အခန်း (၉၉၄-၉၉၆)
Vol. 67 Ch. 994-996
အခန်း (၉၉၄) ကျုပ် ခင်ဗျားကို တစ်ချက်တည်းနဲ့ သတ်လိုက်မယ်
ချူးယွင်ဖန်း၏ တည်ငြိမ်သော စကားလုံးများသည် ရုတ်တရက် ကျရောက်လာသော မိုးခြိမ်းသံကဲ့သို့ဖြစ်နေကာ နေ့လည်စာ စားပွဲတစ်ခုလုံးကို ချက်ချင်း ပေါက်ကွဲသွားစေသည်။
ကျန်းဝေသည် သူ၏မျက်နှာရှေ့တွင် ရန်ဆွလာသောကြောင့် ချူးယွင်ဖန်းက သည်းခံနိုင်တော့မည် မဟုတ်ပေ။ မည်သူကမျှ ၎င်းကို ထူးဆန်းသည်ဟု မတွေးထင်ကြပေ။ အဆုံးတွင် ချူးယွင်ဖန်းသည် နတ်အဆင့် ကျွမ်းကျင်သူ တစ်ဦးဟု သိထားကြပေသည်။
နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အော်ဟစ်သောင်းကျန်းမှုကို မည်သို့မျှ သည်းခံနိုင်မည်နည်း။ အရေးအကြီးဆုံးအချက်သည် ကျန်းဝေ၏ အနောက်တွင် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် လီယန်ရှိနေသည်။ လီယန်သည် ချူးယွင်ဖန်း၏ ဖြစ်တည်မှုကို မကျေမနပ်ဖြစ်နေကြောင်း သိသာထင်ရှားသည်။ လီယန်သည် ထျန်ဟဲမြို့ရှိ အင်အားစုအားလုံးကို လက်ဝါးကြီးအုပ်လိုသည်ဟု လူအများက ထင်မြင်နေကြသည်။
ဤသည်မှာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။ မျှဝေခြင်းထက်စာလျှင် တစ်မြို့လုံးကို လက်ဝါးကြီးအုပ်ထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ သို့သော်လည်း လီယန်၏ မျိုးနွယ်စုက ထျန်ဟဲမြို့တစ်ခုလုံးကို လက်ဝါးကြီးအုပ်ခြင်းနှင့်ပတ်သက်၍ မည်သူမျှ မလိုလားကြပေ။ နှစ်ဦးနှစ်ဖက် ဟန်ချက်ညီညီဖြင့် တစ်ဦးကို တစ်ဦး ထိန်းညှိထားခြင်းက အကောင်းဆုံးဖြစ်သည်။ သို့မှသာ ၎င်းတို့မြို့သည် လက်ပါးစေဖြစ်မလာရန် အာမခံနိုင်မည်ဖြစ်သည်။
ထို့ကြောင့် လင်းဟုန့်ဖုန်သည် သူ၏ကလေးများကို ချူးယွင်ဖန်းနှင့် လီယန်၏ သင်ကြားမှုအောက်တွင် ထားရှိမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ သူ၏စိတ်ထဲတွင် မျှတမှုမျိုးရှိနေမည်ကို ၎င်းတို့ တွေးကြည့်နိုင်သည်။ ၎င်းသည် ထျန်ဟဲမြို့အတွက် အကျိုးအရှိဆုံး စံနမူနာဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် လီယန်သည် သူ၏ လက်ရှိရာထူးကို မကျေနပ်သဖြင့် တိုက်ခိုက်ရန် စတင်တော့မည်ဖြစ်ကြောင်း သိသာထင်ရှားသည်။ လူအများ၏ထင်မြင်ချက်တွင် ဤအတိုင်းဆက်သွားမည်ဆိုပါက ထျန်ဟဲမြို့သည် အနာဂတ်တွင် ငြိမ်းချမ်းနိုင်မည် မဟုတ်ပေ။ အဆုံးတွင် နတ်အဆင့် ကျွမ်းကျင်သူများသည် ၎င်းတို့အတွက် ဧကရာဇ်ကဲ့သို့သော ဖြစ်တည်မှုများသာဖြစ်ကြသည်။
"ခင်ဗျားက အသိဉာဏ်ကင်းမဲ့တဲ့အပြင် တော်တော်လေးလည်း ညံ့ဖျင်းတာပဲ။ ရေတွင်းအောက်ခြေက ဖားတစ်ကောင်လိုပဲ။ ဘာမှ မသိနားမလည်သေးဘဲ ဒီနေရာမှာ ဂုဏ်မောက်နေတာပဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ပိုးမွှားလို ခင်ဗျားက လင်းယုန်တွေရဲ့ကမ္ဘာကို ဘယ်လိုနားလည်နိုင်မှာလဲ"
"ခင်ဗျားကများ"
ချူးယွင်ဖန်း၏ ထင်ပေါ်သော မထီမဲ့မြင်ပြုမှုသည် ကျန်းဝေကို ဒေါသထွက်သွားစေသည်။ ချူးယွင်ဖန်းသည် သူ့ကို ရေတွင်းအောက်ခြေက ဖားတစ်ကောင်နှင့် ခိုင်းနှိုင်းခဲ့သောကြောင့် လုံးလုံးလျားလျား သည်းမခံနိုင်ဖြစ်စေခဲ့သည်။ ထို့အပြင် ချူးယွင်ဖန်းသည် နတ်အဆင့်တွင် ရှိမနေကြောင်း သူ့ဘက်မှ ပို၍ပင် သေချာလာစေသည်။ အထူးသဖြင့် ချူးယွင်ဖန်းကို သူ၏ဆရာ လီယန်နှင့် နှိုင်းယှဉ်ကြည့်သောအခါ လီယန်၏ အရောင်အဝါသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်း၍ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်း၏ အရောင်အဝါသည် လီယန်နှင့်ပင် နှိုင်းယှဉ်၍မရပေ။
"မစ္စတာချူးတဲ့ ဒါက ဘယ်လိုနာမည်လဲ၊ ခင်ဗျားက ခိုးချောင်ခိုးဝှက်ကောင်မျိုးပါ။ ကျုပ်ကို ခင်ဗျားနာမည် ပြောပြရဲလို့လား" ကျန်းဝေသည် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။
"ကျန်းဝေ၊ ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ" လင်းချန်ရှီက သူမ၏ နူးညံ့ပျော့ပျောင်းသောလက်များဖြင့် စားပွဲကို ရိုက်ပုတ်၍ ပြောလိုက်သည်။
"ရှင် ဒီလိုဆက်ပြီး ဒုက္ခပေးနေရင် ကျွန်မ ရှင့်ကို ဆွဲထုတ်ခိုင်းလိုက်မှာ။ ရှင်က အကြီးအကဲလီယန်ရဲ့ တပည့်မို့လို့ ဘာမှ မလုပ်ရဲဘူးတော့ မထင်လိုက်နဲ့"
လင်းချန်ရှီ၏ သေးသွယ်သော မျက်နှာထက်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ကျန်းဝေနှင့် သူမ စိတ်ရှည်သည်းခံမှု၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားသည်မှာ ထင်ရှားလှသည်။ ကျန်းဝေသည် ချူးယွင်ဖန်း၏ အဆင့်အတန်းကို အကြိမ်ကြိမ် ရန်ဆွခဲ့ရာ၊ သည်းမခံနိုင်ဖွယ် အကြောင်းအရာဖြစ်သည်။
"ဂျူနီယာလင်း၊ ကျုပ်က အမှန်အတိုင်းပြောနေတာပါ။ ခင်ဗျားတို့အားလုံးရော မသိချင်ဘူးကြလား၊ ဒီမစ္စတာချူးက ဘယ်သူလဲ၊ ဘာလို့ သူ့နာမည်ကို မဖော်ပြဝံ့တာလဲ။ သူက နတ်အဆင့် မဟုတ်လို့လား၊ ဒါမှမဟုတ်ရင် သူ့မှာ အင်အားကြီးတဲ့ ရန်သူရှိနေလို့လား" ကျန်းဝေက ဆက်လက်၍ ကျယ်လောင်စွာ ပြောလိုက်သည်။
“ကျုပ်သိသလောက်တော့ သူ ဒဏ်ရာရနေလို့ ဂျူနီယာလင်း ခေါ်လာခဲ့တာ မဟုတ်လား။ ဘယ်သူက သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာလဲ မသိချင်ဘူးကြလား၊ ဘယ်က လာမှန်းမသိတဲ့ လူကို ထျန်ဟဲမြို့ဆီ ခေါ်လာတာ သူ့ကြောင့် ဒုက္ခရောက်သွားမှာကို မကြောက်ဘူးလား"
ကျန်းဝေ၏ စကားများသည် လူအများကို တွန့်ဆုတ်သွားစေသည်။ အမှန်တကယ်ပင်၊ ချူးယွင်ဖန်း၏ အကြောင်းကိစ္စသည် လျှို့ဝှက်ချက်မဟုတ်ပေ။ မည်သို့ဆိုသော် ပို့ဆောင်ရေးအဖွဲ့တွင် လူများစွာ ရှိနေသောကြောင့် ထိုသတင်းကို ဖုံးကွယ်ရန် မဖြစ်နိုင်ခဲ့ပေ။
၎င်းတို့သည် အလွန် စိတ်ပူသွားကြသည်။ ချူးယွင်ဖန်းသည် အလွန်သန်မာကြောင်း သက်သေပြခဲ့ပြီးဖြစ်သောကြောင့် သူ့ကို ဒဏ်ရာရစေနိုင်သည့်ရန်သူသည် ပို၍ပင် အားကောင်းသန်မာနေပေလိမ့်မည်။ ထိုရန်သူများသည် သူ့ကို လာရှာခဲ့လျှင် မည်သို့ပြုလုပ်ရမည်နည်း။ ၎င်းတို့အတွက်မူ ကောင်းကင်ဘုံရှိ နတ်ဘုရားများ တိုက်ခိုက်ခြင်းကြောင့် ကမ္ဘာမြေပေါ်ရှိ သေမျိုးများ ဒုက္ခရောက်ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
မူလက လူအချို့သည် ချူးယွင်ဖန်းဘက်မှ ခုခံပြောလိုသော်လည်း ယင်းအကြောင်းအရာကို တွေးကြည့်သောအခါ ၎င်းတို့အားလုံး မည်သည်ကိုမျှ မပြောနိုင်ပေ။ ချူးယွင်ဖန်း၏ နောက်ခံအကြောင်းအရာများကို မသိရသေးသည့်အပြင် သူသည် အင်အားကြီးမာသော ရန်သူမျိုးကို နှိုးဆွထားခြင်းဖြစ်နိုင်ပေသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် ထျန်ဟဲမြို့တွင် မနေထိုင်ချင်ခြင်းက အကောင်းဆုံးဖြစ်လေသည်။
"ကျုပ်နာမည်ကို ခင်ဗျားကို ပြောပြစေချင်တာလား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
"ကျုပ် ပြောလိုက်ရုံနဲ့ ခင်ဗျားလိုလူက သိမယ်တဲ့လား။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ။ ပြီးတော့ ခင်ဗျားမေးတာနဲ့ ကျုပ်က ကျုပ်နာမည်ကိုပြောပြရမယ်တဲ့လား၊ ခင်ဗျားဘာမို့လို့လဲ"
"ဟားဟား၊ ခင်ဗျားက ကျားရဲ့အစွမ်းကို အတုယူနေတဲ့ မြေခွေးတစ်ကောင်ပါ၊ ခင်ဗျား မွေးဖွားခြင်းနယ်မြေအဆင့်မှာပဲရှိတာကို မေ့နေတာလား။ ကျုပ်ရှေ့မှာများ လာပြီး ဂုဏ်ယူဝံ့ကြွားနေရတယ်လို့"
"မစ္စတာချူး၊ ခင်ဗျားက နတ်အဆင့်ကို ရောက်နေတယ်လို့ ပြောခဲ့ပေမယ့် ခင်ဗျားရဲ့ စွမ်းအားတွေကို ဘယ်သူက မြင်ဖူးလို့လဲ။ ခင်ဗျားက နည်းနည်းလေး ပိုသန်မာတဲ့ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်ပါ။ ခင်ဗျားလူတိုင်းကို လှည့်စားလို့ရပေမယ့် ကျုပ်ကိုတော့ လှည့်စားလို့မရဘူး။ ခင်ဗျား ကျုပ်ရဲ့စိန်ခေါ်မှုကို လက်ခံဝံ့သလား၊ ကျုပ် ခင်ဗျားကို လူတိုင်းရှေ့မှာ ဖော်ထုတ်ပြမယ်" ကျန်းဝေက ပြောလိုက်သည်။
"အတင့်ရဲလို့။ ကျန်းဝေ၊ ရှင် လွန်သည်ထက် လွန်လာပြီ။ လာကြစမ်း၊ သူ့ကို ဆွဲထုတ်သွား။ ကျွန်မတို့ အိမ်တော်က ရှင် ရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး" လင်းချန်ရှီက အော်ဟစ်လိုက်သည်။
ထိုအခါ တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် လီယန်က ရုတ်တရက် ထပြောလိုက်သည်။
"ရွှေအစစ်က မီးကို မကြောက်ဘူး။ ခင်ဗျားရဲ့ ကျင့်ကြံမှုမှာ အရမ်းယုံကြည်မှုရှိနေမှတော့ ကျုပ်တပည့်ကို လမ်းညွှန်ပေးရင်ရော ဘယ်လိုလဲ မစ္စတာချူး၊ သေရေးရှင်ရေးကို ကံကြမ္မာက အဆုံးအဖြတ်ပေးပြီး ကံကောင်းမှုကို ကောင်းကင်က အဆုံးအဖြတ်ပေးလိမ့်မယ်"
ချူးယွင်ဖန်းက ခေါင်းယမ်းလိုက်သည်။ စိန်ခေါ်မှုကို ငြင်းဆန်တော့မည်ဟု လူတိုင်းက တွေးတောလိုက်ချိန်တွင် ချူးယွင်ဖန်းက ရုတ်တရက် ဤသို့ ပြောလိုက်သည်။
"မြို့ပိုင်ရှင်လင်းကြောင့် ခင်ဗျားနဲ့ မငြင်းခုံချင်ပေမယ့် ခင်ဗျားတို့က ကျုပ်ကို ထပ်ခါထပ်ခါ ဟောင်နေမှတော့ နောင်ဖြစ်လာမယ့် ပြဿနာအတွက် ကျုပ်ကို အပြစ်မတင်နဲ့ပေါ့၊ ခင်ဗျားဆရာပြောတာ သိပ်မှန်တယ်။ သေရေး ရှင်ရေးကို ကံကြမ္မာက ဆုံးဖြတ်ပြီး ကံကောင်းမှုကိုတော့ ကောင်းကင်ဘုံက အဆုံးအဖြတ်ပေးလိမ့်မယ်။ ခင်ဗျားမှာ အစွမ်းအစရှိရင် ထုတ်သုံးလိုက်၊ ကျုပ် ခင်ဗျားကို တစ်ချက်တည်းနဲ့ မသတ်နိုင်ရင် ကျုပ်က လူလိမ်ဆိုတာကို ကျုပ် ဝန်ခံမယ်"
"ကောင်းပြီ၊ ခင်ဗျား ပြောတာနော်" ကျန်းဝေ၏ မျက်နှာတွင် အကြံအစည်များ အောင်မြင်သွားသကဲ့သို့သော အမူအရာမျိုး ပေါ်ထွက်လာသည်။ ချူးယွင်ဖန်းကို ဤအခြေအနေသို့ တွန်းအားပေးကာ သူ၏စကားများကို ဆုပ်ကိုင်ထားနိုင်ရန်အတွက် ထိုစကားများကို ပြောခဲ့ခြင်းဖြစ်သည်။
ချူးယွင်ဖန်းက မည်မျှသန်မာသည်ကို သူ သေချာမသိပေ။ ချူးယွင်ဖန်းသည် နတ်အဆင့်တွင် မရှိနိုင်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်ဖြစ်သည့် ကျင်ဖုန်းကို သတ်ပစ်သည်ဟူသော ကောလာဟလများအရ၊ သူသည် အနည်းဆုံးလျှင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်များအနက် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သင့်သည်။ သို့သော် လှုပ်ရှားမှု သည် တစ်ခုတည်းဖြစ်မည်ဆိုပါက၊ အရာအားလုံးသည် ပို၍ ရိုးရှင်းပေလိမ့်မည်။
"ဆရာ၊ သူ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ အသိသာကြီး။ အရူးလုပ်တာကို မခံပါနဲ့" လင်းချန်ရှီက ကပျာကယာ ပြောလိုက်သည်။
"ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တော့ရော ဘာဖြစ်လဲ။ ပုရွက်ဆိတ်တစ်ကောင်က ပုရွက်ဆိတ်ပါပဲ၊ ကျုပ် သူ့ကို တစ်ချက်တည်း သတ်ပစ်တာကို စောင့်ကြည့်နေလိုက်" ချူးယွင်ဖန်းက ပြောလိုက်သည်။ သူ၏မျက်လုံးများတွင် ရွံရှာစက်ဆုပ်မှုများဖြင့် ပြည့်နှက်နေသည်။ ကျန်းဝေသည် သူ့ကို ကြိမ်ဖန်များစွာ ရန်ဆွခဲ့ရာ၊ ထိုဖြစ်စဉ်သည် သူ၏ သည်းခံနိုင်စွမ်းကို ကုန်ခန်းသွားစေသည်။
"ခင်ဗျား ကျုပ်ကို တစ်ချက်တည်းနဲ့ ဘယ်လို သတ်ပစ်မယ်ဆိုတာ ကျုပ်ကြည့်ချင်သေးတယ် မစ္စတာချူး" ကျန်းဝေက ဟက်ဟက်ပက်ပက် ရယ်မောလိုပ်သည်။
ရုတ်တရက်ဆိုသလိုပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် ချပ်ဝတ်အစုံ ပေါ်ပေါက်လာသည်။ ချပ်ဝတ်တန်ဆာ ပေါ်ပေါက်လာသည်နှင့် ၎င်းမှ ကြောက်မက်ဖွယ် ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာ၍ သူ့ကို ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်အဖြစ် အသွင်ဆောင်စေခဲ့သည်။ ကျန်းဝေ၏ အရောင်အဝါသည် နောက်တစ်ဆင့်သို့ လျင်မြန်စွာ မြင့်တက်သွားခဲ့သည်။ အကယ်၍ ကျန်းဝေ၏ ကျင့်ကြံမှုသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင်ရှိနေပါက၊ ဤချပ်ဝတ်တန်ဆာကို တပ်ဆင်ပြီးနောက် နတ်အဆင့်သို့ ခေတ္တမျှ ခုန်တက်သွားခဲ့သည်။
သူသည် ပထမမြောက် နတ်အဆင့်ကို ခေတ္တ တိုက်ခိုက်နိုင်စွမ်းရှိလာခဲ့သည်။
'သူ အဆင်သင့်ပြင်ပြီး ရောက်လာတာပဲ" ထိုနေရာတွင် ရောက်နေသူတိုင်းက တွေးတောလိုက်သည်။
အခန်း (၉၉၅) ရိုက်ခတ်မှု တစ်ခုတည်းဖြင့် အသတ်ခံရခြင်း၊ အခြေအနေများ ထပ်မံ ပြောင်းလဲသွားခြင်း
ကျန်းဝေသည် အဆင်သင့် ပြင်ဆင်၍ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ ချူးယွင်ဖန်းသည် နတ်အဆင့်တွင်ရှိနေခြင်းဖြစ်စေ ရှိမနေခြင်းဖြစ်စေ သူသည် ထောင့်တစ်နေရာသို့ တွန်းပို့ခံရပေလိမ့်မည်။ ချူးယွင်ဖန်း၏ အသက်အရွယ်ကို သုံးသပ်ကြည့်သောအခါ သူသည် နတ်အဆင့်တွင်ရှိနေလျှင်ပင် သူ၏လေ့ကျင့်မှုအဆင့်သည် အလွန်မြင့်မားမည် မဟုတ်ပေ။
ကျန်းဝေကို ထို့ကဲ့သို့ မှော်လက်နက်မျိုး ပေးစွမ်းနိုင်သည့် တစ်ဦးတည်းသော သူ၏ ဆရာ လီယန်ဖြစ်နိုင်သည်။ တစ်ဖက်တွင်မူ လီယန်က ထူးမခြားနားဟန်ဖြင့် ပြုမူနေပုံအရ ယခင်ကတည်းက စီစဉ်ထားခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။
ဘုံး
ကျန်းဝေ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အရောင်အဝါများ လုံးလုံးလျားလျား ပေါက်ကွဲသွားသည်။ မွေးဖွားခြင်းနယ်မြေအဆင့်၏ အထက်တွင် ရှိနေသည့် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ခရမ်းရောင်မီးလျှံ လက်ချောင်း"
ကျန်းဝေက လှုပ်ရှားလိုက်သည်။ သူသည် ကောင်းကင်သို့ တိုက်ရိုက် ပျံသန်းပြီးနောက် လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။ ခရမ်းရောင်မီးတောက်များ သူ့လက်ဖျားမှ လွင့်စဉ်လာ၍ ခဏအကြာတွင် အလွန်ကြီးမားသော မီးတောက်တစ်ခု ဖြစ်ပေါ်သွားစေကာ ချူးယွင်ဖန်းကို ဗုံးကြဲတိုက်ခိုက်လာခဲ့သည်။
ထျန်ဟဲမြို့၏ အထက်တန်းအရာရှိများစွာသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ခရမ်းရောင်မီးတောက်များသည် ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပုံရသည်။ ကျန်းဝေက ချူးယွင်ဖန်းကို တစ်ချက်တည်းဖြင့် ထိုးသတ်တော့မည်ဖြစ်သည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် အလျင်လိုခြင်း မရှိပေ။
"ကျုပ်ကို ရန်ဆွနိုင်မယ်လို့ ဘာက ထင်မြင်စေခဲ့တာလဲ" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။ တိုက်ခိုက်မှုသည် ချူးယွင်ဖန်းကို ထိပ်တိုက် ရိုက်ခတ်သွားခဲ့သည်။
"ပြီးပြီ" ကျန်းဝေ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဤတိုက်ခိုက်မှုကို အပြည့်အ၀ ထုတ်လွှတ်လိုက်သောအခါ ၎င်းသည် သာမန်နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ တန်ခိုးအာဏာမျိုးရှိမည်မှာ သေချာသည်။
လီယန်၏ မျက်နှာတွင်လည်း စိတ်ကျေနပ်သော အပြုံးတစ်ခု ပြသလာသည်။ မျှော်လင့်ထားသည့်အတိုင်း ချူးယွင်ဖန်းသည် လူလိမ်တစ်ဦးသာဖြစ်သည်။ သို့သော် အောင်နိုင်စွာ မပြုံးပျော်မီ သူ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ပေါက်ကွဲမှုတွင် လုံးလုံးလျားလျား နစ်မြုပ်သွားသင့်သော ချူးယွင်ဖန်းသည် ဒဏ်ရာကင်းမဲ့နေကြောင်းကို ၎င်းတို့ မြင်တွေ့လိုက်ရသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လီယန်သည် တမင်ဟန်ဆောင်ထားသည့် တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့ပေ။
ကျန်းဝေသည် သူ၏တိုက်ခိုက်မှုတွင် ရှိသမျှ ခွန်အားနှင့် ယုံကြည်မှုအားလုံးကို အသုံးပြုခဲ့သော်လည်း ချူးယွင်ဖန်းကို မထိခိုက်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် စတင် လှုပ်ရှားလိုက်သည်။ သူ၏လက်ဖြင့် ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်သည်နှင့် မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များသည် အမိန့်တစ်ခုရရှိသွားသကဲ့သို့ ချီစွမ်းအင်ဖြင့် စုစည်းထားသော လက်ကြီးအဖြစ် ချက်ချင်း ပေါင်းစည်းသွားခဲ့သည်။ ဤချီစွမ်းအင်ဖြင့် စုစည်းထားသော လက်ကြီးသည် ကျန်းဝေကို ဖမ်းဆုပ်လိုက်သည်။
"မဖြစ်ဘူး" လီယန်သည် ပြဿနာ၏လေးနက်မှုကို ချက်ချင်း သဘောပေါက်သွားသည်။
သို့သော် ချူးယွင်ဖန်း၏ လက်ကြီးသည် ရုတ်တရက် ပြုတ်ကျလာပြီဖြစ်သောကြောင့် နောက်ကျသွားပြီဖြစ်သည်။
ဘန်း
ကျန်းဝေသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ သွေးမြူမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ လေထုတစ်ခုလုံး တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရာ၊ အထူးသဖြင့် ထျန်ဟဲမြို့၏ အရာရှိများအတွက် ဖြစ်ပေသည်။ ချူးယွင်ဖန်း၏ အထောက်အထားနှင့် ခွန်အားကို အချိန်အတော်ကြာ မှန်းဆခဲ့သော်လည်း အန္တရာယ်ကင်းမဲ့သော ဤလူငယ်လေး၏ အသွင်အပြင် အစစ်အမှန်ကို ၎င်းတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူ၏ တည်ငြိမ်သော အမူအရာကို ကြည့်နေစဉ်၌ အဆုံးတွင် ၎င်းတို့အားလုံး အာရုံပြန်ကပ်လာကြသည်။ နတ်အဆင့်ကျွမ်းကျင်သူသည် နတ်အဆင့်ကျွမ်းကျင်သူသာ ဖြစ်လေ၏။ နတ်အဆင်ကျွမ်းကျင်သူများသည် အန္တရာယ်ကင်းမဲ့သည်ဟု ထင်မှတ်ရသော်လည်း အခြားလူများနှင့် တူညီသော အဆင့်တွင် ရှိမနေခဲ့ပေ။ တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် အရေးမပါသော လူတစ်ဦးကို သတ်ဖြတ်ခဲ့သည့်ဟန်ဖြင့် ကျန်းဝေကို ဂရုပင်မစိုက်ခဲ့ပေ။
လီယန်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် ချူးယွင်ဖန်းကို စိုက်ကြည့်၍ ဟိန်းဟောက်လိုက်သည်။
"ခင်ဗျား သူ့ကို ဘာလို့သတ်လိုက်တာလဲ၊ ဒါက ပြိုင်ပွဲတစ်ခုပဲ။ ခင်ဗျား လွန်သွားပြီ"
ချူးယွင်ဖန်းက လီယန်ကို လှည့်ကြည့်၍ ပြောလိုက်သည်။
"ဟုတ်လား၊ ကျုပ်ရဲ့ ကျင့်ကြံမှုက မမြင့်မားဘဲ ခင်ဗျားတို့ထင်ထားတဲ့အတိုင်း မွေးဖွားခြင်းနယ်မြေအဆင့်မှာသာ ရှိနေမယ်ဆိုရင် ခင်ဗျားတပည့်ရဲ့တိုက်ခိုက်မှုက ကျုပ်ကို သတ်သွားလောက်ပြီ။ သူတောင် ကျုပ်ကိုသတ်ဖို့ ရည်ရွယ်ချက်ရှိနေတာပဲ၊ သူ့ကိုသတ်လိုက်တာ ဘာပြဿနာရှိလို့လဲ"
အားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ ချူးယွင်ဖန်းကို ထိုအခြေအနေအထိ တွန်းပို့ရန် ထောင်ချောက်ဆင်ခဲ့သည်မှာ ကျန်းဝေဖြစ်ကြောင်း ၎င်းတို့ ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ ကံမကောင်းစွာဖြင့် ကျန်းဝေ၏ အရည်အချင်းသည် ချူးယွင်ဖန်းထက် နိမ့်ကျခဲ့သည်။ ချူးယွင်ဖန်းသည် ဤမျှ အစွမ်းထက်နေမည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
"ဟား၊ ခင်ဗျားက ကျုပ်တပည့်ကို သတ်လိုက်တာကို ဒီလို ပြောရုံနဲ့ လုံလောက်မယ်ထင်နေလား" လီယန်က သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
"အဲ့ဒါဆိုရင် ခင်ဗျားက ဘာဆက်လုပ်မှာလဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ဒီကောင်က ကျုပ်ကို အကြိမ်ကြိမ် ရန်ဆွခဲ့တာ၊ သူ့ကို နောက်ကနေ ပံ့ပိုးနေတာ ခင်ဗျား မဟုတ်လား။ ခင်ဗျားက မြို့ရဲ့ကာကွယ်သူဖြစ်တာ မဖြစ်တာကို ကျုပ် စိတ်မဝင်စားဘူး ဒါပေမယ့် ခင်ဗျား ကျုပ်ဆီကို ရောက်လာမှတော့ ကျုပ်က မယဉ်ကျေးရင် အပြစ်မတင်နဲ့"
"ရိုင်းစိုင်းတဲ့ကောင်၊ ကျုပ်ရဲ့ တပည့်အကြီးဆုံးကို ခင်ဗျားကများ သတ်ရဲရတယ်လဲ" လီယန်က အော်ဟစ်လိုက်သည်။
"ခင်ဗျားတို့အားလုံးကို သူနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်"
လင်းဟုန့်ဖုန်နှင့် အခြားအရာရှိများက ထိုသို့ ကြားသောအခါ ၎င်းတို့၏ မျက်နှာအမူအရာများ ချို့ယွင်းသွားကြသည်။ ဤဖြစ်စဉ်သည် ၎င်းတို့နှင့် မည်သို့ သက်ဆိုင်မည်နည်း။ ၎င်းတို့သည် ပွဲကြည့်ပရိတ်သတ်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် မည်သည်ကိုမျှ မပြုလုပ်ခဲ့သည်မှာ ရှင်းလင်းသော်လည်း ယခုအခါ ပါဝင်ပတ်သက်ခဲ့ရသညါ။
"အကြီးအကဲ လီယန်၊ ခင်ဗျား ကျုပ်တို့ကို ဆွဲထည့်ဖို့ စီစဉ်နေတာလား" လင်းဟုန့်ဖုန်သည် လီယန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ လီယန်၏ သတ်ပစ်ရန် ရည်ရွယ်ချက်သည် ဟာသမဟုတ်ကြောင်း သူမြင်တွေ့နိုင်သည်။ လီရန်သည် ၎င်းတို့အားလုံးကိုပင် ဆွဲချရန် ကြံရွယ်ထားမည်ကို သူ စိုးရိမ်နေမိသည်။
"ဟုတ်တယ်။ ကျန်းဝေ သေဆုံးမှုက ခင်ဗျားနဲ့ သက်ဆိုင်တယ်။ ခင်ဗျားတို့အားလုံး သူနဲ့အတူ သေစေရမယ်" လီယန်၏ မျက်လုံးများ နီရဲနေ၍ ရူးသွပ်သော အကြည့်များဖြင့် ပြောလိုက်သည်။
ထျန်ဟဲမြို့ရှိ လူများသည် ချက်ချင်း သတိဝီရိယရှိလာသည်။ လီယန်သည် ကောင်းမွန်သော ရည်ရွယ်ချက်ကောင်းဖြင့် ရောက်လာခဲ့ပုံမပေါ်ပေ။
"အကြီးအကဲ လီယန်၊ ဒါက ဘာကိုဆိုလိုချင်တာလဲ" လင်းဟုန့်ဖုန်က အံကြိတ်ကာ အော်ဟစ်လိုက်သည်။
"သူ ဘာကို ဆိုလိုချင်နေတာလဲဆိုတာ၊ ထပ်ရှင်းပြစရာလိုသေးလို့လား။ သူဆိုလိုတာက ခင်ဗျားတို့အားလုံး သေရမှာပဲ။ လင်းဟုန့်ဖုန်၊ ခင်ဗျားတို့မိသားစုတစ်ခုလုံး ထျန်ဟဲမြို့ကနေ သုတ်သင်ခံရလိမ့်မယ်"
ရုတ်တရက်ဆိုသလိုပင် မြို့ပိုင်ရှင်အိမ်တော်အပြင်ဘက်မှ မောက်မာသော အသံတစ်ခုထွက်လာ၍ ဆူညံသော တိုက်ခိုက်သံများ လိုက်ပါလာသည်။ ထိုဆူညံသံများ ငြိမ်သက်သွားစေရန် အချိန်ခဏတာမျှသာ ကြာမြင့်ခဲ့သည်။ ပြီးနောက် ပုံရိပ်တစ်ခု ဝင်ရောက်လာခဲ့သည်။ ၎င်းသည် အနက်ရောင် ၀တ်စုံ ၀တ်ဆင်ထားသည့် တင်းမာသော မျက်နှာထားနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။
"ပေါင်အန်းကျစ် ခင်ဗျားဖြစ်နေတာပေါ့လေ"
လင်းဟုန့်ဖုန်သည် ထိုလူကို မြင်လိုက်သောအခါ သူ၏မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်လာသည်။ လူလတ်ပိုင်းလူရွယ်ကို မှတ်မိသွားသောအခါ ထျန်ဟဲမြို့၏ အရာရှိများအားလုံး ထိတ်လန့်စပြုလာသည်။
"မှန်တယ်၊ ကျုပ်ပဲ လင်းဟုန့်ဖုန်။ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ နှစ်အတော်ကြာနေပြီ၊ ကျုပ်တို့ ဖြေရှင်းရမယ့် အကြွေးတွေ ရှိနေသေးတယ်" လူလတ်ပိုင်းအရွယ် ပေါင်အန်းကျစ်က ပြုံး၍ ပြောလိုက်သည်။ မပြုံးလျှင် မသိသာသော်လည်း ပြုံးရယ်လိုက်သောအခါ အလွန် ရက်စက်ပုံပေါ်လှသည်။
"ခင်ဗျား ကျုပ်တို့အရှေ့မှာ ပေါ်လာသေးတယ်ပေါ့လေ။ လင်းမိသားစုက ခင်ဗျားကို အရမ်းကြင်နာခဲ့ပေမယ့် နောက်ဆုံးမှာ ခင်ဗျားက အပြင်ကလူတွေနဲ့ ပုန်ကန်ဖို့ ကြံစည်ခဲ့တာကို ထျန်ဟဲမြို့အပေါ် အကျိုးပြုခဲ့တဲ့ ခင်ဗျားရဲ့ ဘိုးဘေးတွေကြောင့် ခင်ဗျားအသက်ကို ကျုပ် ငဲ့ညှာခဲ့တယ်။ အခု ခင်ဗျားတကယ်ပဲ အပြင်လူတွေနဲ့ ပုန်ကန်ဖို့ သတ္တိရှိတယ်ပေါ့လေ" လင်းဟုန့်ဖုန်၏ ရင်ဘတ်သည် ဒေါသစိတ်ကြောင့် မြင့်ချည်နိမ့်ချည် ဖြစ်နေသည်။
ဤအချိန်တွင် သစ္စာဖောက် ပေါင်အန်းကျစ်သည် လီယန်နှင့်အတူ ပူပေါင်းနေကြောင်းကို သူ မည်သို့မျှ နားမလည်ဘဲ နေမည်နည်း။ လီယန်ကို ဖိတ်ကြားရန်အတွက် လူများ စေလွှတ်ခဲ့သောအခါ အခြေအနေများစွာ တောင်းဆိုခြင်းမရှိဘဲ သဘောတူခဲ့ခြင်းသည် အံ့ဩစရာ မဟုတ်ပေ။
ကနဦးတွင် သူ့ဘိုးဘေးသည် လီယန်နှင့် ဆက်ဆံရေးကောင်းမွန်သောကြောင့်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခုအခါ ထိုသို့ ဖြစ်ပုံမပေါ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် လီယန်သည် ကနဦးကတည်းက ပေါင်အန်းကျစ်နှင့် ပူးပေါင်းပြုမူလာခဲ့၍ လီယန်သည် ၎င်းတို့ကြားတွင် သူလျှိုတစ်ဦးဖြစ်ခဲ့သည်။ အခြေအနေများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အခန်း (၉၉၆) ဂုဏ်ပြုပဲွလုပ်ဖို့ စောလွန်းတယ် မဟုတ်ဘူးလား
"ဟား၊ လင်းဟုန့်ဖုန်၊ ခင်ဗျား ဘာလို့ လူကောင်းတစ်ယောက်လို ဟန်ဆောင်နေတာလဲ။ ခင်ဗျားတို့ မိသားစုရဲ့ အဆင့်အတန်းက ကောင်းကင်ဘုံရဲ့ ဆန္ဒတဲ့လား။ ခင်ဗျားမိသားစုက မြို့ရဲ့ အုပ်ချုပ်သူ ဖြစ်နိုင်ရင် ကျုပ်တို့ ပေါင်မိသားစု က ဘာလို့ အုပ်ချုပ်သူ မိသားစု မဖြစ်နိုင်ရမှာလဲ" ပေါင်အန်းကျစ်က ပြောလိုက်သည်။
"အဲဒီတုန်းက ခင်ဗျားကျုပ်ကို လွှတ်ပေးခဲ့ပေမယ့် ခင်ဗျား ကျုပ်မိသားစုတစ်ခုလုံးကို သတ်ပစ်ခဲ့တယ်။ ဒီနက်ရှိုင်းတဲ့ သွေးကျွေးအတွက် ကျုပ်က ဘယ်လိုလုပ် လက်စားမချေဘဲနေမှာလဲ။ ကျုပ်ဆုံးရှုံးခဲ့သမျှကို ပြန်ယူဖို့ ဒီနေ့ ဒီနေရာကိုရောက်နေတာ။ ခင်ဗျားတို့တွေ တစ်ယောက်မှ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်မထင်နဲ့။ တစ်ယောက်ပြီးတစ်ယောက် ရှာရတဲ့ ဒုက္ခကို ရှောင်ရှားနိုင်အောင် ခင်ဗျားတို့အားလုံးကို ဒီနေရာမှာတင် သုတ်သင်ပစ်မယ်"
အရာရှိများ၏ မျက်နှာအမူအရာများ လေးနက်လာသည်။ ပေါင်အန်းကျစ်သည် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆီး သတ်ပစ်ရန် ကြံစည်ခဲ့သည်မှာ သိသာထင်ရှားသည်။ ယနေ့လယ်စာစားပွဲလျှင်ပင် ထောင်ချောက်တစ်ခုဖြစ်ခဲ့သည်။ ၎င်းတို့သည် ယနေ့တွင် ဤနေရာသို့ ဖိတ်ခေါ်ခံရမှုအရ၊ ၎င်းတို့သည် လင်းမိသားစု၏ ယုံကြည်ရသော လက်ထောက်များ ဖြစ်ကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ပေါင်အန်းကျစ်သည် ၎င်းတို့ကို အလွယ်တကူလွှတ်ပေးလိမ့်မည် မဟုတ်ပေ။
"ချီးပဲ၊ ကျုပ်တို့ ဘာလုပ်သင့်လဲ.."
"ပေါင်အန်းကျစ်၊ ခင်ဗျားက စက်ဆုပ်စရာကောင်းတဲ့လူပဲ"
"ခင်ဗျားက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေတာပဲ ပေါင်အန်းကျစ်"
အရာရှိများက စတင် ဆဲရေးတိုင်းထွာလာသော်လည်း ပေါင်အန်းကျစ်က ဂရုမစိုက်ပေ။ သူသည် သေလူများကို ကြည့်ရှုနေသကဲ့သို့ ထိုလူများကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
"အဲဒီအချိန်တုန်းက ခင်ဗျားကို လွှတ်ပေးလိုက်တာက ကျုပ်လုပ်ဖူးသမျှ အကြီးမားဆုံးအမှားပဲ၊ အခု ဒီအမှားကို ကျုပ်ပြင်ဆင်မယ်" လင်းဟုန့်ဖုန်က အော်ဟစ်လိုက်သည်။
သူသည် ထိုအချိန်တွင် စိတ်သဘောထား ပျော့ပျောင်း၍ ပေါင်အန်းကျစ်ကို လွှတ်ပေးလိုက်မိသည်။ ဤသို့သော အခြေအနေမျိုး ဖြစ်သွားမည်ဟု မည်သူသိသနည်း။ ယခုအခါ သူသည် ဤအနာဂတ်ပြဿနာကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းရပေလိမ့်မည်။
ဘုံး
လင်းဟုန့်ဖုန်သည် ချက်ချင်းပင် အမြောက်ကျည်တစ်ခုကဲ့သို့ ပျံသန်းသွားခဲ့သည်။ သူသည် လေထုကို ဖြတ်ကျော် ပျံသန်း၍ ဆင်းသက်လာကာ ထိုက်တောင်ကဲ့သို့သော အင်အားမျိုးဖြင့် ပေါင်အန်းကျစ်ကို ဖြိုခွင်းလိုက်သည်။
ဘန်း
လင်းဟုန့်ဖုန်၏တိုက်ခိုက်မှုသည် ပေါင်အန်းကျစ်ဆီ တိုက်ရိုက် ရောက်ရှိသွားသော်လည်း ပေါင်အန်းကျစ်က မလှုပ်ရှားခဲ့ပေ။ သူ့အတွက်မူ ဤတိုက်ခိုက်မှုသည် သူ၏မျက်နှာကို မှုတ်ထုတ်သည့် လေပြေကဲ့သို့ပင်ဖြစ်နေခဲ့ရာ၊ တစ်လက်မမျှပင် မလှုပ်ရွေ့သွားခဲ့ပေ။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လင်းဟုန့်ဖုန်သည် ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ရုတ်တရက် ဖျော့တော့သွားသည်။ သူ၏ တိုက်ခိုက်မှု ခွန်အားကို သူ ကောင်းကောင်းသိသည်။ သူသည် ထိန်းချုပ်ထားခြင်းမရှိဘဲ သူ၏အစွမ်းရှိသမျှကို အသုံးချခဲ့သည်။ သို့သော် ပေါင်အန်းကျစ်အပေါ် လုံးလုံးလျားလျား မသက်ရောက်ခဲ့ပေ။ သူ၏ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် စွမ်းအင်သည် ပေါင်အန်းကျစ်ကိုပင် မထိခိုက်နိုင်ခဲ့ပေ။
"အိုး မဖြစ်ဘူး"
လင်းဟုန့်ဖုန်သည် ထိုထူးဆန်းသော အခြေအနေ၏ ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။ ပေါင်အန်းကျစ်သည် နတ်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ ဤသည်မှာ ဤမျှ ထူးဆန်းသော အခြေအနေကို ဖြစ်ပေါ်စေသည့် တစ်ခုတည်းသော နည်းလမ်းသာဖြစ်သည်။
ပေါင်အန်းကျစ်၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုးရှိနေသည်။
"ခင်ဗျား အခုမှ တွေးမိတာလား၊ အရမ်း နောက်ကျသွားပြီ"
ပေါင်အန်းကျစ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် သူ၏ အရောင်အဝါများကို ထုတ်လွှတ်လိုက်ရာ၊ လင်းဟုန့်ဖုန်၏ ဦးတည်ရာဆီ ချက်ချင်း ပေါက်ကွဲသွားသည့် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
ဘန်း
လင်းဟုန့်ဖုန်သည် လေလှိုင်းကြီးဖြင့် ပြင်းထန်စွာ ရိုက်ခတ်ခံရ၍ ပြင်းထန်စွာ ခံစားခဲ့ရသည်။ သူသည် လွင့်ပျံသွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
လင်းဟုန့်ဖုန်သည် ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ ဤတိုက်ခိုက်မှုကို ခံစားရပြီးနောက် သူ့ခန္ဓာကိုယ်ရှိ အရိုးအားလုံးနီးပါး ကျိုးကြေသွားခဲ့သည်။ ပေါင်အန်းကျစ်သည် သူ၏ခွန်အားကို များစွာအသုံးမပြုခဲ့သော်လည်း ၎င်းတို့ကြားရှိ ကွာဟချက်သည် အလွန်ကြီးမားလှသည်။ မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နတ်အဆင့်အကြားတွင် ဖြတ်ကျော်၍မရသော ချောက်ကြီးတစ်ခု ရှိနေခဲ့သည်။
"မဖြစ်နိုင်ဘူး ခင်ဗျားက ကျုပ်ထက် အားနည်းနေရမှာ"
လင်းဟုန့်ဖုန် မယုံကြည်နိုင်ဖြစ်နေမိသည်။ ပေါင်အန်းကျစ် လွှတ်ပေးလိုက်သော အချိန်ကို သူ သတိရသွားမိသည်။ ပေါင်အန်းကျစ်သည် ထိုအချိန်က ထျန်ဟဲမြို့တွင် လေးစားခံရသူဖြစ်သော်လည်း သူ့ထက် များစွာ အားနည်းနေသေးသည်။ ပေါင်အန်းကျစ်သည် သူနှင့် ယှဉ်ပြိုင်နိုင်ရန် မဖြစ်သင့်ပေ။ ယခုမူ လင်းဟုန့်ဖုန်သည် ပေါင်အန်းကျစ်၏တိုက်ခိုက်မှုကိုပင် မတားဆီးနိုင်ခဲ့ပေ။ ခြားနားချက်သည် စိတ်ကူးမယဉ်နိုင်ဖွယ် ကောင်းလှသည်။
"ဟားဟားဟား။ နှစ်တွေတော်တော်ကြာနေတာတောင် ခင်ဗျားက လူတွေကို ဇာတ်လမ်းဟောင်းတွေနဲ့ ဝေဖန်နေတုန်းပဲ။ ဒါတွေ အားလုံးက ခင်ဗျား ကျေးဇူးကြောင့်ပဲ။ ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျုပ် ခွေးလေခွေးလွင့်တစ်ကောင်လို ထျန်ဟဲမြို့ကနေ မောင်းထုတ်ခံရမှာ မဟုတ်တဲ့အပြင် ခင်ဗျားကြောင့်သာမဟုတ်ရင် နတ်အဆင့်ကို ဖြတ်ကျော်ဖို့လည်း အခွင့်အရေးရမှာ မဟုတ်ဘူး" ပေါင်အန်းကျစ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ထိုအချိန်တွင် လူတိုင်းသည် ပေါင်အန်းကျစ်၏ ယုံကြည်မှုများ မည်သည်နေရာမှ ရှိလာသည်ကို လူတိုင်း နားလည်သွားကြသည်။ နတ်အဆင့်တစ်ဦးသည် ထျန်ဟဲမြို့ကဲ့သို့သော သာမန်မြို့တစ်မြို့ကို ချေမှုန်းရန် လုံလောက်ပေသည်။ အထူးသဖြင့် ယခုအချိန် ထျန်ဟဲမြို့၏ကာကွယ်သူ လီယန်သည် ပေါင်အန်းကျစ်ဘက်မှ ထင်ရှားစွာရှိနေသဖြင့် ၎င်းတို့အားလုံး ပို၍ပင် စိတ်ပျက်အားငယ်သွားကြသည်။
လူတိုင်းက စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ လီယန်သည် ၎င်းတို့ကို သစ္စာဖောက်ခဲ့၍ ရုတ်တရက် ပေါ်လာသော ပေါင်အန်းကျစ်သည် နတ်အဆင့်တွင် ရှိနေခဲ့သည်။ ကောင်းကင်ဘုံသည် ၎င်းတို့အားလုံးကို ဤနေရာတွင် သေစေချင်သည်ဟု မျက်လုံးများ ကွယ်နေခြင်းဖြစ်လေသလော။
"လင်းဟုန့်ဖုန်၊ ခင်ဗျား ကျုပ်ကို လွှတ်ပေးခဲ့တဲ့အတွက် ကျုပ်ခင်ဗျားကို မြန်မြန် သတ်ပေးမယ်။ ဒါပေမယ့် ခင်ဗျားရဲ့သမီးကို ကျုပ် ယူလိုက်မယ်။ ဟားဟားဟား"
ပေါင်အန်းကျစ်သည် လောဘ ရမက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် လင်းချန်ရှီကို ကြည့်လိုက်သည်။ လင်းချန်ရှီ၏ ဂုဏ်သတင်းသည် ကျယ်ပြောလှသောကြောင် သူကိုလျှင်ပင် ဆွဲဆောင်မိသွားခဲ့သည်။
"စဉ်းတောင် မစဉ်းစားလိုက်နဲ့" လင်းချန်ရှီသည် ဒေါသကြောင့် တုန်လှုပ်သွားခဲ့သည်။ ပေါင်အန်းကျစ်၏ ရမက်ကြီးသော မျက်လုံးများသည် သူမကို ရွံရှာစက်ဆုပ်စေမိသည်။
ယခုအခါ သူမ၏ ဖခင်သည် ဒဏ်ရာရသွားသောကြောင့် ဤလူယုတ်မာသည် လူတိုင်းထင်ထားသည်ထက် ပို၍ အားကောင်းသည်မှာ သေချာသည်။ ရုတ်တရက်ဆိုသလိုပင် ပေါင်အန်းကျစ် အနောက်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ခဏအကြာတွင် ရာနှင့်ချီသော လူများပြေးဝင်လာခဲ့သည်။ ဤရာပေါင်းများစွာသော လူများသည် ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့အနက် အားအနည်းဆုံးသည် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်တွင် ရှိနေ၍ အများစုသည် မွေးဖွားခြင်းနယ်မြေအဆင့်များဖြစ်ကြသည်။ ထိုကဲ့သို့သော စွမ်းအင်သည် အမှန်တကယ် အားကောင်းလှပေသည်။
ပေါင်အန်းကျစ်သည် နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့၍ အင်အားအတော်အတန် ရရှိလာခဲ့သည်။ မြို့ပိုင်ရှင်၏ အိမ်တော်တွင် ရှိနေသင့်သော အစောင့်အကြပ်များသည် ပေါ်ထွက်လာခြင်းမရှိသောကြောင့် အသတ်ခံခဲ့ရသည်မှာ သိသာထင်ရှားသည်။
"ခင်ဗျား အခု စလုပ်လို့ရပြီလား၊ ကျုပ် ဒင်းတို့အားလုံးကို သတ်ပြီး ကျုပ်တပည့်နဲ့အတူ မြေမြှုပ်ချင်တယ်" လီယန်က အံကြိတ်ကာ ပြောလိုက်သည်။
"ဒါ့အပြင် ကျုပ်တို့ သဘောတူညီချက်အရ ခင်ဗျား ထျန်ဟဲမြို့ကနေ ရရှိမယ့် အခွန်တချို့ကို ကျုပ်ဆီ ပေးရမှာနော်"
ထိုစကားများ ပြီးဆုံးသောအခါ လီယန်က မည်သို့ကြောင့် ရုတ်တရက် ဘက်ပြောင်းသွားရသည်ကို အားလုံး နားလည်သွားကြသည်။ ပေါင်အန်းကျစ်သည် ဤကဲ့သို့သော ကိတ်မုန့်ကြီးတစ်ချပ်ကို ဝေငှရန် ဆန္ဒရှိမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ ပုံမှန်အားဖြင့် အကာအကွယ်ပေးသူကို ငှားရမ်းကြသော်လည်း မြို့၏ဝင်ငွေတစ်ဝက်မျှကို ၎င်းပုဂ္ဂိုလ်ထံ ပေးအပ်မည် မဟုတ်ပေ။ ထိုသို့ဖြစ်ခဲ့လျှင် မြို့တွင်းရှိ လည်ပတ်မှုများ ခက်ခဲသွားပေလိမ့်မည်။ ပေါင်အန်းကျစ်သည် လီယန်၏ထောက်ပံ့မှုကို ရယူရန်အတွက် ဤအရာများကို ဂရုမစိုက်ခဲ့သည်မှာ သိသာထင်ရှားသည်။
"ဒါပေါ့၊ ပြဿနာမရှိပါဘူး" ပေါင်အန်းကျစ်က ဆိုသည်။
သူ၏မျက်နှာပေါ်ရှိ အမူအရာသည် ပိုပို၍ ခက်ထန်လာသည်။ နှစ်အတော်ကြာသည်အထိ ခွေးလေခွေးလွင့်ကဲ့သို့ ပုန်းအောင်းနေခဲ့ရသော်လည်း ယခုအခါ သူနှင့်သက်ဆိုင်သည်ဟု ထင်မှတ်ခဲ့သော အရာများကို နောက်ဆုံးတွင် ပြန်ယူနိုင်ခဲ့သည်။
"သူတို့အားလုံးကို သတ်ပစ်လိုက်၊ ဒီအလှတရားကလွဲရင် ဘယ်သူ့ကိုမှ အရှင်မထားနဲ့"
ပေါင်အန်းကျစ်က ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူ၏အနောက်ဘက်ရှိ လူရာပေါင်းများစွာသည် သွေးဆာနေသော အမူအရာများကို ချက်ချင်း ထုတ်ဖော်ပြသလာသည်။ ၎င်းတို့သည် ၎င်းတို့၏ဓားသွားများရှိ သွေးများကို သောက်သုံးနေသည့် သွေးဆာနေသူများဖြစ်ကြ၍ ယခုအခါ ရာနှင့်ချီသော ဝံပုလွေများကဲ့သို့ ခုန်ထွက်လာကြသည်။ သို့သော်လည်း ၎င်းတို့အားလုံး စတင်လှုပ်ရှားလာ၍ အရာရှိများက အသေခံ၍ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြစဉ် ကောင်းကင်ကိုပင် ကွဲအက်သွားစေမည့် ဓားအလင်းရောင်တစ်ခု ရုတ်တရက် လွင့်ထွက်လာခဲ့သည်။
ခန္ဓာများစွာ ပေါက်ကွဲထွက်သွားသည့် အသံများကို ကြားလိုက်ရလေသည်။ သွေးဆာနေသည့် ရာနှင့်ချီသော ကျွမ်းကျင်သူများကို ထိုဓားအလင်းဖြင့် သုတ်သင်ပစ်လိုက်သည်။ ၎င်းတို့အားလုံးသည် ချက်ချင်းပင် လေထုထဲတွင် ပေါက်ကွဲသွားကြသည်။
"ဂုဏ်ပြုပွဲကျင်းပဖို့ စောလွန်းတယ်လို့ မထင်ဘူးလား"