အခန်း (၉၈၈-၉၉၀)
Vol. 66 Ch. 988-990
အခန်း (၉၈၈) အတင်းအကျပ် တပည့်ခေါ်ယူရန် အိမ်သို့ရောက်ရှိလာသည့် ယုတ်ညံ့သော ဧည့်သည်
ထျန်ဟဲမြို့သည် နတ်ကုန်းမြေရှိ သာမန်မြို့တစ်မြို့ဖြစ်၍ ၎င်း၏ နံရံများသည် ပြည်ထောင်စု၏ ခေတ်မီသံမဏိနံရံများနှင့် ကွဲပြားခြားနားသည်။ မရေတွက်နိုင်သော အုတ်များနှင့် ကျောက်များဖြင့် ပြုလုပ်ထားသော်လည်း ၎င်း၏မြို့ရိုးများသည် ချူးယွင်ဖန်း သိခဲ့သည့် ပဒေသရာဇ်ခေတ်ရှိ နံရံများထက် များစွာမြင့်မားလှသည်။ ၎င်းသည် မီတာသုံးဆယ်ကျော်မျှ မြင့်မားပေသည်။
မြို့ရိုးများပေါ်တွင် အတားအဆီး မန္တန်များ၏ စွမ်းအင် အတက်အကျ ရှိနေသည်။ ဤမြို့တံတိုင်းများ၏ ခံစစ်စွမ်းအင်သည် ထူးကဲလှကြောင်း လူတိုင်း ခံစားနိုင်ရာ၊ ၎င်းသည် ခေတ်မီသော ပြည်ထောင်စုမြို့ကြီးများ၏ မြို့ရိုးများထက် မနိမ့်ကျလှပေ။ ဤသည်မှာ အလွန်ထင်ရှားစွာ ကွဲပြားခြားနားသည့် အရာနှစ်ခုဖြစ်လေသည်။
၎င်းတို့အုပ်စုသည် လျင်မြန်စွာ ခရီးနှင်ခဲ့ကြသောကြောင့် အဆုံးတွင် ညမမှောင်မီ ထျန်ဟဲမြို့သို့ ဝင်ရောက်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် ဤသို့ ရှေးကျသောမြို့မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သောကြောင့် ၎င်းနှင့်ပတ်သက်၍ သိချင်နေမိသည်။ ထျန်ဟဲမြို့သည် နတ်ကုန်းမြေ၌ အလယ်အလတ်အဆင့်မြို့အဖြစ် သတ်မှတ်နိုင်၍ ပြည်သူသန်းပေါင်းများစွာကို ထောက်ပံ့ထားကြောင်း လမ်းတစ်လျှောက်တွင် လင်းဟောက်ရန်နှင့် အခြားသူများထံမှ ချူးယွင်ဖန်း သိရှိခဲ့သည်။
ထျန်ဟဲမြို့သည် ညမအိပ်သည့် မြို့တစ်မြို့ကဲ့သို့ ညဘက်၌ပင် အလွန်တက်ကြွနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့အဖွဲ့အနောက်သို့ တန်းတန်းမတ်မတ် လိုက်ပါသွားပြီးနောက် မြို့လယ်ရှိ မြို့ပိုင်ရှင်စံအိမ်သို့ ရောက်ရှိလာသည်။ စံအိမ်ကြီးသည် အလွန် ခမ်းနားလှ၍ ၎င်း၏ ထွင်းထုထားသော ထုပ်တန်းများနှင့် ဆေးခြယ်ထားသော အိမ်တိုင်များဖြင့် အလွန်စတိုင်ကျနေသည်။
"မစ္စတာချူး၊ ကျွန်တော်တို့ ခင်ဗျားအတွက် အခန်းပြင်ထားပြီးပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့် အနောက်ကို လိုက်ခဲ့ပါ" ၎င်းတို့အားလုံး အိမ်ထဲသို့ ရောက်သည်နှင့် ဦးလေးလင်းက ပြောလိုက်သည်။
"ခရီးကြောင့် ပင်ပန်းနေလောက်ပြီပေါ့။ ဒီတစ်ညလုံး အနားယူပါဦး၊ မြို့ပိုင်ရှင်က မနက်ဖြန်ကျရင် လာတွေ့ပါလိမ့်မယ်"
ယာဉ်တန်းပြန်မရောက်မီတွင် အစောင့်တစ်ဦးသည် အခြေအနေကို သတင်းပို့ရန် အလျင်အမြန် ပြန်နှင့်ပြီးဖြစ်သောကြောင့် အရာအားလုံးကို စနစ်တကျ စီစဉ်ထားပြီးပြီဖြစ်သည်။
"ကောင်းပါပြီ" ချူးယွင်ဖန်းက ဂရုမစိုက်ပေ။ ယခုအချိန် အရေးကြီးဆုံးသည် သူ၏ ခွန်အားကို အမြန်ဆုံး ပြန်လည်ရရှိရန်ဖြစ်သည်။ သူသည် နတ်အဆင့်သို့ ပြန်လည်ရောက်ရှိပြီးနောက် သာမန်နတ်အဆင့်များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူ၏အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်မချင်း လုံခြုံမည် မဟုတ်ပေ။
ဦးလေးလင်း၏လမ်းညွှန်မှုအောက်တွင် ချူးယွင်ဖန်းသည် အနားယူရန် အခန်းသို့ သွားရောက်ခဲ့စဉ် လင်းဟောက်ရန်နှင့် လင်းချန်ရှီတို့သည် ထျန်ဟဲမြို့ပိုင်ရှင် လင်းဟုန့်ဖုန်ကို တိုက်ရိုက် သွားတွေ့ကြလေသည်။ လင်းဟုန့်ဖုန်သည် ဂုဏ်သိက္ခာရှိသည့် အသွင်အပြင်မျိုး ပိုင်ဆိုင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ မျက်နှာအသွင်အပြင်သည် လင်းဟောက်ရန်၊ လင်းချန်ရှီတို့နှင့် အနည်းငယ် ဆင်တူပေသည်။
"မင်းတို့နှစ်ယောက် ဘယ်လို ဖြစ်လာတာလဲ" လင်းဟုန့်ဖုန်သည် သူ၏ သားသမီးနှစ်ဦးကို တွေ့သည်နှင့် ချက်ချင်းပင် မျက်မှောင်ကြုတ်၍ ဆူပူကြိမ်းမောင်းလိုက်သည်။
"အဓိပ္ပာယ်မရှိလိုက်တာ။ သူ့ကို ဆရာအဖြစ် သတ်မှတ်စရာလား။ မင်းတို့တွေက ဒီမစ္စတာချူးရဲ့ အထောက်အထားကို သိပြီးပြီလား။ မင်းလည်း မင်းညီမရဲ့ ပေါက်ကရလုပ်ရပ်ကို ဘာလို့ မတားရတာလဲ" လင်းဟုန့်ဖုန်သည် အပြစ်တင် ကြိမ်းမောင်းလိုက်သည်။
သူသည် အစောင့်၏ အစီရင်ခံစာကို လက်ခံရရှိသောအခါ လုံးလုံးလျားလျား ယုတ္တိမဲ့လွန်းသည်ဟု ခံစားခဲ့ရသည်။ ဤသည်မှာ မည်သို့သော ဟာသမျိုးဖြစ်သနည်း။ သူ့သမီးဖြစ်သူ၏ အဆင့်အတန်းဖြင့် အမည်မသိသူတစ်ဦးကို သူမ၏ဆရာအဖြစ် မည်သို့မျှ လက်လွတ်စပယ် လက်ခံသင့်မည်နည်း။ ဆရာအဖြစ် အသိအမှတ်ပြုခြင်းသည် ကြီးမားသော ကိစ္စရပ်မဟုတ်သော်လည်း ဆရာတစ်ဦးရှိခြင်းနှင့် ဆရာတစ်ဦးကို အမှန်တကယ် အသိအမှတ်ပြုခြင်းသည် အလွန်ကွာခြားလှသည်။
"အဖေ၊ ဒီမစ္စတာချူးက မြင်ရသလောက် မရိုးရှင်းလောက်ဘူး" လင်းဟောက်ရန်သည် ယနေ့ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို လင်းဟုန့်ဖုန်ထံ ချက်ချင်း ပြောပြလိုက်သည်။
လင်းဟုန့်ဖုန်၏ မျက်နှာအမူအရာ လေးနက်လာခဲ့သည်။ အလယ်အလတ်အဆင့် မွန်းစတားအုပ်ကို ကိုယ်တိုင် တားဆီးနိုင်ခဲ့သည့် ချူးယွင်ဖန်း၏ အပြုအမူသည် အံ့ဖွယ်ဖြစ်စဉ်မျိုးဖြစ်သည်။ သူသည် ချူးယွင်ဖန်းက ထိုနေရာတွင် ရှိနေခဲ့သည့်အတွက် ဝမ်းသာနေမိသည်။ မဟုတ်လျှင် သူ၏သမီးငယ်ကို ဆုံးရှုံးသွားနိုင်သည်။
"အဲ့ဒါကြောင့် မစ္စတာချူးက နတ်အဆင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်တယ်။ အနည်းဆုံးတော့ သူ့အသက်အရွယ်အရ နတ်အဆင့်ကို မရောက်ရှိခင် အချိန်အတိုင်းအတာတစ်ခုပဲ လိုအပ်လောက်တယ်" လင်းဟောက်ရန်က သုံးသပ်လိုက်သည်။
လင်းဟုန့်ဖုန်သည် လင်းဟောက်ရန်ကို စိတ်အေးသော အရိပ်အမြွက်များဖြင့် တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူ၏သားဖြစ်သူသည် နောက်ဆုံးတွင် ရင့်ကျက်လာခဲ့၍ စိတ်လိုက်မာန်ပါ ပြုမူခြင်းမျိုး မရှိတော့ပေ။
"အခု ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက ပျက်စီးသွားတော့ ကျွန်တော်တို့မြို့ကို အကာအကွယ် မပြုနိုင်တော့ဘူး။ အဲဒီလို ကျွမ်းကျင်သူမျိုးကို ချည်နှောင်နိုင်မယ်ဆိုရင် ထျန်ဟဲမြို့မှာ ကျွန်တော်တို့ရဲ့ အုပ်စိုးမှုကို တည်ငြိမ်စေနိုင်ပြီး ကျွန်တော်တို့ မိသားစုအတွက်လည်း အကျိုးရှိလိမ့်မယ်" လင်းဟောက်ရန်သည် ထိုသို့ ပြောပြီးသည်နှင့် လင်းဟုန့်ဖုန်ကို ကြည့်လိုက်သည်။
"ဒီညတော့ နားလိုက်တော့။ မနက်ဖြန် အဖေ ဒီ မစ္စတာချူးနဲ့ တွေ့ကြည့်လိုက်မယ်"
ညသည် တိတ်ဆိတ် ငြိမ်သက်နေခဲ့ရာ၊ လမင်း ကျရောက်လာပြီးနောက် နေမင်းထွက်ပေါ်ခဲ့သည်။ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော ချူးယွင်ဖန်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ တစ်ညတာ ပြန်လည်ကုသပြီးနောက်တွင် သူသည် အလွန် သက်သာလာ၍ ဒုတိယမြောက် နတ်အဆင့်သို့ အောင်မြင်စွာ ပြန်လည်ကျင့်ကြံနိုင်ခဲ့သည်။ ဤစံနှုန်းဖြင့်ဆိုလျှင် တတိယမြောက် နတ်ဆင့်သို့ ပြန်လည်ရောက်ရှိရန် အချိန်အတော်ကြာမည် မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်း နတ်အဆင့်သို့ ပြန်လည်ရောက်ရှိပြီးနောက် သူ၏ပြန်လည်ကုသမှု အရှိန်အဟုန်သည် အလွန် မြင့်မားလာခဲ့သည်။ ၎င်းသည် ရက်အနည်းငယ်သာ ကြာမြင့်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် မြို့ပိုင်ရှင်စံအိမ်၏ ဧည့်ခန်းမဆောင်တွင် မြို့ပိုင်ရှင်မိသားစုများဖြစ်သည့် လင်းဟုန့်ဖုန်၊ လင်းဟောက်ရန်နှင့် လင်းချန်ရှီတို့သည် ထိုင်ခုံများတွင် ထိုင်နေကြသော်လည်း ၎င်းတို့၏မျက်နှာများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။
၎င်းတို့နှင့် ဆန့်ကျင်ဘက်တွင် အသက်နှစ်ဆယ်ကျော်ရှိ လူငယ်တစ်ဦးရှိနေသည်။ ထိုလူငယ်၏မျက်နှာပေါ်တွင် ပြိန်ဖျင်းသော အမူအရာမျိုးရှိနေ၍ လင်းချန်ရှီကို ကြည့်နေသည့် ပုံသဏ္ဌာန်သည် လောဘရမက်များနှင့် ပြည့်နှက်နေသည်။ သူ၏နောက်တွင် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်သုံးဦးရှိနေကြ၍ ဤလူများ၏ မျက်နှာပေါ်တွင်လည်း ထိုလူငယ်ကဲ့သို့ပင် ပြိန်ဖျင်းသော အမူအရာများရှိနေကြသည့်အပြင် တပ်မက်မှု အရိပ်အမြွက်များပင် ထင်ဟပ်နေခဲ့သည်။
"မြို့ပိုင်ရှင်လင်းမှာ ချစ်စရာကောင်းတဲ့ သမီးတစ်ယောက် ရှိတယ်လို့ ကျုပ် ကြားဖူးတာကြာပြီ။ အခုမြင်လိုက်ရတော့ သူက ဂုဏ်သတင်းနဲ့သူ တကယ် လိုက်ဖက်ပါလား" လူငယ်က ဆိုသည်။
"ဘယ်လိုလဲ မြို့ပိုင်ရှင်လင်း၊ ခင်ဗျား ဆုံးဖြတ်ချက်ချပြီးပြီလား။ ကျုပ်ဆရာက စာရိတ္တကောင်းမွန်တဲ့ လူမျိုးဖြစ်တဲ့အပြင် ခင်ဗျားရဲ့ သမီးကိုလည်း တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိနေတယ်၊ ဒါဘယ်လောက် ဂုဏ်ယူစရာကောင်းလိုက်လဲလို့" လူငယ်သည် လှောင်ပြုံးပြုံး၍ လင်းဟောင်ဖန်ကို ကြည့်လိုက်သည်။
"ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျုပ်တို့ဘက်က မလိုအပ်ပါဘူး" လင်းဟုန့်ဖုန်သည် စိတ်ထဲရှိ ဒေါသများကို မျိုသိပ်၍ ပြောလိုက်သည်။
"မြို့ပိုင်ရှင်လင်း၊ ဒီလိုရွှေရောင် အခွင့်အရေးကို ခင်ဗျား လက်လွှတ်သင့်ဘူးနော်။ အခု ခင်ဗျားအခြေအနေက အရင်ကလိုပဲလို့ ထင်နေတာလား။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီ။ ခင်ဗျားတို့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ။ ကျုပ်တို့ရဲ့ မဟာရွှင်လန်းမှုဂိုဏ်းက ခင်ဗျားကို အခွင့်အရေးပေးဖို့ ဆန္ဒရှိနေတာကို ဘာလို့ မြတ်နိုးရကောင်းမှန်း မသိရတာလဲ" လူငယ်က ဘာသိဘာသာ ပြောလိုက်သည်။
"ကျင်ဖုန်း၊ ခင်ဗျားတို့ဂိုဏ်းရဲ့ နောက်ခံကို ကျုပ်တို့မသိဘူးလို့ ထင်နေတာလား။ ခင်ဗျား ပြောတော့သာ တပည့်လက်ခံတာဆိုပြီး၊ ခင်ဗျား ခေါ်ခဲ့တဲ့ အဲဒီအမျိုးသမီးတွေထဲမှာ ဘယ်နှစ်ယောက်လောက်က လူသားနမူနာအဖြစ် အသုံးခံရပြီး ဘယ်တစ်ယောက်က သေတဲ့အထိ မနှိပ်စက်ခဲ့ရတာ ရှိလို့လဲ" လင်းဟောက်ရန်သည် နောက်ဆုံးတွင် မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့က အကောင်းအဆိုး မသိကြဘူးပဲ" ကျင်ဖုန်းက လှောင်ရယ်ပြီးနောက် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းဟောက်ရန်၏ ပါးကို ရိုက်နှက်တော့မည်ဖြစ်သည်။
လင်းဟောက်ရန် အံ့အားသင့်သွားသည်။ ဤ ကျင်ဖုန်းသည် အထင်ကြီးဖွယ် မရှိလှသော်လည်း သူ၏ ကျင့်ကြံမှုသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည့် ၎င်းတို့မိသားစု၏ ဦးလေးလင်းအောက် မနိမ့်ကျပေ။
"အတင့်ရဲလို့" လင်းဟုန့်ဖုန်က အော်ဟစ်ပြီးနောက် လှုပ်ရှားခဲ့ရာ၊ လက်သီးဖြင့် ထိုးကြိတ်လိုက်လေသည်။
ဘန်း
၎င်းတို့သည် ထိပ်တိုက် ရိုက်ခတ်လိုက်ကြသည်။ လက်သီးနှင့် လက်ဖဝါးတို့သည် တိုက်မိသွားကြရာ၊ ဧရာမအမြောက်ကြီးများ ပေါက်ကွဲသွားသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ပြီးနောက် နှစ်ယောက်စလုံး အနောက်သို့ ဆုတ်ခွာသွားကြသည်။ ကျင်ဖုန်းသည် အနောက်သို့ သုံးလှမ်း ဆုတ်ခွာခဲ့၍ လင်းဟုန့်ဖုန်သည် အနောက်သို့ ငါးလှမ်းမျှ ဆုတ်ခွာသွားရသည်။
လင်းဟုန့်ဖုန်သည် ကျင်ဖုန်း၏ ရိုက်ချက်ကို တားဆီးခဲ့သော်လည်း သူ၏မျက်လုံးများရှိ ထိတ်လန့်မှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူသည် မြို့ပိုင်ရှင်ဖြစ်လာခဲ့သည်မှာ နှစ်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း သူ၏ကျင့်ကြံမှုကို မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။ ယခုမူကား သူသည် အဆုံးတွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့လေသည်။
တစ်ဖက်တွင်မူ ဤကျင်ဖုန်းသည် အသက်နှစ်ဆယ်ကျော်မျှသာ ရှိပုံပေါ်သည်။ သူသည် အများဆုံးလျှင် အသက် ၃၀ ဝန်းကျင်မျှသာရှိလောက်သော်လည်း မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ သူ၏သိုင်းစွမ်းအင်သည် လင်းဟုန့်ဖုန်ထက်ပင် ပြင်းထန်လှပေသည်။ ဤသည်မှာ ဂိုဏ်းကြီးတစ်ခုရှိ တပည့်များ၏ စွမ်းအင်ဖြစ်လေသည်။
"ခင်ဗျားက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ"
ကျင်ဖုန်းသည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ပို၍ပင် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် လင်းဟောက်ရန်ထံ ထိုးနှက်လိုက်သည်။
ဘန်း
လင်းဟောက်ရန်သည် သတိလက်လွတ်ဖြစ်သွားသောကြောင့် ဦးခေါင်းကို ထိမှန်သွားခဲ့သည်။ သူသည် နံရံနှင့် ဝင်ဆောင့်မိကာ ပါးစပ်မှ သွေးများ ထွက်လာလေ၏။
အခန်း (၉၈၉) ကျုပ် ပြောချင်တာ ခင်ဗျားတို့ ဂုဏ်းတစ်ခုလုံးက အမှိုက်သရိုက်တွေပဲ
"ခင်ဗျား ဘာလုပ်ဖို့ကြိုးစားနေတာလဲ" လင်းဟုန့်ဖုန်သည် အလွန် ဒေါသထွက်သွားလေသည်။ ကျင်ဖုန်းသည် သူ၏အရှေ့တွင်ပင် သူ၏သားဖြစ်သူကို ဒဏ်ရာရစေသည်အထိ မောက်မာစွာ ပြုမူခဲ့သည်။ ဤသည်မှာ အလွန် သည်းမခံနိုင်သော လုပ်ရပ်ဖြစ်သည်။
"ခင်ဗျားကတော့ သေချင်နေတာပဲ" သူ၏ခန္ဓာကိုယ်သည် ဒေါသစိတ်ကြောင့် တုန်ရင်နေခဲ့သည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အမြောက်တစ်ခုကဲ့သို့သော လက်သီးချက်ကို ဝှေ့ယမ်းလိုက်ရာ၊ တုန်လှုပ်ချောက်ချားဖွယ် လက်သီးစွမ်းအင်သည် ကျင်ဖုန်းဆီ ရောက်ရှိသွားခဲ့သည်။ ကျင်ဖုန်းကမူ ၎င်းကို မျှော်လင့်ထားပုံပေါ်သည်။ ကျင်ဖုန်းသည် အနည်းငယ်မျှပင် အလေးအနက်ထားခြင်းမရှိဘဲ သူသည်လည်း လက်သီးဖြင့် တိုက်ခိုက်လိုက်သည်။
ဘန်း ဘန်း ဘန်း
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ရိုက်ခတ်မှုအပြီးတွင် ဒေါသစိတ်ဖြင့် တိုက်ခိုက်ခဲ့သော လင်းဟုန့်ဖုန်သည် အသာစီးမရရှိခဲ့ပေ။ သူသည် မည်သို့မျှ အသာစီးမရနိုင်သောကြောင့် ရပ်တန့်ရန်သာ တတ်နိုင်ခဲ့သည်။
"လင်းဟုန့်ဖုန်၊ ခင်ဗျား ဆင်ခြင်ဥာဏ်ရှိဖို့ ကျုပ် အကြံပေးလိုက်မယ်။ ကျုပ်ဆရာက ခင်ဗျားသမီးကို နှစ်သက်ပေးတာကို ခင်ဗျားက ဂုဏ်ယူရမှာ။ လူတော်တော်များများက ကျုပ်ဆရာရဲ့ တပည့်ဖြစ်ချင်ကြပေမယ့် အခွင့်အလမ်းတောင် မရကြဘူး။ ခင်ဗျားတို့တွေ အကောင်းအဆိုး မသိကြရင် ကျုပ်တို့ကို မယဉ်ကျေးလို့ဆိုပြီး အပြစ်မတင်ကြနဲ့" ကျင်ဖုန်းက ပြောသည်။
"ကျင်ဖုန်း၊ ဒါက မဟာရွှင်လန်းမှု မဟုတ်ဘူး။ ခင်ဗျား လုပ်ချင်တာလုပ်လို့ မရဘူးကွ" လင်းဟုန့်ဖုန်၏ မျက်လုံးများသည် သတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ကျင်ဖုန်း၏ မသမာသော အပြုအမူသည် သူ့ကို လုံးလုံးလျားလျား ဒေါသထွက်စေခဲ့သည်။ ကျင်ဖုန်းသည် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် တစ်ဦးမျှသာဖြစ်သည်။ ထျန်ဟဲမြို့ ခွန်အားအရ၊ ၎င်းတို့သာ ရက်စက်ကြမ်းကြုတ်ကြမည်ဆိုလျှင် မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"ခင်ဗျားက သေချင်နေရင် ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်" လင်းဟုန့်ဖုန်က ပြောလိုက်သည်။
ကျင်ဖုန်းသည် လင်းဟုန့်ဖုန်ကို အထင်အမြင်သေးသော အကြည့်ဖြင့် ပြောလိုက်သည်။
"ခင်ဗျား သတ္တိရှိလား။ ဒီလိုလုပ်တာရဲ့ အကျိုးဆက်ကို ခင်ဗျား သိပါတယ်။ ကျုပ်ဆရာက ခင်ဗျားရဲ့ မျိုးနွယ်တွေအားလုံးကို သတ်ပစ်လိမ့်မယ်။ လင်းမိသားစုက နာခံချင်စိတ်မရှိမှတော့ မြို့ပိုင်ရှင်ကို ပြောင်းရတာပေါ့"
ကျင်ဖုန်း၏ စကားများသည် အေးစက်၍ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
သို့သော် ဤဖြစ်ရပ်နှင့်ပတ်သက်၍ မည်သူမျှ ယုံမှားသံသယဝင်ခြင်း မရှိကြပေ။ ဤဖြစ်စဉ်သည် နတ်ကုန်းမြေ၌ သာမာန်ဖြစ်ရပ်တစ်ခုဖြစ်သည်။ မြို့ပိုင်ရှင်များသည် ဂိုဏ်းကြီးများ သို့မဟုတ် အထက်တန်းလွှာများကို မှီခိုအားထား၍ ရှင်သန်နေထိုင်လေ့ရှိကြသည်။ ဂိုဏ်းတစ်ခုသည် မြို့တစ်မြို့၏ ပိုင်ရှင်ကို စိတ်မကျေနပ်သည်နှင့် မျိုးနွယ်စုတစ်ခုလုံး ကွပ်မျက်ခံရခြင်းသည် သာမန်ဖြစ်စဉ်ဖြစ်လေသည်။ ဖြောင့်မတ်သော ဂိုဏ်းတစ်ခုဖြစ်လျှင် ကောင်းမွန်မည်ဖြစ်သော် နတ်ဆိုးလမ်းစဉ်နှင့် နီးစပ်သည့် မဟာရွှင်လန်းမှုဂိုဏ်းကဲ့သို့သော ဂိုဏ်းမျိုးသည် တစ်ကြိမ် နှစ်ကြိမ်ထက်မက သုတ်သင်ခဲ့သူများဖြစ်သည်။
အကယ်၍ ထျန်ဟဲမြို့သည် ယခင်ကကဲ့သို့ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ကာကွယ်မှုအောက်တွင်ရှိနေပါက အန္တရာယ်ရှိမည် မဟုတ်ပေ။ မဟာရွှင်လန်းမှုဂိုဏ်း၏ ဖိအားကို ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက သဘာဝအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။ အဆုံးတွင် ဂိုဏ်းတစ်ခုနှင့်တစ်ခုကြားရှိ ဆက်ဆံရေးသည် အပြန်အလှန် မှီခိုနေခြင်းဖြစ်ပေသည်။ မြို့တစ်မြို့သည် ဂိုဏ်းတစ်ခု၏ ကျင့်ကြံမှုအတွက် လိုအပ်သော အရင်းအမြစ်မျိုးစုံကို စုဆောင်းပေး၍ ဂိုဏ်းသည် မြို့ကို ကာကွယ်ပေးမည်ဖြစ်သည်။ သို့သော်လည်း ယခုအခါ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း ပျက်သုဉ်းသွားသောကြောင့် ထျန်ဟဲမြို့သည် မိခင်မရှိသော ကလေးငယ်တစ်ယောက်ကဲ့သို့ဖြစ်နေ၍ မည်သူမျှ ဂရုမစိုက်ကြပေ။
လင်းဟုန့်ဖုန်သည် သူ၏ဒေါသကို ဖိနှိပ်၍ အေးစက်စွာ ပြောလိုက်သည်။
"ဒီကိစ္စကို ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ကျုပ်သမီးမှာ ဆရာရှိပြီးသား"
"ဆရာရှိပြီးသားလား။ ဒါဆို ကျုပ် အဲ့ဒီ့ဆရာကို မောင်းထုတ်လိုက်မယ်။ ကျုပ်ဆရာရဲ့ တပည့်ကို ဘယ်သူက လုယူရဲတာလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။ ဒင်းတို့က သေခြင်းတရားကို လိုက်ရှာနေတာပဲ။ ကျုပ်ရှေ့မှာ ဘယ်က လူရိုင်း ပေါ်လာမလဲဆိုတာ သိချင်မိသား။ ပေါ်လာတာနဲ့ တစ်ချက်တည်း သတ်ပစ်လိုက်မယ်" ကျင်ဖုန်းက ဘာသိဘာသာ ပြောလိုက်သည်။
ကျင်ဖုန်းသည် လင်ချန်ရှီ၏ဆရာနှင့်ပတ်သက်၍ ဂရုမစိုက်ပေ။ ဤနေရာသို့ မရောက်မီ သူ၏ စစ်ဆေးမှုများအရ မည်သည့် နာမည်ကြီး ပုဂ္ဂိုလ်ကမျှ သူမကို တပည့်အဖြစ် လက်ခံထားခြင်း မရှိပေ။ နာမည်ကြီး ပုဂ္ဂိုလ် တစ်စုံတစ်ဦးကမျှ တပည့်အဖြစ် လက်မခံခဲ့၍ ဤဆရာဟူသော လူသည် လုပ်ကြံဖန်တီးထားခြင်း မဟုတ်လျှင် ဤသည်မှာ ၎င်းတို့ဂိုဏ်း၏ တပည့်တစ်ဦးကို လုယူဝံ့သည့် ကြုံရာကျပန်းလူတစ်ဦးသာ ဖြစ်ပေလိမ့်မည်။ ထိုလူသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေခြင်းသာ မဟုတ်သလော။
"ခင်ဗျား ကျုပ်ကို ဘယ်လိုသတ်မယ်ဆိုတာ ကြည့်ချင်သေးတယ်" ပြတ်သားသော အသံကို ကြားလိုက်ရသည်နှင့် ပုံရိပ်တစ်ခုသည် ခန်းမထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၍ ကျင်ဖုန်းကို အေးစက်စွာ ကြည့်နေသည်။
"ခင်ဗျားက ဘယ်သူများလဲ" ကျင်ဖုန်းက မော့ကြည့်လိုက်သောအခါ အနက်ရောင် ၀တ်ဆင်ထားသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
"ဆရာ၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ" လင်းချန်ရှီသည် ချူးယွင်ဖန်းကို တွေ့သောအခါ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
"ကိုယ့်နေရာကိုယ်မသိဘဲ ကျုပ်တပည့်ကို လုယူချင်သူတွေ ရှိနေတယ်။ ကျုပ်သာ ရောက်မလာရင် ကျုပ်ကို သတ်သွားမှာပေါ့" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။
"ဟားဟားဟား။ လင်းဟုန့်ဖုန် ခင်ဗျားတော့ တော်တော်လေး အသည်းအသန်ဖြစ်နေတာပဲ။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း ပျက်စီးသွားပြီး ဆိုပေမယ့် ဘယ်လို ဆရာမျိုးကို ခင်ဗျားသမီးအတွက် ရှာလာခဲ့တာလဲ၊ ဒီကြုံရာကျပန်းလူလား" ကျင်ဖုန်းသည် မယုံကြည်နိုင်ဖွယ် အကောင်းဆုံးဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချူးယွင်ဖန်းသည် အလွန် ငယ်ရွယ်သူဖြစ်ကြောင်း သူ ပြောနိုင်သည့်အပြင် သူ့ထက်ပင် များစွာ ငယ်ရွယ်ပုံပေါ်သည်။ ထိုသို့သော လူတစ်ဦး၏ ကျင့်ကြံမှုသည် မည်မျှ မြင့်မားနိုင်မည်နည်း။ သူသည် လင်းဟောက်ရန်မျှပင် သန်မာမည့်ပုံမပေါ်ပေ။ လင်းဟုန့်ဖုန်သည် လင်းချန်ရှီအတွက် ထိုကဲ့သို့သော ဆရာတစ်ဦးကို ရှာပေးခဲ့ခြင်းအရ ဤသည်မှာ မိမိကိုယ်ကို နှိမ့်ချခြင်းမဟုတ်လျှင် မည်သည်ဖြစ်သနည်း။
"ခင်ဗျားက ကျုပ်ဆရာနဲ့ တပည့် ပြိုင်လုဝံ့တယ်တဲ့လား။ မဟာရွှင်လန်းမှုရဲ့ စွမ်းအင်ကို ခင်ဗျား နားမလည်ဘူး ထင်တယ်၊ ကျုပ် ခင်ဗျားကို အခွင့်အရေးပေးလိုက်မယ်။ ကျုပ် ဒူးထောက်ပြီး တောင်းပန်ရင် ခင်ဗျားအသက်ကို ချမ်းသာပေးမယ်" ကျင်ဖုန်းသည် ချူးယွင်ဖန်းကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
"ခင်ဗျားက အကောင်းအဆိုးကို တကယ် နားမလည်ဘူးပဲ" ချူးယွင်ဖန်းက လှောင်ရယ်ကာ ပြောလိုက်သည်။ ချူးယွင်ဖန်းသည် ကျင်ဖုန်းကို ကြည့်လိုက်သည်နှင့် သူ၏နောက်ခံအသိုင်းအဝိုင်းကို ချက်ချင်း မြင်တွေ့နိုင်သည်။
"ဒါဆို ခင်ဗျားက တခြားသူတွေရဲ့ အနှစ်သာရကို စုပ်ယူပြီး ကောက်ကျစ်တဲ့ ကျင့်ကြံနည်းကို သုံးနေတာပေါ့လေ"
သူသည် တစ်ချက်တည်း ကြည့်ရုံဖြင့် ကျင်ဖုန်း ကျင့်ကြံသည့် နည်းစနစ်၏ မူလဇာစ်မြစ်ကို ပြောပြနိုင်သည်။ စုံတွဲကျင့်ကြံခြင်းသည် ကောင်းကင်နှင့်မြေကြီး၏ တာအိုလမ်းစဉ်ဖြစ်သည်။ ယင်နှင့်ရန် ပေါင်းစပ်ခြင်းသည် ဖြောင့်မတ်သော လမ်းစဉ်ဖြစ်လေသည်။ သို့သော် ၎င်းသည် စုံတွဲကျင့်ကြံခြင်း လမ်းစဉ်ဖြစ်၍ အမျိုးသားအပြင် အမျိုးသမီးပါ ခွန်အားကို မြှင့်တင်ပေးနိုင်ရမည်ဖြစ်ည်။
သို့သော် မဟာရွှင်လန်းမှု၏ စုပ်ယူမှုသည် လုံးလုံးလျားလျား ကွဲပြားခြားနားလေသည်။ မိမိကိုယ်မိမိ တိုးတက်စေရန်အတွက် တစ်ဖက်လူကို ကျင့်ကြံမှု အခွံအဖြစ် အသုံးပြုခြင်းသည် အခြားလူကို အကျိုးမပြုဘဲ ထိခိုက်နစ်နာစေသည့် ကောက်ကျစ်သော နည်းလမ်းဖြစ်သည်။
ချူးယွင်ဖန်းသည် ထိုကောက်ကျစ်သော ကျင့်ကြံနည်းများကို အမြဲတစေ ရှုံ့ချခဲ့သူဖြစ်သည်။
"ခင်ဗျား ဘာပြောလိုက်တယ်" ကျင်ဖုန်းက ချူးယွင်ဖန်းကို စူးစိုက်၍ ကြည့်လိုက်သည်။
"စိတ်မရှိပါနဲ့၊ ကျုပ် ခင်ဗျားကို ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး။ ကျုပ် ဆိုလိုချင်တာက ခင်ဗျားတို့ ဂိုဏ်းတစ်ခုလုံးက အမှိုက်သရိုက်တွေပဲ" ချူးယွင်ဖန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
"ခင်ဗျားကတော့ သေခြင်းတရားကို ရှာနေတာပဲ" ကျင်ဖုန်း၏ အနောက်ဘက်တွင် ရပ်နေကြသည့် လူငယ်သုံးဦးက ရုတ်တရက် ဒေါသထွက်လာ၍ ချူးယွင်ဖန်းဆီ ပြေးထွက်သွားလေသည်။ ဤလူများ၏ ခွန်အားသည် အလွန် သန်မာကြ၍ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ တက်လှမ်းနေကြပြီဖြစ်သည်။
"ကိုယ့်ကိုယ်ကို အထင်ကြီးနေကြတာပဲ" ချူးယွင်ဖန်းက အေးစက်စွာ အော်ဟစ်ပြီးနောက် ကြောက်မက်ဖွယ် ချီစွမ်းအင်ကို သူ၏ခန္ဓာကိုယ်မှ လွှတ်ထုတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ထံ ချီတက်နေကြသော လူငယ်သုံးဦးသည် စွမ်းအင်တံတိုင်းကို ထိမှန်သွားသကဲ့သို့ လွင့်ပျံသွား၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြသည်။ လူငယ်သုံးဦးသည် တစ်ခဏမျှ ရုန်းကန်ပြီးနောက် မလှုပ်ယှက်နိုင်တော့ဘဲ ပွဲချင်းပြီး သေဆုံးသွားကြသည်။
ချူးယွင်ဖန်းသည် သူ၏မျက်နှာထက်တွင် ရွံရှာစက်ဆုပ်သော အရိပ်အမြွက်များဖြင့် လူငယ်သုံးဦးကို လှည့်ကြည့်လိုက်သည်။ မဟာရွှင်လန်းမှုဂိုဏ်း၏ ကျင့်ကြံမှုလမ်းစဉ်သည် အမျိုးသမီးများထံမှ ယင်စွမ်းအင်အမြောက်အများကို ရိတ်သိမ်းရန်ဖြစ်သည်။ ၎င်းတို့အားလုံး ဤအဆင့်သို့ ကျင့်ကြံနိုင်ရန်အတွက် လူပေါင်း မည်မျှ သေဆုံးသွားရမည် တွေးမိလိုက်လေသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ရွံရှာမှုကိုသာ ခံစားလိုက်ရ၍ ကရုဏာသက်ခြင်း မရှိခဲ့ပေ။
"ခင်ဗျားကများ အတင့်ရဲလို့" ကျင်ဖုန်းက ထိတ်လန့်နေသည့်အပြင် ဒေါသလည်း ထွက်နေမိသည်။
"ခင်ဗျားက သန်မာတာနဲ့ အာဏာရှင်လို ပြုမူနိုင်မယ်လို့ မထင်လိုက်နဲ့၊ ဒီကမ္ဘာမှာ ခင်ဗျားထက် သန်မာတဲ့သူတွေ အမြဲကြီးရှိနေတယ်"
ချူးယွင်ဖန်းသည် လှုပ်ရှားမှု ပြုလုပ်ရုံမျှဖြင့် ကျင်ဖုန်း၏ ဂျူနီယာ ညီအကို သုံးယောက်ကို အလွယ်တကူ သတ်ပစ်လိုက်သည်။ ဤအချက်အရ ချူးယွင်ဖန်း၏ အင်အားသည် သူ့ထက်သာလွန်သည်ဟု နားလည်သွားစေသည်။ ထို့ကြောင့် ကျင်ဖုန်းသည် ဤသို့သော အခြေအနေမျိုးတွင် ယခင်ကဲ့သို့ မာနမကြီးဝံ့ဘူး။
"ခင်ဗျား ကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား" ချူးယွင်ဖန်း၏ နှုတ်ခမ်းများသည် အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားလေ၏။
အခန်း (၉၉၀) မဟာရွှင်လန်းခြင်းဂိုဏ်းတဲ့လား
ချူးယွင်ဖန်းသည် လှုပ်ရှားမှု ပြုလုပ်ရုံမျှဖြင့် ကျင်ဖုန်း၏ ဂျူနီယာ ညီအကို သုံးယောက်ကို အလွယ်တကူ သတ်ပစ်လိုက်သည်။ ဤအချက်အရ ချူးယွင်ဖန်း၏ အင်အားသည် သူ့ထက်သာလွန်သည်ဟု နားလည်သွားစေသည်။ ထို့ကြောင့် ကျင်ဖုန်းသည် ဤသို့သော အခြေအနေမျိုးတွင် ယခင်ကဲ့သို့ မာနမကြီးဝံ့ဘူး။
"ခင်ဗျား ကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား" ချူးယွင်ဖန်း၏ နှုတ်ခမ်းများသည် အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။
ချူးယွင်ဖန်းက ကျင်ဖုန်းကို အေးစက်စက် အပြုံးဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားက အရမ်း သန်မာတယ်ဆိုရင်တောင် ကျုပ်တို့ကို ဒီလိုအနိုင်ကျင့်လို့ မရဘူး။ ကျုပ်တို့ မဟာရွှင်လန်းမှုဂိုဏ်းကို ပေါ့သေးသေး မထင်လိုက်နဲ့" ကျင်ဖုန်းက ကျယ်လောင်စွာ ပြောလိုပ်သည်။
"မဟာရွှင်လန်းမှုဂိုဏ်းတဲ့လား၊ အဲဒါက ဘာလဲ။ တရားမဝင်နည်းလမ်း ကျင့်ကြံသူတွေကများ ဒီမှာ လာပြီး မောက်မာရဲရတယ်လို့" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။
"ခင်ဗျားကများ..." ကျင်ဖုန်းသည် ချူးယွင်ဖန်းကို စူးရှသော သတ်ဖြတ်ချင်ဖြင့် စိုက်ကြည့်နေသည်။
ယနေ့ကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းရန် မဖြစ်နိုင်ကြောင်း သူ နားလည်သွားခဲ့သည်။ ကျင်ဖုန်းသည် သူ၏ခါးမှ အနီရောင်ခရားကြီးတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်။ သူသည် အနီရောင်ခရားကို အမြင့်သို့ မြှောက်တင်ကာ မွေးဖွားခြင်းနယ်မြေ စွမ်းအင်ဖြင့် အသက်သွင်းလိုက်သည်။ တခဏချင်းမှာပင် ၎င်းအတွင်းမှ ပန်းရောင်ကင်းခြေများတစ်ကောင် ပြေးထွက်လာ၍ လျှပ်စီးကဲ့သို့ အလျင်ဖြင့် ချူးယွင်ဖန်းဆီ ခုန်အုပ်လိုက်လေသည်။
ကျင်ဖုန်း၏ မျက်နှာတွင် ယုတ်မာရက်စက်သော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလာသည်။ အနီရောင်ခရားက မည်သည့်အရာဖြစ်သည်ကို မိမိသည်သာ သိထားသည်။ ၎င်းသည် သူ မတော်တဆ ရရှိခဲ့သည့် မှော်ကိရိယာအတုတစ်ခုဖြစ်သည်။ ၎င်းကို နှစ်ပေါင်းများစွာ သန့်စင်ပြီးနောက် ၎င်းသည် သူနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့သည်။ ကျင်ဖုန်းသည် ဤရတနာခရားကို အသုံးပြု၍ သူနှင့် တူညီသော ကျင့်ကြံမှုအဆင့်ရှိ လူများကို လှည့်စားခဲ့သည်။ သူသည် ၎င်းဖြင့် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် လှည့်ဖြားနိုင်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိသည်အထိ ပြုလုပ်နိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် နတ်အဆင့်သို့ ဝင်ရောက်ခါစသာဖြစ်သော်လည်း ဤသည်မှာ အလွန် အံ့ဩဖွယ်ကောင်းနေပြီဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ဖြစ်သည့် မိမိသည် နတ်အဆင့်ကို ဆန့်ကျင်ရန် ကြံစည်နိုင်သည်ဟု ဆိုခြင်းက အလွန် ဂုဏ်ယူဖွယ်ကောင်းပေလိမ့်မည်။ သို့သော် ဤသည်မှာ သူ၏ဝှက်ဖဲဖြစ်သောကြောင့် ကျင်ဖုန်းက လူသိရှင်ကြား ထုတ်ပြောမည် မဟုတ်ပေ။
ထို့အပြင် ၎င်းသည် နတ်အဆင့် ကျွမ်းကျင်သူများကို စိတ်မကျေနပ်မှုများ ဖြစ်ပွားစေနိုင်သည်။ ဤလှုပ်ရှားမှုသည် ရာနှုန်းပြည့် ထိရောက်သောကြောင့် ဤသောက်ကျိုးနည်း အမျိုးသား၏ ကျင့်ကြံမှုသည် မည်မျှ သန်မာနေပါစေ သေဆုံးသွားမည်မှာ သေချာသည်။
သို့သော် ကျင်ဖုန်း၏ အပြုံးများ ချက်ချင်းဆိုသလိုပင် အေးခဲသွားခဲ့သည်။
ပန်းရောင် အခိုးအငွေ့များကို စွန့်ထုတ်နေသည့် ပန်းရောင်ကင်းခြေများသည် သူ့ဆီသို့ ရောက်ရှိခါနီးတွင် ချူးယွင်ဖန်းက ပါးစပ်ကို ဖွင့်ဟ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မမြင်နိုင်သော အသံလှိုင်းတစ်ခု ထွက်လာ၍ ပန်းရောင်ကင်းခြေများသည် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရသကဲ့သို့ ဗလာနတ္တိအဖြစ်သို့ ပျောက်ကွယ်သွားလေ၏။
"ဘာလဲဟ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျင်ဖုန်းသည် လည်ချောင်းတစ်ခုလုံး ဖိညှစ်ခံလိုက်သကဲ့သို့ ရုတ်တရက် ဆွံ့အသွားခဲ့သည်။ သူသည် ပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်ကာ ကျင့်ကြံခဲ့ရသည့် လှည့်ကွက်သည် ချူးယွင်ဖန်းအရှေ့တွင် ထိရောက်မှု မရှိခဲ့ပေ။ သူသည် လုံးလုံးလျားလျား ထိတ်လန့်သွားခဲ့သည်။ ဤသည်မှာ မည်သည်ကို ဆိုလိုခြင်းဖြစ်သနည်း။ ဆိုလိုရင်းမှာ ချူးယွင်ဖန်းသည် သူထင်မှတ်ထားသည်ထက် များစွာ ပို၍ အစွမ်းထက်ပုံရသည်။
"ဒီလိုနည်းလမ်းနဲ့ ကျုပ်ကို ဆန့်ကျင်ခဲ့မှတော့ ကျုပ် ခင်ဗျားကို ထွက်သွားခွင့် ပြုလို့ ဘယ်ဖြစ်မလဲ" ချူးယွင်ဖန်းက အေးစက်စွာ အော်လိုက်ပြီးနောက် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် မည်သည့် လှုပ်ရှားမှုကိုမျှ ပြုလုပ်ခဲ့ပုံမပေါ်ဘဲ ရိုက်ချက်တစ်ခုကိုသာ ပစ်လွှတ်လိုက်သည်။
တုန်လှုပ်ချောက်ချားဖွယ် လက်ဖဝါး စွမ်းအင်တစ်ခု ပျံ့နှံ့လာသော်လည်း ၎င်းစွမ်းအင်၏ မည်သည့် အရိပ်အမြွက်မျှ ပေါက်ကြားခဲ့ခြင်းမရှိပေ။ အခြားလူများသည် အပြောင်းအလဲကို မခံစားရသော်လည်း ကျင်ဖုန်းသည် မီးလောင်ခံလိုက်ရသကဲ့သို့ ပြာဖြစ်သွားခြင်းကို ၎င်းတို့၏ မျက်လုံးများဖြင့် မြင်တွေ့လိုက်ရလေသည်။ ပြီးနောက် ပြာများသည် လေနှင့်အတူ လွင့်စဉ်ပျောက်ကွယ်သွားခဲ့သည်။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ လူတိုင်းသည် တစ္ဆေတစ်ကောင်ကို မြင်တွေ့ခဲ့ရသကဲ့သို့ ချူးယွန်းဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ၎င်းတို့၏ မျက်လုံးများကို မယုံကြည်နိုင်ဖြစ်နေကြသည်။ ကျင်ဖုန်းသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင်ရှိနေ၍ လင်းဟုန့်ဖုန်ထက်ပင် သန်မာသော်လည်း ချူးယွင်ဖန်းသည် သူ့ကို တစ်ချက်တည်း သတ်ပစ်လိုက်သည်။
မှန်ကန်စွာပြောရလျှင် ၎င်းတို့အားလုံးသည် ရိုက်ချက်မှ သက်ရောက်လာသော လေထုကိုပင် မခံစားခဲ့ရပေ။ အခြေအနေတစ်ခုလုံးတွင် မည်သည့် ထိတ်လန့်တုန်လှုပ်ဖွယ် အပြောင်းအလဲမှုမျှ မရှိခဲ့ပေ။ ပြီးနောက် ကျင်ဖုန်းသည် ထိုကဲ့သို့ သေဆုံးသွားခြင်းကို မြင်တွေ့လိုက်ရသည်။ အမှန်တကယ်ပင်၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ မျက်လုံးများကို သံသယဖြစ်နေခြင်း မဟုတ်ကြပေ၊ ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ကျန်ရစ်တော့လေသည်။ ဤသည်မှာ ချူးယွင်ဖန်း၏ အတွင်းစွမ်းအင်သည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေ၍ သူသည် အတွင်းစွမ်းအင်ကို အလွန် အဆင့်မြင့်မားစွာ ထိန်းချုပ်နိုင်ခြင်းဖြစ်ပေလိမ့်မည်။
၎င်းသည်သာ တစ်ခုတည်းသော ဖြစ်နိုင်ချေဖြစ်ပေသည်။ လင်းဟုန့်ဖုန်သည် စိတ်ထဲတွင် အလွန် ခံစားသွားမိသည်။ သူ၏သားဖြစ်သူ လင်ဟောက်ရန်နှင့် သမီးငယ် လင်ချန်ရှီတို့သည် ၎င်းက မည်သည်ကို ဆိုလိုနေကြောင်း ရှင်းရှင်းလင်းလင်း မသိကြသေးသော်လည်း ဤသို့သော ကိစ္စမျိုးသည် သူ့ဘက်မှ မပြုလုပ်နိုင်သည်မှာ သိသာထင်ရှားသည်။ ရယ်ဖွယ်ရာကောင်းလွန်းလှပေသည်၊ ဤသည်မှာ လူသားတစ်ဦး ပြုလုပ်နိုင်သည် အရာဖြစ်သလော။
အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေအဆင့်ရှိ တစ်စုံတစ်ယောက်သည် ထိုသို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ဖြစ်နိုင်ခြေတစ်ခုသာ ကျန်ရစ်တော့သည်။ သူ၏သမီးဖြစ်သူ ပြောခဲ့သည့် ဤထိပ်တန်းကျွမ်းကျင်သူသည် နတ်အဆင့်တွင် ရှိနေပုံပေါ်သည်။ ထိုသို့တွေးမိသောအခါ လင်းဟုန့်ဖုန်က မတည်ငြိမ်နိုင်တော့ပေ။
"ကျွန်တော်တို့ကို အခက်အခဲတွေကနေ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာချူး" လင်းဟုန့်ဖုန်က ဦးညွှတ်၍ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဒါက လွယ်ကူပါတယ်။ ကျုပ်တပည့်ကို လုယူဖို့ ရောက်လာကြတာကို ကျုပ် ဒီအတိုင်းကြည့်နေမယ်လို့ ထင်နေတာလား" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
သူသည် လင်းချန်ရှီကို အစပိုင်းတွင် လက်မခံချင်သော်လည်း ယခုအခါ လက်ခံပြီးပြီဖြစ်သောကြောင့် မဟာရွှင်လန်းမှုဂိုဏ်း၏ လူအများကို သူမအား ခေါ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ။ မဟာရွှင်လန်းမှုဂိုဏ်း၏ ကျင့်ကြံနည်းစနစ်အရ သူမကို ခေါ်ဆောင်သွားပါက အကျိုးဆက်များသည် အလွန် ဆိုးရွားသွားပေလိမ့်မည်။
"ဆရာက ကျွန်မကို အရမ်း ဂရုစိုက်တာ" လင်းချန်ရှီက ခစ်ခစ်ရယ်မော၍ ချွဲနွဲ့စွာ ပြောလိုက်သည်။
"ဒီကိရိယာရဲ့ အရည်အသွေးက မဆိုးပါဘူး၊ ဒါပေမယ့် အဲဒါကို အမှိုက်ဖြစ်အောင် ဖန်တီးထားကြတယ်။ ဒါကို ကျုပ် ပြုပြင်ပေးမယ်။ ဒီလိုဆိုရင် ခင်ဗျားရဲ့ ကျင့်ကြံမှုမှာ အားဖြည့်ဖို့အတွက် သုံးလို့ရတယ်။ ဒီအမှိုက်သရိုက် ကင်းခြေများထက်စာရင် အများကြီး ပိုကောင်းလိမ့်မယ်" ချူးယွင်ဖန်းသည် အနီရောင်ခရားကို ကောက်ယူ၍ ပြောလိုက်သည်။
ချူးယွင်ဖန်းက သူ၏လက်ထဲရှိ အနီရောင်ခရားကို ကြည့်လိုက်သည်။ အနီရောင်ခရားသည် နတ်ရတနာတစ်ခုဖြစ်ပေသည်။ သို့သော ထိုသို့သော အမှိုက်တစ်ခုအဖြစ် ဖန်တီးခံရခြင်းမှာ နှမြောစရာကောင်းလှသည်။ ၎င်းသည် မှော်ကိရိယာ အတုတစ်ခုသာဖြစ်သော်လည်း ကျင်ဖုန်းသည် ၎င်းအတွက် အလွန် ဂုဏ်ယူနေခဲ့သည်။
ဤသည်မှာ ချူးယွင်ဖန်းအတွက် မပြောပါ့လောက်သော အရာတစ်ခုသာဖြစ်သည်။
ဆေးဧကရာဇ်များသည် ဆေးပညာတွင် ထူးချွန်သော်လည်း လက်နက်များ ပြုလုပ်နည်းကို မသိကြဘူးဟု မဆိုလိုပေ။ အတိုင်းအတာတစ်ခုအထိ ရောက်ရှိခဲ့သော ကျွမ်းကျင်သူများသည် ဆေးလုံးနှင့် လက်နက်များကို ဖန်တီးပြုလုပ်နိုင်ကြသည်။ ၎င်း၏ အဆင့်အတန်းများသည်သာ ကွဲပြားပေလိမ့်မည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ" လင်းချန်ရှီက ဝမ်းသာအားရပြောလိုက်သည်။
"မစ္စတာချူး၊ ခင်ဗျားက မဟာရွှင်လန်းမှုဂိုဏ်းရဲ့လူတွေကို သုတ်သင်ခဲ့တော့ ဒီကိစ္စကို သူတို့တွေ ဒီအတိုင်း လွှတ်မပေးမှာကို ကျုပ် စိုးရိမ်မိတယ်" လင်းဟောင်ဖန်သည် ချူးယွင်ဖန်းကို ကြည့်၍ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် သူ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်။
"စိတ်မပူပါနဲ့။ မဟာရွှင်လန်းမှုဂိုဏ်းက လူတွေ ရောက်လာရင် သူတို့တွေ ပြန်လို့မရနိုင်အောင် ကျုပ် လုပ်ပြမယ်။ ဒီဂိုဏ်းရဲ့ ကျင့်ကြံနည်းစနစ်က ရက်စက်ကြမ်းကြုတ်ပြီး ခွင့်မလွှတ်နိုင်စရာကောင်းလွန်းတယ်။ ဒါကို မြင်ပြီးမှတော့ ကျုပ် ဒင်းတို့ကို လွယ်လွယ်နဲ့ လွှတ်မပေးနိုင်ဘူး"
"အဲ့လိုဆိုရင်တောင်၊ မဟာရွှင်လန်းမှုဂိုဏ်းဟာ သာမန် ဂိုဏ်းတစ်ခု မဟုတ်ဘူး။ အင်အားကြီး ဂိုဏ်းသုံးခုနဲ့ ယှဉ်လို့မရပေမယ့် သူတို့တွေလည်း ပထမအဆင့် အင်အားစုတစ်ခုပဲ။ မဟာရွှင်လန်းမှုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က နတ်အဆင့်ကို ရောက်နေတာကြာပြီလို့ ပြောကြတယ်" လင်းဟုန့်ဖုန်က စိုးရိမ်စွာ ပြောနေဆဲဖြစ်သည်။
ချူးယွင်ဖန်းသည် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူသိသော်လည်း အဆင့်များကြားတွင် ကွဲပြားမှုများရှိနေသေးသည်။
"ကျုပ်ဘက်က ဒီလို ပြောပြီးပြီဆိုမှ ကျုပ် ယုံကြည်မှုရှိပါတယ်။ ခင်ဗျား စိတ်ပူမနေပါနဲ့၊ မြို့ပိုင်ရှင်လင်း"
ချူးယွင်ဖန်းသည် သူ၏ လက်ရှိ ပြန်လည်ကုသမှု အရှိန်အဟုန်ဖြင့် မကြာမီတွင် စတုတ္ထမြောက် နတ်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် သူသည် မဟာရွှင်လန်းမှုဂိုဏ်းခေါင်းဆောင်ကို အနိုင်ယူနိုင်မည်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် မစ္စတာချူး"
လင်းဟုန့်ဖုန်သည် အရိုအသေပြု၍ ပြောနေသော်လည်း သူ၏မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အမြွက်များ ရှိနေဆဲဖြစ်သည်။ သူသည် စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချမှတ်လိုက်သည်။