အခန်း (၂၅၅၁-၂၅၅၃)
Vol. 107 Ch. 2551-2553
အပိုင်း (၂၅၅၁)
ယင်လဲ့ရှန်းက မောက်မာဝံ့ကြွားစွာဖြင့် ရယ်မောလျက် မေးလိုက်လေသည်။ “ရန်ကိုင်… မင်း ဒီနေ့ကိုကျော်ပြီး အသက်ရှင်ဦးမယ်လို့ ထင်နေသေးတာလား…”
ရန်ကိုင်သည် လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားသဖြင့် ဟင်းလင်းပြင်ကိုခွဲ၍ပင် ထွက်ပြေးနိုင်ပါသော်ငြား ယခုတစ်ကြိမ်တွင် ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ထဲ ပိတ်မိနေသည့်အတွက်ကြောင့် သူကျွမ်းကျင်သော စွမ်းအားကို မည်သို့မှ ထုတ်မသုံးနိုင်တော့ချေ။ ထို့အတွက်ကြောင့် ယင်လဲ့ရှန်းမှာ အလွန်တရာကိုမှ ဝမ်းသာအားရ ဖြစ်နေလေ၏။ ယခုအချိန်တွင် ရန်ကိုင့်အား သွားစကားမပြောသင့်မှန်း သိပါသော်ငြား သူ့စိတ်ထဲ မပြောဘဲမနေနိုင်အောင် ဖြစ်နေခဲ့ရသည်။
ဟွာဖေးချန်ကမူ မည်သည့်စကားကိုမှမပြောဘဲ ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်နိုင်မည့် အခွင့်အရေးကိုသာ အဆက်မပြတ် ရှာဖွေနေခဲ့လေသည်။
ရန်ကိုင်သည် နောက်တစ်ကြိမ် တိုက်ခိုက်မှုကို ထပ်မံတားဆီးလိုက်ပြီး နောက်သို့ ပြန်ဆုတ်၍ ပြောလိုက်လေ၏ “မင်းက ကောင်းကင်ကြီး ဘယ်လောက်ကျယ်ပြောဆိုတာကို မသိတဲ့ ရေသူတွင်းထဲက ဖားသူငယ်ပဲကွ… ဒီနေ့ မင်း သေသေချာချာကြည့်ထား… မင်း အမြင်ကျယ်သွားအောင် ဒီသခင်လေး လုပ်ပြပေးမယ်… မင်းရဲ့ ဒီအစုတ်အပြတ်အစီအရင် ဘယ်လောက်တောင် အသုံးမဝင်လဲဆိုတာကိုလည်း သေချာကြည့်ထားပေတော့…”
ထိုသို့ပြောပြီးသည့်နောက်တွင် လက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်လေသည်။
“အခုလို အချိန်မျိုးမှာတောင် မင်းက မောက်မာရဲသေးတယ်ပေါ့…” ယင်လဲ့ရှန်း ဒေါသူပုန်ထသွားခဲ့လေသည်။ ယင်လဲ့ရှန်းမှာ ဒေါသထွက်ထွက်နှင့် နောက်တစ်ကြိမ် အလစ်ချောင်းတိုက်ခိုက်တော့မည်အပြု ရုတ်တရက် တဝီဝီမြည်သံများကို ကြားလိုက်ရလေသည်။
ထိုတဝီဝီမြည်သံများမှာ အလွန်ကိုမှ ထူးဆန်းလှသည်။ ထိုအသံများသည် မရေမတွက်နိုင်သော အင်းစက်များမှ ထွက်ပေါ်လာသည့်အသံမျိုး ဖြစ်လေသည်။
“ဘာအသံကြီးလဲ…” ယင်လဲ့ရှန်း မျက်ခုံးပင့်သွားခဲ့လေ၏။
“မင်းရဲ့ ခွေးအသက်ကို ယူမဲ့ဟာအသံပေါ့ကွ…” ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် လက်ကောက်ထဲမှ မရေမတွက်နိုင်သော အင်းစက်များကို လွှတ်ပေးလိုက်ရင်းမှ ပြောလိုက်လေသည်။
ရန်ကိုင် ထုတ်ယူလိုက်သည့်လက်ကောက်မှာ အင်းစက်ချုပ်နှောင်လက်ကောက်သာ ဖြစ်လေသည်။ သူလွှတ်ပေးလိုက်သည့် အင်းစက်များမှာလည်း ဝိဉာဉ်ဝါးမျိုအင်းစက်များသာ ဖြစ်ကြလေသည်။
လိုဏ်ဂူထဲ၌ မရေမတွက်နိုင်သော ယင်ဝိဉာဉ်များ၏ ဝန်းရံတိုက်ခိုက်ခြင်း ခံရစဉ်က သူ၏ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ထိုယင်ဝိဉာဉ်များကို ထိခိုက်အောင် လုပ်နိုင်လေမလားဟု ရန်ကိုင် စဉ်းစားမိခဲ့ဖူးပေသည်။ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် စိတ်စွမ်းအင်များကို စားသုံးကြကာ နတ်ဆိုးချီများကိုပင်လျှင် ဝါးမျိုနိုင်ကြသည်။ ယင်ဝိဉာဉ်များမှာမူ စိတ်စွမ်းအင်များသက်သက်ဖြင့်သာ ဖွဲ့စည်းထားသော အရာများ ဖြစ်ကြ၏။
သို့ရာတွင် လိုဏ်ဂူထဲတွင်ရှိစဉ်က အခြားသောလူများလည်း ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်သည် ဝိဉာဉ်ဝါးမျိုအင်းစက်များကို ထုတ်မသုံးခဲ့ချေ။
သို့သော်ငြား ဤနေရာတွင်မူ ရန်ကိုင်၊ ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့သာ ရှိပေသည်။ ထို့အတွက်ကြောင့် ထိုလူနှစ်ဦးနှင့် တိုက်ခိုက်နေစဉ်အတောအတွင်း ရန်ကိုင်သည် ဝိဉာဉ်ဝါးမျိုအင်းစက်များကို မသိမသာလေးထုတ်လွှတ်၍ စမ်းသပ်ကြည့်ခဲ့သည်။ တစ်ချက်စမ်းကြည့်လိုက်ပြီးသည့်နောက်တွင် သူမျှော်မှန်းထားသလို ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ယင်ဝိဉာဉ်များသည် ဝိဉာဉ်ဝါးမျိုအင်းစက်များအတွက် အရသာရှိလှသည့် စားကောင်းသောက်ဖွယ်ရာများ ဖြစ်ကြ၏။ ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ ယင်ဝိဉာဉ်ဝါးမျိုကို အားပါးတရ ဝါးမျိုပစ်ရုံသာလျှင် မဟုတ်ဘဲ အနက်ရောင်ချီများကိုပါ ဝါးမျိုပစ်နိုင်သည့်ပုံပင်။ သူမျှော်မှန်းထားသည့်အတိုင်း ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဆက်၍ ငြိမ်ခံမနေတော့ချေ။ ချက်ချင်းပဲ ဝိဉာဉ်ချုပ်နှောင်လက်ကောက်ထဲရှိ မရေမတွက်နိုင်သော ဝိဉာဉ်ဝါးမျိုအင်းစက်များကို ထုတ်ပေးလိုက်တော့လေ၏။
အင်းစက်ပေါင်းမြောက်မြားစွာမှာ ဘက်ပေါင်းစုံဆီသို့ ပျံသန်းလာကြကုန်၏။ ထိုအင်းစက်များသည် သိုးအုပ်တစ်အုပ်ကို မြင်လိုက်ရသည့် ဆာလောင်နေသော ဝံပုလွေအုပ်ကြီးနှယ် အနက်ရောင်စက်လုံးထဲ ဝင်ထွက်သွားလာနေသော ယင်ဝိဉာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ကြတော့လေ၏။
ချက်ချင်းဆိုသလို စူးစူးဝါးဝါး အော်ဟစ်သံများ နေရာပေါင်းစုံမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုအဖြစ်အပျက်ကြောင့် ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြသည်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိပါသော်ငြား ယင်ဝိဉာဉ်များ ဒုက္ခရောက်နေမှန်းတော့ သိကြပေသည်။ သို့သော်ငြား ယင်ဝိဉာဉ်များ ဘာဖြစ်လို့ဖြစ်နေမှန်း မသိသည့်အတွက်ကြောင့် ဆက်၍ အလျင်စလို မတိုက်ခိုက်ရဲကြတော့ပေ။
“ဘာတွေဖြစ်နေတာလဲ…” ဟွာဖေးချန်က ကူကယ်ရာမဲ့စွာဖြင့် အစီအရင်ကိုထိန်းချုပ်နေသော တပည့်များကို လှမ်းမေးလိုက်လေ၏။
တပည့်များသည်သာ အစီအရင်ထဲတွင် ဘာဖြစ်နေသလဲဆိုသည်ကို အသေအချာ သိကြပေလိမ့်မည်။
“မကောင်းတော့ဘူး အကြီးအကဲဟွာ…” တပည့်တစ်ယောက်က ကြောက်လန့်တကြားဖြင့် ထအော်လေ၏။ “အဲ့ကောင် အင်းစက်အုပ်တစ်အုပ်ကို ရုတ်တရက်ကြီး ကောက်ထုတ်လိုက်တယ်…”
“အင်းစက်အုပ်…” ဟွာဖေးချန်၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ ထို့နောက် ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ “အင်းစက်အုပ်လောက်ကို မင်းတို့က ဘာတွေ ဒီလောက် ကြောက်နေတာလဲ… သတ်ပစ်လိုက်လေ…”
(အသုံးမဝင်တဲ့ အမှိုက်ကောင်တွေပါကွာ… ဒီအစီအရင်ထဲရောက်ရင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးတောင် အသတ်ခံရတာကို အင်းစက်တစ်အုပ်လောက်ကို လာကြောက်နေကြသေးတယ်… တကယ်ကို စောက်သုံးမကျတာပဲကွ…)
ထိုတပည့်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့ကောင်တွေကို ဘယ်လိုမှသတ်လို့မရဘူး အကြီးအကဲရဲ့... အဲ့အင်းဆက်တွေက ကျုပ်တို့ အလံတိုင်ရဲ့ ယင်ဝိဥာဉ်တွေကိုတောင် ပြန်စားနေတာ”
“ဘယ်လို…”
ဟွာဖေးချန် ထိတ်လန့်သွားတော့လေ၏။ အနက်ရောင်ဘောလုံးထဲရှိ ယင်ဝိဉာဉ်များမှာ မရဏငရဲခန်းအလံတိုင် တစ်ခုချင်းစီမှ ဖြစ်ပေါ်လာကြခြင်းဖြစ်ပြီး သာမန်တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်၍မရချေ။ ဤအနက်ရောင်ဘောလုံးထဲရှိ ယင်ဝိဉာဉ်များမှာ ရှေးဟောင်းကုန်းမြေထဲသို့သွားသည့် လျှိုမြောင်ထဲတွင် တွေ့ရသည့် ယင်ဝိဉာဉ်များနှင့် အတူတူသာလျှင် ဖြစ်ကြပေသည်။ သို့သော်ငြား ဤအနက်ရောင်ဘောလုံးထဲတွင် ရုတ်တရက် ပေါ်လာသည့် အင်းစက်များမှာ ထိုယင်ဝိဉာဉ်များကို စားသောက်နိုင်ကြလေ၏။ ယင်ဝိဉာဉ်များကိုပင်လျှင် စားသောက်နိုင်ရလေအောင် ထိုအင်းစက်များမှာ မည်သို့သောအင်းစက်များ ဖြစ်ကြလေသနည်း။
သို့သော်ငြား ဟွာဖေးချန် နောက်ထပ်ဆက်၍ မမေးနိုင်သေးခင်မှာပင် သူ့ရှေ့တည့်တည့်ဆီမှ ခြောက်ခြားဖွယ်ရာ အရှိန်အဝါတစ်ရပ်ကို ခံစားလိုက်ရလေသည်။
ဟွာဖေးချန်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ထအော်လေ၏။ “ဂျူနီယာ… မင်း ငါ့ကို အလစ်ချောင်းတိုက်ခိုက်ရဲတယ်လား…”
သူခံစားလိုက်ရသည့် ခြောက်ခြားဖွယ်ရာ အရှိန်အဝါမှာ ရန်ကိုင့်၏ အလစ်ချောင်းတိုက်ခိုက်မှုသာ ဖြစ်လေသည်။ အော်ဟစ်နေရင်းမှ ဟွာဖေးချန်သည် တိုးဝင်လာနေသည့် တိုက်ခိုက်မှုအား အလျင်စလို ပြန်လည်၍ ခုခံလိုက်လေသည်။ နားပင်းမတတ် မိုးခြိမ်းသံကြီးနှင့်အတူ ဟွာဖေးချန်၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ ရန်ကိုင့်၏တိုက်ခိုက်မှုသည် သူ့အား တကယ်ကြီး နောက်သို့ ဆုတ်သွားအောင် လုပ်နိုင်ခဲ့လေသည်။
ဤသည်မှာ ရန်ကိုင်နှင့် ဟွာဖေးချန်တို့ ပထမဦးဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ဖူးခြင်း ဖြစ်လေသည်။ အစောပိုင်းက ဟွာဖေးချန်သည် ရန်ကိုင်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ ရန်ကိုင့်ကိုသာ အစီအရင်အားကိုးဖြင့် အလစ်ချောင်းတိုက်ခိုက်ခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင် ဤမျှအားကောင်းလိမ့်မည်ဟု ဟွာဖေးချန် မထင်ထားခဲ့ချေ။
(ဒီကောင် လူရော ဟုတ်သေးရဲ့လား…) ဟွာဖေးချန်မှာ သူ လက်ရှိ မြင်လိုက်ရသည့် အရာအပေါ် မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။
ရန်ကိုင်က အော်ရယ်မောလျက် ပြန်၍ လှောင်ပြောင်လိုက်လေသည်။ “ခင်ဗျားတောင် လုပ်နိုင်ရင် ကျုပ်က ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ… အလစ်ချောင်းတိုက်ခိုက်တာခံရတာ ဒီလောက်တောင် ထူးဆန်းနေလို့လား အကြီးအကဲဟွာ… ခင်ဗျား လုပ်ချင်တိုင်းလုပ်လို့ရအောင် ကျုပ်လည်ကို စင်းပေးမယ်လို့ ထင်နေတာလား…”
ဟွာဖေးချန်က မျက်နှာကြီးမဲ့လျက် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေ၏။ “အဲ့လိုလည်စင်းပေးရင်တော့ အကောင်းဆုံးပေါ့ကွာ…”
ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကတော့ အကြီးအကဲဟွာ ဘယ်လောက်အားကောင်းလဲ ဆိုတဲ့အပေါ်မှာ မူတည်မှာပေါ့…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ဟွာဖေးချန်အား ထပ်မံ၍ တိုက်ခိုက်လိုက်လေသည်။ ဘာကြောင့်မှန်းမသိ ရန်ကိုင်သည် ဟွာဖေးချန်၏ တည်နေရာကို အတိအကျ သိနေခဲ့လေသည်။
ဟွာဖေးချန်မှာ ထိတ်လန့်သွားခဲ့ပြီး အလျင်စလို အော်ပြောလိုက်လေ၏။ “ဂိုဏ်းတူတူလေးယင်… ငါ့ကိုကယ်ပါဦး…”
ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သလို အစီအရင်၏ အကူအညီကို ရရှိနေသည့်တိုင် သူ့ထက်တစ်ဆင့်နိမ့်သော ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့်အခါ တခြားလူများ၏အကူအညီကို လှမ်းတောင်းရသည်မှာ ဟွာဖေးချန်အတွက် တကယ်ကို ရှက်ဖွယ်ကောင်းပေသည်။ သို့သော်ငြား သူ့အသက်နှင့်ယှဉ်လိုက်သော် အရှက်တရားသည် ဘာမှ တန်ဖိုးမရှိတော့ပေ။
ထို့အတွက်ကြောင့် ဟွာဖေးချန်လည်း ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ ယင်လဲ့ရှန်းသည်လည်း ဟွာဖေးချန်အား ဒုက္ခမရောက်စေလိုပေ။ ထို့အတွက်ကြောင့် ဟွာဖေးချန်၏ အော်ခေါ်သံကိုကြားသည်နှင့် ချက်ချင်း ပြေးသွားကူတော့လေ၏။ “ရန်ကိုင်… သိပ်လွန်မလာနဲ့…”
ချက်ချင်းဆိုသလို ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့သည် နှစ်ဦး အတူပူးပေါင်းလျက် ရန်ကိုင့်အား စတင် တိုက်ခိုက်ကြတော့လေ၏။
မိုးခြိမ်းမတတ် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့ပြီး ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့မှာလည်း အဘက်ဘက်သို့ ဖြာထွက်လာနေလေ၏။
ထိုအချင်းအရာကိုကြည့်ရင်း လေထဲတွင်ဝဲနေသော လူအိုကြီးဖုနှင့် လင်းအာဟူသော ကောင်မလေးတို့၏ မျက်နှာများ ထူးဆန်းသွားကုန်ကြလေသည်။
လူအိုကြီးဖုက မျက်မှောင်ကြုတ်လျက် ဝေဖန်ပြစ်တင်လိုက်လေ၏။ “အဲ့မရဏဂိုဏ်းက ကောင်တွေ ဘာလုပ်နေကြတာလဲ…”
“အမှိုက်ကောင်တွေ…” လင်းအာဟူသောကောင်မလေးက အံကြိတ်၍ အော်ဆဲလိုက်လေသည်။
သူမ၏ ထိုင်းရီပန်းကန်လုံးဟူသော ဧကရာဇ်အဆင့် မှော်ရတနာကို ထုတ်၍ပင် ကူညီပေးခဲ့ပါသော်ငြား မရဏဂိုဏ်းမှ လူများသည် ယခုအချိန်ထိတိုင် ရန်ကိုင့်အား အနိုင်မယူနိုင်သေးပေ။ ထို့အတွက်ကြောင့် လင်းအာမှာ အတော်လေးကိုမှ စိတ်တိုလာရတော့သည်။
“သခင်မလေး… ဒီလူအိုကြီး သွားကူပေးလိုက်ရမလား…” လူအိုကြီးဖုက ပြောလိုက်လေသည်။
လက်ရှိ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းများနှင့် ပေါက်ကွဲသံများကို ကြည့်ကြည့်ရသလောက် ဟွာဖေးချန်နှင့် ယင်လဲ့ရှန်းတို့မှာ ရန်ကိုင့်အား အချိန်တိုအတွင်း အနိုင်ယူနိုင်မည့်ပုံမပေါ်။ သို့သော်ငြား ဧကရာဇ်ပထမအဆင့်သို့ ရောက်နေသော လူအိုကြီးဖုသာ သွားဝင်ကူညီပေးလိုက်မည်ဆိုလျှင် ရန်ကိုင့်အား ကျိန်းသေ ဖိနှိပ်နိုင်ပေလိမ့်မည်။
“မလိုဘူး…” လင်းအာဟူသော ကောင်မလေးက ပြန်ပြောလိုက်လေသည်။ “ဒီသခင်မလေး ကိုယ်တိုင်ကိုယ်ကျ ကူညီပေးထားတာတောင် သူတို့ကို မျက်နှာသာပေးရာကျနေပြီ… ရှင်က ဘာဖြစ်လို့ ဝင်ပါချင်နေရသေးတာလဲ… ဒီလောက်နဲ့မှတောင်မနိုင်ရင်တော့ အဲ့မရဏဂိုဏ်းကကောင်တွေ အသုံးမဝင်တော့လို့ပဲ…”
သူ့သခင်မလေးက ခွင့်မပြုသည့်အတွက်ကြောင့် လူအိုကြီးဖုလည်း ဝင်မပါရဲခဲဘဲ ရပ်၍သာ ကြည့်နေခဲ့ရသည်။
ထိုစဉ် ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
လူအိုကြီးဖု၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ပြီး အော်သံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ မရဏဂိုဏ်း၏ အယောက်နှစ်ဆယ်ကျော်မကသော တပည့်များသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား တုန်တုန်ရီရီ ဖြစ်နေကြကြောင်း တွေ့လိုက်ရလေသည်။ သူတို့၏မျက်နှာများမှာ စက္ကဖြူတစ်ရွက်နှယ် ဖြူဆွတ်နေပြီး ပုတီးစေ့တမျှ ကြီးမားလှသော ချွေးသီးချွေးပေါက်တို့မှာလည်း နဖူးထက် ဝေ့သီလာနေကြသည်။ သွေးများဟာလည်း နှုတ်ခမ်းထောင့်မှ စီးကျနေလေ၏။
ထိုလူများကို ကြည့်ရသည်မှာ ဒဏ်ရာ ဆိုးဆိုးရွားရွား ရသွားသည့်ပုံပင်။
“ဘာဖြစ်သွားတာလဲ…” လူအိုကြီးဖု မျက်လုံးပြူးသွားလေ၏။
မရဏဂိုဏ်းမှ တပည့်တစ်ဦးက အကူအညီလှမ်းတောင်းတော့လေ၏။ “အကြီးအကဲ… ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်ပါဦး… ကျုပ်တို့အလံတိုင်တွေထဲက ယင်ဝိဉာဉ်တွေ လုံးဝ ဝါးမျိုခံရတော့မယ်… ကျေးဇူးပြုပြီး…”
မရဏဂိုဏ်းသားများ၏ အသက်နှင့် ကျင့်ကြံခြင်းမှာ သူတို့၏ မရဏငရဲခန်းအလံတိုင်များအပေါ်တွင် မူတည်နေပေသည်။ ထို့အတွက်ကြောင့် အလံတိုင်များကို ထုတ်သုံးလိုက်သည့်အခါ သူတို့၏ခွန်အားမှာ တိုးတက်လာခဲ့ရပါသော်ငြား မရဏငရဲခန်းအလံတိုင်များသည်သာ ထိခိုက်သွားမည်ဆိုပါကလည်း အလွန်ပြင်းထန်သော ဘေးထွက်ဆိုးကျိုးကို သူတို့ခံစားကြရပေလိမ့်မည်။
သူတို့သည် အစီအရင်ကို ကြီးကြပ်ထိန်းချုပ်နေခြင်းသာ ဖြစ်ပြီး ရန်ကိုင်နှင့် တိုက်ရိုက်တိုက်ခိုက်နေခြင်း မဟုတ်ပေ။
သို့သော်ငြား ရန်ကိုင့်၏ ဝိဉာဉ်ဝါးမျိုအင်းစက်များမှ ဝါးမျိုစားသောက်ပစ်နေသည့် ယင်ဝိဉာဉ်များမှာ သူတို့၏ အလံတိုင်များဆီမှ လာကြခြင်း ဖြစ်လေ၏။
ထိုတပည့်မှာ အတော်လေးကိုမှ ကံဆိုးသည်ဟု ပြောရလေမလား သူ၏ အလံတိုင်မှ ထွက်ပေါ်လာသော ယင်ဝိဉာဉ်အားလုံးကို ရန်ကိုင့်၏ ဝိဉာဉ်ဝါးမျိုအင်းစက်များမှ စားသုံးပစ်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် သူကိုယ်တိုင်သည်လည်း ဘေးထွက်ဆိုကျိုး ကြီးကြီးမားမား ခံစားလိုက်ရတော့သည်။
သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် အနက်ရောင်ဘောလုံးဆီမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ထိုအလင်းတန်းမှာ အခြားမဟုတ်။ သူ့အသက်၊ ကျင့်ကြံခြင်းနှင့် ချိတ်စက်ထားသော မရဏငရဲခန်းအလံတိုင်သာ ဖြစ်လေသည်။
သို့သော်ငြား ထိုတပည့်မှာတော့ သူ့မှော်ရတနာ သူ့ဆီသို့ ပြန်လာနေသည်ကိုမြင်သည့်အခါ အနည်းငယ်မျှပင် ပျော်ရွှင်နေခြင်းမရှိဘဲ အလွန်တရာကိုမှ ခြောက်ခြားဖွယ်ရာကောင်းလှသော အရာတစ်ခုကို ရင်ဆိုင်ရတော့မည့်အလား ကြောက်လန့်တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း ထပြေးတော့လေ၏။
အနက်ရောင်ဘောလုံးဆီမှ ပျံသန်းထွက်လာသော မရဏငရဲခန်း အလံတိုင်မှာလည်း ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားသည့်အလား ထွက်ပြေးသွားသည့် ကျင့်ကြံသူနောက်သို့ ပြေးလိုက်သွားလေသည်။
မျက်တောင်တစ်ခတ်အတွင်း အလံတိုင်မှာ ထိုကျင့်ကြံသူကို လိုက်မီသွားခဲ့ပြီး အနက်ရောင်တိမ်တိုက်တစ်ခုအဖြစ်သို့ ပေါက်ကွဲထွက်သွားလေ၏။ ထို့နောက်တွင် ထိုအနက်ရောင်စွမ်းအင်များသည် ထွက်ပြေးနေသော မရဏဂိုဏ်းမှ ကျင့်ကြံသူကို လွှမ်းခြုံသွားခဲ့လေသည်။
“အား…” သွေးပျက်ခြောက်ခြားဖွယ်ရာ အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင်စွမ်းအင်များမှာ အနက်ရောင်မီးတောက်များသဖွယ် မရဏဂိုဏ်းမှ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ် ကပ်ညိနေကြသည်။ ထိုကျင့်ကြံသူမှာ ထိုအရာများကို ဖယ်ရှားပစ်ရန် မည်သို့ပင် ကြိုးစားနေစေကာမူ မဖယ်ရှားနိုင်ခဲ့ပေ။
မရဏဂိုဏ်းမှ ကျင့်ကြံသူသည် စူးစူးဝါးဝါး အော်ဟစ်ရင်း မြေပြင်ပေါ်တွင် လူးလိမ့်နေခဲ့လေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အလွန်တရာကိုမှ ယားယံနေသည့် အတွက်ကြောင့်လားမသိ သူ့လက်ဖြင့် ကုတ်ခြစ်နေခဲ့လေရာ မကြာခင် သူ့မျက်နှာပေါ်ရှိ အရေပြားများ ပဲ့ထွက်လာခဲ့လေ၏။ ခဏအကြာတွင် သူ့မျက်နှာတစ်ခုလုံး စုတ်ပြတ်ထွက်သွားခဲ့ကာ အရိုးဖြူများပင် ပေါ်လာတော့လေသည်။
“သူ… သူ ဘာဖြစ်နေတာလဲ…” ထိုမြင်ကွင်းကိုကြည့်ရင်း ထိုင်းရီပန်းကန်လုံးအား ထိန်းချုပ်နေသည့် လင်းအာဆိုသော ကောင်မလေး၏မျက်နှာ ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး ကတုန်ကယင်လေသံဖြင့် မေးလိုက်လေ၏။
ဤမျှခြောက်ခြားဖွယ်ရာကောင်းသည့် ဖြစ်ရပ်မျိုးကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
“တစ္ဆေတစ်သောင်းကိုက်ချက်…” လူအိုကြီးဖုက စိုးရိမ်တကြီးဖြင့် တံတွေးတစ်လုပ်မျိုချလျက် အလန့်တကြားဖြင့် ပြောလိုက်လေသည်။ “သူတော့ သွားပြီ…”
ထိုလူ၏ မရဏငရဲခန်းအလံတိုင်မှာ ဆိုးဆိုးရွားရွား ထိခိုက်သွားခြင်း ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့်သာမဟုတ်ပါက တစ္ဆေတစ်သောင်းကိုက်ချက်ဟူသော ဘေးထွက်ဆိုးကျိုးကို ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုဘေးထွက်ဆိုးကျိုးမှာ ဒယ်အိုးကျယ်ကြီးထဲ ဆီပူပူဖြင့် ကြော်ခံရသည်ထက်ပင် ပို၍ ဆိုးရွားလှပေသည်။
လူအိုကြီးဖုမှ ထိုကဲ့သို့ပြောနေစဉ်အတောအတွင်းမှာပင် ထိုတပည့်၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်တွယ်နေသော အနက်ရောင်စွမ်းအင်များမှာ ရုတ်တရက် စုဝေးသွားလျက် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကုန်ကြလေသည်။ ထိုသို့စိမ့်ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် မရဏဂိုဏ်းမှ ကျင့်ကြံသူမှာလည်း ပို၍ စူးစူးဝါးဝါးကို ထအော်တော့လေသည်။ သူ့ခန္ဓာကိုယ်အား အဆက်မပြတ် ကုတ်ဖဲ့နေလေရာ အသားစများ ပဲ့ထွက်လာတော့လေသည်။ မကြာခင်တွင် ထိုကျင့်ကြံသူ လူးလိမ့်နေသည့် မြေပြင်တစ်ခုလုံး သွေးချင်းနီသွားတော့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၅၂)
အသက်ဆယ်ရှိုက်စာအတွင်း မရဏဂိုဏ်းမှ တပည့်သည် နောက်ဆုံးအကြိမ်အဖြစ် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးသည့်နောက် ဆန့်တငင်ငင်ဖြစ်ကာ အသက်ပျောက်သွားတော့လေ၏။ သူ့ခန္ဓာကိုယ်ထက် အကောင်းအတိုင်း ကျန်ရစ်နေသည့်နေရာဟူ၍ တစ်ခုတစ်လေမျှပင် မရှိတော့။ သူ့ဝမ်းဗိုက်ထဲရှိ အူများကိုပင်လျှင် သူ့ဘာသာ ပြန်၍ ဆွဲထုတ်ထားခဲ့သည်။ တကယ်ကို ခြောက်ခြားစရာ မြင်ကွင်းတစ်ရပ်ပင်။
သူ့ခန္ဓာကိုယ်အား လောင်ကျွမ်းနေသေးသည့် အနက်ရောင်စွမ်းအင်များမှာလည်း ဆက်လက်တည်ရှိနေပေသေးသည်။ ထိုစွမ်းအင်များမှာ ကမ္ဘာတည်နေသရွေ့ ဆက်လက်တည်ရှိနေမည့်အလား။
“ရွှစ် ရွှစ် ရွှစ်…”
အနက်ရောင်ဘောလုံးဆီမှ အနက်ရောင်အလန်းများသည် တစ်ခုပြီးတစ်ခု ပျံသန်းထွက်လာခဲ့လေသည်။ ထိုအနက်ရောင်အလင်းတန်းများကိုမြင်သော် အစီအရင်အား ထိန်းချုပ်နေကြသည့် မရဏဂိုဏ်းမှ တပည့်များမှာ သွေးပျက်ခြောက်ခြားကုန်ကြပြီး အမြီးကုပ်ကာ တစ်ချိုးတည်း ထွက်ပြေးကြတော့လေ၏။
ထွက်ပြေးနေရင်းမှလည်း သူတို့၏အကြီးအကဲအား အော်ဟစ်အကူအညီတောင်းသွားပေသေးသည်။
သို့သော်ငြား ဟွာဖေးချန်မှာ သူတို့အား မည်ကဲ့သို့များ ကူညီပေးနိုင်ပါမည်နည်း။ သူနှင့် ယင်လဲ့ရှန်းသည် ရန်ကိုင်လိုက်သဖြင့်ပင် ထွက်ပြေးနေရလေရာ အသက်ပင် ကောင်းကောင်း မရှူရသေးချေ။ ထို့အတွက်ကြောင့် သူတို့၏တပည့်များ တစ္ဆေတစ်သောင်းကိုက်ချက် ဘေးထွက်ဆိုးကျိုးအား ခံစားနေရသည်ကို သိနေသည့်တိုင် လုံးဝကို ကူကယ်ရာမဲ့နေခဲ့ရပေသည်။
ထို့အပြင် သူတို့၌ ထိုတပည့်များကို သွားကူညီရန် အချိန်ရှိမည်ဆိုလျှင်ပင် မည်သို့မှ ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။
သွေးပျက်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများမှာ တစ်သံပြီးတစ်သံ ထွက်ပေါ်နေခဲ့လေသည်။ ယခုတစ်ကြိမ် အော်သံများမှာတော့ ယင်ဝိဉာဉ်များဆီမှ လာခြင်းမဟုတ်တော့ဘဲ ယင်ဝိဉာဉ်များ၏ ပိုင်ရှင်များ ဖြစ်ကြသော မရဏဂိုဏ်းမှ တပည့်များဆီမှ လာနေခြင်း ဖြစ်ပေသည်။
အသက်သုံးဆယ်ရှိုက်စာအတွင်း မရဏဂိုဏ်းသား အရေအတွက်မှာ တစ်ဝက်တိတိ လျော့သွားခဲ့ရလေသည်။ သို့သော်ငြား အစီအရင်မှာ ဆက်လက်လည်ပတ်နေပေသေးသည်။
ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်မှာ အတော်လေးကိုမှ ထူးခြားလှသည့် အစီအရင်တစ်ခု ဖြစ်သည်ဟု ပြော၍ရပေသည်။ ထိုအစီအရင်အား လူငါးယောက်ရှိလျှင် ခင်းကျင်း၍ ရသလို လူသုံးယောက်ရှိလျှင်လည်း ခင်းကျင်း၍ရပေသည်။ လူနှစ်ဆယ်ဆိုလျှင်လည်း အတူတူပင်။ ထို့အတွက်ကြောင့် လူပေါင်းများစွာ သေသွားသည့်တိုင် အစီအရင်မှာတော့ ဆက်လက်၍ လည်ပတ်နေသေးသည်။ သို့သော်ငြား အစီအရင်၏ စွမ်းအားမှာတော့ လျော့ကျသွားခဲ့ရပေသည်။ ယခုဆိုလျှင် အနက်ရောင်ဘောလုံးထဲတွင် ရှိနေသော အနက်ရောင်စွမ်းအင်များမှာ မှိန်ကျသွားခဲ့လေရာ အထဲတွင် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြသော လူသုံးဦးကို အပြင်ဘက်မှပင်လျှင် ဝိုးတဝါးတား မြင်တွေ့နိုင်လာလေပြီ။
တပည့်တစ်ဝက်ကျော် သေဆုံးမှုသည်လက်ကျန်တပည့်များကို သွေးပျက်ခြောက်ခြားသွားစေခဲ့လေသည်။ သူတို့သာ ယခုနေ ထွက်မပြေးခဲ့လျှင် ထိုတပည့်များအတိုင်း ဖြစ်သွားရလိမ့်မည်မှန်း သိနေခဲ့ကြသည်။ သို့သော်ငြား ဟွာဖေးချန်မှ အမိန့်မပေးသေးသဖြင့် ထိုတပည့်များမှာလည်း ထွက်မပြေးရဲခဲ့ကြပေ။ ထို့အတွက်ကြောင့် အံတင်းတင်းကြိတ်၍သာ ဆက်၍ သည်းခံထားရလေ၏။
“တစ္ဆေဘုရင်ကို ဆင့်ခေါ်လိုက်တော့ အရူးတွေရဲ့…” ယင်လဲ့ရှန်းက ရုတ်တရက် ထအော်လေသည်။
ထိုစကားကို ကြားသည့်အခါ အစီအရင်အား ထိန်းချုပ်နေကြသည့် တပည့်များ တုန်တက်သွားခဲ့ကြလေသည်။ သို့သော်ငြား မကြာမီတွင် အကုန်လုံးမှာ သံဓိဌာန်ချလိုက်ကြသည့်အလား လက်ကွက်များကို စတင် ဖန်တီးကြတော့လေ၏။
ထို့နောက်တွင် အကုန်လုံးမှာ သွေးအဆီအနှစ်တစ်စက်စီ ထွေးထုတ်လိုက်ကြလေသည်။ ထိုသွေးအဆီအနှစ်များသည် အနက်ရောင်ဘောလုံးဆီသို့ ပျံသန်းသွားပြီး တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
ထိုအချိန်အတောအတွင်း အနက်ရောင်ဘောလုံးထဲတွင် ရှိနေသော ယင်ဝိဉာဉ်များမှာလည်း တစ်စုံတစ်ခု၏ လှုံ့ဆော်ခြင်း ခံလိုက်ရသည့်အလား စတင်၍ အော်ဟစ်လာကြလေ၏။
ဟွာဖေးချန်သည် အချိန်ကိုက် ပျံသန်းသွားပြီး ရန်ကိုင့်အား တားဆီးလိုက်လေသည်။ ယင်လဲ့ရှန်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် နောက်သို့ ပြန်ဆုတ်လာပြီး သူ၏ မရဏငရဲခန်း အလံတိုင်ကို ထုတ်ယူလိုက်သည်။
ထိုအလံတိုင်ကို ဆုတ်ကိုင်ထားရင်းမှ သွေးအဆီအနှစ်တစ်စက်ကို အလံတိုင်ပေါ်သို့ ထွေးထုတ်လျက် သူ့စွမ်းအင်ကို လှည့်ပတ်လိုက်လေရာ အလံတိုင်မှာ စတင်၍ လျင်မြန်စွာ ကြီးမားလာတော့လေ၏။
ရုတ်တရက်ဆိုသလို အသက်ရှူသံအလား ထင်မှတ်ရသည့် စည်းချက်ညီညီအသံများ ယင်လဲ့ရှန်းလက်ထဲရှိ အလံတိုင်ဆီမှ ထွက်ပေါ်လာတော့လေသည်။
ထိုအသံနှင့်အတူ အနက်ရောင်ဘောလုံးထဲတွင် ရှိနေသော အနက်ရောင်ချီများနှင့် ယင်ဝိဉာဉ်များမှာ တစ်စုံတစ်ခု၏ ဆွဲယူခြင်း ခံလိုက်ရသည့်အလား ယင်လဲ့ရှန်းလက်ထဲတွင် ရှိနေသော မရဏငရဲခန်းအလံတိုင်ဆီသို့ တိုးဝင်လာကုန်ကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း အနက်ရောင်ချီနှင့် ယင်ဝိဉာဉ်အားလုံး ပျောက်ကွယ်သွားကြလေ၏။
ယခု အနက်ရောင်ဘောလုံးထဲတွင် ရှိနေသော ရန်ကိုင်၊ ဟွာဖေးချန်နှင့် ယင်လဲ့ရှန်းတို့ကို လူတိုင်း မြင်တွေ့နိုင်ကြလေပြီ။ သူတို့၏ အမြင်အာရုံမှာလည်း လုံးဝကို ကြည်လင်လာခဲ့လေသည်။ ယခင်က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့သော အနက်ရောင်ချီများ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေပြီ။ လက်ရှိအချိန်တွင် သူတို့ပတ်ဝန်းကျင်အား အုပ်စီးမိုးနေသည့် အရာဆို၍ ထိုင်းရီပန်းကန်လုံးဆီမှ ထွက်ပေါ်နေသော အလင်းစက်ကွင်းတစ်ခုသာ ရှိတော့လေ၏။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ သူ့စိတ်ထဲ အန္တရာယ်များသည့် ခံစားချက်တို့ ရနေသဖြင့် ဟွာဖေးချန်နှင့် တိုက်ခိုက်နေရင်းမှ မသိမသာလေး ယင်လဲ့ရှန်းဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ယင်လဲ့ရှန်းမှ ကြမ်းကြုတ်စွာပြုံးရင်း သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ “ရန်ကိုင်… အခု မင်း ဘယ်လို အသက်ရှင်နိုင်ဦးမလဲ ငါမြင်ချင်သေးတယ်…”
ယင်လဲ့ရှန်းမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲတွင် ရှိနေသော မရဏငရဲခန်းအလံတိုင်မှာ အနက်ရောင်မြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ထိုအနက်ရောင်မြူခိုးထုအတွင်းမှ အနီရောင်မျက်ဝန်းတစ်စုံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် တစ္ဆေလက်သည်းကြီးနှစ်ဖက် ထွက်ပေါ်လာခဲ့ပြီး ဧရာမပုံရိပ်ကြီးတစ်ခု လူလုံးထွက်လာခဲ့လေ၏။
ထိုပုံရိပ်မှာ ငါးမီတာမက မြင့်မားလှပြီး တစ်ကိုယ်လုံး အနက်ရောင်သန်းနေခဲ့သည်။ ဦးခေါင်းထိပ်တွင် ချိုတစ်ချောင်း ရှိနေခဲ့ပြီး ပါးစပ်တစ်ခုလုံးမှာတော့ အစွယ်များဖြင့် ပြည့်နေခဲ့လေသည်။ ထိုပုံရိပ်ကြီး ပေါ်လာသည်နှင့် ပတ်ဝန်းကျင်အပူချိန်မှာ ရေခဲမှတ်အောက်ထိ ထိုးကျသွားသည့်အလား စတင်၍ ခိုက်ခိုက်တုန်အောင် အေးစက်လာတော့လေသည်။
“တစ္ဆေဘုရင်…” လူအိုကြီးဖု၏ သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့လေသည်။ လက်ရှိအချိန်တွင် မရဏဂိုဏ်းမှ တပည့်များမှာ သူတို့၏အသက်ကို အလောင်းအစား လုပ်လိုက်ပြီဖြစ်ကြောင်း လူအိုကြီးဖု သိလိုက်လေပြီ။ ထိုသို့မဟုတ်ပါက ဤတားမြစ်ပညာရပ်ကို ထုတ်သုံးလိုက်လိမ့်မည် မဟုတ်ချေ။ ဤပညာရပ်ကိုသာ ထုတ်သုံးလိုက်မည်ဆိုပါက သူတို့သေလျှင်သေ မသေလျှင် ရန်သူ သေရပေလိမ့်မည်။
ဤတစ္ဆေဘုရင်မှာ ရှေးဟောင်းကုန်းမြေထဲသို့သွားသည့် လျှိုမြောင်ထဲတွင် မြင်တွေ့ရသော တစ္ဆေဘုရင်နှင့် မတူညီပေ။ ဤတစ္ဆေဘုရင်သည် မရဏငရဲခန်း အလံတိုင်များထဲတွင် ရှိနေသော ယင်ဝိဉာဉ်ပေါင်းများစွာ အတူတကွ ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာသည့် တစ္ဆေဘုရင်တစ်ကောင်ဖြစ်ပြီး လျှိုမြောင်ထဲတွင် ရှိနေသည့် တစ္ဆေဘုရင်မှာမူ သဘာဝအတိုင်း မွေးဖွားလာခြင်း ဖြစ်ကာ ထိုကျင့်ကြံခြင်းအဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။
မည်သို့ပင်ဖြစ်နေစေကာမူ တစ္ဆေဘုရင်မှ ထုတ်လွှတ်နေသည့် အရှိန်အဝါမှာ အလွန်တရာကိုမှ ခြောက်ခြားဖွယ်ရာကောင်းသည်မှာတော့ မေးခွန်းထုတ်စရာမလိုပေ။ တကယ်တမ်းဆိုလျှင် ဤတစ္ဆေဘုရင်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ အရှိန်အဝါနှင့်ပင်လျှင် ယှဉ်နိုင်ပေသေးသည်။ အပြင်ဘက်တွင်ရှိနေသော လူအိုကြီးဖုသည်လျှင် ထိုတစ္ဆေဘုရင်ဆီမှ ဖြာထွက်နေသည့် ယင်ချီကြောင့် တဆတ်ဆတ်တုန်ရီသွားရလေသည်။
အခြားတစ်ဖက်တွင်မူ ကျင့်ကြံခြင်းအဆင့်နိမ့်သော လင်းအာဆိုသည့် ကောင်မလေးကမူ ဘာမှဖြစ်သည့်ပုံမပေါ်။ လက်ရှိအချိန်တွင် သူမ၏ခန္ဓာကိုယ်ပတ်လည်၌ မှိန်ဖျဖျအရောင်အဝါတစ်ခု တောက်ပနေခဲ့သည်။ ထိုအရောင်အဝါသည် ယင်ချီ၏တိုက်စားမှုကို ကာကွယ်ပေးနေခြင်းသာ ဖြစ်လေ၏။
“ဂိုဏ်းတူဦးလေး… ကျုပ်ကို ကူညီပေးပါဦး…” ယင်လဲ့ရှန်းက ထအော်လေသည်။
ဟွာဖေးချန်သည် ရန်ကိုင့်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ယင်လဲ့ရှန်းဘေးနားသို့ ချက်ချင်း ပြန်ဆုတ်သွားလေ၏။ ထို့နောက် သူ့ရင်ဘတ်ကိုထုလျက် သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်လိုက်လေသည်။ ဟွာဖေးချန်၏ သွေးအဆီအနှစ် တစ္ဆေဘုရင်ပေါ်သို့ ရောက်သွားပြီးသည့်နောက်တွင် တစ္ဆေဘုရင်၏ အရှိန်အဝါမှာ ယခင်ကထက်ကို ပိုမိုအားကောင်းလာခဲ့လေ၏။
ထို့နောက်တွင် ဟွာဖေးချန်နှင့် ယင်လဲ့ရှန်းတို့မှာ အလေးအနက်အမူအယာများဖြင့် လက်ကွက်များကို လျင်မြန်စွာ ဖန်တီးလိုက်ကြလေသည်။ နှစ်ဦးစလုံးသည် တစ္ဆေဘုရင်နှင့် ဆက်သွယ်နေကြသည့် ပုံပင်။
ရန်ကိုင်ကမူ အလေးအနက်အမူအယာဖြင့် ထိုအသစ်ဖြစ်ပေါ်လာသည့် တစ္ဆေဘုရင်အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေခဲ့လေသည်။
(အရှေ့ဘက်နယ်မြေက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဆိုတဲ့အတိုင်းပါလား… ဒီလိုပညာရပ်မျိုးကိုတောင် ပိုင်ဆိုင်ထားတာဆိုတော့ တကယ်အထင်ကြီးစရာပဲ…) သူနိုင်တော့မည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ယင်လဲ့ရှန်းသည် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေသည်။ “ရန်ကိုင်… မင်း အဲ့လောက်ထိ အားကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး… ဒါပေမဲ့ မင်း ဒီတစ္ဆေဘုရင်ကိုရော နိုင်မှာမို့လို့လား… ဒါ ငါတို့ဂိုဏ်းက တပည့်တွေ အကုန်လုံး ပူးပေါင်းထားတဲ့ စွမ်းအားပဲ… စိတ်အေးအေးနဲ့ သေလို့ရပြီ…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “မင်း ဒီတစ်နေ့လုံး အဲ့စကားချည်းပဲ ထပ်တလဲလဲပြောနေတာ အာမညောင်းသေးဘူးလား… မင်း ဘယ်လောက်ပြောပြော ဒီသခင်လေးက အခုချိန်ထိ မင်းရှေ့မှာပဲ ရပ်နေသေးတာကို မတွေ့တာလား…”
ယင်လဲ့ရှန်းက ဒေါမာန်တကြီးဖြင့် ပြန်၍ အော်ပြောလိုက်လေသည်။ “သေလိုက်ပေတော့…”
သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်၏မျက်လုံးများမှာ အနီရောင်တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ရန်ကိုင့်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
“ဝါးမျိုပစ်လိုက်စမ်း…” ရန်ကိုင်သည် မရေမတွက်နိုင်သော ဝိဉာဉ်ဝါးမျိုအင်းစက်များကို ထိန်းချုပ်၍ တစ္ဆေဘုရင်ဆီသို့ ပျံသန်းသွားစေလိုက်လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
အနက်ရောင်အင်းစက်တိမ်တိုက်ကြီးမှာ တစ္ဆေဘုရင်အား သွားဝင်ဆောင့်လေ၏။ တစ္ဆေဘုရင်၏ အရှိန်အဟုန်ကြောင့် ထိုအင်းစက်များမှာ မြေပြင်ပေါ်သို တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျကုန်ကြလေသည်။
တစ္ဆေဘုရင်မှာတော့ ဘာမှ ဖြစ်သွားခြင်း မရှိဘဲ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင့်ဆီသို့သာ ဆက်လက် တိုးဝင်လာနေခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် ယင်လဲ့ရှန်းက ဝါးလုံးကွဲအော်ရယ်မောလျက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “အဲ့မှာ မောက်မာချင်ဦး… အခုလိုဖြစ်တာ နည်းတောင်နည်းသေးတယ်…”
ရန်ကိုင်ကမူ လှောင်ပြုံးသာ ပြုံးရင်း ထွက်ပြေးမည့်အရိပ်အယောင်မပြဘဲ သူ့ဆီသို့ ပြေးဝင်လာနေသော တစ္ဆေဘုရင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
ဝါးလုံးကွဲအော်ဟစ်ရယ်မောနေရင်းမှ အောက်သို့ ပြုတ်ကျသွားသော အနက်ရောင်အင်းစက်များသည် သူ့အလိုလို ပြန်ကုန်းထလာပြီး တစ္ဆေဘုရင်ဆီသို့ ပြန်လည်တိုးဝင်လာကြောင်းကို တွေ့ရှိလိုက်ရသည့်အခိုက် ယင်လဲ့ရှန်း၏ အော်ဟစ်ရယ်မောသံတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ရလေသည်။
“ခရက်…”
“ဂျွတ်…”
ရုတ်တရက်ဆိုသလို တစ်ကောင်ကောင်မှ ပစ္စည်းတစ်ခုခုအား ကိုက်ဖြတ်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် တစ္ဆေဘုရင်၏မျက်နှာထက် နာကျင်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ခြေလှမ်းများမှာလည်း ရုတ်ချည်း ရပ်တန့်သွားခဲ့ရလေသည်။
“ဒါက…” ယင်လဲ့ရှန်းမှာ ထိုမြင်ကွင်းကိုကြည့်ရင်း မှင်တက်နေခဲ့လေသည်။ ဤထူးဆန်းသော အင်းစက်များသည် တစ္ဆေဘုရင်ကိုပင်လျှင် ဝါးမျိုပစ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထိုအနက်ရောင်အင်းစက်အုပ်ကြီးကိုကြည့်ရင်း ရုတ်တရက်ဆိုသလို ဟွာဖေးချန်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ မကြာမီတွင် တစ်ခုခုအား ပြန်အမှတ်ရသွားသည့်အလား ကြောက်လန့်တကြား ထအော်လေသည် “ဝိဉာဉ်ဝါးမျိုအင်းစက်တွေ… အဲ့ဒါတွေက ဝိဉာဉ်ဝါးမျိုအင်းစက်တွေပဲ…”
ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဟွာဖေးချန်သည် နှစ်ပေါင်းများစွာအောင် အသက်ရှင်လာခဲ့သူတစ်ဦး ဖြစ်သည်ဟု ပြော၍ရကာ သူ၏ ဗဟုသုတမှာ အတော်လေးကိုမှ ကြွယ်ဝပေသည်။ ထို့အတွက်ကြောင့် ဝိဉာဉ်ဝါးမျိုအင်းစက်များအကြောင်း သိနေသည်မှာ အထူးအဆန်းတော့မဟုတ်။
ထိုအင်းစက်များကို မြင်မြင်ချင်း မမှတ်မိရခြင်းမှာ ရန်ကိုင် ထုတ်ယူလာသည့် အင်းစက်များသည် ရှေးဟောင်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသော အင်းစက်များနှင့် အရွယ်အစား၊ ပုံပန်းသဏ္ဍာန်နှင့် ရက်စက်မှုခြင်းပါ မတူညီသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ယခုမှသာလျှင် ထိုအင်းစက်များသည် မည်သို့သော အင်းစက်များ ဖြစ်သလဲ ဆိုသည်ကို နားလည်သွားခဲ့ခြင်းဖြစ်လေသည်။
ထိုအင်းစက်များမှာ ဝိဉာဉ်ဝါးမျိုအင်းစက်များ ဖြစ်နေမှန်း သိလိုက်သည့်နောက် ဟွာဖေးချန် အကြောက်ကြီး ကြောက်သွားတော့လေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များ မည်မျှ အားကောင်းသလဲ ဆိုသည်ကို ယင်လဲ့ရှန်း သိလိမ့်မည် မဟုတ်သော်ငြား သူတို့၏ မရဏငရဲခန်းအလံတိုင်နှင့် ယင်ဝိဉာဉ်များမှာ ထိုအင်းစက်၏ ပြိုင်ဘက်များ မဟုတ်နိုင်မှန်းကိုတော့ ဟွာဖေးချန် ကောင်းကောင်း သိနေခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် သူတို့ဂိုဏ်းမှ တပည့်ပေါင်းများစွာ ဆိုးဆိုးရွားရွား ထိခိုက်သွားရခြင်း ဖြစ်ပေသည်။
ဟွာဖေးချန်မှ အထိတ်တလန့်ဖြင့် အော်ဟစ်နေစဉ်အတောအတွင်း လွင့်စင်ထွက်သွားသော ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ ပြန်ကုန်းထလာလျက် တောင်ပံများကိုခတ်ရင်း တဝီဝီမြည်သံပြုကာ တစ္ဆေဘုရင်ဆီသို့ ဆက်လက်တိုးဝင်သွားကြပြန်လေသည်။
လက်ရှိအချိန်တွင် ဧရာမတစ္ဆေဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး ဝိဉာဉ်ဝါးမျိုအင်းစက်များဖြင့် ပြည့်နှက်နေခဲ့လေရာ သူ၏မျက်လုံးနှစ်လုံးသည်သာ လွတ်နေတော့လေ၏။
ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ ကိုက်ခဲခြင်း ခံနေရသည့်နောက်တွင် တစ္ဆေဘုရင်မှာ နာကျင်စွာ အော်ဟစ်နေရင်းမှ ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့ ထိန်းချုပ်မှုမှ တဖြည်းဖြည်း လွတ်ထွက်လာနေခဲ့လေသည်။
အခြေအနေမကောင်းတော့မှန်း သိလိုက်သော် ဟွာဖေးချန်က အလျင်စလို အော်ပြောလိုက်လေ။ “ငါတို့ ဒီကောင့်ကို မြန်မြန်အဆုံးသတ်ပစ်မှရတော့မယ်…”
ဝိဉာဉ်ဝါးမျိုအင်းစက်များ ပါလာပြီ ဖြစ်သည့်အတွက်ကြောင့် အချိန်ဆွဲနေ၍ မရတော့ချေ။ ဆက်၍သာ အချိန်ဆွဲနေမည်ဆိုလျှင် တစ္ဆေဘုရင်သည် ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ အပြီးတိုင် ဝါးမျိုပစ်ခြင်း ခံလိုက်ရပေလိမ့်မည်။ ထိုသို့ဖြစ်သွားသည့်အခါ သူနှင့် ယင်လဲ့ရှန်းတို့နှစ်ဦးစလုံး တစ္ဆေတစ်သောင်းကိုက်ချက် ဘေးထွက်ဆိုးကျိုးကို ခံစားကြရပေလိမ့်မည်။
ထိုတစ္ဆေတစ်သောင်းကိုက်ချက်ကြောင့်ပင် သူတို့ဂိုဏ်းမှ တပည့်များစွာ သေဆုံးသွားခဲ့ရလေပြီ။ ဟွာဖေးချန်မှာ သူ့တပည့်များ၏လမ်းစဉ်အတိုင်း လိုက်မသွားချင်ပေ။
ယင်လဲ့ရှန်းမှာလည်း ထိုအချက်ကိုသိထားသည်။ ထို့အတွက်ကြောင့် ဟွာဖေးချန်မှ ပြောလာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း စတင် လှုပ်ရှားတော့လေ၏။
“ဝေါင်း…”
တစ္ဆေဘုရင်သည် ရုတ်တရက် ကျယ်လောင်စွာ ထအော်လေသည်။ ၎င်း၏မျက်လုံးနှစ်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းသွားသည့်အလား ပို၍ နီရဲတောက်လာခဲ့လေသည်။ ထို့နောက်တွင် ၎င်း၏ခန္ဓာကိုယ်ကို ကိုက်ခဲနေသော ဝိဉာဉ်ဝါးမျိုအင်းစက်များအား ဂရုစိုက်မနေတော့ဘဲ ရန်ကိုင့်တည့်တည့်သို့ စိုက်ကြည့်လိုက်လေသည်။ တစ်ချိန်တည်တွင်း ၎င်း၏ တစ္ဆေလက်သည်းများထဲ၌ ပိန်းပိန်းပိတ် မည်းမှောင်နေသော တံစဉ်တစ်ချောင်း ထွက်ပေါ်လာခဲ့ပြီး ထိုတံစဉ်ဖြင့် ရန်ကိုင့်တည့်တည့်သို့ ခုတ်ချလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၅၃)
တစ္ဆေဘုရင်၏ တိုက်ခိုက်မှုမှာ အလွန်တရာကိုမှ အားကောင်းလှသည်။ ၎င်း၏တိုက်ကွက်သည် ရန်ကိုင့်ဆီသို့ မရောက်သေးပါသော်ငြား ၎င်းတိုက်ကွက်ကြောင့် ဖြစ်ပေါ်လာသော လေအဟုန်သည် ရန်ကိုင့်၏အသားစများကို ဓါးသွားများနှယ် ဖြတ်တောက်ပစ်နေခဲ့လေသည်။
“ဝုန်း…” ရန်ကိုင်သည် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်လျက် အနန္တဓါးဖြင့် ပြန်လည်၍ ခုခံလိုက်လေ၏။
ထို့နောက်တွင် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ တစ္ဆေဘုရင်၏ ဧရာမခန္ဓာကိုယ်ကြီး နောက်သို့ တစ်ချက် ယိမ်းထိုးသွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့နှစ်ဦးစလုံးမှာ မျက်လုံးအပြူးသား ဖြစ်သွားကုန်ကြလေသည်။
ရန်ကိုင့်မှာတော့ ကြိုးပျက်သွားသည့် စွန်တစ်ခုနှယ် နောက်သို့ လွင့်စင်ထွက်သွားကာ အလင်းစက်ကွင်းနှင့် သွားဝင်ဆောင့်လေသည်။
တစ္ဆေဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက် ရန်ကိုင် အတော်လေးကိုမှ ထိတ်လန့်သွားခဲ့လေသည်။ တစ္ဆေဘုရင် ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရန်ကိုင် လွင့်စင်ထွက်သွားသည်ကိုမြင်သော် ယင်လဲ့ရှန်းက ဝါးလုံးကွဲအော်ရယ်မောလိုက်လေ၏။ “ငါနဲ့ ဂိုဏ်းတူဦးလေးဟွာ အတူပူးပေါင်းလိုက်တဲ့ချိန် ဒီတစ္ဆေဘုရင်က ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးလောက်ထိကို အားကောင်းသွားပြီ… ရန်ကိုင် မင်း အခုခွန်အားလေးနဲ့ ငါတို့ကို ဘယ်လိုရင်ဆိုင်မှာလဲကွ… လာစမ်းပါ… မင်းရဲ့ သေခြင်းတရားကို ဝမ်းပန်းတသာနဲ့ လက်ခံလိုက်စမ်းပါ…”
ထိုသို့ပြောနေရင်း တစ္ဆေဘုရင်ကို ထိန်းချုပ်၍ ရန်ကိုင့်အား နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခိုင်းလိုက်သည်။
တစ္ဆေဘုရင်၏ အနက်ရောင်တံစဉ်ကြီးသည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင့်တည့်တည့်သို့ ထပ်မံ၍ တိုးဝင်လာပြန်လေသည်။
ထို့နောက်တွင် တံစဉ်မှာ ရန်ကိုင့်၏ခန္ဓာအား ထက်ဝက်ပိုင်းသွားခဲ့လေ၏။
မကြာခင်တွင် ဟွာဖေးချန်က မျက်ခုံးပင့်လျက် ရေရွတ်လိုက်လေ၏။ “ပုံရိပ်ယောင်လား…”
နှစ်ဦးအတူ ပူးပေါင်းလိုက်ကြပြီးသည့်နောက်တွင် သူတို့၏ အာရုံခံစားနိုင်စွမ်းမှာ ပို၍ ထက်ရှလာခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် ထွက်ပြေးသွားပြီမှန်း နှစ်ဦးစလုံး သိလိုက်ကြသည်။ တစ္ဆေဘုရင်၏တံစဉ် ဖြတ်တောက်သွားသည့်အရာမှာ ရန်ကိုင်ချန်ထားရစ်ခဲ့သည့် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်လေသည်။
“တစ္ဆေဘုရင် ပြန်လာခဲ့…” ယင်လဲ့ရှန်းက တုံ့ဆိုင်းခြင်းမရှိ အော်ဟစ်လိုက်ပြီးသည့်နောက် လက်ကွက်များကို ဖန်တီးလိုက်လေသည်။ ရုတ်ချည်းဆိုသလို တစ္ဆေဘုရင်သည် အနက်ရောင်မြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားခဲ့ပြီး မူလရှိနေရာမှ အဆန်းတကြယ် ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင့်၏ ပုံရိပ်သည်လည်း ယင်လဲ့ရှန်း၊ ဟွာဖေးချန်တို့နှင့် ဆယ်မီတာခန့်အကွာ၌ ထူးဆန်းစွာ ပြန်ပေါ်လာခဲ့လေသည်။ ပေါ်လာပြီးပြီးချင်းမှာပင် အနန္တဓါးကိုဝှေ့ယမ်းလျက် ခုတ်ချလိုက်လေ၏။
သို့သော်ငြား ယင်လဲ့ရှန်းမှာမူ ရုတ်တရက်ပေါ်လာသည့် ရန်ကိုင့်ကို မြင်လိုက်သည့်တိုင် အနည်းငယ်မျှပင် ကြောက်ရွံ့သွားခြင်းမရှိ။ ရုတ်တရက်ဆိုသလို အနက်ရောင်မြူခိုးတိမ်တိုက်များသည် ရန်ကိုင့်၏ကျောဘက်တွင် ထူးဆန်းစွာ ထွက်ပေါ်လာခဲ့ပြီး ထိုမြူခိုးထဲမှ တစ္ဆေဘုရင်၏ အနက်ရောင်တံစဉ်ကြီးသည် ရန်ကိုင့်အား ရေပြင်ညီအတိုင်း ခုတ်ချလာခဲ့လေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ တစ္ဆေဘုရင် မည်သည့်နည်းကိုသုံး၍များ သူ့နောက်သို့ လိုက်လာနိုင်ခဲ့သလဲ ဆိုသည်ကို မပြောနိုင်ခဲ့ပေ။ တစ္ဆေဘုရင်သည် အသားပေါ်တွယ်ကပ်နေသည့် လောက်များနှယ် အလွန်ကိုမှ စိတ်ညစ်စရာ ကောင်းလွန်းလှပေသည်။ တစ္ဆေဘုရင်အား ထိပ်တိုက် မရင်ဆိုင်လိုသည့်အတွက်ကြောင့် တစ္ဆေဘုရင်ကို ထိန်းချုပ်နေကြသည့် ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့အား အရင်ဆုံး ရှင်းပစ်ရန် ကြိုးစားခဲ့ပါသော်ငြား သူ့အစီအစဉ် အလုပ်မဖြစ်တော့သည့်ပုံပင်။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း မူလနေရာမှ ထပ်မံ၍ တည်နေရာခုန်ကူးလိုက်ရပြန်လေသည်။ ရန်ကိုင်ပြန်ပေါ်လာသည့်အခါ မီတာပေါင်းများစွာအကွာသို့ ရောက်နေလေ၏။
“ရန်ကိုင်… မင်း ယောက်ျားဆိုလို့ရှိရင် ထွက်ချည်းပဲ ပြေးမနေနဲ့… ထိပ်တိုက် လာရင်ဆိုင်လိုက်…” ယင်လဲ့ရှန်းက ဒေါသတကြီး ထအော်လေသည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ ပိတ်လှောင်ထားခြင်း ခံနေရသော်ငြား ထိုပိတ်လှောင်ထားသည့် အကွာအဝေးအတွင်း ရန်ကိုင်မှာ လေဟာနယ်တာအိုကို အသုံးပြုနိုင်သေးသည့်အတွက်ကြောင့် ဟိုမှသည်သို့ တည်နေရာခုန်ကူးနိုင်နေ၏။ ထို့အတွက်ကြောင့် သူမည်သို့ပင် ကြိုးစားနေစေကာမူ ရန်ကိုင့်အား မတိုက်ခိုက်နိုင် ဖြစ်နေခဲ့ရလေသည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါ့ကိုမပြောခင် မင်းကိုယ်မင်း အရင်ပြန်ကြည့်ဦး… မင်းရဲ့ ဂိုဏ်းတူဦးလေးနဲ့ တပည့်တွေပါ အကုန်ပူးပေါင်းပြီးတော့ ငါ့ကို လာတိုက်ခိုက်နေတာ… သတ္တိရှိလို့ရှိရင် မင်းတစ်ယောက်တည်း ငါ့ကို လာတိုက်ခိုက်ပါလား…”
ရန်ကိုင့်စကားကြောင့် ယင်လဲ့ရှန်း ရှက်သွားခဲ့လေသည်။ သို့သော်ငြား ခေါင်းမာမာဖြင့် ဆက်၍ ပြောလိုက်လေသည်။ “မင်းမှာအရည်အချင်းရှိရင် ငါ့လိုမျိုး ဂိုဏ်းတူဦးလေးတွေ ဂိုဏ်းတူညီအစ်ကိုတွေ လိုက်ရှာပြီး ခေါ်လာလိုက်လေ… အဲ့ဒါဆိုရင် ငါ ဘာမှ ပြန်ပြောမှာမဟုတ်ဘူး…”
ရန်ကိုင်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် မင်းလည်း ငါ့လိုမျိုး ထွက်ပြေးနိုင်အောင် ကြိုးစားပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ယင်လဲ့ရှန်းအား အနန္တဓါးဖြင့်ချိန်ရွယ်လျက် ရန်စလိုက်လေသည်။ “ယင်လဲ့ရှန်း… ဒီနေ့ ဒီနေရာမှာပဲ ငါတို့ကြားက ရန်ကြွေးကို ရှင်းကြတာပေါ့ကွာ… မင်း ယောက်ျားဆိုလို့ရှိရင် ဒီသခင်လေးနဲ့ တစ်ယောက်ချင်း လာတိုက်ခိုက်လိုက်… ငါ မင်းကို မင်းအမေတောင် မမှတ်မိတော့တဲ့အထိ မရိုက်နိုင်ခဲ့ရင် ကြိုက်သလိုပြော…”
“ငါ့အမေက သေသွားပြီကွ… မင်း ဘာဖြစ်လို့ သူ့ကို ဒီကိစ္စထဲ ဆွဲထည့်နေရတာလဲ…” ယင်လဲ့ရှန်းက ဒေါသတကြီး ပြန်ပြောလေ၏။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ဘယ်လိုပဲဖြစ်ဖြစ် မင်းက မရဏဂိုဏ်းရဲ့ ထိပ်တန်းတပည့်တစ်ယောက်လေ… ဒါ့အပြင် ကန္တာရကြယ်စီရင်စုကြီးတစ်ခုလုံးရဲ့ ထိပ်တန်း နံပတ်တစ်ပညာရှင်လည်း ဖြစ်သေးတယ် … အဲ့ဒါကိုတောင်မှ မင်းက ငါနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ဖို့ ကြောက်နေတာလား…”
ယင်လဲ့ရှန်းမျက်နှာ သုန်မှုန်သွားခဲ့ပြီး သူ့ရင်ထဲ ဒေါသတရားတို့ လှိုက်တက်လာခဲ့လေသည်။ သူထိန်းချုပ်နေသည့် တစ္ဆေဘုရင်သည်ပင်လျှင် ဒေါသတရားတို့ဖြင့် လောင်မြိုက်လာခဲ့လေ၏။
မရဏဂိုဏ်း၏ ထိပ်တန်းတပည့်ဖြစ်စေ၊ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ နံပတ်တစ်ပညာရှင်ဖြစ်စေ ထိုအရာများသည် ယင်လဲ့ရှန်းမှ ဂုဏ်ယူဝံ့ကြွားရသည့် အရာများ ဖြစ်ကြပေသည်။ အခြားလူတစ်ဦးကသာ သူ့အား ဤကဲ့သို့ စော်ကားမော်ကားဖြင့် လာပြောမည်ဆိုပါက တစ်ခါတည်းရိုက်သတ်လိုက်မည် ဖြစ်ပါသော်ငြား ယခုပြောနေသည့်လူမှာ သူပင်လျှင် ထိပ်တိုက်ရင်မဆိုင်ရဲသည့် ရန်ကိုင် ဖြစ်နေခဲ့သည်။
ယင်လဲ့ရှန်းမှာ ရန်ကိုင့်၏ခွန်အားအကြောင်းကို အတော်လေး ကောင်းကောင်းကန်းကန်း သိနေခဲ့လေပြီ။ တစ်ယောက်ချင်းသာ ယှဉ်တိုက်မည်ဆိုပါက သူ့အနေဖြင့် ရန်ကိုင့်အား မည်သို့မျှ အနိုင်မယူနိုင်ကြောင်း သိထားသည်။
“ဂိုဏ်းတူတူလေး… ဒီကောင် အချိန်ဆွဲဖို့ လုပ်နေတာ…” ဟွာဖေးချန်က တစ္ဆေဘုရင်အား တစ်ချက်လှမ်းကြည့်ရင်းမှ ယင်လဲ့ရှန်းကို သတိပေးလိုက်လေသည်။
လက်ရှိအချိန်တွင် မရေမတွက်နိုင်သော ဝိဉာဉ်ဝါးမျိုအင်းစက်များသည် တစ္ဆေဘုရင်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ကိုက်ခဲနေကြလေ၏။ ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ ကိုက်ခဲမှုကြောင့် တစ္ဆေဘုရင်၏ခွန်အားကို တတိတိနှင့် လျော့ကျလာနေသည်ကို ဟွာဖေးချန် ခံစားမိနေခဲ့လေသည်။ ရန်ကိုင့်ကိုသာ အချိန်တိုအတွင်း မသတ်ပစ်ပါက တစ္ဆေဘုရင်မှာ လုံးဝကို ပျောက်ကွယ်သွားရပေတော့မည်။
တစ္ဆေဘုရင် ပျောက်ကွယ်သွားသည့်နောက် သူတို့သာလျှင်မဟုတ် အစီအရင်အား ထိန်းချုပ်နေကြသည့် တပည့်အားလုံးသည်လည်း တစ္ဆေတစ်သောင်းကိုက်ချက်ဟူသော ဘေးထွက်ဆိုးကျိုးကို ခံစားရပေလိမ့်မည်။
“ကျုပ်သိတယ်…” ယင်လဲ့ရှန်းက အံကြိတ်လျက် ပြန်ပြောလိုက်လေ၏။
“ငါတို့ နှောင့်နှေးနေလို့မရတော့ဘူး… အခုချက်ချင်း လှုပ်ရှားမှ ရလိမ့်မယ်…” ထိုသို့အော်ဟစ်ပြီးသည့်နောက်တွင် ဟွာဖေးချန်သည် လက်ကွက်များကို နောက်တစ်ကြိမ် ဖန်တီးလိုက်လေသည်။
ယင်လဲ့ရှန်းသည်လည်း တစ်ချိန်တည်း လှုပ်ရှားနေရင်းမှ အပြင်ဘက်တွင်ရှိနေသော လင်းအာဆီသို့ တစ်ချက်လှမ်းကြည့်လိုက်၏။
“အမှိုက်ကောင်တွေ…” လင်းအာက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ဒီလောက် လူအများကြီးနဲ့ ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်ကို အားကိုးပြီး တိုက်ခိုက်နေတာတောင် လူတစ်ယောက်တည်းကို မသတ်နိုင်သေးဘူး… မရဏဂိုဏ်းက တပည့်တွေ တကယ်ကို အသုံးမဝင်တာပဲ… အစောကြီးတည်းက အခုလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် လုံးဝ မကူညီပေးခဲ့ပါဘူး…”
ယခုမူ သူမ၏ဒေါသကို ဖွင့်မထုတ်နိုင်ရုံမက သူမစိတ်ထဲ ပို၍ပင် ဒေါသထွက်လာခဲ့ရသည်။ အထူးသဖြင့် ရန်ကိုင်မှ အထက်စည်းဖြင့် တစ်ဖက်လူအား ဖိနှိပ်နေသည်ကို မြင်နေရသည့်အချိန်မျိုးတွင်ပင်။ လင်းအာမှာ ဒေါသထွက်လွန်းသဖြင့် သူမကိုယ်တိုင်သွားပြီး ရန်ကိုင့်အား သင်ခန်းစာပေးချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့လေသည်။
သူမကိုယ်တိုင်သည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ရှိသေးသည်ဟူသော အချက်ကိုတော့ တစ်ခါမှ စဉ်းစားမိခဲ့ခြင်း မရှိချေ။ သူမအရည်အချင်းဖြင့် ရန်ကိုင့်အား မည်သို့များ သင်ခန်းစာပေးနိုင်ပါမည်နည်း။ ဟွာဖေးချန်၊ ယင်လဲ့ရှန်းနှင့် အခြားသော မရဏဂိုဏ်းများမှ တပည့်များ ရန်ကိုင့်တစ်ယောက်တည်းကို တိုက်ခိုက်ရန်အတွက် မည်မျှဒုက္ခရောက်နေကြောင်းကိုလည်း သူမ မမြင်။ သူမ သိသည်မှာ ထိုလူများကို အပြစ်တင်ဖို့ရာသာ ဖြစ်လေသည်။
“ဝေါင်း…” မရဏဂိုဏ်းမှ ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးသည် ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်သည်လား မသိရ တစ္ဆေဘုရင်သည် ကောင်းကင်ပေါ်သို့မော့၍ ရုတ်တရက် ထအော်လေသည်။ ၎င်းလက်ထဲတွင် ကိုင်စွဲထားသည့် အနက်ရောင်တံစဉ်ကြီးမှာလည်း အားကောင်းလှသည့် အရှိန်အဝါများဖြင့် တလက်လက်တောက်ပလာခဲ့ပြီး တစ္ဆေဘုရင်သည် မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင့်ရှေ့သို့ ရောက်သွားကာ ၎င်း၏တံစဉ်အား ခုတ်ပိုင်းချလိုက်လေသည်။
ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ “မင်း ဒီအတိုင်းပဲ ထပ်တိုက်နေဦးမှာလား… နည်းနည်းပါးပါး ပိုကောင်းတဲ့နည်းလမ်းလေး မစဉ်းစားတတ်တော့ဘူးလား… ဟမ်…”
ရန်ကိုင့်အနေဖြင့် ယင်လဲ့ရှန်းတို့အား ထိပ်တိုက်ရင်ဆိုင်စရာမလိုပေ။ တစ်ဖက်လူအား ခွန်အားကုန်အောင် အချိန်ဆွဲထားရုံဖြင့်ပင်လျှင် နိုင်ပွဲသည် သူ့အတွက် ဖြစ်နေလေပြီ။ သူကိုယ်တိုင်ပင် ဘာမှလုပ်စရာမလို ဝိဉာဉ်ဝါးမျိုအင်းစက်များမှ တစ္ဆေဘုရင်ကို တောက်လျှောက်ကိုက်ခဲထားရုံဖြင့် ဤတိုက်ပွဲသည် သူ မတိုက်ခိုက်ဘဲနှင့်ပင် ပြီးသွားလေမည်။ ထို့အတွက်ကြောင့် တစ္ဆေဘုရင်မှ သူ့ဆီသို့ တိုးဝင်လာသည်ကို မြင်သည့်အခါ ရန်ကိုင်သည် တည်နေရာခုန်ကူးရန် ပြင်လိုက်လေသည်။
သို့သော်ငြား ထိုစဉ်မှာပင် အဖြူရောင်အလင်းစက်ကွင်းတစ်ခုလုံးအား လွှမ်းခြုံထားသည့် ဧရာမပန်းပွင့်ပုံရိပ်ကြီးမှာ စတင်၍ လှုပ်ရှားလာတော့လေ၏။ ၎င်း၏သစ်ကိုင်းအခက်တစ်ခက်သည် ရန်ကိုင့်ဆီသို့ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် တိုးဝင်လာခဲ့လေသည်။
ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ပေ။
ထိုအဖြူရောင်အလင်းစက်ကွင်းမှာ မရဏဂိုဏ်းမှ တပည့်များ ဖန်တီးထားခြင်း ဖြစ်သည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ချီဟဲဖုန်းပြောသည်ကို ကြားရသလောက် ကောင်းကင်ပိတ်လှောင်ခြင်းအစီအရင်သည် ပတ်ဝန်းကျင်အား ပိတ်လှောင်ထားရုံ သက်သက်သာ ဖြစ်လေသည်။ ထိုအစီအရင်တွင် အခြားသော အတိုက်အခိုက်စွမ်းရည်များ ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း အလစ်အငိုက်မိသွားခဲ့ပြီး သူ့လက်မောင်းတစ်ဖက်မှာ သစ်ကိုင်း၏ ချုပ်နှောင်ခြင်း ခံလိုက်ရလေသည်။ ရန်ကိုင့်မှာ ထိုသစ်ကိုင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်ပါသော်ငြား မည်သို့မှ မရုန်းထွက်နိုင်ခဲ့ပေ။
ထိုကိစ္စမှာ ထိုမျှနှင့်ပင် မပြီးပြတ်သေး။ ပုံရိပ်ယောင်ပန်းပွင့်သည် နောက်တစ်ကြိမ် လှုပ်ခါလာပြီး ၎င်း၏အကိုင်းအခတ်များမှာ ထပ်မံပျံသန်းထွက်လာကာ ရန်ကိုင့်၏ အခြားလက်မောင်းတစ်ဖက်နှင့် ခြေထောက်နှစ်ချောင်းကို ချုပ်နှောင်ပစ်လိုက်လေ၏။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင့်လက်မောင်းများနှင့် ခြေထောက်များမှာ သစ်ကိုင်းများ၏ ချုပ်နှောင်ခြင်း ခံလိုက်ရလေရာ ရန်ကိုင့်မှာ လေထဲတွင် ကားကားကြီးဖြစ်သွားခဲ့လေသည်။ ထိုသစ်ကိုင်းများမှာ ရန်ကိုင့်အား ချုပ်နှောင်ထားပြီးသည့်နောက် ရန်ကိုင်သို့ လေပေါ်သို့ တဖြည်းဖြည်း မြှောက်လိုက်လေ၏။
ရုတ်တရက်ဆိုသလို ရန်ကိုင်သည် အနီရောင်ဝတ်ရုံဝတ်ကောင်မလေးဖြစ်သည့် လင်းအာဆီသို့ လှမ်းကြည့်လိုက်လေ၏။ လင်းအာ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေပြီး ကျင့်စဉ်တစ်ခုကို ထုတ်သုံးနေသည့်အလား လက်ကွက်များကို အလျင်စလို ဖန်တီးနေခဲ့လေသည်။
(ဒီတော့ သူ့လက်ချက်ပေါ့…) ရန်ကိုင် ရုတ်တရက် အကြောင်းစုံကို နားလည်သွားတော့သည်။ ထိုအခါ ဒေါသတကြီးဖြင့် အံကြိတ်လိုက်လေ၏။ “ကောင်မလေး… နင် တကယ်သေချင်နေတာပဲ…”
ယခင်က ထိုကောင်မလေး၏ နောက်ခံကို စိတ်ပူသည့်အတွက်ကြောင့် ရန်ကိုင်သည် သူမအား သင်ခန်းစာသေးသေးလေးသာ ပေးခဲ့ပေသည်။ သူမ မရဏဂိုဏ်းသားများနှင့် ပူးပေါင်းနေသည်ကို မြင်တွေ့နေရသည့်တိုင် ရန်ကိုင်သည် သူမအား ဘာမှလုပ်ရန် မစဉ်းစားထားပေသေးချေ။ ရန်ကိုင့်၏အစီအစဉ်မှာ မရဏဂိုဏ်းမှ လူအားလုံးကို ရှင်းထုတ်ပစ်ရန်သာ ဖြစ်လေသည်။
သို့သော်ငြား ထိုကောင်မလေးတွင် ဤကဲ့သို့သော ဝှက်ဖဲများ ရှိနေလိမ့်မည်ဟု မည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။ အလစ်အငိုက် မိသွားပြီးသည့်နောက်တွင် ရန်ကိုင့်မှာ ထိုကောင်မလေးအား တကယ်ကို သတ်ပစ်ချင်လာတော့လေသည်။
လင်းအာမှာလည်း ရန်ကိုင့်မျက်နှာထက်ရှိ သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေသည့် အမူအယာကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အံကိုတင်းတင်းကြိတ်ကာ ပြန်ပြောလိုက်လေ၏။ “နင်သေရင် ငါသေတော့မှာမဟုတ်ဘူး… ဟုတ်တယ်မလား…”
ယင်လဲ့ရှန်းက ဝါးလုံးကွဲအော်ရယ်မောလျက် ပြောလိုက်လေသည်။ “သခင်မလေး လုပ်တာတော်တယ်… အခု ဒီခွေးသူတောင်းစား ဘယ်လိုထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့…”
ဟွာဖေးချန်မှာ ဘာမှမပြောခဲ့ပါသော်ငြား သူ၏ဧကရာဇ်ချီကို အတတ်နိုင်ဆုံးလှည့်ပတ်လျက် တစ္ဆေဘုရင်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခဲ့လေသည်။
သေခြင်းတရားကိုသယ်ဆောင်လာသော အနက်ရောင်တံစဉ်ကြီးမှာ ရန်ကိုင့်တည့်တည့်သို့ ကျဆင်းလာခဲ့လေ၏။
ယင်လဲ့ရှန်းသည် ရန်ကိုင်သေဆုံးသွားသည့်ပုံကို သေချာမြင်ချင်သည့်အလား မျက်လုံးကို ပြူးပြူးဖွင့်ထားခဲ့လေသည်။
ဟွာဖေးချန်သည်လည်း ပြုံးနေခဲ့လေ၏။ ယခုတွင် သူစိတ်ပူနေရသည့်ကိစ္စမှာ ပြီးပြတ်သွားတော့ပေမည်။
ထိုတိုက်ခိုက်မှု သူ့ဆီသို့ တိုးဝင်လာသည့်အခိုက် ရန်ကိုင့်၏ သူငယ်အိမ်များ အပ်တစ်ချောင်းအရွယ်တမျှ ကျုံ့ဝင်သွားခဲ့ပြီး ထအော်လေ၏။ “နဂါးအသွင်ပြောင်းလဲခြင်း…”
မိုးခြိမ်းမတတ် ဟိန်းဟောက်သံနှင့်အတူ ရွှေနဂါးပုံရိပ်တစ်ခု ရန်ကိုင့်ကျောဘက်တွင် ထွက်ပေါ်လာခဲ့လေ၏။ ထိုနဂါးပေါ်လာသည်နှင့် တစ်ပြိုင်နက် နဂါးဖိအားသည်ပါ ဘေးပတ်ပတ်လည်အနှံ့ ပြန့်နှံ့သွားခဲ့လေသည်။ ရန်ကိုင့်ဆီသို့ တိုးဝင်လာနေသော တစ္ဆေဘုရင်သည်ပင်လျှင် ယာယီမျှ အေးခဲသွားခဲ့ပြီး ၎င်း၏တံစဉ်ကြီးမှာလည်း လေထဲ တုံ့ခနဲ ရပ်သွားခဲ့သည်။
ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်မှာ ရန်ကိုင့်၏ကျောဘက်တွင်ပေါ်လာသည့် နဂါးကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အပြင်ဘက်တွင် ရှိနေသည့် လင်းအာဆိုသည့် ကောင်မလေးမှာ နဂါးဖိအားဒဏ်ကို မခံနိုင်တော့သည့်အတွက်ကြောင့်လားမသိ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တဆတ်ဆတ်တုန်ရီလာခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျခါနီး ဖြစ်သွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ထိုင်းရီပန်းကန်လုံး၏ စွမ်းအားမှာလည်း သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။
လင်းအာသည် မူလကတည်းက ဤဧကရာဇ်အဆင့် မှော်ရတနာ၏စွမ်းအားကို အပြည့်အဝ ထုတ်မသုံးနိုင်ခြင်း ဖြစ်ပေသည်။ သူမ၏လက်ရှိခွန်အားဖြင့် ထိုမှော်ရတနာကို အကြာကြီး ထုတ်မသုံးနိုင်ချေ။ ယခု နဂါးဖိအား၏ သက်ရောက်ခြင်းပါ ခံလာရသည့်အခါ အဖြူရောင်အလင်းစက်ကွင်းမှာ ပြိုကျတော့မည့်အရိပ်အယောင်များ ပြလာတော့လေ၏။ သို့သော်ငြား သူမသာ လက်လျှော့လိုက်မည်ဆိုပါက ရန်ကိုင်ထွက်ပြေးသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် အံကိုတင်းတင်းကြိတ်၍ မှော်ရတနာကို အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်လေသည်။
နဂါးပုံရိပ်သည် ပေါ်လာပြီးသည့်နောက် ရန်ကိုင့်၏ခန္ဓာကိုယ်ထဲ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင့်၏လက်များသည် နဂါးလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရွှေနဂါးအကြေးခွံများမှာ သူ့ခန္ဓာကိုယ်တစ်လျှောက် ထူးဆန်းစွာ ထွက်ပေါ်လာခဲ့လေသည်။ ရွှေရောင်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော နဂါးအမြီးတစ်ချောင်းသည်ပင်လျှင် ရန်ကိုင့်၏နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေ၏။
“ဘုန်း…”
တစ္ဆေဘုရင်၏တိုက်ခိုက်မှုသည် ရန်ကိုင့်ရင်ဘတ်တည့်တည်ဆီသို့ လာရောက်ထိမှန်သွားလေ၏။
“ထန်… ထန်… ထန်…”
အသံများနှင့်အတူ မီးပွားများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။
တစ္ဆေဘုရင်၏ တိုက်ခိုက်မှုသည် လူတစ်ဦးအပေါ်သို့ ကျသွားခြင်းမဟုတ်ဘဲ ဤလောကကြီးထဲရှိ အမာဆုံးသော မှော်ရတနာတစ်ခုပေါ်သို့ ကျသွားသလိုပင် ထင်မှတ်ရသည်။
ရန်ကိုင်လည်း ထိုတိုက်ခိုက်မှုကြောင့် သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။ သို့သော်ငြား အကုန်လုံး အံ့အားသင့်သွားစေသည်မှာ သူအန်လိုက်သည့်သွေးများမှာ အနီရောင်ဖြစ်မနေဘဲ ရွှေရောင်ဖြစ်နေခြင်းပင်။
သူ့ရင်ဘတ်တွင်မူ မီတာဝက်ခန့် အနက်ရှိသည့် ဒဏ်ရာကြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ထိုဒဏ်ရာမည်မျှ နက်သလဲဆိုလျှင် သူ့အရိုးများကိုပင်လျှင် ဖောက်မြင်နေရပေသေးသည်။
ရွှေနဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးလိုက်သည့်အတွက်ကြောင့် ရန်ကိုင့်၏ရုပ်ခန္ဓာစွမ်းအားမှာ သိသိသာသာကို မြင့်တက်သွားခဲ့ရပါသော်ငြား တစ္ဆေဘုရင်၏တိုက်ကွက်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ရပေသေးသည်။