အခန်း (၉၇၉-၉၈၁)
Vol. 66 Ch. 979-981
အခန်း (၉၇၉) လက်ဝယ်တွင် ဖီးနစ်မြက်ဆေးပင်ဖြင့် အဆင့်ဖြတ်ကျော်မှုတစ်ခု နီးကပ်လာပြီ
ပြည်ထောင်စုတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ တစ်သောင်းကျော်ရှိ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ ချက်ခြင်း ပျက်သုဉ်းသွားသည့် ဖြစ်စဉ်သည် အင်တာနက်တွင် အကျော်ကြားဆုံး အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ ဤတိုက်ပွဲ ရလဒ်သည် သာမန်လူများကို အလွန်တရာ ထိတ်လန့်စေခဲ့သည်။
ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်ကို ထပ်မံအတည်ပြုခဲ့ပြီးနောက် အထူးသဖြင့် သူသည် အလွန် ငယ်ရွယ်သေးသူဖြစ်သောကြောင့် မရေတွက်နိုင်သော အားပေးသူများကို ပိုမို ရရှိခဲ့သည်။ ချူးယွင်ဖန်းသည် လူငယ်များစွာအတွက် ၎င်းတို့၏ စစ်မှန်သော မဟာမိတ်ဟု ဆိုနိုင်သည်။ သို့သော် ကြီးမားသော အင်အားစုများအတွက် အရိုးထဲသို့ အေးခဲသွားစေသည့် အအေးဓာတ်များ ခြေဖျားမှ ဦးခေါင်းအထိ မြင့်တက်လာခဲ့သည်။
ချူးယွင်ဖန်းသည် ထိုကဲ့သို့ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဤမျှ ရက်စက်လွန်းသူဖြစ်သည်။ သူသည် ထောင်သောင်းချီသော လူများကို ဖမ်းဆီးခြင်း စစ်ဆေးမေးမြန်းခြင်း မပြုလုပ်ဘဲ ၎င်းတို့ကို သုတ်သင်ရှင်းလင်းခဲ့သည်။ နတ်အဆင့် ကျွမ်းကျင်သူများ မဆိုနှင့် ဤမျှ နတ်အဆင့် ကျွမ်းကျင်သူ အမြောက်အမြားကို သတ်ပစ်ခဲ့သော်လည်း မည်သူမျှ လူရှေ့ထွက်လာ၍ ပြောဝံ့ခြင်း မရှိကြပေ။
သို့သော် မကြာမီတွင် ဤအင်အားစုများသည် သူ၏ တည်နေရာကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ၊ မည်သို့ဆိုသော် အချိန်အတော်ကြာ စိတ်ရှည်ခဲ့သော အစိုးရသည် နောက်ဆုံးတွင် ၎င်း၏အစွယ်များကို ထုတ်ပြသောကြောင့် ဖြစ်သည်။
အင်အားစုအများအပြားသည် ၎င်းတို့ကိုယ်၎င်းတို့ အလွန် သိုဝှက်ထားကြ၍ ချူးယွင်ဖန်းကို ပစ်မှတ်ထားနေခြင်းကို မည်သူမျှ သတိထားမိကြမည် မဟုတ်ဟု ထင်မှတ်နေကြသည်။ ဤကိစ္စများသည် အစကတည်းက ပြည်ထောင်စု၏ ချုပ်ကိုင်မှုအောက်တွင်ရှိနေကြောင်း ၎င်းတို့ မသိကြပေ။ အထူးသဖြင့် ပြည်ထောင်စုသည် လှုပ်ရှားလာသော အင်အားစုအများအပြားကို ထိပ်တိုက် လှုပ်ရှားလိုက်ကြသည်။
အစိုးရသည် ထိုစုဝေးပွဲအတွင်း ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် အင်အားစုများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးများကို သိမ်းဆည်းခဲ့ကြသည်။ အထူးသဖြင့် ကျူးပုဖျင် ကိုယ်တိုင် ဦးဆောင်လာသည့် ပြည်ထောင်စုတပ်မတော်၏ တပ်ဖွဲ့သည် ဒုစရိုက်လော၏ ဌာနချုပ်ကို ချိပ်ပိတ်ထားလိုက်လေသည်။
အင်အားစုအသီးသီးမှ ပူးပေါင်းရင်းနှီးမြုပ်နှံထားသည့် အမြတ်ငွေ တစ်ထရီလီလျံသည် ပျောက်ကွယ်မသွားဘဲ ဤအရာအားလုံးသည် ပြည်ထောင်စုအစိုးရ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုငွေကြေး အမြောက်အများသည် ပြည်ထောင်စုတပ်မတော်ကို နေ့ချင်းညချင်း ချမ်းသာသွားစေမည်ဟု ဆိုနိုင်သည်။
ဒုစရိုက်လောကသည် ဆုကြေးငွေများကို ပေးအပ်ခဲ့ပြီးနောက် ပျောက်ကွယ်မသွားခဲ့ပေ။ ဒုစရိုက်လောကသည် နျူကလီးယားဗုံးကြောင့် ကျွမ်းကျင်သူများစွာ သေဆုံးပြီးနောက် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသောကြောင့် ပြည်ထောင်စုကို မတိုက်ခိုက်နိုင်ခဲ့ပေ။ ၎င်းတို့သည် ယခုမဆိုနှင့် ယခင်ကတည်း ပြည်ထောင်စုနှင့် ရင်ဆိုင်ရာတွင် အင်အားမဲ့နေခဲ့ကြသည်။
ပြည်ထောင်စုသည် ဤအခြေအနေကို အခွင့်ကောင်းယူရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဒုစရိုက်လောကကြီးကို သုတ်သင်ပစ်ခဲ့လျှင်ပင် ၎င်းသည် သိပ်မကြာမီ၌ ပြန်လည်ရှင်သန်လာပေလိမ့်မည်။ ထို့ကြောင့် ပြည်ထောင်စုသည် ၎င်းတို့ကို လုံးလုံးလျားလျား မဖျက်ဆီးဘဲ စောင့်ကြည့်စစ်ဆေးရုံသာ ပြုလုပ်ခဲ့ကြသည်။
ပြည်ထောင်စုအတွင်းနှင့် ပြင်ပဘက်ရှိ အင်အားစုများ အပါအဝင် အခြားသော အင်အားစုများအနက် ချူးယွင်ဖန်းကို သတ်ဖြတ်မှုတွင် ပါဝင်သောအင်အားစုအားလုံးသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် ပေးဆောင်ရမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရသည် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်သူများကို အမြစ်ဖြတ်သုတ်ကာ ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းလိုက်ကြသည်။ ထိုကိစ္စတွင် လက်တစ်ကမ်းသာ ပါဝင်ခဲ့သူများသည် ၎င်းတို့၏ ပိုင်ဆိုင်မှု အများအပြားကို ဒဏ်ကြေးအဖြစ် ပေးဆောင်ခိုင်းခြင်း ခံရသောကြောင့် ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ဤတစ်ခေါက်ဖြစ်စဉ်တွင် ပါဝင်ပတ်သတ်ခဲ့သော အင်အားစုများ အလွန်များပြားလှသည်။ ပြည်ထောင်စုအစိုးရ၏ အင်အားဖြင့်ဆိုလျှင်ပင် ၎င်းတို့အားလုံးကို ဖြုတ်ချရန် မဖြစ်နိုင်ခဲ့ပေ။ ထိုသို့မှမဟုတ်လျှင် ပြည်ထောင်စုသည် လုံးလုံးလျားလျား ကမောက်ကမဖြစ်နေပြီဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် ယခုဖြစ်စဉ်အရ လုံလောက်နေပြီဖြစ်သည်။ ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုတပ်မတော်တို့သည် အနည်းဆုံးလျှင် ထရီလျံမျှသော ငွေကြေးများကို ရိတ်သိမ်းခဲ့ကြသည်။ နေ့ချင်းညချင်း ချမ်းသာလာသည်ဟု ပြောမည်ဆိုလျှင် ချဲ့ကားခြင်းမဟုတ်ပေ။
ထို့ကြောင့်လည်း ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုတပ်မတော်တို့သည် ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိခဲ့ကြခြင်းဖြစ်သည်။ လုံလောက်သော အကျိုးအမြတ်မရှိပါက ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုတပ်မတော်တို့လျှင်ပင် အင်အားစုများစွာနှင့် ရန်ငြိုးဖွဲရန် ဆန္ဒရှိမည် မဟုတ်ပေ။
အဓိက အစပြုသူများဖြစ်သည့် ချူးမိသားစု၊ တန်မိသားစုနှင့် အထူးစစ်ဆင်ရေးဌာနတို့သည် အကျိုးကျေးဇူးများစွာကို ရရှိခဲ့ကြသော်လည်း ၎င်းအနက် အများစုကို ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုတပ်မတော်တို့က ဝါးမျိုခဲ့ကြသည်။ ရှင်းလင်းရေး လုပ်ငန်းစဉ်တစ်ခုလုံးကို အတော်လေး ထိန်းချုပ်ထားသောကြောင့် သာမန်ပြည်သူများက ထိုကိစ္စကို သိပ်သတိမထားမိကြပေ။ အရာအားလုံးသည် အထစ်အငေါ့မရှိစွာ ပြီးဆုံးသွားခဲ့သည်။
ချူးယွင်ဖန်းနှင့် ချူးသတ်ဖြတ်ခြင်း စုရုံးပွဲနှင့် ပတ်သက်သည့်အရာအားလုံးသည် အင်တာနက်ပေါ်တွင် ဆက်လက် ပျံ့နှံ့နေဆဲဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် ပြည်ထောင်စု၏နယ်မြေ အပြင်ဘက်တွင် ခရီးနှင်လျက် ဖီးနစ်မြက်ဆေးပင်များကို မီးတောင်ဝများတွင် ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
ယခုမူကား သူ့ကို မည်သူမျှ ပေါ့ပေါ့တန်တန် လှုပ်ရှားဝံ့ခြင်း မရှိကြပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူ့ကို မည်သူမှ မက်မောရန်ပင် မဝံ့ရဲကြပေ။ ပြည်ထောင်စုအစိုးရသည် ဆုကြေးငွေများကို သိမ်းယူသွားပြီးဖြစ်သောကြောင့် အကျိုးရှိမည် မဟုတ်ပေ။ အရေးကြီးဆုံးအချက်မှာ သူသည် မကြာမီ သေတော့မည့်ဟန်ဖြင့် မကျန်းမာပုံပေါ်သော်လည်း ယခုတစ်ကြိမ်တွင် မည်သူမျှ လှည့်စားခံလိုစိတ် မရှိကြပေ။
ချူးယွင်ဖန်းသည် ဤတစ်ကြိမ်တွင် သူ၏စွမ်းအင်အားလုံးကို အမှန်တကယ် ဆုံးရှုံးသွားခဲ့ပြီဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ၏စွမ်းအင်များသည် သူ၏တိုက်ခိုက်ရေးစွမ်းအင် အားလုံးမဟုတ်ကြောင်း သိသာထင်ရှားသည်။ ထို့အပြင် ဤအရာအားလုံးသည် သူတည်ဆောက်ခဲ့သည့် အခြားသော ထောင်ချောက်တစ်ခုဟုတ်ခြင်း မဟုတ်ခြင်းနှင့် ပတ်သက်၍ မည်သူမျှ မသိနိုင်ပေ။ လူတိုင်းသည် သူ့ကို ကြောက်ရွံ့ကြ၍ ချူးယွင်ဖန်းသည် လူအများ၏ စိတ်ထဲတွင် ရက်စက်သူမဟုတ်သော်လည်း အရူးတစ်ယောက်ဖြစ်ပေသည်။
မိုးကြိုးနတ်ဘုရားလှံတံ၏ တုံ့ပြန်မှုကို အမှန်တကယ် ခံစားနေရသော်လည်း ကိုယ့်ကိုယ်ကို ငါးစာများအဖြစ် အသုံးပြုခဲ့သည်။ သူ၏ ကျင့်ကြံမှု အားလုံးကို ဆုံးရှုံးသွားပြီဟု မဆိုနိုင်သော်လည်း အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ ချူးယွင်ဖန်းသည် ထိုသို့သော အခြေအနေမျိုးတွင် ကိုယ့်ကိုယ်ကို ငါးစာအဖြစ် သတ္တိရှိရှိ အသုံးချနေဆဲဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် လူထုစုဝေးပွဲသို့ လူအများအပြား လာရောက်ရန် ဆွဲဆောင်နိုင်ခဲ့မည် မဟုတ်ပေ။
ချူးယွင်ဖန်းသာ ဂရုမမူခဲ့လျှင် ထိုသို့ပြုလုပ်ရာမှ အသတ်ခံရနိုင်မည်ဖြစ်သော်လည်း ပြုလုပ်ခဲ့ဆဲဖြစ်သည်။ ထိုသို့ပြုလုပ်ခဲ့သော ချူးယွင်ဖန်းသာ အရူးတစ်ယောက် မဟုတ်လျှင် မည်သည်ဖြစ်မည်နည်း။ လူအများအပြား၏အမြင်တွင် ချူးယွင်ဖန်းသည် ရန်ဆွရန် မဖြစ်သော အရူးတစ်ယောက်ဖြစ်ပေသည်။ ချူးသတ်ဖြတ်ခြင်း စုရုံးပွဲပြီးဆုံးပြီးနောက် ခုနစ်ရက်မြောက်သောနေ့တွင် ပုံရိပ်တစ်ခုသည် ကြီးမားသောမီးတောင်၏အစွန်းကို ဖြတ်ကျော်၍ ပျံသန်းသွားခဲ့သည်။ သူသည် ချော်ရည်များပေါ် တိုက်ရိုက် တက်နင်းသွားသော်လည်း မည်သည့်လှိုင်းဂယက်မျှပင် မဖြစ်ပေါ်ခဲ့ပေ။
အနီရောင်ရှိသည့် အပင်တစ်ပင်သည် မီးတောင်၏ ချောက်ကမ်းပါးပေါ်တွင် ဂုဏ်ယူဝံ့ကြွားစွာ ပေါက်ရောက်နေ၏။ ၎င်းသည် လက်ဖဝါး အရွယ်အစားမျှသာရှိ၍ အတောင်ပံများ လှုပ်ခတ်ကာ ကောင်းကင်ယံ အမြင့်သို့ ပျံသန်းတော့မည့် မီးဖီးနစ်တစ်ကောင်နှင့် ဆင်တူသည်။ ၎င်းသည် နောက်အခိုက်အတန့်တွင် ကောင်းကင်ယံသို့ ပျံသန်းကာ ဖီးနစ် အစစ်အမှန် ဖြစ်လာမည့်ဟန်ဖြင့် အမှန်တကယ် ထင်ရှားပေါ်လွင်လှပေသည်။
ဤအပင်၏ အနီးတစ်ဝိုက်တွင် ၎င်းကို ကာကွယ်ရန်အတွက် မီးတောက်အတားအဆီးအဖြစ် ပြောင်းလဲနေသည့် မီးတောက်ကွင်းတစ်ခုရှိနေသည်။ ကနဦး ပုံရိပ်သည် ခဏကြာတွင် အပင်၏ နံဘေးသို့ ရောက်ရှိလာသည်။ ပုံရိပ်သည် သူ၏လက်ကို ဆန့်ထုတ်၍ အနီရောင်တောက်ပနေသော အပင်ကို ဖမ်းဆုပ်လိုက်သည်။ မီးအတားအဆီးသည် ချက်ချင်းပင် ကွဲအက်၍ ပျက်စီးသွားခဲ့သည်။
"နောက်ဆုံးတော့ ဖီးနစ်မြက်ဆေးပင်ကို ရပြီ" ချူးယွင်ဖန်းက ပြုံးလိုက်သည်။
သူသာ် အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ဖီးနစ်မြက်ဆေးပင်ကို ရရှိခဲ့သည်။ ဤဆေးပင်သည် အပြည့်အ၀ ရင့်မှည့်မည့် အခြေအနေနှင့် အနည်းငယ် ဝေးကွာနေသေးသည်။ လူအများစုသည် ဖီးနစ်မြက်ဆေးပင်၏ အလွန် ကြမ်းတမ်းသော ကြီးထွားမှု ပတ်ဝန်းကျင်ကြောင့် ၎င်းကို ရင့်မှည့်သည်အထိ စောင့်ဆိုင်းရန်အတွက် လူများ စေလွှတ်၍သာ ခူးယူလေ့ရှိကြသည်။ ဤသည်မှာ ဆေးဥယျာဉ် တည်ရှိရခြင်း၏ အဓိပ္ပါယ်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်း၏ တောင်မြစ်ပန်းချီကားတွင် အဖိုးတန် ဆေးပင်တောင်တန်းတစ်ခုရှိသောကြောင့် ထိုပြဿနာမျိုး မကြုံခဲ့ရပေ။ ၎င်းသည် ဆေးဖက်ဝင်အပင်များ၏ ကြီးထွားမှုပတ်ဝန်းကျင်ကို အလိုအလျောက် တုပနိုင်၍ ထိုတောင်ပေါ်၌ မည်သို့သော ဆေးဖက်ဝင်အပင်မျိုးမဆို ပေါက်ရောက်နိုင်ကြသည်။
သူသည် ဖီးနစ်မြက်ဆေးပင်ကို ရှာတွေ့ပြီးသည်နှင့် မိုးကြိုးမန္တန်မှ လျှံထွက်နေသည့် စွမ်းအင်ပြဿနာကို ဖြေရှင်းနိုင်ရန် အချိန်တခဏသာ ကြာမြင့်မည်ဖြစ်၍ ဆဌမမြောက် နတ်အဆင့်သို့ မကြာမီပင် ရောက်ရှိသွားပေလိမ့်မည်။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန် ကြီးမားစွာ မြင့်တက်သွားမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဖီးနစ်မြက်ဆေးပင်ကို သိမ်းဆည်းပြီးနောက် ထိုနေရာ၌ ကြာကြာမနေခဲ့ပေ။ သူသည် အနက်ရောင် နဂါးဘုရင်ကို ခေါ်ထုတ်၍ ၎င်းကို စီးနင်းကာ ခွန်းလွန်မြို့ဆီသို့ အပြေးနှင် သွားလေသည်။
အခန်း (၉၈၀) စတုတ္ထမြောက် နတ်အဆင့်သို့ အဆင့်ဖြတ်ကျော်ခြင်း
ချူးယွင်ဖန်း၏ သတင်းစကားများကို လက်ခံရရှိပြီးနောက် အထူးစစ်ဆင်ရေးဌာနဝင်များ အားလုံးစုစည်း၍ စောင့်ဆိုင်းနေကြသည်။ ဖီးနစ်ပြန်လည်ရှင်သန်ခြင်းဆေး၏ အဓိကပါဝင်ပစ္စည်းသည် ဖီးနစ်မြက်ဆေးပင်ဖြစ်၍ အခြားသော ဆေးဖက်ဝင်အပင်များကိုလည်း ဤကာလအတွင်း တစ်ခုပြီးတစ်ခု ရှာဖွေပြီးဖြစ်သည်။ ယခုဆိုလျှင် ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ထိုအခါ ဆေးဖော်စပ်မှုကို စတင် ပြုလုပ်နိုင်ပြီဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် အလျင်လိုခြင်း မရှိပေ။ သူသည် ဖီးနစ်မြက်ဆေးပင် ရင့်မှည့်လာ၍ အစေ့များကို ခူးယူနိုင်မည့် အချိန်ကို စောင့်ဆိုင်းချင်သေးသည်။ တောင်မြစ်ပန်းချီကားအတွင်း ဆေးဖက်ဝင်တောင်ပေါ်ရှိ ဖီးနစ်မြက်ဆေးပင် စိုက်ပျိုးထားသည့် ဧရိယာသည် ချော်ရည်များဖြင့် ဆူပွက်နေသည့် ပတ်ဝန်းကျင်တစ်ခု အလိုအလျောက် ပြောင်းလဲသွားခဲ့သည်။ ဖီးနစ်မြက်ဆေးပင် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင်သာ ကြီးထွားပေါက်ရောက်နိုင်သည်။
အရေးအကြီးဆုံးအချက်သည် တောင်တန်းတွင် လုံလောက်သော ဝိညာဉ်စွမ်းအင်ရှိနေသရွေ့ ဆေးဖက်ဝင်အပင်များ ကြီးထွားမှုကို အရှိန်မြှင့်တင်နိုင်ပေလိမ့်မည်။ ဝိညာဉ်စွမ်းအင် များပြားလေ၊ ကြီးထွားပေါက်ရောက်မှု မြန်ဆန်လေဖြစ်ပေသည်။
ယခင်အချိန်က ဝိညာဉ်ကျောက်တုံးများ ဝယ်ယူခြင်းသည် ချူးယွင်ဖန်းအတွက် ကုန်ကျစရိတ် ကြီးမားသည်ဟုဆိုနိုင်သော်လည်း ယခုအခါ ကွာခြားသွားခဲ့သည်။ သူသည် အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင်အနေဖြင့် အရင်းအမြစ်များစွာကို စုဆောင်းနိုင်သောကြောင့် ကျင့်ကြံရန် ပိုမိုလွယ်ကူသွားလေသည်။
ဧရာမ အနက်ရောင် နဂါးဘုရင်သည် အထူးစစ်ဆင်ရေးဌာနထံ ပျံသန်းဝင်ရောက်လာခဲ့သည်။ အထူးစစ်ဆင်ရေးဌာန၏ အဆင့်မြင့်အရာရှိများသည် ယခုအချိန်တွင် သတင်းရရှိထားပြီးဖြစ်သည်။ လက်ထောက်ခေါင်းဆောင် ဟော့ရို့နန်၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့အားလုံး နံနက်စောစောကတည်းက ဤနေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်။
"ခေါင်းဆောင်ချူး"
ဟော့ရို့နန်နှင့် အခြားလူများသည် ချူးယွင်ဖန်းကို မြင်သောအခါ သက်ပြင်းချလိုက်ကြသည်။ ချူးယွင်ဖန်းသည် ထိုကာလတစ်လျှောက်လုံး အပြင်သို့ တစ်ယောက်တည်း ရောက်ရှိနေခဲ့သည်။ သူသည် သူ၏ ကျင့်ကြံမှုအားလုံး ဆုံးရှုံးခဲ့၍ ချူးသတ်ဖြတ်ခြင်း စုရုံးပွဲသို့လည်း သွားရောက်ခဲ့သည်။ ထိုဖြစ်စဉ်၌ အလှည့်အပြောင်းများစွာရှိခဲ့၍ အဆုံးတွင် ချူးယွင်ဖန်းက အနိုင်ရရှိခဲ့သော်လည်း၊ အထူးစစ်ဆင်ရေးဌာနသည် ရင်တမမဖြစ်နေဆဲဖြစ်သည်။
"အားလုံး အဆင်သင့်ဖြစ်ပြီလား" ချူးယွင်ဖန်းသည် အနက်ရောင် နဂါးဘုရင်၏ကျောပေါ်မှ ခုန်ဆင်းလာ၍ တိုက်ရိုက်မေးမြန်းလိုက်သည်။
"အားလုံး ပြင်ဆင်ထားပြီးပါပြီ။ အကုန်လုံး ဆေးဓာတ်ခွဲခန်း နံပါတ်တစ်မှာ ရှိပါတယ်" ဟော့ရို့နန်က ပြောလိုက်သည်။
"ကောင်းပြီ၊ ကျုပ် ခဏလောက် သီးသန့်ကျင့်ရမှာမို့လို့ အားလုံးကို ခင်ဗျားဆီ တာဝန်လွှဲထားမယ်။ မလိုအပ်ရင် ကျုပ်ကို မနှောင့်ယှက်ပါနဲ့"
ချူးယွင်ဖန်းသည် လမ်းလျှောက်စဉ် ထိုသို့ ပြောလိုက်သည်။ များမကြာမီ ၎င်းတို့သည် အထူးစစ်ဆင်ရေးဌာန၏ မြေအောက်တွင်ရှိသော ဆေးဓာတ်ခွဲခန်း နံပါတ်တစ်သို့ ရောက်ရှိခဲ့ကြသည်။ ဓာတ်ခွဲခန်းသည် စတုရန်းမီတာ ရာဂဏန်းမျှ ကျယ်ဝန်း၍ ဆေးဖက်ဝင်အပင် မျိုးစုံဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်း၏ ဆေးဖော်စပ်မှု ရှုံးနိမ့်သွားမည်ကို စိုးရိမ်နေကြသည့်ဟန်ဖြင့် အထူးစစ်ဆင်ရေးဌာနများသည် ဆေးဖက်ဝင်အပင်များကို လိုအပ်သည်ထက်ပို၍ စုဆောင်းထားခဲ့သည်။
ဓာတ်ခွဲခန်း၏ အလယ်တွင် ကြီးမားသော ဆေးမီးဖိုကြီးတစ်ခုရှိနေသည်။ ၎င်းသည် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများဖြင့် တပ်ဆင်ထားသည့် ဆေးမီးဖိုဖြစ်၍ ယခုအချိန်အထိ အကောင်းဆုံး အကျိုးသက်ရောက်မှုကို ထုတ်လုပ်ပေးနိုင်သည့် မီးဖိုတစ်ခုလည်းဖြစ်ပေသည်။
"နောက်တစ်ခု။ ကျုပ်ကို ကျေးဇူးပြုပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်သန်းကို စုဆောင်းပေးပါ" ချူးယွင်ဖန်းက ပြောလိုက်သည်။
"နားလည်ပါပြီ" ဟော့ရို့နန်က ပြောပြီးသည်နှင့် ပြင်ဆင်ရန် ထွက်သွားလေသည်။
ဟော့ရို့နန် ထွက်သွားပြီးနောက် ချူးယွင်ဖန်းသည် သူ၏မိသားစုနှင့် သူငယ်ချင်းများထံ အကြောင်းကြားလိုက်သည်။ ချူးယွင်ဖန်း၏ လုံခြုံစွာ ပြန်ရောက်နေသည့် သတင်းသည် ၎င်းတို့ကို စိတ်သက်သာရာ ရရှိသွားစေသည်။ ပြီးနောက် သူသည် ဖီးနစ်ပြန်လည်ရှင်သန်ခြင်းဆေးကို သီးသန့်ကျင့်ကြံကာ ဖော်စပ်နေခဲ့သည်။
မရင့်မှည့်သေးသော ဖီးနစ်မြက်ဆေးပင်သည် ဆေးတောင်တန်း၏ တွန်းအားပေးမှုအောက်တွင် ဝိညာဉ်ကျောက်တုံးများကို အကန့်အသတ်မရှိ ထောက်ပံ့ပေးမှုကြောင့် သုံးရက်အတွင်း ရင့်မှည့်လာခဲ့သည်။ ချူးယွင်ဖန်းသည် အစေ့များကို ရိတ်သိမ်းပြီးနောက် ဆေးကို ချက်ချင်း စတင် ပြုလုပ်လိုက်သည်။
ဖီးနစ်ပြန်လည်ရှင်သန်ခြင်းဆေးသည် သာမန်ဆေးလုံးများနှင့် မတူညီဘဲ စစ်မှန်သော အရည်အသွေးများရှိသည့် ဆေးဖက်ဝင်ဆေးတစ်မျိုးဖြစ်သည်။ သူ့တွင် ဆေးဧကရာဇ်၏ ပြီးပြည့်စုံသော မှတ်ဉာဏ်များ ရှိနေသော်လည်း ချူးယွင်ဖန်းသည် ၎င်းကို ဖော်စပ်ရာတွင် ပေါ့ပေါ့ဆဆ မပြုမူဝံ့ပေ။ အထူးစစ်ဆင်ရေးဌာနသည် ယခင်အချိန်က တိုက်ခိုက်ခံခဲ့ရသောကြောင့် ယခုတစ်ကြိမ်တွင် အလွန် အလေးအနက် ပြုမူနေကြသည်။
သို့သော် ကံကောင်းထောက်မစွာ၊ တစ်ကြိမ်လှည့်ဖြားခံရပြီးနောက် ချူးယွင်ဖန်းကို ပြဿနာရှာဝံ့သူဟူ၍ မရှိတော့ပေ။ သုံးရက်သုံးညကြာ သီးသန့်ကျင့်ကြံပြီးနောက် အပြင်ထွက်လာသည့်အချိန်အထိ သူ့ကို မည်သူမျှ ပြဿနာမရှာဝံ့ကြပေ။ ဓာတ်ခွဲခန်းကြီး၏ အလယ်ဗဟိုရှိ မီးဖို၏အဖုံးကို ဖွင့်ဟလာသည်နှင့် မီးတောက်များ ကောင်းကင်ယံသို့ ရုတ်တရက် ပျံသန်းသွားခဲ့သည်။ ဆေးလုံး၏ တောက်ပမှုသည် သက်ရှိသတ္တဝါအဖြစ် အသက်ဝင်လာ၍ ၎င်း၏အတောင်ပံများကို ဖြန့်ကြက်ကာ ပျံသန်းတော့မည့် ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲဟန်ရှိသည်။
အချိန်အတော်ကြာပြီးနောက် ဆေးဖက်ဝင်အပင်များ၏ တောက်ပမှုများ ပျောက်ကွယ်သွားသည့်အဆုံးတွင် ဖီးနစ်ပြန်လည်ရှင်သန်ခြင်းဆေး ၏ ပုံသဏ္ဌာန် အစစ်အမှန် ပေါ်ပေါက်လာသည်။
"နောက်ဆုံးတော့ ပြီးပြီ" ချူးယွင်ဖန်းက အနည်းငယ် ပြုံးလိုက်သည်။ သူသည် ဖီးနစ်ပြန်လည်ရှင်သန်ခြင်းဆေးကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် ဆေးလုံးကို မီးဖိုထဲမှ ထုတ်ယူကာ နံဘေးရှိ လေ့ကျင့်ခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူသည် တင်ပျဉ်ခွေ ထိုင်ချ၍ ဆေးလုံးကို သောက်သုံးလိုက်သည်။ ၎င်းသည် ချက်ချင်းပင်၊ ကြီးမားသော ဆေးဖက်ဝင် စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ချူးယွင်ဖန်း၏ ခြေလက်များနှင့် အရိုးများအတွင်းသို့ စီးဝင်သွားခဲ့သည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ထိတ်လန့်တုန်လှုပ်ဖွယ် အသွင်ပြောင်းမှုများဖြင့် ကြုံတွေ့နေသည်။ မူလက မိုးကြိုးစွမ်းအင်အောက်တွင် မီးလုံးတစ်ခု တောက်လောင်နေသော်လည်း ဤမီးဘောလုံးသည် ယခုအခါ မီးဖီးနစ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်း၏ကိုယ်ခန္ဓာကို ဖြတ်သန်းစီးဆင်းနေသည့် မိုးကြိုးမန္တန်မှ စွမ်းအင်များကို မီးဖီးနစ်က စုပ်ယူလိုက်သည်။
ဤမီးဖီးနစ်သည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်တွင် ပြန်လည်မွေးဖွားမှုကို လုပ်ဆောင်နေ၍ ဤအသွင်ပြောင်းလဲမှု ပြီးမြောက်ရန်အတွက် စွမ်းအင်ပမာဏများစွာကို စုပ်ယူရန် လိုအပ်သည်။
ဖီးနစ်ပြန်လည်ရှင်သန်ခြင်းဆေး၏ ဆေးဖက်ဝင်စွမ်းအင်၊ ချူးယွင်ဖန်း၏ကိုယ်ပိုင် ကျင့်ကြံမှုနှင့် မိုးကြိုးမန္တန်ရှိ တစ်ဟုန်ထိုး စွမ်းအင်များ အားလုံး ရောနှောလာခဲ့သည်။ ဤကြီးကျယ်ခမ်းနားသော စွမ်းအင်သည် ကမ္ဘာ၏အစပျိုးခြင်းကဲ့သို့ သူ၏ခန္ဓာကိုယ်အတွင်း ဆူပွက်နေလေသည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မျိုးစုံကြောင့် ပေါက်ကွဲတော့မည့် ဟန်ရှိသည်။
ပျက်စီးမှုသည် ထိုအချိန်တွင် ချူးယွင်ဖန်း၏ကိုယ်ခန္ဓာရှိ ပင်တိုင်တေးသံတစ်ခု ဖြစ်ပုံပေါ်သည်။ သူသည် အံကြိတ်၍ကာ ဇွဲနပဲကြီးစွာ သည်းခံနိုင်ခဲ့သည်။ ပျက်စီးခြင်းပြီးနောက်၊ ဘဝသစ်ရှိလာမည်ဖြစ်၍ ဖီးနစ်၏ ပြန်လည်မွေးဖွားမှုသည် သေခြင်းအတွင်း ရှင်သန်မှုကို ရှာဖွေရန်ဖြစ်သည်။
နောက်ဆုံးတွင် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်သုံးမျိုးလုံး တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားတော့သည်။ ချူးယွင်ဖန်း၏ဒဏ်ရာများ သက်သာပျောက်ကင်းလာကာ သူသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ အမှန်တကယ် ဝင်ရောက်သွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ အသက်ဓာတ်များသည် အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ဖူးသော်လည်း သူ၏အသက်ဓာတ်သည် အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်တိုးမြင့်လာသည်။
နောက်ဆုံးတွင် တစ်လလုံး အနားယူခြင်းမရှိဘဲ ကျင့်ကြံပြီးနောက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ စွမ်းအင်များကို လုံးလုံးချေဖျက်၍ စုပ်ယူနိုင်ခဲ့သည်။ ဤပြန်လည်မွေးဖွားခြင်းဖြစ်စဉ်တွင် သူ၏ စွမ်းအင်များကို တတိယမြောက် နတ်အဆင့်မှ စတင်၍ အထွတ်အထိပ်အဆင့်သို့ တွန်းပို့နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ စတုတ္ထမြောက် နတ်အဆင့်သို့ တစ်ပြိုင်နက်တည်း ချီတက်လိုက်သည်။
စတုတ္ထမြောက် နတ်အဆင့်၏ အတားအဆီးများသည် အစောပိုင်း ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်တွင် အပေါက်များ ဖြစ်ပေါ်လာသောကြောင့် ယခုအခါ ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို မတားဆီးနိုင်တော့ပေ။ အတားအဆီးသည် ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် သုံးရက်အတွင်း ပြိုကျသွားခဲ့သည်။
ချူးယွင်ဖန်း၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် အဆင့်ဖြတ်ကျော်သွားသောကြောင့် ပို၍ အားကောင်းသည့် စတုတ္ထမြောက် နတ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ချူးယွင်ဖန်းသည် ဆဌမမြောက် နတ်အဆင့်နှင့် နှိုင်းယှဉ်နိုင်ပြီဖြစ်၍ ယခုအခါ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန် ပြောင်းလဲသွားခဲ့သည်။ ယခုအခါ သူသည် သတ္တမမြောက် နတ်အဆင့်၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကျော်လွန်သွားပြီဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ ဆူပွက်နေခဲ့ရာ၊ လွန်ခဲ့သည့် လအနည်းငယ်နှင့် နှိုင်းယှဉ်ပါက ကြီးမားသော ပြောင်းလဲမှုမျိုးနှင့် ကြုံတွေ့ခဲ့ပုံပေါ်သည်။ ဖီးနစ်ပြန်လည်ရှင်သန်ခြင်းဆေးသည် မျှော်လင့်ထားသည့်အတိုင်း ပြန်လည်မွေးဖွားခြင်းနှင့် မိုးကြိုးမန္တန်၏ ပြဿနာကို ဖြေရှင်းပေးရုံသာမကဘဲ သူ၏ကျင့်ကြံမှုကို စတုတ္ထမြောက် နတ်အဆင့်သို့ တက်လှမ်းနိုင်စေခဲ့သည်။
အခန်း (၉၈၁) ခင်ဗျားကို နတ်အဆင့် ရောက်စေနိုင်တဲ့ ဆေးမျိုး ကျုပ်မှာရှိတယ်
စတုတ္ထမြောက် နတ်အဆင့်ဟူသည်မှာ ပိုင်းခြားထားသောမျဉ်းတစ်ခုဖြစ်၍ ဤသည်မှာ ကျင့်ကြံမှုအဆင့်တွင်သာမကဘဲ တိုက်ခိုက်ရေးစွမ်းအင်လည်းဖြစ်ပေသည်။ ဤဖြစ်စဉ်သည် ချူးယွင်ဖန်းကို နတ်အဆင့်၏ အထက်ပိုင်းအဆင့်သို့ ဖြတ်ကျော်နိုင်စေခဲ့သည်။ ဤစွမ်းအင်မျိုးသည် ခွန်းလွန်နယ်မြေအတွင်း ပြိုင်းဘက်ကင်းသည်ဟု မဆိုနိုင်သော်လည်း ဤစွမ်းအင်သည် သူ့ကို ကမ္ဘာပေါ်ရှိ မည်သည့်နေရာသို့မဆို သွားလာစေနိုင်သည်။
အထူးသဖြင့် နေမင်းပစ်ခတ်သူကို ပိုင်ဆိုင်ထားသော ချူးယွင်ဖန်းသည် မည်သည့် အင်အားကြီး ရန်သူကိုမျှ မကြောက်ရွံ့ပေ။ သို့သော်လည်း နေမင်းပစ်ခတ်သူတွင် အက်ကြောင်းများသည် ဆက်တိုက်အသုံးပြုပြီးနောက် ပိုမိုသိသာလာခဲ့သည်။ သူသည် ၎င်းကို နောက်ထပ် အကြိမ်ရေ အနည်းငယ်မျှသာ အသုံးပြုနိုင်တော့မည်ကို စိုးရိမ်နေမိသည်။
သို့သော်လည်း ယခုကဲ့သို့ မိုးကြိုးမန္တန်ကို ဖိနှိပ်ခဲ့သော လက်ရှိ ချူးယွင်ဖန်းအတွက် အလွန်အရေးကြီးသော အာမခံချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ မိုးကြိုးမန္တန်သည် မိုးကြိုးနတ်ဘုရားလှံတံကို ထိန်းချုပ်ရန် သော့ချက်ဖြစ်ရာ၊ သူသည် မိုးကြိုးနတ်ဘုရားလှံတံကို ထိန်းချုပ်နိုင်ရန် အချိန်တစ်ခုလိုအပ်နေသည်။ ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံရာမှ ပြန်ထွက်လာပြီးနောက် လက်ရှိအခြေအနေများနှင့် ပတ်သက်၍ ကြည့်ရှုလေ့လာလုပ်သည်။
ပြည်ထောင်စုသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း များစွာပြောင်းလဲခြင်းမရှိခဲ့ပေ။ ခေါင်းဆောင်မရှိခဲ့သေးသော်လည်း ယခင်ကနှင့် လုံးလုံးလျားလျား မတူသည်မှာ တည်ငြိမ်သော အင်အားစုတစ်ခုဖြစ်သော ချူးယွင်ဖန်းကြောင့် ပြည်ထောင်စုရှိ လူအများက တဖြည်းဖြည်း ငြိမ်သက်သွားကြခြင်းဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်က ချူးသတ်ဖြတ်ခြင်း စုရုံးပွဲကြောင့်ဖြစ်ပေါ်လာသော မုန်တိုင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
အပြင်ပန်းတွင် ငြိမ်သက်နေသေးသော်လည်း အမှန်တကယ်တွင် လှိုင်းလေထန်မှုများ ရှိနေခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် လူထုစုဝေးပွဲရှိ လူတိုင်းကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးနောက် ပြည်ထောင်စုအတွင်းနှင့် ပြင်ပဘက်ရှိ ရန်သူများပါ အကြီးအကျယ် ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ မသုတ်သင်ခံရသူများသည် ၎င်းတို့၏ဒဏ်ရာများကို တိတ်တဆိတ် ကုသနေကြသောကြောင့် ပြဿနာတစ်စုံတစ်ရာ ရှာဖွေရန် မပြုလုပ်နိုင်ကြပေ။
ဤသည်မှာ ပြည်ထောင်စုအတွက် ရှားရှားပါးပါး ငြိမ်းချမ်းရေးကာလဖြစ်သည်။ မိသားစုများအားလုံးနှင့် အထူးသဖြင့် ချူးမိသားစုဝင်များသည် ချူးယွင်ဖန်းထံမှ နတ်စွမ်းအင်ဖြည့်တင်းဆေးများကို ရရှိခဲ့သောသောကြောင့် ၎င်းတို့၏ ခွန်အားများကို ဆက်လက်၍ တိုးပွားအောင် ပြုလုပ်နေကြသည်။ ၎င်းတို့သည် နတ်အဆင့် ကျွမ်းကျင်သူအသစ်များ လေ့ကျင့်ပေးသော အရှိန်အဟုန်ကို မြှင့်တင်နေကြသည်။
ချူးယွင်ဖန်းက ထိုသို့မြင်ရသောအခါ ဝမ်းသာသွားခဲ့သည်။ မိသားစုများ အားကောင်းသန်မာလေ၊ ပြည်ထောင်စုသည်လည်း အားကောင်းလေ ဖြစ်သည်။ တန်စီယုသည် သီးသန့်ကျင့်ကြံ၍ အမွေအနှစ်ပုလဲ၏ စွမ်းအင်ကို စုပ်ယူရန် အာရုံစိုက်နေသည်။ သူမသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာသောအခါ သူမ၏ ကျင့်ကြံမှုများ ခုန်ပျံကျော်လွှား၍ သိသိသာသာ တိုးမြင့်လာမည်ဖြစ်သည်။
ရှေးဟောင်းလူသားများကာလအတွင်း အမွေအနှစ်ပုလဲတစ်လုံး ပိုင်ဆိုင်ထားသူ၏ စွမ်းအင်သည် နေ့ချင်းညချင်း အရှိန်မြင့်မားစွာ တိုးတက်လာပေလိမ့်မည်။ နေ့တွင်းချင်း အဆင့်ဖြတ်ကျော်သွားလျှင်ပင် အံ့အားသင့်ဖွယ် မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန် သဘာဝကျလှသည်။ တန်စီယုတွင် လမ်းညွှန်မှု နည်းလမ်းများ အပြည့်အ၀မရှိခြင်းကြောင့် နှမြောစဖွယ်ဖြစ်ပေသည်။ မဟုတ်လျှင် သူမ၏ ကျင့်ကြံမှုအဆင့်သည် ယခုထက် ပို၍ မြင့်မားနေပေလိမ့်မည်။
ချူးယွင်ဖန်းသည် လက်ရှိ သီးသန့်ကျင့်ကြံနေသော တန်စီယုကို အနှောက်အယှက်မပေးခဲ့ပေ။ သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီးနောက် သိပ်မကြာမီတွင် အထူးစစ်ဆင်ရေးဌာန၏ လက်ထောက်ခေါင်းဆောင် ဟော့ရို့နန်က သူ့ကို လိုက်ရှာခဲ့သည်။
"ခေါင်းဆောင် ချူး၊ ခေါင်းဆောင်ကို လုပ်ကြံဖို့ အချည်းနှီးကြိုးစားခဲ့တဲ့ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းရဲ့ အခြေစိုက်စခန်းကို ကျွန်မတို့ ရှာတွေ့ခဲ့တဲ့အပြင် အားလုံးကိုလည်း ရှင်းပြီးပြီမို့လို့ ဖမ်းဝရမ်းထုတ်သင့်ပါလား" ဟော့ရို့နန်က အစီရင်ခံလိုက်သည်။
"ထုတ်လိုက်၊ လည်ပင်း ဆန့်ထုတ်ဝံ့တဲ့ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းထဲက ဘယ်သူပဲဖြစ်ဖြစ် အကုန်ဖမ်း" ချူးယွင်ဖန်းက ပြောလိုက်သည်။
ယခင်က စုရုံးပွဲ၏ လွှမ်းမိုးမှုသည် အလွန်ဆိုးရွားခဲ့ရာ၊ ချူးယွင်ဖန်းသည် ခွင့်လွှတ်တတ်သူမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အသေးငယ်ဆုံးသော မကျေနပ်ချက်များအတွက်ပင် လက်စားချေခြင်းသည် သူ၏ အလေ့အကျင့်ဖြစ်သည်။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ခေါင်းဆောင်သည် သူ့ကိုသတ်ဖြတ်ရန် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့သဖြင့် ၎င်းတို့ကြားက ခင်မင်ရင်းနှီးမှု ဟန်ဆောင်မှုအားလုံးကို ဖယ်ရှားခဲ့ပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းသည်လည်း တည်ရှိရန် မလိုအပ်တော့ပေ။
ချူးယွင်ဖန်းသည် နတ်ကုန်းမြေနှင့် လုံးလုံးလျားလျား ရန်ငြိုးမဖွဲ့ချင်သော်လည်း ထိုနေရာရှိ လူများစွာသည် သူ့ကို ဆူးပင်အဖြစ် မှတ်ယူကြသောကြောင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိပေ။
တစ်ဖက်လူသည် သူနှင့် ရန်ငြိုးဖွဲ့ရန် ရွေးချယ်ခဲ့သောကြောင့် ချူးယွင်ဖန်းသည်လည်း စိတ်ပျော့ညံ့နေမည် မဟုတ်ပေ။
သို့သော် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းသည် ပြည်ထောင်စုအတွင်းရှိ နာမည်ကြီး အင်အားစုများနှင့် ကွဲပြားခြားနားသည်။ ခွန်းလွန်နယ်မြေအတွင်းရှိ ၎င်းတို့၏ အခြေစိုက်စခန်းများသည် ပြည်ထောင်စု၏ ထိန်းချုပ်မှု အပြင်ဘက်တွင်ရှိနေသည့် ပြင်ပဒေသများတွင် တည်ရှိကြသည်။ အထူးစစ်ဆင်ရေးဌာနသည် အဆုံးတွင် ၎င်းတို့ကိုရှာဖွေ၍ နှိမ်နင်းရန်အတွက် လပေါင်းများစွာကြာမြင့်ခဲ့သည်။
"စစ်ဆင်ရေးအတွင်း သူတို့ အခြေစိုက်စခန်းမှာ တယ်လီပို့စနစ်ဖွဲ့စည်းပုံတစ်ခုကို ရှာတွေ့ထားပါတယ်။ ကျွန်မတို့ဘက်က စစ်ဆေးမေးမြန်းခဲ့တဲ့ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက တပည့်တွေရဲ့ အဆိုအရ၊ ဒီတယ်လီပို့စနစ်ဖွဲ့စည်းပုံက နတ်ကုန်းမြေကို ဝင်ထွက်သွားလာဖို့အတွက် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက အသုံးပြုခဲ့တာလို့ ဖြေထားပါတယ်" ဟော့ရို့နန်က ပြောကြားခဲ့သည်။
"တည်နေရာကို ကာကွယ်ထား။ ကျုပ်အမိန့်မပါဘဲ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးနဲ့" ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပလာသည်။
နောက်ဆုံးတွင် ၎င်းတို့သည် နတ်ကုန်းမြေသို့ ဝင်ရောက်သည့် နည်းလမ်းကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ နတ်ကုန်းမြေနှင့် ပတ်သက်၍ ပြည်ထောင်စု၏ လက်ရှိ နားလည်မှုသည် မလေးနက်လှပေ။ ၎င်းတို့ဘက်မှ ထုတ်ဖော်လိုသော အချက်အလက်များကိုသာ ကန့်သတ်ချက်ဖြင့် သိရှိထားကြသည်။
လက်ရှိအချက်အလက်များအရ၊ နတ်ကုန်းမြေသည် ရှေးဟောင်းလူသားများကာလ၏ အကြွင်းအကျန်နေရာတစ်ခု ဖြစ်နိုင်သည်။ ရှေးဟောင်းလူသားများ မပျက်စီးမီ၌ ၎င်း၏လူအချို့သည် နတ်ကုန်းမြေသို့ ထွက်ပြေးခဲ့ကြ၍ ထိုနေရာသည် တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့ပုံပေါ်သည်။ ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏မှတ်ဉာဏ်များကို ရရှိပြီးကတည်းက ရှေးဟောင်းလူသားများ ပျက်စီးခြင်း၏ မူလဇစ်မြစ်ကို ရှာဖွေလိုခဲ့သည်။
ရှေးဟောင်းလူသားများ ပျောက်ကွယ်သွားမှုသည် ထူးဆန်းလွန်းလှသည်။ တစ်ချိန်က စိတ်ကူးမယဉ်နိုင်သည်အထိ ကြီးပွားချမ်းသာခဲ့သော လူသားများသည် ညတွင်းချင်း ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်နေသည်။ မည်သို့ကြောင့်ဆိုသော် အင်အားကြီးမား၍ သာယာဝပြောသော လူသားများကာလသည် မည်သို့ကြောင့် နေ့ချင်းညချင်း ပျောက်ကွယ်သွားရသည်ကို မည်သူမျှ မသိခဲ့သည့်အပြင် တူးဖော်မှုများရှိထားသော အပျက်အစီးများထဲအနက် မည်သည်ကိုမျှ မဖော်ပြထားခြင်းကြောင့်ဖြစ်သည်။
နတ်ကုန်းမြေသည် ၎င်းပျောက်ဆုံးမှု၏ မူလဇစ်မြစ်ကို မှတ်တမ်းတင်ထားနိုင်ဖွယ်ရှိသည်။ သို့သော် ချူးယွင်ဖန်းသည် နတ်ကုန်းမြေထဲသို့ ဝင်ရောက်ရန် နည်းလမ်းသည် ခွန်းလွန်နယ်မြေတွင် မရှိသောကြောင့် ၎င်းကို ရှာမတွေ့ခဲ့ပေ။ အတိအကျပြောရလျှင် နတ်ကုန်းမြေသည် အခြား ဂြိုဟ်ငယ်ပေါ်တွင်ရှိနေသောကြောင့် ပုံမှန်နည်းလမ်းဖြင့် မဝင်ရောက်နိုင်ပေ။
"ဒါနဲ့ ကျုပ်မှာ ဆေးတစ်ခုရှိတယ်။ အဲဒါကို နတ်စွမ်းအင်ဖြည့်တင်းဆေးလို့ ခေါ်တယ်။ အဲဒါက ခင်ဗျားကို နတ်အဆင့်ထိ ဖြတ်ကျော်နိုင်အောင် ကူညီပေးနိုင်တယ်" ချူးယွင်ဖန်းက ဟော့ရို့နန်ကို ကြည့်၍ ပြောလိုက်သည်။
အထူးသဖြင့် ချူးယွင်ဖန်းတွင် နတ်အဆင့် မွန်းစတားများ၏ အတွင်းအူများစွာရှိနေသောကြောင့် သူ၏လက်ထဲ၌ နတ်စွမ်းအင်ဖြည့်တင်းဆေး တစ်လုံးထက်မကပို၍ ရှိနေသည်။ သူသည် နတ်စွမ်းအင်ဖြည့်တင်းဆေး အများအပြားကို ဖော်စပ်နိုင်ခဲ့သည်။ သူ၏လက်ရှိ ကျင့်ကြံမှုအဆင့်အရ၊ နတ်စွမ်းအင်ဖြည့်တင်းဆေးသည် သူ့အတွက် အသုံးမ၀င်တော့ပေ။ ထုံးစံအတိုင်း သူသည် အခြားလူများထံ ပေးအပ်မည်ဖြစ်သည်။
ဟော့ရို့နန်သည် သူ၏လက်ထောက်ဖြစ်လာပြီးကတည်းက သစ္စာစောင့်သိခဲ့၍ မည်သည့်အခါမှ စိတ်မကျေမနပ်ဖြစ်ခဲ့ပေ။ သူမ၏ ခွန်အားသည်လည်း နတ်စွမ်းအင်ဖြည့်တင်းဆေးကို အသုံးပြုရန် လုံလောက်သောကြောင့် ချူးယွင်ဖန်းက ဆေးလုံးကို သူမထံ ပေးခဲ့ရခြင်းဖြစ်သည်။
"ရှင်" ဟော့ရို့နန်၏ အနီရောင် နှုတ်ခမ်းများ အနည်းငယ် ဖွင့်ဟလာခဲ့ရာ၊ သူမသည် မယုံကြည်နိုင် ဖြစ်နေပုံရသည်။
နတ်အဆင့်သို့ ဖြတ်ကျော်ခြင်းသည် မည်ကဲ့သို့ အယူအဆမျိုး ဖြစ်သနည်း။ အင်းဆက်တစ်ကောင်မှ နဂါးအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်ဖြစ်ပေသည်။ ဤသည်မှာ တူညီသော ကမ္ဘာ၏ ဖြစ်တည်မှုမျိုး မဟုတ်ပါဘူး။
ချူးယွင်ဖန်းသည် ဤကာလအတွင်း နတ်အဆင့်များစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော်လည်း နတ်အဆင့် ကျွမ်းကျင်သူများသည် နေရာအနှံ့တွင်ရှိနေသည်ဟု မဆိုလိုပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် ပြည်ထောင်စုအတွင်းရှိ နတ်အဆင့် ကျွမ်းကျင်သူအရေအတွက်သည် အလွန် နည်းပါးနေဆဲဖြစ်သည်။
ကျွမ်းကျင်သူတစ်ဦးအတွက် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာသော အောင်မြင်မှုနှုန်းသည် တစ်ထောင်တွင် တစ်ဦးသာ ဖြစ်နိုင်ခြေရှိခြင်း သို့မဟုတ် ၎င်းထက် ပို၍ပင် နည်းပါးနိုင်သည်။ ယခုမူကား ချူးယွင်ဖန်းသည် သူမကို နတ်အဆင့်သို့ ရောက်ရှိအောင် ကူညီပေးနိုင်သည့် ဆေးလုံးမျိုး ပေးမည်ဟု ပြောခဲ့သောကြောင့် သူမသည် မည်သို့မျှ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
"နတ်အဆင့်ကို ဖြတ်ကျော်နိုင်တဲ့ဆေး ဟုတ်လား" ဟော့ရို့နန်သည် နားကြားလွဲမည်ကို ကြောက်နေသောကြောင့် ထပ်မံ မေးမြန်းလိုက်သည်။
ချူးယွင်ဖန်းသည် ဟော့ရို့နန်၏ စိတ်လှုပ်ရှားမှုကို နားလည်နိုင်သောကြောင့် အပြုံးဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်။ နတ်အဆင့်ကို ဖြတ်ကျော်လို့ရမှာ။ အထူးစစ်ဆင်ရေးဌာနက ကြီးမားတဲ့ တာဝန်တွေ ထမ်းဆောင်နေရပေမယ့် ကျုပ်တို့မှာ ကျွမ်းကျင်သူတွေ လုံလုံလောက်လောက် မရှိဘူး။ လက်ထောက်ခေါင်းဆောင်အနေနဲ့ တာဝန်သိစိတ်ရှိပြီး အစွမ်းကုန် ကြိုးစားသင့်တယ်။ ဒါက ခင်ဗျားနဲ့ ထိုက်တန်ပါတယ်"
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။ ကျေးဇူးတင်ပါတယ်"
ဟော့ရို့နန်သည် ဤအခိုက်အတန့်တွင် မျက်ရည်ဝဲလုနီးပါး ခံစားနောသည်။ သူမသည် ချူးယွင်ဖန်းအပေါ် အထူးပင် ကျေးဇူးတင်နေမိသည်။