အခန်း (၉၈၅-၉၈၇)
Vol. 66 Ch. 985-987
အခန်း (၉၈၅) စတင်လှုပ်ရှားခြင်း၊ အံ့အားသင့်မှု
လင်းချန်ရှီသည် ခိုင်မာပြတ်သားသော မျက်လုံးတစ်စုံဖြင့် ချူးယွင်ဖန်းကို ကြည့်နေခဲ့ရာ၊ ထိုမျက်လုံးများအနက် "ရှင် လိမ်နေတာ" ဟူသော စကားလုံးများကို မြင်တွေ့နိုင်သည်။ သူ့အပေါ် လင်းချန်ရှီ၏ယုံကြည်မှုများ မည်သည့်နေရာက ပေါ်ပေါက်လာသည်ကို ချူးယွင်ဖန်း မသိပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် ချူးယွင်ဖန်းကို ကယ်တင်ရန် တိုက်တွန်းခဲ့သူသည် သူမ ဖြစ်သည်။ မဟုတ်ပါက သူသည် ဤယာဉ်တန်းနှင့်အတူ လိုက်ပါနိုင်မည် မဟုတ်ပေ။
အမှန်တကယ်ပင်၊ သူ၏ခွန်အားအရ ပြင်းထန်စွာ ဒဏ်ရာရခဲ့လျှင်ပင် သားရဲဝမ်းထဲတွင် သေဆုံးရန် မဖြစ်နိုင်ပေ။ သာမန်နတ်ဆိုးများသည် ၎င်းတို့၏ သွားများကျိုးကြေသွားလျှင်ပင် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်၏ ခွန်အားကြောင့် သူ၏အရေပြားကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။
"ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးလင်း။ ကျေးဇူးတင်တဲ့အနေနဲ့ ကျုပ် တတ်နိုင်သလောက် ပြန်ကူညီပေးပါ့မယ်" ချူးယွင်ဖန်းသည် ပြုံးပြပြီးနောက် လင်းချန်ရှီနှင့် ဆက်လက် မငြင်းခုံတော့ပေ။
"ဟွန်း၊ ကြွားဝါလွန်းနေတာဖြစ်ဖို့ပဲ မျှော်လင့်တယ်"
လင်ဟောက်ရန်သည် ၎င်းတို့ဆီ မည်သည့်အချိန်က လျှောက်လှမ်းလာခဲ့သည်ကို မည်သူမျှ မသိပေ။ ချူးယွင်ဖန်းသည် သူ၏မျက်လုံးထဲတွင် ကြွားဝါတတ်သူတစ်ဦးသာဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏ညီမငယ်နှင့် ရင်းနှီးရန်အတွက် ဤနည်းလမ်းကို အသုံးပြုနေသည်ဟု ထင်မိနေသောကြောင့် သူ၏မျက်လုံးများတွင် သတိထားနေသည့် အရိပ်အမြွက်များပင် ရှိနေသည်။
မူရင်းဇစ်မြစ်မသိရသော ဤအမျိုးသားသည် လှည့်စားတတ်သူ ဖြစ်ပုံပေါ်သည်။ သူ၏ညီမငယ်သည် ထျန်ဟဲမြို့ပိုင်ရှင်၏ သမီးဖြစ်သည်။ သူမကို ပိုးပန်းနေသူမည်မျှရှိနေမည်ကို မည်သူသိသနည်း။ ချူးယွင်ဖန်းသည် မင်းသမီးတစ်ပါးကို ပိုးပန်းနေသည့် ဖားတစ်ကောင်ဖြစ်ပေသည်။
"ကျုပ် ခင်ဗျားကိုပြောနေတာ၊ ခင်ဗျား ကျုပ် ညီမနဲ့ ဝေးဝေးနေနိုင်ရင် ပိုကောင်းမယ် မဟုတ်ရင် ခင်ဗျား နောင်တရလိမ့်မယ်" လင်ဟောက်ရန်သည် ချူးယွင်ဖန်းကို စိတ်ချင်းဆက်သွယ်မှုဖြင့် သတိပေးလိုက်သည်။ ချူးယွင်ဖန်းသည် ဒေါသမထွက်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒါဆို အပေးအယူဖြစ်ပြီပေါ့နော်။ သိပ်ကောင်းတာပဲ" လင်းချန်ရှီသည် အရေးကြီးသော ကတိစကားတစ်ခု ရရှိသွားသကဲ့သို့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ အဖွဲ့သည် ခေတ္တအနားယူပြီးနောက် ခရီးကို ပြန်လည်စတင်လိုက်သည်။ ချူးယွင်ဖန်းသည် လှည်းယဉ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပြန်လည်နေဆဲဖြစ်သည်။
နတ်အဆင့်သို့ ပြန်လည်ရောက်ရှိပြီးနောက်၊ ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်စွမ်းအင်များကို အသုံးပြုနိုင်ခဲ့ကာ သူ၏ပြန်လည်ကုသမှု အရှိန်အဟုန်သည်လည်း ပို၍မြန်ဆန်လာခဲ့သည်။ အဖွဲ့သည် တဖြည်းဖြည်း ခရီးဆက်နေကြသည်။ ၎င်းတို့အားလုံး တောထဲမှ ထွက်ခါနီးတွင် တောတစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့သည်။ မရေတွက်နိုင်သော မွန်းစတားများ ပြေးလွှားနေသည့် အသံများကို တောနက်ထဲမှ ကြားလိုက်ရလေသည်။
လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ဤသည်မှာ မွန်းစတားအုပ်ဖြစ်သည်။
"ချီးပဲ၊ ဘာလို့ ဒီအချိန်မှ မွန်းစတားအုပ်နဲ့ တွေ့ရတာလဲ" လင်ဟောက်ရန်၏ မျက်နှာအမူအရာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ တောတောင်များကို ဖြတ်သန်းသွားလာချိန်တွင် အကြောက်ရဆုံးအရာသည် မွန်းစတားအုပ်နှင့် ကြုံတွေရခြင်းဖြစ်ပေသည်။ ၎င်းတို့သည် မွန်းစတားအုပ်နှင့် ကြုံတွေ့ရသည့်အခါ အဆုံးသတ်ပြီဟု ဆိုနိုင်သည်။
မွန်းစတားအုပ်ရှိ မွန်းစတားအများစုသည် သိပ်မသန်မာသော်လည်း ၎င်းတို့၏ အရေအတွက်သည် သတ်မှတ်ထားသည့်အဆင့်သို့ ရောက်ရှိသွားသောအခါ မြင်တွေ့သမျှကို နစ်မြုပ်သွားသည်အထိ ပြုလုပ်နိုင်ကြသည်။
"အသင့်အနေအထား ပြင်ဆင်ကြ"
လင်းမိသားစု၏ အစေခံဟောင်းဖြစ်သည့် ဦးလေးလင်းက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
အစောင့်များသည် ထွက်ပြေးရန် နောက်ကျနေပြီဖြစ်ကြောင်း သိထားသည့်အတွက် ချက်ချင်းပင် ဖွဲ့စည်းပုံအနေအထားအဖြစ် ပြင်ဆင်လိုက်ကြသည်။ မွန်းစတားအုပ် ပျံ့နှံ့လာသော အရှိန်အဟုန်သည် ပုံမှန်အားဖြင့် အလွန်မြန်ဆန်လှသည်။
၎င်းသည် သေးငယ်သော မွန်းစတားအုပ်ဖြစ်ကာ ၎င်းတို့အားလုံး အသက်ရှင်ကျန်ရစ်ရန်သာ လူတိုင်းက ဆုတောင်းနေကြသည်။ အကယ်၍ ၎င်းသာ ကြီးမားသော မွန်းစတားအုပ်ဖြစ်ခဲ့လျှင် ၎င်းတို့သည် သေခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ၎င်းတို့အားလုံး ဖွဲ့စည်းပုံအနေအထားအဖြစ် ပြင်ဆင်ပြီး မကြာမီတွင် ပထမ မွန်းစတားသည် ၎င်းတို့အရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ လှည်းယဉ်များ၏ ဖွဲ့စည်းပုံအနေအထားကို ချီတက်ရန် ကြိုးစားသော်လည်း အစောင့်တပ်များက ၎င်းကို ချက်ခြင်း သတ်ဖြတ်လိုက်လေသည်။
သို့သော်လည်း ဤသည်မှာ အစပျိုးရုံသာရှိသေးသည်။ ဒုတိယ၊ တတိယ၊ စတုတ္ထအစရှိသရွေ့ မျက်လုံးတစ်မှိတ်အတွင်းမှာပင် မွန်းစတား အမြောက်အများ ရောက်ရှိလာခဲ့လေသည်။ ကောင်းကင်ဘုံသည် ၎င်းတို့၏ဆုတောင်းချက်များကို မနားဆင်ခဲ့သည်မှာ သိသာထင်ရှားသည်။ မွန်းစတားအုပ်သည် ကျော်လွှားရန် ကြီးမားလွန်းလှသည်။ ဤသည်မှာ သေးငယ်သော မွန်းစတားအုပ် မဟုတ်သည်မှာ ထင်ရှားလှ၍ အနည်းဆုံးလျှင် အလယ်အလတ်အဆင့်ရှိ မွန်းစတားအုပ်တစ်ခုဖြစ်ပေလိမ့်မည်။
၎င်းတို့သည် အလယ်အလတ်အဆင့်နှင့် ၎င်းအထက်ရှိ မွန်းစတားအုပ်မဆိုနှင့် သေးငယ်သော မွန်းစတားအုပ်ဖြစ်လျှင်ပင် လုံးလုံးလျားလျား ပျက်သုဉ်းသွားနိုင်ခြေရှိသည်။ ၎င်းတို့၏ ခွန်အားအရ သေဆုံးရမည်မှာ အသေအချာပင်ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲသည် ချက်ချင်းဆိုသလိုပင် ဖြစ်ပွားခဲ့လေသည်။ ဤမွန်းစတားများသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်ရှိမှုများကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။ ၎င်းတို့သည် အရူးအမူး ထွက်ပြေး၍ လှည်းယဉ်ဖွဲ့စည်းပုံကို တိုက်ခိုက်နေကြသည်။
ဤလူဒါဇင်များစွာဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံသည် အလွန်ခိုင်မာသည်၊ အထူးသဖြင့် အရှေ့ဆုံးတွင်ရှိနေသော အန်ကယ်လင်းသည် ပို၍၏ ခိုင်မာလှသည်။ သူသည် ဤအချိန်တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်၏ အစွမ်းထက်သော ခွန်အားကို နောက်ဆုံးတွင် ပြသလာခဲ့သည်။ သူသည် ပေါ့လျော့သော တိုက်ခိုက်မှုဖြင့် မွန်းစတားတစ်ကောင်ကို သတ်ဖြတ်နိုင်သည်။
မွန်းစတားကြီးဖြစ်ပါစေ၊ သေးငယ်သော မွန်းစတားဖြစ်ပါစေ၊ သူ၏လက်ထဲတွင် မည်သည့် ထူးခြားမှုမှ မရှိခဲ့ပေ။ ခဏအကြာတွင် သူ့ရှေ့၌ တောင်ကြီးတစ်ခုကဲ့သို့ အလောင်းများ စုပုံလာခဲ့သည်။ ဤသို့ဆိုလျှင်ပင် မွန်းစတားများ၏ အရူးအမူး တိုက်ခိုက်မှုများကို မရပ်တန့်နိုင်ခဲ့ပေ။ သူသည် သူ၏ ချီစွမ်းအင် ထက်ဝက်ကျော်ကို သုံးစွဲခဲ့ပြီးဖြစ်သော်လည်း အဆုံးမရှိသော မွန်းစတားအုပ်သည် ရပ်တန့်သွားမည့် အရိပ်အယောင်မျိုး မပြသခဲ့ပေ။
လင်ဟောက်ရန်သည် လှံရှည်ကို ဝှေ့ယမ်းကာ ချီတက်နေသော မွန်းစတားများကို တားဆီးရန် ဆက်လက် လုပ်ဆောင်နေသော်လည်း ယာဉ်တန်းတစ်ခုလုံးသည် အနောက်သို့ တွန်းပို့ခံရဆဲဖြစ်သည်။ အဆုံးတွင် အစောင့်တစ်ဦးသည် မွန်းစတားတစ်ကောင်၏ ဝါးမျိုမှုကို ခံလိုက်ရသောကြောင့် ခံစစ်မျဉ်းတစ်ခုလုံး ပြိုကျကာ ယောက်ယက်ခတ်သွားလေသည်။
လင်းချန်ရှီသည် သူမ၏ လှည်းယဉ်ပေါ်မှ ထွက်လာခဲ့သည်။ သူမလက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထား၍ မွေးဖွားခြင်းနယ်မြေအဆင့် စွမ်းအင်များဖြင့် အဆက်မပြတ် ဝှေ့ယမ်းနေသည်။ သူမသည် ငယ်ရွယ်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်နေပြီဖြစ်ရာ၊ အလွန် အထင်ကြီးဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။
"သခင်မလေးကို ကာကွယ်ကြ။ သခင်လေး အမြန် ထွက်သွားမှရမယ်။ ကျွန်တော်တို့ ဒီမှာ ထိန်းထားလိုက်မယ်" ဦးလေးလင်းသည် ဟိန်းဟောက်ပြီးနောက် အစွမ်းရှိသမျှ အသုံးပြု၍ ဘေးကင်းရာလမ်းကြောငိးကို ဖောက်ထုတ်ကာ လင်ဟောက်ရန်နှင့် လင်းချန်ရှီကို ဦးစွာ ခေါ်ထုတ်စေချင်ခဲ့သည်။
အခြားသော အစောင့်များသည်လည်း တစ်ဦးနှင့်တစ်ဦးနီးကပ်ရန် အစွမ်းကုန်ကြိုးစားသော်လည်း ရွေးချယ်ရန် နည်းလမ်းမရှိသောကြောင့် ဖွဲ့စည်းပုံအနေအထားတစ်ခုလုံး ယောက်ယက်ခတ်လာလေသည်။
လင်ဟောက်ရန်သည် အခြေအနေမကောင်းတော့ကြောင်း သိနေသည်။ သူ၏ညီမငယ်ကို အဝေးသို့ စေလွှတ်ခါနီး၌ လှည်းယဉ်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ပြန်လည်ကုသဆဲဖြစ်နေသော ချူးယွင်ဖန်းကို ရုတ်တရက် တွေ့လိုက်ရသည်။ သူသည် ရွှံ့ရုပ်ထုတစ်ခုကဲ့သို့ လှုပ်ရှားခြင်းမရှိပေ။ ထိုအချိန်တွင် ကျားသစ်အမျိုးအစား မွန်းစတားတစ်ကောင်သည် ကာကွယ်ရေးစည်းကို ဖြတ်ကျော်သွားခဲ့သည်။ ၎င်းသည် ၎င်း၏မေးရိုးကို ဖွင့်ဟကာ လှည်းယဉ်ပေါ်တွင်ရှိနေသည့် ချူးယွင်ဖန်းကို ခုန်အုပ်လိုက်သည်။
"သတိထား" လင်းချန်ရှီက အော်ဟစ်ပြီးနောက် ချူးယွင်ဖန်းဆီသို့ အမြန်ပြေးသွားလေသည်။
'သူတော့ သေလူပဲ'
လင်ဟောက်ရန်သည် ချူးယွင်ဖန်းကို စိတ်ထဲတွင် စီရင်ချက်ချမှတ်ခဲ့သော်လည်း ထိုသို့သော ဖရိုဖရဲအခြေအနေတွင် ကိုယ့်ကိုယ်ကိုပင် မကာကွယ်နိုင်သောကြောင့် ချူးယွင်ဖန်းကို မည်သို့မျှ ကယ်တင်နိုင်မည်နည်း။
သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်သည် လင်ဟောက်ရန်ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။ ကျားသစ် အမျိုးအစား မွန်းစတားသည် ချူးယွင်ဖန်းကို ကိုက်တော့မည့်အချိန်တွင် သူ၏မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
တခဏချင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး ကွဲသွားသကဲ့သို့ ထင်မှတ်ရစေသည်။ သူ၏ ညာဘက်လက်ညိုးနှင့် လက်ခလယ်တို့ကို စုစည်း၍ ကျားသစ်အမျိုးအစား မွန်းစတားထံ ပေါ့တန်စွာ တောက်ချလိုက်လေသည်။ နောက်အခိုက်အတန့်တွင် ချူးယွင်ဖန်း၏လက်ချောင်းမှ စွမ်းအင်စီးကြောင်းတစ်ခု လွင့်ထွက်သွားကာ ကျားသစ်အမျိုးအစား မွန်းစတားသည် လေထုထဲတွင် စူးရှစွာ အော်ဟစ်ပြီးနောက် ပေါက်ကွဲသွားခဲ့သည်။
"အံ့ဩဖို့ကောင်းလိုက်တာ"
ထိုအချိန်တွင် လင်ဟောက်ရန်၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။ ထိုကျားသစ်အမျိုးအစား မွန်းစတားသည် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေအဆင့်တွင် ရှိနေခဲ့သည်။ သူသည် ၎င်းကို သတ်နိုင်သော်လည်း ချူးယွင်ဖန်းကဲ့သို့ အလွယ်တကူ သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။
ညီမငယ်၏ မှန်းဆချက်သည် ဤတစ်ကြိမ်တွင် မှန်ကန်နေခြင်း ဖြစ်လေသလော။ မျိုးနွယ်နာမည် ချူးဟု ခေါ်ဝေါ်သော ဤထူးဆန်းသည့်အမျိုးသားသည် အမှန်တကယ် ကျွမ်းကျင်သူတစ်ဦးဖြစ်လေသလော။ ထိုသို့သာဖြစ်လျှင် အလွန် ကိုးရိုးကားရားဖြစ်ရပေလိမ့်မည်။ သူသည် ယခင်က ချူးယွင်ဖန်းကို အေးစက်စွာ ဆက်ဆံခဲ့လေသည်။ သို့သော်လည်း ပရမ်းပတာဖြစ်နေသည့် အခြေအနေတွင် အလွန်အမင်း စဉ်းစားရန် အချိန်မရှိပေ။
ချူးယွင်ဖန်းသည် ကျားသစ်အမျိုးအစား မွန်းစတားတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် လုံးလုံးလျားလျား နိုးထလာပုံပေါ်သည်။ သူသည် မားမတ်စွာ မတ်တပ်ထရပ်လိုက်ရာ၊ သူ၏ပုံရိပ်သည် တဖျပ်ဖျပ် လှုပ်ခတ်သွားခဲ့သည်။ သူသည် ခုန်ချက်အနည်းငယ်ဖြင့် ဝိုင်းရံခံရမည်ကို မကြောက်ရွံ့ဘဲ မွန်းစတားအုပ်စုထဲသို့ ပြေးဝင်သွားခဲ့သည်။
အခန်း (၉၈၆) သူက ထိပ်တန်းအဆင့် ကျွမ်းကျင်သူပဲ
"မကောင်းတော့ဘူး၊ သူက စိတ်ကြီးဝင်လွန်းတယ်" ချူးယွင်ဖန်း၏ အပြုအမူကို မြင်လိုက်ရသောအခါ ဦးလေးလင်းက ထိုသို့ ပြောလိုက်သည်။
မိမိလျှင် မွန်းစတားအုပ်ကြီးထဲသို့ ပေါ့ပေါ့တန်တန် ပြေးဝင်ရန်ပင် မဝံ့ရဲပေ။ သူ၏ ခွန်အားအရ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားလျှင်ပင် သူ့ကို မထိခိုက်နိုင်ပေ။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ ဘုရင်ဖြစ်သည်။
သို့သော် ပြိုင်ဘက်အရေအတွက်သည် ဤအဆင့်သို့ ရောက်ရှိနေသောအခါ တစ်ဦးချင်းစီခွန်အား၏ အားသာချက်သည် ချက်ချင်းပင် အားနည်းသွားပေလိမ့်မည်၊ သို့မဟုတ်လျှင် အသုံးမဝင်ခြင်းဟု ဆိုနိုင်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်၏ ချီစွမ်းအင်သည် မည်မျှပင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်ပါစေ၊ ၎င်းသည် ကုန်ဆုံးမှုအရှိန်အဟုန်ကို အမှီလိုက်နိုင်ခြင်းမရှိသောကြောင့် အသုံး၀င်မည် မဟုတ်ပေ။ ဤအဆင့်ရှိ တိုက်ပွဲတွင် ပင်ပန်းနွမ်းနယ်ကာ သေဆုံးကြပေလိမ့်မည်။ ပြီးနောက် မကြာမီတွင် ထိုသို့ ဖြစ်လာပေလိမ့်မည်။
"သူက သေချင်နေမှတော့ ကျုပ်တို့လည်း ဘာမှလုပ်နိုင်ဘူး" လင်ဟောက်ရန်က အော်ဟစ်လိုက်သည်။ ထိုအချိန်၌ သူသည် မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ သူသည် မွန်းစတားများစွာ၏ တိုက်ခိုက်မှုကြောင့် အနောက် ဆုတ်ခွာနေရသည်။ သူသည် ဤမျှ များပြားသော အကြောင်းအရာများကို ဂရုမစိုက်နိုင်ပေ။
လူတိုင်းသည် ထိုအချိန်တွင် ကိုယ့်အကြောင်းကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြသောကြောင့် အခြားလူများကို ဂရုမစိုက်နိုင်ကြပေ။ သိပ်မကြာမီတွင် ၎င်းတို့အားလုံးမှားယွင်းနေကြောင်း သိရှိသွားကြသည်။ ချူးယွင်ဖန်းသည် မွန်းစတားအုပ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့ ထင်မှတ်ထားသကဲ့သို့ မရေတွက်နိုင်သော မွန်းစတားအုပ်ထဲတွင် မနစ်မြှုပ်သွားခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် လက်များကို ပေါ့ပေါ့တန်တန် ဝှေ့ယမ်း၍ ဓားရှည်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ ဓားအလင်းရောင် ထွက်ပေါ်လာသည်နှင့် အနည်းဆုံးလျှင် မွန်းစတားနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သည် ချူးယွင်ဖန်း၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။
ဤသတ်ဖြတ်မှုစွမ်းရည်သည် လင်ဟောက်ရန်ကို အနည်းငယ် ထိတ်လန့်သွားစေသည်။ သူ၏ကျင့်ကြံမှုအဆင့်သည် အားမနည်းသော်လည်း ဤမွန်းစတားများကို တစ်ကောင်ချင်းစီသာ သတ်ဖြတ်နိုင်ခဲ့၍ မွန်းစတားတစ်ကောင်ကို တိုက်ခိုက်ရန်အတွက် သူ၏ ရှိရှိသမျှ စွမ်းအင်များကို အသုံးပြုခဲ့ရသည်။
၎င်းတို့အနက် အသန်မာဆုံးဖြစ်သည့် ဦးလေးလင်းက မွန်းစတားများကို တစ်ကောင်ပြီး တစ်ယောက်သာ သတ်ဖြတ်နိုင်၍ ဝိုင်းခံရမည်ကိုလည်း သတိထားနေရသည်။ သို့သော် ချူးယွင်ဖန်းက မတူညီပေ။ သူသည် မွန်းစတားများစွာကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် သေစေနိုင်သော လှုပ်ရှားမှုများဖြစ်သည်။ သတ်ဖြတ်မှုသည် သူ၏လက်ထဲတွင် အနုပညာတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။
ခဏအကြာတွင် သူ့ကို မွန်းစတားများ၏ အသေကောင်များက ဝိုင်းရံသွားလေသည်။ သူ စတင် တိုက်ခိုက်ချိန်မှစ၍ မွန်းစတားတစ်ကောင်မျှ သူ့အနားသို့ မကပ်နိုင်ခဲ့ပေ။ သူ၏ပတ်ဝန်းကျင်တွင် တံတိုင်းတစ်ခုရှိနေ၍ နီးကပ်လာသော မွန်းစတားအားလုံးကို ပိတ်ဆို့ထားသကဲ့သို့ ထင်မှတ်ရစေသည်။
အပြင်ဘက်တွင်ရှိနေသော ချူးယွင်ဖန်းသည် မွန်းစတားအုပ်ကြီးတစ်ခုလုံးကို အလွယ်တကူ ပိတ်ဆို့ထားလိုက်သည်။ ဤဖြစ်စဉ်သည် ထျန်ဟဲမြို့၏ လူများအပေါ်ကျရောက်နေသော ဖိအားများစွာကို လျှော့ကျသွားစေသည်။
"သူက ထိပ်တန်း ကျွမ်းကျင်သူပဲ"
ထျန်ဟဲမြို့၏ ကျန်အစောင့်များသည် အခြေအနေကို လက်မခံနိုင်သကဲ့သို့ ၎င်းတို့၏မျက်လုံးများ ပြူးကျယ်နေကြသည်။ ၎င်းတို့၏အမြင်တွင် နာမကျန်းဖြစ်နေသည့် ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ဤမျှ အစွမ်းထက်သော ခွန်အားများဖြင့် တိုက်ပွဲဝင်နေခဲ့သည်။
ယခင်အချိန်က ချူးယွင်ဖန်းကို ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း လင်းချန်ရှီက ယုံကြည်ခဲ့သော်လည်း ၎င်းတို့အားလုံး မယုံကြည်ခဲ့ကြပေ။ သို့မဟုတ်လျှင် ချူးယွင်ဖန်း၏ အသက်အရွယ်ကို ကြည့်ခြင်းအားဖြင့် သူသည် အများဆုံးလျှင် မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာ ရှိနိုင်ပေလိမ့်မည်။
ချူးယွင်ဖန်းသည် ဤမျှ အင်အားကြီးမားသော ခွန်အားမျိုးဖြင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ သူသည် သူ၏အစွမ်းအစဖြင့် ၎င်းတို့ပင် မတွေးတောဝံ့သော အရာတစ်ခုကို ပြုလုပ်ခဲ့သည်။ အခြေအနေကို လွဲမှားစွာ ဆုံးဖြတ်မိသည်ဟု မြည်တမ်းပြီးနောက် ၎င်းတို့သည် ဤအလတ်စား မွန်းစတားအုပ်မှ ရှင်သန်နိုင်လိမ့်မည်ဟုသော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
ထိုသို့တွေးမိသောအခါ ၎င်းတို့၏ စိတ်ဓာတ်များ မြင့်တက်လာသည်ဟု လူတိုင်း ခံစားလိုက်ရသည်။ ၎င်းတို့သည် ရှင်သန်ရန် မျှော်လင့်ချက်များရှိနေကြ၍ မည်သူမျှ မသေချင်ကြပေ။ ထိုအချိန်၌ လင်းချန်ရှီသည် မျက်နှာပေါ်တွင် ဂုဏ်ယူသော အကြည့်များဖြင့် ချီတက်နေသော မွန်းစတားများကို တိုက်ခိုက်နေခဲ့သည်။ ကနဦးတွင် ချူးယွင်ဖန်းက ကျွမ်းကျင်သူတစ်ဦး မဖြစ်နိုင်ဘူးဟုသာ လူတိုင်းက ထင်မှတ်ခဲ့ကြသော်လည်း ယခုအခါ အကြောင်းအရာများသည် သူမဘက်မှ မှန်ကန်နေကြောင်း သက်သေပြခဲ့သည်။ သူမသည် ဤလူအုပ်စု၏ အသက်ကို ကယ်တင်ခဲ့လေသည်။
"ဦးလေးလင်း၊ ဦးလေး ဒီလိုမျိုး လုပ်နိုင်လား" လင်ဟောက်ရန်သည် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတား တစ်ကောင်ကို တစ်ချက်တည်း သတ်ဖြတ်ပြီးနောက် သူ၏ အစေခံဟောင်းဖြစ်သော ဦးလေးလင်းဆီသို့ ချဉ်းကပ်လာခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့အရှေ့မှ မွန်းစတားအများစုကို ပိတ်ဆို့ထားသောကြောင့် ၎င်းတို့တွင် အသက်ရှူရန် အခွင့်အရေးရခဲ့သည်။
"မဖြစ်နိုင်ပါဘူး၊ သူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေက ကြောက်စရာကောင်းလောက်အောင် သိပ်သည်းလွန်းတယ်။ ကျွန်တော်သာ ဒီလောက် မဆင်မခြင် တိုက်ခိုက်ရင် ချီစွမ်းအင်တွေ ကုန်ခန်းပြီး သေဆုံးသွားမှာကို စိုးရိမ်မိတယ်။ ဒါပေမယ့် သူ့ကို ကြည်ရတာ ဘာမှမဖြစ်သလိုပဲ။ သူ့ရဲ့ တိုက်ခိုက်မှုကို အကဲဖြတ်ကြည့်ရင် မြန်ဆန် တိကျပြီး ရက်စက်တယ်။ သူ့ခွန်အားအပါအဝင် ဒီလို အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်နိုင်စွမ်းမျိုးကို ပြသခဲ့တာဆိုတော့ ကျွန်တော်သာဆိုရင် လုံးဝ လုပ်နိုင်မှာတောင် မဟုတ်ဘူး” ဦးလေးလင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။
သူ၏ ကျင့်ကြံမှုသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ့ကို သာမာန်ကျွမ်းကျင်သူများက မဖိနှိပ်နိုင်သော်လည်း ချူးယွင်ဖန်းသည် အမှန်တကယ် ထူးခြားသူဟု ဝန်ခံရပေလိမ့်မည်။
သို့သော် ချူးယွင်ဖန်း၏ လက်ရှိ ကျင့်ကြံမှု အဆင့်ကို ကြည့်လိုက်သောအခါ သူ့တွင် ကျင့်ကြံမှုများ လုံးလုံးလျားလျား မရှိပုံပေါ်သည်။ သို့သော် ချူးယွင်ဖန်းသည် မွန်းစတားများကို တိုက်ခိုက်၍ လက်လွတ်စပယ် သတ်ဖြတ်နေဆဲဖြစ်သည်။
ကျိုးကြောင်းဆီလျော်မှုမရှိသော အကြောင်းအရာများစွာသည် တစ်ပြိုင်နက်ဖြစ်ပျက်လာသောကြောင့် ဖြစ်နိုင်ခြေသည် တစ်ခုသာကျန်ရစ်တော့သည်။ ချူးယွင်ဖန်းသည် သူ၏ စွမ်းအင် အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ပုံပေါ်သည်။ ယုတ္တိရှိစွာ ပြောရမည်ဆိုလျှင် တိုက်ခိုက်နေချိန်တွင် သူ၏ စွမ်းအင် အစစ်အမှန်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အဆုံးတွင် ဖြစ်နိုင်ခြေတစ်ခုသာ ကျန်ရစ်ပေသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် သူ့ထက်သာလွန်နေခြင်း သို့မဟုတ် ချူးယွင်ဖန်းတွင် အလွန်အံ့ဩဖွယ်ကောင်းသော အငွေ့အသက် ထိန်းချုပ်မှု နည်းပညာတစ်ခုရှိနေခြင်းဖြစ်သည်။
ပထမအချက်သာဆိုလျှင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ ထို့ကြောင့် သူ့ထက်အဆပေါင်းများစွာ သန်မာခြင်းဖြစ်လျှင် ချူးယွင်ဖန်းသည် နတ်အဆင့်တွင်သာ ရှိနေနိုင်သည်။
သူသည် နတ်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသလော။ ထိုသို့သာ အမှန်တကယ်ဖြစ်ခဲ့လျှင် ဤတစ်ကြိမ်တွင် ၎င်းတို့၏သခင်မလေးသည် ထူးခြားဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးကို အမှန်တကယ်ကယ်တင်၍ အိမ်သို့ ပြန်လည် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပေသည်။
လူတိုင်းသည် ရှေ့တန်းတွင်ရှိနေသော ချူးယွင်ဖန်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သောကြောင့် နောက်ဆုံးတွင် မွန်းစတားအားလုံးကို သတ်ပစ်နိုင်ခဲ့လေသည်။ ၎င်းတို့အားလုံးသည် ကပ်ဘေးမှ လွတ်မြောက်သွားသကဲ့သို့ ခံစားနေရသည်။ အစောင့်များသည် မွေးဖွားခြင်းနယ်မြေအဆင့်များဖြစ်၍ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များသည် ချီစွမ်းအင်နှင့် ကာယခွန်အားကို အလွန်လျင်မြန်စွာ ပြန်လည်ရရှိစေသည့် စက်ဝန်းကြီးအဖြစ် ဖြစ်ပေါ်စေခဲ့သော်လည်း ဤတိုက်ပွဲအပြီးတွင် ၎င်းတို့၏ ချီစွမ်းအင်နှင့် ကာယခွန်အားသည် လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့သည်။
လူတိုင်းသည် ပြင်းထန်စွာ မေားဟိုက်နေကြသော်လည်း ချူးယွင်ဖန်းကို ကြည့်လိုက်သောအခါ သူသည် စွမ်းအင် သို့မဟုတ် ချီစွမ်းအင်ပင် မကုန်ဆုံးခဲ့ကြောင်း သိရှိလိုက်ရသည်။
အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် လူတိုင်း၏ ချီစွမ်းအင်များ ကုန်ဆုံးသွားသော်လည်း ချူးယွင်ဖန်း၏ ချီစွမ်းအင်များသည် လုံးလုံးလျားလျား မကုန်ဆုံးသွားပုံပေါ်သည်။ သူ၏နံဘေးတွင် မွန်းစတား အသေကောင်များနှင့် သွေးအိုင်များစွာ ရှိနေခဲ့သည်။
မွန်းစတားအုပ် ပေါ်ပေါက်လာသည့်အချိန်တွင် များသောအားဖြင့် ဆင်ခြင်တုံတရား မရှိကြသောကြောင့် ၎င်းတို့လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြို၍ အရူးအမူး နင်းခြေကြပေလိမ့်မည်။ ယခုမူ ချူးယွင်ဖန်း၏ ရူးသွပ်သော သတ်ဖြတ်မှုသည် ထိုမွန်းစတားများကို ထိတ်လန့်သွားစေသည်။ ဤမွန်းစတားများသည် အရှေ့သို့ မတိုးဝံ့ကြောင်း သိသာထင်ရှားလှသော်လည်း ၎င်းတို့သည် တစ်စုံတစ်ဦး၏ တွန်းပို့မှုကို ခံရဟန်ရှိသောကြောင့် အရှေ့သို့ ခုန်ထွက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။
"ဘာက အကောင်းလဲ အဆိုးလဲဆိုတာ မသိကြဘူးပဲ"
ချူးယွင်ဖန်းသည် လှောင်ရယ်ပြီးနောက် ဓားအလင်းရောင်ဖြင့် ဝှေ့ယမ်းလိုက်ရာ၊ ရာနှင့်ချီသော မွန်းစတားများ သေဆုံးသွားလေသည်။
သူသည် အနည်းငယ် စိတ်မရှည်တော့သောကြောင့် ဤမွန်းစတားများကို သတ်ဖြတ်ရန် သူ၏ နတ်စွမ်းအင်ကို အသုံးပြုခဲ့သည်။
သို့သော် ဤကဲ့သို့ တိုက်ခိုက်မှုအပြီးတွင် မွန်းစတားများသည် သေခြင်းတရားကို မကြောက်ရွံ့ကြလျှင်ပင် ထိတ်လန့်သွားကြ၍ အလွယ်တကူ သုတ်သင်ခံရမည် မဟုတ်ပေ။ နောက်ဆုံးတွင် မွန်းစတားအုပ်များ တိတ်တဆိတ် ဆုတ်ခွာသွားကာ မြေပြင်တွင် ပြည့်နှက်နေသည့် အသေကောင်များသာ ကျန်ရစ်ခဲ့လေ၏။
အခန်း (၉၈၇) ပထမဆုံးအကြိမ် တပည့်လက်ခံခြင်း
တောတောင်တစ်ခုလုံးသည် အလွန် ရှုပ်ပွနေ၍ သွေးညှိနံ့သည် လေထုထဲသို့ ပြည့်နှက်နေသည်။ သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေ၍ အလောင်းများသည် တောင်များကဲ့သို့ စုပုံနေခဲ့ရာ၊ စစ်တပ်နှစ်ခု တိုက်ပွဲဝင်ခဲ့ပုံပေါ်သည်။ သို့သော်လည်း စစ်တပ်နှစ်ခုကြားက ခိုက်ရန်ဖြစ်ပွားမှုမျိုး မရှိခဲ့ကြောင်းကို နေရာတွင်ရှိနေသူများသာ သိရှိထားကြသည်။ ၎င်းတို့သည်လည်း အကျိုးဆောင်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ အခြေအနေအားလုံးကို ပြောင်းပြန်လှန်ခဲ့သူသည် ချူးယွင်ဖန်း ဖြစ်သည်။ သူသည် ဤကြောက်မက်ဖွယ်ကောင်းသော မွန်းစတားအုပ်ကို သူ၏ကိုယ်ပိုင်ခွန်အားဖြင့် တားဆီးနိုင်ခဲ့သည်။
ယခုအခါ ချူးယွင်ဖန်းကို ကြည့်နေသည့် အစောင့်များ၏ မျက်လုံးများသည် လုံးလုံးလျားလျား ကွဲပြားသွားပြီဖြစ်သည်။ ယင်းမတိုင်မီတွင် ၎င်းတို့၏မျက်လုံးများ၌ ချူးယွင်ဖန်းသည် နာမကျန်းဖြစ်နေသူတစ်ဦးမျှသာဖြစ်၍ ၎င်းတို့၏ သခင်မလေးသည်သာ ချူးယွင်ဖန်းက သန်မာသူဟု ယုံကြည်နေခဲ့သည်။
ချူးယွင်ဖန်းသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်ပင် မကြိုးစားခဲ့သဖြင့် ၎င်းတို့အတွက် အခက်အခဲဖြစ်စေရန် ကြိုးစားနေသည်ဟု ၎င်းတို့ဘက်မှ ပို၍ပင် သေချာသွားခဲ့သည်။
ယခုမူကား ချူးယွင်ဖန်းသည် ၎င်းတို့၏မျက်လုံးများတွင် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့၍ သူသည် လျှို့ဝှက်ဆန်းကြယ်သော အလွှာတစ်ခုဖြင့် လွှမ်းခြုံထားပုံပေါ်သည်။
ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး။
သူသည် ၎င်းတို့အဖွဲ့ထဲရှိ ဦးလေးလင်းထက်ပင် သူက အင်အားကြီးမားနိုင်ခြေရှိသည်။ အနည်းဆုံးလျှင် ဦးလေးလင်းသည် ချူးယွင်ဖန်း ပြုလုပ်ခဲ့သောအရာမျိုးကို မပြုလုပ်နိုင်ခဲ့ပေ။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့်များဖြစ်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်တစ်ခုစီကြားတွင် ကြီးမားသော ကွာဟချက်များရှိနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ပေါ့လျော့သော လှုပ်ရှားမှုအနည်းငယ်ဖြင့် ၎င်းတို့အားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ပို၍ အင်အားကြီးမားလာခြင်းအတွက်မူ၊ ဤသည်မှာ ၎င်းတို့ဘက်မှ စိတ်ကူးမယဉ်ဝံ့သော အကြောင်းအရာဖြစ်သည်။ နတ်အဆင့်သည် နတ်ကုန်းမြေ၌ အလွန်အစွမ်းထက်သော်လည်း ချူးယွင်ဖန်းသည် ငယ်ရွယ်လွန်းလှသည်။ ချူးယွင်ဖန်းသည် သူ၏ သန်မာသော ကျင့်ကြံမှုကြောင့် ငယ်ရွယ်နုပျိုနေနိုင်ခြင်း မဟုတ်ဘဲ အလွန် ငယ်ရွယ်နေခြင်းသာဖြစ်သည်။
ချူးယွင်ဖန်း၏အသက်အရွယ်ဝန်းကျင်ရှိ အငယ်တန်းမြို့ပိုင်ရှင် လင်းဟောက်ရန်သည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်တွင်ရှိနေသည်။ ဤကျင့်ကြံမှုအဆင့်သည် အလွန် အံ့ဩဖွယ်ကောင်းနေပြီဖြစ်သော်လည်း ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်ပါက မပြောပါ့လောက်ပေ။
၎င်းတို့မျက်လုံးထံတွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သည် မထင်မှတ်လောက်သည်အထိ အစွမ်းထက်နေပြီဖြစ်သည်။ ဤသည်မှာ သာမန်လူအများစု တက်လှမ်းနိုင်သည့် အထွတ်အထိပ်ဖြစ်သည်။ ချူးယွင်ဖန်းသည် အဖွဲ့၏အလယ်တည့်တည့်သို့ လျှောက်သွားခဲ့သည့်အခါ သူ့အပေါ်ထားရှိသည့် လူတိုင်း၏ အမြင်များ လုံးလုံးလျားလျား ပြောင်းလဲသွားကြသည်။
"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုချူး" လင်းဟောက်ရန်သည် အရှေ့သို့ တိုးလာ၍ လေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် လင်းဟောက်ရန်၏ အပြုအမူကို မတားဆီးဘဲ သူ့ကို အံ့အားသင့်စွာ ကြည့်နေလိုက်သည်။ လင်းဟောက်ရန်သည် ယခင်က သူ့ကို လုံးလုံးလျားလျား မနှစ်သက်သည့်အပြင် အမြဲတစေ အေးစက်စက် စကားပြောခဲ့သူဖြစ်သည်။ ယခုမူ လင်းဟောက်ရန်သည် သူ့ကို ဦးညွှတ်လိုစိတ်ရှိနေသောကြောင့် သူသည် ဆန္ဒရှိသရွေ့ ဆန့်နိုင်ကျုံ့နိုင်သည့် စိတ်သဘောထားမျိုးရှိသူတစ်ဦး ဖြစ်ပုံပေါ်သည်။ ဤသည်မှာ အမှန်တကယ့်ကို စိတ်ဝင်စားဖွယ်ကောင်းလှသည်။
"အစ်ကိုချူးက အရမ်း အင်အားကြီးတာပဲ" လင်းချန်ရှီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူမသည် ထျန်ဟဲမြို့၏ သခင်မလေးတစ်ဦးဖြစ်သော်လည်း သူမသည် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသာဖြစ်သည်။
"ကျွန်မကို တပည့်အဖြစ် လက်ခံမှာလား" လင်းချန်ရှီသည် ချူးယွင်ဖန်းကို မျက်လုံးဝိုင်းဝိုင်းများဖြင့် ကြည့်လျက် မျှော်လင့်တကြီး မေးလိုက်သည်။
"မိန်ကလေးလင်းက ဂုဏ်သိက္ခာရှိ မိသားစုက လာတာပါ။ ထျန်ဟဲမြို့ပိုင်ရှင်က ခင်ဗျားအတွက် ဆရာတစ်ဦး စီစဉ်ပေးခဲ့မယ်လို့ ကျုပ် ထင်ပါတယ် မဟုတ်ဘူးလား" ချူးယွင်ဖန်းက ခေါင်းခါ၍ ပြောလိုက်သည်။
“ဒါကို ခင်ဗျား အရင်စဉ်းစားသင့်ပါတယ်"
ချူးယွင်ဖန်းသည် တစ်စုံတစ်ယောက်၏ ဆရာဖြစ်လာခြင်းနှင့်ပတ်သက်၍ စိတ်မပိုင်းဖြတ်ရသေးသောကြောင့် ငြင်းဆန်ချင်ခဲ့သည်။ ကျင့်ကြံမှုအရ ကမ္ဘာပေါ်တွင် သူ့ထက် သန်မာသူ အများအပြားမရှိသော်လည်း သူသည် အသက်အရွယ်အားဖြင့် နှစ်ဆယ်ကျော်သာရှိသေးသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဤအသက်အရွယ်သည် သင်ယူနေဆဲအရွယ်တွင်သာ ရှိနေသေးသည်။ သို့သော် တစ်ခုခုကို တွေးမိသွားသဖြင့် မငြင်းဆန်ခဲ့ပေ။
"ဟုတ်ပါတယ်" လင်းချန်ရှီ၏ သေးသွယ်သော မျက်နှာသည် စကားပြောနေစဉ် အလွန် လေးနက်နေသည်။ သူမသည် ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
"ကျွန်မ စဉ်းစားပြီးပြီ။ ရှင် ကျွန်မရဲ့ ဆရာအဖြစ် လုပ်လို့ရတယ်"
ချူးယွင်ဖန်းက ရယ်ရမဲ့မဲ့ ငိုရမဲ့မဲ့ ဖြစ်နေမိသည်။ လင်းချန်ရှီ၏ အတွေးများသည် မှန်းဆရန် ခက်ခဲလှသည်။
"မစ္စတာချူး၊ ကျုပ်တို့ရဲ့ သခင်မလေးဆီမှာ အစက ဆရာတစ်ယောက်ရှိတယ်၊ ဒါပေမယ့် အခု ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက ပျက်စီးသွားပြီဆိုတော့ ခင်ဗျား အဲဒါကို စိတ်ပူနေစရာမလိုဘူး။ ခင်ဗျားကို ဆရာအဖြစ် ခန့်တာကို မြို့ပိုင်ရှင်တောင် ကန့်ကွက်မှာမဟုတ်ပါဘူး" ဦးလေးလင်းက ပြောလိုက်သည်။
အန်ကယ်လင်းသည် ဤထက်ပို၍ တွေးတောနေခြင်းဖြစ်သည်။ ထျန်ဟဲ့မြို့၏ လက်ရှိအခြေအနေသည် မကောင်းလှပေ။ ချူးယွင်ဖန်းကဲ့သို့ ကျွမ်းကျင်သူတစ်ဦးကို ခေါ်ယူနိုင်လျှင် ထျန်ဟဲမြို့တွင် သန်မာသော မဟာမိတ်တစ်ဦးရှိခြင်းနှင့် ထူးမခြားနားပေ။ ထို့အပြင် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်သည် ချူးယွင်ဖန်း ခွန်အား၏ ကန့်သတ်ချက် မဟုတ်ကြောင်း သူ ခံစားနေမိသည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင်သာရှိနေသော်လည်း သူ၏အသက်အရွယ် ချင့်ချိန်ခြင်းအရ၊ သူသည် အနာဂတ်တွင် နတ်အဆင့်သို့ ဝင်ရောက်နိုင်ခြေ အလွန်မြင့်မားလှသည်။
ထျန်ဟဲမြို့သည် အနာဂတ် နတ်အဆင့်တစ်ဦးကို ချည်နှောင်ထားရန် လိုအပ်နေသည်။ လင်းဟောက်ရန်နှင့် လင်းချန်ရှီတို့သည် ဤအဖွဲ့၏ ခေါင်းဆောင်များဖြစ်ကြသော်လည်း ဦးလေးလင်းသည် ခေါင်းဆောင် အစစ်အမှန်ဖြစ်ကြောင်း ချူးယွင်ဖန်း ချက်ချင်း ပြောနိုင်သည်။
"ဟုတ်ပါတယ်။ ကျွန်မ အဖေက ကျွန်မကိုအရမ်းချစ်တာ။ ဒီတော့ သူက ဒါကို ကန့်ကွက်မှာ မဟုတ်ဘူး" လင်းချန်ရှီသည် ချူးယွင်ဖန်း၏ နံဘေးသို့ လျှောက်လှမ်းသွားကာ သူ၏လက်မောင်းကို ဖက်ထားလိုက်သည်။
ချူးယွင်ဖန်း၏ လက်နှစ်ဖက်သည် ပျော့ပျောင်းသော တောင်ပို့နှစ်ခုထဲသို့ နစ်မြုပ်သွား၍ သူ၏နှာခေါင်းသည် ငယ်ရွယ်သော မိန်းကလေးတစ်ဦး၏ ရနံ့များဖြင့် ပြည့်နှက်လာသည်။
"ဆရာပြောတော့ ကျွန်မကို ကူညီမယ်ဆိုပြီး အခုကြတော့ ဒီလို အသေးအမွှား တောင်းဆိုမှုကိုတောင် လိုက်လျောမပေးနိုင်ဘူး"
“ကောင်းပြီ…” ချူးယွင်ဖန်းသည် ခေတ္တရေရွတ်ပြီးနောက် ထုတ်ပြောလိုက်သည်။
“ဒါဆိုရင် ခင်ဗျားကို ကျုပ်တပည့်အဖြစ် နာမည်အရ လက်ခံလိုက်မယ်”
"ဘာလို့ နာမည်အရပဲ လက်ခံရတာလဲ" လင်းချန်ရှီသည် နှုတ်ခမ်းစူလိုက်သော်လည်း ကမန်းကတန်း လေးနက်စွာ ဦးညွှတ်၍ ပြောလိုက်ဆဲဖြစ်သည်။
"တပည့် လင်းချန်ရှီက ဆရာ့ကို နှုတ်ခွန်းဆက်ပါတယ်"
ပူပင်ကြောင့်ကြမဲ့သော စရိုက်လက္ခဏာရှိသည့် လင်းချန်ရှီလျှင်ပင် ဤကိစ္စကို ပေါ့ပေါ့တန်တန် မပြုမူဝံ့ပေ။ အဆုံးတွင် ဆရာတစ်ဦးကို အသိအမှတ်ပြုခြင်းနှင့် နည်းပြဆရာတစ်ဦးထံမှ သင်ယူခြင်းသည် မတူညီသော အယူအဆနှစ်ခုဖြစ်သည်။ နည်းပြဆရာတစ်ဦးသည် အသိပညာကို ပေးအပ်ရန်နှင့် မသိနားမလည်မှုများကို ဖယ်ရှားရန်အတွက်သာ တာဝန်ရှိပေသည်။ သို့သော် ဆရာတစ်ဦးဖြစ်မည်ဆိုပါက အယူအဆ ကွဲပြားသွားမည်ဖြစ်၍ သူ၏အဆင့်အတန်းသည် သူမ၏ အဖေဖြစ်သူနှင့်ပင် နှိုးင်ယှဉ်နိုင်ပေလိမ့်မည်။
"ကောင်းပြီ၊ ကျုပ်က ခင်ဗျားရဲ့ ဆရာဖြစ်လာပြီဆိုမှတော့ လက်ဆောင်တစ်ခုပေးရမှာပေါ့" ချူးယွင်ဖန်းက ပြောလိုက်သည်။
သူသည် လေထုထဲသို ဆုပ်ကိုင်သည့် အမူအရာမျိုး ပြုလုပ်လိုက်သည်နှင့် သူ၏လက်ထဲတွင် ကြွေပုလင်းငယ်တစ်ခု ပေါ်ပေါက်လာသည်။ "ဒီပုလင်းထဲမှာ ကျုပ် ဖော်စပ်ထားတဲ့ မွေးဖွားခြင်းနယ်မြေအဆင့် ဆေးလုံး ဆယ်လုံး ပါဝင်တယ်။ အဲဒါတွေက ခင်ဗျားရဲ့ ကျင့်ကြံမှု တိုးမြှင့်ဖို့အတွက် ကူညီပေးလိမ့်မယ်"
ဤဆေးများသည် ချူးယွင်ဖန်းကိုယ်တိုင် ဖော်စပ်ထားသည့် မွေးဖွားခြင်းနယ်မြေအဆင့်ဆေးများဖြစ်သော်လည်း သူသည် ၎င်းကို အသုံးမပြုသေးပေ။ ဆေးလုံးများ၏ ထိရောက်မှုသည် စျေးကွက်ထဲရှိပစ္စည်းများထက် များစွာသာလွန်သောကြောင့် ၎င်းကို နှုတ်ဆက်လက်ဆောင်အဖြစ် အသုံးပြုရန် သူ ဆုံးဖြတ်လိုက်သည်။
"သိပ်ကောင်းတာပဲ ဆရာ၊ ဆရာက ကျွန်မအပေါ် အရမ်းသဘောကောင်းတာပဲ"
လင်းချန်ရှီ၏ အပြုံးများ ချက်ချင်းပင် ပြန်လည်ပေါ်ထွက်လာ၍ သူမသည် ချူးယွင်ဖန်းထံမှ ကြွေပုလင်းငယ်ကို ယူလိုက်သည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်းက တစ်စုံတစ်ခုကို လေဖိနည်းအားရပ်ဝန်းမှ ထုတ်ယူလိုက်ကြောင်း မြင်တွေ့လိုက်သောအခါ ဦးလေးလင်း၏ မျက်လုံးများ တောက်ပလာသည်။ ချူးယွင်ဖန်းသည် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်နေခြင်း သို့မဟုတ် သူ့တွင် နေရာလွတ် လက်စွပ်ကဲ့သို့သော မှော်ရတနာတစ်ခုရှိနေခြင်းဟု ဆိုလိုသည်။ မည်သည့် အကြောင်းအရာဖြစ်ပါစေ ချူးယွင်ဖန်းသည် ရိုးရှင်းသူ မဟုတ်ကြောင်း ဆိုနိုင်သည်။
"ကောင်းပြီ၊ အချိန်နောက်ကျနေပြီ။ ထျန်ဟဲမြို့ကို မြန်မြန်ပြန်ကြရအောင်၊ မစ္စတာချူး" ဦးလေးလင်းက အမြန်ပြောလိုက်သည်။
“ကောင်းပါပြီ" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
"နှမြောစရာပဲ၊ ဒီအသေကောင်တွေက အရမ်းတန်ဖိုးကြီးတာ။ ကျုပ်တို့ ပြန်ရောက်ရတဲ့အခါ၊ လူတွေ ပြန်လွှတ်ပေးဖို့ အဖေ့ကို ချက်ခြင်းတောင်းဆိုပြီး တတ်နိုင်သလောက် များများ ပြန်ယူမှဖြစ်မယ်" လင်းဟောက်ရန်သည် မြေပြင်တွင် ပြည့်နှက်နေသော အသေကောင်များကို ကြည့်လိုက်သည်။ ၎င်းတို့အဖွဲ့သည် ထျန်ဟဲမြို့ဆီ ဦးတည်သွားကာ ခရီးဆက်လိုက်ကြရာ၊ ညမမှောင်မီ ပြန်ရောက်သွားကြသည်။