အခန်း (၁၀၆၉-၁၀၇၁)
Vol. 72 Ch. 1069-1072
အခန်း (၁၀၆၉) နောက်ထပ် မျက်နှာဖြတ်ရိုက်ခြင်း
ဤအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာမြင့်ခဲ့သော်လည်း ၎င်းတို့သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့တို့၏ သတ်ဖြတ်မှုကိုပင် တိုက်ရိုက်ထုတ်လွှင့်လိုသည့် အလွန် မောက်မာသော ငရဲတံဆိပ်ညီနောင်တို့သည် ချူးယွင်ဖန်း၏လက်ထဲတွင် ဆိုးရွားစွာ သေဆုံးသွားခဲ့သည်။
၎င်းတို့သည် တိုက်ခိုက်မှုကို တစ်ကြိမ်သာ ဖြတ်သန်းခဲ့ရသော်လည်း ယုံကြည်မှုများ လုံးလုံးလျားလျား ပျောက်ဆုံးသွားခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့အပေါ် မည်မျှဖိအားဖြစ်စေခဲ့သည်ကို စိတ်ကူးကြည့်၍ပင် သိနိုင်သည်။ ထုတ်လွှင့်ပြသမှုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ချူးယွင်ဖန်းသည် ငရဲတံဆိပ်ညီနောင်ကို သတ်ဖြတ်လိုက်သောကြောင့် လူတိုင်း စိတ်လှုပ်ရှားနေကြသည်။
ယခင်က ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့ကို သတ်ခါနီးတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုသည်အထိ မောက်လွန်းလွန်းသော ညီနောင်များ၏ အပြုအမူသည် မရေတွက်နိုင်သောလူများကို နာကြည်းစေခဲ့သည်။ ညီနောင်များ၏ ရည်ရွယ်ချက်သည် ပြည်ထောင်စု၏ စိတ်ဓာတ်ကို ရိုက်ချိုးရန်ဖြစ်ကြောင်း ၎င်းတို့ နားလည်ကြသည်။ သို့သော်လည်း ၎င်းတို့သည် ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည်ကိုမျှ မပြုလုပ်နိုင်ပေ။ ယခုမူ ချူးယွင်ဖန်း ပြန်ရောက်လာခဲ့၍ သူသည် ၎င်းတို့ကို စိတ်မပျက်စေခဲ့ပေ။ သူသည် မိနစ်ပိုင်းအတွင်းမှာပင် ရန်မူနေသော ညီနောင် သုံးဦးကို သတ်ပစ်ခဲ့ပြီဖြစ်သည်။
"ကြီးမြတ်ခြင်းချူးက တော်တော် သန်မာတာပဲ၊ အဏ္ဏဝါမျိုးနွယ်စုနဲ့ နတ်ဆိုးတွေက သူနဲ့ လုံးဝကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ကြီးမြတ်ခြင်းချူးက သာမန်ပါပဲလို့ အရင်က အဏ္ဏဝါမျိုးနွယ်စုနဲ့ နတ်ဆိုးတွေက ခုန်ပေါက် ပြောဆိုနေကြတာကို ကျုပ် မှတ်မိတယ်။ ခင်ဗျားတို့ အရည်အချင်းရှိတယ်ဆိုရင် အခု ထွက်လာပြီး ပြောကြစမ်းပါ"
လူအများအပြားသည် နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စု၏ အကောင့်များကိုပင် တွဲထားကြသောကြောင့် နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုဝင်များ ဒေါသထွက်နေကြသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ မည်သို့မျှ မပြုလုပ်နိုင်ပေ။ ငရဲတံဆိပ်ညီနောင်ကို ပွဲချင်းပြီး သတ်ဖြတ်လိုက်သည့် ချူးယွင်ဖန်း၏ အပြုအမူသည် ၎င်းတို့ကို အံ့သြသွားစေသည်။ ဤသည်မှာ ၎င်းတို့မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ခြင်းနှင့် ဆင်တူသည်။
ကျားငမန်းဘုရင်နှင့် သက်တံရောင်မြွေဝိညာဉ်ဘုရင်မတို့၏ သေဆုံးမှုကို ၎င်းတို့ဘက်မှ ငြင်းဆန်နိုင်သော်လည်း ချူးယွင်ဖန်းသည် ငရဲတံဆိပ်ညီနောင်များကို တိုက်ရိုက်ထုတ်လွှင့်မှုတွင် သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့တွင် ငြင်းရန်နည်းလမ်းမရှိခဲ့ပေ။ လူအများက မလိုလားသော်လည်း နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ချူးယွင်ဖန်းကို သာမန်မျှသာဟု ၎င်းတို့ မပြောနိုင်ပေ။ ချူးယွင်ဖန်း လုပ်ဆောင်ခဲ့သော အရာများသည် အောင်မြင်ရန် မည်မျှခက်ခဲသည်ကို ၎င်းတို့က ပို၍ပင် နားလည်ကြသည်။ သို့သော် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအင်သည် သတ္တမမြောက် နတ်အဆင့်ထက် ပို၍ သန်မာအားကောင်းနေသည်မှာ သေချာသည်။
ချူးယွင်ဖန်းသည် ငရဲတံဆိပ်ညီနောင်များ၏ အလောင်းများကို စုဆောင်းပြီးနောက် ကင်မရာကို ကြည့်၍ ပြောလိုက်သည်။
"ခုနစ်ယောက်"
ချူးယွင်ဖန်းက မည်သည်ကို ဆိုလိုနေကြောင်း အားလုံး နားလည်ကြသည်။ သူသည် အလွယ်တကူ လက်လွှတ်ပေးမည် မဟုတ်ကြောင်း သိသာထင်ရှားသည်။ ဤအင်အားကြီးသော နတ်အဆင့် သားရဲ ခုနစ်ကောင်ကို သတ်ဖြတ်ခြင်းသည် အစသာဖြစ်၍ ဤသတ်ဖြတ်မှုသည် နောက်ဆုံးမဟုတ်သည်မှာ သေချာသည်။
"ခင်ဗျားတို့ လည်ပင်းတွေကို ဆေးကြောပြီး သေရမယ့်အချိန်ကို စောင့်နေကြ" ချူးယွင်ဖန်းက လှောင်ရယ်ကာ ပြောလိုက်သည်။
ပြီးနောက် သူသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အသုံးပြုနေသည့် ကင်မရာကို ပိတ်၍ ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့တို့ အနားသို့ ဆင်းသက်လိုက်သည်။
"အဆင်ပြေကြရဲ့လား၊ ဘယ်လိုနေသေးလဲ ဘိုးဘေးကြီး" ချူးယွင်ဖန်းက မေးလိုက်သည်။
"အဆင်ပြေပါတယ်။ ကျုပ်က အသက်ကြီးနေပေမယ့် အသုံးဝင်ပါသေးတယ်" ချူးမိသားစု ဘိုးဘေးကြီးက မတ်တပ်ရပ်၍ ပြောလိုက်သည်။ သူသည် သူ၏ဒဏ်ရာများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားလိုက်သည်။ ၎င်းတို့သည် အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသော်လည်း သူ၏အတွင်းစွမ်းအင်ကို အများအပြား အသုံးပြုနေသရွေ့ ပြဿနာရှိမည် မဟုတ်ပေ။
တစ်ဖက်တွင်မူ ချူးဟောက်ယွဲ့၏ လက်သည် နောက်ဆုံးတွင် ပြန်ဆက်သွားပြီဖြစ်သည်။ နတ်အဆင့် စွမ်းအင်များသည် အမှန်တကယ်ပင် အံ့မခန်းဖြစ်လှသည်။ သူ၏ လက်မောင်းသည် ရက်အတော်ကြာ ပြတ်သွားခဲ့သော်လည်း ၎င်းကို ပြန်ဆက်နိုင်ဆဲဖြစ်သည်၊ သို့သော်လည်း ၎င်းသည် အနည်းငယ် တောင့်တင်းနေသည်။
"ယွင်ဖန်း၊ မင်း အန္တရာယ်နဲ့ ကြုံခဲ့တယ်ဆို မဟုတ်ဘူးလား" ချူးမိသားစု ဘိုးဘေးကြီးက မေးလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် ချောင်ခိုတိုက်ခိုက်ခံရတာ"
ချူးယွင်ဖန်းသည် နတ်ကုန်းမြေ၌ သူ ပြုလုပ်ခဲ့သည့် အကြောင်းအရာများကို ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့တို့ထံ အကျဉ်းချုံးပြောပြလိုက်သည်။
"ဘာ၊ မင်း နတ်ကုန်းမြေကို သိမ်းသွင်းနိုင်သွားပြီလား။ ဒါ သိပ်ကောင်းတာပဲ" ချုးမိသားစု ဘိုးဘေးကြီးက အံ့အားသင့်စွာ ပြောလိုက်သည်။ ချူးယွင်ဖန်းဘက်မှ နတ်ကုန်းမြေကို သိမ်းသွင်းနိုင်ခြင်းသည် ပြည်ထောင်စုအတွက် မည်သည်ကို ဆိုလိုနေကြောင်း သူ မည်သို့မျှ နားမလည်မည်နည်း။
ထိုဖြစ်စဉ်သည် ပြည်ထောင်စုအတွင်းရှိ အဆင့်မြင့် တိုက်ခိုက်ရေးအင်အားကို အစားထိုးနိုင်မည်ဖြစ်သည်။ နတ်ဆိုးများနှင့် အဏ္ဏဝါမျိုးနွယ်စုများနှင့် နှိုင်းယှဉ်ပါက ပြည်ထောင်စု၏ အကြီးမားဆုံး အားနည်းချက်သည် တိုက်ခိုက်ရေးအင်အားဖြစ်သည်။ ၎င်းကို အစားသွင်းပြီးသည်နှင့် အားနည်းချက်ရှိတော့မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် နတ်ကုန်းမြေကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြားသောအခါ ချူးဟောက်ယွဲ့က တုန်လှုပ်သွားခဲ့သည်၊ အထူးသဖြင့် ရာနှင့်ချီသော နတ်အဆင့် ကျွမ်းကျင်သူများ၏ ဝိုင်းရံခံရသော တိုက်ပွဲအကြောင်း အတိုချုံးပြောပြပြီးနောက် ပို၍ပင် တုန်လှုပ်နေမိသည်။
သို့သော် သူသည်လည်း နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် ၎င်းက မည်မျှအန္တရာယ်ရှိမည်ကို သူ မည်သို့မျှ နားမလည်မည်နည်း။ ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ ထိုနေရာတွင် သူသာဖြစ်ခဲ့လျှင် အသက်ပြန်ရှင်လျက် ပြန်လာရန် မဖြစ်နိုင်ပေ။ ပို၍အတိအကျပြောရမည်ဆိုလျှင် ထိုနေရာတွင် သူသာဖြစ်ခဲ့ပါက၊ သူ့တွင် အရည်အချင်းမရှိသောကြောင့် ထိုသို့ဝန်းရံ၍ ချေမှုန်းခံရသည်အထိ ၎င်းအင်အားစုကြီးများကို ဆွဲဆောင်ရန် မဖြစ်နိုင်ပေ။
ချုးမိသားစု ဘိုးဘေးကြီးသည်လည်း အန္တရာယ်အတိုင်းအတာကို သိသော်လည်း မည်သည်ကိုမျှ မမေးမြန်းခဲ့ပေ။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အကျယ်တဝင့် မပြောခြင်းအရ၊ ချူးယွင်ဖန်းသည် ၎င်းတို့ကို စိတ်မပူစေချင်သည်မှာ သေချာသည်။
"ဘိုးဘေးကြီးရော ဟောက်ယွဲ့ရော အခု ကျွန်တော့် နောက်ကိုပဲ လိုက်ခဲ့ပါ"ချူးယွင်ဖန်းက ပြောလိုက်သည်။ သူ့တွင် ထိုသို့ စီစဉ်ရသည့် အကြောင်းအရင်းများ ရှိနေသည်။ ဤနေရာသည် အပျက်အစီး၏ ဝင်ပေါက်နှင့်မတူပေ။ ထွက်ပေါက်နှင့် နီးကပ်နေပါက အပြင်သို့ ထွက်သွားချင်လျှင် အန္တရာယ်ရှိမည် မဟုတ်ပေ။
သို့သော် ဤကဲ့သို့ အပျက်အစီးများ၏ နက်နဲသော နေရာမှ ၎င်းတို့နှစ်ဦးတည်း ထွက်ခွာသွားပါက အဏ္ဏဝါမျိုးနွယ်စုဝင်များ နတ်ဆိုးများနှင့် ထပ်မံကြုံတွေ့ရဖွယ်ရှိသည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက ချူးယွင်ဖန်းသည် ၎င်းတို့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။
"စကားမစပ်၊ တခြားသူတွေရော ဘယ်ရောက်နေလဲ သိလား၊ ဘိုးဘေးကြီး" ချူးယွင်ဖန်းက မေးလိုက်သည်။
"ကျုပ်လည်း မသိဘူး။ ဒါပေမယ့် ဒီအပျက်အစီးက ကြီးတယ်ထင်ရပေမယ့် သိပ်တော့ မကျယ်ပါဘူး။ ကျုပ်တို့ ဆက်ရှာမယ်ဆိုရင် ရလဒ်တော့ ထွက်လာမှာပါ" ချူးမိသားစု ဘိုးဘေးကြီးက ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော်လည်း ဒီလိုပဲထင်တယ်။ အရင်ဆုံး ကျွန်တော် သိချင်တာ တစ်ခုရှိတယ်။ လျို့မိသားစု ဘိုးဘေးကြီးက လူတိုင်းကို ဒီကိုလာဖို့ ဘာအကြောင်းပြချက်နဲ့ လှည့်စားခဲ့တာလဲ၊ ဘာမှ မပြောဘဲနဲ့ ဒီကို ဝင်လာအောင် လှည့်စားခဲ့တာတော့ မဟုတ်ပါဘူးနော်" ချူးယွင်ဖန်းက မေးလိုက်သည်။
သူသည် ထိုဖြစ်စဉ်ကို ထူးဆန်းသည်ဟု ခံစားမိလိုက်သည်။ ဤနတ်အဆင့် ကျွမ်းကျင်သူများ အားလုံးသည် ထက်မြက်သူများဖြစ်သဖြင့် ဤနေရာသို့ လာရောက်ရန် မည်သို့မျှ အလွယ်တကူ လှည့်စားခံရမည်နည်း။ လုံလောက်သော အကျိုးအမြတ်များကြောင့် မဟုတ်ပါက ဖြစ်နိုင်မည်မဟုတ်ပေ။
“အဲ့ဒါ ဗြဟ္မာသစ်ပင်ကြောင့်ပဲ” ချုးမိသားစု ဘိုးဘေးကြီးက ရှင်းပြလိုက်သည်။
"ဗြဟ္မာသစ်ပင်လား" ချူးယွင်ဖန်းသည် ချက်ချင်းပင် အေးစက်သော လေထုကို ရှုရှိုက်လိုက်မိသည်။ ဗြဟ္မာပင်ဟူသည် မည်သည့်သစ်ပင်ဖြစ်သည်ကို သူ ချက်ချင်း သတိရသွားသည်။
ချူးမိသားစု ဘိုးဘေးကြီးနှင့် အခြားသူများလျှင်ပင် ၎င်းနှင့်ပတ်သက်၍ သူ့ထက် လေးနက်သော နားလည်မှုမျိုးမရှိနိုင်ပေ။ ၎င်းသည် ရှေးဟောင်းလူသားများကာလတွင်ပင် အလွန်ရှားပါးသော နတ်သစ်ပင်တစ်ပင်ဖြစ်ရာ၊ မျိုးဆက်တိုင်းတွင် ဗြဟ္မာသစ်ပင်နှင့်ပတ်သက်၍ မှတ်တမ်းများရှိခဲ့ဖူးကြသည်။
ဗြဟ္မာသစ်ပင်နှင့် ပတ်သက်သော မှတ်တမ်းများသည် အများအားဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းနှင့် သက်ဆိုင်သည်။ ၎င်းသည် ဗြဟ္မာသစ်သီးဟူသော သစ်သီးမျိုး သီးပွင့်ကာ ကျင့်ကြံသူ၏ ကျင့်ကြံမှုများကို လွန်စွာ မြှင့်တင်ပေးနိုင်သည့် သစ်ပင်ဖြစ်သည်။ ဗြဟ္မာသစ်သီးများကို အများအပြား စားသုံးပြီးနောက် နေ့ချင်းညချင်း တက်လှမ်းသွားသည့် မှတ်တမ်းများပင်ရှိခဲ့သည်။
မှန်ကန်စွာ ပြောရမည်ဆိုလျှင် ရှေးဟောင်းလူသားများကာလတွင် ဗြဟ္မာသစ်ပင်များမှ ဗြဟ္မာသစ်သီးများကို မှီခိုအားထားကာ ဧရာမ အင်အားစုကြီးတစ်ခုဖြစ်လာသည့် ဗြဟ္မာဂိုဏ်းတစ်ခုပင်ရှိခဲ့ဖူးသည်။ ဤလူများအားလုံးသည် မည်သို့ကြောင့် နေရာသို့ ဆွဲဆောင်ခံခဲ့ရသည်ကို သူ ချက်ချင်း နားလည်သွားသည်။ ဗြဟ္မာသစ်ပင်၏ ဖြစ်တည်မှုကို သိထားသူအများစုသည် တည်ငြိမ်စွာ နေထိုင်နိုင်ကြမည် မဟုတ်ပေ။
အခန်း (၁၀၇၀) ရှောင်လွှဲ၍ မရနိုင်သော ထောင်ချောက်နှင့် အနန္တနတ်ဆိုးတောင်တန်း
ချူးယွင်ဖန်းနှင့် မတူသည်မှာ ပြည်ထောင်စုရှိ နတ်အဆင့်အများစုသည် အလားတူ ပြဿနာများကို ရင်ဆိုင်နေရသည်။ ရှေ့ဆက်ရမည့်လမ်းစဉ်သည် ဖြတ်တောက်ခံခဲ့၍ အဆင့် ဖြတ်ကျော်မှုတိုင်းကို အဆက်မပြတ် စူးစမ်းရှာဖွေမှုနှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်နေသည်။ ၎င်းတို့သည် အရှေ့တွင် လမ်းဖောက်ထားသောကြောင့် တစ်လှမ်းချင်း ကျင့်ကြံရန်သာ လိုအပ်သော နတ်ကုန်မြေ၏ နတ်အဆင့်ကျွမ်းကျင်သူများနှင့် မတူညီပေ။
ယင်းကိုပြောရမည်ဆိုလျှင် ပြည်ထောင်စုတွင် နတ်အဆင့်သို့ ဝင်ရောက်နိုင်သည့် ကျွမ်းကျင်သူတစ်ဦးတစ်ယောက်သည် အမှန်တကယ် ပါရမီရှင်တစ်ဦးဖြစ်သည်။ ၎င်းတို့သည် တက်လမ်း ဖြတ်တောက်ခံရသော အခြေအနေတွင် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်နိုင်ခဲ့သည်။ ၎င်းတို့သည် နတ်ကုန်းမြေ၊ အဏ္ဏဝါမျိုးနွယ်စုများ သို့မဟုတ် နတ်ဆိုးများထက် အားမနည်းသော်လည်း အမွေအနှစ်များ ချို့တဲ့နေကြသည်။
ဤသည်မှာ နတ်ကုန်းမြေမှ ရှေးဟောင်းစာအုပ်များနှင့် မှတ်တမ်းအများအပြားကို ပြန်လည်ယူဆောင်လာသည့် ချူးယွင်ဖန်း၏ အခြေခံ အကြောင်းရင်းဖြစ်သည်။ ၎င်းစာအုပ်များသည် ပြည်ထောင်စု၏ အခြေခံအုပ်မြစ် ချို့ယွင်းချက်မှုများကို ပြင်ဆင်ရန်ဖြစ်သည်။ ဗြဟ္မာသစ်ပင်မှ ဖူးပွင့်လာသော ဗြဟ္မာသစ်သီးသည် နတ်အဆင့် ကျွမ်းကျင်သူများကို ကျင့်ကြံမှုများ တိုးတက်စေရန် ကူညီပေးနိုင်သည်။
ဤသည်မှာ ဗြဟ္မာသစ်ပင်ကြီး ပြည့်ပြည့်စုံစုံ ရင့်ကျက်လာခြင်း ရှိ၊ မရှိအပေါ် မူတည်သည်။ အဆင့်တစ်ခုစီတွင် ထုတ်လုပ်ပေးနိုင်သည့် ဗြဟ္မာသစ်သီးများ၏ အကျိုးသက်ရောက်မှုများသည် မတူညီကြပေ။ မည်သို့ပင်ဆိုစေကာမူ ပထမအကြိမ်တွင် သီးလာသော သစ်သီးဆိုလျှင်ပင် နတ်အဆင့်တစ်ဦး၏ ကျင့်ကြံမှုကို ကြီးမားစွာ တိုးတက်စေရန် လုံလောက်သည်။
၎င်းကြောင့်သာ လူအများအပြားကို ဤနေရာသို့ လာရောက်စေရန် လျို့မိသားစု ဘိုးဘေးကြီးက လှည့်စားနိုင်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ဤအချက်ကို တွေးမိသွား၍ အရာအားလုံးကို နားလည်သွားခဲ့သည်။ မိမိသာဆိုလျှင်လည်း ဤအခွင့်အရေးကို လက်လွှတ်ပေးမည် မဟုတ်ပေ။ ကျင့်ကြံခြင်းဟူသည် ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်ခြင်းဖြစ်သည်။ ရေတွက်နေသော စက္ကန့်တိုင်းတွင် အသက်တစ်ချောင်းစီကို ကောင်းကင်ဘုံက လုယူနေလေသည်။ လူတစ်ဦးတစ်ယောက်သည် အကယ်၍ ထိုအခွင့်အရေးများကို မရှာဖွေဘဲ တစ်ဆင့်ချင်းစီ ကျင့်ကြံနေမည်ဆိုပါက သေဆုံးသည်အထိ တက်လှမ်းရန်ပင် အခွင့်အလမ်းရှိမည်မဟုတ်ပေ။
"ကျွန်တော် အခုနားလည်သွားပြီ။ ဒါဆိုရင် ဗြဟ္မာသစ်ပင်ပေါ့၊ လူတိုင်းက ဒီကို ရောက်လာတာ မဆန်းပါဘူး။ သပ်ရပ်တဲ့ လှည့်ကွက်တစ်ခုပါလား။ ဒါပေမယ့် ဒီဗြဟ္မာသစ်ပင်က အစစ်လား အတုလား" ချူးယွင်ဖန်းက မေးလိုက်သည်။
"ဒါက တကယ်ဖြစ်ဖို့များတယ်။ ကျုပ်တို့အားလုံးနတ်အဆင့်မှာ ရှိနေကြတော့ ကျုပ်တို့ရဲ့အမြင်အာရုံတွေက သာမန်လူတွေနဲ့မတူတာ သဘာဝပဲ။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေက ကျုပ်တို့ကို ယုံကြည်အောင်လုပ်ဖို့ မလုံလောက်ဘူး။ ကျုပ်က သိပ္ပံပညာကို သိပ်မသိပေမယ့် ဗီဒီယိုတွေကို အတုလုပ်တဲ့ နည်းပညာတွေ အများကြီးရှိတယ်ဆိုတာတော့ ကျုပ် သိတယ်" ချူးမိသားစု ဘိုးဘေးကြီးက စဉ်းစားပြီးနောက် ပြောလိုက်သည်။
"လျို့မိသားစု ဘိုးဘေးကြီးက ဗြဟ္မာသစ်ပင်ရဲ့ အကိုင်းအခက်တစ်ခုကို တင်ပြလာလို့ ကျုပ်တို့ရဲ့ယုံကြည်မှုကို ရရှိခဲ့တာ။ သုတေသနလုပ်ဖို့ အမျိုးသားသိပ္ပံအကယ်ဒမီကို ပို့လိုက်တော့ သူတို့ကောက်ချက်ချမှုအရ ဒါက ဗြဟ္မာသစ်ပင်အစစ်ဖြစ်ဖို့များတယ်တဲ့လေ"
ချူးမိသားစု ဘိုးဘေးကြီးသည် စကားပြောနေစဉ် အေးစက်စက် အပြုံးများ ထုတ်ဖော်ပြသလာသည်။
"နတ်ဆိုးတွေနဲ့ အဏ္ဏဝါမျိုးနွယ်စုတွေက ကျုပ်တို့တွေ ဒီကိုလာအောင် လှည့်စားဖို့ ငွေတွေ အများကြီး ကုန်ခဲ့ရမှာပဲ"
"ဒီလိုဆိုရင် အပျက်အစီးထဲမှာ ဗြဟ္မာသစ်ပင်တစ်ပင်ရှိရမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးမိသားစု ဘိုးဘေးကြီးက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဒီထောင်ချောက်က အစစ်အမှန်ဆိုမှတော့ ဗြဟ္မာသစ်ပင်လည်း ရှိလောက်တယ်"
"အဏ္ဏဝါမျိုးနွယ်စုနဲ့ နတ်ဆိုးတွေက တကယ် ရက်ရောပါလား။ ဒီလိုဆိုရင် ကျွန်တော်တို့တွေ သူတို့ကို စိတ်ပျက်အောင်လုပ်လို့ ဘယ်ဖြစ်မလဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ဒင်းတို့ကို ပိုက်ဆံရော အရေအတွက်ရော ဆုံးရှုံးအောင်လုပ်ပြမယ်"
"ဟုတ်တယ်။ အဏ္ဏဝါမျိုးနွယ်စု ဒါမှမဟုတ် နတ်ဆိုးတွေရဲ့လက်ထဲကို ဗြဟ္မာသစ်ပင် ရောက်သွားလို့ မဖြစ်ဘူး။ ကျုပ်တို့ ပြည်ထောင်စုက အဆင့်မြင့် စစ်အင်အားအရ သူတို့နဲ့ ယှဉ်တောင် မယှဉ်နိုင်သေးတာ။ သစ်ပင်သာ သူတို့လက်ထဲ ရောက်သွားရင် ကျုပ်တို့တွေ သူတို့နဲ့ ယှဉ်ဖို့ အခွင့်အရေး ပိုနည်းသွားလိမ့်မယ်" ချူးမိသားစု ဘိုးဘေးကြီးက ဆိုသည်။
"စိတ်မပူပါနဲ့၊ သူတို့ဆီ ရောက်မှာ မဟုတ်ပါဘူး။ ကျွန်တော် သူတို့ရဲ့ အစီအစဥ်တွေကို ဖျက်ဆီးပစ်မယ်"
ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူသည် ဗြဟ္မာသစ်ပင်ကို ရရှိရန် စိတ်ပိုင်းဖြတ်ပြီးပြီသည်။ သူသည် ဗြဟ္မာသစ်ပင်ကို တောင်မြစ်ပန်းချီကားထဲတွင် စိုက်ပျိုးနိုင်သည်။ ဗြဟ္မာသစ်ပင်သည် အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ကြီးထွားပေါက်ရောက်လေ့ရှိ၍ သာမန်ပတ်ဝန်းကျင်တွင် စိုက်ပျိုးရန် မရနိုင်ပေ။ ရှေးခေတ်ကတည်းက ဗြဟ္မာသစ်ပင်များ ရှာဖွေတွေ့ရှိပြီးနောက် ၎င်းကို ပြန်လည်စိုက်ပျိုးလိုက်သည်နှင့် လျင်မြန်စွာ သေဆုံးသွားကြကြောင်း တွေ့ရှိခဲ့ရသည်။ ဆေးပင်တောင်တန်းသည် ဤအခြေအနေကို ဖြည့်ဆည်းပေးသကဲ့သို့ ဖြစ်နေကြသည်။ မည်သို့သော ကောင်းကင်ရတနာမျိုးဖြစ်ပါစေ ဤတောင်ပေါ်တွင် ကောင်းကောင်းရှင်သန်နိုင်မည်ဖြစ်သည်။
"ယွင်ဖန်း၊ အင်တာနက်ပေါ်ကို ကြည့်ဦး" ချူးဟောက်ယွဲ့က ရုတ်တရက် ပြောလိုက်သည်။
သူ၏ စာပို့ပုံးတွင် ပုံတစ်ပုံ ပြသလာသည်။ ၎င်းသည် ဧရာမ ချိုင့်ဝှမ်းကြီးတစ်ခု၏ အရှေ့ဘက်ပုံဖြစ်ရာ၊ ချိုင့်ဝှမ်းထဲတွင် လူခြောက်ဦး ခုနစ်ဦးခန့် ပိတ်မိနေကြောင်း လူတိုင်း တွေ့မြင်နိုင်သည်။ ၎င်းတို့အားလုံးသည် ဒဏ်ရာရရှိထားကြ၍ အချို့လူများ၏ ဒဏ်ရာများသည် အလွန် ပြင်းထန်လှသည်။ ၎င်းတို့၏ မြင့်မားသော ကျင့်ကြံမှုကြောင့်သာ မဟုတ်ပါက ၎င်းတို့အားလုံး သေဆုံးသွားပြီဖြစ်သည်။
ဤလူများအားလုံးသည် ချိုင့်ဝှမ်းကို ဖုံးကွယ်ကာ အထဲတွင် ပုန်းအောင်းရန်အတွက် အတူတူ ပူပေါင်း၍ ဖွဲ့စည်းပုံ ပြုလုပ်ထားသောကြောင့် ယခုကဲ့သို့ မသေရုံတမယ် အသက်ရှင်နိုင်ခြင်းဖြစ်သည်။ ၎င်းတို့အရှေ့ ချိုင့်ဝှမ်းအထက်တွင် ပျံဝဲနေသည့် ပုံရိပ်တစ်ခုရှိနေသည်။ ဤသည်မှာ အသက်သုံးဆယ်ကျော်ခန့်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ထူးခြားပြောင်မြောက်သော ငွေရောင် ၀တ်စုံကို ၀တ်ဆင်ထား၍ အလွန် ထွားကျိုင်းနေပုံပေါ်သည်။ သူသည် အရှေ့သို့ လှမ်းလာ၍ ချိုင့်ဝှမ်းကို ပြင်းပြင်းထန်ထန် ကန်လိုက်သည်နှင့် ၎င်းသည် အလွန် တုန်လှုပ်သွားလေသည်။
ဘုံး
ဤအတားအဆီးသည် မခုခံနိုင်တော့ဘဲ တဒင်္ဂအတွင်းမှာပင် ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုလူသည် ဤအခိုက်တွင် ကင်မရာဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
"ချူးယွင်ဖန်း၊ မင်း နတ်ဆိုးကျွမ်းကျင်သူတွေကို ဝံ့ဝံ့ကြွားကြွားနဲ့ သတ်ခဲ့တယ် မဟုတ်ဘူးလား။ လူသားမျိုးနွယ်ကို ကယ်တင်ချင်လား။ အခု ကျုပ် မင်းကို အခွင့်အရေးပေးလိုက်မယ်။ ဆယ့်ငါးမိနစ်အတွင်း ဒီနေရာကို ရောက်နိုင်ရင် ဒီလူတွေကို ကယ်တင်ဖို့ အခွင့်အရေးရလိမ့်မယ်။ မဟုတ်ရင်တော့ ဒီလူသားတွေအားလုံး ကျုပ်ရဲ့ အစာဖြစ်လာလိမ့်မယ်"
ဗီဒီယိုထဲရှိ ချိုင့်ဝှမ်းအတွင်း ပိတ်မိနေသူများတွင် သူ၏အဘိုးဖြစ်သူ ယန်ဖေးယန်၊ စစ်ဗိုလ်ချုပ် ကျူးပုဖျင်နှင့် အခြားလူအနည်းငယ်ဖြစ်ကြကြောင်း ချူးယွင်ဖန်း တွေ့လိုက်ရသည်။ ဤလူများသည် ပြည်ထောင်စုတစ်လျှောက် လူသိများသော ဖြစ်တည်မှုများဖြစ်ကြသော်လည်း ၎င်းတို့အားလုံးသည် ယခုအခါ အလွန် ဆိုးရွားသော အခြေအနေတွင် ပိတ်မိနေကြသည်။ ချူးဟောက်ယွဲ့သည် ထိုအချိန်တွင် ဗီဒီယိုကို ပိတ်လိုက်သည်။
"ယွင်ဖန်း၊ ဒါက ထောင်ချောက်တစ်ခုဆိုတာ သိသာတယ်" ချူးမိသားစု ဘိုးဘေးကြီးသည် အသက်ပြင်းပြင်း ရှူရှိုက်ပြီးနောက် ပြောလိုက်သည်။
ချူးဟောက်ယွဲ့သည်လည်း ခေါင်းညိတ်လိုက်သည်။
"သူတို့က မင်းကို မျှားခေါ်ဖို့ ကြိုးစားနေကြတာ။ အဲဒီမှာ ရှောင်လို့ မရနိုင်တဲ့ ပိုက်ကွန်တစ်ခုကို ဆောက်ထားလောက်တယ်"
ချူးယွင်ဖန်း၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသည်။ တစ်ဖက်လူ၏ အစီအစဥ်ကို သူ မည်သို့မျှ နားမလည်ဘဲ နေမည်နည်း။ ၎င်းတို့သည် မိမိကို မျှားခေါ်ရန်အတွက် ထိုလူများကို ငါးစာအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။ သူသည် ထိုနေရာသို့ ရောက်သွားသည်နှင့် ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
တစ်ဖက်လူသည် သူ မရောက်လာခဲ့ပါက၊ ပြည်ထောင်စု၏ ထိုကျွမ်းကျင်သူအနည်းငယ်ကို သတ်ဖြတ်ပြီးနောက် ချူးယွင်ဖန်း၏ ဂုဏ်သိက္ခာကို တစ်ပြိုင်နက်တည်း ထိခိုက်အောင် ပြုလုပ်ပေလိမ့်မည်။ သူသည် မည်သို့ ရွေးချယ်ခဲ့ပါစေ အခွင့်မသာသော အခြေအနေတွင်ရှိနေသည်။
"သိပ်ကောင်းတဲ့ အစီအစဉ်ပဲ"
တစ်ဖက်လူသည် အကောက်ကြံစည်ရာတွင် အလွန် တော်သည်ဟုသာ ချူးယွင်ဖန်းဘက်မှ ပြောနိုင်သည်၊ သို့သော် သူသည် ထိုမှတစ်ဆင့် ထပ်ဖြည့်ပြောလိုက်သည်။
“ဒါက ထောင်ချောက်ဆိုတာ သိပေမယ့် ကျွန်တော် သွားရဦးမှာပဲ”
"မမိုက်မဲစမ်းပါနဲ့။ အဲဒီလူက ဘယ်သူလဲဆိုတာ မင်း သိလား။ အဲဒါက ငွေလမင်းတိုင်းပြည်ရဲ့လက်ရှိ စစ်ဗိုလ်ချုပ်ကြီး ငွေနှင်းမြူပဲ။ သူ့ရဲ့ ကျင့်ကြံမှုက နားမလည်နိုင်လောက်အောင် နက်နဲတယ်။ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်မှာ သူ ဗိုလ်ချုပ်ရာထူးကို ယူပြီးကတည်းက ပြည်ထောင်စုကို ဆုံးရှုံးမှုတွေနဲ့ တော်တော်လေး ကြုံရအောင် လုပ်ခဲ့တာ" ချူးမိသားစု ဘိုးဘေးကြီးက ကမန်းကတန်း ပြောလိုက်သည်။
ငွေလမင်းတိုင်းပြည်သည် အနန္တနတ်ဆိုးတောင်တန်းကို အုပ်စိုးသော တိုင်းပြည်ကြီးသုံးခုအနက် တစ်ခုဖြစ်သည်။ ထိုတိုင်းပြည်တွင် ကျွမ်းကျင်သူပေါင်းများစွာ ရှိခဲ့ကြသည်။ ထိုနေရာတွင် ထင်ရှားပေါ်လွင်လာကာ မရေတွက်နိုင်သော နတ်ဆိုးများကို ဦးဆောင်သည့် ဗိုလ်ချုပ်တစ်ဦးဖြစ်လာစေရန်အတွက် ငွေနှင်းမြူ၏ ကျင့်ကြံမှုသည် အလွန်မြင့်မားနေပေလိမ့်မည်။
"ကိစ္စမရှိပါဘူး၊ သူက ဒီအတိုင်း သေကြောင်းကြံစည်နေတဲ့ ကောင်ပါ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
အခန်း (၁၀၇၁) အင်အားအစစ်အမှန်က ဘာလဲဆိုတာ သူတို့ မသိကြဘူး
ချူးယွင်ဖန်းသည် ဆက်လက်၍ လှောင်ရယ်နေသည်။ ချူးယွင်ဖန်းသည် သူ၏လက်ဖဝါးတွင်ရှိနေ၍ လွတ်မြောက်ရန် မဖြစ်နိုင်သည့်အပြင် ရှောင်လွှဲ၍ မရနိုင်သော ပိုက်ကွန်တစ်ခုကို ပြင်ဆင်ထားသည်ဟု ငွေနှင်းမြူက ထင်မှတ်နေသည်။ သို့သော် ကံမကောင်းစွာဖြင့် ချူးယွင်ဖန်း၏ လက်ရှိအင်အားကို ၎င်းတို့ မသိခဲ့ကြပေ။ ၎င်းတို့တွင် မည်သို့သော အကြံအစည်မျိုးရှိနေပါစေ သူ့ကို တိုက်ခိုက်နိုင်စွမ်း မရှိကြပေ။ ချူးယွင်ဖန်းသာဆိုလျှင်၊ ရှောင်လွှဲ၍မရနိုင်သော ပိုက်ကွန်တစ်ခုကို ထူထောင်ရန်ပင် မလိုအပ်ဘဲ ငွေနှင်းမြူကို တစ်ယောက်တည်း သတ်ဖြတ်ပစ်နိုင်သည်။
"ယွင်ဖန်း၊ သေချာစဉ်းစားဦး။ ငွေနှင်းမြူတစ်ယောက်တည်း မဟုတ်လောက်ဘူး။ အဲ့ဒီ့မှာ မင်းကိုချောင်ခိုတိုက်ခိုက်ဖို့ ကျွမ်းကျင်သူတွေ အများကြီးရှိနေမှာ" ချူးမိသားစု ဘိုးဘေးကြီးက စိုးရိမ်တကြီး ပြောလိုက်သည်။
"သူတို့မှာ ဘယ်လိုနည်းလမ်းတွေပဲရှိပါစေ၊ ဘယ်လိုမှ ရှောင်လွှဲလို့မရနိုင်တဲ့ ထောင်ချောက်တွေပဲရှိနေပါစေ၊ စစ်မှန်တဲ့ ခွန်အားက ဘာလဲဆိုတာကို သူတို့ မသိကြသေးပါဘူး" ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။
သူ၏ လက်ရှိခွန်အားအရ၊ အနန္တနတ်ဆိုးတောင်တန်းသို့ တိုက်ရိုက် တိုက်ခိုက်မည်ဆိုလျှင်ပင် ၎င်းတို့ကို ဖောက်ဝင်နိုင်မည်ဟု သူ ယုံကြည်နေသည်။
"အဲ့ဒီ့ကို သွားဖို့ကလွဲပြီး တခြား ရွေးချယ်စရာမရှိတော့ဘူး။ အဲ့ဒီ့မှာ ကျွန်တော်အဘိုးအပြင် စစ်ဗိုလ်ချုပ်ကျူးလည်း ရှိနေတယ်။ ကျွန်တော့်မှာ ရွေးစရာမရှိဘူး" ချူးယွင်ဖန်းက ပြောသည်။
"ဒါဆို ကျုပ်တို့ပါ မင်းနဲ့ လိုက်ခဲ့မယ်" ချူးမိသားစု ဘိုးဘေးကြီးက အခိုင်အမာ ပြောလိုက်သည်။
သူသည် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။ အခြေအနေများ ဆိုးရွားသွားပါက ဆုတ်ခွာမည့် လမ်းကြောင်းကို စောင့်ကြပ်ရန်အတွက် ကိုယ်တိုင် ကျန်ရစ်ခဲ့ရမည်ဖြစ်သည်။ ချူးယွင်ဖန်းသော်လည်းကောင်း ချူးဟောက်ယွဲ့သော်လည်းကောင်း ၎င်းတို့သည် ချူးမိသားစုနှင့် ပြည်ထောင်စု၏ မျှော်လင့်ချက်များဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤနေရာတွင် ကျဆုံးသွားရန် မဖြစ်ပေ။
"ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်"
ချူးယွင်ဖန်းက သူ့ဘက်သို့ လှည့်ကြည့်လာမည့်အချိန်ကိုပင် မစောင့်ဘဲ ချူးဟောက်ယွဲ့က ထိုသို့ ပြောလိုက်သည်။ သူသည် အသက်ကို မြတ်နိုးသော်လည်း တိုက်ပွဲများကို မကြောက်ရွံ့ပေ။ နတ်အဆင့်သို့ ဝင်ရောက်နိုင်သူများသည် ကြောက်ရွံ့သူများမဟုတ်ကြပေ။ ကြောက်ရွံ့သူများသည် အဆင့်သို့ ဖြတ်ကျော်ရန် သတ္တိမရှိကြပေ။
"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ အတူတူ လှုပ်ရှားကြတာပေါ့" ချူးယွင်ဖန်းသည် စိတ်သက်သာရာရစွာ ပြောလိုက်သည်။
သူသည် ငွေနှင်းမြူကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်ဟု ယုံကြည်သော်လည်း ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့တို့ပင် သူနှင့် အတူလိုက်ပါလိုပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ၎င်းတို့သုံးယောက်သား စိတ်ပိုင်းဖြတ်ပြီးနောက် ချိုင့်ဝှမ်းဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။
ထိုအချိန်တွင် အင်တာနက်ပေါ်ရှိ အခြေအနေများ အလွန် ဆူပွက်နေလေသည်။ ငွေနှင်းမြူ၏ ရိုင်းစိုင်းသော စကားလုံးများသည် မရေတွက်နိုင်သော လူများကို မုန်းတီးမှုများဖြင့် အံကြိတ်စေခဲ့သည်။ သို့သော် မရေတွက်နိုင်သော လူအများကို အမှန်တကယ် စိုးရိမ်စေသည့်အချက်မှာ ငွေနှင်းမြူတွင် ချူးယွင်ဖန်းအတွက် ပြုလုပ်ထားသည့် ပူးပေါင်းကြံစည်မှုတစ်ခုရှိနေကြောင်း သိသာထင်ရှားသည်။
ဤသည်မှာ လျှို့ဝှက်ကြံစည်မှု မဟုတ်ဘဲ ပွင့်လင်းမြင်သာသော ကြံစည်မှုဟု ဆိုနိုင်သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို မျှားခေါ်ရန်အတွက် ချိုင့်ထဲတွင် ပိတ်မိနေသည့် ပြည်ထောင်စု၏ ကျွမ်းကျင်သူများကို အသုံးပြုနေကြသည်။ ပြီးနောက် ငွေနှင်းမြူသည် ချူးယွင်ဖန်းကို သတ်ပစ်ရန် ကြိုးစားမည်ဖြစ်သည်။ ဤသည်မှာ မရေတွက်နိုင်သော လူအများကို စိုးရိမ်သောကဖြစ်စေသည်။
ချူးယွင်ဖန်းသည် ပြည်ထောင်စု၏ မျှော်လင့်ချက်နှင့် ပြည်သူများ၏ နှလုံးသားကို တည်ငြိမ်စေသည့် အင်အားစုဖြစ်သည်။ သူသာ ကျဆုံးသွားပါက နောက်ဆက်တွဲဆိုးကျိုးများကို တွေးပင် တွေးဝံ့မည် မဟုတ်ပေ။ ချူးယွင်ဖန်းကို ထိုအခြေအနေသို့ တွန်းပို့နေသော ငွေနှင်းမြူကို မရေတွက်နိုင်သော လူများက ဆဲရေးတိုင်းထွာနေကြသော်လည်း ၎င်းတို့တွင် ဝင်ရောက်စွက်ဖက်ရန် နည်းလမ်းမရှိပေ။
ချူးယွင်ဖန်းသည် ဆယ့်ငါးမိနစ်အကြာတွင် ချိုင့်ဝှမ်းသို့ ရောက်ရှိသွားသည်။ ငွေနှင်းမြူသည် ထိုအချိန်တွင် ချိုင့်ဝှမ်းအထက်တွင် ပျံသန်းနေခဲ့၍ ချူးယွင်ဖန်း ရောက်ရှိလာကြောင်း မြင်သောအခါ သူသည် ၎င်းတို့ သုံးယောက်ကို လှည့်ကြည့်လိုက်သည်။
"ချူးယွင်ဖန်း၊ မင်းက တကယ်သတ္တိရှိသားပဲ ဒါက ထောင်ချောက်ဆိုတာကို သိနေတာတောင် ဒီကို လာရဲသေးတယ်။ ဒါကြောင့် မင်းကို သူရဲကောင်းတစ်ယောက်အနေနဲ့ လေးစားသမှုနဲ့ မင်းရဲ့အလောင်းကို အကောင်းအတိုင်းထားပေးမယ်"
ငွေနှင်းမြူသည် မဝေးကွာသော အနာဂတ်ရှိ ချူးယွင်ဖန်း၏သေဆုံးမှုကို မြင်နိုင်သည့်ဟန်ဖြင့် ချူးယွင်ဖန်းကို ယုတ်ညံ့စွာ ပြုံး၍ ကြည့်လိုက်သည်။
"ကျုပ် အလောင်းကို အကောင်းအတိုင်းထားမယ်တဲ့လား" ချူးယွင်ဖန်းက လှောင်ရယ်ကာ ပြောလိုက်သည်။
"ခင်ဗျားက ကျုပ် ဒီကို ရောက်လာအောင် ဒီလူတွေကို သုံးပြီး ခြိမ်းခြောက်ခဲ့ပေမယ့် ကိုယ့်သေတွင်းကိုယ်တူးနေတာကိုတော့ ခင်ဗျား မသိရှာဘူး"
"ဟားဟားဟား၊ မင်းက မောက်မာလာခဲ့တာ ဝါရင့်သွားပြီထင်တယ်၊ ပြည်ထောင်စုရဲ့ နံပါတ်တစ် ကျွမ်းကျင်သူဆိုတဲ့ ခေါင်းစဉ်က မင်းကို ရူးသွပ်သွားစေပုံပဲ" ငွေနှင်းမြူသည် အကောင်းအဆိုးမသိသူ တစ်ဦးကို ကြည့်နေသကဲ့သို့ ရယ်မောနေခဲ့သည်။
"ဒီနေ့မှာ မင်း တင်မကဘဲ ပြည်ထောင်စုရဲ့ သိုင်းပညာရှင်တွေအားလုံးလည်း သေရလိမ့်မယ်"
"အဲ့ဒါ ယွင်ဖန်းပဲ" ချိုင့်ဝှမ်းတွင်ရှိသော ယန်ဖေးယန်သည် ချူးယွင်ဖန်းကို သတိထားမိသွားသည်။
ယန်ဖေးယန်၏ အင်အားသည် လွန်ခဲ့သည့် လအနည်းငယ်နှင့် နှိုင်းယှဉ်ပါက ပို၍ သန်မာအားကောင်းလာသည်။ သူသည် ချူးယွင်ဖန်း ပေးအပ်ခဲ့သည့် နတ်စွမ်းအင်ဖြည့်တင်းဆေးဖြင့် လွန်ခဲ့သောနှစ်လတွင် နတ်အဆင့်သို့ ဝင်ရောက်လာခဲ့သည်။ သူသည် နတ်အဆင့်သို့ ရောက်ရှိလာပြီးနောက် ဤစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော်လည်း မကြာမီတွင် ဤကဲ့သို့သော အပျက်အစီးနှင့် ကြုံတွေ့ရမည်ဟု မည်သူသိသနည်း။
၎င်းတို့သည် ဤချိုင့်ဝှမ်းတွင် ပုန်းအောင်းနေကြကာ အမောမဖြေနိုင်မီတွင် ငွေလမင်းတိုင်းပြည်ရှိ ငွေနှင်းမြူ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားသောကြောင့် ဆုတ်ခွာခြင်း သို့မဟုတ် ချီတက်ခြင်းပင် မပြုလုပ်နိုင်ခဲ့ပေ။ သူသည် ဤနေရာတွင် သေဆုံးရတော့မည်ဟု ထင်မှတ်နေသောအခါ ချူးယွင်ဖန်းက ရုတ်တရက် ပေါ်ပေါက်လာသည်။ ယန်ဖေးယန်တင်မကဘဲ ကျူးပုဖျင်နှင့် အခြားလူများ၏ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များရှိနေကြသည်။ ဤသည်မှာ ၎င်းတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။
"မျှော်လင့်ချက်ရှိလာပြီ"
"ဒါပေမယ့် ဒါက ထောင်ချောက်ဆိုတာ အသိသာချည်းပဲ ချူးယွင်ဖန်းတော့ လှည့်စားခံလိုက်ရပြီ"
"ဟာ၊ ကျုပ်တို့တွေ သူ့ကို မကူညီနိုင်ဘူး"
"ခင်ဗျားဘက်က ဒါအကုန်ပဲလား။ ခင်ဗျားတစ်ယောက်တည်းဆိုရင် ကျုပ် သတ်ဖို့ မလောက်ငှမှာတောင် စိုးရိမ်မိသား" ချူးယွင်ဖန်းက ပတ်ပတ်လည်သို့ လှည့်ကြည့်၍ ပြောလိုက်သည်။
"ဟားဟားဟား၊ မင်းက တကယ် မောက်မာတာပဲ၊ ဒါပေမယ့် ကောင်းပါတယ်။ ကျုပ် မင်းကို အညံ့ခံအောင် လုပ်ပြမယ်" ငွေနှင်းမြူက ရယ်မောလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ပတ်ဝန်းကျင်မှ လူတစ်ဒါဇင်ခန့် ပေါ်ထွက်လာ၍ ချူးယွင်ဖန်း၊ ချူးမိသားစု ဘိုးဘေးကြီးနှင့် ချူးဟောက်ယွဲ့တို့ကို ဝန်းရံလိုက်ကြသည်။ ပြီးနောက် ၎င်းတို့အနက် အထူးတလည် ထင်ရှားပေါ်လွင်သော လူသားပုံသဏ္ဍာန်တစ်ခုပါရှိနေသည်။
"အမျိုးယုတ်ကောင်။ မင်းကများ ကျုပ်တို့ရှေ့မှာ ပေါ်လာရဲရတယ်လို့" ချူးမိသားစု ဘိုးဘေးကြီးသည် လျို့မိသားစု၏ ဘိုးဘေးကြီးဖြစ်သည့် အဘိုးအိုကို အေးစက်စွာ စိုက်ကြည့်နေသည်။
ချိုင့်ဝှမ်းအတွင်း ပိတ်မိနေသော လူသား ကျွမ်းကျင်သူများသည်လည်း မုန်းတီးမှုဖြင့် အံကြိတ်နေကြသည်။ ၎င်းတို့သည် လျို့မိသားစု ဘိုးဘေးကြီးကြောင့်သာ မဟုတ်ပါက၊ ဤနေရာသို့ ဆွဲဆောင်ခံရပြီးနောက် ခြုံခိုတိုက်ခိုက် ခံရမည်မဟုတ်ပေ။
"ဟမ်၊ ကျုပ်က ဘာလို့ ဒီကိုလာမပြရဲရမှာလဲ။ ခင်ဗျားတို့အားလုံး ဒီနေရာမှာ သေသွားကြရင် နောက်ဆုံး အောင်နိုင်သူက ကျုပ်ဖြစ်လာလိမ့်မယ်" လျို့မိသားစု ဘိုးဘေးကြီးသည် အေးစက်စက် အပြုံးဖြင့် ကြွေးကြော်လိုက်သည်။
လျို့မိသားစု ဘိုးဘေးကြီးမှလွဲလျှင် ၎င်းတို့ပတ်ဝန်းကျင်ရှိ နတ်အဆင့်ကျွမ်းကျင်သူအားလုံးသည် အဏ္ဏဝါမျိုးနွယ်စုများနှင့် နတ်ဆိုး ကျွမ်းကျင်သူများဖြစ်ကြသည်။ ဤကျွမ်းကျင်သူများသည် သာမန်နတ်အဆင့်များ မဟုတ်ကြပေ။ ၎င်းတို့သည် အနည်းဆုံးလျှင် သတ္တမမြောက် နတ်အဆင့် ကျွမ်းကျင်သူများဖြစ်ကြ၍ ထိုအဆင့်ထက်ပင် မြင့်မားသော ကျွမ်းကျင်သူ အချို့ပင် ပါရှိနေသည်။
ထိုသို့သော အင်အားစုမျိုးဖြင့်ဆိုလျှင် ပြည်ထောင်စု၏ ကျွမ်းကျင်သူများ ရှုံးနိမ့်ရသည်မှာ အံ့ဩဖွယ် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စု၏ ကျွမ်းကျင်သူအများစုသည် ပထမမြောက်နှင့် တတိယမြောက် နတ်အဆင့်တွင်သာ ရောက်ရှိနေကြသည်။ လူအများအပြားသည် စတုတ္ထမြောက် နတ်ဆင့်သို့ မတက်လှမ်းနိုင်ကြပေ။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက၊ အဏ္ဏဝါမျိုးနွယ်စုနှင့် နတ်ဆိုး ကျွမ်းကျင်သူများသည် ယေဘုယျအားဖြင့် စတုတ္ထမြောက် နတ်အဆင့်နှင့် ၎င်းအထက်တွင်ရှိနေကြသည်။ ဤသည်မှာ အရေအတွက်သက်သက်သာ မဟုတ်ကြဘဲ အရည်အသွေးသည်လည်း သာလွန်ကြရာ၊ ၎င်းတို့သည် ကျွမ်းကျင်မှုအဆင့်ချင်း မတူညီကြပေ။
"ခင်ဗျားက ဘယ်နှစ်ယောက်မြောက် နတ်ကျွန်လဲ" ချူးယွင်ဖန်းက လျို့မိသားစု ဘိုးဘေးကြီးကို စိုက်ကြည့်နေစဉ် မေးလိုက်သည်။
လျို့မိသားစု ဘိုးဘေးကြီးကို ကြည့်နေသော လူအများသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။ ချူးယွင်ဖန်းက အဘယ်ကြောင့် ထိုသို့ ဆိုခဲ့သည်ကို ၎င်းတို့ နားမလည်ကြပေ။
"မြင်နိုင်တယ်လား" လျို့မိသားစု ဘိုးဘေးကြီးက အံ့အားသင့်စွာ ပြောလိုက်သည်။
"ဟုတ်တယ်။ ကျုပ်က ကျုပ်အရှင်ရဲ့ ပဉ္စမမြောက် နတ်ကျွန်ပဲ"
လျို့မိသားစု ဘိုးဘေးကြီး၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စု၏ ကျော်ကြားသော ဘိုးဘေးကြီးတစ်ဦးသည် ပြည်ထောင်စုကို အဘယ်ကြောင့် ရုတ်တရက် သစ္စာဖောက်သွားသည်ကို ချူးယွင်ဖန်း ချက်ချင်း သဘောပေါက်သွားသည်။ လျို့မိသားစု ဘိုးဘေးကြီးသည် ကနဦးတွင် သစ္စာရှိပုံပေါ်သော်လည်း ဤအကြောင်းအရာကို ယခင်က မည်သူမျှ မသိကြသောကြောင့်ဖြစ်သည်။