အခန်း (၁၀၃၃-၁၀၃၅)
Vol. 69 Ch. 1033-1035
အခန်း (၁၀၃၃) အဲ့ဒီနေရာမှာ လူထောင်ချီရှိနေရင်တောင် ကျုပ် သွားဦးမှာပဲ
လင်းဟုန့်ဖုန်သည် အလျင်အမြန် ပြေးလာပြီးနောက် ချူးယွင်ဖန်းအရှေ့သို့ ရောက်လာသည်။
"မစ္စတာချူး၊ အင်အားစုကြီး ခြောက်ခုက ပြန်ပြောလာပါတယ်"
"ဘာတဲ့လဲ" ချူးယွင်ဖန်းသည် လင်းဟုန့်ဖုန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"သူတို့တွေ ခွန်းလွန်နယ်မြေကို ဘယ်အချိန် ကျူးကျော်ရမယ်ဆိုတဲ့အကြောင်း အပါအဝင် နတ်ကုန်းမြေရဲ့ အနာဂတ်ကို ဆွေးနွေးဖို့အတွက် အင်အားစုတွေအားလုံးကို နတ်တောင်တန်းဆီ စုပေါင်း ဖိတ်ကြားထားပါတယ်" လင်းဟုန့်ဖုန်က ပြောလိုက်သည်။
ပြီးနောက် သူ၏အင်္ကျီလက်စထဲမှ ဖိတ်စာတစ်စောင်ကို ထုတ်ယူကာ ချူးယွင်ဖန်းထံ ပေးအပ်နေစဉ် ပြောလိုက်သည်။
"ဒါက ခင်ဗျားအတွက် ဖိတ်စာပါ မစ္စတာချူး။ တကယ် စိတ်ရင်းအမှန်နဲ့ ဖိတ်တာလို့တော့ ကျုပ် မထင်ဘူး"
ချူးယွင်ဖန်းသည် ဖိတ်စာကို လက်ခံပြီးနော် ငုံ့ကြည့်လိုက်သည်။ ၎င်းသည် အင်အားစုကြီး ခြောက်ခု၏ အမည်အောက်တွင်ရှိနေ၍ ဤဖိတ်စာသည် သူ့ကို ရည်ညွှန်းထားခဲ့သည်။ အင်အားစုကြီး ခြောက်ခုနှင့် အထူးသဖြင့် ဝေ့မိသားစုသည် သူ့ကို အပိုင်းပိုင်း ဖြတ်တောက်ချင်နေကြသည်မှာ သေချာသော်လည်း ယခုအခါ အင်အားစုကြီး ခြောက်ခုက ပူးပေါင်းစီစဉ်ထားသည့် ဤစေ့စပ်ညှိနှိုင်းရေး အစည်းအဝေးသည် ထောင်ချောက်တစ်ခု ဖြစ်ပေလိမ့်မည်။
သူသည် ဝေ့မိသားစု၏ အတွေးအမြင်များကိုပင် ခန့်မှန်းနိုင်သည်။ ၎င်းတို့သည် သူ့ကို ဖြေရှင်းရာတွင် ယုံကြည်မှုအပြည့်မရှိသောကြောင့် သူ့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နတ်ကုန်းမြေတစ်ခုလုံး၏ ခွန်အားကို အသုံးပြုရန် လိုအပ်နေသည်။ နတ်ကုန်းမြေ၌၊ ထိုကဲ့သို့ အကြံအစည်ရှိနေသူများစွာ ရှိကောင်းရှိနိုင်သည်။
"ဟုတ်တယ် ဆရာ။ သူတို့မှာ ကောင်းတဲ့ရည်ရွယ်ချက် ရှိမယ် မထင်ဘူး။ မသွားဘဲနေရအောင်" လင်းချန်ရှီက အကြံပေးလိုက်သည်။
မည်သို့ပင် ကြည့်စေကာမူ အင်အားစုကြီး ခြောက်ခု စတင်ခဲ့သော ဤညှိနှိုင်းမှုသည် ချူးယွင်ဖန်းဘက်သို့ အလေးသာမည် မဟုတ်ပေ။
"မရဘူး၊ ကျုပ် သွားချင်တယ်" ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။
ဤအရာသည် မကောင်းသော ရည်ရွယ်ချက်ရှိသူတစ်ဦးက ချမှတ်ထားသော ထောင်ချောက်ဖြစ်ကြောင်း သူ သိသော်လည်း ပြည်ထောင်စု၏ နောက်ဆုံး ချို့ယွင်းချက်ကို ပြင်ဆင်ရန်အတွက် နတ်ကုန်းမြေ၏ စွမ်းအင်ကို အသုံးချကာ ပြည်ထောင်စုထဲသို့ ပေါင်းစည်းလိုသောကြောင့် ထိုနေရာသို့ သွားရောက်ရမည်ဖြစ်သည်။ အကယ်၍ ချူးယွင်ဖန်းသာ မပါဝင်ခဲ့ပါက၊ ဤစေ့စပ်ညှိနှိုင်းမှုကို အင်အားစုကြီး ခြောက်ခုက ချုပ်ကိုင်သွားမည်ဖြစ်သည်။ နောက်ဆုံး နိဂုံးချုပ်သည် ပြည်ထောင်စုဘက်မှ အလေးသာမည် မဟုတ်ပေ။
ထိုအချိန်တွင် နတ်ကုန်းမြေသည် ပြည်ထောင်စုကို မကူညီရုံသာမကဘဲ ပြည်ထောင်စု၏ ဆန့်ကျင်ဘက်၌ပင် ရပ်တည်နေပေလိမ့်မည်။ ၎င်းသည် အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုများအပြီးတွင် ပြည်ထောင်စု၏ တတိယ အပြင်းထန်ဆုံးရန်သူများ ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤညှိနှိုင်းမှုတွင် ပြည်ထောင်စု၏ ကိုယ်စားလှယ်အဖြစ် ပါဝင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
"ဒါပေမယ့် သူတို့တွေ ရှောင်လွှဲလို့ မရနိုင်တဲ့ ထောင်ချောက်တစ်ခုကို ထောင်ထားကြလိမ့်မယ်" လင်းချန်ရှီက စိုးရိမ်စွာ ပြောလိုက်သည်။
"သူတို့ အဲ့လို လုပ်ကြမှာပေါ့၊ ဒါပေမယ့် ဒါကလည်း သူတို့ကျော့ကွင်းက ဘယ်လောက်ခိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လေ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
“စိတ်မပူပါနဲ့ ကျုပ်ကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ပြင် ကျင့်ကြံခြင်း လမ်းစဉ်မှာ အတားအဆီးတိုင်းကို ကျော်ဖြတ်မှရမယ်။ အခက်အခဲ နည်းနည်း ကြုံလာလို့ ရှေ့ဆက်ဖို့ မကြိုးစားရင် လမ်းက ဒီအတိုင်းပဲ အဆုံးသတ်သွားလိမ့်မယ်"
"နတ်ကုန်းမြေမှာ ပြည်ထောင်စုကို ကျူးကျော်ချင်တဲ့ အင်အားစုက တစ်ခု နှစ်ခုထက်မက ရှိနေတာ။ သူတို့ကို ထောက်ခံတဲ့သူ အများအပြား ရှိနေလောက်တယ်။ အခုအချိန်က ဒင်းတို့တွေကို လုံးဝ ချေမှုန်းပစ်ရမယ့် အချိန်ပါပဲ"
ထိုသို့ကြားသောအခါ လင်းဟုန့်ဖုန်၏ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၍ သူသည် ချူးယွင်ဖန်းကို ထိတ်လန့်နေသော အရိပ်အမြွက်တချို့ဖြင့် ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် လူအများနှင့်မတူဘဲ ဤညှိနှိုင်းမှုကို ထောင်ချောက်တစ်ခုအဖြစ် မမှတ်ယူခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် နတ်ကုန်းမြေတခွင်၌ ပြည်ထောင်စု၏ ဆန့်ကျင်ရေး အင်အားစုများကို ချေမှုန်းရန်အတွက် အခွင့်ကောင်းတစ်ခုဟု ထင်မှတ်နေသည်။
ချူးယွင်ဖန်းသည် ၎င်းဖြစ်စဉ်ကို အမှန်တကယ် ပြုလုပ်နိုင်ကာ ပြည်ထောင်စုကို သိမ်းပိုက်လိုသည့် ခေါင်းဆောင်များအားလုံးကို ဖမ်းဆီးနိုင်ခဲ့ပါက၊ နတ်ကုန်းမြေတွင် သွေးရောင် မုန်တိုင်းကြီး ဖြစ်ပေါ်သွားပေလိမ့်မည်။ သို့သော် လင်းဟုန့်ဖုန်သည် ဤအရာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မထင်ခဲ့ပေ။ သူသည် ထျန်ဟဲမြို့၏အနာဂတ်အတွက် ချူးယွင်ဖန်းကို အပြည့်အဝ ထောက်ခံရန် ဆုံးဖြတ်ထားပြီဖြစ်သောကြောင့် ချူးယွင်ဖန်းက သန်မာနိုင်သမျှ သန်မာလာမည်ကို သဘာဝအတိုင်း မျှော်လင့်နေမိသည်။
"ရက်စွဲကို ကျုပ် မှတ်ထားပြီးပြီ။ ဆွေးနွေးပွဲကို သုံးလအတွင်း ကျင်းပကြလိမ့်မယ်။ အဲဒီမတိုင်ခင်မှာ ကျုပ် သီးသန့်ကျင့်ကြံလို့ရသေးတယ်" ချူးယွင်ဖန်းက ပြောသည်။
ဤတစ်ကြိမ်တွင်၊ ဆွေးနွေးညှိနှိုင်းမှုသည် လူသားနယ်ပယ်တစ်ခုလုံးနှင့် ပတ်သက်နေ၍ အတိုင်းအတာသည် စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။ ထို့ကြောင့် ၎င်းဆွေးနွေးပွဲကို ဖြစ်သလိုကျင်းပရန် မဖြစ်နိုင်ပေ။ သုံးလအတွင်း ကျင်းပနိုင်ရန် စီစဉ်ခြင်းက အလွန်အထင်ကြီးဖွယ်ကောင်းလှပြီဖြစ်သည်။
၎င်းသည် ချူးယွင်ဖန်းအတွက် အချိန်ကောင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ယခုအခါ သူသည် ဆဌမမြောက် နတ်အဆင့်သို့ ဝင်ရောက်နေခဲ့ရာ၊ ၎င်းသည် ခြေလှမ်းတစ်ခုတည်းဖြင့် နဝမမြောက် နတ်အဆင့်သို့ ရောက်ရှိနေခြင်းနှင့် ညီမျှပေသည်။ ထို့ကြောင့်သာ ဝေ့မိသားစု၏ ပထမ အကြီးအကဲသည် သူ့ထံမှ ထိုးနှက်ချက်တစ်ချက်ကိုပင် မခုခံနိုင်ခြင်းဖြစ်သည်။
သို့သော် သူ့တွင် ယခုထက် တိုးတက်ရန် အချိန် အလုံအလောက်ရှိဆဲဖြစ်သည်။ ထိုအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းအင်များ တိုးတက်လာကာ နတ်အဆင့် အထွတ်အထိပ်သို့ ဦးတည်သွားမည်ဖြစ်သည်။ ထိုအခါ နတ်အဆင့်ထက် ကျော်လွန်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုး မပေါ်ထွန်းခဲ့ပါက၊ မည်သည်ကိုမျှ ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။ သူ၏ သတင်းအချက်များအရ၊ ကမ္ဘာပေါ်တွင် ထိုကဲ့သို့သော ကျွမ်းကျင်သူမျိုး မပေါ်ထွန်းသေးပေ။
"ကျုပ် အရာအားလုံး ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ် မစ္စတာချူး" လင်းဟုန့်ဖုန်က အလျင်အမြန် ပြောလိုက်သည်။
အင်အားစုကြီး ခြောက်ခု၏ ပူးပေါင်းညှိနှိုင်းမှုသည် နတ်ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ၎င်းတို့သည် နတ်ကုန်းမြေတစ်ခုလုံး၏ အုပ်စိုးရှင်များဖြစ်ကြ၍ အင်အားစုတိုင်းသည် ၎င်းတို့နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြသည်။ ယခုအခါ အင်အားစုကြီး ခြောက်ခုသည် ၎င်းတို့ကို ပူးပေါင်းဖိတ်ကြားထားသောကြောင့် မည်သူမျှ ငြင်းဆန်ရန် မဝံ့ရဲကြပေ။ ထို့အပြင် ယခုတစ်ကြိမ် ဆွေးနွေးမှု၏ ခေါင်းစဉ်သည် နတ်ကုန်းမြေ၏ အနာဂတ်နှင့် သက်ဆိုင်နေသည်။
နတ်ကုန်းမြေ၏ပတ်ဝန်းကျင်သည် ပို၍ ဆိုးရွားလာကာ မကြာမီ ပြိုကျတော့မည်ဖြစ်သည်။ လူအများအပြားသည် ထိုအကြောင်းအရာကို သိကြသော်လည်း ၎င်းကို မည်သူမျှ မဖြေရှင်းနိုင်ကြပေ။ ခွန်းလွန်နယ်မြေထဲသို့ ဝင်ရောက်ခြင်းက အလွန် ကောင်းမွန်သော နည်းလမ်းဖြစ်ပေသည်။ သို့မဟုတ်လျှင် ၎င်းသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
အကယ်၍ ၎င်းတို့သာ ယခုအချိန်တွင် နတ်ကုန်းမြေမှ ထွက်ခွာခြင်းကို ရပ်တန့်ခံရပါက၊ ၎င်းတို့သည် ဤနေရာတွင် သေခြင်းတရားကိုသာ စောင့်ဆိုင်းနိုင်ကြသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် အင်အားစုအားလုံးသည် ဖိတ်ခေါ်မှုကို တုံ့ပြန်ခဲ့ကြ၍ စေ့စပ်ညှိနှိုင်းရေးတွင် ပါဝင်ရန် ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။
ယခုတစ်ကြိမ် စေ့စပ်ညှိနှိုင်းရာနေရာသည် နတ်ကုန်းမြေ၏ အချက်အချာနေရာဖြစ်သည့် နတ်တောင်တန်းဖြစ်သည်။ ဤသည်မှာ နတ်ကုန်းမြေတစ်ခုလုံး၏ ဝိညာဉ်ရေး ဗဟိုချက်ဖြစ်သည်။ လူတိုင်းသည် နတ်တောင်တန်းဆီသို့ အပြေးနှင်နေကြသည်။ ဝေးကွာနေသော နေရာများရှိ အင်အားစုများသည် သတင်းရရှိသည်နှင့် တစ်ပြိုင်နက် ထွက်ခွာလာကြသည်။ ၎င်းတို့သည် စေ့စပ်ညှိနှိုင်းမှုကို အချိန်မီ မဆောင်ရွက်နိုင်ပါက စွန့်ပစ်ခံရမည်ကို စိုးရိမ်နေကြပုံပေါ်သည်။
ဤဆွေးနွေးမှု၏ရလဒ်သည် နတ်ကုန်းမြေသည် ခွန်းလွန်နယ်မြေအတွင်း မည်သို့ဝင်ရောက်မည်နှင့်ပတ်သက်၍ ဆုံးဖြတ်ကြမည်ကို လူတိုင်း သိကြသည်။ ပြည်ထောင်စုနှင့် ပေါင်းစည်းရန် ရွေးချယ်ခြင်း သို့မဟုတ် ပြည်ထောင်စုကို စစ်ကြေညာ၍ ၎င်းတို့ကို အနိုင်ယူကာ အဆုံးတွင် သိမ်းပိုက်ရန် ရွေးချယ်ခြင်းဟူ၍ ဖြစ်ကြသည်။ ဤမတူညီသော ရွေးချယ်မှုများသည် မတူညီသော ရလဒ်များကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ဤအကြောင်းအရာသည် လူတိုင်းနှင့် သက်ဆိုင်နေသည်။
လူအများအပြား ပို၍ စိုးရိမ်နေသော အချက်သည် ပြည်ထောင်စုမှ ရောက်လာသော ချူးယွင်ဖန်းသည် စေ့စပ်ညှိနှိုင်းရေးတွင် ပါဝင်လာမည့်အကြောင်းဖြစ်သည်။ အင်အားစုကြီး ခြောက်ခုသည် သူ့ကို ပူးတွဲဖိတ်ကြားထားခဲ့ရာ၊ ဤအကြောင်းအရာကို မကောင်းသည့် အကြံအစည်ရှိသူများ သိထားကြသည်။ ဝေ့မိသားစုနှင့် အခြားသော အင်အားစုကြီးများသည် ချူးယွင်ဖန်း ပေါ်လာစေရန် လူထု၏သဘောထားကို အသုံးချလိုသည့်အတွက် နောက်ကွယ်မှ မီးထဲသို့ လောင်စာများ သွန်းလောင်းနေသောကြောင့် ဤကိစ္စကို လူအများအပြား ကြားသိသွားစေသည်။
ချူးယွင်ဖန်း ပေါ်ပေါက်လာခြင်း မပေါ်ပေါက်လာခြင်းသည်လည်း လူအများအပြားက အစိုးရိမ်ရဆုံး ကိစ္စဖြစ်သည်။ အဆုံးတွင် ဤကိစ္စသည် ပြည်ထောင်စုနှင့် အလွန် သက်ဆိုင်နေ၍ ချူးယွင်ဖန်း၏ သဘောထားသည် ပြည်ထောင်စု၏ သဘောထားကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုပေသည်။
အခန်း (၁၀၃၄) အင်အားစုအားလုံး ရောက်ရှိနေသော်လည်း ချူးယွင်ဖန်း ပျောက်ဆုံးနေခြင်း ဖြစ်သလော
အချိန်သုံးလသည် မျက်စိတစ်မှိတ်အတွင်းပင် ကုန်လွန်သွားခဲ့၍ ဤညှိနှိုင်းဆွေးနွေးမှု၏ သတင်းသည်လည်း နတ်ကုန်းမြေတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။ ထိုဆွေးနွေးမှုသည် နတ်ကုန်းမြေ၏အနာဂတ်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည့်အတွက် အင်အားစုများအားလုံးက ရလဒ်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ အစည်းအဝေး၏ ရလဒ်မှလွဲလျှင် ပြည်ထောင်စု၏ လက်ရှိကိုယ်စားလှယ်ဖြစ်သည့် ချူးယွင်ဖန်းက ထိုနေရာသို့ ရောက်လာဝံ့ခြင်း ရှိမရှိနှင့်ပတ်သက်၍လည်း လူအများက အာရုံစိုက်နေကြသည်။
ဝေ့မိသားစုသည် ချူးယွင်ဖန်းနှင့် သွေးကြွေးရှိနေခြင်းကို လူတိုင်း သိထားကြသောကြောင့် ၎င်းတို့သည် ချူးယွင်ဖန်းကို စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရန်အတွက် မည်သို့မျှ ဖိတ်ခေါ်လိုစိတ်ရှိနိုင်မည်နည်း။ ဝေ့မိသားစုနှင့် အခြားသော ပြည်ထောင်စု ဆန့်ကျင်ရေး အင်အားစုများသည် ချူးယွင်ဖန်းအတွက် ရှောင်လွှဲ၍ မရနိုင်သော ထောင်ချောက်တစ်ခုကို ပြင်ဆင်ထားကြောင့် အသိဉာဏ် အနည်းငယ်ရှိသူတိုင်း နားလည်ကြမည်ဖြစ်သည်။
၎င်းတို့အားလုံးပင် မြင်တွေ့နိုင်သောကြောင့် ချူးယွင်ဖန်းက မမြင်တွေ့နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် သူ ပေါ်လာသည်ဖြစ်စေ မပေါ်သည်ဖြစ်စေ လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်သည်။ နတ်တောင်တန်းသည် နတ်ကုန်းမြေ၏အလယ်တွင် တည်ရှိနေ၍ မိုင်ထောင်ပေါင်းများစွာ ရှည်လျားလှသည်။ တောင်ထိပ်များသည် ကောင်းကင်သို့ပင် ထိုးဖောက်ရောက်ရှိနေသကဲ့သို့ ထင်မှတ်ရကာ ထူးဆန်းသောသစ်ပင်များသည် ကောင်းကင်တစ်ခုလုံးကို အုပ်မိုးလျက်ရှိနေသည်။
ထိုနေ့တွင်၊ နတ်ကုန်းမြေ၏ အင်အားစုခေါင်းဆောင်အများအပြားသည် ထိုနေရာ၌ စုရုံးခဲ့ကြသည်။ အင်အားစုများစွာရှိ အဖွဲ့ဝင်များ အနားယူရန်အတွက် တောင်ခြေရင်းတွင် ကြီးမားကျယ်ပြန့်သော ဧရိယာတစ်ခု စီစဉ်ပေးထားသည်။
တောင်၏ အထွတ်အထိပ်တွင် ပြားချပ်သည်အထိ ပြုလုပ်ခံထားပုံပေါ်သည့် ကြီးမားသော နေရာတစ်ခုရှိနေသည်။ ဂိုဏ်းကြီးများစွာနှင့် အထက်တန်းလွှာမိသားစုများ၏ ခေါင်းဆောင်များသည် တောင်တန်း၏ အထွတ်အထိပ်တွင် စုရုံးနေကြသည်။
ဘက်ပေါင်းစုံရှိ အင်အားကြီး အဖွဲ့အစည်းများအားလုံး စုစည်းကာ အဝေးမှ လှမ်းကြည့်နေကြသည်။ အရောင်အဝါ စူးစမ်းလေ့လာရေး သိုင်းပညာဖြင့် ကြည့်ရှုပါက ကြောက်မက်ဖွယ်ကောင်းသော သွေးများနှင့် ချီလှိုင်းလုံးများ လေထုကို လှုပ်ခတ်နေကြောင်း မြင်တွေ့ရနိုင်သည်။
ထိုပညာရှင်များအနက် အားနည်းသူသည် နတ်အဆင့်၏ အောက်ခြေအဆင့်တွင်ရှိနေသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် ထိုသို့သော ဆွေးနွေးမှုတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီပေ။
ယခုတစ်ကြိမ်တွင် ပါဝင်လာကြသည့် အင်အားစုများသည် နတ်ကုန်းမြေတစ်ခုလုံး၏ ပေါင်းစပ်အင်အားစုများဖြစ်ကြ၍ နတ်အဆင့် ရာနှင့်ချီ၍ ရှိနေသည်။ နတ်ကုန်းမြေ၏အခြေခံအုတ်မြစ်သည် အမှန်တကယ် ပူးပေါင်းလုပ်ဆောင်ကြသောအခါ အလွန် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
အင်အားစုငယ် တစ်ခုစီတွင် ပျမ်းမျှအားဖြင့် နတ်အဆင့် တစ်ဦး နှစ်ဦးသာရှိနိုင်သော်လည်း အင်အားစုကြီး ခြောက်ခုကဲ့သို့ သန်မာသည့်အင်အားစုရှိ နတ်အဆင့် အရေအတွက် ပိုမို များပြား၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် လက်ရှိ ပြည်ထောင်စုက ယှဉ်ပြိုင်နိုင်သည် အရာမဟုတ်ပေ။ ၎င်းတို့၏ နတ်အဆင့်အရေအတွက်သည် ပြည်ထောင်စုကိုပင် ချေမှုန်းရန် လုံလောက်သည်။ ဤသည်မှာ ပြည်ထောင်စုတွင် နည်းပညာမြင့်၍ ခေတ်မီဆန်းပြားသော လက်နက်မျိုးစုံရှိမှန်း သိကြသော်လည်း နတ်ကုန်းမြေသည် ပြည်ထောင်စုကို နှိမ်နှင်းနိုင်မည်ဟု ယုံကြည်မှုရှိနေသည့် အခြေခံအကြောင်းရင်းဖြစ်သည်။
သို့သော် ထိုအချိန်တွင် ရာနှင့်ချီသော နတ်အဆင့်ကျွမ်းကျင်သူများ နှုတ်ဆိတ်နေကြ၏။ တချို့လူများ၏ မျက်နှာသည် ဖြူဖျော့နေသည်ဟုပင် ဆိုနိုင်သည်။ ၎င်းတို့သည် ဤနေရာတွင် တစ်နေကုန် စောင့်ဆိုင်းနေခဲ့သော်လည်း ၎င်းတို့စောင့်မျှော်နေသည့် ချူးယွင်ဖန်းက မပေါ်ပေါက်လာသေးပေ။ အချို့လူများသည် ချူးယွင်ဖန်း ဤနေရာသို့ ရောက်လာ၍ သေဆုံးရန်ပင် မျှော်လင့်ထားသော်လည်း ဤသည်မှာ လူများစွာအတွက် အလွန် နောင်တရဖွယ် ရလဒ်တစ်ခုဖြစ်သည်။
သို့သော် ရောက်လာမည့်ပုံမပေါ်ကြောင်း မြင်လိုက်ရသဖြင့် ၎င်းတို့၏ စိတ်ထဲတွင် စတင် ကျိန်ဆဲလာကြသည်။ ဤနေရာ၌ ရှောင်လွှဲ၍မရသော ပိုက်ကွန်တစ်ခု ပြင်ဆင်ထားကြောင်း လူအများအပြား သိကြသည်။ ၎င်းတို့သာဆိုလျှင်လည်း ဤနေရာသို့ လာရောက်၍ အသေခံကြမည် မဟုတ်ပေ။ လူအုပ်ကြီးအလယ်၌ ပုံရိပ်ခြောက်ခုသည် ပလ္လင်ပေါ်တွင် ထိုင်နေသည်။ ၎င်းတို့၏ ပလ္လင်များသည် သာမန် နတ်အဆင့် ကျွမ်းကျင်သူများ၏ ပလ္လင်များထက် မြင့်မားပေသည်။
ဤခြောက်ဦးသည် နတ်ကုန်းမြေတစ်ခုလုံး၏ စစ်မှန်သော အုပ်စိုးရှင်များဟု ဆိုနိုင်သောကြောင့် လူတိုင်းက ထိုဖြစ်စဉ်ကို မအံ့သြကြပေ။ ၎င်းတို့သည် ဝေ့မိသားစု၊ ငရဲမီးလျှံဂိုဏ်း၊ ကြာစိမ်းရောင်ဂိုဏ်း၊ အနန္တဂိုဏ်း၊ လမင်းတံခွန်အိမ်တော်နှင့် သက်ရှည်ယုံကြည်ခြင်းဂိုဏ်းတို့၏ ခေါင်းဆောင်များဖြစ်ကြသည်။
"ချူးယွင်ဖန်းရဲ့ စကားတွေက ပြင်းပြလွန်းတယ်ဆိုပေမယ့် သူက သူရဲဘောကြောင်တဲ့ လူတစ်ယောက်ပဲ" ဝေ့မိသားစု၏ ခေါင်းဆောင်သည် သူ၏ ပလ္လင်လက်တင်တန်းကို ရိုက်နှက်လိုက်သည်။
သူ၏အမူအရာသည် အလွန် ဆိုးရွားလွန်းလှသည်။ သူသည် ချူးယွင်ဖန်းအတွက် ရှောင်လွှဲ၍ မရနိုင်သော ထောင်ချောက်တစ်ခုကို သေချာ ပြင်ဆင်ထားသော်လည်း ပစ်မှတ်သည် ပေါ်မလာခဲ့ပေ။ ဤသည်မှာ ဂွမ်းထုတ်ကို ထိုးနှက်လိုက်ခြင်းနှင့် ညီမျှနေ၍ အမှန်တကယ် စိတ်မသက်မသာဖြစ်စေသည်။ သို့သော် ထိုနေရာတွင် ရောက်ရှိနေသူများသည် ဤအရာများကို ကျင့်သားရနေပုံပေါ်သည်။ အကယ်၍ ၎င်းတို့သာ ဤနေရာတွင် သေဆုံးရမည်ကို သိထားလျှင် မည်သူက လာရောက် အသေခံကြမည်နည်း။ ထိုသို့ဖြစ်ခဲ့လျှင် အမှန်တကယ် သူရဲကောင်းတစ်ဦးဖြစ်သလော။
"မှန်တယ်။ သူ့ကို သတ္တိရှိတဲ့လူလို့ ကျုပ် ထင်ခဲ့တာ၊ ဒါပေမယ့် အခုတော့လည်း သာမန်ပါပဲ" ဝေ့မိသားစုခေါင်းဆောင်၏ ဘယ်ဘက်ရှိ ပုဂ္ဂိုလ်တစ်ဦးက ထိုသို့ပြောလာသည်။
ဤပုဂ္ဂိုလ်သည် အသက်ငါးဆယ် ခြောက်ဆယ်ခန့် အဘိုးအိုတစ်ဦးဖြစ်သည်။ ဤအဘိုးအိုသည် အလွန် အံ့ဩဖွယ်ကောင်းလှရာ၊ သူ၏ဆံပင်နှင့် မုတ်ဆိတ်များကို မီးတောက်များဖြင့် ဖွဲ့စည်းထားသည်။ ဤမီးတောက်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်စွာ လောင်ကျွမ်းနေသော်လည်း သူ့ကို အနည်းငယ်မျှ မထိခိုက်ခဲ့ပေ။
ဤပုဂ္ဂိုလ်သည် မရေတွက်နိုင်သော ကလေးငယ်များ၏ ငိုကြွေးမှုကိုပင် ရပ်တန့်စေသည့် နတ်ကုန်းမြေရှိ ငရဲမီးလျှံဘုရင်ဖြစ်ကြောင်း လူတိုင်း သိကြသည်။ ငရဲမီးလျှံဂိုဏ်းသည် နတ်ကုန်းမြေတွင် အမြဲတစေ ရက်စက်ကြမ်းကြုတ်ကြ၍ လူများစွာကို ယင်ကောင်များကဲ့သို့ သတ်ဖြတ်လေ့ရှိသည်။ ၎င်းတို့သည် နတ်ဆိုးသိုင်းပညာများကို ကျင့်ကြံခဲ့ကြရာ၊ ငရဲမီးလျှံဘုရင်၏ နတ်ဆိုးသိုင်းပညာသည် ကမ္ဘာမြေကိုပင် တုန်လှုပ်စေခဲ့သည်။
"ကိစ္စမရှိပါဘူး၊ အခု တယ်လီပို့စနစ်ဖွဲ့စည်းပုံက ကျုပ်တို့လက်ထဲမှာ ရောက်နေပြီ။ ညှိနှိုင်းမှုပြီးသွားတာနဲ့ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့ကို ရှာလို့ရပြီ။ သူ ထွက်ပြေးလို့ မရပါဘူး။ ကျုပ်တို့ ပူးပေါင်းလိုက်ရင် အလုံးစုံ သိမြင်နိုင်တဲ့ ကောင်းကင်ဘုံက နတ်ဘုရားတွေတောင် သေရလိမ့်မယ်" ဝေ့မိသားစု ခေါင်းဆောင်၏ ညာဘက်ခြမ်းရှိ အခြားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောလာသည်။ သူသည် အစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထား၍ သာမန်ဖြစ်ပုံပေါ်သော်လည်း သူ၏ ရက်စက်ကြမ်းကြုတ်သော ဓားစွမ်းအင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ဤသည်မှာ ဓားရေး ကျင့်ကြံမှုကို အာရုံစိုက်ခဲ့သည့် ကြာစိမ်းရောင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ သူ၏နံဘေးတွင် ချောမောလှပသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးရှိနေသည်။ သူမသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ မှန်းဆ၍ မရနိုင်သည့် နက်ရှိုင်းသော အရောင်အဝါများရှိနေသည်။ ဤသည်မှာ လမင်းတံခွန်အိမ်တော်၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ကြောင်း လူတိုင်း သိကြသည်။
လမင်းတံခွန်အိမ်တော် ခေါင်းဆောင်၏ နံဘေး၌ ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအမျိုးသားတွင် အဆုံးမဲ့သော သဘာဝတရား၏ အရောင်အဝါများရှိနေ၍ ၎င်းတို့ထဲရှိ လူအနည်းငယ်ကိုပင် အားနည်းချက်မရှိဘဲ တိုက်ခိုက်နိုင်သည်။ ထိုလူသည် အနန္တဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။
အနန္တဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဘေးတွင် ဖွံ့ဖြိုးသော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသည့် အဘိုးအို တစ်ဦးရှိနေသည်။ ထိုအဘိုးအိုသည် ဆံပင်ဖြူများရှိသော်လည်း နီမြန်းသည့် အသားအရေအသွင်အပြင်မျိုးရှိနေ၍ ကျန်းမာရေးကောင်းမွန်ပုံပေါ်သည်။ သူသည် အလွန် တက်ကြွနေ၍ သူ၏ ချီနှင့် သွေးများသည်လည်း ထပ်တူထပ်မျှ သန်စွမ်းနေသည်။ သူသည် အင်အားစုကြီး ခြောက်ခုအနက် နောက်ဆုံးဖြစ်သည့် သက်ရှည်ယုံကြည်ခြင်းဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။
"ချူးယွင်ဖန်း ပေါ်မလာမှာတော့ စေ့စပ်ညှိနှိုင်းမှုကို ကျုပ်တို့အချင်းချင်းပဲ လုပ်ကြတာပေါ့။ သူ့ကိုစောင့်စရာ မလိုဘူး" သက်ရှည်ယုံကြည်ခြင်းဂိုဏ်း၏ ခေါင်းဆောင်က ဆက်ပြောလိုက်သည်။
"မှန်တယ်။ သူလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ အရေးမကြီးပါဘူး။ အရေးကြီးတာက နတ်ကုန်းမြေက ဘယ်လိုရှေ့ဆက်ရမလဲဆိုတာပဲ" လမင်းတံခွန်ဂိုဏ်း၏ ခေါင်းဆောင်က ပြောလိုက်သည်။
ထိုအချက်ကို အားလုံးက သဘောတူလိုက်ကြ၍ ချူးယွင်ဖန်းကို ဘေးဖယ်ထားလိုက်သည်။ သို့သော်လည်း စေ့စပ်ညှိနှိုင်းမှု၏ သုံးရက်မြောက်နေ့တွင်ပင် ချူးယွင်ဖန်းကို မတွေ့ရသေးရာ၊ သူ၏ အရိပ်ကိုပင် မမြင်တွေ့ရပေ။ ချူးယွင်ဖန်းသည် ဤနေရာသို့ ရောက်လာဝံ့မည် မဟုတ်ဘူးဟု လူတိုင်းက တူညီသော သုံးသပ်ချက်ကို ချမှတ်လိုက်ကြသည်။ တောင်ပေါ်တွင် ကျားများရှိနေခြင်းကို သိထားသည့် အခြေအနေမျိုးတွင် ဤနေရာသို့ လာရောက်ရန် ဆုံးဖြတ်ခဲ့ပါက သူသည် အလွန် ထူးခြားပေလိမ့်မည်။
ချူးယွင်ဖန်းသည် ထောင်ချောက်ထဲသို့ မ၀င်ချင်ကြောင်း ၎င်းတို့ သိကြသော်လည်း ပြည်ထောင်စုနှင့်ပတ်သက်သည့် ကောလာဟလ အမျိုးမျိုး ပျံ့နှံ့သွားခဲ့သည်။ ချူးယွင်ဖန်းသည် ဖိတ်ကြားသော နေရာသို့ မပေါ်လာဝံ့သောကြောင့် သူသည် ညှိနှိုင်းရန်အတွက် မည်သို့မျှ ပြည်ထောင်စုကို ကိုယ်စားပြုနိုင်မည်နည်း။ ယခုအခါ ၎င်းတို့တွင် ပြည်ထောင်စုကို တိုက်ခိုက်ခြင်းဟူသော နည်းလမ်းတစ်ခုသာရှိတော့သည်။ သို့မှသာ ပြည်ထောင်စုကို ချုပ်ကိုင်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စု၏ ကြီးမားသော အရွယ်အစားကြောင့် အညံ့ခံခိုင်းရန် လွယ်ကူမည် မဟုတ်ပေ။ ထို့ကြောင့် နတ်ကုန်းမြေရှိ အင်အားစုအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်သည်။ ချူးယွင်ဖန်းကိုယ်တိုင်ပင် မပေါ်လာသောအခါ မူလက ငြိမ်းချမ်းသော ဆုံးဖြတ်ချက်ကို လိုလားကာ ပြည်ထောင်စုနှင့် ပူးပေါင်း၍ ကြီးပွားချမ်းသာရန် လိုလားနေသည့် အင်အားစုများသည် မည်သည်ကိုမျှ မပြောနိုင်တော့ပေ။
အချိန်အတိုင်းအတာတစ်ခုအထိ၊ လေထုတစ်ခုလုံးသည် ပြည်ထောင်စုကို သိမ်းပိုက်မည့် ဦးတည်ချက်ဆီသို့ ရွေ့လျားနေပုံပေါ်သည်။ ချူးယွင်ဖန်း မရောက်ရှိလာသောအခါ နတ်ကုန်းမြေရှိ အင်အားစုအသီးသီး၏ မျက်လုံးများသည် ချူးယွင်ဖန်းဆီမှတစ်ဆင့် တခြားဖက်သို့ ပြောင်းရွေ့သွားကြသည်။ အသီးသီး ပိုင်ဆိုင်သော စစ်အင်အားကိုမူတည်၍ ပြည်ထောင်စုကို တိုက်ခိုက်ရန် မည်သူက ဦးစွာ လှုပ်ရှားကာ မည်သူက စစ်တပ်များ စေလွှတ်ကြမည်ကို ငြင်းခုံလာကြသည်။ မည်သူမျှ ဆုံးရှုံးလိုစိတ်မရှိကြပေ။ အင်အားစုကြီး ခြောက်ခုအတွင်း၌ပင် အချင်းချင်း အငြင်းပွားနေကြ၍ မည်သူကမျှ စွန့်လွှတ်အနစ်နာခံရန် ဆန္ဒမရှိကြပေ။
အခန်း (၁၀၃၅) နောက်ဆုံးတွင် ချူးယွင်ဖန်း ရောက်ရှိလာပေမယ့် အထင်အမြင်သေးခံနေရတာလား
၎င်းတို့၏ အာရုံကို ဆွဲဆောင်နေသော ချူးယွင်ဖန်းမရှိဘဲ နတ်ကုန်းမြေ၏ အင်အားစုများသည် မဆုတ်သာ မတိုးသာ အခြေအနေတွင် ရှိနေကြ၍ အထူးသဖြင့် အင်အားစုများစွာသည် တစ်ဦးနှင့်တစ်ဦး ပြင်းထန်သော ရန်ငြိုးရန်စရှိနေသည့်အတွက် လက်လွှတ်ရန် ငြင်းဆန်နေကြသည်။ လူအုပ်ကြီးက အပြန်အလှန် ငြင်းခုံနေကြစဉ် လှည်းတစ်စီး စိမ်ပြေနပြေ ရောက်ရှိလာသည်။
၎င်းသည် အလွန်သာမန်ရိုးကျဆန်သော လှည်းတစ်စီးဖြစ်သည်။ ၎င်းဖြင့် ကျေးလက်ဒေသတွင် ခရီးသွားမည်ဆိုလျှင်ပင် မည်သူမျှ အာရုံစူးစိုက်ကြမည် မဟုတ်ပေ။ သို့သော် လူတိုင်း၏အာရုံကို ဖမ်းစားသွားစေသည့် တစ်ခုတည်းသောအရာမှာ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ဖြင့် လှည်းယဉ်ကို မောင်းနှင်နေသည့် လှပသော မိန်းကလေးဖြစ်သည်။
ထိုမိန်းကလေးသည် ထူးခြားသော ဟန်ပန်အမူအရာများရှိနေသောကြောင့် မိသားစုလေးတစ်ခုမှ ဆင်းသက်လာသူ မဟုတ်ကြောင်း သိသာထင်ရှားသည်။ သို့သော် ထိုမိန်းကလေးသည် လှည်းယဉ်ကို ကိုယ်တိုင် မောင်းနှင်လာခဲ့သည်။
ထို့အပြင် သူမသည် ၎င်းအပြုအမူကို မလိုလားပုံမပေါ်ပေ။ လှည်းယဉ်သည် တောင်ခြေရင်းတွင် လျင်မြန်စွာ ရပ်တန့်သွားခဲ့သည်။ ပြီးနောက် မိန်းကလေးသည် ကန့်လန့်ကာကို မတင်၍ အော်ပြောလိုက်သည်။
"ရောက်ပြီ၊ ဆရာ"
သူမ စကားပြီးသည်နှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ကာ သွယ်လျသော ခန္ဓာကိုယ် ဖွဲ့စည်းပုံရှိ၍ တင်းမာသော မျက်နှာအသွင်အပြင်နှင့် အသက်နှစ်ဆယ်ခန့် လူငယ်တစ်ဦးသည် လှည်းယဉ်ပေါ်မှ ထွက်လာခဲ့သည်။
"နောက်ဆုံးတော့ ရောက်ပြီလား" အနက်ရောင်ဝတ်ထားသော လူငယ်သည် တည်ငြိမ်လှသည်။
တောင်တန်းတစ်လျှောက် အဆုံးမဲ့ စွမ်းအင်များ ပြင်းထန်စွာ ပျံ့လွင့်နေခြင်းကို သူ၏မျက်လုံးများဖြင့် မြင်တွေ့နိုင်သည်။ ၎င်းသည် စစ်သည်တော်တစ်ဦး၏ အတိုင်းအတာတစ်ခုအထိ အစွမ်းထက်နေသည့် လက္ခဏာရပ်ဖြစ်သည်။
ဤသို့သော နေရာမျိုးကို သာမန်မကောင်းဆိုးဝါးများ မချဉ်းကပ်ရဲကြပေ။ ဤနေရာသို့ နီးကပ်လာသည်နှင့် ထိုဖြစ်တည်မှုများ ချက်ချင်းပင် ပျက်သုဉ်းသွားပေလိမ့်မည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်နှင့် မိန်းကလေးငယ်တို့သည် ချူးယွင်ဖန်းနှင့် သူ၏တပည့်ဖြစ်သူ လင်းချန်ရှီမှလွဲ၍ အခြားမဟုတ်ပေ။ ချူးယွင်ဖန်းသည် စေ့စပ်ညှိနှိုင်းမှုစတင်ပြီး ရက်အတော်ကြာသည့်အချိန်မှ ရောက်ရှိလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စီစဉ်ထားသည့်အတိုင်း ဆဌမမြောက် နတ်အဆင့်၏ အထွတ်အထိပ်သို့ တစ်ကြိမ်တည်းဖြင့် မဖြတ်ကျော်နိုင်သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ချူးယွင်ဖန်းသည် သူ၏စွမ်းအင်အားလုံးဖြင့် နတ်ဘုရားကျင့်စဉ်ကို အပြင်းအထန် ဖြန့်ကျက်ကာ ကိုယ်ပိုင် အသုံးပြုနိုင်ရန် ဝိညာဉ်စွမ်းအင်များကို သန့်စင်နေလေသည်။ တောင်မြစ်ပန်းချီကားအတွင်းရှိ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများစွာသည် ချူးယွင်ဖန်း၏ တစ်ပြိုင်နက်တည်း စုတ်ယူကြောင့် အမှုန့်အဖြစ် ပြောင်းလဲသွားကြသည်။
ချူးယွင်ဖန်းသည် သုံးလကြာ ကြိုးစားပြီးနောက် ဆဌမမြောက် နတ်အဆင့်၏ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း ရောက်ရှိလုနီးပါးဖြစ်နေလေသည်။ သူသည် အဆင့်ဖြတ်ကျော်တော့မည်ဖြစ်သောကြောင့် အလွန်အကျွံ ကြိုးစားရန် မလိုအပ်တော့ပေ။ သူသည် သဘာဝအတိုင်း အဆင့်ဖြတ်ကျော်ရန် လုံလောက်သော စွမ်းအင်ကို ပြောင်းလဲ၍ စုဆောင်းရန်သာ လိုအပ်သည်။
နတ်တောင်တန်းသို့ ရောက်သောအခါ ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ သူသည် ဆဌမမြောက် နတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် ခေတ္တမျှသာ လိုအပ်တော့သည်။ သူသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အဓိက အင်အားစုကြီးများက ပြည်ထောင်စုအတွက် မသင့်လျော်သော အခြေအနေမျိုးဖြင့် ဆုံးဖြတ်ကြမည် မစိုးရိမ်မိပေ။ မည်သို့ဆိုသော် သူသည် ထိုသို့ပြုလုပ်ရန် ခွင့်ပြုမည် မဟုတ်သောကြောင့်ဖြစ်သည်။
ချူးယွင်ဖန်းသည် တောင်တန်းတစ်ခုလုံးကို ကြည့်ရှုလိုက်ရာ၊ ၎င်းသည် တည်ငြိမ်သော အပ်တစ်ချောင်းကဲ့သို့ ကောင်းကင်သို့ မတ်စောက်စွာ တည်ရှိနေကာ ကမ္ဘာတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များကို အခိုင်အမာ သိမ်းဆည်းထားကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းသည် နတ်ကုန်းမြေတစ်ခုလုံး၏ နတ်တောင်တန်းဖြစ်လာခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
၎င်းတို့ ရောက်ရှိလာခြင်းသည် တောင်ခြေရင်းရှိ လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားစေသည်။ အဆုံးတွင် ဤအချိန်၌ ရောက်လာသူ သိပ်မရှိတော့ပေ။ ရုတ်တရက်ဆိုသလိုပင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ရှီရှီ"
ချက်ချင်းဆိုသလိုပင် တောက်လောင်သော အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် ၎င်းတို့နှစ်ဦး၏ အရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်၍ အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားကာ လှပသော မျက်နှာအသွင်အပြင်မျိုးရှိနေသည်။ သူမ၏ မျက်နှာအသွင်အပြင်သည် သပ်ရပ်လှ၍ သူမ၏ လှပသော မျက်လုံးများတွင် သူရဲကောင်းဆန်သော အငွေ့အသက်များရှိနေသည်။ သူမသည် သာမန်အမျိုးသမီးများနှင့် မတူညီပေ။
"မမမင်" ထိုအမျိုးသမီးကို မြင်သောအခါ လင်းချန်ရှီက ချက်ချင်းပင် အံ့အားသင့်စွာ အော်ပြောလိုက်သည်။
"သီးသန့်ကျင့်ကြံမှုကနေ ဘယ်တုန်းက ထွက်လာတာလဲ"
လင်းချန်ရှီကို မြင်သောအခါ အနီရောင်ဝတ်စုံ ဝတ်ထားသော အမျိုးသမီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"တလောကမှ သီးသန့်ကျင့်ကြံမှုကနေ ထွက်လာတာ။ ညှိနှိုင်းဆွေးနွေးပွဲပြီးရင် ထျန်ဟဲမြို့ကို သွားလည်ဖို့တောင် စိတ်ကူးထားတာ။ ညီမလေးအဖေရော ဘာလို့ ဒီကို ရောက်မလာတာလဲ၊ ဒီညှိနှိုင်းဆွေးနွေးပွဲမှာ ကမ္ဘာပေါ်က အင်အားစုအားလုံးရဲ့ ခေါင်းဆောင်တွေကို ဖိတ်ထားတာပါ"
လင်းချန်ရှီသည် ထိုအမျိုးသမီး၏မေးခွန်းကို မည်သို့ ပြန်ဖြေရမည် မသိပေ။ လင်းဟုန့်ဖုန်သည် ချူးယွင်ဖန်းကို ထောက်ခံရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် လူပေါင်းများစွာ၏ သစ္စာဖောက်အဖြစ် ရှုမြင်ခံခဲ့ရသည်။ ချူးယွင်ဖန်းက မရောက်လာခဲ့လျှင် သူက မည်သို့ကြောင့် ရောက်လာမည်နည်း။
"သူ အလုပ်ရှုပ်နေလို့ မလာနိုင်ဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ပေါက်ကရ ပြောနေခြင်း မဟုတ်ပေ။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် လင်းဟုန့်ဖုန်သည် ထျန်ဟဲမြို့ကို ခွန်းလွန်နယ်မြေသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသောကြောင့် အလုပ်ရှုပ်နေလေသည်။
"ရှင်က ဘယ်သူလဲ" အမျိုးသမီးသည် ချူးယွင်ဖန်းကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဒါက ညီမရဲ့ ဆရာလေ၊ မမမင်"
ချူးယွင်ဖန်းသည် ယခုအခါ နတ်ကုန်းမြေတွင် လူတိုင်း မုန်းတီးနေသူဖြစ်သောကြောင့် လင်းချန်ရှီသည် သူ၏နာမည်ကို မဖော်ပြမိစေရန် သတိထားနေလေသည်။
"ဆရာ၊ ဒါက ကျွန်မ ဝမ်းကွဲ နျဲ့စီမင်။ သူက ကျွန်မအဒေါ်ရဲ့သမီး၊ ငယ်ငယ်လေးကတည်းက ကျွန်မအပေါ် အရမ်းကောင်းတာ။ သူက နတ်ကုန်းမြေရဲ့ အင်အားစုကြီးခြောက်ခုထဲက တစ်ခုဖြစ်တဲ့ လမင်းတံခွန်အိမ်တော်ရဲ့ အထူးချွန်ဆုံး တပည့်တွေထဲက တစ်ယောက်လေ။ အနာဂတ်မှာ နတ်အဆင့်ကိုတောင် ဝင်ရောက်ဖို့ အလားအလာရှိနေပြီ"
"မင်္ဂလာပါ" ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။
နျဲ့စီမင်၏ ကျင့်ကြံမှုသည် အလွန် ကောင်းမွန်လှသည်။ သူမသည် အသက် ၂၀ မျှသာဖြစ်၍ သူနှင့် အသက်တူအရွယ်တူဖြသ်သော်လည်း မွေးဖွားခြင်းနယ်မြေ နဝမ အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ သူမသည် အထွတ်အထိပ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သည်။ သူမ၏ အသက်အရွယ်အရ အမှန်တကယ် အထင်ကြီးဖွယ်ကောင်းလှသည်။
သိုင်းပညာအရ ချူးယွင်ဖန်းလျှင်ပင် နတ်ကုန်းမြေသည် ပြည်ထောင်စုထက် များစွာ ခိုင်မာကြောင်း ဝန်ခံရမည်ဖြစ်သည်။ ပြည်ထောင်စုသည် နှစ်ရာနှင့်ချီ၍သာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ မည်မျှပင် လျင်မြန်စွာ တိုးတက်နေပါစေ၊ နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သည့် နတ်ကုန်းမြေနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်ရှိနေဆဲဖြစ်သည်။ သို့သော် ထို့ကြောင့်သာလျှင် ဤအင်အားစုများ၏ ပြည်ထောင်စုအပေါ် ဆန့်ကျင်မှုကို ခွင့်မပြုရသည့် အကြောင်းရင်းဖြစ်ပေသည်။
နျဲ့စီမင်သည် ချူးယွင်ဖန်းကို သံသယဖြစ်စွာ စိုက်ကြည့်လိုက်သည်။ သူမ သီးသန့်ကျင့်ကြံမှုသို့ မဝင်ရောက်မီ သူမ၏ ဦးလေးဖြစ်သူသည် လင်းချန်ရှီကို ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းဆီ စေလွှတ်ရန် စီစဉ်နေကြောင်း သတင်းရရှိခဲ့သော်လည်း ယခုအခါ သူမသည် အမည်မသိ အမျိုးသားတစ်ဦးကို ဆရာအဖြစ် ရုတ်တရက် လက်ခံထားခဲ့သည်။
ယခုအချိန်တွင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင် အလွန် အားနည်းသည့် စွမ်းအင်အတက်အကျ အနည်းငယ်မျှသာ ရှိပုံပေါ်သည်။ သူမ၏ အာရုံခံစားမှုအရ သူသည် အများဆုံးလျှင် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်တွင်သာ ရှိပုံပေါ်၍ သူမထက် များစွာ အားနည်းလှသည်။ ဤသို့သော ကျင့်ကြံမှုမျိုးသည် သာမန်လူများအမြင်တွင် ကောင်းမွန်သည်ဟု ယူဆနိုင်သော်လည်း သူမ ဝမ်းကွဲညီမ၏ ဆရာဖြစ်လာရန် မည်သို့မျှ အရည်အချင်း ပြည့်မီနိုင်မည်နည်း။
မည်သို့ပင် ကြည့်စေကာမူ လင်းချန်ရှီသည် လှည့်စားခံခဲ့ရပုံပေါ်သည်။ သူမ မသိခဲ့သည်မှာ၊ ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် အရေးကြီးသော နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ စွမ်းအင်အချို့ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သောကြောင့် သူ၏စွမ်းအင် အတက်အကျဖြစ်မှုကို ခံစားနိုင်ခြင်းဖြစ်သည်။ မဟုတ်ပါက သေခြင်းတရားကို မြင်တွေ့နိုင်လျှင်ပင် စွမ်းအင်အတက်အကျများကို သူမ ခံစားနိုင်မည် မဟုတ်ပေ။
နျဲ့စီမင်သည် မည်သည့်အရာကိုမဆို လျင်မြန်စွာ လုပ်ဆောင်တက်သူဖြစ်သောကြောင့် သူမ၏ သံသယများကို ဖုံးကွယ်မထားဘဲ မေးမြန်းလိုက်သည်။
"ရှီရှီ၊ ဘာလို့ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဆရာအဖြစ် ရွေးချယ်ခဲ့ရတာလဲ၊ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း ပျက်စီးသွားပေမယ့် ဆရာလိုချင်တယ်ဆိုရင် ညီမလေး အရည်အချင်းနဲ့ လမင်းတံခွန်အိမ်တော်ကို ဝင်လို့ရပါတယ်။ အစ်မ ဆရာလည်း ဒီနေရာမှာ ရောက်နေတယ်။ အစ်မ ဆရာက ဂိုဏ်းခေါင်းဆောင်လေ၊ နတ်အဆင့် ဆရာတစ်ယောက်ရအောင် အစ်မ ထောက်ခံခိုင်းပေးမယ်"
နျဲ့စီမင်သည် တိုက်ရိုက် ပြုမူတတ်သူဖြစ်ရာ၊ ချူးယွင်ဖန်းကို အနည်းငယ်မျှ ဂရုမစိုက်ပေ။ သူမက ပွင့်လင်းစွာ ပြောနေသော်လည်း လင်းချန်ရှီက စိုးရိမ်နေမိသည်။ သူမ၏ဝမ်းကွဲသည် ဆရာက မည်မျှ အင်အားကြီးမားသည်ကို မသိသောကြောင့် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် တစ်ဦးဟုသာ ထင်မှတ်နေသည်။ ယခင်က ထိုသို့သော စကားမျိုးပြောဖူးသည့် မဟာရွှင်လန်းမှုဂိုဏ်းရှိ လူများ၏ ကံကြမ္မာအကြောင်း သူမ ရှင်းလင်းစွာ သိထားသည်။ သူမ၏ ဆရာသာ အမျက်ထွက်သွားပါက ဝမ်းကွဲ ဒုက္ခရောက်သွားပေလိမ့်မည်။