အခန်း (၁၀၆၆-၁၀၆၈)
Vol. 72 Ch. 1066-1068
အခန်း (၁၀၆၆) ချူးဟောက်ယွဲ့၏ စိုးရိမ်ဖွယ်အခြေအနေ
ဤဓာတ်ပုံနှစ်ပုံကို တင်ရသည့် ချူးယွင်ဖန်း၏ မူလရည်ရွယ်ချက်သည် အနန္တနတ်ဆိုးတောင်တန်း၏မျက်နှာကို ရိုက်ရန်မဟုတ်သော်လည်း အကျိုးသက်ရောက်မှုရှိခဲ့သည်။ အနန္တနတ်ဆိုးတောင်တန်းသည် ပြည်ထောင်စုတစ်ခွင် လူသိများသည့် နဂါးဖြူကျောင်းဆရာတော်၏ အလောင်းပုံကို မကြာသေးမီက ထုတ်ပြန်ခဲ့ကြသည်။
ဤဓာတ်ပုံကို ထုတ်လွှင့်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း မြို့စွန်နယ်မြေရှိ နဂါးဖြူကျောင်းတိုက်တစ်ခုလုံး မျက်ရည်ကျခဲ့ရသည်။ ၎င်းတို့၏ ဆရာတော်ကြီးသည် အဓိပ္ပါယ်မဲ့၍ ဆိုးရွားသောဖြစ်စဉ်ဖြင့် အပျက်အစီးများထဲတွင် ကွယ်လွန်သွားမည်ဟု မထင်မှတ်ထားခဲ့ပေ။ ပြည်ထောင်စုသည် လုံးလုံးလျားလျား ဆွံ့အသွားကြသည်။ ၎င်းတို့အားလုံး မတုံ့ပြန်နိုင်သည့် အခြေအနေတွင် လွန်ခဲ့သော ရက်အနည်းငယ်တွင်း ချူးယွင်ဖန်း ဤသို့ ပေါ်ပေါက်လာခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ဓာတ်ပုံနှစ်ပုံနှင့် အနန္တနတ်ဆိုးတောင်တန်း၏ အင်အားကြီးမားသော ဝေဟင် မွန်းစတားနှစ်ကောင်၏ သေဆုံးမှုသည် အနန္တနတ်ဆိုးတောင်တန်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် ဆင်တူသည်။ အထူးသဖြင့် နတ်ဆိုးများ၏ အပြုအမူများသည် ပြည်ထောင်စု၏ စိတ်ဓာတ်ကို ပျက်စီးအောင် ပြုလုပ်နေသည်မှာ သိသာထင်ရှားလှ၍ ယခုအခါ ချူးယွင်ဖန်း၏ ဓာတ်ပုံများသည် ပြည်ထောင်စု၏ စိတ်ဓာတ်ကို မြင့်တက်သွားစေသည်။ ပြည်ထောင်စု၏ ကျွမ်းကျင်သူအချို့သည် ၎င်းတို့၏လက်ထဲတွင် သေဆုံးသွားခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ပြည်ထောင်စုသည်လည်း မကြာမီတွင် ၎င်းတို့ကို ပေးဆပ်ခိုင်းမည်ဖြစ်သည်။
နတ်ဆိုးများသည် ပြည်ထောင်စု၏ ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခဲ့သော်လည်း ၎င်းတို့သည်လည်း နတ်ဆိုးကျွမ်းကျင်သူနှစ်ဦးကို ဆုံးရှုံးခဲ့ရသည်။ မည်သို့ကြည့်စေကာမူ၊ ၎င်းတို့ဘက်မှ အောင်နိုင်သည်ဟု မယူဆနိုင်ပေ။ နတ်ဆိုးများသည် ခေတ္တ ဆွံ့အသွားပြီးနောက် ပို၍ပင် ဒေါသထွက်လာကြသည်။ အကြောင်းကိစ္စအားလုံးသည် ချူးယွင်ဖန်း ပြန်ရောက်ကတည်းက ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားကြောင်း တွေ့ရှိလိုက်ရသည်။ ပြည်ထောင်စု၏ စိတ်ဓာတ်အင်အားကို ဖိနှိပ်မည့် ၎င်းတို့၏ ယခင် အစီအစဉ်သည် ကျရှုံးသွားပုံပေါ်ပေ။
ချူးယွင်ဖန်းသည် ပြည်ထောင်စု၏ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်ခြင်းကြောင့်သာမကဘဲ နတ်အဆင့် ကျွမ်းကျင်သူလေးဦးကို သတ်ပစ်ခဲ့သည့်အတွက်ကြောင့် အနန္တနတ်ဆိုးတောင်တန်းနှင့် အဏ္ဏဝါမျိုးနွယ်စုများအတွက် သတ်ဖြတ်ရမည့် ပစ်မှတ်ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ပုံရိပ်သုံးခုသည် အပျက်အစီးများအနက် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းနေကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် သွေးများဖြင့် စွန်းထင်နေသော်လည်း ယင်းသည် ၎င်းတို့၏ သွေးများ မဟုတ်ကြပေ။ ၎င်းတို့သည် အရပ်ရှည်သည့် အဏ္ဏဝါမျိုးနွယ်စုဝင်သုံးဦးဖြစ်သည်။
၎င်းတို့သုံးဦးစလုံးသည် အဏ္ဏဝါမျိုးနွယ်စုကြားတွင် တန်းတူရည်တူ ကျော်ကြားသူများဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့သည် တြိဂံပုံကဲ့သို့ ဖွဲ့စည်းကာ တစ်စုံတစ်ဦးကို ရှာဖွေနေသည့်ဟန်ဖြင့် စတင်ရှာဖွေနေကြသည်။ ထိုအခိုက်အတန့်တွင် လူနှစ်ယောက်သည် တောင်တန်းတစ်ခု၏အလယ်တွင် လျင်မြန်စွာ ထွက်ပြေးနေကြသည်။ သို့သော် ၎င်းတို့သည် ကောင်းကင်ကို ဖြတ်သန်း၍ မပျံသန်းဝံ့ကြပေ။
တစ်ဦးသည် အဝတ်အစားများ စုတ်ပြဲနေသည့် အဘိုးအိုတစ်ဦးဖြစ်၍ ကျန်တစ်ဦးသည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦးဖြစ်သည်။ အဘိုးအို၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခုရှိနေ၍ ရံဖန်ရံခါ သွေးများ စီးကျနေသည်။
လူငယ်၏ အခြေအနေသည် အနည်းငယ်မျှ သာလွန်ကောင်းမွန်သော်လည်း သူ၏ ဘယ်ဘက်လက်တစ်ခုလုံး ပျောက်ဆုံးနေခဲ့ရာ၊ ၎င်းသည် ဖြတ်တောက်ခံလိုက်ရခြင်းဖြစ်သည်။ ဤလူနှစ်ယောက်သည် ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့မှလွဲ၍ အခြားလူများ မဟုတ်ပေ။
"မင်းက ကျုပ်ထက် အခြေအနေပိုကောင်းတယ် သူတို့ သုံးယောက်က ပိုပိုပြီး နီးလာပြီ၊ ကျုပ်တို့တွေ လွတ်မြောက်ဖို့ မဖြစ်နိုင်လောက်ဘူး။ ဒီတော့ မင်းထွက်ပြေးလို့ရအောင် ကျုပ် ကာပေးထားမယ်" ချူးမိသားစု ဘိုးဘေးကြီးသည် ရုတ်တရက် ရပ်တန့်ပြီးနောက် ချူးဟောက်ယွဲ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
"ဘယ်လိုပြောလိုက်တာလဲ၊ ဘိုးဘေးကြီး။ ဒီအချိန်က ဟာသလုပ်နေရမယ့် အချိန်မဟုတ်ဘူး။ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က နောက်မှာ ကျန်ခဲ့ရမယ်ဆိုရင်တောင် အဲ့ဒါက ကျွန်တော်ပဲ ဖြစ်သင့်တယ်။ ကျွန်တော်တို့ မိသားစုတစ်ခုလုံးနဲ့ ပြည်ထောင်စုက ကျွန်တော် မရှိလို့ဘာမှမဖြစ်ပေမယ့် ဘိုးဘေးကြီး မရှိလို့ မဖြစ်ဘူး" ချူးဟောက်ယွဲ့သည် ထိုအကြံအစည်ကို ချက်ချင်း ပယ်ချလိုက်သည်။
"ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ" ချူးမိသားစု ဘိုးဘေးကြီးက ပြောလိုက်သည်။
"မင်းလည်း ကျုပ်ဒဏ်ရာတွေရဲ့ အခြေအနေကို သိတာပဲ၊ ကုသဖို့ နေရာ မရှာရင် သေရလိမ့်မယ်။ ဒါပေမယ့် အပျက်အစီးတွေထဲမှာ ကျုပ်တို့ ဘယ်မှာသွားပြီး ကုသလို့ရမှာလဲ။ အဲဒီခွေးဆိုးသုံးကောင်က ကျုပ်တို့ကို လိုက်ဖမ်းနေတယ်လေ၊ ကျုပ်တို့တွေ ဘယ်ကိုများ ထွက်ပြေးနိုင်မှာလဲ"
"ကျုပ်အတွက် မျှော်လင့်ချက်မရှိပေမယ့် မင်းကတော့ မတူဘူး။ မင်းက ငယ်လည်းငယ်တယ် အရည်အချင်းလည်းရှိတယ်။ မင်းက ကျုပ်တို့ မိသားစုနဲ့ ပြည်ထောင်စုအတွက် အနာဂတ် မျှော်လင့်ချက်ပဲ"
ချူးမိသားစု ဘိုးဘေးကြီးသည် ချူးဟောက်ယွဲ့ကို စိုက်ကြည့်နေသည်။ ချူးဟောက်ယွဲ့သည် လက်တစ်ဖက် ဆုံးရှုံးခဲ့သော်လည်း အသက်အန္တရာယ်အရ မစိုးရိမ်ရပေ။ ဤသို့သော ဒဏ်ရာမျိုးသည် ၎င်းတို့ကဲ့သို့ နတ်အဆင့် ကျွမ်းကျင်သူများအတွက် စိုးရိမ်စရာ မဟုတ်ပေ။
"ကျုပ် အသက်ရှင်ရင်တောင် နောက်ထပ် ဘယ်နှစ်နှစ်များ နေနိုင်မှာလဲ၊ ကျုပ်တို့မိသားစုရဲ့အနာဂတ်က မင်းအပေါ်မှာပဲ မူတည်နေသေးတယ်"
ချုးမိသားစု ဘိုးဘေးကြီးသည် ထိုကိစ္စကို တွေးတောပြီးသားဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ဤကဲ့သို့ ဆက်ပြေးနေမည်ဆိုလျှင် တစ်ခုတည်းသော ရလဒ်သည် ၎င်းတို့နှစ်ဦးစလုံး မလွတ်မြောက်နိုင်ခြင်းဖြစ်သည်။ ၎င်းတို့အနောက်ရှိ သုံးယောက်သည် ပိုမိုနီးကပ်လာသောကြောင့် ထိုသုံးယောက်၏ အရှိန်ကို ထိန်းချုပ်ရန်အတွက် တစ်စုံတစ်ယောက်ယောက်က အနောက်တွင် ကျန်ရစ်ခဲ့ရမည်။ မဟုတ်လျှင် ၎င်းတို့နှစ်ယောက်လုံး လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအခြေအနေမျိုး၌ သူသည် အသင့်တော်ဆုံးလူဖြစ်သည်။ သူသည် နောက်ထပ် နှစ်ပေါင်းများစွာကြာ အသက်မရှင်နိုင်သည့်အတွက် ချူးဟောက်ယွဲ့၏ အသက်အတွက်သာ တိုက်ပွဲဝင်ရပေလိမ့်မည်။ ချူးမိသားစု၏ အရည်အချင်းအရှိဆုံး လူနှစ်ဦးအနက် ချူးယွင်ဖန်းသည် လွန်ခဲ့သည့် လအနည်းငယ်က အပျက်အစီးတစ်ခုနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ရာ၊ ယခုအခါ ချူးဟောက်ယွဲ့သာ ကျန်ရစ်တော့သည်။ အကယ်၍ သူ့ကို ဤနေရာတွင် ဆုံးရှုံးသွားလျှင် ချူးမိသားစုတစ်ခုလုံး ပြီးဆုံးသွားမည်ဖြစ်သည်။ သူသည် ချူးမိသားစုနှင့် ပြည်ထောင်စု၏ နောက်ဆုံးမျှော်လင့်ချက်ကို ကာကွယ်ရမည်။
"မဟုတ်ဘူးလေ၊ ဘိုးဘေးကြီးရဲ့။ ကျွန်တော် ဘယ်လောက်ဝေးဝေး ပြေးနိုင်မှာလဲ။ အပျက်အစီးက ကျယ်ပြန့်ပေမယ့် ကျွန်တော်တို့မှာ လွတ်မြောက်ဖို့ နေရာမှမရှိတာ" ချူးဟောက်ယွဲ့က သဘောမတူကြောင်း ပြောလိုက်သည်။
"အခြားနည်းလမ်း မရှိဘူး။ ကျုပ်မှာ ချီစွမ်းအင်တွေကို အချိန်ခဏလောက် အထွတ်အထိပ်အခြေအနေထိ ရောက်သွားနိုင်တဲ့ လျှို့ဝှက်နည်းသိုင်းပညာတစ်ခုရှိတယ်။ သူတို့ သုံးယောက်ကို ထိန်းချုပ်ထားပြီး ဒဏ်ရာအပြင်းအထန်ရအောင် နည်းလမ်း ရှာနိုင်မယ်လို့ ကျုပ် ယုံကြည်တယ်။ မင်းထွက်ပြေးရ ပိုလွယ်အောင် သူတို့သုံးယောက်ထဲက တစ်ယောက်ကို သတ်နိုင်ရင် အကောင်းဆုံးပေါ့" ချူးမိသားစု ဘိုးဘေးကြီးက လေးနက်သော အမူအရာဖြင့် ပြောသည်။
သို့သော် ချူးဟောက်ယွဲ့က မငြင်းဆန်နိုင်မီတွင် ချူးမိသားစု ဘိုးဘေးကြီး၏ မျက်နှာအမူအရာ ပျက်ယွင်းသွားခဲ့သည်။ မည်သည့် အချိန်ကမှန်း မသိသော်လည်း ၎င်းတို့အနားတွင် ပုံရိပ်သုံးခု ပေါ်ပေါက်လာခဲ့သည်။
"ဒီမှာ ရှိနေကြတာကို။ ကျွတ်၊ ကျွတ်၊ ဘယ်သူက အနောက်မှာ ကျန်ခဲ့မယ်ဆိုတာကို ငြင်းခုံနေတုန်းလား။ ခင်ဗျားတို့ နှစ်ယောက်စလုံး ထွက်သွားနိုင်မယ်လို့ ကျုပ်တော့ မထင်ဘူးနော်၊ ဟားဟားဟား" ပုံရိပ်သုံးဦးထဲ တစ်ဦးသည် စကားပြောပြီးသည်နှင့် ချူးဟောက်ယွဲ့နှင့် ချူးမိသားစု ဘိုးဘေးကြီးကို သုံးဦးစလုံး ဝိုင်းရံလာကြသည်။
ပုံရိပ်သုံးဦးသည် လူသားအသွင်သဏ္ဍာန်ရှိသော်လည်း ၎င်းတို့တွင် လူသားဦးခေါင်းများ မပါရှိကြဘဲ ခွေးခေါင်းများသာ ပါရှိကြသည်။ ၎င်းတို့သည် ခွေးဦးခေါင်းများနှင့် လူသားခန္ဓာကိုယ်များရှိကြသည်။ ၎င်းတို့သုံးဦးသည် သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်ရှိ၍ နှစ်မီတာကျော် ရှည်လျားကြသည်။ ၎င်းတို့ အသီးသီးသည် နက်ရှိုင်းသော ပင်လယ်တွင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နာမည်ကျော်ကြားကြသည်။ ချူးဟောက်ယွဲ့နှင့် ချူးမိသားစု ဘိုးဘေးကြီးတို့သည် ခွေးခေါင်းများနှင့် လူခန္ဓာကိုယ်ပါရှိသည့် ဤသန်မာသောသတ္တဝါသုံးကောင်ကို သတိပြုမိသွားသည်။
"ငရဲတံဆိပ် ညီနောင်" ချူးမိသားစု ဘိုးဘေးကြီးသည် ၎င်းတို့၏ အမည်ကို ထုတ်ဖော်လိုက်သည်။
ဤကာလအတွင်း ၎င်းတို့နှစ်ဦးသည် ငရဲတံဆိပ်ညီနောင်များနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ကြသည်။ မှန်သည်၊ ရိုက်နှက်ခံရ၍ ထွက်ပြေးတိမ်းရှောင်ရသည်မှာ ၎င်းတို့ဖြစ်သည်။ သို့သော် ဤဖြစ်စဉ်အတွင်း ဤလူသုံးယောက်၏ အထောက်အထားကိုလည်း သိရှိခဲ့ရသည်။ ၎င်းတို့သည် ငရဲတံဆိပ်ဟုခေါ်သော အဏ္ဏဝါမျိုးနွယ်စုမှ ဆင်းသက်လာသူများဖြစ်သည်။ ထိုမျိုးနွယ်စုတွင် ဤညီအစ်ကိုသုံးဦးကို မြင့်မြတ်၍ တန်ခိုးကြီးသော နတ်ဘုရားများအဖြစ် မှတ်ယူထားကြသည်။
ညီအကိုသုံးဦးသည် အလွန်စူးရှသော အနံ့ခံအာရုံများရှိကြသည်။ မည်သို့ပင် ရုန်းထွက်ရန် ကြိုးစားနေပါစေ အသုံးမဝင်ဘဲ နောက်ဆုံးတွင် ၎င်းတို့သုံးဦး၏ ဖမ်းဆီးမှုကို ခံရမည်ဖြစ်သည်။ ဤခံစားချက်သည် ၎င်းတို့ကို စိတ်ပျက်အားလျော့စေသည်။
"ကျုပ်တို့မှာ တခြားရွေးချယ်စရာမရှိတော့ပုံပဲ၊ ဒီတော့ တိုက်ခိုက်ကြတာပေါ့" ချူးမိသားစု ဘိုးဘေးကြီးက ပြောလိုက်သည်။ သူတွင် ရွေးချယ်စရာမရှိသောကြောင့် အသေခံ တိုက်ရမည်ကို သူ နားလည်သွားခဲ့သည်။
"ဟုတ်တယ်၊ ကျွန်တော်တို့ သေရရင်တောင် ဒင်းတို့ကိုပါ ကျွန်တော်တို့နဲ့အတူ သင်္ဂြိုဟ်ပစ်မယ်" ထိုသို့ အော်ဟစ်လိုက်စဉ် ချူးဟောက်ယွဲ့၏ မျက်လုံးများသည် စူးရှသော အလင်းရောင်များဖြင့် တောက်ပနေသည်။
အခန်း (၁၀၆၇) ကြီးမြတ်ခြင်းချူးကို ကြိုဆိုပါတယ်၊ အင်အားကြီးမားပါစေ ကြီးမြတ်ခြင်းချူး
"ဟားဟား ခင်ဗျားတို့ကလား" ငရဲတံဆိပ်ညီနောင်တို့၏ခေါင်းဆောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ငရဲတံဆိပ်ညီနောင်တို့သည် ကမ္ဘာပေါ်ရှိ ရယ်စဖွယ် အကောင်းဆုံးသော ဟာသတစ်ခုကို ကြားလိုက်ရဟန်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ၎င်းတို့၏အမြင်၌ ချူးမိသားစု ဘိုးဘေးကြီးနှင့်အတူ ၎င်းတို့ကို သေစေလိုသည်ဟူသော ချူးဟောက်ယွဲ့၏ စကားများသည် ဟာသတစ်ခုသာ မဟုတ်လေသလော။ ချူးဟောက်ယွဲ့သည် ကိုယ့်နေရာကို မသိခဲ့ပေ။ ထိုအချိန်တွင် ငရဲတံဆိပ်ညီနောင်၏ အနီးတစ်ဝိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးကို မြင်တွေ့နိုင်သည့် ကင်မရာတစ်လုံးပေါ်လာ၍ ၎င်းသည်မြင်ကွင်းတစ်ခုလုံးကို စတင်ရိုက်ကူးနေသည်။
"တိုက်ရိုက်လွှင့်တာက ခင်ဗျားတို့ လူသားတွေကြားမှာ အရမ်းရေပန်းစားတယ်လို့ ကျုပ် ကြားထားတယ်။ အခု ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုသေသွားလဲဆိုတာ လူသားတွေကြည့်ရအောင် တိုက်ရိုက်ထုတ်လွှင့်လိုက်မယ်" ငရဲတံဆိပ်ညီနောင်အနက် ဒုတိယတစ်ဦးက ပြောလိုက်သည်။
"ယုတ်ညံ့ချက်ကတော့"
ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့တို့သည် ငရဲတံဆိပ်ညီနောင်၏ ရည်ရွယ်ချက်ကို သဘာဝကျကျ နားလည်လိုက်သည်။ ငရဲတံဆိပ်ညီနောင်များသည် ၎င်းတို့၏သေဆုံးမှုများကို တစ်ကမ္ဘာလုံးဆီသို့ ထုတ်လွှင့်ရန် ရည်ရွယ်ခဲ့ကြသည်။ ထိုအချိန်သို့ရောက်သောအခါ ပြည်ထောင်စု၏ စိတ်ဓာတ်အင်အားသည် ထိခိုက်သွားပေလိမ့်မည်။
"ခင်ဗျားတို့ရဲ့ချူးယွင်ဖန်းက ဒီမှာ ရှိမနေလို့ ကျုပ် လက်နဲ့ ကိုယ်တိုင် မသတ်နိုင်တာ နှမြောစရာပဲ။ နှမြောဖို့ကောင်းလိုက်တာ" ငရဲတံဆိပ်ညီနောင်ရှိ တတိယမြောက် ညီနောင်က နောင်တရစွာ ပြောလိုက်သည်။
"သူသာ ဒီမှာရှိနေရင် ခင်ဗျားတို့အားလုံး သေနေလောက်ပြီ" ချူးဟောက်ယွဲ့က ပြောလိုက်သည်။
"ဟားဟားဟား၊ ခင်ဗျားတို့ရဲ့ နံပါတ်တစ် လူသားကျွမ်းကျင်သူလို့ သတ်မှတ်ခံရတဲ့ လူက တကယ့် ဟာသပဲ" အကြီးဆုံး ညီနောင်သည် ချူးဟောက်ယွဲ့၏ စကားများကို နှလုံးမသွင်းဘဲ လှောင်ရယ်လိုက်သည်။
ပြည်ထောင်စု၏ သိုင်းပညာတွင် အားနည်းမှုကြောင့် ပြည်ထောင်စု၏ နံပါတ်တစ်ကျွမ်းကျင်သူဟုသည့် ဂုဏ်ပုဒ်ကို ညီနောင်များက အထင်သေးနေကြသည်။ ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း စတင်လာခဲ့သည်။ သိပ်မကြာခင်မှာပင် လူပေါင်း သန်းနှင့်ချီ၍ ဝင်ရောက်လာကြရာ၊ ၎င်းတို့အားလုံးသည် ဆိုးရွားဖွယ် အခြေအနေတွင်ရှိနေသည့် ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့တို့ကို ကင်မရာမှတစ်ဆင့် တွေ့ရှိသွားကာ အလွန် တုန်လှုပ်သွားကြသည်။
ဤလူနှစ်ဦးသည် ပြည်ထောင်စုတွင် အလွန် လေးစားခံရသူများဖြစ်ကြသော်လည်း ယခုအခါ ၎င်းတို့သည် လိုက်လံဖမ်းဆီးခံနေရသည်။ လူအရေအတွက် အများအပြား ဝင်ရောက်လာကြောင့်အခါ အကြီးဆုံးညီနောင်က ပြောလိုက်သည်။
"ကျုပ်တို့အရှေ့မှာ လူသားမျိုးနွယ်ရဲ့ မိသားစုကြီးရှစ်ခုထဲက တစ်ခုဖြစ်တဲ့ ချူးမိသားစုရဲ့ခေါင်းဆောင်နှစ်ယောက်ရှိနေတယ်။ ဟား၊ သူတို့နှစ်ယောက်က ဒီမှာသေရတော့မယ်"
မရေတွက်နိုင်သော မှတ်ချက်များသည် စခရင်တစ်ခုလုံးတွင် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပြည့်နှက်လာသည်။ မရေတွက်နိုင်သောလူအများအပြားသည် ရူးသွပ်နေကြသော်လည်း မည်သို့မျှ မကူညီနိုင်ကြဘဲ ကျွမ်းကျင်သူနှစ်ဦး၏ သတ်ဖြတ်ခံရသော ဖြစ်စဉ်ကိုသာ စောင့်ကြည့်နိုင်ကြသည်။
"ငရဲတံဆိပ်ညီနောင်၊ ခင်ဗျားရဲ့ သြဒိနိတ်တွေကို ကြေငြာဝံ့လား"
မည်သည့်အချိန်က စတင်ခဲ့မှန်း မသိရသော်လည်း မှတ်ချက်နေရာတစ်ခုလုံးတွင် အခြားအသံများ ပျောက်ကွယ်သွားသကဲ့သို့ ဤစာကြောင်းတစ်ကြောင်းဖြင့်သာ ပြည့်နှက်နေသည်။
"ဘာကိုကြောက်ရမှာလဲ"
အကြီးဆုံး ညီနောင်က လှောင်ပြောင်ပြီးနောက် ၎င်းတို့၏ သြဒိနိတ်များကို ဖော်ပြလိုက်သည်။
"ဘာလဲ၊ ခင်ဗျားတို့ရဲ့ ပဲ့ထိန်း ဒုံးကျည်တွေက ဒီနေရာကို ရောက်နိုင်လို့လား၊ ဟာသပဲ"
အဏ္ဏဝါမျိုးနွယ်စုများနှင့် နတ်ဆိုးများ၏ မဟာမိတ်စစ်တပ်များသည် အပျက်အစီးများကို ဝိုင်းရံထားသည်။ ပြည်ထောင်စုသည် ဤနေရာကို တိုက်ခိုက်နိုင်ခဲ့ပါက ရယ်စရာဖြစ်သွားပေလိမ့်မည်။ ထိုသို့ပြုလုပ်နိုင်လျှင်ပင် အချိန်အတော်ကြာမြင့်မည်ဖြစ်ရာ ဤလူနှစ်ဦးသည် ထိုအချိန်တွင် သေဆုံးသွားလောက်ပြီဖြစ်သည်။ အကြီးဆုံးညီနောင်က ၎င်း၏သြဒိနိတ်များကို ဖော်ပြပြီးနောက် မျက်နှာပြင်ပေါ်ရှိ မှတ်ချက်များ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။
"ချူးယွင်ဖန်းက သုံးစက္ကန့်အတွင်း စစ်မြေပြင်ကို ရောက်လာလိမ့်မယ်"
"စွမ်းအင်မြင့် သတိပေးချက်"
"ဒီညီနောင်သုံးယောက် ရိုက်သတ်ခံရတာကို စောင့်ကြည့်နေတယ်"
"မင်းတို့တော့ သေပြီပဲ"
ကြည့်ရှုသူများက အဘယ်ကြောင့် ရုတ်တရက် အလွန် အပြုသဘောဆောင်လာကြသည်ကို ငရဲတံဆိပ်ညီနောင်တို့ နားမလည်ကြပေ။ ၎င်းတို့သည် အော်ဟစ်၊ ငိုယိုကာ ကျိန်ဆဲနေသင့်သည် မဟုတ်သလော။ မည်သို့ကြောင့် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားနေရခြင်းဖြစ်သနည်း။ ထို့အပြင် ချူးယွင်ဖန်းသည် သေဆုံးသွားပြီ မဟုတ်သလော။
ငရဲတံဆိပ်ညီနောင်များသည် အကြောင်းအရာများကို နားမလည်ကြပေ။ အရာအားလုံးသည် ၎င်းတို့မျှော်လင့်ထားသည်နှင့် မည်သို့ကြောင့် ကွာခြားနေရသနည်း။ စကားပြောခန်းတစ်ခုလုံး သည် အလွန်ရွှင်မြူးနေပုံပေါ်သည်။ ငရဲတံဆိပ်ညီနောင်တို့သည် အံ့သြသွားကြရာ၊ အဖြစ်အပျက်များကို နားမလည်နိုင်တော့ပေ။ ဒုတိယညီနောင်သည် ဟင်းလင်းပြင်ထဲမှ လက်တစ်ဖက်ကို ရုတ်တရက် ထုတ်ယူလိုက်ရာ၊ ချူးဟောက်ယွဲ့၏ မျက်လုံးများသည် သတ်ဖြတ်ချင်စိတ်ဖြင့် လင်းလက်သွားလေသည်။ ထိုလက်သည် ကနဦးတွင် ငရဲတံဆိပ်ညီနောင်များ ဖြတ်တောက်လိုက်သည် သူ၏လက်ဖြစ်သည်။
"ကျွတ်၊ ကျွတ်။ ခင်ဗျားရဲ့ လက်ကို ပြန်မလိုချင်ဘူးလား" ဒုတိယညီနောင်သည် ချူးဟောက်ယွဲ့ကို အေးစက်စွာ ကြည့်လိုက်သည်။
"ခင်ဗျား လိုချင်တယ်ဆိုရင်လည်း ယူထားလိုက်ပေါ့" ချူးဟောက်ယွဲ့က အံကြိတ်၍ ပြောလိုက်သည်။
"ဟားဟား၊ ခင်ဗျားက မလိုချင်ဘူးဆိုမှတော့ ကျုပ်ကပဲ စားလိုက်ရတာပေါ့" ဒုတိယညီနောင်က ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။
ထိုသို့ပြောပြီးနောက် ပါးစပ်ကို ဟ၍ လက်မောင်းကို မျိုချရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ပျံ့လွင့်လာ၍ ထိုလက်မောင်းကို ဆွဲယူသွားခဲ့သည်။
"ဘယ်သူလဲ" ဒုတိယညီနောင်သည် အန္တရာယ်ကို ချက်ချင်း ခံစားလိုက်၍ အရှေ့သို့ လှမ်းကြည့်လိုက်သည်။
၎င်းသည် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ဖြစ်၍ အနက်ရောင် ၀တ်စုံကို ဝတ်ဆင်ထားကာ ထူးခြားဆန်းကြယ်ပုံပေါ်သည်။ ဤသည်မှာ ချူးယွင်ဖန်းမှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။ ဤအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ဆူပွက်လာခဲ့သည်။
"ဟားဟား၊ မျှော်လင့်ထားသလိုပဲ။ သူ နေရာကို သုံးစက္ကန့်အတွင်း ရောက်သွားတာပဲ"
"ပြီးသွားပြီ။ ငရဲတံဆိပ်ညီနောင်တွေ သေတဲ့အထိ အရိုက်ခံရတော့မယ်"
"ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ"
"ကြိုဆိုပါတယ်၊ ကြီးမြတ်ခြင်းချူး၊ အင်အားကြီးမားပါစေ ကြီးမြတ်ခြင်းချူး"
"ကြိုဆိုပါတယ်၊ ကြီးမြတ်ခြင်းချူး၊ အင်အားကြီးမားပါစေ ကြီးမြတ်ခြင်းချူး"
"ကြိုဆိုပါတယ်၊ ကြီးမြတ်ခြင်းချူး၊ အင်အားကြီးမားပါစေ ကြီးမြတ်ခြင်းချူး"
စကားပြောခန်းတစ်ခုလုံးသည် ထိုစာကြောင်းများဖြင့် ပြည့်နှက်နေသည်။ လူတိုင်းသည် အလွန်စိတ်လှုပ်ရှားနေကြသည်။ ဤရက်အနည်းငယ်တွင် စိတ်ဓာတ်ကျမှုများ စိတ်ပျက်အားငယ်မှုများ ကြုံတွေ့ရပြီးနောက် နောက်ဆုံးတွင် အလင်းတန်းတစ်ခု ပေါ်ပေါက်လာသည်။
ချူးယွင်ဖန်းသည် လက်မောင်းကို ကိုင်ထားလိုက်သည်။ လက်မောင်းသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ဖြတ်တောက်ခံခဲ့ရသော်လည်း နတ်အဆင့် ကျွမ်းကျင်သူ၏ ရုပ်ပိုင်းဆိုင်ရာ အသက်ဓာတ်သည် သာမန်သက်ရှိသတ္တဝါများနှင့် နှိုင်းယှဉ်၍မရသောကြောင့် အသက်ရှင်နေသေး၏။
ချူးယွင်ဖန်းသည် ထိတ်လန့်မှု အခြေအနေသို့ လုံးလုံးလျားလျား ရောက်ရှိနေသော ချူးဟောက်ယွဲ့ထံ လက်မောင်းကို ပစ်ပေးလိုက်သည်။ ချူးဟောက်ယွဲ့သည် ဤနေရာတွင် ချူးယွင်ဖန်း ပေါ်ပေါက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ၏ သတင်းအချက်အလက်များအရ ချူးယွင်ဖန်းသည် သေဆုံးသွားပြီ မဟုတ်သလော။
ဤကိစ္စသည် ထိုအချိန်က အလွန်ကြီးကျယ်လွန်းခဲ့ရာ၊ သူနှင့် ချူးမိသားစု ဘိုးဘေးကြီးပင် စစ်ဆင်မေးမြန်းရန် အထူးစစ်ဆင်ရေးဌာနသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ကြသည်။ သူသည် အထူးစစ်ဆင်ရေးဌာနမှ တင်ပြသော အထောက်အထားများကို တွေ့ရှိခဲ့ရ၍ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် အကောက်ကြံခံရကာ အပျက်အစီးတစ်ခုနှင့် တွေ့ဆုံခဲ့လေသည်။
သို့သော် လူတိုင်း စိတ်ပျက်အားငယ်နေချိန်တွင် ချူးယွင်ဖန်းက ရုတ်တရက် ပေါ်ပေါက်လာသည်။ အခြားတစ်ဖက်တွင်မူ ချူးမိသားစု ဘိုးဘေးကြီးသည် အလွန်ပျော်ရွှင်နေသည်။ သူသည် မိသားစု၏ အလားအလာအရှိဆုံး ပါရမီရှင်တစ်ဦး ဆုံးရှုံးသွားခြင်းအတွက် ဝမ်းနည်းကြေကွဲခဲ့သော်လည်း ယခုအခါ ထိုပါရမီရှင်သည် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
"တော်သေးတာပေါ့ မင်း အသက်ရှင်နေသေးလို့၊ ဘုရားကို ကျေးဇူးတင်ရတယ်"
ချူးမိသားစု ဘိုးဘေးကြီးသည် ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ခုကို တွေးတောမိသွား၍ လျင်မြန်စွာ ပြောလိုက်သည်။
"ယွင်ဖန်း၊ မင်း သတိထား။ အဲဒီညီနောင်သုံးယောက် အတူတွဲပြီး တိုက်ခိုက်ကြတာ"
ငရဲတံဆိပ်ညီနောင်များ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို သူ ရုတ်တရက် သတိရသွားသည်။ သူနှင့် ချူးဟောက်ယွဲ့သည် အတူပူးပေါင်း တိုက်ခိုက်လျှင်ပင် ၎င်းတို့ကို မတားဆီးနိုင်ခဲ့သောကြောင့် ၎င်းတို့နှစ်ဦးစလုံး ထွက်ပြေးခဲ့ရသည်။ သူ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့၍ ချူးဟောက်ယွဲ့၏လက်မောင်းသည် ဖြတ်တောက်ခံခဲ့ရသည်။
"ဘာမှ မဖြစ်ပါဘူး၊ သူတို့က လူပြက်တွေပါ။ သူတို့ကို သတ်ပြီးမှ ကျွန်တော်တို့ စကားပြောကြတာပေါ့" ချူးယွင်ဖန်းက အမှုမဲ့အမှတ်မဲ့ ပြောလိုက်ရာ၊ သူသည် ငရဲတံဆိပ်ညီနောင်များကို နှလုံးသွင်းထားပုံမပေါ်ပေ။
"တယ်လည်းကြီးတဲ့ သတ္တိပါလား"
ငရဲတံဆိပ်ညီနောင်များသည်လည်း ချူးယွင်ဖန်းကို မှတ်မိသွားကြ၍ ၎င်းတို့၏ မျက်လုံးများ ကြောက်မက်ဖွယ် အလင်းရောင်များဖြင့် တောက်ပလာသည်။ သုံးယောက်စလုံး စတင် လှုပ်ရှားလိုက်ကြရာ၊ ၎င်းတို့၏ အရောင်အဝါများ တစ်ခုတစ်စည်းတည်း ပေါင်းစပ်သွားကြ၍ ချူးယွင်ဖန်းဆီ ဦးတည်သွားလေ၏။
အခန်း (၁၀၆၈) ငရဲတံဆိပ်ညီနောင်များကို ပွဲချင်းပြီး သတ်ဖြတ်ခြင်း
၎င်းတို့သုံးဦးသည် အချိန်အတော်ကြာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြ၍ ဤသည်မှာ ၎င်းတို့၏ ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်မှု မဟုတ်သည်မှာ သိသာထင်ရှားသည်။ ညီနောင် သုံးဦးအနက် တစ်ဦးတစ်ယောက်စီသည် စတုတ္ထမြောက် နတ်အဆင့်ထက် ကျော်လွန်သော ခွန်အားများရှိကြ၍ ငရဲတံဆိပ်ညီနောင်များအနက် အကြီးဆုံးသည် ပဉ္စမမြောက် နတ်အဆင့်သို့ပင် ဝင်ရောက်လာခဲ့သည်။
၎င်းတို့သုံးဦး ပေါင်းစည်းလိုက်သော စွမ်းအင်သည် သတ္တမမြောက် နတ်အဆင့်ကျွမ်းကျင်သူ၏ ခွန်အားထက် ကျော်လွန်နေသည်။ ၎င်းသည် အလွန်ထက်မြက်သော ပူးပေါင်းတိုက်ခိုက်မှု သိုင်းပညာတစ်ခုဖြစ်၍ သွေးသားရင်းချာများဖြစ်ကြသည့် ညီနောင်သုံးဦးသာ စိတ်စွမ်းအင် ချိတ်ဆက်မှုမှတစ်ဆင့် အသုံးပြုနိုင်သည်။
ဘုံး
လေထုတစ်ခုလုံး ပွက်ပွက်ဆူလာ၍ ချူးယွင်ဖန်း၏ ဦးတည်ရာသို့ ပျံ့နှံ့လာသည့် ဖိအားတစ်ခု ဖြစ်ပေါ်လာသည်။
ဘုံး
ပူးပေါင်းတိုက်ခိုက်မှုသည် ချူးယွင်ဖန်းဆီ ကျရောက်ခဲ့သော်လည်း ချူးယွင်ဖန်းကို ထိခိုက်မှုတစ်စုံတစ်ရာ မပြုလုပ်နိုင်ခဲ့ဘဲ ချက်ချင်းပြိုလဲသွားခဲ့သည်။ ပြီးနောက် ချူးယွင်ဖန်းသည် လှုပ်ရှားလိုက်ရာ၊ အရှေ့သို့ တစ်လှမ်းတိုးလိုက်ရုံဖြင့် ဤတိုက်ခိုက်မှုများအားလုံး လုံးလုံးလျားလျား ပျက်ပြယ်သွားခဲ့သည်။
“နောက်တစ်ခေါက်"
ငရဲတံဆိပ်ညီနောင်တို့သည် တစ်ယောက်ကို တစ်ယောက် လှည့်ကြည့်ပြီးနောက် ချက်ချင်းပင် ထပ်မံ တိုက်ခိုက်လာကြသည်။ ၎င်းတို့သုံးဦး ပူးပေါင်းလိုက်သည်နှင့် ကြီးမားသော ပင်လယ်သားရဲကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် သွေးရောင် ပါးစပ်ကြီးကို ဖွင့်ဟလျက် ချူးယွင်ဖန်းဆီ ခုန်အုပ်လိုက်သည်။
"သေကြောင်းကြံစည်နေတာပဲ" ချူးယွင်ဖန်းက အေးစက်စွာ ဟစ်အော်ပြီးနောက် လက်သီးကို ကျစ်ကျစ်ဆုပ်၍ ဝှေ့ယမ်းလိုက်သည်။
ဘုံး
ငရဲတံဆိပ်ညီနောင်၏ ဒုတိယမြောက် တိုက်ခိုက်မှုသည်လည်း ချူးယွင်ဖန်း၏လက်သီးစွမ်းအင်ကို မခုခံနိုင်ဘဲ ချက်ချင်းပင် ပြန့်ကျဲသွားလေသည်။ ငရဲတံဆိပ်ညီနောင်များက အံ့သြသွားကြသည်။ ၎င်းတို့၏တိုက်ခိုက်မှုများသည် ချူးယွင်ဖန်း၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခုခံနိုင်ပေ။
၎င်းတို့သုံးဦး အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါက သတ္တမမြောက် နတ်အဆင့် ကျွမ်းကျင်သူကိုပင် အားနည်းချက်မရှိဘဲ တိုက်ခိုက်နိုင်ကြသည်။ ချူးယွင်ဖန်း၏ အင်အားသည် သတ္တမမြောက် နတ်အဆင့်အထက်တွင်ရှိနေ၍ ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း ယခုအချိန်မှသာ သိရှိနားလည်လာကြသည်။
"သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေတာလဲ"
ချူးယွင်ဖန်း၏ ခွန်အားနှင့် ပတ်သက်သည့် ၎င်းတို့၏ ယခင် ထင်မြင်ယူဆချက်များ လုံးလုံးလျားလျား လွဲချော်နေပြီဖြစ်ကြောင်း ယခုအချိန်မှသာ ၎င်းတို့ သိရှိသွားကြသည်။ ၎င်းတို့၏ယခင် ကောက်နုတ်ချက်အရ၊ ချူးယွင်ဖန်းသည် သတ္တမမြောက် နတ်ဆင့်သို့ ဝင်ရောက်နိုင်ခြင်းသည် အလွန်အထင်ကြီးဖွယ်ကောင်းနေပြီဖြစ်သည်။ သို့သော်လည်း ၎င်းတို့အားလုံး လုံးလုံးလျားလျား မှားယွင်းနေကြောင်း ယခု သဘောပေါက်လာကြသည်။
ညီနောင်များသည် ထိတ်လန့်တုန်လှုပ်၍ ဒေါသထွက်သွားကြကာ ချူးယွင်ဖန်းဆီ ချက်ချင်းပင် ချီတက်ကြပြန်သည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် တစ်လက်မမျှ မလှုပ်ရှားခဲ့ပေ။ သူသည် လက်သီးကို သူ၏ဝမ်းဗိုက်ဆီ ပြန်ရုပ်သိမ်းနောက် လက်သီးတစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။ ထိုအချိန် သူ၏အနောက်တွင် ရွှေရောင်အဆင်းရှိသော အသူရကာယ်ကြီး ပေါ်လာ၍ ဤရွှေရောင်အသူရကာယ်သည်လည်း လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဘန်း
ဘန်း
ဘန်း
ညီနောင်များသည် စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ၎င်းတို့အားလုံး လွင့်ပျံသွားကြသည်။ ၎င်းတို့သည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ဖြစ်နေရာ၊ သွေးများ အန်ထွက်လာကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုရှိ ကြည့်ရှုသူများသည်လည်း လုံးလုံးလျားလျား ထိတ်လန့်သွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းအပေါ် အလွန်ယုံကြည်မှုရှိခဲ့သော်ငြား ၎င်းတို့အရှေ့ရှိ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် နာမည်ဆိုးဖြင့်ကျော်ကြားသော ငရဲတံဆိပ်ညီနောင်များကို အလွယ်တကူ တိုက်ခိုက်ခဲ့သည်။
"သူ... သူက အရမ်းသန်မာလွန်းတယ်"
"ကြီးမြတ်ခြင်းချူးက အင်အားကြီးတယ်။ သူက သန်မာလိုက်တာ"
"ကြီးမြတ်ခြင်းချူးက ကျုပ်တို့မျိုးဆက်ရဲ့ စံပြပုဂ္ဂိုလ်ပဲ။ ကျုပ်လည်း သူ စွမ်းအင် ဆယ်ပုံတစ်ပုံလောက်ကို ဘယ်တော့များမှ မှီမှာလဲ"
"ကြီးမြတ်ခြင်းချူးသာ ဒီမှာရှိနေရင် အဏ္ဏဝါမျိုးနွယ်စုနဲ့ နတ်ဆိုးတွေ ဒီလောက်မောက်မာနိုင်တော့မှာ မဟုတ်ဘူး"
ခဏအကြာတွင် စကားပြောခန်း၌ စာကြောင်းတစ်ကြောင်းဖြင့် ပြည့်နှက်သွားခဲ့သည်။
"ကြီးမြတ်ခြင်းချူးက အင်အားကြီးပြီး ကြီးစိုးလွန်းတယ်"
စစ်မြေပြင်ရှိ အရာအားလုံးသည် မီးခြစ်ဆံတစ်စမှ မီးပွား လွင့်ပျံသည့်အချိန်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ မည်သူမှ မထင်မှတ်ထားမီ အရာအားလုံး ဖြစ်ပျက်သွားပြီဖြစ်သည်။
ချူးဟောက်ယွဲ့၏ မျက်နှာပေါ်တွင် ဖော်မပြနိုင်သော အမူအရာမျိုး ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်းသည် ယခင်ကထက် ပိုမို သန်မာလာကြောင်း သူ သဘောပေါက်သွားသည့်အပြင် ၎င်းသည် အနည်းငယ်မျှသာ သန်မာလာခြင်း မဟုတ်ပေ။ ချူးယွင်ဖန်းသည် အလွန်သန်မာလွန်းလှရာ မိမိကိုယ်တိုင်ပင် ချူးယွင်ဖန်းနှင့် မယှဉ်ပြိုင်နိုင်ပေ။
အခြားတစ်ဖက်တွင်မူ ချူးမိသားစု ဘိုးဘေးကြီးသည် သူ့မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသည့် အမူအရာမျိုးရှိနေသည်။ သူသည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ကာ ပြန်လည်ကုသလိုက်သည်။ ငရဲတံဆိပ်ညီနောင်များသည် ချူးယွင်ဖန်းရှိနေသရွေ့ အခြေအနေများကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်နေသည်။
ကနဦးတွင် ငရဲတံဆိပ်ညီနောင်များကို ချူးယွင်ဖန်းက မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ သူသည် ချူးယွင်ဖန်းကို လျှော့တွက်မိသွားကြောင်း ယခုအချိန်မှ သဘောပေါက်သွားသည်။ သူသည် ကုသမှုကို ဆက်လက်နှောင့်နှေးရန် မဖြစ်ပေ၊ မဟုတ်လျှင် အမှန်တကယ် သေဆုံးရပေလိမ့်မည်။
ငရဲတံဆိပ်ညီနောင်များသည် ချူးယွင်ဖန်း၏ လက်သီးချက်ဖြင့် လွင့်ပျံသန်းသွားကြသည်။ ၎င်းတို့၏ အတွင်းအင်္ဂါများ တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရ၍ ၎င်းတို့၏ နှလုံးသားထဲတွင် မကြုံစဖူးသော အကြောက်တရားတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့သည် ဖွင့်ဟပြောရန် မလိုဘဲ နားလည်သွားပုံဖြင့် အရပ်ရပ်သို့ ထွက်ပြေးသွားကြသည်။
"အခုမှ ထွက်ပြေးဖို့ ကြိုးစားနေတာလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူသည် လေထုထဲသို့ ဖမ်းဆုပ်လိုက်သည်နှင့် မိုးကြိုးစွမ်းအင်များ အစုလိုက်အပြုံလိုက် စုစည်းလာ၍ သူ၏လက်ထဲတွင် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူသည် မိုးကြိုးစွမ်းအင်ကို အသုံးပြု၍ ခုန်ထွက်လိုက်ရာ၊ ငရဲတံဆိပ်ညီနောင်များအနက် အကြီးဆုံးညီနောင်၏ အရှေ့တွင် ချက်ချင်း ပေါ်ပေါက်လာသည်။
"သေစမ်း"
အကြီးဆုံးညီနောင်သည် တစ်ခုခုမှားနေကြောင်း ချက်ချင်း သိရှိသွားသော်လည်း အလွန် နောက်ကျနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် သူ့ကို ဤမျှ မြန်မြန်ဆန်ဆန် ဖမ်းဆီးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဓားအလင်းရောင်သည် ကောင်းကင်ကို ထိုးဖောက်ပြီးနောက် သူ့ထံ ဖြတ်သန်းလာသကဲ့သို့ ခံစားလိုက်ရသည်။
အကြီးဆုံးညီနောင်သည် ထက်ခြမ်းကွဲထွက်သွားကာ သူ၏ခန္ဓာကိုယ်သည် ကျောက်တုံးတစ်ခုကဲ့သို့ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။ ချူးယွင်ဖန်းသည် အကြီးဆုံးညီနောင်ကို သတ်ဖြတ်ပြီးနောက် မရပ်တန့်ခဲ့ပေ။ သူသည် ခြေထောက်ကို ဆောင့်နင်းလိုက်သည်နှင့် ထွက်ပြေးနေသော တတိယညီနောင်ကို ချက်ချင်း လိုက်မှီသွားခဲ့သည်။
တတိယညီနောင်သည် ချူးယွင်ဖန်းက သူ့အနောက်သို့ လိုက်နေကြောင်း ချက်ခြင်း သိလိုက်ရ၍ အလွန် ကြောက်လန့်သွားလေသည်။ သူ၏ အစ်ကိုကြီးသည် ဤမျှအသုံးမကျလိမ့်မည်ဟု မမျှော်လင့်ထားပေ။ အကြီးဆုံးညီနောင်သည် ချူးယွင်ဖန်းထံမှ တိုက်ခိုက်မှုတစ်ခုကိုပင် မခုခံနိုင်ဘဲ အသတ်ခံလိုက်ရသည်။
တတိယညီနောင်သည် လှည့်ကြည့်ပြီးနောက် သူ့ပုံသဏ္ဌာန်အစစ်အမှန်သို့ ပြောင်းလဲလိုက်သည်။ သူသည် ငရဲမှ စည်းတံဆိပ်တစ်ခုနှင့် ဆင်တူလှရာ၊ ထိုမှတစ်ဆင့် ချူးယွင်ဖန်းဆီ ခုန်အုပ်လိုက်သည်။ သို့သော် သူ၏အဆုံးသတ်သည် အကြီးဆုံးညီနောင်နှင့် ထူးမခြားနားခဲ့ရာ၊ သူသည်လည်း ဓားအလင်းရောင်ဖြင့် ချက်ခြင်း ဖြတ်တောက်ခံလိုက်ရသည်။ တောင်ငယ်တစ်ခုကဲ့သို့သော သူ၏ကြီးမားသည့် ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွား၍ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။
ထိုအချိန်တွင် ဒုတိယညီနောင်သည် အဝေးသို့ ပြေးသွားခဲ့ရာ၊ ချူးယွင်ဖန်း၏ အငွေ့အသက်ကိုပင် အာရုံမခံနိုင်တော့ပေ။ သို့သော်လည်း သက်ပြင်းမချနိုင်မီတွင် သူထံသို့ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်တရတ် ရောက်ရှိလာကြောင်း ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် သူ၏နောက်ကျောတွင် မိုးကြိုးအတောင်ပံတစ်စုံကို ထုတ်လွှတ်ထား၍ ချက်ခြင်းဆိုသလိုပင် ဒုတိယညီနောင်အနောက်သို့ ရောက်ရှိလာသည်။
...
"ခင်ဗျားက ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ" ဒုတိယညီနောင်သည် ငရဲမှ ရောက်ရှိလာသော နတ်ဆိုးတစ်ကောင်ကို မြင်ရသကဲ့သို့ ချက်ချင်းပင် ထိတ်လန့်သွားသည်။
ဘုံး
ချူးယွင်ဖန်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ဒုတိယညီနောင်သည် နတ်ဆင်တစ်ကောင်က သူ့အပေါ် နင်းချေလာသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် ဒုတိယညီနောင်ကို မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်သည်
ဘန်း
ဒုတိယညီနောင်သည် မြေပြင်နှင့် ရိုက်ခတ်မိသွား၍ ကြီးမားသော ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်သွားလေ၏။ သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲအက်သွားခဲ့၍ မိုးကြိုးလှံတစ်စင်းသည် သူ မတုံ့ပြန်နိုင်မီ ကောင်းကင်မှ ပြုတ်ကျလာကာ သူ့ကို မြေပြင်တွင် ထိုးစိုက်လိုက်သည်။ ဒုတိယညီနောင်သည် ဆိုးရွားဖွယ် သေဆုံးသွားခဲ့သည်။