← Chapters

နတ်ဘုရားသွေးစက် ( ၂ )

Vol. 6 Ch. 79

နတ်ဘုရားသွေးစက် ( ၂ )

Vol. 6 Ch. 79

သူ တွေးတောနေသည့်အခိုက် အဝေးရှိ တောင်ထိပ်ခုနစ်လုံးမှနေ၍ ခေါင်းလောင်းသံ လွင့်ပျံလာသည်။

ရင်ပြင်ထဲရှိ သက်လတ်ပိုင်းအရွယ်လူသုံးယောက်သည် ရယ်မောကာ စကားပြောမနေကြတော့ဘဲ တည်ကြည်လေးနက်သည့်အသွင် ဖြစ်လာသည်။

သူတို့ထဲမှ တစ်ယောက်က အပြင်ဘက်ရှိ စစ်ဆေးပွဲဖြေမည့်လူငယ်ဒါဇင်ကျော်ကို ဝေ့ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ အားလုံး ငြိမ်မယ် ”

သူ၏အသံက ကျယ်လောင်ခြင်းမရှိပါသော်လည်း မိုးခြိမ်းသံအလား လူအားလုံး၏နားများထဲ မြည်ဟည်းသွားသည်။

အပြာရောင်ဝတ်စုံနှင့်လူငယ်သည် ချက်ချင်း တိတ်ဆိတ်သွား၏။ တခြားလူများသည်လည်းစကားပြောလိုက်သည့် သက်လတ်ပိုင်းလူကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။

ရွှီချင်းသည် ငြိမ်သက်စွာဖြင့် ခေါင်းကို မော့လိုက်သည်။

“ စစ်ဆေးပွဲစဖို့ အချိန်ရောက်ပြီ။ စုစုပေါင်း သုံးခုစစ်ဆေးမယ်။ အဲဒီသုံးခုလုံးကို အောင်တဲ့လူတွေက စွမ်းဆောင်မှုရမှတ်တစ်ထောင် ချီးမြှင့်ခံရမယ်။ အားလုံးထဲမှာ အဆင့်တစ်ရရင်တော့ ဆုလာဘ်က ပိုများမယ်။ ပထမစစ်ဆေးမှာက မင်းတို့ခန္ဓာကိုယ်တွေထဲမှာရှိနေတဲ့ ဓာတ်နှောပမာဏပဲ ”

“ အခုချက်ချင်း အားလုံးရှေ့ကိုထွက်ပြီး မင်းတို့ရဲ့ ဝင်ခွင့်တံဆိပ်ပြားတွေကို ပေးကြ။ ပြီးရင် မင်းတို့နာမည်တွေကိုပါ တစ်ခါတည်း ပြောရမယ်။ ဘာမှဖုံးကွယ်မထားနဲ့။ အဲဒီစည်းမျဉ်းကို ဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ် ”

သက်လတ်ပိုင်းလူ၏စကားဆုံးသည်နှင့် အပြာရောင်ဝတ်စုံနှင့် လူငယ်က တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရှေ့ကို ပထမဆုံး လျှောက်သွားသည်။ သူက လက်ထဲရှိ ဝင်ခွင့်တံဆိပ်ပြားကို ပေးလိုက်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ တပည့်ကျိုးချင်ဖုန်း အကြီးအကဲကို နှုတ်ဆက်ပါတယ် ”

သူ့အသံက ကျယ်လောင်ပြီး ရှင်းလင်းနေပေရာ သက်လတ်ပိုင်းကျင့်ကြံသူသုံးယောက်က ခေါင်းများ တဆတ်ဆိတ် ငြိမ့်လိုက်ကြသည်။

ထို့နောက် ဒုတိယမြောက်လူ ရှေ့တက်လာသည်။ မကြာခင် လူခြောက်ယောက်သာ ကျန်တော့သည့်အခါ ရွှီချင်းသည် ရှေ့ထွက်လာပြီး လေးစားစွာဖြင့် သူ၏ဝင်ခွင့့်တံဆိပ်ပြားကို ကမ်းပေးလိုက်သည်။ သူက အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် အသံနက်ကြီးဖြင့် အော်ပြောလိုက်သည်။

“ တပည့်ရွှီချင်း၊ အကြီးအကဲကို နှုတ်ဆက်ပါတယ် ”

ထိုစကားပြောပြီးနောက် ရွှီချင်းသည် အတန်ငယ် ဆွံ့အသွားမိသည်။ သူ၏နာမည်ကို တခြားလူများအား သူ မပြောပြခဲ့သည်မှာ အလွန့်အလွန် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ တိတိကျကျပြောရလျှင် ခုနစ်နှစ်နီးပါး ရှိနေပြီဖြစ်သည်။

ထိုသို့ပြောပြီးသည်နှင့် ရွှီချင်းသည် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ နောက်ဆုတ်သွားသည်။

သက်လတ်ပိုင်းလူသုံးယောက်သည် သူ ပေးလိုက်သည့် ဝင်ခွင့်တံဆိပ်ပြားကို လှမ်းကြည့်လိုက်ပြီး သူ့ကို များများစားစား အာရုံစိုက်မနေတော့ပေ။

ထိုသို့ဖြင့် စစ်ဆေးပွဲဖြေမည့်လူများအားလုံး မိတ်ဆက်ပြီးကြသည့်အခါ ပထမဆုံးစစ်ဆေးပွဲ တရားဝင် စတင်လေသည်။

ပထမစစ်ဆေးပွဲသည် ရိုးရှင်းသည်။ သက်လတ်ပိုင်းလူက လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဆယ်ပေမြင့်သော အစိမ်းရောင်ကျောက်တုံး​ကြီးတစ်တုံး လေထဲမှ ဘုန်းခနဲ ပေါ်ထွက်လာပြီး ရင်ပြင်ပေါ် ကျဆင်းသွားရာ ဖုန်မှုန့်များ ထောင်းခနဲ ထသွားသည်။

“ အစောတုန်းက အစဉ်လိုက်အတိုင်းပဲ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့။ ပြီးရင် မင်းတို့လက်ကို အဲဒီကျောက်တုံးပေါ် ဖိထားလိုက် ”

ကျိုးချင်ဖုန်းက ချက်ချင်း ထသွားလိုက်သည်။

ရွှီချင်းသည် အာရုံစိုက်ထားပြီး တစ်ဖက်လူ၏လက်က ကျောက်တုံးပေါ် ဖိလိုက်သောအခါ အစိမ်းရောင်ကျောက်တုံးမှ အလင်းများ ချက်ချင်း ဖြာထွက်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် ကျောက်တုံးမျက်နှာပြင်ပေါ်တွင် လူတစ်ယောက်၏ရုပ်ပုံ ပေါ်လာသည်။

ထိုရုပ်ပုံထဲတွင် အလင်းပြောက် လေးဆယ်ကျော် လင်းလက်နေ၏။

“ လေးဆယ့်နှစ်မှတ်၊ မဆိုးဘူး။ ပထမစစ်ဆေးပွဲကို အောင်တယ် ”

ဘေးရှိ သက်လတ်ပိုင်းလူက ခေါင်းညိတ်၍ နောက်ထပ်လူတစ်ယောက်ကို ခေါ်လိုက်သည်။

ကျိုးချင်ဖုန်းသည် သူ့ကိုယ်သူ အနည်းငယ် ကျေနပ်နေဟန်တူပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်၍ တခြားလူများကို အနီးကပ် အကဲခတ်နေသည်။

မကြာခင် လူအားလုံး ဆက်လက် စစ်ဆေးခံနေကြပြီး ရွှီချင်းသည် ဟာကွက်အနည်းငယ်ကို မြင်လိုက်ရသည်။

အမှတ်အရေအတွက် မြင့်မားသည်နှင့်အမျှ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောပမာဏများစွာ ရှိသည်ကို ဖော်ပြသည်။ ထိုလူများအနက် အများစုက အမှတ်တစ်ရာကျော်နေပြီး အရည်အချင်းမပြည့်မီကြောင်း သတ်မှတ်ခံလိုက်ရသည်။

“ ငါက ဘာဓာတ်နှောမှ ရှိမနေတဲ့လူ ဖြစ်သွားမယ် …”

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ပထမဆုံးရောက်သည့်နေ့မှာပင် အခြေအနေကို နားမလည်ဘဲ သူ မကြွားဝါချင်ပေ။ ယင်းသည် သူ၏ပင်ကိုယ်စရိုက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

သို့သော်လည်း သာမန်ဖြစ်နေလျှင်လည်း ဂိုဏ်း၏ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိသွားပေလိမ့်မည်။ သို့ဖြစ်၍ ရွှီချင်းက ခေါင်းကိုငုံ့၍ သူ့အရိပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက အရိပ်ကို အနည်းငယ် ထိန်းချုပ်၍ ဓာတ်နှောများကို သူ၏ခန္ဓာကိုယ်ထဲ ရောယှက်သွားစေလိုက်သည်။

ဓာတ်နှောများကို သူ ခွဲထုတ်နေစဉ်မှာပင် တအံ့တသြ အော်ဟစ်သံ လွင့်ပျံလာသည်။

“ အမှတ်သုံးဆယ့်လေးမှတ်၊ တော်တယ် ”

သက်လတ်ပိုင်းအရွယ်လူ၏အသံက အနည်းငယ် မငြိမ်မသက်ဖြစ်နေသည်။ ရွှီချင်းသည် ချက်ချင်း ခေါင်းမော့ကြည့်လိုက်သောအခါ ကျောက်တုံးဘေးတွင် ရပ်နေသော သူနှင့်သက်တူရွယ်တူ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။

မိန်းကလေး၏အဝတ်အစားများက သူနှင့်ဆင်တူပြီး မျက်နှာက ညစ်ပတ်နေသည်။ ထိုမိန်းကလေးသည်လည်း ရတနာမုဆိုးတစ်ယောက်သာ ဖြစ်သည်။

သူမသည် အလွန် ရှက်ရွံ့နေဟန်တူပြီး မည်သူ့ကိုမှ မကြည့်ဝံ့ဘဲ ခေါင်းကိုသာ ငုံ့ထားသည်။ သက်လတ်ပိုင်းလူကို အရိုအသေပေးပြီးနောက် ဘေးကို ခပ်သွက်သွက် လျှောက်သွား၏။

“ သူ့နာမည်က လီကျစ်မေ့ထင်တယ် ”

ရွှီချင်းသည် ထိုမိန်းကလေး၏နာမည်ကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီးနောက် အကြည့်လွှဲကာ ရှေ့ဆက်လျှောက်သွားသည်။ သူက ကျောက်တုံးဆီ ရောက်သွားသောအခါ လက်ကို တည်ငြိမ်စွာ မြှောက်၍ ဖိချလိုက်သည်။

အလင်းများ ဖြာထွက်လာပြီး လူရုပ်ပုံမှ အလင်းပြောက်ဒါဇင်ကျော် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ယင်းအလင်းပြောက်ကလေးများသည် အနည်းငယ် မငြိမ်မသက်ဖြစ်ကာ လူးလွန့်နေ၏။

“ လေးဆယ့်သုံးမှတ်၊ မဆိုးဘူး။ အောင်တယ် ”

သက်လတ်ပိုင်းကျင့်ကြံသူက လှမ်းကြည့်ကာ ခေါင်းညိတ်လိုက်သည်။

ရွှီချင်းသည် သူ၏ညာလက်ကို မြန်မြန်ဆန်ဆန် ရုတ်လိုက်ပြီး ဘေးကို လျှောက်သွားသည်။ မကြာသေးခင်က အရိပ်ထံမှ သူ စုပ်ယူကာ သူ၏ခန္ဓာကိုယ်ထဲတွင် ဖိနှိပ်ထားခဲ့သည့် ဓာတ်နှောများက အရိပ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားကာ ပျောက်ကွယ်သွားသည်။

လေးဆယ့်သုံးမှတ် … ယင်းရလဒ်သည် ထူးချွန်သည်ဟု မဆိုနိုင်ပါသော်လည်း ဆိုးဝါးသည်ဟု သတ်မှတ်၍ မရပေ။ ယင်းသည် လုံလောက်သည်ဟု ရွှီချင်း ခံစားရသည်။

အမှန်တကယ်တွင်လည်း ထိုအနေအထားက လုံလောက်ပေသည်။ စစ်ဆေးခံသည့်လူခြောက်ဆယ်ရှိသည့်အနက် လူတစ်ဆယ့်ကိုးယောက်သာ ငါးဆယ်အောက် ရရှိကြပြီး လူနှစ်ဆယ်က တစ်ရာကျော်သည်။

ထိုလူနှစ်ဆယ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

“ စစ်ဆေးပွဲသုံးခုက ဘက်စုံစစ်ဆေးတာဖြစ်လို့ ဒုတိယမြောက်စစ်ဆေးမှာက မင်းတို့ရဲ့ စိတ်ဆန္ဒပဲ။ ကဲ မင်းတို့အားလုံး ရှေ့ကိုတိုးပြီး တင်ပျဉ်ခွေထိုင်လိုက်ကြ ”

သက်လတ်ပိုင်းလူသုံးယောက်အနက် နောက်ထပ်တစ်ယောက်က ပြောလိုက်သည်။ ထိုလူ၏မျက်နှာက ရှည်ပြီး တည်ကြည်သောအသွင်အပြင် ရှိသည်။ သူ၏အသံက အက်ကွဲနေ၏။

သူ၏အသံထွက်လာသည်နှင့် လူအားလုံး ရှေ့တက်လာကြပြီး တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ လူအုပ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းသည် ခေါင်းမော့၍ မျက်နှာရှည်ရှည်နှင့် သက်လတ်ပိုင်းလူကို ကြည့်လိုက်သည်။ သူ၏စိတ်ဓာတ်အား မည်ကဲ့သို့ စမ်းသပ်မည်ကို သူ သိချင်နေတော့သည်။

သူ လှမ်းကြည့်လိုက်သည့်အခိုက် သက်လတ်ပိုင်းလူက လက်ကိုဝှေ့ယမ်းကာ သံပုလင်းလေးတစ်ပုလင်းကို ထုတ်လိုက်သည်။ ထိုပုလင်းလေးသည် ငွေရောင်ရှိပြီး အပေါ်တွင် ကမ္ပည်းစာအမြောက်အမြား ရေးထွင်းထားသည်။ ၎င်းက အလွန် ရှေးကျဟန်တူပြီး ထူးခြားသောအသွင်ကို ဆောင်နေသည်။

ထိုပုလင်းလေးကို သူ ထုတ်လိုက်ပြီးနောက် သူနှင့် တခြားလူနှစ်ယောက်၏ မျက်နှာအမူအရာများက သိသိသာသာ လေးနက်သွားကြသည်။

“ ဒီထဲမှာ အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် ရောစပ်ထားတဲ့ သွေးတစ်စက်ရှိတယ်။ အဲဒီသွေးကို အသက်သွင်းလိုက်တာနဲ့ ခြိမ်းခြောက်လာလိမ့်မယ်။ မင်းတို့ အဲဒါကို တောင့်မခံနိုင်ရင် လျှာကိုက်ပြီးတော့ အရှုံးပေးလိုက်ကြ ”

ထို့နောက် သူက ပုလင်းကို ဖွင့်၍ အစိမ်းရောင်ကျောက်တုံးပေါ် လောင်းချလိုက်သည်။

ရွှီချင်းသည် ထိုဖြစ်ရပ်ကို မမှိတ်မသုန်ကြည့်နေသည်။ မကြာခင် သံပုလင်းလေးထဲမှ ရွှေရောင်အရည်တစ်စက် ကျလာသည်ကို သူ မြင်လိုက်ရသည်။ ထိုအရည်က လွန်စွာ စေးပျစ်နေပြီး ခန္ဓာတစ်ခု ပိုင်ဆိုင်ထားဟန်တူသည်။

ဧရာမအစိမ်းရောင်ကျောက်တုံးကြီးပေါ်သို့ ထိုအရည် ကျသွားသည့်အခိုက် ကျောက်တုံးကြီးတစ်ခုလုံး စူးရှတောက်ပလာသည်။ ရွှေရောင်အလင်းတန်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်လာပြီး ရွှေရောင်သွေးစက်ကျသွားသည့်နေရာမှ ရှေးခေတ်ကတည်းက တည်ရှိနေခဲ့ဟန်တူသော ဟိန်းသံကြီး ထွက်ပေါ်လာသည်။

ထိုအသံကြီး မြည်ဟည်းနေစဉ် အထဲမှနေ၍ ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်လာဟန်တူသည်။

ထိုမျက်လုံးကြီး၏ မျက်ဆံများထဲတွင် သွေးကြောမျှင်များ မရေမတွက်နိုင်လောက်အောင် ရှိနေပြီး ၎င်းတို့က မျက်လုံးအပြင်ဘက်ကို တွားသွားထွက်ချင်နေကြသည့်အလားပင်။ ယင်းသည် လွန်စွာ ထူးဆန်းပါသော်လည်း တချိန်တည်းမှာပင် မြင့်မြတ်သောအငွေ့အသက်များကို ပေးစွမ်းနေသည်။

သတ္တဝါအားလုံးကို အထက်စီးမှ ကြည့်လေ့ရှိသော နတ်ဘုရားတစ်ပါးက လူအားလုံးကို အဆုံးအစမဲ့ အေးစက်ခြင်းများဖြင့် ကြည့်နေသည့်အလား ထင်မှတ်ရသည်။

တင်ပျဉ်ခွေထိုင်နေကြသည့် လူများအားလုံးမှာ မိုးကြိုးလျှပ်စီးများ သူတို့ခေါင်းများကို ပစ်ခတ်လိုက်ကြသည့်အလား သူတို့စိတ်ထဲတွင် ဘုန်းခနဲ မြည်ဟည်းသွားသည့်ပမာ ခံစားလိုက်ရသည်။

သူတို့ခန္ဓာကိုယ်များထဲရှိ အသွေးအသားများက ထိန်းချုပ်မှု ကင်းမဲ့ကာ တသီးတခြား ခွဲထွက်သွားတော့မည့်အလား သူတို့အားလုံး အပြင်းအထန် တုန်ရီနေတော့သည်။ တစစီစုတ်ဖြဲခံနေရသည့်အလား ခံစားချက်ကြောင့် သူတို့၏မျက်နှာများ ရှုံ့မဲ့လာတော့သည်။

သူတို့ဝိညာဉ်များ၏အနက်ရှိုင်းဆုံးနေရာမှ အစပြုလာခဲ့သော ထိတ်လန့်တုန်လှုပ်ခြင်းများနှင့် သူတို့ အာရုံများမှတစ်ဆင့် အစပြုလာခဲ့သော သေရေးရှင်ရေးခံစားချက်များ သူတို့စိတ်ထဲ အရူးအမူး ပေါ်ထွက်လာသည်။ ထိုအခြေအနေသည် စစ်ဆေးခံနေသည့်လူများကို ချက်ချင်းပင် အသိဥာဏ်များ ကင်းမဲ့သွားစေသည်။ ထိုလူများအနက် သုံးယောက်မှာ သွေးစိမ်းများ အန်ထွက်ကာ မြေပြင်ပေါ် လဲကျသွားသည်။

ကျိုးချင်ဖုန်းနှင့် လီကျစ်မေ့တို့၏မျက်နှာများသည်ပင် ချက်ချင်း ဖြူဖျော့လာသည်။ သူတို့၏ခန္ဓာကိုယ်များ အပြင်းအထန် တုန်ရီနေပြီး သူတို့နှာခေါင်းများမှ သွေးများ စီးကျလာကာ မျက်လုံးများ နီမြန်းနေတော့သည်။

ရွှီချင်းသည် ခန္ဓာကိုယ်သာ တုန်ရီနေ၏။ သို့သော် သူ၏ရင်ထဲတွင် အံ့အားသင့်သည့်စိတ်က ပို၍ပင် ပြင်းထန်နေသည်။

အဘယ်ကြောင့်ဆိုရသော် ထိုမျက်လုံးကို သူ ရင်းနှီးနေ၏။

၎င်းသည် နတ်ဘုရား၏မျက်လုံးများ ဖွင့်လာပြီး သူ ကောင်းကင်ကို မော့အကြည့်တွင် မြင်လိုက်ရသည့် မျက်လုံးများနှင့် တထေရာတည်းပင်။ ပုံပန်းသွင်ပြင်သာ တူညီနေသည်သာမက ကြောက်လန့်တုန်ရီသွားစေနိုင်သည့် ခံစားချက်ပေးရာတွင်လည်း တူညီနေပေသည်။

All Chapters