အခန်း (၉၉၁-၉၉၃)
Vol. 67 Ch. 991-993
အခန်း (၉၉၁) ပြီးပြည့်စုံသည့် ပြန်လည်ကျန်းမာမှုရရှိရန် အခွင့်အလမ်း၊ နောက်ထပ် ကြီးမြတ်သော နတ်ဘုရား
ချူးယွင်ဖန်း၏ ကျင်ဖုန်းကို အလွယ်တကူ သတ်ဖြတ်နိုင်မှုအရ အကြောင်းအရာတစ်ခု အတည်ပြုနိုင်သည်။ ချူးယွင်ဖန်းသည် နတ်အဆင့်သို့ အမှန်တကယ် တက်လှမ်းခဲ့သူဖြစ်ပေသည်။ နတ်အဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်တို့အပေါ် ဆက်ဆံပုံသည် လုံးလုံးလျားလျား ခြားနားသော အရာနှစ်ခုဖြစ်သည်။ ထို့အပြင် ချူးယွင်ဖန်းသည် မြို့ပိုင်ရှင်၏ မိသားစုကို ကယ်တင်နိုင်ခဲ့သောကြောင့် မြို့ပိုင်ရှင်စံအိမ်ရှိ သူ့အပေါ် ဆက်ဆံမှုများသည် သဘာဝအတိုင်း တိုးတက်ကောင်းမွန်လာခဲ့သည်။
သို့သော် ချူးယွင်ဖန်းသည် ဤအကြောင်းအရာကို သိပ်ဂရုမစိုက်ပေ။ ယခုအချိန်၌ သူ၏အဓိကတာဝန်သည် သူ၏ခွန်အားများကို ပြန်လည်ရရှိရန်ဖြစ်သည်။ ချူးယွင်ဖန်း၏ခွန်အားအရ၊ ပြန်လည်ကောင်းမွန်လာသရွေ့ တိမ်တိုက်များကဲ့သို့ ကျွမ်းကျင်သူ အများအပြားရှိနေသည့် နတ်ကုန်းမြေ၌ပင် မည်သည်ကိုမျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။
၎င်းတို့သည် လာမည့်ရက်များတွင် ချူးယွင်ဖန်းကို ဂုဏ်ပြုဧည့်သည်အဖြစ် ဆက်ဆံခဲ့ကြသည်။ ချူးယွင်ဖန်းသည် လင်းချန်ရှီသည် ကျင့်ကြံမှုများကို လမ်းညွှန်နေစဉ် သူ၏ ခွန်အားကိုလည်း ပြန်လည်ရရှိအောင် ပြုလုပ်နေခဲ့သည်။
ချူးယွင်ဖန်းသည် လင်းချန်ရှီကို သင်ကြားခြင်းမှတစ်ဆင့် နတ်ကုန်းမြေနှင့်ပတ်သက်သော အကြောင်းအရာအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏နားလည်မှုအရ၊ နတ်ကုန်းမြေသည် ရှေးဟောင်းလူသားများကာလ၏ နည်းလမ်းများကို လုံးလုံးလျားလျား အမွေဆက်ခံခဲ့ခြင်း မရှိပေ။
ထိုအချိန်က အမွေအနှစ်များသည် မပြည့်စုံခဲ့၍ နတ်ကုန်းမြေထဲသို့ ဝင်ရောက်လာသူများသည် ထိပ်တန်းကျွမ်းကျင်သူများ မဟုတ်ခြင်း၊ သို့မဟုတ် အမွေအများစုသည် မရေတွက်နိုင်သော နှစ်များစွာအတွင်း ဆုံးရှုံးသွားခြင်းဖြစ်နိုင်သည်။
နတ်ကုန်းမြေသည် လက်ရှိပြည်ထောင်စုထက် အနည်းငယ်သာ အားကောင်းနေခဲ့သည်၊ အဓိကအကြောင်းအရင်းမှာ ၎င်းတို့သည် ပြည်ထောင်စုထက် နတ်အဆင့် အမွေဆက်ခံမှုကို ပိုမိုပြည့်စုံစွာ ရရှိထားပုံပေါ်သည်။ လက်ရှိတွင် ပြည်ထောင်စုသည် နတ်အဆင့်နှင့်ပတ်သက် ရှာဖွေရေးအဆင့်တွင်သာ ရှိနေသေး၍ ပြီးပြည့်စုံသော အမွေဆက်ခံမှုများ မရှိခဲ့ပေ။ နတ်အဆင့်အထိ ကျင့်ကြံပြီးနောက်၊ အရာအားလုံးသည် ကံတရားနှင့်သာ သက်ဆိုင်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုတွင် ထိပ်တန်းကျွမ်းကျင်သူများ ရှားပါးနေခြင်းဖြစ်သည်။
၎င်းတို့သည် အနတ္တနတ်ဆိုးတောင်တန်း၊ အဏ္ဏမျိုးနွယ်စုတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် နည်းပညာမြင့် လက်နက်များရှိသည့် ၎င်းတို့၏ အားသာချက်ကိုသာ အဓိကအားကိုးခဲ့ကြသည်။ ဤနေရာရှိ လမ်းစဉ်များကိုသာ ပြည်ထောင်စုထဲသို့ မိတ်ဆက်နိုင်ပါက ပြည်ထောင်စုသည် တာအိုသိုင်းပညာတွင် ကြီးကျယ်ခမ်းနားသော ခေတ်ကြီးတစ်ခုဆီသို့ ဦးတည်သွားပေလိမ့်မည်။ ၎င်းသည် စူးစမ်းရှာဖွေရေးအချိန်ကာလကို အနည်းဆုံးလျှင် နှစ်တစ်ရာ သို့မဟုတ် နှစ်ရာပေါင်းများစွာအထိ တိုတောင်းစေမည်ဖြစ်သည်။
ချူးယွင်ဖန်းတွင် ပြီးပြည့်စုံသော အမွေအနှစ်များ ရှိခဲ့သော်ငြားလည်း ၎င်းသည် သူကိုယ်တိုင် သို့မဟုတ် သူ့ပတ်ဝန်းကျင်ရှိ လူအနည်းငယ်ကိုသာ သန်မာစေရန် လုံလောက်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးကို သန်မာစေချင်ပါက လူတစ်ဦး နှစ်ဦးအပေါ် မှီခိုအားထားရုံဖြင့် မလုံလောက်ဘဲ နိုင်ငံတော်၏ အလုံးစုံ ကြံ့ခိုင်မှုအပေါ် မူတည်နေသည်။
ချူးယွင်ဖန်းသည် ပြည်ထောင်စုကို တစ်ဦးတည်းဖြင့် ထူထောင်ရန် ဖြစ်နိုင်သော်လည်း ၎င်းဖြစ်စဉ်သည် အလွန်ကြာညောင်းပေလိမ့်မည်။ နတ်အဆင့်ကို မွေးဖွားခြင်းနယ်မြေအဆင့်ကဲ့သို့ များပြားလာစေရန် အနည်းဆုံးလျှင် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်မျှပင် အချိန်ယူရပေလိမ့်မည်။
သို့သော် နတ်ကုန်းမြေကို ပြည်ထောင်စုသို့ ထည့်သွင်းနိုင်ပါက ဤလုပ်ငန်းစဉ်သည် အလွန် တိုတောင်းသွားမည်ဖြစ်သည်။ လင်းချန်ရှီ၏ ကျင့်ကြံမှုသည် မကြာသေးမီကမှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ခဲ့သော်လည်း သူမ၏အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာလှသည်။ သူသည် စစ်မှန်သော ကျင့်ကြံနည်းစနစ်များကို လေ့ကျင့်နေခဲ့သည်မှာ သိသာထင်ရှားသည်။
ယခင်အချိန်က သူမကို လမ်းပြပေးနိုင်သည့် ထက်မြက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ယခုမူကား ချူးယွင်ဖန်း၏ လမ်းညွှန်မှုဖြင့်၊ သူမ၏ ကျင့်ကြံမှုသည် ရက်အနည်းငယ်အတွင်း မွေးဖွားခြင်းနယ်မြေ တတိယအဆင့်သို့ တိုးမြင့်လာခဲ့သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နောက်ထပ် အဆင့်ဖြတ်ကျော်မှု ပြုလုပ်နိုင်ရန် အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်။
ဤသည်မှာ လင်းချန်ရှီ၏ ခိုင်မာသော အခြေခံအုတ်မြစ်ကြောင့်လည်း ဖြစ်ပေသည်။ သူမသည် တံခါးဝနှင့် ခြေတစ်လှမ်းသာ ဝေးကွာသောကြောင့် အကျိုးသက်ရောက်မှုသည် အလွန်ကောင်းမွန်နေခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ချူးယွင်ဖန်း၏ လမ်းပြသူ ဆရာအဖြစ် ဂုဏ်သတင်းကို ခိုင်မာသွားစေကာ မြို့ပိုင်ရှင်မိသားစုသည် သူကို ပို၍ပင် ဂရုတစိုက် ဆက်ဆံလာကြသည်။
ထိုအခါ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ထျန်ဟဲမြို့ပိုင်ရှင် စံအိမ်သို့ သူ၏တပည့်အနည်းငယ်နှင့်အတူ ရောက်ရှိလာသည်ဟု ပဉ္စမမြောက်နေ့တွင် သတင်းတစ်ခုထွက်ပေါ်လာခဲ့သည်။
"အကြီးအကဲလီယန်က ကျွန်မအဖိုးရဲ့ သူငယ်ချင်းတစ်ယောက်ပါ။ အစကတော့ ထျန်ဟဲမြို့က ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းရဲ့ ကာကွယ်မှုအောက်မှာ ရှိခဲ့ပေမယ့် အခု ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက ပျက်စီးသွားတော့ အဖေက ကျွန်မတို့မိသားစုကို အကာအကွယ်ပေးဖို့အတွက် အကြီးအကဲလီယန်ကို ဖိတ်ခေါ်လိုက်တာပါ"
ချူးယွင်ဖန်းသည် သူ၏အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေ၍ တစ်ဖက်တွင်မူ လင်းချန်ရှီက သူ့ကို ကြည့်၍ အကြောင်းအရာများကို သတင်းပို့နေသည်။
ချူးယွင်ဖန်းက စိတ်မကျေမနပ်ဖြစ်မည်ကို သူမ ကြောက်ရွံ့နေပုံပေါ်သည်။ အဆုံးတွင် တောင်တစ်တောင်၌ ကျားနှစ်ကောင် အလိုက်သင့် နေထိုင်ရိုးထုံးစံ မရှိခဲ့ပေ။ ချူးယွင်ဖန်းက အနည်းငယ် ပြုံးပြလိုက်ပြီးနောက် စိတ်နှလုံးသွင်းခြင်းမရှိပေ။ သူသည် လင်းချန်ရှီ၏ဆရာသာဖြစ်၍ ထျန်ဟဲမြို့တွင် ကာကွယ်သူအဖြစ်နေရန် ရည်ရွယ်ချက်မရှိပေ။
သူ၏ ပန်းတိုင်သည် ထျန်ဟဲမြို့တစ်ခုတည်းဖြင့် ကန့်သတ်ထားနိုင်သည့် အရာမဟုတ်ပေ။ မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်သည် ကောင်းကင်ဘုံရှိ နတ်နဂါးတစ်ကောင်၏ အမြင်နှင့် အကြံအစည်များကို မည်သို့မျှ နားလည်နိုင်မည်နည်း။
“ကောင်းပါပြီ"
လင်းချန်ရှီသည် ချူးယွင်ဖန်း၏ "ကောင်းပါပြီ" ဟု တုံ့ပြန်မှုကိုသာ ကြားလိုက်ရပြီးနောက် ဤအကြောင်းအရာနှင့် ပတ်သက်၍ ဂရုမစိုက်ပုံမပေါ်ပေ။ သူမသည် စိတ်သက်သာရာ ရသွားလေသည်။ လင်းချန်ရှီသည် ချူးယွင်ဖန်းတစ်ယောက် ဒေါသတကြီးဖြင့် ထွက်သွားမည်ကို စိုးရိမ်နေမိသည်။
ဤရက်အနည်းငယ်ကြာပြီးနောက် စစနောက်နောက်ဖြင့် လက်ခံလိုခဲ့သော ဆရာသည် အမှန်တကယ် အရည်အချင်းရှိသူတစ်ဦးဖြစ်ကြောင်း သူမ နားလည်လာခဲ့သည်။ ကျင့်ကြံမှုတွင် ခက်ခဲသည့်ပြဿနာများ ကြုံတွေ့လာတိုင်း သူမဘက်မှ ထုတ်ပြောသည်နှင့် ဆရာသည် သူမအတွက် ဖြေရှင်းပေးနိုင်ခဲ့သည်။ သူသည် ဤသို့သော ပြဿနာမျိုးကို အကြိမ်ပေါင်း ထောင်ချီ၍ ကြုံတွေ့ခဲ့ရပုံပေါ်သည်။
သူမသည် ယခင်အချိန် ကျင့်ကြံခဲ့စဉ်က ဆရာမရှိခဲ့ခြင်း မဟုတ်ပေ။ သူမ ဖခင်လျှင်ပင် သူမကို ရံဖန်ရံခါ လမ်းညွှန်ပေးခဲ့သည်။ သို့သော် ကြီးမားသော ခြားနားမှုမျိုးရှိနေကြောင်း သူမ အလွယ်တကူ ခံစားနိုင်ဆဲဖြစ်သည်။ ၎င်းတို့သည် တူညီသော အဆင့်တွင် ရှိမနေကြပေ။
ချူးယွင်ဖန်းသာ ဒေါသထွက်သွားလျှင် အကြောင်းကိစ္စများ ခက်ခဲသွားပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းသည် သူမ၏မိသားစုကို စိတ်ဝင်စားပုံမပေါ်ကြောင်း မြင်တွေ့လိုက်ရသောကြောင့် သူမဘက်မှ အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။
သူမသည် ချူးယွင်ဖန်းကို ထျန်ဟဲမြို့သို့ ပြန်သွားရာလမ်းတွင် မခေါ်ဆောင်ခဲ့ပါက၊ ၎င်းတို့သည် သူနှင့် တစ်သက်တာလုံး ထိတွေ့ဆက်ဆံမှုရှိနိုင်မည် မဟုတ်ဟုပင် ခံစားနေရသည်။ ဤခံစားချက်မျိုး မည်သည့်နေရာမှ ဖြစ်ပေါ်လာသည်ကို သူမ မသိသော်လည်း သူမတွင် ဤခံစားချက်မျိုး အမှန်တကယ် ရှိနေဆဲဖြစ်သည်။
လင်းချန်ရှီ၏ အလိုလိုသိစိတ်သည် မည်သည့်အခါမှ မမှားယွင်းခဲ့သောကြောင့် သူမ၏ ဝမ်းတွင်းအသိကို အမြဲယုံကြည်ခဲ့သည်။ ချူးယွင်ဖန်းကို အစကတည်းက အလွန် သန်မာသူဟု သူမ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ယခုအခါ ၎င်းအကြောင်းအရာကို သူမ စဉ်းစားမိသောအခါ ဤအရာများကို အမျိုးသမီးတစ်ဦး၏ ဆဋ္ဌမအာရုံဖြင့်သာ ရှင်းပြနိုင်ပေလိမ့်မည်။
"စကားမစပ်၊ အဖေက ဆရာ့ကို နေ့လယ်စာ ဖိတ်ပြီး အကြီးအကဲ လီယန်တို့နဲ့လည်း မိတ်ဆက်ပေးချင်နေတယ်" လင်းချန်ရှီက ဆိုသည်။
“ကောင်းပြီလေ" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
အဆုံးတွင် အနည်းငယ် စိတ်ဓာတ်ကျမိသူသည် လင်းချန်ရှီဖြစ်သည်။ ချူးယွင်ဖန်း၏ အဖြေသည် လုံးလုံးလျားလျား မရုမစိုက်သကဲ့သို့ တိုတောင်းလွန်းလှသည်။ ၎င်းတို့မသိသည်မှာ ချူးယွင်ဖန်းသည် အရေးကြီးသောကာလသို့ ရောက်ရှိနေခဲ့သည်။ သူသည် လင်းချန်ရှီနှင့် စကားပြောနေသော်လည်း သူ၏ဒဏ်ရာများကို ကုသနေဆဲဖြစ်ရာ၊ သူသည် အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေခဲ့သည်။
ယခုမူကား သူသည် တစ်ဆို့မှုသို့ ရောက်လုနီးနေပြီဟု ခံစားမိသည်။ အဆင့်ဖြတ်ကျော်သွားသည်နှင့် စတုတ္ထမြောက် နတ်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်၍ ကျင့်ကြံမှုသည်လည်း စတုတ္တမြောက်အဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိသွားနိုင်သည်။ ဤသည်မှာ အဖျက်အဆီးမရှိဘဲ တည်ဆောက်နိုင်မည် မဟုတ်ဟုလည်း ယူဆနိုင်သည်။
"ကောင်းပြီ၊ ကျုပ် သီးသန့်ကျင့်ကြံတော့မယ်။ နေ့လယ်စာ စားချိန်ရောက်ရင် ကျုပ်ကို ထပ်လာခေါ်လှည့်" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာ" လင်းချန်ရှီက ကပျာကယာ ပြောပြီးနောက် မနှောင့်ယှက်ဝံ့ဘဲ ထွက်သွားလေသည်။
မကြာမီတွင် သူမ၏ဖခင် လင်းဟုန့်ဖုန်နှင့် သွားတွေ့လိုက်သည်။ လင်းဟုန့်ဖုန်သည် သူမကိုတွေ့သည်နှင့် ချက်ချင်း မေးမြန်းလေသည်။
"ဘယ်လိုလဲ၊ မစ္စတာချူး စိတ်ဆိုးနေလား"
"ဟင့်အင်း၊ မဆိုးပါဘူး" လင်းချန်ရှီက ခေါင်းခါလိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်" လင်းဟုန့်ဖုန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ၏ထင်မြင်ချက်အရ ချူးယွင်ဖန်းသည် နတ်အဆင့်တွင်ရှိနေသော်လည်း မကြာသေးမီကသာ နတ်အဆင့်သို့ ဝင်ရောက်ခဲ့ပုံပေါ်သည်။ အဆုံးတွင် သူသည် အလွန် ငယ်ရွယ်လွန်းလှသည်။ သို့သော်၊ နတ်အဆင့်သို့ ဝင်ရောက်ခါစ ကျွမ်းကျင်သူလျှင်ပင် ၎င်းတို့မိသားစုမှ စော်ကားရန် တတ်နိုင်သူမဟုတ်ပေ။
နည်းပညာမြင့်လက်နက်များ မရှိသောအခါ၊ နတ်အဆင့် ကျွမ်းကျင်သူ၏စွမ်းအင်သည် လွန်ကဲစွာ ခမ်းနားသည်ဟု ဆိုနိုင်သည်။ ချူးယွင်ဖန်းသည် အခြားသော နတ်အဆင့် တစ်ဦးကို ဖိတ်ခေါ်ခြင်းကြောင့် စိတ်မပျော်မရွှင်ဖြစ်ခဲ့ပါက အရာအားလုံး ဆိုးယုတ်သွားပေလိမ့်မည်။ နှစ်ဖက်စလုံးသည် နတ်အဆင့်များဖြစ်ကြသောကြောင့် သူသည် မည်သူကိုမျှ စော်ကားရန် မတတ်နိုင်ပေ။
အခန်း (၉၉၂) အဆင့်ဖြတ်ကျော်ခြင်း၊ စတုတ္ထမြောက် နတ်အဆင့်
ချူးယွင်ဖန်းက ထိုအကြောင်းအရာနှင့်ပတ်သက်၍ အာရုံမစိုက်ခြင်းသည် ကောင်းမွန်သောအရာဖြစ်သည်။ ဤနည်းဖြင့် အကြောင်းကိစ္စများ ပို၍ လွယ်ကူပေလိမ့်မည်။ အဆုံးတွင် သူသည် သူ့သမီးဖြစ်သူ၏ ဆရာဖြစ်သည်။ သူပြောခဲ့သည့်စကားများအရ ချူးယွင်ဖန်း ဤနေရာတွင် နေထိုင်နေရသည့် အကြောင်းရင်းသည် သူ၏ ဒဏ်ရာများ မသက်သာသေးသောကြောင့်ဖြစ်သည။
သူသည် ပြန်လည်သက်သာလာပြီဆိုသည်နှင့် ဤနေရာတွင် ကြာကြာနေထိုင်တော့မည် မဟုတ်ပေ။ ချူးယွင်ဖန်း၏ ဖြစ်တည်မှုသည် ထျန်ဟဲမြို့၏ အရေးပေါ် လိုအပ်ချက်များကိုဖြေရှင်းပေးနိုင်သော်လည်း သူသည် ထျန်ဟဲမြို့ကို အချိန်အကြာကြာ စောင့်ရှောက်ရန် မဖြစ်နိုင်ပေ။ လင်းဟုန့်ဖုန်သည် ထျန်ဟဲမြို့၏ မြို့ပိုင်ရှင်အဖြစ် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့၍ လူမျိုးစုံနှင့် တွေ့ဆုံခဲ့ဖူးသည်။ ချူးယွင်ဖန်း၏အကြည့်များသည် ထျန်ဟဲမြို့ဆီတွင် မဟုတ်ကြောင်း သူ မြင်တွေ့နိုင်သည်။ ဤသည်မှာ အလွန် ရှားပါးလှပေသည်။
နတ်အဆင့်များလျှင်ပင် ကျင်ကြံမှု အရင်းအမြစ်များ လိုအပ်သောကြောင့် မြို့ပိုင်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ကို သိထားရပေလိမ့်မည်။ အရင်းအမြစ်များ စုဆောင်းရာတွင် ဒေသခံ မြို့ပိုင်ရှင်များ၏ အကူအညီ မပါလျှင် ကျင့်ကြံမှု မပြုလုပ်နိုင်ဘဲ ၎င်းတို့၏ ကိုယ်ပိုင် နယ်မြေများကို စီမံခန့်ခွဲရန် အချိန်များစွာ သုံးစွဲရမည်ဖြစ်သည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်းက ထိုကိစ္စများကို ဂရုစိုက်ပုံ မပေါ်ပေ။ ၎င်းတို့၏ နယ်မြေသည် သေးငယ်လွန်းသည်ဟု လင်းဟုန့်ဖုန် ခံစားမိလိုက်သည်။ ရေတိမ်ပိုင်းများတွင် နဂါးအစစ်များကို မပျိုးထောင်နိုင်ပေ။ လင်းဟုန့်ဖုန်သည် ထိုအကြောင်းအရာကို သိသော်လည်း ချူးယွင်ဖန်း၏ နောက်ခံအသိုင်းအဝိုင်းကို အနည်းငယ် သိချင်နေမိသည်။ ချူးယွင်ဖန်းသည် ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် နတ်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ဤသည်မှာ သာမန်အင်အားတစ်ခုက ပျိုးထောင်နိုင်သည့် ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။
ချူးယွင်ဖန်းသည် လူဆိုးတစ်ဦး မဟုတ်ကြောင်းသာ သူ ပြောနိုင်သည်၊ သို့မဟုတ်လျှင် သမီးဖြစ်သူကို သူ၏တပည့်အဖြစ် ခွင့်ပြုမည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် မကောင်းသော လူတစ်ဦးဖြစ်ခဲ့လျှင် လင်းဟုန့်ဖုန်သည် မိမိအသက်ကို စွန့်စားရလျှင်ပင် သူ့ကို တားဆီးပေလိမ့်မည်။ အမှန်တကယ်ပင်၊ လူတစ်ယောက်၏ ကျင့်ကြံမှုသည် နတ်အဆင့်သို့ ရောက်ရှိသည့်အခါ များသောအားဖြင့် ဖြောင့်မတ်၍ ၎င်းတို့၏ စိတ်နှလုံးကိုသာ လိုက်နာလေ့ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် ဤအဆင့်ရှိ ကျွမ်းကျင်သူများသည် ၎င်းတို့၏ ဆန္ဒကို ဆန့်ကျင်စေမည့် အကြောင်းအရာဟူ၍ အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ အင်အားကြီးမားသူများသာ ၎င်းတို့၏ စိတ်တိုင်းကျ ပြုလုပ်နိုင်ကြသည်။
ဤသို့ကြောင့်သာလျှင် ချူးယွင်ဖန်းက သာမန်လူတစ်ယောက်မဟုတ်ကြောင်း ခံစားမိနေခြင်းဖြစ်သည်။ သို့သော် ဂိုဏ်းအားလုံးရှိ ထင်ရှားကျော်ကြားသော ပါရမီရှင်များအားလုံးကို ပြန်တွေးကြည့်သောအခါ ချူးယွင်ဖန်းနှင့် ဆင်တူသည့်လူ မတွေ့ခဲ့ပေ။
ဤဖြစ်စဉ်သည် အလွန် အထူးအဆန်းဖြစ်လှသည်။ အခြားအင်အားစုများ မဆိုနှင့် ထိပ်တန်း အင်အားစုများလျှင်ပင် ဤအဆင့်ရှိ ပါရမီရှင်များကို ပြုစုပျိုးထောင်ရန် အစွမ်းကုန် ကြိုးစားကြမည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် အမည်မသိသူတစ်ဦးဖြစ်သောကြောင့် သူ့နောက်ခံအကြောင်းနှင့်ပတ်သက်၍ သေချာမသိပေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းသည် သာမန်လူတစ်ဦး မဟုတ်သည်မှာ သေချာသည်။
ချူးယွင်ဖန်းသည် တစ်ချိန်တည်းမှာပင် သူ၏ဒဏ်ရာများကို ကုသရန် အပြည့်အဝ အာရုံစိုက်နေသည်။ သူ၏ခန္ဓာကိုယ်ရှိ ကုသရ အခက်ခဲဆုံး ဒဏ်ရာသည် ဟင်းလင်းပြင်ပဋိပက္ခဖြစ်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ဒဏ်ရာမှလွဲ၍ အခြားမဟုတ်ပေ။ ၎င်းသည် သူ့ဆဲလ်များကို အဆက်မပြတ် စုတ်ဖြဲနေသောကြောင့် ပြန်လည်ကုသရန် မဖြစ်နိုင်ခဲ့ပေ။ ဤသို့မှမဟုတ်ပါက ဒဏ်ရာများ အလွန်ပြင်းထန်နေလျှင်ပင် သူ၏ ပြင်းထန်သော ပြန်လည်ကုသနိုင်စွမ်းဖြင့် နေ့တစ်ဝက်အတွင်း၌ပင် အပြည့်အဝ ပြန်ကောင်းလာနိုင်သည်။
ယခုမူ ချူးယွင်ဖန်း၏ ခွန်အားများ အဆက်မပြတ် ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ဟင်းလင်းပြင်ပဋိပက္ခအပေါ် တဖြည်းဖြည်း အရေးသာလာခဲ့သည်။ ယခုအခါ သူသည် အရေးကြီးသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင် ဟင်းလင်းပြင်ပဋိပက္ခကို ဖယ်ထုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာကာ အထွတ်အထိပ်အခြေအနေသို့ အမှန်တကယ် ပြန်ရောက်လာပေလိမ့်မည်။
အဆုံးမဲ့သော ဤလွန်ဆွဲမှုဖြစ်စဉ်၌ ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည်လည်း တိုးမြင့်လာခဲ့သည်။ ၎င်းသည် ချူးယွင်ဖန်းကို ယခုထက်ပို၍ တိုးတက်စေရန်ပင် လုံလောက်သည်။ ချူးယွင်ဖန်းသည် ဘေးအန္တရာယ်ကင်းစေရန်အတွက် တောင်မြစ်ပန်းချီကားသို့ ဝင်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် အဆက်မပြတ် စီးဆင်းနေ၍ သူ့အနီးတစ်ဝိုက်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ မုန်တိုင်းသည် ပိုမို မြန်ဆန်လာ၍ တခဏအတွင်းမှာပင် ချူးယွင်ဖန်းကို ဝန်းရံထားသည့် ဧရာမ ဟာရီကိန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ချူးယွင်ဖန်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်စွမ်းအင်ကို သူ၏ခန္ဓာကိုယ်မှ ဖယ်ထုတ်လိုက်ကာ ၎င်းသည် မှိန်ဖျော့သော အလင်းရောင်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။ မျက်နှာပြင်ပေါ်တွင် မည်သည့်ပြောင်းလဲမှုမျှ မတွေ့ရသော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တက်ကြွမှုများ အဆက်မပြတ် ထုတ်လွှတ်လျက်ရှိကြောင်း ခံစားသိရှိနိုင်သည်။ ဖီးနစ်တစ်ကောင်သည် ပြန်လည်မွေးဖွားမှုကို ဖြတ်ကျော်ကာ ယခင်ကထက် ပိုမိုအားကောင်း၍ ကြောက်မက်ဖွယ်ကောင်းနေပုံပေါ်သည်။
ချူးယွင်ဖန်း၏ အတွင်းစွမ်းအင်များသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာ၍ သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်မကြာခဲ့ပေ။ သူသည် စတုတ္ထမြောက် နတ်အဆင့်သို့ အလျင်အမြန် ပြန်ရောက်သွားခဲ့သည်။ ဤသို့ဆိုလျှင် သူ၏ အဆင့်ဖြတ်ကျော်မှုသည် မပြီးမြောက်သေးပေ။ သူ၏ စွမ်းအင်သည် ခဏလေးအတွင်းမှာပင် ကန့်သတ်ချက်သို့ ရောက်ရှိလာ၍ ဆက်လက် တိုးမြင့်နေဆဲဖြစ်သည်။
ကျင့်ကြံမှုသည် အချိန်အတိုင်းအတာဟူ၍ မသိခဲ့ပေ။ ချူးယွင်ဖန်းသည် နာရီအနည်းငယ်ကြာမြင့်ပြီးနောက် အဆုံးတွင် ရပ်တန့်လိုက်သည်။ သူ၏ ကျင့်ကြံမှုသည် ယခင်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ တိုးမြင့်လာခဲ့သည်။ အပျက်အစီးမရှိဘဲ တည်ဆောက်မှု ပြုလုပ်နိုင်မည် မဟုတ်ပေ။ ဤသေလုမြောပါး အတွေ့အကြုံပြီးနောက် ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် စတုတ္ထမြောက် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ယခင်ကထက် အနည်းဆုံးလျှင် နှစ်ဆမျှ သန်မာနေပြီဖြစ်သည်။
ဤကြောက်မက်ဖွယ်ကောင်းသော တိုးမြင့်မှုအကြောင်း အခြားလူများ သိရှိသွားပါက သေသည်အထိ ကြောက်လန့်သွားပေလိမ့်မည်။ အခြားသူများ၏ အဆင့်ဖြတ်ကျော်မှုများသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းမည် မဟုတ်ပေ။ ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သာမာန် သတ္တမမြောက် နတ်အဆင့်များသည် သူ့အတွက် အခြေခံအားဖြင့် ပါမွှားမျှသာ ဖြစ်သည်ဟု သူ ခန့်မှန်းနိုင်သည်။ မည်သို့ဆိုသော် သူ၏ စွမ်းပကား ပြောင်းလဲမှုသည် အရည်အသွေး ပြောင်းလဲမှုဆီသို့ ဦးတည်သွားသောကြောင့် ဖြစ်ပေသည်။ သူ မည်မျှ သန်မာလာသည်ကို သူသာလျှင် သိထားသည်။
"ဟမ်း။ အဲဒီနတ်ကျွန်အဖွဲ့အစည်းကို ရှာတွေ့တဲ့အချိန်ထိ စောင့်နေလိုက်စမ်းပါ။ ဒင်းတို့ရဲ့ နောက်ခံက ဘာလဲဆိုတာ ကြည့်ချင်သေးတယ်" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ ဤအဖွဲ့အစည်းသည် သူ၏နည်းပြဆရာ ပျောက်ဆုံးမှုနှင့် ပတ်သက်မှု တစ်စုံတစ်ရာ ရှိနေနိုင်သည်ဟု သူ အလိုလို ခံစားနေမိသည်။
ဤသည်မှာ ၎င်းတို့ ပေါ်ပေါက်လာသည့် အကြိမ်အရေအတွက် အနည်းငယ်သည် တိုက်ဆိုင်လွန်းသောကြောင့်ဖြစ်သည်။ ကျန်းယွမ်ပင်သည် မိုးကြိုးမုန်တိုင်းပင်လယ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ့ကို ကိုယ်တိုင် ရှာဖွေခဲ့သည့်အပြင် လူများစွာပင် စေလွှတ်၍ ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနေရာသို့ ဝင်ရောက်ကြပါက နတ်အဆင့်များလျှင်ပင် ဆိုးရွားဖွယ် သေဆုံးရပေလိမ့်မည်။
အဆင့်မြင့်နည်းပညာအားလုံးသည်လညိး ထိုနေရာတွင် ၎င်းတို့၏အကျိုးသက်ရောက်မှုများ ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့သည် ရေဒါ သို့မဟုတ် အသံလှိုင်းများဖြင့် မည်သည့်အရာကိုမျှ မထောက်လှမ်းနိုင်သည့်အပြင် အဆင့်မြင့် ဂြိုလ်တုများသည်လည်း မည်သည့်အရာကိုမျှ ဖမ်းယူနိုင်ခြင်း မရှိခဲ့ပေ။ အထူးစစ်ဆင်ရေးဌာန၏ များပြားသော အင်အားစုနှင့်ပင် စုံစမ်းစစ်ဆေးရန် အလွန်ခက်ခဲ၍ အချိန်အတော်ကြာမြင့်ခဲ့ရသည်။
အရေးကြီးဆုံးအချက်သည် မိုးကြိုးမုန်တိုင်းပင်လယ်၏ ရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်အရ၊ အကယ်၍ သူ၏နည်းပြဆရာသာ ထိုနေရာတွင် မသေဆုံးခဲ့ပါက ထိုနေရာမှ ထွက်ခွာနှင့်ပြီဖြစ်ကြောင်း ချူးယွင်ဖန်း ခံစားမိသည်။ သို့သော် မျှော်လင့်ချက် အနည်းငယ်ရှိနေသရွေ့ သူ၏နည်းပြဆရာကို လက်လွှတ်ရန် ဆန္ဒမရှိပေ။
ချူးယွင်ဖန်းသည် ထိုအချိန်ကို ကြည့်လိုက်သည်။ မွန်းတည့်နေပြီဖြစ်သောကြောင့် နေ့လည်စာ စားချိန်သို့ ရောက်ရှိပြီနေပြီဖြစ်သည်။ သူသည် ဤနတ်အဆင့်ကျွမ်းကျင်သူ လီယန်ကို သွားရောက် တွေ့ဆုံရမည်ဖြစ်သည်။ မြို့ပိုင်ရှင် စံအိမ်ကြီး၏တစ်နေရာတွင် လင်းချန်ရှီသည် သူမ၏ ဆရာကို စောင့်ဆိုင်းနေခဲ့သည်။ သူမအနားတွင် အရပ်ရှည်ရှည် လူငယ်တစ်ဦးအပြင်၊ အလားတူ ယူနီဖောင်းများ ဝတ်ဆင်ထားသည့် အခြားသော လူငယ်အချို့သည်လည်း သူမကို ဖားယားနေကြသည်။
"ဂျူနီယာလင်းက ကျုပ် ဒီလိုမျိုး မပြောချင်ပေမယ့် ဆရာအဖြစ် အသိအမှတ်ပြုတာ မင်း အရမ်းလောသွားတယ်။ မင်းသာ အချိန်နည်းနည်း စောင့်မယ်ဆိုရင် ကျုပ်ဆရာရဲ့ တပည့်ဖြစ်လာမှာ သေချာတယ်။ ကျုပ်ဆရာနဲ့ မင်းအဘိုးက သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးပြီး ကျုပ်တို့မိသားစုတွေကလည်း အဆင့်အတန်း ညီမျှကြတယ်လေ" ဦးဆောင်လူငယ်က နှမြောတသဖြစ်နေသော အကြည့်ဖြင့် ပြောလိုက်သည်။
"အခုခေတ်မှာ နတ်အဆင့်ကျွမ်းကျင်သူလို ဟန်ဆောင်ပြီး လိမ်လည်လှည့်ဖြားနေသူတွေ အများကြီးရှိတယ်လို့ ကျုပ် ကြားတယ်။ မင်းတို့ကောင်တွေ မျက်စိကို သေချာဖွင့်ပြီး ကြည့်တာက ပိုကောင်းလိမ့်မယ်"
"ကျန်းဝေ၊ ရှင် ကျွန်မ ဆရာရဲ့ မကောင်းကြောင်း ဆက်ပြောမယ်ဆိုရင် ကျွန်မတို့ ခင်မင်မှုကို အဆုံးသတ်လိုက်ရအောင်" လင်းချန်ရှီ၏ လှပသော မျက်လုံးများသည် စိတ်မကျေနပ်မှုများဖြင့် တောက်ပလာသည်။
အခန်း (၉၉၃) ခင်ဗျားက တကယ် အသိဉာဏ်မရှိတာပဲ
ကျန်းဝေကို စိုက်ကြည့်နေသော လင်းချန်ရှီ၏ မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ လင်းချန်ရှီက ဒေါသထွက်နေကြောင်း မြင်လိုက်ရသောအခါ ကျန်းဝေက အနည်းငယ် ရှက်သွားပုံရသော်လည်း ဆက်ပြောနေဆဲဖြစ်သည်။
"ဂျူနီယာလင်း၊ မင်းက ငယ်ရွယ် နုံအတော့ တခြားသူတွေကို ယုံလွယ်လွန်းနေတာ။ ကျင့်ကြံမှု အရင်းအမြစ်အတွက် လူတွေကို လိုက်လှည့်စားတဲ့ လူယုတ်မာတွေ ရှိတယ်။ ကျုပ်က မင်း ကောင်းအကျိုးအတွက် ပြောနေတာ"
"ဟုတ်တယ်တယ် ဂျူနီယာလင်း။ စီနီယာကျန်းက မင်းရဲ့ ကောင်းအကျိုးအတွက် ပြောနေတာ"
"ကျုပ်တို့ ကမ္ဘာပေါ်မှာ နှစ်အတော်ကြာ ခရီးထွက်နေခဲ့ပေမယ့် ဒီမစ္စတာချူးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီလိုလူမျိုးကို နတ်ကုန်းမြေက ဘယ်ဂိုဏ်းမှာမှ တစ်ခါမှ မကြားဖူးဘူး"
"ဟုတ်တယ်၊ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေရှိနေမှန်း မသိနိုင်ဘူးလေ။ သတိထားပြီးနေတာက အန္တရာယ်ကင်းမှာပါ ဂျူနီယာလင်း"
ကျန်းဝေ၏ အနောက်ဘက်ရှိ လူငယ်များက တစ်ဦးပြီး တစ်ဦး ထိုသို့ပြောလာကာ၊ ချူးယွင်ဖန်းကို လူလိမ်လူညာဟု ပွင့်လင်းမြင်သာစွာလည်းကောင်း လျှို့ဝှက်စွာသော်လည်းကောင်း စွပ်စွဲပြောဆိုနေကြသည်။ မှန်စွာပြောရမည်ဆိုလျှင် လင်းဟုန့်ဖုန်လျှင်ပင် သံသယရှိနေခဲ့သည်။ အကယ်၍ ချူးယွင်ဖန်း၏ စွမ်းအင်အစစ်အမှန်ကို သူ၏မျက်လုံးများဖြင့် မမြင်ခဲ့ပါက ချူးယွင်ဖန်းသည် အမှန်တကယ် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဟုတ်မဟုတ်နှင့်ပတ်သက်၍ သံသယဖြစ်နေနိုင်သည်။ အဆုံးတွင် သူသည် ချူးယွင်ဖန်း၏နောက်ခံအကြောင်းအရာကို ရှာတွေ့ခဲ့ခြင်း မရှိပေ။
ဤသည်မှာ အကြီးမားဆုံးသော ပြဿနာဖြစ်သည်။ ထို့ကြောင့် ကျန်းဝေနှင့် အခြားလူများသည် ချူးယွင်ဖန်းကို လူလိမ်ဖြစ်ကြောင်း ယုံကြည်ဝံ့ကြခြင်းဖြစ်သည်။ နတ်ကုန်းမြေသည် ကြီးမားကျယ်ပြန့်သော်လည်း အဆင့်တစ်ခုသို့ရောက်ရှိသည်နှင့် တစ်ပြိုင်နက် လှုမှုပတ်ဝန်းကျင်သည် အလွန်သေးငယ်သွားပေလိမ့်မည်။ နတ်အဆင့်ကျွမ်းကျင်သူသည် အလွန် မများပြားသောကြောင့် ထိုကဲ့သို့ ငယ်ရွယ်သော နတ်အဆင့်ကျွမ်းကျင်သူတစ်ဦး ရှိခဲ့မည်ဆိုလျှင် သူ့အကြောင်းကို မည်သူမျှ မသိဘဲနေကြမည် မဟုတ်ပေ။
"တော်သင့်ပြီ။ ရှင် ကျွန်မကို ဒီစကားတွေပြောဖို့ လာရှာတာလား၊ ကျန်းဝေ။ ဒါဆိုရင် ရှင် ထွက်သွားလို့ရပြီ" လင်းချန်ရှီက အော်ပြောလိုက်သည်။
"ဂျူနီယာလင်း၊ အဲ့လိုလည်း မဟုတ်ဘူး" ကျန်းဝေက ကမန်းကတန်း ပြောလိုက်သည်။
"မင်းနဲ့ မြို့ပိုင်ရှင်လင်းကို သတိထားကြဖို့ ကျုပ်တို့က ပြောနေတာပါ" ကျန်းဝေသည် အခြေအနေ မကောင်းကြောင်း သိမြင်ပြီးနောက် ချက်ချင်းဆိုသလို ပြေလည်အောင် ကြိုးစားလိုက်သည်။ သို့သော် လင်းချန်ရှီသည် သူနှင့် ဆက်၍ စကားမပြောချင်ကြောင်း သိသာထင်ရှားလှသည်။
ရုတ်တရက်ဆိုသလိုပင် ပုံရိပ်တစ်ခုသည် ခြံဝင်းထဲမှ ဖြေးညှင်းစွာ ထွက်လာခဲ့သည်။ ဤသည်မှာ အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသည့် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးဖြစ်သည်။
"ဆရာ" လင်းချန်ရှီက အရှေ့သို့ လျင်မြန်စွာ လှမ်းလာ၍ အရိုသေပေးလိုက်သည်။
"သွားကြရအောင်" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ကျန်းဝေနှင့် အခြားလူများကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်သည်။ ကျန်းဝေနှင့် အခြားလူများ ပြောနေသည့်စကားကို မည်သို့မျှ သူ မကြားဘဲနေမည်နည်း။ ချူးယွင်ဖန်းသည် အခြားလူများက မိမိကို လေးစားကြောင်းပြသသောအခါ ပြန်လည် လေးစားစွာ ပြုမူလေ့ရှိသူဖြစ်သည်၊ ထို့အပြင် ကျန်းဝေသည် မွေးဖွားခြင်းနယ်မြေအဆင့်မျှသာဖြစ်ရှိပေသည်။ ဒေါသကြီးသော နတ်အဆင့်ကျွမ်းကျင်သူသာဆိုရင်၊ ကျန်းဝေကို ရိုက်သတ်ပစ်လိုက်ပြီဖြစ်သည်။
လုံးလုံးလျားလျား လျစ်လျူရှုခံထားရကြောင်း မြင်လိုက်ရသောအခါ ကျန်းဝေ၏ မျက်နှာသည် ယုတ်မာရက်စက်သော အရိပ်အမြွက်များဖြင့် လင်းလက်လာသည်။ အထူးသဖြင့် လင်းချန်ရှီနှင့် ချူးယွင်ဖန်းတို့က တရင်းတနှီးဖြင့် အတူတူ လမ်းလျှောက်နေကြကြောင်း မြင်တွေ့လိုက်ရသောအခါ ခြိမ်းခြောက်ခံရသည့် အာရုံတစ်မျိုးကို အလိုအလျောက် ခံစားလိုက်ရသည်။
လင်းချန်ရှီနှင့် ပထမဆုံးတွေ့ဆုံသည့်နေ့မှစတင်၍ သူမ၏ အလှတရားသည် သူ့ကို စွဲလန်းစေခဲ့သည်။ သူသည် သူမမှလွဲ၍ အခြားမည်သူ့ကိုမျှ လက်ထပ်နိုင်တော့မည်မဟုတ်ကြောင်း သူ ခံစားနေမိသည်။ ထို့အပြင် လင်းချန်ရှီသည် လင်းဟုန့်ဖုန်၏ အဖိုးတန်သမီးဖြစ်သည်။ အကယ်၍ သူသာ သူမကို လက်ထပ်ခဲ့ပါက အနာဂတ်တွင် နတ်အဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်း ပိုမို များပြားမည်ဖြစ်သည်။
နတ်ကုန်းမြေရှိ နတ်အဆင့်၏ အမွေဆက်ခံမှုသည် ပို၍ပြီးပြည့်စုံလှကာ ကံကြမ္မာကိုသာ အားကိုးနေရသည့် ပြည်ထောင်စုနှင့် မတူညီပေ။ သို့သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်မှ နတ်အဆင့်သို့ ဝင်ရောက်ရန် အလွန်ခက်ခဲနေသေးသည်။ လုံလောက်သော အရင်းအမြစ်များ ရှိမှသာ နတ်အဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်းရှိပေလိမ့်မည်။ နတ်ကုန်းမြေတွင် မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နတ်အဆင့်သည် ကမ္ဘာနှစ်ခုကဲ့သို့ ခြားနားလှသည်။ ပထမတစ်ခုသည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ဖြစ်၍ ကျန်တစ်ခုသည် ကောင်းကင်ယံရှိ နဂါးတစ်ကောင်ကဲ့သို့ဖြစ်နေရာ၊ ၎င်းတို့သည် တူညီသော အဆင့်အတန်းဖြင့် ဖော်ပြရန် မဖြစ်နိုင်ပေ။
ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ ကျန်းဝေ၏ မျက်နှာအမူအရာကို မြင်လိုက်သော်လည်း သူနှင့် ငြင်းခုံရန် စိတ်မ၀င်စားပေ။ သူသာ အမှန်တကယ် လှုပ်ရှားဝံ့လျှင် ချူးယွင်ဖန်းက သူ့ကို လက်တစ်ချောင်းတည်းဖြင့်ပင် ဖျက်ဆီးနိုင်ပေလိမ့်မည်။ ယခုအခါ သူသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည့်အပြင် ယခင်ကထက်ပင် ကျင့်ကြံမှု ပိုမို မြင့်တက်လာသဖြင့် မည်သည်ကိုမျှ ကြောက်ရွံ့ရန် မလိုအပ်ပေ။
မကြာခင်မှာပင် လင်းချန်ရှီ၏ ဦးဆောင်မှုအောက်မှာ ယနေ့ နေ့လယ်စာစားပွဲ ကျင်းပရာနေရာသို့ ချူးယွင်ဖန်း ရောက်ရှိလာခဲ့သည်။ ထိပ်ဆုံးထိုင်ခုံတွင် ထိုင်နေသည့် အိမ်ရှင် လင်းဟုန့်ဖုန်အပြင် သူ၏နံဘေးတွင် မျက်နှာခြင်းဆိုင်ထိုင်ခုံနှစ်ခုလည်း ရှိနေသည်။ ထိုင်ခုံတစ်ခုတွင် ပိန်ပါးသော အဘိုးအိုတစ်ဦး မတ်မတ်ထိုင်နေခဲ့ရာ၊ ထိုနေရာတွင် ထိုင်နေရုံဖြင့် ပြင်းထန်သော အရောင်အဝါသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားစေသည်။ သူ၏ အရောင်အဝါကို မထုတ်ခဲ့သော်လည်း ၎င်းကို ချုပ်နှောင်ရန်လည်း ရည်ရွယ်ထားပုံမရပေ။ သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးသာ သူ့နံဘေးတွင် ရပ်နေလျှင် မသက်မသာဖြစ်မိပေလိမ့်မည်။
အခြားသော ထိုင်ခုံအလွတ်တစ်ခုသည် ချူးယွင်ဖန်းအတွက် သီးသန့်ထားရှိခြင်းဖြစ်သည်။
ချူးယွင်ဖန်း၏ ခုံနံဘေးတွင် လင်ချန်ရှီအတွက် သီးသန့်ထားရှိသည့် အခြားထိုင်ခုံတစ်ခုရှိနေ၍ သူမအရှေ့တွင်မူ ထျန်ဟဲမြို့ လူငယ်မြို့ပိုင်ရှင် လင်ဟောက်ရန်၏ နေရာဖြစ်သည်။ ပြီးနောက် ထျန်ဟဲမြို့၏ အရေးပါသော အရာရှိအချို့ရှိနေသည်။ နေ့လယ်စာစားပွဲသည် အလွန်ခမ်းနား၍ အရသာရှိသည့် အစားအစာမျိုးစုံဖြင့် တစ်ခုပြီးတစ်ခု ဧည့်ခံလာကြသည်။
"ဟားဟား၊ မစ္စတာချူး ရောက်လာပြီပဲ။ ကျေးဇူးပြုပြီး ဒီမှာ ထိုင်ပါ" လင်းဟုန့်ဖုန်က အမြန် ထရပ်လိုက်သည်။
သူသည် ချူးယွင်ဖန်း၏အရှေ့တွင် မောက်မာစွာ မပြုမူဝံ့ပေ။ ချူးယွင်ဖန်း ခန်းမထဲသို့ ဝင်လိုက်သည်နှင့် အဘိုးအိုက သူ့ကို စိုက်ကြည့်နေခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ မျက်နှာချင်းဆိုင် ခုံတွင် လာထိုင်သည့်အချိန်ထိ စောင့်ဆိုင်းကာ သူ့ကို စိုက်ကြည့်နေသည်။ ဤအဘိုးအိုသည် ဖိတ်ခေါ်ထားသည့် နတ်အဆင့်ကျွမ်းကျင်သူ လီယန်မှလွဲ၍ အခြားလူမဟုတ်ကြောင်း ချူးယွင်ဖန်းက မည်သို့မျှ နားမလည်ဘဲ နေမည်နည်း။
"ဒီနေ့ နေ့လယ်စာစားပွဲမှာ နတ်အဆင့်ကျွမ်းကျင်သူတွေဖြစ်ကြတဲ့ အကြီးအကဲလီယန်နဲ့ မစ္စတာချူးတို့ ကြွရောက်လာတဲ့အတွက် ကျုပ် တကယ် ဂုဏ်ယူမိပါတယ်" လင်းဟုန့်ဖုန်သည် အလွန် စိတ်လှုပ်ရှားနေပုံဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
"ဒါက ထျန်ဟဲမြို့အတွက် ခမ်းနားတဲ့ အခါသမယပဲ"
"အားလုံးအတွက် နောက်ထပ် ဝမ်းသာစရာ သတင်းနှစ်ခုကို ကျုပ် ကြေငြာချင်ပါတယ်။ တစ်ခုကတော့ ကျုပ်သမီး လင်းချန်ရှီက မစ္စတာချူးရဲ့ တပည့်ဖြစ်လာပြီး နောက်တစ်ခုကတော့ ကျုပ်ရဲ့သား လင်ဟောက်ရန်က အကြီးအကဲလီယန်ရဲ့ တပည့်ဖြစ်လာခဲ့ပါတယ်၊ အားလုံးက တကယ် ဂုဏ်ယူစရာပါ " လင်းဟုန့်ဖုန်က ဆက်ပြောလိုက်သည်။
လူတိုင်း၏မျက်လုံးများသည် ချူးယွင်ဖန်းနှင့် လီယန်တို့ကို စူးစိုက်စွာ ကြည့်နေကြသည်။ နှစ်ဦးနှစ်ဖက်စလုံးက မြို့ပိုင်ရှင်၏ မျိုးဆက်ကို ခွဲယူရန် သဘောတူထားဟန်ရှိသည်။
ထျန်ဟဲမြို့ရှိ မိသားစုအသီးသီး၏ အရေးပါသော အရာရှိများနှင့် ဘိုးဘေးများသည် ပျော်ရွှင်နေကြသည်။ ၎င်းတို့သည် ထျန်ဟဲမြို့နှင့် ချိတ်နေသောကြောင့် ထျန်ဟဲမြို့ ပို၍ အားကောင်းလေ ၎င်းတို့သည်လည်း အကျိုးအမြတ် များများရရှိလေဖြစ်သည်။ ယခုတွင် မြို့ပိုင်ရှင်သည် နတ်အဆင့်နှစ်ဦးကို ချည်နှောင်ခဲ့သောကြောင့် မတည်မငြိမ်ဖြစ်သော ထျန်ဟဲမြို့သည်လည်း အဆင်ပြေလာပေလိမ့်မည်။
"နေပါဦး" ယခုမှ ရောက်ရှိလာသော ကျန်းဝေက ရုတ်တရတ် ထပြောလိုက်သည်။ ကျန်းဝေသည် အားလုံး၏ မျက်လုံးများ သူ့ဆီရောက်ရှိလာသည်နှင့် ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၍ ပြောလိုက်သည်။
"စောစောက ဒီမစ္စတာချူးကလည်း နတ်အဆင့်လို့ မြို့ပိုင်ရှင်လင်းက ပြောခဲ့တယ်။ ကျုပ်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပါ၊ ဒါပေမယ့် နတ်ကုန်းမြေမှာ ဒီလို နတ်အဆင့် ကျွမ်းကျင်သူမျိုးရှိတာ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ"
ကျန်းဝေ၏ စကားများသည် လူအများကြားတွင် ရုတ်ရုတ်သဲသဲဖြစ်စဉ်များ ဖြစ်သွားစေသည်။ ဤ ချူးယွင်ဖန်းနှင့်ပတ်သက်၍ လူအများက သံသယဖြစ်နေရသည့် အကြောင်းအရင်းဖြစ်သည်။ ဤလူသည် ကျောက်တုံးကြီးတစ်ခုထဲမှ ရုတ်တရက် ခုန်ထွက်လာသကဲ့သို့ဖြစ်နေ၍ သူမည်သူဖြစ်သည်ကို မည်သူမျှ မသိကြပေ။
သို့သော် အများစုသည် လီယန်ကို လှည့်ကြည့်လိုက်ကြသည်။ ကျန်းဝေသည် သူ၏ အကြီးဆုံးတပည့်ဖြစ်သောကြောင့် သူ၏ခွင့်ပြုချက်ကို မရှိခဲ့ဘဲ ဤသို့ပြောရန် မဖြစ်နိုင်ပေ။ လီယန်သည် ကျန်းဝေ၏စကားများကို မကြားဟန်ဖြင့် ပြုမူနေခဲ့သည်။ ထိုအကြောင်းအရာများသည် သူနှင့်မဆိုင်သကဲ့သို့ အရသာရှိသော ဟင်းလျာများကိုသာ အေးအေးဆေးဆေး စားသောက်နေသည်။
"ဟုတ်ပါ့၊ ခင်ဗျား တကယ် အသိဥာဏ်မဲ့တာပါ" ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက ထိုသို့ ပြောလိုက်သည်။