အခန်း (၄၇၅-၄၇၇)
Vol. 32 Ch. 475-477
အခန်း (၄၇၅) : အစီရင်ခံခြင်း
ဤအဆင့်အားကြည့်ပြီး အားလုံးမှာကြက်သေသေသွားကြသည်။
သူတို့၏မျက်လုံးများမှပြူးကျယ်နေပြီး မျက်စိရှေ့ရှိမြင်ကွင်းအားမယုံနိုင်သောအမူအရာများဖြင့်ကြည့်နေကြပေသည်။
ထိပ်ဆုံးအဆင့် ၁၀၀
ဤအဆင့်သည် တစ်လအတွင်းတွင်ဖြစ်သည်။
"ဒါဘာလဲ"
ချက်ချင်းဆိုသလိုပင် အားလုံးမှာကျိုးဟောင်၏အဆင့်အသစ်အားသိသွားကြသည်။
မူလကတိတ်ဆိတ်နေခဲ့သောအဆင့်သတ်မှတ်ချက်များမှာ ကျိုးဟောင်၏အဆင့်ပြောင်းလဲမှုကြောင့် ချက်ချင်းပင်လှုပ်ရှားလာပြီဖြစ်ပြီး အားလုံးမှာထိုမြင်ကွင်းအားကြည့်ပြီး အလွန်ထိတ်လန့်နေကြပေသည်။ ပေါလ်သည်လည်း ဤသတင်းအားသိပြီးပြီဖြစ်သည်။
"ဒါ.....ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ခရစ်မှာအံ့သြတကြီးထရပ်လိုက်ပြီး မျက်နှာပြင်အားစိုက်ကြည့်နေပေသည်။ အဆင့်များအားကြည့်နေရင်းခေါင်းထဲတဝီဝီမြည်နေသလိုပင်ခံစားလိုက်ရပေသည်။ ပေါလ်သည်ပိုဆိုးပေသည်။ ကျိုးဟောင်တစ်လအတွင်း အဆင့် ၁၀၀ ထဲဝင်ခြင်းသည်မည်သည့်အဓိပ္ပာယ်ပါနည်း။ အဓိပ္ပာယ်မှာကျိုးဟောင်သည် အကန့်အသတ်မဲ့သောအလားအလာရှိပြီး အဖွဲ့အစည်းပေါင်းများစွာမှပစ်မှတ်ထားကြမည်ဟူသော သဘောပင်ဖြစ်သည်။ သူတို့သည် ကျိုးဟောင်အားအဖွဲအစည်းအတွင်းဆွဲခေါ်နိုင်ရန် အစွမ်းကုန်အားထုတ်ကြမည်ဖြစ်သည်။ စင်စစ်တွင် ကျိုးဟောင်၏လက်ရှိတန်ဖိုးမှာ ထိပ်ဆုံးအဆင့် ၅၀ ရှိလူများဖြင့်ပင်ယှဥ်နိုင်ပေသည်။ ဤစကားသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
တစ်လအတွင်း ထိပ်ဆုံးအဆင့် ၁၀၀ အတွင်းဝင်နိုင်သော သိုင်းပညာရှင်မှာ အဖွဲ့အစည်းပေါင်းများစွာအတွက် အလွန်ရေပန်းစားပေသည်။ အကြောင်းမှာ ဤအဖွဲ့အစည်းများသည် ကျိုးဟောင်မည်မျှအလားအလာရှိကြောင်းမြင်လိုက်ရ၍ဖြစ်သည်။ သူသည် ထိပ်ဆုံးအဆင့် ၅ ယောက်ထဲပင်ပါနိုင်ပေသည်။
"ဒါ......ဒါကတကယ်မယုံနိုင်စရာပဲ ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ပေါလ်သည်ထိတ်လန့်နေခဲ့သည်။ အခြားလူများမှာကျိုးဟောင်အားမကျေမချမ်းမဖြစ်သော်ငြား သူသည်မကျေနပ်ပေ။ ၁၀ ဘီလီယံကြောင့် သူသည်ကျိုးဟောင်အားလုံးဝအခဲမကျေနိုင်ပေ။ ကျိုးဟောင်သည်ဤမျှလောက်တော်နေပြီဆိုကတည်းက သူ၏အသက်သည် အန္တရာယ်ရှိနေပြီဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။
"ငါမယုံဘူး ငါမယုံဘူး ကျိုးဟောင်သေချာပေါက်လိမ်နေတာ ငါသူ့ကိုတိုင်ရမယ်"
ခရစ်သည်လည်းအေးဆေးရပ်မနေနိုင်ဘဲ ဖိအားများနေပေသည်။
"ဟုတ်တယ် သူသေချာပေါက် လိမ်နေတာပဲဖြစ်ရမယ်''
ပေါလ်မှာချက်ချင်းပင်ခေါင်းညိတ်ကာပြောလာခဲံ့သည်။ သူလည်းကျိုးဟောင်တကယ်ပင် အောင်မြင်နိုင်မည်ဟုမယုံပေ။
"သူကောင်းကင်မျှော်စင်ကိုလုံးဝသွားပြီးစိန်မခေါ်ဘူးလို့ ငါထင်တယ် သူသေချာပေါက်တခြားသူတွေနဲ့တိုက်တာဖြစ်ရမယ် တကယ်လို့ သူတခြားသူတွေကိုတမင်အမှတ်တွေလျှော့ပေးခိုင်းရင် သူထိပ်ဆုံး ၁၀၀ ထဲရောက်မှာပဲ ဒီလိုပဲဖြစ်ရမယ်"
"ဒီနေ့ကအင်္ဂါနေ့ သန္ဓေပြောင်းသားရဲတွေကိုလည်းလုံးဝအမဲလိုက်လို့မရဘူး ဒါကသာသူအမှတ်ရမဲ့နည်းလမ်းပဲ သေချာပေါက်အဲဒီလိုပဲဖြစ်ရမယ် ငါအခုပဲသူ့ကိုသွားတိုင်မယ်"
ထိုအချိန်တွင်ခရစ်မှာကြက်သေသေနေပေသည်။ စကားတစ်ခွန်းမှမဆိုဘဲ ဆက်သွယ်ရေးကိရိယာအားထုတ်ကာ စစ်နတ်ဘုရားတပ်ရင်း၏စုံစမ်းရေးဌာနအားဆက်သွယ်လိုက်သည်။ ဆက်သွယ်မှုအားချိတ်ဆက်ပြီးနောက် ခရစ်မှချက်ချင်းပင်ပြောလိုက်သည်။
"ဟယ်လို ကျောင်းသားခရစ် ဘာများတိုင်ကြားချင်လို့ပါလဲ"
တစ်ဖက်မှဖြေဆိုသူမှာ လူဖန်တီးထားသော ၕည့်သည်ဝန်ဆောင်မှုဖြစ်သည်။
"ကျွန်တော်ကျောင်းသားကျိုးဟောင်ကို တိုင်ကြားချင်လို့ပါ သူကမသင့်တော်တဲ့နည်းလမ်းတွေနဲ့ အမှတ်တွေကိုစုဆောင်းနေပါတယ်"
ခရစ်မှာဘာကိုမှဂရုမစိုက်တော့ဘဲ ကျိုးဟောင်အားချက်ချင်းပင်စွပ်စွဲလိုက်သည်။ တစ်ဖက်တွင် ဝန်ဆောင်မှုစနစ်မှာခေတ္တမျှစဥ်းစားနေပြီးနောက်ပြောလာခဲ့သည်။
"တောင်းပန်ပါတယ် ကျောင်းသားခရစ် ကျွန်မတို့စစ်ဆေးပြီးပါပြီ ကျိုးဟောင်ကလိမ်ညာခဲ့ခြင်းမရှိပါဘူး"
"သူမလိမ်ဘူးလား ဒါဆိုသူ့အမှတ်ကဘယ်လိုတိုးသွားတာလဲ သူကောင်းကင်မျှော်စင်စိန်ခေါ်မှုမှာအောင်မြင်ခဲ့တယ်လို့တော့မပြောနဲ့ မယုံဘူးတစ်လအတွင်းမှာ ကောင်းကင်မျှော်စင်ကို ၅ကြိမ်အောင်မြင်အောင်စိန်ခေါ်နိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ"
"သူသေချာပေါက်တစ်ခုခုကို ဖုံးကွယ်ထားတာပဲဖြစ်ရမယ်"
ထိုအချိန်တွင် ခရစ်မှအော်ပြောလာခဲ့သည်။ ဝန်ဆောင်မှုပေးသောစနစ်မှာသက်ပြင်းချကာပြောလာခဲ့သည်။
"ကျောင်းသားကျိုးဟောင်စိန်ခေါ်မှုကိုဘယ်လိုအောင်မြင်ခဲ့လဲဆိုတာကိုတော့ ကျွန်မတို့လည်းမသိပါဘူး ဒါပေမဲ့ ကျောင်းသားပြောတာအမှားဆိုတာကိုတော့ကျွန်မတို့အတည်ပြုပြီးပါပြီ အဲဒါကြောင့် ကျောင်းသားရဲတိုင်ကြားမှုကအကျုံးမဝင်ပါဘူး"
တူ တူ တူ
တစ်ဖက်ရှိဝန်ဆောင်မှုစနစ်မှာချက်ချင်းပင်ဖုန်းချသွားခဲ့သည်။ ခရစ်မှာထိုစကားအားကြားပြီးဆိုဖာပေါ်ထိုင်ချမိလိုက်သည်။
"ဘယ်......ဘယ်လိုဖြစ်နိုင်မှာလဲ"
ယခုပင်ခရစ်မှာကျိုးဟောင်လုပ်နိုင်သည်ဟူသောအချက်အားမယုံကြည်ပေ။ ဤကိစ္စသည်လုံးဝအဓိပ္ပာယ်မရှိပေ။ ခရစ်မှာစတင်ပြီးကြောက်လာပြီဖြစ်သည်။ အကြာကြီးနေပြီးနောက် ပေါလ်အားကြည့်ကာသက်ပြင်းချလိုက်သည်။
" ပေါလ် ဒီနေ့ကစပြီး ငါတို့ကျိုးဟောင်နဲ့တွေ့ရင်ရှောင်သွားရမယ်"
ခရစ်၏စကားဆုံးသည်နှင့် ပေါလ်မှာအဓိပ္ပာယ်အားအံ့သြသွားခဲ့သည်။ တစ်လအတွင်း ထိပ်ဆုံး ၁၀၀ အတွင်းသို့ဝင်ခြင်းသည် အလွန်ကြောက်စရာကောင်းလှပေသည်။ တစ်ချိန်တည်းမှာပင် အမှတ်စာရင်း၏ရှေ့တွင်ရှိနေသောကျောင်းသားများမှာ ထိတ်လန့်သွားခဲ့သည်။
"ကျိုးဟောင်ရဲ့နာမည်ကသေချာပေါက် အထက်လူကြီးတွေကြားထဲနာမည်ကြီးသွားမှာပဲ"
"ဟုတ်တယ် ကျိုးဟောင်ကတစ်ချက်တည်းနဲ့အားလုံးကိုလန့်သွားစေတာ သူအခုသေချာပေါက်ချမ်းသာတော့မှာ ပထမလမှာတင်ထိပ်ဆုံးအယောက် ၁၀၀ ထဲဝင်တဲ့လူက ငါတို့စစ်နတ်ဘုရားတပ်ရင်းမှာ ၃ယောက်ပဲရှိတယ် ပြီးတော့ဒီလိုကိစ္စမျိုးဖြစ်ခဲ့တဲ့နောက်ဆုံးအချိန်က လွန်ခဲ့တဲ့နှစ် ၂၀ကပဲ".
"ဒါပေမဲ့ ဒီတစ်ခါမတူဘူး ကျိုးဟောင်ကပထမအဆင့်မူလပညာရှင်"
အားလုံးမှာထိတ်လန့်နေရင်း ပြင်ပရှိသတင်းအဖွဲ့အစည်းများမှာလည်း အုတ်အော်သောင်းနင်းဖြစ်နေကြသည်။
"သေစမ်း မြန်မြန် ငါ့မိသားစုကိုဖုန်းခေါ်ပြီးအဖွဲ့အစည်းကိုပြော မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ငါိကိုယ်တိုင်ပြောမယ်"
"ကျိုးဟောင်ကတော်လိုက်တာ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ဒီအဆင့်တောင်ရောက်နေပြီ မြန်မြန်သူဌေးကိုဆက်သွယ်လိုက်"
"ဖုန်းခေါ်ပေး စစ်တပ်ကိုဖုန်းခေါ်"
မိသားစုကြီးများ၊ သီးသန့်အဖွဲ့အစည်းများသာမက နိုင်ငံတကာအဖွဲ့အစည်းများပင် သတင်းအားကြားကာထိတ်လန့်နေကြသည်။
ကျိုးဟောင်မှာပထမမြောက်မူလအဆင့်ပညာရှင်တစ်ယောက်သာဖြစ်သည်။ ကျင့်ကြံရေးလောကတွင် သူသည်ယခုမှအရွယ်ရောက်စလူငယ်တစ်ယောက်ဖြစ်ပြီး အပြည့်အဝအရွယ်မရောက်သေးပေ။ သို့သော်လက်ရှိအချိန်တွင် သူသည်တစလအတွင်း ထိပ်ဆုံးအယောက် ၁၀၀ ထဲဝင်နိုင်ခဲ့ပေရာ ဤအခြေအနေသည်ထိတ်လန့်စရာကောင်းလှသည်။
သို့သော် ရှုလင်မှာဤကိစ္စအားချက်ချင်းမသိပေ။
မူလကသူမသည်ဤကိစ္စကိုသာအာရုံစိုက်လိုသော်လည်း သူမ၏ညီအစ်မများမှာရုတ်တရက်ပေါ်လာခဲ့သည်။
သူမတို့သည်လည်းမိန်းမလှလေးများဖြစ်ကြသည်။
ရှုလင်သည်မူလက စစ်နတ်ဘုရားတပ်ရင်း၏အဆင့်အားစောင့်ကြည့်လိုသော်ငြား သူမတို့ရောက်လာချိန်တွင်ဆက်မကြည့်နိုင်တော့ပေ။
"ညီမ(၂) ဘာလုပ်နေတာလဲမင်းရဲ့ကျိုးဟောင်အကြောင်းစဉ်းစားနေတာလား"
အကွဲပါသည့်စကတ်အားဝတ်ဆင်ထားသည့်မိန်းကလေးမှာပါးစပ်အားလက်ဖြင့်အုပ်ကာတခစ်ခစ်ရယ်ရင်းမေးလိုက်သည်။
"အစ်မကြီး အစ်မ (၂) ကိုမစနဲ့ သူသေချာပေါက်လူကြီးမင်းကျိုးဟောင်အကြောင်းစဉ်းစားနေတာပဲပေါ့"
နောက်ထပ် ချစ်စဖွယ်ကောင်းသည့်မိန်းကလေးတစ်ဦးမှာလည်း ရယ်ရင်းပြောလာခဲ့သည်။
"နင်တို့ရောက်တာနဲ့ငါ့ကိုမစလို့ရမလား ဒီလောက်နောက်ကျနေပြီ ဘာလို့လာကြတာလဲ"
ရှုလင်မှာသူမတို့နှင့်တွေ့ရချိန်တွင်ဝမ်းသာပြီး ပြုံးကာမေးလိုက်သည်။
"ဒီတိုင်းပျင်းလို့လေ ဟုတ်သားပဲ ညီမ(၂) ပြောပြရဦးမယ် နင့်ကိုလိုက်ဖို့အဲဒီသခင်လေးလုံအော့ထျန်းက လုံးဝမလွယ်ဘူးနော် ငါ့ကိုလည်းပရောပရီလာလုပ်နေတယ် ဟင်း......သူ့ကိုဖြေရှင်းနေရတာလည်းစိတ်ကုန်လာပြီ"
ခြေတံရှည်ရှည်နှင့်မိန်းမလှလေးမှ စိတ်ညစ်နေသည့်ဟန်ဖြင့်ပြောလာသည်။
"အစ်မကြီး နောက်တစ်ခါသူ့ကိုငြင်းသာငြင်းလိုက် အခုအစ်မ(၂) ခေါင်းထဲရှိတာဆိုလို့ လူကြီးမင်းကျိုးဟောင်ပဲရှိတယ် ဘာလုံအော့ထျန်းလဲ ဘာမှမဟုတ်ဘူး"
ချစ်စရာကောင်းသောမိန်းကလေးမှ နှာခေါင်းရှုံ့ကာပြောလိုက်သည်။
တစ်ဖက်တွင်ရှုလင်မှာထိုစကားအားနားထောင်ပြီး အလွန်စိတ်ညစ်နေခဲ့သည်။ ဤလုံအော့ထျန်းသည်တကယ်ကိုလူပွေဖြစ်သည်။ သူမ၏အစ်မကိုပင်ပရောပရီလုပ်နေပေရာ အတော်တရားလွန်နေပြီဖြစ်သည်။
"အစ်မနောက်ကို လုံအော့ထျန်းအစ်မကိုလာရှာရင်ဂရုမစိုက်နဲ့"
ရှုလင်မှ ချက်ချင်းပင်ပြောလိုက်သည်။
"ငါဘယ်လိုလုပ်ရဲမှာလဲ နင်မသိတာလည်းမဟုတ်ဘူး...သူကလုံမိသားစုရဲ့အငယ်ဆုံးသခင်လေး ငါတို့မိသားစုရဲ့စီမံကိန်းကလုံမိသားစုအပေါ်မူတည်နေသေးတယ် အဲဒါကြောင့်အပေါ်ယံဟန်ဆောင်ပြီးသည်းခံနေရုံပဲတတ်နိုင်တယ်"
ခြေတံရှည်နှင့်မိန်းမလှလေးမှာအတော်လေးရှက်ရွံ့နေပြီး မတတ်နိုင်သည့်ပုံဖြင့်ရှုလင်အားပြောလာခဲ့သည်။
ထိုအချိန်တွင်ရှုလင်၏ဆက်သွယ်ရေးကိရိယာမှအသံမြည်လာခဲ့သည်။။သူမသည်ဝင်လာသောနံပါတ်အားကြည့်ကာမျက်မှောက်ကြုတ်သွားခဲ့သည်။ တစ်ဖက်ရှိခေါ်ဆိုသူမှာ အခြားသူမဟုတ်ဘဲ ရှုချန်းသာဖြစ်သည်။
....................................................................................
အခန်း(၄၇၅) ပြီးပါပြီ။
အခန်း (၄၇၆) : ဒါကမိသားစုပဲ
ရှုလင်မှာမသာမယာမျက်နှာဖြင့် ဝမ်းကွဲအစ်ကိုထံမှခေါ်ဆိုလာသည့်ဖုန်းအားကြည့်နေခဲ့သည်။ သူမအားသခင်လေးလုံနှင့်နေရာချထားပေးရန်ကြိုးစားနေသည့်အပြင် ဤလူသည်သခင်လေးလုံအတွက်လည်းအခွင့်အရေးများဖန်တီးပေးတတ်ပေသည်။
ယခုတစ်ဖက်လူမှာသူမအားဖုန်းခေါ်ဆိုနေပေသည်။ ရှုလင်မှာစိတ်ထဲမှကိစ္စတစ်ခုခုရှိသလားဟုတွေးကာ အံ့ဩနေပေသည်။
သို့သော်သူမသည်ဖုန်းအားလက်ခံဖြေဆိုလိုက်သည်။ မည်သို့ပင်ဖြစ်စေမကိုင်၍မရပေ။
"ဝမ်းကွဲအစ်ကို ကျွန်မကိုရှာနေတာလား"
ရှုလင်မှဖုန်းကိုင်ပြီးနောက် ချက်ချင်းပြောလိုက်သည်။
"ညီမလေး ငါမင်းကိုသတင်းကောင်းကြီးတစ်ခုပြောပြမယ် သေချာပေါက်မင်းအိပ်တောင်မပျော်မဲ့သတင်းကောင်း"
ရှုချန်းမှစိတ်လှုပ်ရှားစွာဖြင့်ပြောလာခဲ့သည်။
ရှုလင်မှာမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဝမ်းကွဲအစ်ကို သတင်းကောင်းကအစ်ကို့အတွက်လား ကျွန်မအတွက်လား"
ရှုလင်မှာရှုချန်း၏စကားအားကြားချိန်တွင်အနည်းငယ်စိတ်ပူသွားခဲ့သည်။ သူမသည်လုံအော့ထျန်းဘက်မှသူမတို့လက်ထပ်ပွဲအတွက်တောင်းဆိုလာပြီးညရှုမိသားစုမှထိုတောင်းဆိုချက်အားလက်ခံလိုက်မည်ကိုစိုးရိမ်နေခြင်းဖြစ်သည်။
အကယ်၍ထိုသို့ဆိုပါက သူမအတွက်အဆုံးသတ်သွားပြီဖြစ်သည်။
"အာ....ညီမလေး သေချာပေါက်မင်းအတွက်သတင်းကောင်းပေါ့ ဘယ်လိုဖြစ်ပြီးငါ့အတွက်ဖြစ်မှာလဲ"
ညီမဖြစ်သူစိုးရိမ်နေမည်ဖြစ်ကြောင်းကို ရှုချန်းသိပေသည်။
အကြောင်းမှာသူသည် အကြောင်းပြချက်မရှိသခင်လေးလုံအားအခွင့်အရေးခဏခဏဖန်တီးပေးပေသည်။ ရှုလင်သည်ဤကိစ္စနှင့်ပတ်သက်ပြီးသူ့အားတကယ်ကိုမကျေနပ်ပေ။
သူမဘက်ကထုတ်မပြောသော်ငြား ရှုချန်းမှာအရူးမဟုတ်ပေရာ သဘောပေါက်ပေသည်။
ညီမဖြစ်သူ၏စိုးရိမ်နေသောစကားသံအားကြူးပြီးနောက် နေရခက်စွာပြုံးလိုက်မိပြီးအခြားဘာစကားမှထပ်မဆိုတော့ပေ။
"အဲဒီလိုလား ဒါဆိုဝမ်းကွဲအစ်ကို သတင်းကောင်းကဘာလဲ ကျွန်မနားထောင်နေတယ်"
ရှုလင်ထံတွင်ဝမ်းကွဲအစ်ကိုဖြစ်သူကိုပြောလို့ရမည့် ကောင်းသောကိစ္စမရှိပေ။
ရှုချန်းမှာစိတ်မဆိုးဘဲချက်ချင်းပြောလာခဲ့သည်။
"ကျိုးဟောင်လေ ကျိုးဟောင်ကိစ္စ ညီမလေး မင်းသိလားသူစစ်နတ်ဘုရားတပ်ရင်းရဲ့ထိပ်ဆုံးအယောက် ၁၀၀ ထဲကိုပါသွားပြီ"
ရှုလင်မှာဤသတင်းအားကြားပြီးနောက် ခေတ္တမျှကြက်သေသေသွားခဲ့သည်။
ယခင်ကကျိုးဟောင်သည်အဆင့် ၁၀၀ အတွင်းဝင်လိုကြောင်းသူမအားပြောပြခဲ့သော်ငြား အဆင့် ၁၀၀ အတွင်းဝင်ရန်မှာ မလွယ်ကူပေ။
ကျိုးဟောင်မှာဤနေ့တွင် ကောင်းကင်မျှော်စင်အားထပ်မံစိန်ခေါ်ခဲ့သော်ငြား ကျိုးဟောင်အောင်မြင်လိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။
သူမသည်ကျိုးဟောင်အားမယုံ၍မဟုတ်ဘဲ ထိုအဆင့်သို့ရောက်ရန်မှာအလွန်ခက်ခဲ၍သာဖြစ်သည်။
တစ်လအတွင်း ၄ကြိမ်မှ ၅ကြိမ်စိန်ခေါ်ပြီး အဆင့်ချိုးဖောက်နိုင်ခြင်းမှာ အတော်လေးလူမဆန်ပေ။
ယခုလိုစဉ်းစားသည်မှာရှုလင်အတွက်မကောင်းသော်ငြား ရှုလင်သည်လည်းအခက်အခဲအားသိသောသိုင်းပညာရှင်တစ်ယောက်သာဖြစ်သည်။
တစ်ချက်တည်းဖြင့်အဆင့်ချိုးဖောက်ရန်မှာ အလွန်အားစိုက်ထိုက်ရပြီး ကံကောင်းရန်လည်းလိုပေသည်။
ကောင်းကင်မျှော်စင်အား ၅ကြိမ်တိုင်အောင်မြင်စွာစိန်ခေါ်နိုင်ခြင်းသည် အတော်လေးထိတ်လန့်စရာကောင်းလှသည်။
"ထိပ်ဆုံး ၁၀၀ထဲ သူဝင်သွားတာလား"
ရှုလင်မှာသက်ပြင်းချကာစိတ်အေးဟန်ဆောင်ပြီးမေးလိုက်သည်။
"သေချာတာပေါ့ ညီမလေးသူတစ်လတည်းနဲ့ထိပ်ဆုံး ၁၀၀ထဲဝင်သွားတာ တကယ်တော့လက်ရှိအချိန်မှာ ဌာနပေါင်းစုံနဲ့အဖွဲ့အစည်းပေါင်းစုံက ကျိုးဟောင်ကိုအာရုံစ်ိုက်နေကြတာ"
"ငါအတည်ပြုနိုင်တာက လူအတော်များများကျိုးဟောင်အကြောင်းပြောနေကြတယ်ဆိုတာပဲ သူကအခုတကယ်နာမည်ကြီးနေပြီ"
ရှုချန်းမှာစိတ်လှုပ်ရှားစွာပြောနေသော်လည်း ရှုလင်မှာလုံးဝစိတ်လှုပ်ရှားပုံမပေါ်ပေ။
"ဘာဖြစ်လို့လဲညီမလေး မပျော်ဘူးလား ဘာလို့ဒီလောက်ငြိမ်နေတာလဲ"
ထိုစကားကြားသောအခါ ရှုလင်မှာပြုံးလိုက်သည်။ သူမသေချာပေါက်ပျော်ပေသည်။ သို့သော်သူမ၏ပျော်ရွှင်မှုအားရှုချန်းနှင့်မမျှဝေလိုခြင်းဖြစ်သည်။
"ဟဟ ညီမလေး မင်းမသိလို့ ငါတို့ရှုမိသားစုကလောလောဆယ် ဒီကျိုးဟောင်အကြောင်းဆွေးနွေးနေကြတာ မိသားစုကသဘောတူရုံတင်မကဘူး အဘိုးနဲ့တခြားလူတွေပါ သဘောတူကြတယ် မင်းတို့နှစ်ယောက်နီးစပ်လေကောင်းလေပဲ တကယ်တော့မင်းတို့တွဲနေကြတာကို ဘယ်သူမှမကန့်ကွက်ပါဘူး"
ထိုစကားအားကြားသောအခါ ရှုလင်မှာသက်ပြင်းချလိုက်မိပြီး စိတ်ထဲတွင်ဝမ်းနည်းသွားသလိုခံစားလိုက်ရသည်။
လက်ရှိအချိန်တွင် သူမသည်ပျော်နေသင့်သော်လည်း သူမ၏နှလုံးသားမှာတကယ်ကိုလေးလံနေပေသည်။ အကြောင်းမှာ သူမ၏မိသားစုသည်အကျိုးအမြတ်ကိုသာဂရုစိုက်ခြင်းဖြစ်ကြောင်းကိုသဘောပေါက်၍ ဖြစ်သည်။ ယခုကျိုးဟောင်သည် ရှုမိသားစု၏ အလေးထားခြင်းကိုခံနေရပြီဖြစ်ပြီး သူမတို့နှစ်ယောက်အတွက်ဖြစ်နိုင်ခြေရှိလာပြီဖြစ်သည်။
သို့သော်အကယ်၍ကျိုးဟောင်သာယခုလိုမလုပ်ခဲ့ပါက သူမ၏မိသားစုသည် သူမအားလုံအော့ထျန်း၏လက်ထဲသို့ထိုးထည့်လောက်ပေသည်။
သူမသည်ကျိုးဟောင်အတွက်ဝမ်းနည်းသွားကာ ပို၍ပင်စိတ်ပူသွားခဲ့သည်။ အကြောင်းမှာ ကျိုးဟောင်သည်သူမမိသားစုထံမှအသိအမှတ်ပြုခံရရေးအတွက် မည်မျှစွန့်လွှတ်ခဲ့ရကြောင်းကို သူမသိနေ၍သာဖြစ်သည်။
"ညီမလေး ငါအခုဘာပြောချင်လဲဆိုတာကိုမင်းသိလောက်ပါတယ် ဟုတ်တယ်မလား အဘိုးကမင်းတို့ကြားကအခြေအနေကိုအမြန်တိုးတက်စေချင်နေတယ် နားလည်လား တကယ်လို့မင်းတို့လက်ထပ်လိုက်ရင်လည်းပြဿနာမဟုတ်ဘူး ငါမှန်းရသလောက် ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းကပြန်လာရင်အနည်းဆုံး အစိမ်းရောင်တိမ်တိုက်ဌာနရဲ့အကြီးအကဲတစ်ယောက်တော့ဖြစ်လောက်ပြီ"
"တကယ်တော့ သူစစ်တပ်အဖွဲ့အစည်းထဲတောင်ဝင်လို့ရတယ် သူသာဝင်လိုက်မယ်ဆိုရင် ကိစ္စတွေကတကယ်ပြောင်းလဲသွားမှာ"
"တကယ်တော့စစ်နတ်ဘုရားတပ်ရင်းမှာနေရင်ပိုတောင်ကောင်းသေးတယ်"
ရှုချန်းမှာအလွန်စိတ်လှုပ်ရှားနေပေသည်။ သို့သော်အပေါ်ယံတွင်သာစိတ်လှုပ်ရှားနေခြင်းဖြစ်ပြီး တကယ်တမ်းတွင်အလွန်ကြောက်နေခြင်းသာဖြစ်သည်။
သူဖုန်းဆက်ရသည့်အကြောင်းအရင်းမှာ ရှုလင်မှတစ်ဆင့်သူ၏ရည်ရွယ်ချက်အားသိစေလို၍ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည်ယခင်ကကျိုးဟောင်အားတိုက်ခိုက်ခဲ့ဖူးပေသည်။ အကယ်၍ကျိုးဟောင်သာယခုအချိန်တွင် သူ့အားလက်စားချေပါက သူလည်းဘာမှတတ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူယနေ့ညတွင်ရှုလင်ဆီဖုန်းခေါ်ခြင်းဖြစ်သည်။ တကယ်တမ်းတွင် ကျိုးဟောင်၏နာမည်အား သူ့ပါးစပ်မှထုတ်ပြောရသည်ကိုပင် ပါးစပ်ညစ်ပတ်သည်ဟုခံစားရပေသည်။
"ဒါ.....အစ်ကိုစိတ်ပူစရာမလိုပါဘူး"
ရှုလင်မှာမျက်မှောင်ကြုတ်သွားခဲ့သည်။ သူမမိသားစု၏ သဘောထားအားကြည့်ပြီး သူမသည်အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေပေသည်။
"ဟဟ ညီမလေးမင်းဒီသတင်းကြားတာ အရမ်းဝမ်းသာလား"
ရှုချန်းမှာရှုလင်အသံထဲရှိမကျေနပ်မှုအား မသိဟန်ဆောင်ကာခြောက်ကပ်ကပ်ရယ်ပြီးမေးလိုက်သည်။
သို့သော်ရှုလင်သည်သူ့အားမကျေနပ်လည်း ဘာမှမလုပ်နိုင်ပေ။ သည်းခံရုံသာရှိသည်။
"ကျွန်မအဆင်ပြေပါတယ်"
ရှုလင်မှချက်ချင်းပြောလာခဲ့သည်။
"အာ....မင်းတကယ်တည်ငြိမ်တာပဲ ညီမလေးမင်းအခွင့်အရေးကိုဖမ်းဆုပ်ထားရမယ်နော် နားလည်လား"
"ကောင်းပြီ ထပ်မပြောတော့ဘူးဖုန်းချလိုက်တော့မယ်"
ရှုချန်းမှာစကားဆုံးသည်နှင့်ဖုန်းချသွားခဲ့သည်။
ရှုလင်မှာကျသွားသောဖုန်းအားကြည့်ကာ သက်ပြင်းချလိုက်ကာ ကျိုးဟောင်အတွက်ပို၍ပင်ရင်နာသွားခဲ့သည်။ ထို့အပြင် သူမအားစိတ်မသက်မသာဖြစ်စေသည့်အရာမှာ သူမမိသားစု၏သဘောထားသာဖြစ်သည်။
မူလကသူမကျိုးဟောင်နှင့်တွဲနေသည်ကို မည်သူမျှသဘောမတူပေ။ သူမ၏မိသားစုမှာ အထူးတလည်မဆန့်ကျင်သော်ငြား သူတို့၏သဘောထားအား သူမသဘောပေါက်ပေသည်။ မဟုတ်ပါက သူမအားလုံအော့ထျန်းနှင့်နီးစပ်လာစေရန် လွှတ်ပေးမည်မဟုတ်ပေ။ သို့သော်ယခုအချိန်တွင်သူမသည် ဤကိစ္စနှင့်ပတ်သက်ပြီးစိုးရိမ်စရာမလိုတော့ပေ။ သူမ၏မိသားစုမှဖြေရှင်းပေးမည်ဖြစ်သည်။
သို့သော်သူမစိတ်ပူနေသောအခြားကိစ္စရှိသေးပေသည်။ အကယ်၍သူမ၏မိသားစုသည်ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့်သူမအားကျိုးဟောင်နှင့်ဆက်ဆံရေးတစ်ခုအမြန်တည်ဆောက်ရန်အတွက် စိုးရိမ်နေသည်ဆိုပါက အနာဂတ်တွင်လည်း တူညီသောအကြောင်းပြချက်ကြောင့် ယခုလိုလုပ်မည်သာလော။
"ဟင်း..."
ရှုလင်မှာအလွန်စိတ်ညစ်ကာသက်ပြင်းချလိုက်ပေသည်။
သို့သော်သူမသည်စိတ်ညစ်နေသော်ငြား ကျိုးဟောင်အတွက်တော့ပျော်ပေသည်။ တစ်ချိန်တည်းမှာပင် ကျိုးဟောင်ဘက်ရှိအခြေအနေမှာလည်း ပို၍ပင်အထင်ကြီးစရာကောင်းလာပေသည်။ အကြောင်းမှာအဆင့်တက်သွားပြီးနောက် ကျိုးဟောင်နှင့်ဆက်ဆံရေးကောင်းသည့်လူများမှာ ကောင်းကင်မျှော်စင်အပြင်ဘက်တွင် တိုးဝှေ့ကာသူ့အားဂုဏ်ပြုရန်စောင့်နေကြ၍ဖြစ်သည်။
ကျိုးဟောင်မှာမူအနေခက်နေပြီဖြစ်သည်။ ဤအဆင့်အားဖြတ်ကျော်သွားပြီးနောက် ယခုလိုလူအများ၏အာရုံအားဆွဲဆောင်မိလိမ့်မည်ဟုမထင်ထားခဲ့ပေရာ ကျေးဇူးတင်စကားသာပြောပြီး ဗီလာသို့သာပြန်လာခဲ့လိုက်သည်။
....................................................................................
အခန်း(၄၇၆) ပြီးပါပြီ။
အခန်း (၄၇၇) : လက်တွေ့
ကျိုးဟောင်မှာလူအုပ်ကြီး၏ဂုဏ်ပြုပေးမှုကိုသာထိတ်လန့်သွားရသည်မဟုတ်ဘဲ သူ့အားလိုက်လံစုံစမ်းနေသည်ကိုပါထိတ်လန့်သွားခဲ့ရပေသည်။။
ကျိုးဟောင်ထွက်လာချိန်တွင် ဖိတ်ခေါ်မှုပေါင်းများစွာအားလက်ခံရရှိခဲ့ပြီး ကမ်းလှမ်းမှုများမှာ ကျိုးဟောင်အားအလွန်အမင်းသွေးဆောင်နေပေသည်။
မိသားစုအများအပြားမှာ သူ့အားတစ်နှစ် ၅ဘီလီယံပေးမည်ဟုတိုက်ရိုက်ကမ်းလှမ်းလာခဲ့ပြီး အချို့ဆိုပါက ၁၀ဘီလီယံအထိ ကမ်းလှမ်းသူများပင်ရှိပေသည်။
ကျိုးဟောင်မှာကမ်းလှမ်းသောပမာဏကြောင့်ထိတ်လန့်သွားခဲ့သည့် ၁၀ဘီလီယံဟူသောပမာဏမှာအတော်လေး များပြားသောပမာဏဖြစ်သည်။
ဤအဖိုးအခသည်ကောင်းကင်ဘုံအဆင့်ပညာရှင်အချို့နှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။ ကျိုးဟောင်မှာသက်ပြင်းချကာ ဤကိစ္စအားမစဉ်းစားရန်ဆုံးဖြတ်လိုက်ပြီူ အမှတ်များအားကြည့်ကာပြုံးလိုက်သည်။
ဤအဆင့်သတ်မှတ်ချက်သည်လည်း ယခုအချိန်တွင် သူ့အတွက်သင့်တော်ပေသည်။ အကယ်၍ အနည်းငယ်သာပိုတိုးတက်လာလျှင်ပင် တကယ်ကိုထိတ်လန့်စရာကောင်းမည်ဖြစ်သည်။
ကျိုးဟောင်အိပ်ရာထဲတွင်လှဲနေရင်း ရုတ်တရက်စာတစ်စောင်ဝင်လာခဲ့သည်။ ဖုန်းအားထုတ်ကာ ဝင်လာသောစာအားကြည့်ပြီးနောက် ပေးပို့သူမှာရှုလင်ဖြစ်နေသည့်အချိန်တွင် ကျိုးဟောင်မှာခေတ္တမျှကြက်သေသေသွားခဲ့သည်။
"ကြည့်ရတာသူလည်းသတင်းကြားပြီးပြီထင်တယ်"
ကျိုးဟောင်မှာအလျင်အမြန်ပင်ထထိုင်လိုက်ကာ ဆက်သွယ်ရေးချန်နယ်အားဖွင့်လိုက်သည်။ ထို့နောက်ကျိုးဟောင်၏အခန်းထဲတွင် ရှုလင်၏ပုံရိပ်ပေါ်လာခဲ့သည်။
"မမလေးရှု ရင်တုန်စရာသတင်းကြားခဲ့လို့များလား ဘာလို့ဒီလောက်နောက်ကျနေတာတောင်မအိပ်သေးတာလဲ"
ကျိုးဟောင်မှစနောက်ကာမေးလိုက်သည်။
"ဟမ့် နင်ဘယ်လောက်ဘဝင်မြင့်နေလဲကြည့်ဦး တကယ်လို့ငါသာနင့်အနားရှိနေရင်သေချာပေါက်နင့်ကိုကန်ပစ်တယ်"
ရှုလင်မှာကျိုးဟောင်အားတွေ့လိုက်ချိန်တွင်ချက်ချင်းပင်ပါးစပ်အားလက်ဖြင့်အုပ်ကာပြုံးလိုက်သည်။
"ဟေ့ ဘာလို့ငါ့ကိုကန်မှာလဲ ငါဘာအမှားမှမလုပ်ထားဘူးလေ"
ကျိုးဟောင်မှာချက်ချင်းပင်ပြောလိုက်သည်။
"အခုလောက်ဆို ငါ့အဆင့်ကိုလူတော်တော်များများသိနေလောက်ပြီမလား"
ရှုလင်မှခေါင်းညိတ်ပြလိုက်သည်။
"ဟင်း......တကယ်တော့ ငါအဲဒီကိစ္စကိုမေးချင်နေတာ ငါ့ကိုဒီကိစ္စသတင်းပေးပြီးဂုဏ်ပြုဖို့ ဘယ်သူဖုန်းခေါ်လဲဆိုတာနင်သိလား"
ရှုလင်စကားဆုံးသောအခါ ကျိုးဟောင်မှာခဏမျှငြိမ်သွားပြီးနောက်ခန့်မှန်းလာခဲ့သည်။
"ငါ့ရဲ့ယောက်ဖကောင်းကြီးပဲဖြစ်ရမယ် ဟုတ်တယ်မလား"
ခွီ!
ထိုစကားအားကြားသောအခါ ရှုလင်မှာအူမြူးသွားခဲ့သည်။
"နင်ကဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာတော့သိတာပဲ ငါနင့်ကိုယူမယ်လို့ဘယ်တုန်းကပြောလို့လဲ ဟမ့်"
ကျိုးဟောင်ဘာမှမဖြစ်သလိုအေးဆေးပြောနေသည်ကိုကြည့်ပြီး ရှုလင်မှာစိတ်ထဲမှတွေးပြီး မျက်နှာလေးမှာနီရဲနေပေသည်။ ဤကောင်သည်တစ်ဖက်လူအားယောက်ဖဟုပင်ခေါ်နေပေသည်။
အကယ်၍သူမမိဘများနှင့်သာတွေ့ပါက သူတို့ကိုလည်း အဖေ၊ အမေဟုပင်ခေါ်မလားမသိပေ။
"ငါ့ယောက်ဖကဘာပြောလို့လဲ"
ကျိုးဟောင်မှာဂရုမစိုက်ဟန်ဖြင့်မေးလိုက်သည်။
"ဘာပြောရမှာလဲ ဂုဏ်ပြုဖို့ဆက်တာပေါ့ ပြီးတော့ငါ့မိသားစုကလူတွေကလည်းဒီကိစ္စကိုသိပြီး ငါ့ကိုနင်နဲ့....
နီးစပ်စေချင်နေကြတယ်"
ရှုလင်မှာသက်ပြင်းချလိုက်သည်။ ကျိုးဟောင်သည်သူမပြောသောစကား၏အဓိပ္ပာယ်အားသဘောပေါက်ပေရာ အတော်လေးရှက်သွားသလိုပင်ခံစားလိုက်ရသည်။
"ရှုလင်စိတ်ချပါ ငါဒီလိုလုပ်ရတဲ့အကြောင်းပြချက်က ငါတို့အတူရှိနိုင်ဖို့ပဲလေ တခြားလူတွေကတော့ မင်းလုံးဝဂရုစိုက်စရာမလိုဘူး သူတို့ကအရေးမပါဘူး"
ကျိုးဟောင်စကားဆုံးသည်နှင့် ရှုလင်မှာကျိုးဟောင်အားကျေးဇူးတင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
"နင်ပြောချင်တဲ့သဘောကို ငါသေချာပေါက်သိတာပေါ့ ဒီတိုင်းဒီမိသားစုကငါ့ကိုအရမ်းဝမ်းနည်းအောင်လုပ်တယ် သူတို့ဘယ်လိုဖြစ်ပြီးဒီလိုလုပ်နိုင်ရတာလဲ"
ရှုလင်မှာ ဝမ်းနည်းနေသောပုံဖြင့်ပြောလာခဲ့သည်။
"မိသားစုကြီးတွေကအားလုံးဒီလိုပါပဲ ဘာပဲဖြစ်ဖြစ် မင်းကရှုမိသားစုရဲ့အချစ်ခံသမီးလေးပဲကို သူတို့မင်းကိုကောင်းကောင်းကာကွယ်ပေးရမှာကသဘာဝပဲလေ"
ကျိုးဟောင်သည် ဤကဲ့သို့သောစကားမျိုးကိုသာပြောနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူရှုလင်နှင့်အဆင်ပြေရုံဖြင့် ရှုမိသားစုအားရန်သွားစလို့မရပေ။ ထိုသို့လုပ်ပါကလည်း ဘာကောင်းကျိုးမှရမည်မဟုတ်ပေ။ ယခုအချိန်တွင်ရှုမိသားစု၌ ယခုလိုရည်ရွယ်ချက်မျိုးရှိနေပြီဖြစ်ပေရာ ရေလိုက်ငါးလိုက်နေရန်သာလိုပေသည်။
မည်သို့ပင်ဖြစ်စေကျိုးဟောင်သည် ရှူလင်နှင့်အတူရှိချင်ရုံသာဖြစ်ပြီး တခြားကိစ္စများအားစိတ်မဝင်စားပေ။
"အဲဒါကိုကာကွယ်တယ်လို့ခေါ်တာလား ဟမ့် အဲဒါကိုအကျိုးအမြတ်ရှာတယ်လို့ခေါ်တယ်"
ရှုလင်မှာချက်ချင်းပင်နှာခေါင်းရှုံ့ကာပြန်ပြောလာခဲ့ပြီး ထိုကိစ္စအားအတော်လေးမကျေမနပ်ဖြစ်နေပုံပင်။
ကျိုးဟောင်မှာသူမအားမည်သို့နှစ်သိမ့်ပေးရမလဲမသိပေရာ ပြုံးကာကြည့်နေရုံသာတတ်နိုင်သည်။
"တော်ပါပြီ စိတ်မဆိုးနဲ့တော့အများကြီးတွေးလို့အသုံးမဝင်ဘူး ဘယ်လိုဖြစ်ဖြစ် ငါမင်းကိုလက်ထပ်ပြီး ရှုမိသားစုကအသိအမှတ်ပြုလာအောင်လုပ်မယ်လို့ပြောပြီးသား အခုငါပထမခြေလှမ်းလှမ်းပြီးပြီ မင်းတို့ရှုမိသားစုလည်းအတော်လေးစိတ်ကျေနပ်လောက်ပါတယ် ဟုတ်တယ်မလား"
ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။
"ဟုတ်တယ် တကယ်ကိုအဲဒီလိုပဲ ငါ့အစ်ကိုဝမ်းကွဲဆီကကြားတာမိသားစုထဲကလူအတော်များများနင့်အကြောင်းပြောနေကြတယ်တဲ့ အထက်ပိုင်းကလူကြီးတွေကလည်းအရမ်းလေးစားနေကြတယ် ငါ့အဘိုးတောင်ပါတယ်"
ရှုလင်မှာကျိုးဟောင်အားမလိမ်ပေ။ လိမ်စရာအကြောင်းလည်းမရှိပေ။
"ဟင်း ကောင်းပြီလေ ဒါဆိုလည်းငါလက်ခံလိုက်ပါ့မယ်"
ကျိုးဟောင်မှာသက်ပြင်းသာချလိုက်မိသည်။ ရှုလင်တို့မိသားစု၏သဘောထားအား သူတကယ်ကိုသဘောမကျပေ။
အဓိကမှာ သူတို့၏အပြုအမူများသည်အလွန်သရုပ်ပျက် ၍သာဖြစ်သည်။
တစ်ချိန်တည်းတွင် ခရစ်နှင့်ပေါလ်တို့၏အမူအရာများမှာလည်းအတော်လေး ပျက်ယွင်းနေခဲ့သည်။
ပေါလ်၏မိသားစုနှင့် ခရစ်၏မိသားစုတို့မှာလည်းမဟာမိတ်များဖြစ်ကြသည်။ မဟုတ်ပါက ခရစ်မှာပေါလ်အားယခုလိုဂရုစိုက်မည်မဟုတ်ပေ။
လက်ရှိအချိန်တွင် ခရစ်၏အမေမှာခရစ်နှင့်ဖုန်းပြောနေပေသည်။
"ခရစ် ကျိုးဟောင်နဲ့ပတ်သက်တဲ့သတင်းတွေ မဟာမိတ်ကြားမှာပျံ့နေတယ်"
ခရစ်၏အမေဖြစ်သူရိုမိန်မှာ သူမ၏အဖိုးတန်သားလေးအားကြည့်ကာပြောလိုက်သည်။
"ကျွန်တော်သိတယ် ဒီကိစ္စကအခုအရမ်းကြီးလာပြီ အမေမဟာမိတ်ကဘာပြောလဲ"
ခရစ်နှင့်ပေါလ်မှာ ကင်မရာအားကြည့်ကာစိုးရိမ်တကြီးပြောလိုက်သည်
"အခြေအနေကအရမ်းကြီးမကောင်းဘူး တကယ်တော့ မဟာမိတ်ထဲကလူတစ်ယောက်ကမင်းကိုတောင်ဆွဲထည့်ချင်နေတယ်"
ရိုမိန်မှအလျင်အမြန်ပြောလိုက်သည်။
"ဘာရယ် အန်တီ အဲဒါဘာအဓိပ္ပာယ်လဲ ဒီကိစ္စကကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲ"
ပေါလ်မှ လျင်မြန်စွာပြောလိုက်သည်။
"ပေါလ် စိတ်မပူနဲ့ အန်တီလည်းဒီကိစ္စကိုရှင်းနေတယ် အဲဒီတုန်းက ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းကိုဝင်လာတော့ မိသားစုကသူ့ကိုလူသစ်အနေနဲ့ခေါ်မလို့ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူကအားလုံးရဲ့ခေါ်စာတွေကိုငြင်းခဲ့တယ် နောက်တော့မင်းတို့တွေကလည်းမိသားစုကခိုင်းတဲ့ကိစ္စတွေကိုမလုပ်ခဲ့ဘူး ဒါပေမဲ့ အဲဒါကလည်းအရင်ကကိစ္စပါပဲ အဲဒါနဲ့ပတ်သက်ပြီးဘယ်သူမှဂရုမစိုက်တော့ဘူး"
"ဒါပေမဲ့အခု...အခြေအနေကမတူတော့ဘူး တစ်ယောက်ယောက်ကဒီကိစ္စကိုအစဖော်နေတယ်"
ထိုစကားအားကြားပြီးနောက် ပေါလ်နှင့်ခရစ်၏အမူအရာမှာ ချက်ချင်းပင်အကျည်းတန်သွားခဲ့သည်။
ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းသို့ဝင်ခါစက မဟာမိတ်မှာတကယ်ပင် ကျိုးဟောင်အားလူသစ်အနေဖြင့်ခေါ်ရန် သူတို့အားတာဝန်ပေးခဲ့ပေသည်။
သို့သော်ထိုအချိန်က သူတို့နှစ်ယောက်မှာကျိုးဟောင်နှင့် သိပ်အဆင်မပြေပေရာ မဟာမိတ်မှခိုင်းသောတာဝန်က်ိုလည်းလျစ်လျူရှုခဲ့ကြသည်။
စင်စစ်တွင်အဓိကအကြောင်းအရင်းမှာ ကျိုးဟောင်သည်အားလုံးအားငြင်းခဲ့၍သာဖြစ်သည်။ သူတို့သည်လည်းမျှော်လင့်ချက်သိပ်မရှိဟုခံယူထားခဲ့ရ၍ ဘာမှမလုပ်ဘဲနေခဲ့လိုက်သည်။
"ဒါကြောင့် ဒီကိစ္စကိုအသုံးချပြီးမင်းတို့ကိုအပြစ်တင်ချင်နေတဲ့လူတွေရှိတယ် အထူးသဖြင့်ပေါလ်ပဲ ပေါလ်မင်းက ကျိုးဟောင်နဲ့တိုက်ရိုက်ပြဿနာတက်ခဲ့ဖူးလို့မင်းမိသားစုက ပိုပြီးဖိအားပေးခံနေရတယ်"
ထိုစကားအားကြားသောအခါ ပေါလ်မှာနှုတ်ဆိတ်သွားခဲ့သည်။
ဤကိစ္စသည်တကယ်ပင်သူနှင့်ပတ်သက်နေပေသည်။ သို့သော်ယခုလောက်အထိ လုပ်ရန်လိုအပ်သလားဆိုသည်အားတွေးမရပေ။
ပေါလ်နှင့်ခရစ်တို့မှာမဟာမိတ်၏ပါရမီရှင်များဖြစ်ကြပြီး သက်ဆိုင်ရာမိသားစုများ၏အနာဂတ်အမွေဆက်ခံသူနေရာအား ဝင်ရောက်ယှဉ်ပြိုင်ရမည့်ပါဝင်သူများဖြစ်ကြသည်။
လက်ရှိတွင် သူတို့နှစ်ယောက်အတွက် သက်ဆိုင်ရာမိသားစုများ၏အမွေဆက်ဆံသူဖြစ်လာနိုင်ခြေမှာအလွန်မြင့်ပေသည်။ မည်သို့ပင်ဖြစ်စေ လူငယ်မျိုးဆက်ကြားတွင် သူတို့သည်အသန်မာဆုံးနှင့်တိုးတက်မှုအများဆုံးလူများဖြစ်ကြသည်။
သို့သော်လူတစ်ချို့မှာ ကျိုးဟောင်၏ကိစ္စအားအသုံးချကာ သူတို့နှစ်ယောက်အားပြဿနာထဲဆွဲထည့်နေပေသည်။ သူတို့၏ရည်ရွယ်ချက်မှာသိသာလှပေသည်။
"ဟမ့် ကျွန်တော်ကမိသားစုရဲ့အနာဂတ်ဆက်ခံသူဆိုတော့ လူအတော်များများကဒီကိစ္စကိုမကျေနပ်ဘဲ ကျွန်တော့်နေရာကိုယူချင်နေကြတာ ကြည့်ရတာသူတို့ကဒီကိစ္စကိုအသုံးချပြီး အကျိုးအမြတ်ရှာတော့မဲ့ပုံပဲ"
ခရစ်မှဒေါသတကြီးပြောလိုက်သည်။
ရိုမိန်သည်လည်းထပ်မံပြောလာခဲ့သည်။
"သူတို့မှာရည်ရွယ်ချက်ရှိပေမဲ့ အရည်အချင်းမရှိဘူး သားလေးစိတ်ချ အမေသားကိုကူပြီးဒီကိစ္စကိုရှင်းပေးမယ်"
...................................................................................
အခန်း(၄၇၇) ပြီးပါပြီ။