိုမှတော့ မင်းပိုပျော်သွားရင်ကပြရမှာပေါ့ ဒါပေမဲ့ ငါတို့ကိုတော့ ဒကာခံရမယ်နော် မင်းက ၁၀ဘီလီယံတောင်နိုင်ခဲ့တာ"
လော့လီက ကျက်သရေရှိလှသောအပြုံးလေးဖြင့်ပြောလိုက်လေသည်။
"ဒါပေါ့ အားလုံးကြိုက်တာစားကြကျွန်တော်ရှင်းမယ် ကျွန်တော်က၁၀ဘီလီယံတောင်နိုင်ထားတာဆိုတော့ အေးဆေးပါ"
ကျိုးဟောင်ကပြောလိုက်လေသည်။
ဟွာရှားနှင့်တရုတ်သိုင်းပညာရှင်များမှာ ပျော်ရွှင်နေကြသော်လည်း အနောက်တိုင်းသိုင်းပညာရှင်များကတော့ခုထိပဟေဠိဖြစ်နေလေသည်။
"ပေါလ်ဘယ်လိုဖြစ်တာလဲ မင်းတကယ်ရှုံးသွားတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရွှေအိုရောင်ဆံပင်နှင့်လူကမေးလိုက်လေသည်။
"ဟုတ်တယ် မင်းသတိမဲ့ပြီး ဟိုစောက်ကောင်လေးကို အခွင့်အရေးသွားပေးလိုက်မိတယ်လို့တော့ငါ့ကိုမပြောနဲ့"
သူ့အနားတွင်ရပ်နေသော ရွှေအိုရောင်ဆံပင်နှင့်အမျိုးသမီးကလည်း မျက်မှောင်ကြုတ်ပြီးပြောလိုက်လေသည်။
"ငါ သတိမဲ့ခဲ့တာမဟုတ်ဘူး သူ့ကိုတကယ်ပဲအနိုင်မတိုက်နိုင်ခဲ့တာ ငါအင်အားကုန်ထုတ်သုံးခဲ့ပေမဲ့ အမြန်နှုန်းရော ခွန်အားမှာရော သူ့ကိုမယှဉ်နိုင်ခဲ့တာ"
ပေါလ်က စိတ်မချမ်းမြေ့ဖွယ်ပြောလိုက်လေသည်။ထိုစကားကြောင့်အားလုံးအံ့အားသင့်သွားကြလေသည်။
"ဘာ မင်းအနိုင်မတိုက်နိုင်လောက်တဲ့အထိအဲ့ကောင်စုတ်လေးက သန်မာတာလား"
သူတို့အားလုံးတုန်လှုပ်ပြီးမေးမိလိုက်ကြလေသည်။
"ဟုတ်တယ် အဲ့ကောင်ရဲ့ ကျင့်ကြံရေးနည်းစနစ်ကအရမ်းအားကောင်းလွန်းတယ်။ သူအဲ့ကျင့်စဉ်ကိုထုတ်သုံးလိုက်တာနဲ့ သူ့ခွန်အားကိုအဆများစွာတိုးမြှင့်နိုင်တယ်။ ဒါ့အပြင်သူ့ရဲ့အမြန်နှုန်းနဲ့ လှုပ်ရှားမှုတွေကလည်း အရမ်းထူးဆန်းတယ်။ သူ့ကိုငါ့ရဲ့အနောက်တိုင်းဓားသိုင်းနဲ့အနိုင်မယူနိုင်ခဲ့ဘူး အစထဲက ငါက သူ့အတွက်ဆပ်ကပ်ကမျောက်သာသာဖြစ်နေခဲ့တာ"
ပေါလ်ကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းပြောလိုက်လေသည်။သူအရမ်းဒေါသထွက်နေသော်လည်းဘာမှ မတတ်နိုင်တော့ပေ။
"ဟူး.... ဒီကောင်လေး ဒီလောက်ထူးခြားဆန်းကြယ်လိမ့်မယ်မထင်ထားခဲ့ဘူး။ မင်းဆုံးသွားပြီဆိုမှတော့ စိတ်အရမ်းအညစ်ခံမနေနဲ့တော့ပေါလ်။ငါတို့အဲ့ပိုက်ဆံကိုဘယ်လိုပြန်ယူကြမလဲဆိုတဲ့နည်းလမ်းကိုပဲစဉ်းစားကြတာပေါ့ ဒီကောင့်ကိုအလကားတော့မပေးလိုက်နိုင်ဘူး"
အနောက်တိုင်းပညာရှင်တယောက်ကပြောလာလေသည်။
ပေါလ်ကခေါင်းညိတ်ပြလိုက်လေသည်။ ပေါလ်တယောက်ရှုံးသွားပေမဲ့ သူတို့အားလုံးရှုံးသွားသည်လို့သတ်မှတ်လို့မရပေ။ ဒီနေ့ကစပြီးသူတို့တယောက်ပြီးတယောက် ကျိုးဟောင်အားစိန်ခေါ်သွားမည်လို့တွေးထားကြလေသည်။ ကျိုးဟောင်မှာ သူရဲဘောကြောင်ပြီး သူတို့စိန်ခေါ်မှုကိုလက်မခံဘဲနေမည်မဟုတ်ကြောင်းသူတို့တွေးထားကြလေသည်။
ကျိုးဟောင်တို့အဖွဲ့ မှာ စားသောက်ဆိုင်သို့သွားပြီးပျော်ရွှင်စွာစားသောက်ရန်ပြင်ဆင်နေချိန်တွင် အနောက်တိုင်းသိုင်းပညာရှင်များက သူတို့အားဝိုင်းထားလိုက်လေသည်။
"ဟမ်.... ဒါဘာလုပ်တာလဲ ပေါလ်ချာလီ အရှုံးသမားလေးကစိတ်ဆိုးနေတာလား။ ငါတို့ကိုတကယ်ဝိုင်းထားရဲတာပေါ့ တိုက်ခိုက်ချင်နေတာလားပြောစမ်း....."
လော့လီကဒေါသတကြီးပြောလိုက်လေသည်။
"မိန်းကလေးလော့ မင်းအထင်မှားနေပြီ။ ကျိုးဟောင်ရဲ့ခွန်အားကိုကြည့်ပြီး အရမ်းလေးစားမိပါတယ်။ ငါတို့လည်း ကျိုးဟောင်နဲ့အလောင်းအစားလေးလုပ်ချင်လို့ပါ။ ငါတို့နှစ်ယောက်လည်း ယှဉ်ပြိုင်ကြည့်ရအောင် ကျိုးဟောင်မင်းကြိုက်တဲ့အပေးအယူကိုပြောနိုင်တယ်။ "
ထိပ်ဆုံးက ဆံပင်ရွှေအိုရောင်နှင့်အမျိုးသားကပြောလာလေသည်။ပေါလ်က ထိုလူ၏နောက်တွင် ခက်ထန်သောအမူအရာနှင့်ရပ်နေလေသည်။ဒါကတကယ့်ကိုစိတ်၀င်စားဖို့ကောင်းလာလေသည်။ သာမန်ပြိုင်ပွဲအသေးလေးတခုကနေ အခုတော့ ဟွာရှားနှင့်အနောက်တိုင်းကြားပြိုင်ဆိုင်မှုဖြစ်လာလေပြီ။
"ငါလိုချင်တဲ့အရာကိုတောင်းဆိုနိုင်တယ်ပေါ့"
ကျိုးဟောင်က သူ့ရှေ့ရှိထိုအမျိုးသားအားကြည့်ပြီးမေးလိုက်လေသည်။
"ဒါပေါ့"
ထိုလူကလည်းပြန်ဖြေလိုက်သည်။
"ဘာကိုဒါပေါ့ဆိုပြီးလာပြောနေတာလဲ ခရစ်။ နင်တကယ်အရှက်မရှိတာပဲ။ အမှတ်ပေးဇယားမှာ အဆင့်၅၀အတွင်းရှိနေတဲ့လူက လူသစ်လေးကို မင်းကြိုက်ရာတောင်းဆိုနိုင်တယ်ဆိုပြီးလာစိန်ခေါ်နေတာလား။ နင်တို့ အနောက်တိုင်းပညာရှင်တွေမှာ အရှက်မရှိဘူးလား"
ထိုအခိုက်အတန့်မှာပဲ လော့လီက ၀င်ပြောလာလေသည်။ဒါ့အပြင်စုန့်ခွင်းကလည်း စိတ်မထိန်းနိုင်တော့ဘဲ စကားဝိုင်းထဲ၀င်လာလေသည်။
"ခရစ် တကယ်လို့ မင်းပြိုင်ချင်တယ်ဆိုရင် ငါနဲ့ပြိုင်မလား။မင်းလည်းကြိုက်ရာတောင်းဆိုနိုင်တယ် ဘယ်လိုသဘောရလဲ"
စုန့်ခွင်း၏စကားကြောင့် ခရစ်၏အမူအရာပျက်ယွင်းသွားလေသည်။ စုန့်ခွင်းမှာထိပ်ဆုံး၅ယောက်ထဲပါသောပညာရှင်တဦးဖြစ်ပြီး သူဘယ်လိုအနိုင်ယူနိုင်မည်နည်း။
သူသည်အခုမှ အဆင့်၅၀အတွင်းသာရှိပြီး ထိပ်သီး၅ယောက်စာရင်း၀င်ကျောင်းသားနဲ့ အဆင့်မှာ မိုးနဲ့မြေလိုကွာခြားလေသည်။အလောင်းအစားလုပ်ပြီးပြိုင်ပါကသူကျိန်းသေပေါက်ရှုံးမည်ဖြစ်လေသည်။
"ဟမ် စုန့်ခွင်း မင်းငါနဲ့ပြိုင်နေမယ့်အစား ထိပ်ဆုံးအဆင့်၁နဲ့ပြိုင်ပါလား "
ခရစ်စကားကြောင့် စုန့်ခွင်းက ထရယ်လေသည်။
"ဟားဟား ခရစ် မင်းစကားတွေက စိတ်၀င်စားစရာပဲ မင်းကကျ လူသစ်လေးနဲ့ပြိုင်ချင်ပြီး ငါ့ကိုကျ မင်းနဲ့ပေးမပြိုင်ဘူးပေါ့။ "
စုန့်ခွင်းက ဘာကိုမှကြောက်တတ်သူမဟုတ်ပေ။ဘယ်သူကမှ ထိပ်သီး၅ယောက်နှင့် မယှဉ်ပြိုင်လိုပေ။သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ စစ်နတ်ဘုရားတပ်ရင်း၏ ထိပ်တန်းများဖြစ်ကြလေသည်။
စုန့်ခွင်းစကားကြောင့် ခရစ်မှာအမူအရာပျက်ယွင်းသွားပေသည်။သို့သော်ကျိုးဟောင်၏အကြည့်များကသူ့ဆီသို့ရောက်နေလေသည်။
ကျိုးဟောင်၏အမူအရာမှာ အလောင်းအစားလုပ်ချင်နေပုံရလေသည်။ လော့လီနှင့်စုန့်ခွင်းမှာ ထိုအမူအရာကိုမြင်သောအခါ တုန်လှုပ်သွားလေသည်။ ဒီကောင်လေးကတကယ်ပဲ ခရစ်ကိုစိန်ခေါ်ချင်နေသလား။
ခရစ်မှာ အထွတ်အထိပ်မူလအဆင့်ပညာရှင်တယောက်ဖြစ်ပြီး ကောင်းကင်ဘုံအဆင့်တ၀က်ရောက်ရန်ခြေတလှမ်းသာလိုတော့သူဖြစ်လေသည်။
....................................................................................
အခန်း (၄၆၇) ပြီးပါပြီ။
အခန်း (၄၆၈): ချန်းယန်
သူတို့နှစ်ယောက်မှာ ကျိုးဟောင်ကပေါလ်ကို အနိုင်ယူနိုင်ခဲ့သည့်အပေါ်တွင် အံဩနေစဲဖြစ်ပြီး ကျိုးဟောင်က ခရစ်အားထပ်ပြီးစိန်ခေါ်လိမ့်မည်လို့မတွေးထားမိပေ။
ကံကောင်းထောက်မစွာဖြင့် ကျိုးဟောင်မှာ သူ့အကြည့်များကိုပြန်ရုတ်သိမ်းလိုက်ပြီး ပြုံးကာပြောလိုက်သည်။
"ဆောရီးပဲ ခရစ်။ အခုငါ့သူငယ်ချင်းတွေနဲ့သွားစားသောက်ကြမလို့ပါ။ တကယ်တောင်းပန်တယ်နော်"
ထိုသို့ပြောပြီးနောက် ကျိုးဟောင်က စုန့်ခွင်းနှင့်အခြားသူများနှင့်အတူထွက်သွားလေသည်။ယနေ့ ကျိုးဟောင်တယောက်၁၀ဘီလီယံအနိုင်ရခဲ့သောကြောင့် အားလုံးကပျော်ရွှင်နေကြလေသည်။ အဓိကတော့ ကျိုးဟောင်က သူတို့အားဂုဏ်ယူနိုင်အောင်လုပ်ပေးခဲ့ပြီး အနောက်တိုင်းသားများ၏ ဂုဏ်မောက်နေမှုကိုလည်း ချေဖျက်ပေးခဲ့လေသည်။
စားသောက်ပွဲတွင်လော့လီက စိတ်လှုပ်ရှားဖွယ်ကပြဖျော်ဖြေပေးလေသည်။လော့လီမှာတကယ့်ကိုစွဲမက်ဖွယ်ကောင်းအောင်လှပသူဖြစ်သောကြောင့် အမျိုးသားသိုင်းပညာရှင်များမှာ အရှုးအမူးအားပေးကြလေသည်။
သို့သော် သူမကိုတော့ မထီမဲ့မြင် မလေးမစားမပြုမူရဲပေ။ အဘယ့်ကြောင့်ဆို သူမသည် စစ်နတ်ဘုရားတပ်ရင်း၏အဆင့်သတ်မှတ်ချက် ၅၀အတွင်းရှိသော ပညာရှင်တယောက်ဖြစ်လေသည်။ဒါ့အပြင်သူမသည် စုန့်ခွင်း၏ကာကွယ်မှုအောက်တွင်ရှိသောကြောင့် ဘယ်သူမှမထီမဲ့မြင်မပြုရဲကြပေ။
ညစာစားပြီးနောက်သူတို့၃ယောက်မှာ ဗီလာသို့ပြန်လာကြလေသည်။ သူတို့ခြံ၀န်းထဲသို့၀င်လိုက်သောအခါ ကိုယ်ကျပ်၀တ်စုံကို၀တ်ဆင်ထားသည့် ဆံပင်အရှည်နှင့်လှပသောအမျိုးသမီးတဦးအားတွေ့လိုက်ရလေသည်။
ကျိုးဟောင်မှာခဏလောက်မှင်တက်သွားသည်ကို မြင်သောအခါ စုန့်ခွင်းကပြုံးပြီးပြောလေသည်။
" ကျိုးဟောင် မိတ်ဆက်ပေးရဦးမယ် ဒါက နည်းပြချန်းပဲ။ သူမက မင်းရဲ့ဆရာအနေနဲ့ရော နည်းပြအဖြစ်ရောနောက်၅နှစ်အထိသင်ပြပေးမယ့်သူပဲ"
ကျိုးဟောင်ထိုမိန်းမလှလေးအားကြည့်နေရင်း သူမ၏ပြီးပြည့်စုံလှသော ခန္ဓာကိုယ်အလှကြောင့်တုန်လှုပ်သွားလေသည်။ သူမ၏အလှမှာ ယွင်ယန် ၊လော့လီတို့နှင့်မတူပေ။ သူမ၏စက္ကူကဲ့သို့ပါးလျပ်သောခါးလေးနှင့် မို့မောက်နေသောတင် ကြောင့် အလွန်အမင်းဆွဲဆောင်မှုရှိလေသည်။သူမအလှကို စကားလုံးတလုံးတည်းနဲ့ဖော်ပြပါက "ရင်သပ်ရှုမောဖွယ်" လို့ထွက်လာမည်ဖြစ်ပေသည်။
သို့သော် ကျိုးဟောင်အနေဖြင့်မလေးမစားမပြုမူရဲပေ။သူမသည် သူ့နည်းပြဖြစ်သည့်အလျှောက်သေချာပေါက် စွမ်းအားကြီးမည်ဖြစ်သည်။
"ငါ့နာမည်က ချန်းယန် မင်းကို နောက်၅နှစ်အထိနည်းပြပေးမယ့်သူပဲ။ သဘောပေါက်လား"
ချန်းယန်က ကျိုးဟောင်အားကြည့်ပြီးပြောလိုက်လေသည်။
"နည်းပြချန်းကိုနှုတ်ဆက်ပါတယ်"
ကျိုးဟောင်က ဦးညွှတ်ပြီး အရိုအသေပေးလိုက်လေသည်။
"မင်းရဲ့ဓားရေးစွမ်းရည်ကမဆိုးဘူးလို့ငါကြားတယ်။ ငါ့နောက်လိုက်ခဲ့ပါ။ မင်းရဲ့ဓားရေးကိုစမ်းသပ်ကြည့်ချင်တယ်"
ချန်းယန်ကအချိန်ဆွဲမနေဘဲ ကျိုးဟောင်အားခေါ်ပြီး ဗီလာကထွက်လာလေသည်။ ကျိုးဟောင်မှာ ချန်းယန်နောက်မှလိုက်လာပြီး သူမ၏အရှိန်အဝါကြောင့်အံ့ဩနေမိလေသည်။
"နေ့ခင်းတုန်းကတကယ့်ကိုကြီးကြီးမားမားဖြစ်ပျက်သွားတာပဲ မင်းအနေနဲ့ပေါလ်ကိုအနိုင်ယူနိုင်လိမ့်မယ်လို့မထင်ထားခဲ့မိဘူး"
ချန်းယန်ကကျိုးဟောင်ဘက်သို့လှည့်ကြည့်ပြီးပြောလိုက်လေသည်။
"အဟမ်း.... ကျွန်တော်ကံကောင်းသွားလို့ပါ"
ကျိုးဟောင်က ချောင်းဟန့်ရင်းပြောလိုက်သည်။
"ဒါကံကောင်းလို့မဟုတ်ဘူး။ အောင်မြင်မှုတိုင်းကကံကောင်းပြီးဖြစ်လာတာမျိုးမဟုတ်ဘူး။ ဒါကသန်မာကြောင်းသက်သေပြနေတဲ့အကြောင်းအရင်းတွေပဲ။ မင်းအနေနဲ့သူ့ကိုအနိုင်ယူနိုင်တာက မင်းတကယ်သန်မာလို့ပဲ။ ငါသိသလောက်တော့ပေါလ် အနောက်တိုင်းဓားသိုင်းကိုကျွမ်းကျင်လှသူတဦးပဲ။ ဒါပေမဲ့သူက အရမ်းတော့မသန်မာသေးဘူး။ တကယ်လို့ သူကောင်းကင်ဘုံအဆင့်ရောက်လာရင်တော့ သူ့ရဲ့ဓားသိုင်းကအရည်အသွေးပြည့်မှီလာလိမ့်မယ်။ သို့ပေမဲ့ မင်းကသူ့ကိုအနိုင်ယူနိုင်တယ်ဆိုတော့ မင်းကသူ့ထက်ပိုသန်မာတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ"
ချန်းယန်က တည့်တိုးပြောကြားရင်း ကျိုးဟောင်အားလေ့ကျင့်ရေးကွင်းဆီသို့ခေါ်လာလေသည်။
"မင်းရဲ့ဓားသိုင်းကသူနဲ့ယှဉ်နိုင်ရုံဆိုပေမဲ့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည် ၊ကျင့်ကြံရေးနည်းစနစ် နဲ့ လျင်မြန်မှုတွေကတော့ သူ့ထက်သာလိမ့်မယ်။ မင်းဒီနေ့သူ့ကိုအနိုင်ယူရာမှာသုံးခဲ့တဲ့နည်းစနစ်ကိုသုံးကြည့်စမ်းပါ ငါတချက်လောက်ကြည့်ချင်လို့"
ချန်းယန်မှာ ၆ဆင့်မြောက် ကောင်းကင်ဘုံအဆင့်ပညာရှင်တဦးဖြစ်ပြီး ကျိုးဟောင်အနေနှင့်သူမအား မယှဉ်နိုင်ပေ။
သူမငယ်ရွယ်နုပျိုနေရသည်မှာလည်း စွမ်းအင်အနှစ်သာရအားအသုံးပြုပြီး သူမ၏ငယ်ရွယ်မှုကိုထိန်းထားသောကြောင့်ဖြစ်လေသည်။
ဒါ့ကြောင့်သိုင်းလောကထဲတွင် အလှပဂေးလေးများစွာရှိပေသည်။ သာမန်သိုင်းပညာရှင်အမျိုးသမီးများတောင်မှ သူမ၏သွေးအနှစ်သာရစွမ်းအင်ကိုအသုံးပြုပြီး ပြီးပြည်စုံလှနီးပါးအလှတရားကိုဖန်တီးနိုင်ကြလေသည်။ သို့သော် လှပသောအမျိုးသမီးတိုင်းတော့ငယ်ရွယ်အောင်မစွမ်းဆောင်နိုင်ကြပေ။ တကယ့်ကိုစွမ်းအားကြီးသောအမျိုးသမီးများသာတတတ်နိုင်သည့်ကိစ္စဖြစ်လေသည်။
ကျိုးဟောင်မှာ အသက်၀၀ရှူသွင်းလိုက်ပြီး သူ့၏ဓားကိုဆွဲထုတ်လိုက်လေသည်။
"ဆရာမ ကျွန်တော်တိုက်ခိုက်တော့မယ်နော်"
"အိုကေ စကြတာပေါ့"
ချန်းယန်ကဂရုမစိုက်သလိုပင်ပြန်ပြောလိုက်သည်။
ကျိုးဟောင်ကတုံ့ဆိုင်းမနေဘဲ အရိပ်ဓား၇ချောင်းအားတန်းသုံးလိုက်လေသည်။သူ၏စွမ်းအားကြီးသောကျင့်ကြံရေးနည်းစနစ်က အလင်းတန်းကြီးခုကိုဖန်တီးလိုက်ပြီး ချန်းယန်ဆီသို့ဦးတည်လိုက်လေသည်။
သူမ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများနှင့်ပြည့်နှက်သွားလေသည်။
"မင်းရဲ့ကျင့်ကြံရေးနည်းစနစ်ကဒီလောက်ထူးခြားဆန်းကြယ်လိမ့်မယ်လို့မထင်ထားမိဘူး။ မင်းရဲ့ဓားသိုင်းကအကြမ်းထည်ပဲရှိသေးပေမဲ့ တကယ့်ကိုကောင်းမွန်တာပဲ။ မဆိုးဘူး ...မဆိုးဘူး ဒါ့ကြောင့်ကျောက်ရိဖန်ကငါ့ကိုမင်းကိုသင်ကြားပေးဖို့တောင်းဆိုခဲ့တာနေမယ်။ မင်းကတကယ့်ကိုပျိုးထောင်ဖို့ထိုက်တန်သူပဲ"
ချန်းယန်ကပြုံးပြီး ပြောလိုက်လေသည်။ ထို့နောက် သူမ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ စွမ်းအားကြီးသောအရှိန်အဝါတခုပေါ်ထွက်လာပြီး ဓားအလင်းတန်းကြီးအားတားဆီးလိုက်လေသည်။
ကျိုးဟောင်မှာ ချန်းယန်ကိုကြည့်ရင်း စီနီယာကျောက်ရိဖန်က သူမကိုစေလွှတ်ခဲ့ကြောင်းသဘောပေါက်လိုက်လေသည်။
"နည်းပြချန်းကရော လေနတ်ဘုရားအဖွဲ့ကပဲလား"
ကျိုးဟောင်က သိချင်စိတ်ဖြင့်မေးလိုက်လေသည်။
"မဟုတ်ဘူး ငါက စစ်နတ်ဘုရားတပ်ရင်းရဲ့ နည်းပြတယောက်ပဲ အဖွဲ့လေးဖွဲ့ထဲကတဖွဲ့ဆီကမှမဟုတ်ဘူး"
ချန်းယန်ကခေါင်းခါရင်းပြောလိုက်လေသည်။
"ကျိုးဟောင်.. ကျောက်ရိဖန်က မင်းကိုဘာလို့နည်းပြပေးဖို့တောင်းဆိုခဲ့လဲသိလား"
ရုတ်တရက်ချန်းယန်ကမေးလာလေသည်။ကျိုးဟောင်တယောက်တကယ့်ကိုမသိသောကိစ္စဖြစ်လေသည်။ ချန်းယန်ကပြုံးလိုက်ပြီး သူမ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ လက်ထဲတွင်ဓားတချောင်းပေါ်လာလေသည်။
"ငါလည်း ဓားကိုအသုံးပြုသူတယောက်ဖြစ်လို့ပဲ။ ကျောက်ရိဖန်က မင်းရဲ့ဓားသိုင်းမှာ အကြမ်းထည်ပဲရှိသေးကြောင်းသဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ ငါ့အထင်တော့ မင်းကတကယ့်ကိုကောင်းမွန်တဲ့အနေအထားရောက်နေပါပြီ။ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ကောင်းတဲ့ဓားသိုင်းကိုပိုင်ဆိုင်ထားတာတကယ့်အံ့ဖွယ်ပဲ။ မင်းသာ အဲ့ဓားသိုင်းကိုကျွမ်းကျင်သွားရင် သာမန်ထက်ပိုတဲ့အဆင့်ကိုရောက်သွားလိမ့်မယ်"
"ငါက လက်ရှိအဆင့်ကိုမရောက်ခင်ဟိုးအနှစ်နှစ်ဆယ်ကျော်လောက်ထဲက ဓားသိုင်းကိုလေ့ကျင့်ခဲ့တာ"
ချန်းယန်ကပြောနေရင်းနှင့်ပင် ကျိုးဟောင်အားကောင်းကင်မျှော်စင်ထဲသို့ခေါ်ဆောင်သွားလေသည်။ထို့နောက်သူမက မြေဆွဲအားလေ့ကျင့်ရေးအခန်းအားဖွင့်လိုက်လေသည်။
" ငါတို့ရဲ့ဓားရေးကိုလေ့ကျင့်ဖို့ တိုက်ရိုက်လေ့ကျင့်ရေးအခန်းတွေတော့မရှိဘူး။ ကံကောင်းစွာနဲ့ငါတို့မှာမြေဆွဲအားလေ့ကျင့်ရေးအခန်းတော့ရှိတယ်။ ဒါကလေ့ကျင့်ဖို့အတွက် အကောင်းဆုံးနေရာပဲ"
ချန်းယန်ကစကားပြောရင်းနှင့်ပင် မြေဆွဲအားအခန်း၏ဆွဲငင်အားကို ၁၀ဆအထိတိုးမြှင့်လိုက်လေသည်။ယခုထိုအခန်းထဲတွင် တစ်ကီလိုဂရမ်ရှိသောအရာက ၁၀ကီလိုဂရမ်ဖြစ်သွားသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။
"ဆွဲငင်အားကိုခံစားကြည့်ပါ။ မင်းခန္ဓာကိုယ်က ဒီဆွဲငင်အားကိုတဖြေးဖြေးအသားကျလာလိမ့်မယ်။ ဒါကကိုယ်ခန္ဓာကြံ့ခိုင်ရေးလေ့ကျင့်ခန်းနဲ့တူတယ်။မင်းအစပိုင်းမှာ ၁၀ကီလိုဂရမ်သာမနိုင်လိမ့်မယ် ဒါပေမဲ့နောက်ပိုင်းတော့ ၂၀ ဒါမှမဟုတ် ၃၀ကီလိုဂရမ်အထိမ နိုင်လာလိမ့်မယ်"
"ဒါကမြေဆွဲအားလေ့ကျင့်ရေးအခန်းရဲ့အလုပ်လုပ်ပုံပဲ။ ငါတို့ခန္ဓာကိုယ်မှာ ဖြစ်နိုင်ချေအလားအလာများစွာရှိတယ်။ တဖြေးဖြေးမင်းအသားကျလာတာနဲ့ မင်းခန္ဓာကိုယ်က ထိုအရာတွေကိုတဖြေးဖြေးမှတ်မိလာလိမ့်မယ်"
"ဒါ့အပြင် ကျင့်ကြံရေးတွေကိုလည်း ပုံမှန်ထက်အားတ၀က်ပဲစိုက်ထုတ်ပြီးကျင့်ကြံရုံနဲ့ ရလဒ်က၂ဆအထိဖြစ်လာနိုင်တယ်။ဒါကကျင့်ကြံရေးကိုအရှိန်မြှင့်ပေးနိုင်တဲ့အကောင်းဆုံးနေရာတခုပဲ"
"အခု ငါက ဒီအခန်းရဲ့အနည်းဆုံးဆွဲငင်အားကို ၁၀ဆအထိတိုးမြှင့်ထားတယ် မင်းဘယ်လိုခံစားရလဲ"
ချန်းယန်က ကျိုးဟောင်ကိုကြည့်ရင်းပြောပြနေလေသည်။
ကျိုးဟောင်မှာ သူ၏ခန္ဓာကိုယ်အားဆွဲဆန့်နေသလိုခံစားရလေသည်။ သူ့ခန္ဓာကိုယ်မှာ သာမန်ထက်၁၀ဆလောက်ပိုလေးလာသော်လည်း သူတောင့်ခံနိုင်သေးလေသည်။ ဒီမြေဆွဲအားလေ့ကျင့်ရေးအခန်းကတကယ့်ကိုစိတ်၀င်စားစရာပင်ဖြစ်သည်။
"ငါတို့လူသားမျိုးနွယ်ရဲ့ အသန်မာဆုံးသူ တောင့်ခံနိုင်ခဲ့တာ အမြင့်ဆုံးဆွဲငင်အားကဘယ်လောက်လဲသိလား"
ချန်းယန်ကမေးလိုက်သည်။
"ဘယ်လောက်လဲ"
ကျိုးဟောင်လည်းမသိသောကြောင့်ပြန်မေးလိုက်လေသည်။
"ကမ္ဘာဂြိုလ်ဆွဲငင်အားရဲ့အဆ၁၀၀၀ပဲ"
ချန်းယန်၏စကားကြောင့်ကျိုးဟောင်မှာတုန်လှုပ်သွားလေသည်။
"အဆ၁၀၀၀.... ဒါ...ဒါက..."
ကျိုးဟောင်၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေလေသည်။
"ဟုတ်တယ် ကမ္ဘာကြီးဆွဲငင်အားရဲ့အဆ၁ထောင်ပဲ။ ငါတို့စစ်နတ်ဘုရားတပ်ရင်းရဲ့အသန်မာဆုံးသူက အဲ့ပမာဏကိုတောင့်ခံနိုင်ခဲ့တာပဲ။ အဲ့လူက အဲ့ဆွဲငင်အားအောက်မှာ သူ၏ခွန်အားတွေကိုသာမန်အတိုင်းအသုံးပြုနိုင်ခဲ့တယ်။ ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်လဲ"
....................................................................................
အခန်း (၄၆၈) ပြီးပါပြီ။