← Chapters

အခန်း (၉၈၂-၉၈၄)

Vol. 66 Ch. 982-984

အခန်း (၉၈၂-၉၈၄)

Vol. 66 Ch. 982-984

အခန်း (၉၈၂) ချုံခိုတိုက်ခိုက်မှုနှင့် နတ်ကုန်းမြေသို့ ဝင်ရောက်ခြင်း

ဟော့ရို့နန်သည် ရောထွေးနေသော ခံစားချက်များကို တစ်ဟုန်ထိုး ခံစားလိုက်ရသည်။ သူမဘက်မှ အလွန်ကျေးဇူးတင်မိကြောင်း ပြောခြင်းသည် ချဲ့ကားခြင်းမဟုတ်ပေ။ အဆုံးတွင် ပြည်ထောင်စု၌ နတ်အဆင့်သို့ ဝင်ရောက်နိုင်သူ အလွန်နည်းပါးလှသည်။ နတ်အဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်အကြား အဆင့်အတန်း ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်သည်။ သူမသည် နတ်အဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် ပြည်ထောင်စုအတွင်း ထိပ်တန်းပုဂ္ဂိုလ်အနည်းငယ်ထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်သည်။

ငါးကြင်းတစ်ကောင်သည် နဂါးတံခါးဝသို့ ခုန်တက်ကာ နဂါးအဖြစ် ပြောင်းလဲကာ အဆင့်ဖြတ်ကျော်သွားသကဲ့သို့ပင် သိသာထင်ရှားနေသည်။ ယခုအခါ ချူးယွင်ဖန်းသည် သူမကို ဤသို့အခွင့်အရေးတစ်ခုကို ပေးအပ်ခဲ့သည်။ သူမသည် မည်သို့မျှ ကျေးဇူးမတင်ဘဲ နေမည်နည်း။

ဟော့ရို့နန်၏ အမူအရာကို ကြည့်နေစဉ် ချူးယွင်ဖန်း တစ်စုံတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။ ဆေးလုံးများ စတင် ဖော်စပ်မည်ဖြစ်သောကြောင့် အတွင်းအူများအားလုံးကို နတ်စွမ်းအင်ဖြည့်တင်းဆေးအဖြစ်သို့ ပြောင်းလဲခြင်းသည် ပိုကောင်းပေလိမ့်မည်။ ဤနည်းဖြင့် ပြည်ထောင်စုရှိ ကျွမ်းကျင်သူ အရေအတွက်ကို တစ်ပြိုင်နက်တည်း တိုးမြှင့်နိုင်မည်ဖြစ်သည်။

ကျွမ်းကျင်သူ အရေအတွက် တိုးမြင့်လာခြင်းသည် ပြည်ထောင်စု တည်ငြိမ်ရေးအတွက် အလွန် အရေးကြီးလှသည်။ ထို့အပြင် ချူးယွင်ဖန်းသည် ဤနတ်စွမ်းအင်ဖြည့်တင်းဆေးများဖြင့် မြှင့်တင်လိုသူများကို မြှင့်တင်နိုင်၍ သူလိုအပ်သော အင်အားစုများကို ကူညီပံ့ပိုးနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ပြည်ထောင်စုအတွင်း သူ၏ ဩဇာအာဏာကိုလည်း အလွန် တိုးတက်စေမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုသို့ တွေးပြီးနောက် တွန့်ဆုတ်မနေတော့ပေ။ သူသည် အထူးစစ်ဆင်ရေးဌာနကို ဆေးဖက်ဝင်အပင်များ စတင်စုဆောင်းရန် ချက်ချင်း အမိန့်ထုတ်လိုက်သည်။ သို့သော် သူသည် ဤအရာအားလုံးကို ဦးစွာစုဆောင်းရမညဖြစ်ရာ၊ အထူးစစ်ဆင်ရေးဌာန၏ စွမ်းအင်ဖြင့်ပင် အချိန်အတော် ကြာမြင့်မည်ဖြစ်သည်။ မည်သို့ဆိုသော် ချူးယွင်ဖန်းတွင် တစ်ခု နှစ်ခုထက်မကသော မွန်းစတားအတွင်းအူများ ရှိနေသောကြောင့်ဖြစ်သည်။

ခွန်းလွန်ဒေသ၏ အပြင်ဘက်ရှိ ချိုင့်ဝှမ်းတစ်ခုတွင် သစ်တောများ ထူထပ်များပြားလှသည်။ သစ်ပင်ကြီးများသည် ကောင်းကင်ယံကို ထောက်ထားသည့် တိုင်များကဲ့သို့ ကောင်းကင်သို့ မားမတ်စွာ ပေါက်ရောက်နေကြသည်။ ပုံမှန်အားဖြင့် ဤနေရာသည် လူသူကင်းမဲ့၍ မရေတွက်နိုင်သော မွန်းစတားများ၏ ကျက်စားရာနေရာဖြစ်ခဲ့သည်။ ယခုမူကား ၎င်းကို မရေတွက်နိုင်သော လူသားများက သိမ်းပိုက်ထားလိုက်ပြီဖြစ်သည်။ ချိုင့်ဝှမ်းတွင် မရေတွက်နိုင်သည့် ခေတ်မီစက်ကိရိယာများ၏ အကူအညီဖြင့် ခေတ်မီအခြေစိုက် စခန်းတစ်ခုကို တည်ဆောက်ထားခဲ့သည်။

မရေတွက်နိုင်သော လူသားများသည် အခြေစိုက်စခန်းသို့ ဝင်ရောက်သွားလာနေကြ၍ အချို့သော လက်နက်ကြီးများကိုပင် သယ်ယူပို့ဆောင်ရေးသင်္ဘောကြီးများမှ သယ်ယူနေခဲ့ကြသည်။ ၎င်းသည် မူလတွင် ပြင်ပဒေသရှိ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ အခြေစိုက်စခန်းဖြစ်သည်။ ၎င်းသည် ယခုအခါ အထူးစစ်ဆင်ရေးဌာနမှ တွေ့ရှိပြီးနောက် ဤချိုင့်ဝှမ်းကို သိမ်းပိုက်နိုင်၍ ခံတပ်အဖြစ် ပြောင်းလဲခဲ့ကြသည်။

ဤဝေးလံခေါင်သီသော နေရာ၌ အရင်းအမြစ်များစွာမရှိပေ။ အလွန် အရေးကြီးသော အကြောင်းရင်းမှာ ချိုင့်ဝှမ်းအလယ်၌ ကြီးမားသော တယ်လီပို့စနစ် ဖွဲ့စည်းပုံတစ်ခု တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ဤဆက်သွယ်ရေးလမ်းကြောင်းသည် ဒဏ္ဍာရီလာ နတ်ကုန်းမြေသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်သည်။

ပြည်ထောင်စုတွင် နတ်ကုန်းမြေနှင့်ပတ်သက်၍ ကောလာဟလများစွာရှိခဲ့သော်လည်း မည်သူမျှ ထိုနေရာသို့ မရောက်ဖူးကြပေ။ ထို့ကြောင့် တယ်လီပို့ဖွဲ့စည်းပုံကို ရှာဖွေတွေ့ရှိသောအခါ အထူးစစ်ဆင်ရေးဌာန၏အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းသည် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာ၍ ချိုင့်ဝှမ်းအပေါ်မှ ဒေါင်လိုက်ပျံသန်းလာခဲ့သည်။ ထိုအခါ ပုံရိပ်တစ်ခုသည် လေယာဉ်ပေါ်မှ ပျံဆင်းလာလေသည်။ ထိုလူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူမဟုတ်ပေ။

ဤအခိုက်အတန့်တွင် တယ်လီပို့ဖွဲ့စည်းပုံကို ဝန်းရံနေကြသည့် ဖွဲ့စည်းပုံပညာရှင်များစွာရှိနေသည်။ ၎င်းတို့သည် တယ်လီပို့ဖွဲ့စည်းပုံကို အသက်မသွင်းမီ နောက်ဆုံးအတည်ပြုချက်များ ပြုလုပ်နေကြသည်။ ချူးယွင်ဖန်း ရောက်လာကြောင့် မြင်လိုက်ရသောအခါ စခန်းပြန်လည်တည်ဆောက်ရေးကို တာဝန်ယူထားသည့် လက်ထောက်ခေါင်းဆောင်က အမြန်ထွက်လာ၍ နှုတ်ဆက်လိုက်သည်။

"ခေါင်းဆောင်ချူး"

"အားလုံး အဆင်သင့်ဖြစ်ပြီလား" ချူးယွင်ဖန်းက မေးမြန်းလိုက်သည်။

“အားလုံး အဆင်သင့်ဖြစ်ပါပြီ” ဒုတိယခေါင်းဆောင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

ချူးယွင်ဖန်းက ခေါင်းညိတ်ပြပြီးနောက် တယ်လီပို့ဖွဲ့စည်းပုံထဲသို့ ဝင်သွားခဲ့သည်။ တယ်လီပို့ဖွဲ့စည်းပုံ၏အလင်းရောင်သည် ဆူညံသံများကြားတွင် စတင်တောက်ပလာသည်။ ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။ လွန်ခဲ့သည့်အခိုက်အတန့်တွင် အလွန် ရိုသေလေးစားနေသည့် လက်ထောက်ခေါင်းဆောင်သည် ရက်စက်သော အပြုံးတစ်ခုကို ရုတ်တရက် ထုတ်ဖော်ပြသလာသည်။

"ဟားဟား။ ချူးယွင်ဖန်း၊ ခင်ဗျား ဘယ်လောက်ပဲ လိမ္မာပါးနပ်ပါစေ ခင်ဗျားလည်း လှည့်စားခံရတာပါပဲ"

ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။

"သေစမ်း တစ်ခုခုတော့ မှားနေပြီ"

သူသည် ချက်ချင်းပင် နားလည်သွားခဲ့သည်။ ဖြစ်စဉ်အားလုံးသည် လုံးလုံးလျားလျား မူမမှန်လှပေ။ အထူးစစ်ဆင်ရေးဌာနသည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ အခြေစိုက်စခန်းကို ရှာဖွေတွေ့ရှိခဲ့သည့် အချိန်မှစ၍ ဤအရာအားလုံးသည် ထောင်ချောက်တစ်ခုဖြစ်သည်။ ၎င်းသည် သူ့ကို မျှားခေါ်ရန် ပြင်ဆင်ထားသည့် ထောင်ချောက်ဖြစ်သည်။

"ခင်ဗျားကတော့ သေချင်နေတာပဲ" ချူးယွင်ဖန်းက လှမ်းအော်ပြီးနောက် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ မိုးကြိုးသွားတစ်ခု ထွက်ပေါ်လာ၍ ၎င်းကို ပစ်လွှတ်လိုက်သည်။

လက်ထောက်ခေါင်းဆောင်သည် ရှောင်တိမ်းရန် သို့မဟုတ် တုံ့ပြန်ချိန်ပင် မရှိလိုက်ဘဲ မိုးကြိုးသွားကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့သည်။ သို့သော် တယ်လီပို့စနစ် ဖွဲ့စည်းပုံ၏ အသက်သွင်းမှုသည် နောက်ပြန်ဆုတ်၍မရနိုင်ခဲ့ရာ၊ ချူးယွင်ဖန်း နောက်ဆုံးမြင်တွေ့လိုက်ရသည့်အရာသည် လေဖိအားနည်းရပ်ဝန်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။ သူသည် ထိုပုံရိပ်၏ အရောင်အဝါနှင့် အလွန် ရင်းနှီးနေသည်။ သတ္တမမြောက်နှင့် ဆဋ္ဌမမြောက် နတ်ကျွန်ထံမှ ထိုသို့ တူညီသော စွမ်းအင်မျိုးကို သူ ခံစားခဲ့ဖူးသည်။

ပြီးနောက် ချူးယွင်ဖန်းသည် အဆုံးမဲ့ ဟင်းလင်းပြင်ထဲသို့ ပို့ဆောင်ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက သူ၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲနေခဲ့သည်။ သူ၏ ဧကရာဇ် ခန္ဓာကိုယ်နည်းစနစ်သည် စတင် အက်ကွဲလာ၍ သွေးများ စီးကျလာခဲ့သည်။ သူ၏ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ် ခွန်အားဖြင့်ပင် ဤကဲ့သို့ ခံစားနေခဲ့ရသည်။ အကယ်၍ သာမန်နတ်အဆင့်တစ်ဦးသာဖြစ်လျှင် ဤကြောက်မက်ဖွယ် စွမ်းအင်ဖြင့် အပိုင်းပိုင်းပြတ်တောက်ခံရပေလိမ့်မည်။

ချူးယွင်ဖန်းသည် ထောင့်တစ်နေရာသို့ တွန်းပို့ခံလိုက်ရသည်။ သူ၏ ဒဏ်ရာများကို ကုသရန်အတွက် ရှိရှိသမျှ ခွန်အားကို အသုံးချ၍ ကြီးမြတ်သော နတ်ဘုရားကျင့်စဉ်ကိုသာ ဖြန့်ကြက်နိုင်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်လာသည်။ အချိန်ယန္တရားနှင့် ဟင်းလင်းပြင် ပဋိပက္ခအတွင်း ပိတ်မိနေသကဲ့သို့ပင် ဖြစ်နေသည်။

ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်းသည် သူ၏ ရှိရှိသမျှ ခွန်အားကို အသုံးပြု၍ တောင်မြစ်ပန်းချီကားကို ဖွင့်မည့်အချိန်တွင် သူ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့သည်။ သူသည် ဟင်းလင်းပြင် ပဋိပက္ခအတွင်း မှ နေရာတစ်ခုသို့ တိုက်ရိုက် ပို့ဆောင်ခံခဲ့ရသည်။

***

လှည်းယဉ်တစ်စုသည် တောအုပ်တစ်ခုအတွင်း ဖြတ်သန်းနေခဲ့သည်။ ထိုအဖွဲ့တွင် လူတစ်ဒါဇင်ခန့်ရှိနေကာ အများစုသည် အားကောင်းသန်မာ၍ ထူးခြားသော ကျင့်ကြံမှုများ ပိုင်ဆိုင်ထားကြသည်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ၎င်းတို့အားလုံးတွင် မွေးဖွားခြင်းနယ်မြေအဆင့် သို့မဟုတ် ၎င်းအထက် ကျင့်ကြံမှုများရှိနေကြသည်။

ဤအဖွဲ့၏ခေါင်းဆောင်သည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးဖြစ်သည်။ ထိုလူငယ်သည် တင်းကြပ်သော အဝတ်အစားများကို ၀တ်ဆင်ထား၍ တင့်တယ်သော အသွင်အပြင်မျိုးရှိနေကာ သူရဲကောင်းစိတ်ဓာတ်နှင့် ပြည့်စုံသူတစ်ဦး ဖြစ်ပေသည်။ ဤရှည်လျားသော အဖွဲ့တွင် ဇိမ်ကျကျအလှဆင်ထားသော သေတ္တာများပါရှိသည့် လှည်းယဉ်တွဲများစွာရှိနေ၍ အထဲရှိ ပစ္စည်းများက ဈေးကြီးလှကြောင်း သိသာထင်ရှားသည်။

ဤအုပ်စုအားလုံးသည် တစ်စုံတစ်ရာကို မပြီးမြောက်ခဲ့သကဲ့သို့ ၎င်းတို့၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အမြွက်များ ပြသနေကြသည်။ လှည်းယဉ်တစ်စင်းရှိ အနက်ရောင်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်သို့ မော့ကြည့်နေသည်။

အပြာရောင်ကောင်းကင်ကြီးမှာ ပန်းချီကားချပ်တစ်ခု ဆုပ်ဖြဲခံထားရသကဲ့သို့ အက်ကွဲကြောင်းများ ပေါ်ပေါက်နေ၍ ကြည့်မြင်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ကောင်းကင်ယံရှိ ထူးဆန်းသော မြင်ကွင်းကို ကြည့်နေသော လူငယ်၏ မျက်နှာသည် တွေးတောဆင်ခြင်မှု အမူအရာမျိုး ပေါ်ပေါက်လာသည်။

"ဒါဆိုရင် ဒါကြောင့်ပေါ့လေ။ ဒီကမ္ဘာငယ်က ပျက်စီးခြင်းကို ဦးတည်နေတာပါလား။ နတ်ကုန်းမြေက အင်အားစုအားလုံးက ခွန်းလွန်နယ်မြေထဲကို အတတ်နိုင်ဆုံး ဝင်ရောက်ပြီး ပြည်ထောင်စုကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာ အံ့ဩစရာ မဟုတ်ပါဘူးလေ"

ထိုလူငယ်သည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူမဟုတ်ပေ။ တယ်လီပို့စနစ်သည် သူ့ကိုလှည့်စားခဲ့သော်လည်း တယ်လီပို့ပြုလုပ်မှု၏ ဦးတည်ချက်သည် မမှားယွင်းခဲ့ဘဲ အမှန်တကယ် နတ်ကုန်းမြေဆီ ဦးတည်နေခဲ့သည်။

ချူးယွင်ဖန်းသည် တယ်လီပို့မှု လုပ်ငန်းစဉ်၏အလယ်တွင် နှောင့်ယှက်ခံခဲ့ရခြင်းကြောင့်သာ လှည့်စားခံခဲ့ရ၍ ဟင်းလင်းပြင် ပဋိပက္ခအတွင်း သေဆုံးလုနီးပါးဖြစ်ခဲ့ရလေသည်။ ချူးယွင်ဖန်း၏ မျက်နှာပေါ်တွင် ကိုယ့်ကိုယ်ကို အပြစ်ဆိုသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ငန်းရိုင်းတစ်ကောင်ကို နေ့စဉ်နေ့တိုင်း ပစ်သတ်နေခဲ့သော်လည်း အဆုံးတွင် ငန်းရိုင်းက သူ၏မျက်လုံးများကို ထိုးဆိတ်လိုက်ခြင်းကဲ့သို့ဖြစ်နေသည်။

အခန်း(၉၈၃) အကြောင်းတရားနှင့် အကျိုးသက်ရောက်မှု၊ နတ်ကုန်းမြေ၏ အခြေအနေ

ဤမျှ ယုံကြည်အားကိုးရသော ဒုခေါင်းဆောင်သည် ဆဋ္ဌမမြောက်နှင့် သတ္တမမြောက် နတ်ကျွန်တို့နှင့် ပတ်သက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ နောက်ဆုံးအခိုက်အတန့်တွင် သူ မြင်တွေ့လိုက်ရသည့် ပုံရိပ်၏ အရောင်အဝါသည် ဆင်တူလွန်းသောကြောင့် နတ်ကျွန်တစ်ဦးဖြစ်ကြောင်း အသေအချာပင်ဖြစ်သည်။ တူညီသော မျိုးဆက်မှ ဆင်းသက်လာကြခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

တယ်လီပို့ဖွဲ့စည်းပုံ၌ အမှားအယွင်း မရှိခဲ့ပေ၊ ၎င်းကို ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက အမှန်တကယ် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်သည် ၎င်းအတွင်းရှိ စနစ်တချို့ကို ခြယ်လှယ်ခဲ့ကြသည်။

ချူးယွင်ဖန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဤအဖွဲ့အစည်းသည် အလွန်တန်ခိုးကြီးကြောင်း သိသာထင်ရှားသည်။ ၎င်းတို့သည် အလွန်နက်ရှိုင်းစွာ ဖောက်ဝင်နိုင်ခဲ့ရာ၊ ချူးယွင်ဖန်း အထူးစစ်ဆင်ရေးဌာနများကိုပင် လက်လွှဲမယူမီ ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ ဤသည်မှာ တစ်ရက် နှစ်ရက်အတွင်း ဖြစ်ပွားလာခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။

သတ္တမမြောက် နတ်ကျွန်သည် ချူးယွင်ဖန်း ဆုံတွေ့ဖူးသမျှတွင် အားအနည်းဆုံးဖြစ်၍ ထိုလူသည် နတ်အဆင့်တွင် ရှိနေခဲ့သည်။ ဆဌမမြောက် နတ်ကျွန်၏ ခွန်အားကိုပင် ထည့်သွင်းစဉ်းစားပါက၊ ဤအဖွဲ့အစည်း၏ အင်အားသည် အံ့ဩစရာပင်ဖြစ်သည်။ ထိပ်တန်းအင်အားနှင့် ပြောရမည်ဆိုလျှင် ၎င်းတို့သည် ပြည်ထောင်စုထက်ပင် အားကောင်းသန်မာနိုင်ခြေရှိသည်။ ပြည်ထောင်စုသည် အဆင့်မြင့် လက်နက်များကို အဓိက အားကိုးနေသော်လည်း ပြည်ထောင်စု၏ ထိပ်တန်းတိုက်ခိုက်ရေး အင်အားစုများနှင့် ယှဉ်ပြိုင်နိုင်သည်ဆိုပါက အလွန် ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။

ဤအင်အားစုသည် သတ္တမမြောက် နတ်ကျွန်ကို ပထမဆုံးတွေ့ဆုံချိန်မှစ၍ သူ့ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ သူသည် အားနည်းဆဲဖြစ်သော အချိန်ကာလတွင် သတ္တမမြောက် နတ်ကျွန်နှင့် ကြုံတွေ့ခဲ့ရသည်။ သတ္တမမြောက် နတ်ကျွန်ကို ကြောက်ရွံ့စေသည့် ကျန်းမိသားစု၏ နျူကလီးယားဗုံးကြောင့်သာ မဟုတ်ပါက၊ ချူးယွင်ဖန်းသည် ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ရပေလိမ့်မည်။

နောက်ပိုင်းတွင် သတ္တမမြောက် နတ်ကျွန်နှင့် မွန်းစတား ဂိုဏ်းခေါင်းဆောင်တို့က သူ့ကိုဝိုင်းရံရန်အတွက် အတူတကွလုပ်ဆောင်ခဲ့ကြသည်။ ပြီးနောက် ဆဌမမြောက် နတ်ကျွန်သည် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် စုဝေးပွဲတစ်ခုကို စီစဉ်ကာ တစ်လောကလုံး၏ စွမ်းအင်ကို အသုံးပြု၍ သူ့ကို အဆုံးသတ်လိုခဲ့သည်။

အစီအစဥ်တစ်ခုလုံးသည် ရှုံးနိမ့်သွားခဲ့သည်ဟု မဆိုနိုင်ပေ။ အကယ်၍ ချူးယွင်ဖန်းတွင်သာ နေမင်းပစ်ခတ်သူ မရှိခဲ့လျှင် ထိုကဲ့သို့သော အင်အားကြီး ရန်သူများကို တိမ်းရှောင်ရပေလိမ့်မည်။ ၎င်းတို့သည် ဤတစ်ကြိမ်အပြင် ချူယွင်ဖန်းကို လေးကြိမ်တိုင်တိုင် ခြုံခိုတိုက်ခိုက်ရန် ထောင်ချောက်များစွာ ချထားခဲ့ကြသည်။ ချူးယွင်ဖန်းလျှင်ပင် ဤအဖွဲ့အစည်းကို လျစ်လျူမရှုနိုင်ရာ၊ ၎င်းတို့ကို အမြစ်ဖြတ်မသုတ်သင်နိုင်ပါက ငြိမ်းအေးစွာ စားသောက်နိုင်မည် မဟုတ်ပေ။

'ဒီလူများအားလုံးကို နတ်ကျွန်တွေလို့ခေါ်ရင် ထိပ်တန်းနတ်ဘုရားက ဘာ်သူများ ဖြစ်မလဲ' ချူးယွင်ဖန်းက တွေးလိုက်သည်

'ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့က ဘယ်သူတွေလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် ခင်ဗျားတို့ကို သေချာပေါက် ပေးဆပ်ခိုင်းရမယ်'

ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူသည် သင်ခန်းစာကို သင်ယူခဲ့ပြီဖြစ်သောကြောင့် ပြည်ထောင်စုကို ပြန်ရောက်သည့်အခါ ဤအဖွဲ့အစည်းကို အမြစ်ဖြတ် သုတ်သင်ရှင်းလင်းရန် နည်းလမ်းရှာရပေလိမ့်မည်။ ကောင်းကင်ယံ၌ အက်ကွဲကြောင်းများ ရုတ်တရက် ပေါ်လာ၍ ကမ္ဘာကြီး၏ အဆုံးသတ်နှင့် ဆင်တူသည့် အဖျက်သဘောဆောင်သည့် အရောင်အဝါများ သယ်ဆောင်လာခဲ့သည်။

သာမာန်လူများက မသိသော်လည်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သည့် ချူးယွင်ဖန်းသည် ၎င်းက မည်သည်ကို ဆိုလိုနေကြောင်း နားလည်သဘောပေါက်ထားသည်။ ဆိုလိုရင်းမှာ ဤကမ္ဘာငယ်လေး၏ သက်တမ်းသည် သတ်မှတ်ချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လောကကြီးတွင် မည်သည့်အရာကမျှ ထာဝရဟူ၍ မရှိခဲ့ပေ။ ကမ္ဘာငယ်လေးတစ်ခုမဆိုနှင့် စကြဝဠာကြီးတစ်ခုလျှင်ပင် နှစ်သန်းပေါင်းရာချီ၍ ကြာမြင့်လာသောအခါ ပြိုပျက်သွားပေလိမ့်မည်။ ၎င်း၏သက်တမ်းသည် ခွန်းလွန်နယ်မြေကဲ့သို့သော ကမ္ဘာကြီးတစ်ခုနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

အကယ်၍ ဤကမ္ဘာငယ်သာ ရှေးဟောင်းလူသားများကာလ ဖျက်ဆီးခံရသည်အချိန်မှ စတင်ခဲ့သည်ဆိုလျှင် ၎င်း၏ အဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းသည် ပုံမှန်ဖြစ်စဉ်သာဖြစ်သည်။ ဤကဲ့သို့သော ကမ္ဘာငယ်သည် ၎င်း၏သက်တမ်းကို သက်တမ်းတိုးရန်အတွက် အမြဲမပြတ် ပြုပြင်ထိန်းသိမ်းမှုများ လိုအပ်နေသည်။

သို့ရာတွင် နတ်ကုန်းမြေရှိ အင်အားစုအသီးသီးတွင် ထိုသို့သောစွမ်းရည်မျိုးမရှိသည်မှာ သိသာထင်ရှားသည်။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် လူသားများ၏သိုင်းပညာ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိသေးသည့် ရှေးဟောင်းလူသားများ ကာလ၌ပင် ကမ္ဘာငယ်တစ်ခု၏ သက်တမ်းကို တိုးပေးနိုင်သည် စွမ်းအင်သည် အလွန်ရှားပါးလှသည်။

ကမ္ဘာတစ်ခု ပျက်စီးသည်နှင့် လူသားများ မလွတ်မြောက်နိုင်ပါက ကမ္ဘာနှင့်အတူ ပျက်သုဉ်းရပေလိမ့်မည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် နတ်ကုန်းမြေ၏ အင်အားစုများက အဘယ်ကြောင့် ခွန်းလွန်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ နတ်ကုန်းမြေသည် ကျင့်ကြံမှုပတ်ဝန်းကျင် အနေအထားအရ ခွန်းလွန်နယ်မြေထက် သာလွန်လှသည်။ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုသည် အနည်းဆုံးလျှင် ငါးဆယ်ရာခိုင်နှုန်းမျှ ပို၍ အားကောင်းပေသည်။

ထို့ကြောင့် နတ်ကုန်းမြေသည် ခွန်းလွန်နယ်မြေမျှ မကျယ်ပြောသော်လည်း ကျွမ်းကျင်သူများစွာရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် အကြောင်းပြချက်မရှိဘဲ ဖြစ်ပွားလာခြင်း မဟုတ်ပေ။ သို့သော်လည်း တဖြည်းဖြည်း ပိုပို၍ သိပ်သည်းလာသော ကောင်းကင်ရှိ အက်ကွဲကြောင်းများကို သုံးသပ်ကြည့်လျှင် နတ်ကုန်းမြေသည် အနည်းဆုံးလျှင် နှစ်ပေါင်းတစ်ရာအတွင်း ပြိုပျက်သွားပေလိမ့်မည်။ ဤလုပ်ငန်းစဉ်သည် လူတစ်ဦး အသက်အရွယ် ကြီးလာခြင်းနှင့် ဆင်တူသည်။ ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ ကျဆင်းလာ၍ နောက်ဆက်တွဲ ပြဿနာများအားလုံး တစ်ချိန်တည်းမှာပင် ပေါ်ပေါက်လာမည်ဖြစ်သည်။

ကောင်းကင်ကြီးသည် တဖြည်းဖြည်း ကျဆင်းလာ၍ မြေကြီးများသည်လည်း အက်ကွဲလာမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် နတ်ကုန်းမြေသို့ ဝင်ရောက်လာခဲ့သည်မှာ သုံးရက်ကြာမြင့်ပြီဖြစ်သည်။ ဤကာလတစ်လျှောက်လုံး သူ၏ ခွန်အားသည် အဆက်မပြတ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သာမန်ဒဏ်ရာများသည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်၏ ပြန်လည်ကုသနိုင်စွမ်းဖြင့် လျင်မြန်စွာ ပျောက်ကင်းသွားမည်ဖြစ်သည်။

သို့သော် ဤဒဏ်ရာသည် ဟင်းလင်းပြင် ပဋိပက္ခဖြစ်စဉ်ကြောင့်ဖြစ်ရာ၊ သူ၏ခန္ဓာကိုယ်တွင် ပြန်လည်ကုသမှုကို အဆက်မပြတ် ဟန့်တားနေသည့် ပြင်းထန်သော ဟင်းလင်းပြင် ပဋိပက္ခဖြစ်စဉ်တစ်ခု ရှိနေခဲ့သည်။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင် ပဋိပက္ခဖြစ်စဉ်ကို အဆက်မပြတ် ဖယ်ရှား၍ ဒဏ်ရာကနေ ပြန်လည်ကုသနေရသည်။ သူသည် နတ်ကုန်းမြေသို့ ဝင်ရောက်ပြီးနောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သောကြောင့် သွားလာရ ခက်ခဲခဲ့ရသည်။ သိပ်မကြာမီကမှ ဤလူများနှင့် တွေ့ဆုံခဲ့၍ ၎င်းတို့က သူ့ကို ကယ်တင်ခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ဤသုံးရက်အတွင်း ထိုအဖွဲ့အစည်း၏နောက်ခံအသိုင်းအဝိုင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ အဖွဲ့ကို ဦးဆောင်ခဲ့သည့် လူငယ်သည် အနီးနားရှိ ထျန်ဟဲဟုခေါ်သည့် မြို့ပိုင်ရှင်၏ သားဖြစ်သူ လင်ဟောက်ရန်ဖြစ်ရာ၊ သူ၏ ကျင့်ကြံမှုသည်လည်း အလွန် ကောင်းမွန်လှသည်။ သူသည် အသက်နှစ်ဆယ်သာရှိသေးသော်လည်း မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် ပြည်ထောင်စုအတွင်း၌ အထူးအလေးထား ဆက်ဆံလေ့ရှိသော ထိပ်တန်းကျောင်းသားများဖြစ်ကြသည်။ အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခြင်းသည် ၎င်းတို့အတွက် ကြီးမားသော ပြဿနာမျိုး မဟုတ်လှပေ။ ၎င်းတို့သည် နတ်အဆင့်သို့ပင် ဝင်ရောက်နိုင်စွမ်းရှိသူများဖြစ်ကြသည်။ အဖွဲ့သည် အချိန်အတော်ကြာ ခရီးနှင်ပြီးနောက် ခေတ္တရပ်တန့်၍ စမ်းချောင်းဘေးတွင် အနားယူခဲ့ကြသည်။ အစောင့်အဖြစ် တာဝန်ယူသူများမှလွဲလျှင် ကျန်လူများအားလုံးက စတင် အနားယူလာကြသည်။

"ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းလိုမျိုး ဂိုဏ်းကြီးတစ်ခု ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျုပ် တကယ် မမျှော်လင့်ထားဘူး"

"ဟုတ်ပါ့၊ ဂိုဏ်းခေါင်းဆောင် အပါအဝင် နတ်အဆင့်အားလုံး ခွန်းလွန်နယ်မြေမှာ သေဆုံးသွားတယ်လို့ ပြောတာပဲ။ နတ်အဆင့် ကျွမ်းကျင်သူရဲ့ အကာအကွယ်မရှိမှတော့ သူတို့ အခြေခံအုတ်မြစ်ကို လက်လွဲယူသွားကြတာပေါ့"

"ဒါပေမယ့် အခု ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက ပျက်စီးသွားပြီဆိုတော့ ကျုပ်တို့ကို ဘယ်သူက ကူညီပေးမှာလဲ၊ ကျုပ်တို့တွေ ထျန်ဟဲကို တကယ်ပဲ လက်လွှဲပေးလိုက်ရမှာလား"

အစောင့်များသည် ဤအခိုက်အတန့်တွင် အနားယူနေစဉ် ခပ်တိုးတိုး ဆွေးနွေးကြနေ၍ ၎င်းတို့၏ မျက်နှာများတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ ဆွေးနွေးနေစဉ် ရယ်မောနေကြသော်လည်း ချူးယွင်ဖန်း၏ အကြားအာရုံမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သို့သော် ခေတ္တစဉ်းစားပြီးနောက် မည်သို့ကြောင့်ဖြစ်သည်ကို ချူးယွင်ဖန်းက နားလည်သွားသည်။

ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ နတ်အဆင့်အများအပြားသည် ချူးယွင်ဖန်း လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်၌ ဂိုဏ်းခေါင်းဆောင်လျှင်ပင် ခွန်းလွန်နယ်မြေတွင် သေဆုံးသွားခဲ့သောကြောင့် ဂိုဏ်းတစ်ခုလုံးရှိ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူများ၏ အကာအကွယ်များကို ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်းနှင့် ညီမျှပေသည်။

နတ်ကုန်းမြေရှိ ဂိုဏ်းများသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် နျူကလီးယားဗုံးများကဲ့သို့ အဆင့်မြင့်လက်နက်များ ကိုင်ဆောင်ထားသည့် ပြည်ထောင်စုရှိ အဓိကအင်အားစုများနှင့် မတူညီပေ။ နတ်အဆင့်၏ အကာအကွယ်မရှိပါက ၎င်းတို့အားလုံး အဆုံးသတ်ပြီဟု ဆိုနိုင်သည်။ ဤတိုတောင်းသော ကာလအတွင်း နတ်အဆင့်ကျွမ်းကျင်သူများ၏ အကာအကွယ်မရှိတော့သောအခါ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ အခြေခံအုတ်မြစ်သည်လည်း လုယူခံခဲ့ရလေသည်။

ထိုလူများအားလုံးသည် ဤအချိန်တိုလေးအတွင်း ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ အင်အားကြီးမားသောအခြေအနေမှ ဆုတ်ယုတ်သွားသည်ဟူသော အချက်ကို ညည်းတွားနေကြသော်လည်း ဤအရာအားလုံးကို ဖြစ်ပေါ်စေသည့်လူသည် ၎င်းတို့အနားတွင် ရှိနေလိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ကြပေ။

အခန်း (၉၈၄) နတ်အဆင့် စွမ်းအင်များ ပြန်လည်ရရှိခြင်း

ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ လက်ရှိအခြေအနေသည် ချူးယွင်ဖန်းမှ လက်တစ်ကမ်းတည်းဖြင့် ဆောင်ယူလာခဲ့ခြင်းဟု ဆိုနိုင်သည်။

သူအတွက်မူ အင်အားကြီးသောရန်သူ အနည်းငယ်ကို သတ်ပစ်ခဲ့ခြင်းသာ ဖြစ်သော်လည်း ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းအတွက်မူ ၎င်းသည် ကမ္ဘာမြေပြိုကျလာစေမည့် အခြေအနေတစ်ခုဖြစ်သည်။

ခံတပ်ကို ထိန်းသိမ်းထားသည့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ခေါင်းဆောင်ကဲ့သို့ ထိပ်တန်း ကျွမ်းကျင်သူ မရှိသောအခါ ဘေးအန္တရာယ်နှင့် ကြုံတွေ့သည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ဂိုဏ်းခေါင်းဆောင်၏ ကျင့်ကြံမှုသည် သာမန် နတ်အဆင့်များစွာ၏ အကျိုးသက်ရောက်မှုနှင့် နှိုင်းယှဉ်နိုင်သည်။ ဆဌမမြောက် နတ်အဆင့်သို့ ရောက်ရှိနေသောအခါ ပို၍ပင် ဆုံးရှုံးနစ်နာမှု များပြားလှပေသည်။

ထိုအချိန်က တန်မိသားစု၏ အခြေအနေထက်ပင် ဆိုးရွားသည်ဟုဆိုသည်။ အနည်းဆုံးလျှင် တန်မိသားစု၌ ၎င်းတို့ကိုယ်ကို ကာကွယ်ရန်အတွက် နျူကလီးယားဗုံးကဲ့သို့ နည်းလမ်းများရှိနေသေးသောကြောင့် တန်မိသားစုကို နောက်ဆုံး စည်းမျဉ်းအထိ တွန်းပို့ရန် မည်သူမျှ သတ္တိမရှိကြပေ။ သို့သော် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းတွင် ထိုသို့သော နည်းလမ်းများ မရှိခဲ့ပေ။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည်မှာ အချိန်သိပ်မကြာသေးသော်လည်း ၎င်းတို့၏ အခြေခံအုတ်မြစ်တစ်ခုလုံးသည် အခြားသော အင်အားစုများ၏ ခွဲဝေပိုင်းခြားခြင်းကို ခံလိုက်ရပြီဖြစ်သည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သည့် သုံးရက်အတွင်း မည်သည်ကိုမျှ မရရှိခဲ့ခြင်း မဟုတ်ပေ။ အနည်းဆုံးလျှင် သူသည် နတ်ကုန်းမြေ၏ အခြေအနေများကို သိရှိသွားခဲ့သည်။ ၎င်းတို့သည် ကမ္ဘာကို အုပ်စိုးနေသည့် ခွန်းလွန်နယ်မြေ၏ အစိုးရနှင့် ကွဲပြားပေသည်။ နတ်ကုန်းမြေ၌ စစ်မှန်သော အုပ်ချုပ်သူများသည် ဂိုဏ်းကြီးများ သို့မဟုတ် ဝေ့မိသားစုကဲ့သို့ အထက်တန်းလွှာမိသားစုကြီးများဖြစ်ကြသည်။

ဂိုဏ်းတစ်ခုစီတိုင်း၏ ကွပ်ကဲမှုအောက်တွင် မတူညီသော မြို့အရေအတွက်များ ရှိကြမည်ဖြစ်သည်။ ဤမြို့များသည် ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အရင်းအမြစ်များ စုဆောင်းရန်အတွက် ဤဂိုဏ်းများနှင့် မိသားစုကြီးများထံ မှီခိုလေ့ရှိသည်။ ဤဂိုဏ်းများနှင့် မိသားစုကြီးများသည်လည်း ရန်သူများ၏ ကျူးကျော်ဝင်ရောက်မှုမှ ကာကွယ်ပေးကာ ၎င်းတို့၏ အခိုင်မာဆုံးသော ကျောထောက်နောက်ခံအဖြစ် လုပ်ဆောင်ကြမည်ဖြစ်သည်။

နာခံလာကြမည့် မြို့အရေအတွက်သည် ဂိုဏ်းတစ်ခု၏ အင်အားပေါ် မူတည်ပေသည်။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းတွင် နတ်အဆင့်သုံးဦးရှိနေသောကြောင့် ပြည်ထောင်စုတွင် အလွန် အင်အားကြီးမားသည်ဟု ယူဆနိုင်သည်။ သို့သော် ၎င်းသည် နတ်ကုန်းမြေ၌ ဒုတိယအဆင့် အင်အားစုအဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။

မည်သို့ဆိုသော် ၎င်းတို့၏ဂိုဏ်းခေါင်းဆောင်သည် ဆဌမမြောက် နတ်အဆင့်သာရှိသောကြောင့်ဖြစ်သည်။ စစ်မှန်သည့် ပထမအဆင့် အင်အားစုတစ်ခုတွင် ခံတပ်ကို ထိန်းသိမ်းရန်အတွက် အနည်းဆုံးလျှင် သတ္တမမြောက် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးရှိကြသည်။ သို့မှသာ ၎င်းတို့သည် ပထမအဆင့် အင်အားစုအဖြစ် အဆင့်သတ်မှတ်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်။

ခွန်းလွန်နယ်မြေ၏ ပြည်ထောင်စုနှင့် မတူဘဲ၊ နတ်ကုန်းမြေ၌ အဆင့်မြင့်လက်နက် အများအပြားမရှိသောကြောင့် ထိပ်တန်း ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍသည် အလွန် အရေးပါလှသည်။ ဤအုပ်စုနှင့် သက်ဆိုင်သော ထျန်ဟဲမြို့သည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ လက်အောက်ရှိ မြို့တစ်မြို့ဖြစ်သည်။ ဤလူအုပ်စု၏ မြင်းများအပေါ်တွင် သယ်ဆောင်လာသည့် ပစ္စည်းများသည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းထံ ဆက်သရမည့် လက်ဆောင်များဖြစ်ကြသည်။

ပစ္စည်းများကို မပို့ဆောင်မီ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း ပျက်စီးသွားသည်ဟူသော သတင်းကို ကြားသိရမည်ဟု မည်သူ သိမည်နည်း။ ယခုအခါ ၎င်းတို့ကို ကာကွယ်ပေးနေသည့် ဂိုဏ်းကို ဆုံးရှုံးလိုက်ရသောကြောင့် ၎င်းတို့အားလုံး အထိတ်တလန့် ဖြစ်နေကြသည်။ နတ်ကုန်းမြေတွင် ကျောထောက်နောက်ခံမရှိပါက ပျော့ပျောင်းသော ပန်းသီးတစ်လုံးဖြစ်၍ အနိုင်ကျင့်ရန် လွယ်ကူကြောင်း မျက်နှာပေါ်တွင် ရေးသားထားခြင်းနှင့် ဆင်တူပေသည်။ စစ်ပွဲတစ်ခု စတင်ရန် အချိန်အတိုင်းအတာတစ်ခုသာ ကြာမြင့်နိုင်ဖွယ်ရှိသည်။

ချူးယွင်ဖန်းသည် လှည်းယဉ်ပေါ်မှ ဆင်းကာ စမ်းချောင်းနံဘေးတွင် တင်ပျဉ်ခွေ၍ ထိုင်လိုက်သည်။ သူသည် သူ၏ဒဏ်ရာများကို ကုသရန် သဘာဝတရား၏စွမ်းအင်ကို စတင်အသုံးပြုလိုက်သည်။ သူသည် သုံးရက်မျှ ကြာမြင့်ပြီးနောက် ယခင်ကကဲ့သို့ အားမနည်းတော့ပေ။

လွန်ခဲ့သောသုံးရက်ခန့်တွင် ဤအဖွဲ့မှ ချူးယွင်ဖန်းကို ကယ်တင်ခဲ့သော သူသည် အားအနည်းဆုံး အခြေအနေတွင်ရှိနေခဲ့သည်။ ယခုမူကား သူ၏ ခွန်အားကို မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ပြန်လည်ရရှိခဲ့ပြီဖြစ်သည်။ ဤအဖွဲ့တွင် သိုဝှက်စွာ လိုက်ပါလာသည့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် တစ်ဦးရှိနေလျှင်ပင် သူသည် အုပ်စုတစ်ခုလုံးကို အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။

ဤသိုဝှက်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် မြို့ပိုင်ရှင်၏ သားဖြစ်သူ လင်ဟောက်ရန်အနောက်သို့ လိုက်ပါလာသညိ့ လျှို့ဝှက်ဆန်းကြယ်သော အစေခံဟောင်းတစ်ဦးဖြစ်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော အစေခံသည် သာမန်လူများအတွက် အလွန် အစွမ်းထက်သော်လည်း ဤသည်မှာ သာမန်လူများအတွက်သာဖြစ်သည်။ ထိုအစေခံ၏ ပြိုင်ဘက်က ချူးယွင်ဖန်းဆိုပါက မိမိသည် အထွတ်အထိပ်အခြေအနေတွင် မရှိလျှင်ပင် သူ့ကို လက်သီးသုံးချက်ဖြင့် သတ်ဖြတ်နိုင်ပေလိမ့်မည်။

ချူးယွင်ဖန်းသည် ဒဏ်ရာများ သက်သာပျောက်ကင်းရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ ချုးယွင်ဖန်းသည် နတ်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်သရွေ့ အရာအားလုံးသည် ပိုမို လွယ်ကူလာမည်ဖြစ်သည်။ သူသည် အသက်မှန်မှန်ရှိုက်လိုက်၏။ အနီးကပ်ကြည့်လျှင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ အံ့ဩဖွယ်အရှိန်နှုန်းဖြင့် သွန်းလောင်းနေခြင်းကို သတိပြုမိပေလိမ့်မည်။

ဝိညာဉ်စွမ်းအင်များ ပိုမိုစုပ်ယူလာသည်နှင့်အမျှ သူ၏ ပြန်လည်ကုသနိုင်မှု အရှိန်နှုန်းသည် ပို၍ မြန်ဆန်လာခဲ့သည်။ ချူးယွင်ဖန်း၏ ပြန်လည်ကုသမှုသည် လှည်းယဉ် အစောင့်များ၏ အာရုံစိုက်မှုကို ခံခဲ့ရသော်လည်း ဤသို့ဖြစ်ပွားနေခြင်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပထမအကြိမ် သို့မဟုတ် ဒုတိယအကြိမ် မဟုတ်သောကြောင့် ၎င်းတို့သည်လည်း ကျင့်သားရလာခဲ့သည်။

လင်ဟောက်ရန်သည် ချူးယွင်ဖန်းကို ထိတ်လန့်မှုများဖြင့် စိုက်ကြည့်နေသည်။ ဝိညာဉ်စွမ်းအင်များသည် ချူးယွင်ဖန်းဆီ အဆက်မပြတ် ကူးခတ်ကာ သူ၏ စုပ်ယူမှုကို ခံခဲ့ရကြောင်း လင်ဟောက်ရန်၏ ကျင့်ကြံမှုအဆင့်ဖြင့် ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ ဤအခြေအနေတွင် နောက်ခံအသိုင်းအဝိုင်းမရှိသော ချူးယွင်ဖန်းသည် ထူးခြားဆန်းကြယ်စွာ ပေါ်လွင်နေသည်။ လင်ဟောက်ရန်သည် သူ့ကို မကြောက်ရွံ့ခဲ့လျှင် ထူးဆန်းနေပေလိမ့်မည်။

သို့သော် ချူးယွင်ဖန်းသည် သူ၏ညီမငယ်မှ ကယ်တင်လိုသူဖြစ်သောကြောင့် သူမ အကြိုက်သာ ပြုလုပ်ခဲ့ရသည်။ သူ၏ညီမငယ်သည် ယခင်တတည်းက ကြင်နာတတ်သူဖြစ်သည့်အလျှောက် ညီမဖြစ်သူနှင့် ဤကိစ္စကြောင့် ရန်ဖြစ်အချင်းပွားခြင်းမျိုး မဖြစ်လိုပေ။

သို့သော် အရေးကြီးဆုံး အကြောင်းရင်းသည် ချူးယွင်ဖန်းကို နှိမ်နင်းနိုင်မည်ဟု ယုံကြည်ချက်ရှိသောကြောင့်ဖြစ်သည်။ သူ၏မျက်လုံးများ၌ ချူးယွင်ဖန်းသည် မကျန်းမမာပုံပေါ်၍ သူ့ခန္ဓာကိုယ်တွင် မည်သည့် ကျင့်ကြံမှု အရိပ်အမြွက်ကိုမျှ မခံစားနိုင်ပေ။ ချူးယွင်ဖန်းသည် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

ချူးယွင်ဖန်းသည် အနည်းငယ်မျှ လှုပ်ရှားဝံ့ခဲ့မည်ဆိုပါက လင်ဟောက်ရန်သည် သူ့ကို သတ်ပစ်နိုင်ပေလိမ့်မည်။ ထိုအပြင် ၎င်းတို့မိသားစုနောက်ကို နှစ်ပေါင်းများစွာကြာ စောင့်ရှောက်ပေးခဲ့သည့် ဦးလေးလင်းသည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။ သူသည် နတ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး မဟုတ်ခဲ့ပါက၊ ဦးလေးလင်း၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

သူသည် ဤအာမခံအလွှာများကြောင့် နောက်ဆုံးတွင် ချူးယွင်ဖန်းကို ထျန်ဟဲသို့ ခေါ်ဆောင်သွားရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။

အမှန်တကယ်ပင်၊ ချူးယွင်ဖန်း၏ကုသမှုသည် အာရုံစူးစိုက်မှုများစွာကို ရရှိခဲ့ကြောင်း သိသော်လည်း သူ ဂရုမစိုက်ခဲ့ပေ။ သူသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲရန် ကောင်းကင်ဝါးမျိုခြင်းပညာကို ဆက်လက်အသုံးပြုလိုက်သည်။

ဝိညာဉ်စွမ်းအင်များကို သူ စုပ်ယူနေသည့် အရှိန်အဟုန်သည် အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ဤဖြစ်စဉ်ကို ဝါးမျိုခြင်းဟုသာ ဖော်ပြနိုင်ပေလိမ့်မည်။ အချိန်အတော်ကြာပြီးနောက် ချူးယွင်ဖန်းက သူ၏ မျက်လုံးများ ဖွင့်လိုက်ရာ၊ သူ၏မျက်နှာတွင် ရွှင်လန်းမှုအရိပ်အမြွက်များ ပေါ်ပေါက်လာသည်။

သုံးရက်ကြာမြင့်ပြီးနောက် သူ၏ ခွန်အားသည် အဆုံးတွင် နတ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူ၏အထွတ်အထိပ်အခြေအနေနှင့် အလှမ်းဝေးနေသေးသော်လည်း ဤသည်မှာ ကောင်းမွန်သော လက္ခဏာဖြစ်ပေသည်။ ယခုအခါ သူသည် နတ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသောကြောင့် သူ၏ စွမ်းအင်များကို အသုံးပြုနိုင်ပြီဖြစ်သည်။ သူ၏ ပြန်လည်ကုသမှု အရှိန်အဟုန်သည် ယခင်ကထက် အနည်းဆုံးလျှင် ဆယ်ဆမျှ ပိုမို မြန်ဆန်လာခဲ့သည်။

ထို့ကြောင့် သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်ကြာမြင့်မည် မဟုတ်ပေ။ သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီးသည်နှင့် ယာဉ်တန်းအတွင်း ဇိမ်ကျကျ အလှဆင်ထားသော လှည်းယဉ်ပေါ်မှ နူးညံ့သိမ်မွေ့သော ပုံရိပ်တစ်ခု ဆင်းသက်လာခြင်းကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် ဖြူဖွေးသည့် အသားအရေနှင့် နူးညံ့သိမ်မွေ့သော မျက်နှာအသွင်အပြင်မျိုးရှိသည့် အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်ခန့် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် လင်ဟောက်ရန်နှင့် ခပ်ဆင်ဆင် အသွင်အပြင်မျိုးရှိ၍ လူငယ်မှုများဖြင့် ပြည့်နှက်နေသည်။

၎င်းသည် ထျန်ဟဲမြို့ပိုင်ရှင်၏ အငယ်ဆုံးသမီး လင်ချန်ရှီဖြစ်၍ ဤအဖွဲ့၏ အခြားသော ပိုင်ရှင်တစ်ဦးဟုလည်း ဆိုနိုင်သည်။ လင်ချန်ရှီသည် ချူးယွင်ဖန်းကို လွန်ခဲ့သည့် သုံးရက်က ကယ်တင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ယာဉ်တန်းသည် သူ့ကို လက်ခံခဲ့ခြင်းဖြစ်သည်။ ဤသို့မှ မဟုတ်လျှင် သူ၏အကဲခတ်မှုအရ လင်ဟောက်ရန်ဖြစ်ပါစေ၊ အခြားလူများဖြစ်ပါစေ၊ သူ့ကို သတိအနေထားဖြင့် ပြုမူနေကြပေလိမ့်မည်။

သို့သော်လည်း ဤသည်မှာ ပုံမှန်ဖြစ်စဉ်သာဖြစ်သည်။ မိမိသာဆိုလျှင်လည်း အမည်မသိသူတစ်ဦးကို သူ၏အဖွဲ့ထဲသို့ ဝင်ခွင့်ပြုရန် စိတ်ချနိုင်မည် မဟုတ်ပေ။

"အစ်ကိုချူး၊ သက်သာနေပြီလား" လင်ချန်ရှီသည် ချူးယွင်ဖန်းကို သူမ၏ မျက်လုံးဝိုင်းများဖြင့် ကြည့်၍ မေးလိုက်သည်။

ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကျုပ် နည်းနည်းပြန်ကောင်းလာပါပြီ။ ဒီသုံးရက်အတွင်း ခေါ်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မိန်းကလေးလင်း။ ခင်ဗျားကြောင့်သာမဟုတ်ရင် သားရဲဗိုက်ထဲကို ရောက်နေမှာတောင် စိုးရိမ်မိတယ်"

"မလိမ်ပါနဲ့နော်။ ရှင် သားရဲ စားတာ ခံရမယ်ဆိုတာကို ကျွန်မတော့ မယုံပါဘူး" လင်ချန်ရှီက ယုံကြည်မှုကင်းမဲ့စွာ ခေါင်းခါပြလိုက်သည်။

All Chapters