အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
အခန်း (၄၈၇) : ဘယ်သူကအဟားခံရသူလဲ
ပေါလ်နှင့်ခရစ်၏အေးစက်သောအကြည့်များမှာ လှောင်ပြောင်သရော်မှုများ မိမိကိုယ်ကိုယ်ဘဝင်ခိုက်မှုများဖြင့် ပြည့်နေသည်။ သူတို့သည်ကျိုးဟောင်စိန်ခေါ်မှုအားလက်ခံလိုက်မည်ကိုမစိုးရိမ်ဘဲ လက်မခံမည်ကိုသာစိုးရိမ်ခြင်းဖြစ်သည်။
ယခုကျိုးဟောင်မှာစိန်ခေါ်မှုအားလက်ခံလိုက်ပြီဖြစ်ရာ သူတို့အတွက်အကောင်းဆုံးရလဒ်ပင်ဖြစ်ပေသည်။ ကျိုးဟောင်စိန်ခေါ်မှုအားလက်ခံသရွေ့ သူတို့အတွက် အဆင်ပြေပေသည်။
"မင်းတကယ် စိန်ခေါ်မှုအားလုံးကိုလက်ခံလိုက်တာပဲ ကျိုးဟောင်ဒီတစ်ခေါက် ငါမင်းကိုငါ့ခြေထောက်အောက်မှာနင်းခြေထားပြမယ် ဖရက်ဒ်တို့ကိုခေါ်လိုက်"
ခရစ်မှာပေါလ်အားပြောလိုက်ပြီး ပေါလ်မှာလည်းစကားတစ်ခွန်းမှမဆိုဘဲ အားလုံးကိုခေါ်လိုက်သည်။ ထို့နောက် ဗီလာမှာ ချက်ချင်းဆိုသလိုပင်လူများဖြင့်ပြည့်သွားခဲ့သည်။
"ငါ့ရဲ့ချစ်ရတဲ့မိသားစုဝင်တွေ ကျိုးဟောင်ကစိန်ခေါ်မှုတွေကိုလက်ခံလိုက်ပြီ မင်းတို့အားလုံးရဲ့လောင်းကြေးက တစ်ယောက်ကို သန်း ၅၀၀ ဆီဖြစ်ရမယ်ဆိုတာ သိပြီးလောက်ပြီ ဒါကအရမ်းမများပေမဲ့ ကျိုးဟောင်ကလက်ခံလိုက်တယ်"
"ငါမင်းတို့ဆီကလိုချင်တာက ကျိုးဟောင်ကိုအနိုင်ပိုင်းဖို့ပဲ ငါသူကိုစစ်နတ်ဘုရားတပ်ရင်းရဲ့အဟားခံဖြစ်လာစေချင်တယ်"
ခရစ်မှာရူးသွပ်နေသောအမူအရာဖြင့်ပြောလိုက်သည်။
ဤလူများမှာ အားလုံးခရစ်၏သူငယ်ချင်းများဖြစ်ကြပြီး အနောက်တိုင်းသိုင်းပညာရှင်စခန်းမှသိုင်းပညာရှင်များဖြစ်ကြသည်။
သူအားလုံးသည်စစ်နတ်ဘုရားတပ်ရင်းမှကျောင်းသားများဖြစ်ကြသော်ငြား အရှေ့တိုင်းကျောင်းသားများနှင့် အနောက်တိုင်းကျောင်းသားများကြားတွင် အမြဲတမ်းလိုလိုပဋိပက္ခများရှိကြသည်။ မဟုတ်ပါက လူသစ်များအားရောက်သည်နှင့် သူတို့နှင့်လောင်းကြေးထပ်ခိုင်းကာ အနိုင်ကျင့်မည်မဟုတ်ပေ။
ဤကိစ္စနှင့်ပတ်သက်ပြီး စစ်နတ်ဘုရားတပ်ရင်းသည်လည်းဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ လောင်းကြေးထပ်ရန်ကိစ္စမှာ နှစ်ဖက်လုံးဆန္ဒရှိရန်လည်းလိုပေသည်။ ယခုလိုစိန်ခေါ်ခံရသူမှာကျိုးဟောင်တစ်ယောက်တည်းမဟုတ်ပေ။ ယခင်ကလည်းယခုလိုကိစ္စများရှိဖူးပေသည်။
စစ်နတ်ဘုရားတပ်ရင်းမှယခုကိစ္စအားခွင့်ပြုရသည့်အကြောင်းအရင်းမှာ ကျောင်းသားများသူတို့၏စွမ်းအားအကန့်အသတ်အားသိစေရန်လည်းဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့်ကျောင်းသားများအတွက်အဟန့်အတားဖြစ်စေကာ မိမိကိုယ်ကိုအလွန်ဘဝင်မြင့်မည့်အရေးမှလည်းကာကွယ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အားလုံးမှာမိမိကိုယ်ကိုပါရမီရှင်ဟုထင်ကြပေရာ ဤနေရာသို့ရောက်လာချိန်တွင် သေချာပေါက်သူများထက်သာလွန်သည်ဟုတွေးကြမည်သာဖြစ်သည်။ အကယ်၍ဤသို့လုပ်ခြင်းသည်သူတို့၏ဘဝင်မြင့်မှုအားထိန်းချုပ်ထားနိုင်သည်ဆိုပါက သူတို့၏ချို့ယွင်းချက်အားသိရှိစေပြီး ပို၍ကြိုးစားလေ့ကျင့်လာအောင်လည်း လုပ်ပေးနိုင်ပေသည်။
သို့သော်ယခုလို ဝါးရခက်သည့်အရိုးဖြင့်တွေ့ရခြင်းသည် အနောက်တိုင်းသားသိုင်းပညာရှင်များအတွက် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။
"စိတ်ချ ခရစ် ဘာလုပ်ရမလဲဆိုတာ ငါတို့သိတယ်"
"ဟုတ်တယ် ငါတို့ဒီကျိုးဟောင်ကိုစစ်နတ်ဘုရားတပ်ရင်းရဲ့ အဟားခံဖြစ်လာစေရမယ်"
အားလုံးမှာရယ်မောနေကြသည်။ အားလုံးသည် ၆၀ နှင့် ၇၀ ကြားမျှသာရှိသော ကျိုးဟောင်၏အဆင့်အား ဂရုမစိုက်ကြပေ။ သူတို့ကြားရှိအားအနည်းဆုံးလူမှာ အဆင့် ၆၀ ဖြစ်သည်။ ထို့အပြင် သူတို့အဖွဲ့၏အရေအတွက်မှာ စုစုပေါင်း ၂၀ ကျော်ရှိပေသည်။
"ဒါပေမဲ့ ငါစိုးရိမ်တာက ငါတို့ဒီလိုလုပ်ရင် စစ်နတ်ဘုရားတပ်ရင်းက အထက်လူကြီးတွေရဲ့မကျေနပ်တာကို ခံရမယ်မလား တကယ်လို့ အထက်လူကြီးတွေကိုမလေးစားရင် ငါတို့ပြဿနာတတ်မှာမဟုတ်ဘူးလား ဘယ်လိုပဲဖြစ်ဖြစ်တရုတ်လူမျိုးတွေက ငါတို့အနောက်တိုင်းသားတွေထက် အများကြီးပိုပြီးပြောရေးဆိုခွင့်ရှိတယ်"
ရုတ်တရက်လူတစ်ယောက်မှထပြောလိုက်သည်။ သူတို့စိုးရိမ်သည်မှာဤကိစ္စတစ်ခုသာရှိသည်။
"ကိစ္စမရှိဘူး စစ်နတ်ဘုရားတပ်ရင်းက ဒီကိစ္စကိုဝင်နှောင့်ယှက်မှာမဟုတ်ဘူး ပြီးတော့ကျိုးဟောင်က စိန်ခေါ်မှုကိုလက်ခံပြီးသွားပြီ တကယ်လို့ သူတို့မကျေနပ်ရင်တောင် ဘာမှပြောလို့မရဘူး"
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဘက်ကစပြီးစိန်ခေါ်ခဲ့တယ်ဆိုပေမဲ့ ကျိုးဟောင်ကိုယ်တိုင်ကလည်း သဘောတူခဲ့တာပဲ"
ခရစ်မှာလက်လျှော့ရန်ဆန္ဒမရှိပေ။ ဤသည်မှာစည်းမျဥ်းသာဖြစ်သည်။ နစ်ဖက်စလုံးသဘောတူပါက မည်သူမျှဝင်ရောက်နှောင့်ယှက်လို့မရပေ။ မကြာမီဤကိစ္စမှာ လူအများကြားပျံ့နှံ့သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ စိန်ခေါ်မှုသည်လူသိရှင်ကြားဖြစ်သည်။ အထူးသဖြင့်လော့လီမှာ ဤကိစ္စအားသိလိုက်ရချိန်တွင်ထိတ်လန့်သွားခဲ့သည်။
"ကျိုးဟောင် နင်ဘာလို့ဒီလောက်တုံးတာလဲ နင်သူတို့အားလုံးရဲ့စိန်ခေါ်မှုတွေကို ဒီလိုပဲလက်ခံလိုက်တာလား။သူတို့ထဲကလူအယောက် ၃၀ ကျော်က ၇ဆင့်မြောက်မူလအဆင့်ကိုရောက်ပြီးသားလူတွေဆိုတာ နင်သိရမှာလေ"
လော့လီမှာအလွန်စိုးရိမ်နေခဲ့သည်။ သူမပင်သူတို့အားအနိုင်တိုက်နိုင်မည်ဟုအာမမခံရဲပေ။ သို့သော်ကျိုးဟောင်မှာတကယ်ပင် သူတို့၏ စိန်ခေါ်မှုအားလုံးအားလက်ခံခဲ့ပေသည်။
စုန့်ခွင်းသည်လည်းမျက်မှောင်ကြုတ်နေခဲ့ပြီး ယခုတစ်ကြိမ်တွင် ကျိုးဟောင်၏လုပ်ရပ်သည် အနည်းငယ်ကမူးရှူးထိုးဆန်သည်ဟုတွေးနေပေသည်။
"ကျိုးဟောင်မင်းဒီတစ်ခေါက် ယုံကြည်ချက်ရှိလား"
စုန့်ခွင်းမှချက်ချင်းဆိုသလိုပင်မေးလိုက်သည်။
"မရှိဘူး"
ကျိုးဟောင်မှာ မည်သည့်အရာကိုမှ မဖုံးကွယ်ထားပေ။ သူ၏ကောင်းကင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးကိုလည်း လွယ်လွယ်ကူကူထုတ်မပြရဲပေ။
သို့သော် သူ၏လက်ရှိတိုက်ခိုက်ရေးစွမ်းအားဖြင့်ဆိုပါက သာမန်ပဥ္စမမြောက် မူလအဆင့်ပညာရှင်များမှာ သူ၏ပြိုင်ဘက်မဟုတ်ပေ။ ထို့အပြင် သူ၏နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းသည်လည်း မလေးမစားလုပ်လို့ရသည့်အရာများမဟုတ်ပေ။ ထို့အပြင် သူ၏ကျင့်ကြံရေးသိုင်းများမှာလည်းအလွန်စွမ်းအားကြီးလှပေသည်။ အကယ်၍ စွမ်းအားအပြည့်ဖြင့်တိုက်ပါက ရှုံးခဲ့လျှင်တောင် ပွဲများအားလုံးကို ရှုံးမည်မဟုတ်ပေ။
"ဟင်း ဒါဖြင့် မင်းဘာလို့သဘောတူခဲ့တာလဲ မင်းသိလား ဒီလိုလုပ်လိုက်တာမင်းအနှေးနဲ့အမြန် အဟားခံဖြစ်လာမယ်ဆိုတာ သူတို့ကမင်းကို ဘဝင်မြင့်တယ်လို့ပြောကြလိမ်မယ်"
လော့လီမှာသူ့နဖူးသူရိုက်ကာ ဆိုဖာပေါ်တွင်ပြောစရာစကားမဲ့နေပုံဖြင့်ထိုင်နေပေသည်။
"ကိစ္စမရှိဘူး စီနီယာအစ်မလော့ ကျွန်တော်ဂုဏ်တွေဘာတွေမလိုဘူး"
ကျိုးဟောင်မှာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ သူသည်ဤကိစ္စနှင့်ပတ်သက်ပြီးလုံးဝဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့၏စကားများမှာ ကျိုးဟောင်အားဘာလုပ်နိုင်မည်နည်း။
"မင်း.......မင်းကိုဘာပြောရမလဲဆိုတာ ငါတကယ်မသိတော့ဘူး"
လော့လီမှာအလွန်အမင်းစိတ်တိုနေကာ ကျိုးဟောင်အားစိုက်ကြည့်နေပေသည်။
တစ်ဖက်တွင် စုန့်ခွင်းမှာကျိုးဟောင်အားကြည့်ကာ မထူးဆန်းသလိုပင်ပြောလိုက်သည်။
"တကယ်တော့ ဒါကလည်းမင်းအတွက်ကောင်းပါတယ် မတူညီတဲ့ပညာရှင်တွေအများကြီးနဲ့တိုက်ခိုက်တာကသေချာပေါက် မင်းအတွက်အရမ်းအသုံးဝင်ပြီး စွမ်းအားတိုးလာဖို့လည်းကူညီပေးလိမ့်မယ် တကယ်လို့ မင်းမဆုတ်မနစ်ကြိုးစားမယ်ဆိုရင် အနည်းဆုံး ထိပ်ဆုံးအယောက် ၅၀ ထဲ ရောက်နိုင်တယ်"
စုန့်ခွင်းမှာ ချက်ချင်းပင်ပြောလိုက်သည်။ တတိယမြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်အနေဖြင့် စုန့်ခွင်းမှာ ဤအကျိုးရလဒ်အားသိပေသည်။ လူတစ်ယောက်သည် မည်မျှကျင့်ကြံနေပါစေ လေ့ကျင့်ရေးသည် တကယ့်တိုက်ပွဲလောက် အကျိုးသက်ရောက်မှုမရှိပေ။ တကယ့်တိုက်ပွဲမှရှောင်လွှဲနေပါက တိုက်ပွဲဗျူဟာများပင် မထိရောက်တော့ပေ။
"တကယ်တော့ ကျွန်တော်လည်းအဲဒါကိုတွေးနေတာ ဖိအားမရှိဘဲ တွန်းအားဆိုတာမရှိနိုင်ဘူး"
ကျိုးဟောင်မှ ပြုံးကာပြောလိုက်သည်။
"ဟီးဟီး ဒါကမင်းရဲ့အကြောင်းပြချက်ဆိုတာ ငါသိသားပဲ ဒါပေမဲ့ မင်းကအရမ်းရဲတင်းလွန်းတယ်လို့တော့ပြောရမှာပဲ တကယ်လို့အဲဒီတုန်းက ငါသာဆိုရင် ငါဒီလိုလုပ်ရဲမှာမဟုတ်ဘူး"
စုန့်ခွင်းမှာ ချက်ချင်းပင်ပွင့်လင်းစွာပြောလိုက်သည်။ သူပြောသမျှသည် အားလုံးအမှန်တရားများသာဖြစ်သည်။ သူတောင်ယခင်က ကျိးဟောင်လောက်အတင့်မရဲဝံ့ပေ။ ကျိုးဟောင်မှာပြုံးနေပြီး ဘာမှမပြောပေ။
နောက်တစ်နေ့တွင် သတင်းမှာ ပျံ့နှံ့သွားခဲ့သည်။ ကျိုးဟောင်မှာ စုစုပေါင်းအနောက်တိုင်းသိုင်းပညာရှင် အယောက် ၂၀ ၏စိန်ခေါ်မှုအားလက်ခံခဲ့ကြောင်း အားလုံးသိသွားကြပေသည်။ ဤကိစ္စသည်ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်ဟုပင်ဆိုနိုင်ပေသည်။ ချန်းယန်ပင် ဤကိစ္စအားသိပေသည်။
"မင်းကတကယ်ဇွဲကောင်းတာပဲ ဒီလောက်လူအများကြီးမင်းးကိုစိန်ခေါ်တာ မင်းဒေဝါလီခံသွားရမှာတောင်ငါစိုးရိမ်မိတယ်"
ကျိုးဟောင်မှာပြုံးလိုက်သည်။
"နည်းပြချန်း တကယ်လို့ကျွန်တော်ဒေဝါလီခံရရင် နည်းပြကျွန်တော့်ကိုထောက်ပံ့ပေးရမယ်နော်......"
ကျိုးဟောင်မှာနောက်လိုက်ပြီး ချန်းယန်မှာလည်းခေါင်းသာယမ်းမိတော့သည်။
"ဒါပေမဲ့ မင်းကိုစဥ်းစားတတ်တယ်လို့ပြောရမှာပဲ ဘယ်လိုပဲဖြစ်ဖြစ်မင်းဒီလောက်တိုက်ပွဲတွေအများကြီးကို ဇွဲကောင်းပြီးတိုက်နေရင် မင်းအတွက်တကယ်အများကြီးအကျိုးရှိမှာပဲ ပြီးတော့ နောက်ဆုံးမှာရယ်နိုင်မဲ့လူက အနောက်တိုင်းသားတွေလို့ဘယ်သူပြောလဲ တကယ်လို့ သူတို့သာမင်းရဲ့လေ့ကျင့်ဖော်တွေသာဖြစ်လာမယ်ဆိုရင် အဟားခံရမဲ့လူတွေက သူတို့ ဖြစ်လာမှာပဲ"
ချန်းယန်မှပြုံးကာပြောလိုက်သည်။ ကျိုးဟောင်သည်လည်းသူမစကားအားသဘောတူပေသည်။ အကယ်၍သူတို့သာ ကျိုးဟောင်၏လေ့ကျင့်ဖော်များဖြစ်လာပါက အဟားခံရမည့်လူမှာ သေချာပေါက်သူတို့သာဖြစ်သည်။
"နည်းပြချန်း စိတ်ချပါ ကျွန်တော်သူတို့ကိုအဟားခံဖြစ်အောင်လုပ်မှာပါ"
ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။ ထိုအချိန်တွင် ဂျင်နီမှာပျက်ယွင်းနေသောအမူအရာဖြင့်လမ်းလျှောက်လာခဲ့သည်။ ထို့နောက်ကျိုးဟောင်အားကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ကျိုးဟောင် ငါတို့တွေစကားပြောလို့ရမလား"
ကျိုးဟောင်မှာ ခေတ္တမျှမှင်တက်သွားခဲ့သည်။ သူမ၏ယခုလိုပုံစံကိုကြည့်ပြီး ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်သည်။
ဂျင်နီနှင့်ထိုင်ရန်နေရာရှာပြီးနောက် ဂျင်နီမှာကျိုးဟောင်အား စိုးရိမ်တကြီးကြည့်ကာ ချက်ချင်းပင်ရှက်ရွံ့နေသောအမူအရာမျိုးပေါ်လာခဲ့သည်။
"ငါတကယ်တောင်းပန်ပါတယ် ကျိုးဟောင် ငါနင့်ကိုပါဆွဲသွင်းမိတယ်'"
ဂျင်နီမှာကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။ သူမ၏ပုံသည်ဟန်ဆောင်နေပုံမပေါ်ဘဲ တကယ်ပြောနေပုံပင်။ သို့သော်ကျိုးဟောင်မှာအံ့သြသွားခဲ့သည်။ ဤကိစ္စသည် သူမနှင့်ဘာမှမဆိုင်ပေ။ သူမသည်ဘာကြောင့် ကျိုးဟောင်အားတောင်းပန်နေရပါသနည်း။
"ဂျင်နီ ဒါကမင်းအမှားမဟုတ်ပါဘူး မင်းငါ့ကိုတောင်းပန်စရာမလိုပါဘူး"
...................................................................................
အခန်း (၄၈၇) ပြီးပါပြီ။
အခန်း(၄၈၈) : ဒေါသဖြစ်နေသောခရစ်
မည်သို့ပင်ဖြစ်စေ စိန်ခေါ်မှုအားလက်ခံရန်ရွေးချယ်ခဲ့သူမှာ သူပင်ဖြစ်သည်။ ဂျင်နီနှင့်ဘာမှမဆိုင်ပေ။ ထို့အပြင် သူသည်စိန်ခေါ်မှုအားအလောတကြီးလက်ခံခဲ့ခြင်းမဟုတ်ပေ။ သူ့ထံ၌အစီအစဥ်ရှိပေသည်။
ထို့အပြင်ကျိုးဟောင်သည် သူ၏ကျင့်ကြံဆင့်အားဖုံးကွယ်ထားလျှင်ပင် အနိုင်ရနိုင်ခြေမှာ အနည်းဆုံး ၆၀ ရာခိုင်နှုန်းရှိပေသည်။ တစ်နည်းဆိုရသော် ဤအယောက် ၂၀ ထဲရှိ ၁၂ ယောက်မှာ သူ့အားရှုံးမည်ဖြစ်သည်။ ထိုပွဲများ၏လောင်းကြေးမှရသောငွေများမှာလည်း အားလုံးပေါင်းလိုက်ပါက ဘီလီယံနှင့်ချီပေသည်။
"မဟုတ်ဘူး ဒါကင့ါကြောင့်ဖြစ်တာ တကယ်လို့ငါသာနင့်ကိုကိုစုဝေးပွဲကိုမဖိတ်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး နင်ဒီကိစ္စကိုစိုးရိမ်လို့ ငါနဲ့စုဝေးပွဲမှာမပါချင်တာဆိုတာ ငါသိပါတယ် ဟုတ်တယ်မလား"
ဂျင်နီမှာအလွန်ဒေါသဖြစ်နေပြီး စိတ်တိုနေပေသည်။ ခရစ်ဘာကြောင့်ယခုလိုလုပ်ရသလဲဆိုသည်အား သူမတကယ်ပင်နားမလည်ပေ။ ယခုခရစ်၏လုပ်ရပ်မှာ ဂျင်နီသူ့အားပို၍ မုန်းသွားမည်ဆိုသည်ကို ခရစ်မသိခဲ့ပေ။
ဤလူမှာသူမသဘောကျလာအောင်မပိုးပန်းနိုင်သလို သူမသဘောကျရသူကိုလည်း တကယ်ပင်ဤမျှလောက်ရက်စက်သည့်လုပ်ရပ်အားလုပ်ခဲ့ပေရာ တကယ်ပင်မုန်းစရာကောင်းလှပေသည်။
"ဂျင်နီဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး ငါကိုယ်တိုင်ကလုပ်ချင်တာ မင်းဒီလိုမပြောပါနဲ့ ပြီးတော့စိန်ခေါ်မှုကိုလက်ခံခဲ့တဲ့သူကငါပဲ ဘယ်သူမှငါ့ကိုဖိအားမပေးခဲ့ဘူး"
သို့သော်ဂျင်နီမှာဤကိစ္စသည်သူမနှင့်ပက်သတ်သည်ဟုတွေးထားပြီဖြစ်သော်လည်း ကျိုးဟောင်မှာမူယခုလိုမတွေးပေ။
"ဒီခရစ်ကငါ့ကိုလိုက်နေတာ ဒါပေမဲ့သူကအရမ်းသဘောထားသေးလွန်းတယ် ငါသူ့ကိုလုံးဝသဘောမကျဘူး ဒါကြောင့်......ငါသူ့အချစ်ကိုလုံးဝလက်မခံခဲ့ဘူး ဘယ်သူသိမှာလဲ သူကဒီလောက်သဘောထားသေးပြီး နင့်ကိုဒီလိုလုပ်လိမ့်မယ်လို့ တကယ်လို့ငါ့ကြောင့်သာမဟုတ်ရင် နင်တို့ကြားဒီလောက်ဆိုးဆိုးဝါးဝါးသဘောထားကွဲလွဲမှာမဟုတ်ဘူး"
ဂျင်နီ၏စကားများမှာ တကယ်အဓိပ္ပာယ်ရှိပေသည်။ ဂျင်နီကြောင့်သာမဟုတ်ပါက ခရစ်၏ကျိုးဟောင်အပေါ်လက်စားချေမှုမှာ ယခုလောက် ရက်စက်မည်မဟုတ်ပေ။ ကျိုးဟောင်မှာ ဤကိစ္စအားနားလည်သော်ငြား သူ့ထံတွင်ဂျင်နီအား အပြစ်တင်လိုစိတ်လုံးဝမရှိပေ။ ဤကိစ္စသည် သူမနှင့်သက်ဆိုင်မှုမရှိပေ။
"ကျိုးဟောင် ဒီလိုလုပ်ရင်ရောငါနည်းလမ်းရှာပြီး သူဒီစိန်ခေါ်မှုကိုလက်လျှော့သွားအောင်လုပ်လိုက်မယ်"
ထိုအချိန်တွင် ဂျင်နီမှရုတ်တရက်ပြောလာခဲ့သည်။
"မင်းသူတို့စိန်ခေါ်မှုကိုလက်လျှော့သွားအောင်တကယ်ပဲလုပ်နိုင်တာလား"
ကျိုးဟောင်မှာ ခေတ္တမျှကြက်သေသေသွားခဲ့သည်။ ဂျင်နီ၏မိသားစုနောက်ခံမှာမဆိုးကြောင်းနှင့်သူမသည်လည်းအနောက်တိုင်းမိသားစုများကြားတွင်အလွန်စွမ်းအားကြီးကြောင်းကို ကျိုးဟောင်သေချာပေါက်သိပေသည်။ မည်သို့ပင်ဖြစ်စေ ခရစ်မိသားစုမှတန်ဖိုးထားရသူမှာ သာမန်ထက်ထူးခြားပေသည်။
"ဒီကိစ္စကနည်းနည်းခက်တယ်ဆိုပေမဲ့ တစ်ချို့အခြေအနေတွေကိုတာဝန်ယူလိုက်ရင်ရပါသေးတယ် ငါ့ကိုယုံပါ"
ဂျင်နီမှပြောလိုက်သည်။
"မဖြစ်ဘူး"
ကျိုးဟောင်မှာ ဂျင်နီ၏စကားအားကြားသောအခါ အလျင်အမြန်ပင်ဖြတ်ပြောလာခဲ့သည်။
"ဂျင်နီမလုပ်နဲ့ ဒါကငါ့ပြဿနာ ငါကအရွယ်ရောက်ပြီးသားလူတစ်ယောက် ငါ့မှာကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ် ပြီးတော့ဒါကငါ့ရွေးချယ်မှုမလို့ ကျေးဇူးပြုပြီးလေးစားပေးပါ"
ကျိုးဟောင်ဤကဲ့သို့လုပ်သည်မှာ သူဂျင်နီအားကျေးဇူးကြွေးမတင်လို၍ဖြစ်သည်။ ထို့အပြင် ဂျင်နီနှင့်ပတ်သက်ပြီး သူ့ထံတွင်ဘာစိတ်မှမရှိပေ။ ကျိုးဟောင်မှာ မိန်းကလေးတစ်ယောက်အား ယခုလိုအသုံးမချလိုပေ။
အကယ်၍သူတို့အားမနိုင်ဘဲပိုက်ဆံအားလုံးရှုံးသွားရမည်ဆိုလျှင်ပင် သူဂရုမစိုက်ပေ။ ယခုလိုမိန်း
ကလေးတစ်ယောက်အားအသုံးချသည့်လုပ်ရပ်မျိုး သူ့ကိုယ်သူလုပ်ခွင့်ပြုမည်မဟုတ်ပေ။
"ဒါပေမဲ့......ဒါပေမဲ့....."
"ဘာဒါပေမဲ့မှမရှိဘူး ဂျင်နီမင်းရဲ့စေတနာအတွက်ကျေးဇူးတင်ပါတယ် တကယ်မလိုအပ်လို့ပါ"
"ပြီးတော့....."
ထိုအချိန်တွင် ကျိုးဟောင်မှာဂျင်နီအားကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်ကာ ခေတ္တမျှတွေဝေနေပြီးနောက်ပြောလာခဲ့သည်။
"ဂျင်နီ ငါမင်းကိုသူငယ်ချင်းတစ်ယောက်လိုပဲမြင်တာ ငါအခုချိန်မှာကျင့်ကြံရေးကိုပဲအာရုံစိုက်ချင်သေးတယ် တခြားဘာကိုမှမစဥ်းစားချင်သေးဘူး မင်းငါ့ကိုနားလည်နိုင်မယ်လို့ထင်ပါတယ်"
ကျိုးဟောင်မှာသူမအားအရမ်းမနာကျင်စေလိုပေ။ သူတကယ်ကိုမလုပ်ရပ်ပေ။ ဂျင်နီသည်သူ့အပေါ်ကောင်းပြီး တစ်ခုခုဖြစ်ဖြစ်ချင်း သူ့အားကူညီလိုစိတ်ရှိပေသည်။ ထို့အပြင် သူမခရစ်တို့အားဘစိန်ခေါ်မှုကို လက်လျှော့သွားအောင်လုပ်နိုင်လျှင်ပင် အကျိးဆက်တစ်ချို့ကိုတော့ခံစားရမည်ဖြစ်သည်။ ကျိုးဟောင်မှာ ထိုသို့မဖြစ်စေလိုပေ။
"ငါ.......ငါနားလည်ပါတယ် ဒါပေမဲ့....."
ဂျင်နီမှာအလွန်ဝမ်းနည်းနေသည်။ သူမအပေါ်ကျိုးဟောင်မည်သည့်ခံစားချက်မှမရှိသည်ကို သူမသိသော်ငြား အနောက်တိုင်းမှ မိန်းကလေးတစ်ယောက်အနေဖြင့် သူမသည်ရဲတင်းကာအရူးအမူးဖြစ်ခြင်းသာဖြစ်သည်။ သူမသေချာသိသော်ငြား ကြိုးစားကြည့်ချင်ပေသည်။
"ဂျင်နီ မင်းတွေးပေးတာကျေးဇူးတင်ပါတယ် ဒါပေမဲ့ဒီကိစ္စကို ငါ့ဘာသာစီစဥ်လို့ရမလား"
ကျိုးဟောင်မှာပြုံးပြပြီ မည်သည့်စကားမှမဆိုဘဲလှည့်ထွက်သွားခဲ့သည်။
ဂျင်နီမှာကျိုးဟောင်၏နောက်ကျောအားကြည့်ကာ သက်ပြင်းချလိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။
"ငါ သေချာပေါက် ဒီကိစ္စကိုဝင်ပါရမှာပဲ"
သူမသည်ပြောရင်းလှည့်ထွက်သွားကာ ခရစ်၏ဗီလာသို့တန်းလျှောက်သွားခဲ့ပြီး တံခါးအားတွန်းဖွင့်လိုက်သည်။ အခန်းထဲတွင် ခရစ်တို့မှာကျိုးဟောင်နှင့်ရင်ဆိုင်ရန်ဆွေးနွေးနေကြပြီး ဂျင်နီဝင်လာသည်ကိုမြင်သောအခါ အားလုံးမှာကြက်သေသေသွားခဲ့ကြသည်။
ဂျင်နီဘက်မှစကာသူ့ထံရောက်လာသည်ကိုမြင်ပြီး ခရစ်မှာချက်ချင်းပင်ဝမ်းသာသွားခဲ့သည်။
"ဂျင်နီမင်းရောက်လာတယ် မင်း....မင်းကိုယ့်ရဲ့ဖိတ်ကြားမှုကိုလက်ခံလိုက်တာလား"
ခရစ်၏မျက်နှာမှာ ပျော်ရွှင်မှုများဖြင့်ပြည့်နေခဲ့သည်။
မမျှော်လင့်ထားစွာပင်ခဏအကြာတွင်ထွက်လာသော ဂျင်နီ၏စကားများမှာ သူ့အားအလွန်ဒေါသထွက်သွားစေခဲ့သည်။
"ခရစ် နင်ကျိုးဟောင်ကိုစိန်ခေါ် မဲ့ကိစ္စ လက်လျှော့ပေးပါ"
ထိုစကားအားကြားပြီးနောက် ခရစ်၏အမူအရာမှာအလွန်ပျက်ယွင်းသွားခဲ့သည်။
"မင်းအခုဘာပြောလိုက်တာလဲဂျင်နီ မင်းဒီကိုလာတာ အဲဒီကျိုးဟောင်ကြောင့်လား"
ခရစ်မှာအလွန်ဒေါသဖြစ်နေပေသည်။ ဂျင်နီသည် နှစ်ပေါင်း ၈၀၀ အတွင်းသူ့ထံလာလည်ခဲ့ခြင်းမရှိသလို သူ၏ဖိတ်ခေါ်မှုအများအပြားကိုလည်း ငြင်းပယ်ခဲ့ပေသည်။ သူမသူ့ထံရောက်လာသည်မှာ အလွန်ရှားပါးသော်ငြား ယခုတွင်သူမသည် ကျိုးဟောင်အတွက် တကယ်ပင်သူ့ထံရောက်လာခဲ့ပေသည်။
"ဟုတ်တယ် ငါ့အထင်နင်တို့တွေတအားတရားလွန်တယ် ကျိုးဟောင်ကအခုမှအသစ်ရောက်လာတာ သူ့ကိုဒီလိုရင်ဆိုင်တာက တကယ်မသင့်တော်ဘူး ခရစ်နင်တကယ်လို့ ကျိုးဟောင်နဲ့ရင်ဆိုင်ချင်ရင် ကျိုးဟောင်နင်နဲ့ကျင့်ကြံဆင့်တူတဲ့အထိစောင့် အဲဒီအချိန်ကျ နင့်စိတ်ကြိုက်သူ့ကိုစိန်ခေါ်လို့ရပြီ ဒါပေမဲ့နင်အခုလုပ်နေတဲ့ပုံစံက ငါနင့်ကိုပိုအထင်သေးအောင်လုပ်နေသလိုပဲ"
ဂျင်နီမှာမျက်နှာမထောက်ဘဲပြောနေပေရာ သူမ၏စကားများမှာ အတော်လေးနားဝင်ဆိုးလှပေသည်။ ခရစ်မှာ လက်သီးအားတင်းနေအောင်ဆုပ်ထားပြီး မျက်နှာမှာ အတော်လေးခက်ထန်ပေသည်။
"ဂျင်နီ အဲဒီကျိုးဟောင်ကဘာတွေဒီလောက်ကောင်းနေလဲ ငါတကယ်ကိုနားမလည်နိုင်ဘူး သူမင်းကိုသဘောကျတယ်လို့ မင်းတကယ်ထင်နေတာလား"
ခရစ်မှ ဒေါသတကြီးပြောလာခဲ့သည်။
"ငါဂရုမစိုက်ဘူး ဒါပေမဲ့သူငါ့ကြောင့်မမျှမတဆက်ဆံခံရတာကိုတော့ငါသိတယ် အဲဒါကြောင့် ငါသူ့ဘက်ကရပ်တည်ပေးရမှာပဲ"
ဂျင်နီမှာ ဒေါသတကြီးပြောလာခဲ့သည်။
"မင်း....မင်း...မင်းကတကယ်စိတ်တိုစရာပဲ ဂျင်နီမင်းကအဲဒီကျိုးဟောင်ဘက်မှာဆိုမှတော့ ငါသူနဲ့ရင်ဆိုင်ရုံကလွဲရွေးချယ်စရာမရှိဘူးပေါ့ မင်းဘာလုပ်နိုင်မလဲဆိုတာ ငါကြည့်ဦးမယ်"
ခရစ်မှာအလွန်စိတ်တိုနေပြီဖြစ်ပြီး သူသည်ဂျင်နီအားယခုလိုကြမ်းတမ်းသောစကားလုံးများသုံးပြီး တစ်ခါမှမပြောဖူးပေ။ သို့သော်ယနေ့မှာတော့ ထိန်းချုပ်မထားနိုင်တော့ပေ။
"ဟမ့် ကြည့်ကြသေးတာပေါ့"
ဂျင်နီသည်လည်းအလွန်ဒေါသဖြစ်နေပြီး ပြောရင်းတံခါးအားစောင့်ပိတ်ကာထွက်သွားခဲ့သည်။ သူမထွက်သွားပြီးနောက် ခရစ်မှာဒေါသအလွန်ဖြစ်ကာ ကျောက်ကော်ဖီခုံအားလက်သီးဖြင့်ထိုးချလိုက်ပေရာ အမှုန့်ဖြစ်သွားခဲ့သည်။
"ချီးပဲ ချီးပဲ ချီးပဲ"
"ဒီကျိုးဟောင်ကသေသင့်တယ်"
ခရစ်အလွန်စိတ်ဆိုးနေသည်ကိုကြည့်ပြီး အခြားလူများမှာသူ့အားသနားနေကြသည်။ ခရစ်ဂျင်နီကိုလိုက်နေမှန်းသူတို့အားလုံးသိပေသည်။
သို့သော်ဂျင်နီမှာသူ့အပေါ်မည်သည့်ခံစားချက်မှမရှိသည့်အပြင် အခြားယောက်ျားတစ်ယောက်အားသဘောကျနေပေသည်။ လောကကြီးတွင်ဤကိစ္စလောက်လက်မခံနိုင်သော ကိစ္စမျိုးမရှိလောက်ပေ။
"ခရစ် ငါတို့ဘယ်လိုလုပ်ကြမလဲ ဂျင်နီရဲ့မိသားစုကနည်းနည်းပြဿနာများတယ် တကယ်လို့သူသာဝင်နှောင့်ယှက်မယ်ဆိုရင် ငါတို့ဘယ်လိုလုပ်ကြမလဲ"
အချို့လူများမှာစတင်စိုးရိမ်လာကြသည်။ ထိုစကားကြားသောအခါ ခရစ်၏မျက်နှာမှာမဲမှောင်သွားပြီးစကားတစ်ခွန်းအားဆိုလာခဲ့သည်။
"သူ့မိသားစုကပေါ့ပေါ့တန်တန်သဘောထားလို့မရဘူးဆိုတာအမှန်ပဲ ဒါပေမဲ့ ငါ့မိသားစုကလည်းရန်စဖို့လွယ်တဲ့မိသားစုမဟုတ်ဘူး"
....................................................................................
အခန်း (၄၈၈) ပြီးပါပြီ။
အခန်း (၄၈၉) : အဆင့် ၅၉ နှင့်ရင်ဆိုင်ခြင်း
နောက်တစ်နေ့မနက်တွင် စိန်ခေါ်စာပေါ်တွင်ဖော်ပြထားသောအချိန်အရ ကျိုးဟောင်မှာပုံရိပ်ယောင်စိန်ခေါ်ရေးအခန်းသို့ရောက်လာခဲ့သည်။
သူယနေ့တိုက်ခိုက်ရမည့်လူမှာ ရှောက်ရောဘတ်ဖြစ်သည်။ သူ၏အဆင့်မှာ ၅၉ဖြစ်ပြီး ကျိုးဟောင်ထက် ၁၀ဆင့်ကျော်ပိုမြင့်ပေသည်။
သို့သော်ကျိုးဟောင်မှာလုံးဝဂရုမစိုက်ပေ။ သူ၏ကျင့်ကြံဆင့်မှာ စတုတ္ထမြောက်နှင့် ပဉ္မမြောက်မူလအဆင့်ကြားတွင်သာရှိပေရာ ကျိုးဟောင်ဖြေရှင်းနိုင်သေးပေသည်။
ယနေ့တွင်လူအများအပြားရောက်လာခဲ့သည်။ နှစ်လအတွင်းကျိုးဟောင်မှာ အဆင့် ၃၀၀ မှ ၁၀၀ အတွင်းဝင်ရောက်သွားခဲ့ကာ ယခုအဆင့် ၇၀ အတွင်းပင်ရောက်နေပြီဖြစ်သည်။
သူ၏ပြိုင်ဘက်မှာအဆင့် ၅၉နေရာတွင်ရပ်တည်နေသော အနောက်တိုင်းမှရှောင်ရောဘတ်ဖြစ်ပြီး ဤအဆင့်အားမြင်လိုက်သူဘယ်သူမဆို ကျိုးဟောင်သေချာပေါက်ရှုံးမည်ဟုသာထင်ကြမည်ဖြစ်သည်။
သူတို့ယခုလိုတွေးကြသော်ငြား ဆုတော့တောင်းနေကြသေးပေသည်။
ကျိုးဟောင်စစ်နတ်ဘုရားတပ်ရင်းသို့ဝင်လာပြီးနောက် ပေါလ်အားအနိုင်ယူခဲ့သလိုပင် ရလဒ်မည်သို့ဖြစ်လာမလဲဆိုသည်အား ဘယ်သူမှမသိပေ။
ထိုအချိန်မှစပြီး ကျိုးဟောင်မှာယခုမှနောက်ထပ်စိန်ခေါ်မှုတွင် ပါဝင်လာခြင်းဖြစ်သည်။
ထို့ကြောင့်သူတို့ဤနေရာသို့လာရသည့်အဓိကရည်ရွယ်ချက်မှာ သူတို့၏သိလိုစိတ်အတွက် စိတ်ကျေနပ်မှုရရန်သာဖြစ်သည်။
အကြောင်းမှာ ဤတိုက်ပွဲသည်အပြောင်းအလဲများနှင့်ပြည့်နေဆဲဖြစ်၍သာဖြစ်သည်။
ကျိုးဟောင်မှာရောက်လာပြီးနောက် နေချက်ချင်းပင်ပုံရိပ်ယောင်အခန်းငယ်ထဲဝင်သွားကာ တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်သည်။
အားပေးရန်လူအများအပြားရောက်နေကြသဖြင့် အပြင်ဘက်တွင်ဆူညံနေခဲ့သည်။ လော့လီ၊ စုန့်ခွင်း နှင့် အခြားလူများလည်းလာကြပေသည်။
လော့လီမှာအနောက်တိုင်းသိုင်းပညာရှင်များအားကြည့်ကာ ဒေါသထွက်နေပေသည်။ စုန့်ခွင်းလည်းအတူတူပင် သို့သော်မျက်နှာပေါ်တွင်မည်သည့်ခံစားချက်မျှတော့ မပေါ်ပေ။
ချန်းယန်သည်လည်းဤနေရာတွင်ရောက်နေပေသည်။ သူမသည်ပွဲကြည့်ရန်သာလာခြင်းဖြစ်ပြီး ဘာမှသိပ်မစဉ်းစားပေ။ ကျိုးဟောင်နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဤစိန်ခေါ်မှုသည်သူ့အတွက်ကိစ္စကောင်းတစ်ခုပင်ဖြစ်ပေရာ သူမထံတွင်စိတ်ဆိုးစရာအကြောင်းမရှိပေ။
ထိုအချိန်တွင်ခရစ်တို့အဖွဲ့မှာလေ့ကျင့်ရေးမျှော်စင်ထဲသို့လမ်းလျှောက်ဝင်လာခဲ့သည်။ ရှောင်ရောဘတ်သည်လည်း ဘဝင်မြင့်နေသောပုံမျိုးပေါက်နေပေသည်။
"ခရစ် ငါဒီနေ့ကျိုးဟောင်ကိုငါ့ခြေထောက်အောက်မှာနင်းပြီး ပက်ပက်စက်စက်အရှက်ခွဲပြီး မင်းအတွက်လက်စားချေပေးမယ်"
ရှောင်ရောဘတ်မှာပြောရင်း ပုံရိပ်ယောင်အခန်းငယ်ထဲသို့ဝင်သွားခဲ့သည်။
သူဝင်သွားသည်နှင့် ခေါင်းဆောင်းဆောင်းပြီး လှဲလျောင်းကာပုံရိပ်ယောင်လောကထဲဝင်ရန်ပြင်နေသည့်ကျိုးဟောင်အားတွေ့လိုက်ရသည်။
"မင်းကအတော်လေးလူအထင်ကြီးအောင်ဖန်တီးတတ်တဲ့ကောင်ပဲ ကောင်းပြီလေ ငါဒီနေ့မင်းကိုပညာပေးရတာပေါ့"
ရှောင်ရောဘတ်မှာသရော်ပြုံးပြုံးကာ အထဲသို့လမ်းလျှောက်ဝင်လာခဲ့သည်။။ထို့နောက်ဆိုဖာပေါ်တွင်လှဲကာခေါင်းဆောင်းအားဆောင်းလိုက်သည်။
ပုံရိပ်ယောင်လောကထဲတွင်လည်း သူတို့၏ခန္ဓာကိုယ်များပေါ်လာခဲ့သည်။
ကျိုးဟောင်၏ခန္ဓာကိုယ်ပေါ်လာသည်နှင့် ရှောင်ရောဘတ်၏မျက်နှာပေါ်တွင်ချက်ချင်းဆိုသလိုပင် အေးစက်သောအပြုံးတစ်ခုပေါ်လာခဲ့သည်။
ထို့နောက်သရော်အပြုံးဖြင့် ခပ်ဖြည်းဖြည်းပြောလာခဲ့သည်။
"ကျိုးဟောင် မင်းတကယ်ကြီးငါ့စိန်ခေါ်မှုကိုလက်ခံရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ရှောင်ရောဘတ်၏သရော်မှုနှင့်ရင်ဆိုင်နေရသော်လည်း ကျိုးဟောင်မှာဘာမှမပြောဘဲ လက်နောက်ပစ်ကာ ရောဘတ်အားဂရုမစိုက်သလိုသာကြည့်နေပေသည်။
ကျိုးဟောင်မှာယခုလိုဘဝင်မြင့်ပြီးအထက်စီးဆန်တတ်သောလူအား လုံးဝဂရုမစိုက်ပေ။
မမျှော်လင့်ထားစွာပင် ကျိူးဟောင်မှာသူ၏အမေးအားမဖြေသလို တုံ့ပြန်မှုပင်မရှိသည်ကိုမြင်လိုက်ရသောအခါ ရောဘတ်၏မျက်နှာပေါ်တွင် ချက်ချင်းပင်သရော်ပြုံးတစ်ခုပေါ်လာခဲ့သည်။
"ကျိုးဟောင် ငါဒီနေ့မင်းကိုငါ့ခြေထောက်အောက်ရောက်စေရမယ် အဆင့် ၅၉ နဲ့ ၇၃ကြားကွာခြားချက်ကဘယ်လောက်ကြီးလဲဆိုတာမင်းကိုသိစေရမယ် ဒုတိယမြောက်မူလအဆင့်ပညာရှင်နဲ့ စတုတ္တမြောက်မူလအဆင့်ပညာရှင်ကြားကကွာခြားချက်ကိုလည်းသိစေရမယ် ပြီးတော့ငါ့စိန်ခေါ်မှုကိုလက်ခံလိုက်တာက မင်းဘဝမှာအဆိုးဆုံးဆုံးဖြတ်ချက်ကိုချလိုက်မိတယ်ဆိုတာကိုလည်း သိစေရမယ်"
ရှောင်ရောဘတ်မှာတောက်လျှောက် တကျီကျီပြောနေသော်လည်း ကျိုးဟောင်မှာနားထောင်မနေပေ။ အချိန်ခဏကြာပြီးနောက်ကျိုးဟောင်မှာရှုတည်တည်ဖြင့်ဂရုမစိုက်ဟန်ပြောလိုက်သည်။
"ရှောင်ရောဘတ် မင်းအဲဒီလိုတွေပြောနေတာမရှက်ဘူးလား မင်းကိုကြည့်ဦး ခုတစ်လောဘာမှကိုတိုးတက်မလာဘူး ၂လတောင်ရှိနေပြီမင်းကခုထိ စတုတ္ထမြောက်အဆင့်ကနေမတက်ဘူး မင်းမှာငါ့ကိုစိန်ခေါ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ မင်းကဒီတိုင်းအမှိုက်တစ်စသာသာပဲ"
ထိုစကားအားကြားသောအခါ ရှောင်ရောဘတ်၏ အကြည့်မှာ ချက်ချင်းပင်မီးဝင်းဝင်းတောက်လာခဲ့သည်။
ထို့နောက်ခါးမှဓားအားဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ အလင်းရောင်အောက်တွင် ဓားမှာအေးစက်သောအငွေ့အသက်ဖြင့်တလက်လက်တောက်ပနေပေရာ ကြည့်လိုက်ရုံဖြင့်ရက်စက်မည့်အသွင်ပေါ်နေပေသည်။
"ဘဝင်မြင့်လိုက်တာ ဒီလိုဆိုမှတော့ဒီနေ့ငါမင်းကိုချက်ချင်းသတ်ပြီး တကယ့်စွမ်းအားအစစ်ကဘာလဲဆိုတာကိုသိအောင်လုပ်ပေးလိုက်မယ်"
ထိုစကားအားပြောပြီးနောက် ကျိုးဟောင်၏အကြည့်မှာပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်လောကအပြင်ဘက်ရှိလူများမှာလည်း ပုံရိပ်ယောင်လောကအတွင်းဝင်ရောက်သွားပြီဖြစ်သော လူနှစ်ယောက်အားစိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြပေသည်။
အဆုံးတွင်မည်သူအနိုင်ရမလဲဆိုသည်အား မည်သူမျှတပ်အပ်မပြောနိုင်ပေ။
"ဝေ့ ဝေ့ ဝေ့ ဒီပွဲမှာဘယ်သူနိုင်မယ်ထင်လဲ"
"အဲဒီပါရမီရှင်ကျိုးဟောင်လား ဒါမှမဟုတ်အရမ်းစွမ်းအားကြီးပါတယ်ဆိုတဲ့ရှောင်ရောဘတ်လား"
အချို့လူများမှာခန့်မှန်းနေကြပြီး မျက်လုံးများတွင်မရေရာမှုများဖြင့်ပြည့်နေခဲ့သည်။
"မေးနေစရာလိုသေးလို့လား သေချာပေါက်ကျိုးဟောင်ပဲပေါ့ သူကပါရမီရှင်တစ်ယောက် ပြီးတော့ သဘောပေါက်နိုင်နိုင်စွမ်းတအားမြင့်တယ် သူမလုပ်နိုင်တာဘာမှမရှိဘူး ငါတော့သူ့ကိုအရမ်းမှန်းထားတယ်"
သို့သော်အခြားလူတစ်ယောက်မှာခေါင်းယမ်းနေခဲ့သည်။ သူ၏မျက်နှာမှာလေးနက်နေဟန်အပြည့်ဖြင့် ဖြည်းဖြည်းချင်းပြောလာခဲ့သည်။
"ငါတော့ဒီလိုမထင်ဘူး"
"ဒီပွဲမှာ သေချာပေါက်ရှောင်ရောဘတ်နိုင်လိမ့်မယ် ကျိုးဟောင်ကဘယ်လိုပဲပါရမီရှင်ဖြစ်နေပါစေ ရှောင်ရောဘတ်ရဲ့စွမ်းအားကလည်းမသေးဘူး တကယ့်ပြိုင်ပွဲတစ်ခုမှာ ပါရမီရှင်ဆိုတဲ့လူတွေက စွမ်းအားအရာမှာသာလွန်တဲ့လူတွေက မယှဉ်နိုင်ဘူး ဘယ်လိုပဲဖြစ်ဖြစ် လူဟောင်းကတော့ပိုစွမ်းအားကြီးတာပဲ"
"ဒါပေမဲ့ ကျိုးဟောင်ကသူ့ရဲ့သဘောပေါက်နိုင်စွမ်းကိုအသုံးချပြီး လက်ရှိအချိန်မှာ ချက်ချင်းအဆင့်ချိူးဖောက်သွားနိုင်တာပဲ"
အားလုံးမှာ ဤပွဲတွင်အနိုင်ရရှိမည့်လူအားခန့်မှန်းနေခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်ပုံရိပ်ယောင်လောကတွင် ရှောင်ရောဘတ်မှာရုတ်ချည်းဆိုသလိုလက်ထဲရှိဓားအားမြှောက်ကာ ကျိုးဟောင်အား အားကုန်ထိုးချလိုက်သည်။
ထိုတိုက်ခိုက်မှုအားမြင်သောအခါ ကျိုးဟောင်၏ မျက်လုံးများမှာကျဉ်းမြောင်းသွားခဲ့သည်။ ကျိုးဟောင်မှာကိုယ်ကိုလှည့်ကာ ရှောင်ရောဘတ်၏တိုက်ခိုက်မှုအားအလွယ်တကူပင်ရှောင်တိမ်းလိုက်သည်။
ရောဘတ်၏အမူအရာမှာပျက်ယွင်းသွားခဲ့ပြီး အသက်ရှူသံပင်မြန်ဆန်လာခဲ့သည်။
ဤကောင်စုတ်လေးသည် ဘာကြောင့်သူ့တိုက်ခိုက်မှုအား အလွယ်တကူရှောင်နိုင်နေရပါသနည်း။ ဤကာလအတောအတွင်း သူ၏စွမ်းအားများဆုတ်ယုတ်သွားခဲ့သည်လော။
သို့သော်ထိုသို့မဖြစ်နိုင်ပေ။ အကြောင်းမှာ ရောဘတ်သည်လတ်တလောတွင်လေ့ကျင့်ရေးပေါင်းများစွာပြီးဆုံးအောင်လေ့ကျင့်ခဲ့ပေသည်။ ထို့ကြောင့်သူ၏တိုက်ခိုက်မှုအားမည်သူမျှမရှောင်နိုင်လောက်ပေ။ ဤပွဲသည်အခုမှစတင်သော်လည်း သူ့အခြေအနေသည်ဆုတ်ယုတ်နေပြီဖြစ်သည်။ ဤအချက်သည် ရှောင်ရောဘတ်အားအနည်းငယ်မကျေမနပ်ဖြစ်စေပေသည်။
ရောဘတ်မှာစိတ်ထဲရှိဒေါသများအားမျိုသိပ်ထားရပေရာ မျက်လုံးများမှာအေးစက်နေခဲ့သည်။ ထို့နောက်သရော်ပြုံးပြုံးကာစကားဆိုလာခဲ့သည်။
"ကျွတ် ကျွတ် မင်းမှာဒီလိုစွမ်းအားမျိုးရှိနေလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး"
"ငါမင်းကိုအထင်သေးမိတာပဲ ခုနကငါ့စွမ်းအားကိုအပြည့်အဝမသုံးရသေးဘူး အခုငါတကယ်အတည်သုံးတော့မှာ"
ရှောင်ရောဘတ်မှာစကားဆုံးသည်နှင့် စွမ်းအားတို့အားစုစည်းကာ ကျိုးဟောင်ထံထပ်မံပြေးဝင်လာခဲ့သည်။
ထိုမြင်ကွင်းအားကြည့်ပြီးကျိုးဟောင်သည်လည်းဓားအားလျင်မြန်စွာထုတ်ကာ ရှောင်ရောဘတ်အားပြန်လည်တိုက်ခိုက်လိုက်သည်။
ရှောင်ရောဘတ်၏မျက်နှာပေါ်တွင်ရက်စက်သောအပြုံးတစ်ခုပေါ်လာခဲ့သည်။
"ဟဟ ကျိုးဟောင်ဒီတစ်ခေါက် မင်းလိလိမ္မာမ္မာနဲ့အသေခံလိုက်တော့ ဘယ်သူမှငါ့ဓားချက်အောက်ကနေ မလွတ်မြောက်နိုင်ဘူး"
စကားဆုံးသည်နှင့်ရှောင်ရောဘတ်မှာ တစ်ချက်တည်းဖြင့်သတ်ရန်ရည်ရွယ်ထားသည့်အလား ကျိုးဟောင်၏ နှလုံးနေရာသို့ရက်စက်စွာတိုက်ခိုက်လိုက်သည်။
ကျိုးဟောင်မှာစိတ်ထဲမှတွေးလိုက်မိသည်။ ဤရှောင်ရောဘတ်သည်စကားများသော်ငြား သူ၏နည်းလမ်းများမှာသာမန်ထက်ထူးခြားပြီး လက်ထဲရှိဓားမှာလည်းတကယ်ပင်ထိပ်တန်းဖြစ်သည်။ ရောဘတ်၏တိုက်ခိုက်မှုကြောင့်များစွာသောဓားအလင်းများမှာ အလွန်လျင်မြန်လှသောအရှိန်ဖြင့် ကျိုးဟောင်ထံဝင်ရောက်လာခဲ့သည်။
ကျိူးဟောင်မှာအချိန်မီမရှောင်တိမ်းလိုက်နိုင်ဘဲအကြိမ်ပေါင်းများစွာအခုတ်ခံလိုက်ရပေရာ သွေးများစီးကျလာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်ပြီးမှသာ ရှောင်ရောဘတ်မှာသက်ပြင်းချနိုင်တော့သည်။ ကြည့်ရသည်မှာကျိုးဟောင်သည်အစောပိုင်းက သူ၏တိုက်ခိုက်မှုအားရှောင်လိုက်ရချိန်တွင် စွမ်းအားကန့်သတ်ချက်အားရောက်သွားခဲ့ပုံပင်။ ကျိုးဟောင်သည် သူတွေးထားသလောက်ပင်အရည်အချင်းမရှိပေ။
....................................................................................
အခန်း(၄၈၉) ပြီးပါပြီ။