အခန်း (၁၀၃၀-၁၀၃၂)
Vol. 69 Ch. 1030-1032
အခန်း (၁၀၃၀) နတ်ကုန်းမြေမှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ပြုလုပ်ခြင်း
ချူးယွင်ဖန်း၏ အရောင်အဝါသည် အထွတ်အထိပ်သို့ မြင့်တက်လာ၍ သူသည် နဝမမြောက် နတ်အဆင့်တွင်ရှိနေသည့် ဝေ့မိသားစု ပထမ အကြီးအကဲကို လက်သီးတစ်ချက်တည်းဖြင့် ထိုးသတ်လိုက်သည်။ သူသည် လူတိုင်း၏အမြင်တွင် ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ဦးဖြစ်ပေသည်။ တိုက်ပွဲကို ကြည့်ရှုနေကြသော နတ်အဆင့် ကျွမ်းကျင်သူများ ပြန့်ကျဲသွားကြသည်။ ချူးယွင်ဖန်းက စိတ်ပြောင်းလာ၍ ၎င်းတို့အားလုံး သတ်ဖြတ်လာမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့အားလုံး ဤနေရာတွင် မနေရဲတော့ပေ။
၎င်းတို့သည် ချူးယွင်ဖန်း၏ အင်အားနှင့် ပတ်သက်၍ ယုံမှားသံသယမရှိကြပေ။ ထိုလူများအားလုံးသည် ခဏလေးအတွင်းမှာပင် လုံးလုံးလျားလျား ပျောက်ကွယ်သွားကြရာ၊ တစ်ယောက်ပင် မကျန်ရစ်ခဲ့ပေ။ ချူးယွင်ဖန်းသည် ဝေ့မိသားစု ပထမ အကြီးအကဲ၏ ရုပ်အလောင်းကို တောင်မြစ်ပန်းချီကားထဲသို့ ထည့်လိုက်သည်။ ထိုအချိန်တွင် လင်းဟုန့်ဖုန်နှင့် လင်းချန်ရှီတို့သာ ကျန်ရစ်တော့သည်။
"ခင်ဗျားက ပြည်ထောင်စုရဲ့ အထက်အရာရှိ မစ္စတာချူး ဖြစ်နေဖို့ ကျုပ် တကယ် မမျှော်လင့်ထားဘူး" လင်းဟုန့်ဖုန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
"ဘာလဲ၊ အခုမှ ခင်ဗျား လုပ်ရပ်တွေကို နောင်တရနေပြီလား" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံး၍ မေးလိုက်သည်။
"မနောက်ပါနဲ့ မစ္စတာချူးရယ်။ ထျန်ဟဲမြို့က ခင်ဗျားကို ခြွင်းချက်မရှိ အမြဲ ပံ့ပိုးပေးမှာပါ" လင်းဟုန့်ဖုန်က ကမန်းကတန်း ပြောလိုက်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ လင်းဟုန့်ဖုန်သည် လိမ္မာပါးနပ်သူ ဖြစ်ရာ၊ သူသည် ထိုအချိန်တွင် အခြားရွေးချယ်စရာမရှိသည့်အပြင် နောက်ဆုတ်ရန်ပင် အလွန် နောက်ကျနေပြီဖြစ်သည်။
"စိတ်ချပါ မြို့ပိုင်ရှင်လင်း။ ကျုပ်က ပြည်ထောင်စုမှာ လုပ်ပိုင်ခွင့် တချို့တစ်ဝက်ရှိပါတယ်။ နတ်ကုန်းမြေက ထျန်ဟဲမြို့ကို လက်မခံကြရင် ပြည်ထောင်စုထဲကို ခင်ဗျားတို့ ပြောင်းရွေ့နိုင်ပါတယ်" ချူးယွင်ဖန်းက ပြုံးလိုက်သည်။
"နတ်ကုန်းမြေက ခွန်းလွန်နယ်မြေထဲကို ပြောင်းရွေ့ဖို့ အချိန်အတိုင်းအတာတစ်ခုပဲ လိုတော့တာ။ ဘာပဲဖြစ်ဖြစ် နတ်ကုန်းမြေမှာ သက်တမ်းက သိပ်မကျန်တော့ဘူးလေ ဟုတ်တယ်မလား"
ချူးယွင်ဖန်းသည် ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းများကို မော့ကြည့်လိုက်သည်။ ၎င်းအက်ကွဲကြောင်းများသည် နတ်ကုန်းမြေကို သူ ပထမဆုံး ဝင်ရောက်ခဲ့စဉ်ကထက်ပင် ပို၍ ကြီးမားလာသည်။ ဤသည်မှာ ပုံရိပ်ယောင်တစ်ခုမဟုတ်ဘဲ အမှန်တရားတစ်ခုသာဖြစ်သည်။ အက်ကွဲကြောင်းများသည် အဆက်မပြတ် ကျယ်ပြန့်လာကာ အခြေအနေတစ်ခုသို့ ရောက်ရှိသည်နှင့် နတ်ကုန်းမြေတစ်ခုလုံး၏ ပြိုလဲမှုသည် ရှောင်လွှဲ၍ရနိုင်မည် မဟုတိပေ။
နတ်ကုန်းမြေသည် ပြိုကျလုနီးပါးဖြစ်နေသောကြောင့် နတ်ကုန်းမြေရှိ အင်အားစုအားလုံးသည် ခွန်းလွန်နယ်မြေသို့ အလျင်အမြန် ပြောင်းရွှေ့ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ သို့သော်လည်း နတ်ကုန်းမြေရှိ ဂိုဏ်းများသည် တစ်ခု နှစ်ခုမျှသာ တည်ရှိနေခြင်း မဟုတ်သောကြောင့် ဤရွေ့ပြောင်းမှုလုပ်ငန်းစဉ်သည် အလွန်ရှည်လျားပေသည်။ အကယ်၍ ၎င်းတို့သာ နတ်ကုန်းမြေ၏ ဂိုဏ်းများအားလုံးကို ပြောင်းရွှေ့လိုပါက နတ်ကုန်းမြေ မပြိုလဲမီ လှုပ်ရှားရပေလိမ့်မည်။
ထိုသို့ဖြစ်ပွားခဲ့ပါက၊ အများဆုံးလျှင် အင်အားစုကြီးများသာ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထိုအခါ သာမန်ပြည်သူများအားလုံး လုံးလုံးလျားလျား ပျက်သုန်းသွားပေလိမ့်မည်။ နတ်ကုန်းမြေသည် ပြည်ထောင်စုကို ဖိနှိမ်၍ ၎င်းတို့၏ တောင်းဆိုချက်များကို လက်ခံနိုင်အောင် မပြုလုပ်နိုင်ပါက၊ ပထမခြေလှမ်းသည် ပြည်ထောင်စု၏လက်ထဲတွင် ရှိနေမည်ဖြစ်သည်။ ပြည်ထောင်စု၏ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ နတ်ကုန်းမြေ၏ ဆယ်ပုံတစ်ပုံမျှသော လူအရေအတွက်ကို ဘေးကင်းစွာ ရွှေ့ပြောင်းရန်ပင် လွယ်ကူမည်မဟုတ်ပေ။
ဤသည်မှာ နှစ်ဦးနှစ်ဖက်စလုံး၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်နေသည့် ကြီးမားသော စီမံကိန်းတစ်ခုဖြစ်သည်။ နတ်ကုန်းမြေအတွက်မူ ပြည်ထောင်စုကို သိမ်းပိုက်နိုင်ခြင်းက အကောင်းဆုံးရလဒ်ဖြစ်သည်။ သို့သော် ပြည်ထောင်စုအတွက်မူ ဆန့်ကျင်ဘက်ဖြစ်စဉ်ဖြစ်သည်။ ပြည်ထောင်စုအတွက် အကောင်းဆုံးရလဒ်သည် နတ်ကုန်းမြေကို ၎င်းတို့ထဲသို့ ပေါင်းစည်းရန်ဖြစ်သည်။
ပြည်ထောင်စု၏ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအင်သည် ချို့ယွင်းချက်ရှိနေ၍ နတ်အဆင့် ကျွမ်းကျင်သူများကို အချိန်တိုအတွင်း ပျိုးထောင်ရန် မဖြစ်နိုင်ပေ။ ယခုအခါ ၎င်းတို့သည် နတ်ကုန်းမြေကို ချည်နှောင်နိုင်ပြီဖြစ်သောကြောင့် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအင် နည်းပါးမှုနှင့်ပတ်သက်၍ အစားထိုးနိုင်ပြီဖြစ်သည်။
ပြည်ထောင်စု၏ နောက်ဆုံး ချို့ယွင်းချက်များကို ပြုပြင်နိုင်မည်ဖြစ်သည်။ ၎င်းတို့သည် အဏ္ဏဝါမျိုးနွယ်စုများ၊ အနန္တ နတ်ဆိုးတောင်တန်းများနှင့် ရင်ဆိုင်ရလျှင်ပင် အားနည်းချက်ရှိတော့မည် မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့ဘက်မှ အသာစီးမှုရရှိသွားမည်ဖြစ်သည်။
ဤသည်မှာ ချူးယွင်ဖန်းက နတ်ကုန်းမြေထံ ပေးအပ်နေသည့် အခွင့်အရေးလည်းဖြစ်ပေသည်။ နတ်ကုန်းမြေသည် ပြည်ထောင်စု၏ခေါင်းဆောင်ဖြစ်လာရန် အခိုင်အမာဆိုနေကြလျှင် ပြည်ထောင်စုက ၎င်းတို့ကို ငြင်းပယ်ကြမည်မှာ သေချာသည်။ နောင်လာမည့် နှစ်အနည်းငယ်အတွင်း ပြည်ထောင်စု၏ ထိပ်တန်းကျွမ်းကျင်သူများက ၎င်းတို့၏ ကျွမ်းကျင်သူများကို လိုက်မှီလာသောအခါ နတ်ကုန်းမြေသည် ပြည်ထောင်စုအတွက် အသုံးဝင်တော့မည် မဟုတ်ပေ။ ထိုအခါ ယခုအချိန် ၎င်းတို့ ဝံ့ကြွားနေသကဲ့သို့ ပြုမူရန် မဖြစ်နိုင်ပေ။
"ကျုပ်တို့က ခင်ဗျားရဲ့ လက်အောက်မှာ ရှိပါတယ် မစ္စတာချူး" လင်းဟုန့်ဖုန်က အံကြိတ်၍ ပြောလိုက်သည်။
ဤအခြေအနေသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် နောက်ဆုံးအနိုင်ရသူဖြစ်မည်ဟူသော ခံယူချက်ဖြင့် ချူးယွင်ဖန်းထံ၌သာ သူ၏ကံတရားများကို လောင်းကြေးထပ်နိုင်သည်။
"ကောင်းပြီ။ ခင်ဗျား စိတ်မပျက်စေရပါဘူး" ချူးယွင်ဖန်းက ကတိပေးလိုက်သည်။
"ဆရာ၊ ဘယ်သူတွေ ဘာပဲပြောပြော၊ ကျွန်မ ဆရာကိုပဲ သေချာပေါက် ထောက်ခံမှာပါ" လင်းချန်ရှီ၏ သေးသိမ်သော မျက်နှာလေးသည် ထိုစကားများပြောနေစဉ် အလွန် လေးနက်နေသည်။ ဒဏ္ဍာရီဆန်၍ အံ့ဩဖွယ်ကောင်းသော ပြည်ထောင်စုကို သူမ တွေးမိသောအခါ သူမ၏ သေးငယ်သော မျက်နှာရှိ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ခဲ့ပေ။
ချူးယွင်ဖန်းက ရယ်ပြုံး၍ သူမ၏ ခေါင်းလေးကို ပုတ်လိုက်သည်။
"ထျန်ဟဲမြို့ကို အရင်ပြန်သွားရအောင်။ ပြီးရင် မိုင်းတွင်းလုပ်ငန်းကို ပြန်လုပ်ကြတာပေါ့။ နဂါးဝိညာဉ်ရဲ့ အတားအဆီးမရှိတော့ လုပ်ငန်းတွေအားလုံးကို အမြန်ဆုံး ပြန်လုပ်လို့ရပြီ"
"နားလည်ပါပြီ" လင်းဟုန့်ဖုန်က ပြောလိုက်သည်။
နတ်အဆင့် ကျွမ်းကျင်သူများ ထွက်ပြေးသွားကြစဉ် နတ်ကုန်းမြေ၏ အဓိက အင်အားစုများကြားတွင် တုန်လှုပ်ချောက်ချားဖွယ် သတင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။ ပြည်ထောင်စုမှ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးသည် နတ်ကုန်းမြေထဲသို့ ဝင်ရောက်ခဲ့၍ ဝေ့မိသားစု၏ ပထမအကြီးအကဲအပါအဝင် နတ်အဆင့်ကျွမ်းကျင်သူ အများအပြားကို သတ်ဖြတ်ခဲ့သည်။
ထိုသတင်း ထွက်ပေါ်လာသောအခါ ရုန်းရင်းဆန်ခတ်များ ဖြစ်ပေါ်သွားလေသည်။ နတ်ကုန်းမြေသည် အမြဲတစေ လွှမ်းမိုးနိုင်စွမ်းရှိသည့် အင်အားစုတစ်ခုဖြစ်သည်။ ၎င်းတို့သာ ပြုလုပ်ချင်လျှင် ပြည်ထောင်စုထဲသို့ ထိုးဖောက်နိုင်သည့်အပြင် နတ်ကုန်းမြေထဲသို့လည်း ပြန်လည် ဝင်ရောက်နိုင်သည်။
ပြည်ထောင်စု၏ ကျွမ်းကျင်သူတစ်ဦးသည် နတ်ကုန်းမြေသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းသည် မကြုံစဖူးသော ဖြစ်ရပ်ဖြစ်သည်။ ချူးယွင်ဖန်းကြောင့် နတ်ကုန်းမြေတစ်ခုလုံး ညတွင်းချင်းပင် ရုတ်ရုတ်သဲသဲဖြစ်သွားလေ၏။ ပထမဆုံး တုံ့ပြန်လာသူများသည် နတ်ကုန်းမြေ၏ နံပါတ်တစ်မိသားစုဖြစ်သည့် ဝေ့မိသားစုဖြစ်သည်။
ပြည်ထောင်စုကို အုပ်စိုးရာတွင် ရှေ့ပြေးတပ်များဖြစ်သည့် ဝေ့မိသားစုနှင့် ချူးယွင်ဖန်းတို့ကြားရှိ ပဋိပက္ခဖြစ်ရပ်သည် ဖြေရှင်းရန် မရနိုင်ပေ။ ဤတစ်ကြိမ်တွင် ၎င်းတို့၏ အကြီးအကဲတစ်ဦးပင် သတ်ဖြတ်ခံခဲ့ရသည်။ သူသည် နတ်ကုန်းမြေတစ်ခုလုံးရှိ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်၍ ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးကို မွေးထုတ်ပေးရန်ပင် အလွန်ခက်ခဲလှသည်။ ယခုမူကား သူသည် ချူးယွင်ဖန်း၏လက်ထဲ၌ သေဆုံးသွားခဲ့သည်။
မှတ်တမ်းများအရ၊ ပြည်ထောင်စုထဲတွင် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားသည့် ဝေ့မိသားစုဝင်အရေအတွက်သည် ယခုထက်ပို၍ များပြားလှသည်။ ဝေ့မိသားစုတစ်ခုလုံးသည် အလွန် ဒေါသထွက်နေကြသည်။ ချူးယွင်ဖန်းသည် နတ်ကုန်းမြေသို့ လာရောက်ရန် သတ္တိရှိသောကြောင့် ထိုနေရာတွင် ၎င်းကို သတ်ပစ်မည်ဟု ဝေ့မိသားစုခေါင်းဆောင်က ကြေညာလိုက်သည်။
ဝေ့မိသားစုတစ်ခုလုံးက မည်သို့ကြောင့် ဒေါသထွက်နေကြသည်ကို မည်သူမဆို နားလည်နိုင်သည်။ အဆုံးတွင် ၎င်းတို့၏ပထမ အကြီးအကဲသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည်။ ဤသို့သော ဆုံးရှုံးမှုမျိုးသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။ ဝေ့မိသားစု၏ မဆုတ်မနစ်သော ဝါဒဖြန့်မှုအောက်တွင် နတ်ကုန်းမြေရှိ လူတိုင်းသည် ပြည်ထောင်စုအတွင်းရှိ ချူးယွင်ဖန်း၏ အဆင့်အတန်းကို သိရှိလာကြသည်။
ချူးယွင်ဖန်းသည် ပြည်ထောင်စုတွင် သြဇာအာဏာကြီးမားသူဖြစ်၍ အထူးစစ်ဆင်ရေးဌာနကို တာဝန်ယူထားသူဖြစ်သည်။ အထူးစစ်ဆင်ရေးဌာနသည် မြင့်မားသော အခွင့်အာဏာရှိသည့်အပြင် ပြည်ထောင်စုတစ်ခုလုံးတွင် အဆက်အသွယ်များ ရှိနေသည်။ ခွန်အားအရ၊ နတ်အဆင့် ကျွမ်းကျင်သူများ မရှိခြင်းမှလွဲလျှင် ၎င်းတို့၏ အလုံးစုံခွန်အားသည် နတ်ကုန်းမြေရှိ ထိပ်တန်းအင်အားစုအချို့ထက် သာလွန်သည်။
အဆင့်အတန်းနှင့် ခွန်အားအရဆိုလျှင် ချူးယွင်ဖန်းသည် နတ်ကုန်းမြေရှိ အင်အားစုငယ်တစ်ခု၏ ဦးဆောင်သူနှင့် ဆင်တူသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စု၏ နံပါတ်တစ်ကျွမ်းကျင်သူအဖြစ်ပင် လူသိများခဲ့သည်။ အရေးအကြီးဆုံးအချက်မှာ သူသည် အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသည်။ ၎င်းတို့သည် အသက်နှစ်ဆယ်ကျော်အရွယ်တွင် မည့်သည့်အရာများ ပြုလုပ်နေကြခြင်းဖြစ်သနည်း။
တစ်ဖက်တွင်မူ ချူးယွင်ဖန်းက ဤအသက်အရွယ်တွင် ကမ္ဘာ၏ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်နေပြီဖြစ်သည်။ ၎င်းတို့ကြားရှိ ကြီးမားသော ကွာဟချက်ကို ယုံမှားသံသယဖြစ်ရန် မလိုပေ။ ၎င်းတို့ကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိနေသည်။ ဤအကြောင်းအရာကို သိရှိသွားသောအခါ လူအများအပြားသည် အံ့သြတကြီး အော်ဟစ်မိသွားကြသည်။ ၎င်းတို့သည် တစ်သက်တာကို ဖြုန်းတီးစွာ နေထိုင်ခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
အခန်း (၁၀၃၁) လက်မခံနိုင်ဘူးဆိုရင် ကျုပ်နဲ့ တိုက်ခိုက်လို့ရတယ်
နတ်ကုန်းမြေနှင့် ပြည်ထောင်စုသည် လုံးလုံးလျား ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုတွင်ရှိသော်လည်း ချူးယွင်ဖန်းနှင့် ပတ်သက်သော အချက်အလက်အချို့ကို ရရှိရန် မခက်ခဲလှပေ။ အဆုံးတွင် ပြည်ထောင်စုကို ထိုးဖောက်ဝင်ရောက်ခဲ့သည့် နတ်ကုန်းမြေရှိ လူများစွာ ရှိနေခဲ့သည်။ ၎င်းတို့ရှာတွေ့နိုင်သည့် ချူးယွင်ဖန်း၏ အခြေခံအချက်အလက်များလျှင်ပင် နတ်ကုန်းမြေတခွင်၌ အကြီးအကျယ် ရုတ်ရုတ်သဲသဲဖြစ်နေပြီဖြစ်သည်။
ယခင်က ချူးယွင်ဖန်း၏ ငယ်ရွယ်မှုအပေါ် မြည်တမ်းနေကြလျှင် ယခုအခါ သူ၏ အောင်မြင်မှုများစွာကို မြင်လိုက်ရသောအခါ လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။ သူသည် သူတမူထူးခြားသော ပါရမီရှင်တစ်ဦးဖြစ်သည်မှာ သေချာသည်။ အများအားဖြင့် ဝံ့ကြွားလေ့ရှိသော နတ်ကုန်းမြေ၌ပင် ထိုသို့သော ပုဂ္ဂိုလ်မျိုးမရှိခဲ့ပေ။ နတ်ကုန်းမြေသည် ပြည်ထောင်စု၏ သိုင်းပညာ တိုးတက်မှုအပေါ် အမြဲတမ်း ရှုတ်ချခဲ့ကြသည်။ ပြည်ထောင်စု၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်ဆန်သော်လည်း နတ်ကုန်းမြေနှင့် ဝေးကွာနေသေးကြောင်း သိသာထင်ရှားသည်။
ပြည်ထောင်စု၏ လက်ရှိအရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံလျှင် ၎င်းတို့သည် နောင်အနှစ်တစ်ရာအတွင်း နတ်ကုန်းမြေကို ကျော်လွန်သွားမည်ဖြစ်သည်။ အနှစ်တစ်ရာသည် ရှည်လျားသော်လည်း နတ်ကုန်းမြေ၏ ရှည်လျားသော ဖွံ့ဖြိုးတိုးတက်မှုနှင့် နှိုင်းယှဉ်လျှင် ဖော်ပြရန်ပင် မထိုက်ပေ။ ပြည်ထောင်စုသည် မည်မျှ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။ သို့သော်လည်း ပြည်ထောင်စု၏ သိုင်းပညာသည် ယခုအချိန်တွင် နတ်ကုန်းမြေနှင့် မနှိုင်းယှဉ်နိုင်သေးရာ၊ အထူးသဖြင့် နတ်အဆင့် ကျွမ်းကျင်သူ အရေအတွက်နှင့် ပတ်သက်၍ ပို၍ မယှဉ်နိုင်ပေ။
သို့သော်လည်း ပြည်ထောင်စုသည် နတ်ကုန်းမြေပင် မစွမ်းဆောင်နိုင်သော ပါရမီရှင်တစ်ဦးကို ပြုစုပျိုးထောင်နိုင်ခဲ့သည်။ ယင်းကြောင့် ပြည်ထောင်စု၏ ယခင် နံပါတ်တစ် ကျွမ်းကျင်သူဖြစ်ခဲ့သည့် ပြည်ထောင်စု၏ သမ္မတကြီးကို လူအများအပြားက တွေးမိသွားစေသည်။ ချူးယွင်ဖန်းသည် နောက်တက်မည့် သမ္မတဖြစ်လာမည်ဟုပင် လူအများအပြားက ကြွေးကြော်ခဲ့ကြသည်။
သမ္မတကြီးသည် နတ်ကုန်းမြေတွင် အမှန်တကယ် နာမည်ကျော်ကြားခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်၍ ချူးယွင်ဖန်းသည် သူ၏နောက်တွင် ဒုတိယမြောက် ကျော်ကြားလာသူဖြစ်သည်။ နတ်ကုန်းမြေ၏ ဦးဆောင်မိသားစုဖြစ်သည့် ဝေ့မိသားစု၏ ဘိုးဘွားပိုင်မြေတွင် အဆောက်အအုံများစွာ တည်ရှိသည်။ ဤသည်မှာ ဝေ့မိသားစု၏ အများစုသော သားစဉ်မြေးဆက် နေထိုင်ရာနေရာဖြစ်၍ မိသားစု၏ အဓိကနေရာဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဝေ့မိသားစု၏ ဘိုးဘွားပိုင်မြေ၏ နက်နဲသောနေရာ၌ အမြင့်ဆုံးအဆင့်ဟုဆိုနိုင်သည့် အစည်းအဝေးမျိုး ကျင်းပနေကြသည်။ နိုင်ငံအနှံ့ ပျံ့နှံ့နေသည့် ဝေ့မိသားစု၏ အဆင့်မြင့် အရာရှိများ တစ်ဦးပြီး တစ်ဦး ရောက်ရှိလာသည်။ မိသားစု၏ အဓိက အကြောင်းအရာများကို ဆုံးဖြတ်ရန် လုံလောက်သည့် လူအယောက်တစ်ရာကျော်ခန့်သည် အစည်းအဝေးပွဲသို့ တက်ရောက်လာကြသည်။
၎င်းတို့အနက်၊ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်နှင့် ၎င်းအထက်ရှိ ကျွမ်းကျင်သူများသာလျှင် ဤအစည်းအဝေးတွင် ပါဝင်ရန် အရည်အချင်း ပြည့်မီခဲ့သည်။ ၎င်းအနက် ဝေ့မိသားစု၏ အမွေအနှစ်များကို သက်သေပြသနေသည့် နတ်အဆင့်ကျွမ်းကျင်သူများပင် ရှိနေ၏။ အစည်းအဝေး၏ ထိပ်ဆုံးတွင် ဖြူဖြူဖျော့ဖျော့မျက်နှာနှင့် မုတ်ဆိတ်ပသိုင်းမွှေး မပါရှိသော အသက်လေးဆယ်ခန့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်လျက်ရှိသည်။ သူ့မျက်နှာတွင် လေးနက်သော အမူအရာမျိုးရှိနေ၍ ဘုန်းအာနုဘော် အရောင်အဝါများ ထုတ်လွှတ်နေသည်။ သူသည် ဝေ့မိသားစု၏ လက်ရှိခေါင်းဆောင် ဝေ့ဝူယန်ဖြစ်သည်။
"ချူးယွင်ဖန်း သေရမယ်"
"မှန်တယ်။ ကျုပ်တို့တွေ သူ့ကို ဒီလိုဆက်ပြီး မောက်မာခွင့်ပေးလို့ မရဘူး။ ပထမ အကြီးအကဲအတွက် လက်စားချေရမယ်"
"လက်စားချေချင်တာကို ထားဦး။ ဒီလူက ပြည်ထောင်စုရဲ့ နတ်ကုန်းမြေကို ဆန့်ကျင်တဲ့ အမာခံ အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ သူသေပြီးတာနဲ့ ပြည်ထောင်စုထဲက ခေါင်းမာနေတဲ့ လူတွေအားလုံး ပြိုကွဲသွားလိမ့်မယ်"
အစည်းအဝေးတစ်ခုလုံး အရှိန်မြင့်တက်လာ၍ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာကြသည်။ မိသားစုခေါင်းဆောင် ဝေ့ဝူယန်သည် အမူအရာကင်းမဲ့သော မျက်နှာထားရှိနေ၍ မည်သည့်စကားကိုမျှ မဆိုခဲ့ပေ။ ဝေ့မိသားစု၏ ပထမ အကြီးအကဲသည် သူ၏ညီငယ်ဖြစ်၍ ယခုအခါ ချူးယွင်ဖန်း၏လက်ထဲတွင် သေဆုံးသွားသောကြောင့် ဝေ့ဝူယန်သည် ချူးယွင်ဖန်း၏ သေဆုံးမှုကို မစောင့်နိုင်တော့ပေ။
"ဒီလိုဆိုရင်တောင် ဒီကောင်ရဲ့ ခွန်အားက အသေးအမွှားကိစ္စ မဟုတ်ဘူး။ ပထမအကြီးအကဲရဲ့ ခွန်အားကို လူတိုင်း သိကြမယ်လို့ ထင်ပါတယ်။ ချူးယွင်ဖန်းကို ရင်ဆိုင်တုန်းက သူ့ရဲ့ လှုပ်ရှားမှုကို တစ်ခု နှစ်ခုထက် ပိုပြီး မခုခံနိုင်ခဲ့ဘူးလို့ ပြောကြတယ်။ ချူးယွင်ဖန်းရဲ့ ခွန်အားက နဝမမြောက် နတ်အဆင့်ထိ ရောက်နေမှာကို ကျုပ် ကြောက်မိတယ်။ ဒါမှမဟုတ် အထွတ်အထိပ်အဆင့်ကိုတောင် ရောက်နေလောက်ပြီ သူ့ကို သတ်ဖို့ မလွယ်လောက်ဘူး"
ဆင်ခြင်တုံတရားပိုရှိသော အကြီးအကဲအချို့က ထိုအကြောင်းအရာကို ရိပ်မိသွားကြသည်။ လူတိုင်း၏ စိတ်အာရုံများ ငြိမ်သက်သွားလေသည်။ ၎င်းတို့သည်လည်း ဤအချက်ကို တွေးခဲ့ဖူးသည်။ ဝေ့မိသားစု၏ ပထမ အကြီးအကဲသည် ဝေ့ဝူယန်မှလွဲ၍ ဝေ့မိသားစုထဲရှိ မည်သူ့ကိုမျှ မကြောက်ရွံ့ခဲ့ပေ။ မည်သူမျှ သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ထိုကဲ့သို့သောပုဂ္ဂိုလ်သည် ချူးယွင်ဖန်းကို မယှဉ်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် ပြင်းပြင်းထန်ထန် ကြိုးစားရန်ပင် မလိုအပ်ဘဲ ဝေ့မိသားစု၏ ပထမ အကြီးအကဲကို လုံးလုံးလျားလျား ချေမှုန်းပစ်ခဲ့သည်။ ထိုကဲ့သို့သော ခွန်အားအရ မိသားစု၏ လက်ရှိခေါင်းဆောင် ဝေ့ဝူယန်လျှင်ပင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ဤသို့သော လူမျိုးကို သတ်ဖြတ်ရန် အလွန် ခက်ခဲပေသည်။
လူတိုင်းက ဝေ့ဝူယန်ကို လှည့်ကြည့်လိုက်ကြသည်၊ သို့သော် သူ၏မျက်နှာသည်လည်း ဖြူဖျော့နေသည့်အပြင် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူသည်လည်း ချူးယွင်ဖန်း၏ ခွန်အားကို အနည်းငယ် ကြောက်ရွံ့နေသည်။ သူ့တွင်သာ ယုံကြည်မှုရှိခဲ့လျှင် ယခုအချိန်အထိ စောင့်ဆိုင်းမနေဘဲ ချူးယွင်ဖန်း၏ တံခါးဝသို့ သွားရောက်ကာ သတ်ဖြတ်ပြီးပြီဖြစ်သည်။ သို့သော် ချူးယွင်ဖန်း၏ ဖြစ်တည်မှုသည် သူ့ကို အလွန် ခြိမ်းခြောက်စေသည်။
"ကျုပ်တို့တွေ သတင်းဖြန့်လိုက်ရင်ရော ဘယ်လိုလဲ။ ကျုပ်တို့ ဝေ့မိသားစုက ပြည်ထောင်စုကို သိမ်းပိုက်ချင်ပေမယ့် ဒီလို သိမ်းပိုက်ချင်နေတာက ကျုပ်တို့ချည်းပဲ မဟုတ်ဘူးလေ" အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
"ချူးယွင်ဖန်းရဲ့ အင်အားက ကျုပ်တို့ဘက်မှာပဲ ဆူးတစ်ခုဖြစ်နေတာ မဟုတ်ဘူး တခြားအင်အားစုတွေဆီမှာလည်း ဆူးတစ်ခုပဲ"
သူ၏စကားများသည် အကြီးအကဲများနှင့် အဆင့်မြင့် အမှုဆောင် အများအပြား၏ မျက်လုံးများကို တောက်ပသွားစေသည်။ ထို့ကြောင့်သာလျှင် ချူးယွင်ဖန်း၏ စွမ်းဆောင်မှုသည် အံ့မခန်းဖြစ်နေခြင်းဖြစ်သည်။ ၎င်းတို့၏ မိသားစုကို အားကိုးရုံမျှဖြင့် ၎င်းတို့အားလုံး၏ ဘေးကင်းမှုကို အာမခံနိုင်မည် မဟုတ်သို့သော် ချူးယွင်ဖန်းသည် အခြားလူများကို ဒဏ်ရာရရှိစေပါက၊ ၎င်းဖြစ်စဉ်သည် ကွဲပြားသော ဇာတ်လမ်းတစ်ခုဖြစ်သွားပေလိမ့်မည်။
"မှန်တယ်၊ ဒီလို လုပ်ရအောင်" ဝေ့ဝူယန်က ပြောသည်။ မိမိလျှင်ပင် အကြွင်းမဲ့ ယုံကြည်မှုမရှိဘဲ အခြားလူများအတွက် ထင်ရှားပေါ်လွင်စွာ ပြုမူလိုစိတ်မရှိပေ။
"ချူးယွင်ဖန်းအကြောင်း သတင်းဖြန့်ဖို့ အဆက်အသွယ်တွေအားလုံးကို သုံးလိုက်။ လူတွေ ပိုသိလေ ပိုကောင်းလေပဲ။ သူတစ်ယောက်တည်းနဲ့ နတ်ကုန်းမြေတစ်ခုလုံးကို ကိုယ်တိုင် တိုက်ခိုက်နိုင်မယ်လို့ ကျုပ် မယုံဘူး"
ဝေ့ဝူယန်၏ အမိန့်ပေးမှုအပြီးနောက် ဝေ့မိသားစု၏ အဆက်အသွယ်အမျိုးမျိုးကို စတင်လည်ပတ်ခဲ့ကြသည်။ နတ်ကုန်းမြေသည် ဝေ့မိသားစု၏ ဇာတိမြေဖြစ်၍ ၎င်းတို့သည် ထိုနေရာတွင် နှစ်ပေါင်းများစွာကြာ အမြစ်တွယ်နေထိုင်ခဲ့သည်။ ချူးယွင်ဖန်း၏အမည်သည် ညတွင်းချင်းပင် နတ်ကုန်းမြေတစ်ခွင်သို့ ပျံ့နှံ့သွားသည်။ ဝေ့မိသားစုကြောင့် ပြည်ထောင်စု၏ အဆင့်မြင့်အရာရှိတစ်ဦးသည် နတ်ကုန်းမြေသို့ ရောက်လာကြောင်း လူတိုင်း သိရှိသွားကြသည်။
သို့သော် ဝေ့မိသားစုသည် ချူးယွင်ဖန်းအတွက် ထောက်ပံ့မှု ဖန်တီးလိုခြင်းမဟုတ်ကြောင်း သိသာထင်ရှားသည်၊ မည်သို့ဆိုသော် သူ၏အချက်အလက်များကို ထုတ်ဖော်ပြသချိန်တွင် လူများစွာက ထိတ်လန့်သွား၍ အချို့ လူများစွာက သူ့ကိုသတ်ပစ်ရန် ဆုံးဖြတ်လာကြသည်။
ပြည်ထောင်စုကို သိမ်းပိုက်လိုသူသည် ဝေ့မိသားစု တစ်ခုတည်း မဟုတ်ပေ။ အခြားသော အင်အားစုများသည်လည်း ထိုနည်းလည်းကောင်းတူသာဖြစ်၏။ ၎င်းတို့၏အမြင်တွင် သန်မာ၍ အလွန် ခိုင်မြဲသည့် အပြုအမူရှိကာ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများရှိသည့် ချူးယွင်ဖန်းသည် ၎င်းတို့ဘက်တွင် ဆူးညှောင့်တစ်ခုဖြစ်သည်။
သို့ရာတွင်၊ ၎င်းတို့သည် ပြည်ထောင်စုတွင်ရှိနေပါက အနည်းငယ် ကိုင်တွယ်ရခက်ခဲမည်ဖြစ်သော်လည်း နတ်ကုန်းမြေတွင် ရှိနေလျှင် ကွဲပြားပေလိမ့်မည်။ အဆုံးတွင် ဤသည်မှာ ၎င်းတို့၏ အိမ်ကွင်းဖြစ်သည်။ ၎င်းတို့တွင် သတ်ဖြတ်ချင်စိတ်များ မြင့်တက်လာသည်နှင့်အမျှ ထိုစိတ်များကို နှိမ်နင်းရန် မရတော့ပေ။ လူတစ်ဦး၏ သတ်ဖြတ်ချင်စိတ်သည် ကောင်းကင်နှင့် မြေကြီးကိုပင် မှောက်လှန်ပစ်နိုင်သည်။
ထိုအချိန်တွင် လူတိုင်း၏မျက်လုံးများက ထျန်ဟဲမြို့သို့ ရောက်ရှိလာကြ၍ လူအများ၏အမြင်တွင် ချောင်ပိတ်မိနေသော ကြွက်တစ်ကောင်ဖြစ်သည့် ချူးယွင်ဖန်းသည် ပြည်ထောင်စုအစား ကိုယ်စားပြုနိုင်ကာ ပြည်ထောင်စုနှင့် မည်သို့ ပေါင်းစည်းရမည်ကို လင်းဟုန့်ဖုန်မှတစ်ဆင့် ရုတ်တရက် ကြေငြာလညခဲ့သည်။
"ခင်ဗျားတို့ လက်မခံနိုင်ရင် ကျုပ်ကို လာတိုက်ခိုက်ဖို့ ကျုပ်ဘက်က အမြဲ ကြိုဆိုလျက်ပဲ"
ဤစာကြောင်းတစ်ကြောင်းသည် နတ်ကုန်းမြေတစ်ခုလုံးကို လောင်ကျွမ်းသွားစေသည်။
အခန်း (၁၀၃၂) ချူးယွင်ဖန်း၏ ဝှက်ဖဲ။ အရေအတွက်က အဓိပ္ပာယ်မဲ့ခြင်း
ချူးယွင်ဖန်း၏စကားများသည် နတ်ကုန်းမြေတစ်ခုလုံးရှိ အငွေ့အသက်များကို လောင်ကျွမ်းသွားစေ၏။ လူအများ၏အမြင်တွင်၊ သူသည် ၎င်းတို့ကို အလေးအနက်မထားသည်မှာ သိသာထင်ရှားသည်။ သို့မဟုတ်၊ နတ်ကုန်းမြေသည် သူ့အတွက် အရေးမပါခြင်းဖြစ်ပေသည်။ မကောင်းသော အကြံအစည်များကို ဖုံးကွယ်ထားသော လူများစွာသည် ချူးယွင်ဖန်း၏ သေဆုံးရေး သေချာစေရန်အတွက် ဆက်လက် ကြံစည်နေကြသည်။
ချူးယွင်ဖန်း၏ကြေငြာချက်သည် စိန်ခေါ်စာတစ်ခုကဲ့သို့ဖြစ်နေခဲ့ရာ၊ ထိပ်တန်း အင်အားစုများအားလုံး တိတ်ဆိတ်သွားကြသည်။ အချိန်အတော်ကြာသည်အထိ အမျိုးမျိုးသော အင်အားစုများဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ချူးယွင်ဖန်းသည် ထျန်ဟဲမြို့ပိုင်ရှင်၏ အိမ်တော်ရှိ ရေကန်ဘေးတွင် ရပ်တန့်နေသည်။ သူသည် မလှုပ်မယှက် ရပ်တန့်လျက် သဘာဝတရား၏ လမ်းစဉ်ကို နားလည်ရန် ကြိုးစားနေသည်။
လင်းချန်ရှီသည် သူ၏အနောက်တွင် ရှိနေ၏။ ချူးယွင်ဖန်းသည် သူ၏ကမ်းလှမ်းချက်ကို ကြေညာသည်မှာ ဆယ်ရက်ရှိပြီဖြစ်သည်။ ဆယ်ရက်ဟူသည် အကြောင်းအရာအများအပြား ဖြစ်ပွားရန် လုံလောက်ပေသည်။ ယခင်ဘေးအန္တရာယ်အပြီးတွင် လင်းချန်ရှီသည် ဘေးအန္တရာယ်မှ အမြတ်အစွန်းရရှိကာ သူမ၏ ကျင့်ကြံမှုများ တိုးတက်လာခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏ဘေးတွင်ရပ်နေသော သူမသည် သမုဒ္ဒရာကဲ့သို့ ကြီးမားသော ကြောက်မက်ဖွယ်စွမ်းအင်ကို ခံစားနိုင်ဆဲဖြစ်သည်။ ဤသည်မှာ သူမ ယှဉ်နိုင်သော အရာမျိုး မဟုတ်ပေ။
"ဆရာ၊ ဆရာရဲ့စကားကြောင့် နတ်ကုန်းမြေတစ်ခုလုံး ပွက်လောရိုက်နေပြီး။ လူတိုင်းက ဒီအကြောင်းကို ပြောနေကြတယ်" လင်းချန်ရှီက ချူးယွင်ဖန်းကို ကြည့်၍ ပြောလိုက်သည်။
"အင်း" ချူးယွင်ဖန်းသည် နှလုံးမသွင်းဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုသို့သော ရုန်းရင်းဆန်ခတ်ဖြစ်စေခြင်းသည် သာမန်အကြောင်းအရာဖြစ်ကြောင်း သူ သိထားသည်။ ရလဒ်သည် မည်သို့ပင်ရှိစေကာမူ နတ်ကုန်းမြေတစ်ခုလုံး၏ အနာဂတ်ကို ထိခိုက်စေမည်ဖြစ်သည်။ ၎င်းကို ဗဟုသုတအနည်းငယ်ရှိထားသူ မည်သူမဆို နားလည်နိုင်ပေလိမ့်မည်။
"ဒါပေမယ့် လူတော်တော်များများက ဆရာ့ကို အထင်မကြီးကြပုံပဲ။ နတ်ကုန်းမြေက လူတွေ ဆရာ့ကို မကြိုက်မှာကို ကျွန်မ စိုးရိမ်မိတယ်" လင်းချန်ရှီက ဆက်ပြောလိုက်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ထိုလူများသည် ချူးယွင်ဖန်းကို မနှစ်သက်ရုံမျှသာ မဟုတ်ပေ။ ကောလဟာလမျိုးစုံ ပြန့်နှံ့နေခဲ့ရာ၊ ချူးယွင်ဖန်းသည် မောက်မာ၍ အာဏာရှင်ဆန်သူဟု အပြစ်တင်ပြောဆိုနေကြသည်။
"ကိစ္စမရှိပါဘူး။ တကယ် ဆုံးဖြတ်ချက်ချနိုင်တဲ့ အင်အားစုတွေအားလုံး တိတ်ဆိတ်နေကြတာကို မမြင်ဘူးလား၊ ဝေဖန်နေတဲ့ လူတွေကို ဘာများကြောက်စရာရှိလို့လဲ။ ကျုပ်ဘက်က အရာအားလုံးကို ဖြေရှင်းပြီးတဲ့အခါ သူတို့တွေ မလိုလားရင်တောင် သဘောတူရလိမ့်မယ်။ အဲဒီအချိန်ကြရင် ကျုပ်ဆီ လှည့်လာပြီး ကျုပ်ရဲ့ပေါင်ကို ဖက်တွယ်ရလိမ့်မယ်"
ချူးယွင်ဖန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ထိုလူများကို လုံးလုံးလျားလျား ဂရုမစိုက်ပေ။
လင်းချန်ရှီသည် အခြေအနေများကို နားလည်သွားပုံရသည်။ တစ်ကမ္ဘာလုံး၏ ရှုံ့ချမှုများဖြင့် ဖြစ်ပေါ်လာသော ဖိအားများသည် သူမအတွက် ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ ထိုလူများ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ အရေးမကြီးသည့်အပြင် ၎င်းတို့သည် အခြေအနေတစ်ခုလုံးကို မထိခိုက်စေနိုင်ပေ။
ဤသည်မှာ ၎င်းတို့ကြားရှိ အဆင့်အတန်း ကွာခြားချက်ကြောင့်ဖြစ်သည်။ လင်းချန်ရှီ၏အမြင်အရ၊ ချူးယွင်ဖန်းကို ဝေဖန်နေခဲ့သူ အားလုံးသည် ကျော်ကြားသော အကြီးအကဲများ ဖြစ်ကြပုံပေါ်သည်။ ၎င်းတို့ထဲရှိ တစ်ဦးချင်းစီသည် ထျန်ဟဲမြို့ကို ခြေတစ်ချက် စောင့်ရုံဖြင့် ဖျက်ဆီးပစ်နိုင်သည်။ ၎င်းတို့၏ ဆုံးဖြတ်ချက်ကို လျစ်လျူမရှုနိုင်သော်လည်း ၎င်းတို့သည် ချူးယွင်ဖန်းအတွက် အရေးမပါသော ဖြတ်လျှောက်များသာဖြစ်သည်။ ပို၍ အရေးကြီးသောအချက်သည် နတ်ကုန်းမြေ၏ကံကြမ္မာကို ဆုံးဖြတ်နိုင်သူများသည် ထိုအင်အားစုကြီးများဖြစ်ကြသည်။
အရာရာကို ဆုံးဖြတ်နိုင်သူများသည် ထိုအင်အားစုကြီးများကြားရှိ ထိပ်တန်းဖြစ်တည်မှုများဖြစ်သည်။ ၎င်းတို့ကို နှိမ်နှင်းနိုင်သရွေ့ တခြားလူများသည် ခိုက်ရန်ဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်သွားမည်ဖြစ်သည့်အပြင် ဤအန္တရာယ်ရှိပုံရသော အခြေအနေသည်လည်း ပြေလည်သွားပေလိမ့်မည်။ ဤအခြေအနေမှ ရုန်းထွက်နိုင်သည့် သော့ချက်သည် ၎င်းတို့၏ ခွန်အားသာဖြစ်သည်။ သို့မှသာ အရာအားလုံးကို ဖယ်ရှားနိုင်မည်ဖြစ်သည်။
"နတ်ကုန်းမြေမှာ အင်အားစုကြီးခြောက်ခုရှိတယ်။ နံပါတ်တစ်မိသားစုဖြစ်တဲ့ ဝေ့မိသားစုအပြင် ကြာစိမ်းရောင်ဂိုဏ်း၊ ငရဲမီးလျှံဂိုဏ်း၊ လမင်းတံခွန်အိမ်တော်၊ သက်ရှည်ယုံကြည်ခြင်းဂိုဏ်းနဲ့ အနန္တဂိုဏ်းဆိုပြီး ရှိကြတယ်" ချူးယွင်ဖန်းက ရေရွတ်လိုက်သည်။
သူသည် နတ်ကုန်းမြေ၏ အခြေအနေများကို လင်းချန်ရှီမှတစ်ဆင့် ကြားသိခဲ့သည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတွင်ရှိစဉ်က နတ်ကုန်းမြေအကြောင်းကို အနည်းငယ်သာ သိခဲ့ရသည်။ ဤနေရာကို ကိုယ်တိုင်ရောက်လာပြီးမှသာ အခြေအနေများကို အမှန်တကယ် နားလည် သဘောပေါက်သွားလေသည်။ နတ်ကုန်းမြေ၌ စုစုပေါင်း အင်အားစုကြီးခြောက်ခုရှိနေကာ ဤအင်အားစုကြီးခြောက်ခုသည် နတ်ကုန်းမြေ၏ ကဏ္ဍအားလုံးကို ခွဲဝေပိုင်းခြားထားသည်။ ကျန်အင်အားစုများသည် ၎င်းတို့၏ ရှင်သန်မှုအတွက် ဤအင်အားစုကြီးခြောက်ခုကို အားကိုးနေရသည်။
၎င်းတို့အားလုံးသည် အင်အားစုကြီးခြောက်ခုနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြ၍ မဆက်ဝပ်သူများကိုမူ သုတ်သင်ရှင်းလင်းပြီးပြီဖြစ်သည်။ ဤအင်အားစုခြောက်ခုအနက် ဝေ့မိသားစုသည် ရန်သူ့အင်အားစုဖြစ်သည်မှာ သေချာသည်။ ၎င်းနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ရန် မလိုပေ။ ဝေ့မိသားစုသည် ယခုအချိန်တွင် ချူးယွင်ဖန်းကို အများဆုံးရှုတ်ချနေသည့် အင်အားစုဖြစ်သည်။ ၎င်းတို့သည် ဤလွှမ်းမိုးသော အခြေအနေများကို ဖန်တီးရာတွင် ဦးဆောင်နေသော အဓိကအင်အားစုကြီးဖြစ်သည်။
ထို့ကြောင့် ဝေ့မိသားစုသည် ချူးယွင်ဖန်း၏ ပထမဆုံး ပစ်မှတ်ဖြစ်မည်မှာ သေချာသည်။ တစ်ချိန်တည်းမှာပင် ဝေ့မိသားစုသည် သူ့ကို ဆူးပင်တစ်ပင်အဖြစ် မြင်နေကြသည်။ နှစ်ဦးနှစ်ဖက်စလုံး၏ ရန်ငြိုးဖွဲ့မှုကို ဖြေရှင်းရန် မဖြစ်နိုင်ခဲ့ရာ၊ ၎င်းတို့အနက် တစ်ဖက်က လုံးလုံးလျားလျား ကျဆုံးသွားမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ကျန်အင်အားစုကြီးငါးခုအနက် မည်သည့်အင်အားစုများက ဝေ့မိသားစုဘက်မှ ရပ်တည်၍ မည်သူတို့က ကြားနေဝါဒကို ကျင့်သုံးကြမည်နည်း။ ဤသည်မှာ ချူးယွင်ဖန်း စဉ်းစားရမည့်မေးခွန်းဖြစ်သည်။
သူ့ဘက်တွင် လာရောက်ရပ်တည်မည့် အင်အားစုအရေအတွက်ကိုမူ သူ မည်သည့်အချိန်မှ မစဉ်းစားမိပေ။ ဤသည်မှာ လက်တွေ့မကျလှပေ။ ဤအင်အားစုများသည် နတ်ကုန်းမြေကို နှစ်ပေါင်းမရေတွက်နိုင်သည်အထိ လွှမ်းမိုးထားကြ၍ မည်သည့်အချိန်ကမျှ ခေါင်းမငုံ့ခဲ့ကြပေ။ ထို့အပြင် အကြောင်းပြချက်မရှိဘဲ ၎င်းတို့ ခေါင်းငုံ့အညံ့ခံခိုင်းရန် မဖြစ်နိုင်ပေ။
"ဆရာ၊ အင်အားစုကြီးခြောက်ခုက ကျွန်မတို့ကို ဆန့်ကျင်ဖို့ ထွက်လာရင် ဘယ်လိုလုပ်ကြမလဲ" လင်းချန်ရှီက စိုးရိမ်တကြီး ပြောလိုက်သည်။
အင်အားစုကြီးခြောက်ခုတို့သည် နတ်ကုန်းမြေတစ်ခွင်၌ နတ်ဘုရားသဖွယ် တည်ရှိခဲ့ကြရာ၊ မည်သူမျှ ၎င်းတို့၏ဆန္ဒကို လျစ်လျူရှုရန် မဝံ့ရဲကြပေ။ ချူးယွင်ဖန်းကို ဖြေရှင်းလိုကြမည်ဆိုလျှင် နတ်ကုန်းမြေတစ်ခုလုံးက ကိုင်တွယ်ဖြေရှင်းလိုကြသည်ဟု ဆိုလိုသည်။ ထိုအရာကို ဂရုတစိုက်မပြုမူလျှင် ဘေးဥပဒ်ဖြစ်သွားနိုင်သည်။
"အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ခေါင်းယမ်းလိုက်သည်။
အင်အားစုကြီးခြောက်ခုသည် အချင်းချင်း နှစ်ပေါင်းများစွာ ဆန့်ကျင်ရန် အကောက်ကြံခဲ့ကြသူများဖြစ်သောကြောင့် မကောင်းသည့် ခံစားချက်တစ်စုံတစ်ရာမျှ မရှိဘဲ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမည်ဟု သူ မယုံကြည်ပေ။ ထို့အပြင်၊ ဤအတောအတွင်း သူ့ကို ပြစ်တင်ရှုတ်ချရာတွင် အင်အားစုကြီးများအားလုံး ပါဝင်ခြင်းမရှိကြောင်းကိုလည်း သူ သတိထားမိခဲ့သည်။ တစ်နည်းဆိုရသော် ၎င်းတို့၏ နောက်ကွယ်တွင် ထိုအကြောင်းများနှင့်ပတ်သက်၍ သဘောမတူသော တစ်စုံတစ်ယောက်ရှိရပေလိမ့်မည်။ အင်အားစုကြီးခြောက်ခုသည် တစ်စိတ်တစ်ဝမ်းတည်း ရှိမနေကြပေ။ သို့ဖြစ်ပါ၍ ၎င်းတို့သည် သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိနေမည့်ဟု မဆိုလိုပေ၊ သို့သော်လည်း ဤအချက်က လုံလောက်နေပြီဖြစ်သည်။
"အဓိက အင်အားစုတချို့က လက်တွဲဖို့ ဖြစ်နိုင်ခြေရှိပေမယ့် ထိပ်တန်းအင်အားစုကြီးခြောက်ခုကတော့ အခွင့်အရေး နည်းလောက်တယ်" ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။
"ဒါပေမယ့်လည်း အရေးမကြီးပါဘူး။ အင်အားစုကြီးတွေ ဘယ်လောက်ပဲ လှုပ်ရှားပါစေ၊ ဘယ်လိုနည်းလမ်းတွေပဲ သုံးပါစေ၊ သူတို့တွေက ကျုပ် ပြိုင်ဘက်မဖြစ်နိုင်ဘူး"
လင်းချန်ရှီသည် ချူးယွင်ဖန်းကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ ဆရာသည် အင်အားကြီးမားခဲ့ကြသော အင်အားစုကြီးခြောက်ခုကို မည်သို့သော နည်းလမ်းမျိုးနှင့် ရှင်းထုတ်ပစ်မည်ကို သူမ မသိပေ။
"ဟား၊ နတ်ကုန်းမြေက လူတွေက နျူကလီးယားဗုံးဆိုတာ ဘယ်လိုလက်နက်အမျိုးအစားလဲဆိုတာတောင် သိကြမှာ မဟုတ်ဘူး" ချူးယွင်ဖန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။
သူသည် ခွန်အားနှင့် ပတ်သက်လာလျှင် ကြောက်ရွံ့စရာဟူ၍ မရှိသော်လည်း အင်အားစု အများအပြား ပူးပေါင်းလိုက်ကြလျှင် အရေအတွက်သည် တစ်ဦး နှစ်ဦးမျှသာ မဟုတ်နိုင်ပေ။ သို့သော် သူ့တွင် နျူကလီးယားဗုံးရှိနေသရွေ့ ၎င်းတို့၏ လူအရေအတွက်များ ပို၍ များပြားလာလျှင်ပင် မည်သို့ဖြစ်နိုင်မည်နည်း။ နျူကလီယားဗုံးနှင့် ရင်ဆိုင်ရသောအခါ အရေအတွက်အများအနည်းသည် အဓိပ္ပါယ်မဲ့လှသည်။
အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင်အနေဖြင့် နျူကလီယားဗုံးတစ်လုံးရရှိခြင်းသည် သူ့အတွက် မခက်ခဲပေ။ သူ့တွင် ထိုသို့ပြုလုပ်ရန် လုပ်ပိုင်ခွင့်များရှိနေသည်။ လူအများအပြားသည် ထိုအချိန်တွင် အငိုက်မိသွားကြမည်ဖြစ်သောကြောင့် ၎င်းတို့အားလုံး ကြီးမားစွာ ထိခိုက်သွားစေရန် လုံလောက်ပေလိမ့်မည်။
ထိုအချိန်တွင် လျင်မြန်သော ခြေသံများ ဆက်တိုက် ထွက်ပေါ်လာသောကြောင့် ချူးယွင်ဖန်း၏ အတွေးများ ရပ်တန့်သွားခဲ့သည်။ လင်းဟုန့်ဖုန်သည် ၎င်းတို့ဆီသို့ အလျင်အမြန် ရောက်ရှိလာသည်။
"မစ္စတာချူး၊ အင်အားစုကြီးခြောက်ခုက ပြန်ပြောလာပါတယ်"