← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃) : မတိုက်နဲ့တော့

စမစ်မှာကျိုးဟောင်အား ဒေါသတကြီးကြည့်နေပေသည်။ လက်ရှိအချိန်တွင် သူသည်ကျိုးဟောင်အားအတော်လေး စိတ်တိုနေပေသည်။

အကြောင်းမှာ အနီးကပ်တိုက်ပွဲတွင်အမြဲတစ်ပန်းသာခဲ့သော သူသည်ယခုအနီးကပ်တိုက်ပွဲတွင် တစ်ဖက်မှပြိုင်ဘက်၏ရန်စခြင်းအားခံခဲ့ရပေသည်။ ဤလုပ်ရပ်သည်သူ့အားစော်ကားလိုက်ခြင်းပင်ဖြစ်သည်။

အကယ်၍သူတကယ်ကျိုးဟောင်အားရှုံးသွားပါက သူလက်ခံနိုင်ပေသည်။ သို့သော်ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲတွင်တော့သူကျိုးဟောင်အားမရှုံးလိုပေ။ ထို့ကြောင့်ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရွှေခန္ဓာ"

ထိုအော်သံကြားပြီးနောက်သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင်ရွှေရောင်ပြောင်းသွားခဲ့ကာ အရေပြားအားရွှေနှင့်ဖုံးအုပ်လိုက်သလိုပင်။ ခန္ဓာကိုယ်တစ်ခုလုံးရွှေရောင်တောက်ပနေသည်မှာ စိတ်ဝင်စားစရာကောင်းလှပေသည်။

ကျိုးဟောင်မှာထိုမြင်ကွင်းကိုကြည့်ပြီး ပြုံးလိုက်သည်။

"စမစ် မင်းကြည့်ရတာကြက်ပေါင်ကြော်နဲ့တူတယ်"

ကျိုးဟောင်မှာကြက်ပေါင်နှင့်အလွန်တူသည်ဟု တကယ်ပင်ခံစားရခြင်းဖြစ်သည်။ စမစ်သည်ခန္ဓာကိုယ်တောင့်တင်းသောလူတစ်ယောက်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အ‌ပေါ်ပိုင်းမှာ အထူးကျယ်ပြန့်ကာ တြိဂံဇောက်ထိုးပုံစံရှိပေရာ တကယ်ပင်ကြက်ပေါင်ကြော်နှင့် ကွက်တိဆင်တူနေပေသည်။

သို့သော်လက်ရှိအချိန်တွင် စမစ်၏ရွှေရောင်ပုံရိပ်မှာ ကျိုးဟောင်အားမရယ်ဘဲမနေနိုင်အောင်ဖြစ်စေပေသည်။

"မင်း....မင်းဘာသိလို့လဲ ဒါကမင်းတို့ဟွာရှားကရထားတဲ့ ငါ့ရဲ့ရွှေခန္ဓာသိုင်း စွမ်းအားကြီးတဲ့ပြင်ပကျင့်ကြံရေးသိုင်းတစ်ခုပဲ အခုချိန်ထိငါနဲ့ကျင့်ကြံဆင့်တူတဲ့လူထဲကဘယ်သူမှ ငါ့ရဲ့ရွှေခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်သေးဘူး"

"ကျိုးဟောင် ဒီနေ့မင်းသေချာပေါက်ရှုံးမှာ"

လက်ရှိအချိန်တွင်စမစ်မှာ သူ့အားယုံကြည်ချက်အလွန်အမင်းရှိစေသော အသန်မာဆုံးသိုင်းဖြစ်သည့် တိုက်ခိုက်ရေးနှင့်ကာကွယ်ရေးပေါင်းစပ်ထားသောအထူးခန္ဓာသိုင်း၊ ရွှေခန္ဓာသိုင်းအားသုံးလိုက်ပြီဖြစ်သည်။

ကျိုးဟောင်မှာနှုတ်ခမ်းတွန့်ရုံပြုံးရင်းပြောလိုက်သည်။

"ငါတော့မယုံဘူး"

ပြောရင်း ကျိုးဟောင်မှာလက်သီးတစ်ချက်ထိုးလိုက်သည်။

စမစ်မှာကျိုးဟောင်ပြေးဝင်လာသည်ကိုမြင်သောအခါ ကျောအားမတ်လိုက်သည်။ စွမ်းအင်အားလုံးမှာချီပင်လယ်ထဲစီးဆင်းသွားပြီး ကျိုးဟောင်သူ့ခန္ဓာကိုယ်နှင့်တိုက်မိစေရန် သူ့ဘက်မှစလှုပ်ရှားလိုက်သည်။

ဂျွတ်!

ကြေးဒင်္ဂါးပြားအချင်းချင်းတိုက်မိသံကဲ့သို့သော အသံတစ်ခုမှုကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်မှာမူ နောက်ပြန်လဲကျကာလက်မနှင့်လက်ညှိုးကြားနေရာမှသွေးများစီးကျနေခဲ့သည်။ ကျိုးဟောင်မှာစမစ်အားမယုံကြည်နိုင်သလို ကြည့်လိုက်သည်။

"အားကောင်းလိုက်တဲ့ခန္ဓာကိုယ်"

စမစ်မှာကျိူးဟောင်၏အပြုအမူကိုကြည့်ပြီးရယ်မောလာခဲ့သည်။

"ဘယ်လိုလဲကျိုးဟောင် ငါဒီမှာပဲရပ်နေပြီး မင်းကိုတိုက်ခွင့်ပေးရင်တောင် မင်းငါ့ကိုမနိုင်ဘူး ဟဟ လိလိမ္မာမ္မာနဲ့အရှုံးပေးလိုက် ကလေးလေး"

ကျိုးဟောင်မှာစိတ်ထဲမှတွေးနေခဲ့သည်။ ဤစမစ်သည်တကယ်ပင်စွမ်းအားကြီးလှပြီး သူ၏ရုပ်ပိုင်း‌ဆိုင်ရာခွန်အားမှာလည်း ထူးကဲလှပေသည်။

အကယ်၍သူသာစမစ်နှင့်ထိပ်တိုက်တိုက်ပါက ယနေ့တွင်သူသေချာပေါက်ရှုံးမည်ဖြစ်သည်။

သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးအားသုံးပါက တစ်ဖက်လူအားတစ်ချက်တည်းဖြင့်သတ်ပစ်နိုင်မည်မှာ သေချာပေါက်ပင်ဖြစ်သည်။ သို့သော်ထိုသို့လုပ်ပါက အလွန်သံသယဝင်စရာကောင်းသွားမည်ဖြစ်သည်။

ကျိုးဟောင်သူ့အားအနိုင်ယူရန်မှာ သေချာပေါက်မခက်ပေ။ စမစ်၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာအလွန်စွမ်းအားကြီးသော်ငြား စမစ်သည်စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုတော့ကြောက်ပေသည်။ အရန်သင့်ပင်ကျိုးဟောင်သည်မူလကျောက်စာ၏စွမ်းအားကိုသိပြီး သူ၏စိတ်စွမ်းအားမှာအလွန်စွမ်းအားကြီးပေသည်။ ကျိုးဟောင်သူ့အားအနိုင်ယူရန်မှာတကယ်ပင်လွယ်ကူလှပေသည်။

သို့သော်စမစ်အားယခုလိုအနိုင်ယူရမည်မှာအလွန်နှမြောစရာကောင်းလှပေသည်။ သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာအလွန်စွမ်းအားကြီးလှပေရာ ကျိုးဟောင်အတွက်အနီးကပ်သိုင်းများအားလေ့ကျင့်ရန်သင့်တော်ပေသည်။

ထိုသို့တွေးရင်းကျိုးဟောင်မှာတိုက်ခိုက်လိုက်သည်။ မည်သို့ပင်ဖြစ်စေစမစ်လည်းဒဏ်ရာရမည်မဟုတ်ပေရာ ကျိုးဟောင်မှာအလွန်ပျော်ရွှင်နေခဲ့သည်။

ကျိုးဟောင်၏အရှိန်မှာအလွန်လျင်မြန်သော်ငြား အရှိန်အားထိန်းကာစမစ်၏ဘေးတွင်စတင်ပတ်ပြေးတော့သည်။

စမစ်၏အရှိန်မှာမြန်သည်ဆိုသော်ငြား ကျိုးဟောင်လောက်တော့မမြန်ပေ။ တစ်နည်းဆိုရသော် စမစ်မှာကျိုးဟောင်၏ရိုက်နှက်မှုကိုသာခံနေရပြီး ကျိုးဟောင်အားထိရန် အခွင့်အရေးပင်မရပေ။

"သေစမ်း ငါသူ့ကိုတစ်ခါလောက်ထိတာနဲ့ သတ်နိုင်မှာ"

စမစ်မှာစိတ်ထဲမှကြုံးဝါးလိုက်သည်။

ကံဆိုးစွာပင်ကျိုးဟောင်ရွှေကျီးလွတ်မြောက်ရေးသိုင်းအားသုံးပြီးနောက် အစောပိုင်းကပင်ကျိုးဟောင်၏အရှိန်အားမမီသောစမစ်မှာ ကျိုးဟောင်အားမနိုင်တော့ပေ။

သို့သော်စမစ်၏အရေပြားမှာကြမ်းတမ်းကာ အသားမှာထူပေရာ ‌ရွှေခန္ဓာသိုင်း၏ခုခံနိုင်စွမ်းမှာလန့်စရာကောင်းလှပေသည်။ ကျိုးဟောင်မှာစွမ်းအားကုန်သုံးကာတိုက်နေသော်ငြား စမစ်၏ရွှေခန္ဓာအား မဖျက်ဆီးနိုင်ပေ။

ဤတိုက်ပွဲမှာတစ်နာရီကျော်မျှကြာသွားသည့်တိုင်အဆုံးမသတ်သေးပေ။ အပြင်ဘက်ရှိလူများမှာလည်း အတော်စိုးရိမ်နေကြပေသည်။

အစပိုင်းတွင်လော့လီတို့မှာ ကျိုးဟောင်အတွက်စိုးရိမ်နေခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ စမစ်သည်အလွန်စွမ်းအားကြီးသူဖြစ်ပေရာ လော့လီပင်စမစ်အားရှောင်ရပေသည်။

သို့သော်အချိန်ကုန်လာသည်နှင့်အမျှ သူမတို့၏ပူပန်မှုမှာလည်းလျော့လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ နှစ်ယောက်လုံးထွက်မလာသည့်အဓိပ္ပာယ်သည် တိုက်ခိုက်နေဆဲဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။

စမစ်မှာကျိုးဟောင်အားတစ်ချက်တည်းနှင့်အနိင်ယူနိုင်သည်အထိစွမ်းအားကြီးပေသည်။ သို့သော်ယခုလိုအချိန်အတော်ကြာသည်အထိ ကျိုးဟောင်အားအနိုင်မပိုင်းနိုင်ပုံအရ အနိုင်ယူနိုင်မည့်ပုံ‌မပေါ်ပေ။

သိုင်းပညာရှင်နှစ်ယောက်ကြားရှ်ိ ဤပြိုင်ပွဲတွင်ယခုရလဒ်သည်သေချာသလောက်ရှိနေပြီဖြစ်သည်။

တစ်ဖက်တွင်ခရစ်တို့မှာအစပိုင်းတွင်စိတ်မပူသော်ငြားအချိန်ကြာလာသည်နှင့်အမျှပိုပိုပြီးစိုးရိမ်လာခဲ့သည်။

"စမစ်ရဲ့တိုက်ခိုက်ရေးစွမ်းအားကထူးခြားပေမဲ့ အားနည်းချက်ကတော့သိသာတယ် သူ့မှာတိုက်ခိုက်ရေးစွမ်းအားရှိပေမဲ့ အရှ်ိန်နဲ့စိတ်စွမ်းအားကတော့ အားနည်းတယ် အဲဒီကောင်ကျိုးဟောင်ကအမြဲဉာဏ်များနေတာ သူသေချာပေါက်စမစ်ကိုဖြေရှင်းနိုင်မဲ့နည်းလမ်းရှာတွေ့သွားပြီဖြစ်မယ်"

ရှောင်ရောဘတ်မှာ ယခင်ကကျိုးဟောင်နှင့်တိုက်ခိုက်ဖူးပေရာ ကျိုးဟောင်မည်မျှဉာဏ်များကြောင်း သူကောင်းကောင်းသိပေသည်။

ကျိုးဟောင်သည်သူ့အားချက်ချင်းသတ်လိုက်လို့ရပါသော်လည်း မသတ်ဘဲဓားသိုင်းကျင့်ရန်သူ့အားအသုံးချခဲ့ပေသည်။ ဤလုပ်ရပ်သည်မည်မျှရွံစရာကောင်းပြီး ရှက်ဖွယ်ကောင်းလှပါသနည်း။

"မ....မဟုတ်မှ ကျိုးဟောင်ကသူ့ခန္ဓာကိုယ်ကိုလေ့ကျင့်ဖို့...စမစ်ကိုအသုံးချနေတာများလား"

ထိုအချိန်တွင်ရှောင်ရောဘတ်မှ အလန့်တကြားထပြောလာခဲ့သည်။

"ပါးစပ်ပိတ်ထားစမ်းပါ"

ခရစ်မှာဒေါသထွက်နေပေသည်။ သူယခုလိုမစဉ်းစားချင်သော်လည်း လက်ရှိအခြေအနေအရသုံးသပ်ရပါက ရောဘတ်ပြောသလိုဖြစ်နိုင်ပေသည်။

စမစ်၏တိုက်ခိုက်ရေးပုံစံမှာရိုးရှင်းပြီး နည်းလမ်းလည်းနည်းပေသည်။ အကယ်၍သူ၏အသန်မာ‌ဆုံးစွမ်းရည်ဖြင့်ကျိုးဟောင်အားအနိုင်မယူနိုင်ပါက သေချာပေါက်ရှုံးမည်ဖြစ်သည်။

သို့သော်စမစ်ဘာကြောင့်ရှုံးရသလဲဆိုသည်ကိုသူနားမလည်ပေ။

သူ၏ခန္ဓာကိုယ်မှာစွမ်းအားကြီးလှပေရာ တစ်ဖက်လူအားထိအောင်တိုက်နိုင်သရွေ့တိုက်ပွဲမှာပြီးသွားမည်ဖြစ်သည်။

ခရစ်တို့အဖွဲ့စိုးရိမ်နေသလောက် တစ်ဖက်ရှိလော့လီတို့မှာအလွန်စိတ်အေးနေပေသည်။ အထူးသဖြင့် ကျိုးဟောင်နိုင်မည်ဟုလောင်းထားသူများမှာ ကြာလေအေးဆေးဖြစ်လာလေဖြစ်သည်။

စမစ်ဘက်မှလောင်းထားသောသိုင်းပညာရှင်များမှာမူ အတော်လေးထိတ်လန့်လာခဲ့သည်။

"ချီးပဲ စမစ်ဘာလုပ်နေတာလဲ သူဘာလို့ဒီကောင့်လောက်ကို လက်သီးတစ်ချက်တည်းနဲ့မသတ်နိုင်ရတာလဲ"

"ဟုတ်တယ် ပြီးခဲ့တဲ့တစ်ခေါက်က သူလက်သီးတစ်ချက်တည်းနဲ့ငါ့ခန္ဓာကိုယ်တစ်ဝက်လောက်ကို ကျိုးသွားအောင်လုပ်ခဲ့တာ"

"ဒါဆို ဒီနေ့ဘာဖြစ်တာလဲ သူရှုံးသွားတာလား ဒါမှမဟုတ်ကျိုးဟောင်ဘက်ကလောင်းထားလို့လား"

သူတို့၏အမူအရာများမှာပျက်ယွင်းနေကာ အသံများပင်ထွက်လာခဲ့သည်။

ထိုစကားအားပြောပြီးနောက်အားလုံးမှာကြက်သေသေသွားခဲ့ကြသည်။

သို့သော်အထဲရှိအခြေအနေမှာအမြင့်ဆုံးသို့ရောက်ရှိနေပြီဖြစ်သည်။ တိုက်ခိုက်ရေးနည်းလမ်းအားလုံးအားအသုံးပြုပြီးပြီဟုဆိုနိုင်ပေသည်။

သို့သော် ‌ဤရွှေခန္ဓာသိုင်းမှာတကယ်ပင်စွမ်းအားကြီးလှပေရာ ကျိုးဟောင်မှာ၎င်းအားမဖြေရှင်းနိုင်သေးပေ။

စမစ်မှာကျိုးဟောင်အားကြည့်ရင်းအသက်လုရှူနေရပေသည်။ ဤကျိုးဟောင်သည်မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း သူအစောကြီးကတည်းကသဘောပေါက်သွားပြီဖြစ်သည်။ ကျိုးဟောင်သည်တကယ်ပင်သူ၏လှုပ်ရှားရေးသိုင်းများနှင့် အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်အားလေ့ကျင့်ရန် သူ့အားအသုံးချနေခြင်းဖြစ်သည်။

နာရီပိုင်းအတွင်းတွင် ကျိုးဟောင်မှာနည်းလမ်းရာချီသုံးပြီးပြီဖြစ်သည်။ အဆုံးတွင် ကျိုးဟောင်သည်အလွန်စိတ်လှုပ်ရှားနေပေသည်။

"ချီးပဲ ရပ် ရပ်"

စမစ်မှာချက်ချင်းအော်ဟစ်တားလိုက်ပြီး မြေပြင်ပေါ်တွင်ထိုင်ချကာ ကျိုးဟောင်အားဒေါသတကြီးကြည့်လာခဲ့သည်။

သူတိုက်ခိုက်ရန်အခွင့်အရေးမရှိပေ။ ဤကောင်စုတ်လေးသည်ဖမ်းရအလွန်ခက်ပေရာ သူ့အားထိပင်မထိနိုင်ပေ။

တစ်ဖက်တွင်သူသည် ကျိုးဟောင်၏လက်သီးချက်များစွာအားခံစားခဲ့ရပေသည်။ သူ၏ခန္ဓာကိုယ်မှာမပျက်စီးနိုင်သော်ငြား စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေသည်။

ထို့ကြောင့် စမစ်မှာချက်ချင်းပင်လက်လျှော့လိုက်တော့သည်။

ကျိုးဟောင်မှာမူစိတ်ပျက်နေသောအမူအရာမျိုးဖြစ်သွားခဲ့သည်။ သူယခုအချိန်ထိစိတ်မကျေနပ်သေးသော်လည်း စမစ်မှာအရှုံးပေးလိုက်ပြီဖြစ်သည်။

ထိုအချိန်တွင်စနစ်၏အသံထွက်ပေါ်လာခဲ့သည်။

"ကျောင်းသားကျိုးဟောင်အနိုင်ရပါတယ်"

....................................................................................

အခန်း(၄၉၃) ပြီးပါပြီ။

အခန်း (၄၉၄) : နောက်ထပ်စိန်ခေါ်မှုတစ်ခု

ထိုအသံထွက်လာချိန်တွင် အပြင်ဘက်ရှိလူများမှာကြက်သေသေသွားခဲ့ကြကာ အတော်လေးအံ့သြသွားခဲ့ကြသည်။ ကျိုးဟောင်မည်ကဲ့သို့အနိုင်ရသွားပါသနည်း။

ထိုအချိန်တွင် ပုံရိပ်ယောင်အခန်း၏တံခါးမှာပွင့်လာခဲ့ပြီးစမစ်မှာစိတ်ဆိုးနေသောအမူအရာဖြင့် ဒေါသတကြီးလမ်းလျှောက်ထွက်လာခဲ့သည်။

တစ်ဖက်တွင်လော့လီတို့မှာ ကျိုးဟောင်ထွက်လာသည်ကိုမြင်လိုက်ရချိန်တွင်ပြုံးလိုက်ကြပြီး အတော်လည်းထိတ်လန့်သွားခဲ့ကြသည်။

ကျိုးဟောင်မှာတကယ်ပင် အလွန်တိုးတက်လာခဲ့ပြီး စမစ်ကိုပင်အနိုင်ယူနိုင်ခဲ့ပေသည်။

ဤလတွက်ကျိုးဟောင်၏အဆင့်မှာ ၄၉ သို့တန်းတက်သွားခဲ့ပြီး ဤအ‌ဆင့်သည် ၃လတာကြိုးစားမှု၏ ရလဒ်ဟုဆိုနိုင်ပေသည်။

ကျိုးဟောင်၏ကျင့်ကြံဆင့်မှာလည်း ပဉ္စမမြောက်မူလအဆင့်သို့ရောက်ရှိနေပြီဖြစ်ကာ ဤနှုန်းသည်တကယ်ကိုပုံမှန်မဟုတ်ပေ။

လေ့ကျင့်ရေးမှလွဲကျိုးဟောင်မှာအခြားကိစ္စများအား မစဉ်းစားပေ။ အာရုံအလုံးစုံအားလေ့ကျင့်ရေးတွင်သာမြှုပ်နှံထားပေရာ အလွန်လျင်မြန်စွာတိုးတက်လာသည်မှာ သဘာဝကျပေသည်။

သို့သော်ယနေ့တွင် စစ်နတ်ဘုရားတပ်ရင်းမှရုတ်တရက် ကြေညာချက်တစ်ခုထုတ်ပြန်လာခဲ့သည်။

ထိုကြေညာချက်မှာ သူတို့အတွက်ပို၍နက်ရှ်ိုင်းသောသန္ဓေပြောင်းသားရဲပိုင်နက်တစ်ခုဖွင့်ပေးလိုက်သည့်အကြောင်းပင်ဖြစ်သည်။

ယခုသူတို့သတ်နေသည့်သန္ဓေပြောင်းသားရဲများမှာအားလုံးအစွန်အဖျားပိုင်းမှဖြစ်ပြီး အတွင်းပိုင်းသို့မည်သူမှမဆင်မခြင်ဖြင့် ခြေမချရဲပေ။

မည်သို့ပင်ဖြစ်စေ အနက်ပိုင်းဧရိယာရှိအားအနည်း‌‌ဆုံးသန္ဓေပြောင်းသားရဲများမှာ ပဉ္စမမြောက်မူလအဆင့်အထက်ရှိကြပေသည်။ ဤသတင်းအားကြားသူများအနက်အပျော်ဆုံးလူမှာ ကျိုးဟောင်ပင်ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်ဖြင့် သေချာဂရုစိုက်ပါကကောင်းကင်ဘုံအဆင့်အောက် သန္ဓေပြောင်းသားရဲများမှာ သူ့အားမယှဉ်နိုင်ပေ။ ကောင်းကင်ဘုံအဆင့်သားရဲများကိုပင်သတ်နိုင်ပေသည်။

ထို့ကြောင့်ထိုနေရာသို့သွားပြီး အမှတ်နှင့်ကံကြမ္မာအမှတ်များစုဆောင်းခြင်းသည် ကျိုးဟောင်အတွက်အကောင်းဆုံးဖြစ်သည်။

လွန်ခဲ့သော ၃လအတွင်းကျိုးဟောင်မှာကံကြမ္မာအမှတ် သန်း ၁၀၀ သာစုဆောင်းနိုင်ခဲ့ပေရာ အလွန်နှမြောစရာကောင်းလှပေသည်။

အဓိကအကြောင်းပြချက်မှာ အားကောင်းသည့် အဆင့်မြင့်သန္ဓေပြောင်းသားရဲများအားမသတ်ခဲ့၍ဖြစ်သည်။ တတိယမြောက်မူလအဆင့်သားရဲအနည်းစုမှလွဲ အများစုမှာမူလအဆင့်နှင့် မဟာဆရာသခင်အဆင့်သားရဲများသာဖြစ်ကြသည်။

ယခုလောက်အဆင့်သာရှိသောသန္ဓေပြောင်းသားရဲများမှာ အလွန်ဈေးပေါလှပေသည်။

ကျိုးဟောင်မှာယခု အရိပ်ဓားခုနစ်ချောင်း၊ သစ်တောစိမ်းသိုင်းနှင့် မဟာယန်မှတ်တမ်းတို့အား သင်ယူပြီးပြီဖြစ်သည်။ သို့သော် ကျိုးဟောင်ပိုမိုသန်မာလာသည်နှင့်အမျှ ဤကျင့်ကြံရေးသိုင်းများမှာ သူနှင့်မလိုက်ဖက်တော့ကြောင်း သဘောပေါက်လာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းမှာမူ အတော်လေးကောင်းပေသည်။

မည်သို့ပင်ဖြစ်စေ တစ်ခဏအတွင်းစွမ်းအားတိုးစေခြင်းသည် အခြေအနေအားပြောင်းပြန်လှန်ပစ်နိုင်သည့်အဓိကသော့ချက်တစ်ခုဖြစ်သည်။

"တကယ်လို့ငါခန္ဓာကိုယ်ကျင့်ကြံသူစစ်သည်တော်ဖြစ်လာချင်ရင် ငါ့ခန္ဓာကိုယ်ကစွမ်းအားကြီးမှဖြစ်မယ် တကယ်လို့ငါ့ခန္ဓာကိုယ်ကိုစွမ်းအားကြီးစေချင်တယ်ဆိုရင် ကျင့်ကြံရေးတစ်ခုတည်းနဲ့မလုံလောက်ဘူး ခန္ဓာကိုယ်ကိုလည်းပြောင်းလဲရမယ်"

ကျိုးဟောင်မှာသက်ပြင်းချကာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲမှဈေးဆိုင်အားစစ်ဆေးလိုက်ရာ ရုတ်တရက် "ခန္ဓာပုံသွင်းနှင်းစက်" အားတွေ့လိုက်ရပေသည်။

ဤပစ္စည်းမှာအလွန်ဈေးကြီးကာ တစ်ပုလင်း ၁၀ ဘီလီယံပေးရပေသည်။ကံကောင်းသည်မှာ ၁၀ ဘီလီယံဟူသောပမာ‌ဏသည်ကျိုးဟောင်အတွက်ဘာမှမဟုတ်ပေရာ ချက်ချင်းပင်ဝယ်ယူလိုက်သည်။

"ခန္ဓာပုံသွင်းနှင်းစက်မှာ နတ်ဘုရားသားရဲ ၄မျိုးမှဖန်တီးထားခြင်းဖြစ်ပြီး ခန္ဓာကိုယ်အားပုံသွင်းရန်သုံးနိုင်ပေသည်။ ကောင်းကင်ဘုံအဆင့်အထက်ရှိသူများသာ ဤပစ္စည်းအားချက်ချင်းစုပ်ယူနိုင်ပြီး ကောင်းကင်ဘုံအဆင့်အောက်ဆိုပါက မစုပ်ယူမီရေရောရန်လိုအပ်ပေသည်။

ကျိုးဟောင်မှာအညွန်းအားဖတ်ကာခေါင်းညိတ်လိုက်သည်။ ထို့နောက်စကားတစ်ခွန်းမှမဆိုဘဲ ရေချိုးကန်ပြင်ဆင်လိုက်ကာအထဲတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက် နှင်းစက်တစ်စက်အားရေချိုးကန်ထဲသို့ထည့်လိုက်သည်။

ထိုနှင်းစက်မှာရေထဲသို့ကျသွားပြီးနောက် ချက်ချင်းပင်သန့်စင်သောစွမ်းအင်အဖြစ်ပြောင်းလဲသွားကာ ကျိုးဟောင်၏ချွေးပေါက်များထဲသို့စိမ့်ဝင်သွားခဲ့သည်။ ထိုစွမ်းအားမှာအလွန်ပြင်းထန်လှပေသည်။

ကျိုးဟောင်မှာခေါင်းညိတ်လိုက်သည်။ ဤမျှလောက်စွမ်းအားအား သူစုပ်ယူနိုင်ပေရာ နောက်ထပ် ၂စက် ၃စက်မျှထပ်ထည့်လိုက်သည်။ ထိုအခါမှသာ ကျိုးဟောင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲလာခဲ့သည်။ အတွင်းမှအားကြီးသောစွမ်းအားမှာ အကန့်အသတ်အားရောက်ရှိနေပြီဖြစ်ကြောင်း ခံစားမိလိုက်ပေသည်။

ကျိုးဟောင်သည် ၁၀ဘီလီယံပေးဝယ်ရသည့် ဤခန္ဓာပုံသွင်းနှင်းစက်၏ထူးခြားချက်အားသိချင်ပေသည်။

ကျိုးဟောင်မှာမျက်လုံးအားတင်းကြပ်စွာမှိတ်ထားပြီး ထိုပစ္စည်းမှသူ၏ခန္ဓာကိုယ်အားပုံသွင်းနေသည်ကို ခံစားနေပေသည်။

မကြာမီ ဆိုးဝါးသောအနံ့အသက်ဖြင့် မဲနက်နေသောအညစ်အကြေးများမှာ သူ၏အရေပြားပေါ်တွင်စုပုံလာခဲ့သည်။

ကျိုးဟောင်မှာဤပစ္စည်းသည်အလုပ်ဖြစ်ကြောင်းသိလိုက်ပေသည်။ဤပစ္စည်း၏အကျိုးသက်ရောက်မှုမှာတကယ်ကိုကောင်းပေသည်။

သို့သော် ပုံသွင်းမှုပြီးဆုံးတော့မည်ဟုထင်လိုက်ချိန်တွင် ခန္ဓာပုံသွင်းနှင်းစက်၏သက်ရောက်မှုမှာယခုမှစတင်ခြင်းဖြစ်ကြောင်းကို ကျိုးဟောင်သဘောပေါက်လိုက်ပေသည်။

၎င်းမှာတူကိုင်လုပ်သားကဲ့သို့ ခြေလက်များ သွေးကြောများအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ခြေလက်များ၊ သွေးကြောများအားတိုက်ခိုက်နေပေရာ ချက်ချင်းပင်သွေးကြောများအားပိုမိုသန်မာပြီး ကျယ်လာစေပေသည်။

သူ၏ကြွက်သားများအရိုးများမှာလည်း အလားတူပင်။

အတွင်းမှအညစ်အကြေးများအားရှင်းထုတ်နိုင်ရုံသာမက သွေးကြောများ၊ ကြွက်သားများ နှင့် အရိုးများမှာလည်းအားလုံးပိုမိုကောင်းမွန်လာခဲ့သည်။

၃နာရီမျှစောင့်ပြီးနောက် ကျိုးဟောင်မှာမျက်လုံးဖွင့်လိုက်ပေရာ ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားသလိုခံစားခဲ့ရပြီး မျက်လုံးများမှာအံ့ဩမှုများဖြင့်ပြည့်နှက်သွားခဲ့သည်။

"ငါ့ခန္ဓာကိုယ်ကစွမ်းအင်အနှစ်သာရနဲ့ပုံသွင်းထားတာ ၉၀ရာခိုင်နှုန်းကျော်အထိ ရောက်နေပြီဆိုပေမဲ့ ဒီခန္ဓာပုံသွင်းနှင်းစက်သုံးပြီးတော့ ဒီလောက်အတိုင်းအတာအထိပုံသွင်းနိုင်တာ ကြည့်ရတာငါ့ခန္ဓာကိုယ်ကိုပုံသွင်းဖို့ စွမ်းအင်အနှစ်သာရတစ်ခုတည်းကိုပဲ အားကိုးလို့ရတယ်လို့တွေးမိတာ မှားသွားတဲ့ပုံပဲ"

ကျိုးဟောင်မှာတစ်ယောက်တည်းစိတ်ထဲမှတွေးနေခဲ့ပေသည်။ ယနေ့ခေတ်သိုင်းပညာရှင်များမှာယခင်ကလူများနှင့်မတူကြောင်း ကျိုးဟောင်နားလည်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤခန္ဓာပုံသွင်းသောနည်းလမ်းသည် တစ်မျိုးတည်းရှိသည်မဟုတ်ပေ။ စင်စစ်တွင် စွမ်းအင်အနှစ်သာရဖြင့်ပုံသွင်းခြင်းသည် ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် ခန္ဓာကိုယ်အားပုံသွင်းနိုင်သည့် အကောင်းဆုံးနည်းလမ်းမဟုတ်ပေ။

ထိုသို့တွေးရင်းကျိုးဟောင်မှာအလျင်အမြန်ပင် ဆေးကြောသန့်စင်ကာအဝတ်အစားလဲလိုက်သည်။

ကျိုးဟောင်မှာစမ်းသပ်ရမည့်လူအားရှာရန်မစောင့်နိုင်တော့ပေ။

ထို့အပြင်ဤလူမှာ စမစ်မှလွဲအခြားသူမရှိပေ။

ဤလူသန်ကြီးမှာသူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား အထူးအသား‌ပေးလေ့ကျင့်ထားခြင်းဖြစ်သည်။ ကျိုးဟောင်မှာသူ၏ခန္ဓာကိုယ်အားကောင်းမကောင်းကို တစ်ဖက်လူ၏ခန္ဓာကိုယ်နှင့်စမ်းသပ်မှသာသိနိုင်မည်ဖြစ်သည်။

ထို့ကြောင့်ကျိုးဟောင်မှာတွေဝေမနေဘဲ စမစ်ထံတန်းသွားတော့သည်။

"စမစ် ငါမင်းကိုစိန်ခေါ်တယ်"

ကျိုးဟောင်မှာအချိန်ဖြုန်းမနေဘဲတန်းပြောလိုက်သည်။ စမစ်မှာ‌ကျိုးဟောင်၏စကားအားကြားပြီးဒေါသဖြစ်သွားခဲ့သည်။

"မင်းငါ့ကိုစိန်ခေါ်ရဲသေးတယ် အမှိုက်ကောင် မင်းကဘယ်လိုပြေးရမလဲပဲသိတာ ငါမင်းနဲ့မပြိုင်ချင်ဘူး"

စမစ်မှာပြီးခဲ့သည့်အကြိမ်ကကျိုးဟောင်အားရှုံးပြီးနောက် ဒေါသဖြစ်လွန်း၍ထမင်းပင်ရက်ပိုင်းလောက်အထိစားမဝင်ပေ။

ကျိုးဟောင်မှာပြုံးလိုက်သည်။

"စမစ် ဒီတစ်ခေါက်မင်းကိုအနိုင်ယူဖို့ ငါ့ခန္ဓာကိုယ်ကိုသုံးမှာ ထွက်မပြေးဘူး ထိပ်တိုက်ရင်ဆိုင်ကြတာပေါ့ တကယ့်ယောက်ျားတွေရဲ့တိုက်ပွဲဘယ်လိုလဲ"

ကျိုးဟောင်မှာပြောရင်း စိန်ခေါ်စာအားထုတ်လိုက်သည်။ လောင်ကြေးမှာ သန်း ၅၀၀ ပင်ဖြစ်သည်။

စမစ်မှာကျိုးဟောင်အားကြည့်ကာခေတ္တမျှစဉ်းစားနေပြီးနောက်ပြောလိုက်သည်။

"ကောင်လေး မင်းတစ်ခုခုကြံနေတာလား"

ကျိုးဟောင်မှာထိုစကားအားကြားသောအခါ ချက်ချင်းပင်ပြုံးကာပြန်ပြောလိုက်သည်။

"စမစ် မင်းဘာလို့ဒီလောက်ကြောက်နေရတာလဲ"

"မင်းဘာပြောတာလဲ ငါမင်းတို့အရှေ့တိုင်းသားတွေကိုလုံးဝမယုံဘူး မင်းတို့ကအရမ်းဉာဏ်များပြီး အကျင့်ယုတ်တယ် ဘယ်သူသိမှာလဲ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုမင်းငါ့ဆီက သန်း ၅၀၀ ရဖို့ကြိုးစားနေတာလားဆိုတာ"

စမစ်မှချက်ချင်းပင်ပြောလိုက်သည်။

"စမစ် မင်းဒီလိုပြောတာငါ့ကိုအထင်သေးနေတာပဲ ငါမင်းနဲ့သဘောတူညီချက်တစ်ခုလုပ်မယ် တကယ်လို့ငါပြီးခဲ့တဲ့အခေါက်ကလိုလုပ်မယ်ဆို စနစ်ဘက်ကို ငါ့ကိုအရှုံးလို့သတ်မှတ်ခိုင်းလိုက်မယ်"

ကျိုးဟောင်ပြောရင်းစိန်ခေါ်စာတွင် ထိုစာကြောင်းအားထပ်ထည့်လိုက်သည်။ သူသည်စမစ်အားအဆုံးထိပုန်းပြီးတိုက်ခိုက်မည်မဟုတ်ပေ။

စမစ်မှာထိုစာကြောင်းအားမြင်သောအခါ အပြုံးကြီးကြီးပြုံးကာဆိုလာခဲ့သည်။

"ဟဟဟ ကောင်းပြီလေ စကြတာပေါ့"

စကားတစ်ခွန်းမှမဆိုဘဲ ကျိုးဟောင်တို့နှစ်ယောက်မှာစိန်ခေါ်ရေးခန်းသို့ရောက်လာခဲ့ပြီး အထဲသို့ဝင်သွားခဲ့သည်။ ထို့နောက်ခေါင်းဆောင်းအားဆောင်းကာ ပုံရိပ်ယောင်လောကထဲဝင်လိုက်ကြသည်။

"ကျိုးဟောင် နောင်တမရနဲ့ အရင်တစ်ခေါက်ကမင်းငါ့ရဲ့စွမ်းအားအစစ်အမှန်ကိုမတွေ့ခဲ့ရဘူး ဒီတစ်ခေါက်ခန္ဓာကိုယ်ကျင့်ကြံသူတွေရဲ့ကြောက်စရာခွန်အားကို ငါမင်းကိုပြပေးမယ်"

စမစ်မှာလက်သီးဆုပ်လိုက်ပေရာ တဂျွတဂျွတ်အသံများထွက်ပေါ်လာခဲ့သည်။ သူ၏စွမ်းအားကြီးသောအငွေ့အသက်မှာလည်းလန့်စရာကောင်းလှပေသည်။

သို့သော်ကျိုးဟောင်မှာပုံရိပ်ယောင်လောကထဲတွင်ပေါ်လာသောသူ၏ခန္ဓာကိုယ်အားခံစားကာ ပြုံးရုံသာပြုံးပြီးခေါင်းညိတ်လိုက်သည်။

"စမစ်မင်းကဒီလောက်ယုံကြည်မှုရှိနေမှတော့ ဒါယူလိုက်"

ကျိုးဟောင်မှာပြောရင်း ခုန်ကာတစ်ဖက်လူအားလက်သီးဖြင့်ထိုးလိုက်သည်။

...................................................................................

အခန်း(၄၉၄) ပြီးပါပြီ။

အပိုင်း (၄၉၅) : ဧရိယာ ဘီ

ထိုမြင်ကွင်းအားကြည့်ပြီး စမစ်မှာချက်ချင်းပြုံးလိုက်မိသည်။ ဤကောင်စုတ်လေးသည်သူ့အားတိုက်ခိုက်ရဲသည်အထိ ရဲတင်းလိမ့်မည်ဟုမထင်ထားခဲ့ပေ။

သူသည်သရော်ပြုံးပြုံးကာ ကျိုးဟောင်၏လက်သီးချက်အားမရှောင်ဘဲ ချက်ချင်းပင် ရွှေခန္ဓာအားအသက်သွင်းလိုက်ပေရာ ခန္ဓာကိုယ်တစ်ခုလုံးမှာရွှေများမြှုပ်ဝင်နေသည့်ပမာတောက်ပနေပေသည်။

ကျိုးဟောင်၏မျက်လုံးများမှာအရောင်တောက်သွားခဲ့သည်။ သူစောင့်ကြိုနေသည်မှာ ဤအရာပင်ဖြစ်သည်။

ထိုအချိန်တွင်ကျိုးဟောင်မှာလက်သီးဆုပ်လိုက်ပေရာ စွမ်းအားကြီးသောအားတစ်ခုမှာ ချက်ချင်းပင်ထွက်ပေါ်လာခဲ့သည်။

စမစ်မှာ အစပိုင်းကဂရုမစိုက်သော်ငြား လက်သီးချက်သူ့ခန္ဓာကိုယ်ပေါ်ကျရောက်လာသည့်အချိန်တွင်မျက်လုံးပြူးသွားခဲ့သည်။

ဤစွမ်းအားမှာ....အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။

စမစ်သည်ချက်ချင်းပင် ဤလက်သီးချက်ကြောင့်နောက်သို့ ၅ ကီလိုမီတာမျှဆုတ်သွားရပြီးမှရပ်တန့်သွားခဲ့သည်။ ကျိုးဟောင်မှာမူအစောပိုင်းကတိုက်ခိုက်လိုက်သည့်နေရာမှာပင် လက်သီးအားဆန့်ထုတ်ထားသည့်ပုံအတိုင်း နေရာမှမရွေ့ဘဲရှိနေပေသည်။

စမစ်မှာကြက်သေသေသွားခဲ့သည်။

ဤလက်သီး၏စွမ်းအားမှာအလွန်စွမ်းအားကြီးလှပေသည်။

လွန်ခဲ့သောနှစ်ရက်ကစွမ်းအားနှင့်မတူပေ။

ဤလက်သီးသည်သူ့လက်သီးလောက်စွမ်းအားမကြီးသော်ငြား သာမန်ထက်ထူးကဲသည်ဟုပင် စမစ်စိတ်ထဲခံစားလိုက်ရပေသည်။

"မင်း....မင်းဘယ်လိုလုပ်လိုက်တာလဲ။ ဘယ်.....ဘယ်လောက်မှမကြာသေးဘူးကို ဘယ်လိုလုပ်ပြီးဒီလောက်တိုးတက်လာရတာလဲ"

စမစ်မှာမျက်လုံးပြူးကာပါးစပ်အဟောင်းသားဖြင့်အံ့ဩနေခဲ့သည်ယ

ကျိုးဟောင်မှာပြုံးလိုက်သည်။

"ဘယ်လိုလဲစမစ် မင်းကိုစိတ်မပျက်စေဘူးမလား တကယ်လို့မင်းသိချင်ရင်ငါ့ကိုနိုင်အောင်တိုက် ဒါ‌ဆိုငါပြောပြမယ်"

ကျိုးဟောင်မှာရယ်မောကာပြောရင်း ရှေ့သို့ထပ်မံခုန်ဝင်လာခဲ့သည်။

ယခုတစ်ကြိမ်တွင်သူတို့သည် ခွန်အားချင်းယှဉ်ရန်သဘောတူထားခဲ့ပေရာ ကျိုးဟောင်မှာအမြန်နှုန်းအားသုံးကာထွက်မပြေးတော့ပေ။

"လာ စမစ်"

ကျိုးဟောင်မှာသူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားအားလည်ပတ်ကာ ချက်ချင်းပင်တိုက်ခိုက်လိုက်သည်။

ယခုတစ်ကြိမ်စိန်ခေါ်ခံရခြင်းသည် သူ၏ဂုဏ်သိက္ခာအားထိပါးသလိုခံစားလိုက်ရပေရာ စမစ်သည်လည်းဒေါသတကြီးပြောလာခဲ့သည်။

"ကောင်းပြီ ငါမင်းဆန္ဒကိုဖြည့်ပေးမယ်"

ပြောရင်းစမစ်မှာ အော်ဟစ်လိုက်ပေရာ သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာရုတ်ရက်ထိုးတက်လာခဲ့ပြီး လေပြင်းများပင်တိုက်လာခဲ့သည်။

ကျယ်လောင်သောအသံတစ်ခုသည်လည်း ချက်ချင်းထွက်ပေါ်လာခဲ့ကာ အားကောင်းသောစွမ်းအားဖြင့်ပတ်ဝန်းကျင်အနှံ့ပျံ့နှံ့သွားခဲ့သည်။

ယခုတစ်ကြိမ်တွင်ကျိုးဟောင်မှာနောက်သို့မီတာတစ်ရာမျှဆုတ်သွားခဲ့ရပြီးစမစ်မှာ ခြေလှမ်း ၃လှမ်းမျှသာဆုတ်သွားခဲ့သည်။

ကျိုးဟောင်မှာပြုံးလိုက်သည်။ သူ၏စွမ်းအားမှာယခင်တစ်ခေါက်နှင့်ယှဉ်ပါက အများကြီးတိုးတက်လာခဲ့ပေသည်။ ထို့အပြင်ကျိုးဟောင်သည် ယခုအချိန်အထိ နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းအားမသုံးရသေးပေ။ လက်ရှိကျင့်ကြံဆင့်ဖြင့်ပင်စမစ်နှင့်ထိပ်တိုက်ရင်ဆိုင်နိုင်နေပြီဖြစ်သည်။ သူ့ဘက်မှအရေးနိမ့်နေသော်လည်း ကျိုးဟောင်မှာကျေနပ်နေပေသည်။

"ဟဟဟ ကျေနပ်တယ် ထပ်လာ"

ကျိုးဟောင်မှာရယ်မောကာပြောလိုက်သည်။ ယခုတစ်ကြိမ်တွင်ကျိုးဟောင်မှာထိန်းချုပ်မထားဘဲ နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းအား သုံးလိုက်ပေရာ လက်ရှိအချိန်တွင်သူ၏ကျင့်ကြံရေးစွမ်းအားမှာထိုးတက်လာခဲ့ပြီး အငွေ့သက်မှာလည်းပျံ့နှံ့သွားခဲ့သည်။

စမစ်၏အမူအရာမှာချက်ချင်းပင်ပျက်ယွင်းသွားခဲ့သည်။ ကျိုးဟောင်ထံတွင်ကျင့်ကြံဆင့်အားတိုးပေးနိုင်သည့်ကျင့်ကြံရေးသိုင်းရှိကြောင်းသိထားပြီး ဤကိစ္စသည်လည်း လျှို့ဝှက်ချက်ကြီးတစ်ခုမဟုတ်ပေ။

ထို့အပြင်ယခုလိုသိုင်းမျိုးရှိသည်မှာကျိုးဟောင်တစ်ယောက်တည်းမဟုတ်ဘဲ ကျောင်းသားအတော်များများတွင်ရှိကြပေသည်။

သို့သော်အစောပိုင်းက ကျိုးဟောင်သည်သူ၏လက်သီးချက်အား ကျင့်ကြံဆင့်ကိုမတိုးဘဲခုခံခဲ့ခြင်းဖြစ်သည်။ ယခုသူ၏ကျင့်ကြံဆင့်မှာမြင့်တက်သွားပြီဖြစ်ပေရာ စမစ်သည်အန္တရာယ်အငွေ့အသက်အားခံစားလိုက်ရပေသည်။

ထိုအချိန်တွင်ကျိုးဟောင်မှာလက်သီးအားဆုပ်လိုက်ပေရာ အလွန်စွမ်းအားကြီးသည့် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။

စမစ်သည်လည်း သူ၏စွမ်းအားအားလက်သီးထဲသို့အားကုန်ထည့်ကာချက်ချင်းပင်တိုက်ခိုက်လိုက်သည်။

တိုက်ပွဲမှာ ၁၀ မိနစ်ကျော်မျှကြာကာ နောက်ဆုံးတွင်ကျိုးဟောင်မှာ ခပ်ပြုံးပြုံးမျက်နှာထားနှင့်လမ်းလျှောက်ထွက်လာခဲ့သည်။ နောက်ရှိစမစ်မှာကျိုးဟောင်အား မကောင်းဆိုးဝါးတစ်ကောင်အားမြင်ရသည့်အလား မယုံကြည်နိုင်စွာ ငေးကြည့်‌နေပေသည်။

"ကျိုးဟောင် မင်း..မင်းအခုလိုအချိန်တိုလေးအတွင်းမှာ ခန္ဓာကိုယ်ကိုဒီအဆင့်ထိရောက်အောင်ဘယ်လိုကျင့်ကြံခဲ့လဲဆိုတာ ငါ့ကိုပြောပြလို့ရမလား မဟုတ်မှမင်းရဲ့ခန္ဓာက်ိုယ်ကိုပုံသွင်းဖို့ သွေးအနှစ်သာရပစ္စည်းတစ်ချို့လဲထားတာလား"

စမစ်မှာကျိုးဟောင်အားအလျင်အမြန်တားကာမေးလိုက်သည်။

ကျိုးဟောင်မှာပြုံးကာခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် ငါ့ခန္ဓာကိုယ်ကိုပုံသွင်းဖို့‌သွေးအနှစ်သာရပစ္စည်းတစ်ချို့လဲလာတာ"

ထိုစအားကြားသောအခါ စမစ်မှာသဘောပေါက်သွားခဲ့သည်။ ဤသွေးအနှစ်သာရပုံသွင်းပစ္စည်းများမှာ အားလုံးဈေးကြီးပေသည်။ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်အနေဖြင့် နှစ်ပေါင်းများစွာအတွင်း တစ်ခုကိုသာလဲလှယ်ခဲ့ဖူးပေသည်။ ထို့အပြင် ထိုအရာသည်လည်းအတော်လေးအဆင့်နိမ့်သည့် သားရဲသွေးအနှစ်သာရဖြစ်သည်။ ကောင်းကင်ဘုံအဆင့်သားရဲ၏သွေးအနှစ်သာရ သို့မဟုတ် ရှေးဟောင်းမျိုးနွယ်၏သွေးအနှစ်သာရမျိုးဆိုပါက မတတ်နိုင်ပေ။

ကျိုးဟောင်မှာမူ စမစ်အား ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသုံးပြီးအနိုင်ယူနိုင်ခဲ့သည့်အပေါ်အလွန်ပျော်နေပေသည်။

သူ၏လက်ရှ်ိရွေ့လျားရေးသိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ သာမန်ထက်ထူးကဲနေပြီဖြစ်ပြီး လိုအပ်နေသည့်အရာမှာကျင့်ကြံရေးသိုင်းများသာဖြစ်သည်။

အရိပ်ဓားခုနစ်ချောင်းဖြစ်စေ သစ်တောစိမ်းသိုင်းဖြစ်စေ၊ မဟာယန်မှတ်တမ်းဖြစ်စေ အားလုံးမှာကောင်းကင်ဘုံအဆင့်တစ်ဝက်အဆင့်တွင်အဆင်ပြေသော်လည်း ကောင်းကင်ဘုံအဆင့်သို့ရောက်သွားပါက မလုံလောက်တော့ပေ။

"ကြည့်ရတာငါ့အတွက်သင့်တော်မဲ့ စွမ်းအားကြီးကျင့်ကြံရေးသိုင်းတစ်ခုရှာရမဲ့ပုံပဲ ဒီလိုဆိုပြည့်စုံသွားပြီ"

ကျိုးဟောင်မှာအကြံလည်းရသွားပေသည်။

နောက်တစ်နေ့မနက်အစောပိုင်းတွင် စစ်နတ်ဘုရားတပ်ရင်း၏ကျောင်းသားတစ်ဝက်ကျော်မျှမှာ နေရာတစ်နေရာသို့ခေါ်ဆောင်သွားခံကြရပေသည်။

"ဧရိယာဘီကသန္ဓေပြောင်းသားရဲတွေက ဧရိယာအေကသားရဲတွေထက်ပိုပြီးတော့သန်မာတယ် ဒါကြောင့်နောက်ပိုင်းမင်းတို့ဧရိယာဘီထဲဝင်ရင်သတိထားရမယ် နားလည်ကြလား"

ထိုစကားအားပြောပြီးနောက် တာဝန်ခံဆရာမှာကျိုးဟောင်တို့အဖွဲ့အား ဧရိယာဘီထံခေါ်လာခဲ့ပြီး အထဲဝင်စေခဲ့သည်။

ကျောင်းသားအဖွဲ့မှာလည်း ချက်ချင်းပင်ဧရိယာဘီထဲသို့ဝင်သွားခဲ့ကြသည်။

ဤနေရာသည်အလွန်အန္တရာယ်များသော်ငြား စစ်နတ်ဘုရားတပ်ရင်းမှကျောင်းသားများမှာအမှိုက်များမဟုတ်ပေ။ အားလုံးမှာသင့်တော်သောလေ့ကျင့်ရေးများလုပ်ထားကြသူများဖြစ်သည်။

အချို့ကျောင်းသားများမှာကောင်းကင်ဘုံအဆင့်အားမရောက်သေးသော်ငြား ကောင်းကင်ဘုံအဆင့်ပညာရှင်နှင့်တွေ့လျှင်ပင် ထွက်ပြေးနိုင်သောအစွမ်းမျိုးရှိကြပေသည်။

အစိမ်းရောင်တိမ်တိုက်ဌာနမှကောင်းကင်ဘုံအဆင့်ပညာရှင်များ၊ မူလအဆင့်ပညာရှင်များနှင့်ယှဉ်ပါကစစ်နတ်ဘုရားတပ်ရင်းကျောင်းသားများ၏စွမ်းရည်မှာ အဆင့်ပေါင်းများစွာမြင့်ပေသည်။

စစ်နတ်ဘုရားတပ်ရင်းမှ ပထမအဆင့်မူလပညာရှင်တစ်ယောက်သည် ပြင်ပလောကမှပထမအဆင့်မူလပညာရှင်တစ်ယောက်အား ချက်ချင်းသတ်ပစ်နိုင်သည်ဟုပြောပါက ဤစကားသည်ချဲ့ကားပြောနေခြင်းမဟုတ်ပေ။

ဤသည်မှာ...စစ်နတ်ဘုရားတပ်ရင်းပင်ဖြစ်သည်။

ယခုနှိုင်းယှဉ်ပြနေသည်မှာ စစ်နတ်ဘုရားတပ်ရင်း၏သာမန်သ်ိုင်းပညာရှင်များသာဖြစ်ပြီး ပိုမိုအားကြီးသောကျောင်းသားများဆိုပါက မိမိတို့ထက်အဆင့်မြင့်သူများကိုပင်စိန်ခေါ်နိုင်ပေသည်။

ထို့အပြင်သူတို့၏လက်နက်ကိရိယာများမှာလည်း ကမ္ဘာ့ထိပ်တန်းအဆင့်ဖြစ်ပေသည်။ ထို့ကြောင့် စစ်နတ်ဘုရားတပ်ရင်းမှကျောင်းသားများ ဤနေရာသို့လာလျှင်ပင် သူတို့အတွက်အန္တရာယ်မရှိပေ။

ကျိုးဟောင်မှာတစ်ဦးတည်းလှုပ်ရှားသည့်နေရာတွင်အားသာပေရာ ချက်ချင်းပင်အဓိကအဖွဲ့မှခွဲထွက်ကာ တစ်ယောက်တည်းထွက်သွားခဲ့သည်။

လူအတော်များများမှာလည်းကျိုးဟောင်လိုပင်။ မည်သို့ပင်ဖြစ်စေ စစ်နတ်ဘုရားတပ်ရင်း၏ကျောင်းသားများမှာ အားလုံးအမှတ်အဆင့်တိုးရန်ကြိုးစားနေကြပြီး အားလုံးမှာအမှတ်များအားတစ်ယောက်တည်းစုနေကြပေသည်။ ယခုလိုအချိန်တစ်ခုကြာပြီးနောက် သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်သန်မာလာပြီဖြစ်ပြီး အခြားလူများနှင့်ပူးပေါင်းလုပ်ရမည်ကိုလည်း အထင်သေးပေသည်။

ကျိုးဟောင်မှာစိတ်လှုပ်ရှားနေဟန်ဖြင့် ဧရိယာဘီထဲတွင်ပုန်းကွယ်နေခဲ့သည်။

ဤနေရာတွင်အားလုံးမှာ ကောင်းကင်ဘုံအဆင့်နှင့် ကောင်းကင်ဘုံအဆင့်တစ်ဝက်သားရဲများသာဖြစ်ကြပေရာ သတိထားသည်မှာပိုကောင်းပေသည်။

ထိုအချိန်တွင်ကျိုးဟောင်မှာရုတ်တရက် အဝေးတွင်ရှိနေသော ကြီးမားသည့်ပုတ်သင်တစ်ကောင်အားမြင်လိုက်ရပေသည်။

ကျိုးဟောင်မှာမျက်မှောင်ကြုတ်သွားခဲ့သည်။ ဤသတ္တဝါသည် နဂါးကြေးခွံပုတ်သင်ဖြစ်ပြီး ၎င်း၏စွမ်းအားမှာကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်နှင့်ယှဥ်နိုင်ပြီး အလွန်စွမ်းအားကြီးပေသည်။

အကယ်၍ကျိုးဟောင်သည် သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးအားသုံးပါက သူ့အတွက်ဤသတ္တဝါအားသတ်ရန်မှာအလွန်လွယ်ကူမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင်ဤနေရာအားစောင့်ကြည့်နေသူ ရှိမရှိမသိရပေ။ အကယ်၍သူ့စွမ်းအားအစစ်အမှန်သာပေါ်သွားပါက အခြေအနေဆိုးသွားမည်ဖြစ်သည်။

ထို့ကြောင့်ကျိုးဟောင်မှာယခုလိုလွယ်ကူသည့်ပစ်မှတ်အားတွေ့ပြီးမသတ်နိုင်သည့်အပေါ်အနည်းငယ်ရင်နာနေပေသည်။ ထို့နောက်သက်ပြင်းချကာထိုနေရာမှလှည့်ထွက်လိုက်သည်။

သို့သော်ထိုအချိန်တွင် ရုတ်တရက်လေလှိုင်းတစ်ခုမှာသူ့ဘေးတွင်ပေါက်ကွဲသွားပေရာ ကျိုးဟောင်မှာကြက်သေသေသွားခဲ့သည်။

ပတ်ဝန်းကျင်အားအလျင်အမြန်ဝေ့ကြည့်လိုက်သော်လည်း မည်သူ့ကိုမှမတွေ့ရပေ။ ကျိုးဟောင်မှာရှုပ်ထွေးသွားခဲ့သည်။ သို့သော်ချက်ချင်းဆိုသလိုပင် သူ၏အမူအရာမှာပျက်ယွင်းသွားခဲ့သည်။ အစောပိုင်းကကြီးမားသောလေလှိုင်းကြီးမှာ သူ့အားအန္တရာယ်မဖြစ်စေခဲ့သော်ငြား နဂါးအကြေးခွံပုတ်သင်ကိုတော့ အသိပေးလိုက်သလိုဖြစ်သွားခဲ့ပေသည်။

လက်ရှိအချိန်တွင် ထိုသတ္တဝါမှာကျိုးဟောင်အားသွေးနီရောင်မျက်လုံးများဖြင့် အေးစက်စွာစိုက်ကြည့်နေပြီဖြစ်ကာ ကျိုးဟောင်သည်လည်းအတော်လေး စိတ်အိုက်နေပြီဖြစ်သည်။

....................................................................................

အခန်း(၄၉၅) ပြီးပါပြီ။

All Chapters